အခန်း ၂၆၆
Vol. 27 Ch. 266
အခန်း (၂၆၆)
M ပီဇာ ဟာ ဂျေဂျူးကျွန်းရဲ့ ဆီလွန်ဟိုတယ် မှာ ဂျေဂျူးဆိုင်ခွဲကို ဖွင့်လှစ်လိုက်တယ်။
ဒါဟာ သတ္တမမြောက် တိုက်ရိုက်စီမံခန့်ခွဲတဲ့ ဆိုင်ခွဲဖြစ်ပြီး ဂျေဂျူးကျွန်းမှာတော့ ပထမဆုံးပဲ ဖြစ်ပါတယ်။ စီအီးအို လင်ဆိုမီ ဟာ ဂျေဂျူးကျွန်းက ကိုရီးယားခရီးသွားလုပ်ငန်းရဲ့ ဗဟိုချက် ဖြစ်တာကြောင့် အာရှခရီးသွားတွေကို ဆွဲဆောင်နိုင်လိမ့်မယ်လို့ ယုံကြည်မှု အပြည့်ရှိနေခဲ့တယ်။
M ပီဇာရဲ့ ကျော်ကြားမှုကို သက်သေပြနေသလိုပဲ ဆိုင်ဖွင့်ပွဲအခမ်းအနား မစတင်ခင်ကတည်းက လူတွေ အရှည်ကြီး တန်းစီနေခဲ့ကြပြီး အဲဒီထဲမှာ နိုင်ငံခြားသားတွေ အများကြီး ပါဝင်နေခဲ့တာပါ။
ကျွန်တော် က စီအီးအို လင်ဆိုမီ နဲ့အတူ ဖွင့်ပွဲအခမ်းအနားကို တက်ရောက်ပြီး ဖဲကြိုးဖြတ်ပေးခဲ့တယ်။ အဲ့ဒီနောက်မှာတော့ ဂျေဂျူးကျွန်းက တရားဝင်အစီအစဉ်တွေ ပြီးဆုံးသွားခဲ့ပြီး အဲဒီနောက်ပိုင်းကတော့ အပန်းဖြေခရီး အချိန်ပဲ ဖြစ်သွားတော့တယ်။
ရက်အနည်းငယ်အတွင်းမှာပဲ ကျွန်တော် ဟာ အမေနဲ့အတူ ဆောင်ဆန်အီချူးဘွန်း၊ ဆော့ပ်ဂျီကို့ဂျီ၊ ချွန်းဂျီယွန်း ရေတံခွန် စတာတွေဆီ ဂျေဂျူးကျွန်းအနှံ့ သွားလည်ခဲ့တယ်။ နေ့တိုင်းလည်း အယ်လီ နဲ့အတူ အနည်းဆုံး တစ်ကြိမ်တော့ ပင်လယ်ထဲ ဆင်းဖြစ်ခဲ့ကြတာပေါ့။
အယ်လီ က အပေါ်ကို တက်ရအောင် ဆိုတဲ့သဘောနဲ့ လက်မထောင်ပြတယ်။ ကျွန်တော်တို့တွေ ရေမျက်နှာပြင်ပေါ်ကို ဖြည်းဖြည်းချင်း တက်လာခဲ့ကြတယ်။
ကျွန်တော့် မျက်နှာက ရေပေါ် ရောက်သွားတဲ့အခါမှာ ပါးစပ်ထဲက ပိုက်ကို ထုတ်လိုက်ပြီး အသက်ကို ဝဝရှူလိုက်တယ်။ ခြောက်သွေ့ပြီး ဟောင်းနွမ်းနေတဲ့ လေတွေနေရာမှာ လတ်ဆတ်တဲ့ လေတွေက ခန္ဓာကိုယ်ထဲကို စီးဝင်လာပါတယ်။
ကျွန်တော်တို့တွေ ရွက်လှေရဲ့ နောက်ဘက်မှာ တပ်ဆင်ထားတဲ့ လှေကားအတိုင်း အပေါ်ကို တက်ခဲ့ကြတယ်။ ရေထဲကနေ ထွက်လိုက်တာနဲ့ ကျွန်တော် ဝတ်ဆင်ထားတဲ့ ကိရိယာတွေက တကယ့်ကို လေးလံလှတယ်လို့ ခံစားလိုက်ရတယ်။
ကျွန်တော် က ကိရိယာတွေကို ချွတ်လိုက်ပြီး အမောဖြေလိုက်ရင်း ပြောလိုက်တယ်။
"အခုဆိုရင် နင်ဟာ ရေငုပ်ရတာ တော်တော်လေး ကျွမ်းကျင်နေပြီ။ Open Water လက်မှတ်တောင် ယူလို့ရနေပြီ"
"ငါ့ကိုငါ ရေငုပ်ရတာကို သိပ်မကြိုက်ဘူး ထင်နေတာ။ တကယ်တမ်း စမ်းလုပ်ကြည့်တော့လည်း ပျော်စရာကောင်းသား"
တကယ်ပဲ လူဆိုတာ အတွေ့အကြုံမျိုးစုံ ရှိထားသင့်တယ် ထင်တာပဲ။ ကိုယ်က တစ်ခုခုကို ကြိုက်လား၊ မကြိုက်ဘူးလားဆိုတာ ကိုယ်တိုင် စမ်းကြည့်မှပဲ သိနိုင်တာလေ။
အယ်လီ က မျက်စိတစ်ဖက် မှိတ်ပြလိုက်ရင်းပြောတယ်။
"သိပြီမလား။ ပျော်စရာ ကောင်းပါတယ်လို့ ငါ ပြောသားပဲ ။ နောက်တစ်ခါကျရင် Skydiving (လေထီးခုန်) အတူတူ ခုန်ကြည့်ကြရအောင်"
"..."
လေယာဉ်ပေါ်ကနေ လေထီးနဲ့ ခုန်ချတဲ့အကြောင်းကို အယ်လီ ပြောနေတာတော့ မဟုတ်ပါဘူးနော်။
"ဂျင်ဟူ လည်း စမ်းကြည့်ရင် သေချာပေါက် ကြိုက်သွားမှာပါ"
"......"
