← Chapters

အခန်း ၂၆၉

Vol. 27 Ch. 269

အခန်း ၂၆၉

Vol. 27 Ch. 269

အခန်း (၂၆၉)

ထန်းဝေက ဝိန်မန်ပန်းပြီးရင် ဒုတိယအကြီးဆုံး ကုန်တင်ကား ပွဲစားကုမ္ပဏီ ဖြစ်ပါတယ်။

လုပ်ငန်းပိတ်သိမ်းခံရတဲ့ အကြောင်းရင်းကတော့ ကုန်တင်ကားမောင်းသမားတွေအပေါ် အာဏာအလွဲသုံးစားလုပ်ပြီး ကုန်တွေအလွန်အကျွံ တင်ခိုင်းတာ၊ အချိန်တိုအတွင်း မောင်းခိုင်းတာနဲ့ ကော်မရှင်ခ နည်းနည်းပဲပေးတာမျိုးတွေ လုပ်ခဲ့လို့ပါ။ အကြောင်းပြချက်က ဘာပဲဖြစ်ဖြစ် ထန်းဝေရဲ့ ဝန်ဆောင်မှုကို ညတွင်းချင်း ပိတ်လိုက်တဲ့အခါ ကုန်ပိုင်ရှင်တွေနဲ့ ကုန်တင်ကားမောင်းသမားတွေကြားမှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့တယ်။

ကိုရီးယားမှာဆိုရင်တော့ စီမံခန့်ခွဲမှုဆိုင်ရာ တရားစွဲဆိုမှုကို ချက်ချင်းလုပ်ကြမှာ ဖြစ်ပေမဲ့ တရုတ်ပြည်မှာတော့ ဒါက မဖြစ်နိုင်တဲ့ကိစ္စပါပဲ။

လုပ်ငန်းပိတ်သိမ်းမယ့် ကာလက ဆယ်ရက်ပါ။ ပြဿနာက အဲဒီအတောအတွင်းမှာ ဒီဝန်ဆောင်မှုကို သုံးနေကျ စားသုံးသူတွေက ဝိန်မန်ပန်း ဒါမှမဟုတ် တခြားကုမ္ပဏီတွေဆီ ပြောင်းသွားနိုင်ခြေ ရှိတာပါပဲ။ တကယ်လို့ ဒီလိုသာဖြစ်သွားရင် နောက်ပိုင်းမှာ လုပ်ငန်း ပြန်လည်ပတ်နိုင်ခဲ့ရင်တောင် ထိခိုက်နစ်နာမှုကတော့ ရှောင်လွှဲလို့ရမှာ မဟုတ်ပါဘူး။

ယောက်မိန်က လက်လျှော့လိုက်တဲ့ လေသံမျိုးနဲ့ သက်ပြင်းချရင်း ပြောလာတယ်။

“လောလောဆယ်တော့ လုပ်ငန်းပိတ်သိမ်းတာ ပြန်ဖွင့်ပေးမယ့်အချိန်ကို စောင့်ရုံကလွဲလို့ တခြားရွေးချယ်စရာ မရှိသေးပါဘူး”

“နားလည်ပါပြီ။ အခြေအနေကို ပုံမှန် သတင်းပို့ပေးပါ”

ဥက္ကဋ္ဌ လင်ဂျင်ယုံနဲ့ ကျွန်တော်က အခြေအနေကို အကဲဖြတ်ဖို့ တရုတ်ပြည်ကို အမြန်သွားခဲ့ကြသလို ဥက္ကဋ္ဌ ဟန်ချန်ယောင်းကလည်း တရုတ်အရာရှိတွေနဲ့ ဆက်သွယ်ခဲ့တယ်။

ကံကောင်းတာက ဒီလိုအခြေအနေမျိုးမှာတောင် တရုတ်ပြည်မှာ ရှိတဲ့ ဆိုဆောင်း အီလက်ထရောနစ်ရဲ့ ရောင်းအား အများဆုံးအပိုင်းကို တာဝန်ယူထားတဲ့ Semiconductor အပိုင်းကိုတော့ လုံးဝ လာမထိကြပါဘူး။ ရှီအန်မှာ ရှိတဲ့ NAND flash memory စက်ရုံ တိုးချဲ့တဲ့ကိစ္စကလည်း ဘာပြဿနာမှမရှိဘဲ အဆင်ပြေပြေ ဆက်လည်ပတ်နေပါတယ်။

ဘာလို့လဲဆိုတော့ Semiconductorတွေက လောလောဆယ်မှာ ရောင်းလိုအားထက် ဝယ်လိုအားက ပိုများနေတဲ့ အထူးကောင်းမွန်တဲ့ စီးပွားရေးစက်ဝန်း (Super Cycle) ထဲ ရောက်နေလို့ပါပဲ။ နေရာတိုင်းမှာ လူတွေက ပိုက်ဆံပိုပေးပြီး ကြိုတင်မှာယူနေကြတဲ့ အခြေအနေမျိုးမှာ သူတို့ဘက်က မဝယ်ဘူးလို့ ငြင်းလိုက်ရင် သူတို့ပဲ နစ်နာမှာပါ။

ပြီးတော့ Semiconductorတွေက ကြားခံကုန်ပစ္စည်းတွေ ဖြစ်တာကြောင့် သွင်းကုန် ကန့်သတ်တာ ဒါမှမဟုတ် အခွန်တိုးကောက်တာမျိုး လုပ်ရင် နောက်ဆုံးမှာ တရုတ် အီလက်ထရောနစ် ပစ္စည်းတွေရဲ့ ဈေးနှုန်းကို ပိုတက်လာစေမယ့် ဆိုးကျိုးပဲ ရှိပါလိမ့်မယ်။ ဗဟုသုတအနေနဲ့ ပြောရရင် တရုတ်က ၅ နှစ်အတွင်း Semiconductorကဏ္ဍမှာ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ဖို့ ရည်မှန်းချက်နဲ့ 'Semiconductor Galsification'ကို ကြေညာထားတာ ရှိပါတယ်။

