← Chapters

အခန်း (၁၁၄၃-၁၁၄၄)

Vol. 115 Ch. 1143-1144

အခန်း (၁၁၄၃-၁၁၄၄)

Vol. 115 Ch. 1143-1144

အခန်း (၁၁၄၃) - အကွက်ချစီမံသူ

ထိုမွေးရာပါ ဖုန်းရွှေမဟာအစီအစဉ် သည် ယင်နှင့်ယန်၊ ပါကွား နှင့် ဓာတ်ကြီးငါးပါးတို့ကို အခြေခံ၍ တည်ဆောက်ထားပြီး ချန်နိုင်ငံ တစ်နိုင်ငံလုံးကို လွှမ်းခြုံထားသည်။ ၎င်းအပြင် အမှားအယွင်းနှင့် လှည့်စားမှုဟူသမျှကို ထိုးဖောက်ကြည့်ရှုနိုင်သော ရှစ်ခွင်မှန် ကို အစီအစဉ်၏ အဓိကဗဟိုပြုပစ္စည်းအဖြစ် အသုံးပြုထားရာ လောကတစ်ခွင်လုံးကို စောင့်ကြည့်စစ်ဆေးနိုင်သည်။

ယွန်းနျန်း သည် အစီရင်ထိန်းချုပ်သည့် အဆောင်လက်ဖွဲ့နှစ်ခုကို သွန်းလုပ်ခဲ့ပြီး၊ ၎င်းအနက်မှ တစ်ခုကို လီယန်ချူ ထံ ပေးအပ်ခဲ့သည်။ အကယ်၍ နတ်ဘုရားလောကမှ သက်ရှိများ လူ့လောကသို့ ဆင်းသက်လာပါက ထိုအဆောင်လက်ဖွဲ့က ချက်ချင်းပင် သိရှိခံစားနိုင်သည်။

ထိုမျှသာမက...မြေပြင်နတ်ဘုရား အဆင့်ရှိသော ထိပ်သီးပညာရှင်များ လှုပ်ရှားလျှင်ပင် အာရုံခံသိရှိနိုင်သည်။

ဤသည်မှာ ထိုခေတ်အခါက သိုင်းနတ်ဘုရား ၏ အခွင့်အာဏာနှင့် စွမ်းပကားကို ပိုင်ဆိုင်လိုက်ရသကဲ့သို့ပင် ဖြစ်၏။ သိုင်းနတ်ဘုရားသည် ချန်နိုင်ငံ၏ ရာစုနှစ်ပေါင်းများစွာ ပူဇော်ပသမှုကို ခံယူခဲ့ရပြီးမှသာ ယခုကဲ့သို့သော အာရုံခံနိုင်စွမ်းကို ရရှိခဲ့ခြင်း ဖြစ်သည်။

ယွန်းနျန်းနှင့် လီယန်ချူတို့သည် ချန်နိုင်ငံ၏ တောင်နှင့်မြစ် တောတောင်ရေမြေအနှံ့ လျှောက်လှမ်းခဲ့ပြီးမှသာ ထိုမွေးရာပါ ဖုန်းရွှေမဟာအစီအစဉ်ကို အောင်မြင်စွာ အချောသတ်နိုင်ခဲ့ခြင်း ဖြစ်သည်။ ၎င်းကို တည်ဆောက်စဉ်အတွင်း လောကရှိ ကျင့်ကြံသူများအနေဖြင့် မည်သည့် သိသာထင်ရှားသော ပြောင်းလဲမှုကိုမျှ သတိမပြုမိခဲ့ကြချေ။

ထိုအစီအစဉ်ကို ချမှတ်နိုင်ရန်အတွက် ယွန်းနျန်းသည် မိမိ၏ စိတ်စွမ်းအားနှင့် အသက်သွေးကြောကို အကုန်အစင် သုံးစွဲခဲ့ရသည်။

မဟာအစီရင်ကြီး အောင်မြင်စွာ သွန်းလုပ်ပြီးစီးသည့်အချိန်တွင် ယွန်းနျန်းသည် အတင်းအောင့်အီးကာ တောင့်ခံထားနိုင်သေးသော်လည်း၊ အစီရင်ကို အပြည့်အဝ စတင်လှုပ်ရှားစေပြီးသည့်နောက်တွင်မူ မျက်နှာတစ်ခုလုံး ဖြူလျော်သွားကာ သတိလစ်လဲပြိုသွားခဲ့လေတော့သည်။

အနီးတွင်ရှိနေသော လီယန်ချူသည် ချက်ချင်းပင် လှုပ်ရှားလိုက်ပြီး သူမ၏ သွယ်လျသောခါးလေးကို ဆွဲဖက်ကာ ပွေ့ချီလိုက်သည်။

ထို့နောက် ချက်ချင်း စစ်ဆေးကြည့်ရာ ယွန်းနျန်းသည် စိတ်စွမ်းအားကို လွန်ကဲစွာ သုံးစွဲမိသွားသဖြင့် သူမ၏ မူလဝိညာဉ် သည် နှစ်ခြိုက်စွာ အိပ်မောကျသည့် အခြေအနေသို့ ရောက်ရှိသွားကြောင်း သိလိုက်ရသည်။

သူသည် ချက်ချင်းပင် ‘ငါးရောင်ခြယ်ကျောက်တုံး’ နှင့် ‘စိတ်ကြည်လင်ကျောက်စိမ်းပြား တို့ကို လှုပ်ရှားစေပြီး သူမ၏ ရုပ်ခန္ဓာနှင့် မူလဝိညာဉ်ကို တစ်ပြိုင်နက်တည်း ကာကွယ်စောင့်ရှောက်ပေးလိုက်သည်။

သို့သော်လည်း ယွန်းနျန်းသည် နိုးထမလာသေးချေ။ ချန်နိုင်ငံတစ်ခုလုံး၏ တောတောင်ရေမြေများကို တွက်ချက်ကာ၊ ၎င်းတွင်ရှိသော သဘာဝဖုန်းရွှေအစီအစဉ်များကိုပါ ပေါင်းစပ်ပြီး ယခုကဲ့သို့ ကြီးမားလှသော ဖုန်းရွှေမဟာအစီအစဉ်ကြီးကို တည်ဆောက်ရခြင်းမှာ စိတ်ကူး၍ပင်မရနိုင်လောက်အောင် စိတ်စွမ်းအား ကုန်ခမ်းလှပေသည်။ သို့သော် သူမသည် ဤအခွင့်အရေးကို အသုံးချကာ အစီရင်လမ်းစဉ် တွင် အဆင့်တက်လှမ်းနိုင်ခဲ့သည်။

သူမသည် လီယန်ချူ၏ ရင်ခွင်ထဲတွင် နှစ်ခြိုက်စွာ အိပ်ပျော်နေပြီး မျက်နှာလေးမှာ ဖြူစင်ဝင်းပနေကာ မိန်းမပျိုလေးတစ်ဦး၏ နူးညံ့သိမ်မွေ့သော အရှိန်အဝါတို့ ထွက်ပေါ်နေလျက် မျက်တောင်ရှည်ကြီးများမှာ တုန်ခါနေရှာသည်။

လီယန်ချူနှင့် မသိကျွမ်းမီက သူမသည် တောတောင်ထဲတွင်သာ တကိုယ်တည်း အေးချမ်းစွာ ကျင့်ကြံခဲ့ပြီး၊ ဂိုဏ်းတူမိတ်ဆွေလည်းမရှိ၊ မိဘဆွေမျိုးလည်းမရှိဘဲ ကျယ်ပြောလှသော လောကကြီးထဲတွင် မှီခိုအားထားရာမဲ့ ဖြစ်ခဲ့ရသည်။

လီယန်ချူနှင့် သိကျွမ်းပြီးနောက်တွင်မူ သူ့နောက်သို့လိုက်ကာ ဝေမြို့ သို့ ရောက်ရှိလာခဲ့ပြီး လူ့လောက၏ သာယာဖွယ်ရာများကို မြင်တွေ့ခွင့်ရကာ စိတ်ချမ်းမြေ့ပျော်ရွှင်မှု အနည်းငယ် ပိုမိုရရှိလာခဲ့သည်။

နောက်ပိုင်းတွင် ဆိုင်ရှင်မ နှင့် အဖော်ပြုခွင့်ရပြီး၊ ဆိုင်ရှင်မ ပြောပြသော ‘အနောက်ဘက်သို့ ခရီးသွားခြင်း’ ပုံပြင်များကို နားထောင်ခဲ့ရသည်။ ကောင်းကင်ဘုံရှိ နတ်ဘုရားများ ထိုမျောက်မင်းနှင့် တိုက်ပွဲဝင်ပုံ၊ အနောက်ဘက်သို့ တရားဒေသနာ သွားရောက်ပင့်ဆောင်ပုံနှင့် မိစ္ဆာဘီလူးများကို နှိမ်နင်းပုံ စသည်တို့ ဖြစ်သည်။ သို့သော် နောက်ပိုင်းတွင် ဆိုင်ရှင်မသည်လည်း အထက်ဘုံသို့ တက်လှမ်း သွားခဲ့လေသည်။

သူမသည် ယခုအကြိမ်တွင် စိတ်စွမ်းအား ကုန်ခမ်းပျက်စီးမည့် ဘေးကိုပင် ဂရုမစိုက်ဘဲ ချန်နိုင်ငံတစ်ခုလုံးကို လွှမ်းခြုံနိုင်သည့် ဖုန်းရွှေမဟာအစီအစဉ်ကို တွက်ချက်သွန်းလုပ်ခဲ့ခြင်းမှာ... စင်စစ်အားဖြင့် လီယန်ချူအပေါ် စာနာငဲ့ညှာပြီး စိတ်မကောင်းဖြစ်မိသောကြောင့်ပင်။

မျောက်မင်း စွန်းဝူခုန်းပင်လျှင် တရားဒေသနာပင့်ဆောင်ရာတွင် ဘေးဒုက္ခပေါင်း ရှစ်ဆယ့်တစ်ပါးကို ကြုံတွေ့ခဲ့ရသည်။ ယခု လူ့လောကကြီးသည် မုန်တိုင်းထန်သကဲ့သို့ လှုပ်ခတ်ချောက်ချားနေရာ... လီယန်ချူအနေဖြင့် အခက်အခဲ စိန်ခေါ်မှုပေါင်း မည်မျှကို ဖြတ်ကျော်ရမည်နည်း မသိနိုင်ချေ။

ထို့ကြောင့် မိမိဘက်မှ အင်အားအနည်းငယ်မျှ ပိုမိုကူညီပေးနိုင်လျှင် အကောင်းဆုံးဖြစ်လိမ့်မည်ဟု သူမ တွေးခဲ့သည်။

ဤဖုန်းရွှေမဟာအစီအစဉ်ကို အောင်မြင်စွာ သွန်းလုပ်နိုင်ခဲ့သည့်အတွက် ယွန်းနျန်း၏ စိတ်ထဲတွင် အမှန်ပင် ဝမ်းမြောက်ကြည်နူးမိသည်။

ယွန်းနျန်းသည် လီယန်ချူ၏ ရင်ခွင်ကို မှီတွယ်ထားပြီး၊ သူမ၏ ဖြူစင်ဝင်းပသော ပါးပြင်လေးကို သူ့ပုခုံးပေါ် တင်ထားလျက် နှစ်ခြိုက်စွာ အိပ်မောကျနေဆဲ ဖြစ်သည်။

လီယန်ချူသည် သူမကို လက်မောင်းဖြင့် ပွေ့ပိုက်ထားရင်း၊ တိမ်ညွန့်ကို စီးနင်းကာ ဝေမြို့သို့ ပြန်လာခဲ့သည်။

ကျွေ့ဟွာ သည် ၎င်းကိုမြင်လျှင် မနေနိုင်ဘဲ ရှေ့သို့တိုးကာ မေးလိုက်သည် ။

"ယွန်းနျန်း ဘာဖြစ်တာလဲ"

လီယန်ချူက -

"ဒီတစ်ခေါက် ဖုန်းရွှေမဟာအစီအစဉ်ကို ချမှတ်ရာမှာ စိတ်စွမ်းအားတွေ အလွန်အကျွံ သုံးစွဲမိသွားလို့ အိပ်ပျော်သွားတာပါ"

ဟု ဆိုသည်။

ကျွေ့ဟွာသည် ထိုအခါမှ သဘောပေါက်သွားတော့သည်။

ယခုကဲ့သို့ ရှုပ်ထွေးလှသော တွက်ချက်မှုမျိုးကို ကြောင်ကလေးတစ်ကောင်အနေဖြင့် ဘယ်လိုမှ မတတ်နိုင်သည်မှာ အမှန်ပင်။

……………

ယွန်းနျန်း နိုးလာသည့်အချိန်တွင် မိမိ၏ ကျင့်ကြံမှုအဆင့် များစွာ တိုးတက်လာပြီး မူလဝိညာဉ်မှာလည်း ပိုမိုခိုင်မာသိပ်သည်းလာကြောင်း တွေ့ရှိလိုက်ရသည်။ သိသာထင်ရှားသည်မှာ... ဖုန်းရွှေမဟာအစီအစဉ်ကို ချမှတ်နေစဉ်အတွင်း သူမ၏ ကျင့်ကြံမှုသည်လည်း များစွာ မြင့်တက်လာခဲ့ခြင်း ဖြစ်၏။

သူမ၏ တစ်ကိုယ်လုံးမှ သင်းပျံ့သော ရနံ့များ ထွက်ပေါ်နေပြီး ခန္ဓာကိုယ်အတွင်း၌ အလွန်အမင်း အားကောင်းသော နတ်ဝိညာဉ်စွမ်းအင် များ ကိန်းဝပ်နေသည်။

သူမသည် ဝေဝေဝါးဝါး ဖြစ်နေစဉ်အတွင်း ပုံရိပ်အချို့ကို ရေးရေးမျှ သတိရလာခဲ့သည်။

မနားတမ်း စီးဆင်းနေသော မြစ်ကြီးတစ်စင်း၊ နတ်သက်စွမ်းအင်များ ဝေမှိုင်းနေပြီး မြစ်ကမ်းပါးတွင် ရွှေရောင်နတ်သစ်ပင် အမြောက်အမြား ရှိနေကာ... သူမသည် ထိုအပင်များထဲမှ အပင်တစ်ပင် ဖြစ်ပြီး နတ်သက်စွမ်းအင်များကို စုပ်ယူရှူသွင်းပြီးနောက် လူသားအသွင်သို့ ပြောင်းလဲလာခဲ့ခြင်း ဖြစ်သည်။

ထိုပုံရိပ်များသည် ပြတ်တောက်နေပြီး ပြည့်စုံမှုမရှိသော်လည်း ယွန်းနျန်းမှာ သက်ပြင်းချမိတော့သည်။

"ငါ့ရဲ့ အတိတ်ဘဝက မြက်ပင်တစ်ပင် ဖြစ်နေတာလား?"

ဤဘဝတွင် သူမသည် မွေးရာပါ သစ်သားနတ်ဝိညာဉ် ဖြစ်ပြီး၊ အစပိုင်းတွင် အသိဉာဏ်များ ဝေဝါးကာ သစ်ပင်ပန်းမန်တို့၏ ဝိညာဉ်စွမ်းအင်ကို စုဆောင်းရုံသာ သိခဲ့သည်။ နောက်ပိုင်းတွင် ကျင်းကွမ်းကျောင်းတိုက် ၏ တည်ထောင်သူဆရာတော်ကြီး၏ လမ်းညွှန်မှုကို ခံရပြီးမှ တောတောင်ထဲတွင် ကျင့်ကြံခဲ့ခြင်း ဖြစ်သည်။ ထိုမျှသာ ရှိခဲ့သည်။

ယခုအခါ အတိတ်ဘဝ၏ မှတ်ဉာဏ်အချို့ နိုးထလာသောကြောင့် ယွန်းနျန်းသည် တစ်စုံတစ်ခုကို သဘောပေါက်သွားကာ လေသံတိုးတိုးဖြင့် ရေရွတ်လိုက်မိသည်။

"ကျန်းကျန့် နတ်မျက်စိမြက်ပင်..."

နတ်သစ်ပင်ပန်းမန်များ လူသားအသွင် ပြောင်းလဲရန်မှာ အလွန်ခက်ခဲလှပြီး များသောအားဖြင့် ဝိညာဉ်အသိဉာဏ်ပင် မွေးဖွားနိုင်ခြင်း မရှိကြချေ။

ထိုစဉ်က သူမသည် မည်ကဲ့သို့သော ကံတရားနှင့် ကံကောင်းမှုမျိုးကြောင့် လူသားအသွင် ပြောင်းလဲနိုင်ခဲ့သည်ကို မသိသလို၊ မည်သည့်အကြောင်းကြောင့် ယခုကဲ့သို့ အောက်ဘုံသို့ ရောက်ရှိလာရသည်ကိုလည်း မသိချေ။

ယွန်းနျန်း၏ မျက်ဝန်းများသည် ခဏမျှ ဝေဝါးသွားပြီးနောက် ချက်ချင်းပင် ပြန်လည်ကြည်လင်လာသည်။

"အတိတ်က အကြောင်းအရာတွေဟာ တမ်းတနေဖို့ မလိုတော့ပါဘူး။"

ဤတစ်ကြိမ် အိပ်စက်ပြီး နိုးလာပြီးနောက် ယွန်းနျန်းသည် ခန္ဓာကိုယ်တစ်ခုလုံး ပေါ့ပါးသွက်လက်လာသည်ဟု ခံစားရပြီး၊ လက်ကို အသာအယာ ဝှေ့ယမ်းလိုက်ရုံဖြင့် မိမိ၏ ကျင့်ကြံမှုအဆင့်သည် မူလက ထင်ထားသည်ထက် နှစ်ဆမက မြင့်မားနေကြောင်း သိလိုက်ရသည်။ ၎င်းအပြင် သူမ၏ ခန္ဓာကိုယ်ထဲတွင် ထူးကဲသော နတ်ဝိညာဉ်စွမ်းအင်များ ရှိနေသဖြင့်... ထိုနေရာတွင် မတ်တပ်ရပ်နေရုံမျှဖြင့် သစ်ပင်ပန်းမန်တို့၏ သင်းပျံ့သော ရနံ့များ ထွက်ပေါ်နေသည်။ ၎င်းရနံ့မှာ ခပ်ဖျော့ဖျော့လေး ဖြစ်သော်လည်း လူ၏စိတ်ကို လန်းဆန်းကြည်လင်စေပေသည်။

……………………

အခြားတစ်ဖက်တွင်မူ...

