အခန်း ၄၉
Vol. 5 Ch. 49
အခန်း (၄၉) - အစောင့်အရှောက်လေးပါး
လျိုအိမ်တော်။
ဧည့်ခန်းမဆောင်အတွင်း၌ မူလက အိမ်သခင်နေရာတွင် ထိုင်ရမည့် လျိုတာ့ဖုသည် ယခုအခါတွင်မူ အောက်ခြေခုံတစ်ခု၌ တရိုတသေထိုင်နေရလေသည်။
သူသည် ထိပ်ဆုံးကခုံတွင် မျက်လုံးမှိတ်ကာ စိတ်အပန်းဖြေနေသော လူလတ်ပိုင်းအရွယ် အမျိုးသားကို ရံဖန်ရံခါတွင် စိုးရိမ်တကြီးဖြင့် ခိုးကြည့်နေမိသည်။
ထိုအမျိုးသား၏ အရှိန်အဝါမှာ နက်ရှိုင်းလှပြီး ဝတ်ဆင်ထားသော ဝတ်ရုံပွကြီးသည်ပင် သူ၏ ကြမ်းကြုတ်ခက်ထန်သော အငွေ့အသက်များကို ဖုံးကွယ်မထားနိုင်သဖြင့် မြင်ရသူတိုင်းကို ကြောက်ရွံ့တုန်လှုပ်စေပေသည်။
သူ၏ ဘေးနားတွင် ဓားတစ်စင်းကို ချထားလေသည်။
ထိုဓားမှာ ထူထဲပြီး အလွန်လေးလံလှသော ဓားမကြီးဖြစ်ကာ ဓားသွားပေါ်တွင် ရွှေရည်စိမ်ပန်းပုလက်ရာများ ရှိနေပြီး အေးစက်သော အလင်းတန်းများ ဖြာထွက်နေ၏။ ဓားနှောင့်မှာ နဂါးခေါင်းပုံစံဖြစ်ပြီး ဓားရိုးမှာ တစ်ပေကျော်ခန့် ရှည်လျားသည်။
လျိုတာ့ဖုသည် ထိုဓားမကို မြင်လိုက်ရသောအခါ မသိစိတ်အရ တံတွေးကို မြိုချလိုက်မိပြီး သူ၏မျက်ဝန်းထဲတွင် ကြောက်ရွံ့မှုများ ဖြတ်ပြေးသွားသည်။
ရုတ်တရက် ဧည့်ခန်းမဆောင်အပြင်ဘက်မှ ခြေသံများထွက်ပေါ်လာသည်။
ထိပ်ဆုံးခုံတွင် ထိုင်နေသော အမျိုးသားသည် မျက်လုံးများကို အသာအယာ ဖွင့်လိုက်ပြီး ဧည့်ခန်းမဆောင်၏ တံခါးမကြီးဆီသို့ ကြည့်လိုက်လေသည်။
ခန္ဓာကိုယ်ကျစ်ကျစ်လစ်လစ်ရှိသော အမျိုးသားတစ်ဦး ခပ်သွက်သွက် ဝင်ရောက်လာပြီး ဦးညွှတ်ကာ ဂါရဝပြုလိုက်သည်ကို တွေ့လိုက်ရ၏။
"ဂိုဏ်းချုပ်ကို ဂါရဝပြုပါတယ်..."
ဤလူလတ်ပိုင်းအရွယ် အမျိုးသားမှာ ရှန်ရှာဂိုဏ်း၏ ဂိုဏ်းချုပ်ချန်စစ်ဟိုင်ပင် ဖြစ်သည်။
သူက လက်ကို အသာအယာဝှေ့ယမ်းလိုက်ရင်း မေးလိုက်သည်။
"ထူးခြားတာ တစ်ခုခုတွေ့ခဲ့လား..."
ထိုအမျိုးသားက ခေါင်းခါပြလိုက်ရင်း ပြောလိုက်သည်။
"ဘာမှ မတွေ့ခဲ့ပါဘူး... သူတို့နေခဲ့တဲ့ ခြံဝင်းကို ကျွန်တော် သွားကြည့်ခဲ့ပေမဲ့ ဘာသဲလွန်စမှ မရှိပါဘူး... တစ်ခုခုဖြစ်သွားတာလား... ဒါမှမဟုတ် သူတို့ဘာသာသူတို့ ထွက်သွားကြတာလားဆိုတာကို လောလောဆယ် အတည်မပြုနိုင်သေးပါဘူး..."