တက်ဂယူက “အဲဒီ 'galifications' ဆိုတာက ဘယ်နှခုတောင် ရှိလို့လဲ” လို့ မေးတယ်။

“ပြောပြရရင်တော့ အများကြီးပဲ”

သူတို့က လုပ်သမျှ အရာအားလုံးမှာ 'galification' ဆိုတာကို လိုက်ကပ်ထားကြတာပါ။ အားလုံးကို ပေါင်းလိုက်ရင် တကယ့်ကို 'Continental Galification' ကြီး ဖြစ်မလာပေဘူးလား။

သမ္မတ ကျန်းဖင်ဟွာက Semiconductor လုပ်ငန်းကို မြှင့်တင်ဖို့ ယွမ် သိန်းပေါင်း ၁ ကုဋေထက်မက ရင်းနှီးမြှုပ်နှံဖို့ စီစဉ်နေပါတယ်။ ဒါက နည်းပညာမြင့်လုပ်ငန်းတွေအပေါ် တရုတ်က ဘယ်လောက်အထိ အာရုံစိုက်နေလဲဆိုတာကို ပြသနေတာနဲ့ အတူတူပါပဲ။

ဒါက အလိုအလျောက်မောင်းနှင်စနစ်နဲ့ လျှပ်စစ်ကားတွေလိုမျိုး အနာဂတ်ကားတွေအတွက်လည်း အတူတူပါပဲ။ ဒါကြောင့် နည်းပညာကို ဦးဆောင်နေပြီး တရုတ်ကုမ္ပဏီတွေနဲ့ လက်တွဲဖို့ ငြင်းဆန်ထားတဲ့ ကျွန်တော်တို့က သူတို့အတွက်တော့ ရန်သူလို ဖြစ်နေမှာ အသေအချာပါ။

တက်ဂယူက ကျွန်တော့်ကို လက်ညှိုးထိုးရင်း ပြောတယ်။

“အဲဒီ ကန်ဂျင်ဟူက အန္တရာယ်ပေးတဲ့ ကန်ဂျင်ဟူပဲ”

“……အတိအကျပဲ”

တကယ်လို့ တက်ဂယူက သူ့ကိုသူသာ လက်ညှိုးထိုးခဲ့ရင် 'အဲဒီ အိုတာကူက အန္တရာယ်ပေးတဲ့ အိုတာကူ' လို့ ပြောလိုက်မလား။

မူရင်းစကားပုံကတော့ နာမည်ကြီးလှတဲ့ “အဲဒီငှက်က အန္တရာယ်ပေးတဲ့ငှက်ပဲ” ဆိုတဲ့စကားပါ။

အဲဒါက မော်စီတုံးက ကောက်ပဲသီးနှံတွေကို ကိုက်ဖြတ်နေတဲ့ စာကလေးတွေကို လက်ညှိုးထိုးပြီး ပြောခဲ့တဲ့ စကားပေါ့။ နိုင်ငံတော်အကြီးအကဲရဲ့ စကားတစ်ခွန်းကြောင့် တရုတ်ပြည်က လူထုတွေဟာ စာကလေးတွေကို မျိုးတုံးအောင် သတ်ခဲ့ကြတယ်။

ရလဒ်က ဘာဖြစ်သွားခဲ့လဲ။

စာကလေးတွေ စားလေ့ရှိတဲ့ ကျိုင်းကောင်တွေအပါအဝင် ပိုးမွှားမျိုးစုံ သောင်းကျန်းလာပြီး အဆိုးရွားဆုံး ငတ်မွတ်ခေါင်းပါးမှုကို ဖြစ်စေခဲ့ကာ လူသန်းပေါင်းများစွာ ငတ်ပြတ်ပြီး သေဆုံးခဲ့ရတယ်။ (ဒါတစ်ခုထဲကြောင့် မဟုတ်ဘဲ မဟာခုန်ပျံကျော်လွှားမှုကြီးရဲ့ ဘက်စုံကျရှုံးမှုကြောင့်လည်း ပါပါတယ်)

ပြဿနာက ဒီရိုးရာကို ဒီနေ့ခေတ်အထိ လက်ဆင့်ကမ်းလာတာပဲ။

ပါတီကသာ “အဲဒီကုမ္ပဏီက အန္တရာယ်ပေးတဲ့ကုမ္ပဏီပဲ” လို့ လက်ညှိုးထိုးပြလိုက်တဲ့ မိနစ်ပိုင်းမှာတင် နေရာအနှံ့က လူတိုင်းက တညီတညွတ်ထဲ လှုပ်ရှားကြပြီး သူတို့ကို မောင်းထုတ်ဖို့အတွက် မရေရာတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ ပိတ်ဆို့အရေးယူမှုမျိုးစုံကို လုပ်ကြတော့တာပဲ။

အခုတော့ ကျွန်တော်တို့က အဲဒီပစ်မှတ် ဖြစ်သွားပြီလား။

တရုတ်စီးပွားရေးက ကွန်မြူနစ်ပါတီရဲ့ သီးသန့်စီမံကိန်းစီးပွားရေးနဲ့ အရင်းရှင်စနစ်ကို ပေါင်းစပ်ထားတဲ့ နိုင်ငံတော်အရင်းရှင်စနစ် ပုံစံမျိုးပါ။ ဒါကြောင့် အစိုးရက ကုမ္ပဏီတွေအပေါ် ဝင်ရောက်စွက်ဖက်တဲ့ 'ကွမ်းချုံကျူးအီ' (အစိုးရထိန်းချုပ်မှုဝါဒ) က ကာလကြာရှည်ကတည်းက ရှိနေခဲ့တာလေ။

