← Chapters

အခန်း ၂၆၅

Vol. 27 Ch. 265

အခန်း ၂၆၅

Vol. 27 Ch. 265

အခန်း (၂၆၅)

Jeil Group ရဲ့ ဥက္ကဋ္ဌ ဟမ်ဆွန်းပြို (သူ့ရဲ့ နာမည်အရင်းက ဟမ်ဆောက်ဟွန်း ဖြစ်ပါတယ်) က ချွိုင်းနမ်ဝူး ဆီကနေ ဖုန်းလက်ခံရရှိလိုက်တယ်။

[…သူက ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားနေပုံရတယ်ဗျ၊ အဲဒါကြောင့် ဥက္ကဋ္ဌကြီးအနေနဲ့ သူ့ကို တစ်ခေါက်လောက် တွေ့ပေးရင် ကောင်းမယ် ထင်တယ်]

"ဝမ် သန်း ၅ ထောင် ရင်းနှီးမြှုပ်နှံမှာ သေချာပြီလား"

[ဟုတ်ကဲ့၊ ကျွန်တော် ကိုယ်တိုင် အတည်ပြုပြီးပါပြီ။ လောလောဆယ်တော့ ဝမ် သန်း ၁သောင်းထဲကနေ သန်း ၅ ထောင်ပဲ အရင် ရင်းနှီးမြှုပ်နှံမယ်လို့ ပြောပါတယ်။ ဒါပေမဲ့ သူနဲ့ ကောင်းကောင်းမွန်မွန် စကားပြောကြည့်ရင် ဒီထက်မက ပိုပြီး ရနိုင်မယ့် အခြေအနေ ရှိပါတယ်]

အသက် ၂၀ ကျော် လူငယ်လေးတစ်ယောက်က ဝမ် သန်း ၅ထောင်ဆိုတဲ့ ပမာဏအထိ အများကြီး ရင်းနှီးမြှုပ်နှံမယ်ဆိုတာက အနည်းငယ် ထူးဆန်းနေပေမဲ့ ကွိုင်တွေကနေတစ်ဆင့် ပိုက်ဆံ ရှာထားတာဆိုတဲ့ စကားကို ကြားလိုက်ရတော့ သူ နားလည်သွားခဲ့တယ်။

ဟမ်ဆောက်ဟွန်း က စိတ်ထဲကနေ လှောင်ပြုံး ပြုံးလိုက်ရင်း တွေးလိုက်တယ်။

'ကွိုင်နဲ့ ပိုက်ဆံရတဲ့ကောင်တွေကတော့ အတူတူပါပဲလား'

တကယ်တော့ ဝမ်သန်းပေါင်း ရာနဲ့ချီပြီး ရင်းနှီးမြှုပ်နှံကြတဲ့လူတွေထဲမှာ Cryptocurrency ကနေတစ်ဆင့် ပိုက်ဆံအများကြီး ရသွားကြတဲ့ "ကွိုင်သမား" တွေ အများကြီး ရှိတာပဲလေ။

လောင်းကစားနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုတာက အတူတူပါပဲ။ ကံကောင်းလို့ ပိုက်ဆံရလာရင် အမြတ်ထုတ်ပြီး ဝိုင်းကနေ ထထွက်သွားရမှာဖြစ်ပေမဲ့ သူတို့ကတော့ အစွဲအလမ်း မဖြတ်နိုင်ဘဲ ဒီကစားပွဲထဲမှာပဲ ဆက်ပြီး ရစ်ဝဲနေတတ်ကြတယ်။

အဲဒီလိုနဲ့ နောက်ဆုံးကျတော့ ရှိသမျှအကုန် ဆုံးရှုံးသွားပြီးမှ နောင်တရတတ်ကြတာပေါ့။ ဟမ်ဆောက်ဟွန်း က တွေးလို့ ပြီးသွားတဲ့အခါမှာတော့ ပြောလိုက်တယ်။

"ကောင်းပြီလေ။ ငါ သူ့ကို တစ်ခေါက်လောက် တွေ့ကြည့်ပါ့မယ်"

ဟမ်ဆောက်ဟွန်း က သူ့ရဲ့ S-Class Maybach ကားကြီးကို စီးပြီး ချောင်ဒမ်ဒေါင်း မှာရှိတဲ့ ဟိုတယ်တစ်ခုဆီ ထွက်လာခဲ့တယ်။

ပြီးခဲ့တဲ့နှစ်တုန်းကတင် သူက ပိုက်ဆံတစ်ပြားမှမရှိဘဲ ကိုရီးယား ရေနွေးငွေ့ရေချိုးခန်းတွေနဲ့ ဈေးပေါတဲ့ တည်းခိုခန်းတွေမှာ လှည့်လည်နေထိုင်ခဲ့ရပြီး ခြေကျင်ပဲ သွားလာခဲ့ရတာပါ။ ဒါပေမဲ့ အခုတော့ သူက နိုင်ငံခြား ဇိမ်ခံကားကြီးကို စီးပြီး ဟန်မြစ်ကို လှမ်းမြင်နေရတဲ့ Penthouse ဇိမ်ခံတိုက်ခန်းကြီးမှာ နေထိုင်နေနိုင်ခဲ့ပြီလေ။

ဒါတွေအားလုံးက ဒီလုပ်ငန်း အောင်မြင်သွားခဲ့လို့ပါပဲ။ သူ ပိုက်ဆံတွေကို ဘယ်လောက်ပဲ သုံးဖြုန်းပါစေ၊ ငွေစာရင်းက လျော့မသွားတဲ့အပြင် ပိုပြီးတော့တောင် တိုးလို့ပဲလာနေခဲ့သေးတယ်။

'ဒါတွေအားလုံးက ငါ လူကဲခတ် တော်လို့ပဲ'

ဒီလုပ်ငန်းရဲ့ သော့ချက်ကတော့ ရင်းနှီးမြှုပ်နှံမယ့် ရန်ပုံငွေတွေကို ရှာဖွေဖို့ပါပဲ။ သင့်တော်မယ့်လူကို လိုက်ရှာနေတုန်းမှာပဲ သူက တိုက်တိုက်ဆိုင်ဆိုင် ချွိုင်းနမ်ဝူး နဲ့ သိကျွမ်းခွင့် ရခဲ့တာပါ။ ပြောရရင်တော့ ဒါက တကယ့်ကို ကံကောင်းလွန်းသွားခဲ့တာပဲ။

သူက JG Blockchain လုပ်ငန်းကို ချွိုင်းနမ်ဝူး ဆီ လွှဲအပ်ပေးခဲ့တယ်။ ချွိုင်းနမ်ဝူး က ဒီလိုအလုပ်မျိုးနဲ့ ပါရမီပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ဟောပြောပွဲတွေ လုပ်တာနဲ့ လူတွေကို ဆွဲဆောင်တဲ့ အတတ်ပညာတွေကို မြန်မြန်ဆန်ဆန်ပဲ တတ်မြောက်သွားခဲ့တယ်။

