← Chapters

အခန်း (၂၉၅၃-၂၉၅၄)

Vol. 236 Ch. 2953-2954

အခန်း (၂၉၅၃-၂၉၅၄)

Vol. 236 Ch. 2953-2954

အခန်း(၂၉၅၃)

နန်းတော်အစုအဝေး၏ ဗဟိုချက်ရှိ ရွှေရောင်နန်းတော်ကြီးအတွင်း၌ ဟင်းလင်းပြင်ထဲတွင် ကျန်းချန်နှင့် မိုယွမ် တို့သည် ဘေးချင်းယှဥ်၍ ရပ်နေခဲ့ကြသည်။

“စီနီယာမိုယွမ်.. ဒီနန်းတော်ကြီးက လျှို့ဝှက်ဆန်းကြယ်တဲ့ အင်အားတစ်ခုခုရဲ့ စောင့်ရှောက်မှုကို ခံထားရသလိုပဲ.. ဒီနန်းတော်ထဲကို ဟန်ယွင်အဆင့် အင်မော်တယ်တောင်မှ အလွယ်တကူ ဝင်ရောက်နိုင်မှာ မဟုတ်ဘူးထင်တယ်”

သူ့ရှေ့မှ ရွှေရောင်နန်းတော်ကြီးကို ကြည့်ရင်း ကျန်းချန်က မျက်မှောင် ခပ်တင်းတင်း ကြုတ်သွားခဲ့သည်။

မိုယွမ်က ခေါင်းညိတ်ကာ ပြောလိုက်၏။

“ဧကရာဇ် ပြောတာမှန်တယ်.. ဒီနန်းတော်ထဲမှာ ထျန်းယွမ်ခန်းမရဲ့ နန်းတော်သခင် ခင်းကျင်းထားခဲ့တဲ့ အကာအကွယ် အစီအရင် ရှိနေတယ်.. အင်မော်တယ်ဘုရင်အဆင့် ကျင့်ကြံသူ မဟုတ်သရွေ့ ဘယ်သူမှ ဒီထဲကို အလွယ်တကူ ဝင်ရောက်နိုင်မှာ မဟုတ်ဘူး “

ထျန်းယွမ်ခန်းမ၏ နန်းတော်သခင် ခင်းကျင်းထားသော တားမြစ်အစီအရင်ကြောင့် သာလျှင် ကောင်းကင်ဧကရာဇ် မူလအသက်ဓာတ်သည် ယခုအချိန်အထိ မပျက်စီးဘဲ တည်ရှိနေခဲ့ခြင်း ဖြစ်သည်။

ကျန်းချန်က ဇဝေဇဝါဖြင့် မေးလိုက်သည်။

“ဒါဆို ကျွန်တော်တို့ နန်းတော်ထဲကို ဘယ်လိုဝင်ကြမလဲ”

“နန်းတော်ထဲကို အတင်းအကျပ် ဝင်ဖို့ မလိုပါဘူး”

မိုယွမ်က ခေါင်းခါရမ်းလိုက်ပြီး ချက်ချင်းဆိုသလို ရှင်းပြလိုက်သည်။

“ကောင်းကင်ဧကရာဇ်ရဲ့ မူလအသက်ဓာတ်မှာ အလွန်ထက်မြက်တဲ့ ဝိညာဥ်အသိစိတ်ရှိတယ်.. အရှင်က ဧကရာဇ်တစ်ပါးအနေနဲ့ ကောင်းကင်ဧကရာဇ် စည်းတံဆိပ် နည်းစနစ်ကို တတ်မြောက်ထားတဲ့ အတွက် ကောင်းကင်ဧကရာဇ်နည်းစနစ်ကို အသုံးပြုလိုက်ရင် ကောင်းကင်ဧကရာဇ် မူလအသက်ဓာတ်က အာရုံခံနိုင်လိမ့်မယ်.. အဲဒီအချိန်ကျရင် ကောင်းကင်ဧကရာဇ် မူလအသက်ဓာတ်က နန်းတော်ထဲကနေ သူ့အလိုလို ထွက်လာပါလိမ့်မယ်”

“ကျွန်တော် သဘောပေါက်ပြီ”

ကျန်းချန်က ခေါင်းညိတ်လိုက်ပြီး ချက်ချင်းဆိုသလိုပင် ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။

သူ၏ လက်ဖဝါးနှစ်ဖက်ကြားတွင် အင်မော်တယ်စွမ်းရည်များ အရှိန်အဟုန်ဖြင့် ထွက်ပေါ်လာခဲ့ပြီး ကောင်းကင်ဧကရာဇ် စည်းတံဆိပ်၏ ပထမ စည်းတံဆိပ် ဖြစ်သော အင်မော်တယ်ဝိညာဥ်ဖျက်ဆီးခြင်း စည်းတံဆိပ်သည် သူ၏ လက်ဖဝါးထဲတွင် ပေါင်းစည်း၍ ဖြစ်ပေါ်လာခဲ့သည်။

“ဝုန်း..ဝုန်း..ဝုန်း..”

ထိုအခိုက်အတန့်တွင် အောက်ဘက်ရှိ ရွှေရောင်နန်းတော်ကြီးက ပြင်းထန်စွာ တုန်ခါသွားခဲ့သည်။

ကောင်းကင်ဧကရာဇ်၏ မူလအသက်ဓာတ်သည် ကောင်းကင်ဧကရာဇ်စည်းတံဆိပ်ကို အာရုံခံမိသွားပုံရ၏။

ကျန်းချန်က တုံ့ဆိုင်းမနေတော့ဘဲ လက်ဟန်များကို အဆက်မပြတ် ပြောင်းလဲကာ ကောင်းကင်ဧကရာဇ်စည်းတံဆိပ်၏ ဒုတိယစည်းတံဆိပ်နှင့် တတိယစည်းတံဆိပ်များကို တစ်ခုပြီးတစ်ခု ထုတ်ဖော်လိုက်သည်။

စည်းတံဆိပ်သုံးခုကို ထုတ်ဖော်ပြီးသည်နှင့် တစ်ပြိုင်နက် လျှို့ဝှက်ဆန်းကြယ်သော အလင်းစက်ကလေးများသည် ကြယ်ပွင့်ကလေးများကဲ့သို့ ရွှေရောင်နန်းတော်ကြီးကနေ ပျံသန်းကာ ထွက်ပေါ်လာခဲ့သည်။