ဒါတွေထဲက အနာမည်ကြီးဆုံးကတော့ Great Firewall လို့ လူသိများတဲ့ တရုတ်ရဲ့ အင်တာနက် သတင်းအချက်အလက် စိစစ်ဖြတ်တောက်မှုပါပဲ။ တရုတ်က ဆိုရှယ်လစ်စနစ်နဲ့ ကွန်မြူနစ်ပါတီကို ထိခိုက်စေမယ့် သတင်းအချက်အလက်တွေကို သေချာပေါက် ပိတ်ဆို့ထားပါတယ်။

ဒါက အမေရိကန်ကုမ္ပဏီတွေအတွက်လည်း ချွင်းချက်မဟုတ်ပါဘူး။ ကမ္ဘာတစ်ဝန်းက လူတွေ သုံးနေကြတဲ့ Gooble နဲ့ Facenote တို့ကို ပိတ်ထားပြီး တခြား အင်တာနက်ကုမ္ပဏီတွေကိုလည်း စည်းမျဉ်းအမျိုးမျိုးနဲ့ ကန့်သတ်ထားတာပါ။

တရုတ်ပြည်တွင်းအတွင်းမှာ Baidu က တရုတ် ရှာဖွေရေးဈေးကွက်ကို စိုးမိုးထားပြီး Alibaba က အွန်လိုင်းဈေးကွက်၊ Wechant ကတော့ ဂိမ်းနဲ့ Contentဈေးကွက်ကို စိုးမိုးထားခဲ့တယ်။

ကမ္ဘာလုံးဆိုင်ရာ ကုမ္ပဏီတွေနဲ့မတူဘဲ သူတို့က တရုတ်အစိုးရရဲ့ မူဝါဒတွေကို အပြည့်အဝ လိုက်နာကြပါတယ်။ အစိုးရ အလိုရှိတဲ့ ဆောင်းပါးတွေနဲ့ သတင်းအချက်အလက်တွေကိုပဲ Portalတွေနဲ့ လူမှုကွန်ရက်တွေမှာ ပြသပေးပြီး ယဉ်ကျေးမှုတော်လှန်ရေးနဲ့ တီယန်အန်မင်ရင်ပြင် အရေးအခင်းလိုမျိုး သတင်းအချက်အလက် တွေကို ရှာမရအောင် ပိတ်ဆို့ထားတာပါ။

ဘာပဲဖြစ်ဖြစ် တရုတ်အစိုးရက OTK Company နဲ့ ပတ်သက်တဲ့ ကုမ္ပဏီတွေကို ပစ်မှတ်ထားပြီး လှုပ်ရှားနေတာကတော့ ရှင်းနေတာပါပဲ။

ကံကောင်းတာက ပိတ်ဆို့အရေးယူမှုတွေက ဆိုဆောင်း အီလက်ထရောနစ်၊ အွန်ဆောင်း မော်တာ နဲ့ OTK Company က ရင်းနှီးမြှုပ်နှံထားတဲ့ ကုမ္ပဏီတွေလောက်မှာပဲ ကန့်သတ်ထားလို့ တခြား ကိုရီးယားကုမ္ပဏီတွေဆီအထိ ကူးစက်မသွားခဲ့ဘူး။

ဒါပေမဲ့ ဒါတင်ပဲ အခြေအနေက တော်တော်လေး စိုးရိမ်စရာကောင်းနေပြီဖြစ်သလို တရုတ်အစိုးရရဲ့ အလိုကို ရိပ်မိနေကြတဲ့ ဒေသခံကုမ္ပဏီတွေက ကျွန်တော်တို့ကို သတိထားပြီး စောင့်ကြည့်နေကြတာကလည်း ပြဿနာတစ်ခုပါပဲ။

အွန်ဆောင်း မော်တာ နဲ့ ဆိုဆောင်း အီလက်ထရောနစ် တို့အပေါ် ပိတ်ဆို့အရေးယူတာက စီမံခန့်ခွဲရေးအာဏာပိုင်တွေရဲ့ ပုံမှန်လုပ်ဆောင်ချက်တွေသာ ဖြစ်ပြီး ကိုရီးယားနဲ့ ပတ်သက်တဲ့ ပွဲလမ်းသဘင်တွေ ဖျက်သိမ်းတာ၊ တခြားကိစ္စရပ်တွေနဲ့ ဘာမှမဆိုင်ပါဘူးလို့ တရုတ်ဘက်က ပြောဆိုခဲ့တယ်။

အတိုက်အခံ လေဘာပါတီကတော့ အစိုးရအနေနဲ့ ပြင်းပြင်းထန်ထန် ကန့်ကွက်ရမယ်လို့ ချက်ချင်း အသံထွက်လာပေမဲ့ အာဏာရ နိုင်ငံရေးသစ်ပါတီကတော့ သေချာ မတုံ့ပြန်နိုင်ခဲ့ဘူး။ ကိုရီးယားရဲ့ ပို့ကုန်တွေထဲမှာ တရုတ်က အများဆုံး ဖြစ်နေတာကြောင့် တကယ်လို့ မဆင်မခြင် တုံ့ပြန်မိရင် ပိတ်ဆို့အရေးယူမှုတွေက ပိုကျယ်ပြန့်လာပြီး ပိုပြီး ထိခိုက်နစ်နာမှုကြီးသွားနိုင်တယ်လို့ ကိုရီးယားအစိုးရက တွေးတောခဲ့ကြတယ်။