လီယန်ချူသည် ချင်းယွန်းကျောင်း ထဲတွင် ဖုန်းရွှေမဟာအစီအစဉ်၏ ပုံစံမြေပုံကို အာရုံပြု လေ့လာနေသည်။ ထိုအစီရင်မြေပုံသည် အလွန်အမင်း ဆန်းကြယ်လှပြီး၊ အပေါ်တွင် ယင်ယန်၊ ဓာတ်ကြီးငါးပါးနှင့် ပါကွားတို့ ပါရှိကာ... လက်ထဲတွင် အစီရင်မြေပုံကို ကိုင်ထားရုံဖြင့် ချန်နိုင်ငံ၏ တောတောင်ရေမြေ နေရာတိုင်း၏ အရှိန်အဝါ ပြောင်းလဲမှုများကို ခံစားသိရှိနိုင်သည်။

ထိုမဟာအစီအစဉ်ကြီးသည် ခြုံငုံကြည့်လျှင် မပြောင်းလဲဟု ဆိုနိုင်သော်လည်း၊ ဖုန်းရွှေ ဟူသည်မှာ မိမိကိုယ်တိုင်က ပြောင်းလဲမှုဖြစ်ပြီး ရှင်သန်နေသော ဖုန်းရွှေ ဖြစ်သည်။

"အကယ်လို့ နတ်ဘုရားလောက က သက်ရှိတွေ လူ့လောကကို ထပ်ပြီး ဆင်းသက်လာမယ်ဆိုရင် ချက်ချင်း သိနိုင်လိမ့်မယ်"

ဟု လီယန်ချူသည် တစ်ဦးတည်း ရေရွတ်လိုက်သည်။

ယခုအခါ လူ့လောကကြီးသည် မုန်တိုင်းထန်နေပြီး နတ်ဘုရားလောက ၊ မိစ္ဆာနယ်မြေ ၊ ပျက်စီးခြင်းနယ်မြေနှင့် ငရဲပြည်တို့က စောင့်ကြည့်နေကြသည်။ မြင့်မြတ်လှသော နတ်ဘုရားဘုံ ရှိနေသေးသည်ကိုမူ ပြောပြနေရန်ပင် မလိုတော့ချေ။

လွန်ခဲ့သောတစ်ခေါက်က လူ့လောကသို့ ဆင်းသက်လာသော ကောင်းကင်လူသားများကို အကုန်အစင် သတ်ဖြတ်နိုင်ခဲ့သော်လည်း... နတ်ဘုရားလောက၏ အင်အားကြီးမားပုံကို ကောင်းကင်ဧကရာဇ်ဖလား မှတစ်ဆင့် ကောင်းစွာ မြင်တွေ့ခဲ့ရသည်။

ဤသည်မှာ ကောင်းကင်ဧကရာဇ်ဖလား က ကမ္ဘာများကို ဖြတ်ကျော်ကာ ရောက်ရှိလာခြင်းသာ ဖြစ်ပြီး၊ နတ်ဘုရား ဘုရင် ကိုယ်တိုင် လှုပ်ရှားခြင်း မဟုတ်သေးချေ။

လီယန်ချူသည် မိမိ၏ အင်အားကို မြှင့်တင်ရန် အလွန် အရေးတကြီး လိုအပ်နေသည်။ ယခုအခါ သူ၏ ကျင့်ကြံမှုအရှိန်မှာ အလွန်မြန်ဆန်လှပြီး၊ တစ်ဖက်ကမ်းပန်း ကို စားသုံးပြီးနောက် ခန္ဓာကိုယ်၏ ကြံ့ခိုင်မှုကို မြှင့်တင်ပေးခဲ့သဖြင့် ဝိညာဉ်စွမ်းအင်များကို စုပ်ယူခြင်းနှင့် သန့်စင်ခြင်းတို့မှာ အလွန်လျင်မြန်လှပေသည်။

……………………

ခူဟိုင်တောင်

မျက်နှာမှာ ကျောက်စိမ်းကဲ့သို့ ချောမောလှပပြီး အလွန်ခန့်ညားသော လူငယ်တစ်ဦး၏ ရှေ့တွင် ကြီးမားလှသော နတ်ကွန်းတစ်ခု ရှိနေကာ အမွှေးတိုင်မီးခိုးများ အူလှိုက်နေသည်။

ဤလူသည်ကား... မဟာရှနိုင်ငံ ၏ ကျန့်နန်နယ်စားမင်း လီရွှမ်း ပင် ဖြစ်သည်။

သူသည် ကောင်းကင်လူသားများကို လူ့လောကသို့ ပင့်ဆောင်ကာ တိုက်ပွဲဝင်စေခဲ့သော်လည်း အောင်မြင်မှုမရရှိခဲ့သည့်နောက်တွင်... ရှေးဟောင်းတံပိုး ကို ယူဆောင်ကာ ခူဟိုင်တောင်သို့ ရောက်ရှိလာပြီး၊ ကောင်းကင်လူသားများကို လူ့လောကသို့ ထပ်မံပင့်ဆောင်ရန် ပြင်ဆင်နေခြင်း ဖြစ်သည်။

မွေးရာပါ မင်းစိုးရာဇာအရှိန်အဝါရှိပြီး အလွန်ချောမောလှပသော ဤလူငယ်သည် ယခုအခါ တည်ငြိမ်သော မျက်ဝန်းများဖြင့် နတ်ကွန်းထဲသို့ နတ်ပူဇော်သည့်စာရွက်ဝါ များကို ထည့်သွင်းနေသည်။

သူ့ခန္ဓာကိုယ်ထဲမှ ဝမ်ကျွယ်ရဟန်း ၏ အသံ ထွက်ပေါ်လာသည်။

"ကိစ္စတစ်ခုက ရှုံးနိမ့်သွားပြီဆိုရင် ထပ်မလုပ်သင့်တော့ဘူး။ မင်းက ဘာဖြစ်လို့ ဒုက္ခရှာနေရတာလဲ "

လီရွှမ်းက အေးစက်စွာ ပြောလိုက်သည်

"တစ်ခါမအောင်မြင်ရင် နောက်တစ်ခါပေါ့။ ဒီလူ့လောကကြီးဟာ... ကျုပ်အမြင်အရတော့ ကောင်းကင်လူသားတွေရဲ့ လက်ထဲမှာ ရှိနေတာက ပိုကောင်းလိမ့်မယ်။"

ဝမ်ကျွယ်ရဟန်းက တည်ငြိမ်စွာ ဆိုသည်

"အခွင့်အရေးဆိုတာမျိုးက တစ်ခါလွတ်သွားရင် နောက်ထပ် ပြန်မရတော့ဘူး။ ပြီးခဲ့တဲ့တစ်ခေါက်က မင်းမှာ လှုပ်ရှားဖို့ အခွင့်အရေးရှိခဲ့ပေမဲ့၊ နောက်ဆုံးတော့ မင်းက အဲဒီတာအိုဆရာ ကို ကြောက်သွားခဲ့တာပဲ။ ဒီလိုဆိုမှတော့ ထပ်ပြီး မလုပ်သင့်တော့ဘူး။"

လွန်ခဲ့သော ကောင်းကင်လူသားတိုက်ပွဲတွင် လီယန်ချူသည် အင်အားကုန်ခမ်းလုနီးပါး အခြေအနေဖြင့် ကောင်းကင်လူသားများနှင့် သွေးချောင်းစီး တိုက်ပွဲဝင်ခဲ့သည်။ လီရွှမ်း သည်လည်း အမှောင်ထဲမှ ၎င်းကို ချောင်းမြောင်းကြည့်ရှုနေခဲ့သော်လည်း ရလဒ်အနေဖြင့် သူ လှုပ်ရှားခြင်း မပြုခဲ့ချေ။

လီရွှမ်းသည် ထိုစကားကို ကြားသောအခါ မျက်မှောင်ကုတ်လျက် -

"ကောင်းကင်ဧကရာဇ်ဖလား တောင် သူ့ကို မနှိမ်နင်းနိုင်ခဲ့ဘူး။ ဒါကိုကြည့်ရင် သူ့ရဲ့ ကံဇာတာက မကုန်သေးဘူးဆိုတာ သိသာတယ်။ ကျုပ်က အဖိုးတန်တဲ့ လူတစ်ယောက်ပဲ၊ အန္တရာယ်ရှိတဲ့နေရာမှာ ကိုယ်တိုင် သွားပြီး စွန့်စားစရာ မလိုဘူး။ သူ့ကို ဘာဖြစ်လို့ သွားတိုက်ရမှာလဲ။"

ဝမ်ကျွယ်ရဟန်းက ပြုံး၍ -

"မင်းက ပါရမီ အလွန်မြင့်မားပြီး၊ ကျင့်ကြံမှုလည်း အလွန်အင်အားကြီးမားတယ်။ အဲဒီအပြင် ရုပ်ခန္ဓာ သုံးပါးကို ဖြတ်တောက်ခြင်းအတတ်’ ကိုလည်း လေ့လာထားသေးတယ်။ ကိုယ်တိုင် ကျင့်ကြံခြင်းနဲ့ လူ့လောကရဲ့ အရေးကိစ္စကြီးတွေကို လက်ဝါးထဲမှာ အကုန်ဆုပ်ကိုင်ထားနိုင်မယ်လို့ အမြဲတွေးနေတတ်တယ်။

ဒါပေမဲ့ လောကမှာ နှစ်ဖက်စလုံး ပြည့်စုံနိုင်တဲ့အရာ မရှိဘူး။ မင်းကတော့ ရေခပ်ရင်း အိုးကွဲမယ့်ကိန်း ဆိုက်တော့မယ် ထင်တယ်။"

လီရွှမ်းသည် ထိုစကားကို ကြားပြီး တိတ်ဆိတ်သွားသည်။

ဤဇာစ်မြစ်ဆန်းကြယ်လှသော ရဟန်းသည် သူ့ခန္ဓာကိုယ်ထဲတွင် ကိန်းဝပ်နေပြီး၊ သူ့စိတ်ထဲရှိ အတွေးများကို အကုန်သိမြင်နိုင်သည်။

လီရွှမ်း၏ ကျင့်ကြံမှုမှာ ထူးကဲလွန်မြတ်လှပြီး၊ သူသည် နတ်ဘုရားဘုံသို့ တက်လှမ်းရန်သာမက... ထိုစဉ်က လူများ ချမှတ်ထားခဲ့သော စတုရန်းကွက် ကစားပွဲကြီးကိုပါ ဖျက်ဆီးပစ်ချင်နေခြင်း ဖြစ်သည်။

"တစ်ချိန်က ငါဟာ အစွမ်းအစတွေကို ဖုံးကွယ်ထားပြီး၊ ငါဟာ လူ့လောကရဲ့ ပထမဆုံးလူသား ဖြစ်လာလိမ့်မယ်၊ သူတို့ရဲ့ ရွေးချယ်မှုကို ခံရပြီး နောင်တစ်ချိန်မှာ လူ့လောကကို အုပ်ချုပ်ရလိမ့်မယ်လို့ ထင်ခဲ့တာ။"

"ဒါပေမဲ့ အဲဒီတစ်ခေါက်က သူတို့ရွေးချယ်ခဲ့တာ ငါမဟုတ်ဘူး။ ဒါကြောင့် ငါက လူပြန်ဝင်စားပြီး ရုပ်ခန္ဓာသုံးပါးကို ဖြတ်တောက်တဲ့အတတ်ကို ပြန်ကျင့်ခဲ့ရတယ်။"

"ဒါပေမဲ့ ငါ ပြန်နိုးလာတဲ့အချိန်မှာ မဟာရှမင်းဆက်က ပျက်စီးသွားပြီ၊ ပြိုင်ဆိုင်မှုအပြင်းထန်ဆုံး ခေတ်ကြီးက ရောက်တော့မယ်၊ နတ်ဘုရားနယ်မြေတွေ တစ်ခုပြီးတစ်ခု လောကထဲ ပေါ်ထွက်လာနေပြီ။"

"ဒီတစ်ခေါက်တော့ သူတို့ရွေးချယ်တာ ငါဖြစ်လိမ့်မယ်လို့ ထင်ခဲ့တာ... ဒါပေမဲ့... သူတို့က အဲဒီတာအိုဆရာလေး ကို ရွေးချယ်လိုက်ကြတယ် "

လီရွှမ်းသည် ယခုအခါ အလွန်တည်ငြိမ်သော အမူအရာ ရှိနေသော်လည်း မျက်ဝန်းထဲတွင်မူ မကျေနပ်မှုနှင့် မနာလိုမှုများ ပြည့်နှက်နေသည်။

"ငါကသာ ဘေးဒုက္ခကို ရင်ဆိုင်ရမယ့်သူပဲ၊ လောကကြီးကို ငါ့ပုခုံးပေါ်မှာ ထမ်းပိုးရမှာ။ သူတို့က မပေးချင်ဘူးဆိုရင်တော့... ငါက သူတို့ရဲ့ ကစားပွဲကို ဖျက်ဆီးပစ်မယ် "

ဝမ်ကျွယ်ရဟန်းက -

"မင်းပြောတဲ့ ‘သူတို့’ ဆိုတာ... အဲဒီတုန်းက နတ်ဘုရားနယ်မြေတွေကို ပိတ်ဆို့တံဆိပ်ခတ်ခဲ့တဲ့ လူတွေကို ပြောတာလား"

ဟု မေးသည်။

လီရွှမ်းက ခေါင်းငြိမ့်ပြကာ -

"မှန်တယ်။ အဲဒီတုန်းက ငါဟာ မန္တန်အတတ်မျိုးစုံကို လေ့လာခဲ့ပြီး အားလုံးကို ကျွမ်းကျင်ခဲ့တယ်။ ရှေးဟောင်းကျမ်းစာတွေကို ရှာဖွေဖတ်ရှုပြီး လူ့လောကရဲ့ အကွက်တွေကို အမှောင်ထဲကနေ ကြိုးကိုင်နေတဲ့ လူအနည်းငယ် ရှိနေတယ်ဆိုတာ သိခဲ့ရတယ်။ ဒါပေမဲ့ ငါက နတ်ဝိဇ္ဇာလမ်းစဉ်ကို ရှာမတွေ့ခဲ့ဘဲ... နောက်ဆုံးတော့ ဂူဗိမာန်ထဲမှာ ကိုယ်တိုင် အိပ်စက်ပြီး ရုပ်ခန္ဓာသုံးပါး ဖြတ်တောက်တဲ့အတတ်ကိုပဲ ကျင့်ကြံခဲ့ရတယ်။"

လီရွှမ်းသည် မဟာရှခေတ်က မြို့စားမင်းတစ်ဦး ဖြစ်ပြီး၊ မိမိကိုယ်ကို ဖုံးကွယ်ထားသော်လည်း အမှောင်ထဲတွင်မူ နတ်လက်နက်သွန်းလုပ်သည့် မဟာဆရာကြီးတစ်ဦး ဖြစ်ကာ ကျင့်ကြံမှုမှာလည်း ထူးကဲလွန်မြတ်လှသည်။

သူသည် ရှေးဟောင်းကျမ်းစာများမှတစ်ဆင့် နောင်ခေတ်တွင် ဘေးဒုက္ခများ ရှိလာလိမ့်မည်ဖြစ်ကြောင်းနှင့် ဘေးဒုက္ခကို ကယ်တင်မည့်သူ ပေါ်ထွက်လာလိမ့်မည်ဖြစ်ကြောင်း သိရှိခဲ့သည်။

ထိုသူမှာ မိမိဖြစ်ရမည်ဟု သူ ယုံကြည်ခဲ့သည်၊ အဘယ်ကြောင့်ဆိုသော် သူသည် ထိုခေတ်အခါက အထူးချွန်ဆုံးသော ပါရမီရှင် ဖြစ်သောကြောင့်ပင်။ သို့သော်လည်း ရှာဖွေ၍ မရရှိခဲ့ဘဲ တစ်သက်လုံး နတ်ဘုရားတံခါးဝသို့ မဝင်ရောက်နိုင်ခဲ့ချေ။

ဝမ်ကျွယ်ရဟန်းက တည်ငြိမ်စွာ -

"မင်းရဲ့ စွဲလမ်းမှုက ဒီလောက်တောင် နက်ရှိုင်းနေတာပဲ။ ကြည့်ရတာ မင်း မကြာခင်ကပဲ တစ်ခုခုကို ထပ်ပြီး စုံစမ်းသိရှိခဲ့ပုံရတယ်။"

"မှန်တယ်၊ သူတို့က မပေးချင်မှတော့ ငါ့ဘာသာငါ ယူမယ်။ ငါက နတ်ဘုရားနယ်မြေတွေရဲ့ အကြွင်းအကျန်တွေကို အကုန်ရှင်းလင်းပြီး အားလုံးကို လွှတ်ပေးလိုက်မယ်၊ ပြီးတော့ ကောင်းကင်လူသားတွေကို လူ့လောကထဲ ခေါ်ဆောင်လာမယ်။ ဒါဟာ သူတို့ကို ထွက်လာအောင် ဖိအားပေးဖို့ပဲ "

ဟု လီရွှမ်းက ဆိုသည်။

ဝမ်ကျွယ်ရဟန်းက -

"မင်းတို့ရဲ့ ဒီကမ္ဘာက အကြောင်းတွေကို ငါမသိဘူး။ ဒါပေမဲ့ တကယ်လို့ အဲဒီလူတွေက ဒီလောက်အထိ အကွက်ချစီမံထားတယ်ဆိုရင်... မင်းကိုယ်တိုင်လည်း အခုအချိန်မှာ အကွက်ထဲ ရောက်နေတာမျိုး ဖြစ်နိုင်မလား"

ဟု မေးလိုက်သည်။

လီရွှမ်းသည် မျက်ခုံးပင့်လျက် ပြတ်ပြတ်သားသား ပြောလိုက်သည်။

"မဖြစ်နိုင်ဘူး ငါက ရုပ်ခန္ဓာသုံးပါးလုံးကို ဖြတ်တောက်ပြီးပြီ၊ ဘယ်သူမှ ငါ့ကို တွက်ချက်လို့မရဘူး "

သူသည် ဓားကဲ့သို့ ထက်မြက်သော မျက်ခုံးနှင့် ကြယ်တာရာကဲ့သို့ တောက်ပသော မျက်ဝန်းများကို ပိုင်ဆိုင်ထားပြီး ယခုအခါ စိတ်အားထက်သန်မှုများ ပြည့်နှက်နေသည်။

ဝမ်ကျွယ်ရဟန်းသည် ထိုစကားကို ကြားပြီးနောက် ထပ်မံ၍ စကားမဆိုတော့ဘဲ ခေတ္တမျှကြာသော် သက်ပြင်းချလိုက်သည်။

"အစကတော့ မင်း ဒီလိုလူတွေကို ထုတ်ပြောနေတာဟာ... ငါ့ကို ဝဋ်ကြွေးတွေထဲ မပါဝင်စေချင်လို့၊ မင်းရဲ့ ခန္ဓာကိုယ်ကို ငါသိမ်းပိုက်မှာ ကြောက်လို့ တမင်သက်သက် နှင်ထုတ်နေတာလို့ ထင်ခဲ့တာ။"

"ဒါပေမဲ့ အခုတော့ မင်းမှာ တကယ်ပဲ နက်ရှိုင်းတဲ့ စွဲလမ်းမှု ရှိနေတာကို ငါခံစားမိတယ်။ တကယ်လို့ အဲဒီလို လူစုတစ်စု ရှိနေမယ်ဆိုရင်တော့..."

