← Chapters

အခန်း ၂၆၇

Vol. 27 Ch. 267

အခန်း ၂၆၇

Vol. 27 Ch. 267

အခန်း (၂၆၇)

တိုတောင်းတဲ့ အားလပ်ရက် ခရီးစဉ်လေး ပြီးလို့ ပြန်ရောက်လာတဲ့အခါ တက်ဂယူတစ်ယောက် MLMဂိုဏ်းကို ဘယ်လို ရှင်းလင်းပစ်ခဲ့လဲဆိုတာကို သေချာနားထောင် လိုက်ရတော့တယ်။

ပြောတာကို နားထောင်ရင်းနဲ့ အရင်တုန်းက ဒုံတန်အိမ်ကို ရောက်လာပြီး ဘာဖြစ်ဖြစ် ကူညီပါဦးဆိုပြီး ကပ်တွယ် အသနားခံခဲ့ကြတဲ့ ဆွေမျိုးတွေကို ပြန်သတိရမိသွားတယ်။ အဲဒီနောက်ပိုင်း သူတို့တွေ ငြိမ်သက်သွားကြလို့ သာမန်ဘဝနဲ့ပဲ အေးအေးဆေးဆေး နေထိုင်နေကြတယ် ထင်ခဲ့တာပါ။ သူတို့တွေက ဒီလိုမျိုး MLM လိမ်လည်မှုကြီးကို လုပ်ဆောင်နေကြလိမ့်မယ်လို့ မထင်ထားမိဘူး။

ဒါပေမဲ့ ဒီဖြစ်ရပ်ထက် ကျွန်တော် ပိုပြီး သိချင်နေတဲ့ အကြောင်းအရာတစ်ခု ရှိသေးတယ်။

“ဒါနဲ့... အဲဒီကောင်မလေးနဲ့ ဘာဆက်ဖြစ်လဲ”

“မင်ဟာယောင်းလား”

“အေးလေ။ အထက်တန်းကျောင်းတုန်းက မင်း သူ့ကို သဘောကျခဲ့တာ မဟုတ်ဘူးလား”

တက်ဂယူက ခြေထောက်ကိုချိတ်ပြီး ပြောလိုက်တယ်။

“အဲ့ဒါက အတိတ်ကဟာပါ။ အခုတော့ သူက အတန်းဖော်တစ်ယောက်သက်သက်ပါပဲ”

“……”

သူ တကယ်ပဲ စိတ်မဝင်စားတော့တာလား၊ ဒါမှမဟုတ် စိတ်မဝင်စားချင်ယောင် ဆောင်နေတာလား။

မီဒီယာတွေကတော့ ဒီလိမ်လည်မှုအကြောင်းကို ဆက်တိုက် ဖော်ပြနေကြတုန်းပဲ။ အမှုစစ်ရုံးက ချက်ချင်းပဲ ဖမ်းဝရမ်းထုတ်ဖို့ တောင်းဆိုခဲ့ပြီး ဟမ်ဆောက်ဟွန်းနဲ့ ချွိုင်းနမ်ဝူးတို့ဟာ သဘာဝကျကျပဲ ဖမ်းဆီးခံလိုက်ရတယ်။ ဟမ်ဆောက်ဟွန်းက တာဝန်အားလုံးကို ချွိုင်းနမ်ဝူးဆီ လွှဲချဖို့ အစွမ်းကုန် ကြိုးစားခဲ့တယ်။ အမှန်တရားအားလုံးကို ချွိုင်းနမ်ဝူးသိသွားရတဲ့ အခါကျမှပဲ သူကိုယ်တိုင်လည်း အလိမ်ခံရတာပါလို့ အကြောင်းပြခဲ့ပေမဲ့ လက်ခံခြင်း မခံခဲ့ရဘူး။

ကိုရီးယားတစ်နိုင်ငံလုံးကို လှုပ်ခတ်သွားစေခဲ့တဲ့ ဒီလိမ်လည်မှုကြီးက အဆုံးသတ်သွားပြီလို့ ထင်ရပေမဲ့ ကျွန်တော့်အတွက်တော့ နောက်ထပ် ပြဿနာတစ်ခု ကျန်နေပါသေးတယ်။ အဲဒါကတော့ ဝမ်းကွဲအစ်မ ကန်မီယောင် အပါအဝင် ဆွေမျိုးတွေက အမေ့ဆီကို ထပ်ပြီး ရောက်လာကြပြီး အကူအညီ တောင်းခံလာကြလို့ပါ။

ကျွန်တော်တို့တွေ သူတို့ကို တွေ့ဖို့တောင် ငြင်းခဲ့ပေမဲ့ သူတို့ကတော့ ဂရုမစိုက်ဘဲ ဆက်တိုက် လာနေကြတုန်းပါ။ သူတို့က တော်တော်လေး စိတ်အနှောင့်အယှက် ပေးလွန်းတာကြောင့် သူတို့အပေါ် ထားရှိတဲ့ သံယောဇဉ်တွေတောင် ကုန်ခမ်းစပြုလာပါပြီ။

ချွိုင်းနမ်ဝူး ဖမ်းခံရတဲ့ကိစ္စမှာ ကျွန်တော်က ဘာလုပ်ပေးရမှာလဲ။ တိုင်ချက်ဖွင့်ခဲ့တာလည်း ကျွန်တော် မဟုတ်သလို၊ တရားစွဲဆိုမှုကို စစ်ဆေးနေတာလည်း ကျွန်တော် မဟုတ်ဘူးလေ။ သူတို့က ကျွန်တော့်အိတ်ကတ်ထဲက ပိုက်ဆံစိုက်ထုတ်ပြီး နစ်နာသူတွေကို လျော်ကြေးပေးဖို့ မျှော်လင့်နေကြတာတော့ မဟုတ်လောက်ပါဘူးနော်။

