အခန်း ၂၇၀
Vol. 27 Ch. 270
အခန်း (၂၇၀)
ကျွန်တော် သက်ပြင်းတစ်ချက်ချရင်း စိတ်လျှော့လိုက်တဲ့ လေသံမျိုးနဲ့ ပြောလိုက်တယ်။
"သတင်းအချက်အလက်တွေ ဘယ်ကနေ ပေါက်ကြားသွားလဲဆိုတဲ့ လမ်းကြောင်းကို ရှာဖွေပြီး သက်သေပြလိုက်တာက ပိုမြန်ပါလိမ့်မယ်"
ဆာဂျေက ပြောတယ်။
"ဆာဗာထဲကို Hackingလုပ်တာ ဒါမှမဟုတ် ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်တာမျိုး ရှိမရှိကို ငါတို့ ဆက်တိုက် စစ်ဆေးနေပါတယ်"
"အဲဒီလို ဖြစ်နိုင်ခြေက ဘယ်လောက်ရှိလဲ"
ရိုင်ယန်က ခေါင်းခါရင်း ပြန်ဖြေတယ်။
"သုညနီးပါးပါပဲ။ လုံခြုံရေးစနစ်အားလုံးက ပုံမှန်အတိုင်း အလုပ်လုပ်နေတာ။ တကယ်လို့ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်ခဲ့တာဆိုရင် မှတ်တမ်းကျန်ခဲ့မှာပဲ"
တက်ဂယူက နားလည်သွားတဲ့ ပုံစံနဲ့ ခေါင်းညိတ်ပြတယ်။
"အေးလေ၊ မှတ်တမ်းကို ဖျက်လိုက်ရင်တောင် ဖျက်လိုက်တဲ့ မှတ်တမ်းက ကျန်နေဦးမှာပဲမဟုတ်လား"
CarOS က မူလကတည်းက မောင်းသူမဲ့စနစ် အပါအဝင် ကားတွေကို ထိန်းချုပ်မယ့် Operating System တွေကို တီထွင်တဲ့ ကုမ္ပဏီအဖြစ် စတင်ခဲ့တာပါ။ ဒါကြောင့် သူတို့က လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေကို အမြဲတမ်း သေချာ ဂရုတစိုက် ကိုင်တွယ်ခဲ့ကြတယ်။
တကယ်လို့ Hackခံရတာလိုမျိုး တကယ်သာ ဖြစ်ပျက်ခဲ့ရင် သူတို့ အခုထိ သတိမထားမိဘဲ နေမှာမဟုတ်ဘူး။
နည်းပညာဆိုတာ ကမ္ဘာပေါ်မှာ တစ်ကြိမ်ထဲ တီထွင်ပြီးတာနဲ့ ပြီးသွားတဲ့အရာ မဟုတ်ပါဘူး။ CarOS ရဲ့ မောင်းသူမဲ့ နည်းပညာကလည်း Machine Learning နဲ့ Big Data တွေကို အသုံးပြုပြီး စဉ်ဆက်မပြတ် တိုးတက်ပြောင်းလဲနေတာပါ။
Windows ကို ကူးချပြီး ရောင်းလို့ရပေမဲ့ နောက်ထပ် ထွက်လာမယ့် Version အသစ်တွေနဲ့ Update တွေကိုတော့ ဘယ်သူမှ ကိုယ်တိုင် မလုပ်နိုင်ဘူးလေ။ ပြီးတော့ ကူးချတဲ့ လုပ်ငန်းစဉ်အတွင်းမှာ ဘာပြဿနာမှ မရှိဘူးလို့လည်း အာမခံဖို့ ခက်ခဲပါတယ်။
ဒါပေမဲ့ တရုတ်ပြည်မှာက လူဦးရေ သန်းပေါင်း ၁၅၀၀ ရှိတဲ့ ဈေးကွက်ကြီး ရှိနေပါတယ်။ တကယ်လို့ ကျိုး မော်တာက ကျွန်တော်တို့လိုပဲ မောင်းသူမဲ့ကားတွေကို အမြောက်အမြား ထုတ်လုပ်ပြီး တရုတ်ပြည်တစ်ခွင်လုံးမှာ Big Data တွေကို စုဆောင်းလာနိုင်ရင် ဒါက ကျွန်တော်တို့အတွက် သေချာပေါက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာမှာပါ။
တကယ်လို့ နည်းပညာ ပေါက်ကြားသွားတာ တကယ်မှန်ရင် ကျွန်တော်တို့ ဒီအတိုင်း ငြိမ်ခံနေလို့ မရပါဘူး။
ဆာဂျေက "သူတို့တွေ နည်းပညာကို ကူးချနိုင်ခဲ့ရင်တောင် ဈေးနှုန်းက ပြဿနာ ဖြစ်လာလိမ့်မယ်" လို့ ပြောတယ်။
