အခန်း (၂၄၅၇-၂၄၅၈)
Vol. 246 Ch. 2457-2458
အခန်း (၂၄၅၇) - တာဝန်ကျေပွန်စွာ ပြီးမြောက်အောင် လုပ်ဆောင်ပါ့မယ်
ဖန့်ချန် သည် သစွာစကား စည်းဝေးခန်းမ သို့ နောက်တစ်ကြိမ် ပြန်လည် ရောက်ရှိလာသည်။ ဤတစ်ကြိမ်တွင်မူ စုံစမ်းစစ်ဆေးရေးအရာရှိ တစ်ဦးသာ ရှိနေသည်။ ယခင်အတိုင်းပင် ထိုသူ၏ မျက်နှာကို မမြင်ရအောင် ဖုံးကွယ်ထားသည်။
ဆွေ့ဟုန်ကျူ က လက်ယှက်၍ -
"အကြီးအကဲ၊ လူသားမျိုးနွယ်စု ကျောင်းခွဲမှ တရားစီရင်ရေး အကြီးအကဲ ဖန့်ချန် က အမှုသည် ကျိလင် ကို ဖမ်းဆီးပြီး ဖြစ်တဲ့အတွက် အကြီးအကဲ စစ်ဆေးပေးပါရှင့်။"
ထိုစုံစမ်းစစ်ဆေးရေးအရာရှိက လက်ကို အသာအယာ ဝှေ့ယမ်းလိုက်ရာ ကျိလင် သည် မမြင်ရသော စွမ်းအားတစ်ခု၏ ဆွဲငင်မှုဖြင့် သူတို့၏ ရှေ့သို့ ရောက်ရှိလာသည်။ ချက်ချင်းဆိုသလိုပင် ထိုတောက်ပလွန်းသော မျက်လုံးလုံးကြီးသည် ထပ်မံ ပေါ်ပေါက်လာသည်။ ၎င်းသည် ကျိလင် ၏ ခန္ဓာကိုယ်ကို အကြိမ်အနည်းငယ် စူးစိုက်ကြည့်ရှုပြီးနောက် တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။
"အမှုသည် ကျိလင် အစစ်ပါပဲ။"
စုံစမ်းစစ်ဆေးရေးအရာရှိ၏ အသံသည် ဖြည်းညင်းစွာ ထွက်ပေါ်လာပြီး ထိုအသံထဲတွင် အံ့အားသင့်မှု အနည်းငယ် ပါဝင်နေသည်။
"နှစ်အနည်းငယ်အတွင်းမှာတင် သူ့ကို ဖမ်းမိလာနိုင်တာပဲ။ ဖန့်ချန်၊ မင်းက ငါတို့ စုံစမ်းစစ်ဆေးရေးဌာနရဲ့ သမိုင်းတစ်လျှောက် စစ်ဆေးမှု မှတ်တမ်းတွေကို ချိုးဖျက်လိုက်တာနဲ့ တူတယ်။ ဒီကိစ္စမှာ နောက်ကွယ်ကနေ တစ်စုံတစ်ယောက်က ကူညီပေးထားတာ ရှိ၊ မရှိ ငါတို့ အသေးစိတ် စစ်ဆေးရလိမ့်မယ်။ အကယ်၍ ရလဒ်က အလိမ်အညာ ဖြစ်နေရင်တော့ မင်းအနေနဲ့ စုံစမ်းစစ်ဆေးရေးဌာနရဲ့ ပြစ်ဒဏ်ကို ခံယူရလိမ့်မယ်။"
ဖန့်ချန် သည် အနည်းငယ် ကြောင်သွားပြီးနောက် လက်ယှက်၍ ပြောလိုက်သည်။
"ဟုတ်ကဲ့။"
ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ပြောလိုက်သည်။
"အကြီးအကဲ၊ ကျိလင် ဒီတစ်ခေါက် ယင်သူတော်စင် ဖြစ်လာတာက တကယ်ကို သံသယ ဖြစ်စရာ ကောင်းနေပါတယ်ခင်ဗျာ။"
"အင်း၊ စုံစမ်းစစ်ဆေးရေးဌာနကလည်း သူ ဘာကြောင့် ယင်သူတော်စင် ဖြစ်လာရသလဲဆိုတဲ့ အကြောင်းရင်းကို တစ်ပါတည်း စစ်ဆေးသွားပါ့မယ်။"