ပြဿနာ ဆွေမျိုးတွေပဲ မဟုတ်ပါဘူး။ ဒုံတန်အိမ်မှာ အမေ နေထိုင်တယ်ဆိုတာ သတင်းပျံ့သွားခဲ့တာပါ။

ပိုက်ဆံလိုချင်တဲ့သူတွေနဲ့ ပရဟိတအဖွဲ့အစည်းမျိုးစုံကလည်း အုပ်စုလိုက် ရောက်လာကြတယ်။ အမေက စည်းစိမ်ဥစ္စာတွေဟာ သားဖြစ်သူရဲ့ ပိုင်ဆိုင်မှုဖြစ်ပြီး သူ့မှာ ဘာလုပ်ပိုင်ခွင့်မှ မရှိကြောင်း ရှင်းရှင်းလင်းလင်း ပြောခဲ့ပေမဲ့ သူတို့ထဲက အများစုကတော့ အကျိုးအကြောင်း ဆင်ခြင်နိုင်စွမ်း မရှိကြဘူး။

အားနည်းသူက အမြဲတမ်း မှန်ကန်တယ်ဆိုတဲ့ အယူအဆလိုမျိုးပါပဲ။ လူတစ်ယောက်က ကောင်းမှုကုသိုလ်တွေ လုပ်နေလို့ ဒါမှမဟုတ် အားနည်းလို့ ဆိုရုံနဲ့ သူတို့က လူကောင်းတွေ ဖြစ်နေမယ်လို့ မဆိုလိုနိုင်ပါဘူး။

တချို့လူတွေက အလှူခံကြပြီး အမေ့နောက်ကို တကောက်ကောက် လိုက်ပြီးနှောင့်ယှက်ကြသလို၊ တချို့ကတော့ ပိုက်ဆံမရမချင်း မပြန်ဘူးဆိုပြီး အိမ်ရှေ့မှာ လှဲအိပ်နေကြတယ်။ သူတို့တွေက ပိုက်ဆံတောင်းတာ မရတဲ့အခါမှာတော့ လူတွေ သေဆုံးနေပြီး သဘာဝပတ်ဝန်းကျင်တွေ ပျက်စီးနေတာကိုတောင် လျစ်လျူရှုထားတယ်ဆိုပြီး အမေ့ကို ပြစ်တင်ဝေဖန်ကြတယ်။ နားထောင်တဲ့သူတိုင်းက အာဖရိကမှာ ကလေးတွေ ငတ်မွတ်နေတာနဲ့ ပင်လယ်ထဲမှာ ဝေလငါးတွေ သေဆုံးနေတာတွေအားလုံးက အမေ့ အမှားကြောင့်လို့ ထင်မှတ်သွားကြတော့မှာပါ။

တက်ဂယူက နားမလည်နိုင်တဲ့ လေသံနဲ့ ပြောတယ်။

“ဝါရင် ဘတ်ဖတ်ကလည်း အရင်တုန်းက ဝယ်ထားတဲ့ အိမ်လေးမှာပဲ ဆက်နေတာ မဟုတ်လား။ အဲဒီမှာတော့ ဒီလို ပြဿနာမျိုးတွေ မရှိဘူးလား”

“ငါသိသလောက်တော့ ရှိမှာပဲ”

ဒါပေမဲ့ ဝါရင် ဘတ်ဖတ်က မြို့ငယ်လေးမှာ နေတာလေ။ တကယ်လို့ သူသာ LA ဒါမှမဟုတ် နယူးယောက်လို မြို့ကြီးပြကြီးတွေမှာ နေမယ်ဆိုရင် အေးအေးချမ်းချမ်းနေဖို့က မဖြစ်နိုင်လောက်ဘူး မဟုတ်လား။

တကယ်တော့ လူတွေ နေထိုင်တဲ့ နေရာတွေက ဆင်တူကြပါတယ်။ ကိုယ်အောင်မြင်လာတာနဲ့ တပြိုင်နက် ရှိမှန်းတောင် မသိရတဲ့ ဆွေမျိုးတွေနဲ့ သူငယ်ချင်းတွေက နေရာအနှံ့မှာ မှိုလိုပေါက်လာကြတယ်။ အမေရိကန်မှာဆိုရင် ပြည်နယ်ဥပဒေအရ ထီပေါက်တဲ့သူတွေရဲ့ မျက်နှာနဲ့ နာမည်အရင်းတွေကို ထုတ်ဖော်ပြသကြရတယ်။ (ဒီလို ထုတ်ဖော်ပြသရခြင်းရဲ့ ရည်ရွယ်ချက်က တရားမျှတမှုနဲ့ ပွင့်လင်းမြင်သာမှု ရှိအောင်လို့ ပြောကြပေမဲ့ တကယ်တော့ အရောင်းမြှင့်တင်ဖို့ လှည့်ကွက်တစ်ခုလိုပါပဲ)။ ထီပေါက်သူတွေရဲ့ မျက်နှာကို သိလိုက်ရတာနဲ့ တပြိုင်ထဲ လူအမျိုးမျိုးက ထီပေါက်သူတွေဆီကို အုပ်စုလိုက် ရောက်လာကြတော့တာပဲ။