အရေးကြီးဆုံး အချက်ကတော့ သူက ကန်ဂျင်ဟူ ရဲ့ ဆွေမျိုး တော်စပ်နေတာပါ။ ကန်ဂျင်ဟူ ရဲ့ နာမည်ကို ရိုးရိုးလေး ပြောလိုက်ရုံနဲ့တင် ရင်းနှီးမြှုပ်နှံမယ့်လူတွေက တန်းစီလို့ လာကြတာလေ။

ဒါကြောင့်မလို့ ဒီကောင်လည်း သေချာပေါက် အကွက်ထဲ ဝင်လာခဲ့တာပဲ ဖြစ်ရမယ်။

'ဒါနဲ့ နေပါဦး... ထီကော၊ ကွိုင်ကော ဆက်တိုက် ပေါက်တယ်ဆိုတော့... သူက ကံ အရမ်းကောင်းနေတာလား'

ဒီလို ကံကောင်းမှုမျိုးက ဆက်တိုက် နှစ်ကြိမ်တောင် ဖြစ်ပေါ်ခဲ့တယ်ဆိုတာက အနည်းငယ် သံသယဖြစ်စရာ ကောင်းနေပေမဲ့...

သူနဲ့ တကယ်တမ်း ဆုံတွေ့လိုက်ရတဲ့ အခါမှာတော့ သူ့ရဲ့ သံသယတွေက နှင်းတွေလိုပဲ အရည်ပျော်ကျသွားခဲ့ရတော့တယ်။ ဘေ့စ်ဘောဦးထုပ် ဆောင်းထားပြီး မျက်မှန်တပ်ထားတဲ့ လူငယ်လေးတစ်ယောက်က သူ့ရှေ့မှာ ရပ်နေခဲ့တာပါ။ ဂျင်းဘောင်းဘီနဲ့ ဟူဒီအင်္ကျီကို ဝတ်ဆင်ထားပြီး ခန္ဓာကိုယ်က အနည်းငယ် ပြည့်ပြည့်ဖောင်းဖောင်း ရှိပါတယ်။

ဟမ်ဆောက်ဟွန်း က လူလိမ်တစ်ယောက်ပီပီ လူအကဲခတ်တဲ့နေရာမှာ တော်ပါတယ်။ သူ့ရဲ့ အမြင်မှာတော့ သူ့ရှေ့က လူငယ်လေးက ဘာမှ ထူးထူးခြားခြား ရှိမနေပါဘူး။ ဒီလိုကောင်မျိုးက ပိုက်ဆံအများကြီး ရထားတယ်ဆိုရင် ဒါက သေချာပေါက် ကံကောင်းလွန်းလို့ပဲ ဖြစ်ရမယ်။

'ဒါပေမဲ့ အဲဒီကံကတော့ အခု ကုန်ဆုံးတော့မယ့် ပုံပဲ'

သူက သူ့ရဲ့ စိတ်ရင်းကို ဖုံးကွယ်ထားလိုက်ပြီး ရင်းနှီးဖော်ရွေတဲ့ အပြုံးနဲ့ လက်ကမ်းပေးလိုက်တယ်။

"တွေ့ရတာ ဝမ်းသာပါတယ်။ ကျွန်တော်က Jeil Group ရဲ့ ဥက္ကဋ္ဌ ဟမ်ဆွန်းပြို ပါ"

တက်ဂယူ က ပြန်ပြီး လက်ဆွဲနှုတ်ဆက်လိုက်ရင်း ပြောလိုက်တယ်။

"ဟုတ်ကဲ့၊ မင်္ဂလာပါဗျာ။ တွေ့ရတာ ဝမ်းသာပါတယ်။ ကျွန်တော်က အိုတက်ဂယူ ပါ။ ဥက္ကဋ္ဌကြီးအကြောင်းကို အများကြီး ကြားဖူးပါတယ်"

ဟမ်ဆောက်ဟွန်း၊ ချွိုင်းနမ်ဝူး နဲ့ တက်ဂယူ တို့က ဟိုတယ် ကော်ဖီဆိုင်မှာ ထိုင်ပြီး စကားပြောကြတော့တယ်။ တက်ဂယူ က အရာရာကို စိတ်ဝင်စားနေတဲ့ ပုံစံနဲ့ မေးခွန်းတွေ မေးမြန်းခဲ့ပြီး ဟမ်ဆောက်ဟွန်း ကလည်း တွေဝေနေတာမျိုးမရှိဘဲ ပြန်ဖြေပေးခဲ့တယ်။

သူ ဒီလုပ်ငန်းကို ဘယ်လို စတင်စီစဉ်ခဲ့ရပုံနဲ့ ဒါကို ရှေ့ဆက်တွန်းအားပေးတဲ့ ဖြစ်စဉ်မှာ ဘာတွေ ဖြစ်ပျက်ခဲ့ပုံ စတာတွေကိုပေါ့။ နိုင်ငံရေးသမားမျိုးစုံနဲ့ ကျော်ကြားသူတွေရဲ့ နာမည်တွေ ထွက်ပေါ်လာခဲ့ပြီး ဗင်နီဇွဲလား အစိုးရ အရာရှိတွေနဲ့ တွေ့ဆုံကာ နိုင်ငံပိုင် ရေနံတွင်းတွေကို ရယူခဲ့ပုံတွေအကြောင်း ပြောတဲ့အခါမှာတော့ သူက MOU လက်မှတ်ရေးထိုးတုန်းက ရိုက်ထားတဲ့ ဓာတ်ပုံတွေနဲ့ ဒေသတွင်း သတင်းစာ ဖြတ်ပိုင်းတွေကိုပါ ထုတ်ပြခဲ့သေးတယ်။

ဟမ်ဆောက်ဟွန်း က လိမ်လည်မှုကို ရိုးရိုးရာဇဝတ်မှုတစ်ခုလို့ မတွေးဘဲ ကြီးကျယ်လှတဲ့ အနုပညာ ပုံစံတစ်ခုလို့ သတ်မှတ်ထားတာပါ။

လိမ်လည်မှုတစ်ခုရဲ့ သော့ချက်ကတော့ ကိုယ်ပြချင်တဲ့အရာကို ပြဖို့ မဟုတ်ဘဲ တစ်ဖက်လူက ယုံကြည်ချင်နေတဲ့အရာကို ပြသဖို့ပဲ ဖြစ်ပါတယ်။

ဒါကြောင့်မလို့ Jeil Group က ဗင်နီဇွဲလားမှာ ကုမ္ပဏီတစ်ခုကို တကယ် တည်ထောင်ခဲ့ပြီး တူးဖော်ရေး ကုမ္ပဏီတွေနဲ့ စာချုပ်တွေ ချုပ်ဆိုခဲ့တာပါ။ ပြီးတော့ ဗင်နီဇွဲလား အစိုးရ အရာရှိတွေကို လာဘ်ထိုးပြီး ယုံကြည်လောက်စရာ စာရွက်စာတမ်းတွေကို ရယူကာ MOU လက်မှတ်ရေးထိုးခဲ့တာလေ။

