← Chapters

အခန်း ၄၇

Vol. 5 Ch. 47

အခန်း ၄၇

Vol. 5 Ch. 47

အခန်း (၄၇) - ရပ်တည်ချက်

ချူချင်းသည် ရှဝမ်ရွှမ်း၏ အတွေးများကို အာရုံမလာသည့်အပြင် သူမကိုလည်း စိတ်ထဲ၌ လုံးဝမထားပေ။

လက်ရှိအချိန်တွင် မိန်းမဟူသည်မှာ သူ့အတွက် လွင့်မျောနေသော တိမ်တိုက်များကဲ့သို့သာ ဖြစ်ပေသည်။

ထိုဆုလာဘ်ကိုလည်း သူတကယ်တောင်းဆိုရန် စိတ်ကူးမရှိပေ။

သူ့အတွက် အရေးကြီးဆုံးမှာ စနစ်၏ ဆုလာဘ်များသာ ဖြစ်သည်။

ရှဝမ်ရွှမ်းနှင့်သာ စောစောစီးစီး သိကျွမ်းခဲ့ပါက မေချန်လော့နှင့်ကော်ကျင့်ချွမ်းတို့ကို လုပ်ကြံလိုက်ခြင်းသည်လည်း သူ့အတွက် ဆုလာဘ်များ ဖြစ်လာပေမည်။

ယခုအချိန်တွင် တစ်ခုတည်းသောပြဿနာမှာ ချန်စစ်ဟိုင်ကို မည်သို့ရှာဖွေရမည် ဆိုသည့်အချက်ပင် ဖြစ်သည်။

ချူချင်းသည် တွေးတောရင်း ကော်ကျင့်ချွမ်းကို ဆွဲထူလိုက်ပြီး ခြံဝင်းအပြင်ဘက်သို့ လှည့်ထွက်ခဲ့သည်။

ရှဝမ်ရွှမ်းမှာ ဆွံ့အသွားပြီး မေးလိုက်သည်။

"ရှင်ဘယ်သွားမလို့လဲ"

ချူချင်းက လှည့်မကြည့်ဘဲ ပြောလိုက်သည်။

"မိန်းကလေး... ကျုပ်က အလုပ်လုပ်ရင် သိပ်မျှတတာ။ လူသတ်ပြီးမှပဲ လုပ်ခတောင်းတာ။ ဒါကြောင့် အခုမင်းဆီမှာ ညမအိပ်တော့ဘူး"

ရှဝမ်ရွှမ်းက တွေးလိုက်သည်။

'ငါက အဲဒီလို ဆိုလိုတာလား...'

ရှဝမ်ရွှမ်းက မနေနိုင်ဘဲ မေးလိုက်သည်။

"ရှင်ထွက်သွားရင် ကျွန်မက ဘယ်လိုလုပ်ရမှာလဲ"

ချူချင်းက လျှောက်လှမ်းရင်း ပြောလိုက်သည်။

"ကိုယ့်ဘာသာကိုယ်ပဲ နည်းလမ်းရှာပေတော့"

မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် အမှောင်ထုထဲသို့ ပျောက်ကွယ်သွားတော့သည်။

ရှဝမ်ရွှမ်းသည် ချူချင်း ပျောက်ကွယ်သွားရာအရပ်ကို ငေးကြည့်ရင်း ဆွံ့အသွားရသည်။

သူမနှင့် ချူချင်းသည် မသိကျွမ်းခဲ့ဖူးသဖြင့် ကူညီရန်တာဝန်မရှိကြောင်း နားလည်သော်လည်း ထိုကဲ့သို့သော သဘောတူညီချက်ကို ပြုလုပ်ပြီးသည့်တိုင် သူမကို တွဲမကူခဲ့ပေ။

အနည်းဆုံးတော့ သူမကို ဘေးကင်းရာသို့ ခေါ်ဆောင်သွားသင့်သည် မဟုတ်ပါလော။

ရှဝမ်ရွှမ်းက တိုးတိုးရေရွတ်လိုက်သည်။

"သွေးအေး ရက်စက်လိုက်တဲ့ကောင်"

သူမသည် မေချန်လော့၏ ခေါင်းပြတ်နေသောအလောင်းကို တစ်ချက်ကြည့်ကာ မြေပြင်ပေါ်မှ ဓားကို ကောက်ကိုင်ပြီး ခြံဝင်းအပြင်သို့ ထော့နဲ့ထော့နဲ့ဖြင့် ထွက်ခွာသွားတော့သည်။