CarOS နဲ့ အတိအကျတူတဲ့ ကားတစ်စီးကို သူတို့တွေ ထုတ်လုပ်နိုင်ခဲ့ရင်တောင် ကျွန်တော်တို့ထက် ဈေးသက်သာအောင်တော့ လုပ်နိုင်မှာမဟုတ်ပါဘူး။ ကျွန်တော်တို့ကိုယ်တိုင်လည်း ဆိုဆောင်း အီလက်ထရောနစ်နဲ့ လက်တွဲမလုပ်ဆောင်ခဲ့ရင် အခုလို ဈေးနှုန်းမျိုးနဲ့ ကားတွေကို ဈေးကွက်ထဲ ချပြနိုင်မှာ မဟုတ်ဘူးလေ။ ထုတ်လုပ်မှု ကုန်ကျစရိတ်တစ်ခုထဲကိုပဲ ကြည့်ရင်တောင် သူတို့က ကျွန်တော်တို့ထက် ၃၀ ရာခိုင်နှုန်းကျော် ပိုဈေးကြီးနေမှာ သေချာပါတယ်။
ဒါပေမဲ့ ကျိုး မော်တာအတွက်ကတော့ အရှုံးခံပြီး ရောင်းရင်တောင် ဘာပြဿနာမှ ရှိမှာမဟုတ်ပါဘူး။
"ဘာလို့လဲဆိုတော့ တရုတ်အစိုးရက သူတို့ကို နောက်ကွယ်ကနေ ပံ့ပိုးပေးမှာမလို့ပဲ"
သူတို့တွေ အရှုံးခံရောင်းရင်တောင် အစိုးရက စိုက်ထုတ်ပေးရင် အဆင်ပြေပါတယ်။ တရုတ်အစိုးရဘက်က ကြည့်ရင် မောင်းသူမဲ့ကား နယ်ပယ်မှာ သူတို့သာ ရှေ့ကနေ ဦးဆောင်နိုင်မယ်ဆိုရင် ယွမ် သိန်းပေါင်းကုဋေနဲ့ချီ ပုံအောပေးဖို့ ဝန်လေးနေမှာ မဟုတ်ဘူး။
ကျွန်တော် ကုလားထိုင်နောက်မှီကို မှီချလိုက်ပြီး အတွေးထဲ နစ်ဝင်သွားခဲ့တယ်။
ကျိုး မော်တာက CarOS ရဲ့ နည်းပညာကို ဘယ်လိုလုပ်ပြီး ခိုးယူသွားတာလဲ။ ပြီးတော့ ဒါကို ကျွန်တော်တို့ ဘယ်လို သက်သေပြမလဲ။
အဲဒီအချိန်မှာတင် ကျွန်တော့်ဦးနှောက်ထဲမှာ အရာတစ်ခုက ချက်ချင်း လက်ခနဲ လင်းခနဲ ဖြစ်သွားခဲ့တယ်။
–Supernano Server Spy Chip –
“……”
ဒါက ဘာလဲ။ အခု ဖြစ်ပျက်နေတဲ့ အခြေအနေနဲ့ သက်ဆိုင်နေတာလား။
သတိပြန်ဝင်လာတဲ့အချိန်မှာတော့ အားလုံးက ကျွန်တော့်ကို စူးစိုက်ကြည့်နေကြတာကို သတိပြုမိလိုက်တယ်။ တခြားလူတွေအမြင်မှာတော့ ကျွန်တော်က စကားပြောနေရင်း ရုတ်တရက်ကြီး မျက်တောင်မခတ်ဘဲ လေထဲကို ငေးကြည့်နေတဲ့ ပုံစံမျိုး ဖြစ်နေမှာပါ။
ကျွန်တော် ဘာမှမဖြစ်သလို ဟန်ဆောင်ရင်း ပြောလိုက်တယ်။
"အာ…. ကျွန်တော် ခဏလောက် အတွေးလွန်သွားလို့ပါ"
တက်ဂယူက တစ်ခုခုကို ရိပ်မိသွားတဲ့ ပုံစံနဲ့ အဓိပ္ပာယ်ပါပါ ပြုံးပြတယ်။
ကျွန်တော် ရိုင်ယန်ကို မေးလိုက်တယ်။
"ဒါနဲ့ CarOS က ဘယ်သူ့ရဲ့ ဆာဗာတွေကို သုံးတာလဲ"
"Supernano ပါ"
ကျွန်တော် ထင်တဲ့အတိုင်းပဲ။
"အဲဒါက နာမည်ကြီး ကုမ္ပဏီလား"
တက်ဂယူက ဝင်ပြောတယ်။
"အဲဒါ တရုတ်ရဲ့ ဆာဗာထုတ်လုပ်တဲ့ ကုမ္ပဏီလေ။ အခုကာလ ကွန်ပျူတာတွေ တည်ဆောက်တဲ့အခါ အဲဒီက Motherboard တွေကို အသုံးများကြတယ်"
ရိုင်ယန်က ခေါင်းညိတ်ရင်း အတည်ပြုပေးတယ်။
"ဟုတ်ပါတယ်။ အဲဒါ တရုတ်ရဲ့ အကြီးဆုံး ဆာဗာထုတ်လုပ်ရေး ကုမ္ပဏီပဲ"
"ကျွန်တော်တို့အပြင် အဲဒီဆာဗာတွေကို သုံးနေတဲ့ တခြားကုမ္ပဏီတွေက ဘယ်သူတွေရှိသေးလဲ"
"Enple၊ Gooble၊ AMZ၊ Facenote စသဖြင့်ပေါ့။ ဘယ်ကုမ္ပဏီတွေက မသုံးတာလဲလို့ မေးတာကမှ ဖြေရတာ ပိုမြန်ပါလိမ့်မယ်"
လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကဆိုရင် Supernano က တရုတ်ပြည်က အသေးစားနဲ့ အလတ်စား ကုမ္ပဏီတစ်ခုသာ ဖြစ်ခဲ့တယ်။ ဒါပေမဲ့ အချိန်တစ်ခုအရောက်မှာတော့ သူတို့က အရွယ်အစားကို အလျင်အမြန် ချဲ့ထွင်လာခဲ့ကြတယ်။
