← Chapters

အခန်း (၂၉၅၁-၂၉၅၂)

Vol. 236 Ch. 2951-2952

အခန်း (၂၉၅၁-၂၉၅၂)

Vol. 236 Ch. 2951-2952

အခန်း(၂၉၅၁)

“အဆောင်မှူးယွမ်.. မင်းမှာ ကိုယ်ပိုင်ရွေးချယ်ခွင့်ရှိပါတယ် ငါမိုယွမ်အနေနဲ့ တားဆီးမှာမဟုတ်ဘူး.. ဒါပေမဲ့ ဒီနေ့တော့ ဧကရာဇ်ကို ခေါ်လာပြီး မူလအသက်ဓာတ် လာရောက်ယူတာကို မင်း ဝင်ရောက် မစွက်ဖက်ဖို့ မျှော်လင့်ပါတယ်”

မိုယွမ်က သူ့ရှေ့မှ အဘိုးအိုကို ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။

ယွမ်ဟုန်ရှန်းသည် ထျန်းယွမ်ခန်းမ၏ ဝါရင့် ဟန်ယွင်အဆင့်အင်မော်တယ်တစ်ဦး ဖြစ်သည်။

ထျန်းယွမ်ခန်းမသို့ မိုယွမ် စတင်ဝင်ရောက်စဥ်တွင် ယွမ်ဟုန်ရှန်းသည် ထျန်းယွမ်ခန်းမ၏ ဟန်ယွင်အဆင့် အင်မော်တယ်တစ်ပါး ဖြစ်နေခဲ့ချေပြီ။

ထျန်းယွမ်ခန်းမတွင် ယွမ်ဟုန်ရှန်း၏ အဆင့်အတန်းသည် ခန်းမသခင် ပြီးလျှင် အမြင့်ဆုံး ဖြစ်ပြီး လူတစ်ယောက်၏အောက် လူတစ်သောင်း၏ အထက်တွင် ရှိသည်ဟု ဆိုနိုင်၏။

ထျန်းယွမ်ခန်းမသို့ ရောက်ခါစတွင် မိုယွမ်သည် ယွမ်ဟုန်ရှန်း ထံမှ အကူအညီတချို့ကို ရရှိခဲ့ဖူးသည်။

ထို့ကြောင့် ဖြစ်နိုင်လျှင် မိုယွမ်သည် ယွမ်ဟုန်ရှန်းနှင့် မတိုက်ခိုက်ချင်ခဲ့ပေ။

မိုယွမ်၏ စကားကိုကြားလျှင် ယွမ်ဟုန်ရှန်းက ရုတ်တရက် မျက်နှာအမူအရာ သုန်မှုန်သွားခဲ့သည်။

“မိုယွမ်.. ကောင်းကင်ဧကရာဇ်နန်းတော်က တစ်ချိန်က ဘယ်လောက်တောင် အစွမ်းထက်ခဲ့လဲ ဆိုတာ မင်းအသိပဲ.. ဒါပေမဲ့ တစ်ညတည်းနဲ့ ဘာမှမကျန်ရှိတဲ့အထိ ဖျက်ဆီးခြင်းခံခဲ့ရတယ်.. ငါတို့ ထျန်းယွမ်ခန်းမမှာ ရန်သူကို ရင်ဆိုင်ဖို့အတွက် ဘာအခွင့်အရေးမှ ရှိမနေဘူး.. မင်းဘာလို့ ဒီလောက်အထိ ဇွတ်အတင်းခေါင်းမာနေရတာလဲ”

မိုယွမ်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။

“အဆောင်မှုးယွမ်.. မစမ်းကြည့်ဘဲနဲ့ အခွင့်အရေးမရှိဘူးလို့ ဘယ်လိုလုပ်ပြီး သိနိုင်မှာလဲ”

“ငါ အဘိုးကြီး မင်းနဲ့အပိုစကားတွေ မပြောချင်တော့ဘူး”

ယွမ်ဟုန်ရှန်းက ခေါင်းခါရမ်းကာ ပြောလိုက်သည်။

“မင်း ဇွတ်အတင်းအကျပ် လုပ်နေမယ် ဆိုရင်တော့ မင်းရဲ့ နောက်ဆုံးကျန်ရှိနေတဲ့ ခန္ဓာကိုယ်ကို ငါ ပြာအဖြစ် ပြောင်းလဲပစ်မယ်”

မိုယွမ်က တည်ငြိမ်စွာပင် တုံ့ပြန်ပြောဆိုလိုက်သည်။

“အဆောင်မှုးယွမ်.. ငါထျန်းယွမ်ခန်းမကို စတင် ဝင်ရောက်ခဲ့စဥ်က မင်း ငါ့ကို ပြောခဲ့ဖူးတာ မှတ်မိသေးလား.. ထျန်းယွမ်ခန်းမကို တစ်ကြိမ် ဝင်လိုက်တာနဲ့ အသက်ရှင်နေရင်လည်း ထျန်းယွမ်ခန်းမရဲ့လူ ဖြစ်ပြီး သေသွားရင်လည်း ထျန်းယွမ်ခန်းမရဲ့ သရဲဘဲ ဖြစ်ရမယ် ဆိုတာလေ.. အခု ငါက လုပ်သင့်လုပ်ထိုက်တာကို လုပ်နေရုံပါပဲ”

ထိုစကားကိုကြားလျှင် ယွမ်ဟုန်ရှန်း၏ မျက်နှာထက်တွင် ဒေါသ အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

“မိုယွမ်.. မင်း အပိုတွေ ပြောမနေနဲ့တော့.. မင်း ဧကရာဇ်ရဲ့မူလ အသက်ဓာတ်ကို လုံးဝ ယူသွားလို့ မရစေရဘူး”

ယခုအခါ သူတို့က ကောင်းကင်ဧကရာဇ် နန်းတော်ကို သစ္စာဖောက်လိုက်သည် ဖြစ်ရာ ဧကရာဇ်၏ မူလအသက်ဓာတ်ကို မည်ကဲ့သို့ ရယူခွင့်ပေးနိုင်ပါမည်နည်း။