"ဟွန်း..."
ချန်စစ်ဟိုင်က အေးစက်စွာ ပြောလိုက်သည်။
"ချူယွန်ဖေး လုပ်ကြံခံရတော့ ဝူကန်ချီတစ်ယောက်တည်း အားကိုးရာမဲ့ဖြစ်ပြီး ဒေါသတကြီးနဲ့ ထျန်းဝူမြို့ကို ပိတ်ဆို့လိုက်တယ်... အဝင်ပဲရပြီး အထွက်မပေးဘူး…”
“သူက ချူယွန်ဖေးကို လုပ်ကြံတဲ့ လူသတ်သမားကို ရှာဖို့ အလုပ်ရှုပ်နေတာဆိုတော့ ကျန်တာတွေကို ဂရုစိုက်ဖို့ အချိန်ရှိမှာ မဟုတ်ဘူး..."
ထိုအမျိုးသားက ခေါင်းညိတ်ရန်ပြင်လိုက်စဉ် ဧည့်ခန်းမဆောင်ဘေးဘက်မှ အသံတစ်သံ ထွက်ပေါ်လာလေသည်။
"ပုံမှန်မဟုတ်တဲ့ အခြေအနေနောက်ကွယ်မှာ အကြံအစည်တစ်ခုခု ရှိလိမ့်မယ်... အခု ထျန်းဝူမြို့က သံမဏိစည်ပိုင်းလို တင်းကျပ်နေတာ... ကျွန်တော်တို့မှာလည်း ပိုအရေးကြီးတဲ့ကိစ္စတွေ ရှိနေသေးတယ်…”
“ဂိုဏ်းချုပ်... ဒုတိယခေါင်းဆောင်နဲ့ တတိယခေါင်းဆောင်က ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုအချိန်မျိုးမှာ တာဝန်ကိုပစ်ပယ်ပြီး ထွက်ပြေးမှာ မဟုတ်ဘူး..."
အသံလာရာကို မော့ကြည့်လိုက်ရာ လူငယ်တစ်ဦး ဝင်ရောက်လာသည်ကို မြင်လိုက်ရ၏။
သူသည် အဖြူရောင်ဝတ်စုံကျပ်ကို ဝတ်ဆင်ထားပြီး ကြည့်ကောင်းသော ကိုယ်ဟန်အနေအထား ရှိသည်။
သို့သော် သူ၏ရုပ်ရည်မှာ ကြည့်မကောင်းလှပေ။ ရှည်မျောမျောမျက်နှာနှင့် သေးငယ်သော မျက်လုံးများ ရှိသဖြင့် ပုံမှန်နှုတ်ခမ်းမှာပင် ဤမျက်နှာပေါ်တွင် ရှိနေသောအခါ အနည်းငယ် ကြည့်ရဆိုးနေလေသည်။
"ရိုင်းစိုင်းလှချည်လား..."
ထိုအမျိုးသားက ဒေါသတကြီး အော်ဟစ်လိုက်သည်။
"ပိုင်ယွန်းထျန်း... ဂိုဏ်းချုပ်ရှေ့မှာ မင်းက ဒီလိုစကားကြီးစကားကျယ် ပြောရဲတယ်ပေါ့..."
"ဝူစွန်း... ပါးစပ်ပိတ်ထားစမ်း..."
ချန်စစ်ဟိုင်က လက်ကို အသာအယာဝှေ့ယမ်းကာ တားဆီးလိုက်ပြီး ပိုင်ယွန်းထျန်းဟုခေါ်သော အမျိုးသားကို ကြည့်ကာ မေးလိုက်သည်။
"မင်းပြောချင်တာက ငါတို့ထျန်းဝူမြို့ထဲမှာ ပုန်းအောင်းနေတာကို ဝူကန်ချီ သိသွားပြီလို့ ပြောချင်တာလား..."