စကားသံအဆုံးတွင် လီရွှမ်း၏ ခန္ဓာကိုယ်ထဲမှ ရဟန်းပျိုတစ်ဦး ထွက်ပေါ်လာသည်။ မျက်နှာမှာ စတုရန်းပုံရှိပြီး နားရွက်ကြီးကာ အလွန်ဩဇာညောင်းပြီး ခန့်ညားလှသည်။

သူ့တွင် သင်္ကန်းကို ဝတ်ဆင်ထားပြီး အရှိန်အဝါမှာ ထူးခြားလှကာ တောင်ကြီးတစ်လုံးကဲ့သို့ ခိုင်ခံ့လှပေသည်။

လီရွှမ်း မျက်ခုံးပင့်သွားသည်။

မိမိခန္ဓာကိုယ်ထဲက ဤတည်ရှိမှုကြီးက ဘာဖြစ်လို့ ထွက်လာရတာလဲ။

မျက်နှာစတုရန်းပုံနှင့် နားရွက်ကြီးသော ရဟန်းပျိုက ထွက်လာပြီးနောက် -

"အောက်ဘုံရဲ့ တရားလမ်းစဉ်က ပျက်စီးနေတယ်ဆိုပေမဲ့ လူ့လောကရဲ့ ကျင့်ကြံသူတွေက မအကြပါဘူး။ မင်းက စိတ်သဘောထား အလွန်နက်နဲလွန်းတော့... ငါ မင်းနဲ့ ဝေးဝေးမှာပဲ နေပါတော့မယ်။ မင်း အသတ်ခံရတဲ့အခါ ငါ့အပေါ် သွေးတွေ စင်လာမှာ စိုးလို့ပါ"

ဟု ဆိုသည်။

စကား၏ ဆိုလိုရင်းမှာ... သူ အပြီးတိုင် ထွက်ခွာတော့မည် ဟူ၍ ဖြစ်သည်။

လီရွှင်က တည်ငြိမ်စွာ -

"မင်းရဲ့ အဆင့်အတန်းနဲ့ဆိုရင် ဒီလိုအကြောင်းအရာတွေကို ဂရုစိုက်မှာ မဟုတ်ဘူးလို့ ငါထင်ခဲ့တာ"

ဟု ပြောလိုက်သည်။

ဤသူသည် ဇာစ်မြစ်ဆန်းကြယ်ပြီး ရှေးဟောင်းတံပိုးထဲတွင် မှီခိုနေကာ မိမိ၏ ရင်ဘတ်ထဲက အဆူးအနှစ် ဖြစ်နေခဲ့ရာ... ယခုကဲ့သို့ လွယ်လွယ်ကူကူ ထွက်ခွာသွားလိမ့်မည်လော။

ဝမ်ကျွယ်ရဟန်းသည် သူ့စိတ်ထဲရှိ အတွေးကို သိမြင်ဟန်ဖြင့် တည်ငြိမ်စွာ -

"မင်းရဲ့ ခန္ဓာကိုယ်ကို ငှားပြီး ဝိညာဉ်မွေးမြူခဲ့တာ အခုတော့ အများကြီး ပြန်ကောင်းလာပါပြီ။ ဒါပေမဲ့ ငါလည်း မင်းကို ကယ်ခဲ့ဖူးတယ်၊ မင်းနဲ့ငါ အကြွေးမတင်တော့ဘူး"

ဟု ဆိုသည်။

လီရွှမ်းသည် မိမိမသိသာဘဲ ရှေးဟောင်းတံပိုးကို တင်းတင်းဆုပ်ကိုင်လိုက်ပြီး အမှောင်ထဲတွင် တန်ခိုးစွမ်းအင်များကို လှုပ်ရှားစေလိုက်သည်။

ဝမ်ကျွယ်ရဟန်းက -

"ဒီတံပိုးက မူလကတည်းက မင်းရဲ့အရာပဲ၊ စိတ်ပူစရာမလိုပါဘူး။ငါ သွားပြီ"

ဟု ဆိုသည်။

စကားသံအဆုံးတွင် သူသည် ခြေတစ်လှမ်း လှမ်းလိုက်ရာ... မျက်တောင်ခတ်အတွင်းမှာပင် ပျောက်ကွယ်သွားတော့သည်။ ဤသည်မှာ နတ်ဘုရားခြေလှမ်းအတတ် ဖြစ်ပြီး ခြေတစ်လှမ်းလျှင် မိုင်ပေါင်းသောင်းချီ ခရီးပေါက်ပေသည်။

လီရွှမ်းသည် သူထွက်ခွာသွားသည်ကို မျက်စိတစ်ဆုံး လိုက်ကြည့်ရင်း စိတ်ထဲမှ တွေးလိုက်မိသည်၊

"ဒီလူက ကျင့်ကြံမှု အလွန်မြင့်မားလို့ ကူညီသူအဖြစ် ထားလို့ရပေမဲ့၊ ခန္ဓာကိုယ်ထဲမှာ ရှိနေတာဟာ နောက်ဆုံးတော့ အန္တရာယ်ပဲ။ အခု ထွက်သွားတာဟာ ကောင်းတဲ့ကိစ္စတစ်ခုပါပဲ။"

သို့သော်လည်း သူ့နားထဲတွင် ဝမ်ကျွယ်ရဟန်း၏ စကားသံက ပြန်လည်ပဲ့တင်ထပ်လာသဖြင့် ချက်ချင်း မျက်မှောင်ကုတ်သွားမိသည်။

"ကိုယ်တိုင် ကျင့်ကြံခြင်းနဲ့ လူ့လောကရဲ့ အရေးကိစ္စတွေကို... ငါက အကုန်လုံး လက်ထဲမှာ ဆုပ်ကိုင်ထားမှာပဲ။ ငါက နှစ်ဖက်စလုံး ပြည့်စုံအောင် လုပ်ပြမယ်။"

လီရွှမ်းသည် ပြီးခဲ့သည့် တိုက်ပွဲအပြီးတွင် တစ်ဆင့်ထပ်မံ တိုးတက်လာခဲ့သည်။ ဤသည်မှာ သူ လီယန်ချူနှင့် အသေအလဲ မတိုက်ခိုက်ချင်ရသည့် အကြောင်းရင်းတစ်ခု ဖြစ်သည်။ ထိုစဉ်က သူသည် လက်ထဲရှိ နတ်လက်နက်ကို သန့်စင်ခြင်းမပြုရသေးသလို၊ မိမိ၏ မန္တန်များကိုလည်း သက်သေမပြရသေးချေ။

"ငါ့ကို အချိန်အနည်းငယ်လောက် ပေးရုံနဲ့... အမှောင်ထဲကနေ လူ့လောကကို ကြိုးကိုင်နေတဲ့ လူအနည်းငယ်ကို ရှာတွေ့ရင်တောင် သတ်ပစ်လို့ရတယ်။ အဲဒီအပြင်... လူသတ်တယ်ဆိုတာ အလွန်လွယ်ကူတဲ့ ကိစ္စပဲ၊ ငါကိုယ်တိုင် လှုပ်ရှားနေစရာ ဘာလိုလို့လဲ။"

လီရွှမ်းသည် အေးဆေးတည်ငြိမ်စွာ ရှိနေသည်။

ဝမ်ကျွယ်ရဟန်းသည် သူ့ထံမှ ရှေးဟောင်းတံပိုးကို လုယူမသွားခဲ့သဖြင့်... သူသည် ထိုတံပိုး၏ စွမ်းအားကို ဆက်လက်အသုံးပြုနိုင်ဆဲဖြစ်ပြီး ကျင့်ကြံမှုမှာလည်း အလွန်အင်အားကြီးမားဆဲ ဖြစ်သည်။

ထိုအချိန်တွင် သူသည် ရေးသားပြီးသား နတ်ပူဇော်စာရွက်ဝါကို နတ်ကွန်းထဲသို့ ထည့်သွင်းလိုက်ပြီး၊ တံပိုးကို ထုတ်ယူကာ ကောင်းကင်လူသားများကို လူ့လောကသို့ ဖိတ်ခေါ်ရန် ပြင်ဆင်လိုက်သည်။

"ဒီလောက်ကြီးမားတဲ့ နာကျည်းမှုနဲ့ သွေးကြွေးတွေရှိနေမှတော့... ပိုပြီးအင်အားကြီးတဲ့ ကောင်းကင်လူသားတွေကို ဖိတ်ခေါ်လို့မရဘူးဆိုတာ မဖြစ်နိုင်ဘူး"

ဟု လီရွှမ်း စိတ်ထဲက တွေးလိုက်သည်။

သူ့တွင် အလွန်အားကောင်းသော ဖုံးကွယ်ခြင်းစွမ်းအင်များ ရှိနေဆဲဖြစ်သဖြင့် မိမိ၏ ဇာစ်မြစ်ကို သူတစ်ပါး တွက်ချက်မိမည်ကို မကြောက်ချေ။

သို့သော်လည်း ကောင်းကင်ယံမှ ချက်ချင်းပင် စိမ်းပြာရောင် ပုံရိပ်တစ်ခု လေကိုခွဲကာ ရောက်ရှိလာခဲ့လေသည်။

ဤသူကား... ခန့်ညားထည်ဝါသော တာအိုဆရာ ဖြစ်ပြီး၊ ခါးတွင် ဓားရှည်တစ်လက်ကို ချိတ်ဆွဲထားကာ အရှိန်အဝါမှာ ထူးကဲလွန်မြတ်လှပေသည်။

လီရွှမ်း၏ မျက်သူငယ်အိမ်သည် ချက်ချင်း ကျုံ့ဝင်သွားပြီး စိတ်ထဲတွင် ထိတ်လန့်သွားတော့သည်။

"မဖြစ်နိုင်တာ သူ ဘာဖြစ်လို့ ဒီနေရာကို ရှာတွေ့တာလဲ"

လီယန်ချူသည် မူလက ချင်းယွန်းကျောင်း ထဲတွင် ဝါးကျမ်းစာများကို ဖတ်ရှုနေခြင်း ဖြစ်သော်လည်း၊ ဖုန်းရွှေမဟာအစီအစဉ်မြေပုံမှတစ်ဆင့် ရုတ်တရက် အလွန်ပြင်းထန်သော အရှိန်အဝါတစ်ခုကို အာရုံခံမိခြင်း ဖြစ်သည်။

လီရွှမ်း ဤနေရာတွင် ရှိနေပြီး ရှေ့တွင် နတ်ကွန်းတစ်ခု ရှိနေသည်ကို မြင်သောအခါ... လီယန်ချူသည် မည်သည့်စကားမျှ မပြောတော့ဘဲ နဂါးကိုးကောင်နတ်ဘုရား မီးအုပ်ဆောင်း ကို ချက်ချင်း ထုတ်လွှတ်လိုက်တော့သည်။

ဝူးးး

ရွှေဝါရောင် အုပ်ဆောင်းကြီးသည် ချက်ချင်းပင် တောင်ပတ်လည်ခန့် ကြီးမားသွားပြီး၊ အပေါ်တွင် ရေးဆွဲထားသော နဂါးစစ်ကိုးကောင်မှာ ယခုအခါ အသက်ဝင်လာသကဲ့သို့ ဖြစ်လာသည်။

ကောင်းကင်တစ်ခုလုံးကို လွှမ်းခြုံသွားသော ကြောက်မက်ဖွယ် မီးတောက်မီးလျှံများ ထွက်ပေါ်လာပြီး လီရွှင်ကို ဝိုင်းရံပိတ်ဆို့လိုက်တော့သည်။

နဂါးကိုးကောင်နတ်ဘုရားမီးအုပ်ဆောင်းသည် အလွန်ကြီးမားသော စွမ်းပကား ရှိပြီး ကောင်းကင်လူသားအမြောက်အမြားကို မီးရှို့သတ်ဖြတ်ခဲ့ဖူးရာ... သူသည် လီရွှမ်း၏ ထွက်ပြေးမည့် လမ်းကြောင်းကို အပြီးတိုင် ပိတ်ဆို့ချင်ခြင်း ဖြစ်သည်။

လီရွှမ်းသည် စိတ်ထဲမှ ဆဲရေးလိုက်မိသည်

"ရိုင်းစိုင်းတဲ့ လူကြမ်းကြီး"

လီယန်ချူသည် သူ့မျက်လုံးထဲတွင် အဆင့်မြင့်ပညာရှင်တစ်ဦး၏ အရှိန်အဝါ လုံးဝမရှိဘဲ... စကားတစ်ခွန်းမျှပင် မပြောဘဲ တိုက်ရိုက် လက်ဦးမှုရယူ တိုက်ခိုက်ခြင်း ဖြစ်သည်။

သူသည် လက်ကို ဝှေ့ယမ်းကာ ပိုက်ကွန်ကြီးတစ်ခုကို ထုတ်လွှတ်လိုက်ရာ... ပိုက်ကွန်ထဲမှ နတ်ရေစင်များ ပြင်းထန်စွာ စီးဆင်းလာပြီး ဟူးဟူးဒူးဒူးဖြင့် သွန်ချလိုက်တော့သည်။

၎င်းက နဂါးကိုးကောင်နတ်ဘုရားမီးအုပ်ဆောင်းကို တားဆီးလိုက်ပြီး ကောင်းကင်ယံရှိ နတ်မီးတောက်များကိုလည်း ကာကွယ်လိုက်သည်။

ဤသည်မှာ မြူနှင်းကောင်းကင်ပိုက်ကွန် ဖြစ်၏။

ဤနတ်လက်နက်ထဲတွင် နတ်ရေစင်များ ပါရှိသဖြင့် မီးတောက်များကို အထူးနှိမ်နင်းနိုင်ပေသည်။

နဂါးကိုးကောင်နတ်ဘုရားမီးအုပ်ဆောင်း၏ မီးတောက်များသည် မျက်တောင်ခတ်အတွင်းမှာပင် ငြိမ်းသတ်ခြင်း ခံလိုက်ရပြီး ထိုရတနာ၏ နှိမ်နင်းခြင်းကို ခံလိုက်ရသည်။

ဤပိုက်ကွန်ကြီးထဲတွင် အတိုင်းအဆမရှိသော နတ်ရေစင်များ ရှိနေသဖြင့်... လီရွှမ်းအနေဖြင့် လီယန်ချူကို နှိမ်နင်းနိုင်လိမ့်မည်ဟု ယုံကြည်ချက်ရှိခြင်းမှာ ဤနတ်လက်နက်နှင့်လည်း သက်ဆိုင်ပေသည်။

ခဏချင်းမှာပင်... လီယန်ချူ၏ ခန္ဓာကိုယ်မှ သွေးစွမ်းအင်များသည် မီးဖိုကြီးတစ်ခုကဲ့သို့ ကောင်းကင်ယံသို့ ထိုးတက်သွားပြီး၊ တစ်ပြိုင်နက်တည်းမှာပင် လက်ကို မြှောက်ကာ ရွှေနဂါးကပ်ကြေး ကို ထုတ်လွှတ်လိုက်သည်။

ရွှေနဂါးကပ်ကြေး သည် ကောင်းကင်ယံတွင် ရွှေရောင်နဂါးနှစ်ကောင်အဖြစ် ပြောင်းလဲသွားပြီး ခေါင်းနှင့်အမြီး ချိတ်ဆက်ကာ ပြင်းထန်စွာ ညှပ်ချလိုက်တော့သည်။

လီရွှမ်း စိတ်ထဲတွင် ထိတ်လန့်သွားပြီး ချက်ချင်းပင် နတ်ဓားတစ်လက်ကို ထပ်မံ ထုတ်လွှတ်လိုက်သည်။ ဤဓားသည် နဂါးနှစ်ကောင် ရစ်ပတ်ထားခြင်း ဖြစ်ပြီး တစ်ကိုယ်လုံး ရွှေရောင်အလင်းများ တောက်ပနေသည်။

၎င်းက မျက်တောင်ခတ်အတွင်း လေကိုခွဲကာ ထွက်ခွာသွားပြီး ရွှေနဂါးကပ်ကြေး နှင့် အပြင်းအထန် တိုက်ခိုက်တော့သည်။

"လီယန်ချူမင်းက ကိုယ့်ကိုယ်ကိုယ် တကယ်ပဲ လောကမှာ အတုမရှိဘူးလို့ ထင်နေတာလား "

လီရွှမ်းက ဒေါသတကြီး အော်ဟစ်လိုက်သည်

သူ့တွင် ကြီးမားသော ကံဇာတာ ရှိပြီး၊ ရုပ်ခန္ဓာသုံးပါး ဖြတ်တောက်သည့် အတတ်ကို ကျင့်ကြံထားကာ၊ ပညာရှင်အမြောက်အမြား၏ ဂူဗိမာန်များကို တူးဖော်ခဲ့ဖူးသလို၊ နတ်ဘုံနယ်မြေများကိုလည်း သိမ်းပိုက်ခဲ့ဖူးသည်။

ထိုတစ်ကြိမ်တွင် သူ လုံးဝ ထပ်မံ ရှုံးနိမ့်မည် မဟုတ်ချေ။

ခဏချင်းမှာပင်... သူ၏ မန္တန်စွမ်းအင်များ လှုပ်ရှားလာပြီး၊ တစ်ကိုယ်လုံးကို အလွန်တောက်ပသော အလင်းစက်ဝိုင်းတစ်ခုက ဝန်းရံသွားတော့သည်။

အလင်းစက်ဝိုင်းထဲတွင် တံပိုးတစ်ခု ချိတ်ဆွဲထားပြီး၊ နတ်အလင်းများ တောက်ပလျက် လီယန်ချူထံသို့ ပြင်းထန်စွာ တိုက်ခိုက်လိုက်တော့သည်။

အတိုင်းအဆမရှိသော မန္တန်စွမ်းအင်များသည် အဆုံးအစမဲ့လှပြီး၊ ယခင်က တိုက်ခိုက်ခဲ့စဉ်ကထက် ပိုမိုပြင်းထန်ကာ အရှိန်အဝါမှာ ကြောက်မက်ဖွယ် ကောင်းလှပေသည်။

လီယန်ချူသည် လှုပ်ရှားလိုက်သည်နှင့် အသေခံကွက်ကို သုံးခြင်းဖြစ်ပြီး၊ အခုအချိန်အထိ စကားတစ်ခွန်းမျှ မပြောသေးချေ။

သူသည် ကျန့်ကျောင်းဓား ကို မြှောက်လိုက်ရာ... ကောင်းကင်နှင့် မြေပြင်တစ်ခုလုံး ခရမ်းရောင်အရှိန်အဝါများ ဖုံးလွှမ်းသွားပြီး ဓားအလင်းတစ်ခု ထွက်ပေါ်လာသည်။

ရှုး

လီရွှမ်း၏ နဖူးမှစတင်ကာ ပေါင်ကြားအထိ လိုင်းကြောင်းလေးတစ်ခု ထွက်ပေါ်လာပြီးနောက်... သွေးများ ပန်းထွက်လာကာ တစ်ကိုယ်လုံး နှစ်ခြမ်းကွဲသွားတော့သည်။

ဓားတစ်ချက်တည်းဖြင့် အဆင့်ကိုး မြေပြင်နတ်ဘုရားကို သတ်ဖြတ်လိုက်ခြင်း ဖြစ်၏။

ကျန့်ကျောင်းဓားသည် စိမ်းပြာရောင်မှ ခရမ်းရောင်သို့ ပြောင်းလဲသွားပြီးနောက် သတ်ဖြတ်ခြင်းအရှိန်အဝါမှာ ပိုမိုပြင်းထန်လာခဲ့သည်။

လီယန်ချူသည် မိမိ၏ သွေးစွမ်းအင်အားလုံးကို ၎င်းထဲသို့ ထည့်သွင်းကာ အပြည့်အဝ လှုပ်ရှားစေခဲ့ခြင်း ဖြစ်သည်။

ဓားတစ်ချက်တည်းဖြင့် ကာကွယ်ရေးကို ဖျက်ဆီးလိုက်ခြင်းပင်။

သို့သော်လည်း လီရွှမ်း၏ ခန္ဓာကိုယ်သည် ပြင်းထန်စွာ ပေါက်ကွဲသွားပြီး ကြယ်တာရာအလင်းတန်းငယ်များအဖြစ် ပြောင်းလဲသွားပြီးနောက်၊ နောက်တစ်စက္ကန့်တွင် ပြန်လည် စုစည်းလာခဲ့သည်။