သူတို့ရဲ့ ရောင်းအား အများစုက B2B (Business-to-Business) ကနေ လာတာဖြစ်ပြီး ကမ္ဘာတစ်ဝန်းက ကုမ္ပဏီတွေနဲ့ အစိုးရရုံးတွေကို ပံ့ပိုးပေးနေတာပါ။
သူတို့ရဲ့ တည်ငြိမ်မှုက အထူးကောင်းမွန်သလို အကြီးမားဆုံး အားသာချက်ကတော့ တခြားကုမ္ပဏီတွေထက် ၂၀ ရာခိုင်နှုန်းလောက် ပိုဈေးသက်သာတာပါပဲ။ Supernano က ဈေးနှုန်းယှဉ်ပြိုင်နိုင်စွမ်းကို အသုံးချပြီး ဆာဗာဈေးကွက်ကို စိုးမိုးထားခဲ့တာပါ။
ဒါပေမဲ့ အဲဒီမှာ ထုတ်လုပ်တဲ့ ဆာဗာတွေထဲမှာ Spy Chip တစ်ခု ရှိနေတာတဲ့လား။
ဖြစ်နိုင်တာကတော့ Spy Chip(သူလျှိုချပ်ပြား)ဆိုတဲ့ နာမည်အတိုင်းပဲ သတင်းအချက်အလက်တွေကို ခိုးယူဖို့အတွက် စက်ပစ္စည်းတွေထဲမှာ လျှို့ဝှက်တပ်ဆင်ထားတဲ့ အရာတစ်ခု ဖြစ်ပါလိမ့်မယ်။ သူတို့က Spy Chip ကို သုံးပြီး ကျွန်တော်တို့ရဲ့ နည်းပညာကို ခိုးယူသွားခဲ့တာလား။
ကျွန်တော် ပင်ပန်းနွမ်းနယ်နေတဲ့ မျက်နှာအမူအရာနဲ့ ပြောလိုက်တယ်။
"ကျွန်တော် အခုမှ ရောက်ကာစဆိုတော့ နည်းနည်း ပင်ပန်းနေလို့ပါ။ မိနစ် ၃၀ လောက် နားပြီးမှ ပြန်စကြရအောင်"
"နားလည်ပါပြီ"
ဝန်ထမ်းတွေက ကျွန်တော်တို့ကို နားနေခန်းဆီ လမ်းပြပေးခဲ့တယ်။ ဘယ်သူမှ မရှိတော့တာ သေချာတဲ့အချိန်မှာတော့ တက်ဂယူက ချက်ချင်းပဲ လှမ်းမေးတော့တယ်။
"နတ်မျက်စိပေါ်လာတာလား"
ကျွန်တော် ခေါင်းညိတ်ပြရင်း ပြန်မေးလိုက်တယ်။
"မင်း Spy Chip အကြောင်း သိလား"
"Backdoor လိုမျိုးလား"
Backdoor ဆိုတာက တိုက်ရိုက်ဘာသာပြန်ရင်တော့ နောက်ဖေးတံခါးပေါ့။ လုံခြုံရေး အရေးကြီးတဲ့ အဆောက်အဦးတွေမှာ ပြင်ပလူတွေ ကိုယ့်သဘောနဲ့ကို မဝင်နိုင်အောင် အရှေ့တံခါးမှာ CCTV တွေနဲ့ Door Lock တွေ တပ်ဆင်ထားပြီး လုံခြုံရေးဝန်ထမ်းတွေကို ချထားလေ့ရှိပါတယ်။
ခွင့်ပြုချက်မရှိတဲ့ လူတွေက ဝင်ဖို့ ခက်ခဲသလို အတင်းအဓမ္မ ချိုးဖျက်ဝင်ရောက်ရင်လည်း သက်သေကျန်ခဲ့မှာပဲလေ။
ဒါပေမဲ့ အဆောက်အဦးကို ဆောက်ခဲ့တဲ့ ဗိသုကာပညာရှင်က အဆောက်အဦးပိုင်ရှင် မသိအောင် မမြင်နိုင်တဲ့ နောက်ဖေးတံခါးတစ်ခုကို လျှို့ဝှက်ဖန်တီးထားပြီး သော့ကို သူကိုယ်တိုင် ကိုင်ထားရင်ကော ဘာဖြစ်မယ်ထင်လဲ။
"အဲဒီ Backdoor ကနေတစ်ဆင့် Operating System တွေ ဒါမှမဟုတ် Program တွေဆီကို စိတ်ကြိုက် ဝင်ရောက်နိုင်ရင်တော့ ဘာသက်သေမှလည်း ကျန်ခဲ့လောက်မှာ မဟုတ်ဘူး။ ဟုတ်တယ်မလား"
"အတိအကျပဲ။ ပထမထပ်မှာ မတော်တဆ ဖွင့်ထားခဲ့တဲ့ ပြတင်းပေါက်ကနေ ခိုးဝင်တာမျိုးလည်း ရှိနိုင်ပေမဲ့ အဲဒါကတော့ လုံခြုံရေး အားနည်းချက်ပဲ ဖြစ်လိမ့်မယ်"
"လုံခြုံရေးချိုးဖောက်မှုက Hardware မှာလည်း ဖြစ်နိုင်တာပဲလား"
"ဖြစ်နိုင်ခြေ ရှိပါတယ်"
တက်ဂယူက ကျွန်တော့်ကို မေးတယ်။
"နတ်မျက်စိက မင်းကို အတိအကျ ဘာပြလိုက်တာလဲ"
ကျွန်တော် အခုလေးတင် မြင်လိုက်ရတဲ့ အရာကို ပြောပြလိုက်တဲ့အခါ တက်ဂယူက လန့်သွားခဲ့တယ်။