ထိုလျှို့ဝှက်ဆန်းကြယ်သော အလင်းစက်များသည် ရွှေရောင်နန်းတော်ကြီး၏ အထက်တွင် တစ်စထက် တစ်စ စုစည်းလာကြရာ တစ်စုံတစ်ရာကို ပုံဖော်နေခဲ့သကဲ့သို့ ဖြစ်နေခဲ့၏။

တစ်ခဏအတွင်းမှာပင် ထိုလျှို့ဝှက်ဆန်းကြယ်သော အလင်းစက်များသည် နန်းတော်၏ အထက် ကောင်းကင်ယံတွင် စုစည်းမိသွားခဲ့ပြီး တဖြည်းဖြည်း သိပ်သည်းခိုင်မာလာခဲ့သည်။

အစပိုင်းတွင် မည်သည့်ပုံသဏ္ဌာန်မှန်း မသိရသော်လည်း မကြာမီမှာပင် ယင်ယန်ထိုက်ကျိ စက်ဝိုင်းအဖြစ်သို့ ပြောင်းလဲသွားခဲ့ကာ ချီစွမ်းအင် နှစ်ရပ်ကို ဖြစ်ပေါ်စေခဲ့သည်။

ထို့နောက်တွင်မူ ကြီးကျယ်ခမ်းနားသော ခရမ်းရောင်ချီစွမ်းအား အဖြစ်သို့ ပြောင်းလဲသွားခဲ့ကာ အရာခပ်သိမ်းကိန်းအောင်းနေသော စွမ်းအား အဖြစ်သို့ ဆင့်ကဲ ပြောင်းလဲသွားခဲ့သည်။

စကြဝဠာထဲမှ ကြယ်တာရာများ၊ နေနှင့်လတို့၏ ထွက်ပေါ်လာမှုများနှင့် ကမ္ဘာလောကထဲရှိ ခပ်သိမ်းသောအရာများ၏ ပြောင်းလဲခြင်း နိယာမအားလုံးသည် ထိုအထဲ၌ ပါဝင်နေပုံရ၏။

ထိုအရာက နန်းတော်ကြီး၏ အထက် ကောင်းကင်ယံတွင် ဆိုင်းငံ့လျက် ရှိပြီး စိတ်ကူးယဥ်ဆန်လှသည့်အပြင် လျှို့ဝှက်ဆန်းကြယ်ပြီး ခန့်မှန်းရခက်သော အရှိန်အဝါများ ထုတ်လွှတ်နေခဲ့၏။

“ဒါက ကောင်းကင်ဧကရာဇ်ရဲ့ မူလအသက်ဓာတ်လား”

ကျန်းချန်က နန်းတော်ကြီး၏ အထက်ကောင်းကင်ယံတွင် ထွက်ပေါ်လာသော အရာကို စူးစိုက်ကြည့်နေခဲ့ပြီး ခပ်တိုးတိုးရေရွတ်လိုက်သည်။

ဤအရာသည် ကောင်းကင်ဧကရာဇ် ချန်ထားရစ်ခဲ့သော မူလအသက်ဓာတ်ဟု မပြောရပေ။

အမှန်တကယ်ကို ထူးခြား ဆန်းကြယ်နေခဲ့သည်။

ကျန်းချန်အနေဖြင့် ကောင်းကင်ဧကရာဇ် မူလအသက်ဓာတ်အပိုင်းအစ အသုံးဝင်ပုံကို အသေအချာ မသိသော်လည်း ထိုအထဲတွင် အကန့်အသတ် မရှိသော အင်မော်တယ်ဥပဒေများ ပါဝင်နေသည်ဟု အာရုံခံစားမိခဲ့သည်။

ယင်းကိုသာ အနည်းငယ်မျှ ဆင်ခြင်တွေးတော နားလည်နိုင်မည် ဆိုလျှင် သူ၏ ခွန်အားကို အဆပေါင်းများစွာ မြှင့်တင်နိုင်လိမ့်မည် ဖြစ်၏။

“ကောင်းကင်ဧကရာဇ် မူလအသက်ဓာတ်”

ကျန်းချန်တို့နှင့် မလှမ်းမကမ်းတွင် ရှိနေသော ယွမ်ဟုန်ရှန်းသည် နန်းတော်ကြီး၏ အထက် ကောင်းကင်ယံတွင် ပေါ်ထွန်းလာသော မူလအရင်းအမြစ်ကို မြင်လျှင် မျက်ဝန်းထဲ၌ လောဘရိပ်များ ထွက်ပေါ်လာခဲ့သည်။

သူက နှလုံးသားထဲမှ အလိုရမ္မက်ကို မထိန်းချုပ်နိုင်ဘဲ ရှေ့သို့ တိုက်ရိုက် တက်လှမ်းကာ လုယူရန်အတွက် လက်ဦးမှု ရယူလုနီးပါး ဖြစ်သွားခဲ့သည်။

ဤသည်မှာ ကောင်းကင်ဧကရာဇ် ချန်ထားရစ်ခဲ့သည့် မူလအသက်ဓာတ် ဖြစ်ပြီး အင်မော်တယ်ဧကရာဇ် တစ်ပါး၏ စွမ်းအား အရင်းအမြစ်ကနေ ဖြစ်တည်လာခဲ့ခြင်း ဖြစ်သည်။

အကယ်၍ သူသာ ဤ ကောင်းကင်ဧကရာဇ် မူလအသက်ဓာတ် အပိုင်းအစကို ရရှိနိုင်မည် ဆိုလျှင် အနည်းဆုံးတော့ သူ၏ အထွတ်အထိပ် အခြေအနေကို ပြန်လည် ရောက်ရှိနိုင်မည် ဖြစ်ပြီး ကန့်သတ်ချက်ကိုပင် ကျော်ဖြတ်ကာ ဤခန္ဓာကိုယ်ဖြင့် အင်မော်တယ်ဘုရင် အဆင့်ကို ထိုးဖောက်ရန်မှာ ဖြစ်နိုင်‌ခြေ ရှိသည်ဟု တွေးမိပြီး စိတ်လှုပ်ရှားသွားခဲ့သည်။

သို့သော်လည်း ကျန်းချန်နှင့် မိုယွမ်ကို တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက်တွင် အဆုံးသတ်၌ သူ၏ စိတ်နှလုံးထဲမှ အလိုရမ္မက်ကို ဖိနှိပ်လိုက်ရသည်။