သူ၏ မျက်ဝန်းထဲတွင် အံ့အားသင့်သော အရိပ်အယောင်များ ထွက်ပေါ်နေသည်။

"မဖြစ်နိုင်တာ"

ခုနက သူသည် ရှေးဟောင်းနတ်ဘုရား အကြွင်းအကျန်နယ်မြေမှ ရရှိခဲ့သော ‘နူးညံ့သောကျောက်စိမ်း’ တစ်ခုကို အသုံးပြုခဲ့ခြင်း ဖြစ်သည်။ ၎င်းက သေဘေးကို တစ်ကြိမ် ကာကွယ်ပေးနိုင်သည်။

ဤအရာသည် အလွန်ရှားပါးလှပြီး အဆင့်ကိုး မြေပြင်နတ်ဘုရားအတွက်ပင် အသုံးဝင်လှရာ... သူ၏ နောက်ဆုံးဝှက်ဖဲအဖြစ် သိမ်းဆည်းထားခဲ့ခြင်း ဖြစ်သည်။ သို့သော် မည်သူက ထင်မှတ်ထားမည်နည်း... စတင်တိုက်ခိုက်ပြီးအချိန်အနည်းငယ်အတွင်းမှာတင် အသတ်ခံလိုက်ရသည်ကို။

"သူ့ရဲ့ ဒီဓားက မမှန်ဘူး"

လီရွှမ်း၏ မျက်သူငယ်အိမ် ကျုံ့ဝင်သွားသည်

သို့သော်လည်း ယခုအကြိမ်တွင် သူသည် လီယန်ချူကို နှိမ်နင်းနိုင်လိမ့်မည်ဟု ယုံကြည်ချက် ရှိနေဆဲ ဖြစ်သည်။

တိုက်ပွဲတုန်းက လီယန်ချူသည် ကောင်းကင်ဧကရာဇ်ဖလားကို ခုခံရင်း သွေးစွမ်းအင်များ ဆုံးရှုံးကာ မန္တန်စွမ်းအင်များ ကုန်ခမ်းခဲ့သဖြင့်... ဒဏ်ရာအနာအဆာများ ကျန်ရှိနေရမည် ဖြစ်သည်။

လီရွှမ်း၏ ဦးခေါင်းနောက်ကွယ်တွင် အလင်းစက်ဝိုင်းတစ်ခု ထွက်ပေါ်လာပြီး၊ မျက်တောင်ခတ်အတွင်း အနီရောင်အလင်းတန်းကြီးအဖြစ် ပြောင်းလဲကာ... နေမင်းကြီးတစ်စင်းကဲ့သို့ လီယန်ချူ၏ ခန္ဓာကိုယ်ထံသို့ အလင်းပေးလိုက်သည်။

တစ်ပြိုင်နက်တည်းမှာပင် သူသည် လက်ညှိုးဖြင့် ထိုးပြလိုက်ရာ ကြောက်မက်ဖွယ်ကောင်းသော ဓားစွမ်းအင်တစ်ခု လေကိုခွဲကာ ထွက်ပေါ်လာသည်။

သို့သော်လည်း လီယန်ချူ၏ ခန္ဓာကိုယ်မှာမူ ရွှေရောင်များ တောက်ပနေပြီး မည်သည့်ဒဏ်ရာအနာအဆာ အရိပ်အယောင်မျှ မရှိသလို၊ မည်သည့် အားနည်းချက်မျှလည်း မရှိချေ။

လီရွှမ်း၏ ဝိညာဉ်ဖျက်ဓားမန္တန် က တိုက်ခိုက်မိသော်လည်း မည်သည့်အကျိုးသက်ရောက်မှုမျှ မရှိခဲ့ချေ။

"မဖြစ်နိုင်တာ ဒါက ကောင်းကင်ဧကရာဇ်ဖလားကြောင့် ဒဏ်ရာရထားတဲ့လူကို အထူးနှိမ်နင်းတဲ့ ဓားမန္တန်ပဲ။ သူက ဘာဖြစ်လို့ ဒီလောက်အထိ မြန်မြန်ဆန်ဆန် ပြန်ကောင်းလာရတာလဲ"

လီရွှမ်း မျက်ခုံးပင့်သွားသည်

လီယန်ချူသည် ကောင်းကင်ယံသို့ တိုက်ရိုက် ပျံသန်းလာပြီး ဓားဖြင့် ခုတ်ပိုင်းလိုက်တော့သည်။

လီရွှမ်းသည် မြူနှင်းကောင်းကင်ပိုက်ကွန်ကို လှုပ်ရှားစေရာ... နတ်ရေစင်များ ထွက်ပေါ်လာပြီး လီယန်ချူကို ချက်ချင်းပင် ပိတ်ဆို့ထားလိုက်တော့သည်။

မြူနှင်းကောင်းကင်ပိုက်ကွန်သည် နဂါးကိုးကောင်နတ်ဘုရားမီးအုပ်ဆောင်းကို ဖျက်ဆီးနိုင်ခဲ့ခြင်းမှာ... ဓာတ်သဘာဝချင်း နှိမ်နင်းခြင်းကြောင့် ဖြစ်သော်လည်း၊ ၎င်းသည် အမှန်ပင် အင်အားကြီးမားသော နတ်လက်နက် ဖြစ်ကြောင်း သက်သေပြနေသည်။ ထက်မြက်သော လက်နက်များကို ရင်ဆိုင်ရာတွင်လည်း ထူးခြားသော အစွမ်းသတ္တိ ရှိပေသည်။

လီယန်ချူသည် သမုဒ္ဒရာလှိုင်းတံပိုးများကြားတွင် ရောက်ရှိနေပြီး၊ နတ်ရေစင်များ စီးဆင်းလာသဖြင့် ခူဟိုင်တောင်တစ်ခုလုံးသည် မျက်တောင်ခတ်အတွင်း ရေပြင်ကျယ်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။

လီယန်ချူသည် လက်ထဲမှ ‘သန့်စင်သောဖန်ပုလင်း ကို ထုတ်ဖော်လိုက်ရာ... တစ်ကိုယ်လုံး ကျောက်စိမ်းဖြူကဲ့သို့ ဖြစ်လာပြီး၊ ပုလင်းဝမှ ရောင်စုံအလင်းများ ထွက်ပေါ်လာကာ ပင်လယ်ရေများကို ဆက်လက်မပြန့်ပွားအောင် တားဆီးလိုက်သည်။

လီရွှမ်းသည် လက်နှစ်ဖက်ဖြင့် မန္တန်များကို ဆက်တိုက် ဖော်ဆောင်လိုက်ရာ... ခဏချင်းမှာပင် သူ့ရှေ့တွင် ရှေးဟောင်းသားရဲကြီးတစ်ကောင်၏ ပုံရိပ် ထွက်ပေါ်လာသည်။

ဝူးးး

ဤသည်မှာ အလျားပေရာချီ ရှည်လျားသော မြွေနဂါးကြီး ဖြစ်ပြီး၊ တစ်ကိုယ်လုံး မင်ကဲ့သို့ မည်းနက်နေကာ အအေးဓာတ်များကို မှုတ်ထုတ်နေသည်။

ထိုမြွေနဂါးကြီးသည် မတ်တပ်ရပ်လိုက်ပြီး လီယန်ချူထံသို့ တိုက်ရိုက် ခုန်အုပ်လိုက်တော့သည်။

လီရွှမ်းသည် အလွန် ပါရမီမြင့်မားသောသူ ဖြစ်ပြီး၊ စိတ်ဓာတ်လည်း အလွန်ပြင်းထန်ကာ အလွန်လည်း လိမ္မာပါးနပ်သဖြင့်... လောကရှိ လူများ၏ အကွက်ချမှုမှ လွတ်မြောက်နိုင်လိမ့်မည်ဟု မိမိကိုယ်ကို ယုံကြည်ထားသည်။

လီယန်ချူသည်လည်း သူ့မျက်လုံးထဲတွင် တိုက်ခိုက်သင့်သော ပြိုင်ဘက်တစ်ဦး ဖြစ်သည်။ သို့သော် မမျှော်လင့်ထားသည်မှာ... ဤလူသည် မည်သည့်စည်းမျဉ်းကိုမျှ ဂရုမစိုက်ဘဲ ရောက်လာသည်နှင့် တိုက်ခိုက်ခြင်း ဖြစ်ပြီး မည်သည့်အနုပညာဆန်မှုမျှ မရှိချေ။

ဤသည်မှာ ရှေးဟောင်းသားရဲကြီး ပါးမြွေ ဖြစ်ပြီး၊

ယခုကဲ့သို့သော မန္တန်အတတ်သည် ပါးမြွေ၏ ဝိညာဉ်ကို အခြေခံ၍ ပုံရိပ်အဖြစ် ပြောင်းလဲထားခြင်း ဖြစ်သည်။

တစ်ပြိုင်နက်တည်းမှာပင် လီရွှမ်းသည် လက်နှစ်ဖက်ဖြင့် မန္တန်များကို မနားတမ်း ဖော်ဆောင်လိုက်ရာ... နောက်ထပ် ရှေးဟောင်းသားရဲကြီးများ ဖြစ်ကြသော ဖီရှူ ၊ ယာကျီ ၊ ဆွန်းနီ နှင့် ယာယွီ တို့ တစ်ကောင်ပြီးတစ်ကောင် ပေါ်ထွက်လာတော့သည်။

ဤကြောက်မက်ဖွယ်ကောင်းသော သားရဲကြီးများသည် ရှေးဟောင်းသတ်ဖြတ်ခြင်း အရှိန်အဝါများကို ထုတ်လွှတ်လျက် လီယန်ချူထံသို့ ခုန်အုပ် သတ်ဖြတ်ရန် ပြင်ဆင်လိုက်ကြသည်!

သူသည် ပိုမိုအင်အားကြီးမားသော မန္တန်အမွေအနှစ်များကို လေ့လာသိရှိခဲ့ပြီး၊ ၎င်းတို့အားလုံးမှာ အားကောင်းလှသော သတ်ဖြတ်ခြင်းအတတ်များ ဖြစ်ကာ... ယခုအခါ အားလုံးကို ပေါင်းစပ်လိုက်သဖြင့် အတုမရှိသော စွမ်းပကားများ ပေါက်ကွဲထွက်လာတော့သည်။

ကောင်းကင်လူသားများကို လူ့လောကသို့ ပင့်ဆောင်စဉ်အခါက... ထိုမြင့်မြတ်လှပြီး အေးစက်သော ကောင်းကင်လူသားများနှင့် ပါရမီရှင်လူငယ်များကို လီရွှမ်းသည် စိတ်ထဲမှ အမှန်ပင် အထင်သေးခဲ့သည်။

လီယန်ချူသည် ကောင်ကင်လူသားများထဲမှ ထိပ်သီးပါရမီရှင်များကို သတ်ဖြတ်နိုင်ခဲ့သည်။

လီရွှမ်းသည်လည်း မိမိကိုယ်တိုင် တတ်နိုင်သည်ဟု ယုံကြည်သည်။

သူ့တွင် ဤသို့သော ယုံကြည်ချက် ရှိနေသောကြောင့်သာ ကောင်းကင်လူသားများကို ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်သည်။ သူ တွေးထားသည်မှာ... ထိုအချိန်ကျမှ သူကိုယ်တိုင် ထွက်လာပြီး ဇာတ်သိမ်းကို သိမ်းပိုက်ကာ လောကတစ်ခုလုံး၏ အလေးအမြတ်ပြုမှုကို ခံယူရန် ဖြစ်သည်။

လီယန်ချူ၏ သွေးစွမ်းအင်များသည် ရေစီးကြောင်းကဲ့သို့ ပြင်းထန်လှပြီး လက်ဝါးတစ်ချက် ရိုက်ချလိုက်သည်။

ထို ‘ယာကျီ’ သားရဲကြီးသည် ချက်ချင်းပင် ဦးခေါင်းပေါက်ကွဲသွားပြီး အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားတော့သည်။

သို့သော်လည်း ဤသားရဲကြီးသည် သန့်စင်သော မန္တန်ပုံရိပ်ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သဖြင့်... ပျက်စီးသွားပြီးနောက် ချက်ချင်းပင် ခန္ဓာကိုယ်ပြန်လည် စုစည်းကာ ထပ်မံ၍ ခုန်အုပ်လာပြန်သည်။

"မင်းမှာ မန္တန်စွမ်းအင် ဘယ်လောက်ရှိလဲဆိုတာ ငါကြည့်ရသေးတာပေါ့၊ ငါ့ရဲ့ မန္တန်ကို ဖျက်ဆီးနိုင်မလားဆိုတာ "

လီရွှမ်းက တည်ငြိမ်စွာ ပြုံး၍ ပြောလိုက်သည်။

သူသည် ဟာလာဟင်းလင်း ပြင်ကျယ်ထဲတွင် မတ်တပ်ရပ်နေပြီး စိတ်အားထက်သန်မှုများ ပြည့်နှက်နေဆဲ ဖြစ်သည်။

အခန်း (၁၁၄၄) - ကျင့်ကြံခြင်းအဆင့်တိုင်းတွင် အတုမရှိအတိုင်းထက်အလွန် အစွမ်းထက်ဆုံးသူ

လီယန်ချူ၏ မျက်နှာထက်တွင် အေးစက်ခက်ထန်သော အရိပ်အယောင်များ လွှမ်းမိုးသွားပြီး ပါးစပ်မှ သုံးရောင်ခြယ်မီးတောက် ကို မှုတ်ထုတ်လိုက်လေသည်။

ထိုအချိန်တွင်ပင် သူ၏ ပတ်ပတ်လည်၌ ကြောက်မက်ဖွယ်ကောင်းသော မီးလျှံများ တဟုန်းဟုန်း တောက်လောင်လျက် ပေါ်ထွက်လာတော့သည်။ ရွှမ်းကျီးမီးတောက်၊ နေမင်းစစ်မီးတောက်၊ မဟာနက်ရှိုင်းမီးတောက်၊ မြေကမ္ဘာမီးတောက်၊ အကုသိုလ်မီးတောက်နှင့် နတ်ငှက်မီးတောက် စသည့်... မီးတောက်အမျိုးမျိုးတို့သည် တစ်ခုချင်းစီအလိုက် မတူညီသော ဖျက်ဆီးခြင်းအရှိန်အဝါများကို ဆောင်ကြဉ်းထားရာ လီယန်ချူသည် ထိုမီးပင်လယ်ကြီး၏ အလယ်တွင် မတ်တပ်ရပ်နေရင်း မီးတောက်အပေါင်းကို အုပ်စိုးသော မီးနတ်ဘုရားတစ်ပါးကဲ့သို့ပင် ဖြစ်နေတော့၏။

ထိုရှေးဟောင်းသားရဲဆိုးကြီးများသည် မီးရှို့ဖျက်ဆီးခြင်း ခံလိုက်ရပြီးမှ တစ်ဖန်ပြန်လည် ရှင်သန်လာကြပြန်သည်။ သို့သော် လီယန်ချူ၏ မျက်ဝန်းအစုံသည် နတ်မီးအိမ်ကဲ့သို့ တောက်ပနေပြီး ခန္ဓာကိုယ်အတွင်းရှိ သွေးစွမ်းအင်များမှာလည်း သက်တံကဲ့သို့ ကောင်းကင်ယံအထိ ထိုးတက်နေလျက် ရှိသည်။

"မင်းမှာ အစွမ်းရှိရင်... ငါ့လက်ထဲကနေ နောက်တစ်ခေါက် ထပ်ပြီး ထွက်ပြေးကြည့်စမ်း "

မျက်တောင်ခတ်အတွင်းမှာပင် ထိုအတိုင်းအဆမရှိသော မီးပင်လယ်ကြီးသည် လီရွှမ်းထံသို့ အပြင်းအထန် တိုက်ခိုက်သွားတော့သည်။ အရှိန်အဝါမှာ အလွန်တရာ ပြင်းထန်ထက်မြက်ပြီး လောကတစ်ခုလုံးကို ဖြိုခွဲပစ်တော့မည့်အတိုင်းပင်။

ဤနတ်မီးတောက်များ၏ အရှိန်အဝါမှာ အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလှသဖြင့်... တစ်ခဏအတွင်းမှာပင် လီရွှမ်း ဖန်တီးထားသော သားရဲဆိုးမန္တန်များကို အကုန်အစင် ရိုက်ချိုးဖျက်ဆီးပစ်လိုက်လေသည်။

လီရွှမ်းသည် မျက်မှောင်ကုတ်သွားမိ၏။ သူသည် ဤတာအိုဆရာ၏ မည်သူ့ကိုမျှ ဂရုမစိုက်ဘဲ လောကတွင် အတုမရှိဟူသော အရှိန်အဝါမျိုးကို အမုန်းဆုံး ဖြစ်ပေသည်။

"သေစမ်း"

လီရွှမ်းက ဒေါသတကြီး အော်ဟစ်လိုက်ပြီး မြူနှင်းကောင်းကင်ပိုက်ကွန်ကို လှုပ်ရှားစေကာ ဖိတ်ခေါ်လိုက်ရာ... အဆုံးအစမဲ့လှသော ပိုက်ကွန်ကြီးသည် ကောင်းကင်နှင့်မြေပြင်တစ်ခုလုံးကို လွှမ်းခြုံသွားပြီး နတ်ရေစင်များ ဝုန်းဒိုင်းကြဲကာ ထွက်ပေါ်လာတော့သည်။

ထိုစဉ် လီယန်ချူသည် ‘တစ်ခဏအတွင်း ကိုယ်ခွဲခြင်းအတတ်ကို ချက်ချင်း ထုတ်ဖော်လိုက်ရာ... တစ်ကိုယ်လုံးတွင် နတ်မီးတောက်များ ဝေမှိုင်းနေသော တာအိုဆရာလေးတစ်ဦး ပေါ်ထွက်လာပြီး လက်ထဲတွင် နဂါးကိုးကောင်နတ်ဘုရားမီးအုပ်ဆောင်းကို ကိုင်ဆောင်လျက် ထိုမြူနှင်းကောင်းကင်ပိုက်ကွန်ကို ရင်ဆိုင်တိုက်ခိုက်လေတော့သည်။

လီရွှမ်း ရှာဖွေရရှိထားသော ဤရတနာမှာ အမှန်ပင် အလွန်တရာ အစွမ်းထက်လှပေသည်။

သို့သော်လည်း လီယန်ချူတွင်မူ ကိုယ်ခွဲခြင်းအတတ် ဟူသော မဟာနတ်ဘုရားအတတ် ရှိနေပေသည်။

အခြားသော တာအိုဆရာလေးတစ်ဦးသည် ဓားကို ကိုင်ဆောင်ကာ ရှေ့သို့ ဒိုင်းခနဲ ပြေးထွက်ကာ သတ်ဖြတ်ရန် လှုပ်ရှားလိုက်သည်။

ထို့အပြင် ကျန်ရှိသော အခြားတာအိုဆရာလေးတစ်ဦးသည်လည်း ကောင်းကင်ယံသို့ ပျံသန်းသွားပြီး လက်ထဲတွင် စိမ်းပြာရောင် အလံတော်ကြီးကို ကိုင်ဆောင်ကာ ပြင်းထန်စွာ ဝှေ့ယမ်းလိုက်တော့သည်။

