အခန်း (၂၉၅၅-၂၉၅၆)
Vol. 236 Ch. 2955-2956
အခန်း(၂၉၅၅)
မိုယွမ်က ကျန်းချန် အဘယ်ကြောင့် အခြားခန်းမများ၏ အကြောင်းကို မေးမြန်းရသည်ကို ကောင်းစွာ သိရှိထားခဲ့ပြီး သူသည်လည်း ကျန်းချန်အနေဖြင့် ကောင်းကင်ဧကရာဇ် ချန်ထားရစ်ခဲ့သော မူလအသက်ဓာတ် အပိုင်းအစ အားလုံးကို ရရှိကာ အင်မော်တယ်ဧကရာဇ် အဆင့်သို့ တစ်ဟုန်ထိုး ချိုးဖျက်နိုင်ရန် မျှော်လင့်မိသည်။
သို့ရာတွင် ကောင်းကင်ဧကရာဇ် နန်းတော်၏ ခန်းမသုံးဆယ့်ခြောက်ခု၏ အခြေအနေနှင့် ပတ်သက်၍ မိုယွမ်သည် အမှန်တကယ်ပင် ဘာမှမသိရှိချေ။
ဤတံဆိပ်ပြားသည် သူ ကျန်းချန်ကို ပေးစွမ်းနိုင်သည့် တစ်ခုတည်းသော သဲလွန်စပင် ဖြစ်သည်။
ကျန်းချန်က အားနာမနေတော့ဘဲ မိုယွမ်၏ လက်ထဲရှိ တံဆိပ်ပြားကို လှမ်းယူလိုက်သည်။
ထိုတံဆိပ်ပြားသည် အနည်းဆုံးတော့ သူ့ကို ခန်းမသုံးဆယ့်ခြောက်ခုထဲမှ မိုးကြိုးခန်းမအား ရှာဖွေရန် အတွက် သဲလွန်စပေးစွမ်းနိုင်သည်။
သူသာ မိုးကြိုးခန်းမကို ရှာဖွေတွေ့ရှိနိုင်မည် ဆိုလျှင် တခြားသော သဲလွန်စများကို ရရှိနိုင်ပြီး ကောင်းကင်ဧကရာဇ်နန်းတော်၏ အခြားသော ခန်းမများကိုလည်း ရှာဖွေတွေ့ရှိကောင်း တွေ့ရှိနိုင်ပေလိမ့်မည်။
ထို့နောက် ကျန်းချန်က မိုယွမ်အား ကောင်းကင်ဧကရာဇ်နန်းတော်နှင့် ပတ်သက်သည့် ကိစ္စတချို့ကို မေးမြန်းပြီးနောက်တွင် မိုယွမ်ကို နှုတ်ဆက်ကာ ထျန်းယွမ်ခန်းမ တည်ရှိရာ ကမ္ဘာလောကထဲကနေ ထွက်ခွာလာခဲ့သည်။
------------------
မြောက်ပိုင်းအေးစက်သောအင်မော်တယ်နယ်မြေမှ အမည်မဲ့အင်မော်တယ်မြို့တော်၏ ဗဟိုရင်ပြင်ရှိ လျှို့ဝှက်ဆန်းကြယ်သော အလင်းတန်းများ လှည့်ပတ်စီးဆင်းနေသော ယဇ်ပလ္လင်တစ်ခု၏ အထက်တွင် ပြင်းထန်သော ဟင်းလင်းပြင် တုန်ခါမှု တစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ထိုအခိုက်အတန့်တွင် အမည်မဲ့အင်မော်တယ်မြို့တော် တစ်ခုလုံး၏ အထက်ကောင်းကင်ယံ တစ်ခုလုံးသည် တုန်ခါသွားခဲ့၏။
ဤရုတ်တရက် အပြောင်းအလဲသည် အမည်မဲ့အင်မော်တယ်နန်းတော် အတွင်းရှိ လူအများအပြားကို အံ့အားသင့်သွားစေခဲ့သည်။
ချက်ချင်းဆိုသလိုပင် အမည်မဲ့အင်မော်တယ်မြို့တော်ထဲမှ လူရိပ်တချို့သည် ပျံသန်းလာခဲ့ကြပြီး ဗဟိုရင်ပြင်၏ အထက်ကောင်းကင်ယံတွင် ပေါ်လာခဲ့ကြသည်။
“ရှေးဟောင်းအင်မော်တယ်ဘုရင်ရဲ့ အမွေအနှစ်နယ်မြေက ရုတ်တရက်ကြီး လှုပ်ခတ်သွားတယ်လား.. ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
သူ့ရှေ့မှ မြင်ကွင်းကိုကြည့်ကာ အမည်မဲ့အင်မော်တယ်နန်းတော်မှ တလော့အင်မော်တယ် တစ်ပါး၏ မျက်နှာထက်တွင် မယုံကြည်နိုင်လောက်အောင် အံ့ဩထိတ်လန့်သော အမူအရာများ ဖြစ်ပေါ်နေခဲ့သည်။
ဤရှေးဟောင်းအင်မော်တယ်ဘုရင်၏ အမွေအနှစ် နယ်မြေကို အမည်မဲ့အင်မော်တယ် နန်းတော်၏ ပထမ မျိုးဆက် နန်းတော်သခင်က မတော်တဆ ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။