ဒါကြောင့်မလို့ သူ့ရဲ့ လက်အောက်မှာ အလုပ်လုပ်နေတဲ့ လူတွေအားလုံးကတောင် ဒါကို အမှန်တကယ်လို့ ယုံကြည်နေကြတာ ဖြစ်ပါတယ်။

"ကမ္ဘာတစ်ဝှမ်းမှာ စီးပွားရေး လုပ်လိုက်တော့ ဘာသာစကားမျိုးစုံကို သဘာဝအတိုင်း တတ်မြောက်သွားတာပေါ့ဗျာ။ Dedicale mas tiempo a lo que te hace realmente feliz"

" ဘာအဓိပ္ပာယ်လဲဗျ"

"မိမိကို တကယ်ပဲ ပျော်ရွှင်စေတဲ့အရာအတွက် အချိန်ပိုပြီး ပေးပါ တဲ့။ ဒါက ကျွန်တော် အကြိုက်ဆုံး စပိန်စကားပုံလေးပေါ့"

တက်ဂယူ က တကယ့်ကို အထင်ကြီးသွားမိတယ်။

'ဝိုး... လူလိမ်လုပ်ဖို့ ပါရမီလည်းရှိရမယ့်ပုံပဲ'

ဒီလောက်အထိ ဆိုရင်တော့ သူကိုယ်တိုင်ကပါ ဒါကို အစစ်အမှန်လို့ ယုံကြည်နေတာများလား။

"ဒါဆို ဥက္ကဋ္ဌကြီးကို ပျော်ရွှင်စေတဲ့အရာက ဘာလဲဗျ"

"ကျွန်တော်ကတော့ တခြားလူတွေနဲ့ ပျော်ရွှင်မှုကို မျှဝေခံစားရတဲ့အခါမှာ ပျော်ရွှင်မှုကို ခံစားရတာပါ။ အဲဒါကြောင့်မလို့ပဲ ကျွန်တော် ဒီအလုပ်ကို လုပ်နေတာပေါ့"

"ဪ... ဟုတ်ကဲ့၊ အဲလိုလား"

တက်ဂယူ က ခေါင်းကို တဆတ်ဆတ် ညိတ်လိုက်ရင်း စိတ်ထဲကနေ တွေးလိုက်တယ်။

'ဒီနှစ်ကတော့ လေလုံးထွားတဲ့ကောင်တွေ ပေါလိုက်တာ'

ချွိုင်းနမ်ဝူး က ပြောတယ်။

"ခင်ဗျားလည်း ဘန့်ကွိုင် ထဲမှာ ရင်းနှီးမြှုပ်နှံဖူးတာဆိုတော့ သိတဲ့အတိုင်းပဲ၊ ကနဦး ထုတ်ဝေမှု ကာလ ပြီးသွားတာနဲ့ Cryptocurrency ရဲ့ ထုတ်ဝေမှု ပမာဏက သိသိသာသာ လျော့ကျသွားတာဗျ။ အခုလည်း ကြိုတင်ရောင်းချမှုက ပြီးဆုံးလုနီးပါး ဖြစ်နေပြီဆိုတော့ ကျွန်တော်တို့ မကြာခင်မှာ ကွိုင်စျေးနှုန်းကို မြှင့်တင်ဖို့ စီစဉ်နေပါတယ်"

တက်ဂယူ က စိတ်လောနေတဲ့ မျက်နှာပေးကို ပြသလိုက်ရင်း ပြောလိုက်တယ်။

"ဒါဆိုရင်တော့ အချိန်မနှောင်းခင် မြန်မြန် ရင်းနှီးမြှုပ်နှံရမှာပေါ့။ ဟောပြောပွဲ ပြီးတာနဲ့ ချက်ချင်းပဲ စာချုပ်ချုပ်ကြရအောင်"

သိပ်မကြာခင်မှာ ဒီဟိုတယ် ခန်းမထဲမှာ VIP အဖွဲ့ဝင်တွေအတွက် ဟောပြောပွဲတစ်ခု ကျင်းပဖို့ ရှိနေခဲ့တာပါ။

ချွိုင်းနမ်ဝူး က ထိုင်နေရာကနေ ထရပ်လိုက်ရင်း ပြောလိုက်တယ်။

"ဒါဆို ကျွန်တော်တို့ အရင်ဆုံး ခန်းမဘက်ကို ရွှေ့ကြမလား"

"အား... ဒါနဲ့ နောက်ထပ် လူတစ်ယောက် ထပ်ပြီး တက်ရောက်လို့ ရမလားဗျ။ ကျွန်တော့်မှာ ကွိုင်နဲ့ ပိုက်ဆံအများကြီး ရထားတဲ့ သူငယ်ချင်းတစ်ယောက် ရှိသေးလို့လေ၊ သူလည်း ဥက္ကဋ္ဌကြီးနဲ့ ကိုယ်တိုင်တွေ့ပြီး စကားတွေကို ကြားရရင် ယုံကြည်သွားမှာမလို့ သူ့ကို မိတ်ဆက်ပေးချင်လို့ပါ"

ငွေထုတ်ပိုက်ပြီး လာမယ့် သားကောင်တစ်ကောင် ရှိနေတာပဲမလို့ သူတို့အနေနဲ့ ငြင်းပယ်စရာ အကြောင်းမရှိပါဘူး။

ဟမ်ဆောက်ဟွန်း က ပြုံးလိုက်ရင်း ပြောတယ်။

"ဟားဟား... ရပါတယ်ဗျာ။ ဒီနေ့ ဆုံဖြစ်ကြတာ တကယ့်ကို ဝမ်းသာစရာပဲ"

တက်ဂယူ က ခေါင်းညိတ်ပြလိုက်တယ်။

"ဟုတ်ကဲ့။ ဒါဆို သူ့ကို နောက်မှ ဒီကို လာခဲ့ဖို့ ပြောလိုက်ပါ့မယ်"

JG Blockchain ရဲ့ ဟောပြောပွဲကို ချောင်ဒမ် မှာရှိတဲ့ Avalon ဟိုတယ် ခန်းမထဲမှာ ကျင်းပခဲ့တာပါ။

ဒီဟောပြောပွဲကတော့ Jeil Gold Coin ကို ဝမ် သန်း ၅၀ နဲ့ အထက် ဝယ်ယူထားကြတဲ့ VIP အဖွဲ့ဝင်တွေလို့ ခေါ်ဝေါ်တဲ့ လူတွေအတွက် ကျင်းပပေးတာပါ။ ဒါက ရင်းနှီးမြှုပ်နှံမှုတွေ ထပ်မံပြုလုပ်လာအောင် လှုံ့ဆော်ဖို့ ဒါမှမဟုတ် သူတို့ရဲ့ မိတ်ဆွေတွေကိုပါ ခေါ်ဆောင်လာအောင် တိုက်တွန်းဖို့အတွက်ပဲ ဖြစ်တာပေါ့။