ဧကရာဇ်ဆက်ခံသူသာ ဧကရာဇ်၏ မူလအသက်ဓာတ်ကို ရရှိသွားလျှင် ဆက်ခံသူ၏ စွမ်းရည်သည် သေချာပေါက် အဆမတန် တိုးတက်လာလိမ့်မည် ဖြစ်ပြီး ထိုသို့ဖြစ်လာလျှင် သူတို့ကို အလွယ်တကူ အလွှတ်မပေးမည်ကို စိုးရိမ်နေခဲ့ကြသည်။

“စီနီယာ.. သူတို့နဲ့ ဘာလို့ အပိုစကား‌တွေ ပြောနေသေးတာလဲ.. တစ်ခါတည်း ရှင်းပစ်လိုက်ကြရအောင်”

ယွမ်ဟုန်ရှန်း၏ နံဘေးမှ လူလတ်ပိုင်းအရွယ် ကျင့်ကြံသူ၏ မျက်ဝန်းထဲတွင် အေးစက်သော အလင်းတန်းတစ်ခု ယှက်သန်းသွားခဲ့သည်။

ထိုလူလတ်ပိုင်းအရွယ် ကျင့်ကြံသူ၏ အမည်မှာ ဝမ်ယွမ်ယင်း ဖြစ်ပြီး သူသည်လည်း ထျန်းယွမ်ခန်းမ၏ အဆောင်မှူး တစ်ဦး ဖြစ်ကာ ယွမ်ဟုန်ရှန်း ကဲ့သို့ပင် အဆင့်အတန်း မြင့်မားသူ ဖြစ်သည်။

ဝမ်ယွမ်ယင်းသည် ကောက်ကျစ်စဥ်းလဲပြီး ဥာဏ်နီဥာဏ်နက်များသူ တစ်ဦးဆိုလည်း မမှားပေ။

ရှင်းလင်းစွာဆိုရလျှင် ကောင်းကင်ဧကရာဇ် နန်းတော်ကို ထျန်းယွမ်ခန်းမ တစ်ခုလုံးက သစ္စာဖောက်ရခြင်း၏ နောက်ကွယ်မှ လှုံ့ဆော်သူမှာ ဝမ်ယွမ်ယင်းပင် ဖြစ်သည်။

ကောင်းကင်ဧကရာဇ်၏ မူလအသက်ဓာတ်နဲ့ ပတ်သက်၍ ဝမ်ယွမ်ယင်းသည် ရှေးယခင်ကတည်းကပင် လောဘတက်ကာ မက်မောခဲ့သည်။

သူ့အနေဖြင့် မူလအသက်ဓာတ် ရယူနိုင်မည့် နည်းလမ်းကို ရှာမတွေ့သေးသော်လည်း ဧကရာဇ်၏ မူလအသက်ဓာတ်ကို သူ့အပိုင်ပစ္စည်း အဖြစ်သာ စိတ်ထဲက သတ်မှတ်ထားပြီးသား ဖြစ်ရာ မိုယွမ်က ဧကရာဇ်၏ မူလအသက်ဓာတ်အား လာရောက် ယူဆောင်သွားမည်ကို သူမည်ကဲ့သို့ ခွင့်ပြုနိုင်ပါမည်နည်း။

“ဧကရာဇ်.. အမြန်သွားပြီး ကောင်းကင်ဧကရာဇ်ရဲ့ မူလအသက်ဓာတ်ကို ရယူပါ.. ဒီနှစ်ယောက်ကိုတော့ ကျွန်တော် ထိန်းထားလိုက်မယ်”

မိုယွမ်က ယွမ်ဟုန်ရှန်း ဆီသို့ စူးစိုက်ကြည့်လိုက်ပြီးနောက်တွင် ကျန်းချန်ကို ပြောလိုက်သည်။

ထျန်းယွမ်ခန်းမ၏ အဆောင်မှူး နှစ်ဦး၏ ခွန်အားသည် အလွန်အမင်း အားကောင်း၏။

အကယ်၍ တစ်ယောက်ချင်းစီသာ တိုက်ခိုက်ရမည် ဆိုလျှင် သူ မည်သူ့ကိုမှ မကြောက်ရွံ့သော်လည်း နှစ်ယောက်လုံးကို တစ်ပြိုင်တည်း ရင်ဆိုင်ရန် ဆိုလျှင်မူ အချိန်အကြာကြီး ဆွဲထားနိုင်ရန် မလွယ်ကူပေ။

“စီနီယာမိုယွမ်.. ဒီလောက်အထိ ဒုက္ခခံဖို့မလိုပါဘူး.. ကျွန်တော်တို့ အတူတူ တိုက်ခိုက်ကြတာပေါ့”

ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်ပြီးနောက်တွင် သူ၏ အကြည့်သည် ယွမ်ဟုန်ရှန်းတို့ ဆီသို့ ကျရောက်သွားခဲ့သည်။

“ထျန်းယွမ်ခန်းမက ကောင်းကင်ဧကရာဇ်နန်းတော်ရဲ့ ခန်းမသုံးဆယ့်ခြောက်ခုထဲက တစ်ခုပဲ.. မင်းတို့တွေ ဒီဧကရာဇ်အမိန့်ကို မလိုက်နာချင်ရင် သွားသေလိုက်တော့”

သူ၏ အမြင်အရ သူ့ရှေ့မှ လူနှစ်ယောက်၏ ခွန်အားသည် မိုယွမ်နှင့် သိပ်မကွာပေ။

မိုယွမ်သည် ထျန်းယွမ်ခန်းမ၏ နန်းတော်သခင် ပြီးလျှင် အစွမ်းအထက်ဆုံး ကျင့်ကြံသူ ဖြစ်ခဲ့ဖူးသော်လည်း ထိုနှစ်ယောက်ကို တစ်ပြိုင်တည်း ရင်ဆိုင်ရလျှင် သေချာပေါက် ရှုံးနိမ့်ပေလိမ့်မည်။

