← Chapters

အခန်း ၂၆၂

Vol. 27 Ch. 262

အခန်း ၂၆၂

Vol. 27 Ch. 262

အခန်း (၂၆၂)

ချွိုင်းနမ်ဝူး က Mercedes-Benz S-Class ကားကြီးနဲ့ ထွက်ခွာလာခဲ့တယ်။

သူက ကားရဲ့ နောက်ခန်း ညာဘက်အခြမ်း၊ "သူဌေးထိုင်ခုံ" လို့ ခေါ်တဲ့ နေရာမှာ ထိုင်နေတာပါ။

ဒရိုင်ဘာက ကားမောင်းနေပြီး သူ့ဘေးမှာတော့ အတွင်းရေးမှူးက ထိုင်နေပါတယ်။ နောက်ခန်းက တကယ့်ကို ကျယ်ဝန်းလွန်းလို့ ခြေထောက်တွေကို အားရပါးရ ဆန့်ထားလို့တောင် ရပါတယ်။

ဒါက သူအရင်တုန်းက အရောင်းဝန်ထမ်း ဘဝတုန်းက မောင်းခဲ့တဲ့ သက်တမ်း ၁၀ နှစ်ရှိပြီဖြစ်တဲ့ Avante ကားအစုတ်လေးနဲ့စာရင် တကယ့်ကို ကွာခြားလွန်းတဲ့ ကမ္ဘာကြီးပါပဲ။ ဒါကြောင့်မလို့လည်း လူတိုင်းက အောင်မြင်ဖို့အတွက် အသည်းအသန် ကြိုးစားနေကြတာ ဖြစ်မှာပေါ့။

ကားပေါ်မှာ ထိုင်နေရင်း ချွိုင်းနမ်ဝူး က ခဏလောက် စဉ်းစားခန်း ဝင်သွားခဲ့တယ်။

'နောက်ဆုံးမှ လက်ဆွဲနှုတ်ဆက်ခဲ့တဲ့ လူက... သူ့မျက်နှာက နည်းနည်း ရင်းနှီးနေသလိုပဲ။ ဘယ်နားမှာ မြင်ဖူးပါလိမ့်'

ဒါပေမဲ့ အဲဒီအတွေးက ခဏလေးအတွင်း ပျောက်ကွယ်သွားခဲ့တယ်။ သူ့အတွင်းရေးမှူးက သူ့ဆီကို အချိန်ဇယားစာရွက် ကမ်းပေးလာလို့ပါပဲ။

"နောက်ထပ် ဟောပြောပွဲက မာချွန်ဒေါင်း မှာပါ"

"ကောင်းပြီလေ"

မာချွန် ဌာနခွဲမှာရှိတဲ့ အဖွဲ့ဝင်အများစုက တက္ကသိုလ်ကျောင်းသားတွေနဲ့ ကျောင်းပြီးခါစ လူငယ်တွေပါ။ သူတို့က သူ့ကို အမြဲတမ်း တက်တက်ကြွကြွနဲ့ နွေးထွေးစွာ ကြိုဆိုလေ့ ရှိကြတယ်။ ဒီနေရာအပါအဝင် ဒီနေ့တစ်ခုထဲတင် နောက်ထပ် ဟောပြောပွဲ သုံးခုတောင် စီစဉ်ထားသေးတာပါ။

"မပင်ပန်းဘူးလား။ စီအီးအို"

ချွိုင်းနမ်ဝူး က ပြုံးပြီး ပြောတယ်။

"လုံးဝ မပင်ပန်းပါဘူး။ JG Blockchain တိုးတက်ဖို့အတွက် ကျွန်တော် ဒီထက်မက ပိုပြီး ကြိုးစားရဦးမှာလေ"

ဇိမ်ခံ နိုင်ငံခြားကားကြီး စီးပြီး အလုပ်တွေကို စစ်ဆေးရတာက တကယ့်ကို သူအမြဲ အိမ်မက်မက်ခဲ့ရတဲ့ ဘဝမျိုးပါပဲ။

သူက မူလတုန်းက Health Study လို့ ခေါ်တဲ့ အလတ်စား ကုမ္ပဏီတစ်ခုမှာ အရောင်းဝန်ထမ်းအဖြစ် အလုပ်လုပ်ခဲ့တာပါ။ သူ့အလုပ်က ဆိုးလ်မြို့ပြဧရိယာမှာ ရှိတဲ့ အားကစားရုံတွေကို လိုက်ပတ်ပြီး အားကစားပစ္စည်းအသစ်တွေကို မိတ်ဆက်ရောင်းချရတဲ့ အလုပ်ပေါ့။

သူက ပင်ကိုကတည်းက လူမှုရေးကောင်းပြီး လူတွေနဲ့ တွေ့ဆုံရတာကို သဘောကျတဲ့သူမလို့ ဒီအလုပ်က သူ့စရိုက်နဲ့ တော်တော်လေး ကိုက်ညီမှု ရှိပါတယ်။ သူ့ရဲ့ အရောင်းစွမ်းဆောင်ရည်ကလည်း တော်တော်လေး ကောင်းမွန်ခဲ့တာပါ။ ဒါပေမဲ့ အဲဒီတုန်းက သူ့ရဲ့ လစာက တစ်လကို ဝမ် ၃ သန်းတောင်မပြည့်ပါဘူး။

ချွိုင်းနမ်ဝူး က အရောင်းဝန်ထမ်း ဘဝနဲ့တင် စိတ်ကျေနပ်မယ့်သူ မဟုတ်ပါဘူး။ သူက အောင်မြင်ချင်စိတ် အရမ်းပြင်းပြတဲ့သူလေ။

ဒါကြောင့် သူက စတော့ရှယ်ယာတွေကို အကြိမ်ကြိမ် စမ်းကစားကြည့်ခဲ့ပေမဲ့ အရင်းပြုတ်ပြီး ရှုံးနိမ့်ခဲ့ရတယ်။