"ဘာလဲ။ ဒါက တကယ်ကြီးလား"
"ပထမဆုံးတော့ နတ်မျက်စိပြတာ မှန်မမှန် ငါတို့ အရင် စစ်ဆေးဖို့ လိုတယ်"
ဒါက သာမန်ကိစ္စတစ်ခု မဟုတ်ပါဘူး။
တကယ်လို့ ဒါကသာ အမှန်တကယ် ဖြစ်နေရင် ကျွန်တော်တို့တွေ ဒီအချက်ကိုကိုင်ပြီး သေချာ ပေါက်ကွဲအောင် လုပ်လို့ရပြီ မဟုတ်လား။
အစည်းအဝေး ပြန်စတဲ့အခါ ကျွန်တော် ရိုင်ယန်ကို ပြောလိုက်တယ်။
"ပထမဆုံးအနေနဲ့ နည်းပညာ ပေါက်ကြားတဲ့ လမ်းကြောင်းကို ရှာဖွေဖို့က ကျွန်တော်တို့ရဲ့ ဦးစားပေးပဲ။ ကုမ္ပဏီရဲ့ ဆာဗာခန်းနဲ့ Data Center တစ်ခုလုံးကို သေချာ စစ်ဆေးပေးပါ"
"ကျွန်တော်တို့ အကြိမ်ကြိမ် စစ်ဆေးပြီးပါပြီ၊ ဘာပြဿနာမှ မရှိပါဘူး။ Hackingလုပ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး"
ကျွန်တော် ခေါင်းခါပြလိုက်တယ်။
"Software ကို မဟုတ်ဘဲ Hardware ကို ကြည့်ပါ။ Supernano က ပံ့ပိုးပေးထားတဲ့ ဆာဗာအစိတ်အပိုင်းတွေထဲမှာ မလိုအပ်တဲ့ Chipတွေ ကြားညှပ်နေတာမျိုး ရှိမရှိ ရှာကြည့်ပါ"
ကျွန်တော့်စကားကြောင့် အားလုံး လန့်သွားကြတယ်။
"ဘာကို ဆိုလိုတာလဲ……"
"မစ္စတာကန်က Backdoor ကို သံသယဝင်နေတာလား"
တကယ်တော့ တရုတ် အိုင်တီကုမ္ပဏီတွေရဲ့ Backdoor ပြဿနာက ကာလကြာရှည်ကတည်းက အငြင်းပွားဖွယ်ရာ ဖြစ်နေခဲ့တာပါ။ နိုင်ငံအသီးသီးက ထောက်လှမ်းရေးအဖွဲ့တွေကလည်း ဒါကို စိုးရိမ်တာကြောင့် တရုတ်လုပ် ဆက်သွယ်ရေးပစ္စည်းတွေနဲ့ အီလက်ထရောနစ် ပစ္စည်းတွေ သုံးစွဲမှုကို ပိတ်ပင်ထားကြတယ်။
ဒါပေမဲ့ Back doorဆိုတဲ့အရာရဲ့ တကယ့် တည်ရှိမှုကိုတော့ ဘယ်တုန်းကမှ ရှင်းရှင်းလင်းလင်း မဖော်ထုတ်နိုင်ခဲ့ကြဘူး။ တစ်ခုခု ထွက်လာရင်တောင် ဒါက လုံခြုံရေး အားနည်းချက်တစ်ခု ဒါမှမဟုတ် ဖြန့်ဖြူးမှု လုပ်ငန်းစဉ်အတွင်းက မှားယွင်းမှုတစ်ခုပါဆိုပြီး လှည့်ပတ်ပြီး ရှောင်ပြေးလေ့ ရှိကြတယ်။
ဒါကို နတ်မျက်စိထဲမှာ မြင်ခဲ့တာလို့ ကျွန်တော် ပြောလို့မရတာကြောင့် ခိုင်လုံတဲ့ အကြောင်းပြချက်တစ်ခု ပေးလိုက်တယ်။
"သတင်းရင်းမြစ်ကိုတော့ ကျွန်တော် ထုတ်မပြောနိုင်ပေမဲ့ တစ်ခုခု ကြားထားလို့ပါ။ ကျေးဇူးပြုပြီး သေချာ စစ်ဆေးပေးပါ"
ဆာဗာတွေကို ဖြုတ်ပြီး စစ်ဆေးဖို့အတွက်ဆိုရင် အလုပ်လုပ်နေတာတွေကို ခေတ္တရပ်ဆိုင်းရမှာပါ။ လှည့်ပတ်ပြီး သုံးလို့ရမယ့် Backup ဆာဗာတွေ ရှိနေတာကြောင့် တစ်ခုပြီးတစ်ခု အလှည့်ကျ စစ်ဆေးသွားရင်တော့ ကြီးမားတဲ့ ပြဿနာ ရှိမှာမဟုတ်ပါဘူး။
ရိုင်ယန်က ကျွန်တော့်စကားကို သိပ်မယုံကြည်တဲ့ ပုံစံမျိုး ဖြစ်နေပေမဲ့ ညွှန်ကြားချက်ကိုတော့ သေချာ လိုက်နာခဲ့တယ်။ စစ်ဆေးမှုတွေကို ချက်ချင်း စတင်ခဲ့ကြတယ်။
ကျွန်တော်တို့တွေ နီးနီးနားနားမှာရှိတဲ့ ဟိုတယ်တစ်ခုမှာ ရေချိုးပြီး ခရီးဆောင်အိတ်တွေကို နေရာချလိုက်ကြတယ်။
တက်ဂယူက မေးတယ်။
