အခန်း ၂၆၄
Vol. 27 Ch. 264
အခန်း (၂၆၄)
MLM ရဲ့ ငရဲတွင်းထဲကို မိမိသဘောဆန္ဒအလျောက် ပြန်လည်ခြေချလိုက်တဲ့ တက်ဂယူ က ဟုန်ချန်းဆူး နဲ့ မင်ဟာယောင်း ကို ပြောလိုက်တယ်။
"အဲဒီနေ့က ရှင်းပြတာကို နားထောင်ပြီးတော့ ငါ့မှာ စိတ်ကူးတစ်ခု ရလာတယ်။ ဝမ် သန်း ၁ ထောင်ထက် ပိုပြီး ဝယ်လို့ရမလား"
ဟုန်ချန်းဆူး က မေးတယ်။
"ဘယ်လောက်အထိ ဝယ်ဖို့ စဉ်းစားထားလို့လဲ"
"ဒီလောက်လောက်ပေါ့"
တက်ဂယူ က သူ့ရဲ့ စမတ်ဖုန်းထဲက ဘဏ်အကောင့်လက်ကျန်ငွေကို သူတို့ကို ပြသလိုက်တယ်။
ဒါကို မြင်လိုက်ရတော့ မင်ဟာယောင်း နဲ့ ဟုန်ချန်းဆူး တို့က မှင်တက်သွားပြီး ပါးစပ်အဟောင်းသား ဖြစ်သွားကြတော့တာပဲ။ ဘာဖြစ်လို့လဲဆိုတော့ ပြီးခဲ့တဲ့အကြိမ်နဲ့စာရင် သုညလုံးရေက ထပ်တိုးနေလို့ပါ။
ဟုန်ချန်းဆူးဟာ အသက်ရှူတောင် မှားသွားရှာတယ်။
"ဝ-ဝမ်... သန်းပေါင်း တစ်သောင်း"
မင်ဟာယောင်း က တက်ဂယူ ကို မျက်လုံးအဝိုင်းသားနဲ့ ကြည့်ရင်း မေးတယ်။
"ဒါ ဘယ်လိုဖြစ်ရတာလဲ..."
ဒါက ထီပေါက်ရုံသက်သက်နဲ့တော့ ဘယ်လိုမှ မဖြစ်နိုင်တဲ့ ပမာဏကြီးလေ။
တက်ဂယူ က လက်ပိုက်လိုက်ရင်း ပြောတယ်။
"တကယ်တော့ ပြီးခဲ့တဲ့နှစ်က ထီပေါက်တဲ့ပိုက်ဆံနဲ့ ဘန့်ကွိုင်ကို ဝယ်ထားခဲ့တာလေ။ အဲဒါ ၁၀ဆ လောက် တက်သွားခဲ့တာဟ။ အဲဒါကြောင့်မလို့ ကွိုင်တွေထဲမှာ နောက်တစ်ကြိမ် ထပ်ပြီး ရင်းနှီးမြှုပ်နှံဖို့ စဉ်းစားနေတာ"
Cryptocurrency အရမ်းကို ခေတ်စားနေခဲ့ပြီး ဘန့်ကွိုင်စျေးနှုန်းက ဝမ် သန်း ၃၀ နီးပါးအထိ ထိုးတက်သွားခဲ့တုန်းက သန်းထောင်နဲ့ ချီပြီး ချမ်းသာသွားတဲ့လူတချို့ အကြောင်းကို မီဒီယာတွေမှာ ဖော်ပြခဲ့ကြဖူးပါတယ်။ အဲဒီလူတွေထဲက တစ်ယောက်က ဒီနေရာမှာ ရှိနေလိမ့်မယ်လို့ ဘယ်သူမှ ထင်ထားမိလောက်မှာမဟုတ်ဘူး။
ခဏအကြာမှာတော့ ဟုန်ချန်းဆူး က အသိစိတ်ပြန်ဝင်လာပြီး ပြောတယ်။
"မ-မင်းက တကယ့်ကို ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်ကို ချလိုက်တာပဲ။ ရင်းနှီးမြှုပ်နှံမှုလုပ်မယ်ဆိုရင် သေချာပေါက် ကွိုင်ပဲဝယ်သင့်တာပေါ့။ အဲဒီတော့ ဝမ် သန်း ၁သောင်းလုံး ရင်းနှီးမြှုပ်နှံမှာလား"
"အဲလောက်အထိတော့ မလုပ်နိုင်သေးဘူး။ လောလောဆယ်တော့ သန်းတစ်သောင်းရဲ့တစ်ဝက် ဝမ် သန်း ၅ ထောင်လောက်ပဲ အရင် ရင်းနှီးမြှုပ်နှံမယ်"
"ဝ-ဝမ်... သန်း ၅ ထောင်ဟုတ်လား"
အဲဒီပမာဏကတင် သူတို့သမိုင်းတစ်လျှောက်မှာ အကြီးမားဆုံး အရောင်းအဝယ် ပမာဏ ဖြစ်နေပြီလေ။
မင်ဟာယောင်း က ဇဝေဇဝါ ဖြစ်နေတဲ့ မျက်နှာပေးနဲ့ တက်ဂယူ ကို ကြည့်ပြီးမေးတယ်။
"နင် တကယ် ပြောနေတာလား"
"ဒါပေါ့။ Jeil Gold Coin က အိမ်မက်အသစ်နဲ့ မျှော်လင့်ချက်အသစ်ပဲ မဟုတ်ဘူးလား"
"......"