အဲဒီလိုနဲ့ တစ်နေ့မှာတော့ သူ့ဘဝကို ပြောင်းလဲပေးမယ့် အခွင့်အရေးကြီး ရောက်လာခဲ့တာပေါ့။

ကန်ဂျင်ဟူ က တီဗီမှာ ပထမဆုံးအကြိမ် ပေါ်လာပြီး သူက OTK ကုမ္ပဏီ ရဲ့ စီအီးအို ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလိုက်တဲ့ အချိန်မှာတင် သူ့ဇနီးက ဖုန်းဆက်ပြီး အော်ဟစ်ပြောဆိုလာခဲ့တယ်။

[ကိုကို။ ကန်ဂျင်ဟူ က ချစ်ရဲ့ ဝမ်းကွဲမောင်လေးပဲ]

"နင် ဘာတွေ ရုတ်တရက်ကြီး လျှောက်ပြောနေတာလဲ"

[အခု တီဗီမှာ လာနေတဲ့ OTK ကုမ္ပဏီ ရဲ့ စီအီးအို က ချစ်ရဲ့ ဝမ်းကွဲမောင်လေးပါဆို။ ချစ်အဖေရဲ့ ညီအရင်းရဲ့ သားလေ]

"ဘာ... ဘာပြောတယ်"

အဲဒီစကားကို ကြားလိုက်ရတဲ့ အချိန်မှာတင် သူ့ဘဝကြီး တစ်ဆစ်ချိုး ပြောင်းလဲသွားသလို ခံစားလိုက်ရတယ်။

ကိုရီးယား ချေဘော တွေမှာ မိသားစုအခြေပြု စီမံခန့်ခွဲမှုဆိုတဲ့ ကောင်းမွန်တဲ့ ရိုးရာအစဉ်အလာတစ်ခု ရှိကြတယ်လေ။ ကိုယ့်မှာ ဘာအရည်အချင်းမှ မရှိဘဲ စရိုက်ဆိုးတွေ ရှိနေရင်တောင် သွေးသားတော်စပ်ရုံနဲ့တင် ရာထူးတစ်ခုခု ရနိုင်တာမျိုးပေါ့။

ကုမ္ပဏီကြီးတစ်ခုက Franchise လုပ်ငန်းတစ်ခု လုပ်မယ်ဆိုရင် သူတို့ရဲ့ သားသမီးတွေကို ကုန်ကြမ်းထောက်ပံ့ခွင့် ပေးတာ၊ သူတို့ရဲ့ ဝမ်းကွဲတွေကို ကန်တင်းလုပ်ပိုင်ခွင့် ပေးတာ၊ သူတို့ရဲ့ ခမည်းခမက်တွေကို ပို့ဆောင်ရေးအပိုင်း အပ်နှံတာ၊ ဒါမှမဟုတ် ဘာမှမရှိရင်တောင် အနည်းဆုံးတော့ သေတ္တာဘူးခွံ ထုတ်လုပ်တဲ့ လုပ်ငန်းကို အပ်နှံတာမျိုး လုပ်ပေးတတ်ကြပါတယ်။

သူက သူ့ရဲ့ ယောက္ခမတွေနဲ့အတူ ကန်ဂျင်ဟူ ရဲ့ အိမ်ကို အပြေးအလွှား သွားခဲ့တုန်းက အောင်မြင်မှုတွေ ရတော့မယ်ဆိုတဲ့ မျှော်လင့်ချက်တွေ အပြည့်ရှိနေခဲ့တာပါ။

'သူတို့ ငါ့ကို စီမံခန့်ခွဲမှု ဒါရိုက်တာ ဒါမှမဟုတ် အမှုဆောင် ဒါရိုက်တာ ရာထူးတစ်ခုခု ပေးလောက်မှာပါ။ ဒါမှမဟုတ် လက်အောက်ခံ ကုမ္ပဏီတစ်ခုရဲ့ ဥက္ကဋ္ဌ ရာထူးများပေးမလားမသိဘူး'

ဘာပဲဖြစ်ဖြစ် အဆင်ပြေပါတယ်။ ရာထူးတစ်ခုခုသာ ပေးမယ်ဆိုရင် သူ တကယ့်ကို ကောင်းကောင်းမွန်မွန် လုပ်ဆောင်နိုင်မယ်လို့ ယုံကြည်ချက် ရှိနေခဲ့တာပါ။

ဒါပေမဲ့ သူ့ရဲ့ မျှော်လင့်ချက်တွေက ခဏလေးအတွင်း ကြေမွပျက်စီးသွားခဲ့ရတယ်။ ဘာရာထူးမှ မရတဲ့အပြင် စကားတောင် ကောင်းကောင်းမပြောရသေးခင်မှာတင် သက်တော်စောင့်တွေရဲ့ မောင်းထုတ်ခြင်းကို ခံခဲ့ရတာပါ။

သူ နောက်မှ သိလိုက်ရတာက ကန်ဂျင်ဟူ တို့ မိသားစု စီးပွားရေးပျက်သွားတုန်းက သူ့ရဲ့ ယောက္ခမတွေဘက်က အဆက်အသွယ် အကုန်ဖြတ်ခဲ့ကြတာပါတဲ့။ အခုမှသာ သူတို့တွေဟာ ရင်ဘတ်ကို ထုပြီး အဲဒီတုန်းက ကူညီပြီး အဆက်အသွယ် ရှိနေခဲ့သင့်တာလို့ နောင်တရနေကြပေမဲ့ အချိန်တွေက လွန်သွားခဲ့ပြီလေ။