သူမ အဝေးသို့ ရောက်သွားပြီးမှသာ ချူချင်းသည် အမှောင်ထုထဲမှ ပြန်လည်ထွက်ပေါ်လာသည်။

သူသည် ခြံဝင်းကို တစ်ချက်ကြည့်ပြီး ကော်ကျင့်ချွမ်းကို ကြည့်ကာပြောလိုက်သည်။

"ဒီနေရာမှာ မင်းတို့နှစ်ယောက်ပဲရှိတာ တကယ်ကိုး... နှမြောစရာကြီး..."

ကော်ကျင့်ချွမ်းမှာ တစ်ကိုယ်လုံး အေးစက်သွားသလို ခံစားလိုက်ရသည်။

ဤလူသည် ယုတ်မာလှသည်။ တမင်စောစီးစွာ ထွက်ခွာသွားခြင်းမှာ ရှဝမ်ရွှမ်းကို အသုံးချ၍ ပတ်ဝန်းကျင်တွင် ကင်းထောက်များ ရှိ၊ မရှိ စမ်းသပ်ခြင်းသာ ဖြစ်သည်။

အကယ်၍ ရှိခဲ့ပါက ထိုခြေရာကိုလိုက်ရင်း ချန်စစ်ဟိုင်ကို ရှာဖွေနိုင်မည် ဖြစ်သည်။

မရှိခဲ့လျှင်လည်း သူ့အတွက် ဆုံးရှုံးစရာမရှိပေ။

ဤလူသည် မည်သည့်အရပ်မှ ပေါ်လာရသနည်း။

* * *

ထိုည၊ ချူအိမ်တော်။

ချူချင်းသည် အလောင်းတစ်ခုကဲ့သို့ ဖြစ်နေသော ကော်ကျင့်ချွမ်းကို ပခုံးပေါ်ထမ်းကာ ချူထျန်းဆီသို့ သွားလိုက်သည်။

ချူထျန်းပင် လန့်ဖျပ်သွားရသည်။

ချူထျန်းက တွေးလိုက်သည်။

'ချူချင်း အပြင်မှာ ပြဿနာရှာလာပြီး အလောင်းဖျောက်ဖို့ သူ့ကို အကူအညီလာတောင်းတာလား...'

သို့သော် မြေပြင်ပေါ်တွင် လဲလျောင်းနေသူကို သေချာမြင်လိုက်ရသောအခါ ချူထျန်း၏ မျက်နှာထားမှာ လေးနက်တည်ကြည်သွားပြီး မေးလိုက်သည်။

"ရှန်ရှာဂိုဏ်းက ကော်ကျင့်ချွမ်းလား... ဒါက ဘယ်လိုဖြစ်ရတာလဲ"

ကော်ကျင့်ချွမ်းသည် သွေးထွက်လွန်ထားပြီး ပြင်းထန်သော ဒဏ်ရာများကြောင့် သတိလစ်မေ့မြောနေပြီ ဖြစ်သည်။

ယခုအချိန်အထိ အသက်ရှင်နေနိုင်ခြင်းမှာ အတွင်းအားကောင်းမွန်ပြီး ဇွဲသန်လှသောကြောင့်သာ ဖြစ်ပေသည်။

ချူချင်းက ခေါင်းညိတ်ပြကာ စားပွဲပေါ်ရှိ ရေနွေးအိုးကိုယူ၍ ရေနွေးတစ်ခွက် ငှဲ့လိုက်ရင်း ပြောလိုက်သည်။

"သူ့အပြင် မေချန်လော့လည်း ရှိသေးတယ်"

သူသည် ယနေ့ညဖြစ်ပျက်ခဲ့သမျှကို အကျဉ်းချုပ်၍ ပြောပြလိုက်သည်။

ချူထျန်းက ထူးဆန်းသော မျက်လုံးများဖြင့် ချူချင်းကို ကြည့်ကာပြောလိုက်သည်။

"ဂိုဏ်းတူညီမလေးဝမ်က အဆိပ်မိသွားတာလား... မေပွင့်အပ်... အဲဒီကလေးမက ဟိုလျှောက်ကောက် ဒီလျှောက်ကောက်နဲ့။ အဲဒါကြောင့်နဲ့ အသက်အန္တရာယ် ကြုံရမယ်လို့ မထင်ထားမိဘူး"

ချူချင်းက ပြောလိုက်သည်။

"အဲဒါကြောင့် အစ်ကိုလတ်ကိုပြောပြီး သူမကို ပုံမှန်လေး ဆုံးမခိုင်းဦး။ တွေ့သမျှပစ္စည်းကို လျှောက်မကောက်ခိုင်းနဲ့..."