ခန်းမရဲ့ နောက်ဘက်မှာတော့ ဟိုတယ် ဘူဖေး အစားအစာတွေကို ပြင်ဆင်ပေးထားခဲ့ပြီး လူတွေက ကိုယ်နှစ်သက်ရာ အစားအစာတွေကို ပန်းကန်ထဲ လွတ်လွတ်လပ်လပ် ထည့်ယူရင်း စကားစမြည် ပြောဆိုနေကြတယ်။ သူတို့ပြောနေတဲ့ အကြောင်းအရာကတော့ သဘာဝအတိုင်း Jeil Gold Coin အကြောင်းပဲ ဖြစ်တာပေါ့။

လူတိုင်းက ပိုက်ဆံအများကြီး ရတော့မယ်ဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ ရင်ခုန်စိတ်လှုပ်ရှားနေကြတဲ့ ပုံစံ ရှိပါတယ်။

မင်ဟာယောင်း ရဲ့ ဝယ်ယူမှု ပမာဏက မပြည့်မီပေမဲ့ မင်ဟာယောင်းက တက်ဂယူ ရဲ့ အထက်အဖွဲ့ဝင်ဖြစ်တာကြောင့် ဒီပွဲကို တက်ရောက်ခွင့် ရရှိခဲ့တာ ဖြစ်ပါတယ်။

'သူ တကယ်ပဲ ဝမ် သန်း ၅ထောင်အထိ ရင်းနှီးမြှုပ်နှံဖို့ စဉ်းစားနေတာလား'

မင်ဟာယောင်းက စိတ်မအေးရတဲ့ လေသံနဲ့ တက်ဂယူ ကို ပြောလိုက်တယ်။

"ငါတို့ အပြင်ဘက်ကို ခဏလောက် သွားပြီး လေကောင်းလေသန့် သွားရှူကြမလား"

"ဟင့်အင်း။ ငါ ဒီမှာတင် အဆင်ပြေပါတယ်"

"နင် မွန်းကြပ်မနေဘူးလား"

"မမွန်းကြပ်ပါဘူး။ ငါ အဆင်ပြေပါတယ်"

"ငါ နင်နဲ့ ခဏလောက် စကားပြောစရာ ရှိလို့..."

"အား... ဒီအသားက တကယ့်ကို အရသာရှိတာပဲ။ နောက်ထပ် သွားယူဦးမှပါ"

မင်ဟာယောင်းက သူ့ကို အကြိမ်ကြိမ် အရိပ်အမြွက် ပြခဲ့ပေမဲ့ တက်ဂယူ ကတော့ ဘူဖေး အစားအစာတွေကိုပဲ အငမ်းမရ စားသောက်နေခဲ့တယ်။

စားသောက်လို့ အတော်အတန် ပြီးသွားတဲ့အခါမှာတော့ ချွိုင်းနမ်ဝူး က စင်မြင့်ပေါ်ကို တက်လာခဲ့ပြီး လူတွေကလည်း လက်ခုပ်တီးခဲ့ကြတယ်။

"အားလုံးပဲ တွေ့ရတာ ဝမ်းသာပါတယ်။ ကျွန်တော်ကတော့ JG Blockchain ရဲ့ စီအီးအို ချွိုင်းနမ်ဝူး ဖြစ်ပါတယ်"

သူက ထုံးစံအတိုင်း တက်တက်ကြွကြွနဲ့ ဟောပြောတော့တာပဲ။ Jeil Gold Coin ရဲ့ စျေးကွက်တင်မယ့် အစီအစဉ်တွေနဲ့ ဗင်နီဇွဲလား ရေနံတွင်း တူးဖော်မှု ဗီဒီယိုတွေက ဖန်သားပြင်ပေါ်မှာ တစ်လှည့်စီ ပေါ်ပေါက်လို့ လာခဲ့တယ်။

"ခင်ဗျားတို့ မြင်တဲ့အတိုင်းပဲ အပေါက်တစ်ပေါက် တူးလိုက်တာနဲ့ ရေနံတွေက ပန်းထွက်လာတာဗျာ။ ကမ္ဘာတစ်ဝှမ်းလုံးကို ရောင်းချမယ့် ဒီရေနံတွေကို Jeil Gold Coin နဲ့ပဲ ဝယ်ယူလို့ ရမှာ ဖြစ်ပါတယ်။ ဒီရက်ပိုင်း မီဒီယာတွေမှာ ရေနံစျေးနှုန်းတွေ တက်နေတာနဲ့ ပတ်သက်ပြီး ဆူညံနေကြပေမဲ့ ဒီမှာရှိတဲ့ ခင်ဗျားတို့အနေနဲ့တော့ ဘာမှ စိတ်ပူစရာ မလိုပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ခင်ဗျားတို့ လက်ထဲမှာရှိတဲ့ Jeil Gold Coin တွေနဲ့ ဒီရေနံတွေကို အမြဲတမ်း ဝယ်ယူနိုင်လို့ပါပဲ။ ရေနံစျေးနှုန်းတွေ တက်လာတာနဲ့အမျှ Jeil Gold Coin ရဲ့ တန်ဖိုးကလည်း လိုက်ပြီး တက်လာမှာ ဖြစ်တာမလို့ ကျွန်တော်တို့အနေနဲ့ ရေနံစျေးနှုန်းတွေ တက်တာကိုပဲ ပျော်ရွှင်နေရမှာ မဟုတ်ဘူးလားဗျာ"

အဖွဲ့ဝင်တွေဆီကနေ ရယ်မောသံတွေ ထွက်ပေါ်လာခဲ့ပြီး တက်ဂယူ ကလည်း လက်ခုပ်တီးကာ အားတက်သရော အော်ဟစ်အားပေးခဲ့တယ်။

ဟမ်ဆောက်ဟွန်း က ဒါကို စောင့်ကြည့်ရင်း မေးလိုက်တယ်။

"ခင်ဗျား ပြောတဲ့လူက ဘယ်အချိန်လောက် ရောက်မှာလဲ"

တက်ဂယူ က မုန့်ကို စားရင်း ပြောတယ်။

"မကြာခင် ရောက်တော့မှာပါဗျာ။ အာ... ဟောဟိုမှာ... ရောက်လာပါပြီ"

ဝတ်စုံပြည့် ဝတ်ဆင်ထားတဲ့ လူငယ်တစ်ယောက်က ခန်းမထဲကို လမ်းလျှောက်ကာ ဝင်ရောက်လာခဲ့တယ်။

'နေပါဦး။ အဲဒီလူက...'