ဒါပေမဲ့ သူက ဒီအတိုင်း အရှုံးမပေးနိုင်ပါဘူး။

ကန်ဂျင်ဟူ ကို ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ဖျောင်းဖျဖို့အတွက် အဲဒီနောက်ပိုင်း ကုမ္ပဏီဆီကို အကြိမ်ကြိမ် သွားခဲ့ပေမဲ့ တွေ့ဖို့နေနေသာသာ အဆောက်အဦးထဲကိုတောင် ဝင်ခွင့်မရခဲ့ပါဘူး။

သူက ဒေါသထွက်လွန်းလို့ အင်တာနက် စာမျက်နှာတွေပေါ်မှာ နာမည်ဝှက်နဲ့ ဆဲဆိုကဲ့ရဲ့တာတွေ တင်ဖို့ လုပ်ခဲ့ပေမဲ့ အင်တာနက်ပေါ်မှာ ကန်ဂျင်ဟူ ကို ဆဲနေတဲ့ အရာတွေက အလျှံပယ် ဖြစ်နေခဲ့ပြီသားပါ။

တကယ်လို့ သူ့ရဲ့ ဝမ်းကွဲယောက်ဖက ကန်ဂျင်ဟူ ဖြစ်မှန်းမသိခဲ့ရင် သူက အရင်အတိုင်းပဲ အေးအေးဆေးဆေး ဖြတ်သန်းနေမိလောက်မှာပါ။

ဒါပေမဲ့ ဘဝကို ပြောင်းလဲပစ်မယ့် အခွင့်အရေးကြီးက သူ့မျက်စိရှေ့တင် လွင့်ပျောက်သွားခဲ့ရတော့ အလုပ်လုပ်ချင်စိတ်ပါ ပျောက်ဆုံးသွားခဲ့ရတယ်။ သူ့ရဲ့ အရောင်းစွမ်းဆောင်ရည်က တဖြည်းဖြည်း ကျဆင်းလာခဲ့ပြီး ကုမ္ပဏီကနေ အလုပ်ထုတ်ခံခဲ့ရတယ်။

သူကတော့ တကယ်ပဲ စိတ်သက်သာရာရသွားခဲ့တာပါ။ အရင်တုန်းကတော့ အောင်မြင်မှုဆိုတာ ဝေဝါးပြီး စိတ္တဇဆန်ခဲ့ပေမဲ့ အခုတော့ လက်လှမ်းလိုက်ရုံနဲ့တင် ဆုပ်ကိုင်နိုင်မယ့်အရာတစ်ခုလို ခံစားနေရပါပြီ။

ဒါပေမဲ့ သူ တကယ်ပဲ တစ်ခုခုလုပ်ဖို့ ကြိုးစားတဲ့အခါမှာတော့ မလွယ်ကူခဲ့ပါဘူး။ သူ့မှာ ပိုက်ဆံလည်း မရှိ၊ အဆက်အသွယ်လည်း မရှိသလို ကောင်းမွန်တဲ့ စီးပွားရေး အကြံဉာဏ်လည်း မရှိခဲ့ဘူး။ တခြားလူတွေနဲ့ မတူဘဲ ကွာခြားနေတဲ့ အချက်ကတော့ တစ်ခုထဲပဲ ရှိတာပါ။

အဲဒါက သူ့ဇနီးရဲ့ ဝမ်းကွဲမောင်က ကန်ဂျင်ဟူ ဖြစ်နေတယ်ဆိုတာပါပဲ။

သူက ပိုက်ဆံအများကြီးရမယ့် အခွင့်အရေးတွေကို လိုက်ရှာနေတုန်းမှာတင် လူတစ်ယောက်က သူ့ဆီ ချဉ်းကပ်လာခဲ့တယ်။

အဲ့ဒီလူက အသက် ၅၀ အစပိုင်းလောက်ရှိပြီး သဘောကောင်းမယ့် ပုံစံမျိုး ရှိတဲ့သူပါ။ သူ့ကိုသူ ဥက္ကဋ္ဌ ဟမ်ဆွန်းပြို လို့ မိတ်ဆက်ခဲ့တာပါ။

သူက အရင်အစိုးရလက်ထက်က သြဇာညောင်းတဲ့ ပုဂ္ဂိုလ်တွေ၊ နာမည်ကြီး နိုင်ငံရေးသမားတွေနဲ့ ရိုက်ထားတဲ့ ဓာတ်ပုံတွေကို ပြသခဲ့ပြီး သူက ကမ္ဘာတစ်ဝှမ်းလုံးမှာ စီးပွားရေးမျိုးစုံ လုပ်ကိုင်နေတဲ့ စီးပွားရေးသမားတစ်ယောက် ဖြစ်ကြောင်း ပြောဆိုခဲ့တယ်။

သူ ချပြခဲ့တဲ့ စီးပွားရေး စီမံကိန်းက တကယ့်ကို အံ့သြစရာကောင်းပါတယ်။ Blockchain၊ Cryptocurrency၊ Jeil Gold Coin၊ ဗင်နီဇွဲလား၊ နိုင်ငံပိုင် ရေနံတွင်းတွေ၊ ရေနံ စသဖြင့်ပေါ့။

ဥက္ကဋ္ဌ ဟမ်ဆွန်းပြို က စင်ကာပူမှာ JG Blockchain လို့ ခေါ်တဲ့ သီးခြားကော်ပိုရေးရှင်းတစ်ခုကို တည်ထောင်သွားမှာ ဖြစ်ပြီး ချွိုင်းနမ်ဝူး ကို အဲဒီကုမ္ပဏီရဲ့ စီအီးအို အဖြစ် တာဝန်ယူစေကာ ကွိုင်တွေ ကြိုတင်ရောင်းချမှုနဲ့ စျေးကွက်တင်မယ့် ကိစ္စရပ်တွေကို တာဝန်ယူပေးဖို့ တောင်းဆိုခဲ့တယ်။

