← Chapters

အခန်း ၅၀

Vol. 5 Ch. 50

အခန်း ၅၀

Vol. 5 Ch. 50

အခန်း (၅၀) - ချန်စစ်ဟိုင်

"ချူမိသားစုရဲ့ ဒုတိယသခင်လေးလား..."

လူတိုင်းသည် ချူမိသားစုအကြောင်းကို ကောင်းစွာ သိရှိကြသည်။

ဤချူမိသားစု၏ ဒုတိယသခင်လေးသည် ယခုအချိန်တွင် အိမ်၌ သူ့ဖခင်၏နာရေးကိစ္စများကို ပြင်ဆင်မနေဘဲ အဘယ်ကြောင့် ဝူကန်ချီနောက်သို့ လိုက်ကာ ဤနေရာသို့ ရောက်ရှိလာရသနည်း။

ချူဖန်ကမူ သူတို့၏အတွေးများကို ဂရုမစိုက်ချေ။ အကြောင်းမှာ သူသည် စိတ်ထဲရှိသမျှကို ဖုံးကွယ်မထားတတ်သူ ဖြစ်သဖြင့် ချူယွန်ဖေး သေချင်ယောင်ဆောင်ထားသည့်ကိစ္စကိုလည်း သူ့အား မပြောပြထားသောကြောင့် ဖြစ်သည်။

ယခုအချိန်တွင် ထျန်းဝူမြို့ထဲသို့ ခိုးဝင်ကာ ပြဿနာရှာနေသော ဤလူအုပ်စုကို မြင်သောအခါ ဒေါသအလွန်ထွက်သွားခြင်းသာ ဖြစ်သည်။

သူသည် မိမိ၏အမည်ကို ပြောပြီးသည်နှင့် ရှေ့သို့ လှမ်းတက်ကာ လက်သီးဖြင့် ရုတ်ချည်းထိုးနှက်လိုက်လေသည်။

ပိုင်ယွန်းထျန်းနှင့် ဝူစွန်းတို့ နှစ်ယောက်သည် သူ့အား ထိုသို့ရမ်းကားခွင့်ပြုပါမည်နည်း။

သို့သော် သူတို့ ဝင်မကူညီနိုင်သေးခင်မှာပင် ကြယ်ပျံတစ်စင်းကဲ့သို့ ပြေးဝင်လာသော ဓားအလင်းတန်းတစ်ခုကို မြင်လိုက်ရသည်။

ထိုလူနှစ်ယောက်သည် ချက်ချင်းပင် ဘေးသို့ခုန်ရှောင်ကာ ထိုပြင်းထန်လှသော ဓားချက်ကို ရှောင်တိမ်းလိုက်ကြရသည်။

သူတို့ ပြန်လှည့်ကြည့်လိုက်သောအခါ ပင်လယ်ပြင်ထက်ဝယ် လမင်းကြီး ထွက်ပေါ်လာသကဲ့သို့ လရောင်ဝါဝါတို့သည် ပြင်းထန်လှသော ဓားသွားလှိုင်းလုံးများအဖြစ် ပြောင်းလဲကာ ကောင်းကင်တစ်ခွင် လွှမ်းခြုံသွားသည်ကို မြင်လိုက်ရတော့သည်။

ရွှီ... ရွှီ... ရွှီ...

ဓားသွားလှိုင်းလုံးများ တစ်ခုပြီးတစ်ခု တိုးဝှေ့ထွက်ပေါ်လာရာ ပိုင်ယွန်းထျန်းက လက်ကိုဝှေ့ယမ်းလိုက်ပြီး သူ၏လက်ထဲတွင် ဓားတစ်လက် ပေါ်လာကာ လေပင်မတိုးနိုင်သည်အထိ အကာအကွယ်ယူလိုက်လေသည်။

သို့သော် ဤဓားသွားများကို တားဆီးနိုင်ပြီး ခန္ဓာကိုယ်ထဲသို့ မထိုး‌ဖောက်အောင် ကာကွယ်နိုင်ခဲ့သော်လည်း ဓားတစ်‌လျှောက် စီးဆင်းနေသော အတွင်းအားများကိုမူ မခုခံနိုင်ခဲ့ချေ။