"တကယ်လို့ သူတို့က CarOS ရဲ့ မောင်းသူမဲ့ နည်းပညာကို ခိုးယူပြီးသားဆိုရင် ဘာလို့ အခြေအနေအမျိုးမျိုး ကမ်းလှမ်းပြီး ဖက်စပ်လုပ်ငန်း လုပ်ဖို့ လာပြောနေတာလဲ။ OTK ရဲ့ ဘတ္ထရီ နည်းပညာကိုပါ ထပ်ခိုးချင်လို့လား"
"ဒါကလည်း တစ်စိတ်တစ်ပိုင်းမှန်လောက်ပေမဲ့……"
သူတို့ဘက်က နည်းပညာကို ပုံမှန်နည်းလမ်းအတိုင်း လွှဲပြောင်းရယူခဲ့တာ ဒါမှမဟုတ် တီထွင်ခဲ့တာပါဆိုတဲ့ အကြောင်းပြချက်တစ်ခု လိုအပ်နေလို့ မဖြစ်နိုင်ဘူးလား။
တကယ်လို့ ဖက်စပ်လုပ်ငန်း တည်ထောင်တဲ့ လုပ်ငန်းစဉ်အတွင်းမှာ နည်းပညာနဲ့ နည်းလမ်းတွေကို လေ့လာခဲ့တာဆိုရင် ရလဒ်တွေ ဆင်တူနေရင်တောင် ဘယ်သူမှ သံသယဝင်မှာ မဟုတ်ပါဘူး။
ဒါပေမဲ့ ကျွန်တော်တို့ဘက်က ငြင်းပယ်လိုက်တဲ့အခါ သူတို့က ဒါကို သူတို့ရဲ့ ကိုယ်ပိုင်နည်းပညာအဖြစ် ပုံဖော်ပြီး အများပြည်သူရှေ့ ချပြလိုက်တာ နေမှာပေါ့။
တက်ဂယူနဲ့ ကျွန်တော် စကားပြောနေတုန်းမှာပဲ မသိတဲ့ နံပါတ်တစ်ခုကနေ ဖုန်းဝင်လာခဲ့တယ်။
ကျွန်တော် ဖုန်းလက်ခံတဲ့ ခလုတ်ကို နှိပ်လိုက်တယ်။
[မင်း အခု ဘယ်မှာလဲ]
အသံကို ကြားလိုက်ရုံနဲ့တင် ဒါ ဘယ်သူလဲဆိုတာ ကျွန်တော် ချက်ချင်း သိလိုက်တယ်။
ကျွန်တော် ဝမ်းသာအားရ ပြန်ဖြေလိုက်တယ်။
"ဒီထရိုက်မှာပါ။ မတွေ့ရတာ ကြာပြီနော်။ သမ္မတကြီး"
[ဘာလို့ ဘာမှမပြောဘဲ ဒီကို ရောက်လာတာလဲ]
"အလုပ်ကိစ္စကြောင့်ပါ။ အလောတကြီး လာခဲ့ရတာမလို့ ဖုန်းမဆက်နိုင်ခဲ့တာပါ"
[ဘယ်လောက်အထိ ကြာကြာနေဖို့ စီစဉ်ထားလဲ။ အခု ဒီကို ရောက်နေမှတော့ ငါတို့ မျက်နှာချင်းဆိုင် တွေ့ကြရအောင်လေ]
"ကျွန်တော် သိပ်မကြာခင် အိမ်ဖြူတော်ကို လာခဲ့ပါ့မယ်။ အရေးကြီးတဲ့ ကိစ္စတစ်ခု ပြောပြစရာ ရှိလို့ပါ"
[ဘာပြောမလဲဆိုတာ ငါ စိတ်ဝင်စားနေပြီ]
"တွေ့တဲ့အခါမှပဲ ပြောပါ့မယ်"
တကယ်လို့ Spy Chipကိစ္စသာ အမှန်တကယ် ဖြစ်လာရင် ပြောစရာတွေ အများကြီး ရှိလာပါလိမ့်မယ်။
ရိုနယ်က အားရပါးရ ရယ်မောရင်း ပြောတယ်။
[ဟားဟား။ မလာခင်လေးသာ ကြိုပြောလိုက်။ မင်းကို နွေးနွေးထွေးထွေး ကြိုဆိုဖို့အတွက် နိုင်ငံတော် ဧည့်သည်တော် ကြိုဆိုပွဲ အခမ်းအနားတစ်ခု ပြင်ဆင်ထားလိုက်မယ်]
"အာ… ကျေးဇူးတင်ပါတယ်"
စဉ်းစားကြည့်ရုံနဲ့တင် ကျွန်တော့်လက်တွေ၊ ခြေထောက်တွေ တွန့်လိမ်မတတ် ရှက်ကိုးရှက်ကန်း ဖြစ်ရတယ်။ သူ မသိအောင်ပဲ အသာလေး သွားရမယ်။
ရိုင်ယန်နဲ့ နည်းပညာအဖွဲ့က Supernano ဆာဗာတွေကို တစ်စစီ ဖြုတ်ပြီး တစ်ခုချင်းစီ စစ်ဆေးနေတဲ့ အတောအတွင်းမှာ ကျွန်တော် ကျိုး မော်တာရဲ့ ဒုတိယဥက္ကဋ္ဌ ဝမ်ယီချန်းဆီ ဖုန်းဆက်လိုက်တယ်။
သူက ကျွန်တော့်ဖုန်းကို ဝမ်းသာအားရ လက်ခံခဲ့တယ်။
[တွေ့ရတာ ဝမ်းသာပါတယ်။ စီအီးအို ကန်ဂျင်ဟူ]
နောက်ဆက်တွဲ စကားပြောဆိုမှုတွေကိုတော့ သူ့ရဲ့ စကားပြန်ကနေတစ်ဆင့် လုပ်ဆောင်ခဲ့ကြတယ်။
"ကျိုး မော်တာရဲ့ မိတ်ဆက်ပွဲကို ကျွန်တော် သေချာ ကြည့်ခဲ့ပါတယ်။ ကားသစ် မိတ်ဆက်နိုင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်"
