အခန်း ၄၈
Vol. 5 Ch. 48
အခန်း (၄၈) - ကျေးဇူးဆပ်ခြင်းလော
ချူချင်း မိမိ၏ခြံဝင်းလေးထဲသို့ ပြန်ရောက်လာသောအခါ လူသတ်သမား၏ အလောင်းမှာ ထိုနေရာ၌ပင် လဲလျောင်းနေဆဲဖြစ်ပြီး ကြည့်ရသည်မှာ အနည်းငယ် ခြောက်ကပ်ကပ်နှင့် အထီးကျန်ဆွေးမြည့်ဖွယ်ကောင်းလှသည်။
ချူချင်းက တစ်ချက်ကြည့်လိုက်ပြီးနောက် အခန်းထဲသို့ ဝင်သွားလိုက်တော့၏။
ဝမ်ရိုသည် ခုတင်ပေါ်တွင် တိတ်ဆိတ်စွာ ကျင့်ကြံအားထုတ်နေပြီး ခြေသံကြားမှသာ မျက်လုံးနှစ်ဖက်ကို ဖွင့်ကြည့်လျက် ပြောလိုက်သည်။ သူမ၏အသံမှာ အားနည်းနေပြီဖြစ်သည်။
"ရှင်ပြန်လာပြီလား..."
"အင်း..."
ချူချင်းက အတွင်းအိတ်ထဲမှ အဆိပ်ဖြေဆေးပုလင်းကို ထုတ်ယူကာ ဝမ်ရိုထံသို့ လှမ်းပစ်ပေးလိုက်ရင်း ပြောလိုက်၏။
"အဲဒါအဆိပ်ဖြေဆေး..."
ဝမ်ရိုက ပုလင်းကိုဖွင့်ကာ ဆေးလုံးတစ်လုံးကို ထုတ်ယူ၍ ပါးစပ်ထဲသို့ ထည့်လိုက်ပြီးနောက် အတွင်းအားကို လှည့်ပတ်နှိုးဆွကာ ကုသလိုက်တော့သည်။
သူမ၏ လက်ဖမိုးပေါ်ရှိ မည်းမှောင်နေသော အဆိပ်ငွေ့များ တဖြည်းဖြည်းချင်း လျော့ပါးသွားသည်ကို မြင်မှသာ ချူချင်းတစ်ယောက် လှည့်ထွက်ခဲ့ပြီး ခြံဝင်းထဲတွင် ဂေါ်ပြားတစ်လက်ဖြင့် ကျင်းစတူးလေသည်။
မကြာမီအချိန်အတွင်း ကျင်းနက်ကြီးတစ်ခု ပေါ်လာပေတော့သည်။
ချူချင်းက ထိုလူသတ်သမား၏ အလောင်းကို ထပ်မံစစ်ဆေးကြည့်သော်လည်း ဤလူသတ်သမား၏ ကိုယ်ပေါ်တွင် တန်ဖိုးရှိသော ပစ္စည်းတစ်စုံတစ်ရာမျှမရှိချေ။
ထို့ကြောင့် အလောင်းကို ကျင်းထဲသို့ ပစ်ချကာ မြေကြီးဖို့လိုက်တော့သည်။
ထိုမြေနေရာကို သေချာစွာ နင်းနှိပ်ပြီးနောက်မှသာ ချူချင်းသည် သက်ပြင်းတစ်ချက်ကို မှုတ်ထုတ်လိုက်ရင်း ပြောလိုက်လေသည်။
"ကြည့်ရတာ သုဘရာဇာတွေရဲ့ အလုပ်ကလည်း မလွယ်ပါ့လား..."