တက်ဂယူ က ဟုန်ချန်းဆူး ကို ထပ်ပြောတယ်။
"ရင်းနှီးမြှုပ်နှံမှုမလုပ်ခင်မှာ နောက်ထပ် သိချင်တာလေးတွေ ရှိသေးတယ်။ စီအီးအို နဲ့ တွေ့ဆုံဖို့ကော ဖြစ်နိုင်မလား"
"ဒါပေါ့။ ငါ စင်တာမန်နေဂျာကို ချက်ချင်း ပြောပေးမယ်"
တခြားနေရာမှာ ဟောပြောပွဲ လုပ်နေတဲ့ ချွိုင်းနမ်ဝူး က ဖုန်းလက်ခံရရှိတာနဲ့ ချက်ချင်းပဲ အပြေးအလွှား ရောက်ရှိလာခဲ့တယ်။
သူတို့နှစ်ယောက် လက်ဆွဲနှုတ်ဆက်ကြပြီး အစည်းအဝေးခန်းမထဲမှာ မျက်နှာချင်းဆိုင် ထိုင်လိုက်ကြတော့တယ်။
ချွိုင်းနမ်ဝူး က ခေါင်းကို အနည်းငယ် စောင်းလိုက်ရင်း စဉ်းစားတယ်။
'ဒီကောင့်ကို တစ်နေရာရာမှာ သေချာပေါက် မြင်ဖူးသလိုပဲ'
သူ စကားမစရသေးခင်မှာတင် တက်ဂယူ က အရင်ဦးအောင် ဖြတ်ပြောလိုက်တယ်။
"ခင်ဗျားကို မြင်ဖူးသလိုပဲနော်၊ ကျွန်တော်တို့ Gymတစ်ခုခုမှာ ဆုံဖူးကြတာများလား"
အဲဒီစကားကြောင့် ချွိုင်းနမ်ဝူး က အံ့သြသွားပြီး ပြောလိုက်တယ်။
"အား... ဟုတ်သားပဲ။ မြင်ဖူးတယ်လို့ထင်နေမိတာ မထူးဆန်းတော့ပါဘူးလေ။ ကျွန်တော် အလုပ်ကိစ္စနဲ့ Gymမျိုးစုံကို လျှောက်သွားနေကျဗျ။ အဲဒီတုန်းက ဆုံခဲ့ကြတာ ထင်တယ်။ ဟားဟား... ဒီလိုနေရာမျိုးမှာ ပြန်ဆုံရလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ"
တက်ဂယူ က ရယ်မောလိုက်ရင်း ပြောတယ်။
"တကယ့်ကို အံ့သြဖို့ကောင်းတယ်ဗျာ။ ဒါက ကံတရားပဲ ဖြစ်ရမယ်"
လေထုက သဘာဝအတိုင်း ပေါ့ပါးသွားခဲ့ပြီ။
ချွိုင်းနမ်ဝူး က အချက်အလက်မျိုးစုံကို ချပြရင်း Jeil Gold Coin နဲ့ ဗင်နီဇွဲလား ရေနံတွင်း လုပ်ငန်းတွေအကြောင်းကို တက်တက်ကြွကြွ ရှင်းပြတော့တယ်။
တက်ဂယူ က အထင်ကြီးသွားတဲ့ ပုံစံနဲ့ပြောတယ်။
"တကယ့်ကို အံ့သြဖို့ကောင်းတာပဲ။ စစ်မှန်တဲ့ ငွေကြေးအဖြစ် အသုံးပြုနိုင်တဲ့ Cryptocurrencyပေါ့နော်"
"မှန်တာပေါ့။ ဘန့်ကွိုင် က ရှားပါးရုံသက်သက်ပဲ ရှိတာ။ သူ့ဘာသာသူတော့ ဘာတန်ဖိုးမှ မရှိဘူးလေ။ ဒါပေမဲ့ Jeil Gold Coin ကတော့ မတူဘူး"
တက်ဂယူ က သေသေချာချာ နားထောင်နေတဲ့ ပုံစံဖမ်းလိုက်ရင်း ပြောတယ်။
"ဒါဆို Jeil Group ရဲ့ စီအီးအို နဲ့ကော တွေ့ဆုံဖို့ ဖြစ်နိုင်မလား"
"ဥက္ကဋ္ဌ ဟမ်ဆွန်းပြို ကို ပြောတာလား"
"ဟုတ်တယ်။ ကျွန်တော်က ပိုက်ဆံအများကြီး ရင်းနှီးမြှုပ်နှံမှာဆိုတော့ သူ့ကို ကိုယ်တိုင်တွေ့ပြီး ဗင်နီဇွဲလား ရေနံတွင်း လုပ်ငန်းအကြောင်းကို နားထောင်ချင်လို့ပါ"
ချွိုင်းနမ်ဝူး က ခက်ခဲသွားတဲ့ မျက်နှာပေးနဲ့ပြောလိုက်တယ်။
"ဥက္ကဋ္ဌက အလုပ်တွေ အရမ်းများနေလို့ပါ။ သူက ဗင်နီဇွဲလားနဲ့ စင်ကာပူဘက်ကိုလည်း ခရီးတွေ ခဏခဏ သွားနေရတာလေ"
တက်ဂယူ က စိတ်ပျက်သွားတဲ့ လေသံနဲ့ ပြောတယ်။
"ဪ... အဲလိုလား။ ဒါဆိုရင်တော့ ကျွန်တော် နောက်မှပဲ ထပ်ပြီး စဉ်းစားကြည့်တော့မယ်။ တကယ်တော့ မကြာသေးခင်က ဘန့်ကွိုင်စျေးနှုန်းတွေ အရမ်းကျနေလို့ ဘန့်ကွိုင် ဝယ်ရမလား၊ Jeil Gold Coin ဝယ်ရမလားဆိုပြီး ဝေခွဲမရ ဖြစ်နေတာဗျ။ တကယ်လို့ ရေနံတွင်း လုပ်ငန်းက သေချာတယ်ဆိုရင်တော့ Jeil Gold Coin ထဲမှာပဲ ရင်းနှီးမြှုပ်နှံချင်တာပါ"
" Jeil Gold Coinမှာရင်းနှီးမြုတ်နှံရင် သေချာပေါက်ကို မှန်ကန်တာပါဗျာ"