ခဏချင်းမှာပင်... ဖြူဖွေးတောက်ပသော အလင်းတန်းများ အရောင်တောက်သွားပြီး ကောင်းကင်နှင့် မြေပြင်တစ်ခုလုံး ပြင်းထန်စွာ တုန်ခါချောက်ချားသွားခဲ့ရ၏။

လီရွှမ်း၏ တစ်ကိုယ်လုံး တုန်ခါသွားရသည်။ သူ မိမိဘာသာ သန့်စင်သွန်းလုပ်ထားသော မြူနှင်းကောင်းကင်ပိုက်ကွန်သည်ပင်လျှင်... ယခုအခါတွင် ဤတာအိုဆရာလေးကို ဘယ်လိုမှ မနှိမ်နင်းနိုင်ဘဲ ဖြစ်နေရချေပြီ။

သူသည် လက်ဝါးတစ်ချက်ကို အောက်သို့ ရိုက်ချလိုက်ရာ... ကောင်းကင်ယံကို ပိတ်ဆို့နိုင်လောက်သည့် ကြီးမားလှသော လက်ဝါးကြီးတစ်ချက်သည် ကောင်းကင်မှ ဝုန်းခနဲ ကျဆင်းလာခဲ့သည်။ တစ်ကိုယ်လုံး ရွှေရောင်အလင်းများ တောက်ပနေပြီး အပေါ်တွင် အတိုင်းအဆမရှိသောနတ်ဘုရားလမ်းစဉ် စာလုံးမန္တန်များ ပြည့်နှက်နေလျက် ရှိ၏။

ဤသည်မှာ... နတ်တောင်တန်း မန္တန်ပင် ဖြစ်သည်။

အကယ်၍ ထိုရဟန်းပျိုသာ ဤနေရာတွင် ရှိနေပါက အမှန်ပင် အံ့အားသင့်သွားလိမ့်မည် ဖြစ်သည်။

လီရွှမ်း၏ ပါရမီမှာ အလွန်တရာ ကောင်းမွန်လွန်းလှသဖြင့် ရဟန်းပျိုသည် သူ၏ခန္ဓာကိုယ်ကို ငှားရမ်းကာ ဝိညာဉ်မွေးမြူနေစဉ်အတွင်း၊ သူတစ်ပါးနှင့် တိုက်ပွဲဝင်ပြုလုပ်ပုံကို ကြည့်ရုံမျှဖြင့်... ဤမဟာမန္တန်အတတ်ကို ကိုယ်တိုင် တတ်မြောက်သွားခဲ့ခြင်း ဖြစ်သည်။

ထိုအချိန်တွင် လီရွှမ်း၏ ဦးခေါင်းနောက်ကွယ်ရှိ အလင်းစက်ဝိုင်းအတွင်းမှ ရှေးဟောင်းတံပိုးသည် တောက်ပသော နတ်အလင်းတန်းများကို ထုတ်လွှတ်လိုက်ပြီး နတ်တောင်တန်း ၏ စွမ်းအားကို ပိုမိုကြီးမားလာအောင် ကူညီထောက်ပံ့ပေးလိုက်သည်။

လီယန်ချူသည် မျက်တောင်ခတ်အတွင်းမှာပင် မိမိ၏ နတ်လက်နက်အားလုံးကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး စိတ်အာရုံကမ္ဘာ ထဲသို့ ထည့်သွင်းလိုက်တော့သည်။

ကိုယ်ခွဲခြင်းအတတ် သည်လည်း ခဏချင်းမှာပင် ခန္ဓာကိုယ်ထဲသို့ ပြန်လည်စုစည်းသွားခဲ့၏။

သူသည် မိမိ၏ အရှိန်အဝါနှင့် အစွမ်းအားလုံးကို အထွတ်အထိပ်အဆင့်အထိ မြှင့်တင်လိုက်ပြီးနောက်၊ ကျန့်ကျောင်းဓား ကို ထုတ်ဖော်ကာ တစ်ချက်တည်းဖြင့် ပြတ်ပြတ်သားသား ခုတ်ပိုင်းချလိုက်လေတော့သည်။

ဖြုန်း

နတ်တောင်တန်း ကြီးမှာ အစိတ်စိတ်အမွှာမွှာ ကြေမွပျက်စီးသွားပြီး... လီရွှမ်း၏ လက်ချောင်းများမှာလည်း အရင်းမှစတင်ကာ ပြတ်တောက်သွားသဖြင့် သွေးများ ပန်းထွက်လာခဲ့ရတော့သည်။

ဤဓားချက်ထဲတွင် အလွန်ပြင်းထန်သော သိုင်းပညာ၏ အဆီအနှစ်အစစ်အမှန် ပါဝင်နေသဖြင့်... လီရွှမ်း၏ မန္တန်စွမ်းအင်များနှင့် ရုပ်ပုံများကို ဖျက်ဆီးပစ်လိုက်ရုံသာမက၊ သူ၏ ရုပ်ခန္ဓာလက်ချောင်းများကိုပါ တိုက်ရိုက် ဖြတ်တောက်နိုင်ခဲ့ခြင်း ဖြစ်သည်။

လီယန်ချူသည် ဓားသွားကို လီရွှမ်းထံသို့ ချိန်ရွယ်ထားရင်း စကားတစ်ခွန်းမျှ မဆိုသော်လည်း... သူ၏ မျက်ဝန်းများမှာမူ အလွန်တရာ အေးစက်ခက်ထန်လျက် ရှိသည်။

လီရွှမ်းသည် မိမိ၏ မန္တန်အတတ်များ ပိုမိုအားကောင်းလာပြီး တန်ခိုးစွမ်းအင်များ အလွန်အမင်း ထူထဲသိပ်သည်းလာခဲ့ပြီ ဖြစ်သော်လည်း... ယခုအခါတွင် ဤတာအိုဆရာလေးကို ရင်ဆိုင်ရချိန်၌ စိတ်ထဲတွင် မသိမသာ ထိတ်လန့်ကြောက်ရွံ့စိတ်များ ဝင်ရောက်လာခဲ့ရသည်။

ထိုရဟန်းပျို ပြောခဲ့သကဲ့သို့ပင်... ထိုနေ့က လီယန်ချူသည် သွေးစွမ်းအင်များ ကုန်ခမ်းလုနီးပါး ဖြစ်နေပြီး အင်အားချည့်နဲ့နေသော အခြေအနေတွင် ရှိနေခဲ့သော်လည်း မိမိဘက်မှ လှုပ်ရှားခြင်းမပြုခဲ့သဖြင့်... အကောင်းဆုံးသော အခွင့်အရေးကို လွဲချော်ခဲ့ရပြီ ဖြစ်သည်။

လီယန်ချူ၏ ‘ရန်သူနှင့်အတူ အသေခံမည်’ ဟူသော ပြင်းထန်လှည့်ပတ်နေသည့် ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါမှာ လူ၏စိတ်ကို တုန်လှုပ်စေနိုင်လောက်ပေသည်။ သူသည် နောက်ထပ် မည်ကဲ့သို့သော ကြောက်မက်ဖွယ် စွမ်းအားမျိုးကို ထုတ်ဖော်လာဦးမည်ကို မည်သူမျှ မခန့်မှန်းနိုင်ချေ။

လီရွှမ်းသည် ပြီးခဲ့သည့်တစ်ခေါက်က သူ့လက်ထဲတွင် ကပ်သီးလေး ရှုံးနိမ့်ခဲ့ဖူးသဖြင့်... ယခုအကြိမ်တွင် သူ့ကို အသေအလဲ မတိုက်ခိုက်ချင်ဘဲ ဥပါယ်တံမျဉ်းများကို အသုံးပြုကာ သူ့ကို အင်အားကုန်ခမ်းသွားအောင် ပြုလုပ်ပြီးမှ ‘သူတစ်ပါးလက်ဖြင့် လူသတ်ရန်’ တွေးတောခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့်သာ သူသည် နောက်သို့ တစ်လှမ်းဆုတ်ခဲ့ခြင်း ဖြစ်၏။

သို့သော်လည်း...

တစ်ခါတစ်ရံတွင် နောက်သို့ တစ်လှမ်းဆုတ်လိုက်ခြင်းကပင်... မိမိ၏ စိတ်အခြေအနေ တွင် အပြစ်အနာအဆာများ ဖြစ်ပေါ်စေခဲ့ပြီး၊ ထိုခြေလှမ်းကို ရှေ့သို့ ပြန်လည်လှမ်းရန် ကြိုးစားသည့်အခါတွင်မူ... အလွန်တရာ ခက်ခဲသွားခဲ့ရပြီ ဖြစ်သည်။

လီယန်ချူသည် မျက်နှာထား တည်ကြည်အာဏာရှိစွာဖြင့် ‘မြေပြင်ကို ကျုံ့စေသော ခြေလှမ်းအတတ်’ကို အသုံးပြုပြီး လီရွှမ်းထံသို့ ဒိုင်းခနဲ ခုန်အုပ်လိုက်တော့သည်။

လီရွှမ်းသည် အာလုံဓား ကို ကိုင်ဆောင်လျက် ရှိပြီး၊ ဓားအရှိန်အဝါမှာ အလွန်တရာ အေးစက်လှကာ... ထက်မြက်လှသော ဓားစွမ်းအင်များကို တစ်ခုပြီးတစ်ခု ထုတ်လွှတ်လိုက်ရာ သူသည် ထိုနတ်ဓားကို ကိုင်ဆောင်ထားချိန်တွင် လောကရှိ ထိပ်သီးဓားနတ်ဘုရား တစ်ပါးကဲ့သို့ပင် ဖြစ်နေတော့သည်။

ဒိန်း ဒိန်း ဒိန်း ဒိန်း ဒိန်း

ကောင်းကင်နှင့် မြေပြင်ကြားတွင် ကြောက်မက်ဖွယ်ကောင်းသော ပေါက်ကွဲသံများ အဆက်မပြတ် မြည်ဟီးလာပြီး ဟာလာဟင်းလင်း ပြင်ကျယ်ကြီးမှာလည်း ပြင်းထန်စွာ တုန်ခါနေတော့သည်။

ထိုအမွှေးတိုင်မီးခိုးများ အူလှိုက်နေသော နတ်ကွန်းကြီးမှာလည်း ချက်ချင်းပင် ရိုက်ခွဲခြင်း ခံလိုက်ရပြီး အမှုန့်အဖြစ် ပြောင်းလဲသွားခဲ့ရ၏။

လီရွှမ်း၏ ဓားစွမ်းအင်မှာ အလွန်တရာ ထက်မြက်လှပြီး... ဆန်းကြယ်လှသော ဓားကွက်များကို လက်တန်းပင် ထုတ်ဖော်နိုင်လျက် ရှိသည်။ ဖီနစ်ဓားကွက်၊ နှင်းတောင်မဟာဓားကွက်၊ တောင်ဖြိုဓားကွက် စသည့် အားကောင်းလှသော ဓားကွက်ပေါင်းများစွာမှာ တားဆီး၍မရနိုင်အောင် ပေါ်ထွက်လာခဲ့သည်။

သို့သော် ယခုအခါတွင် လီယန်ချူသည် သက်တံကဲ့သို့ ပြင်းထန်လှသော အရှိန်အဝါဖြင့် ဓားကို ဝှေ့ယမ်းခုတ်ပိုင်းလျက် လီရွှမ်း၏ ဓားကွက်အားလုံးကို ရိုက်ချိုးဖျက်ဆီးပစ်လိုက်လေသည်။

သူသည် လီရွှမ်းနှင့် မတူချေ။ သူသည် စစ်မှန်သော မိစ္ဆာများကို သတ်ခဲ့သည်၊ ကောင်းကင်လူသားများကို သတ်ခဲ့သည်၊ ရုပ်ခန္ဓာစွန့်လွှတ်သော နတ်ဘုရား များကို သတ်ခဲ့သည်၊ လူပြန်ဝင်စားသော နတ်ဘုရားများကိုလည်း သတ်ဖြတ်ခဲ့ဖူးသည်။

လူ့လောကသို့ ဆင်းသက်လာသော ကောင်းကင်လူသားများထဲမှ ပါရမီရှင် လူငယ်များနှင့် အဆင့်ကိုး ထိပ်သီးပညာရှင်များအားလုံးကို သူ တစ်ယောက်မကျန် သတ်ဖြတ်ပစ်ခဲ့သဖြင့်... ဆင်းသက်လာသော ကောင်းကင်လူသားအားလုံးမှာ သူ့လက်ထဲတွင် မျိုးတုန်းသွားခဲ့ရပြီ ဖြစ်သည်။

သူ၏ အရှိန်အဝါမှာ အလွန်တရာ ပြင်းထန်ထက်မြက်လှပြီး တစ်ကြိမ်တစ်ခါမျှ ရှုံးနိမ့်ဖူးခြင်း မရှိချေ။

သူသည် ယခုခေတ်အခါ၏ အစွမ်းထက်ဆုံးသော ‘ယင်ဝိညာဉ်အဆင့်’ ၊ အစွမ်းထက်ဆုံးသော ‘ယန်ဝိညာဉ်အဆင့်’ ဖြစ်ရုံသာမက... အစွမ်းထက်ဆုံးသော ‘မြေပြင်နတ်ဘုရား’ လည်း ဖြစ်ပေသည်။

ကျင့်ကြံခြင်းအဆင့်တိုင်းတွင်... အတုမရှိအတိုင်းထက်အလွန် အစွမ်းထက်ဆုံးသူ ဖြစ်၏။

လီရွှမ်း၏ အရှိန်အဝါမှာ ကြီးမားလှသည်ဟု ဆိုနိုင်သော်လည်း လီယန်ချူနှင့် နှိုင်းယှဉ်လိုက်ပါက မီးလောင်နေသော ဆီအိုးထဲသို့ ရေလောင်းထည့်လိုက်သကဲ့သို့ပင် ဖြစ်နေတော့သည်။

၎င်းအပြင်... သူ၏ တန်ခိုးစွမ်းအင်အများစုမှာ ထိုရှေးဟောင်းတံပိုးမှ ရရှိထားခြင်း ဖြစ်သဖြင့် စစ်မှန်သော လိုက်လျောညီထွေရှိမှု မရှိချေ။

ဘုန်း

လီယန်ချူသည် ရုတ်တရက် အနားသို့ တိုးကပ်လာပြီး လီရွှမ်း၏ ရင်ဘတ်ကို လက်သီးဖြင့် ပြင်းထန်စွာ ထိုးချလိုက်တော့သည်။

ခရုန်း

လီရွှမ်း၏ ရင်ညွန့်ရိုးများ ကျိုးကြေသွားပြီး တစ်ကိုယ်လုံး နောက်သို့ လွင့်ထွက်သွားခဲ့ရ၏။

သူသည် ချက်ချင်းပင် မြူနှင်းကောင်းကင်ပိုက်ကွန်ကို ထုတ်ဖော်ကာ ကာကွယ်လိုက်ရသည်။

လီယန်ချူသည် ခြေတွင် လေနှင့်မီးဘီး ကို စီးနင်းထားသဖြင့် လှုပ်ရှားမှုမှာ အလွန်တရာ ဆန်းကြယ်လှပြီး၊ ၎င်းအပြင် ‘မြေပြင်ကို ကျုံ့စေသော ခြေလှမ်းအတတ်’ ပါ ပေါင်းစပ်ထားသဖြင့်... သူ၏ အရှိန်နှင့် လှုပ်ရှားမှုပုံစံကို မည်သူမျှ မခန့်မှန်းနိုင်ဘဲ လီရွှမ်းကို မနားတမ်း ခုတ်ပိုင်းတိုက်ခိုက်နေတော့သည်။

"နတ်လက်နက်တွေက လူ့လောကထဲမှာ ကန့်သတ်ချက်တွေ ရှိတယ်။ မင်း ကောင်းကင်ဘုံက နတ်လက်နက်အားလုံးကို ယူလာခဲ့ရင်တောင်... ဒီနေ့တော့ မင်း သေရမှာပဲ"

လီယန်ချူ၏ အသံမှာ မိုးကြိုးပဲ့တင်ထပ်သကဲ့သို့ ထွက်ပေါ်လာခဲ့သည်။ သူ၏ လက်ထဲတွင်လည်း စိမ်းပြာရောင် အလံတော်နှင့် နဂါးကိုးကောင်နတ်ဘုရားမီးအုပ်ဆောင်းတို့ ရှိနေသဖြင့် ဤအကြောင်းအရာကို ကောင်းစွာ သိရှိခြင်း ဖြစ်၏။ လူ့လောက၏ တရားလမ်းစဉ်မှာ မပြည့်စုံသဖြင့် နတ်လက်နက်များသည် မိမိတို့၏ အစွမ်းအားလုံးကို အပြည့်အဝ မထုတ်ဖော်နိုင်ကြချေ။

လီရွှမ်း စကားပြန်ပြောရန် ပြင်လိုက်စဉ်မှာပင် လီယန်ချူသည် ဓားကို ဘေးတိုက် ဝှေ့ယမ်းခုတ်ပိုင်းလိုက်ရာ... ခရမ်းရောင် ဓားအရှိန်အဝါတစ်ခုသည် ဟာလာဟင်းလင်း ပြင်ကျယ်ကြီးကို ခွဲကာ ထွက်ပေါ်လာပြီး မိုင်ထောင်ချီသော တိမ်ပင်လယ်ကြီးကို ဆုတ်ဖြဲပစ်လိုက်တော့သည်။

လီရွှမ်း စိတ်ထဲတွင် ထိတ်လန့်သွားပြီး နောက်ထပ် အာရုံမပြန့်ရဲတော့ဘဲ မိမိ၏ စွမ်းအားအားလုံးဖြင့် လီယန်ချူကို ခုခံကာကွယ်လိုက်ရတော့သည်။

သူ့တွင် မြူနှင်းကောင်းကင်ပိုက်ကွန်နှင့် အာလုံဓား ဟူသော နတ်လက်နက်နှစ်ခု ရှိနေပြီး... ၎င်းအပြင် ရှေးဟောင်းတံပိုးကလည်း အင်အားများကို မြှင့်တင်ပေးထားသော်လည်း၊ လီယန်ချူ၏ ရက်စက်ပြင်းထန်လှသော သတ်ဖြတ်ခြင်းစွမ်းပကားကို ဘယ်လိုမှ မယှဉ်နိုင်ချေ။

သူသည် တိုက်ခိုက်ရင်း နောက်ဆုတ်ခဲ့ရာ မျက်တောင်ခတ်အတွင်းမှာပင် မိုင်ပေါင်းထောင်ချီ ခရီးပေါက်သွားပြီး... နှစ်ဦးသားသည် အရှေ့ဘက်ပင်လယ်ကြီး ၏ အပေါ်ယံကောင်းကင်သို့ ရောက်ရှိသွားကြတော့သည်။

မိုင်ပေါင်းသောင်းချီသော လှိုင်းတံပိုးကြီးများသည် ရေကိုအုပ်စိုးသော နတ်နဂါးကြီးများအသွင် ပြောင်းလဲသွားပြီး ကောင်းကင်သို့ ပျံတက်လျက် လီယန်ချူထံသို့ ခုန်အုပ်လာကြသည်။