အဲဒီစကားကို ကြားလိုက်ရတဲ့ အချိန်မှာတင် ချွိုင်းနမ်ဝူး ရဲ့ ခန္ဓာကိုယ်တစ်ခုလုံး ရင်ခုန်စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်သွားခဲ့ရတယ်။ ဒီတစ်ကြိမ်တော့ သူ့ဘဝကို ပြောင်းလဲပစ်မယ့် တကယ့် အခွင့်အရေးအစစ်အမှန် ရောက်လာခဲ့ပြီလေ။

"ကျွန်တော့်ကိုသာ ယုံကြည်ပြီး အပ်နှံလိုက်ပါ။ ဥက္ကဋ္ဌကြီး၊ ကျွန်တော် အစွမ်းကုန် ကြိုးစားသွားပါ့မယ်"

အဲဒီလိုနဲ့ သူက သာမန် အရောင်းဝန်ထမ်း ဘဝကနေ JG Blockchain ရဲ့ စီအီးအို ဖြစ်လာခဲ့တာပေါ့။

ချွိုင်းနမ်ဝူး က ကန်ဂျင်ဟူ နဲ့ တိုက်ရိုက်တွေ့ဆုံခဲ့ရတဲ့ အချိန်ကို ပြန်တွေးကြည့်လိုက်မိတယ်။

'Jeil Gold Coin သာ စျေးကွက်တင်နိုင်ရင် ငါ့ရဲ့ ဝမ်းကွဲယောက်ဖကလည်း ငါ့ကို အထင်ကြီးသွားမှာပဲ'

အဲဒီအချိန်ကျမှသာ ကန်ဂျင်ဟူက ချွိုင်းနမ်ဝူး ရဲ့ အရည်အချင်းကို အသိအမှတ်မပြုဘဲ မောင်းထုတ်ခဲ့မိတာကို နောင်တရပြီး သူ့အောက်မှာ အလုပ်လုပ်ပေးဖို့ အသည်းအသန် လာတောင်းပန်မှာပါ။

တကယ်လို့ အဲလိုဖြစ်လာခဲ့ရင် ဒီတစ်ကြိမ်တော့ ချွိုင်းနမ်ဝူး က အေးစက်စက်နဲ့ပဲ ငြင်းပယ်ပစ်ဖို့ စဉ်းစားထားပါတယ်။

ဒါပေမဲ့ အခြေအနေနဲ့ ကမ်းလှမ်းချက်အပေါ် မူတည်ပြီး ရာထူးတစ်ခုခုကိုတော့ ယူရင်လည်း ယူမှာပေါ့လေ...

'ငါ အောင်မြင်အောင် လုပ်ပြပြီး မင်းကို သက်သေပြရမယ်'

MLM စနစ်က ဒေါင်လိုက် ဖွဲ့စည်းပုံမျိုးပါ။

အရင်ဦးဆုံး ဝင်ထားတဲ့ အဖွဲ့ဝင်တွေက အထက်လူကြီးတွေ ဖြစ်ကြပြီး သူတို့ကတစ်ဆင့် ခေါ်ယူပြီး အသစ်စာရင်းသွင်းတဲ့ အဖွဲ့ဝင်တွေကတော့ လက်အောက်ငယ်သားတွေ ဖြစ်လာကြတာပါ။ လက်အောက်ငယ်သား ပိုများလေလေ၊ အထက်လူကြီးရဲ့ ဝင်ငွေက ပိုပြီး များပြားလေလေပါပဲ။

မင်ဟာယောင်း က တက်ဂယူ ကို ရှင်းပြနေပါတယ်။

"ငါ ပြောခဲ့သလိုပဲ။ နင်က ဒီအတိုင်း ဝယ်မယ်ဆိုရင်တော့ ၁ JGC ကို ၁၂၀ ဝမ် ကျသင့်မှာ ဖြစ်ပေမဲ့ JG Blockchain ရဲ့ အဖွဲ့ဝင် ဖြစ်သွားရင်တော့ အဖွဲ့ဝင်စျေးနှုန်း ၆၀ ဝမ်နဲ့ ဝယ်လို့ရမှာဟ"

အဖွဲ့ဝင်ဖြစ်ဖို့အတွက် ဝမ် ၂.၅၂ သန်း ပေးဆောင်ရမှာ ဖြစ်ပါတယ်။ အဲဒါဆိုရင် စုစုပေါင်း ၄၂,၀၀၀ JGC ကို ရရှိမှာပါ။

တကယ်လို့ ဝမ် ၅.၀၄ သန်းဖိုး ဝယ်ယူမယ်ဆိုရင်တော့ စျေးနှုန်းက ၄၅ ဝမ်အထိ ကျဆင်းသွားမှာ ဖြစ်ပြီး ဝမ် ၇.၅၆ သန်းဖိုး ဝယ်ယူမယ်ဆိုရင်တော့ ၃၀ ဝမ်အထိ ကျဆင်းသွားမှာ ဖြစ်ပါတယ်။ ပိုပြီး အများကြီး ဝယ်လေလေ၊ လျှော့စျေးက ပိုပြီး ကြီးမားလေလေပါပဲ။

တက်ဂယူ က စဉ်းစားနေတဲ့ ပုံစံမျိုး ပေါက်နေတာကြောင့် သူ့ဘေးက ဟုန်ချန်းဆူး က ဝင်ပြောတယ်။

"ဒါက နောက်ပိုင်းမှာလည်း သက်ရောက်မှု ရှိတာနော်။ အရင်ဆုံး အဖွဲ့ဝင်အဖြစ် ဝင်ထားပြီးမှ စဉ်းစားလည်း ရပါတယ်။ ကတ်နဲ့ အရစ်ကျ ပေးချေလို့လည်း ရသလို ဘဏ်တွေနဲ့ ချိတ်ဆက်ပြီး ချေးငွေရအောင်လည်း လုပ်ပေးလို့ ရပါတယ်"