"ကျွန်တော်လည်း သိပါတယ်၊ ဒါပေမဲ့ ဥက္ကဋ္ဌ ကိုယ်တိုင် ပြောတာကို ကြားရရင်တော့ ပိုပြီး စိတ်ချရတာပေါ့"
ဥက္ကဋ္ဌ ဟမ်ဆွန်းပြို က ရေနံတူးဖော်ဖို့အတွက် ရန်ပုံငွေတွေ ထပ်လိုနေတာကြောင့် ကွိုင်တွေကို တတ်နိုင်သမျှ မြန်မြန်ရောင်းဖို့ သတိပေးနေခဲ့တာပါ။ ဒါကြောင့်မလို့ သူတို့အနေနဲ့ ဝမ် သန်း ၅ ထောင်ဆိုတဲ့ အခွင့်အရေးကြီးကို လက်လွှတ်မခံနိုင်ကြပါဘူး။
ချွိုင်းနမ်ဝူး က စဉ်းစားလို့ ပြီးသွားတဲ့အခါမှာတော့ ပြောလိုက်တယ်။
"ကောင်းပြီလေ။ ကျွန်တော် တတ်နိုင်သမျှ အမြန်ဆုံး ချိန်းဆိုပေးနိုင်အောင် စီစဉ်ပေးပါ့မယ်"
ဆိုးလ်ဗဟိုခရိုင် အမှုစစ်ရုံး။
အထူးစုံစမ်းစစ်ဆေးရေးမှူးချုပ် အန်ဆောင်းနမ် က သူ့ရဲ့ မျက်နှာချင်းဆိုင်မှာ ထိုင်နေတဲ့ အသက် ၂၀ ကျော် လူငယ်လေးကို စိုက်ကြည့်နေမိတယ်။ ဆံပင်တိုတိုနဲ့ မျက်မှန်တပ်ထားတဲ့ အဲဒီလူငယ်လေးက မီးခိုးရောင် အားကစားဘောင်းဘီပွပွနဲ့ ကိုရီးယားလူမျိုးတိုင်း အနည်းဆုံး တစ်ရံတော့ ရှိကြတဲ့ လိုင်းသုံးလိုင်းပါ ကတ္တီပါဖိနပ်ကို စီးထားတာပါ။
ဒါက အမှုစစ်ရုံးကို လာတဲ့ ဧည့်သည်တစ်ယောက်အတွက် အရမ်းကို ပေါ့ပေါ့ပါးပါး ဖြစ်လွန်းမနေဘူးလား။ အထဲမှာ စစ်ဆေးမေးမြန်းခံနေရတဲ့ ရာဇဝတ်ကောင်တွေနဲ့ အစိုးရရှေ့နေတွေကိုပါ ထည့်တွက်ရင်တောင်မှ သူက အသက်သာဆုံး ဝတ်ဆင်ထားတာလို့ ပြောလို့ရပါတယ်။
အဲဒီလူငယ်လေးရဲ့ နာမည်က အိုတက်ဂယူ ဖြစ်ပြီး OTK ကုမ္ပဏီ ရဲ့ ဒုတိယ စီအီးအိုပါပဲ။
ကိုရီးယားမှာ ကန်ဂျင်ဟူ ကို လူတိုင်း သိကြပေမဲ့ အိုတက်ဂယူ ကိုတော့ သိတဲ့လူ မရှိသလောက်ပါ။ ဒါပေမဲ့ အထူးစုံစမ်းစစ်ဆေးရေးမှူးချုပ် အန်ဆောင်းနမ် ကတော့ အိုတက်ဂယူ ကို သေသေချာချာ သိတာပေါ့။
ဘာဖြစ်လို့လဲဆိုတော့ လွန်ခဲ့တဲ့ နှစ်နှစ်တုန်းက ဆိုးလ်ဗဟိုခရိုင် အမှုစစ်ရုံးက အိုတက်ဂယူ ကို OTK ကုမ္ပဏီ ရဲ့ စီအီးအို အစစ်အမှန်လို့ အထင်မှားပြီး မှားယွင်းဖမ်းဆီးကာ စစ်ဆေးခဲ့ဖူးလို့ပါပဲ။
အဲဒီတုန်းက စွဲချက်တွေကတော့ နိုင်ငံခြားငွေ လဲလှယ်မှု ထိန်းချုပ်ရေးအက်ဥပဒေ ချိုးဖောက်မှု၊ ဘဏ္ဍာရေး စီမံခန့်ခွဲမှုအက်ဥပဒေ ချိုးဖောက်မှု၊ အတွင်းသတင်း အသုံးပြုမှု၊ တရားမဝင် အရောင်းအဝယ် ပြုလုပ်မှု စတာတွေပါ။
ဒါပေမဲ့ ထောင်ဒဏ် ဆယ်စုနှစ်ချီ ကျခံရနိုင်တဲ့ စွဲချက်တွေနဲ့ ရင်ဆိုင်နေရတာတောင်မှ အိုတက်ဂယူ ကတော့ ဘာမှမဖြစ်သလို ရှိခဲ့တယ်။ သူက ကောင်းကောင်းစား၊ ကောင်းကောင်းအိပ်နေခဲ့တာ ဖြစ်ပြီး စစ်ဆေးမေးမြန်းခံနေရတဲ့ လူတစ်ယောက်ထက် အမှုစစ်ရုံးမှာ လာပြီး ပျော်ပွဲစားထွက်နေတဲ့ ပုံစံနဲ့ ပိုတူနေခဲ့တာပါ။
သူက စစ်ဆေးမေးမြန်းမှုတွေမှာ ထူးဆန်းတဲ့ နည်းလမ်းနဲ့ မပူးပေါင်းဘဲ နေခဲ့တာလေ။ OTK ကုမ္ပဏီ တည်ထောင်ပုံနဲ့ အရောင်းအဝယ် လုပ်ငန်းစဉ်တွေအကြောင်း မေးမြန်းတဲ့အခါတိုင်း သူက ရုတ်တရက် ကာတွန်းတွေ၊ ဂိမ်းတွေအကြောင်း လျှောက်ပြောတာတို့၊ ပင်ပန်းလို့ဆိုပြီး ငိုက်မြည်းနေတာတို့၊ ခနဲ့တဲ့တဲ့ ပြုံးနေတာမျိုးတွေလုပ်တာတို့ လုပ်ခဲ့တယ်။