သူတို့ အမည်မဲ့အင်မော်တယ် နန်းတော်အနေဖြင့် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေတွင် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော် ပြီးလျှင် အစွမ်းအထက်ဆုံးအင်အားစုအဖြစ် ရပ်တည်နိုင်ခြင်းမှာ ဤရှေးဟောင်းအင်မော်တယ်ဘုရင်၏ အမွေအနှစ်နယ်မြေနှင့် ခွဲခြား၍ မရအောင် ဆက်စပ်နေခဲ့၏။
ဤမျှ ကြာမြင့်သော နှစ်များအတွင်း အမည်မဲ့အင်မော်တယ်နန်းတော်သည် အချိန်ကာလတစ်ခုကို ရောက်မှသာ ရှေးဟောင်းအင်မော်တယ်ဘုရင်၏ အမွေအနှစ်နယ်မြေကို ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်ပြီး မည်သည့်အခါမှ အမှားအယွင်းမရှိခဲ့ပေ။
ရှေးဟောင်းအင်မော်တယ်ဘုရင် အမွေအနှစ်နယ်မြေကို နောက်ဆုံးတစ်ကြိမ်က ဖွင့်လှစ်ခဲ့သည်မှာ မကြာမြင့်သေးပေ။
အမှန်တကယ် ဖွင့်လှစ်ရမည့် အချိန်နှင့် များစွာ ကွာဝေးနေသော်လည်း ယခုအခါတွင် ရှေးဟောင်းအင်မော်တယ်ဘုရင်အမွေအနှစ်နယ်မြေသည် ရုတ်တရက်ကြီး လှုပ်ခတ်သွားခဲ့သည်။
ရှေးဟောင်းအင်မော်တယ်ဘုရင်၏ အမွေအနှစ်နယ်မြေထဲတွင် ဤကဲ့သို့ ပုံမှန်မဟုတ်သော အခြေအနေမျိုး ယခင်က တစ်ခါမှ မဖြစ်ပွားခဲ့ဖူးပေ။
“ရှေးဟောင်းအင်မော်တယ်ဘုရင် အမွေအနှစ်နယ်မြေထဲမှာ တစ်စုံတစ်ရာ အပြောင်းအလဲဖြစ်နေပြီထင်တယ်.. အားလုံးပဲ အသင့်ပြင်ထားကြပါ”
ခမ်းနားသော နန်းဝတ်နန်းစား ဝတ်စုံကို ဝတ်ဆင်ထားသည့် လူလတ်ပိုင်းအရွယ် အမျိုးသားက လေးနက်စွာ ပြောလိုက်သည်။
ထိုလူလတ်ပိုင်းအရွယ် အမျိုးသားမှာ တခြားသူမဟုတ်ဘဲ အမည်မဲ့အင်မော်တယ်နန်းတော်၏ ဒုတိယနန်းတော်သခင် ဖြစ်ပြီး အမည်မဲ့အင်မော်တယ် အစည်းအဝေးကို ဦးစီးကျင်းပခဲ့သည့် မိုကျိချန်ပင် ဖြစ်သည်။
“ဝုန်း..”
“ဝုန်း..”
အမည်မဲ့အင်မော်တယ်ခန်းမ၏ အကြီးအကဲတချို့ စောင့်ကြည့်မှုအောက်တွင် ယဇ်ပလ္လင်အထက်ရှိ ဟင်းလင်းပြင် တုန်ခါမှုက ပိုမို၍ ပြင်းထန်လာခဲ့သည်။
သိပ်မကြာခင်မှာပင် တောက်ပသောအလင်းတန်း တစ်ခုသည် ယဇ်ပလ္လင်အထက်၌ ဖြစ်ပေါ်လာခဲ့ပြီး မိုကျိချန်နှင့် အလွန်တရာရင်းနှီးသော ပုံရိပ်တစ်ခုသည် ဟင်းလင်းပြင်ထဲရှိ လေဟာနယ်တွင် ထွက်ပေါ်လာခဲ့သည်။
“ကျန်းချန်ပါလား.. မင်းဘယ်လိုလုပ်ပြီး ဒီကို ရောက်နေတာလဲ”
သူ၏မြင်ကွင်းထဲတွင် ပေါ်လာသော ကျန်းချန်ကို မြင်လျှင် မိုကျိချန်၏ မျက်ဝန်းထဲ၌ မယုံကြည်နိုင်လောက်အောင် အံ့အားသင့်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
အမည်မဲ့အင်မော်တယ် အစည်းအဝေးတွင် ကျန်းချန်သည် သူ၏ ကိုယ်ပိုင်စွမ်းအားကို အသုံးပြု၍ အမည်မဲ့အင်မော်တယ်နန်းတော်၏ ဌာနခွဲ တစ်ဆယ့်ရှစ်ခုမှ ပါရမီရှင်အားလုံးကို ဖိနှိပ်ခဲ့ပြီး ဌာနခွဲနန်းတော်ထဲတွင် အောက်ဆုံးအဆင့်၌ ရှိသည့် ဌာနခွဲ(၁၈)ကို ပထမနေရာသို့ အောင်မြင်စွာ ပို့ဆောင်ပေးခဲ့သည်။
သို့ရာတွင် အမည်မဲ့အင်မော်တယ် အစည်းအဝေး ပြီးဆုံးသွားပြီးနောက်တွင် ကျန်းချန်သည် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေကနေ ထွက်ခွာသွားခဲ့သည် ဖြစ်ရာ ယခုအခါတွင် အဘယ်ကြောင့် ရှေးဟောင်းအင်မော်တယ်ဘုရင်၏ အမွေအနှစ် နယ်မြေထဲကနေ ထွက်လာရပါသနည်း။