မကြိုက်ပါဘူး။ အဲဒါကတော့ ကျွန်တော် တကယ်ပဲ စမ်းကြည့်ဖို့ မလိုတဲ့ အရာလို့ ထင်ပါတယ်။
အယ်လီ က သူ သောက်နေတဲ့ ရေပုလင်းကို ကျွန်တော့်ဆီ ကမ်းပေးလိုက်တယ်။ ကျွန်တော် ပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်မိတယ်။ နေရောင်ခြည်က နွေးထွေးနေပြီး အပြာရောင် ပင်လယ်ပြင်ကြီးက အရပ်မျက်နှာအနှံ့ ကျယ်ပြောလို့နေပါတယ်။
ကျွန်တော်တို့တွေက ရွက်လှေပေါ်မှာ ရောက်နေကြတာပါ။
ဒီရွက်လှေက ဇိမ်ခံ ရွက်လှေကြီး ဖြစ်တာကြောင့် အတွင်းထဲမှာ အိပ်ခန်းတွေတင်မကဘဲ သီးသန့် ရေချိုးခန်းတွေပါ ရှိပါတယ်။ ရွက်လှေမောင်းနှင်တဲ့အခန်းကိုလည်း သီးသန့် ပိုင်းခြားထားတာမလို့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေအတွက် လုံးဝ အဆင်ပြေပါတယ်။
အယ်လီ က ကျောပေးလိုက်ရင်း ပြောတယ်။
"ဇစ်လေး ဆွဲချပေးပါဦး"
ကျွန်တော် သူ့ကျောပြင်က ဇစ်ကို ဆွဲချပေးလိုက်တော့ အယ်လီ က ရေငုပ်ဝတ်စုံကို ချွတ်လိုက်တယ်။ ရေငုပ်ဝတ်စုံအတွင်းထဲမှာတော့ အယ်လီက အနက်ရောင် ဘီကီနီကို ဝတ်ဆင်ထားတာပါ။ ဆီးနှင်းလို ဖြူဖွေးတဲ့ အသားအရေနဲ့ လေ့ကျင့်ခန်း လုပ်ထားတာကြောင့် အချိုးအစားကျလှတဲ့ ခန္ဓာကိုယ် ကောက်ကြောင်းတွေက အထင်းသား ပေါ်ပေါက်လို့ လာတယ်။
အဆီတစ်စက်မှ မရှိတဲ့ ဗိုက်ပြင်ပေါ်မှာ အကြောစိမ်းလေးတွေက ထင်ရှားနေပြီး ဖြောင့်စင်းလှတဲ့ လက်မောင်းတွေနဲ့ ခြေထောက်တွေကလည်း ကျန်းမာကြံ့ခိုင်မှု ရှိလှတယ်။
အယ်လီ က စိုစွတ်နေတဲ့ ဆံပင်တွေကို လက်ချောင်းလေးတွေနဲ့ သပ်တင်လိုက်တယ်။ အဲဒီမြင်ကွင်းက ဘီကီနီ မော်ဒယ်လ် ဓာတ်ပုံရိုက်ကွင်းတစ်ခုကို ကြည့်နေရသလိုပါပဲ။
"ဒါက ကမ်းခြေ မဟုတ်လို့ တော်သေးတာပေါ့"
"ဘာဖြစ်လို့လဲ"
"တခြား ယောက်ျားတွေအားလုံးက စိုက်ကြည့်နေကြမှာစိုးလို့လေ"
"တခြား ယောက်ျားတွေ ကြည့်ရင် ဂျင်ဟူ က မကြိုက်ဘူးလား"
ကျွန်တော် အမှန်အတိုင်းပဲ ပြောလိုက်တယ်။
"နင့်ကို ငါတစ်ယောက်ထဲပဲ မြင်ချင်တာ"
အယ်လီ က ကျွန်တော့်ကို နမ်းလိုက်ပြီး စနောက်တဲ့ လေသံနဲ့ မေးလိုက်တယ်။
"ဒါဆို ကျန်တာတွေကိုလည်း ချွတ်ပြရမလား"
အဲဒီစကားကြောင့် ကျွန်တော် တံတွေးကို အလိုလို မျိုချလိုက်မိရင်း ပြောလိုက်တယ်။
"ဒီမှာချွတ်ပြမှာလား"
"ဂျင်ဟူ သာ အလိုရှိရင် အချိန်မရွေးပေါ့"
"......"
ကျွန်တော် အပန်းလာဖြေမိတာ တကယ့်ကို မှန်သွားခဲ့တာပဲ။
ကျွန်တော်တို့တွေ ဟိုတယ်ဆီကို ပြန်လာခဲ့ကြတယ်။
ကျွန်တော်တို့ တည်းခိုတဲ့နေရာကတော့ ဆီလွန်ဟိုတယ် ဂျေဂျူးရဲ့ Presidential Suiteပါ။
အယ်လီ က ရေချိုးလို့ ပြီးသွားတဲ့အခါမှာ ရေချိုးဝတ်စုံကို ဝတ်ဆင်ရင်း ထွက်လာခဲ့တယ်။ မိတ်ကပ်တစ်စက်မှ မရှိတဲ့ အယ်လီရဲ့ ပြစ်မျိုးမှဲ့မထင် မျက်နှာလေးက ဝင်းပလို့နေပါတယ်။ ကျွန်တော် နေ့တိုင်း မြင်နေရတဲ့ မျက်နှာလေး ဖြစ်ပေမဲ့ အယ်လီက တကယ့်ကို လှပလွန်းတာပါ။
အယ်လီကို ရင်ခွင်ထဲ ဆွဲသွင်းဖို့ ကျွန်တော်ကြိုးစားလိုက်တဲ့အခါမှာ အယ်လီ က ပြောတယ်။
"မရဘူးလေ၊ မလုပ်ပါနဲ့ဦး။ ခဏနေရင် ဂျင်ဟူ ရဲ့ အမေနဲ့အတူ ညစာ သွားစားကြရမှာလေ"
"နောက်ထပ် တစ်နာရီတောင် ကျန်သေးတာပဲလေ"
"တကယ်ပဲ... ဂျင်ဟူ ရဲ့ ခေါင်းထဲမှာ ဒါပဲ ရှိနေတာလား"
"အဲဒါကတော့..."