တာဝန်ခံ အစိုးရရှေ့နေက သူ့ကို စွဲချက်တွေ ပိုတိုးသွားနိုင်တယ်လို့ ခြိမ်းခြောက်တာ၊ ကောင်းကောင်းမွန်မွန် ပူးပေါင်းဆောင်ရွက်ရင် ဆိုင်းငံ့ပြစ်ဒဏ် ရနိုင်တယ်လို့ ဖျောင်းဖျတာတွေ လုပ်ခဲ့ပေမဲ့ သူကတော့ "ဘယ်ကခွေးက ဟောင်နေတာလဲ" ဆိုတဲ့ မျက်နှာပေးမျိုးနဲ့ နားထဲ၊ နှာခေါင်းထဲ နှိုက်နေခဲ့တာကြောင့် အမှုစစ်ရုံးတစ်ခုလုံး ရူးမတတ် ဖြစ်ခဲ့ရတာပါ။
ဒါပေမဲ့ သူတို့အနေနဲ့ သူ့ကို အတင်းအကြပ်လည်း စစ်ဆေးလို့ မရခဲ့ပါဘူး။
သူတို့က ပိုက်ဆံမရှိတဲ့ လေလွင့်သူတွေ ဒါမှမဟုတ် ရာဇဝတ်ကောင်အသေးစားလေးတွေကို ပြင်းပြင်းထန်ထန် ဆက်ဆံနိုင်ပေမဲ့ ချမ်းသာတဲ့ လူကုံထံ ရာဇဝတ်ကောင်တွေကျတော့ သတိထားပြီးဆက်ဆံရပါတယ်။ (ဒါ့အပြင် သူ့ရဲ့ အစ်မက Golden Gate ရဲ့ မန်နေဂျာဖြစ်ပြီး Golden Gate ရဲ့ ဥပဒေရေးရာ အဖွဲ့ကပါ သူ့ကို ကာကွယ်ဖို့ ဝင်ရောက် စွက်ဖက်ခဲ့တာပါ)
အမှုစစ်ရုံးရဲ့ ရည်ရွယ်ချက်က သူ့ကို ဖမ်းဆီးထားပြီး အချိန်ဆွဲဖို့ သက်သက်ပဲမလို့ ဒါက သိပ်ပြီး အရေးမကြီးခဲ့ပေမဲ့ နောက်ပိုင်းမှာ လူမှားပြီး ဖမ်းဆီးမိခဲ့တာ ဖြစ်ကြောင်း ပေါ်ပေါက်သွားတဲ့အခါမှာတော့ အမှုစစ်ရုံးတစ်ခုလုံး ပရမ်းပတာ ဖြစ်သွားခဲ့ရတော့တာပဲ။
အမှုစစ်ရုံးက အစိုးရရဲ့ အလိုကျ စီစဉ်ထားတဲ့ စစ်ဆေးမှုတွေကို လုပ်ဆောင်နေတာ ဖြစ်တယ်လို့ လူထုရဲ့ ပြင်းထန်တဲ့ ဝေဖန်မှုတွေ ထွက်ပေါ်လာခဲ့တယ်။ အဲဒီဖြစ်ရပ်ကြောင့် အထူးစုံစမ်းစစ်ဆေးရေးမှူးချုပ် ဟုန်မန်ဟို ရာထူးကနေ နှုတ်ထွက်ခဲ့ရသလို၊ ဆိုးလ်ခရိုင် အစိုးရရှေ့နေနဲ့ သူ့ရဲ့ လက်အောက်က အစိုးရရှေ့နေတွေလည်း အုပ်စုလိုက် ရာထူးကနေ နှုတ်ထွက်ရတာတို့၊ ရာထူးချခံရတာတို့ ကြုံတွေ့ခဲ့ရတယ်။ (အခုတော့ ဒါတွေအားလုံးက သမ္မတရဲ့ အမိန့်အရ လုပ်ဆောင်ခဲ့တဲ့ စီစဉ်ထားတဲ့ စစ်ဆေးမှုတွေ ဖြစ်ကြောင်း ပေါ်ပေါက်သွားခဲ့ပါပြီ)
အဲဒီနောက်ပိုင်းမှာ ဟိုဆောင်းငွေစုဘဏ် အကြပ်အတည်း၊ အွန်ဆောင်းမော်တာ ရဲ့ လေအိတ် ပြန်လည်သိမ်းဆည်းမှု ဖြစ်ရပ်၊ PAS ဒေဝါလီခံမှုနဲ့ သမ္မတဟောင်း ပတ်ဆီဟျွန်း ကို ဖမ်းဆီးမှု စတဲ့ ဖြစ်ရပ်တွေ ဆက်တိုက် ပေါက်ကွဲခဲ့တာကြောင့် OTK ကုမ္ပဏီ နဲ့ သွားပြီး ပတ်သက်ရင် ဘာမှကောင်းကျိုးမရှိဘူးဆိုတဲ့ ကောလာဟလတွေက အစိုးရရှေ့နေတွေကြားမှာ ပျံ့နှံ့နေခဲ့တာပါ။
အထူးစုံစမ်းစစ်ဆေးရေးမှူးချုပ် အန်ဆောင်းနမ် က မလိုလားတဲ့ မျက်နှာပေးနဲ့ မေးလိုက်တယ်။
"ဒီကို ဘာကိစ္စနဲ့ လာတာလဲ"
တက်ဂယူ က သူ့ရဲ့ အားကစားဘောင်းဘီအိတ်ထဲကနေ ထူထဲတဲ့ စာအိတ်တစ်အိတ်ကို ထုတ်ယူပြီး ကမ်းပေးလိုက်တယ်။
"နှုတ်ဆက်ရင်းနဲ့ ဒါလေး လာပေးတာပါ။ ဒါက အစိုးရရှေ့နေကြီးအတွက် အထူးတလည် ပြင်ဆင်လာခဲ့တာမလို့ ဖွင့်ကြည့်လိုက်ရင် သေချာပေါက် သဘောကျသွားပါလိမ့်မယ်။ ကျွန်တော့်ရဲ့ အိတ်ထဲမှာ အများကြီး ကျန်သေးတယ်၊ ဒါကြောင့် အရင်ဆုံး ဒါကို ဖွင့်ပြီး စစ်ဆေးကြည့်လိုက်ပါဦး"
သူ့ရဲ့ စိတ်ထဲမှာ ထိတ်လန့်သွားမိတယ်။
'ဒါက ဘာလဲ။ ငါ့ကို လာပြီး စမ်းသပ်နေတာလား။ ဟုန်မန်ဟို လိုမျိုး ငါ့ခေါင်းကိုပါ ဖြတ်ပစ်ဖို့ ကြိုးစားနေတာများလား'
အထူးစုံစမ်းစစ်ဆေးရေးမှူးချုပ် အန်ဆောင်းနမ် က ထိုင်နေရာကနေ ဝုန်းခနဲ ထရပ်လိုက်ရင်း အော်ဟစ်လိုက်တယ်။
"ဟေ့... မင်းက ကိုရီးယားသမ္မတနိုင်ငံရဲ့ အစိုးရရှေ့နေတွေကို ဘာမှတ်နေတာလဲ။ အဲဒီထဲမှာ ပိုက်ဆံ ဘယ်လောက် ထည့်ထားလဲတော့ မသိဘူး၊ ဒါပေမဲ့ လာဘ်ပေးလာဘ်ယူမှုနဲ့ အမှုမရင်ဆိုင်ချင်ရင် အဲဒီစာအိတ်ကို ငါ့မျက်စိရှေ့ကနေ အခုချက်ချင်း ဖယ်လိုက်စမ်း"