ဒုတိယဥက္ကဋ္ဌ ဝမ်ယီချန်း ပြောခဲ့တာကို ကျွန်တော် ပြန်သတိရမိတယ်။

“နိုင်ငံကြီးကို ဆန့်ကျင်တဲ့ နိုင်ငံငယ်လေးက ကပ်ဘေးနဲ့ ကြုံရလိမ့်မယ်” ဆိုတာ ဒါကို ဆိုလိုတာလား။

ဒါက သတိပေးချက်လား၊ ဒါမှမဟုတ် ရိုးရိုးတန်းတန်း စိတ်ကောက်ပြနေတာလား။

အချိန်တွေ ကုန်လွန်သွားခဲ့တာတောင် ပိတ်ဆို့အရေးယူမှုတွေက လွယ်လွယ်နဲ့ ပြန်မပွင့်လာခဲ့ဘူး။

ဆိုဆောင်း အီလက်ထရောနစ်ရဲ့ လူသုံးကုန်ပစ္စည်းစက်ရုံကို မီးဘေးအန္တရာယ် စစ်ဆေးတာက အခုထိ လုပ်တုန်းပဲ ဖြစ်ပြီး အွန်ဆောင်း မော်တာရဲ့ အိပ်ဇောဂတ်စ် စစ်ဆေးမှုကလည်း စီစစ်နေတုန်း အဆင့်မှာပဲ ရှိသေးတယ်။ ပြီးတော့ ထန်းဝေရဲ့ လုပ်ငန်းပိတ်သိမ်းမှုကိုလည်း နောက်ထပ် ဆယ်ရက် ထပ်တိုးလိုက်ပြန်တယ်။

ဒီကြားထဲမှာ တရုတ်က ပြည်တွင်း ခရီးသွားအေဂျင်စီတွေကို ဘက်စုံစစ်ဆေးမှုတွေ စတင်လုပ်ဆောင်ခဲ့တယ်။ ဈေးပေါတဲ့ packageတွေကြောင့် စားသုံးသူတွေ နစ်နာမှုမရှိအောင် ကာကွယ်ဖို့ဆိုပြီး အကြောင်းပြတာပေါ့။

အဲဒီနောက်မှာတော့ ကိုရီးယား ခရီးသွားအစီအစဉ်တွေက လုံးဝ ပျောက်ကွယ်သွားခဲ့ပြီး စီစဉ်ထားတဲ့ ခရီးစဉ်တွေကလည်း တစ်ခုပြီးတစ်ခု ဖျက်သိမ်းခံခဲ့ရတယ်။ ခရီးသွားလုပ်ငန်းကတော့ အရေးပေါ် သတိပေးချက် ထွက်ပေါ်လာခဲ့ပါပြီ။

တရုတ်ကုမ္ပဏီတွေကို ကျွန်တော်တို့ဘက်ကလည်း တစ်ခုခု ပြန်လုပ်သင့်တယ်လို့ နိုင်ငံရေးလောကမှာ အသံတွေ ထွက်လာပေမဲ့ မျှော်လင့်ထားတဲ့အတိုင်းပဲ ဒါက စကားအဖြစ်ပဲ ရှိခဲ့တယ်။

တကယ်လို့ စစ်ပွဲအသွင်အထိ ကျယ်ပြန့်သွားရင် ကိုရီးယားရဲ့ ထိခိုက်နစ်နာမှုက ပိုကြီးမားမှာ ဖြစ်တာကြောင့် ကိုရီးယားအစိုးရက တရုတ်အစိုးရရဲ့ အခြေအနေကိုပဲ စောင့်ကြည့်နေခဲ့တယ်။

တရုတ်က နောက်ထပ် ဘာလုပ်ဦးမလဲဆိုတာကို ကျွန်တော်တို့ သေချာ စောင့်ကြည့်နေတုန်းမှာပဲ ကျိုး မော်တာက အလိုအလျောက်မောင်းနှင်နိုင်တဲ့ ကားတစ်စီးကို ရုတ်တရက် မိတ်ဆက်ပြသခဲ့တယ်။

ဥက္ကဋ္ဌ ကျိုးကိုင်က မိတ်ဆက်ပွဲမှာ ကိုယ်တိုင် ပါဝင်လာပြီး ပြောခဲ့တယ်။

“ကျိုး မော်တာက ကုမ္ပဏီအသီးသီးနဲ့ ပူးပေါင်းပြီး အလိုအလျောက်မောင်းနှင်မှု နည်းပညာကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်နေခဲ့တာပါ။ အခုတော့ ဒါကို ခင်ဗျားတို့ရှေ့မှာ ချပြလိုက်ပါပြီ။ ပြည့်စုံလွန်းလှတဲ့ အထူးအဆင့်မြင့် အလိုအလျောက်မောင်းနှင်စနစ်သုံးကား JW8 ပါပဲ”

ကားကို စမ်းသပ်မောင်းနှင်ခဲ့ကြတဲ့ လူတွေက တော်တော်လေး သဘောကျခဲ့ကြပြီး CarOS ရဲ့ AD1 နဲ့ AD2 ထက် မနိမ့်ဘူးလို့ ချီးမွမ်းခန်းဖွင့်ခဲ့ကြတယ်။

ဥက္ကဋ္ဌ ကျိုးကိုင်က လာမယ့်လမှာ အမြောက်အမြား စတင်ထုတ်လုပ်ပြီး တရုတ်ပြည်အနှံ့ ရောင်းချသွားမယ်လို့ သူ့ရဲ့ အနာဂတ်အစီအစဉ်တွေကို ကြေညာခဲ့တယ်။