ဧည့်ကြိုတွေ တားဆီးဖို့တောင် အချိန်မရလိုက်ခင်မှာတင် အဲ့ဒီလူက စင်မြင့်ပေါ်ကို ဝုန်းခနဲ တက်လှမ်းသွားခဲ့တော့တာပဲ။ အဲဒီနောက်မှာတော့ သူက ခေါင်းညိတ် နှုတ်ဆက်လိုက်ရင်း ပြောတယ်။

"မင်္ဂလာပါ။ ကျွန်တော်က Cryptocurrency စျေးကွက်တစ်ခုဖြစ်တဲ့ Bithumb ရဲ့ စီအီးအို ဘန်ဂျူဝန် ဖြစ်ပါတယ်။ လက်ရှိ နာမည်ကြီးနေတဲ့ Jeil Gold Coin အကြောင်း ရှင်းလင်းတင်ပြပွဲ ရှိတယ်လို့ ကြားတာနဲ့ ဒီလိုပဲ လာရောက်ခဲ့တာပါ"

ဘန်ဂျူဝန် က အောင်မြင်တဲ့ စီးပွားရေးသမားတစ်ယောက်အဖြစ် သတင်းတွေမှာ ပါလေ့ရှိသလို Cryptocurrency ခေတ်စားနေခဲ့တုန်းကလည်း မီဒီယာတွေနဲ့ အကြိမ်ကြိမ် အင်တာဗျူးခဲ့ဖူးတာပါ။

သူ့မျက်နှာကို မှတ်မိကြတဲ့ လူတွေက ချက်ချင်းပဲ တီးတိုး စကားဆိုကြတော့တယ်။

"တကယ်ကို Bithumb ရဲ့ စီအီးအိုကြီးဟ"

"ဟာ... တကယ်ပဲ"

"သူက Jeil Gold Coin ကို စျေးကွက်တင်ဖို့ ကိစ္စကြောင့် လာတာများလား"

"ဝိုး..."

ဖြောင်း။ ဖြောင်း။ ဖြောင်း

ပရိသတ်တွေက ဒါကို suprise အစီအစဉ်တစ်ခုလို့ ထင်မှတ်ပြီး အားလုံးက တပြိုင်ထဲ လက်ခုပ်တီး အားပေးခဲ့ကြတာကြောင့် သူ့ကို အောက်ဆွဲချဖို့ ကြိုးစားနေတဲ့ ဧည့်ကြိုတွေတောင် ဇဝေဇဝါ ဖြစ်ပြီး တန့်သွားခဲ့ရတယ်။

ဘန်ဂျူဝန် က ချွိုင်းနမ်ဝူး ကို ပြောလိုက်တယ်။

"အားနာပါတယ်ဗျာ၊ မိုက်ကရိုဖုန်းလေး ခဏလောက် ငှားပေးလို့ ရမလား"

ချွိုင်းနမ်ဝူး က ပြာပြာသလဲ ဖြစ်သွားခဲ့ရပေမဲ့ မသိစိတ်နဲ့ မိုက်ကရိုဖုန်းကို လွှဲအပ်ပေးလိုက်မိတယ်။ အဲဒီနောက်မှာတော့ ဘန်ဂျူဝန် က မိုက်ကရိုဖုန်းကို ကိုင်ယူပြီး ခန်းမထဲက လူတွေကို စကားပြောလိုက်တော့တယ်။

"ဒီနေ့ JG Blockchain ရဲ့ အဖွဲ့ဝင်တွေနဲ့ ဆုံတွေ့ခွင့်ရတာကို တကယ့်ကို ဝမ်းသာပါတယ်။ ဒီမှာ စုဝေးနေကြတဲ့ ခင်ဗျားတို့အားလုံးက Jeil Gold Coin ထဲမှာ ပိုက်ဆံအများကြီး ရင်းနှီးမြှုပ်နှံထားကြတယ်လို့ ကြားသိရပါတယ်။ ကျွန်တော် ကိုယ်တိုင်လည်း Jeil Gold Coin အပေါ်မှာ အမြဲတမ်း စိတ်ဝင်စားမှု အများကြီး ရှိခဲ့တာပါ။ ဒါပေမဲ့ ကျွန်တော့်ကို စိတ်အနှောင့်အယှက် ဖြစ်စေတဲ့ အချက်တစ်ခုတော့ ရှိနေပါတယ်..."

လူတိုင်းက အသက်ရှူသံကို ထိန်းထားကြရင်း သူ့ရဲ့ စကားတွေအပေါ် အာရုံစိုက်လိုက်ကြတယ်။

'ချီး... ဒါက ဘယ်လို အခြေအနေကြီးလဲ'

ဟမ်ဆောက်ဟွန်း က ထိုင်နေရာကနေ ချက်ချင်း ထရပ်လိုက်ပြီး ခန်းမထဲကနေ ထွက်ခွာဖို့ ကြိုးစားခဲ့ပေမဲ့ သူ့ဘေးက တက်ဂယူ က သူ့ရဲ့ လက်ကို အတင်း ဆွဲထားလိုက်တယ်။

"ဘယ်သွားမလို့လဲ။ ဥက္ကဋ္ဌကြီးရ။ အဆုံးထိ နားထောင်ပြီးမှ သွားရမှာပေါ့"

"ဘာ..."

'တွေးကြည့်ရင်... ဒီကောင်က Bithumb ရဲ့ စီအီးအို ကို ဒီကို ခေါ်လိုက်တာလား။ သူက ဘယ်သူမလို့လဲ'

ဘန်ဂျူဝန် က ဆက်ပြောလိုက်တယ်။

"အဲဒါကတော့ JG Blockchain က စီအီးအို ကန်ဂျင်ဟူ နဲ့ကော Bithumb နဲ့ပါ ဘာပတ်သက်မှုမှ မရှိတဲ့အချက်ပါ။ ဟုတ်ပါတယ်။ JG Blockchain ရဲ့ စီအီးအို ချွိုင်းနမ်ဝူး က သူက စီအီးအို ကန်ဂျင်ဟူ ရဲ့ ဆွေမျိုး တော်စပ်နေတာ ဖြစ်ကြောင်းကို အသားပေး ပြောဆိုရင်း Jeil Gold Coin က Bithumb ပေါ်မှာ မကြာခင် စျေးကွက်တင်တော့မလိုမျိုး ဟောပြောနေခဲ့တာကို ကျွန်တော် သိပါတယ်။ ဒါပေမဲ့ ကျွန်တော် ဒီနေရာမှာ ရှင်းရှင်းလင်းလင်း ပြောကြားလိုတာကတော့ JG Blockchain က စီအီးအို ကန်ဂျင်ဟူ နဲ့ကော Bithumb နဲ့ပါ ဘာပတ်သက်မှုမှ လုံးဝ မရှိပါဘူး။ ဒါ့အပြင် Blockchain ကျွမ်းကျင်သူတွေက Jeil Gold Coin ကို စစ်ဆေးခဲ့တဲ့ ရလဒ်အရဆိုရင် Jeil Gold Coinက Roidaa ရဲ့ Source Codeကို ကူးယူထားတဲ့ လူလိမ်ကွိုင် သက်သက်ပဲ ဖြစ်ကြောင်း ပေါ်ပေါက်သွားခဲ့ပါပြီ။ ဒါက ဝမ် ၁ ဝမ်ဖိုးတောင် တန်ဖိုးမရှိတဲ့ Cryptocurrency အမှိုက်သက်သက်ပဲ ဖြစ်တာမလို့ Bithumb ပေါ်မှာ ဘယ်တော့မှ စျေးကွက်တင်မှာ မဟုတ်ပါဘူး"