အသက် ၂၀ ကျော် ယောက်ျားလေးတွေအားလုံးက ဒီလိုပဲ မဟုတ်ဘူးလား။
ကျွန်တော်ဆင်ခြေပေးလိုက်မိတယ်။
"မ-မဟုတ်ပါဘူး၊ အယ်လီ က အရမ်း လှလွန်းနေလို့ပါ"
အဲဒီတော့မှ အယ်လီ က နှုတ်ခမ်းလေး ဆူလိုက်ရင်း ပြောတယ်။
"ဟွန်း... လူလိမ်"
"တကယ် ပြောတာပါ"
ကျွန်တော် အယ်လီကို နမ်းတော့မယ့် အချိန်မှာပဲ ရုတ်တရက် အယ်လီ ရဲ့ မျက်ဝန်းတွေက ကျယ်သွားခဲ့တယ်။
"ခ-ခဏနေဦး"
"ဘာဖြစ်လို့လဲ"
ကျွန်တော် က အသားယူဖို့ပဲ လုပ်ဖို့ ကြိုးစားနေလို့ အယ်လီ စိတ်ဆိုးသွားတာလား။
အယ်လီ က လက်ညှိုးနဲ့ အရှေ့ကို ညွှန်ပြလိုက်ရင်းပြောတယ်။
"ဟို-ဟိုမှာ ကြည့်လိုက်ဦး"
ကျွန်တော် ခေါင်းလှည့်ကြည့်လိုက်တဲ့အခါမှာ လန့်ဖျပ်သွားခဲ့ရ တော့တယ်။ သတင်းစာမျက်နှာရဲ့ အောက်ခြေမှာ စာတန်းတစ်ခုက ဖျတ်ခနဲ ပေါ်ပေါက်လာခဲ့တာပါ။
'ကန်ဂျင်ဟူ ရဲ့ ဆွေမျိုး အပါအဝင် တရားမဝင် MLM ဂိုဏ်းကို ဖမ်းဆီးရမိ'
ဒါက ဘာကြီးလဲ။
ကျွန်တော် လန့်သွားခဲ့ရပြီး ရီမုဒ်နဲ့ အသံကို ချဲ့လိုက်တယ်။
သတင်းထောက်က ပြောတယ်။
"Cryptocurrency ခေတ်စားမှုက ငြိမ်သက်သွားခဲ့ပြီ ဖြစ်ပေမဲ့ ကွိုင်တွေနဲ့ ပတ်သက်တဲ့ လိမ်လည်မှုတွေကတော့ ဆက်တိုက် ဖြစ်ပွားနေဆဲပဲ ဖြစ်ပါတယ်။ မကြာသေးခင်ကပဲ ကွိုင်တွေ၊ MLM တွေနဲ့ ဗင်နီဇွဲလား ရေနံတွင်းတွေကိုပါ ပေါင်းစပ်ထားတဲ့ လိမ်လည်မှုတစ်ခု ဖြစ်ပွားခဲ့တာပါ။ JG Blockchain ရဲ့ စီအီးအို ချွိုင်းနမ်ဝူး ဟာ သူက ကန်ဂျင်ဟူ ရဲ့ ဆွေမျိုး တော်စပ်နေကြောင်း ပြောဆိုပြီး ရင်းနှီးမြှုပ်နှံမယ့်လူတွေကို စည်းရုံးခဲ့တယ်လို့ သိရပါတယ်..."
ချွိုင်းနမ်ဝူး ဆိုတာ ဘယ်သူလဲ။
အဲဒီအချိန်မှာပဲ လက်ထိပ်ခတ်ခံထားရတဲ့ ယောက်ျားတစ်ယောက်ရဲ့ ပုံရိပ်က ဖန်သားပြင်ပေါ်မှာ ပေါ်လာခဲ့တယ်။
သူ့ကို တစ်နေရာရာမှာ မြင်ဖူးသလိုလိုပဲ။
"အဲဒီလူက..."
ဒါက ကန်မီယောင် ရဲ့ ခင်ပွန်း၊ ကျွန်တော့်ရဲ့ ဝမ်းကွဲ ယောက်ဖ မဟုတ်ဘူးလား။ ကျွန်တော် က ဒုံတန် အိမ်မှာ ဆွေမျိုးတွေ အုပ်စုလိုက် ရောက်လာတုန်းကတင် သူ့ကို ခဏပဲ မြင်ဖူးခဲ့တာပါ။ သူနဲ့တွေ့ဖူးတာက အဲဒါက ပထမဆုံးနဲ့ နောက်ဆုံးပဲလို့ ပြောလို့ရမယ်ထင်တယ်။
သတင်းထောက်တွေရဲ့ မေးခွန်းတွေ တရစပ်ထွက်လာတဲ့ အခါမှာတော့ လက်ထိပ်ခတ်ခံထားရတဲ့ ချွိုင်းနမ်ဝူး က မကျေမနပ်ဖြစ်နေတဲ့ ပုံစံနဲ့ ပြောလိုက်တယ်။
"ဒါက လိမ်လည်မှု မဟုတ်ပါဘူး။ Jeil Gold Coin ဆိုတာက အနာဂတ်အသစ်ကို ဖွင့်လှစ်ပေးမယ့် စတုတ္ထမြောက် စက်မှုတော်လှန်ရေးရဲ့ ခေတ်မီ နည်းပညာတစ်ခု ဖြစ်ပြီး ဗင်နီဇွဲလားရဲ့ ပီထရိုကွိုင်၊ ဒေါ်လာ၊ ရေနံစျေးနှုန်းတွေနဲ့ ချိတ်ဆက်ထားတဲ့ Blockchain သဘောတရားအသစ်ပါ"
အဲဒီနောက်မှာတော့ အဲဒီအချိန်တုန်းက အခင်းဖြစ်ပွားရာ နေရာရဲ့ ရုပ်သံဖိုင်ကို ပြသခဲ့တယ်။
ရဲတပ်ဖွဲ့ဝင်တွေက ဟိုတယ်တစ်ခုမှာ ကျင်းပနေတဲ့ ပွဲတစ်ခုကို ဝင်ရောက်စီးနင်းခဲ့ကြပြီး MLM ဂိုဏ်းသားတွေကို တစ်ယောက်ပြီးတစ်ယောက် ဖမ်းဆီးခဲ့ကြတာပါ။
အယ်လီ က ဖန်သားပြင်ရဲ့ တစ်ဖက်ကို ညွှန်ပြလိုက်ရင်း ပြောလိုက်တယ်။
"ဟာ... အဲဒါ တက်ဂယူ မဟုတ်ဘူးလား"
"ဟမ်..."