ပိုင်ယွန်းထျန်းက ခေါင်းညိတ်လိုက်ရင်း ပြောလိုက်သည်။
"ဂိုဏ်းချုပ်... ဘာပဲဖြစ်ဖြစ် ဒီနေရာက ထျန်းဝူမြို့လေ... ကျွန်တော်တို့က လျိုအိမ်တော်မှာ ခိုလှုံနေပြီး သူက ကာကွယ်ပေးထားလို့သာ လူမသိသေးတာ…”
“ဒါပေမဲ့ ဒုတိယခေါင်းဆောင်နဲ့ တတိယခေါင်းဆောင်ကတော့ အပြင်မှာ လှုပ်ရှားနေကြတာလေ... ကျွန်တော်တို့ရဲ့ အကြံအစည်ကို သူတို့ ကောင်းကောင်းသိကြတယ်…”
“ဒီလိုအချိန်မျိုးမှာ သူတို့ အလွယ်တကူ လက်လျှော့မှာ မဟုတ်ဘူး... ခုနက ဝူစွန်းပြောသလို အဲဒီခြံဝင်းထဲမှာ ဘာသဲလွန်စမှ မကျန်ခဲ့ဘူးဆိုပေမဲ့ အဲဒါက သူတို့နှစ်ယောက် လက်ရှိနေတဲ့ နေရာပဲလေ…”
“ဘယ်လိုလုပ်ပြီး ဘာသဲလွန်စမှ မရှိဘဲ နေမှာလဲ... တစ်ယောက်ယောက်က အဲဒီနေရာကို သန့်ရှင်းရေးလုပ်ပြီး သဲလွန်စအားလုံးကို ဖုံးသွားတာပဲ ဖြစ်ရမယ်..."
လျိုတာ့ဖုသည် ဤစကားကို ကြားလိုက်ရသောအခါ ချက်ချင်းပင် မျက်နှာပျက်သွားပြီး ပြောလိုက်သည်။
"သခင်ကြီးတို့ခင်ဗျာ... အဲဒီလိုတော့ မပြောပါနဲ့... အရင်တုန်းက သခင်ကြီးချန်က ကျွန်တော့်အသက်ကို ကယ်ခဲ့ဖူးလို့သာ သခင်ကြီးတို့ရဲ့ နောက်ကြောင်းကို မသိဘဲ လက်ခံထားတာပါ…”
“မဟုတ်ရင် ကျွန်တော်လျိုတာ့ဖုမှာ ဘယ်လောက်ပဲ သတ္တိရှိရှိ သခင်ကြီးတို့ကို လက်ခံထားရဲမှာ မဟုတ်ပါဘူး..."
ချန်စစ်ဟိုင်က လျိုတာ့ဖုကို ကြည့်ကာ ပြုံးလိုက်ပြီး ရုတ်တရက် လက်ကို ဆန့်ထုတ်လိုက်ရာ လျိုတာ့ဖုသည် ဆွဲအားတစ်ခုကို ခံစားလိုက်ရပြီး သူ၏ ခန္ဓာကိုယ်မှာ ချန်စစ်ဟိုင်ဆီသို့ မထိန်းနိုင်မသိမ်းနိုင် ပါသွားလေသည်။
ချန်စစ်ဟိုင်က သူ၏အင်္ကျီရင်ဘတ်ကို ဆုပ်ကိုင်လိုက်ရင်း မေးလိုက်သည်။
"လူကြီးမင်းလျိုက ငါတို့ ရောက်လာတာကို ဒီလောက်တောင် မကျေမနပ် ဖြစ်နေတာလား..."
"မဝံ့ရဲပါဘူး... မဝံ့ရဲပါဘူး..."
သခင်ကြီးလျိုသည် ထိတ်လန့်သွားပြီး နဖူးပေါ်တွင် ချွေးစေးများစီးကျလာကာ ခေါင်းကို အဆက်မပြတ် ခါယမ်းရင်း ပြောလိုက်သည်။
"သခင်ကြီးချန်နဲ့ တခြားသခင်ကြီးတို့ ကျွန်တော့်အိမ်ကို ကြွရောက်လာတာက ကျွန်တော့်အတွက် ဂုဏ်ယူစရာပါ... ဘယ်လိုလုပ်ပြီး... ဘယ်လိုလုပ်ပြီး မကျေမနပ် ဖြစ်ရဲပါ့မလဲ..."
"ဟွန်း..."