ရုတ်တရက် ခန်းမတစ်ခုလုံးက အပ်ကျသံကြားရတဲ့အထိ ငြိမ်သက်သွားခဲ့တယ်။

လူတိုင်း အံ့သြလွန်းလို့ ပါးစပ်တောင် မဟနိုင်ကြတော့ပါဘူး။ ဒီမှာ စုဝေးနေကြတဲ့ လူတွေက အနည်းဆုံး ဝမ် သန်း ၅၀ ကနေ အများဆုံး ဝမ် သန်းပေါင်း ရာနဲ့ချီပြီး Jeil Gold Coin တွေကို ဝယ်ယူထားခဲ့ကြတာပါ။

ဒါပေမဲ့ အဲဒီကွိုင်က တန်ဖိုးမရှိတဲ့ အမှိုက် သက်သက်ပဲ ဟုတ်လား။

တကယ်လို့ တခြားလူတစ်ယောက်က ပြောခဲ့ရင် သူတို့က ဘယ်တော့မှ ယုံကြည်ကြမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီစကားတွေကို ပြောလိုက်တဲ့လူက ကိုရီးယားမှာ အကြီးမားဆုံး Cryptocurrency စျေးကွက်ဖြစ်တဲ့ Bithumb ရဲ့ စီအီးအို ကိုယ်တိုင် ဖြစ်နေတာလေ။

လူတွေရဲ့ ပါးစပ်ကနေ အော်ဟစ်သံတွေနဲ့ ဆဲဆိုသံတွေ တပြိုင်ထဲ ထွက်ပေါ်လာတော့တယ်။

"ဘာလဲဟ။ လိမ်လည်မှု ဟုတ်လား"

"သူတို့က Bithumb ပေါ်မှာ မကြာခင် စျေးကွက်တင်တော့မယ်လို့ ပြောခဲ့တာလေ"

"ဒါတွေအားလုံးက မုသားစကားတွေ ဖြစ်နေတာလား"

"ဒါတွေအားလုံးက လိမ်လည်မှုကြီးလား"

တချို့လူတွေကတော့ သတိလစ်ပြီး လဲကျသွားတာမျိုး၊ ဒါမှမဟုတ် ကြမ်းပြင်ပေါ်မှာ ပုံလျက်သား ထိုင်ချလိုက်တာမျိုးတွေ ရှိလာခဲ့တယ်။

ချွိုင်းနမ်ဝူး က ပြာပြာသလဲ ဖြစ်သွားခဲ့ရပြီး ဘန်ဂျူဝန် ဆီကနေ မိုက်ကရိုဖုန်းကို လုယူလိုက်တယ်။

"မ-မဟုတ်ပါဘူးဗျာ၊ အဲဒါက အဲလိုမဟုတ်ပါဘူး။ ဒီ-ဒီမှာ တစ်စုံတစ်ခု အထင်မှားနေတာ ရှိလို့ပါ"

"အထင်မှားရမှာလား။ ချီးပဲ။ ငါ့ပိုက်ဆံတွေကို ပြန်ပေးစမ်း လူလိမ်ကောင်"

လူတစ်ယောက်က အရင်ဆုံး ပြေးဝင်သွားခဲ့တဲ့ အခါမှာတော့ တခြားလူတွေကလည်း စင်မြင့်ပေါ်ကို တပြိုင်ထဲ ပြေးဝင်သွားကြတော့တယ်။

"ငါ့ပိုက်ဆံတွေ ဘယ်မှာလဲ"

"စိတ်-စိတ်အေးအေးထားကြပါဦးဗျာ"

ဒီလို အခြေအနေမျိုးမှာ စိတ်အေးအေးထားပါဆိုတဲ့ စကားက ဘယ်လိုမှ အရာထင်မှာ မဟုတ်ပါဘူး။

"ငါ့ပိုက်ဆံတွေကို အခုချက်ချင်း ပြန်ပေးစမ်း"

"ငါ့ပိုက်ဆံတွေက ငါ ဘယ်လိုရှာထားရတဲ့ ပိုက်ဆံတွေလို့ထင်နေတာလဲ"

"ကန်ဂျင်ဟူ နဲ့ ဆွေမျိုးတော်စပ်တယ်ဆိုတာကလည်း မုသားစကားပဲပေါ့ ဟုတ်လား"

"ကျွန်တော်... ကျွန်တော်က..."

သူ နောက်ဆုတ်ဖို့ ကြိုးစားခဲ့ပေမဲ့ တချို့လူတွေက သူ့ရဲ့ ခန္ဓာကိုယ်ကို ဖမ်းဆီးထားပြီးနေပါပြီ။ ထွားထွားကြိုင်းကြိုင်း လူတစ်ယောက်က ချွိုင်းနမ်ဝူး ရဲ့ ကော်လံစကို ဆွဲကိုင်လိုက်ရင်း လှုပ်ခါလိုက်တယ်။

"ငါ့ပိုက်ဆံတွေ ဘယ်မှာလဲ။ ခွေးကောင်။ ငါ မင်းကို မသတ်ခင် အခုချက်ချင်း ပြောစမ်း"

"အဟွတ်။ အဟွတ်... က-ကယ်ကြပါဦး..."

ချွိုင်းနမ်ဝူးဟာ ဒီနေရာမှာတင် အရိုက်ခံရပြီး သေသွားနိုင်တယ်ဆိုတဲ့ အကြောက်တရားကို ခံစားလိုက်ရတော့တယ်။

ကံကောင်းထောက်မစွာနဲ့ပဲ အဲဒီအချိန်မှာပဲ ခန်းမတံခါးက ဝုန်းခနဲ ပွင့်သွားခဲ့ပြီး ရဲတပ်ဖွဲ့ဝင်တွေ အစုလိုက်အပြုံလိုက် ဝင်ရောက်လို့ လာခဲ့တယ်။ သူတို့ရဲ့ နောက်ကွယ်မှာတော့ ကင်မရာတွေကို ကိုင်ဆောင်ထားတဲ့ သတင်းထောက်တွေလည်း ပါလာခဲ့တယ်။

"ပြည်သူ့ရဲတွေဝိုင်းထားပြီ။ မလှုပ်နဲ့။ အားလုံး နောက်ဆုတ်ကြစမ်း"