သူသည် ဓားချက်များကြောင့် နောက်သို့ တရွတ်တိုက် ဆုတ်ခွာသွားရတော့သည်။

ဓားသွားများ ကုန်ဆုံးသွားသည့်တိုင်အောင် ဆုတ်ခွာပြီးမှ ပိုင်ယွန်းထျန်းသည် သက်ပြင်းအရှည်ကြီးကိုချလိုက်ပြီး အံကြိတ်ကာ ပြောလိုက်သည်။

"ရှောင်ယဲ့ရဲ့ အထီးကျန်လမင်းဓားသိုင်း... ဒါဆို မင်းက ထျန်းဝူမြို့တော်ဝန်ရဲ့သမီး ဝူချန်းဟွမ်ပဲ..."

ဝူချန်းဟွမ်ကမူ စကားအပိုမပြောဘဲ ဓားကို ဆွဲကိုင်ကာ တိုက်ခိုက်ရန် ပြေးဝင်လာတော့သည်။

တစ်ချိန်တည်းမှာပင် လျိုအိမ်တော်တစ်ခုလုံး၏ အရပ်မျက်နှာအနှံ့မှ သတ်ဖြတ်သံများ ဆူညံစွာ ထွက်ပေါ်လာခဲ့သည်။

ဝူစွန်းသည် အခြေအနေ မကောင်းသည်ကို မြင်သောအခါ ဂရုမစိုက်နိုင်တော့ဘဲ လှည့်ပြေးရန် ပြင်လိုက်တော့သည်။ သူလှည့်ကြည့်လိုက်သည့်အခါ ဝတ်စုံဖြူဝတ်လူတစ်ယောက်က ရပ်နေပြီး မျက်နှာတွင် နူးညံ့သောအပြုံးတစ်ခုဖြင့် သူ့ကို ငြိမ်သက်စွာ ကြည့်နေသည်ကို မြင်လိုက်ရလေသည်။

"ပထမသခင်လေးချူ..."

ဝူစွန်းသည် ထိုလူ၏သရုပ်မှန်ကို တစ်ချက်ကြည့်ရုံဖြင့် မှတ်မိလိုက်သည်။

အမှန်တကယ်တွင် လျိုရှီကျဲ့၏စကားများထဲ၌ ရန်တိုက်ပေးလိုသော သဘောထားများ ပါဝင်နေသော်လည်း သူပြောခဲ့သည်မှာ အမှန်ပင်။

ထျန်းဝူမြို့၏ မျိုးဆက်သစ်လူငယ်များထဲတွင် ချူထျန်းသည် အစွမ်းအထက်ဆုံး ဖြစ်ပေသည်။

အချို့လူများက ချူထျန်းသည် ငယ်ငယ်ရွယ်ရွယ်နှင့်ပင် မိသားစု၏ မျိုးရိုးစဉ်ဆက် တာအိုအတွင်းအားကျင့်စဉ်ဖြစ်သော ရော့ရွှီကျမ်းစာကို သတ္တမမြောက်အဆင့်အထိ ကျင့်ကြံအောင်မြင်ထားသည်ဟု ပြောကြသည်။

အချို့ကလည်း သူသည် ဖခင်ဖြစ်သူထက်ပင် သာလွန်သည်ဟု ပြောကြသည်။

ထို့ကြောင့် ချူထျန်းနှင့် ရင်ဆိုင်ရခြင်းသည် ချူယွန်ဖေး သို့မဟုတ် ဝူကန်ချီနှင့် ရင်ဆိုင်ရသကဲ့သို့ ဝူစွန်းခံစားလိုက်ရတော့သည်။

သူသည် မျက်လုံးများကို ကစားကာ ချန်စစ်ဟိုင်ကို ရှာဖွေရန် ပြင်လိုက်သည်။

သို့သော် သူလှည့်ကြည့်လိုက်သောအခါ ချန်စစ်ဟိုင်မှာ အရိပ်အယောင်ပင် မရှိတော့ချေ။

"ဂိုဏ်းချုပ်... ထွက်ပြေးသွားပြီလား..."