[မဟုတ်တာပဲ။ ငါတို့တွေ CarOS ကို လိုက်မီဖို့က အဝေးကြီး လိုပါသေးတယ်]
"ပြီးခဲ့တဲ့အကြိမ်က ကျွန်တော်တို့ တွေ့ဆုံမှုက စောစောစီးစီး ပြီးဆုံးသွားခဲ့လို့ စိတ်မကောင်း ဖြစ်မိပါတယ်။ နောက်တစ်ကြိမ်လောက် ပြန်တွေ့ချင်လို့ ဘယ်အချိန်လောက် အဆင်ပြေမလဲ "
ကျွန်တော်တို့ဘက်က နောင်တရစရာ အခြေအနေမျိုးနဲ့ ကြုံတွေ့နေရလို့ အတင်းအဓမ္မ တွေ့ချင်နေတာလို့ သူတွေးသွားလောက်မယ်ထင်တယ်။
ဒုတိယဥက္ကဋ္ဌ ဝမ်ယီချန်းက အလွယ်တကူပဲ ပြန်ဖြေတယ်။
[ဟားဟား။ ဘယ်အချိန်မဆို အဆင်ပြေပါတယ်။ စီအီးအို ကန်ဂျင်ဟူနဲ့ တွေ့ဆုံဖို့ဆိုရင် အချိန်မရှိရင်တောင် ငါ အချိန်ဖန်တီးပေးမှာပါ]
"အာ…. ပြီးတော့ ဒုတိယဝန်ကြီး လီရွှဲ့ဝေနဲ့လည်း တွေ့ချင်ပါတယ်။ သူ့ကို ပြောစရာ အရေးကြီးတဲ့ ကိစ္စတစ်ခု ရှိလို့ပါ"
ဒုတိယဥက္ကဋ္ဌ ဝမ်ယီချန်းက ကျန်းဖင်ဟွာအုပ်စုက ဖြစ်သလို နိုင်ငံရေးလောကထဲမှာလည်း ရှိခဲ့သူ ဖြစ်တာကြောင့် ဒုတိယဝန်ကြီး လီရွှဲ့ဝေနဲ့ ရင်းနှီးတယ်လို့ လူသိများထားသူပါ။
သူ ခဏလောက် စဉ်းစားပြီးနောက်မှာ ပြောလာတယ်။
[နားလည်ပါပြီ။ ငါ သူ့ကို ပြောပြထားလိုက်ပါ့မယ်]
တိုက်တိုက်ဆိုင်ဆိုင်ပဲ တရုတ်ပြည်ရဲ့ ကူးသန်းရောင်းဝယ်ရေး ဒုတိယဝန်ကြီးက ဟောင်ကောင်ကို ရောက်ရှိနေပြီး မကာအိုဆီ ဆက်သွားဖို့ စီစဉ်ထားတာ ရှိပါတယ်။ ဒါကြောင့် ကျွန်တော်တို့ မကာအိုမှာပဲ တွေ့ဆုံဖို့ ဆုံးဖြတ်ခဲ့ကြတယ်။
ကျွန်တော် CarOS ရဲ့ အလုပ်တွေကို တက်ဂယူဆီ အပ်နှံခဲ့တယ်။
"ငါ မရှိဘူးဆိုပြီး ကာစီနိုကို သွားပြီး လောင်းကစား မလုပ်နဲ့ဦးနော်"
"ဘာလို့လဲ။ ငါ ပိုက်ဆံရှုံးမှာ စိုးလို့လား"
"မဟုတ်ဘူး။ မင်း Baccarat ကစားရင်း စိတ်တိုလာပြီး ကာစီနိုတစ်ခုလုံးကို ဝယ်ပစ်မယ်လို့ ပြောမှာ စိုးလို့"
“……”
အဲ့လိုဝယ်ပစ်မယ်လို့ပြောတာက ဖြစ်နိုင်ခြေ ရှိတာပဲလေ။
ကျွန်တော် သက်တော်စောင့်တွေနဲ့အတူ မကာအိုကို လေယာဉ်စီးလာခဲ့ပြီး တွေ့ဆုံမယ့်နေရာ ဖြစ်တဲ့ Grand Dayton Casino Hotel ကို တစ်ရက် ကြိုတင်ပြီး ရောက်ရှိခဲ့တယ်။
ပြတင်းပေါက်အပြင်ဘက်ကို လှမ်းကြည့်လိုက်တဲ့အခါ အဝေးမှာ ပင်လယ်ဆီကို ဖြတ်သန်းဖောက်လုပ်ထားတဲ့ ကြီးမားလှတဲ့ တံတားကြီးကို မြင်တွေ့ရပါတယ်။
အဲ့ဒီတံတားကြီးက တခြားမဟုတ်ဘဲ မကြာခင် ဖွင့်လှစ်တော့မယ့် ဟောင်ကောင်-ကျူးဟိုင်း-မကာအို တံတားကြီးပါ။ စုစုပေါင်း အရှည်က ၅၅ ကီလိုမီတာအထိ ရှိပြီး ကွမ်တောင်းပြည်နယ်က ကျူးဟိုင်း၊ ဟောင်ကောင်နဲ့ မကာအိုတို့ကို ချိတ်ဆက်ပေးထားတာ ဖြစ်ပါတယ်။
သင်္ဘောတွေ ဖြတ်သန်းသွားလာနိုင်ဖို့အတွက် တံတားရဲ့ ၇ ကီလိုမီတာလောက်ကို ပင်လယ်ရေအောက်ဥမင်လိုဏ်ခေါင်းနဲ့ ချိတ်ဆက်ထားတာပါ။ တံတားအလယ်မှာ လူလုပ်ကျွန်း နှစ်ခုကို ဖန်တီးထားပြီး အဲဒီကျွန်းတွေကနေတစ်ဆင့် ရေအောက် ဥမင်လိုဏ်ခေါင်းထဲကို ဝင်ရောက်ကာ တစ်ဖက်ကို ပြန်ထွက်ရတဲ့ ပုံစံမျိုး ဖြစ်ပါတယ်။