သူက ဧကရာဇ်၏ မူလအသက်ဓာတ်ကို ရရှိရန် မိုယွမ်ကို ဒုက္ခခံ၍ အချိန်ဆွဲထားခိုင်းရန် မလိုလားခဲ့ပေ။

ဝမ်ယွမ်ယင်းက အထင်အမြင်သေးစွာဖြင့် နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။

“ဟမ့်.. မင်းလို မလောက်လေးမလောက်စားက ဘာကောင်မို့လို့ လာအမိန့်ပေးချင်နေရတာလဲ”

“ဒီဧကရာဇ်ရဲ့ အမိန့်ကို မနာခံဘူး ဆိုမှတော့ သွားသေလိုက်တော့”

ကျန်းချန်က အေးစက်စက် ကြုံးဝါးလိုက်ပြီးနောက်တွင် သူ၏ ခန္ဓာကိုယ်မှ အင်မော်တယ်စွမ်းအားများကို လှုံ့ဆော်ကာ ဝမ်ယွမ်ယင်းကို သတ်ဖြတ်ရန် ပြေးဝင်သွားခဲ့သည်။

“သေချင်နေတာပဲ”

ဝမ်ယွမ်ယင်း၏ မျက်ဝန်းထဲတွင် အေးစက်သော အလင်းတန်းများ ယှက်သန်းသွားခဲ့ပြီး ချက်ချင်းပင် လက်တစ်ဖက်ကို မြှောက်၍ ဝှေ့ယမ်းလိုက်ရာ အနက်ရောင်စွမ်းအင်များ ထွက်ပေါ်လာခဲ့ပြီး တစ်ခဏအတွင်း ဧရာမ လင်းယုန်ငှက်ကြီး တစ်ကောင်အဖြစ် ပြောင်းလဲသွားခဲ့ကာ ကျန်းချန်ကို တိုက်ခိုက်ရန် ဦးတည်လာခဲ့သည်။

“ကျိုလီစစ်နတ်ဘုရားခန္ဓာကိုယ်”

ထိုခဏဝယ် ကျန်းချန်၏ ခန္ဓာကိုယ် တစ်ခုလုံးသည် ရွှေရောင်အလင်းတန်းများဖြင့် ဖုံးလွှမ်းသွားခဲ့ပြီး ရွှေရောင်မွန်းစတားတစ်ကောင် အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

တစ်ချိန်တည်းမှာပင် ကျန်းချန်က လက်ထဲမှာ ဓားကျိုးဖြင့် သူ့ထံသို့ အရူးအမူး ပြေးဝင်လာသော ဧရာမ လင်းယုန်ငှက်နှင့် ထိပ်တိုက် ရင်ဆိုင်လိုက်သည်။

“ဝုန်း..”

တုန်လှုပ်ချောက်ချားဖွယ် စွမ်းအင်ပေါက်ကွဲသံကြီးသည် ပတ်ဝန်းကျင် တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားခဲ့ပြီး ဝမ်ယွမ်ယင်းသည် ခြေလှမ်းပေါင်း ရာချီ နောက်သို့ ဆုတ်သွားရပြီးမှသာ ခန္ဓာကိုယ်ဟန်ချက်ကို တည်ငြိမ်အောင် ပြန်လည် ထိန်းချုပ်နိုင်ခဲ့သည်။

သူက ခန္ဓာကိုယ်ထဲမှ မတည်မငြိမ် ဖြစ်နေသော စွမ်းအားများကို အတင်းအကျပ် ဖိနှိပ်လိုက်ရ၏။

ကျန်းချန်ကို ကြည့်နေသော သူ၏အကြည့်တွင် ထိတ်လန့်တုန်လှုပ်သော အမူအရာများ ဖုံးဖိမရစွာ ဖြစ်ပေါ်နေခဲ့သည်။

ထိုကောင်လေးသည် ဧကရာဇ်၏ အမွေခံတပည့် တစ်ဦးဟု မပြောရပေ။

အမှန်တကယ်ပင် ထူးခြားသော ပါရမီရှိသည့် မွန်းစတားတစ်ကောင် ဖြစ်နေခဲ့၏။

ထိုကောင်လေးသည် တလော့အင်မော်တယ် အစောပိုင်းအဆင့်သာ ရှိသော်လည်း ထိုက်ယီအင်မော်တယ် အဆင့်ထက် မနိမ့်ကျသည့် တိုက်ခိုက်ရေးစွမ်းရည်ကို ပိုင်ဆိုင်ထားခဲ့သည်။

ထိုအချိန်က သူတို့ ကောင်းကင်ဧကရာဇ် နန်းတော်တွင် ယင်းကဲ့သို့ ပါရမီမျိုးကို ပိုင်ဆိုင်ထားသူမှာ လက်ချိုးရေတွက်၍ ရသော ပမာဏမျှသာ ရှိခဲ့၏။

အခြားတစ်ဖက်တွင်မူ မိုယွမ်နှင့် ယွမ်ဟုန်ရှန်း တို့သည် မျက်နှာချင်းဆိုင် ရှိနေခဲ့ကြပြီး တိုက်ခိုက်ရန် စိတ်မလောခဲ့ကြပေ။

မိုယွမ်က ကျန်းချန်တစ်ယောက် ဝမ်ယွမ်ယင်း၏ ပြိုင်ဘက် မဟုတ်မည်ကို စိုးရိမ်နေသဖြင့် ယွမ်ဟုန်ရှန်းနှင့် မတိုက်ခိုက်ဘဲ ကျန်းချန်ကို အချိန်မရွေး ကူညီရန် အသင့်ပြင်ထားခဲ့သည်။

ယွမ်ဟုန်ရှန်းသည်လည်း တစ်ချိန်က မိုယွမ်သည် ထျန်းယွမ်ခန်းမ၏ နန်းတော်သခင် ပြီးလျှင် အစွမ်းအထက်ဆုံး ကျင့်ကြံသူ ဖြစ်မှန်း သိထားခဲ့၍ အလွယ်တကူ မတိုက်ခိုက်ရဲဘဲ ရှိနေခဲ့သည်။