ကျန်းချန်က တလော့ အင်မော်တယ်သာ ဖြစ်သော်လည်း အင်မော်တယ်ဘုရင်အဆင့် နည်းစနစ်မျိုးစုံကို တတ်မြောက်ထားခဲ့ပြီး ထိုက်ယီအင်မော်တယ် တစ်ပါးကိုပင် အလွယ်တကူ သတ်ဖြတ်နိုင်စွမ်း ရှိသည်။

ယင်းအပြင် ကျန်းချန်၏ အနားတွင် မိုယွမ် ရှိနေသည့် အပြင် တိုက်ခိုက်ရေးစွမ်းရည်တွင်လည်း ထိုက်ယီ အင်မော်တယ်အဆင့်ထက် မနိမ့်ကျသော ရုပ်သေးရုပ်တစ်ရုပ် ရှိနေခဲ့၏။

အကယ်၍ သူသာ ကောင်းကင်ဧကရာဇ်၏ မူလအသက်ဓာတ်ကို လုယူရန် ကြိုးစားမည် ဆိုလျှင် သေပွဲဝင်ရမည်မှာ သေချာသလောက်ပင်။

ကျန်းချန်က ယွမ်ဟုန်ရှန်ကို တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက်တွင် ကောင်းကင်ဧကရာဇ် မူလအသက်ဓာတ် ဆီသို့ လျှောက်လှမ်းသွားခဲ့ကာ မူလအသက်ဓာတ်ကို သူ၏ လက်ထဲတွင် ဖမ်းဆုပ်လိုက်သည်။

ကျန်းချန်က ကောင်းကင်ဧကရာဇ်၏ မူလအသက်ဓာတ်နှင့် ထိတွေ့လိုက်သည်နှင့် တစ်ခဏအတွင်းမှာပင် ကောင်းကင်ဧကရာဇ်၏ မူလအသက်ဓာတ်သည် လေစီးကြောင်းတစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ကျန်းချန်၏ ခန္ဓာကိုယ်ထဲသို့ တိုက်ရိုက်ပင် နစ်ဝင်သွားခဲ့သည်။

နောက်ထပ် အခိုက်အတန့်တွင်မူ ကျန်းချန်၏ ခန္ဓာကိုယ်ပတ်ပတ်လည်၌ ထူးခြားသော စွမ်းအင်တစ်ခု ရုတ်တရက် ပေါ်ထွက်လာခဲ့ပြီး ကြီးမားသော ပိုးအိမ်ကြီးတစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့ကာ ကျန်းချန်၏ ခန္ဓာကိုယ်တစ်ခုလုံးကို ပိုးအိမ် အတွင်း၌ ရစ်ပတ် ပိတ်ဆို့လိုက်သည်။

ဤမြင်ကွင်းကိုမြင်လျှင် မိုယွမ်သည် အင်မော်တယ်ဘုရင် ရုပ်အလောင်းနှင့်အတူ ကျန်းချန် နံဘေးတွင် ကာကွယ်စောင့်ရှောက်လိုက်၏။

ကျန်းချန်သည် ယခုအခါတွင် ကောင်းကင်ဧကရာဇ် ချန်ထားရစ်ခဲ့သည့် မူလအသက်ဓာတ် အပိုင်းအစကို စုပ်ယူနေပြီဖြစ်ကြောင်း မိုယွမ် ကောင်းစွာ သိရှိထားခဲ့သည်။

ကျန်းချန်အနေဖြင့် မူလအသက်ဓာတ် အပိုင်းအစကို အောင်မြင်စွာ စုပ်ယူပြီး ဆင်ခြင် နားလည်နိုင်သည်နှင့် တစ်ပြိုင်နက် ပိုးအိမ်ထဲမှ ရုန်းထွက်ကာ အသစ်တစ်ဖန် မွေးဖွားလာလိမ့်မည် ဖြစ်ပြီး ခွန်အားအရာတွင်လည်း အရှိန်အဟုန်ဖြင့် တိုးတက်လာကာ အလွန်အမင်း ကြောက်မက်ဖွယ်ရာ ကောင်းသော အဆင့်သို့ ရောက်ရှိသွားပေလိမ့်မည်။

“မိုယွမ်.. မင်းက ထျန်းယွမ်ခန်းမမှာ နန်းတော်သခင် ပြီးရင် အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်ပဲ.. တကယ်လို့ မင်းသာ ဒီမူလအသက်ဓာတ် အပိုင်းအစကို ရမယ်ဆိုရင် မင်းရဲ့ အကန့်အသတ်ကို ကျော်ဖြတ်ပြီး အင်မော်တယ်ဘုရင် ဖြစ်လာမှာ သေချာတယ်.. မင်းတကယ်ပဲ သူ့ကို မူလအသက်ဓာတ် စုပ်ယူခွင့်ပေးတော့မှာလား.. ကောင်းကင်ဧကရာဇ် ချန်ထားရစ်ခဲ့တဲ့ မူလအသက်ဓာတ် အပိုင်းအစနဲ့ ပတ်သက်ပြီး မင်းဘယ်လိုမှ လောဘ မဖြစ်မိဘူးလား”

ဤအခိုက်အတန့်တွင် ယွမ်ဟုန်ရှန်းသည် ကျန်းချန်၏ နံဘေးသို့ ရောက်ရှိလာခဲ့ပြီး ပိုးအိမ်ထဲမှ ကျန်းချန်ကို လှမ်းကြည့်ရင်း ခပ်တိုးတိုး ပြောလိုက်သည်။

မိုယွမ်က ယွမ်ဟုန်ရှန်းကို ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။

“အဆောင်မှူးယွမ်.. ခင်ဗျား ခုနက စိတ်ကို ထိန်းချုပ်နိုင်ခဲ့ပြီး မလုယူခဲ့ဘူး ဆိုတော့ ခင်ဗျား လက်လျှော့လိုက်ပြီလို့ ကျွန်တော်ထင်နေခဲ့တာ.. ခင်ဗျားဆီမှာ မူလအသက်ဓာတ်အပိုင်းအစကို လိုချင်တဲ့စိတ် ရှိနေသေးတာပဲ”

ယွမ်ဟုန်ရှန်းက သက်ပြင်းရှည်ကို ချလိုက်ပြီး မိုယွမ်ကို ပြောလိုက်သည်။

“ဒါက ကောင်းကင်ဧကရာဇ် ချန်ထားရစ်ခဲ့တဲ့ မူလအသက်ဓာတ်အပိုင်းအစလေ.. ဒီမူလအသက်ဓာတ်အပိုင်းအစက ဘယ်လောက်အထိ တန်ဖိုးကြီးမားလဲ ဆိုတာ မင်းသိပါတယ်”