စုံစမ်းစစ်ဆေးရေးအရာရှိက ခေါင်းကို အသာအယာ ညိတ်လိုက်ပြီး ဆွေ့ဟုန်ကျူ ကို ညွှန်ကြားသည်။
"တရားစီရင်ရေး အကြီးအကဲ အားလုံးကို ခေါ်လိုက်ပါ။ ကျောင်းတော်မှာ မရှိတဲ့သူတွေကိုလည်း သတင်းပို့ပြီး အချိန်စတင်ရေတွက်ပြီဆိုတာ အသိပေးလိုက်ပါ။"
"ဟုတ်ကဲ့။"
ဆွေ့ဟုန်ကျူ သည် ချက်ချင်းပင် လှည့်ထွက်သွားသည်။
"ဖန့်ချန်၊ သူ ဒီတစ်ခေါက် ယင်သူတော်စင် ဖြစ်လာတာနဲ့ ပတ်သက်ပြီး မင်း ဘယ်လို မြင်သလဲ "
ဆွေ့ဟုန်ကျူ ထွက်သွားပြီးနောက် စုံစမ်းစစ်ဆေးရေးအရာရှိ၏ အကြည့်များမှာ ဖန့်ချန် ဆီသို့ ပြန်ရောက်လာပြီး အေးဆေးစွာ မေးသည်။
"စုံစမ်းစစ်ဆေးရေးအရာရှိကြီး၊ ကျိလင် ဒီတစ်ခေါက် ယင်သူတော်စင် ဖြစ်လာတာက ဟော်ဆွေ့ချင် မျိုးနွယ်စုနဲ့ ပတ်သက်နေမယ်လို့ ကျွန်တော် ထင်ပါတယ်။"
ဖန့်ချန် သည် ရိုကျိုးခြင်းမရှိ၊ မောက်မာခြင်းမရှိဘဲ တည်ငြိမ်စွာ ပြန်ဖြေသည်။
"အော်၊ မင်းမှာ သက်သေအထောက်အထား ရှိသလား"
ထိုသူက ပြုံးလျက် မေးသည်။
"သက်သေ မရှိပါဘူး။"
ဖန့်ချန် က -
"ဒါက ကျွန်တော့်ရဲ့ အမြင်သက်သက်ပါ။ အတည်ပြုရလဒ်ကိုတော့ စုံစမ်းစစ်ဆေးရေးဌာနရဲ့ ရလဒ်အပေါ်မှာပဲ မူတည်ပြီး ပြောရမှာပါ။"
"ကောင်းပြီ၊ အမှန်တကယ်တော့ ရလဒ်ဆိုတာ စုံစမ်းစစ်ဆေးရေးဌာနရဲ့ ဆုံးဖြတ်ချက်အတိုင်းပဲ ဖြစ်ရမှာပါ။ ဒါပေမဲ့ ငါတို့ စုံစမ်းစစ်ဆေးရေးဌာနကလည်း မင်းရဲ့ အကြံပြုချက်အတိုင်း တစ်ချက် စစ်ဆေးကြည့်ပါ့မယ်။"
စုံစမ်းစစ်ဆေးရေးအရာရှိက တည်ငြိမ်စွာ ပြောသည်။ ထို့နောက် စည်းဝေးခန်းမထဲတွင် တိတ်ဆိတ်သွားသည်။ ကျိလင် သည်လည်း ခေါင်းငိုက်စိုက်ကျလျက် ဘေးတွင် ငြိမ်သက်စွာ ရပ်နေရသည်။
အချိန်မည်မျှ ကုန်လွန်သွားသည် မသိ၊ ဆွေ့ဟုန်ကျူ ရောက်ရှိလာသည်နှင့်အတူ မျိုးနွယ်စုအသီးသီးမှ တရားစီရင်ရေး အကြီးအကဲများလည်း တစ်ဦးပြီးတစ်ဦး ဝင်ရောက်လာကြသည်။ သူတို့၏ မျက်နှာအမူအရာများမှာ အလွန်ပင် မကောင်းမွန်ကြဘဲ တစ်စုံတစ်ခုကို ကြိုတင်ရိပ်မိနေကြပုံရသည်။ ဖန့်ချန် ကို ထိုနေရာတွင် တွေ့လိုက်ရသည့်အခါ သူတို့၏ မျက်ဝန်းများထဲတွင် အံ့အားသင့်မှု၊ မယုံကြည်နိုင်မှုနှင့် ရှုပ်ထွေးမှုများ ပြည့်နှက်သွားကြသည်။