သူတို့နှစ်ဦးက မျက်နှာချင်းဆိုင်ရပ်နေခဲ့ကြပြီး ကျန်းချန်နှင့် ဝမ်ယွမ်ယင်းတို့၏ တိုက်ပွဲကို ငြိမ်သက်စွာ စောင့်ကြည့်နေခဲ့ကြသည်။

ကျန်းချန်နှင့် ဟွမ်ယွမ်ယင်းတို့ ပြင်းထန်စွာ ထိပ်တိုက် ဆုံတွေ့ပြီးနောက်တွင် ကျန်းချန်က အပြတ်အသတ် အသာစီးရနေသည်ကို မြင်လိုက်ရလျှင် သူတို့နှစ်ဦးစလုံး၏ မျက်ဝန်းထဲ၌ အံ့ဩတုန်လှုပ်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

“ဧကရာဇ်က တကယ့်ကို သာမန် မဟုတ်ဘူးပဲ”

မိုယွမ်က စိတ်ထဲတွင် မချီးကျူးဘဲ မနေနိုင်တော့ပေ။

ကျန်းချန်အနေဖြင့် ကောင်းကင်ဧကရာဇ်၏ ဧကရာဇ်အဆင့်နည်းစနစ် ဖြစ်သည့် ကောင်းကင်ဧကရာဇ် စည်းတံဆိပ်နည်းစနစ်ကို တတ်မြောက်ထားခြင်းကြောင့် ပါရမီအရာတွင် အလွန်တရာ ထူးချွန်မည်ကို သိထားသော်လည်း ဤမျှလောက်သော ခွန်အားကို ပိုင်ဆိုင်ထားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

ကောင်းကင်ဧကရာဇ် နန်းတော်တွင် တလော့အင်မော်တယ်အဆင့်ဖြင့် ထိုက်ယီအင်မော်တယ် အဆင့်ကို သတ်ဖြတ်နိုင်သော ပါရမီရှင်များစွာ ရှိခဲ့ဖူသည်။

သို့သော်လည်း ထိုပါရမီရှင် အများစုသည် တလော့အင်မော်တယ် အထွတ်အထိပ်အဆင့် သို့မဟုတ် ခြေလှမ်းတစ်ဝက် ထိုက်ယီအင်မော်တယ် အဆင့်သို့ ရောက်ရှိမှသာ ထိုသို့လုပ်ဆောင်နိုင်ခြင်းဖြစ်၏။

သို့ရာတွင် ကျန်းချန် ကဲ့သို့ တလော့အင်မော်တယ် အစောပိုင်းအဆင့်ဖြင့် ထိုက်ယီအင်မော်တယ် အဆင့်ကို အလွယ်တကူ ဖိနှိပ်ထားနိုင်သူမျိုးမှာ အလွန်တရာပင် ရှားပါး၏။

“အင်မော်တယ်ဘုရင်အဆင့် ဓားနည်းစနစ်.. အင်မော်တယ်ဖျက်ဆီးခြင်း ဓားသိုင်း”

“အင်မော်တယ်ဘုရင်အဆင့် ဓားနည်းစနစ်.. အပြာရောင်ဧကရာဇ်ဓားသိုင်း”

မိုယွမ်နှင့်ယွမ်ဟုန်ရှန်းတို့၏ ထိတ်လန့် တုန်လှုပ်နေသော အကြည့်များအောက်တွင် ကျန်းချန်သည် ဝမ်ယွမ်ယင်းကို အသက်ရှူခွင့်ပင် လုံးဝမပေးဘဲ ကျိုလီစစ်နတ်ဘုရားခန္ဓာကိုယ်ကို အသုံးပြုကာ ကြောက်မက်ဖွယ် အင်မော်တယ်နည်းစနစ် အမျိုးမျိုးကို တစ်မျိုးပြီး တစ်မျိုး ထုတ်သုံး၍ ဆက်တိုက်ဆိုသလို တိုက်ခိုက်နေခဲ့သည်။

“ဝုန်း..ဝုန်း..ဝုန်း..”

ဟင်းလင်းပြင်က ဆက်တိုက်ဆိုသလို ပြိုကွဲပျက်စီးသွားခဲ့ပြီး နေရာလွတ်များပင် အက်ကွဲကုန်ခဲ့သည်။

ကျန်းချန်၏ ပြင်းထန်သော တိုက်ခိုက်မှုအောက်တွင် ဝမ်ယွမ်ယင်းသည် ပြန်လည် တိုက်ခိုက်နိုင်ရန် အခွင့်အရေး လုံးဝမရှိဘဲ ခုခံရုံသာ တတ်နိုင်ခဲ့၏။

“ဝုန်း..”

ထပ်မံ၍ ထိပ်တိုက် ဆုံတွေ့မှုအပြီးတွင် ဝမ်ယွမ်ယင်း၏ ပုံရိပ်သည် ဟင်းလင်းပြင်ထဲတွင် မီတာသုံးထောင်ခန့် အကွာအဝေးအထိ လွင့်စင်သွားခဲ့သည်။

သူက ခန္ဓာကိုယ်ထဲမှ မတည်မငြိမ် ဖြစ်နေသော စွမ်းအားများကို အတင်းအကျပ် ထိန်းချုပ်ရင်း ကျန်းချန်ကို မဲ့ပြုံးပြုံးကာ ကြည့်၍ ပြောလိုက်သည်။

“ကောင်လေး.. မင်းရဲ့တိုက်ခိုက်ရေးစွမ်းရည်က ငါ ထင်ထားတာထက်တောင် ပိုအစွမ်းထက်တာပဲ.. ဒါပေမဲ့ ငါ့ကို သတ်ချင်တယ် ဆိုရင်တော့ မင်းမှာ အဲဒီလို အရည်အချင်းမျိုး မရှိသေးမှာ ငါစိုးရိမ်မိတယ်”

အခန်း(၂၉၅၁)ပြီး၏။

အခန်း(၂၉၅၂)