ဂျင်းဘောင်းဘီ၊ ခေါင်းစွပ်အင်္ကျီနဲ့ ဘေ့စ်ဘောဦးထုပ်ကို ဆောင်းထားတဲ့ ယောက်ျားတစ်ယောက်က ဝင်ဖမ်းတဲ့နေရာမှာ ရပ်နေခဲ့တာပါ။ သိတဲ့လူ ဘယ်သူပဲကြည့်ကြည့် အိုတက်ဂယူမှန်း တန်းသိမှာပါပဲ။
"......"
မင်းက ဘာဖြစ်လို့ အဲဒီမှာ ရောက်နေတာလဲ။
သတင်းထောက်က ဆက်ပြောတယ်။
"အမှုစစ်ရုံးကတော့ OTK ကုမ္ပဏီ ဟာ ဒီအမှုကို ဖြေရှင်းတဲ့နေရာမှာ ပြတ်သားတဲ့ သက်သေအထောက်အထားတွေကို ပံ့ပိုးပေးခဲ့တဲ့ အတွက် ကျေးဇူးတင်ကြောင်း ဖော်ပြခဲ့ပါတယ်။ တစ်ဖက်မှာလည်း OTK ကုမ္ပဏီ ရဲ့ ကိုယ်စားလှယ်က သတိပေးချက် ထုတ်ပြန်ခဲ့ပြီး မည်သည့်အခြေအနေမျိုးမှာမဆို တစ်ဦးချင်းစီဆီ ကနေ ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေတွေကို တောင်းခံခြင်း မရှိကြောင်းနဲ့ ကန်ဂျင်ဟူ ရဲ့ နာမည်ကို အသုံးပြုပြီး ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေ တောင်းခံခြင်းမျိုးက လုံးဝ လိမ်လည်မှု သက်သက်သာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်"
ဖန်သားပြင်က ပြောင်းလဲသွားခဲ့ပြီး ဆိုးလ်ခရိုင် အထူးစုံစမ်းစစ်ဆေးရေးမှူးချုပ် အန်ဆောင်းနမ် ပေါ်လာခဲ့တယ်။
"...အမှုစစ်ရုံးအနေနဲ့ မြန်မြန်ဆန်ဆန်နဲ့ စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ပြီး MLM ဂိုဏ်းကို ဖမ်းဆီးရမိခဲ့တာပါ။ နောက်ထပ် ထိခိုက်မှုတွေ ရှိလာနိုင်တာကို တွေးဆပြီး စုံစမ်းစစ်ဆေးမှုတွေကို ထပ်မံချဲ့ထွင်ဖို့လည်း စီစဉ်နေပါတယ်။ ထိခိုက်မှုတွေကို ပြန်လည်ကုစားပေးနိုင်ဖို့အတွက် လိမ်လည်မှုမှာ အသုံးပြုခဲ့တဲ့ ပြည်တွင်း ဘဏ်အကောင့်တွေနဲ့ စင်ကာပူမှာရှိတဲ့ နိုင်ငံခြား အကောင့်တွေဆီကနေ ငွေသွင်းငွေထုတ် ပြုလုပ်တာတွေကို ချက်ချင်း ချိတ်ပိတ်နိုင်ခဲ့ပြီ ဖြစ်တာမလို့ ထိခိုက်သွားတဲ့ ပမာဏကို အမြန်ဆုံး ပြန်လည်ရရှိအောင် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ နောက်နောင်မှာလည်း ကျွန်တော်တို့ အမှုစစ်ရုံးအနေနဲ့ ပြည်သူလူထုရဲ့ လူနေမှုဘဝကို ထိခိုက်စေတဲ့ ဘဏ္ဍာရေး ရာဇဝတ်မှုမျိုးစုံကို ဆက်လက်ခြေရာခံပြီး အပြစ်ပေး အရေးယူသွားမှာပါ"
ကျွန်တော် က တက်ဂယူ ဆီကို ချက်ချင်း ဖုန်းခေါ်လိုက်တယ်။
"ငါ အခုပဲ သတင်းထဲမှာ မြင်လိုက်တယ်၊ ဘာတွေ ဖြစ်နေတာလဲ။ မင်းက ဘာဖြစ်လို့ အဲဒီမှာ ရောက်နေရတာလဲ"
[စိတ်မပူပါနဲ့ကွာ။ စိတ်အေးအေးထားပြီးမှ ပြန်လာခဲ့ပါ။ ငါ အားလုံးကို ရှင်းလင်းပြီးပါပြီ]
"ဟမ်..."
သူက ဘာတွေကို ရှင်းလင်းပစ်လိုက်တာလဲ။
Tracking PD ရဲ့ အစီအစဉ်က ထုတ်လွှင့်ပြသခဲ့ပြီး သတင်းတွေမှာလည်း နေ့တိုင်း အကျယ်တဝန့် ဖော်ပြခဲ့ကြတယ်။ ကန်ဂျင်ဟူ ရဲ့ နာမည် ပါဝင်ပတ်သက်နေတာကြောင့် ပြည်သူလူထုရဲ့ စိတ်ဝင်စားမှုက မြင့်တက်နေခဲ့တာပေါ့။
ဒီသတင်းက ဝက်ဘ်ဆိုက်မျိုးစုံရဲ့ ရှာဖွေမှု အများဆုံး ကဏ္ဍမှာ ထိပ်ဆုံးက ရောက်နေခဲ့ပြီး အင်တာနက် သတင်းတွေလည်း ပုံအောထွက်လာခဲ့တယ်။
