← Chapters

အခန်း ၂၆၁

Vol. 27 Ch. 261

အခန်း ၂၆၁

Vol. 27 Ch. 261

အခန်း (၂၆၁)

စီအီးအိုဆိုတဲ့လူ ရုတ်တရက် ပေါ်လာမှုကြောင့် ဆွေးနွေးပွဲခန်းမတစ်ခုလုံးက ခဏလေးအတွင်း အုန်းအုန်းကျွက်ကျွက် ဖြစ်သွားခဲ့တယ်။

JG Blockchain ရဲ့ အဖွဲ့ဝင်တွေက ဝမ်းသာအားရနဲ့ လက်ခုပ်တီးပြီး အော်ဟစ်အားပေးကြတယ်။ တချို့ဆို ပျော်လွန်းလို့ မငြိမ်မသက် ဖြစ်နေကြသလို တချို့ကလည်း ကြည်ညိုလေးစားတဲ့ မျက်နှာပေးတွေနဲ့ပေါ့။

ချွိုင်းနမ်ဝူး က ဆွေးနွေးပွဲခန်းမတစ်ခုလုံးကို ဝေ့ဝဲကြည့်လိုက်ပြီး ပြောတယ်။

"အားလုံးနဲ့ တွေ့ရတာ အရမ်းဝမ်းသာပါတယ်။ JG Blockchain မှ နွေးထွေးစွာ ကြိုဆိုပါတယ်"

တက်ဂယူ က ခေါင်းငုံ့ဖို့ ကြိုးစားလိုက်ပေမဲ့ ခေါင်းမငုံ့လိုက်နိုင်ခင်မှာတင် ချွိုင်းနမ်ဝူး နဲ့ မျက်လုံးချင်း ဆုံသွားခဲ့တယ်။ ဒါပေမဲ့ ချွိုင်းနမ်ဝူး က သူ့ကို လုံးဝ မှတ်မိပုံမရဘဲ တခြားနေရာကို အကြည့်လွှဲသွားတယ်။

ဟုတ်တော့လည်း ဟုတ်ပါတယ်လေ။ အိမ်ရှေ့မှာ ခဏလေးပဲ ဆုံခဲ့ကြတာကိုး။ အဲဒီတုန်းက အခြေအနေကလည်း တော်တော်လေး ရှုပ်ထွေးနေခဲ့တာဆိုတော့ သူ မမှတ်မိတာက သဘာဝကျပါတယ်လေ။

အော်ဟစ်ဆဲဆိုပြီး ဆွဲထုတ်ခံရတုန်းကလိုမျိုး ရုပ်ပျက်ဆင်းပျက် ပုံစံမျိုး မဟုတ်ဘဲ အခုတော့ ယုံကြည်မှုတွေ အပြည့် ဖြစ်နေတာပါ။ မျက်နှာပေးကလည်း တည်ငြိမ်ပြီး ကျောကို မတ်မတ်ဆန့်ကာ ရင်ဘတ်ကို ကော့ထားတာပဲ။

ကြည့်ရတာ အောင်မြင်နေတဲ့ လူငယ် စီးပွားရေးသမားတစ်ယောက် အလားပဲ။

'ချွိုင်းနမ်ဝူး က JG Blockchain ရဲ့ စီအီးအို ဟုတ်လား။ ဒီကြားထဲမှာ ဘာတွေ ဘယ်လို ဖြစ်သွားတာလဲ'

အခြေအနေတွေက တဖြည်းဖြည်း ပိုပြီး စိတ်ဝင်စားဖို့ ကောင်းလာပြီလို့ သူ ခံစားလိုက်ရတယ်။

မင်ဟာယောင်း က အသံတိုးတိုးနဲ့ ပြောတယ်။

"ငါတို့ စီအီးအို က တကယ့်ကို အံ့သြဖို့ကောင်းတာ"

"သူက ဘာကောင်မလို့ အံ့သြဖို့ကောင်းရတာလဲ"

"သူ စကားပြောတာ ကြားရင် နင် နားလည်သွားလိမ့်မယ်"

မင်ဟာယောင်း ပြောသလိုပဲ သူ ဘာတွေပြောမလဲဆိုတာကို အနည်းဆုံးတော့ နားထောင်ကြည့်လိုက်တာပေါ့လေ။

ချွိုင်းနမ်ဝူး က အသံခပ်အုပ်အုပ်နဲ့ စကားပြောလာတယ်။

"ဒီမှာရှိတဲ့ အားလုံးက Cryptocurrency အကြောင်းကို သေသေချာချာ သိကြပြီး စိတ်ဝင်စားကြလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ တချို့ဆို ရင်းနှီးမြှုပ်နှံဖူးပြီး ဆုံးရှုံးမှုကြီးကြီးမားမား ကြုံဖူးကြတဲ့သူတွေလည်း ပါမှာပါ။ ဒီနှစ်အစပိုင်းမှာ ကြုံခဲ့ရတဲ့ စျေးကွက်ပြိုလဲမှုက ရင်းနှီးမြှုပ်နှံသူတွေဘက်က Cryptocurrency ရဲ့ ပင်ကိုယ်တန်ဖိုးအပေါ် မယုံကြည်ကြလို့ ဖြစ်ရတာပါ။ ခင်ဗျားတို့လည်း အနည်းဆုံး တစ်ကြိမ်လောက်တော့ တွေးဖူးကြမှာပဲ။ ကွိုင်တစ်ခုဆိုရင်တော့ ဘာတန်ဖိုးမှ ရှိလောက်မှာလား။ Cryptocurrency က တကယ်ပဲ ဒေါ်လာ ဒါမှမဟုတ် ရွှေကို အစားထိုးနိုင်မှာလား ဆိုပြီးတော့ပေါ့။ ပြောရရင်တော့ Cryptocurrency တင်မဟုတ်ဘဲ ဘယ်အရာမဆို တန်ဖိုးရှိဖို့ မသေချာဘူးလို့တွေးလို့ရပါတယ်"