ဝမ်ယွမ်ယင်း စကားပြောလိုက်သည်နှင့် တစ်ပြိုင်နက် အောက်ဘက်ရှိ နန်းတော် အသီးသီးကနေ တလော့အင်မော်တယ်အဆင့်ထက် မနိမ့်ကျသည့် ရှေးဦးအင်မော်တယ် တစ်ဒါဇင်ကျော်သည် ကောင်းကင်ယံသို့ ခုန်တက်လာခဲ့ကြသည်။

“ကောင်လေး.. မင်းရဲ့ တိုက်ခိုက်ရေးစွမ်းရည်က အရမ်းကို ထူးခြားဆန်းကြယ်တယ် ဆိုရင်တောင် ငါနဲ့ တလော့အင်မော်တယ် တစ်ဒါဇင်ကျော်ရဲ့ ပိတ်ဆို့တိုက်ခိုက်မှုကို မင်းဘယ်လိုခုခံမလဲ ဆိုတာ ငါကြည့်ချင်သေးတယ် “

ဝမ်ယွမ်ယင်းက မဲ့ပြုံးပြုံးကာ ပြောလိုက်သည်။

သူတစ်ယောက်တည်း ဆိုလျှင် ထိုကောင်လေး၏ ပြိုင်ဘက်မဟုတ်နိုင်သော်လည်း အကယ်၍ သူသာ ထျန်းယွမ်ခန်းမမှ တလော့အင်မော်တယ် အဆင့်ထက် မနိမ့်ကျသည့် ရှေးဦးအင်မော်တယ် တစ်ဒါဇင်ကျော်နှင့် ပူးပေါင်းလိုက်မည် ဆိုလျှင် ထိုကောင်လေးကို သတ်ဖြတ်နိုင်မည်မှာ သေချာသလောက်ပင်။

ဤမြင်ကွင်းကိုမြင်လျှင် မိုယွမ် အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။

ဝမ်ယွမ်ယင်းသည် အမြဲတစေ ကောက်ကျစ်စဥ်းလဲသူ ဖြစ်ပြီး ဥာဏ်နီဥာဏ်နက်လည်း အလွန်များကာ ရည်မှန်းချက်အောင်မြင်ရန် အတွက် မည်သည့်အရာကိုမဆို လုပ်ဆောင်မည့်သူမျိုး ဖြစ်သည်။

ယခုအခါ ဝမ်ယွမ်ယင်းသည် ကျန်းချန်ကို ကိုင်တွယ်ရန်အတွက် တလော့အင်မော်တယ် အဆင့်ထက် မနိမ့်ကျသည့် ရှေးဦးအင်‌မော်တယ် တစ်ဒါဇင်ကျော်နှင့် ပူးပေါင်းရန် ပြင်ဆင်နေခဲ့ချေပြီ။

“ဒီဧကရာဇ် အစောကတည်းက ပြောပြီးသားပဲ.. ထျန်းယွမ်ခန်းမမှာ ဒီဧကရာဇ်ရဲ့အမိန့်ကို မနာခံတဲ့သူ မှန်သမျှ သေရလိမ့်မယ်”

ကျန်းချန်က ရှေးဦးအင်မော်တယ် တစ်ဒါဇင်ကျော်ကို မထီမဲ့မြင် အကြည့်ဖြင့် လှမ်းကြည့်ကာ ပြောလိုက်သည်။

“မင်းတို့လိုကောင်တွေက ငါမင်းတို့ကို သတ်မှာကို တားဆီးနိုင်မယ်လို့များ ထင်နေတာလား”

စကားဆုံးသည်နှင့် ကျန်းချန်က လက်တစ်ဖက်ကို မြှောက်၍ ဝှေ့ယမ်းလိုက်ရာ ပုံရိပ်တစ်ခုသည် ရှေးဦးအင်မော်တယ် တစ်ဒါဇင်ကျော် ဆီသို့ ပြေးဝင်သွားခဲ့သည်။

ထိုပုံရိပ်မှာ အခြားသူ မဟုတ်ဘဲ အင်‌မော်တယ်ဘုရင်ရုပ်အလောင်းပင် ဖြစ်၏။

ကျန်းချန်က တလော့အင်မော်တယ် အဆင့်သို့ ထိုးဖောက်ဝင်ရောက်ခဲ့ပြီးနောက်တွင် အင်မော်တယ်ဘုရင် ရုပ်အလောင်းသည် ထိုက်ယီအင်မော်တယ် အဆင့်ထက် မနိမ့်ကျသည့် တိုက်ခိုက်ရေးစွမ်းရည်ကို ပိုင်ဆိုင်လာခဲ့သည်။

အင်မော်တယ်ဘုရင် ရုပ်အလောင်းက ဟင်းလင်းပြင်ကို ဖြတ်ကျော်ကာ ရှေးဦးအင်မော်တယ်တစ်ပါးကို လက်သီးဖြင့် ထိုးချလိုက်သည်။

“ဝုန်း..”

ဤလက်သီးချက်က ရိုးရှင်းပြီး မည်သည့် ထူးခြားဆန်းကြယ်မှုမှ ပါဝင်ခြင်း မရှိဟု ထင်ရသော်လည်း လက်သီးချက်သည် ရှေးဦးအင်မော်တယ်၏ ခန္ဓာကိုယ်ကို ထိုးဖောက်သွားခဲ့ပြီး မှုန့်မှုန့်ညက်ညက် ကြေမွသွားစေခဲ့သည်။

ဤမြင်ကွင်းကြောင့် ကောင်းကင်နှင့်မြေပြင် တစ်ခုလုံးသည် ချက်ချင်းဆိုသလိုပင် တစပြင်နှယ် တိတ်ဆိတ်သွားခဲ့သည်။

လူတိုင်းသည် သူတို့ရှေ့မှ မြင်ကွင်းကြောင့် အံ့ဩထိတ်လန့်နေကြပြီး မှင်တက်ရာကနေ ပြန်လည် သတိဝင်လာရန် ရုန်းကန်နေကြရသည်။

အထူးသဖြင့် ဝမ်ယွမ်ယင်းသည် ဤအခိုက်အတန့်တွင် အလွန်အမင်း ထိတ်လန့် တုန်လှုပ်နေခဲ့သည်။

ကျန်းချန်ထံတွင် တလော့အင်မော်တယ်ကိုပင် တစ်ချက်တည်းဖြင့် သတ်ဖြတ်နိုင်သည့် ရုပ်‌သေးရုပ် ရှိနေလိမ့်မည်ဟု သူလုံးဝ ထင်မထားခဲ့ပေ။

ထိုရုပ်သေးရုပ်၏ တိုက်ခိုက်ရေးစွမ်းရည်သည် ထိုက်ယီအင်မော်တယ် အဆင့်ထက် မနိမ့်ကျချေ။

“ဝုန်း..”