ဝူစွန်းသည် ဦးနှောက်‌ခြောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။

ထျန်းဝူမြို့ထဲသို့ ခိုးဝင်ခြင်းသည် အလွန်အန္တရာယ်များကြောင်း သူ ကြိုသိထားပြီးဖြစ်သည်။

ဤနေရာသည် အခြားနေရာများနှင့်မတူဘဲ ဝူကန်ချီကဲ့သို့သော ထိပ်တန်းသိုင်းဆရာများစွာ အခြေစိုက်ရာနေရာဖြစ်ပေသည်။

ရှန်ရှာဂိုဏ်းတစ်ခုလုံးကို ဦးဆောင်ပြီး လာရောက်တိုက်ခိုက်လျှင်ပင် အသာစီးရရန် မလွယ်ကူလှချေ။

သို့သော် ဂိုဏ်းချုပ်ကိုယ်တိုင် လာရောက်ပြီး အစောင့်အရှောက်‌လေးပါးကိုသာ ခေါ်ဆောင်ကာ ဤကဲ့သို့ ပေါ့ပေါ့ပါးပါး ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

အကယ်၍ ဖော်ထုတ်ခံရပါက သေလမ်းသာ ရှိပေမည်။

သို့သော် ဂိုဏ်းချုပ်သည် ထျန်းဝူမြို့၏ ရှာဖွေတွေ့ရှိခြင်း ခံရမည်မဟုတ်‌ကြောင်း မုချယုံကြည်နေခဲ့သည်။

ထို့ကြောင့် သူတို့ ဤနေရာသို့ ရောက်ရှိလာခဲ့ကြခြင်း ဖြစ်သည်။

ယခင်က လုံခြုံကောင်းမွန်စွာ ပုန်းကွယ်နေခဲ့ပါလျက်နှင့် အဘယ်ကြောင့် ဤကဲ့သို့သော အဖြစ်ဆိုးကြီးထဲသို့ ရောက်ရှိသွားရသည်ကို မသိတော့ချေ။

ဝူစွန်းသည် စဉ်းစား၍ မရနိုင်တော့ပေ။

အမှန်တကယ်ပင် ချန်စစ်ဟိုင်ကိုယ်တိုင်လည်း စဉ်းစားမရခဲ့ပေ။

ချီနျန်၏အလောင်းကို တစ်စုံတစ်ယောက်က ပစ်သွင်းလိုက်သည်ကို မြင်လိုက်ရကတည်းက ချန်စစ်ဟိုင်သည် ဤနေရာတွင် ဆက်မနေသင့်တော့ကြောင်း သိရှိလိုက်သည်။

ဝူကန်ချီကို မတွေ့ရသေးသော်လည်း အကယ်၍ တကယ်တွေ့လိုက်ရပါက မိမိအတွက် လွတ်မြောက်ရန် အခွင့်အရေး ရှိပါဦးမည်လော။

လုံးဝမရှိနိုင်ချေ။

ထိုလူရိုင်းကြီးသည် သူ၏ပုဆိန်အစုတ်ကို ကိုင်ဆောင်ကာ မိမိအား မည်သည့်အခွင့်အရေးမျှ ပေးလိမ့်မည်မဟုတ်ကြောင်း သိနေ၏။

ထို့ကြောင့် သူ၏ လက်အောက်ရှိ အစောင့်အရှောက်သုံးပါးနှင့် ထျန်းဝူတပ်သားများ တိုက်ခိုက်နေသည့် အခိုက်အတန့်ကို အခွင့်ကောင်းယူကာ သူသည် ချက်ချင်းပင် လှည့်ထွက်ပြေးတော့သည်။

သူ၏သိုင်းပညာအရ ဝူကန်ချီသာ လမ်းမပိတ်ပါက ထျန်းဝူမြို့မှ ဖောက်ထွက်ပြေးရန်မှာ မခက်ခဲလှချေ။

သို့သော် သူသည် စဉ်းစား၍ မရနိုင်သည်မှာ… မည်သည့်နေရာကစ၍ လွဲမှားသွားခဲ့သနည်း။

အမှန်တကယ်တွင် လော့ယွီခန်းမဆောင် တံခါးပိတ်ထားသည့်အချိန်မှစ၍ ချန်စစ်ဟိုင်၏ စိတ်ထဲတွင် မကောင်းသော အငွေ့အသက်များကို ခံစားခဲ့ရသည်။