ထိုက်ဟောင်ရှန် သည် အကြီးအကဲအုပ်စုနှင့်အတူ ရပ်နေရင်း ဖန့်ချန် ကို ကြည့်ကာ အလွန်ပင် အံ့အားသင့်နေသည်။ ကျိလင် ကို တစ်ချက် ကြည့်လိုက်ပြီးနောက် သူ၏ မျက်နှာအမူအရာများ ပြောင်းလဲသွားပြီးမှ တည်ငြိမ်သွားသည်။
တရားစီရင်ရေး အကြီးအကဲများ အားလုံး ရောက်ရှိလာပြီးနောက် စုံစမ်းစစ်ဆေးရေးအရာရှိက ဖြည်းညင်းစွာ ပြောသည်။
"ဒုတိယအကြိမ် စစ်ဆေးမှုမှာ ဖန့်ချန် အောင်မြင်သွားပါပြီ။ လူသားမျိုးနွယ်စုမှ ယင်သူတော်စင် ကျိလင် ကို ဖမ်းဆီးလာနိုင်ခဲ့ပြီ။"
"ဘာလို့ ဒီလောက် မြန်ရတာလဲ "
"ဒီထဲမှာ တခြား အတွင်းရေးတွေ ရှိနေသေးလား "
စည်းဝေးခန်းမထဲတွင် ဆွေးနွေးသံများ ဆူညံသွားသည်။ သာမန်အချိန်ဆိုလျှင် သူတို့ မည်သည့်စကားမှ မပြောရဲကြပေ။ သို့သော် ယနေ့တွင်တော့ သူတို့ မအောင့်ထားနိုင်တော့ပေ။
"အတွင်းရေး ရှိ၊ မရှိကို ငါတို့ စုံစမ်းစစ်ဆေးရေးဌာနက အသေးစိတ် စစ်ဆေးသွားပါ့မယ်။"
စုံစမ်းစစ်ဆေးရေးအရာရှိက တည်ငြိမ်စွာ ပြောသည်။
"အကယ်၍ သူ့ရဲ့ ရလဒ်က အလိမ်အညာဆိုရင် သူကိုယ်တိုင်ပဲ ပြစ်ဒဏ်ခံရလိမ့်မယ်။ အဲဒါ မဖြစ်ခင်အထိ သူ့ရဲ့ ရလဒ်က သက်ဝင်နေတယ်။ နောက်ပြီးတော့ သူဟာ သမိုင်းတစ်လျှောက် တရားစီရင်ရေး အကြီးအကဲတွေရဲ့ စံချိန်ကို ချိုးဖျက်နိုင်ခဲ့တယ်။ ငါတို့ ရွှေဟွေးကျောင်းတော်ရဲ့ စံချိန်ကို ချိုးလိုက်တာပဲ။ ဒါဟာ ငါတို့အတွက် ဂုဏ်ယူစရာ ကောင်းတဲ့ အချက်တစ်ခုပါ။"
"..."
စံချိန်ချိုးလိုက်ပြီလား ထိုက်ဟောင်ရှန် ၏ မျက်နှာမှာ ပို၍ပင် မကောင်းမွန်တော့ပေ။ သူသည် ဖန့်ချန် သည် နှစ်အနည်းငယ်အတွင်းမှာပင် ယင်သူတော်စင် ကို မည်သို့ ဖမ်းဆီးနိုင်ခဲ့သလဲဆိုတာကို နားမလည်နိုင်ပေ။ သူတို့မှာမူ နှစ်အနည်းငယ်ကြာသည့်တိုင် အမှု၏ ဦးတည်ရာကိုပင် ရှာမတွေ့သေးပေ။
"ဒီနေ့ကစပြီး မင်းတို့အားလုံး နောက်ဆယ်နှစ်အတွင်းမှာ အမှုကို မဖြေရှင်းနိုင်ရင် ကျရှုံးတယ်လို့ သတ်မှတ်မယ်။ အချိန်မဖြုန်းကြနဲ့တော့၊ ပြန်ကြပြီး အမှုတွေကို အပြီးသတ်ကြပါ။"
စုံစမ်းစစ်ဆေးရေးအရာရှိက ဆက်ပြောသည်။
"ရလဒ် ထွက်လာရင် တတိယအကြိမ် စစ်ဆေးမှုကို ငါ ပြောပြမယ်။"
"ကျွန်တော်တို့ ပြန်ကြပါ့မယ်..."