သိုင်းလောကတွင် နာမည်နှင့် အကျိုးအမြတ်ကို မမက်မောဘဲ တိုက်ပွဲများအတွင်း သေဆုံးသွားပြီး လာရောက်ကောက်ယူမည့်သူမရှိသော အလောင်းများကိုသာ သီးသန့်မြှုပ်နှံပေးသည့် လူတစ်စု ရှိပေသည်။
၎င်းတို့ကို သုဘရာဇာဟု ခေါ်ဆိုကြ၏။
ချူချင်း၏မှတ်ဉာဏ်ထဲတွင် ထိုသူများကို တစ်ကြိမ်မျှ မြင်တွေ့ခဲ့ဖူးရာ ထိုလူစုမှာ စကားနည်းကြပြီး အချို့က ကျောပြင်တွင် ခေါင်းတလားကို လွယ်ထားကြပြီး အချို့ကမူ ခါးတွင် ဖျာကြမ်းတစ်လိပ်ကိုသာ ချိတ်ဆွဲထားတတ်ကြသည်။
တစ်နှစ်ပတ်လုံး အလောင်းများနှင့် ထိတွေ့ဆက်ဆံနေရသောကြောင့် ၎င်းတို့၏ ကိုယ်ပေါ်တွင် အေးစက်စက် အငွေ့အသက်အချို့ ကိန်းအောင်းနေတတ်သည်။
ချူချင်းက ခေါင်းကိုခါယမ်းကာ ဂေါ်ပြားကို ချထားခဲ့ပြီးနောက် ဝမ်ရို၏အခြေအနေကို ကြည့်ရှုရန် အခန်းထဲသို့ ဝင်လာခဲ့လေသည်။
ဝမ်ရိုနားသို့ ရောက်ခါနီးတွင်ပင် သူမသည် သွေးမည်းတစ်လုပ်ကို ရုတ်တရက် အန်ထုတ်လိုက်ပြီး ချူချင်းကို တစ်ချက်ကြည့်လိုက်စဉ် မျက်လုံးတစ်စုံ လန်တက်သွားကာ ခုတင်ပေါ်သို့ လဲကျသွားလေသည်။
ချူချင်း၏ရင်ထဲတွင် ထိတ်ခနဲ ဖြစ်သွားပြီး ဤအဆိပ်ဖြေဆေးတွင် ပြဿနာရှိနေသည်ဟု ထင်မှတ်လိုက်မိ၏။
သူမ၏လက်ကောက်ဝတ်ကို ဖမ်းဆုပ်ကာ စမ်းသပ်ကြည့်ပြီးမှသာ စိတ်သက်သာရာ ရသွားတော့သည်။
ခန္ဓာကိုယ်တွင်းရှိ အဆိပ်အတောက်များ ဖယ်ရှားပြီးဖြစ်သော်လည်း အားအင်များ ကုန်ခမ်းသွားသောကြောင့် ခွေကျသွားခြင်း ဖြစ်သည်။
ချူချင်းက တွေးလိုက်မိသည်။
"ဒါဆို... သူမ အိပ်ပျော်သွားတာလား..."
ထို့နောက် သူက ပြောလိုက်၏။
"ဟေး... ကျုပ်ကို လူကောင်းလို့ ထင်နေတာလား... မင်းက ဒီမှာအိပ်တော့ ကျုပ်က ဘယ်မှာအိပ်ရမှာလဲ..."