“ဝုန်း..”

“ဝုန်း..”

လူတိုင်း အံ့ဩထိတ်လန့်နေကြစဥ်မှာပင် အင်မော်တယ်ဘုရင် ရုပ်အလောင်းသည် ကျန်းချန်၏ အမိန့်အောက်တွင် အနည်းငယ်မျှပင် တုံ့ဆိုင်းခြင်းမရှိဘဲ တောအုပ်ထဲ ဝင်လာသည့် ကျားတစ်ကောင် ကဲ့သို့ ရှေးဦးအင်မော်တယ် တစ်ဒါဇင်ကျော် ဆီသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားခဲ့သည်။

အင်မော်တယ်ဘုရင် ရုပ်အလောင်းကောင် လက်သီးတစ်ချက် ထိုးလိုက်တိုင်းတွင် ရှေးဦးအင်မော်တယ် တစ်ဦးသည် ဘာမှမကျန်ရှိသည် အထိ စေ့စေ့ညက်ညက် ကြေမွကာ ချေမှုန်းခံလိုက်ရသည်။

အသက်ရှူကြိမ် အနည်းငယ် အတွင်းမှာပင် ရှေးဦးအင်မော်တယ် ထက်ဝက်ခန့်သည် အင်မော်တယ်ဘုရင် ရုပ်အလောင်း၏ တိုက်ခိုက်မှုကြောင့် သေဆုံးသွားခဲ့ရ၏။

သူ့ရှေ့မှ မြင်ကွင်းကိုကြည့်ကာ မိုယွမ်က သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။

“အားလုံးပဲ.. ဧကရာဇ်ဆိုတာက မင်းတို့တွေ တားဆီးနိုင်တဲ့အရာမဟုတ်ဘူး.. ဧကရာဇ်ရဲ့ လက်ထဲမှာ ချေမှုန်းမခံချင်ရင် ဧကရာဇ်ဆီ အမြန်ဆုံး အညံ့ခံကြပါ”

ဤလူများသည် သူတို့ ထျန်းယွမ်ခန်းမ၏ အဓိက အမာခံပုဂ္ဂိုလ်များဟု ဆိုနိုင်ပြီး ထိုထဲမှ အများစုမှ မိုယွမ်နှင့်ပတ်သက်မှု တချို့ ရှိဖူးကြသဖြင့် မိုယွမ်သည် ထိုသူများကို မကျဆုံးစေချင်ခဲ့ပေ။

“ဧကရာဇ်.. ကျွန်တော် အညံ့ခံဖို့ ဆန္ဒရှိပါတယ်.. ကျွန်တော့်ရဲ့အပြစ်ကို ခွင့်လွှတ်ပေးပါ”

ရှေးဦးအင်မော်တယ် တစ်ဦးက သူ့ထံသို့ ပြေးဝင်လာသော အင်မော်တယ်ဘုရင် ရုပ်အလောင်းကို မြင်လျှင် လိပ်ပြာလွင့်မတတ် ထိတ်လန့်သွားခဲ့ပြီး ချက်ချင်းဆိုသလို ကြောက်ရွံ့တုန်လှုပ်သော အမူအရာဖြင့် ကျန်းချန်ကို အော်ဟစ် အသနားခံလိုက်သည်။

ထိုစကားကိုကြားလျှင် ကျန်းချန်က ထိုရှေးဦးအင်မော်တယ်ဆီသို့ ဦးတည်နေသော အင်မော်တယ်ဘုရင်ရုပ်အလောင်းကို တိုက်ရိုက်ပင် တားဆီးလိုက်သည်။

ကျန်ရှိနေသော ရှေးဦးအင်မော်တယ် အနည်းငယ်သည်လည်း ခုခံမှုကို စွန့်လွှတ်ကာ ကျန်းချန်ထံ အသနားခံလိုက်ကြတော့သည်။

သူ့ရှေ့မှ မြင်ကွင်းကိုမြင်လျှင် ဝမ်ယွမ်ယင်းနှင့် ယွမ်ဟုန်ရှန်းတို့၏ မျက်နှာ အမူအရာက အလွန်အမင်း သုန်မှုန်သွားခဲ့သည်။

မိုယွမ် ခေါ်ဆောင်လာသည့် ဧကရာဇ် ဆက်ခံသူသည် တလော့အင်မော်တယ် အဆင့်ဖြင့်ပင် ထိုက်ယီအင်မော်တယ် အဆင့်ကို ဖိနှိပ်နိုင်သည့် ကြောက်မက်ဖွယ်စွမ်းအားကို ပိုင်ဆိုင်ထားရုံတင်မကဘဲ တိုက်ခိုက်ရေးစွမ်းရည်တွင် ထိုက်ယီအင်မော်တယ် အဆင့်ထက် မနိမ့်ကျသည့် ရုပ်သေးရုပ် တစ်ရုပ်ကိုပါ ပိုင်ဆိုင်ထားလိမ့်မည်ဟု သူတို့ လုံးဝ ထင်မထားခဲ့ကြပေ။

ယနေ့တွင် တလော့အင်မော်တယ် အဆင့်ရှိ ရှေးဦးအင်မော်တယ် တစ်ဒါဇင်ကျော်သည် လက်ဖျောက် တစ်ချက်တီးစာ အချိန်အတွင်း ထက်ဝက်ခန့် သေဆုံးသွားခဲ့ကြပြီး ကျန်တစ်ဝက်သည်လည်း အညံ့ခံရန် ရွေးချယ်သွားခဲ့ကြသည်။