“အဆောင်မှူးးယွမ်.. ငါ မင်းကို အကြံပေးပါရစေ.. မင်း မသေချင်ဘူးဆိုရင် ဧကရာဇ် ဆီက‌နေ မူလအသက်ဓာတ်ကို လုယူဖို့ စိတ်မကူးတာက အကောင်းဆုံးပဲ”

မိုယွမ်က ခေါင်းခါရမ်း၍ ပြောလိုက်သည်။

“ကောင်းကင်ဧကရာဇ်က ဘယ်လောက်တောင် ပြိုင်ဘက်ကင်းတဲ့ပုဂ္ဂိုလ်လဲဆိုတာ မင်းမေ့နေပြီလား.. သူချန်ထားရစ်ခဲ့တဲ့ မူလအသက်ဓာတ်က ဘယ်သူမဆို လက်လှမ်းမီနိုင်တဲ့အရာမျိုးမဟုတ်ဘူး.. မင်း အေးအေးဆေးဆေးနေတာ အကောင်းဆုံးပဲ.. တကယ်လို့ မင်း အနေနဲ့ ကောင်းကင်ဧကရာဇ်နန်းတော်ကို ပြန်လည် အသက်သွင်းဖို့အတွက် ဧကရာဇ်အသစ်ရဲ့နောက်ကို မလိုက်ချင်ဘူးဆိုရင်လည်း ဒီနေရာကနေ ထွက်သွားနိုင်ပါတယ်.. ငါ မင်းကို တားနေမှာမဟုတ်ဘူး”

ထိုစကားကိုကြားလျှင် ယွမ်ဟုန်ရှန်း၏ မျက်ဝန်းများက အနည်းငယ် ပြောင်းလဲသွားခဲ့သည်။

အဆုံးသတ်တွင် သူက ဘာစကားမျှ ထပ်မပြောတော့ဘဲ ချာခနဲ လှည့်ထွက်သွားခဲ့ကာ မိုယွမ်၏‌ ရှေ့ကနေ ပျောက်ကွယ်သွားခဲ့သည်။

ကောင်းကင်ဧကရာဇ်နန်းတော်သည် တစ်ညအတွင်း အင်မော်တယ်လောက ထဲကနေ ချေမှုန်းခံခဲ့ရသည်။

ဤအချက်ကပင် ထိုစဥ်က ကောင်းကင်ဧကရာဇ်နန်းတော် ရင်ဆိုင်ခဲ့ရသော ပြိုင်ဘက်သည် ကောင်းကင်ဧကရာဇ်နန်းတော် အထွတ်အထိပ်ကာလတွင် ရှိစဥ်ကထက် အဆပေါင်း များစွာ ပိုမို ကြောက်မက်ဖွယ်ရာကောင်းကြောင်း သက်သေပြရန် လုံလောက်နေပြီ ဖြစ်သည်။

ထို့ကြောင့် ဧကရာဇ်အသစ် ပေါ်ထွက်လာလျှင်ပင် ပြိုင်ဘက်၏ မျက်စိအောက်ကနေ ကောင်းကင်ဧကရာဇ်နန်းတော်ကို ပြန်လည် အသက်သွင်းရန်မှာ မဖြစ်နိုင်သ‌လောက်ပင်။

ဧကရာဇ်အသစ် နောက်သို့လိုက်ကာ ကောင်းကင်ဧကရာဇ်နန်းတော်ကို ပြန်လည် တည်ထောင်ခြင်းသည် သေရေး ရှင်ရေး အကျပ်အတည်းနှင့် သေချာပေါက် ရင်ဆိုင်ရလိမ့်မည်ဖြစ်သည်။

တစ်ကြိမ် ကျဆုံးဖူးပြီးသား ဖြစ်သော ယွမ်ဟုန်ရှန်းသည် သူယခု ပိုင်ဆိုင်ထားသမျှ အရာအားလုံးကို တန်ဖိုးထားတတ်နေခဲ့ချေပြီ။

သူ့အတွက်မူ ဧကရာဇ်နောက်သို့ လိုက်ကာ ကောင်းကင်ဧကရာဇ်နန်းတော်ကို ပြန်လည် တည်ထောင်မည့်အစား ဤကမ္ဘာလောကထဲတွင် စိတ်အေးချမ်းသာစွာဖြင့် လွတ်လပ်ပေါ့ပါးသော ရှေးဦးအင်မော်တယ် တစ်ဦး အဖြစ် နေထိုင်ရခြင်းက ပို၍ ကောင်းမွန်သည်ဟု ခံယူထားခဲ့၏။

မိုယွမ်က ထွက်ခွာသွားသော ယွမ်ဟုန်ရှန်၏ ကျောပြင်ကို ငေးကြည့်နေခဲ့သည်။

မိုယွမ်သည် သံယောဇဥ်ဟောင်းများကို ထောက်ထား၍ ငဲ့ညှာတတ်သူ တစ်ဦး ဖြစ်သည်။

ယွမ်ဟုန်ရှန်း အနေဖြင့် ကောင်းကင်ဧကရာဇ် ချန်ထားရစ်ခဲ့သည့် မူလအသက်ဓာတ်ကို ဧကရာဇ်အသစ်က စုပ်ယူခြင်းအပေါ်တွင် အနှောင့်အယှက် မပေးသရွေ့ မိုယွမ်က ယွမ်ဟုန်ရှန်ကို အလွယ်တကူ အ‌ရေးယူလိမ့်မည် မဟုတ်ပေ။

အကယ်၍ ယွမ်ဟုန်ရှန်းက ကောင်းကင်ဧကရာဇ်၏ မူလအသက်ဓာတ် အပေါ် ရယူလိုသည့်စိတ်ကို လက်မလျော့သေးလျှင်ပင် မိုယွမ် ဂရုမစိုက်ချေ။

အကြောင်းရင်းမှာ ဤနေရာတွင် သူနှင့် ရုပ်သေးရုပ်ရှိနေသရွေ့ မည်သူမျှ ပြဿနာရှာနိုင်မည် မဟုတ်သောကြောင့်ပင်။

အခန်း(၂၉၅၃)ပြီး၏။

အခန်း(၂၉၅၄)