တက်ဂယူနဲ့ ကျွန်တော် ဒုံတန်ကို ဆင်းသွားပြီး အမေ့ကို ဖျောင်းဖျခဲ့တယ်။

“ဒီအိမ်မှာ အမှတ်တရတွေ အများကြီး ရှိပေမဲ့ အခုအချိန်မှာ အိမ်ပြောင်းလိုက်တာက ပိုကောင်းမယ်။ အမေ”

ကျွန်တော်တို့ဆိုရင်တော့ အဆောက်အဦးထဲကို လူတွေ မဝင်နိုင်အောင် ပိတ်ဆို့ထားလို့ ရသလို၊ ကျွန်တော့်ရဲ့ ဆမ်ဆောင်ဒေါင်း အိမ်ကလည်း လုံခြုံရေး တော်တော်လေး တင်းကြပ်ပါတယ်။ ဒါပေမဲ့ ဒီအိမ်က သာမန်အိမ်အဖြစ် ဆောက်ထားတာကြောင့် လုံခြုံရေးနဲ့ ကာကွယ်ရေးအတွက် မသင့်တော်ပါဘူး။ ဒါကြောင့် ဘေးအိမ်တွေနဲ့ အနောက်က အိမ်တွေကို ဝယ်ယူပြီး လုံခြုံရေး အဆောက်အဦးတွေအဖြစ် သုံးခဲ့ကြပေမဲ့ အဲဒါကလည်း အကန့်အသတ် ရှိပါတယ်။ တကယ်လို့ သက်တော်စောင့်တွေသာ မရှိရင် ပြဿနာတွေ ဖြစ်ပွားခဲ့တာ ကြာလှပါပြီ။

“ဒါမှမဟုတ် အနည်းဆုံးတော့ လောလောဆယ် တခြားတစ်နေရာမှာ ခဏလောက်သွားနေလိုက်ပါလား။ ဒီအိမ်ကိုတော့ အိမ်စောင့်နဲ့ပဲ ထားခဲ့လိုက်ပေါ့”

အမေက အတော်ကြာ စဉ်းစားပြီးမှ ခေါင်းညိတ်ပြတယ်။

“ကောင်းပြီလေ။ လူတွေ အများကြီး လာနေကြပြီး ဒီနားက စတိုးဆိုင်ကို သွားဖို့တောင် အဆင်မပြေဖြစ်နေတော့ အမေကိုယ်တိုင်လည်း စိတ်မသက်မသာ ဖြစ်နေတာ။ တခြားနရောမှာ သွားနေတာက ပိုကောင်းလောက်မှာပါ”

“မှန်ကန်တဲ့ ဆုံးဖြတ်ချက် ချလိုက်တာပဲ။ အမေ”

ကျွန်တော်တို့တွေ အိမ်ကို အေးအေးဆေးဆေးပဲ ရှာဖို့ ဆုံးဖြတ်ခဲ့ကြပြီး လောလောဆယ်တော့ အမေက ပြီးခဲ့တဲ့ အခေါက်ကလိုပဲ ဆီလွန်ဟိုတယ် နမ်ဆန် ဆီကို ပြောင်းရွှေ့ နေထိုင်ခဲ့တယ်။ စီအီးအို လင်ဆိုမီ ကို အမေ့ကို သေချာ ဂရုစိုက်ပေးဖို့ ပြောတဲ့အခါ သူက အတူတူ စားသောက်မယ့်သူ၊ အတူတူ အားကစားလုပ်မယ့်သူ ရှိသွားပြီဆိုပြီး ဝမ်းသာနေခဲ့တယ်။

လျှပ်စစ်ကား စက်မှုဇုန် စီမံကိန်းက ချောချောမွေ့မွေ့ လည်ပတ်နေပါတယ်။

ဆိုဆောင်း အီလက်ထရောနစ် က ကမ္ဘာ့အကြီးဆုံး အိုင်တီ Hardware ထုတ်လုပ်ရေး ကုမ္ပဏီပါ။ အွန်ဆောင်း မော်တာ ကလည်း တစ်နှစ်ကို ကားအစီးရေ ၉ သန်းကျော် ထုတ်လုပ်နိုင်စွမ်း ရှိတဲ့ မော်တော်ကား ကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။ တကယ်လို့ OTK Company ရဲ့ အရင်းအနှီးနဲ့ နည်းပညာကိုသာ ဒီမှာ ပေါင်းစပ်လိုက်မယ်ဆိုရင် သူတို့ဟာ အနာဂတ် ကားစက်မှုလုပ်ငန်းကို အမှန်တကယ် ဦးဆောင်နိုင်မှာပါ။

စက်မှုဇုန် တည်နေရာတွေကို ကိုရီးယားမှာဆိုရင် ဂွန်ဆန်၊ ပြည်ပမှာဆိုရင်တော့ ဗီယက်နမ်လို့ ဆုံးဖြတ်ခဲ့ကြတယ်။ ဗီယက်နမ် အစိုးရကဆိုရင် စီမံခန့်ခွဲမှု လုပ်ငန်းစဉ်အားလုံးကို မြန်မြန်ဆန်ဆန် ဆောင်ရွက်နိုင်ဖို့အတွက် သီးသန့် ဌာနတစ်ခုကိုတောင် ဖွဲ့စည်းပေးခဲ့တယ်။