ခုတင်ပေါ်တွင် ကွေးကွေးလေးအိပ်ပျော်နေပြီး မျက်နှာထက်တွင် နာကျင်မှုအရိပ်အယောင်အချို့ ရှိနေဆဲဖြစ်သောဝမ်ရိုကို ကြည့်လိုက်သည်။
ချူချင်းက သူမကို နှစ်ချက်မျှ လှုပ်နှိုးကြည့်သော်လည်း မည်သည့်တုံ့ပြန်မှုမျှ မရှိသဖြင့် အချိန်အတော်ကြာ ဆွံ့အသွားရလေသည်။
သူမသည် အိပ်ပျော်သွားခြင်းမဟုတ်ဘဲ သတိလစ်မေ့မြောသွားခြင်းဖြစ်ကြောင်း သူ သိလိုက်ရ၏။
သို့သော် တစ်ရေးနိုးလာပါက ဒဏ်ရာများမှာလည်း သက်သာသွားပေမည်။
သူသည် သက်ပြင်းတစ်ချက်ချကာ စောင်ကိုဆွဲယူ၍ ဝမ်ရို၏ကိုယ်ပေါ်သို့ ခြုံပေးလိုက်သည်။
ထို့နောက် အခန်းပြင်သို့ ထွက်လာခဲ့ပြီး ကုလားထိုင်နှစ်လုံးကို ဆွဲယူကာ တင်ပျဉ်ခွေထိုင်ရင်း အတွင်းအားကို ဆက်လက်ကျင့်ကြံနေလိုက်တော့၏။
တစ်ညတာလုံး တိတ်ဆိတ်စွာ ကုန်ဆုံးသွားပြီးနောက် နောက်တစ်နေ့ နံနက်ခင်းတွင် ချူချင်း၏နားစည်များ လှုပ်ခတ်သွားကာ အိပ်ခန်းထဲမှ လှုပ်ရှားသံအချို့ကို ကြားလိုက်ရလေသည်။
ဝမ်ရို နိုးလာပြီဖြစ်ကြောင်း သိလိုက်သဖြင့် သူသည် မတ်တတ်ရပ်ကာ အကြောဆန့်လိုက်သည်။
တစ်ညလုံး ထိုင်နေခဲ့ရသဖြင့် အရိုးအဆစ်များမှာ တောင့်တင်းနေခဲ့ပြီး အကြောဆန့်လိုက်သောအခါ တဖြောက်ဖြောက်မြည်သံများ ထွက်ပေါ်လာလေသည်။
အခန်းထဲသို့ ဝင်လိုက်သောအခါ ဝမ်ရိုသည် စောင်ကိုပိုက်ကာ နံရံကိုမှီ၍ ထိုင်နေသည်ကို တွေ့လိုက်ရသည်။ သူမက ခေါင်းမော့ကာ ချူချင်းကို ကြည့်လိုက်ရာ မျက်ဝန်းများမှာ ဇဝေဇဝါဖြစ်နေလေသည်။
"ရှင်က တကယ်ပဲ ဘယ်သူလဲ..."
"ရှင့်ကိုယ်နံ့က အစ်ကိုကြီးချူထျန်းနဲ့ နည်းနည်းတူပေမဲ့... တစ်ခုခုတော့ ထူးဆန်းနေသလိုပဲ..."
"မင်းရဲ့နှာခေါင်းက တကယ်ပဲ အဲဒီလောက်အထိ အနံ့ခံကောင်းတာလား..."
ချူချင်းက ဝမ်ရိုကို အံ့အားသင့်စွာ ကြည့်လိုက်၏။
ဝမ်ရိုက ခေါင်းညိတ်ပြလိုက်ရင်း ပြောလိုက်သည်။
"အရမ်း အနံ့ခံကောင်းတယ်လေ..."
"မင်းတွေ့ဖူးတဲ့လူတစ်ယောက်ကို နောက်တစ်ကြိမ်ပြန်တွေ့ရင်... သူက ဘယ်လိုပဲ ရုပ်ဖျက်ထားပါစေ... မင်းက တစ်ချက်တည်းနဲ့ မှတ်မိနိုင်တာလား..."
"သူ့ရဲ့ကိုယ်နံ့ မပြောင်းသရွေ့... မှတ်မိနိုင်တယ်..."
ချူချင်းက ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ပြောလိုက်၏။
"ခဏလောက် စောင့်ဦး..."
သူသည် မီးဖိုချောင်သို့ သွားကာ ဆန်ပြုတ်နှစ်ပန်းကန် ပြုတ်လိုက်ပြီး ချဉ်ဖတ်အနည်းငယ် ထည့်ကာ သူမထံသို့ တစ်ပန်းကန်ကမ်းပေးလိုက်သည်။
ဝမ်ရိုက နှုတ်ခမ်းကို လျှာဖြင့်သပ်လိုက်ပြီး ချူချင်းကို တစ်ချက်ကြည့်ကာ ပန်းကန်ကိုပိုက်၍ တရှူးရှူးဖြင့် သောက်တော့၏။
"စားပြီးရင်... မင်း ဒီကနေ ထွက်သွားတော့..."
ချူချင်းက စားနေရင်း ပြောလိုက်၏။
ဝမ်ရိုကလည်း ဂျီမတိုက်ဘဲ ညင်သာစွာ ခေါင်းညိတ်ပြလေသည်။
"အင်း..."