ကျန်းချန်က ကောင်းကင်ဧကရာဇ်၏ မူလအသက်ဓာတ်နှင့် ထိတွေ့လိုက်သည်နှင့် တစ်ခဏဝယ် ခန္ဓာကိုယ်တစ်ခုလုံးသည် ပေတစ်ရာခန့် ကျယ်ဝန်းသော လျှို့ဝှက်ဆန်းကြယ်သည့် ဟင်းလင်းပြင် တစ်ခုထဲသို့ ရောက်ရှိသွားသလို ခံစားလိုက်ရသည်။

ဤဟင်းလင်းပြင်ထဲရှိ နေရာအနှံ့တွင် ထူးဆန်းသော စွမ်းအင်များဖြင့် ပြည့်နှက်နေခဲ့၏။

ထိုထူးဆန်းသော စွမ်းအင်များတွင် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားများ ပါဝင်နေပုံရပြီး ကျန်းချန် အနေဖြင့် ဤဟင်းလင်းပြင်ထဲ၌ လေတစ်ချက်မျှ ရှုသွင်းလိုက်ရုံဖြင့်ပင် သူ၏ ခန္ဓာကိုယ်ထဲရှိ တလော့အင်မော်တယ် စွမ်းအားဖြစ်စေ၊ အင်မော်တယ်ဥပဒေသများ အပေါ် နားလည်သဘောပေါက်မှုဖြစ်စေ၊ အရာအားလုံးသည် သာမန်မျက်စိဖြင့် မြင်တွေ့နိုင်သော အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့သည်ဟု ခံစားလိုက်ရ၏။

“ဒီဟင်းလင်းပြင်ထဲမှာ ရှိနေတဲ့ စွမ်းအားတွေက ကောင်းကင်ဧကရာဇ်ရဲ့ မူလအသက်ဓာတ်စွမ်းအားပဲ ဖြစ်ရမယ်”

ကျန်းချန်က သူ့ဘာသာသူ တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်ပြီးနောက်တွင် တုံ့ဆိုင်းမနေတော့ဘဲ ဟင်းလင်းပြင်ထဲတွင် တင်ပျဥ်ခွေ၍ ထိုင်ကာ တိုက်ရိုက်ပင် ကျင့်ကြံလိုက်သည်။

ထို့နောက်တွင်မူ စနစ်၏ သတိပေးသံများသည် ကျန်းချန်၏ စိတ်အာရုံထဲတွင် အဆက်မပြတ် မြည်ဟည်းလာခဲ့သည်။

စနစ်၏ အဆ ၁၀၀ အတွေ့အကြုံ ကောင်းချီးပေးမှုအောက်တွင် ကျန်းချန်သည် ကျင့်ကြံရန်အတွက် ကောင်းကင်ဧကရာဇ်၏ မူလအသက်ဓာတ်ကို စုပ်ယူခဲ့ရာ သူ၏ ခွန်အားသည် သံသယဖြစ်ဖွယ်ရာမရှိ အလွန် ထိတ်လန့်ကြောက်မက်ဖွယ်ရာကောင်းသော အဆင့်သို့ ရောက်ရှိသွားခဲ့သည်။

အလွန်လျင်မြန်စွာပင် ကျန်းချန်၏ ကျင့်ကြံခြင်းအဆင့်သည် တလော့အင်မော်တယ် အစောပိုင်းအဆင့်မှ တလော့အင်မော်တယ် အလယ်အလတ်အဆင့်သို့ ထိုးဖောက်သွားခဲ့ပြီး တလော့အဆင့်၏ အင်မော်တယ် ဥပဒေသ အပေါ် နားလည်သဘောပေါက်မှုတွင်လည်း ပြီးပြည့်စုံသော အဆင့်သို့ တစ်ခါတည်း ရောက်ရှိသွားခဲ့သည်။

ကျန်းချန်က ကောင်းကင်ဧကရာဇ်၏ မူလအသက်ဓာတ်ကို ဆက်တိုက်ဆိုသလို အရူးအမူး စုပ်ယူနေရင်းဖြင့် တစ်ရက်ပြီးတစ်ရက်၊ တစ်နှစ်ပြီးတစ်နှစ် ကုန်လွန်သွားခဲ့သည်။

မသိလိုက် မသိဘာသာဖြင့်ပင် ဆယ်နှစ်ဟူသော အချိန်ကာလသည် မျက်စိတစ်မှိတ်အတွင်း ကုန်လွန်သွားခဲ့၏။

ဤဆယ်နှစ်အတွင်း ကျန်းချန်သည် ကောင်းကင်ဧကရာဇ်၏ မူလအသက်ဓာတ်ကို အဆက်မပြတ် စုပ်ယူပြီး ဆင်ခြင်တွေးတောနားလည်ခဲ့ရာ သူ၏ ကျင့်ကြံခြင်းအဆင့်သည် တလော့အင်မော်တယ် အထွတ်အထိပ်အဆင့်သို့ ရောက်ရှိသွားခဲ့ပြီး ကောင်းကင်နှင့်မြေပြင်ကို တားမြစ်ပိတ်ဆို့နိုင်သော အင်မော်တယ် ဥပဒေသကိုလည်း အောင်မြင်စွာ နားလည်သွားခဲ့ကာ ထိုက်ယီအင်မော်တယ် အဆင့်သို့ ထိုးဖောက်ရန် ခြေတစ်လှမ်းမျှသာ လိုအပ်တော့၏။

ကျန်းချန်က ဆယ်နှစ်တာအတွင်း ဟင်းလင်းပြင်ထဲမှ ကောင်းကင်ဧကရာဇ်၏ မူလအသက်ဓာတ် စွမ်းအားအများစုကို စုပ်ယူပြီးစီးသွားခဲ့ပြီ ဖြစ်သည်။

ကျန်းချန်က သူ၏ ကျင့်ကြံခြင်းကို ရပ်တန့် မပစ်လိုက်ဘဲ ကျန်ရှိနေသေးသော မူလအသက်ဓာတ်များကို ဆက်လက်စုပ်ယူကာ ဆင်ခြင်နားလည်နေခဲ့သည်။

နောက်ထပ် လဝက်ခန့်အကြာတွင် ကျန်းချန်သည် ဟင်းလင်းပြင်ထဲရှိ မူလအသက်ဓာတ် အားလုံးကို စုပ်ယူကာ ဆင်ခြင်နားလည်သွားခဲ့သည်။