“JW8 ကနေ စတင်ပြီး ဒီနှစ်အတွင်းမှာ အလိုအလျောက်မောင်းနှင်စနစ်သုံးကား နောက်ထပ် မော်ဒယ်၃ မျိုးကို ထုတ်လုပ်သွားမှာဖြစ်ပြီး လာမယ့်နှစ်မှာတော့ မောင်းသူမဲ့ တက္ကစီတွေနဲ့ မောင်းသူမဲ့ ဘတ်စ်ကားတွေကိုပါ စီးပွားဖြစ် ပြေးဆွဲသွားမှာပါ”

အဲဒီစကားကြောင့် လူတွေက နေရာကနေ ထရပ်ပြီး တညီတညွတ်ထဲ လက်ခုပ်တီးခဲ့ကြတယ်။

တက်ဂယူနဲ့ ကျွန်တော်က အိမ်မှာ တီဗီကနေ ကျိုး မော်တာရဲ့ ကားသစ်မိတ်ဆက်ပွဲကို ကြည့်နေခဲ့ကြတယ်။

“ဘာလဲဟ။ သူတို့လည်း တစ်စီး လုပ်လိုက်တာပဲလား”

တက်ဂယူရဲ့ စကားကို ကျွန်တော် ခေါင်းညိတ်ပြလိုက်တယ်။

“တရုတ်ကလည်း အိုင်တီကုမ္ပဏီတွေနဲ့ မော်တော်ကားကုမ္ပဏီတွေကို အဓိကထားပြီး မောင်းသူမဲ့ကားတွေကို တီထွင်နေခဲ့တာပဲလေ”

ဦးဆောင်နေတဲ့ ကုမ္ပဏီတွေထဲမှာ ကျိုး မော်တာ၊ Bidu၊ Wechat၊ Didi Chuxing နဲ့ BYD တို့ ပါဝင်ပါတယ်။

မူလကတော့ သူတို့က နည်းပညာကို သီးခြားစီ တီထွင်နေကြတာ ဖြစ်ပေမဲ့ CarOS ရဲ့ နည်းပညာ ကြေညာချက် ထွက်လာပြီးနောက်မှာတော့ တရုတ်အစိုးရ ဦးဆောင်တဲ့ ပူးပေါင်းဆောင်ရွက်မှု မျက်နှာစာတစ်ခုကို တည်ဆောက်ခဲ့ကြတယ်။

တရားဝင် ထွက်လာဖို့ အချိန်ယူရဦးမယ်လို့ ကျွန်တော် ထင်ထားခဲ့ပေမဲ့ မထင်ထားလောက်အောင် သူတို့က ဒီလောက် မြန်မြန်ဆန်ဆန် ချပြခဲ့တယ်။ ပူးပေါင်းဆောင်ရွက်မှုက ပျက်ပြယ်သွားလို့ သူတို့ရဲ့ ကိုယ်ပိုင်နည်းပညာနဲ့ လုပ်ထားတဲ့ ကားကို အလောတကြီး ထုတ်လိုက်တာလား။

တကယ်တော့ အလိုအလျောက်မောင်းနှင်မှု နည်းပညာ အောင်မြင်တဲ့အဆင့်ကို ရောက်နေတဲ့ ကုမ္ပဏီက တစ်ခု၊ နှစ်ခုတင်မကဘူး။ GM၊ Gooble၊ Nikola၊ Iber စသဖြင့် ရှိကြပါတယ်။

ဒါပေမဲ့ အလိုအလျောက်မောင်းနှင်မှု နည်းပညာက လူ့အသက်နဲ့ သက်ဆိုင်တဲ့ ကိစ္စဖြစ်တာကြောင့် နည်းနည်းလေးတောင် အမှားအယွင်း ရှိလို့မရပါဘူး။ အဲဒီ သေးငယ်တဲ့ ကွာခြားချက်ကပဲ CarOS ကို ရှေ့ကနေ ဦးဆောင်စေတာပါ။

“အဲဒီ တရုတ်လုပ် ကားက အဆင်ပြေပါ့မလား”

“ဒီနေ့ခေတ် တရုတ်လုပ် ပစ္စည်းတွေက ပေါ့သေးသေးတော့ မဟုတ်ဘူးကွ”

“Made in China” ကို အထင်သေးခဲ့ကြတာတွေက အတိတ်မှာ ကျန်ခဲ့ပြီ။ အခုဆိုရင် နည်းပညာမြင့် နယ်ပယ်မှာတောင် သူတို့က လျစ်လျူရှုလို့မရတဲ့ အဆင့်အထိ တက်လှမ်းလာခဲ့ကြပြီလေ။

CarOS နဲ့ နည်းပညာ ကွာဟချက်က ဘယ်လောက်အထိ ရှိမလဲဆိုတာ ကျွန်တော် သိချင်မိတယ်။

ကျွန်တော် အဲဒီလို တွေးနေတုန်း ဖုန်းမြည်လာတယ်။ CarOS ရဲ့ စီအီးအို ဒါရီလ် ကိုယ်တိုင် ဆက်တာပါ။ သူက ပုံမှန်ဆိုရင် ကုမ္ပဏီကိုပဲ ဆက်သွယ်လေ့ရှိပြီး ကျွန်တော့်ရဲ့ လက်ကိုင်ဖုန်းဆီကိုတော့ ဆက်ခဲပါတယ်။

ကျွန်တော် ဖုန်းလက်ခံတဲ့ ခလုတ်ကို နှိပ်လိုက်တယ်။

“ဟယ်လို”

“ကျိုး မော်တာရဲ့ မိတ်ဆက်ပွဲကို ကြည့်ပြီးပြီလား”

သူ့လေသံက တစ်ခုခုကို တော်တော်လေး စိတ်ဆိုးနေတဲ့ ပုံစံမျိုး ထွက်နေတယ်။

“ဟုတ်ကဲ့။ အခုတင်ပဲ ကြည့်ပြီးတာပါ”