တက်ဂယူ က မျက်တောင်တဖျတ်ဖျတ် ခတ်လိုက်ရင်း ပြောလိုက်တယ်။
"ဒါက အမှုဖွင့်တိုင်ကြားစာပါဗျာ"
"......ဟင်"
သူ စာအိတ်ကို ဖွင့်ကြည့်လိုက်တဲ့အခါမှာတော့ တစ်ဝက်ခေါက်ထားတဲ့ အမှုဖွင့်တိုင်ကြားစာကို တကယ်ပဲ တွေ့လိုက်ရတယ်။
'သာမန်အားဖြင့် ဒါမျိုးတွေကို စာရွက်စာတမ်း စာအိတ်ရှည်တွေထဲမှာ ထည့်ရတာ မဟုတ်ဘူးလား'
ပြီးတော့ တိုင်ကြားစာတွေကို လူထုဝန်ဆောင်မှုရုံးမှာ တင်ရမှာကို ဘာဖြစ်လို့ အထူးစုံစမ်းစစ်ဆေးရေးမှူးချုပ်ဆီကို တိုက်ရိုက် လာပေးနေရတာလဲ။
မလိုအပ်ဘဲ အရှက်ရသွားခဲ့တာကြောင့် အထူးစုံစမ်းစစ်ဆေးရေးမှူးချုပ် အန်ဆောင်းနမ် က ဘာမှမဖြစ်သလို ပုံစံဖမ်းလိုက်ရင်း မေးလိုက်တယ်။
"ဒါက ဘာတိုင်ကြားစာလဲ"
တက်ဂယူ က နစ်နာသွားတဲ့ မျက်နှာပေးနဲ့ ပြောတယ်။
"ပြီးခဲ့တဲ့ ရက်အနည်းငယ်တုန်းက ကျွန်တော် ပိုက်ဆံအများကြီး လိမ်လည်ခံလိုက်ရလို့ပါ။ အရမ်း ဒေါသထွက်ပြီး နာကျည်းလွန်းလို့ တိုင်ကြားစာ လာတင်တာပါ"
'ဒါဆိုလည်း လူထုဝန်ဆောင်မှုရုံးကို သွားပါလား။ ဒါပေမဲ့ OTK ကုမ္ပဏီ ရဲ့ ဒုတိယ စီအီးအို ကတောင် ပိုက်ဆံအများကြီး လိမ်ခံရတယ်လို့ ပြောနေတာဆိုတော့ ဒါက ဘယ်လောက်တောင် ကြီးမားတဲ့ လိမ်လည်မှု ဖြစ်နေလို့လဲ'
အထူးစုံစမ်းစစ်ဆေးရေးမှူးချုပ် အန်ဆောင်းနမ် က ပြာပြာသလဲ ဖြစ်သွားခဲ့ရပေမဲ့ တိုင်ကြားစာကို အကြမ်းဖျင်း ဖတ်ရှုလိုက်တယ်။
"ဒီမှာ ရေးထားတဲ့ ဆုံးရှုံးမှု ပမာဏက..."
"ဟုတ်ပါတယ်။ အဲဒီမှာ ရေးထားတဲ့အတိုင်းပါပဲ။ ဝမ် ၂၅,၀၀၀ လည်း မဟုတ်ဘူး၊ ဝမ် ၂၅၀,၀၀၀ လည်း မဟုတ်ဘူး၊ စုစုပေါင်း ဝမ် ၂.၅၂ သန်းတောင် လိမ်ခံရတာပါ"
"......"
သူ ငါ့ကို လာပြီး နောက်ပြောင်နေတာလား။ ဝမ် သိန်းပေါင်းကုဋေချီပြီး ပိုင်ဆိုင်ထားတဲ့ ကောင်က ဘာဖြစ်လို့ ဒီပမာဏလောက်နဲ့ လာတိုင်နေရတာလဲ။
"ဆက်ဖတ်ကြည့်လိုက်ပါဦး။ အဲဒီကောင်တွေက သာမန်လူတွေ မဟုတ်ဘူး"
တိုင်ကြားစာထဲမှာတော့ လိမ်လည်မှု ဖြစ်ရပ်တစ်ခုလုံးရဲ့ အကြောင်းအရာတွေကို သေသေချာချာ အနှစ်ချုပ် ရေးသားထားတာပါ။
'JG Blockchain က တန်ဖိုးမရှိတဲ့ ကွိုင်တွေကို တရားမဝင် MLM နည်းလမ်းနဲ့ ရောင်းချနေပြီး အဲဒီပိုက်ဆံတွေက Jeil Group ထဲကို စီးဝင်နေတာလား။ ပြီးတော့ Jeil Group က ဗင်နီဇွဲလားမှာ ရေနံတူးဖော်မှု လုပ်နေတယ်ဆိုတာကလည်း လိမ်လည်မှု ဖြစ်နေတာလား'
"ခင်ဗျား မြင်တဲ့အတိုင်းပဲ စီအီးအို ချွိုင်းနမ်ဝူး က ကန်ဂျင်ဟူ ရဲ့ နာမည်ကို အသုံးချပြီး အဖွဲ့ဝင်တွေကို စည်းရုံးနေတာပါ"
"သူတို့က ဆွေမျိုးတွေ တော်စပ်နေတာကော အမှန်ပဲလား"
"တော်စပ်တာတော့ အမှန်ပဲ၊ ဒါပေမဲ့ သူတို့က အဆက်အသွယ် လုံးဝ ဖြတ်ထားကြတာပါ။ ဒါပေမဲ့ သူတို့က ကန်ဂျင်ဟူ ကိုယ်တိုင် ရင်းနှီးမြှုပ်နှံထားသလိုမျိုး၊ ဒါမှမဟုတ် Bithumb မှာ စျေးကွက်တင်တော့မလိုမျိုး လျှောက်ပြောနေကြတာလေ။ အဲဒါတွေကို ခဏဖယ်ထားရင်တောင် အဓိကအချက်က အဲဒီကောင်တွေက လူတွေကို လိမ်လည်နေကြတာပါပဲ"
"မင်းမှာ သက်သေ အထောက်အထား ရှိလို့လား"
"ရှိတာပေါ့"