အဆုံးသတ်တွင် သူ၏ ကျင့်ကြံခြင်းအဆင့်သည်လည်း နောက်ထပ် အဆင့်တစ်ဆင့်သို့ အောင်မြင်စွာ ထိုးဖောက်နိုင်ခဲ့ပြီး စစ်မှန်သော ထိုက်ယီအင်မော်တယ် တစ်ပါး ဖြစ်လာခဲ့သည်။

ထို့အပြင် ထိုက်ယီအဆင့် အင်မော်တယ်ဥပဒေသအပေါ် နားလည်သဘောပေါက်မှုတွင်လည်း သာမန်ထိုက်ယီအင်မော်တယ် ကျင့်ကြံသူများထက် များစွာသာလွန်နေခဲ့၏။

“ငါနောက်ဆုံးတော့ ထိုက်ယီအင်မော်တယ် အဆင့်ကို ထိုးဖောက်နိုင်ခဲ့ပြီ.. ငါ့ရဲ့ လက်ရှိခွန်အားနဲ့ဆိုရင် ဟန်ယွင်အဆင့်အင်မော်တယ်နဲ့ ရင်ဆိုင်ရရင်တောင် ယှဥ်ပြိုင်နိုင်တဲ့အရည်အချင်း မရှိဘူးလို့ ပြောလို့မရတော့ဘူး”

ကျန်းချန်က မျက်လုံးများကို ဖွင့်လိုက်ရာ သူ၏ မျက်ဝန်းထဲတွင် ထက်ရှသော အလင်းတန်းများ ယှက်သန်းသွားခဲ့သည်။

ဤတစ်ကြိမ်တွင် ထျန်းယွမ်ခန်းမ၏ ကောင်းကင်ဧကရာဇ်၏ မူလအသက်ဓာတ် အကူအညီဖြင့် သူ၏ ခွန်အားသည် ယခင်နှင့် မိုးနှင့်မြေပမာ ကွာခြားသွားခဲ့သည်ဟု ဆိုနိုင်ပြီး အဆင့်ကြီး တစ်ဆင့်ကိုပင် တိုက်ရိုက် ဖြတ်ကျော်နိုင်ခဲ့သည်။

အကယ်၍ သူသာ လုချန်ချင်း၏ ကိုယ်ပွားနှင့် ထပ်မံ ရင်ဆိုင်ရမည်ဆိုလျှင် ထိပ်တိုက် ရင်ဆိုင်တိုက်ခိုက်နိုင်မည့် ယုံကြည်ချက်ပင် ရှိနေခဲ့ချေပြီ။

“ကောင်းကင်ဧကရာဇ် ချန်ထားရစ်ခဲ့တဲ့ မူလအသက်ဓာတ်က တကယ်ကို ထူးခြားဆန်းကြယ်တာပဲ”

ကျန်းချန်က စိတ်နှလုံးထဲကနေ တအံ့တဩ ချီးကျူးလိုက်သည်။

မိုယွမ်၏ ပြောကြားချက်အရ ကောင်းကင်ဧကရာဇ်နန်းတော်၏ ကောင်းကင်ဧကရာဇ်သည် ခန်းမသုံးဆယ့်ခြောက်ခုစလုံးတွင် မူလအသက်ဓာတ် အပိုင်းအစ တစ်ခုစီ ချန်ထားခဲ့သည်ဟု သိရသည်။

ယခု ထျန်းယွမ်ခန်းမ တစ်ခုတည်းရှိ မူလအသက်ဓာတ်အပိုင်းအစကပင် သူ့ကို ဤမျှအထိ တိုးတက်မှုကို ပေးစွမ်းနိုင်ခဲ့သည်ဖြစ်ရာ အကယ်၍ သူသာ ကျန်ရှိနေသေးသော မူလအသက်ဓာတ်များကို စုပ်ယူပြီး ဆင်ခြင်နားလည်နိုင်မည် ဆိုလျှင် သူ၏ ကျင့်ကြံခြင်းအဆင့်သည် မည်မျှအထိ ကြောက်မက်ဖွယ်ရာကောင်းသောအဆင့်သို့ တိုးတက်သွားမည်ကို စိတ်ပင် မကူးရဲတော့ပေ။

ဤအခိုက်အတန့်တွင် ကျန်းချန်သည် မိုယွမ် စကားများက မှန်ကန်ကြောင်း နားလည်သဘောပေါက်သွားခဲ့သည်။

အကယ်၍ သူသာ ခန်းမသုံးဆယ့်ခြောက်ခုရှိ မူလအသက်ဓာတ်များကို အမှန်တကယ်စုစည်းနိုင်မည်ဆိုလျှင် ကောင်းကင်ဧကရာဇ်နှင့် မယှဥ်နိုင်လျှင်ပင် အနည်းဆုံးတော့ အင်မော်တယ်ဧကရာဇ်တစ်ပါး ဖြစ်လာနိုင်ခြေ ရှိနေခဲ့သည်။

သို့သော်လည်း ထိုစဥ်က ကောင်းကင်ဧကရာဇ် နန်းတော်သည် တစ်ညအတွင်း အင်မော်တယ်လောကထဲကနေ အစအနပင် မကျန် ချေမှုန်းခံခဲ့ရပြီး ခန်းမသုံးဆယ့်ခြောက်ခု စလုံးသည် မည်သည့် နေရာတွင် ရှိနေသည်ကို မသိရချေ။

သူ့အနေဖြင့် ထျန်းယွမ်ခန်းမကို ရှာဖွေတွေ့ရှိပြီး ထျန်းယွမ်ခန်းမထဲမှ ကောင်းကင်ဧကရာဇ် ချန်ထားပေးခဲ့သည့် မူလအသက်ဓာတ်ကို ရရှိခဲ့သည်ကပင် ကြီးမားသော အခွင့်အလမ်း တစ်ခု ဖြစ်နေခဲ့ချေပြီ။

ကျန်ရှိနေသေးသော ခန်းမသုံးဆယ့်ငါးခုကို ရှာဖွေရန်နှင့် ထိုခန်းမများထဲမှ မူလအသက်ဓာတ်များကို ရရှိရန်အတွက်မှာ သံသယဖြစ်ဖွယ်ရာမရှိ ကောင်းကင်ဘုံကို တက်လှမ်းရသည်ထက်ပင် ပိုမို၍ ခက်ခဲလိမ့်မည် ဖြစ်သည်။

“အခြားခန်းမတွေရဲ့တည်နေရာကို မိုယွမ် သိနေမလားမသိဘူး”