"ငါ ဝမ် သန်း ၁ ထောင်ဖိုးလောက် ဝယ်လို့ရမလား"

"ဟင်...သန်း ၁ ထောင် ဟုတ်လား"

"ငါ့ဆီမှာ အခု ဝမ် သန်း ၁ ထောင် ရှိနေလို့ပါ"

မင်ဟာယောင်း က အံ့သြဆွံ့အတဲ့ မျက်နှာပေး ဖြစ်သွားခဲ့ပြီး ဟုန်ချန်းဆူး ကလည်း ဆွံ့အသွားသလိုမျိုး ရယ်မောလိုက်တယ်။

ဝမ် သန်း ၁ ထောင် ဆိုတာက ပိုက်ဆံရှိသူတွေအတွက် ဘာမှမဟုတ်သလို ထင်ရပေမဲ့ လက်တွေ့မှာတော့ သာမန် ရုံးဝန်ထမ်းတစ်ယောက်အနေနဲ့ တစ်ဘဝလုံး အသည်းအသန် အလုပ်လုပ်ရင်တောင် စုမိဖို့ မသေချာတဲ့ ပမာဏကြီး ဖြစ်တာပါ။

သူပြောတာကို နောက်နေတာလို့ ထင်တာကတော့ သဘာဝကျပါတယ်လေ။ တိုက်ရိုက် ပြသလိုက်တာက အကောင်းဆုံး နည်းလမ်းဖြစ်မယ်ထင်တယ်။

"မင်းတို့ မယုံရင် ငါ ပြပေးလို့ရတယ်"

အစုရှယ်ယာ အမြတ်ငွေတွေက သူ့ရဲ့ Golden Gate MMF အကောင့်ထဲမှာ ရှိနေတာ ဖြစ်ပေမဲ့ သူ့ရဲ့ လူနေမှုစရိတ် ပိုက်ဆံတွေကိုတော့ ဟန်ရှင်းဘဏ်ထဲမှာ သီးခြား ခွဲထားခဲ့တာပါ။

တက်ဂယူ က သူ့ရဲ့ စမတ်ဖုန်းကနေတစ်ဆင့် အကောင့်ထဲကို ချက်ချင်း ဝင်ရောက်ပြီး သူတို့ကို ပိုင်ဆိုင်မှုငွေပမာဏပြလိုက်တယ်။

ဟုန်ချန်းဆူး နဲ့ မင်ဟာယောင်း တို့က ငွေပမာဏကို မြင်လိုက်ရတော့ လန့်ဖျပ်သွားခဲ့ကြတယ်။ အကောင့်ထဲက လက်ကျန်ငွေက တကယ်ပဲ ဝမ် သန်း ၁ ထောင်ထက် ကျော်လွန်နေတဲ့ ဂဏန်းတွေကို ပြသနေတာလေ။

မင်ဟာယောင်း က မျက်လုံးအဝိုင်းသားနဲ့ တက်ဂယူ ကို ကြည့်လိုက်တယ်။

"မ... မဖြစ်နိုင်တာ။ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

တက်ဂယူ က မင်ဟာယောင်းရဲ့ မေးခွန်းကို ရိုးရိုးရှင်းရှင်းပဲ ဖြေရှင်းပေးလိုက်တယ်။

"ငါ ထီပေါက်ခဲ့တာလေ"

တက်ဂယူဟာ တကယ်ပဲ အရင်တုန်းက ထီပေါက်ဖို့ အိမ်မက်မက်ပြီး ထီလက်မှတ်တွေကို အသည်းအသန် ဝယ်ခဲ့ဖူးတာပါ။ ဒါပေမဲ့ သူရခဲ့တာက ဆုအသေးတချို့ပဲ ရှိခဲ့တာပါ။

အခုအချိန်မှာတော့ သူ တကယ်ပဲ ပထမဆု ပေါက်ခဲ့ရင်တောင် အရမ်းကြီး ပျော်ရွှင်မိမှာ မဟုတ်တော့ပါဘူး။ ဝမ် သန်း ၁ ထောင် ဒါမှမဟုတ် သန်း ၂ ထောင်လောက်နဲ့ သူက ဘာလုပ်နိုင်မှာမလို့လဲ။

"ဝိုး... ဒဏ္ဍာရီဆန်တဲ့ ထီပထမဆုကြီးကို ပေါက်ခဲ့တာလား။ ဂုဏ်ယူပါတယ်"

တက်ဂယူ က ခေါင်းညိတ်လိုက်တယ်။

"ထီပေါက်ဖို့ဆိုတာက တကယ်ကို မလွယ်ကူခဲ့ပါဘူး။ ငါက အဲဒီ မလွယ်ကူတဲ့ အရာကြီးကို အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့တာလေ"

ဟုန်ချန်းဆူး ရဲ့ မျက်နှာပေးကတော့ သူကိုယ်တိုင် ထီပေါက်သွားသလိုမျိုး ဖြစ်နေတာပါ။ ဘာလို့လဲဆိုတော့ သူက မင်ဟာယောင်း ရဲ့ အထက်လူကြီး ဖြစ်နေလို့ပါပဲ။ တက်ဂယူ ဝယ်ယူမယ့် ကွိုင်ပမာဏရဲ့ ၅ ရာခိုင်နှုန်းကို သူက ကော်မရှင်အနေနဲ့ ရရှိမှာလေ။ ဝမ် သန်း ၁ ထောင် ဆိုရင် ဝမ် သန်း ၅၀ တိတိက သူ့လက်ထဲကို အလကား သက်သက် ရောက်လာမှာပါ။