လီယန်ချူသည် အသွင်ပြောင်းလဲခြင်းအတတ် ကို ထုတ်ဖော်လိုက်ရာ... မိုင်ရာချီ မြင့်မားသော ဧရာမဘီလူးကြီးတစ်ကောင် ပေါ်ထွက်လာပြီး အောက်သို့ ခြေတစ်ချက် ပြင်းထန်စွာ နင်းချလိုက်တော့သည်။

ဒိန်း

ထိုစိမ်းလဲ့သော လှိုင်းတံပိုးများဖြင့် ဖွဲ့စည်းထားသည့် နတ်နဂါးကြီးများအားလုံးမှာ ဝုန်းခနဲ ပေါက်ကွဲသွားပြီး အစအနမကျန် ပျောက်ကွယ်သွားခဲ့ရ၏။

လီရွှမ်းသည် ကောင်းကင်သို့ ပျံတက်သွားပြီး မျက်ဝန်းအစုံမှာ ရွှေရောင် တောက်ပလာလျက်... ရှေးဟောင်းမန္တန်အတတ်ကို လှုပ်ရှားစေရာ အရှေ့ဘက်ပင်လယ်ကြီးပေါ်တွင် ကြီးမားလှသော လှိုင်းလုံးကြီးများ ထွက်ပေါ်လာပြီး ကမ်းခြေများထံသို့ ရိုက်ခတ်ရန် ပြင်ဆင်လိုက်တော့သည်။

အကယ်၍ ဤပင်လယ်ရေများ ကုန်းတွင်းပိုင်းသို့ ထိုးဝင်သွားပါက မိုင်ထောင်ချီသော ကုန်းမြေကြီးမှာ ရေအောက်သို့ ရောက်ရှိသွားပေလိမ့်မည်။ လီရွှမ်းသည် ဤနည်းလမ်းဖြင့် လီယန်ချူ၏ အာရုံကို လွှဲပြောင်းရန် ကြိုးစားခြင်း ဖြစ်၏။

သို့သော် လီယန်ချူ၏ ဧရာမဘီလူးကြီးသည် လက်ကို ဝှေ့ယမ်းလိုက်ရာ ပင်လယ်ရေများမှာ ကောင်းကင်သို့ တိုက်ရိုက် ထိုးတက်သွားပြီး... နောက်တစ်စက္ကန့်တွင် လီရွှမ်းထံသို့ ပြန်လည်၍ ဝုန်းခနဲ ရိုက်ချပစ်လိုက်တော့သည်။

"ငါ့ကို ရင်ဆိုင်ပြီး မတိုက်ရဲဘဲနဲ့... ကြွက်သူခိုးလေးထက် မပိုပါဘူး "

လီယန်ချူ၏ အသံမှာ မဟာခေါင်းလောင်းကြီး မြည်ဟီးသကဲ့သို့ ထွက်ပေါ်လာသည်။

လီရွှမ်း၏ ဓားကဲ့သို့ ထက်မြက်သော မျက်ခုံးအစုံမှာ တင်းတင်းကြပ်ကြပ် တွန့်ချိုးသွားခဲ့ရ၏။ သူသည် မိမိကိုယ်ကို လူ့လောကတွင် အထူးချွန်ဆုံးနှင့် စိတ်အချမ်းမြေ့ဆုံးသော ပါရမီရှင်တစ်ဦးအဖြစ် အမြဲခံယူထားခဲ့ရာ... ယခုကဲ့သို့သော အပြောအဆိုကို မည်ကဲ့သို့ သည်းခံနိုင်မည်နည်း။

သူသည် မြူနှင်းကောင်းကင်ပိုက်ကွန်ကို မြှောက်ကာ ဝှေ့ယမ်းလိုက်ရာ ထိုအဆုံးအစမဲ့သော ပိုက်ကွန်ကြီးသည် ကောင်းကင်နှင့် နေမင်းကြီးကိုပါ ကွယ်ပစ်လိုက်တော့သည်။

သို့သော် လီယန်ချူသည် အသွင်ပြောင်းလဲခြင်းအတတ် ကို ရုပ်သိမ်းလိုက်ပြီး မိမိ၏ ယန်ဝိညာဉ် ကို ခန္ဓာကိုယ်ထဲမှ ထွက်ခွာစေလျက်၊ လက်နှစ်ဖက်လုံးဖြင့် ဓားညွှန်းကွက်ကို ဖော်ဆောင်ကာ လီရွှမ်းထံသို့ သတ်ဖြတ်ရန် လှုပ်ရှားလိုက်တော့သည်။

လီယန်ချူသည် စိတ်အာရုံချင်း ချိတ်ဆက်ထားသဖြင့် ဝိညာဉ်ချင်း တိုက်ခိုက်မှုမှာ အလွန်တရာ မြန်ဆန်လှပေသည်။ သူ၏ မန္တန်အတတ်များကို ဤမျှလောက် မြန်ဆန်စွာ လဲလှယ်အသုံးပြုနိုင်လိမ့်မည်ဟု မည်သူမျှ ထင်မှတ်မထားခဲ့ကြချေ။

လီရွှမ်းသည် လီယန်ချူ၏ မန္တန်တစ်ခုကို ရှောင်တိမ်းနိုင်ခဲ့သော်လည်း... သူ၏ မူလဝိညာဉ်မှာမူ ပြင်းထန်စွာ တုန်ခါသွားသဖြင့် မျက်နှာထက်တွင် နာကျင်သော အရိပ်အယောင်များ ပေါ်ထွက်လာပြီး၊ ချက်ချင်းပင် အာလုံဓားကို ဝှေ့ယမ်းလျက် ဓားစွမ်းအင်များဖြင့် လီယန်ချူ၏ ဝိညာဉ်ကို ခုတ်ပိုင်းလိုက်တော့သည်။

သို့သော်လည်း လီယန်ချူ၏ လက်ထဲတွင်မူ မြေကမ္ဘာအလံတော် ကို ကိုင်ဆောင်ထားသဖြင့် မန္တန်ပေါင်းစုံကို ခုခံနိုင်ကာ... လွယ်လင့်တကူပင် မိမိ၏ ရုပ်ခန္ဓာထဲသို့ ပြန်လည်ဝင်ရောက်သွားခဲ့၏။

လီရွှမ်း မျက်ခုံးပင့်သွားမိသည်။ နောက်တစ်စက္ကန့်တွင် သူ၏ ရှေ့မှောက်၌ လီယန်ချူ၏ ပုံရိပ် ပျောက်ကွယ်သွားပြီး... နောက်ကျောဘက်မှမူ အလွန်ပြင်းထန်သော အပူရှိန်အဝါများ ထွက်ပေါ်လာခဲ့သည်။

လီယန်ချူသည် လေနှင့်မီးဘီး ကို စီးနင်းလျက် နောက်ကျောဘက်မှနေ၍ ဓားဖြင့် ပြတ်ပြတ်သားသား ခုတ်ပိုင်းချလိုက်လေတော့သည်။

ဒိန်း ဒိန်း ဒိန်း

မျက်တောင်ခတ်အတွင်းမှာပင် နှစ်ဦးသားသည် ကွက်တိကွက်ကြား အကွက်ပေါင်းများစွာ ဆက်တိုက် လဲလှယ်တိုက်ခိုက်ခဲ့ကြသည်။

ဖလပ်

လီရွှမ်း၏ လက်မောင်းတစ်ဖက်မှာ အရင်းမှစတင်ကာ ဖြတ်တောက်ခြင်း ခံလိုက်ရသဖြင့် သွေးများ ပန်းထွက်လာခဲ့ရတော့သည်။

"မဖြစ်နိုင်တာ... ငါက သူ့ကို နှိမ်နင်းဖို့ မွေးဖွားလာတဲ့သူပဲ ၊ လူ့လောကရဲ့ ကံဇာတာအားလုံးကို ငါကပဲ ပုခုံးပေါ်မှာ ထမ်းပိုးရမှာ... ငါက သူ့ကို ဘယ်လိုလုပ် ရှုံးနိမ့်နိုင်မှာလဲ "

လီရွှမ်း စိတ်ထဲတွင် ထိတ်လန့်သွားပြီး ချက်ချင်းပင် မဟာမန္တန်အတတ်ကို ထုတ်ဖော်လိုက်တော့သည်။

အာလုံဓားသည် ကောင်းကင်သို့ ပျံတက်သွားပြီး အလင်းတန်းတစ်ခုအသွင် ပြောင်းလဲကာ ဟာလာဟင်းလင်း ပြင်ကျယ်ကြီးကို ခွဲလျက် ပြေးထွက်သွားခဲ့သည်။

လီယန်ချူ၏ ဦးခေါင်းထက်တွင်မူ မြေကမ္ဘာအလံတော် သည် လွင့်မျော နေပြီး နတ်အလင်းတန်းများ ကျဆင်းနေလျက် ရှိသဖြင့် မန္တန်ပေါင်းစုံ မသီနိုင်ချေ။ ဓားအလင်းတစ်ခုသည် ကောင်းကင်ယံတွင် အဆက်မပြတ် လှည့်ပတ်နေရင်း လီယန်ချူထံသို့ တိုက်ခိုက်နေသည်။

ဤဓားမှာ အမှန်ပင် အလွန်တရာ ထက်မြက်လှပေသည်။

လီယန်ချူ၏ ခြေထောက်အောက်ရှိ လေနှင့်မီးဘီး သည် နတ်ဘုရားလမ်းစဉ်၏ အရှိန်အဝါများကို ထုတ်လွှတ်လိုက်ပြီး၊ နတ်မီးတောက်များ လှည့်ပတ်သွားလျက်... တိုက်ရိုက်ပင် ရှေ့သို့ ခုန်အုပ်သွားတော့သည်။

လီရွှမ်း၏ မန္တန်အတတ်များမှာ ဆန်းကြယ်ပြီး ပြောင်းလဲမှုများပြားလှကာ... ယခုအခါ တန်ခိုးစွမ်းအင်များမှာလည်း အဆုံးအစမရှိသကဲ့သို့ ထူထဲလှသည်။

သို့သော် လီယန်ချူသည် အနားသို့ တိုးကပ်ကာ တိုက်ခိုက်ခဲ့ပြီး... အာလုံဓားက မိမိ၏ ခန္ဓာကိုယ်ပေါ်သို့ ခုတ်ပိုင်းမိသည်ကိုပင် ဂရုမစိုက်တော့ဘဲ၊ ညာဘက်ခြေထောက်ကို နတ်နဂါးတစ်ကောင်ကဲ့သို့ ဝှေ့ယမ်းကာ လီရွှမ်း၏ မျက်နှာကို ပြင်းထန်စွာ ကန်ချလိုက်တော့သည်။

ဘုန်း

ကြီးမားလှသော မြည်ဟီးသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

လီရွှမ်းသည် နောက်သို့ လွင့်ထွက်သွားခဲ့ရ၏။

သူ၏ ဦးခေါင်းနောက်ကွယ်ရှိ အလင်းစက်ဝိုင်းအတွင်းမှ ရှေးဟောင်းတံပိုးသည် ပြင်းထန်စွာ တုန်ခါသွားခဲ့သည်။ ခုနက အရေးကြီးသော အချိန်တွင်... ၎င်းက လီယန်ချူ၏ ပြင်းထန်လှသော တိုက်ခိုက်မှုကို ဝင်ရောက်ခုခံပေးခဲ့ခြင်း ဖြစ်သည်။

လီရွှမ်း ထိတ်လန့်သွားရသည်။ ခုနက လီယန်ချူ တိုက်ခိုက်လာသော ကွက်တွင် ပြောင်းလဲမှုများစွာ ပါဝင်နေသည်ကို သူ မြင်တွေ့နိုင်သော်လည်း... ဘယ်လိုမှ တားဆီး၍ မရခဲ့ချေ။

"ငါနဲ့ သူကြားထဲမှာ ဒီလောက်အထိ ကွာခြားချက် ရှိနေတာလား... ငါ့ရဲ့ ကျင့်ကြံမှုအဆင့်က သူ့ထက် အများကြီး ပိုပြီး မြင့်မားနေတာ ထင်ရှားပါလျက်နဲ့"

လီရွှမ်း၏ စိတ်ထဲတွင် ဤအတွေးမှာ ရုတ်တရက် ပေါ်ထွက်လာခဲ့ရတော့သည်။

ဘုန်း ဘုန်း ဘုန်း ဘုန်း

မျက်တောင်ခတ်အတွင်းမှာပင် နှစ်ဦးသားသည် နောက်ထပ် အကွက်ပေါင်းများစွာ ထပ်မံ၍ လဲလှယ်တိုက်ခိုက်ကြပြန်သည်။

ဘုန်း

နှစ်ဦးသား လက်ဝါးချင်း ပြင်းထန်စွာ ရိုက်နှက်မိကြ၏။

ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်လှိုင်းများသည် တိမ်ပင်လယ်ကြီးကို ရိုက်ခွဲပစ်လိုက်ပြီး ပင်လယ်ပြင်ပေါ်တွင် ကြီးမားလှသော လှိုင်းလုံးကြီးများ ထွက်ပေါ်လာလျက် ဘေးပတ်ပတ်လည်သို့ ဝုန်းခနဲ ပြန့်ကားသွားတော့သည်။

လီရွှမ်း ခုနက ထုတ်ဖော်လိုက်သည်မှာ ဗုဒ္ဓဘာသာ၏ မဟာမန္တန်အတတ် ဖြစ်သော မိစ္ဆာနှိမ်နင်းရေး လက်ဝါးမုဒြာဖြစ်ပေသည်။

သို့သော်လည်း သူ၏ လက်ကို ပြန်လည်မရုပ်သိမ်းနိုင်သေးမီမှာပင်... လီယန်ချူသည် သူ၏လက်ကို ကျစ်ကျစ်ပါအောင် ဖမ်းဆွဲလိုက်ပြီး လက်ချောင်းငါးချောင်းဖြင့် ပြင်းထန်စွာ ညှစ်ချလိုက်တော့သည်။

ခရုန်းဟူသော အသံနှင့်အတူ... လက်ချောင်းများမှာ လီယန်ချူ၏ လက်ထဲတွင် ကျိုးကြေသွားခဲ့ရ၏။

လီယန်ချူသည် ထိုအရှိန်ဖြင့်ပင် သူ့ကို မိမိထံသို့ ဆွဲယူလိုက်ပြီးနောက် ဒူးဖြင့် သူ၏ ဝမ်းဗိုက်ကို ပြင်းထန်စွာ တိုက်လိုက်တော့သည်။

လီရွှမ်း၏ နောက်ကျောဘက်ရှိ ရှေးဟောင်းတံပိုးသည် တစ်ဖန်ပြန်လည် တုန်ခါသွားပြန်သည်။

ယခုအကြိမ်တွင် လီရွှမ်း၏ ကလီစာများ ကြေမွမသွားခဲ့သော်လည်း... သူ၏ သွေးစွမ်းအင်များမှာမူ ပြင်းထန်စွာ ကမောက်ကမ ဖြစ်သွားခဲ့ရသဖြင့် ပါးစပ်မှ သွေးများ ပန်းထွက်လာခဲ့ရတော့သည်။

လီရွှမ်းသည် ချက်ချင်းပင် အလင်းတန်းတစ်ခုအသွင် ပြောင်းလဲကာ ကောင်းကင်ယံသို့ ထွက်ပြေးရန် လှုပ်ရှားလိုက်တော့သည်။

ရှုး

လီယန်ချူသည် ကျန့်ကျောင်းဓား ကို မြှောက်ကာ ပြတ်ပြတ်သားသား ခုတ်ပိုင်းချလိုက်လေသည်။

ဤဓားချက်မှာ အလွန်တရာ မြန်ဆန်လွန်းလှသဖြင့်... ပြေးထွက်သွားသော အလင်းတန်းပင်လျှင် ဖြတ်တောက်ခြင်း ခံလိုက်ရတော့သည်။

လီရွှမ်း မိမိ၏ ပုံရိပ်ကို ပြန်လည်ထင်ရှားစေချိန်တွင်မူ... ခြေကျင်းဝတ်တစ်ဖက်မှာ ဖြတ်တောက်ခြင်း ခံလိုက်ရသဖြင့် သွေးများ ချောင်းစီးနေရှာတော့သည်။

"ရိုင်းစိုင်းတဲ့ ခွေးသိုင်းသမား ... တာအိုဂိုဏ်းရဲ့ တပည့်ဖြစ်နေပြီးတော့မှ... ထုတ်သုံးသမျှ အကုန်လုံးက လက်သီးနဲ့ ခြေကန်ကွက်တွေချည်းပဲ "

လီရွှမ်းက ဆဲရေးတိုင်းထွာလိုက်သည်။

သို့သော် လီယန်ချူကမူ သူ့ကို လုံးဝဂရုမစိုက်ဘဲ ကောင်းကင်သို့ ပျံတက်သွားခဲ့ရာ... ကောင်းကင်နှင့်မြေပြင်တစ်ခုလုံး ခရမ်းရောင်အရှိန်အဝါများဖြင့် ဖုံးလွှမ်းသွားတော့သည်။

လီရွှမ်း ပါးစပ်ဟကာ ထပ်မံဆဲဆိုရန် ပြင်လိုက်သော်လည်း စကားသံမှာ ချက်ချင်းပင် ရပ်တန့်သွားခဲ့ရပြီး... တောက်ပသော အဟုန်ဖြင့် ဝေးရာသို့ အလျင်အမြန် ထွက်ပြေးတိမ်းရှောင်လိုက်ရကာ မြူနှင်းကောင်းကင်ပိုက်ကွန်ကို မြှောက်၍ ခုခံလိုက်ရတော့သည်။

သို့သော်လည်း လီယန်ချူ၏ ဤဓားချက်မှာ အောက်သို့ ခုတ်ပိုင်းခြင်း မပြုခဲ့ချေ။ သူသည် အေးစက်စွာ ပြုံးလိုက်ရင်း... "အိမ်ခြေမဲ့ ခွေးအိုကြီး" ဟု ဆိုလိုက်၏။

လီရွှမ်း : "……………………"

လူ့လောကတွင် အထူးချွန်ဆုံးနှင့် စိတ်အချမ်းမြေ့ဆုံးသော ပါရမီရှင်လူငယ်နှစ်ဦးသည်... တိမ်ပင်လယ်ကြီး၏ အထက်တွင် အပြင်းအထန် တိုက်ပွဲဝင်နေကြသည်။

ဒိန်း ဒိန်း ဒိန်း

တိမ်ပင်လယ်ကြီးမှာ ကမောက်ကမ ဖြစ်နေပြီး ဟာလာဟင်းလင်း ပြင်ကျယ်ကြီးမှာလည်း အပိုင်းပိုင်း ပြတ်တောက်နေတော့သည်။

နောက်ထပ် အကွက်ပေါင်း တစ်ဆယ်ကျော် လဲလှယ်ပြီးနောက်တွင်မူ... ပုံရိပ်တစ်ခုသည် တိမ်ပင်လယ်ထဲမှ ဝုန်းခနဲ ပြုတ်ကျလာခဲ့ပြီး တစ်ကိုယ်လုံးတွင် သွေးများ ချောင်းစီးလျက် ရှိသည်။

သူ၏ ဘယ်ဘက်ပုခုံးမှစတင်ကာ ညာဘက်ခါးအထိ ဓားချက်ကြီးတစ်ခု ရှိနေပြီး အသားများ လန်ထွက်နေလျက်... တစ်ကိုယ်လုံး နှစ်ခြမ်းကွဲလုနီးပါးပင် ဖြစ်နေတော့၏။