သို့သော် အချိန်အတော်ကြာပြီးနောက် သူမက ခေါင်းမော့ကာ ချူချင်းကို ကြည့်ရင်း ပြောလိုက်သည်။
"ဒါပေမဲ့... ရှင်အသက်ကယ်ပေးထားတဲ့ ကျေးဇူးရှိတယ်လေ..."
"အဲဒါက ဘာဖြစ်လဲ..."
ချူချင်းက ခေါင်းမော့ကာ သူမကို ကြည့်လိုက်၏။
"ဆရာက ပြောဖူးတယ်... အသက်ကယ်ပေးတဲ့ကျေးဇူးကို လက်ထက်ပေါင်းသင်းပြီး ဆပ်ရမယ်တဲ့..."
ဝမ်ရိုသည် ခံစားချက်မရှိသော မျက်ဝန်းများဖြင့် လူတစ်ယောက်ကို မျက်နှာပူကာ ရင်ခုန်သံမြန်စေမည့် စကားလုံးများကို ပြောဆိုလိုက်လေသည်။
ကံကောင်းထောက်မစွာဖြင့် ချူချင်းသည် အတွေ့အကြုံမရှိသော လူငယ်လေးတစ်ဦး မဟုတ်သဖြင့် ထိုစကားကို ကြားသောအခါ ပြုံးကာ ပြောလိုက်သည်။
"မင်း ကျေးဇူးဆပ်တာနဲ့ ကလဲ့စားချေတာကို ရောမနေဘူးဆိုတာ သေချာရဲ့လား..."
ဝမ်ရိုက ချူချင်းကို ထပ်ကြည့်လိုက်သောအခါ မျက်ဝန်းများထဲရှိ ဇဝေဇဝါဖြစ်မှုများမှာ ပိုမိုနက်ရှိုင်းသွားလေသည်။
"လျှောက်မတွေးနဲ့..."
ချူချင်းက ညင်သာစွာ ပြောလိုက်သည်။
"မင်းနဲ့ကျုပ်က ရေစက်ဆုံရုံသက်သက်ပဲ... မင်းအသက်ကို ကယ်ပေးခဲ့တာကလည်း ကံတရားကြောင့်... မင်းကျေးဇူးဆပ်တာကိုလည်း မျှော်မနေဘူး..."
သူသည် အနည်းငယ်ဆွံ့အသွားပြီး မကြာသေးမီက မိမိထံသို့ မက်မွန်ပွင့်ကံကြမ္မာတွေ ဝင်နေတာလား စဉ်းစားလိုက်မိ၏။
‘ပထမက ရှဝမ်ရွှမ်း... အခုကျတော့ ဝမ်ရို... ဘာတွေလဲ…’
‘မိန်းမတွေဆိုတာ ရွှံ့နွံအိုင်လိုပဲ...အခု ငါ့လက်ရှိအခြေအနေနဲ့ဆိုရင်... ဘယ်လိုမှ နစ်မွန်းလို့မဖြစ်ဘူး…’
ဝမ်ရိုက ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် စကားတစ်ခွန်းမျှ မပြောတော့ဘဲ ဆန်ပြုတ်တစ်ပန်းကန်လုံးကို လျင်မြန်စွာ သောက်လိုက်တော့သည်။
ထို့ကြောင့် သူမ၏ မျက်နှာအရောင်အသွေး ပိုမိုကောင်းမွန်လာခဲ့ပေသည်။
သူမသည် စောင်ကိုဖယ်ကာ မြေပြင်ပေါ်သို့ ဆင်းလိုက်ရင်း ပြောလိုက်သည်။
"ဒါဆို... ကျွန်မ သွားတော့မယ်..."
"အင်း..."
ချူချင်းက ခေါင်းညိတ်ပြလိုက်သော်လည်း ဝမ်ရို အခန်းပြင်သို့ထွက်ခါနီးတွင် လှမ်းခေါ်လိုက်ပြန်သည်။
"ခဏ..."
"ရှင် ကျွန်မနဲ့ လက်ထက်ပေါင်းသင်းပြီး ကျေးဇူးဆပ်စေချင်ပြီလား..."