တက်ဂယူ က Tracking PD ရဲ့ PD ချာကီဂျွန် ဆီကနေ လက်ခံရရှိထားတဲ့ ဘေ့စ်ဘောဦးထုပ် အတွင်းထဲမှာ ကင်မရာအသေးလေးတစ်ခု တပ်ဆင်ထားခဲ့တာပါ။ ဒါကြောင့်မလို့ ဖမ်းဆီးတဲ့ အခင်းဖြစ်ပွားရာ မြင်ကွင်းက အပြည့်အစုံ မှတ်တမ်းတင်ခံလိုက်ရတာပေါ့။
အမှုစစ်ရုံးက ဟမ်ဆောက်ဟွန်း နဲ့ ချွိုင်းနမ်ဝူး တို့ကို ဖမ်းဆီးတဲ့ အချိန်မှာပဲ တစ်နိုင်ငံလုံးမှာရှိတဲ့ စင်တာခွဲတွေကို တပြိုင်ထဲ ဝင်ရောက်စီးနင်းခဲ့တာ ဖြစ်ပါတယ်။
အမှုစစ်ရုံးက MLM လူလိမ်တွေကို အကြိမ်ကြိမ် ဖမ်းဆီးဖူးခဲ့ကြဖူးပေမဲ့ ဒီလောက်အထိ မြန်မြန်ဆန်ဆန် ဖမ်းဆီးနိုင်ခဲ့တာကတော့ ဒါက ပထမဆုံးပဲ ဖြစ်တယ်လို့ ပြောလို့ရမယ် ထင်တယ်။
လက်အောက်ငယ်သားတွေကို ခိုင်းလို့ရရဲ့သားနဲ့ အထူးစစ်ဆေးရေးမှူးချုပ် အန်ဆောင်းနမ် ကိုယ်တိုင် ရှေ့ထွက်ပြီး ရှင်းလင်းတင်ပြမှုတွေကို အကြိမ်ကြိမ် ပြုလုပ်ခဲ့တာပါ။
ကံကောင်းထောက်မစွာနဲ့ပဲ ကန်ဂျင်ဟူ နဲ့ OTK ကုမ္ပဏီ အပေါ် ဝေဖန်မှုမျိုးကတော့ လုံးဝ မရှိသလောက်ပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဒီဖြစ်စဉ်က OTK ကုမ္ပဏီ ကြောင့် လူလိမ်တွေကို ဖမ်းဆီးနိုင်ခဲ့လို့လေ။
အထူးစစ်ဆေးရေးမှူးချုပ် အန်ဆောင်းနမ် ကလည်း OTK ကုမ္ပဏီ က ပြတ်သားတဲ့ သက်သေအထောက်အထားတွေကို တင်ပြပေးခဲ့တာနဲ့ တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်ပေးခဲ့မှုတွေကြောင့်သာ ဒီလူလိမ်တွေကို ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်ကြောင်း ပြောကြားခဲ့သေးတယ်။
– ဝိုး... OTK ကုမ္ပဏီ ကတော့ တစ်ခါ ထပ်လုပ်ပြပြန်ပြီ။
– ဟားဟားဟား... ကန်ဂျင်ဟူ ရဲ့ နာမည်ကို ရောင်းပြီး လိမ်တာကိုး။ ဒီလိုကောင်မျိုး ပေါ်လာလိမ့်မယ်ဆိုတာ ငါ သိသားပဲ။
– မောင်နှမဝမ်းကွဲရဲ့ ခင်ပွန်းဆိုရင်တော့ သူတို့က သိပ်ပြီး ရင်းနှီးတဲ့ ဆွေမျိုး မဟုတ်ပါဘူး။
– ကျော်ကြားသူတွေရဲ့ မိသားစုနဲ့ ဆွေမျိုးတွေထဲမှာ ဒီလိုကောင်မျိုးတွေ အများကြီး ရှိတာပဲလေ။ မကြာသေးခင်ကတင် Enter Girlက ရဲယောင်း ရဲ့ အဖေလည်း သမီးဖြစ်သူရဲ့ နာမည်ကို သုံးပြီး ဝမ် သန်း ၂သောင်းလိမ်လည်ခဲ့လို့ ဖမ်းခံလိုက်ရသေးတယ်။
– ချီးပဲ... ဒီနိုင်ငံမှာ ဘာလို့ ငတုံးတွေ ဒီလောက်တောင် ပေါနေရတာလဲ။
– ဘယ်လို ငတုံးမျိုးက ဒီလိုအရာမျိုးနဲ့ အလိမ်ခံရတာလဲ။ ဒါကို ယုံကြည်ရအောင် ဦးနှောက်က ဘယ်လောက်တောင် မရှိဘဲ ဖြစ်နေရတာလဲ။
– အဲဒီ ငတုံးက ကျွန်တော် ပါပဲဗျာ... ကျွန်တော်က စစ်တပ်ထဲက စီနီယာနောက်ကို လိုက်ပြီး ဝမ် ၅.၀၄ သန်းဖိုး အမှိုက်ကွိုင်တွေကို ဝယ်မိသွားတာ။ မနက်ဖြန်ကျရင် ရဲစခန်းကို သွားပြီး နစ်နာသူအဖြစ် အစစ်ဆေးခံရတော့မှာပါ။
– အားနာပါတယ်။ အစ်ကို... ကျွန်တော် အစ်ကို့ရဲ့ စိတ်ကို ထိခိုက်အောင် ပြောမိသွားလား။
– မဟုတ်ပါဘူးဗျာ၊ အလိမ်ခံရတဲ့ ကျွန်တော်ကပဲ ငတုံးပါ။ ဘာပဲဖြစ်ဖြစ် ချေးငွေ ပြန်ဆပ်ရမယ့် ကိစ္စကိုပဲ စိတ်ပူနေမိတယ်...