လီရွှမ်းသည် ရှေးဟောင်းတံပိုးကို အသည်းအသန် လှုပ်ရှားစေရာ... ‘ဝူး ဝူး’ ဟူသော မြည်ဟီးသံများ ထွက်ပေါ်လာပြီး၊ ဝိညာဉ်ကို တုန်လှုပ်စေနိုင်လောက်သော ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်လှိုင်းများသည် ဘေးပတ်ပတ်လည်သို့ ပြန့်ကားသွားတော့သည်။

သို့သော်လည်း ယခုအခါ ထိုရှေးဟောင်းတံပိုးပေါ်တွင် အက်ကြောင်းများစွာ ပြည့်နှက်နေချေပြီ။ ‘ကျန့်ကျောင်းဓား’ သည် စိမ်းပြာရောင်မှ ခရမ်းရောင်သို့ ပြောင်းလဲသွားပြီးနောက် ထွက်ပေါ်လာသော ခရမ်းရောင်ဓားအရှိန်အဝါမှာ အလွန်တရာ အာဏာစက်ပြင်းထန်လှသဖြင့်... ဤရှေးဟောင်းတံပိုးသည်ပင်လျှင် ဆက်လက်တောင့်ခံနိုင်ခြင်း မရှိတော့ချေ။

"မင်းရဲ့ ခန္ဓာကိုယ်ထဲက ရဟန်းကို အမြန် ထုတ်ခေါ်လိုက်စမ်း... မင်းတစ်ယောက်တည်းနဲ့တော့ ငါ့ရဲ့ ပြိုင်ဘက် မဟုတ်ဘူး"

လီယန်ချူ၏ အသံမှာ မိုးကြိုးပဲ့တင်ထပ်သကဲ့သို့ ထွက်ပေါ်လာပြီး မျက်တောင်ခတ်အတွင်းမှာပင် နောက်ထပ် ဓားချက်တစ်ချက်ကို ထပ်မံ၍ ခုတ်ပိုင်းချလိုက်ပြန်သည်။

ဖလပ်

ဤဓားချက်သည် လီရွှမ်း၏ ခြေထောက်နှစ်ဖက်လုံးကို အရင်းမှစတင်ကာ ဖြတ်တောက်လိုက်သဖြင့်... သူ၏ ခါးအောက်ပိုင်းမှာ ဗလာကျင်းသွားပြီး သွေးအလိမ်းလိမ်း ဖြစ်သွားခဲ့ရတော့သည်။

၎င်းအပြင်... သူသည် လီရွှမ်း၏ ရင်ဘတ်ကို လက်သီးဖြင့် ပြင်းထန်စွာ ထိုးချလိုက်ပြန်သည်။

ဘုန်း

လီရွှမ်း၏ ကျောပြင်ဘက်မှ အသားများနှင့် သွေးများမှာ ပေါက်ကွဲထွက်သွားခဲ့ရပြီး... ခရုန်း ခရုန်း ဟူသော အသံများနှင့်အတူ ရှေးဟောင်းတံပိုးမှာလည်း လက်မခန့်စီ အပိုင်းပိုင်း ကြေမွပျက်စီးသွားခဲ့ရတော့သည်။

လီရွှမ်းသည် အမြဲတမ်း တည်ငြိမ်အေးဆေးစွာဖြင့် လောကရှိ လူသားအားလုံးကို မိမိ၏ လက်ဝါးထဲက ကစားစရာကဲ့သို့ သဘောထားခဲ့သူ ဖြစ်သည်။

သို့သော် ယခုအခါတွင်မူ စိတ်ထဲတွင် အလွန်တရာ ထိတ်လန့်ကြောက်ရွံ့သွားခဲ့ရပြီး... ထိုတာအိုဆရာလေးကို ကြည့်နေသော သူ၏ မျက်ဝန်းများထဲတွင်လည်း ကြောက်ရွံ့တုန်လှုပ်ခြင်း အရိပ်အယောင်များ ပြည့်နှက်နေတော့သည်။ သူ၏ ဦးခေါင်းနောက်ကွယ်ရှိ အလင်းစက်ဝိုင်းမှာလည်း ဆက်လက်ထိန်းသိမ်းထားနိုင်ခြင်း မရှိတော့ဘဲ လုံးဝ မှေးမှိန်သွားခဲ့ရပြီး... ထိုကြေမွပျက်စီးနေသော ရှေးဟောင်းတံပိုးသည်လည်း သူ၏ ဦးခေါင်းနောက်ဘက်မှတစ်ဆင့် ခန္ဓာကိုယ်ထဲသို့ ပြန်လည်ဝင်ရောက်သွားခဲ့ရ၏။

"မင်းကလည်း အဲဒီလူတွေရဲ့ ကစားကွက်ထဲက စစ်တုရင်ရုပ် တစ်ရုပ်သာသာပဲ... စစ်တုရင်ရုပ်ဆိုတာ ဘယ်လိုမှ ကြိုးကိုင်ခြယ်လှယ်မှုကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး... အကယ်လို့သာ ငါသာဆိုရင်... မင်းထက် အများကြီး ပိုပြီး ကောင်းအောင် လုပ်နိုင်မှာ... အဲဒီအချိန်ကျရင် ချုပ်နှိပ်ခြင်းခံရမယ့်သူက မင်းပဲ"

လီရွှမ်းက အသံဗလံဖြင့် အော်ဟစ်လိုက်သည်။

စစ်တုရင်ရုပ်... လီယန်ချူသည် ဤစကား၏ ဆိုလိုရင်းအစစ်အမှန်ကို ကောင်းစွာ နားမလည်သော်လည်း၊ လီရွှမ်း၏ စိတ်ထဲတွင် ရှိနေသော နက်ရှိုင်းလှသော စွဲလမ်းမှုနှင့် မကျေနပ်မှုများကိုမူ ခံစားသိရှိနိုင်ပေသည်။

သူသည် မည်သည့်အမူအရာမျှ မရှိဘဲ အေးစက်စွာဖြင့်...

"ဘာလဲ... သူတို့က မင်းကို အထင်မကြီးလို့... စစ်တုရင်ရုပ်တစ်ရုပ်အဖြစ်တောင် အသုံးမပြုချင်ကြဘူးလား "

ဟု ပြောလိုက်၏။

လီရွှမ်း : "………………"

သူသည် ဤစကားကြောင့် မိမိ၏ တာအိုလမ်းစဉ်စိတ်ဓာတ် ပင်လျှင် ကြေမွပျက်စီးလုနီးပါး ဖြစ်သွားခဲ့ရသည်။

သူသည် အသံတိုးတိုးဖြင့် ဟိန်းဟောက်လိုက်ပြီး ဦးခေါင်းထက်ရှိ ဆံပင်ရှည်ကြီးများမှာ လေထဲတွင် ဝဲပျံလာခဲ့ကာ... ကောင်းကင်ယံထက်တွင် ကြီးမားလှသော ပုံရိပ်ကြီးများ တစ်ခုပြီးတစ်ခု ပေါ်ထွက်လာပြီး ကောင်းကင်တစ်ခုလုံးကို ပြည့်နှက်သွားစေတော့သည်။

၎င်းတို့၏ မျက်နှာများကို သေချာစွာ မမြင်တွေ့နိုင်သော်လည်း... ထိုပုံရိပ်ကြီးများမှ ထွက်ပေါ်လာသော လူကို တုန်လှုပ်စေနိုင်လောက်သည့် ပြင်းထန်လှသော အရှိန်အဝါများကိုမူ ကောင်းစွာ သိရှိနိုင်ကာ၊ ၎င်းတို့အားလုံးမှာ ထက်မြက်လှသော ဓားကဲ့သို့ လီယန်ချူ၏ ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းလာခဲ့သည်။

ဤသည်မှာ... ရှေးဟောင်းတံပိုးကို အသုံးပြု၍ ထုတ်ဖော်လိုက်သော ကန့်သတ်ချက်ရှိသည့် မဟာမန္တန်အတတ် ဖြစ်ပြီး၊ လူ၏စိတ်ကို တုန်လှုပ်စေကာ ဝိညာဉ်ကို လုယူနိုင်စွမ်း ရှိပေသည်။

လီယန်ချူသည် မျက်နှာထား တည်ကြည်အာဏာရှိပြီး ခန္ဓာကိုယ်မှာ ထည်ဝါခန့်ညားလှကာ... ယခုအခါ ‘ကျန့်ကျောင်းဓား’ ကို ကိုင်ဆောင်လျက် ဟာလာဟင်းလင်း ပြင်ကျယ်ကြီးထဲတွင် မတ်တပ်ရပ်နေရင်း...

"နတ်လိုလို မိစ္ဆာလိုလို ဟန်ဆောင်နေတာပဲ"

ဟု အေးစက်စွာ ဟစ်ကြွေးလိုက်ပြီး ‘ကျန့်ကျောင်းဓား’ ကို မြှောက်ကာ အောက်သို့ ပြတ်ပြတ်သားသား ခုတ်ပိုင်းချလိုက်လေတော့သည်။

ချလွင်

အလွန်တရာ တောက်ပလွန်းလှသော ဓားအလင်းတစ်ခု ပေါ်ထွက်လာခဲ့ပြီး... လီရွှမ်း၏ ရုပ်ခန္ဓာကြီးမှာ မျက်တောင်ခတ်အတွင်း နှစ်ခြမ်းကွဲသွားခဲ့ရကာ ဇီဝိန်ချုပ်ငြိမ်းသွားခဲ့ရတော့သည်။

မဟာရှခေတ်အခါက အလွန်တရာ ဒဏ္ဍာရီဆန်ပြီး ထင်ရှားကျော်ကြားခဲ့သော ‘ကျန့်နန်နယ်စားမင်း’ သည်... ‘ရုပ်ခန္ဓာသုံးပါး ဖြတ်တောက်ခြင်းအတတ်’ ကို ကျင့်ကြံကာ မိမိကိုယ်ကို ဂူဗိမာန်ထဲတွင် နှစ်ပေါင်းများစွာ ပိတ်ဆို့အိပ်စက်စေခဲ့ပြီးမှ၊ နောက်ပိုင်းတွင် လူ့လောက၏ အဆင့်ကိုး ‘မြေပြင်နတ်ဘုရား’ အဖြစ် နိုးထလာခဲ့ကာ... လောကရှိ ကျန်ရှိသော နတ်ဘုရားနယ်မြေများနှင့် အကြွင်းအကျန်အားလုံးကို လိုက်လံနှိမ်နင်းချေမှုန်းခဲ့သူ ဖြစ်သည်။

သို့သော်လည်း... သူသည် နောက်ဆုံးတွင် လီယန်ချူ၏ ပြိုင်ဘက် မဖြစ်နိုင်ခဲ့ဘဲ ဓားတစ်ချက်တည်းဖြင့် သတ်ဖြတ်ခြင်းကို ခံလိုက်ရချေပြီ။

လီရွှမ်း သေဆုံးသွားပြီးနောက်... မြူနှင်းကောင်းကင်ပိုက်ကွန်၊ အာလုံဓားနှင့် ထိုရှေးဟောင်းတံပိုးတို့သည် ဟာလာဟင်းလင်း ပြင်ကျယ်ကြီးထဲတွင် လွင့်မျောနေရစ်ခဲ့ပြီး... ရောင်စုံနတ်အလင်းတန်းများကို ထုတ်လွှတ်လျက်၊ ကောင်းကင်ကို ခွဲကာ ထွက်ပြေးရန် ပြင်ဆင်ကြတော့သည်။

လီယန်ချူသည် ဝတ်ရုံလက်ကို ဝှေ့ယမ်းလိုက်ရာ...နတ်ဘုရားလမ်းစဉ် ၏ မိစ္ဆာနှိမ်နင်းရေး စာလုံးမန္တန်များသည် မြစ်ကြီးတစ်စင်းကဲ့သို့ ပြင်းထန်စွာ စီးဆင်းသွားပြီး ၎င်းတို့ထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားတော့သည်။

သို့သော်လည်း ဤနတ်လက်နက်နှစ်ခုနှင့် ရှေးဟောင်းတံပိုးမှာ အလွန်တရာ ထူးခြားဆန်းကြယ်လှသဖြင့် မျက်တောင်ခတ်အတွင်းမှာပင် ဟာလာဟင်းလင်း ပြင်ကျယ်ကြီးကို ခွဲလျက် ထွက်ပြေးသွားကြတော့သည်။ ထိုအချိန်တွင် ထွက်ပေါ်လာသောနတ်ဘုရားလမ်းစဉ် ၏ ပြင်းထန်လှသော အရှိန်အဝါမှာ လူ၏စိတ်ကို တုန်လှုပ်စေနိုင်လောက်ပေသည်။

လီရွှမ်းသည် ၎င်းတို့ကို သန့်စင်သွန်းလုပ်ရာတွင် စနစ်တကျ မရှိခဲ့ဘဲ ဥပါယ်တံမျဉ်းများဖြင့်သာ အတင်းအကျပ် အသုံးပြုခဲ့ခြင်း ဖြစ်သည်။

ယခုအခါ ၎င်းတို့သည် လွတ်လပ်ခွင့် ရရှိသွားကြပြီဖြစ်သဖြင့်... ထွက်ပေါ်လာသော အရှိန်အဝါမှာ ခုနက လီရွှမ်း ကြိုးကိုင်ခြယ်လှယ်နေစဉ်ကထက် အဆပေါင်းများစွာ ပိုမိုပြင်းထန် ထက်မြက်လှပေသည်။

ထိုစဉ် ကောင်းကင်ယံထက်မှ စိမ်းပြာရောင် အလင်းတန်းတစ်ခု ရုတ်တရက် ပေါ်ထွက်လာပြီး ထိုရှေးဟောင်းတံပိုးကို ကျစ်ကျစ်ပါအောင် ဖမ်းဆွဲလိုက်တော့သည်။

ဤသူကား... စိမ်းပြာရောင် ဝတ်ရုံကို ဝတ်ဆင်ထားသော လူတစ်ဦး ဖြစ်ပြီး၊ သူ၏ မျက်နှာကို သေချာစွာ မမြင်တွေ့နိုင်သော်လည်း ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော အရှိန်အဝါမှာမူ အလွန်တရာ ပြင်းထန်ထက်မြက်လှပေသည်။

သူ၏ လက်နှစ်ဖက်လုံးတွင် တောက်ပသော ရွှေရောင်အလင်းများ ထွက်ပေါ်နေပြီး၊ လက်မုဒြာများကို အဆက်မပြတ် ဖော်ဆောင်လျက် ထိုရှေးဟောင်းတံပိုးကို ဖိနှိပ်ချုပ်ချယ်ကာ ဝတ်ရုံလက်အင်္ကျီထဲသို့ ထည့်သွင်းလိုက်တော့သည်။

ထို့နောက်... သူသည် မြူနှင်းကောင်းကင်ပိုက်ကွန်နှင့် အာလုံဓားကိုပါ ဆက်လက်သိမ်းပိုက်ရန် ပြင်ဆင်လိုက်ပြန်သည်။ ဤနတ်လက်နက်နှစ်ခုမှာ အလွန်တရာ အစွမ်းထက်လှသဖြင့် မည်သူမဆို စိတ်လှုပ်ရှားသွားရမည် ဖြစ်၏။

ဘုန်း

လီယန်ချူသည် လက်သီးတစ်ချက်ကို ပြင်းထန်စွာ ထိုးချလိုက်ရာ ဟာလာဟင်းလင်း ပြင်ကျယ်ကြီးမှာ ဝုန်းခနဲ ပေါက်ကွဲသွားခဲ့ရသည်။

ထိုစိမ်းပြာရောင်ဝတ်ရုံဝတ်လူသည် လက်ကို ဝှေ့ယမ်းကာ လက်ဝါးတစ်ချက် ပြန်လည်ရင်ဆိုင်လိုက်ပြီးနောက်... အသံတိုးတိုးဖြင့် ညည်းတွားလိုက်ရကာ၊ နောက်ထပ် ဆက်လက်မတိုက်ခိုက်တော့ဘဲ ဟာလာဟင်းလင်း ပြင်ကျယ်ကြီးကို တိုက်ရိုက် ခွဲလျက် ထွက်ပြေးသွားတော့သည်။

လီယန်ချူသည် မိမိ၏ အရှိန်အဝါအားလုံးကို အထွတ်အထိပ်သို့ မြှင့်တင်လိုက်ပြီး မြူနှင်းကောင်းကင်ပိုက်ကွန်နှင့် အာလုံဓားကို အတင်းအကျပ် ဖိနှိပ်ချုပ်ချယ်လိုက်သည်။

သူသည် ၎င်းတို့ကို နတ်ဘုရားလမ်းစဉ် ၏ မိစ္ဆာနှိမ်နင်းရေး အစီရင်စာလုံးမန္တန်များဖြင့် တံဆိပ်ခတ်လိုက်ပြီးနောက် ကမ္ဘာငယ်ထဲသို့ ထည့်သွင်းလိုက်တော့သည်။

သူသည် မိမိ၏ တန်ခိုးစွမ်းအင်များ ကုန်ခမ်းသွားမည်ကိုပင် ဂရုမစိုက်ဘဲ ဤနတ်လက်နက်နှစ်ခုကို အတင်းအကျပ် ဖိနှိပ်ချုပ်ချယ်ခဲ့ခြင်းမှာ... အချိန်ကို လုယူရန်နှင့် ထိုစိမ်းပြာရောင်ဝတ်ရုံဝတ်လူကို လွတ်မြောက်မသွားစေရန်အတွက် ဖြစ်ပေသည်။

ချက်ချင်းပင်... သူသည် ချင်းထျန်းဓားသန္ဓေကိုယ် ကို ထုတ်ဖော်လိုက်ပြီး ဟာလာဟင်းလင်း ပြင်ကျယ်ကြီးကို ခုတ်ဖြဲလျက် တိုက်ရိုက် လိုက်လံသတ်ဖြတ်ရန် ပြေးဝင်သွားတော့၏။

………………

အနောက်ဘက်စွန်း ကျင့်ကြံခြင်းလောက ၊ ရွှမ်ဖုန်းလျှိုမြောင်

ဤနေရာမှာ အလွန်တရာ တိတ်ဆိတ်ဆန်းကြယ်လှသော နေရာတစ်ခု ဖြစ်ပြီး... လျှိုမြောင်၏ အလယ်ဗဟိုတွင် ‘ရွှမ်ဖုန်း’ (ဆန်းကြယ်သော လေပြင်း) များ အမြဲတမ်း တိုက်ခတ်နေလျက် ရှိရာ၊ ၎င်းလေပြင်းသည် လူ၏ဝိညာဉ်ကို ဆုတ်ဖြဲနိုင်ပြီး ရုပ်ခန္ဓာကိုလည်း ထိခိုက်ပျက်စီးစေနိုင်စွမ်း ရှိပေသည်။

သာမန်ကျင့်ကြံသူများ ဤနေရာသို့ ရောက်ရှိလာပါက ပြင်းထန်စွာ ဒဏ်ရာရရှိနိုင်သလို ဇီဝိန်ချုပ်ငြိမ်းသွားနိုင်ချေလည်း ရှိသည်။

ထို့ကြောင့်... ထူးခြားဆန်းကြယ်သော မန္တန်အတတ်များကို ကျင့်ကြံနေကြသည့် ကျင့်ကြံသူအချို့နှင့် ထိပ်သီးပညာရှင်ကြီးအချို့ ဤနေရာတွင် တံခါးပိတ်ကျင့်ကြံခြင်း ပြုလုပ်နေကြသည်မှတစ်ပါး၊ သာမန်အချိန်များတွင် မည်သူမျှ လာရောက်ခြင်း မရှိကြချေ။