ရဲတပ်ဖွဲ့ဝင်တွေက အဖွဲ့ဝင်တွေ ဝိုင်းထားခြင်း ခံနေရတဲ့ ချွိုင်းနမ်ဝူး ကို ကယ်ထုတ်လိုက်ပြီး အဲဒီနောက်မှာတော့ လက်ထိပ်ခတ်လိုက် ကြတယ်။ အနက်ရောင် ဝတ်စုံပြည့် ဝတ်ဆင်ထားတဲ့ အစိုးရရှေ့နေတစ်ယောက်က ရှေ့ကို လျှောက်လှမ်းလာခဲ့ပြီး ဟမ်ဆောက်ဟွန်း ရဲ့ ရှေ့မှာ စာရွက်တစ်ရွက်ကို ဖြန့်ပြလိုက်တယ်။

"Jeil Group ရဲ့ ဥက္ကဋ္ဌ ဟမ်ဆွန်းပြို... မဟုတ်သေးပါဘူး၊ မစ္စတာ ဟမ်ဆောက်ဟွန်း ဟုတ်ပါသလား။ ဒါကတော့ ဖမ်းဝရမ်းပါ။ ငြိမ်းငြိမ်းချမ်းချမ်း ပူးပေါင်းဆောင်ရွက်ပေးပါ"

ဂျောက်

သူ့ရဲ့ လက်တွေမှာလည်း လက်ထိပ် ခတ်ခြင်း ခံလိုက်ရတော့တယ်။

ချွိုင်းနမ်ဝူး က ဟမ်ဆောက်ဟွန်း ကို လှမ်းအော်လိုက်တယ်။

"ဥက္ကဋ္ဌကြီး။ ဒါက ဘယ်လိုဖြစ်တာလဲဗျ။ ဒါက လိမ်လည်မှု မဟုတ်ပါဘူးနော်။ တစ်ခုခု ပြောပါဦး။ ဥက္ကဋ္ဌကြီး"

ပြာပြာသလဲ ဖြစ်ပြီး ဘာလုပ်ရမှန်း မသိဖြစ်နေတဲ့ ချွိုင်းနမ်ဝူး နဲ့မတူဘဲ ဟမ်ဆောက်ဟွန်း ကတော့ တည်ငြိမ်တဲ့ မျက်နှာပေးနဲ့ပါ။

သူက စိတ်ထဲကနေ တောက်ခေါက်မိလိုက်တယ်။

'ဒီလိုနေရာမျိုးကို မလာခဲ့မိရင် ကောင်းမှာပဲ'

သူက ဒီလို အဖမ်းခံရနိုင်ခြေ ရှိတာကို လုံးဝ ထည့်မတွက်ထားခဲ့တာ မဟုတ်တာမလို့ ထွက်ပြေးဖို့ လမ်းစတွေကို မတွေးတောထားခဲ့မိတာပါ။

'ဘာပဲဖြစ်ဖြစ်... ရင်းနှီးမြှုပ်နှံမယ့် ရန်ပုံငွေတွေကို တိုက်ရိုက် စည်းရုံးခဲ့တဲ့ ချွိုင်းနမ်ဝူး ပဲ အပြစ်အားလုံးကို ခံရမှာပေါ့'

ချွိုင်းနမ်ဝူး က ကိုရီးယားမှာ စည်းရုံးခဲ့တဲ့ ပိုက်ဆံအများစုကို စင်ကာပူဘက်ကို လွှဲပြောင်းထားခဲ့ပြီး ဖြစ်တာပဲလေ။ ပြည်တွင်း ဘဏ်အကောင့်ထဲမှာ ကျန်ရှိနေတဲ့ ပိုက်ဆံတွေက ချက်ချင်း ချိတ်ပိတ်ခံရနိုင်ပေမဲ့ နိုင်ငံခြား အကောင့်တွေကတော့ အဲလိုမဟုတ်ပါဘူး။

သူတို့က ရန်ပုံငွေ စီးဆင်းမှုကို ခြေရာခံပြီး သက်ဆိုင်ရာ နိုင်ငံဆီ အကောင့်ချိတ်ပိတ်ဖို့ တောင်းဆိုကြမှာဆိုပေမဲ့ အဲဒီအချိန်ကျရင် သူက အမည်လွှဲ အကောင့်တွေနဲ့ လျှို့ဝှက်အကောင့်တွေထဲကို ပိုက်ဆံတွေကို လွှဲပြောင်းပစ်လိုက်ပြီး ဖြစ်မှာပါ။

အဲဒီပိုက်ဆံတွေနဲ့ သူက နာမည်ကြီး ရှေ့နေတွေကို ငှားရမ်းပြီး ဆိုင်းငံ့ပြစ်ဒဏ် ရအောင် လုပ်နိုင်သလို၊ ကံမကောင်းလို့ ထောင်ဒဏ် အနည်းငယ် ကျခံရရင်တောင်မှ သူ့ရဲ့ တစ်သက်တာ အနားယူမှုကတော့ သေချာပေါက် အာမခံချက် ရှိသွားခဲ့ပြီလေ။

ကိုရီးယားက ဘဏ္ဍာရေး ရာဇဝတ်မှုတွေနဲ့ ပတ်သက်ရင် အရမ်းကို ညှာတာလွန်းတဲ့ နိုင်ငံတစ်ခု မဟုတ်ဘူးလား။

သူ အဲဒီလို တွေးနေတုန်းမှာပဲ တက်ဂယူ က သူ့ကို စကားလှမ်းပြောလိုက်တယ်။

"မင်း အပြစ်အားလုံးကို ချွိုင်းနမ်ဝူး ဆီ လွှဲချပစ်လိုက်ပြီး ပိုက်ဆံအားလုံးကို နိုင်ငံခြားကို လွှဲပြောင်းထားခဲ့လို့ အခု စိတ်အေးသွားပြီလို့ ထင်နေတာတော့ မဟုတ်ပါဘူးနော်။ အမှုစစ်ရုံးကို သွားပြီး အကြောင်းအရာအသေးစိတ်ကို ကြားရရင်တော့ မင်း သိသွားလိမ့်မယ်။ ဗင်နီဇွဲလား နိုင်ငံပိုင် ရေနံတွင်း လိမ်လည်မှုနဲ့ ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေတွေကို လွှဲပြောင်းထားတဲ့ ကိစ္စတွေအားလုံးက ပေါ်ပေါက်သွားခဲ့ပြီကွ။ လွတ်မြောက်ဖို့ကတော့ လွယ်မှာ မဟုတ်ဘူး။ ပြီးတော့ အခုအချိန်လောက်ဆိုရင် ဝရမ်းက Golden Gate ဆီ ရောက်သွားပြီး နိုင်ငံခြားက အကောင့်တွေအားလုံးလည်း ချိတ်ပိတ်ခံလိုက်ရပြီဆိုတော့ မင်းဟာ တစ်ပြားတစ်ချပ်မှတောင် ရမှာ မဟုတ်တော့ဘူး"

အဲဒီစကားကြောင့် ဟမ်ဆောက်ဟွန်း ရဲ့ မျက်နှာက ဖြူလျော်သွားခဲ့ရတော့တယ်။ သူ့မှာ ပိုက်ဆံရှိတုန်းကတော့ လူကုံထံ ရာဇဝတ်ကောင်နဲ့ လူကြီးလူကောင်း ဖြစ်ခဲ့ပေမဲ့ ပိုက်ဆံမရှိတော့တဲ့ အခါမှာတော့ သူက လူလိမ်တစ်ယောက်နဲ့ ပိုက်ဆံမရှိတဲ့ လေလွင့်သူ သက်သက်ပဲ ဖြစ်သွားရပါပြီ။

"မ-မင်းက ဒါတွေကို ဘယ်လိုလုပ်ပြီး..."