ထိုမိန်းက‌လေးသည် ယခင်က သူ၏ပန်းကန်လုံးကိုပင် ကောက်ယူခဲ့သည်ကို တွေးမိပြီး ချူချင်းမှာ ဆွံ့အသွားရသည်။

သူမသည် ချူဖန်၏ဂိုဏ်းတူညီမလေး ဖြစ်နေသည်မှာ တော်သေးသည်။ မဟုတ်လျှင် ချူချင်းသည် သူမကိုသတ်၍ နှုတ်ပိတ်လိုက်မိပေမည်။

ချူထျန်းက ပြုံးလျက် ပြောလိုက်သည်။

"သူမကို ဆုံးမတယ်လို့ ကြားတာပဲ။ သူမရဲ့ ဆရာကလည်း ပြောဖူးတယ်... ဒါပေမဲ့ အကျင့်မပြင်ဘူး ထင်တယ်"

ချူချင်းက မေးလိုက်သည်။

"ဒါနဲ့... အဲဒီကလေးမက နောက်ခံက ဘယ်ကလဲ။ သူမက လူတွေရဲ့ကိုယ်နံ့ကို တကယ်ပဲ အဲဒီလောက်အထိ သေချာခွဲနိုင်တာလား"

ချူထျန်းက ရှင်းပြလိုက်သည်။

"ဒါက အနံ့သက်သက်တင် မဟုတ်ဘူး... ငါ အရင်က မင်းရဲ့အစ်ကိုလတ်ကို မေးဖူးတယ်။ မင်းအစ်ကိုလတ်ပြောတာကတော့ ဒါက ဂိုဏ်းတူညီမလေးဝမ်ရဲ့ ထူးခြားတဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံကြောင့်တဲ့။”

“မွေးကတည်းက အဲဒီလို ဖြစ်နေတာ။ ပြီးတော့ ဒီကလေးမရဲ့ နောက်ခံက မသေးဘူး။ ပုံမှန်ဆို ထိုက်ရိဂိုဏ်းကို လာပြီး သိုင်းသင်စရာ မလိုဘူး…”

“ဒါပေမဲ့ သူမက ငယ်ငယ်တုန်းက အဖေဝှက်ထားသမျှ ပိုင်ဆိုင်မှုတွေကို ရှာပြီး အမေ့ရှေ့မှာတင် သူမအဖေကို သွားသွား‌ပေးတာလေ”

“ကြာလာတော့ သူမအဖေလည်း... အင်း... ဂိုဏ်းတူညီမလေးဝမ်ရဲ့စကားနဲ့ ပြောရရင်တော့ ဒေါသတွေထွက်ပြီး စိတ်ပျက်လက်ပျက်နဲ့ ထိုက်ရိဂိုဏ်းကို ပို့လိုက်တာပဲတဲ့"

ချူချင်းသည် ခေတ္တမျှ စဉ်းစားကြည့်ပြီးနောက် ဂိုဏ်းတူညီမလေးဝမ်၏ ဖခင်ဖြစ်သူ မည်မျှအထိ စိတ်ပျက်သွားမည်ကို ရုတ်တရက် နားလည်သွားတော့သည်။

သူသည် ခေါင်းကို ခါယမ်းလိုက်ပြီး အကြောင်းအရာကို ပြောင်းကာ ပြောလိုက်သည်။

"အစ်ကိုကြီး... ကျွန်တော့်ကို အကူအညီတစ်ခုလောက် ပေးပါဦး"

ချူထျန်းသည် ကော်ကျင့်ချွမ်းနားသို့ တိုးသွားကာ သွေးခုန်နှုန်းကို စမ်းသပ်ကြည့်လိုက်သည်။ ထို့နောက် စဉ်းစားဟန်ဖြင့် အတွင်းအိတ်ထဲမှ ပုလင်းငယ်လေးတစ်လုံးကို ထုတ်ယူကာ ဆေးလုံးတစ်လုံးကို ကော်ကျင့်ချွမ်း၏ ပါးစပ်ထဲသို့ ထည့်ပေးလိုက်ရင်း ပြောလိုက်သည်။

"ပြောလေ..."