ရွှမ်ဖုန်းလျှိုမြောင်အတွင်း ရွှမ်ဖုန်းလေပြင်း အပြင်းထန်ဆုံး တိုက်ခတ်သော နေရာမှာ ဧရာမ ချောက်ကမ်းပါးကြီးတစ်ခု ဖြစ်ပြီး... ထိုချောက်ကမ်းပါးထဲမှ ထွက်ပေါ်လာသော လေပြင်းများမှာ ထက်မြက်လှသော ဓားသွားများကဲ့သို့ပင် ဖြစ်နေတော့သည်။

အနောက်ဘက်စွန်းဒေသမှ ထိပ်သီးပညာရှင်ကြီးအချို့ပင်လျှင် ဤနေရာသို့ တိုက်ရိုက်မလာရဲကြဘဲ... အဝေးမှနေ၍သာ ထိုလေပြင်း၏ သဘာဝကို လေ့လာရင်း မန္တန်အတတ်များကို ဆင်ခြင်တွေးတောကြရခြင်း ဖြစ်၏။

ထိုအချိန်တွင် ထိုရွှမ်ဖုန်းလျှိုမြောင်အတွင်းသို့ စိမ်းပြာရောင်ဝတ်ရုံဝတ်လူတစ်ဦး ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။

ဤစိမ်းပြာရောင်ဝတ်ရုံဝတ်လူ၏ မျက်နှာကို သေချာစွာ မမြင်တွေ့နိုင်သော်လည်း ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော အရှိန်အဝါမှာမူ အလွန်တရာ ထူထဲသိပ်သည်းလှပေသည်။

သူ ပေါ်လာသည်နှင့်တစ်ပြိုင်နက်... ရွှမ်ဖုန်းလျှိုမြောင်အတွင်းရှိ ကျင့်ကြံသူအားလုံးမှာ စိတ်ထဲတွင် ထိတ်လန့်တုန်လှုပ်သွားကြရတော့သည်။

ဤသည်မှာ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခု ဖြစ်ပြီး... ၎င်းတို့နှင့် လုံးဝ ဥဿုံ မတူညီသော အဆင့်အတန်းတစ်ခုတွင် ရှိနေခြင်း ဖြစ်၏။

လူတိုင်း၏ မျက်ဝန်းထဲတွင် ထိတ်လန့်ကြောက်ရွံ့ခြင်း အရိပ်အယောင်များ ပြည့်နှက်သွားပြီး ထိုစိမ်းပြာရောင်ဝတ်ရုံဝတ်လူကို ငေးကြည့်နေကြတော့သည်။

သို့သော် စိမ်းပြာရောင်ဝတ်ရုံဝတ်လူကမူ အနောက်ဘက်စွန်းဒေသမှ ကျင့်ကြံသူများကို လုံးဝ ဂရုမစိုက်ဘဲ အေးဆေးစွာ ပြုံးလိုက်ရင်း...

"အဲဒီနတ်လက်နက်နှစ်ခုကို သိမ်းပိုက်လို့ မရခဲ့ပေမဲ့... ဒီရှေးဟောင်းတံပိုးကိုတော့ ငါ ရရှိခဲ့ပြီပဲ"

ဟု ဆိုလိုက်၏။

စိမ်းပြာရောင်ဝတ်ရုံဝတ်လူသည် မိမိ ဖိနှိပ်ချုပ်ချယ်ထားသော ရှေးဟောင်းတံပိုးကို လက်ဖြင့် အသာအယာ ပွတ်သပ်နေစဉ်မှာပင်... ရုတ်တရက် အလွန်ပြင်းထန်လှသော အရှိန်အဝါတစ်ခုကို အာရုံခံမိသွားသဖြင့် မျက်နှာအမူအရာ ချက်ချင်း ပြောင်းလဲသွားခဲ့ရသည်။

သူသည် ချက်ချင်းပင် မဟာမန္တန်အတတ်ကို လှုပ်ရှားစေပြီး ဟာလာဟင်းလင်း ပြင်ကျယ်ကြီးကို ခွဲလျက် ထွက်ပြေးသွားပြန်သည်။

ဤလူသည်... ကမ္ဘာပေါင်းစုံ သို့မဟုတ် ဘုံပေါင်းစုံ ကို ဖြတ်ကျော်သွားလာနိုင်သော မဟာစွမ်းအား ရှိသူ ဖြစ်ပေသည်။

နောက်တစ်စက္ကန့်တွင်... တစ်ကိုယ်လုံး ရွှေရောင်ချပ်ဝတ်တန်ဆာများကို ဝတ်ဆင်ထားပြီး၊ လက်ထဲတွင် ဓားရှည်တစ်လက်ကို ကိုင်ဆောင်ထားကာ မျက်နှာထား တည်ကြည်အာဏာရှိလှသော တာအိုဆရာလေးတစ်ဦး ပေါ်ထွက်လာခဲ့သည်။

သူ၏ ခန္ဓာကိုယ်မှာ ထည်ဝါခန့်ညားလှပြီး မျက်ဝန်းအစုံမှာလည်း အလွန်တရာ ထက်မြက်လှပေသည်။

ထို့နောက်... ထိုသူသည်လည်း ဟာလာဟင်းလင်း ပြင်ကျယ်ကြီးကို တိုက်ရိုက် ခွဲလျက် လိုက်လံသတ်ဖြတ်ရန် ထွက်ခွာသွားပြန်တော့၏။

ရွှမ်ဖုန်းလျှိုမြောင်အတွင်းရှိ ကျင့်ကြံသူပေါင်းများစွာမှာ စိတ်ထဲတွင် ထိတ်လန့်တုန်လှုပ်နေကြရဆဲ ဖြစ်သည်။

"အမေရေ... ခုနက လူနှစ်ယောက်က ဘာတွေလဲဟ"

"ငါ့အထင်တော့... အဲဒီစိမ်းပြာရောင်ဝတ်ရုံနဲ့လူက ထိုက်ရွှမ်နတ်ဂိုဏ်း ရဲ့ အကြီးအကဲတွေထက်တောင် ပိုပြီး အစွမ်းထက်ဦးမယ် "

"မှန်တယ်... ပြီးခဲ့တဲ့နှစ်က ‘ထိုက်ရွှမ်နတ်ဂိုဏ်း’ ကို သွားပြီး ဖူးမြော်တုန်းက အကြီးအကဲတွေ မန္တန်အတတ်တွေ ဟောပြောပြသတာကို မြင်ခဲ့ဖူးတယ်... အဲဒါက ဒီစိမ်းပြာရောင်ဝတ်ရုံနဲ့လူကို ဘယ်လိုမှ မမီဘူး"

"သူက... နောက်က လိုက်လာတဲ့ တာအိုဆရာလေးကို ကြောက်လို့ ထွက်ပြေးနေရတာ ထင်တယ် "

"အဲဒီတာအိုဆရာလေးက ကောင်းကင်ဘုံက ဆင်းသက်လာတဲ့ နတ်ဘုရားစစ်စစ်များလား"

"သူ့ရဲ့ ရဲရင့်ထည်ဝါတဲ့ ပုံစံကို ကြည့်ရတာ... ငါ့အမြင်အရတော့... ဧကန်မုချ အောင်ပွဲရနတ်ဘုရား တစ်ပါးပဲ ဖြစ်ရမယ်"

"တိုးတိုးနေကြစမ်း"

"နတ်ဘုရားတွေအကြောင်းကို လျှောက်ပြီး မပြောကြနဲ့... အကယ်လို့ သူတို့ဘက်က အာရုံခံမိသွားရင်... ကိုယ့်ကိုယ်ကိုယ် သေဘေးခေါ်သလို ဖြစ်သွားလိမ့်မယ် "

လူတိုင်း ချက်ချင်း တိတ်ဆိတ်သွားကြတော့သည်။

ထိုအချိန်မှစတင်ကာ... ရွှမ်ဖုန်းလျှိုမြောင်အတွင်းတွင် ဒဏ္ဍာရီတစ်ခု စတင်ပြန့်နှံ့သွားခဲ့လေတော့သည်။

နတ်ဘုရားတစ်ပါးသည် လူ့လောကသို့ ဆင်းသက်ကာ မိစ္ဆာများကို လိုက်လံနှိမ်နင်းရင်း ဤနေရာအထိ ရောက်ရှိလာခဲ့သည်ဟူ၍...

လူ့လောကတွင် နတ်ဘုရားတန်ခိုး ပြသခြင်းပင် ဖြစ်၏။

………

စိမ်းပြာရောင်ဝတ်ရုံဝတ်လူသည် ဟင်းလင်း ပြင်ကျယ်ကြီးကို ခွဲလျက် နောက်ထပ် ကမ္ဘာတစ်ခုသို့ ရောက်ရှိလာခဲ့ပြီး လူစည်ကားလှသော မြို့ပြတစ်ခုအတွင်း ပေါ်ထွက်လာခဲ့သည်။

ထိုမြို့ပြအတွင်း၌ ကြီးကျယ်ခမ်းနားလှသော ဖျော်ဖြေပွဲတစ်ခု ရှိနေပြီး... အဝတ်အစား ခပ်ပါးပါး ဝတ်ဆင်ထားကာ မျက်နှာတွင် ပိုးပဝါပါးများ ခြုံထားသော မိန်းမပျိုလေးများသည် ခါးလေးများကို ညွတ်ပျောင်းကာ အလွန်တရာ ဆွဲဆောင်မှုရှိသော အကအလှများဖြင့် ကပြနေကြသည်။

စိမ်းပြာရောင်ဝတ်ရုံဝတ်လူ ရုတ်တရက် ပေါ်လာသဖြင့် လူတိုင်း အံ့အားသင့်ကာ အော်ဟစ်လိုက်ကြပြီး... ထိုမိန်းမပျိုလေးများသည်လည်း မိမိတို့၏ ရင်ဘတ်များကို လက်ဖြင့် အုပ်ကာ နောက်သို့ ဆုတ်ပြေးသွားကြတော့သည်။

စိမ်းပြာရောင်ဝတ်ရုံဝတ်လူသည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး ဟင်းလင်း ပြင်ကျယ်ကြီးကို အလျင်အမြန် ခွဲလျက် ထပ်မံထွက်ခွာသွားပြန်သည်။

သူသည် ထိုပြင်းထန်လှသော အရှိန်အဝါမှာ မျက်တောင်ခတ်အတွင်း ရောက်ရှိလာတော့မည်ဖြစ်ကြောင်း အာရုံခံမိသောကြောင့် ဖြစ်၏။

"ဒီတာအိုဆရာလေးကလည်း ကမ္ဘာပေါင်းစုံကို ဖြတ်ကျော်နိုင်တဲ့ မဟာစွမ်းအား ရှိနေတာပဲ"

သူ့စိတ်ထဲတွင် ထိတ်လန့်သွားရသည်။

လီယန်ချူသည် ‘ချင်းထျန်းဓားသန္ဓေကိုယ်’ ကို အသုံးပြုလျက် ထိုလူကို လိုက်လံသတ်ဖြတ်နေခြင်း ဖြစ်ပြီး... ထိုစိမ်းပြာရောင်ဝတ်ရုံဝတ်လူ၏ ပုံရိပ် ထပ်မံပျောက်ကွယ်သွားသည်ကို မြင်လျှင် မျက်တောင်ခတ်အတွင်းမှာပင် ဟာလာဟင်းလင်း ပြင်ကျယ်ကြီးကို ခွဲကာ ထပ်မံ၍ လိုက်လံဖမ်းဆီးပြန်သည်။

လူတိုင်း အံ့အားသင့်ကုန်ကြ၏။

လီယန်ချူနှင့် စိမ်းပြာရောင်ဝတ်ရုံဝတ်လူတို့သည် မျက်တောင်ခတ်အတွင်းမှာပင် မတူညီသော ကမ္ဘာပေါင်း တစ်ဆယ်ကျော်ကို ဆက်တိုက် ဖြတ်ကျော်ခဲ့ကြသည်။

တစ်ခါတစ်ရံတွင် နှင်းတောင်မဟာ၏ အထွတ်အထိပ်တွင် ပေါ်လာတတ်ပြီး... တစ်ခါတစ်ရံတွင်မူ အဏ္ဏဝါပင်လယ်ကြီး၏ အနက်ရှိုင်းဆုံးနေရာတွင် ပေါ်လာတတ်သည်။

ဤ ယင်းကျိုး (ဒဏ္ဍာရီလာ နတ်ကျွန်း) မှ လာသော စိမ်းပြာရောင်ဝတ်ရုံဝတ် နတ်ဘုရားသည် လူ့လောကတွင် စုံစမ်းသိရှိခဲ့ရသည်များအရ... ဤတာအိုဆရာလေးမှာ အလွန်တရာ ရက်စက်ကြမ်းကြုတ်သော ထိပ်သီးလူသတ်သမားကြီးတစ်ဦး ဖြစ်ပေသည်။

ကောင်းကင်လူသားများကို သတ်ဖြတ်ရာတွင် ဝက်နှင့်ခွေးများကို သတ်ရသကဲ့သို့ပင် သဘောထားပြီး လက်ရဲဇက်ရဲ ရှိလှသည်။

လီရွှမ်းသည် ကြီးမားလှသော ကံဇာတာများကို ပိုင်ဆိုင်ထားပြီး ရှေးဟောင်းတံပိုးနှင့် နတ်လက်နက်နှစ်ခုကို ကိုင်ဆောင်ထားသော်လည်း... သူ့လက်ထဲတွင် လွယ်လင့်တကူပင် အသတ်ခံလိုက်ရရုံသာမက ဘာမှပင် ပြန်လည်မခုခံနိုင်ခဲ့ချေ။

စိမ်းပြာရောင်ဝတ်ရုံဝတ်လူသည် သူ့ကို ရင်ဆိုင်မတိုက်ခိုက်ချင်သဖြင့် ကမ္ဘာပေါင်းစုံကိုသာ အဆက်မပြတ် ဖြတ်ကျော်ပြေးလွှားနေရခြင်း ဖြစ်သည်။

သူသည် ဟင်းလင်း ပြင်ကျယ်ကြီးကို ခွဲလျက် ယခုအကြိမ်တွင် သာမန်လူသားတို့၏ မင်းစိုးရာဇာနိုင်ငံ တစ်ခုသို့ ရောက်ရှိလာခဲ့သည်။ ဤနေရာတွင် စာပေနှင့် ပညာရေး ကို အလွန်အမင်း အလေးအမြတ်ပြုကြပြီး၊ စာပေတတ်မြောက်သူများ ရာထူးဂုဏ်ရှိန် ရှာဖွေခြင်းကို အမြင့်မြတ်ဆုံးအဖြစ် သတ်မှတ်ကြသည်။

ဤနေရာရှိ စာပေပညာရှင်များ၏ အမှန်တရားစကား တွင်လည်း မိစ္ဆာများကို နှိမ်နင်းနိုင်သော မဟာစွမ်းအားများ ရှိကြပေသည်။

မဟာစာဆိုကြီးများ၏ ဟစ်ကြွေးသံတစ်ချက်ဖြင့်ပင် မိစ္ဆာများကို သတ်ဖြတ်နိုင်ကြ၏။

စိမ်းပြာရောင်ဝတ်ရုံဝတ်လူသည် ချက်ချင်းပင် မဟာမန္တန်အတတ်ကို ထုတ်ဖော်ကာ မိမိကိုယ်ကို စာပေပညာရှင် လူငယ်လေးတစ်ဦးအသွင် ပြောင်းလဲလိုက်ရာ... အလွန်တရာ ယဉ်ကျေးသိမ်မွေ့ပြီး သန့်ရှင်းစင်ကြယ်လှကာ၊ လမ်းမပေါ်တွင် လျှောက်လှမ်းနေရင်း သာမန်စာသင်သားများနှင့် မည်သို့မျှ မခြားနားတော့ချေ။

ထိုအချိန်တွင် လီယန်ချူသည် ဟင်းလင်း ပြင်ကျယ်ကြီးကို ခွဲကာ ရောက်ရှိလာခဲ့သော်လည်း ဟင်းလင်းပြင် ၏ အရှိန်အဝါများကို အာရုံမခံမိတော့ချေ။

သူသည် ချက်ချင်းပင် လက်နှစ်ဖက်ဖြင့် မိမိ၏ နဖူးပြင်ကို အသာအယာ ပွတ်သပ်လိုက်ရာ... နတ်မျက်စိ ပေါ်ထွက်လာပြီး တောက်ပသော နတ်အလင်းတန်းများ ထွက်ပေါ်လာခဲ့သည်။

မကြာမီမှာပင်... သူသည် ထိုစိမ်းပြာရောင်ဝတ်ရုံဝတ်လူ၏ ပုံရိပ်အစစ်အမှန်ကို အကဲခတ်သိရှိသွားတော့သည်။

စိမ်းပြာရောင်ဝတ်ရုံဝတ်လူ စိတ်ထဲတွင် ထိတ်လန့်သွားပြီး ဟင်းလင်း ပြင်ကျယ်ကြီးကို အလျင်အမြန် ခွဲလျက် ထပ်မံထွက်ပြေးပြန်ရာ... နောက်ထပ် တစ်စက္ကန့်မျှပင် မနေရဲတော့ချေ။

"ဒီလောက်အထိ ကြောက်ဖို့ကောင်းတဲ့သူဖြစ်နေပြီးတော့မှ... ဒီလိုမျိုး နတ်မျက်စိကိုပါ ပိုင်ဆိုင်ထားသေးတယ်... တကယ့်ကို ဝဋ်ကြွေးပဲ "

စိမ်းပြာရောင်ဝတ်ရုံဝတ်လူ စိတ်ထဲတွင် ညည်းတွားမိတော့သည်။

ဤနေရာရှိ စာပေပညာရှင်အားလုံးမှာ အလွန်တရာ တုန်လှုပ်သွားကြရပြီး... လီယန်ချူသည်လည်း ‘ချင်းထျန်းဓားသန္ဓေကိုယ်’ ကို မြှောက်ကာ ဟင်းလင်း ပြင်ကျယ်ကြီးကို ခွဲလျက် လိုက်လံသတ်ဖြတ်ရန် ထွက်ခွာသွားပြန်တော့သည်။

ထိုဧရာမ မြို့ကြီး၏ အတွင်းရှိ စာသင်ကျောင်းတစ်ခုမှ ဆရာကြီးတစ်ဦးသည် မိမိ၏ လက်ထဲက စာပေပေတံကို ချထားလိုက်ပြီးနောက် ရုတ်တရက် ဦးခေါင်းကို မော့ကြည့်လိုက်မိသည်။

"ကမ္ဘာပြင်ပက ဧည့်သည်တွေလား"

သူ၏ မျက်မှောင်များ တင်းတင်းကြပ်ကြပ် တွန့်ချိုးသွားခဲ့ရ၏။

ထိုလူနှစ်ဦး၏ အရှိန်အဝါများ လုံးဝပျောက်ကွယ်သွားပြီးသည့်နောက်တွင်မူ... သူသည် ဦးခေါင်းကို ရမ်းလိုက်ရင်း နောက်ထပ် ဆက်လက်၍ စုံစမ်းခြင်းမပြုတော့ချေ။

All Chapters