ကျန်းချန်က မိုကျိချန်ကို လှမ်းကြည့်လိုက်ပြီး ပြုံး၍ ပြောလိုက်သည်။
“ဒုတိယနန်းတော်သခင်.. မတွေ့ရတာတောင် အတော်ကြာပြီ.. နေကောင်းတယ် မဟုတ်လား”
“ကောင်လေး မင်းဘယ်သူလဲ.. မင်းက ဘယ်လိုလုပ်ပြီး ငါတို့ အမည်မဲ့အင်မော်တယ်နန်းတော်ရဲ့ လျှို့ဝှက်နယ်မြေထဲက ထွက်လာရတာလဲ”
ဤအခိုက်အတန့်တွင် မိုကျိချန်၏ နံဘေးရှိ ကျန်းချန်ကို မသိရှိသော တလော့အင်မော်တယ် တစ်ပါးသည် ကျန်းချန်ကို ဒေါသတကြီး အော်ဟစ်လိုက်သည်။
ကျန်းချန်က ထိုတလော့အင်မော်တယ်ကို တစ်ချက်မျှပင် မကြည့်ဘဲ မိုကျိချန်ကို လက်သီးဆုပ်၍ ဂါဝရပြုကာ ပြောလိုက်သည်။
“ဒုတိယနန်းတော်သခင် ကျွန်တော်က ဒီအတိုင်း ဖြတ်သွားရုံလေးပါ”
အစောပိုင်းက ကျန်းချန်ကို အော်ငေါက်လိုက်သော တလော့အင်မော်တယ်သည် ကျန်းချန်က သူ့ကို အမှန်တကယ်လျစ်လျူရှုထားသည်အား မြင်လိုက်ရလျှင် သူ၏ မျက်ဝန်းထဲ၌ ဒေါသရိပ်များ ယှက်သန်းသွားခဲ့သည်။
ချက်ချင်းဆိုသလိုပင် သူ၏ ခန္ဓာကိုယ်ကနေ ကြောက်မက်ဖွယ် အင်မော်တယ်စွမ်းအားများကို ထုတ်ဖော်ကာ ကျန်းချန်ကို တိုက်ခိုက်ရန် ပြေးဝင်သွားခဲ့သည်။
“ရပ်လိုက်စမ်း”
မိုကျိချန်၏ အမူအရာက ပြောင်းလဲသွားခဲ့ပြီး အလျင်အမြန်ပင် အော်ဟစ် တားဆီးလိုက်သည်။
မတွေ့ရသည်မှာ နှစ်ပေါင်းများစွာကြာပြီးနောက်တွင် ကျန်းချန်၏ လက်ရှိ အရှိန်အဝါသည် အတော်လေး နက်ရှိုင်းနေခဲ့ပြီး အမည်မဲ့အင်မော်တယ် နန်းတော်၏ ဒုတိယ နန်းတော်သခင် ဖြစ်သော သူကိုယ်တိုင် ပင်လျှင် ကျန်းချန်၏ ကျင့်ကြံခြင်းအဆင့်ကို ထိုးဖောက် မမြင်နိုင်တော့ချေ။
လက်ရှိတွင် ကျန်းချန်၏ ကျင့်ကြံခြင်းအဆင့်သည် အနည်းဆုံး တလော့အင်မော်တယ် အဆင့်သို့ ရောက်ရှိနေလောက်ပြီဟု သူတွေးမိခဲ့သည်။
ကျန်းချန်၏ ကြောက်မက်ဖွယ်ပါရမီဖြင့် ဆိုလျှင် ကျန်းချန်၏ ကျင့်ကြံခြင်းအဆင့်သည် တလော့အင်မော်တယ် အဆင့်သို့ ရောက်ရှိသွားသည်နှင့် ကျန်းချန်၏ တိုက်ခိုက်ရေးစွမ်းရည်သည် သာမန် တလော့အင်မော်တယ်များထက် များစွာ ကျော်လွန်နေမည်မှာ သေချာသလောက်ပင်။
သူကိုယ်တိုင်က တလော့အင်မော်တယ် အထွတ်အထိပ်အဆင့် ကျင့်ကြံသူ ဖြစ်သော်လည်း ကျန်းချန်၏ ပြိုင်ဘက် ဖြစ်ချင်မှသာ ဖြစ်နိုင်ပေလိမ့်မည်။
“ကိုယ့်အရည်အချင်း ကိုယ်မသိတဲ့ကောင်”
ကျန်းချန်၏ မျက်နှာက အေးစက်သွားခဲ့ပြီး ချက်ချင်းဆိုသလိုပင် လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ ကမ္ဘာလောကကို တားမြစ်ပိတ်ဆို့နိုင်သော စွမ်းအားတစ်ခုသည် ဟင်းလင်းပြင်ထဲတွင် ချက်ချင်းဆိုသလို ပြည့်နှက်သွားခဲ့သည်။
ကျန်းချန်ထံသို့ ပြေးဝင်လာသော တလော့အင်မော်တယ်၏ ခန္ဓာကိုယ်သည် လေထုထဲတွင် ချက်ချင်းဆိုသလို အေးခဲကာ ရပ်တန့်သွားခဲ့သည်။
“ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
ထိုတလော့အင်မော်တယ်က အတော်လေး ထိတ်လန့်ကြောက်ရွံ့သွားခဲ့သည်။
ကျန်းချန်က ခံစားချက်ကင်းမဲ့သော အမူအရာဖြင့် သူ၏ လက်ချောင်းကို လှုပ်ရှားလိုက်ရာ ဓားအလင်းတန်းတစ်ခုသည် တလော့အင်မော်တယ်ကို တိုက်ရိုက်ပင် ထိမှန်သွားခဲ့သည်။
“ဝုန်း..”