ဆန့်ကျင်ဘက်အနေနဲ့ ကိုရီးယားက အခြေအနေကတော့ နှောင့်နှေးကြန့်ကြာနေခဲ့တယ်။ Korea GM က တွက်ခြေမကိုက်မှုကို အကြောင်းပြပြီး ဂွန်ဆန် စက်ရုံကို ပိတ်သိမ်းခဲ့စဉ်တုန်းက အမြန်ဆုံး ပြန်လည်ရောင်းချမယ်လို့ ကြေညာခဲ့ပေမဲ့ ကျွန်တော်တို့က ဝယ်မယ်လို့ ပြောတဲ့အခါကျမှ နောက်ပိုင်းမှာ ထုတ်လုပ်မှု ပြန်စနိုင်ခြေ ရှိတယ်ဆိုပြီး စကားတွေကို ပြောင်းပြောလာတယ်။ လက်ရှိ စက်ရုံတွေရဲ့ လည်ပတ်မှုနှုန်းက ၇၀ ရာခိုင်နှုန်းတောင် မပြည့်ဘဲနဲ့ ဒါက ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ သူတို့က ပိုက်ဆံ တစ်ပြားဖြစ်ဖြစ်ပိုရဖို့အတွက် လေလုံးထွားနေကြတာပါ။

ဒါပေမဲ့ ကျွန်တော်တို့ဘက်ကလည်း ဆုံးရှုံးစရာ မရှိတာကြောင့် တကယ်လို့ သတ်မှတ်ထားတဲ့ ကာလအတွင်းမှာ အရောင်းအဝယ် လုပ်ငန်းစဉ်ကို မလုပ်ဆောင်ဘူးဆိုရင် စက်မှုဇုန်ကို တခြားနေရာကို ပြောင်းရွှေ့မယ်လို့ ပြောလိုက်တယ်။ အဲဒီအခါကျမှ ဂွန်ဆန် မြို့တော်နဲ့ ကိုရီးယား ဖွံ့ဖြိုးရေးဘဏ်တို့က ကြားဝင် စေ့စပ်ပေးဖို့ တက်တက်ကြွကြွ ဆောင်ရွက်လာကြတယ်။

ဥက္ကဋ္ဌ လင်ဂျင်ယုံ က ပြောတယ်။

“ငါတို့ရဲ့ စီးပွားရေး သုတေသနဌာနရဲ့ သုံးသပ်ချက်အရ ရောင်းအား ခန့်မှန်းချက်ကို လက်ရှိထက် နှစ်ဆအထိ မြှင့်တင်နိုင်လောက်တယ်ကွ”

အမေရိကန် လျှပ်စစ်ကား စက်ရုံနဲ့ TS ကုမ္ပဏီရဲ့ ဘတ္ထရီ စက်ရုံတို့ကလည်း ပြီးစီးလုနီးပါး ဖြစ်နေပြီး ထုတ်လုပ်မှု စတင်တော့မှာ ဖြစ်သလို၊ Seosung SB ကလည်း ထုတ်လုပ်မှုလိုင်းကို ပြောင်းလဲပြီး OTK ဘတ္ထရီတွေကို အစုလိုက်အပြုံလိုက် ထုတ်လုပ်မှုကို စတင်ခဲ့ပါပြီ။ အွန်ဆောင်း မော်တာ ကလည်း စက်မှုဇုန်မှာ ရင်းနှီးမြှုပ်နှံရုံတင်မကဘဲ ထုတ်လုပ်မှု ပမာဏ လျော့နည်းနေတဲ့ ပြည်တွင်းပြည်ပ စက်ရုံတွေကို လျှပ်စစ်ကား စက်ရုံတွေအဖြစ် အလျင်အမြန် ပြောင်းလဲခဲ့တယ်။ အခုဆိုရင် ထုတ်လုပ်မှု အဆောက်အဦးတွေက လုံလုံလောက်လောက် ရှိနေပြီဖြစ်လို့ ထုတ်လုပ်ပြီး ရောင်းချဖို့ပဲ ကျန်ပါတော့တယ်။

တက်ဂယူက ပြုံးရင်းနဲ့ ပြောတယ်။

“အခုတော့ ပိုက်ဆံရှာဖို့ပဲ ကျန်တော့တာပေါ့”

တရုတ်နိုင်ငံ၊ ဘေဂျင်း

(ပီကင်းလို့ပဲ သုံးခဲ့ပေမဲ့ နောက်ပိုင်းသတင်းတွေမှာရေးတာကို ဖတ်ကြည့်တော့ ဘေဂျင်းလို့သုံးကြတာမလို့ ဘေဂျင်းလို့ပဲ သုံးပါမယ်။ တကယ့်အသံထွက်အမှန်က ပေကျင်းပါ)

အာဖရိက ခေါင်းဆောင်တွေနဲ့ ထိပ်သီးအစည်းအဝေးက ပြန်လာတဲ့ သမ္မတ ကျန်းဖင်ဟွာ ဟာ စီးပွားရေးဝန်ကြီးဌာနရဲ့ ဒုတိယဝန်ကြီး လီရွဲ့ဝေ ဆီကနေ အစီရင်ခံစာကို လက်ခံရရှိခဲ့တယ်။ အဲဒါကတော့ OTK Company ကနေ အကောင်အထည်ဖော်နေတဲ့ လျှပ်စစ်ကား စက်မှုဇုန်အကြောင်းပါပဲ။

“ဒါက ငါတို့ ကုမ္ပဏီတွေအတွက် ဘယ်လောက်အထိ ခြိမ်းခြောက်မှု ဖြစ်လာနိုင်လဲ”

“အလိုအလျောက် မောင်းနှင်မှုစနစ်နဲ့ ဘတ္ထရီ နည်းပညာပိုင်းမှာ သူတို့က ကျွန်တော်တို့ ကုမ္ပဏီတွေထက် အများကြီး သာလွန်နေပါတယ်။ တကယ်လို့ ကျွန်တော်တို့ဘက်က မြန်မြန်ဆန်ဆန် မတုံ့ပြန်နိုင်ရင် ဒါက ကြီးမားတဲ့ ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာပါလိမ့်မယ်”