“သူတို့က ငါတို့ဟာကို ကူးချထားတာ”

“ဘာကို ဆိုလိုတာလဲ”

ဒါရီလ်က ဒေါသတကြီးနဲ့ အော်ဟစ်ပြီးပြောလိုက်တယ်။

“ချီး။ အဲဒီအကောင်တွေက ငါတို့ နည်းပညာကို ခိုးသွားတာ”

အဲဒီစကားကြောင့် ကျွန်တော် လန့်သွားခဲ့တယ်။

“ဒါက တကယ်ပဲလား”

ကျွန်တော်တို့ ဒီထရိုက်ကို ချက်ချင်းပဲ ထွက်လာခဲ့ကြတယ်။

ဒါက မဟာငလျင်ကြီးဖြစ်ပွားပြီးကတည်းက ကျွန်တော် အမေရိကန်ကို ပထမဆုံးအကြိမ် လာတာပါ။ စဉ်းစားကြည့်ရင် မဟာငလျင်ကြီးဖြစ်ပွားခဲ့တာ မျက်စိတမှိတ်အတွင်း ခြောက်လကျော်သွားခဲ့ပါပြီ။ အဲဒီအတောအတွင်းမှာ ကိစ္စတွေ အများကြီး ဖြစ်ပျက်ခဲ့တယ်။

ခဏလောက် အိပ်ပျော်သွားပြီးနောက်မှာတော့ ကျွန်တော် သတိမထားမိခင်မှာတင် လေဆိပ်ကို ရောက်လာခဲ့တယ်။

တက်ဂယူက သမ်းဝေရင်း ပြောတယ်။

“နိုင်ငံထဲကို ဝင်တဲ့အခါ သတင်းထောက်တွေနဲ့ ကြိုဆိုမယ့် လူအုပ်ကြီးက စောင့်မနေသင့်ဘူးလား”

“……”

ဒီလိုမျိုး ဖြစ်လာမှာ စိုးလို့ CarOS ရဲ့ အမှုဆောင်အရာရှိတွေကလွဲလို့ တခြားဘယ်သူ့ကိုမှ ကျွန်တော် မပြောခဲ့ပါဘူး။

လူဝင်မှုကြီးကြပ်ရေး ကောင်တာမှာ ကျွန်တော့်ရဲ့ နိုင်ငံကူးလက်မှတ်ကို ပြလိုက်တယ်။ ပျင်းရိ ငြီးငွေ့ဖွယ် အမူအရာနဲ့ မေးခွန်းတွေမေးပြီး နိုင်ငံကူးလက်မှတ်ပေါ်မှာ တံဆိပ်တုံး ထုပေးနေတဲ့ အရာရှိက ကျွန်တော့်ရဲ့ နိုင်ငံကူးလက်မှတ်ကို ကြည့်ပြီး မျက်လုံးပြူးသွားကာ ကျွန်တော့်ကို မော့ကြည့်လာတယ်။

“မ... မစ္စတာကန်နဲ့ တွေ့ရတာ ဂုဏ်ယူပါတယ်”

“တွေ့ရတာ ဝမ်းသာပါတယ်”

တခြားလူတွေကို မပြောဖို့အတွက် ကျွန်တော့်ရဲ့ လက်ညှိုးကို နှုတ်ခမ်းပေါ်မှာ အသာတင်ပြလိုက်တယ်။

လူဝင်မှုကြီးကြပ်ရေးခန်းမကနေ ထွက်လာတဲ့အခါ လေဆိပ်အပြင်ဘက်မှာ ကားတစ်စီးက ကြိုတင်ပြီး စောင့်နေခဲ့တယ်။ ဒါက တခြားမဟုတ်ဘဲ CarOS က ထုတ်ထားတဲ့ AD2 ပါပဲ။

CarOS ရဲ့ စီအက်ဖ်အို ဆာဂျေက ကိုယ်တိုင် လာကြိုတာပါ။

“ဒီအထိ အဝေးကြီး လာပေးလို့ ကျေးဇူးတင်ပါတယ်”

“နေကောင်းရဲ့လား”

အချိန်အတော်ကြာမှ ပြန်တွေ့ကြတာဖြစ်လို့ ကျွန်တော်တို့ ဝမ်းသာအားရ နှုတ်ဆက်ကြပြီး ကားထဲကို ဝင်ထိုင်လိုက်ကြတယ်။ ကားက CarOS ရုံးချုပ်ဆီကို တန်းတန်းမတ်မတ် ဦးတည်မောင်းနှင်သွားခဲ့တယ်။

ဆာဂျေက သူ့ရဲ့လက်တွေကို စတီယာရင်ဘီးပေါ်မှာပဲ တင်ထားရင်း ကျွန်တော်တို့ကို စကားပြောနေခဲ့တယ်။ ကားက ကိုယ်တိုင် မောင်းနှင်စရာမလိုဘဲ အလိုအလျောက် သွားလိုက်၊ ရပ်လိုက်နဲ့ စတီယာရင်ကို လှည့်ပေးနေခဲ့တာပါ။

မြို့ထဲကို ရောက်လာတဲ့အခါ လမ်းပေါ်မှာ ယာဉ်ကြော ပိတ်ဆို့နေခဲ့တယ်။ အဲဒီထဲမှာ AD1 တွေနဲ့ AD2 တွေလည်း ရှိနေပါတယ်။ ဗီဒီယိုတွေထဲမှာ အကြိမ်ကြိမ် မြင်ဖူးပေမဲ့ လမ်းပေါ်မှာ တကယ် မောင်းနှင်နေတာကို မြင်ရတာက အံ့သြစရာပါပဲ။

“အခု ကုမ္ပဏီထဲမှာ အခြေအနေက ဘယ်လိုလဲ”