တလော့အင်မော်တယ်က ခုခံနိုင်စွမ်း လုံးဝမရှိဘဲ ကျန်းချန်၏ လက်ညှိုးမှ စွမ်းအားကြောင့် လေထဲတွင် လွင့်စင်သွားခဲ့ပြီး အတော်ဝေးဝေးကို ရောက်ရှိသွားမှသာ သူ၏ ခန္ဓာကိုယ်ဟန်ချက်ကို မနည်းပင် ပြန်လည် ထိန်းချုပ်လိုက်ရသည်။
သူ၏ ပါးစပ်ထဲကနေ သွေးများသည်လည်း အတောမသတ် အန်ထွက်လာခဲ့ပြီး ကျန်းချန်ကို ကြည့်နေသော သူ၏အကြည့်သည် တစ်ခဏအတွင်းမှာပင် ထိတ်လန့်ကြောက်ရွံ့သော အမူအရာများ ပြည့်နှက်သွားခဲ့သည်။
“ကမ္ဘာလောကကို တားဆီးပိတ်ဆို့နိုင်တဲ့ အင်မော်တယ်စွမ်းအားပါလား.. ဒီကောင်က ထိုက်ယီအင်မော်တယ်တောင် ဖြစ်နေပြီပဲ”
သူ့ရှေ့မှ ထိတ်လန့် အံ့ဩစရာကောင်းသော မြင်ကွင်းကို ကြည့်ရင်း မိုကျိချန်သည် မှင်တက်နေခဲ့ကာ အချိန်အတော်ကြာမှ သတိပြန်ဝင်လာခဲ့သည်။
ကျန်းချန်၏ ပါရမီက ပြိုင်ဘက်ကင်းမှန်း သူသိရှိထားပြီး လက်ရှိအချိန်တွင် တလော့အင်မော်တယ် အဆင့်သို့ ရောက်ရှိနေနိုင်သည်ဟု သူ ခန့်မှန်းထားခဲ့သည်။
သို့သော်လည်း ကျန်းချန်က တလော့အင်မော်တယ် အဆင့်ကိုပင် ကျော်လွန်သွားခဲ့ပြီး စစ်မှန်သော ထိုက်ယီအင်မော်တယ်တစ်ပါး ဖြစ်လာလိမ့်မည်ဟု သူထင်မှတ်မထားခဲ့ချေ။
“ဒီကောင်က တကယ်ကို ထူးခြားလွန်းတာပဲ”
မိုကျိချန်က စိတ်နှလုံးထဲကနေ အံ့ဩချီးကျူးလိုက်သည်။
အမည်မဲ့အင်မော်တယ် နန်းတော်၏ ဌာနခွဲ(၁၈)နှင့်အတူ အမည်မဲ့အင်မော်တယ် အစည်းအဝေးသို့ လာရောက်ပါဝင်ခဲ့သော လူငယ်လေးသည် ယခုကဲ့သို့ အဆင့်အထိ ကြီးထွားလာလိမ့်မည်ဟု သူတစ်ခါမှ မတွေးမိခဲ့ချေ။
ထိုက်ယီအင်မော်တယ်အဆင့် ဆိုသည်မှာ မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေ တစ်ခုလုံးတွင်ပင် လက်ချိုးရေတွက်၍ ရသော အဆင့်မျိုး ဖြစ်သည်။
လက်ရှိအချိန်တွင် ကျန်းချန်သည် မြောက်ပိုင်းအေးစက်သောအင်မော်တယ်နယ်မြေ တစ်ခုလုံးဖြင့် ကြည့်လျှင်ပင် အစွမ်းအထက်ဆုံးပုဂ္ဂိုလ် ဖြစ်သည့် မြောက်ပိုင်းအေးစက်သောအင်မော်တယ်ဘုရင် ပြီးလျှင် ဒုတိယမြောက် အစွမ်းအထက်ဆုံး ကျင့်ကြံသူ ဖြစ်နေခဲ့ချေပြီ။
မိုကျိချန်က သက်ပြင်းရှည်ချလိုက်ပြီး အလျင်အမြန်ပင် ပြောလိုက်သည်။
“ကျန်းချန်.. ဒီက အကြီးအကဲက မင်းဘယ်သူလဲ ဆိုတာကို မသိလို့ တိုက်ခိုက်မိတာပါ.. ငါအဘိုးကြီးကပဲ သူ့ကိုယ်စား မင်းကို တောင်းပန်ပါတယ်”
ကျန်းချန်က ရှေးဟောင်းအင်မော်တယ်ဘုရင် အမွေအနှစ်နယ်မြေထဲတွင် ထပ်မံ ပေါ်ထွက်လာခြင်းသည် နောက်ဆုံးအကြိမ်က ရှေးဟောင်းအင်မော်တယ်ဘုရင်၏ အမွေအနှစ်နယ်မြေထဲသို့ ကျန်းချန် ဝင်ရောက်သွားခြင်းနှင့် ပတ်သက်ဆက်နွှယ်မှု ရှိနေမှန်း မိုကျိချန် ကောင်းစွာ ခန့်မှန်းမိခဲ့သည်။
သူ့အနေဖြင့် ဤကိစ္စနှင့်ပတ်သက်၍ ကျန်းချန်ကို ဆက်လက်အပြစ်ရှာရန် စိတ်ကူးမရှိချေ။
ဆိုရလျှင် ကျန်းချန်သည် အမည်မဲ့အင်မော်တယ်အစည်းအဝေးကို ဌာနခွဲ(၁၈)၏ တပည့်တစ်ဦး အနေဖြင့် လာရောက်ပါဝင်ခဲ့ခြင်း ဖြစ်ရာ သူတို့ အမည်မဲ့အင်မော်တယ်နန်းတော်နှင့် ဆက်ဆံရေးတချို့ ရှိနေခဲ့သည်။
ယခုအခါတွင် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေသည် ကပ်ဘေးများ ကျရောက်နေသည့် အချိန်အခါသို့ ရောက်ရှိနေသည် ဖြစ်၍ အမည်မဲ့အင်မော်တယ် နန်းတော်အနေဖြင့် ကျန်းချန်နှင့် မိတ်ဆွေသာ ဖြစ်သင့်ပြီး ရန်သူမလုပ်သင့်ပေ။