သူ့အသံက ပိုပြီး ကျယ်လောင်လာခဲ့တယ်။

"ဒါပေမဲ့ နောက်ဆုံးပေါ် Blockchain နည်းပညာနဲ့ ဖန်တီးထားတဲ့ Jeil Gold Coin ကတော့ မတူပါဘူး။ လက်ရှိ ကွိုင်တွေက တန်ဖိုးကို မမြင်ရတဲ့ မမြင်ကွယ်ရာ ကွိုင်တွေဆိုရင် Jeil Gold Coin ကတော့ တန်ဖိုးကို တိုက်ရိုက် မြင်တွေ့နိုင်တဲ့ မျက်မှောက်ကွိုင် ဖြစ်ပါတယ်။ ဒါက Cryptocurrency ဖြစ်သလို တကယ့် ငွေကြေးအစစ်အမှန်လည်း ဟုတ်ပါတယ်။ ဘာလို့လဲဆိုတော့ Jeil Gold Coin ရဲ့ တန်ဖိုးက ၂၁ ရာစုရဲ့ အရေးအကြီးဆုံး အရင်းအမြစ်ဖြစ်တဲ့ ရေနံနဲ့ ချိတ်ဆက်ထားလို့ပါပဲ"

လူတွေက အံ့သြတုန်လှုပ်ပြီး အာမေဋိတ်သံတွေ ထွက်လာကြပေမဲ့ တက်ဂယူ ကတော့ တကယ့်ကို ဆွံ့အသွားခဲ့တယ်။

'ဒီကောင် ဘာတွေ လျှောက်ပြောနေတာလဲ'

Cryptocurrency က ဘဏ္ဍာရေး ပိုင်ဆိုင်မှု (နိုင်ငံအလိုက် သတ်မှတ်ချက် ကွဲပြားပေမဲ့) ဖြစ်ပြီး ရေနံကတော့ ကိုင်တွယ်လို့ရနိုင်တဲ့ အရာဝတ္ထု ပိုင်ဆိုင်မှုပါ။ ဒါပေမဲ့ ဒီနှစ်ခုက ဘယ်လိုလုပ် ချိတ်ဆက်လို့ ရမှာလဲ။

စခရင်ပေါ်မှာ ဗင်နီဇွဲလားနိုင်ငံ အကြောင်း အချက်အလက်တွေ ပေါ်လာခဲ့တယ်။

တစ်ချိန်က တောင်အမေရိကမှာ အချမ်းသာဆုံး ဖြစ်ခဲ့တဲ့ ဗင်နီဇွဲလားနိုင်ငံက အခုတော့ ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံတွေထဲက တစ်ခု ဖြစ်နေပါပြီ။ အဓိက အကြောင်းရင်းကတော့ ရေနံစျေးနှုန်း ကျဆင်းမှုကြောင့် ဖြစ်ပေမဲ့ အာဏာရှင်စနစ်၊ ခြစားမှု၊ ဝါဒဖြန့်မှုနဲ့ အလွန်အကျွံ လူမှုဖူလုံရေး သုံးစွဲမှုတွေကလည်း ပြဿနာပါပဲ။

နိုင်ငံတော် ဘဏ္ဍာရေး အကြပ်အတည်း ဖြစ်နေတာတောင် ဘဏ္ဍာရေး အသုံးစရိတ်ကို မလျှော့ချချင်တာကြောင့် ပိုက်ဆံတွေကိုပဲ ဆက်တိုက် ရိုက်နှိပ်ခဲ့လို့ တစ်နှစ်ကို ၅၀၀ ရာခိုင်နှုန်းကျော်တဲ့ ငွေဖောင်းပွမှု ဒဏ်ကို ခံခဲ့ရတာပါ။

ပထမကမ္ဘာစစ်ပြီးနောက် ဂျာမနီနိုင်ငံလိုပဲ ပေါင်မုန့်တစ်လုံး ဝယ်ဖို့အတွက် ငွေစက္ကူတွေကို တောင်လိုပုံပြီး သယ်သွားရတယ်။ ငွေစက္ကူတွေကို တစ်ရွက်ချင်း ရေတွက်ဖို့ကလည်း မဖြစ်နိုင်တာမလို့ ချိန်ခွင်ပေါ်တင်ပြီး ချိန်တွက်ရတဲ့အထိပဲ။

"ဗင်နီဇွဲလားက ကမ္ဘာ့အကြီးဆုံး အရန်ရေနံသီးသန့် ပမာဏကို ပိုင်ဆိုင်ထားတဲ့ ရေနံထုတ်လုပ်တဲ့ နိုင်ငံဖြစ်ပေမဲ့ လက်ရှိမှာတော့ အခက်အခဲကြီးစွာ ကြုံတွေ့နေရပါတယ်။ အစိုးရက ဘဏ္ဍာရေး အကြပ်အတည်းကို ကျော်လွှားဖို့အတွက် နိုင်ငံပိုင် ရေနံတွင်းတွေကို ရောင်းချဖို့ တွန်းအားပေးနေတာပါ။ JG Blockchain ရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ Jeil Groupက ဗင်နီဇွဲလား အစိုးရပိုင် ရေနံတွင်းတွေကို သီးသန့် စူးစမ်းရှာဖွေခွင့်နဲ့ တူးဖော်ခွင့် ရရှိထားပါတယ်"