သို့သော် သူတို့အကြားတွင် လှုပ်ရှားမှုများလေ၊ ဖော်ထုတ်ခံရရန် အခွင့်အလမ်း ပိုများလေ ဖြစ်သောကြောင့် ထျန်းဝူမြို့ထဲသို့ ခြေချပြီးနောက် လော့ယွီခန်းမဆောင်နှင့် လုံးဝမဆက်သွယ်ရန် သဘောတူညီခဲ့ကြသည်။

ထို့ကြောင့် ဤရက်ပိုင်းအတွင်း လော့ယွီခန်းမဆောင်၏ လှုပ်ရှားမှုများကို မမြင်ရသော်လည်း သူသည် ဇွတ်တရွတ် မမေးမြန်းရဲခဲ့ချေ။

ယခုပြန်လည်စဉ်းစားကြည့်ပါက လော့ယွီခန်းမဆောင်လည်း တစ်ခုခုဖြစ်သွားခဲ့ခြင်းပင် ဖြစ်ပေမည်။

သူတို့သည် ထန်ယင်ဖုန်း၏ နှုတ်မှတစ်ဆင့် မိမိတို့အဖွဲ့၏ အခြေအနေကို သိရှိသွားခဲ့ကြခြင်း ဖြစ်ပေမည်။

သနားဖွယ်ကောင်းသော ချန်စစ်ဟိုင်သည် အပေါ်ယံသာ တွေးနိုင်ခဲ့ပြီး ဤလောကတွင် တိုက်ဆိုင်မှုဟုခေါ်သော... ဝမ်ရို ရှိနေသည်ကိုမူ လုံးဝမသိခဲ့ချေ။

ချန်စစ်ဟိုင်၏ ထွက်ပြေးရာလမ်းမှာ အလွန်ချောမွေ့နေခဲ့သည်။

ချူထျန်းနှင့် ထျန်းဝူအစောင့်တပ်သားများသည် လွတ်မြောက်ရာလမ်းတစ်ခု ချန်ထားပေးခဲ့သကဲ့သို့ ဖြစ်နေသည်။

ဤသည်ကို ချန်စစ်ဟိုင် သတိပြုမိသော်လည်း ထွေထွေထူးထူး မတွေးလိုက်မိပေ။

အဘယ်ကြောင့်ဆိုသော် လျိုမိသားစုသည် ချမ်းသာသော ကုန်သည်မိသားစုသာ ဖြစ်ပြီး သူတို့အိမ်၏ ကိုယ်ရံတော်များသည် ထျန်းဝူအစောင့်တပ်သားများနှင့် ယှဉ်နိုင်စွမ်းမရှိသောကြောင့် ဖြစ်သည်။

ထိုလူများကို ကိုင်တွယ်ရန်အတွက် အထူးသတိထားနေစရာ မလိုချေ။

သူသည် ရှန်ရှာဂိုဏ်း၏ဂိုဏ်းချုပ်ဖြစ်ပြီး ထိုလူများသည် သူထွက်ပြေးမည်ဟု ထင်မှတ်ထားကြမည်မဟုတ်သောကြောင့် သူ့အတွက် အခွင့်ကောင်းရသွားခြင်းသာ ဖြစ်ပေမည်။

သို့သော် မကြာမီမှာပင် အခြေအနေမှာ တစ်ခုခု မှားယွင်းနေကြောင်း သူသတိပြုမိလိုက်သည်။

ယခုအချိန်တွင် သူသည် လျိုအိမ်တော်၏ နောက်ဖေးခြံဝင်းမှ ထွက်လာခဲ့ပြီး ရှေ့သို့ဆက်လျှောက်လာရာ ပတ်ဝန်းကျင်တစ်ခုလုံးမှာ ထူးဆန်းစွာ တိတ်ဆိတ်နေခဲ့သည်။

လူသူကင်းမဲ့နေရုံသာမက ပိုးကောင်မွှားကောင်များနှင့် ငှက်သံများပင် ထွက်ပေါ်မလာခဲ့ချေ။