ကျန်းချန်၏ အတွေးကလည်း မိုကျိချန်နှင့်အတူတူပင်ဖြစ်သည်။
ထိုစဥ်က အမည်မဲ့အင်မော်တယ်နန်းတော်၏ ဌာနခွဲ(၁၈)သို့ ဝင်ရောက်ခဲ့ပြီး အမည်မဲ့အင်မော်တယ် နန်းတော်နှင့် ဆက်ဆံရေးတချို့ ရှိခဲ့ဖူး၍ သူ့အနေဖြင့် အမည်မဲ့အင်မော်တယ်နန်းတော်၏ ရန်သူ ဖြစ်လာရန် တစ်ခါမှ မတွေးခဲ့ဖူးချေ။
သူက မိုကျိချန်ကို မေးမြန်းလိုက်သည်။
“ဒုတိယနန်းတော်သခင်.. မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေရဲ့ လက်ရှိအခြေအနေက ဘယ်လိုလဲ”
အခန်း(၂၉၅၅)ပြီး၏။
အခန်း(၂၉၅၆)
“မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေမှာ မကြာသေးခင်က ကြီးမားတဲ့ အပြောင်းအလဲတချို့ ဖြစ်ပျက်ခဲ့တယ်”
ကျန်းချန်၏ မေးခွန်းကိုကြားလိုက်ရလျှင် မိုကျိချန်း၏ မျက်နှာအမူအရာက ချက်ချင်းဆိုသလိုပင် လေးနက်သွားခဲ့သည်။
မကြာသေးခင်ကစပြီး မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေတွင် ရုတ်တရက် အပြောင်းအလဲ တစ်ခု ဖြစ်ပွားခဲ့သည်။
ဘယ်ကမှန်း မသိရသည့် လျှို့ဝှက်ဆန်းကြယ်သော အင်အားစုတစ်စုသည် တစ်ညတည်းဖြင့် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေ တစ်ခုလုံးကို ရုတ်တရက် လွှမ်းမိုးသွားခဲ့သည်။
ထိုလျှို့ဝှက်ဆန်းကြယ်သော အင်အားစုကို ရှေးဟောင်းမိစ္ဆာနန်းတော်ဟု ခေါ်ဆိုကြ၏။
မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေ၏ တစ်ခုတည်းသော အင်မော်တယ်ဘုရင် အဆင့် အင်အားစု ဖြစ်သည့် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော် ပင်လျှင် ရှေးဟောင်းမိစ္ဆာနန်းတော်ကို မနှိမ်နင်းနိုင်ခဲ့ပေ။
လက်ရှိအချိန်တွင် ရှေးဟောင်းမိစ္ဆာနန်းတော်သည် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေထဲမှ နယ်မြေအများအပြားကို သိမ်းပိုက်ထားပြီ ဖြစ်သလို မြောက်ပိုင်းအေးစက်သောအင်မော်တယ်နန်းတော်နှင့် ယှဥ်ပြိုင်နိုင်စွမ်းရှိသည့် အလားအလာလည်း ရှိနေခဲ့ချေပြီ။
မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေ၏ အလယ်ဗဟိုရှိ အဓိကပြည်နယ်ကြီးများက လွဲလျှင် ကျန်ရှိသည့် ပြည်နယ် အားလုံးနီးပါးသည် ပရမ်းပတာ အခြေအနေထဲကို ကျရောက်နေခဲ့ပြီ ဖြစ်သည်။
အမည်မဲ့အင်မော်တယ်နန်းတော်၏ ဌာနခွဲနန်းတော် တစ်ဆယ့်ရှစ်ခုသည် ကြီးမားသော ဆုံးရှုံးမှုများနှင့် ရင်ဆိုင်ခဲ့ရသည်။
မိုကျိချန်က မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေ၏ ကမ္ဘာပျက်မတတ် ကြောက်မက်ဖွယ်အပြောင်းအလဲကို ရင်ဆိုင်ဖြေရှင်းနိုင်ရန် အတွက် အမည်မဲ့အင်မော်တယ်နန်းတော်၏ ဌာနခွဲ တစ်ဆယ့်ရှစ်ခုကို ပင်မနန်းတော် ဆီသို့ ခေတ္တဆုတ်ခွာရန် စီစဥ်ထားခဲ့သည်။
မိုကျိချန်၏ စကားကိုကြားလျှင် ကျန်းချန်၏ မျက်ခုံးများက အနည်းငယ် တွန့်ကွေးသွားခဲ့သည်။
သူ မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေကနေ ထွက်ခွာသွားသည့် အချိန်အတောအတွင်း မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေသည် ဤကဲ့သို့ အပြောင်းအလဲကြီးတစ်ခုနှင့် ကြုံတွေ့ခဲ့ရလိမ့်မည်ဟု သူအမှန်တကယ် ထင်မထားခဲ့ပေ။
မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေသည် အင်မော်တယ်လောက၏ ဝေးလံခေါင်သီသော နေရာတွင် ရှိနေပြီး အားနည်းသော အင်မော်တယ်နယ်မြေတစ်ခု ဖြစ်သော်လည်း မည်သို့ပင်ဖြစ်စေကာမူ မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်ကဲ့သို့ အင်မော်တယ်ဘုရင်အဆင့် အင်အားစုရှိနေသလို အင်မော်တယ်ဘုရင်အဆင့် ကျင့်ကြံသူတစ်ယောက်လည်း ရှိနေခဲ့သည်။
ထိုအချက်ကိုထောက်လျှင် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေတွင် ရုတ်တရက် ထွက်ပေါ်လာသည့် လျှို့ဝှက်ဆန်းကြယ်သောအင်အားစု ဖြစ်သော ရှေးဟောင်းမိစ္ဆာနန်းတော်သည် အနည်းဆုံး အင်မော်တယ်ဘုရင်အဆင့် အင်အားစုတစ်စု ဖြစ်နေနိုင်ခြင်းပင်။
မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေထဲတွင် အင်မော်တယ်ဘုရင် အဆင့် အင်အားစု တစ်စုသည် ရုတ်တရက် မည်ကဲ့သို့ ပေါ်ထွက်လာရပါသနည်း။
“ရှေးဟောင်းမိစ္ဆာနန်းတော်က အင်မော်တယ်လောကမှာ ပေါ်ထွက်လာမယ်လို့ ငါမထင်ထားခဲ့ဘူး.. ကြည့်ရတာ အင်မော်တယ်လောကတော့ ပရမ်းပတာ ဖြစ်တော့မယ်ထင်တယ်”
ထိုအချိန်မှာပင် အင်မော်တယ်ကျောက်တိုင်ဝိညာဥ်၏ အနည်းငယ် လေးလံသော စကားသံက ကျန်းချန်၏ စိတ်ထဲတွင် ထွက်ပေါ်လာခဲ့သည်။
ကျန်းချန်က အံ့ဩတုန်လှုပ်သွားခဲ့ပြီး အင်မော်တယ်ကျောက်တိုင်ဝိညာဥ်ကို မေးလိုက်သည်။
“စီနီယာက ရှေးဟောင်းမိစ္ဆာနန်းတော် အကြောင်းကို သိနေတာလား”
“ရှေးဟောင်းမိစ္ဆာနန်းတော်က ဘယ်နေရာကလာမှန်း ဘယ်သူမှမသိကြတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ အင်အားစုတစ်စုပဲ.. အဲဒီအင်အားစုက အင်မော်တယ်လောကရဲ့ အပြင်ဘက်ကနေ လာတာလည်း ဖြစ်နိုင်တယ်.. အဲဒီအင်အားစုက အရမ်းပဲ ကြောက်စရာကောင်းတယ်.. သူ့ရဲ့ ပေါ်ထွက်လာမှုက အင်မော်တယ်လောကရဲ့ ကပ်ဘေးကြီး စတင်လာတာကို အချက်ပြလိုက်တာပဲ.. အင်မော်တယ်လောကမှာ အင်မော်တယ်ဧကရာဇ်တွေမရှိတော့တာက ဒီရှေးဟောင်းမိစ္ဆာနန်းတော်နဲ့ အတော်လေး ပတ်သက် ဆက်နွှယ်နေတယ်.. အင်မော်တယ်လောကကို ကောင်းကင်ဧကရာဇ်နန်းတော် အုပ်စိုးခဲ့တဲ့ ခေတ်ကာလမှာ ကောင်းကင်ဧကရာဇ်နန်းတော် ပျက်စီးသွားရတာက ဒီရှေးဟောင်းမိစ္ဆာနန်းတော်နဲ့ ပတ်သက်နေလိမ့်မယ်လို့ ငါ ခံစားမိတယ်”
အင်မော်တယ်ကျောက်တိုင်ဝိညာဥ်၏ စကားကို ကြားလိုက်ရလျှင် ကျန်းချန် အလွန်အမင်း တုန်လှုပ်သွားခဲ့သည်။
ရှေးဟောင်းမိစ္ဆာနန်းတော်သည် ဤမျှအထိ ကြောက်စရာကောင်းသော နောက်ခံသမိုင်းကြောင်း ရှိနေလိမ့်မည်ဟု သူအမှန်တကယ် မျှော်လင့်မထားခဲ့ပေ။
“စီနီယာ ဒါက မဖြစ်နိုင်ဘူးထင်တယ်.. အဲဒီအချိန်က ကောင်းကင်ဧကရာဇ်နန်းတော်က အင်မော်တယ်လောကထဲကနေ တစ်ညတည်းနဲ့ ပျောက်ကွယ်သွားခဲ့တယ်.. တကယ်လို့ ရှေးဟောင်းမိစ္ဆာနန်းတော်သာ အဲလို အင်အားမျိုး ရှိတယ်ဆိုရင် သူတို့က ကောင်းကင်ဧကရာဇ်နန်းတော်ရဲ့ နေရာမှာ အစားထိုးပြီး အင်မော်တယ်လောက တစ်ခုလုံးကို စိုးမိုးထားလောက်ပြီ မဟုတ်လား”
ကျန်းချန်က သူ၏ စိတ်နှလုံးထဲမှ ထိတ်လန့်မှုကို ဖိနှိပ်လိုက်ပြီး မယုံကြည်နိုင်စွာ ပြောလိုက်သည်။