တရားစီရင်ရေး အကြီးအကဲများမှာ စိတ်ပျက်လက်ပျက်ဖြင့် လက်ယှက်နှုတ်ဆက်ကာ စည်းဝေးခန်းမထဲမှ ထွက်ခွာသွားကြသည်။ အချို့သူများသာ အနည်းငယ် တည်ငြိမ်နေပြီး ဖန့်ချန် ကို အကဲခတ်နေကြသည်။ ခဏအကြာတွင် လူတိုင်း ဆွေ့ဟုန်ကျူ ၏ အတွင်းကမ္ဘာနယ်မြေထဲသို့ ဝင်ရောက်ကာ ကျောင်းတော်သို့ ဦးတည်ကြသည်။
ရုတ်တရက် တရားစီရင်ရေး အကြီးအကဲ တစ်ဦးက ဖန့်ချန် ကို အနီးကပ် ချဉ်းကပ်လာသည်။
"လူသားမျိုးနွယ်စုက ဖန့်ချန် မဟုတ်လား"
"ဟုတ်ပါတယ်။"
ဖန့်ချန် က ခေါင်းကို အသာအယာ ညိတ်သည်။
"မင်းရဲ့ ရလဒ်က အလိမ်အညာတွေ မဟုတ်ဘူးလား နှစ်အနည်းငယ်အတွင်းမှာပဲ ယင်သူတော်စင် ကို ဖမ်းမိတယ် ဘာအစွမ်းနဲ့လဲ"
ထိုသူက လှောင်ပြုံးဖြင့် မေးသည်။
"ဟုတ်တယ်လေ၊ ဘာအစွမ်းနဲ့လဲ "
"အလိမ်အညာ မဟုတ်ရင် ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ "
"စောင့်ကြည့်ကြတာပေါ့၊ စုံစမ်းစစ်ဆေးရေးဌာနက အဖြေထုတ်လာရင် သူ အလိမ်အညာဆိုတာ သိလာလိမ့်မယ်။"
"ဒါပေမဲ့ ငါတို့အတွက်တော့ အချိန်စတင်ရေတွက်နေပြီ၊ ဒါက ပြောင်းလဲမှာ မဟုတ်ဘူး၊ တကယ်ကို ကျိန်စာသင့်တာပဲ "
"ကျွန်တော့်ရဲ့ ကံကောင်းခြင်းကြောင့်ပါ။"
ဖန့်ချန် က ပြုံးသည်။
"ကံကောင်းတာကလည်း အပြစ်လား ကျွန်တော် အပြင်ထွက်လည်ရင်းနဲ့တင် အဲဒီ ယင်သူတော်စင် ကို တွေ့သွားတာလေ။"
"..."
ထိုစကားကြောင့် ထိုသူ၏ စကားများကို ပိတ်ဆို့သွားစေသည်။ အခြားသူများလည်း တစ်ယောက်ကို တစ်ယောက် ကြည့်ကာ ရှုပ်ထွေးနေကြသည်။ ကံကောင်းခြင်းလား ဖြစ်နိုင်ကောင်းပါရဲ့။ သူတို့ကိုယ်တိုင်လည်း တစ်ခါတစ်ရံတွင် ကံကောင်းတတ်ကြသည် မဟုတ်ပါလား။
"အဓိပ္ပာယ်မရှိတဲ့ စကားတွေ။"
ထိုက်ဟောင်ရှန် က ရုတ်တရက် လှောင်ပြုံးဖြင့် -
"မင်းရဲ့ ကံကောင်းခြင်းနဲ့တင် ကျယ်ပြောလှတဲ့ ချင်းမင် တစ်ခုလုံးမှာ ကျိလင် ကို ရှာတွေ့နိုင်မယ်လို့ ထင်နေတာလား ဒါက ကိုယ့်ကိုယ်ကိုယ် လှည့်စားနေတာပဲ။"
"ထိုက်ဟောင်ရှန် မင်းရဲ့ အမှုက ခက်ခဲနေသလားအကူအညီ လိုရင် ငါ့ကို ပြောပါ၊ ငါ ကူညီကြည့်ပေးလို့ရတယ်။"
ဖန့်ချန် က ပြုံးသည်။
"ငါ့ရဲ့ ကံကောင်းခြင်းကို မင်းကို နည်းနည်းလောက် ငှားပေးလိုက်မယ်လေ။"
"တကယ်လား "
ထိုက်ဟောင်ရှန် ငေးငိုင်သွားပြီး စိတ်ဝင်စားသွားသည်။
"လိမ်ပြောတာပါ။"
ဖန့်ချန် က ရယ်မောသည်။
"ငါလည်း မိုက်တဲ့သူ မဟုတ်ပါဘူး၊ မင်းတို့အားလုံးက ငါ့ရဲ့ ပြိုင်ဘက်တွေပဲလေ။ အားလုံး ကျရှုံးသွားရင် ပိုတောင် ကောင်းသေးတယ်။"
"..."