ဝမ်ရိုက လှည့်ကြည့်ကာ မေးလိုက်၏။
ချူချင်းက တွေးလိုက်မိသည်။
"အဲဒီကျေးဇူးဆပ်တဲ့ကိစ္စကို မေ့ပစ်လိုက်လို့ မရဘူးလား..."
ချွေ့ပုနူသည် ဝမ်ရို အိမ်ထောင်မပြုရမည်ကို မည်မျှအထိ စိုးရိမ်နေသနည်း။
နေ့တိုင်း သူမကို မည်ကဲ့သို့သော အရာများကို သင်ကြားပေးနေသနည်း။
သူမကို ကယ်တင်လိုက်ရုံမျှဖြင့် အတင်းအကျပ် ကပ်တွယ်ခံရသကဲ့သို့ ဖြစ်နေရသည်မှာ အဘယ်ကြောင့်နည်း။
ချူချင်းက ညင်သာစွာ ပြောလိုက်၏။
"မင်း တကယ်ပဲ ကျေးဇူးဆပ်ချင်တယ်ဆိုရင်... ကျုပ်ကို ကတိတစ်ခုပေး..."
"ကောင်းပြီ..."
ဝမ်ရိုက တည်ကြည်စွာ ခေါင်းညိတ်ပြလိုက်၏။
"နောင်ကို ကျုပ်ကို လာမနှောင့်ယှက်ပါနဲ့တော့... မင်းဖြစ်ဖြစ်... မင်းသိတဲ့လူတွေဖြစ်ဖြစ်... ဘယ်သူမှ ဒီနေရာကို လာခွင့်မရှိဘူး..."
ချူချင်းက လေးနက်သောလေသံဖြင့် ပြောလိုက်လေသည်။
ဤမိန်းကလေး၏ ထူးခြားသောအာရုံခံနိုင်စွမ်းမှာ အမှန်တကယ်ပင် အန္တရာယ်များလှပေသည်။
အိမ်ပြောင်းလိုက်လျှင်ပင် သူမအတွက် အသုံးမဝင်သော်လည်း သူမ အလိုရှိပါက အနံ့နောက်သို့ လိုက်ကာ ရှာဖွေတွေ့ရှိနိုင်မည်ဟု ခံစားနေရ၏။
ဤကဲ့သို့ ပုန်းရှောင်နေမည့်အစား သူမကို ပွင့်ပွင့်လင်းလင်း ပြောပြလိုက်ခြင်းက ပိုမိုကောင်းမွန်ပေမည်။
ဝမ်ရိုက ခေတ္တမျှစဉ်းစားလိုက်ပြီးနောက် ပြောလိုက်သည်။
"ကောင်းပြီ..."
ချူချင်းက ထိုစကားကိုကြားသောအခါ လက်ဝှေ့ယမ်းပြလိုက်ပြီး ဝမ်ရိုလည်း ထွက်ခွာသွားတော့သည်။
သို့သော် သူမ၏ ပျောက်ကွယ်သွားသော ကျောပြင်ကို ကြည့်ရင်း ချူချင်းသည် မျက်ခုံးတွန့်လိုက်မိသည်။
လူသတ်သမားတစ်ဦးဟူသော သူ၏ပင်ကိုယ်သဘာဝကြောင့် သူသည် သံသယဝင်မိခြင်းကို မရှောင်လွှဲနိုင်ပေ။
ဤမိန်းကလေးက ဤမျှလွယ်ကူစွာ သဘောတူလိုက်ခြင်းမှာ နှုတ်ကသာ သဘောတူပြီး ကွယ်ရာတွင် တစ်မျိုးလုပ်နေမလားဟု စိုးရိမ်မိသည်။
နှမြောစရာကောင်းသည်မှာ သူသည် ဤမိန်းကလေးနှင့် ဆက်ဆံရေးကို ဖြတ်တောက်ရန် နည်းလမ်းကောင်းမရှိခြင်းပင်။
အချင်းချင်းဆက်ဆံရေးမှာ ရှုပ်ထွေးလှပြီး ရိုက်နှက်၍လည်းမရ၊ သတ်ဖြတ်၍လည်းမရသဖြင့် အမှန်တကယ်ပင် စိတ်ရှုပ်စရာ ကောင်းလှပေသည်။