– ဒါပေမဲ့လည်း အားတင်းထားပါ။ ထက်ဝက်လောက်တော့ ပြန်ရနိုင်တယ်လို့ ပြောနေကြတာပဲလေ။
– ရင်းနှီးမြှုပ်နှံသူတွေက ကန်ဂျင်ဟူ ရဲ့ နာမည်ကို ယုံကြည်ပြီး ရင်းနှီးမြှုပ်နှံခဲ့ကြတာဆိုတော့ ကန်ဂျင်ဟူ အနေနဲ့ အနည်းဆုံးတော့ ကိုယ်ကျင့်တရားအရ နစ်နာကြေး ပေးသင့်တာ မဟုတ်ဘူးလား။
– ဟုတ်တယ်။ ကန်ဂျင်ဟူ မှာ ပိုက်ဆံတွေ အများကြီး ရှိတာပဲ။
– ဒါက ဘယ်လိုချီးစကားမျိုးပြောလိုက်တာလဲ။ ဒါဆို တစ်ယောက်ယောက်က မင်းရဲ့ နာမည်ကို ရောင်းပြီး လူတွေကို လိမ်ရင် မင်းက လျော်ကြေး ပေးမှာလား။
– ပြီးခဲ့တဲ့တစ်ခေါက်တုန်းက ရော်နယ်ဒို ရဲ့ နာမည်ကို ရောင်းပြီး လိမ်ခဲ့တဲ့ကောင်တွေ ကိစ္စတုန်းကကော ရော်နယ်ဒို က လျော်ကြေး ပေးခဲ့ရလို့လား။
– ဒါက ရေနစ်လို့ ကယ်ပါတယ်ဆိုမှ အထုပ်တောင်းနေတဲ့ အကွက်မျိုးပဲ။ တကယ်လို့ OTK ကုမ္ပဏီ သာ မရှိခဲ့ရင် နစ်နာသူတွေရဲ့ အရေအတွက်က ပိုပြီး တိုးလာမှာဖြစ်သလို ပိုက်ဆံတွေကိုလည်း ပြန်ရကြမှာ မဟုတ်ဘူး။
– ဘာပဲဖြစ်ဖြစ် ကောင်းတာလုပ်လည်း အပြောခံရတာပဲ။
ရက်အနည်းငယ် ကြာပြီးနောက်
တက်ဂယူ က ကော်ဖီဆိုင်တစ်ခုမှာ ထိုင်ရင်း မင်ဟာယောင်း ကို စောင့်ဆိုင်းနေခဲ့တယ်။
သူ တင်ပြခဲ့တဲ့ တိုင်ချက် စာရွက်စာတမ်းထဲမှာ အနည်းငယ် မှားယွင်းနေတာတွေ ရှိနေခဲ့တာပါ။ သူက နစ်နာသူ အနည်းငယ်ပဲ ရှိပြီး ထိခိုက်မှု ပမာဏက ဝမ်သန်းပေါင်း ရာနဲ့ချီ ရှိလိမ့်မယ်လို့ ခန့်မှန်းခဲ့ပေမဲ့ တကယ်တမ်း စစ်ဆေးလိုက်တဲ့ အခါမှာတော့ သားကောင် အရေအတွက်က ရာဂဏန်း မဟုတ်ဘဲ ၁,၀၀၀ ကျော် ရှိနေခဲ့ပြီး ထိခိုက်မှု ပမာဏကလည်း ဝမ် သန်း ၁သိန်းကို အလွယ်တကူ ကျော်လွန်သွားခဲ့တယ်။
တက်ဂယူ က အထုပ်ကို ဖောက်လိုက်ပြီး မာလန်ကော (ကိုရီးယား ဂျယ်လီမုန့်) ကို ဝါးစားရင်း စိတ်ထဲကနေ တွေးလိုက်တယ်။
'ဒီလို သေးငယ်တဲ့ မြေပြင်ပေါ်မှာ ဒီလောက်အထိ တုံးအတဲ့ ငတုံးတွေ ပေါနေလိမ့်မယ်လို့ မထင်ထားမိဘူး'
စောစောစီးစီး ဖမ်းဆီးနိုင်ခဲ့လို့ တော်သေးတာပေါ့။ တကယ်လို့ လအနည်းငယ်လောက် နောက်ကျသွားခဲ့ရင် ထိခိုက်မှု ပမာဏက ဒီထက်မက ပိုပြီး ကြီးမားသွားခဲ့မှာ သေချာပါတယ်။
စုံစမ်းစစ်ဆေးရေး အာဏာပိုင်တွေက စာရင်းကို ရရှိသွားခဲ့ပြီး နစ်နာသူတစ်ယောက်ချင်းစီဆီကို ဖုန်းဆက်ကာ ရှင်းပြတဲ့အခါမှာတော့ လူတွေက လန့်ဖျပ်သွားခဲ့ကြတယ်။ ဒါပေမဲ့ တချို့လူတွေကတော့ ဒါကို မယုံကြည်နိုင်သေးဘူးဆိုတဲ့ ပုံစံနဲ့ တုံ့ပြန်ခဲ့ကြပြီး တချို့ကတော့ ဒါကို Voice Phishing (ဖုန်းဆက်ပြီး လိမ်နေတာ) လို့ ထင်မှတ်ပြီး ဒေါသတကြီးနဲ့ ဖုန်းချပစ်တာမျိုး ဒါမှမဟုတ် ဆဲဆိုတာမျိုးတွေ လုပ်ခဲ့ကြတယ်။ ဒါပေမဲ့လည်း အဲ့ဒီလူတွေ နောက်ပိုင်း သတင်းကို မြင်ပြီးတဲ့အခါမှာတော့ ရဲစခန်းဆီကို ချက်ချင်းပဲ ပြေးလာခဲ့ကြတယ်။
'အင်း... လူလိမ်တွေ ဒီလောက်အထိ ပေါနေတာလည်း မဆန်းပါဘူးလေ'
ဆေးဘက်ဆိုင်ရာ ကိရိယာတွေကို ဝယ်ယူပြီး ဆေးရုံတွေဆီ ငှားရမ်းတာကနေ တစ်လကို ၁၀ ရာခိုင်နှုန်း ရမယ်ဆိုပဲ။ ၉ လပဲ သုံးရုံနဲ့တင် ကိရိယာ တန်ဖိုးထက် ပိုပြီး အမြတ်ရမှာဆိုရင် ဆေးရုံတွေက ဘာဖြစ်လို့ မဝယ်ဘဲ ငှားရမ်းနေမှာလဲ။