ချူချင်းက ပြောလိုက်သည်။

"သူလျှိုလွှတ်ပြီး သူ့အိမ်ကို စောင့်ကြည့်ခိုင်းထားလိုက်။ ခြေရာခံပြီး ချန်စစ်ဟိုင်ကို ရှာတွေ့မယ် ထင်တယ်"

ချူထျန်းက လှည့်ကြည့်ကာ မေးလိုက်သည်။

"မေချန်လော့ကော"

ချူချင်းက ပြန်ပြောလိုက်သည်။

"သေပြီ"

ချူထျန်းက စမ်းသပ်သည့်သဘောဖြင့် မေးလိုက်သည်။

"ကျန်တဲ့ကိစ္စတွေကို ငါ့ကို လွှဲပေးမလို့လား"

ချူချင်းက ပြတ်ပြတ်သားသား ခေါင်းခါယမ်းရင်း ပြောလိုက်သည်။

"အစောင့်အရှောက်ကြီးလေးဦးကို အစ်ကိုကြီးဆီ လွှဲပေးနိုင်ပေမဲ့ ချန်စစ်ဟိုင်ကတော့ ကျွန်‌တော့်အပိုင်ပဲ"

ချူထျန်းက နားမလည်နိုင်ဖြစ်ကာ မေးလိုက်သည်။

"ဘာလို့လဲ... မင်းနဲ့သူက ဘာရန်ငြိုးတွေ ရှိလို့လဲ"

ချူချင်းက ပြုံးလျက် ပြောလိုက်သည်။

"တစ်ယောက်ယောက်က သူ့ကိုသတ်ဖို့ ကျွန်တော့်ကို ပိုက်ဆံပေးထားတယ်။ ကျွန်တော့်စီးပွားရေးကို လာမဖျက်ပါနဲ့"

ချူထျန်းက နားလည်သွားဟန်ဖြင့် ခေါင်းညိတ်ရင်း ပြောလိုက်သည်။

"ကောင်းပြီ... ဒါပေမဲ့ မင်းတစ်ယောက်တည်း ချန်စစ်ဟိုင်ကို ရင်ဆိုင်ဖို့ သေချာရဲ့လား။ သူကျင့်ကြံထားတဲ့ ယွဲ့ရှန်းကျင့်စဉ်က လျှော့တွက်လို့ မရဘူးနော်။ ငါပါ မင်းနဲ့အတူ လိုက်ခဲ့ရမလား"

ချူချင်းသည် တစ်ခဏမျှ စဉ်းစားလိုက်ပြီးနောက် ပွင့်လင်းစွာ ပြောလိုက်သည်။

"အခြေအနေကို ကြည့်ရတာပေါ့။ တခြားလူတွေ ရှိနေရင် ကျွန်‌တော်တစ်ယောက်တည်းပဲ လှုပ်ရှားမယ်။ ဘယ်သူမှ မရှိရင်တော့ ညီအစ်ကိုနှစ်ယောက် ပေါင်းပြီး သူ့ကိုအပြတ်ရှင်းကြတာပေါ့"

ချူထျန်းက သဘောတူလိုက်သည်။

"ကောင်းပြီ"

သူ၏တောင်းဆိုချက်မှန်သမျှကို ချူထျန်းက ငြင်းဆန်ခြင်းမရှိဘဲ သဘောတူပေးသဖြင့် ချူချင်း၏ စိတ်ထဲတွင် ရှုပ်ထွေးသွားရသည်။ သူသည် လက်ကိုဝှေ့ယမ်းရင်း ပြောလိုက်သည်။

"ကဲ... ဒါဆို ကျွန်တော်သွားတော့မယ်။ ဂိုဏ်းတူညီမလေးဝမ်က မေပွင့်အပ်အဆိပ်မိထားတာဆိုတော့ သူမဆီကို အဆိပ်ဖြေဆေး သွားပေးရဦးမယ်"