ကျန်းချန်၏ မျက်ဝန်းများက အနည်းငယ် တဖျပ်ဖျပ်လက်သွားခဲ့သည်။

ကောင်းကင်ဧကရာဇ် ချန်ထားရစ်ခဲ့သည့် မူလအသက်ဓာတ်အပိုင်းအစ သုံးဆယ့်ခြောက်ခုကို စုစည်းရန်မှာ မလွယ်ကူသော်လည်း အကယ်၍ မိုယွမ်ကသာ သတင်းအစအန အချို့ကို သိရှိထားမည် ဆိုလျှင် သူ့အနေဖြင့် ကောင်းကင်ဧကရာဇ်၏ မူလအသက်ဓာတ် တစ်ခု သို့မဟုတ် နှစ်ခုကို ထပ်မံ ရရှိရန် ရှာဖွေနိုင်ပြီး ထိုမှတစ်ဆင့် ဟန်ယွင်အင်မော်တယ် အဆင့်ကို တစ်ဟုန်ထိုး ချိုးဖျက်နိုင်ရန်မှာ မဖြစ်နိုင်သည်တော့ မဟုတ်ပေ။

“ဝုန်း..”

ကျန်းချန်က ထိုသို့ တွေးမိလိုက်သည့် တစ်ချိန်တည်းမှာပင် မူလအသက်ဓာတ်၏ နောက်ဆုံးကျန်ရှိသော စွမ်းအားကို စုပ်ယူ ပြီးစီးသွားခဲ့ရာ ပတ်ပတ်လည်ရှိ ဟင်းလင်းပြင်သည် ချက်ချင်းဆိုသလိုပင် ပြိုကျ ပျက်စီးသွားခဲ့သည်။

နောက်ထပ် အခိုက်အတန့်တွင် ကျန်းချန်သည် ထျန်းယွမ်ခန်းမ၏ အထက် ကောင်းကင်ယံသို့ ပြန်လည် ရောက်ရှိလာသည်ဟု ခံစားလိုက်ရ၏။

“ဧကရာဇ်အနေနဲ့ မူလအသက်ဓာတ်စွမ်းအားကို အောင်မြင်စွာ စုပ်ယူပြီး ဆင်ခြင်နားလည်နိုင်ခဲ့တဲ့ အတွက် ဂုဏ်ယူဝမ်းမြောက်ပါတယ်”

မိုယွမ်က ကျန်းချန်ကို လှမ်းကြည့်ကာ ဂုဏ်ပြု ပြောဆိုလိုက်သည်။

သူ၏ မျက်ဝန်းထဲတွင် အံ့ဩတုန်လှုပ်သော အရိပ်အယောင်များ ပြည့်နှက်နေခဲ့၏။

ကောင်းကင်ဧကရာဇ် ချန်ထားရစ်ခဲ့သည့် မူလအသက်ဓာတ်ဆိုသည်မှာ အင်မော်တယ်ဧကရာဇ် တစ်ပါး၏ စွမ်းအားအရင်းအမြစ် ဖြစ်သည်။

ထိုအထဲတွင် မယုံကြည်နိုင်စရာကောင်းသော စွမ်းအားများပါဝင်နေပြီး သာမန်လူများ အနေဖြင့် ဆင်ခြင်နားလည်ကာ စုပ်ယူရန် ဘယ်လိုမှ မလွယ်ကူချေ။

မူလက ကျန်းချန်အနေဖြင့် ဆယ်စုနှစ်ပေါင်း များစွာ သို့မဟုတ် ရာစုနှစ်ပေါင်းများစွာ အထိ အချိန်မပေးဘဲ ကောင်းကင်ဧကရာဇ် ချန်ထားရစ်ခဲ့သည့် မူလအသက်ဓာတ်အပိုင်းအစကို ဆင်ခြင်နားလည်နိုင်ရန် ခက်ခဲလိမ့်မည်ဟု မိုယွမ် ထင်ထားခဲ့သည်။

သို့သော် မမျှော်လင့်ထားဘဲ ကျန်းချန်သည် ဆယ်နှစ် ဟူသောအချိန်တိုအတွင်းမှာပင် ကောင်းကင်ဧကရာဇ် ချန်ထားရစ်ခဲ့သည့် မူလအသက်ဓာတ် အပိုင်းအစကို အောင်မြင်စွာ စုပ်ယူ၍ ဆင်ခြင်နားလည်နိုင်ခဲ့ရုံသာမက တလော့အင်မော်တယ် အဆင့်မှ ထိုက်ယီအင်မော်တယ် အဆင့်သို့ တစ်ဟုန်ထိုး ချိုးဖျက်နိုင်ခဲ့သည်။

လက်ရှိအချိန်တွင် ကျန်းချန်၏ စွမ်းအားသည် သူကိုယ်တိုင်ပင်လျှင် ယှဥ်ပြိုင်ရန် အလှမ်း ဝေးလွန်းသွားခဲ့ပြီ ဖြစ်သည်။

“ဒါက စီနီယာမိုယွမ်ရဲ့ ကျေးဇူးကြောင့်ပါပဲ”

ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်ပြီးနောက်တွင် မိုယွမ်ကို မေးမြန်းလိုက်သည်။

“စီနီယာမိုယွမ်.. ကောင်းကင်ဧကရာဇ်နန်းတော်က ဘယ်နေရာမှာ ရှိနေတာလဲ.. ကောင်းကင်ဧကရာဇ်နန်းတော်ကို အင်မော်တယ်လောကမှာ ပြန်လည် ပေါ်ထွက်လာအောင် ဘယ်လိုလုပ်ရမလဲ”

ကျန်းချန်သည် ကံကြမ္မာ အခွင့်အလမ်းကြောင့် ကောင်းကင်ဧကရာဇ် စည်းတံဆိပ် နည်းစနစ်ကို တတ်မြောက်ခဲ့ပြီး မိုယွမ်၏ သတ်မှတ်မှုအရ ကောင်းကင်ဧကရာဇ်၏ အမွေဆက်ခံသူ အဖြစ် သတ်မှတ်ခံထားရသည်။

ယခုအခါတွင် ကောင်းကင်ဧကရာဇ်၏ မူလအသက်ဓာတ်ကိုပါ စုပ်ယူထားခဲ့ပြီ ဖြစ်ရာ ကောင်းကင်ဧကရာဇ်နန်းတော်အတွက် တစ်စုံတစ်ရာ လုပ်ဆောင်ပေးချင်စိတ် ရှိနေခဲ့သည်။