မော်တော်ကားတွေက လုပ်အားအပြည့်အဝ စိုက်ထုတ်ရသလို နည်းပညာပိုင်းလည်း မြင့်မားဖို့ လိုအပ်ပါတယ်။ ပြီးတော့ စက်မှုလုပ်ငန်းပိုင်းမှာရော၊ စစ်ရေးပိုင်းမှာရော မရှိမဖြစ် လိုအပ်တဲ့ အရာတွေ ဖြစ်ကြတာပါ။ လက်ရှိ မော်တော်ကား ဈေးကွက်ကို အမေရိကန်၊ ဂျာမနီ၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့က ဦးဆောင်နေကြပါတယ်။ တရုတ်နိုင်ငံကလည်း ပြုပြင်ပြောင်းလဲရေးနဲ့ တံခါးဖွင့်ဝါဒ ကျင့်သုံးပြီးကတည်းက မော်တော်ကား ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှုတွေကို ရက်ရက်ရောရော လုပ်ခဲ့ပေမဲ့ ပြည်တွင်းဈေးကွက်မှာပဲ အများကြီး ရောင်းချနိုင်ခဲ့ပြီး ပြည်ပမှာတော့ ထူးထူးခြားခြား ထင်ပေါ်ခြင်း မရှိခဲ့ပါဘူး။

တရုတ်နိုင်ငံက အလိုအလျောက် မောင်းနှင်မယ့် လျှပ်စစ်ကားတွေနဲ့ ဘတ္ထရီ လုပ်ငန်းတွေကို မြှင့်တင်ဖို့အတွက် အစိုးရအဆင့်မှာ ထောက်ပံ့ကြေး အမြောက်အမြား ပေးခဲ့တယ်။ ဒါပေမဲ့ တရုတ်လျှပ်စစ်ကားတွေက အမေရိကန်ရဲ့ နောက်ကို ထပ်ပြီး ရောက်သွားတော့မယ့် အခြေအနေ ဖြစ်နေပါတယ်။ ဒီအတွက် အကြီးမားဆုံး အကြောင်းရင်းကတော့ OTK Company ကြောင့်ပါပဲ။

OTK Company က CarOS ကို ဝယ်ယူခဲ့ပြီး OTK ဘတ္ထရီတွေကို ထုတ်လုပ်ခဲ့တာကြောင့် အနာဂတ် ကားတွေအတွက် အဓိက နည်းပညာ နှစ်ခုဖြစ်တဲ့ အလိုအလျောက် မောင်းနှင်မှုစနစ်နဲ့ ဘတ္ထရီ နည်းပညာကို ပိုင်ဆိုင်သွားခဲ့ပါပြီ။ ဘေဂျင်းတက္ကသိုလ်နဲ့ ချင်းဟွာတက္ကသိုလ်က ပညာရှင်တွေက OTK ဘတ္ထရီတွေကို ရယူပြီး စမ်းသပ်ကြည့်ခဲ့ကြပြီးနောက် တုန်လှုပ်ခြောက်ခြား သွားခဲ့ကြတယ်။

တည်ငြိမ်မှုကို ထိန်းသိမ်းထားနိုင်ပြီး ပမာဏကို နှစ်ဆကျော် မြှင့်တင်နိုင်တဲ့ အချက်ကတင် ဒီပွဲက ပြီးဆုံးသွားသလောက် ဖြစ်နေတာပါ။

ဒီအတွက်ကြောင့် LFP ပဲဖြစ်ဖြစ်၊ NCM ပဲဖြစ်ဖြစ် ရှိနှင့်ပြီးသား ဘတ္ထရီတွေက အဓိပ္ပာယ် မရှိတော့ပါဘူး။ သူတို့တွေ အခုအချိန်အထိ ကြိုးစားခဲ့သမျှ အားလုံးက လုံးဝ အချည်းနှီး ဖြစ်သွားခဲ့ရပြီလေ။

သမ္မတ ကျန်းဖင်ဟွာ က တစ်ယောက်တည်း ရေရွတ်သလိုမျိုးပြောတယ်။

“ရှိနှင့်ပြီးသား မော်တော်ကား စက်မှုလုပ်ငန်းမှာ ငါတို့ နောက်ကျကျန်ခဲ့ရင်တောင် အနာဂတ် ကားကဏ္ဍမှာတော့ တရုတ်နိုင်ငံက ဦးဆောင်ရမယ်။ တရုတ်နိုင်ငံ နောက်ကျကျန်ခဲ့တုန်းက ဘာတွေ ဖြစ်ခဲ့လဲဆိုတာ မင်း မသိဘူးလား”

“သေချာပေါက် သိပါတယ်”

ချင်မင်းဆက် အထိ တရုတ်နိုင်ငံက ကျယ်ပြောလှတဲ့ အင်ပါယာကြီး ဖြစ်ခဲ့ပြီး ကမ္ဘာပေါ်မှာ အင်အားအကြီးဆုံး နိုင်ငံ ဖြစ်ခဲ့တာပါ။ ဒါပေမဲ့ စက်မှုတော်လှန်ရေး ပြီးနောက် အနောက်နိုင်ငံတွေ အရှိန်အဟုန်နဲ့ တိုးတက်လာချိန်မှာတော့ တရုတ်နိုင်ငံက ကမ္ဘာ့ရေစီးကြောင်း နောက်မှာ ကျန်ရစ်ခဲ့တယ်။ အဲဒီနောက်ပိုင်းမှာတော့ ပြိုလဲမှုတွေ ဆက်တိုက် ဖြစ်ပေါ်ခဲ့တော့တာပဲ။ ဘိန်းစစ်ပွဲတွေ၊ ဂျပန်ကျူးကျော်မှု၊ တရုတ်ပြည်တွင်းစစ် စတာတွေပေါ့။