ထို့နောက်မှာတော့ ကျယ်ပြောလှတဲ့ ရေနံတွင်း ဓာတ်ပုံတွေနဲ့ သက်ဆိုင်ရာ ဝန်ထမ်းတွေရဲ့ အင်တာဗျူး ဗီဒီယို ဖိုင်တစ်ခု ပွင့်လာခဲ့တယ်။ သုတေသီတွေနဲ့ အလုပ်သမားတွေရဲ့ အဝတ်အစား၊ ဦးထုပ်တွေပေါ်မှာ 'Jeil' ဆိုတဲ့ စာလုံးက သိသာထင်ရှားစွာ ပေါ်နေတာပါ။ သူတို့အားလုံးက အရန်ရေနံ ပမာဏက အဆမတန် များပြားတယ်လို့ တစ်ညီတစ်ညွတ်ထဲ ထွက်ဆိုနေကြတာပါပဲ။

"ဒီရေနံတွင်းမှာ ရှိတဲ့ ခန့်မှန်း အရန်ရေနံ ပမာဏက လက်ရှိ ပေါက်စျေးအရ ဝမ် သိန်းပေါင်း ၁၅၀ ကုဋေ တန်ဖိုးရှိတယ်။ ခင်ဗျားတို့တွေ Jeil Gold Coin ကို ဝယ်ယူတာက ဒီရေနံတွင်းထဲမှာ မြှုပ်နှံထားတဲ့ ရေနံတွေရဲ့ ရှယ်ယာကို ဝယ်ယူတာနဲ့ အတူတူပါပဲ။ Jeil Group က တူးဖော်သမျှ ရေနံအားလုံးကို ပြည်ပကို ရောင်းချသွားမှာ ဖြစ်ပြီး အရောင်းအဝယ် ကိစ္စတွေကို ဒေါ်လာနဲ့ မဟုတ်ဘဲ Jeil Gold Coin တစ်ခုထဲနဲ့ပဲ လက်ခံသွားမှာ ဖြစ်ပါတယ်"

ယေဘုယျအားဖြင့် နိုင်ငံတကာ ရေနံအရောင်းအဝယ်တွေက ဒေါ်လာနဲ့ပဲ အဓိက လုပ်ဆောင်ကြတာလေ။ ဒါပေမဲ့ သူတို့က Jeil Gold Coin နဲ့ အရောင်းအဝယ် လုပ်မယ်ဆိုရင် ဘာဖြစ်မလဲ။

ရေနံဝယ်ယူဖို့အတွက် အရင်ဆုံး Jeil Gold Coin ကို ဝယ်ရမှာ ဖြစ်တာကြောင့် ဝယ်လိုအားနဲ့ အရောင်းအဝယ် ပမာဏက သဘာဝအတိုင်း မြင့်တက်လာပြီး Jeil Gold Coin ရဲ့ တန်ဖိုးကလည်း မြင့်တက်လာမှာ ဖြစ်ပါတယ်။

'ဒါက ရင်းနှီးနေတဲ့ ဇာတ်လမ်းပဲ'

တက်ဂယူ က အရင်တုန်းက ကန်ဂျင်ဟူ ဆီကနေ ကြားဖူးတဲ့ ဇာတ်လမ်းတစ်ပုဒ်ကို ပြန်သတိရသွားခဲ့တယ်။ ဒါက Mississippi Bubble ကို ဖြစ်ပေါ်စေခဲ့တဲ့ ဂျွန်လော သုံးခဲ့တဲ့ နည်းလမ်းနဲ့ ဆင်တူတာပဲ။

ချွိုင်းနမ်ဝူး က သတင်းဆောင်းပါး တချို့ကို စခရင်ပေါ်မှာ ပြသလိုက်တယ်။

[ဗင်နီဇွဲလား၊ အလွန်အမင်း စီးပွားရေး အကြပ်အတည်း ဖြစ်ပေါ်]

[ဘဏ္ဍာရေး ဆိုးရွားလာမှုကြောင့် ဗင်နီဇွဲလား က နိုင်ငံပိုင် ရေနံတွင်းများကို ရောင်းချရန် တွန်းအားပေးနေပြီလား]

[ဗင်နီဇွဲလား အစိုးရက ပထမဆုံးအကြိမ်အဖြစ် အမျိုးသား Cryptocurrency ကို ထုတ်ဝေမည်]

[Petro Coin ကို လာမည့်လမှစတင်၍ နိုင်ငံတကာတွင် အသုံးပြုမည်]

"မြင်တဲ့အတိုင်းပဲ ဗင်နီဇွဲလား အစိုးရက မကြာသေးခင်က Petro Coin လို့ ခေါ်တဲ့ Cryptocurrency ကို ထုတ်ဝေခဲ့ပြီး ဒေါ်လာ၊ ရေနံတို့နဲ့ ချိတ်ဆက်ထားတာပါ။ Jeil Gold Coin က ဗင်နီဇွဲလား အစိုးရ ထုတ်ဝေတဲ့ Petro Coin နဲ့ ချိတ်ဆက်ထားတာ ဖြစ်ပြီး တစ်ဆင့်ခံအနေနဲ့ ဒေါ်လာ၊ ရေနံတို့နဲ့ပါ ချိတ်ဆက်ထားတာမလို့ လက်တွေ့မှာတော့ အရံငွေကြေး အဆင့်အတန်းနဲ့ ဘာမှမခြားပါဘူး"