“မဖြစ်နိုင်တာ ဘာမှ မရှိဘူး.. ငါ ဧကရာဇ်ရှချင်းရဲ့နောက်ကို လိုက်ခဲ့တုန်းက ဧကရာဇ်ရှချင်းနဲ့ အတူ ရှေးဟောင်းမိစ္ဆာနန်းတော်ရဲ့ အချက်အလက်တချို့ကို စစ်ဆေးခဲ့ဖူးတယ်.. ကောင်းကင်ဧကရာဇ်နန်းတော်က အင်မော်တယ်လောကကို အုပ်ချုပ်ခဲ့တဲ့ ခေတ်မှာကတည်းက ရှေးဟောင်းမိစ္ဆာနန်းတော်က ရှိနှင့်နေပြီးသားပဲ”
အင်မော်တယ်ကျောက်တိုင်ဝိညာဥ်က သက်ပြင်းရှည်ချကာ ပြောလိုက်သည်။
“ကဲပါ ဒီကိစ္စကို နောက်မှပဲပြောကြတာပေါ့.. အရင်ဆုံး မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေထဲက ရှေးဟောင်းမိစ္ဆာနန်းတော်ရဲ့ အခြေအနေကို သွားပြီး စုံစမ်းကြည့်လိုက်ဦး”
ထိုစကားကိုကြားလျှင် ကျန်းချန်က ဆက်လက်မမေးတော့ဘဲ မိုကျိချန်ကို ကြည့်ကာ ပြောလိုက်သည်။
“ဒုတိယနန်းတော်သခင်.. စန်းယွင်ပြည်နယ်က အမည်မဲ့အင်မော်တယ်နန်းတော် ဌာနခွဲရဲ့ အခြေအနေရော ဘယ်လိုရှိလဲ”
“ငါလည်းမသိဘူး”
မိုကျိချန်က ခေါင်းခါရမ်းကာ ပြောလိုက်သည်။
“ငါ စန်းယွင်ပြည်နယ်က အမည်မဲ့အင်မော်တယ် နန်းတော်ဌာနခွဲကို ပင်မနန်းတော်ဆီ ဆုတ်ခွာဖို့အတွက် အမိန့်ပေးပြီးသားပဲ.. ဒါပေမဲ့ အခုထက်ထိ ဘာသတင်းမှ ပြန်မလာသေးဘူး”
ထိုစကားကိုကြားလျှင် ကျန်းချန်၏ စိတ်နှလုံးက ရုတ်တရက် လေးလံသွားခဲ့သည်။
မိုကျိချန် ဆီမှာပင် စန်းယွင်ပြည်နယ်ရှိ အမည်မဲ့အင်မော်တယ်နန်းတော် ဌာနခွဲ၏ သတင်းမရှိဘူး ဆိုလျှင် စန်းယွင်ပြည်နယ်တွင် တစ်စုံတစ်ရာ ဖြစ်ပွားနေခဲ့သည်မှာ သေချာသလောက်ပင်။
သူအနေဖြင့် စန်းယွင်ပြည်နယ်ကနေ ထွက်ခွာသွားခဲ့သည်မှာ ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
ဤနှစ်ပိုင်းအတွင်း အဆင့်နိမ့် စကြဝဠာမှ သူ၏ ဆွေမျိုးများနှင့် မိတ်ဆွေများသည် သူချန်ထားပေးခဲ့သော လမ်းကြောင်းအတိုင်း လိုက်လာပြီး စန်းယွင်ပြည်နယ်မှ တစ်ဆင့် အင်မော်တယ်လောကဆီကို တက်လှမ်းလာရန် ဖြစ်နိုင်ခြေရှိသည်။
သူတို့၏ စွမ်းအားဖြင့် ဆိုလျှင် အင်မော်တယ်လောကကို ပထမဆုံး စတင်ဝင်ရောက်ချိန်တွင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်း များစွာ ရှိမည်မဟုတ်ချေ။
ထို့ကြောင့် သူ့အနေဖြင့် စန်းယွင်ပြည်နယ်ကို အမြန်ဆုံးပြန်သွားကာ အခြေအနေကို စုံစမ်းရပေလိမ့်မည်။
“ဒုတိယနန်းတော်သခင် ကျွန်တော် စန်းယွင်ပြည်နယ်ကို သွားတော့မယ် နှုတ်ဆက်ပါတယ်”
စကားဆုံးသည်နှင့် ကျန်းချန်၏ ခန္ဓာကိုယ်သည် ဟင်းလင်းပြင်ကို ချက်ချင်းဆိုသလို ကျော်ဖြတ်သွားခဲ့ပြီး မိုကျိချန်တို့ လူစု၏ ရှေ့ကနေ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားခဲ့သည်။
----------------
မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေ၏ စန်းယွင်ပြည်နယ်ရှိ ထျန်းရွှေအင်မော်တယ်မြို့တော်မှ လော့ရွှေကုန်သည် အဖွဲ့အစည်းသည် ကျန်းချန်နှင့် ပတ်သက်နေသဖြင့် အဆင့်အတန်း တစ်ဟုန်ထိုး မြင့်တက်လာခဲ့သည်။
အထူးသဖြင့် ကျန်းချန်က အမည်မဲ့အင်မော်တယ်အစည်းအဝေးကို သွားရောက်ပြီး အမည်မဲ့အင်မော်တယ်နန်းတော်၏ ဧည့်အကြီးအကဲ ဖြစ်လာခဲ့ပြီးနောက်တွင် အမည်မဲ့အင်မော်တယ်နန်းတော်သည် လော့ရွှေကုန်သည်အဖွဲ့ကို လုမိသားစုအား ချေမှုန်းနိုင်ရန် အတွက် အင်အားကြီးပုဂ္ဂိုလ် တစ်ယောက်ကိုပင် တိုက်ရိုက် စေလွှတ်ပေးခဲ့သည်။