တက်ဂယူ က ရိုးသားတဲ့ မျက်နှာပေးနဲ့ မေးလိုက်တယ်။

"မင်းတို့ ပြောတော့ စျေးကွက်တင်ပြီးရင် ဝမ် ၁၀,၀၀၀ ဖြစ်သွားမယ်ဆို။ ဒါဆို ငါ အခု ၁ ကွိုင်ကို ၃၀ ဝမ်နဲ့ ဝမ် သန်း ၁ထောင်ဖိုး ဝယ်လိုက်ရင် နောက်ပိုင်း ဝမ် သန်းပေါင်း ၃သိန်း ဖြစ်သွားမလား"

ဟုန်ချန်းဆူး က အသည်းအသန် ခေါင်းညိတ်ပြတယ်။

"စီအီးအို ရဲ့ ဟောပြောပွဲမှာ ကြားခဲ့တဲ့အတိုင်းပဲ စျေးကွက်တင်ပြီးရင် ဝမ် ၁၀,၀၀၀ အထိ တက်သွားမှာပါ။ Cryptoကွိုင်တွေကို အခုပဲ ချက်ချင်း ဝယ်ယူလိုက်တော့မလားဗျ"

တက်ဂယူ က သူ့ခေါင်းကို ကုတ်လိုက်ရင်း ပြောလိုက်တယ်။

"အာ... ဒါပေမဲ့ ဒါကို ထုတ်ဖို့ဆိုရင် ဘဏ်ကို ကိုယ်တိုင် သွားရမှာလေ။ ငါက အကောင့် ဟက်ခံရမှာ ဒါမှမဟုတ် ဖုန်းနဲ့လိမ်ညာတာတွေကို စိုးရိမ်လို့ မိုဘိုင်းလ်ဘဏ်စနစ်နဲ့ အင်တာနက်ဘဏ်စနစ်တွေကို ပိတ်ထားခဲ့တာ"

အဲဒီစကားကြောင့် ဟုန်ချန်းဆူး က ပျာပျာသလဲ ဖြစ်သွားခဲ့ရတယ်။

ဘာလို့လဲဆိုတော့ ဒီနေ့က ဘဏ်တွေ ပိတ်တဲ့ ပိတ်ရက် ဖြစ်နေလို့ပါပဲ။

"ဒါ... ဒါပေမဲ့ ATMကနေကော ထုတ်လို့ မရဘူးလားဗျ"

"ထုတ်ယူနိုင်တဲ့ ပမာဏ ကန့်သတ်ချက် ရှိတယ်လေ"

ဒါကြောင့် သူက ဒီနေ့ ထုတ်နိုင်သလောက် ပမာဏကိုပဲ အရင်ဝယ်ယူဖို့ ဖြစ်လာခဲ့ပြီး ကျန်တဲ့ ပမာဏကိုတော့ တနင်္လာနေ့ကျမှ ဝယ်ယူဖို့ ဆုံးဖြတ်လိုက်ရတယ်။

"ငါ ATM ကနေ သွားထုတ်လိုက်ဦးမယ်"

သူ ဖမ်းထားတဲ့ ငါးကြီး လွတ်သွားမှာကို စိုးရိမ်နေတဲ့အလား ဟုန်ချန်းဆူး က အလောတကြီး ပြောလာတယ်။

"ခင်ဗျားက ဒီပတ်ဝန်းကျင်ကို သေသေချာချာ သိဦးမှာ မဟုတ်တာမလို့ အရောင်းဝန်ထမ်း မင်ဟာယောင်း က ခင်ဗျားနဲ့အတူ အတူတူ လိုက်ခဲ့ပေးပါလိမ့်မယ်"

သူတို့ နှစ်ယောက်လုံး အဆောက်အဦးထဲကနေ ထွက်လာခဲ့ကြတယ်။ လမ်းမကြီးပေါ်ကို ထွက်လိုက်ရင်ပဲ ဟန်ရှင်းဘဏ် ရဲ့ ATM စက်တစ်ခုက ရှိနေတာပါ။

လမ်းလျှောက်နေရင်း မင်ဟာယောင်း က တက်ဂယူ ကို မေးလိုက်တယ်။

"နင် တကယ်ပဲ ထီပေါက်တာလား"

တကယ်က ထီပေါက်တာထက် ပိုပြီး ကြီးမားတဲ့ အရာတစ်ခု ဖြစ်ပျက်ခဲ့တာလေ။ မင်ဟာယောင်းသာ အမှန်တရားကို သိသွားရင် တကယ့်ကို တုန်လှုပ်သွားလိမ့်မယ်။

"အခုတော့ ငါ ဒါနဲ့ Jeil Gold Coin ကို ဝယ်ပြီး Jackpot (အမြတ်ကြီးကြီးရအောင်) ပေါက်အောင် လုပ်ရမယ်"

ရုတ်တရက် မင်ဟာယောင်း က လမ်းလျှောက်နေရာကနေ ရပ်လိုက်ပြီး တက်ဂယူ ကို စူးစူးစိုက်စိုက် စိုက်ကြည့်လာခဲ့တယ်။

"နင် ရူးနေလား"

"ဘာလို့လဲ။ နင်ပဲ ပြောတော့ ဝမ် သန်း ၁ ​ထောင် ထည့်ရင် ဝမ် သန်းပေါင်း ၃သိန်း ရမှာဆို"

"အာ... ဒါပေမဲ့လည်း ဒါက ဝမ် သန်း ၁ ထောင်အထိ တစ်ကြိမ်ထဲနဲ့ အကုန်ပုံအောထည့်ဖို့က အဓိပ္ပာယ်ရှိလို့လား"

တကယ်လို့ သူက ဝမ် သန်း ၁ ထောင်ဖိုး ကွိုင်တွေ ဝယ်ယူလိုက်ရင် ဝမ် သန်း ၁၀၀ က မင်ဟာယောင်း ဆီ ရောက်သွားမှာပါ။ ဒါပေမဲ့ မင်ဟာယောင်းက တားဆီးနေတာဆိုတော့ မင်ဟာယောင်းရဲ့ စိတ်ထဲမှာ လူသားဆန်တဲ့ အသိစိတ်လေး ကျန်ရှိနေသေးပုံရတယ်။

"နင်ကိုယ်တိုင်လည်း သေသေချာချာ မသေချာတဲ့ ပုံစံပဲ"

တက်ဂယူ ရဲ့ စကားကြောင့် မင်ဟာယောင်း က ပျာပျာသလဲ ဖြစ်သွားခဲ့ရတယ်။

"ငါ... ငါက..."