ဒါက ဖြစ်နိုင်သည်ဖြစ်စေ၊ မဖြစ်နိုင်သည်ဖြစ်စေ ဒီလိုလုပ်ဖို့ဆိုရင် အရင်ဆုံး ရေနံကို တကယ် တူးဖော်ဖို့လိုတယ်လေ။

'ဒါပေမဲ့ ဒါက အမှန်ပဲလားဆိုတာ အတည်ပြုဖို့ဆိုရင် ဗင်နီဇွဲလားအထိ သွားရမှာ'

ဒီမှာရှိတဲ့ လူတွေထဲမှာ ဗင်နီဇွဲလားမှာ အသိမိတ်ဆွေ ရှိတဲ့သူ ဒါမှမဟုတ် တိုက်ရိုက် သွားနိုင်တဲ့သူ ဘယ်သူ ရှိလို့လဲ။ ပြီးတော့ ဗင်နီဇွဲလားက ဘယ်နားမှာ ရှိမှန်းတောင် မသိတဲ့ လူတွေလည်း ရှိမှာပဲ။

လက်တွေ့မှာလည်း တချို့လူတွေက 'ရေနံ' ဆိုတဲ့ စကားလုံးကို ကြားတာနဲ့ အရှေ့အလယ်ပိုင်း နိုင်ငံတစ်ခုလို့ မှားယွင်း အထင်မှားနေကြတာပါ။

တက်ဂယူ က ဂျင်ဟူ ဆီက ကြားဖူးတာကို နောက်တစ်ကြိမ် ပြန်သတိရလိုက်မိတယ်။

'ဒီကမ္ဘာပေါ်မှာ အလှူရှင်တွေ အများကြီး ရှိတာပဲ။ စတော့ရှယ်ယာ ကစားတဲ့သူတွေကော၊ ကြိုတင် စီမံကိန်းချတဲ့ အိမ်ခြံမြေ အကျိုးဆောင်တွေပါ အပါအဝင်ပေါ့။ ဒီအတိုင်း ထားလိုက်ရင် အဆပေါင်း ဒါဇင်ချီ၊ ရာချီ တက်မယ့် စတော့တွေနဲ့ အိမ်ခြံမြေတွေကို သူတို့က တစ်ယောက်ချင်းစီဆီ ဖုန်းဆက်ပြီး နည်းမျိုးစုံနဲ့ လိုက်ရောင်းနေကြတာ။ ကိုယ်တိုင်ပဲ အပိုင်သိမ်းထားလို့ ရတဲ့အရာကို တခြားလူတွေကို စျေးပေါပေါနဲ့ လိုက်ရောင်းနေတယ်ဆိုတာက တကယ့်ကို စိတ်ကောင်းရှိတဲ့ လူတွေမှပဲ လုပ်နိုင်တာလေ'

အမှန်ပါပဲ။

စျေးကွက်ထဲ စာရင်းသွင်းလိုက်တာနဲ့ ဝမ် ၁၀,၀၀၀ ဖြစ်သွားပြီး အနာဂတ်မှာ အရံငွေကြေး ဖြစ်လာမယ်လို့ ပြောနေတဲ့ ကွိုင်တွေကို ဝမ် ဆယ်ဂဏန်းလောက်နဲ့ လိုက်ရောင်းဖို့ ဘာလို့ ဟောပြောပွဲတွေ လုပ်နေရတာလဲ။ အဲဒီလောက် တန်ဖိုးရှိနေရင် ကိုယ့်ဘာသာကိုယ် အသာလေး သိမ်းထားပြီး ငြိမ်ငြိမ်နေလိုက်ပါလား။ ဘာလို့ တခြားလူတွေကို ဒီလောက် အသည်းအသန် လိုက်ပြောနေရတာလဲ။ ရူးနေကြလို့လား။

'ဒါက လိမ်လည်မှု သက်သက်ပဲ'

ချွိုင်းနမ်ဝူး က ယုံကြည်ချက်အပြည့်နဲ့ ရဲရဲဝံ့ဝံ့ အော်ပြောလိုက်တယ်။

"အနာဂတ်က ခင်ဗျားတို့ မျက်စိရှေ့မှာတင် ရှိနေပါပြီ။ Jeil Gold Coin မှာ အခုပဲ ရင်းနှီးမြှုပ်နှံလိုက်ကြပါ"

'ဒါကို ယုံပြီး ငွေပုံပေးမယ့် နွားတွေတော့ မရှိလောက်ပါဘူးနော်'

အဲလိုတွေးပြီး ဘေးပတ်ပတ်လည်ကို ကြည့်လိုက်တော့ လူတိုင်းက မတ်တပ်ရပ်ပြီး လက်ခုပ်တီးကာ အော်ဟစ် အားပေးနေကြတာကို တွေ့လိုက်ရတယ်။

ဖြောင်း။ ဖြောင်း။ ဖြောင်း

တက်ဂယူ က အဲဒီမြင်ကွင်းကို ကြည့်ပြီး စိတ်ထဲကနေ သက်ပြင်းချလိုက်မိတယ်။

'ဟူး၊ ဒီကမ္ဘာပေါ်မှာ အလိမ်ခံရမယ့် ငတုံးတွေက တပုံကြီးပဲ'