တက်ဂယူ က သူ ယူဆောင်လာခဲ့တဲ့ အိတ်ထဲကနေ အချက်အလက် စာရွက်စာတမ်းတွေကို ထုတ်ပေးလိုက်တယ်။
အထူးစုံစမ်းစစ်ဆေးရေးမှူးချုပ် အန်ဆောင်းနမ် က အချက်အလက်တွေကို ဖတ်ရှုနေတုန်းမှာပဲ တက်ဂယူ က ဆက်ပြောနေခဲ့တယ်။
"ကျွန်တော့်ရဲ့ အထက်တန်းကျောင်းတုန်းက အတန်းဖော်လည်း အလိမ်ခံရပြီး ပိုက်ဆံတွေ ရင်းနှီးမြှုပ်နှံဖို့အတွက် ငွေတွေတောင် ချေးခဲ့ရတာပါ။ ခံရတဲ့သူတွေက ထောင်နဲ့ချီပြီး ရှိနေသလို ဆုံးရှုံးမှု ပမာဏကလည်း အနည်းဆုံး သန်းထောင်နဲ့ချီပြီး ရှိနေတာပါ။ ကျွန်တော်ကတော့ ဝမ် ၂.၅၂ သန်း ဆုံးရှုံးခဲ့ရလို့ သွေးမျက်ရည် ကျမတတ် ခံစားရပြီး ညဘက်တောင် ကောင်းကောင်းမအိပ်နိုင် ဖြစ်နေရပါတယ်။ အဲဒီကောင်တွေကတော့ ကောင်းကောင်းစား၊ ကောင်းကောင်းသောက်ပြီး ပျော်ပျော်ပါးပါး နေနေကြတာလေ။ ဥပဒေစိုးမိုးတဲ့ နိုင်ငံတစ်ခုမှာ ဒီလိုအရာမျိုးက ဖြစ်ပျက်နေစရာလား"
အချက်အလက် စာရွက်စာတမ်းတွေရဲ့ ပမာဏက စာအုပ်တစ်အုပ်စာနီးပါး ရှိနေတာပါ။
Bithumb ရဲ့ ကွိုင်Source Code ခွဲခြမ်းစိတ်ဖြာချက် စာမျက်နှာ ၁၀၀ ခန့်၊ Golden Gate ရဲ့ ရန်ပုံငွေ စီးဆင်းမှု ခြေရာခံချက် စာမျက်နှာ ၁၅၀ ခန့်နဲ့ ဗင်နီဇွဲလား အစိုးရဆီကနေ နိုင်ငံပိုင် ရေနံတွင်းတွေကို ဘယ်တော့မှ ရောင်းချခဲ့ခြင်း မရှိကြောင်း အတည်ပြုပေးထားတဲ့ တရားဝင် စာရွက်စာတမ်းတွေပါ ပူးတွဲ ပါရှိနေခဲ့တာပါ။
"မင်း ဒါတွေကို ဘယ်ကနေ ရခဲ့တာလဲ"
"သူတို့က ဗင်နီဇွဲလားမှာ ရေနံတွင်းတွေ ရှိတယ်လို့ ပြောနေကြတာကြောင့် ကျွန်တော့်ရဲ့ ဝမ် ၂.၅၂ သန်း က တကယ်ပဲ စိတ်ချရရဲ့လား ဆိုတာကို စစ်ဆေးဖို့အတွက် ကျွန်တော်တို့ ဝန်ထမ်းကို ကာရကတ်စ် အထိ လွှတ်ပြီး စစ်ဆေးခိုင်းလိုက်တာပါ။ အဲဒီက အစိုးရ အရာရှိတစ်ယောက်က ဒါက အခြေအမြစ်မရှိတဲ့ ကောလာဟလသက်သက်ပဲလို့ ပြောလိုက်လို့လေ။ အဲဒီမှာ ရှိတဲ့ တရားဝင် စာရွက်စာတမ်းက အဲဒါတွေပါပဲ။ ဒါပေမဲ့ ခင်ဗျား စပိန်ဘာသာစကားကို ဖတ်တတ်မှာ မဟုတ်တာမလို့ နောက်ဆုံး စာမျက်နှာကို လှန်ကြည့်လိုက်ရင် ဘာသာပြန်ကို ပူးတွဲပြီး ထည့်ပေးထားပါတယ်"
"......"
ဗင်နီဇွဲလားကို သွားဖို့ လေယာဉ်လက်မှတ်ခကတင် ပိုပြီး စျေးကြီးနေဦးမှာ သေချာတယ်။
တက်ဂယူ က ယုံကြည်ချက်ရှိရှိ လေသံနဲ့ ပြောတယ်။
"ကျွန်တော်တို့ အဲဒီလူလိမ်တွေကို မဖြစ်ဖြစ်အောင် ဖမ်းဆီးပြီး ကျွန်တော့်ရဲ့ အဖိုးတန် ဝမ် ၂.၅၂ သန်းကို ပြန်ယူရပါမယ်။ ဒါက အရမ်းကို အရေးကြီးပြီး အရေးပေါ် အခြေအနေ ဖြစ်နေတာပါ။ ခင်ဗျားတို့ဘက်က အခုချက်ချင်း စုံစမ်းစစ်ဆေးမှုတွေ စတင်ပြီး သူတို့ကို ဖမ်းဆီးပေးလို့ ရမလား"
အထူးစုံစမ်းစစ်ဆေးရေးမှူးချုပ် အန်ဆောင်းနမ် က ကိုင်ထားတဲ့ စာရွက်စာတမ်းတွေကို ချလိုက်ရင်း ပြောတယ်။
"ငါတို့ ဒါကို အရင်ဆုံး အဖွဲ့အတွင်းပိုင်းမှာ ပြန်လည် သုံးသပ်ရဦးမယ်"
"အဲလိုလုပ်ဖို့ အချိန်မရှိဘူးဗျ။ တကယ်လို့ သူတို့က ဒါကို ရိပ်မိသွားပြီး နိုင်ငံခြားကို ထွက်ပြေးသွားရင် ဒါမှမဟုတ် အကောင့်ထဲက ပိုက်ဆံတွေကို တခြားနေရာကို လွှဲပြောင်းပစ်လိုက်ရင် ဘယ်လိုလုပ်မလဲ"