နောက်ဆုံးမှာတော့ တရုတ်တွေဟာ ဂျပန်ကို မောင်းထုတ်နိုင်ခဲ့ပြီး ကွန်မြူနစ်ပါတီက တရုတ်ပြည်တွင်းစစ်မှာ အနိုင်ရကာ တရုတ်ပြည်သူ့သမ္မတနိုင်ငံကို တည်ထောင်ခဲ့ပေမဲ့ အဲဒီနောက်ပိုင်း မဟာခုန်ပျံကျော်လွှားမှုနဲ့ ယဉ်ကျေးမှု တော်လှန်ရေးတို့ ကျရှုံးခဲ့လို့ ထပ်ပြီး အကြပ်အတည်း ဆိုက်ခဲ့ရပြန်တယ်။

၂၀ ရာစုနှောင်းပိုင်းကျမှ တရုတ်နိုင်ငံက ကမ္ဘာ့ဇာတ်ခုံပေါ်ကို အပြည့်အဝ ပြန်လည်ရောက်ရှိလာခဲ့တာပါ။ တိန့်ရှောင်ဖိန်က ပြုပြင်ပြောင်းလဲရေးနဲ့ တံခါးဖွင့်ဝါဒကို မြှင့်တင်ခဲ့ပြီးကတည်းက တရုတ်နိုင်ငံက ကမ္ဘာ့အရင်းအနှီးနဲ့ နည်းပညာတွေကို မယုံနိုင်စရာ အရှိန်အဟုန်နဲ့ စုပ်ယူခဲ့တယ်။ ဒီလိုနဲ့ ၂၀၀၈ ခုနှစ်မှာ အမေရိကန် ဦးဆောင်တဲ့ ဘဏ္ဍာရေး အကြပ်အတည်းကြီး ပေါ်ပေါက်လာခဲ့တယ်။ နိုင်ငံတိုင်းလိုလိုမှာ အိမ်ခြံမြေ ဈေးနှုန်းတွေ ထိုးကျသွားခဲ့ပြီး ဘဏ္ဍာရေး အဖွဲ့အစည်းတွေ တစ်ခုပြီးတစ်ခု ဒေဝါလီခံခဲ့ကြရတယ်။

တစ်ကမ္ဘာလုံး ရုန်းရင်းဆန်ခတ် ဖြစ်နေတဲ့ အချိန်မှာ တရုတ်နိုင်ငံက ကယ်တင်ရှင်အဖြစ် ကြားဝင်လာခဲ့တယ်။ အမေရိကန် တုန်လှုပ်နေချိန်မှာ တရုတ်နိုင်ငံက မြင့်မားတဲ့ တိုးတက်မှုကို ဆက်လက် ရရှိခဲ့ပြီး ကမ္ဘာ့စီးပွားရေးကို ဦးဆောင်ခဲ့တယ်။ ဒီလိုနဲ့ တရုတ်က ဂျပန်နဲ့ ရုရှားကိုတောင် ကျော်ဖြတ်ပြီး G2 အဖြစ် ထင်ထင်ရှားရှား ရပ်တည်နိုင်ခဲ့ပါတယ်။

ဒါပေမဲ့ အဲဒီအထိပါပဲ။ ကမ္ဘာ့ဩဇာအာဏာကတော့ အမေရိကန်ရဲ့ လက်ထဲမှာပဲ ရှိနေတုန်းပါ။ တစ်ချိန်တုန်းက ကျွမ်းကျင်သူ အများအပြားက တရုတ်နိုင်ငံဟာ ၁၀ နှစ်အတွင်း အမေရိကန်ကို ကျော်တက်လိမ့်မယ်လို့ ခန့်မှန်းခဲ့ကြတယ်။ ဘဏ္ဍာရေး အကြပ်အတည်း ပြီးခါစမှာတောင် ဒီလို ပြောဆိုခဲ့ကြတဲ့ စီးပွားရေးပညာရှင်တွေ မနည်းလှပါဘူး။

ဒါပေမဲ့ အမေရိကန်က ဘဏ္ဍာရေး အကြပ်အတည်းရဲ့ ဒဏ်ကနေ ပြန်လည် နာလန်ထူလာပြီး ကမ္ဘာ့ဩဇာကို ထပ်မံ ကိုင်စွဲထားနိုင်ခဲ့ချိန်မှာ တရုတ်နိုင်ငံရဲ့ တိုးတက်မှုနှုန်းကတော့ တဖြည်းဖြည်း နှေးကွေးလာခဲ့တယ်။ တရုတ်နိုင်ငံရဲ့ စီးပွားရေးမူဝါဒကို ကိုယ်စားပြုတဲ့ (စီးပွားရေး တိုးတက်မှုနှုန်း ၈ ရာခိုင်နှုန်းကို ထိန်းသိမ်းထားနိုင်ရေး မူဝါဒ) ကလည်း စွန့်လွှတ်ခဲ့ရတာ ကြာပြီဖြစ်လို့ အခုဆိုရင် ၇ ရာခိုင်နှုန်း တိုးတက်ဖို့တောင် အာမ မခံနိုင်တော့ပါဘူး။ (အဲဒါတောင်မှ ကိန်းဂဏန်း အချက်အလက် အမျိုးမျိုးကို လှည့်စားပြီး မနည်း ပြည့်မီအောင် လုပ်နေရတာပါ)