လူလိမ်တွေ ဒီလောက် များနေတာ မဆန်းပါဘူးလေ။

ဒါနဲ့ ကြည့်ရတာ ချွိုင်းနမ်ဝူး က တခြားလူတွေကို လိမ်ညာဖို့ ကြိုးစားနေတဲ့ လူလိမ်တစ်ယောက် ပုံစံမျိုး လုံးဝ မပေါက်ပါဘူး။ ဒါက အကြောင်းရင်း နှစ်ခုထဲက တစ်ခုကြောင့် ဖြစ်နိုင်ပါတယ်။

သူက သရုပ်ဆောင် အရမ်းကောင်းတာ ဒါမှမဟုတ် ဒါက အစစ်အမှန်လို့ သူကိုယ်တိုင် အခိုင်အမာ ယုံကြည်နေတာပါ။

ဘယ်တစ်ခု ဖြစ်မလဲ။

အဲဒီအချိန်မှာတင် တစ်ယောက်ယောက်က သတိကြီးကြီးနဲ့ မေးခွန်းထုတ်လိုက်တယ်။

"ကျွန်မ ကြားမိတဲ့ ကောလာဟလတစ်ခုကတော့ စီအီးအို က ကန်ဂျင်ဟူ နဲ့ အမျိုးတော်တယ်ဆိုတာ အမှန်ပဲလားဟင်"

တက်ဂယူ က ခပ်တိုးတိုး ရယ်မောလိုက်ပြီး ညည်းတွားလိုက်တယ်။

"ဇာတ်လမ်းက နောက်တဆင့်တောင် တက်လာပြီပဲ"

သူတို့တွေ ကန်ဂျင်ဟူ ရဲ့ နာမည်ကို ဘယ်အချိန်မှာ ထုတ်သုံးမလဲလို့ တက်ဂယူ တွေးနေတာပါ။ မေးခွန်းမေးတဲ့ လူကလည်း သူတို့နဲ့ တစ်ဖွဲ့ထဲ ဖြစ်လောက်တယ်။

မင်ဟာယောင်း က မေးတယ်။

"ဘာကို ပြောတာလဲ"

"ဘာမှမဟုတ်ပါဘူး"

အရင်ကတည်းက ရှိနေတဲ့ အဖွဲ့ဝင်တွေကတော့ ဒါကို သိပြီးသား ပုံစံပါပဲ။ ဒါပေမဲ့ ဒီနေရာကို ပထမဆုံးအကြိမ် လာဖူးတဲ့ လူတွေကတော့ အဲဒီစကားကြောင့် လန့်သွားကြတယ်။

"က... ကန်ဂျင်ဟူ ဟုတ်လား"

"ဟို ကန်ဂျင်ဟူ ကို ပြောတာလား"

"OTK ကုမ္ပဏီ ရဲ့ စီအီးအို ကို ပြောတာလား"

ချွိုင်းနမ်ဝူး က နေရခက်တဲ့ မျက်နှာပေးမျိုး လုပ်လိုက်ပြီး။

"ဒါက နည်းနည်းတော့ နေရထိုင်ရခက်ပါတယ်။ ကန်ဂျင်ဟူ က ကျွန်တော့်ရဲ့ ယောက်ဖ တော်စပ်တယ်ဆိုတာ လျှို့ဝှက်ချက် ဖြစ်ရမှာပါ"

အဲဒီတော့မှ လူငယ်တစ်ယောက်က ဇဝေဇဝါ ဖြစ်နေတဲ့ ပုံစံနဲ့ ပြောတယ်။

"ဟင်၊ ကန်ဂျင်ဟူ က တစ်ဦးထဲသော သား မဟုတ်ဘူးလား"

တီးတိုးပြောသံတွေ ထွက်လာခဲ့တယ်။

"ဟေ့…ဘာတွေလဲ"

"အဓိပ္ပာယ်မရှိလိုက်တာ"

"ငါတို့သိတဲ့ ကန်ဂျင်ဟူ မဟုတ်လို့လား"

ချွိုင်းနမ်ဝူး က အသေးစိတ်ကို ရှင်းပြလာတယ်။

"တောင်းပန်ပါတယ်ဗျာ။ အတိအကျ ပြောရရင်တော့ OTK ကုမ္ပဏီ ရဲ့ စီအီးအို ကန်ဂျင်ဟူ က ကျွန်တော့်ဇနီး ကန်မီယောင် ရဲ့ ဝမ်းကွဲမောင် ဖြစ်လို့ ဆွေမျိုးစပ်မယ်ဆိုရင် ကျွန်တော့်ရဲ့ ဝမ်းကွဲယောက်ဖ တော်စပ်တာပါ။ ကျွန်တော်ကတော့ ရင်းရင်းနှီးနှီးနဲ့ပဲ 'ယောက်ဖ' လို့ ခေါ်လေ့ရှိတာကြောင့် အထင်လွဲမှုတွေ ဖြစ်သွားရတာပါ"

လူသစ်တွေကတော့ မယုံကြည်နိုင်သေးတဲ့ မျက်နှာပေးတွေနဲ့ပဲ ရှိနေတုန်းပါ။

"ဒီလို အထင်လွဲမှု ဖြစ်စေခဲ့တာ ကျွန်တော့်အပြစ်မလို့ ရှင်းရှင်းလင်းလင်း ဖြစ်အောင် လုပ်ပေးရမှာပေါ့။ ကျွန်တော့် မိသားစု ဓာတ်ပုံတွေကို ပြပါမယ်"