မွေးမြူရေး ဝက်မကြီးတွေကိုဝယ်ယူပြီး ရင်းနှီးမြှုပ်နှံလိုက်ရင် အဲဒီဝက်မတွေက ဝက်ကလေးတွေ မွေးဖွားပေးမှာဖြစ်ပြီး တစ်နှစ်ကို ၆၀ ရာခိုင်နှုန်း ရမယ်ဆိုပဲ။ လဖွတ်ပဲ... ဝက်မွေးမြူရေး လုပ်ငန်းရဲ့ အမြတ်အစွန်းက ဆောင်း အီလက်ထရောနစ် ထက် ပိုပြီး မြင့်မားနေတာလား။ တကယ်လို့ အမြတ်အများကြီးရမှာက အမှန်ပဲဆိုရင် ဆောင်း အီလက်ထရောနစ် အနေနဲ့ Semiconductor လုပ်ငန်းကို ပိတ်ပစ်လိုက်ပြီး ဝက်မွေးမြူရေး လုပ်ငန်းပဲ လုပ်သင့်တော့တာလေ။
နစ်မြုပ်သွားတဲ့ ရုရှား စစ်သင်္ဘောထဲမှာ ဝမ် သိန်းပေါင်း ၁၅၀ကုဋေ တန်ဖိုးရှိတဲ့ ရွှေတုံးတွေ ရှိနေပြီး အဲ့ဒါတွေကို ဆယ်ယူတော့မှာဆိုပဲ။ ယုတ္တိကျမကျ တွေးကြည့်ရင်ကို စစ်တိုက်ဖို့ သွားနေတဲ့ သင်္ဘောက ရွှေတုံးတွေကို သယ်ဆောင်သွားမှာမလို့လား။ ပြီးတော့ ရုရှားမှာ အဲဒီလောက်အထိ ပိုက်ဆံရှိနေရင် ဂျပန်နဲ့ ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုဖို့ တောင်းဆိုနေမှာ မဟုတ်ဘူးလေ။
အဲဒါတွေအပြင် ယုံကြည်လောက်စရာအရမ်းကိုကောင်းလွန်းနေတဲ့ ဇာတ်လမ်းတွေ အများကြီးလည်း ရှိပါသေးတယ်။ တကယ်ကို ကောင်းမွန်တဲ့ အခွင့်အရေးတွေ ရှိနေတတ်တာကတော့ မှန်ပါတယ်။
ဒါပေမဲ့ အဲဒီလို အခွင့်အရေးမျိုးက ပိုက်ဆံနဲ့ အဆက်အသွယ်ရှိတဲ့ လူတွေကပဲ ရယူသွားကြတာ ဖြစ်ပြီး သာမန် ပြည်သူတွေဆီကိုတော့ ဘယ်တော့မှ ရောက်လာမှာမဟုတ်ပါဘူး။
ကိုယ့်အတွက် ကောင်းမွန်တယ်လို့ ယူဆရတဲ့ အခွင့်အရေးက တခြားလူတွေအတွက်လည်း ကောင်းမွန်တယ်လို့ ယူဆရမှာပါပဲ။
လူတွေက ဒီလိုအရာမျိုးတွေထဲမှာ အလိမ်ခံကြရတဲ့ အကြောင်းရင်းက သူတို့တွေက ငတုံးတွေ ဖြစ်လို့မဟုတ်ဘဲ အကြောက်တရားနဲ့ လောဘကြောင့်ပါ။ အခုမှ မဟုတ်ရင် အခွင့်အရေး မရှိတော့ဘူးဆိုတဲ့ အကြောက်တရားနဲ့ တစ်ညထဲနဲ့ ချမ်းသာချင်တယ်ဆိုတဲ့ လောဘတို့ကို အသုံးချပြီး လူလိမ်တွေက လူတွေရဲ့ အားနည်းချက်ကိုပဲ ပစ်မှတ်ထားကြတာပဲ ဖြစ်ပါတယ်။
ရယ်စရာကောင်းတဲ့ အချက်ကတော့ ဟမ်ဆောက်ဟွန်း ကိုယ်တိုင်ကပါ ဒီအကွက်ထဲမှာ အလိမ်ခံလိုက်ရတာပါပဲ။ ဝမ် သန်း ၅ထောင် ဆိုတဲ့အရာပေါ်မှာ ဟမ်ဆောက်ဟွန်းကိုယ်တိုင် မျက်စိကန်းသွားခဲ့ပြီး သူ ကိုယ်တိုင် ရှေ့ထွက်လာခဲ့တာမလို့ ဒါက လူလိမ်ဟာ ပြန်ပြီး အလိမ်ခံလိုက်ရတဲ့ ဖြစ်စဉ်လို့ပြောလို့ရပါတယ်။
ခဏအကြာမှာတော့ မင်ဟာယောင်း က ကော်ဖီဆိုင်ထဲကို ဝင်လာခဲ့တယ်။
"နင် မျက်မှန် ပြန်တပ်ထားပြန်ပြီပဲ"
တက်ဂယူ ရဲ့ စကားကြောင့် မင်ဟာယောင်းက ခါးသက်သက် အပြုံးကို ပြုံးလိုက်ရင်း ပြောတယ်။
"တကယ်တော့ မျက်ကပ်မှန်တပ်ထားရင် မျက်စိက ခြောက်သွေ့နေပြီး အရမ်းကို အဆင်မပြေ ဖြစ်နေလို့လေ"
"ဒါဆို ဘာဖြစ်လို့ မျက်ကပ်မှန်ကို တပ်ခဲ့တာလဲ"
"ကုမ္ပဏီက သင်ပေးတာကတော့ တတ်နိုင်သမျှ လှလှပပ ပြင်ဆင်ထားမှ အောက်အဖွဲ့ဝင်တွေကို စည်းရုံးတဲ့နေရာမှာ အကျိုးရှိမှာတဲ့။ ဒါပေမဲ့ ငါနဲ့တော့ သိပ်ပြီး မလိုက်ဖက်ပါဘူးဟာ"
ဒါကြောင့်မလို့ မင်ဟာယောင်းက ကိုယ်ခန္ဓာကို သေသေချာချာ မဆေးကြောနိုင်တဲ့ အခြေအနေမှာတောင် တောက်တောက် ပြောင်ပြောင် ဝတ်ဆင်ခဲ့ပြီး အတုအယောင် ဇိမ်ခံအိတ်တွေကို ငှားရမ်းကာ သုံးပြခဲ့တာပေါ့။
တက်ဂယူ က ခေါင်းညိတ်ပြလိုက်ရင်း ပြောတယ်။
"အခုပုံစံက ပိုပြီး ကြည့်ကောင်းပါတယ်"
လူတိုင်းက အပြင်ပန်းမှာတော့ အောင်မြင်နေတဲ့ ပုံစံမျိုး လုပ်နေကြပေမဲ့ တကယ်တမ်းကျတော့ အများစုက တစ်လကို ဝမ် ၁ သန်းတောင် ရရှိဖို့ ရုန်းကန်နေကြရတာပါ။ (အဲဒီလို နည်းလမ်းနဲ့ ပိုက်ဆံရပြီး ကွိုင်တွေကို ပြန်ဝယ်ကြတဲ့ လူတွေတောင် ရှိပါသေးတယ်)