ဒီအတောအတွင်းမှာ တရုတ်နိုင်ငံက အမေရိကန်ကို လိုက်မီဖို့အတွက် ပြည်တွင်းကုမ္ပဏီတွေနဲ့ နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေကို ရက်ရက်ရောရော လုပ်ဆောင်ခဲ့တယ်။ ဒီအတွက်ကြောင့် ကုန်ထုတ်လုပ်မှု ကဏ္ဍ အများစုမှာ လိုက်မီနိုင်ခဲ့ပေမဲ့ လက်တွေ့မှာတော့ အိုင်တီနဲ့ နည်းပညာမြင့် စက်မှုလုပ်ငန်းတွေမှာ နည်းပညာ ကွာဟချက်က ပိုပြီး ကြီးမားလာခဲ့ပါတယ်။ သဘာဝဘေးအန္တရာယ်လိုမျိုး ထူးခြားတဲ့ ဖြစ်ရပ်တစ်ခုခု မပေါ်ပေါက်လာရင် ဒီကွာဟချက်ကို ပြောင်းပြန်လှန်ဖို့က ခက်ခဲမှာပါ။

ဒါပေမဲ့ မထင်မှတ်ဘဲ အဲဒီ သဘာဝဘေးအန္တရာယ်ကြီးက တကယ်ပဲ ပေါ်ပေါက်လာခဲ့တယ်။ အဲဒါကတော့ Big One ငလျင်ကြီးပါပဲ။

ဘဏ္ဍာရေးနဲ့ စက်မှုလုပ်ငန်းက စီးပွားရေးရဲ့ မဏ္ဍိုင်ကြီး နှစ်ခုပါ။ နယူးယောက်ရဲ့ Wall Streetက အမေရိကန် ဘဏ္ဍာရေးရဲ့ ဗဟိုချက်ဆိုရင် Silicon Valley က အမေရိကန်ရဲ့ နည်းပညာမြင့် စက်မှုလုပ်ငန်းရဲ့ ပုခက်ပါပဲ။ Big One က Silicon Valley ကို လုံးဝ ပျက်စီးသွားစေခဲ့တယ်။ ဒါပေမဲ့ အဲဒီမှာ အလုပ်လုပ်တဲ့ လူအများစုက လွတ်မြောက်သွားခဲ့ကြပြီး ကုမ္ပဏီတွေကလည်း အဆောက်အဦးတွေ ဆုံးရှုံးသွားတာကလွဲရင် အဆင်ပြေခဲ့ကြတယ်။ သူတို့က နေရာရွှေ့ပြောင်းပြီး တခြားတစ်နေရာမှာ နောက်ထပ် Silicon Valley တစ်ခုကို တည်ဆောက်နေကြပါပြီ။

သမ္မတ ကျန်းဖင်ဟွာ က စိတ်ထဲကနေ မကျေမနပ်ဖြစ်ပြီး ‘အဲဒီတုန်းက သူတို့အားလုံး သေသွားရင် ပိုကောင်းမှာ’ လို့ တွေးလိုက်မိတယ်။

တကယ်လို့သာ အဲဒီလို ဖြစ်ခဲ့ရင် အမေရိကန်ရဲ့ စက်မှုလုပ်ငန်း ယှဉ်ပြိုင်နိုင်စွမ်းက ၁၀ နှစ်လောက် နောက်ကျကျန်ခဲ့မှာ ဖြစ်သလို၊ အမေရိကန် ပြည်တွင်းမှာလည်း အလွန်အမင်း ရုန်းရင်းဆန်ခတ် ဖြစ်သွားမှာပါ။ အဲဒီ ကွာဟချက်အတွင်းမှာ တရုတ်နိုင်ငံက ကမ္ဘာ့ခေါင်းဆောင်အဖြစ် ထပ်မံ ပေါ်ထွက်လာနိုင်တဲ့ အခွင့်အရေး အပြည့်အဝ ရှိခဲ့တယ်။ ဒါပေမဲ့ Big One က အမေရိကန်ဟာ ကမ္ဘာပေါ်မှာ ဘာကြောင့် အင်အားအကြီးဆုံး နိုင်ငံ ဖြစ်နေရလဲဆိုတဲ့ အချက်ကို ထပ်ပြီး သက်သေပြလိုက်သလိုပဲ ဖြစ်သွားခဲ့တယ်။

‘တကယ်လို့ ကန်ဂျင်ဟူ သာ မရှိခဲ့ရင်...’

စဉ်းစားကြည့်ရင် တရုတ်နိုင်ငံရဲ့ အမြင်မှာတော့ ကန်ဂျင်ဟူ ကြောင့် ဆုံးရှုံးခဲ့ရတာတွေက တစ်ခု၊ နှစ်ခုမကပါဘူး။ OTK Company က မဟာငလျင်ကြီး မဖြစ်ခင်ကတည်းက တရုတ်ကုမ္ပဏီတွေဆီကနေ သံမဏိ၊ ကြေးနီ၊ ဘိလပ်မြေ စတာတွေကို သတ်မှတ်ထားတဲ့ ဈေးနှုန်းတွေနဲ့ အမြောက်အမြား ကြိုတင်ဝယ်ယူခဲ့တယ်။ ဒါပေမဲ့ မဟာငလျင်ကြီး ပြီးတဲ့နောက်မှာ ကုန်ကြမ်းဈေးနှုန်းတွေက ထိုးတက်သွားခဲ့တယ်။ အထူးသဖြင့် သံမဏိနဲ့ ကြေးနီ ဈေးနှုန်းတွေက နှစ်ဆကျော် ခုန်တက်သွားခဲ့တာပါ။