တရုတ်ပြည်ရဲ့ မဟာတံတိုင်းကြီး ဒါမှမဟုတ် ပိရမစ်တွေလိုမျိုး ခန့်ညားထည်ဝါမှုကို ကျွန်တော် ခံစားလိုက်ရတယ်။
ကမ္ဘာပေါ်မှာ တရုတ်ပြည်ကလွဲလို့ ဘယ်နိုင်ငံက ဒီလိုမျိုးအရာကို တည်ဆောက်နိုင်ပါ့မလဲ။
ဒါကို ကြည့်ရင် သူတို့ရဲ့ အတိုင်းအတာက သေချာပေါက် နိုင်ငံကြီးတစ်နိုင်ငံရဲ့ အဆင့်အတန်းမျိုးပဲလေ။ ဒါပေမဲ့ ဘာလို့ သူတို့က ကလေကချေတွေလိုမျိုး ပြုမူနေကြတာလဲ။
မနက်ဖြန် တွေ့ဆုံပွဲမှာ ဘာပြောရမလဲဆိုတာကို ကျွန်တော် စဉ်းစားရင်း စိတ်ရှုပ်နေတုန်းမှာပဲ တက်ဂယူဆီက ဖုန်းဝင်လာခဲ့တယ်။
"အခြေအနေဘယ်လိုလဲ"
တက်ဂယူက စိတ်လှုပ်ရှားနေတဲ့ လေသံနဲ့ လှမ်းပြောတယ်။
[ငါတို့ Spy Chipကို ရှာတွေ့ပြီ]
"ဒါက တကယ်ပဲလား"
[Spy Chipကို Motherboard ပေါ်မှာ ကျပန်းထည့်သွင်းထားတာ၊ နှမ်းစေ့လောက်ပဲ ရှိတယ်။ ငါ အခု ဓာတ်ပုံပို့ပေးလိုက်မယ်၊ သေချာ ကြည့်ကြည့်လိုက်]
ကျွန်တော် ဓာတ်ပုံကို လက်ခံရရှိခဲ့တယ်။ ဝိုင်းပြထားပေမဲ့ သာမန်မျက်စိနဲ့ ကြည့်ရင် မမြင်ရသလောက်ကို သေးငယ်လွန်းလှပါတယ်။
[နေရာတိုင်းမှာ ဘာလို့ ဒီလောက်အထိ သေချာ ကူးချနိုင်နေတာလဲဆိုတာ မဆန်းတော့ဘူး။ ဒီလိုမျိုးအရာ ရှိနေလိမ့်မယ်လို့ ဘယ်သူမှထင်ထားမှာမဟုတ်ဘူး]
"ငါ ညွှန်ကြားချက် မပေးမချင်း ဘယ်သူ့ကိုမှ မပြောဘဲ အားလုံး တိတ်တိတ်ဆိတ်ဆိတ် နေကြပါ။ အပြင်ကို သတင်း လုံးဝ မပေါက်ကြားပါစေနဲ့"
[သိပြီ။ မြန်မြန်ပြန်လာခဲ့]
ကျွန်တော် ဖုန်းချလိုက်ပြီး အတွေးထဲ နစ်ဝင်သွားခဲ့တယ်။
ဒါကို ကျွန်တော်တို့ ဘယ်လို ထိထိရောက်ရောက် အသုံးချနိုင်မလဲ။
ချိန်းထားတဲ့ အချိန်မှာ ဒုတိယဥက္ကဋ္ဌ ဝမ်ယီချန်းက အရင်ဆုံး ရောက်ရှိနေခဲ့တယ်။ မကြာခင်မှာတင် ဝတ်စုံအပြည့်နဲ့ မျက်မှန်တပ်ထားတဲ့ သက်လတ်ပိုင်း အမျိုးသားတစ်ဦး ဝင်လာခဲ့တယ်။ သူ့ရဲ့ ဝတ်စုံပေါ်မှာတော့ ကြယ်ငါးပွင့်ပါအလံနီ ပုံစံ တံဆိပ်တစ်ခု ချိတ်ဆွဲထားတယ်။
ဒီလူက တခြားမဟုတ်ဘဲ တရုတ်ပြည်ရဲ့ ကူးသန်းရောင်းဝယ်ရေး ဒုတိယဝန်ကြီး လီရွှဲ့ဝေပါ။
သမ္မတ ကျန်းဖင်ဟွာလိုပဲ သူကလည်း ကွန်မြူနစ်ပါတီက ဖြစ်ပြီး သူ့ရဲ့ အဖိုးက မော်စီတုံးနဲ့အတူ မဟာချီတက်ပွဲကြီးရဲ့ အဆုံးအထိ အတူတူ လိုက်ပါခဲ့သူပါ။
သူ့ကို လူကိုယ်တိုင် တွေ့ရတာ ဒါပထမဆုံးအကြိမ် ဖြစ်ပေမဲ့ သတင်းတွေထဲမှာ ခဏခဏ မြင်ဖူးတာကြောင့် တစ်မျိုးတစ်ဖုံ ရင်းနှီးနေခဲ့တယ်။ သူလည်း ဒီအတိုင်းပဲ ဖြစ်ပုံရတယ်။
ဒုတိယဝန်ကြီး လီရွှဲ့ဝေက ဝမ်းသာအားရ ဖြစ်နေတဲ့ ပုံစံနဲ့ ကျွန်တော့်လက်ကို သူ့လက်နှစ်ဖက်နဲ့ နွေးနွေးထွေးထွေး ဆုပ်ကိုင်လာခဲ့တယ်။
"ငါက လီရွှဲ့ဝေပါ။ ကမ္ဘာကျော်ပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့ မစ္စတာကန်နဲ့ အခုလို လူကိုယ်တိုင် တွေ့ဆုံခွင့်ရတာ တကယ့်ကို ဝမ်းသာဂုဏ်ယူမိပါတယ်"