"နင်က Webtoonဆွဲတဲ့ အနုပညာရှင်တစ်ယောက် ဖြစ်ဖို့ အိမ်မက်မက်ခဲ့တာ မဟုတ်ဘူးလား။ ဒါကြောင့်မလို့လည်း ကာတွန်းဘာသာရပ်နဲ့ တက္ကသိုလ်တက်ခဲ့တာလေ။ ဒါပေမဲ့ ဘာလို့ ဒီလိုနေရာမျိုးမှာ ဒါတွေ လာလုပ်နေရတာလဲ"

မင်ဟာယောင်း ဘာမှ ပြန်မပြောနိုင်ခဲ့ပါဘူး။

အခုအချိန်မှာရော၊ အရင် အထက်တန်းကျောင်းတုန်းကပါ တက်ဂယူ က အိုတာကူ တစ်ယောက် ဖြစ်ခဲ့တာပါ။ သူ့မှာ ရင်းနှီးတဲ့ သူငယ်ချင်း အများကြီး မရှိခဲ့သလို အမျိုးသမီး ကျောင်းသူတွေနဲ့လည်း လုံးဝ အလှမ်းဝေးခဲ့တာလေ။

သူက မင်ဟာယောင်း နဲ့ သူငယ်ချင်း ဖြစ်လာနိုင်ခဲ့တာက ကာတွန်းတွေအပေါ် တူညီတဲ့ စိတ်ဝင်စားမှု ရှိခဲ့ကြလို့ပါပဲ။ တက်ဂယူ က မင်ဟာယောင်းကို ကာတွန်းစာအုပ်တွေ ငှားပေးတာ၊ အချက်အလက်မျိုးစုံ ပြောပြတာနဲ့ ပန်းချီဆွဲတဲ့ နေရာမှာ အကြံဉာဏ်တွေ ပေးခဲ့တာတို့ လုပ်ပေးခဲ့တာပါ။

' မင်ဟာယောင်းက Webtoon အနုပညာရှင်တစ်ယောက် တိုက်ရိုက် မဖြစ်လာရင်တောင် အဲဒါနဲ့ ဆင်တူတဲ့ အရာတစ်ခုခု လုပ်နေလိမ့်မယ်လို့ပဲ ငါထင်ထားတာ။ မင်ဟာယောင်းက MLM လုပ်ငန်း လုပ်နေလိမ့်မယ်လို့တော့ လုံးဝ မတွေးမိခဲ့ဘူး'

"Jeil Gold Coin က နင့်အတွက်တော့ တကယ့်ကို အိမ်မက်အသစ်နဲ့ မျှော်လင့်ချက်တစ်ခု ဟုတ်ရဲ့လား"

မင်ဟာယောင်း က ဒေါသတကြီးနဲ့ ပြောလာတယ်။

"သ... သေချာတာပေါ့။ ဘလိုင်းကြီး လူတွေကို လာပြီး နောက်ပြောင်မနေစမ်းနဲ့။ တကယ်လို့ မယုံကြည်ဘူးဆိုရင်လည်း ဒီအတိုင်း ပြန်လိုက်တော့"

မင်ဟာယောင်းက အဲလို ပြောနေပေမဲ့ မင်ဟာယောင်းရဲ့ မျက်လုံးတွေကတော့ အနည်းငယ် တုန်လှုပ်ချောက်ချားနေခဲ့တယ်။

"ဟင့်အင်း။ ငါ ပိုက်ဆံထုတ်ပြီး အဖွဲ့ဝင်အဖြစ် စာရင်းသွင်းပြီးမှ ပြန်မှာ"

"ဘာ... ဘာလို့လဲ"

တက်ဂယူ က ပြုံးပြီး ပြောလိုက်တယ်။

"ဒါက ပျော်စရာကောင်းလို့လေ"

တက်ဂယူ က ပိတ်ရက် အကြွင်းအကျန် အချိန်တွေကို အင်တာနက်ပေါ်မှာ JG Blockchain နဲ့ Jeil Group တို့နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို သေသေချာချာ လိုက်ရှာဖွေရင်း ကုန်လွန်စေခဲ့သလို Bithumb ရဲ့ စီအီးအို ဆီကိုလည်း ဆက်သွယ်ခဲ့တယ်။

Bithumb က ထိပ်တန်း Blockchain ကျွမ်းကျင်သူတွေကို ခန့်အပ်ထားတာပါ။ OTK ကုမ္ပဏီ ရဲ့ ဒုတိယ စီအီးအို ရဲ့ ညွှန်ကြားချက်အရ သူတို့က Jeil Gold Coin ကို ချက်ချင်း စတင်ဆန်းစစ်ခဲ့ကြတာပေါ့။

အဲ့ဒီနောက် တနင်္လာနေ့မှာတော့ သူက ကုမ္ပဏီဆီ သွားခဲ့ပြီး ပတ်ဆန်းယော့ နဲ့ တွေ့ဆုံကာ အခြေအနေတွေကို ရှင်းပြခဲ့တယ်။

ပတ်ဆန်းယော့ က လန့်သွားခဲ့တယ်။

"ကန်ဂျင်ဟူ ရဲ့ ဝမ်းကွဲအစ်မရဲ့ ယောကျ်ားလို့ ဆိုတဲ့ ကောင်က ကန်ဂျင်ဟူ ရဲ့ နာမည်ကို သုံးပြီး Cryptocurrency MLM လိမ်လည်မှု လုပ်နေတယ် ဟုတ်လား"