ရုတ်တရက်ဆိုသလို ချန်စစ်ဟိုင်သည် သူ၏ခြေလှမ်းများကို ရပ်တန့်လိုက်သည်။

သူ၏လက်ထဲမှ ဓားကို ဖြည်းညင်းစွာ ချလိုက်ရာ ဒေါင်ခနဲအသံနှင့်အတူ ဓားသွားသည် မြေပြင်ပေါ်သို့ ကျသွားပြီး ကျယ်လောင်သောအသံတစ်ခု ထွက်ပေါ်လာသည်။

"ဘယ်သူလဲ... ထွက်ခဲ့စမ်း..."

ချန်စစ်ဟိုင်က အော်ဟစ်လိုက်လေသည်။

သို့သော် ပတ်ဝန်းကျင်တစ်ခုလုံးမှာ ဟာလာဟင်းလင်း ဖြစ်နေပြီး မည်သည့်အသံမျှ ထွက်ပေါ်မလာခဲ့ချေ။

ချန်စစ်ဟိုင်၏နဖူးပေါ်တွင် ချွေးစေးများထွက်လာပြီး ပတ်ဝန်းကျင်တွင် တစ်စုံတစ်ယောက် ပုန်းကွယ်နေသည်ကို သူ သိရှိသော်လည်း ထိုသူသည် မည်သည့်နေရာတွင် ရှိနေသည်ကိုမူ မသိနိုင်ဖြစ်နေသည်။

သူလုပ်နိုင်သည်မှာ ဓားကို အသင့်ပြင်ကာ ခန္ဓာကိုယ်ကို ကာကွယ်ပြီး ရုတ်တရက် ဖြစ်ပေါ်လာနိုင်သော အပြောင်းအလဲများကို အချိန်မရွေး တုံ့ပြန်ရန်သာ ရှိတော့သည်။

ရုတ်ချည်းပင် ပြင်းထန်လှသော အန္တရာယ်အငွေ့အသက်ကြောင့် သူ၏ခန္ဓာကိုယ်ကို အနည်းငယ် လှုပ်ရှားလိုက်မိပြီးနောက် သူ၏ ရင်ဘတ်ဘေးသို့ ပြင်းထန်သော အားလှိုင်းတစ်ခု ရိုက်ခတ်လာခဲ့သည်။

ထို့နောက်မှသာ ဓားသံသည် တိတ်ဆိတ်သော ညဉ့်နက်ပိုင်းကို ဖြတ်ကျော်ကာ ထွက်ပေါ်လာတော့သည်။

ဤဓားချက်သည် အသံထက်ပင် ဦးစွာ ရောက်ရှိလာခဲ့ခြင်း ဖြစ်ပေသည်။

ချန်စစ်ဟိုင်သည် နောက်သို့ ဆက်တိုက်ဆုတ်ခွာသွားရပြီး သူ၏ရင်ထဲတွင် ထိတ်လန့်တုန်လှုပ်မှုများမှာ အတိုင်းအဆမရှိ ဖြစ်ပေါ်လာတော့သည်။

မှောင်မိုက်သော ညအမှောင်ထဲတွင် အဖြူရောင်မျက်နှာဖုံးကို တပ်ဆင်ထားသော ဝတ်စုံနက်ဝတ်လူတစ်ယောက်သည် ခရမ်းရောင်အလင်းတန်းများ ဖြာထွက်နေသော ရွှမ်ယိုဓားကို ကိုင်ဆောင်ကာ မိမိ၏ရင်ဘတ်ကို ချိန်ရွယ်၍ တိုက်ခိုက်လာသည်ကို မြင်လိုက်ရသည်။

ကံကောင်းထောက်မစွာဖြင့် သူ၏ခန္ဓာကိုယ်ပေါ်တွင် အကာအကွယ်ဝတ်စုံကို ဝတ်ဆင်ထား‌လေသည်။

မဟုတ်ပါက အစောပိုင်းကပင် သူ၏ရင်ဘတ်မှာ တစ်ဖက်လူ၏ ထိုးစိုက်ခြင်းကို ခံရပေမည်။

ချူချင်းသည်လည်း မျက်ခုံးများကို အနည်းငယ် ကြုတ်လိုက်မိသည်။

ချန်စစ်ဟိုင်ကဲ့သို့သော ထိပ်တန်းသိုင်းဆရာနှင့် ရင်ဆိုင်ရသောအခါ သူသည်လည်း ပေါ့ဆ၍ မရချေ။