"မင်းက ဘာဖြစ်လို့ Golden Gate အကောင့်တွေကို သုံးခဲ့ရတာလဲ"

'ငါ ပင်ပန်းကြီးစွာ ရှာထားရတဲ့ ငါ့ပိုက်ဆံတွေ'

လူလိမ်တွေကလည်း သူတို့ရဲ့ ပိုက်ဆံကိုတော့ တန်ဖိုးထားကြပါတယ်။

ဟမ်ဆောက်ဟွန်း က တက်ဂယူ ကို စိုက်ကြည့်ရင်း အော်ဟစ်လိုက်တယ်။

"မင်းက ဘယ်ကောင်မလို့လဲ။ တခြားလူရဲ့ စီးပွားရေးကို ဖျက်ဆီးပစ်ဖို့ မင်းမှာ ဘာလုပ်ပိုင်ခွင့် ရှိလို့လဲ"

တက်ဂယူ က နားမလည်နိုင်ဘူးဆိုတဲ့ ပုံစံနဲ့ မျက်တောင်ခတ်လိုက်ရင်း ပြောလိုက်တယ်။

"မဟုတ်ဘူးလေ၊ စောစောတုန်းကတင် ဥက္ကဋ္ဌကြီး ကိုယ်တိုင် ပြောခဲ့တာလေ၊ မိမိကို တကယ်ပဲ ပျော်ရွှင်စေတဲ့အရာအတွက် အချိန်ပေးပါ ဆို။ ကျွန်တော်က ဒါမျိုး လုပ်ရတာကို ပျော်လို့ အချိန်ပေးပြီး လုပ်လိုက်တာကို ကျွန်တော်က ဘာမှားသွားလို့လဲဗျာ။ စိတ်မကောင်းလိုက်တာ"

"......"

ဆွံ့အသွားခဲ့ရတဲ့ ဟမ်ဆောက်ဟွန်း ကို ကြည့်ရင်း တက်ဂယူ က ဆက်ပြောလိုက်သေးတယ်။

"မင်း သိထားဖို့ကတော့ ငါ အကြိုက်ဆုံး ကိုရီးယားစကားပုံက 'အင်-ဆီလ်-ဂျော့ခ်'ပဲ "

"ဘာ... ဘာအဓိပ္ပါယ်ကြီးလဲ"

"အဓိပ္ပာယ်ကတော့ 'ဘဝဆိုတာ အစစ်အမှန်ကွ။ မအေလိုးရဲ့'ဆိုတာပဲကွ"

ဟမ်ဆောက်ဟွန်း ရဲ့ မျက်လုံးထဲကနေ ဒေါသအရောင်တွေ ထွက်ပေါ်လာခဲ့တယ်။

"ခွေးမသား"

သူဟာ တက်ဂယူ ဆီကို ပြေးဝင်ဖို့ ကြိုးစားခဲ့ပေမဲ့ သူ့ရဲ့ လက်တွေကို ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးထားတာကြောင့် တစ်လက်မတောင် မလှုပ်ရှားနိုင်ခဲ့ပါဘူး။

ရဲတပ်ဖွဲ့ဝင်တွေက ဟမ်ဆောက်ဟွန်း နဲ့ ချွိုင်းနမ်ဝူး တို့ကို တစ်ယောက်ပြီးတစ်ယောက် ဆွဲခေါ်သွားကြတော့တယ်။ ချွိုင်းနမ်ဝူးက ဆွဲခေါ်ခြင်း ခံနေရတုန်းမှာပဲ လှမ်းအော်နေခဲ့သေးတယ်။

"ကျွန်တော့်ကို လွှတ်။ ကျွန်တော့်ရဲ့ ခဲအိုက ကန်ဂျင်ဟူ ဗျ။ OTK ကုမ္ပဏီ ရဲ့ ကန်ဂျင်ဟူ ကို ခင်ဗျားတို့ မသိကြဘူးလား"

တက်ဂယူ က သူ့ကို လှမ်းမေးလိုက်တယ်။

"ပိုက်ဆံရပြီးတဲ့နောက်မှာ မာနကြီးသွားတဲ့ ခဲအိုကို ပြောတာလား"

"ဘာ... ဘာဖြစ်တယ်"

အဲဒီစကားကို ကြားလိုက်ရတဲ့ စက္ကန့်ပိုင်းမှာပဲ သူ့ရဲ့ ခေါင်းထဲမှာ အတိတ်က အမှတ်ရစရာတွေက ဖျတ်ခနဲ ပေါ်ပေါက်လာခဲ့ တော့တယ်။

"မင်း... မင်းက... အဲဒီတုန်းက အိမ်ရှေ့က ကောင် မလား..."

"မင်းရဲ့ စီအီးအို ခဲအိုဆီကို မင်းကိုယ်စား နှုတ်ဆက်စကား ပါးပေးပါမယ်"

ခန်းမတစ်ခုလုံးကတော့ လုံးဝ ပရမ်းပတာ ဖြစ်သွားခဲ့ရပါပြီ။

တချို့လူတွေကတော့ စိတ်လွတ်သွားသလိုမျိုး ငေးငိုင်စွာ ရပ်နေကြပြီး၊ တချို့လူတွေကတော့ သူတို့ရဲ့ ပိုက်ဆံတွေကို ပြန်ပေးဖို့ အော်ဟစ်နေကြသလို၊ တချို့လူတွေကတော့ ကြမ်းပြင်ပေါ်မှာ လှဲချရင်း ငိုကြွေးမြည်တမ်းနေကြတာပါ။

'ဒါတွေအားလုံးက တကယ်ပဲ လိမ်လည်မှုကြီး ဖြစ်နေတာလား'

မင်ဟာယောင်း က ဇဝေဇဝါ ဖြစ်နေတဲ့ မျက်လုံးတွေနဲ့ သူ့ရဲ့ အထက်တန်းကျောင်းတုန်းက အတန်းဖော်ကို စိုက်ကြည့်နေမိတယ်။

အဲဒီနောက်မှာတော့ တက်ဂယူ က ပခုံးတွန့်ပြလိုက်ရင်း ပြောတယ်။

"တကယ်လို့ နင်သာ ဘာမှမသိဘဲ ရင်းနှီးမြှုပ်နှံလိုက်ရင်တော့ မွဲပြာကျသွားမှာ သေချာတယ်"

All Chapters