"ကျွန်တော်လည်း ဒုတိယဝန်ကြီးနဲ့ တွေ့ရတာ ဝမ်းသာပါတယ်"
နှုတ်ဆက်ပြီးနောက်မှာတော့ ကျွန်တော်တို့ နေရာယူပြီး ထိုင်လိုက်ကြတယ်။
ဒုတိယဥက္ကဋ္ဌ ဝမ်ယီချန်းက စကားစတင်ပြောဆိုခဲ့ပြီး စကားပြန်ကနေတစ်ဆင့် ဘာသာပြန်ပေးခဲ့တယ်။
"ပြီးခဲ့တဲ့အခေါက်က ငါ ကမ်းလှမ်းခဲ့တဲ့ အစီအစဉ်က အခုထိ အကျုံးဝင်နေတုန်းပါပဲ"
"တရုတ်ပြည်က OTK Company နဲ့အတူ အနာဂတ်ကို ပူးပေါင်းဖွင့်လှစ်သွားဖို့ မျှော်လင့်ပါတယ်"
"ဟုတ်ကဲ့ပါ"
ဒီကောင်တွေကတော့ ကျွန်တော်တို့ဘက်က ငြိမ်နေတော့ လူကို တကယ့်ကို အထင်သေးနေကြတာပဲ။
"ဒီနေ့ လူကြီးမင်းတို့ နှစ်ယောက်လုံးကို တွေ့ဖို့ တောင်းဆိုခဲ့တဲ့ အကြောင်းရင်းက ဒါကြောင့်ပါ။ ပထမဆုံးအနေနဲ့ ဆိုဆောင်း အီလက်ထရောနစ်၊ အွန်ဆောင်း မော်တာ နဲ့ OTK Company တို့အပေါ် မတရား ပိတ်ဆို့အရေးယူထားတာတွေကို ပြန်လည် ရုပ်သိမ်းပေးစေချင်ပါတယ်"
ကျွန်တော့်စကားကြောင့် ဒုတိယဝန်ကြီး လီရွှဲ့ဝေက နေမထိထိုင်မသာ ဖြစ်သွားတဲ့ ပုံစံနဲ့ ချောင်းတစ်ချက် ဆိုးလိုက်တယ်။
"မစ္စတာကန် ဘာကို ဆိုလိုတာလဲဆိုတာ ကျွန်တော် သိပ်နားမလည်ပါဘူး။ တရုတ်အစိုးရက သတ်မှတ်ထားတဲ့ လုပ်ထုံးလုပ်နည်းတွေ၊ စည်းမျဉ်းစည်းကမ်းတွေအတိုင်းပဲ ကိစ္စရပ်တွေကို ကိုင်တွယ်တာဖြစ်ပြီး မတရားတာမျိုး ဘာမှမလုပ်ပါဘူး"
ဒုတိယဥက္ကဋ္ဌ ဝမ်ယီချန်းကလည်း ဝင်ပြောတယ်။
"ဟုတ်ပါတယ်၊ စီအီးအို ကန်ဂျင်ဟူ တစ်ခုခု အထင်လွဲနေပုံရပါတယ်။ တကယ်လို့ အမှားအယွင်းကို ပြင်ဆင်လိုက်မယ်ဆိုရင် လုပ်ငန်းတွေ ပြန်လည်ပတ်ဖို့က ဘာပြဿနာမှ ရှိမှာမဟုတ်ပါဘူး"
ဒီနေရာမှာ "အမှားအယွင်းကို ပြင်ဆင်တယ်" ဆိုတာက ကျွန်တော့်ရဲ့ သဘောထားအပေါ်မှာ မူတည်တယ်လို့ ဆိုလိုတာ မဟုတ်လား။
"ဘာပဲဖြစ်ဖြစ် ဒီနေ့ အခုလို ကောင်းမွန်တဲ့ တွေ့ဆုံမှု ရှိခဲ့တာကြောင့် နောက်ပိုင်းမှာ အားလုံး အဆင်ပြေပြေ ပြေလည်သွားမှာပါ"
ဒုတိယဝန်ကြီး လီရွှဲ့ဝေရဲ့ စကားကြောင့် ဒုတိယဥက္ကဋ္ဌ ဝမ်ယီချန်းက လက်ခုပ်ကို ခပ်ဖွဖွ တီးလိုက်တယ်။
"ကဲ... ကဲ... စီးပွားရေးအကြောင်းကိုတော့ ဖြည်းဖြည်းချင်း ပြောကြတာပေါ့၊ အရင်ဆုံး အစားအသောက်လေး စားရင်း ဝိုင်လေး ဘာလေး သောက်ကြရအောင်လေ။ စီးပွားရေးဆိုတာ ကောင်းမွန်တဲ့ ဝိုင်ကို အတူတူ မျှဝေ သောက်သုံးတဲ့အခါ သဘာဝအတိုင်း အဆင်ပြေသွားတတ်တာမျိုးပါ"
ကျွန်တော် ခေါင်းညိတ်ပြလိုက်တယ်။
"ကျွန်တော် နောက်ထပ် တစ်ခုလောက်ပဲ ထပ်ပြောပါရစေ"
"ဘာကိစ္စများလဲ"
ကျွန်တော် သူတို့ နှစ်ယောက်လုံးကို စူးစိုက်ကြည့်ရင်း ပြောလိုက်တယ်။
"ကျိုး မော်တာက CarOS ရဲ့ မောင်းသူမဲ့ နည်းပညာကို ခိုးယူပြီး ကူးချထားတာပါ။ ဒါနဲ့ ပတ်သက်ပြီး လူကြီးမင်းတို့ဘက်က တရားဝင် တောင်းပန်ဖို့၊ နစ်နာကြေးပေးဖို့နဲ့ နောက်နောင် ဒီလိုမျိုး မဖြစ်စေရဘူးလို့ ကတိပြုပေးဖို့ ကျွန်တော် လိုချင်ပါတယ်"