ချန်စစ်ဟိုင်က လက်ကိုဝှေ့ယမ်းကာ လျိုတာ့ဖုကို လွှတ်ပေးလိုက်ပြီး ဝူစွန်းနှင့် ပိုင်ယွန်းထျန်းတို့ကို ကြည့်ကာ မေးလိုက်သည်။
"ကျန်းဟွာနဲ့ ချီနျန်ကော ဘယ်မှာလဲ..."
ရှန်ရှာဂိုဏ်း၏ အစောင့်အရှောက်လေးပါးတွင် အကြီးဆုံးမှာ ကျန်းဟွာ၊ ဒုတိယမှာ ချီနျန်၊ တတိယမှာ ပိုင်ယွန်းထျန်းဖြစ်ပြီး ဝူစွန်းမှာမူ အငယ်ဆုံး ဖြစ်ပေသည်။
ယခုအခါ အစောင့်အရှောက်လေးပါးထဲမှ နှစ်ဦးမှာ ဘေးနားတွင် မရှိသဖြင့် ချန်စစ်ဟိုင်၏မျက်နှာမှာ အနည်းငယ် ပျက်ယွင်းနေသည်။
"ချီနျန်က အခြေအနေ သွားစုံစမ်းတာ အခုထိ ပြန်မလာသေးဘူး..."
ဝူစွန်းက ပြောလိုက်ရင်း ပိုင်ယွန်းထျန်းကို တစ်ချက်ကြည့်လိုက်သည်။
ပိုင်ယွန်းထျန်းက သက်ပြင်းချကာ ရယ်မောရင်း ပြောလိုက်သည်။
"အစ်ကိုကြီးကျန်းကတော့... အခုအချိန်ထိ လူကြီးမင်းလျိုရဲ့ ကုတင်ပေါ်မှာ သူ့ရဲ့ ဇနီးသည်နှစ်ယောက်နဲ့အတူ ပျော်ပါးနေတုန်းပဲ..."
လျိုတာ့ဖုသည် ထိုစကားကို ကြားလိုက်ရသောအခါ မျက်နှာတစ်ခုလုံး မည်းမှောင်သွားတော့သည်။
သူသည် လက်ရှိတွင် အသက်လေးဆယ်ကျော် နေပြီဖြစ်ပြီး ပထမဇနီးမှာ စောစီးစွာ ကွယ်လွန်သွားခဲ့သဖြင့် နောက်ဇနီးနှစ်ဦးကို ထပ်မံလက်ထပ်ထားခြင်း ဖြစ်ပေသည်။
သူတို့နှစ်ဦးလုံးမှာ အသက်နှစ်ဆယ်ကျော်အရွယ်သာ ရှိသေးပြီး ငယ်ရွယ်ချောမောလှပကြသည်။
ထိုကျန်းဟွာမှာ မိန်းမရှုပ်တတ်သူတစ်ဦးဖြစ်ပြီး လျိုတာ့ဖု၏ အိမ်တွင် ပုန်းအောင်းနေရုံသာမက သူ၏ဇနီးနှစ်ဦးကိုပါ သိမ်းပိုက်ကာ ညစဉ်ညတိုင်း ပျော်ပါးနေခဲ့သည်။
လျိုတာ့ဖုသည် ဤအချက်ကို ကောင်းကောင်းသိသော်လည်း ဒေါသထွက်ရုံမှတစ်ပါး မပြောရဲချေ။
"ဖြစ်ချင်တိုင်းတွေကို ဖြစ်နေကြတာပဲ..."
ချန်စစ်ဟိုင်က စားပွဲကိုရိုက်လိုက်ရင်း အော်လိုက်သည်။
"သူ့ကို ချက်ချင်း လာခိုင်းလိုက်စမ်း..."
"ဂိုဏ်းချုပ်... ဂိုဏ်းချုပ်... ခေါ်စရာမလိုတော့ပါဘူး... ကျွန်တော် ရောက်လာပါပြီ..."