သူက ကြိုတင်ပြင်ဆင်ထားတဲ့အတိုင်း သူ့အိတ်ကပ်ထဲကနေ စမတ်ဖုန်းကို ထုတ်ပြီး ပရိုဂျက်တာနဲ့ ချိတ်ဆက်လိုက်တယ်။

ပထမဆုံး ပေါ်လာတဲ့ ဓာတ်ပုံကတော့ မင်္ဂလာဆောင် ဓာတ်ပုံပါပဲ။

"ဒီအမျိုးသမီးက ကျွန်တော့်ဇနီး ကန်မီယောင် ပါ။ ကျွန်တော့် ယောက်ဖနဲ့ နည်းနည်း ဆင်တယ်မဟုတ်လား"

အဲဒီနောက်မှာတော့ အားလပ်ရက်တွေနဲ့ မိသားစု ဆုံဆည်းပွဲတွေမှာ ရိုက်ထားတဲ့ ဓာတ်ပုံတွေ ပေါ်လာခဲ့တယ်။ အဲဒီထဲမှာ ကန်မီယောင် ရော၊ အသက်ငယ်သေးတဲ့ ကန်ဂျင်ဟူ ပါ ပါဝင်နေပါတယ်။ မူလတန်း၊ အလယ်တန်း၊ အထက်တန်းနဲ့ တက္ကသိုလ်တက်တုန်းက ဓာတ်ပုံတွေအထိပဲ။

"ကျွန်တော်တို့ ယောက်ဖက တစ်ဦးထဲသောသား ဖြစ်တာကြောင့် ကျွန်တော့်ဇနီးကို အစ်မအရင်းတစ်ယောက်လိုပဲ သဘောထားခဲ့တာပါ"

လူတွေက အံ့သြတုန်လှုပ်ပြီး တီးတိုး ပြောဆိုကြတယ်။ ဒီဘက်ခေတ်မှာ ဓာတ်ပုံ ပြုပြင်တဲ့ နည်းပညာတွေ တိုးတက်နေပြီ ဆိုပေမဲ့ အခုပြထားတဲ့ဓါတ်ပုံတွေထဲက ကန်ဂျင်ဟူပုံကတော့ ဘယ်နေရာမှာမှ လူသိရှင်ကြား ထုတ်ပြန်ထားခြင်း မရှိတဲ့ ဓာတ်ပုံတွေ ဖြစ်နေတာပါ။

ချွိုင်းနမ်ဝူး က ဓာတ်ပုံတစ်ပုံချင်းစီကို ဘယ်တုန်းက ရိုက်ခဲ့လဲဆိုတာကို ရှင်းပြပြီးနောက် ပြောလိုက်တယ်။

"ဒီကိစ္စက လျှို့ဝှက်ချက်ပါ။ JG Blockchain က OTK ကုမ္ပဏီ နဲ့ ပတ်သက်နေတယ်ဆိုတာ လူသိရှင်ကြား ဖြစ်သွားရင် တန်ဖိုးကြီး ရင်းနှီးမြှုပ်နှံသူတွေ အလုံးအရင်းနဲ့ ရောက်လာကြမှာ ဖြစ်လို့ ခင်ဗျားတို့တွေ ကွိုင်တွေကို ဝယ်ယူနိုင်တော့မှာ မဟုတ်ပါဘူး။ ကျွန်တော် လိုချင်တာက ချမ်းသာပြီးသား လူအနည်းငယ် ပိုချမ်းသာလာဖို့ မဟုတ်ဘဲ သာမန်လူ အမြောက်အမြား Jeil Gold Coin ကနေတစ်ဆင့် ချမ်းသာလာဖို့ပါ"

ကန်ဂျင်ဟူ က ကမ္ဘာ့ဘဏ္ဍာရေး နယ်ပယ်မှာ အကျော်ကြားဆုံး ပုဂ္ဂိုလ်တစ်ဦးပဲလေ။ ဘဏ္ဍာရေး ကဏ္ဍမှာတော့ သူ့နာမည် တစ်လုံးထဲနဲ့တင် အာမခံချက် တစ်ခုလို ဖြစ်နေတာပါ။

စိတ်လှုပ်ရှားတဲ့ မျက်နှာပေးနဲ့ အသည်းအသန် လက်ခုပ်တီးနေတဲ့ မင်ဟာယောင်း နဲ့မတူဘဲ တက်ဂယူ ကတော့ အေးတိအေးစက် မျက်နှာပေးနဲ့ပဲ ရှိနေခဲ့တယ်။

'ဒီကောင် လိမ်နေတာကို ကြည့်စမ်းပါဦးကွာ'

အံ့သြစရာကောင်းတာက ချွိုင်းနမ်ဝူး ပြောတဲ့စကားတွေက လုံးဝဥဿုန် လိမ်ညာနေတာတော့ မဟုတ်ပါဘူး။ ကန်မီယောင် က ကန်ဂျင်ဟူ ရဲ့ ဝမ်းကွဲအစ်မ အစစ်ဖြစ်ပြီး တစ်ချိန်က ရင်းနှီးခဲ့ကြတာ မှန်ပါတယ်။ သူက သူတို့တွေ မခေါ်မပြောတော့တဲ့ အပိုင်းကိုပဲ ချန်လှပ်ထားခဲ့တာပါ။

"ဒါဆို စီအီးအို ကန်ဂျင်ဟူ က ကွိုင်ကို စျေးကွက်တင်တဲ့ နေရာမှာ ပါဝင်ပတ်သက်နေတာလား"

"OTK ကုမ္ပဏီ ကော၊ Jeil Gold Coin မှာ ရင်းနှီးမြှုပ်နှံထားတာ ရှိလား"

"သူတို့ကော ဗင်နီဇွဲလား ရေနံတွင်း စီးပွားရေးမှာ ပါဝင်နေတာလား..."