"အမှုစစ်ရုံးက အဲဒီလောက်အထိ အားယားနေတဲ့ အဖွဲ့အစည်း မဟုတ်ဘူး။ လောလောဆယ် စုံစမ်းစစ်ဆေးနေရတဲ့ အမှုတွေကလည်း အများကြီး ရှိနေသလို၊ နောက်ပိုင်းကျမှ စုံစမ်းစစ်ဆေးမှု တောင်းဆိုချက်တွေနဲ့ ပတ်သက်ပြီး စကားတွေ မထွက်လာအောင် ငါတို့က သတ်မှတ်ထားတဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့ စည်းမျဉ်းစည်းကမ်းတွေအတိုင်း အမှုရဲ့ ပြင်းထန်မှုနဲ့ တရားစွဲဆိုနိုင်မယ့် အခြေအနေကို သေသေချာချာ စစ်ဆေးရဦးမယ်"
"အဲဒီလို လုပ်နေလို့ပဲ ချိုဟီးပယ် ကိုလည်း လွတ်သွားခဲ့တာ မဟုတ်ဘူးလား။ မဟုတ်မှလွဲရော အစိုးရရှေ့နေတွေက လာဘ်ငွေတွေ ယူထားကြလို့ တမင်တကာ မဖမ်းခဲ့ကြတာလား"
အဲဒီစကားကြောင့် အထူးစုံစမ်းစစ်ဆေးရေးမှူးချုပ် အန်ဆောင်းနမ် က မျက်မှောင်ကြုတ်သွားခဲ့မိတယ်။ တကယ်တော့ အစိုးရရှေ့နေတချို့က ချိုဟီးပယ် ရဲ့ ဂိုဏ်းဆီကနေ လာဘ်ငွေတွေ လက်ခံရရှိခဲ့ကြတာကတော့ အမှန်ပဲလေ။
"ငါတို့ကတော့ အခြေခံမူတွေအတိုင်းပဲ စုံစမ်းစစ်ဆေးသွားမှာပါ"
အစိုးရရှေ့နေဆိုတာကလည်း နောက်ဆုံးတော့ နိုင်ငံ့ဝန်ထမ်း သက်သက်ပဲ ဖြစ်တာမလို့ သူတို့က စည်းမျဉ်းစည်းကမ်းတွေနဲ့ လုပ်ထုံးလုပ်နည်းတွေကို အကြောင်းပြလာရင်တော့ ဘာမှ ပြန်ပြောလို့ မရတော့ပါဘူး။
တက်ဂယူ က သက်ပြင်းချလိုက်ရင်း ပြောလိုက်တယ်။
"ဟူး... ဒါဆိုရင်တော့လည်း ဘာမှတတ်နိုင်ဘူးပေါ့။ ကောင်းပါပြီဗျာ"
"ဒီကိစ္စနဲ့ ပတ်သက်ပြီး ငါတို့ နောက်မှပဲ ပြန်ပြီး အကြောင်းပြန်ပေးပါ့မယ်"
အဲဒီစကားကြောင့် တက်ဂယူ က ခေါင်းခါပြလိုက်ရင်း ပြောလိုက်တယ်။
"အာ... မလိုတော့ပါဘူး။ ကျွန်တော် ခဏနေကျရင် ဆိုးလ်မြို့တော် ရဲတပ်ဖွဲ့ တိုင်းမှူး ပတ်ယုံဆော့ နဲ့ တွေ့ဆုံဖို့ ချိန်းထားတာ ရှိလို့၊ သူနဲ့ပဲ သွားပြီး ဆွေးနွေးလိုက်တော့မယ်"
ရုတ်တရက် အထူးစုံစမ်းစစ်ဆေးရေးမှူးချုပ် အန်ဆောင်းနမ် တစ်ယောက် ဆွံ့အသွားခဲ့ရတယ်။
"ဆိုးလ်မြို့တော် ရဲတပ်ဖွဲ့ တိုင်းမှူး နဲ့ ဘာဖြစ်လို့ချိန်းထားတာလဲ..."
"ဘာဖြစ်လို့ ရှိရမှာလဲဗျာ။ အမှုစစ်ရုံးက အချိန်ယူရမယ်လို့ ပြောနေမှတော့ ကျွန်တော်လည်း ရဲစခန်းမှာပဲ သွားပြီး အမှုဖွင့်တော့မှာပေါ့။ အလုပ်များလှတဲ့ အစိုးရရှေ့နေကြီးတွေအနေနဲ့ ခံရတဲ့သူ ထောင်ဂဏန်းပဲ ရှိပြီး ဆုံးရှုံးမှု ပမာဏ သန်းထောင်ဂဏန်းအနည်းငယ်ပဲ ရှိတဲ့ အမှုအသေးစားလေးတွေကို အာရုံစိုက်နေဖို့ အချိန်မရှိဘူး မဟုတ်လား။ အဲဒီတော့ အဲဒီ MLM ဂိုဏ်းကို ဖမ်းဖို့ ကိစ္စကို ရဲတွေကိုပဲ လွှဲပေးလိုက်တော့မယ်။ ဒီအမှုကို လိုက်နေတဲ့ သတင်းထောက်တစ်ယောက် ပြောပြချက်အရဆိုရင် ရဲတွေက ဒီရက်ပိုင်း ဘဏ္ဍာရေး ရာဇဝတ်မှု စုံစမ်းစစ်ဆေးရေးပိုင်းမှာ အရမ်းကို စိတ်ဝင်စားနေကြတယ်လို့ ကြားတယ်ဗျာ။ အာ... ဒါနဲ့ စကားမစပ် အမှုစစ်ရုံးက အမှုကို ငြင်းပယ်လိုက်လို့ ရဲစခန်းမှာပဲ သွားပြီး အမှုဖွင့်လိုက်ရပါတယ်လို့ မီဒီယာတွေကိုပါ တစ်ခါထဲ ပြောပြထားလိုက်ရမလား"
"မီဒီယာ ဟုတ်လား"
"ဟုတ်တယ်။ 'Tracking PD' အဖွဲ့ကလည်း ဒီအကြောင်းကို အရင်ကတည်းက နှိုက်နှိုက်ချွတ်ချွတ် စုံစမ်းနေခဲ့တာလေ။ ပြီးတော့ ကန်ဂျင်ဟူ ရဲ့ ဆွေမျိုးတွေပါ ပတ်သက်နေတဲ့ အမှုဆိုတော့ တကယ်လို့ ဒါကို သတင်းထုတ်ပြန်လိုက်ရင် သေချာပေါက် ၁၀၀ ရာခိုင်နှုန်း သတင်းကြီး ဖြစ်သွားလိမ့်မယ်လို့ သူတို့က ယုံကြည်ချက် ရှိနေကြတာ။ ကဲ... ဒါဆိုရင်တော့ ကျွန်တော် သွားလိုက်ပါဦးမယ်"