ထိုစဉ် အသံတစ်သံ ထွက်ပေါ်လာပြီး အသက်သုံးဆယ်ကျော်အရွယ် မျက်နှာဖြူဖျော့ဖျော့နှင့် အမျိုးသားတစ်ဦးသည် အဝတ်အစားများကို ပြင်ဆင်ဝတ်ဆင်ရင်း လျှောက်လာသည်ကို မြင်လိုက်ရ၏။
သူသည် ဧည့်ခန်းမဆောင်ထဲသို့ ရောက်သည်အထိ ခါးပတ်ကို အသာအယာ ပြင်ဆင်လိုက်ပြီးမှ ချန်စစ်ဟိုင်ကို ဦးညွှတ်ကာ ပြုံးလျက် မေးလိုက်သည်။
"ဒုတိယခေါင်းဆောင်နဲ့ တတိယခေါင်းဆောင်ကို ရှာတွေ့ပြီလား..."
ထို့နောက် လျိုတာ့ဖုက ဒေါသတကြီး စိုက်ကြည့်နေသည်ကို မြင်သောအခါ ပြုံးလျက် ပြောလိုက်ပြန်သည်။
“လူကြီးမင်းလျိုက ဘာဖြစ်လို့လဲ... ဘယ်သူကများ စိတ်ဆိုးအောင် လုပ်လိုက်တာလဲ... ကျွန်တော့်ကို ပြောပါ... လူကြီးမင်းရဲ့ ဇနီးနှစ်ယောက်မျက်နှာကို ထောက်ပြီး ကျွန်တော် ကူညီဆုံးမပေးပါ့မယ်..."
လျိုတာ့ဖုသည် ဒေါသထွက်လွန်းသဖြင့် တစ်ကိုယ်လုံးတုန်ရီနေပြီး ကျန်းဟွာကို လက်ညှိုးထိုးကာ စကားတစ်လုံးမှ မပြောနိုင်တော့ပေ။
ချန်စစ်ဟိုင်က သူ့ကို တစ်ချက်ကြည့်လိုက်ရင်း ပြောလိုက်သည်။
"မင်း စကားလျှော့ပြောစမ်း... ချီနျန်လည်း ပြန်မလာသေးဘူး... မင်းတို့ သွားရှာကြဦး... ထျန်းဝူမြို့ထဲက အခြေအနေက မကောင်းဘူး…”
“ဝမ်ယဲ့တောင်ကြားဘက်ကလည်း လှုပ်ရှားလာတာကို မတွေ့သေးဘူး... ငါတို့ ကြိုပြင်ထားမှ ဖြစ်မယ်..."
ချန်စစ်ဟိုင်၏စကားကို ကြားရသောအခါ သူတို့သည် ချက်ချင်းပင် လက်သီးဆုပ်ကာ အမိန့်ကိုနာခံလိုက်ကြသည်။
သူတို့ လှည့်ထွက်ရန် ပြင်လိုက်စဉ် ချန်စစ်ဟိုင်တစ်ယောက် ရုတ်တရက် ခေါင်းမော့ကြည့်လိုက်ရာ တစ်စုံတစ်ခုသည် လေကိုခွင်းကာ ညအမှောင်ထုထဲမှ ဧည့်ခန်းမဆောင်အတွင်းသို့ ပြင်းထန်စွာ ပြေးဝင်လာသည်ကို မြင်လိုက်ရလေသည်။
ထို့နောက်တွင် အသံတစ်သံ ထွက်ပေါ်လာ၏။
"ရှန်ရှာဂိုဏ်းရဲ့ ဂိုဏ်းချုပ်ချန်စစ်ဟိုင်ကိုယ်တိုင် ထျန်းဝူမြို့ကို ကြွရောက်လာတာကို ကျွန်တော်တို့ ကြိုဆိုဖို့ ပျက်ကွက်ခဲ့မိတယ်... ဒီလက်ဆောင်လေးကိုတော့ မငြင်းပယ်လိုက်ပါနဲ့ဗျာ..."