ချွိုင်းနမ်ဝူး က နေရခက်တဲ့ ပုံစံနဲ့ပဲ ပြောလာတယ်။

"Jeil Gold Coin နဲ့ ဗင်နီဇွဲလား ရေနံတွင်း တူးဖော်ရေး စီးပွားရေးက ကမ္ဘာတစ်ဝှမ်းလုံးက အာရုံစိုက်နေတဲ့ စီးပွားရေး လုပ်ငန်းတွေပါ။ ကျွန်တော်က စီအီးအို တစ်ဦးအနေနဲ့ အဲဒီအချက်တွေကို တိုက်ရိုက် မှတ်ချက်ပေးဖို့ ခက်ခဲတယ်ဆိုတာကို နားလည်ပေးစေချင်ပါတယ်။ ဒါပေမဲ့ ကျွန်တော် တစ်ခုပဲ ပြောပါရစေ။ ကိုရီးယားမှာ အကြီးဆုံးဖြစ်ပြီး ကမ္ဘာ့အကြီးဆုံး ငါးခုထဲက တစ်ခုဖြစ်တဲ့ Cryptocurrency စျေးကွက် Bithumb ရဲ့ အကြီးဆုံး ရှယ်ယာရှင်ကတော့ တခြားသူမဟုတ်ပါဘူး၊ OTK ကုမ္ပဏီ ပဲ ဖြစ်ပါတယ်။ ဒါပါပဲ"

ဟောပြောပွဲ ပြီးဆုံးသွားတဲ့အခါ အဖွဲ့ဝင်တွေက လက်ဆွဲနှုတ်ဆက်ဖို့နဲ့ လက်မှတ်တောင်းဖို့ လူတွေအားလုံး အလုအယက် ပြေးသွားကြတယ်။ ချွိုင်းနမ်ဝူး က တစ်ယောက်ချင်းစီကို လက်ဆွဲနှုတ်ဆက်ပြီး လက်မှတ်ထိုးပေးကာ အားပေးစကား ပြောနေတာပါ။

"အားလုံး အတူတူ ချမ်းသာကြရအောင်။ ဖိုက်တင်း"

"ကျေးဇူးတင်ပါတယ်။ စီအီးအို"

"အခုလိုသိကျွမ်းခွင့်ရတာ ဂုဏ်ယူမိပါတယ်ဗျာ"

"ကျွန်မရဲ့ ဘဝက JG Blockchain အကြောင်း သိရပြီးတဲ့နောက် ပြောင်းလဲသွားခဲ့တာ"

"ကျွန်တော်ကတော့ ကိုယ့်ကိုကိုယ် ဆင်းရဲသားမလို့ စိတ်ပျက်နေခဲ့တာ။ ဒါပေမဲ့ Jeil Gold Coin နဲ့ တွေ့ပြီးတဲ့နောက်မှာတော့ ချမ်းသာဖို့ အိမ်မက် မက်နိုင်ခဲ့ပြီ"

"ကျွန်တော်ကတော့ စီအီးအို ကို အဆုံးအထိ ယုံကြည်ပြီး နောက်ကနေလိုက်သွားမှာပါ"

အသက် ၃၀ အရွယ် လူငယ်တစ်ယောက်က တောက်ပတဲ့ မျက်နှာပေးနဲ့ ပြောတယ်။

"ကျွန်တော့်ရဲ့ မိတ်ဆက်ပေးမှုကြောင့် ကျွန်တော့် မိဘတွေ၊ မောင်နှမတွေနဲ့ ဆွေမျိုးတွေအားလုံး Jeil Gold Coin မှာ ရင်းနှီးမြှုပ်နှံထားကြတာပါ"

တက်ဂယူ က အဲဒီစကားကြောင့် ဆွံ့အသွားခဲ့ရတယ်။

'သောက်ကျိုးနည်း။ ဒီကောင်က ကိုယ့်ဘာသာကိုယ် ပျက်စီးချင်ရင် တစ်ယောက်ထဲ ပျက်စီးပါလား။ သူ့မိဘတွေ၊ မောင်နှမတွေနဲ့ ဆွေမျိုးတွေက သူနဲ့အတူ ခံရအောင် ဘာအပြစ် လုပ်ထားလို့လဲ'

မသိမသာနဲ့ပဲ မင်ဟာယောင်း ရဲ့ အလှည့် ရောက်လာခဲ့တယ်။

"Jeil Gold Coin က ကျွန်မအတွက်တော့ အိမ်မက်အသစ်နဲ့ မျှော်လင့်ချက်တစ်ခုပါပဲ"

"အိမ်မက်တွေကို အတူတူ အကောင်အထည်ဖော်ပြီး ချမ်းသာကြရအောင်"

တက်ဂယူ လည်း မရည်ရွယ်ဘဲနဲ့ပဲ သူနဲ့ လက်ဆွဲနှုတ်ဆက်မိသွားခဲ့တယ်။ ချွိုင်းနမ်ဝူး က သူ့လက်ကို ကိုင်ပြီး တက်ဂယူ ကို ကြည့်လာတယ်။ သူက တက်ဂယူ ဘက်ကနေ ဆုံးဖြတ်ချက် စကားတစ်ခွန်း ပြောလာမှာကို စောင့်ဆိုင်းနေတဲ့ ပုံစံပဲ။