ထိုက်ဟောင်ရှန်၏ မျက်နှာမှာ မှောင်မိုက်သွားပြီး စိတ်ပျက်အားငယ်သွားသည်။
ဆွေ့ဟုန်ကျူ သည် ထိုမြင်ကွင်းကို ကြည့်နေရင်း -
"မင်းတို့ မနာလို မဖြစ်ကြပါနဲ့တော့။ ပြန်ကြပြီး အမှုတွေကို သေချာ စီစဉ်ပါ။ ဆယ်နှစ်အတွင်းမှာ တာဝန်ကို ပြီးမြောက်အောင် လုပ်နိုင်ပါတယ်။ တခြားကိစ္စတွေကိုပဲ စိတ်ရောက်နေရင်တော့ နောက်ထပ် နှစ်ရာချီ အချိန်ပေးရင်တောင် မင်းတို့ အမှူကို မပြီးမြောက်နိုင်ဘူး။"
"......."
တရားစီရင်ရေး အကြီးအကဲများ အားလုံး နားလည်သွားကြပြီး ဆွေ့ဟုန်ကျူ ကို ကျေးဇူးတင်သော အကြည့်များဖြင့် ကြည့်လိုက်ကြသည်။ ဖန့်ချန် က စိတ်ထဲတွင် သက်ပြင်းချလိုက်သည်။ သူ အချိန်အတော်ကြာအောင် ကစားနေခဲ့တာကို ဆွေ့ဟုန်ကျူ က ဝင်ဖျက်လိုက်ခြင်းပင်။ ဆွေ့ဟုန်ကျူ က ဖန့်ချန် ကို လှောင်ပြုံးဖြင့် ကြည့်လိုက်ရာ ဖန့်ချန် လည်း ပြုံးလိုက်မိသည်။
မကြာခင်မှာပင် ဖန့်ချန် သည် ဆွေ့ဟုန်ကျူ ၏ အတွင်းကမ္ဘာနယ်မြေမှ ဆင်းသက်ကာ ကရုဏာတောင်သို့ ပြန်ရောက်သွားသည်။ ကျန်းတောက်ယွဲ့ တို့မှာ စောင့်ဆိုင်းနေကြပြီး ဖန့်ချန် ကို မြင်လျှင် မျှော်လင့်ချက်ဖြင့် ကြည့်ကြသည်။
"အားလုံးပဲ၊ ကျိလင် ကို စုံစမ်းစစ်ဆေးရေးဌာနကို အပ်လိုက်ပါပြီ။ ကျွန်တော့်ရဲ့ စစ်ဆေးမှု အောင်မြင်သွားပါပြီ။"
ဖန့်ချန် က ပြုံးကာ လက်ယှက်သည်။
"ကောင်းပြီ "
လီမော့ က ပေါင်ကို ရိုက်၍ -
"မင်း အောင်မြင်တာတင် မဟုတ်ဘဲ ဒီနှစ်တွေအတွင်း ယင်သူတော်စင် နှစ်ပါးအထိ ဖမ်းနိုင်ခဲ့တဲ့အတွက် ငါ ဂုဏ်ယူတယ်။"
ဝမ်ချုံစန်း တို့လည်း ဝမ်းသာအားရ ဖြစ်နေကြသည်။
ကျန်းတောက်ယွဲ့ က -
"မင်း အနားယူလိုက်ပါဦး၊ နောက်ထပ် နှစ်အနည်းငယ်ဆိုရင် တတိယအကြိမ် စစ်ဆေးမှုကို ရင်ဆိုင်ရလိမ့်မယ်။ ငါတို့ညီအစ်ကိုတွေ အားလုံး မင်း အောင်မြင်ဖို့ မျှော်လင့်နေတာမို့ ငါတို့ကို စိတ်မပျက်စေနဲ့နော်။"
"အစ်ကိုကြီး၊ တာဝန်ကျေပွန် ပြီးမြောက်အောင် လုပ်ဆောင်ပါ့မယ် "
ဖန့်ချန် က ခေါင်းညိတ်သည်။