သို့သော် ကံကောင်းစွာဖြင့် နောက်ထပ်နှစ်ရက်ကြာသည်အထိ ဝမ်ရိုသည် သူ့ရှေ့သို့ ပေါ်မလာတော့ပေ။
သူမသည် ချူချင်း၏စကားကို နားဝင်သွားပုံရသည်။
ချူချင်းသည်လည်း နေ့စဉ်လုပ်ငန်းဆောင်တာများကို ပုံမှန်အတိုင်း လုပ်ဆောင်နေခဲ့ပြီး နံနက်ခင်းတွင် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ကာ ညဘက်တွင် အတွင်းအားကို ကျင့်ကြံပြီး သန်းခေါင်ယံအချိန်တွင် ကုန်စုံဆိုင်သို့ သွားရောက်ကာ ကျိုးယီကို ရှာဖွေလေ့ရှိသည်။
တစ်ခါတစ်ရံ ကျိုးယီ၏ခန္ဓာကိုယ်ထဲမှ မိစ္ဆာမျိုးစေ့ကို ဖယ်ရှားပေးပြီး တစ်ခါတစ်ရံ ဝူချန်းဟွမ်ထံမှ စာချန်ထားခြင်းရှိမရှိကို စစ်ဆေးရန် ဖြစ်ပေသည်။
ချန်စစ်ဟိုင်၏ကိစ္စကိုမူ သူ အလျင်မလိုခဲ့ချေ။
ထိုသူသည် ထျန်းဝူမြို့ထဲတွင် ရှိနေသရွေ့ ချူထျန်းက သူ့ကို ဒီတိုင်းထားထားမည်မဟုတ်ပေ။
မျှော်လင့်ထားသည့်အတိုင်းပင် ဒုတိယမြောက်နေ့ ညနေခင်းတွင် ချူချင်းသည် ချူထျန်းထံမှ သတင်းစကားကို ရရှိခဲ့လေသည်။
အကြောင်းအရာမှာ အလွန်ရှည်လျားသဖြင့် ချူချင်းက အကြမ်းဖျင်းအနှစ်ချုပ်လိုက်၏။
ချန်စစ်ဟိုင်သည် လက်ရှိတွင် ထျန်းဝူမြို့ရှိ လျိုမိသားစုအိမ်တော်၌ ပုန်းအောင်းနေပေသည်။
လျိုမိသားစုသည် သိုင်းလောကမျိုးရိုးကြီးမိသားစုမဟုတ်ဘဲ ရှဝမ်ရွှမ်း၏ မိသားစုနောက်ခံနှင့် ဆင်တူပြီး အိမ်တော်သခင် လျိုတာ့ဖုသည် ထျန်းဝူမြို့ရှိ ချမ်းသာသောကုန်သည်တစ်ဦး ဖြစ်ပေသည်။
ချန်စစ်ဟိုင်သည် ကျိချန်ချွန်းဟူသော အမည်ဝှက်ဖြင့် လျိုမိသားစုတွင် အကြံပေးအရာရှိအဖြစ် လုပ်ကိုင်နေသည်။
ထို့ပြင် အစောင့်အရှောက်ကြီးလေးဦးမှာလည်း လျိုမိသားစု၏ ကိုယ်ရံတော်သိုင်းဆရာများ ဖြစ်နေလေသည်။
လက်ရှိအချိန်အထိ ဤလျိုမိသားစုအိမ်တော်သခင်သည် ထိုလူများ၏ အခြေအနေကို သိရှိခြင်း ရှိမရှိကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးချေ။
ဟုတ်ပေသည်။
နောက်ပိုင်းအကြောင်းအရာများသည် ချူချင်းအတွက် အရေးမကြီးလှချေ။
သူသည် ချန်စစ်ဟိုင် မည်သည့်နေရာတွင် ရှိနေသည်ကို သိရှိရုံမျှဖြင့် လုံလောက်ပေသည်။