ချူထျန်းက ခေါင်းညိတ်ပြပြီး မေးလိုက်သည်။

"သိပြီ... အခွင့်အရေးရတုန်း အဖေ့ဆီ သွားမတွေ့တော့ဘူးလား"

ချူချင်းက ပြုံးလျက် ပြောလိုက်သည်။

"အခုအချိန်မှာ ဒီနေရာကို စောင့်ကြည့်နေတဲ့ မျက်လုံးတွေ အများကြီး ရှိနေမှာ။ အဖေသာ သေချင်ယောင်ဆောင်နေရာကနေ ရုတ်တရက် ထလာရင် လူတွေလန့်သေကုန်လိမ့်မယ်။”

“လန့်သေစေချင်ရင်လည်း ကူချန်ချိုးလို လူမျိုးတွေကိုပဲ လန့်သေစေရမယ်။ ဒီလောက်‌လေးအတွက်တော့ ဒီဝှက်ဖဲကို ထုတ်သုံးဖို့ မလိုသေးပါဘူး"

ချူထျန်းသည် ချူချင်း၏စကားကြောင့် ရယ်မောလိုက်ရပြီး ခေါင်းညိတ်ရင်း ပြောလိုက်သည်။

"ဟားဟား... ကောင်းပြီ... ဒါဆိုလည်း သတိထားသွားဦး။ ဒါနဲ့... အခွင့်အရေးရရင် မင်းရဲ့အစ်ကိုလတ်ကိုပါ ပြောပြလိုက်ပါဦး။”

“သူတစ်နေ့တစ်နေ့ ခေါင်းမရှိတဲ့ယင်ကောင်လို လျှောက်ပြေးနေတာ ကြည့်ရတာ စိတ်မကောင်းစရာကြီး"

ချူချင်းက တစ်ခဏမျှ စဉ်းစားလိုက်ပြီးနောက် ပြောလိုက်သည်။

"အခြေအနေ ကြည့်ရတာပေါ့။ အစ်ကိုလတ်က စိတ်ထဲရှိတာကို မဖုံးထားတတ်ဘူး။ ကျွန်တော့်အကြောင်းကို မသိတာကပဲ သူ့အတွက် ပိုကောင်းမှာပါ။ ကဲ... ကျွန်တော်သွားပြီ"

ချူထျန်းသည် ဆွဲမထားတော့ဘဲ ခြံဝင်းထဲမှ ထွက်ခွာကာ လေထဲသို့ ပျံတက်ပျောက်ကွယ်သွားသော ချူချင်း၏ ကျောပြင်ကို ကြည့်နေလိုက်သည်။ ထို့နောက် ကော်ကျင့်ချွမ်းနားသို့ ပြန်လှည့်လာခဲ့သည်။

ရှန်ရှာဂိုဏ်းသည် ထျန်းဝူမြို့တွင် ပေါ်လာခြင်းမှာ ချူချင်းအတွက်သာမက ချူထျန်းအတွက်လည်း အံ့အားသင့်စရာ ဖြစ်ခဲ့ရသည်။

ချူချင်း ပြောပြချက်အရ ဤကိစ္စမှာ လော့ယွီခန်းမဆောင်ကြောင့် ဖြစ်သည်။

သို့ဆိုလျှင် လက်ရှိအချိန်တွင် မြို့တော်ဝန်အိမ်တော်၏ မြေအောက်အချုပ်ခန်းထဲ၌ ရှိနေသော ထန်ယင်ဖုန်းတွင် မည်ကဲ့သို့သောရပ်တည်မှုမျိုး ရှိနေမည်နည်း။

သူသည် အဘယ်ကြောင့် ဤကိစ္စနှင့် ပတ်သက်၍ နှုတ်ဆိတ်နေရသနည်း။

ချူထျန်းက တိုးတိုးရေရွတ်လိုက်သည်။

"အသက်နဲ့လဲပြီး ဖုံးထားရတဲ့ကိစ္စက... တကယ်ပဲ နာမည်ဂုဏ်သတင်းနဲ့ အကျိုးအမြတ်အတွက်ပဲလား..."

ထို့နောက် သူကသက်ပြင်းချလိုက်ရင်း ပြောလိုက်သည်။

"ဒီညလည်း ကောင်းကောင်းအိပ်ရတော့မှာ မဟုတ်ဘူးပဲ”

All Chapters