ထို့အပြင် ကျန်းချန်ဘက်တွင် ထျန်းယွမ်ခန်းမ၏ နန်းတော်သခင်ပြီးလျှင် အစွမ်းထက်ဆုံး ကျင့်ကြံသူ ဖြစ်သော မိုယွမ်လည်း ရှိနေသဖြင့် သူတို့နှစ်ဦးတွင် ခုခံနိုင်စွမ်း များစွာမရှိတော့ပေ။

“အဆောင်မှူးယွမ်.. အခု ဧကရာဇ်ဆက်ခံသူ ပေါ်ထွက်လာခဲ့ပြီ ဒါက ငါတို့ ကောင်းကင်ဧကရာဇ် နန်းတော် အတွက် အခွင့်အလမ်းပဲ.. ဧကရာဇ်အသစ်ထံ အညံ့ခံလိုက်ပါ”

မိုယွမ်က သူ့ရှေ့မှ ယွမ်ဟုန်ရှန်းကို ကြည့်ကာ ထပ်မံ၍ ဖျောင်းဖျလိုက်သည်။

“ဒီအခြေအနေ ရောက်မှတော့ ငါ့မှာ ရွေးချယ်စရာ မရှိတော့ပါဘူး”

ယွမ်ဟုန်ရှန်းက ခါးသီးစွာ ပြုံးလိုက်ပြီးနောက်တွင် ကျန်းချန်ကို ချက်ချင်းပင် ဦးညွှတ် ဂါဝရပြုကာ ပြောလိုက်သည်။

“ထျန်းယွမ်ခန်းမရဲ့ အဆောင်မှူး ယွမ်ဟုန်ရှန်းက ဧကရာဇ်ကို တရိုတသေ ဂါဝရပြုပါတယ်.. ဧကရာဇ်အနေနဲ့ ကျွန်တော့်ရဲ့အပြစ်ကို ခွင့်လွှတ်ပေးဖို့ အသနားခံပါတယ်”

ဝမ်ယွမ်ယင်း၏ မျက်ဝန်းများက အနည်းငယ် ပြောင်းလဲသွားခဲ့ပြီး သူ၏ စိတ်နှလုံးသားထဲမှ မကျေနပ်မှုများကို ဖိနှိပ်ကာ ကျန်းချန်ကို ဂါဝရပြု၍ ပြောလိုက်သည်။

“ကျွန်တော် ဝမ်ယွမ်ယင်းကလည်း ဧကရာဇ်ကို တရိုတသေ ဂါဝရပြုပါတယ်”

ကျန်းချန်က ဝမ်ယွမ်ယင်းကို တစ်ချက်မျှ လှမ်းကြည့်လိုက်ပြီးနောက်တွင် ခံစားချက် ကင်းမဲ့သော လေသံဖြင့် ပြောလိုက်သည်။

“တခြားသူတွေ င့ါကို အညံ့ခံလို့ ရပေမဲ့ မင်းတစ်ယောက်တော့မရဘူး.. ဘာလို့လည်းဆိုတော့ ငါက မင်းကို အလွှတ်ပေးဖို့ ရည်ရွယ်ချက် မရှိလို့ပဲ”

ထိုစကားကိုကြားလျှင် ဝမ်ယွမ်ယင်း၏ မျက်နှာအမူအရာက ရုတ်တရက် ပြောင်းလဲသွားခဲ့ပြီး ကျန်းချန်ကို စူးစိုက်ကြည့်ကာ ဒေါသတကြီး မေးလိုက်သည်။

“မင်းက ဘာလို့ ငါ့ကို အလွှတ်မပေးချင်ရတာလဲ”

ကျန်းချန်က တည်ငြိမ်စွာပင် ပြန်ဖြေလိုက်သည်။

“အကြောင်းအရင်းတော့ ထူးထူးခြားခြားမရှိဘူး.. မင်းကိုကြည့်ရတာ ငါ့မျက်စိထဲ ကန့်လန့်ဖြစ်နေလို့ပဲ”

ဝမ်ယွမ်ယင်းက ကောက်ကျစ်စဥ်းလဲသဖြင့် ကျန်းချန်သည် ဝမ်ယွမ်ယင်းက သူ့ထက် အမှန်တကယ် အညံ့ခံနေခြင်းမဟုတ်ကြောင်း ခံစားသိရှိခဲ့သည်။

အကယ်၍ ဝမ်ယွမ်ယင်းကိုသာ အသက်ရှင်ခွင့်ပေးထားမည် ဆိုလျှင် အဆုံးမရှိသော ဒုက္ခများ တသီတစ်သန်း ပေါ်ပေါက်လာလိမ့်မည် ဖြစ်သည်။

ထို့ကြောင့် ကျန်းချန်သည် ဝမ်ယွမ်ယင်းကို အလွှတ်ပေးရန် အစီအစဥ် လုံးဝမရှိခဲ့ပေ။

ကျန်းချန်၏ စကားကို ကြားလျှင် ဝမ်ယွမ်ယင်းသည် တစ်ခဏအတွင်း အလွန်အမင်း ထိတ်လန့်သွားခဲ့သည်။

သူက တုံ့ဆိုင်းမနေဝံ့တော့ဘဲ ချက်ချင်းဆိုသလိုပင် အနက်ရောင်အလင်းတန်း တစ်ခုအဖြစ် ပြောင်းလဲကာ အဝေးရှိကောင်းကင်ယံ ဆီသို့ ထွက်ပြေးရန် ပြင်လိုက်သည်။

ထိုကောင်လေး၏ စွမ်းအားသည် သူ့ထက် သာလွန်နေသည့်အပြင် ယခုအခါတွင် ယွမ်ဟုန်ရှန်းနှင့် အခြားသူများကပါ အညံ့ခံသွားခဲ့ပြီ ဖြစ်ရာ အကယ်၍ ထိုကောင်လေးသာ သူ့ကို အမှန်တကယ် သတ်ချင်လျှင် သူ့အနေဖြင့် ခုခံရန်ပင် မည်သည့် အခွင့်အရေးမျှ ရှိမည် မဟုတ်ပေ။