ထို့ကြောင့် လွဲချော်ရန် လွယ်ကူသောလည်ပင်းကို တိုက်ခိုက်မည့်အစား ရင်ဘတ်ကို ရွေးချယ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

သို့သော် တစ်ဖက်လူ၏ခန္ဓာကိုယ်ကို ဖောက်ထွက်မသွားလိမ့်မည်ဟု သူမထင်မှတ်ထားခဲ့ချေ။

ချန်စစ်ဟိုင်သည် ရင်လေးသွားတော့သည်။ အကာအကွယ်ဝတ်စုံ ရှိနေသော်လည်း အခြေအနေမှာ လုံးဝမကောင်းမွန်ချေ။

တစ်ဖက်လူ အသုံးပြုသောဓားမှာ သာမန်ဓားမဟုတ်ဘဲ ဓားဦးဖျားသည် အကာအကွယ်ဝတ်စုံကိုပင် ဖောက်ထွက်ကာ မိမိ၏ ရင်ဘတ်ထဲသို့ တိုးဝင်လာသည်ကို သူ ရှင်းလင်းစွာ ခံစားလိုက်ရသည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင် ရင်ဘတ်ထဲသို့ လက်မဝက်ခန့် နက်ရှိုင်းစွာ ဝင်ရောက်သွားခဲ့ပြီ ဖြစ်သည်။

အကယ်၍ သူသာ ထပ်မံဆုတ်ခွာပါက သေချာပေါက် သေဆုံးရပေလိမ့်မည်။

ချန်စစ်ဟိုင်သည် နှစ်ပေါင်းများစွာ နာမည်ကျော်ကြားခဲ့သော ထိပ်တန်းသိုင်းဆရာတစ်ဦး ဖြစ်ပြီး ရှန်ရှာဂိုဏ်း၏ဂိုဏ်းချုပ်ဖြစ်ရာ သာမန်လူများနှင့် မတူညီချေ။

သူသည် ခြေထောက်ကို မြေပြင်ပေါ်သို့ ဆောင့်နင်းလိုက်ရာ မြေပြင်မှာ ကျယ်လောင်သောအသံနှင့်အတူ ကွဲအက်သွားတော့သည်။

သူကျင့်ကြံထားသည်မှာ ယွဲ့ရှန်းကျင့်စဉ် ဖြစ်ပေသည်။

ဤကျင့်စဉ်သည် အတွင်းအားများကို အဓိကထားပြီး ခွန်အားမှာ အလွန်ကြီးမားလှသည်။

သူသည် လက်တစ်ဖက်ဖြင့် ဓားကို ဝှေ့ယမ်းကာ တစ်ဖက်လူ၏လက်ထဲမှ ဓားရှည်ကို ရိုက်ထုတ်နိုင်ပါက သူ၏အသက်ကို ကယ်တင်နိုင်မည် ဖြစ်သည်။

သို့သော် သူ ဓားကိုဝှေ့ယမ်းရန် ပြင်လိုက်သည့် အခိုက်အတန့်မှာပင် ချူချင်း၏လက်တစ်ဖက်သည် သူ၏ ဓားကိုင်ထားသောလက်ကို ဖိနှိပ်လိုက်လေသည်။

ချန်စစ်ဟိုင်သည် ထိုဝတ်စုံနက်ဝတ်ဆင်သူ၏ မျက်နှာဖုံးကြားမှ ခရမ်းရောင်အလင်းတန်းများ ဖြာထွက်နေသည်ကို မြင်လိုက်ရသည်။

သူ၏ ကြီးမားလှသောခွန်အားများကို ဤအခိုက်အတန့်တွင် ထိုသူက အတင်းအကျပ် ဖိနှိပ်ထားနိုင်ခဲ့ပြီဖြစ်သည်။

All Chapters