ချန်စစ်ဟိုင်၏မျက်နှာမှာ ပျက်ယွင်းသွားပြီး ကျန်းဟွာသည်လည်း ကိုယ်ကိုလှည့်ကာ ရှေ့သို့ တစ်လှမ်းတိုးပြီး ထိုအရာပေါ်သို့ လက်ဝါးဖြင့် ရိုက်ချလိုက်သည်။
ထိတွေ့လိုက်ရသော ခံစားချက်မှာ နူးညံ့လှသဖြင့် လူတစ်ယောက် ဖြစ်နေသည်မှာ ထင်ရှားလှပေသည်။
ကျန်းဟွာသည် အားလျှော့ချလိုက်သော်လည်း ထိုလူ၏အရှိန်ကြောင့် နောက်သို့ သုံးလေးလှမ်းခန့် ဆုတ်လိုက်ရပြီးမှ ကိုယ်ဟန်ကို ထိန်းလိုက်နိုင်လေသည်။
သူ သေချာကြည့်လိုက်သောအခါ ချက်ချင်းပင် အံ့အားသင့်သွားပြီး အော်လိုက်မိသည်။
"ချီနျန်..."
သူ၏ရင်ခွင်ထဲတွင် ရှိနေသူမှာ အမျိုးသမီးတစ်ဦး ဖြစ်ပေသည်။
သူမ၏ပုံစံမှာ အသက်နှစ်ဆယ်ကျော်အရွယ်သာ ရှိသေးပြီး ယခုအခါ လည်ပင်းကို ဓားဖြင့် ထိုးဖောက်ခံထားရကာ သေဆုံးနေသည်မှာ ကြာလှပြီ ဖြစ်သည်။
ကျန်းဟွာသည် ဝမ်းနည်းပူဆွေးစွာဖြင့် အော်ဟစ်လိုက်သည်။
"ချီနျန်... မင်း... မင်း ဘာလို့ သေသွားရတာလဲ... ငါ မင်းရဲ့ အရသာကိုတောင် မမြည်းစမ်းရသေးဘူးလေ..."
ထိုသို့ပြောပြီးနောက် ဘေးလူများ၏ တုံ့ပြန်မှုကို ဂရုမစိုက်ဘဲ သူက ရုတ်တရက် ခေါင်းမော့ကာ အော်လိုက်သည်။
"ဘယ်သူလဲ..."
သူ၏စကားသံ ဆုံးသည်နှင့် ကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာပြီး လူရိပ်တစ်ခုသည် ဧည့်ခန်းမဆောင်ဘေးဘက်မှ တိုက်ရိုက် ထိုးဖောက်ဝင်ရောက်လာသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ရှေ့သို့ ရောက်ရှိလာပြီး လေပြင်းများနှင့်အတူ လက်သီးတစ်ချက်သည် သူ၏မျက်နှာဆီသို့ ဦးတည်လာတော့သည်။
အစောပိုင်းက ချီနျန်ကိုဖက်ကာ ငိုကြွေးနေသော ကျန်းဟွာသည် လက်ကို ဝှေ့ယမ်းကာ ချီနျန်၏ရုပ်အလောင်းကို ကာကွယ်ရန် အသုံးပြုလိုက်လေသည်။
သို့သော် ထိုသူ၏လက်သီးမှာ ရုပ်အလောင်းကို ဖြတ်ကျော်ကာ အားပြင်းစွာဖြင့် ရိုက်ချလာလိမ့်မည်ဟု မထင်ထားခဲ့ပေ။
ကျန်းဟွာသည် လက်ဝါးတစ်ချက်ဖြင့် ပြန်လည်ခုခံလိုက်သော်လည်း မိမိကိုယ်ကိုယ် တောင်တစ်လုံးဖြင့် အတိုက်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။
သူ၏ခန္ဓာကိုယ်မှာ ထိုအားပြင်းပြင်းကြောင့် လွင့်ထွက်သွားလေသည်။
သူသည် လေပေါ်တွင် အရှိန်ကိုထိန်းချုပ်ကာ ကိုယ်ဖော့သိုင်းကို အသုံးပြုလိုက်သည်။ ကိုယ်ဟန်ကို ပြန်လည်ထိန်းညှိပြီးနောက် ခေါင်းမော့ကာ ဒေါသတကြီးစိုက်ကြည့်ရင်း မေးလိုက်သည်။
"မင်းက ဘယ်သူလဲ..."
ထိုစဉ် ထောင်ထောင်မောင်းမောင်းအမျိုးသားတစ်ဦးသည် အထက်စီးဆန်သောမျက်ဝန်းများဖြင့် ကြည့်ကာ အေးစက်စွာ ပြောလိုက်သည်။
"ထိုက်ရိဂိုဏ်းက ချူဖန်ပဲ…”