တက်ဂယူ က တိုင်ကြားစာကို ပြန်လည် သိမ်းဆည်းဖို့ ကြိုးစားလိုက်တဲ့ အခါမှာတော့ အထူးစုံစမ်းစစ်ဆေးရေးမှူးချုပ် အန်ဆောင်းနမ် က ပြာပြာသလဲနဲ့ လှမ်းဆွဲလိုက်တော့တယ်။
"ခ-ခဏနေပါဦး"
"ဟမ်... ဘာဖြစ်လို့လဲ၊ ဘာအဆင်မပြေတာ ရှိလို့လဲ"
လက်ရှိ နိုင်ငံရေးလောကမှာ အမှုစစ်ရုံးနဲ့ ရဲတပ်ဖွဲ့တို့ရဲ့ စုံစမ်းစစ်ဆေးပိုင်ခွင့် အာဏာ ခွဲဝေမှုနဲ့ ပတ်သက်ပြီး ဆွေးနွေးမှုတွေက အပြင်းအထန် ဖြစ်ပွားနေခဲ့တာပါ။ ဆွေးနွေးမှုရဲ့အဓိကအချက်ကတော့ အမှုစစ်ရုံးက ပိုင်ဆိုင်ထားတဲ့ စုံစမ်းစစ်ဆေးရေး အမိန့်ပေးပိုင်ခွင့် အာဏာကို ရဲတပ်ဖွဲ့ဆီ လွှဲပြောင်းပေးဖို့ပါပဲ။ အမှုစစ်ရုံးရဲ့ လုပ်ပိုင်ခွင့် အာဏာတွေ လျှော့ချခံရတော့မှာ ဖြစ်တာမလို့ ဒါက အမှုစစ်ရုံးရဲ့ ရှုထောင့်ကကြည့်ရင်တော့ လုံးဝ မလိုလားအပ်တဲ့ ဆွေးနွေးမှုတစ်ခုပေါ့လေ။
ဒီလို အခြေအနေမျိုးမှာ အမှုစစ်ရုံးက ငြင်းပယ်လိုက်တဲ့ အမှုကို ရဲတပ်ဖွဲ့က ဖော်ထုတ်နိုင်ခဲ့ရင် ဘာဖြစ်သွားမလဲ။ ပြီးတော့ ဒါက သာမန် လူသတ်မှု ဒါမှမဟုတ် အကြမ်းဖက်မှုမျိုး မဟုတ်ဘဲ MLM ဘဏ္ဍာရေး ရာဇဝတ်မှုကြီး ဖြစ်နေတာလေ။
ရဲတပ်ဖွဲ့က မီဒီယာတွေရဲ့ အာရုံစိုက်မှုကို ရရှိသွားပြီး လူထုရဲ့ လက်ခုပ်သံတွေကို ရရှိသွားမှာ ဖြစ်ပေမဲ့ အမှုစစ်ရုံးကတော့ လူထုရဲ့ ပြင်းထန်တဲ့ ဝေဖန်မှုတွေကို ရှောင်လွှဲနိုင်မှာ မဟုတ်ပါဘူး။
ဒါ့အပြင် ရဲတပ်ဖွဲ့ကလည်း စိတ်လှုပ်ရှားစွာနဲ့ အမှုစစ်ရုံးအနေနဲ့ စုံစမ်းစစ်ဆေးရေး အမိန့်ပေးပိုင်ခွင့် အာဏာကို စွန့်လွှတ်သင့်ပြီ ဖြစ်ကြောင်း အသံကျယ်ကျယ်နဲ့ အော်ဟစ်ကြတော့မှာ သေချာပါတယ်။ (တစ်ဖက်မှာလည်း အမှုစစ်ရုံးက ရဲတပ်ဖွဲ့အနေနဲ့ ရှုပ်ထွေးလှတဲ့ ဘဏ္ဍာရေး ရာဇဝတ်မှုတွေ ဒါမှမဟုတ် လူကုံထံ ရာဇဝတ်မှုတွေကို တိုက်ရိုက်ဖော်ထုတ်ဖို့ ခက်ခဲတာကြောင့် အမှုစစ်ရုံးမှာ စုံစမ်းစစ်ဆေးရေး အမိန့်ပေးပိုင်ခွင့် အာဏာ ရှိနေရမှာ ဖြစ်ကြောင်း အပြင်းအထန် ငြင်းခုံနေခဲ့တာပါ)
ဘာပဲဖြစ်ဖြစ် အဲဒီလို အခြေအနေမျိုးတော့ အဖြစ်မခံနိုင်ပါဘူး။
အထူးစုံစမ်းစစ်ဆေးရေးမှူးချုပ် အန်ဆောင်းနမ် က တက်ဂယူ ကို သံသယ မျက်လုံးတွေနဲ့ ကြည့်ရင်း ပြောတယ်။
"တကယ်လို့ ဒီကိစ္စက မသေချာဘူးဆိုရင်တော့ မင်းတာဝန်ယူရလိမ့်မယ်"
တက်ဂယူ က ပြုံးလိုက်ရင်း ပြောတယ်။
"ယူရမှာပေါ့။ ခင်ဗျားတို့တွေ အမှုကို ဖော်ထုတ်နိုင်လို့ မီဒီယာတွေမှာ ပါလာခဲ့ရင် ကျွန်တော့်ကို ထမင်းတစ်နပ်တော့ ပြန်ဝယ်ကျွေးရမယ်နော်"
"......"
သူ အစိုးရရှေ့နေ ဖြစ်လာခဲ့ကတည်းက သူ့ကို ထမင်းကျွေးချင်တဲ့ စီးပွားရေးသမားတွေ အများကြီးနဲ့ ဆုံဖူးခဲ့ပေမဲ့ သူ့ကို ထမင်းပြန်ဝယ်ကျွေးဖို့ ပြောတဲ့ ပထမဆုံး စီးပွားရေးသမားကတော့ ဒါက ပထမဆုံးပါပဲ။
'ဒါပေမဲ့ ဘာဖြစ်လို့ ဒီလို ပေါ့ပါးမှုကို ခံစားနေရတာပါလိမ့်'
အထူးစုံစမ်းစစ်ဆေးရေးမှူးချုပ် အန်ဆောင်းနမ် က ချက်ချင်း အမိန့်ပေးလိုက်တော့တယ်။
"ဒုတိယ အထူးစုံစမ်းစစ်ဆေးရေးမှူးချုပ် ချာယောင်ဟို နဲ့ ဘဏ္ဍာရေး ရာဇဝတ်မှု စုံစမ်းစစ်ဆေးရေး အဖွဲ့ကို ငါ့ရုံးခန်းထဲကို အခုချက်ချင်း လာခဲ့ဖို့ ပြောလိုက်စမ်း"