“ကျွန်တော်မသိဘူး ဧကရာဇ်.. ဒါပေမဲ့ ဧကရာဇ်အနေနဲ့ ကောင်းကင်ဧကရာဇ်နန်းတော်ကို အင်မော်တယ် လောကထဲမှာ ပြန်လည် တည်ထောင်ချင်တယ် ဆိုရင်တော့ အခုအချိန်မှာ မဖြစ်နိုင်သေးပါဘူး.. အနည်းဆုံးတော့ ဧကရာဇ်အနေနဲ့ အင်မော်တယ်ဘုရင် အဆင့်ကို ထိုးဖောက်ပြီးမှပဲ ဒီကိစ္စကို စဥ်းစားသင့်တယ်လို့ ကျွန်တော် ထင်တယ်”

မိုယွမ်က ခေါင်းကိုခါရမ်းလိုက်ပြီး လေးနက်စွာ ဆက်ပြောခဲ့သည်။

“ဒါ့အပြင် ကောင်းကင်ဧကရာဇ်နန်းတော် အနေနဲ့ အခုအချိန်မှာ အင်မော်တယ်လောကထဲကို ပြန်လည် ဝင်ရောက်ဖို့ အချိန်မတန်သေးဘူး”

ထိုစကားကို ကြားလိုက်ရလျှင် ကျန်းချန်၏ မျက်ဝန်းထဲ၌ ပိုမိုလေးနက်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

ထိုစဥ်က ကောင်းကင်ဧကရာဇ် နန်းတော်သည် မည်မျှအထိ ကြောက်မက်ဖွယ်ရာကောင်းသော ရန်သူနှင့် ရင်ဆိုင်ခဲ့ရသည်ကို မသိရဘဲ တစ်ညအတွင်း အင်မော်တယ်လောကကနေ ပျောက်ကွယ်သွားခဲ့သည်။

ကောင်းကင်ဧကရာဇ်နန်းတော် တည်ရှိခဲ့သည့် ခေတ်ကာလကနေ ယနေ့ခေတ်အထိ အချိန်ကာလများစွာ ဝေးကွာသွားခဲ့ပြီဖြစ်သော်လည်း ကောင်းကင်ဧကရာဇ်နန်းတော် ပျက်စီးခြင်းကို ဖြစ်ပေါ်စေခဲ့သော ထိုကြောက်မက်ဖွယ်ရာ တည်ရှိမှုကြီးသည် အင်မော်တယ်လောကထဲတွင် ရှိ မရှိ ဆိုသည်ကို မည်သူမျှ မသိနိုင်ပေ။

အကယ်၍ အင်မော်တယ်လောကထဲတွင် ရှိနေခဲ့မည် ဆိုလျှင် ကောင်းကင်ဧကရာဇ်နန်းတော် ပေါ်ထွက်လာခြင်းသည် ကိုယ့်သေတွင်း ကိုယ်တူးသည်နှင့် ဘာမှ ခြားနားလိမ့်မည် မဟုတ်ပေ။

“ဧကရာဇ်အနေနဲ့ ကျွန်တော်တို့ကို စိတ်ပူနေစရာမလိုပါဘူး.. ကျွန်တော်တို့အနေနဲ့ ဒီနေရာမှာပဲ ဆက်လက် ကျင့်ကြံနေပြီး ဧကရာဇ်က ကျွန်တော်တို့ကို အင်မော်တယ်လောကထဲ ပြန်လည် ခေါ်ထုတ်ပြီး ကောင်းကင်ဧကရာဇ်နန်းတော်ကို တည်ထောင်တဲ့အချိန် အထိ ကျွန်တော်တို့ စောင့်ဆိုင်းနေပါမယ်”

မိုယွမ်က ကျန်းချန်ကို ကြည့်ကာ လေးနက်စွာ ပြောလိုက်သည်။

“ဒါ့အပြင် ဧကရာဇ်အနေနဲ့ အင်မော်တယ်လောကထဲမှာ သတိထားနိုင်မှ တော်ကာကြမယ်.. ဧကရာဇ်က ကောင်းကင်ဧကရာဇ်နန်းတော်ရဲ့ ဧကရာဇ်အသစ် ဖြစ်တယ်ဆိုတာ အလွယ်တကူ ချပြလို့ မဖြစ်ဘူး.. တစ်ယောက်ယောက်သာ သိသွားခဲ့ရင် အကျိုးဆက်က ခန့်မှန်းလို့ မရလောက်အောင် ဖြစ်သွားလိမ့်မယ်”

ကျန်းချန်က ခေါင်းညိတ်လိုက်ပြီး ချက်ချင်းဆိုသလိုပင် တိုက်ရိုက်ပင် မေးမြန်းလိုက်သည်။

“စီနီယာမိုယွမ်.. တခြားခန်းမတွေရဲ့ တည်နေရာကို စီနီယာ သိလား”

“အဲဒီအချိန်က ရုတ်တရက်ကြီး အပြောင်းအလဲ ဖြစ်သွားခဲ့တဲ့အတွက် အခြားခန်းမတွေ ဘယ်လိုဖြစ်သွားသလဲ ဆိုတာ ကျွန်တော် မသိလိုက်ဘူး”

မိုယွမ်က ခေါင်းခါရမ်းလိုက်ပြီး ချက်ချင်းဆိုသလိုပင် သူ၏လက်ဖဝါးကို လှုပ်ရှားလိုက်ရာ မိုးကြိုးစွမ်းအားများကိန်းအောင်းနေသည့် တံဆိပ်ပြား တစ်ခုသည် သူ၏ လက်ဖဝါးထဲတွင် ပေါ်လာခဲ့သည်။

“ဧကရာဇ်.. ကျွန်တော် ခန်းမသုံးဆယ့်ခြောက်ခုထဲက တစ်ခုဖြစ်တဲ့ မိုးကြိုးခန်းမရဲ့ ဟန်ယွင်အဆင့် ကျင့်ကြံသူတစ်ဦးနဲ့ မိတ်ဆွေ ဖြစ်ခဲ့ဖူးတယ်.. ဒီတံဆိပ်ပြားက အဲဒီလူရဲ့ တံဆိပ်ပြားပဲ.. ဒီတံဆိပ်ပြားက ဧကရာဇ်ကို မိုးကြိုးခန်းမ ရှာဖွေတဲ့နေရာမှာ အကူအညီ ဖြစ်စေနိုင်လိမ့်မယ်”

All Chapters