"ကျွန်တော် ကိုယ်တိုင် မြင်ခဲ့တာပါ"

သူက တက်ဂယူ စုဆောင်းထားတဲ့ အချက်အလက်တွေကို သေသေချာချာ ပြန်လည်စစ်ဆေးလိုက်တယ်။

ဒီကိစ္စမှာ ကုမ္ပဏီ နှစ်ခုက ပါဝင်ပတ်သက်နေတာပါ။ Jeil Gold Coin ကို ထုတ်ဝေတဲ့ JG Blockchain နဲ့ ဗင်နီဇွဲလားမှာ ရေနံတွင်း စီးပွားရေး လုပ်နေတယ်ဆိုတဲ့ Jeil Groupတို့ပေါ့။

JG Blockchain ရဲ့ စီအီးအို က ချွိုင်းနမ်ဝူး ဖြစ်ပြီး Jeil Group ရဲ့ စီအီးအို ကတော့ ဟမ်ဆွန်းပြို ဖြစ်ပါတယ်။

"JG Blockchain က Cryptocurrency MLM ကုမ္ပဏီ ဆိုတော့ ထားလိုက်ပါတော့။ ဒါပေမဲ့ ဒီ Jeil Group ဆိုတာက ဘာလဲ။ တည်ထောင်တာ ၆ လပဲ ရှိသေးပြီး ကျန်းမာရေး အစားအသောက် ထုတ်လုပ်ရေး လုပ်ငန်းအဖြစ် စာရင်းသွင်းထားတာကို ရေနံတွင်း စီးပွားရေး လုပ်နေတယ်လို့ ကြေညာထားတာပေါ့လေ။ ဟုတ်လား"

အတိအကျ ပြောရရင်တော့ ဒီနှစ်ခုက တိုက်ရိုက် သက်ဆိုင်မှု မရှိပါဘူး။

ဒါပေမဲ့ JG Blockchain က Jeil Gold Coin တွေကို ရောင်းချပြီး ရသမျှ ပိုက်ဆံအားလုံးက ရေနံတွင်း ဖွံ့ဖြိုးတိုးတက်ရေးမှာ ရင်းနှီးမြှုပ်နှံမှု အသွင်သဏ္ဍာန်မျိုးနဲ့ Jeil Group ထဲကို စီးဆင်းသွားတာပါ။ ဒါက လက်တွေ့မှာတော့ Jeil Group ရဲ့ ရန်ပုံငွေ အရင်းအမြစ်တစ်ခုအနေနဲ့ အသုံးချခံနေရတဲ့ သဘောပါပဲ။

ပတ်ဆန်းယော့ က အခြေအနေကို ချက်ချင်း သဘောပေါက်သွားခဲ့တယ်။

"သူတို့က ပိုင်ဆိုင်မှု ဖွဲ့စည်းပုံကို ရှုပ်ထွေးအောင် လုပ်ပြီး နောက်ပိုင်း ပြဿနာတက်လာရင် ထွက်ပြေးဖို့အတွက် ကုမ္ပဏီတွေကို ခွဲထားတာပေါ့လေ"

တက်ဂယူ က ခေါင်းညိတ်ပြတယ်။

"ဒါက လူလိမ်တွေ သုံးလေ့ရှိတဲ့ သာမန် နည်းဗျူဟာပဲလေ"

ဘာပဲဖြစ်ဖြစ် ချွိုင်းနမ်ဝူး က ရုပ်သေးရုပ် သက်သက်ပဲ ဖြစ်ပြီး ဟမ်ဆွန်းပြို ကသာ အနောက်ကနေ အရာအားလုံးကို ကြိုးကိုင်နေတဲ့သူ ဖြစ်ပါတယ်။ ဒါဆို ဟမ်ဆွန်းပြို က ဘာဖြစ်လို့ ချွိုင်းနမ်ဝူး ကို JG Blockchain ရဲ့ စီအီးအို အဖြစ် ခန့်အပ်ခဲ့တာလဲ။

အကြောင်းရင်းကတော့ သူက ကန်ဂျင်ဟူ ရဲ့ ဆွေမျိုး တော်စပ်နေလို့ပဲ ဖြစ်ရမယ်။

ကန်ဂျင်ဟူ က ကမ္ဘာပေါ်မှာ အကျော်ကြားဆုံး ရင်းနှီးမြှုပ်နှံသူ တစ်ဦးပါ။ ဆွေမျိုးတစ်ယောက်က စီအီးအို အဖြစ် ရှိနေရုံနဲ့တင် ယုံကြည်စိတ်ချရမှု ရရှိနိုင်ပြီး ရင်းနှီးမြှုပ်နှံသူတွေကို လွယ်လွယ်ကူကူ ဆွဲဆောင်နိုင်တယ်လေ။

ပတ်ဆန်းယော့ က ဇဝေဇဝါနဲ့ မေးလိုက်တယ်။

"ဒါကို ဂျင်ဟူ ဆီ အကြောင်းကြားသင့်တာ မဟုတ်ဘူးလား"

"ဟင့်အင်း။ ရည်းစားနဲ့အတူ ပျော်ပျော်ပါးပါး လျှောက်လည်နေတဲ့ ကောင်ကို ဒီလို ကိစ္စမျိုးတွေနဲ့ သွားပြီး အနှောင့်အယှက် ပေးနေဖို့ မလိုပါဘူး"

"ဒါဆို မင်း ဘာလုပ်ဖို့ စဉ်းစားထားလဲ"

တက်ဂယူ က သဘာဝကျကျပဲ ပြောလိုက်တယ်။

"ဂျင်ဟူ ပြန်မလာခင်မှာတင် ကျွန်တော် ကိုယ်တိုင် ဒါကို ရှင်းပစ်လိုက်မယ်"

All Chapters