လူတိုင်းက ဘေးပေါက်အလုပ်မျိုးစုံနဲ့ ဒုတိယအလုပ်မျိုးစုံကို လုပ်ကိုင်ရင်း သူတို့ရဲ့ လူနေမှုဘဝကို ထိန်းသိမ်းနေကြရတာပါ။ လူတွေဟာ နေ့ဘက်မှာဆိုရင် ဝတ်စုံပြည့် ဝတ်ဆင်ပြီး စင်တာဆီ သွားကာ အလုပ်လုပ်ကြပြီး နေ့အလုပ် ပြီးသွားတဲ့အခါမှာတော့ ကုန်စုံဆိုင်တွေမှာ ညဆိုင်း အလုပ်လုပ်ကြရတာပါ။
အဲဒီလို ဖြစ်နေတာတောင် သူတို့တွေ သည်းခံနိုင်ကြတဲ့ အကြောင်းရင်းက Jeil Gold Coin သာ စျေးကွက်တင်ခွင့် ရရှိသွားရင် ထီပေါက်သလိုဖြစ်သွားလိမ့်မယ်ဆိုတဲ့ ယုံကြည်ချက် ရှိနေလို့ပါပဲ။
ပတ်ဝန်းကျင်ကလူတွေက မဟုတ်ဘူးလို့ ပြောကြပြီး သူတို့ကိုယ်တိုင်လည်း တစ်ခါတရံ သံသယဖြစ်မိကြပေမဲ့ ပိုက်ဆံကို ထည့်ပြီးသွားတဲ့ အခါမှာတော့ သူတို့အနေနဲ့ ဆက်ပြီး ယုံကြည်နေရုံကလွဲလို့ တခြားနည်းလမ်း မရှိတော့ဘူးလေ။
တကယ်လို့ Jeil Group Coinက အမှန်မဟုတ်ရင် အရာရာတိုင်းက တန်ဖိုးမရှိတဲ့အရာ ဖြစ်သွားမှာမလို့ပါ။
"ကံကောင်းတာကတော့ အလိမ်ခံလိုက်ရတဲ့ ပမာဏရဲ့ ထက်ဝက်လောက်ကို ပြန်ရနိုင်လိမ့်မယ်လို့ ပြောနေကြတာပဲ။ လအနည်းငယ်တော့ ကြာလိမ့်မယ်ဆိုပေမဲ့ပေါ့လေ"
ဒီလို လိမ်လည်မှု အမှုတွေမှာတော့ အများစုက နစ်နာသူတွေအနေနဲ့ ထိခိုက်သွားတဲ့ ပမာဏရဲ့ တစ်ပြားတစ်ချပ်ကိုတောင် ပြန်မရတတ်ကြပါဘူး။ ထက်ဝက်လောက်ကို ပြန်ရနိုင်တယ်ဆိုတာကတင် အံ့ဩဖို့ကောင်းနေပါပြီ။
"အကြွေးကိစ္စကိုကော ဘယ်လိုလုပ်မလဲ"
"လောလောဆယ်တော့ မိဘတွေကို အမှန်အတိုင်း ပြောလိုက်ပြီ။ သူတို့က ချေးငွေကို တစ်နည်းနည်းနဲ့ ပြန်ဆပ်ပေးမယ်လို့ ပြောတယ်။ ကျန်တဲ့အပိုင်းကိုတော့ ငါ အလုပ်လုပ်ပြီး ပြန်ဆပ်ရမှာပေါ့"
"နင် ကာတွန်းတွေ ဆက်ပြီး ဆွဲဦးမှာလား"
မင်ဟာယောင်း က ခေါင်းညိတ်ပြလိုက်ရင်းပြောတယ်။
"အင်း။ ငါ အခုကစပြီး ငါ့ကိုယ်ငါ ပြန်ပြီး စိန်ခေါ်ကြည့်တော့မယ်။ ဘယ်ကနေ စရမလဲဆိုတာတော့ သေချာမသိသေးပေမဲ့ပေါ့လေ"
"ကောင်းလိုက်တဲ့အတွေးပဲ"
တက်ဂယူ က လိပ်စာကတ်တစ်ခုကို ကမ်းပေးလိုက်တယ်။
"ဒါဆို ဒီနေရာကို တစ်ခေါက်လောက် ဆက်သွယ်ကြည့်လိုက်ပါ"
"ဒါက ဘာလဲ"
"ဒါက Lost Fantasy M ကို ကိုရီးယားမှာ ထုတ်ဝေတဲ့ နေရာပဲ။ သူတို့က ဂိမ်းဇာတ်လမ်းတွေအတွက် Webtoon ဆွဲပေးမယ့်လူကို ရှာနေကြတာ။ ငါ့အသိလို့ ပြောရင် သူတို့ သိပါလိမ့်မယ်"
လိပ်စာကတ်ပေါ်မှာတော့ "OTK Games Korea ရဲ့ စီအီးအို" ဆိုတဲ့ ရာထူးနဲ့ သူ့ရဲ့ နာမည်ကို ရေးသားထားတာပါ။
မင်ဟာယောင်းက ဒီလို မြင့်မားတဲ့ ရာထူးရှိတဲ့လူကို ဘယ်လိုလုပ်ပြီး သိနေရတာလဲ။
'တွေးကြည့်မှပဲ...'
အဲဒီနေ့က ဟမ်ဆောက်ဟွန်း ကို အဲဒီနေရာဆီ ခေါ်လာခဲ့တာလည်း တက်ဂယူ ဖြစ်သလို Bithumb ရဲ့ စီအီးအို ကို ခေါ်လိုက်တာလည်း တက်ဂယူ ပဲ ဖြစ်ပါတယ်။ ပြီးတော့ ရဲတွေနဲ့ သတင်းထောက်တွေကိုပါ ခေါ်ခဲ့သေးတယ်။
'ဒါတွေအားလုံးကို သူ ကိုယ်တိုင် စီစဉ်ခဲ့တာများလား'
မင်ဟာယောင်း က တုန်ရင်နေတဲ့ လေသံနဲ့ မေးလိုက်မိတယ်။
"နင်... နင်က ဘယ်လိုအလုပ်မျိုးကို လုပ်နေတာလဲ"
"ငါလား။ ငါကတော့ သိပ်ပြီး ထူးထူးခြားခြား လုပ်နေတာ မရှိပါဘူး"
"ဒါဆို ဘယ်လိုလုပ်ပြီး..."
တက်ဂယူ က ပြုံးလိုက်ရင်း ပြောလိုက်တယ်။
"ငါက ငါ့ရဲ့ အစ်မနဲ့ ငါ့ရဲ့ သူငယ်ချင်းတွေလိုမျိုး ကောင်းမွန်တဲ့ လူတွေနဲ့ ဆုံတွေ့ခဲ့ရုံသက်သက်ပါပဲ"