'ငါ ဘာပြောရမလဲ'

တက်ဂယူ က စိတ်ထဲပေါ်လာတာကိုပဲ ပြောလိုက်တယ်။

"ဒီလောက် ကောင်းတဲ့အရာကို ဘာလို့ ဒီလောက် စျေးပေါပေါနဲ့ ရောင်းနေရတာလဲ။ ငါသာဆိုရင် အများကြီး ပိုပြီး စျေးကြီးကြီးနဲ့ ရောင်းမှာ"

အံ့သြစရာကောင်းတာက ချွိုင်းနမ်ဝူး က တုန်လှုပ်ခြင်းမရှိဘဲ ပြောလာတယ်။

"အဲဒါက Blockchain ရဲ့ သဘောသဘာဝပဲလေ။ ကွိုင်တွေအချင်းချင်း ချိတ်ဆက်ထားတဲ့ ကမ္ဘာကြီးမှာ အတ္တတွေကို စွန့်လွှတ်လိုက်တာလေ။ အဲဒါက JG Blockchain မျှော်မှန်းထားတဲ့ အနာဂတ်အသစ်ပါပဲ"

"ဟမ်"

ဒီနေရာမှာ Blockchain က ဘာလို့ ပါလာရတာလဲ။

'သူ ဘာတွေပြောနေလဲဆိုတာ သူကိုယ်တိုင်ကော သိရဲ့လား'

သူ့ဘေးက လူက အလောတကြီး ပြောလာတယ်။

"နောက်ထပ် ဟောပြောပွဲ အစီအစဉ် ရှိသေးတယ်။ စီအီးအို။ အခု သွားရပါတော့မယ်"

ချွိုင်းနမ်ဝူး က အဆောက်အဦးထဲကနေ ထွက်သွားပြီး စောင့်ဆိုင်းနေတဲ့ အမည်းရောင် Mercedes-Benz S-Class ကားကြီးနဲ့ ထွက်ခွာသွားခဲ့တယ်။

စီအီးအို ကိုယ်တိုင် တက်ရောက်ခဲ့တဲ့ ဟောပြောပဲွ ပြီးဆုံးသွားတဲ့အခါ အဖွဲ့ဝင်အဖြစ် ဝင်ဖို့ ဝေခွဲမရဖြစ်နေတဲ့ လူတွေက ရင်းနှီးမြုတ်နှံဖို့ကို တက်တက်ကြွကြွ လုပ်လာကြတယ်။

လူတွေက ဖုန်းတွေကို ထုတ်ပြီး ဟိုဟိုဒီဒီ ဖုန်းဆက်နေကြတာပါ။ တချို့ကတော့ ချေးငွေရဖို့ ဘဏ်တွေကို ချက်ချင်း ဖုန်းဆက် မေးမြန်းကြသလို တချို့ကလည်း အသိမိတ်ဆွေတွေနဲ့ စကားပြောနေကြတာလေ။

အဝေးကနေ ကြည့်ရင်တောင် 'ကန်ဂျင်ဟူ' ဆိုတဲ့ နာမည်က ဆက်တိုက် ထွက်ပေါ်နေခဲ့တယ်။ Jeil Gold Coin က ကန်ဂျင်ဟူ နဲ့ နက်နက်ရှိုင်းရှိုင်း ပတ်သက်နေတယ်ဆိုတဲ့ စကားက နေရာအနှံ့ ပျံ့နှံ့သွားပုံရတယ်။

နာမည်ကြီး ပုဂ္ဂိုလ်တွေရဲ့ နာမည်ကို သုံးပြီး လူတွေကို လိမ်ညာတာကတော့ ထမင်းစားရေသောက်လို ဖြစ်နေတာပဲလေ။ အနုပညာရှင်တွေ၊ နိုင်ငံရေးသမားတွေ၊ စီးပွားရေးသမားတွေ စသဖြင့်ပေါ့။

ပြဿနာကတော့ ဘာမှ ပတ်သက်မှုမရှိဘူးဆိုတာ ပေါ်ပေါက်သွားရင်တောင် နာမည်အသုံးချခံလိုက်ရတဲ့သူရဲ့ ပုံရိပ်က ပျက်စီးသွားရတာပဲ။ တချို့ကိစ္စရပ်မှာ ဆိုရင် နစ်နာသူတွေက အုပ်စုလိုက် စုရုံးပြီး လျော်ကြေးတောင်းကာ ဆူဆူပူပူ လုပ်တတ်ကြတယ်။

နစ်နာသူတွေရဲ့ ရှုထောင့်က ကြည့်ရင်တော့ ပတ်သက်မှု ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သူတို့ ပိုက်ဆံတွေကို ပြန်ရဖို့ နည်းလမ်း မရှိတော့ဘူးလေ။

တက်ဂယူဟာ အခုအချိန်အထိတော့ စူးစမ်းလိုစိတ် သက်သက်နဲ့ပဲ ရှိနေခဲ့တာဆိုပေမဲ့ ကန်ဂျင်ဟူ ရဲ့ နာမည်ကို သုံးပြီး လူတွေကို လိမ်ညာနေတာကို သိလိုက်ရတော့ သူ ဒီအတိုင်း ကြည့်မနေနိုင်တော့ဘူး။

တက်ဂယူ က လက်ပိုက်လိုက်ပြီး စိတ်ထဲကနေ တွေးလိုက်တယ်။

'ငါ ဝင်ပါရမယ့် အလှည့် ရောက်ပြီထင်တယ်'

All Chapters