“မင်း ပြေးလို့ လွတ်နိုင်မယ်များ ထင်နေလား”

“ကောင်းကင်ဧကရာဇ်စည်းတံဆိပ်.. အင်မော်တယ်ဝိညာဥ်ကို ဖျက်ဆီးခြင်း”

ကျန်းချန်၏ မျက်ဝန်းထဲတွင် သတ်ဖြတ်ခြင်း အရှိန်အဝါများ အရှိန်အဟုန်ဖြင့် မြင့်တက်လာခဲ့သည်။

ကျန်းချန်က လက်ဟန်များကို လျင်မြန်စွာ ပြုလုပ်လိုက်ရာ ဆန်းကြယ်သော အနက်ရောင်လေးထောင့်တုံး စည်းတံဆိပ်တစ်ခုသည် သူ၏ လက်ဖဝါးကြားတွင် ထွက်ပေါ်လာခဲ့သည်။

ထို့နောက်တွင်မူ ထိုအနက်ရောင်လေးထောင့်တုံး စည်းတံဆိပ်သည် တစ်စထက် တစ်စ ကြီးထွားလာခဲ့ပြီး ထိတ်လန့်တကြားထွက်ပြေးနေသော ဝမ်ယွမ်ယင်း ဆီသို့ သက်ရောက်သွားခဲ့သည်။

“ကောင်းကင်ဧကရာဇ်စည်းတံဆိပ်.. ငါ့ကို မသတ်ပါနဲ့”

သူ့ထံသို့ ဖိနှိပ်လိုက်သည့် ကျန်းချန်၏ စည်းတံဆိပ် အရှိန်အဝါကို ခံစားမိလျှင် ဝမ်ယွမ်ယင်းသည် အလွန်အမင်း ကြောက်လန့်သွားခဲ့ပြီး နှုတ်ကနေ အသနားခံသော အော်ဟစ်သံ ထွက်ပေါ်လာခဲ့သည်။

သူက သူ၏ ဦးခေါင်းအထက်မှ ကြောက်မက်ဖွယ်ရာကောင်းသော စည်းတံဆိပ်ကို ခုခံရန်အတွက် သူ၏ ခန္ဓာကိုယ်ထဲရှိ စွမ်းအင် အားလုံးကို အစွမ်းကုန် ထုတ်ဖော်လိုက်သည်။

သို့သော်လည်း သူ၏ လက်ရှိခန္ဓာကိုယ်သည် ဝိညာဥ်ခန္ဓာကိုယ်မျှသာ ဖြစ်ရာ ကျန်းချန် ထုတ်ဖော်လိုက်သော စည်းတံဆိပ်သည် သူ့အတွက် ကံကြမ္မာက သတ်မှတ်ပေးထားသော ရန်သူ ကဲ့သို့ ဖြစ်နေခဲ့၏။

ကျန်းချန်၏ စည်းတံဆိပ်အောက်တွင် ဝမ်ယွမ်ယင်းသည် မည်မျှပင် ရုန်းကန်နေပါစေ၊ အရာအားလုံးသည် အချည်းနှီးသာ ဖြစ်သွားခဲ့ရသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ဝမ်ယွမ်ယင်း၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ဟင်းလင်းပြင်မှ ကျဆင်းလာသော အနက်ရောင်စည်းတံဆိပ်၏ ဝါးမျိုခြင်းကို လုံးဝခံလိုက်ရတော့၏။

“ဧကရာဇ်က စည်းတံဆိပ်ကို အသုံးပြုတာ ပိုပြီးတော့ ကျွမ်းကျင်လာပြီပဲ”

ကျန်းချန်က ကောင်းကင်ဧကရာဇ် စည်းတံဆိပ်ကို အသုံးပြု၍ ဝမ်ယွမ်ယင်းအား သတ်ဖြတ်ပစ်လိုက်သည်အား မြင်လျှင် မိုယွမ်သည် စိတ်နှလုံးထဲကနေ မချီးကျူးဘဲ မနေနိုင်တော့ပေ။

ကျန်းချန်နှင့် သူပထမဆုံးအကြိမ် တွေ့ဆုံစဥ်က ကျန်းချန်သည် ကောင်းကင်ဧကရာဇ် စည်းတံဆိပ်ကို ထုတ်ဖော်ခဲ့သော်လည်း သူ့ကို ထိခိုက်အောင် မလုပ်ဆောင်နိုင်ခဲ့ချေ။

ယခုအခါတွင်မူ သူ၏ စွမ်းရည်ဖြင့်ပင် ကျန်းချန်၏ စည်းတံဆိပ်ကို ရင်ဆိုင်ရလျှင် မသေခဲ့လျှင်ပင် ဒဏ်ရာအပြင်းအထန် ရရှိသွားမည်မှာ သေချာသလောက်ပင်။

ဝမ်ယွမ်ယင်းကို သတ်ဖြတ်ပြီးနောက်တွင် ကျန်းချန်သည် ကျိုလီစစ်နတ်ဘုရား ခန္ဓာကိုယ်ကို ပြန်လည် ရုတ်သိမ်းလိုက်ပြီး ထျန်းယွမ်ခန်းမ၏ ဗဟိုချက်ရှိ ရွှေရောင်နန်းတော်ကြီးကို တိုက်ရိုက်ပင် လှမ်းကြည့်လိုက်သည်။

ယခုအခါ ထျန်းယွမ်ခန်းမ၏ ကိစ္စရပ်များက ပြေလည်သွားပြီဖြစ်ရာ သူ့အနေဖြင့် ကောင်းကင်ဧကရာဇ် ချန်ထားရစ်ခဲ့သော မူလအသက်ဓာတ်ကို ထျန်းယွမ်ခန်းမ ထဲကနေ ရယူရန် အချိန်တန်ပြီ မဟုတ်ပါလား။

All Chapters