သံသတ္တုရိုင်းနဲ့ တွင်းထွက်ပစ္စည်း ဈေးနှုန်းတွေကလည်း ထိုးတက်သွားခဲ့လို့ တရုတ်ကုမ္ပဏီတွေက အမြတ်ရမယ့်အစား ကြီးမားတဲ့ ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်ခဲ့ကြရတယ်။ ဒါပေမဲ့ သူတို့တွေဟာ စာချုပ်ကိုလည်း ဖျက်သိမ်းလို့ မရခဲ့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကန်ဂျင်ဟူ က အဲဒီ ပမာဏအားလုံးကို အမေရိကန်ဆီ လွှဲပြောင်းပေးခဲ့လို့ပါပဲ။ တစ်ဖက်လူက ကုမ္ပဏီသက်သက် ဆိုရင်တော့ ကိစ္စမရှိပေမဲ့ အခုက အမေရိကန် အစိုးရနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ဖြစ်သွားပြီမလို့ ဖျက်သိမ်းလို့ မရတော့ဘူးလေ။

ဒီအတိုင်း ဆက်သွားရင် ဒေဝါလီခံရနိုင်တယ်လို့ တရုတ်ကုမ္ပဏီတွေက အသနားခံခဲ့ကြလို့ ဆုံးရှုံးမှု မရှိစေမယ့် အဆင့်လောက်အထိ ဈေးနှုန်းကို မနည်း ညှိနှိုင်းခဲ့ရပေမဲ့ ကုမ္ပဏီတွေရဲ့ အမြင်မှာတော့ ကြီးမားတဲ့ အမြတ်အစွန်းတွေ ရရှိနိုင်မယ့် ရွှေရောင်အခွင့်အရေးကြီးကို လက်လွတ်လိုက်ရတာပါပဲ။

သမ္မတ ကျန်းဖင်ဟွာ က ပြတင်းပေါက်အပြင်ဘက်ကို လှမ်းကြည့်လိုက်တယ်။

ထုံးစံအတိုင်း ဘေဂျင်းရဲ့ ကောင်းကင်က မီးခိုးရောင် သန်းနေတုန်းပါပဲ။ ဖုန်မှုန့်တွေကြောင့် မျက်နှာချင်းဆိုင်က အဆောက်အဦးကိုတောင် သဲသဲကွဲကွဲ မမြင်ရပါဘူး။

“OTK Company ကို ငါတို့ တရုတ်ဘက်ပါအောင် ဆွဲဆောင်လို့ မရဘူးလား”

ဒုတိယဝန်ကြီး လီရွှဲ့ဝေက ပြန်ဖြေပါတယ်။

“ကျိုး မော်တာ က သူတို့နဲ့ ဆက်သွယ်ဖို့ စီစဉ်နေပါတယ်”

ကမ္ဘာပေါ်မှာ လျှပ်စစ်ကား အများဆုံး ထုတ်လုပ်ပြီး ရောင်းချတဲ့ နိုင်ငံက အမေရိကန် မဟုတ်ဘဲ တရုတ်နိုင်ငံ ဖြစ်သလို၊ nPhone အများဆုံး ရောင်းရတဲ့ နိုင်ငံကလည်း အမေရိကန် မဟုတ်ဘဲ တရုတ်နိုင်ငံပါ။ ဘယ်ကုမ္ပဏီမှ တရုတ်နိုင်ငံဆိုတဲ့ ကြီးမားတဲ့ ဈေးကွက်ကြီးကို စွန့်လွှတ်နိုင်မှာ မဟုတ်ပါဘူး။

ကျွန်တော့်ရဲ့ ကုမ္ပဏီဆီကို မထင်မှတ်ထားတဲ့ ဧည့်သည်တစ်ယောက် ရောက်လာခဲ့တယ်။

သူက အသက် ၅၀ ကျော် အရွယ်လောက်ရှိတဲ့ လူလတ်ပိုင်း အမျိုးသားတစ်ယောက် ဖြစ်ပြီး အရပ် တော်တော်လေး ပုတာက သူ့ရဲ့ ထူးခြားချက်ပါ။ ဒေါက်ပါတဲ့ ဖိနပ်ကို စီးထားရင်တောင်မှ အရပ်က ၁၆၀ စင်တီမီတာ ကျော်ပုံမရပါဘူး။ အရပ်က ပုပေမဲ့ သူ့မျက်နှာပေါ်က အရေးအကြောင်းတွေက လောကဓံ အမျိုးမျိုးကို ဖြတ်သန်းခဲ့ရတဲ့ ဝါရင့် ပုဂ္ဂိုလ်တစ်ယောက် ဖြစ်ကြောင်း ပြသနေပါတယ်။

သူက ကျွန်တော့်လက်ကို ဆွဲကိုင်ပြီး မပီမသ အင်္ဂလိပ်စကားနဲ့ မိတ်ဆက်စကား ပြောလာတယ်။

“တွေ့ရတာ ဝမ်းသာပါတယ်။ စီအီးအို ကန်ဂျင်ဟူ။ ကျွန်တော်က ကျိုး မော်တာ ရဲ့ ဒုတိယဥက္ကဋ္ဌ ဝမ်ယီချန်း ပါ”

All Chapters