“အရေးပေါ် အခြေအနေလို ဖြစ်နေတာ။ ဒါရီလ်က တော်တော်လေး စိတ်ဆိုးနေလို့ ဘယ်သူမှ သူ့ကို စကားတောင် မပြောရဲကြဘူး”

ကျွန်တော်တို့ စကားပြောနေတုန်းမှာပဲ ကုမ္ပဏီကို ရောက်လာခဲ့တယ်။

စီအီးအို ဒါရီလ်၊ စီအိုအို ရိုင်ယန် နဲ့ အမှုဆောင်အရာရှိတွေက အစည်းအဝေးခန်းထဲမှာ စုဝေးနေကြပါပြီ။

ဒါရီလ်ရဲ့ မျက်နှာက အလွန်အမင်း ဒေါသထွက်နေတဲ့ ပုံစံမျိုး ဖြစ်နေပြီး သူ့ရဲ့ ဆံပင်တွေကလည်း ရေမချိုးရတာ ကြာပြီဖြစ်တဲ့အတိုင်း ဖရိုဖရဲနဲ့ ရှုပ်ပွနေခဲ့တယ်။ ကျွန်တော် သူ့ကို သိလာတာ ကြာပြီဖြစ်ပေမဲ့ ဒီလိုပုံစံမျိုး မြင်ဖူးတာ ဒါပထမဆုံးပါပဲ။

နှုတ်ဆက်ရမယ့်အစား ကျွန်တော် ချက်ချင်းပဲ မေးခွန်းမေးလိုက်တယ်။

“ကျိုး မော်တာက CarOS နည်းပညာကို တကယ်ပဲ ကူးချထားတာလား”

“ဟုတ်တယ်”

“မင်းက ကိုယ်တိုင် စမ်းမောင်းကြည့်တာလည်း မဟုတ်ဘဲ ဗီဒီယိုတွေထဲမှာပဲ မြင်ရတာလေ။ ဒါကို ဘာလို့ ဒီလောက်အထိ သေချာနေရတာလဲ”

ဒါရီလ်က စိတ်တိုတိုနဲ့ ပြန်ဖြေတယ်။

“အများပြည်သူဆီ ချပြထားတဲ့ ဗီဒီယိုအားလုံးကို ငါ သေချာ စိစစ်ပြီးပြီ။ ကားရဲ့ လှုပ်ရှားမှုတွေနဲ့ စနစ်က ငါတို့ဟာနဲ့ အတော်လေး တူနေတယ်။ ဘီးတွေရဲ့ လှုပ်ရှားမှုကို ကြည့်ရုံနဲ့တင် ငါ ပြောနိုင်တယ်”

“……”

ဒါက ဖြစ်နိုင်ပါ့မလား။

လူတိုင်းက ဒါရီလ်ရဲ့ စကားကို အတိုင်းအတာတစ်ခုအထိ သဘောတူကြတဲ့ ပုံပါပဲ။ ကျွန်တော်တို့လို သာမန်လူတွေအတွက်တော့ အတူတူပဲလို့ ထင်ရပေမဲ့ နည်းပညာရှင်တွေကတော့ သေးငယ်တဲ့ ကွာခြားချက်တွေကို မြင်နိုင်ကြတာ ဖြစ်မှာပါ။

ဒါရီလ်က စီအီးအို ဖြစ်သလို ပရိုဂရမ်မာနဲ့ အင်ဂျင်နီယာတစ်ဦးလည်း ဖြစ်တာကြောင့် CarOS ရဲ့ အလိုအလျောက်မောင်းနှင်မှု နည်းပညာကို အစကနေ အဆုံးအထိ ဦးဆောင်ခဲ့သူ ဖြစ်ပါတယ်။

သုတေသနပညာရှင်တွေနဲ့ အင်ဂျင်နီယာတွေ အများကြီး ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာ ဖြစ်ပေမဲ့ သူ့ကို ဒီနည်းပညာရဲ့ ဖခင်လို့ ခေါ်ဝေါ်တာကိုတော့ ဘယ်သူမှ ကန့်ကွက်မှာ မဟုတ်ပါဘူး။

ဒါကြောင့် သူ့ရဲ့ သံယောဇဉ်နဲ့ ဂုဏ်ယူမှုကလည်း ကြီးမားလှတာက သဘာဝကျပါတယ်။ တကယ်လို့ ဒါကို အခိုးခံရတယ်လို့ သူက ယူဆရင် စိတ်ဆိုးမှာကတော့ နားလည်ပေးလို့ ရပါတယ်။

“ကူးချတယ်ဆိုတာက သူတို့က ဒီအတိုင်း လိုက်တုပရုံတင်မကဘူးလို့ ဆိုလိုတာလား”

ဒါရီလ်က ယုံကြည်ချက်ရှိရှိနဲ့ ပြောတယ်။

“သေချာတာပေါ့။ ငါ ဆိုလိုတာက သူတို့က Source Code တွေနဲ့ Data တွေကို ရှိသမျှအတိုင်း ကူးချထားတာ”

စမတ်ဖုန်း OS ဈေးကွက်ကို ခွဲဝေထားတဲ့ NOS နဲ့ Andromeda တို့ရဲ့ screen layout နဲ့ လုပ်ဆောင်ပုံတွေက အတော်လေး ဆင်တူကြပါတယ်။ ဖုန်းတွေက အချင်းချင်း အတိုင်းအတာတစ်ခုအထိ ဆင်တူတာမျိုးရှိကြပေမဲ့ NOS နဲ့ Andromedaတို့ကတော့ ထင်ရှားစွာ ကွဲပြားတဲ့ Operating System တွေပါ။

ရုပ်ပုံတစ်ပုံကို ရှိတဲ့အတိုင်း ကူးချတာနဲ့ မြင်ဖူးတဲ့ မှတ်ဉာဏ်ကို ပြန်ဖော်ပြီး တတ်နိုင်သမျှ တူအောင် ဆွဲတာကတော့ လုံးဝ ကွဲပြားတဲ့အရာပါပဲ။

လူတိုင်းရဲ့ မျက်နှာတွေက တည်ကြည်သွားခဲ့တယ်။ ကျွန်တော်လည်း ဒီကိစ္စရဲ့ ပြင်းထန်မှုကို ခံစားလိုက်ရတယ်။

အလိုအလျောက်မောင်းနှင်မှုစနစ်က CarOS ရဲ့ အဓိကနည်းပညာပါ။ တကယ်လို့ တရုတ်က ဒီနည်းပညာကို ကူးချထားတာဆိုရင် လိုက်မီဖို့က မိနစ်ပိုင်းပဲ လိုတော့မှာလေ။

“ကျိုး မော်တာက CarOS နည်းပညာကို ဘယ်လိုလုပ်ပြီး ကူးချနိုင်ခဲ့တာလဲ”

ဘယ်သူမှ အဲဒီမေးခွန်းကို လွယ်လွယ်နဲ့ မဖြေနိုင်ခဲ့ကြဘူး။

တက်ဂယူက တိုးတိုးလေး မေးတယ်။

“သူတို့တွေ သုတေသနပညာရှင်တွေနဲ့ အင်ဂျင်နီယာတွေကို ဝယ်လိုက်ကြတာ မဟုတ်ဘူးလား”

“ဒါကလည်း ဟုတ်လောက်ပေမဲ့……”

တကယ်တော့ တရုတ်ကုမ္ပဏီတွေက Enple၊ Gooble၊ Nikola၊ GM စတဲ့ နေရာစုံက ပါရမီရှင်တွေကို တက်တက်ကြွကြွ စည်းရုံးသိမ်းသွင်းခဲ့ကြတာပါပဲ။ ကျွန်တော်တို့ရဲ့ အဓိက သုတေသနပညာရှင် ၃ ဦးလည်း အလုပ်ထွက်သွားခဲ့ပြီး အဲဒီထဲက ၂ ဦးက တရုတ်ပြည်ကို သွားခဲ့ကြတယ်။ အင်ဂျင်နီယာတွေကိုပါ ထည့်တွက်ရင် အရေအတွက်က ပိုများမှာပါ။

ဒါပေမဲ့ လူနည်းစုကို ခေါ်သွားရုံနဲ့တင် နည်းပညာကို အတိအကျ ကူးချဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ တကယ်လို့ အဲ့လိုခေါ်သားရုံနဲ့ ဖြစ်နိုင်ရင် ကုမ္ပဏီအားလုံးရဲ့ နည်းပညာတွေက အဆင့်မြင့်မားစွာ တူညီကုန်ကြမှာပေါ့။

ပါရမီရှင်တွေနဲ့ပညာရှင်တွေကို သိမ်းသွင်းတာက တရုတ်အတွက် စမ်းသပ်မှု အမှားအယွင်းတွေကို အများကြီး လျှော့ချနိုင်မှာ ဖြစ်ပေမဲ့ နည်းပညာ တိုးတက်ဖို့အတွက် အချိန်ကတော့ လိုအပ်ဦးမှာပါပဲ။ ပြီးတော့ ထွက်လာမယ့် ရလဒ်တွေကလည်း ကွဲပြားနေမှာပါ။

“သူတို့ ကူးချထားတယ်ဆိုတာကို သက်သေပြဖို့ နည်းလမ်း ရှိလား”

ဒါရီလ်က ချက်ချင်းပဲ ပြောတယ်။

“ငါတို့ရဲ့ Source Code တွေကို နှိုင်းယှဉ်ကြည့်လို့ ရတယ်”

ဒါက တော်တော်လေး ရိုးရှင်းပြီး သေချာတဲ့ နည်းလမ်းပါပဲ။ တကယ်လို့ အပြန်အလှန် Code တွေကို နှိုင်းယှဉ်လို့ ကိုက်ညီနေရင် သူတို့ ငြင်းလို့ရမှာ မဟုတ်ပါဘူး။

“သူတို့က source codeကို အများပြည်သူဆီ ချပြမှာ မဟုတ်ဘူးလေ”

ဘယ်လိုကုမ္ပဏီကမှ သူတို့ရဲ့ အဓိကနည်းပညာကို အပြင်လူဆီ ချပြမှာ မဟုတ်ပါဘူး။

ဒါရီလ်က ပြင်းပြင်းထန်ထန် တောင်းဆိုတယ်။

“ဒါဆိုရင် တရားစွဲပြီးတော့ပဲဖြစ်ဖြစ် ဒါကို ဖော်ထုတ်ရမယ်”

“ငါတို့တွေတရားစွဲရင် တရုတ်ပြည်က တရားရုံးမှာပဲ ရင်ဆိုင်ရမှာ မဟုတ်လား”

ကျိုး မော်တာက တရုတ်ကုမ္ပဏီ ဖြစ်သလို မိတ်ဆက်တဲ့ နိုင်ငံကလည်း တရုတ်ပြည် ဖြစ်တာကြောင့် တရားရင်ဆိုင်မှုကို တရုတ်ပြည်မှာပဲ လုပ်ရမှာပါ။ ဒါဆိုရင် တရုတ်တရားရုံးက ပြည်တွင်းကုမ္ပဏီဘက်ကပဲ သဘာဝကျကျ ရပ်တည်ပေးပါလိမ့်မယ်။

ဘာလို့လဲဆိုတော့ ဒါက တရုတ်ပြည် ဖြစ်နေလို့ပါပဲ။

All Chapters