လော့ရွှေကုန်သည်အဖွဲ့သည် လုမိသားစုကို ဝါးမျိုပြီးသည့်နောက်တွင် ထျန်းရွှေအင်မော်တယ် မြို့တော်၏ အငြင်းပွားဖွယ်ရာမရှိ နံပါတ်တစ် အင်အားစု ဖြစ်လာခဲ့၏။
နှစ်ပေါင်းများစွာ ကြာလာသည်နှင့်အမျှ အမည်မဲ့အင်မော်တယ်နန်းတော်၏ ပံ့ပိုးမှုနှင့်အတူ လော့ရွှေကုန်သည်အဖွဲ့သည် ပို၍ပင် လျင်မြန်စွာ ကြီးထွားလာခဲ့သည်။
လော့ဝူကျိ အပါအဝင် ရွှေအင်မော်တယ် အနည်းငယ် ပေါ်ထွက်လာခဲ့ရုံတင် မကဘဲ လော့ချန်ချိုး၏ ကျင့်ကြံခြင်းအဆင့်သည်လည်း ရွှေအင်မော်တယ် နဝမအဆင့်ကို တစ်ဟုန်ထိုး ရောက်ရှိသွားခဲ့သည်။
ယနေ့ခေတ်တွင် လော့ရွှေကုန်သည်အဖွဲ့သည် စန်းယွင်ပြည်နယ်၏ အင်မော်တယ်မြို့တော်များထဲတွင် အင်အားအကောင်းဆုံး ရွှေအင်မော်တယ်အဆင့် အင်အားစုများထဲမှ တစ်စုအဖြစ် သတ်မှတ်ခံနေရပြီဟုပင် ဆို၍ရသည်။
လော့ရွှေကုန်သည်အဖွဲ့၏ အစည်းအဝေးခန်းမထဲတွင် လော့ရွှေကုန်သည်အဖွဲ့၏ ခေါင်းဆောင်များ ဖြစ်ကြသည့် လော့ချန်ချိုးနှင့် လော့ဝူကျိတို့ ရှိနေခဲ့ကြပြီး ခန်းမ၏ လေထုသည် အလွန်ပင် လေးလံနေခဲ့သည်။
အကယ်၍ ကျန်းချန်သာ ဤနေရာတွင် ရှိနေခဲ့လျှင် ရင်းနှီးသော ပုံရိပ်တစ်ခုကို တစ်ချက် ကြည့်ရုံဖြင့်ပင် ခန်းမထဲ၌ သေချာပေါက် ရှာတွေ့နိုင်ပေလိမ့်မည်။
ထိုလူမှာ အခြားသူ မဟုတ်ဘဲ နတ်ဘုရားနယ်မြေ၏ ဖျက်ဆီးခြင်းလမ်းစဥ် အုပ်စိုးသူဟောင်း တစ်ဦးဖြစ်သည့် ဝူရှင်းပင်ဖြစ်သည်။
နတ်ဘုရားနယ်မြေ၏ ဂန္တဝင်ပုဂ္ဂိုလ် တစ်ဦး အနေဖြင့် ဝူရှင်း၏ ပါရမီသည် အလွန်ပင် ထူးခြားသည်။
နတ်ဘုရားနယ်မြေထဲက ထွက်ခွာလာပြီးနောက်တွင် ဝူရှင်းသည် အတိတ်ဘဝက အထွတ်အထိပ်အဆင့်ကို လျင်မြန်စွာ ပြန်လည် ရောက်ရှိလာခဲ့ပြီး အတားအဆီးများကို ကျော်ဖြတ်ကာ ကျန်းချန် ချန်ထားရစ်ခဲ့သည့် လမ်းကြောင်းအတိုင်း အင်မော်တယ်လောကထဲကို ဝင်ရောက်လာခဲ့သည်။
ကျန်းချန်၏ စီစဥ်ထားမှုကြောင့် ဝူရှင်းသည် အင်မော်တယ်လောကထဲကို ဝင်ရောက်လာပြီးသည့်နောက်တွင် လော့ရွှေကုန်သည်အဖွဲ့နှင့် ချိတ်ဆက်မိသွားခဲ့သည်။
ဤသို့ဖြင့် လော့ရွှေကုန်သည်အဖွဲ့၏ အထူး ပျိုးထောင်ပေးမှုနှင့်အတူ ဝူရှင်းသည် အင်မော်တယ်လောကထဲကို ဝင်ရောက်ပြီး ဆယ်စုနှစ် အနည်းငယ်အတွင်းမှာပင် အတုအယောင်အင်မော်တယ် ဘဝကနေ ကောင်းကင်အင်မော်တယ် ပထမအဆင့်အထိ ကြီးထွားလာခဲ့ပြီး အင်အား အလွန် လျင်မြန်စွာ တိုးတက်လာခဲ့သည်။
“အားလုံးပဲ.. ရှေးဟောင်းမိစ္ဆာနန်းတော်က စန်းယွင်ပြည်နယ်ဆီကို အင်အားစုတစ်စု စေလွှတ်လိုက်ပြီ.. စန်းယွင်အင်မော်တယ်နန်းတော်ကတော့ ရှုံးနိမ့်သွားပြီလို့ ကြားတယ်...ငါတို့ လော့ရွှေအင်မော်တယ် မြို့တော်လည်း သိပ်မကြာခင် ကပ်ဘေးကြီးနဲ့ ရင်ဆိုင်ရတော့မယ် ထင်တယ်”
အချိန်မည်မျှကြာသွားမှန်းပင် မသိရပေ။
အဆုံးသတ်တွင် လော့ချန်ချိုးသည် ခန်းမထဲမှ တိတ်ဆိတ်မှုကို စတင် ဖြိုခွင်းလိုက်သည်။
လော့ချန်ချိုး၏ စကားကို ကြားလျှင် ခန်းမထဲမှ လူများက လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့ကြသည်။
ရှေးဟောင်းမိစ္ဆာနန်းတော်သည် မြောက်ပိုင်းအေးစက်သောအင်မော်တယ်နန်းတော်ကိုပင် ယှဥ်နိုင်သည့် အင်အားစုကြီး ဖြစ်သည်။
ယခုအခါ ရှေးဟောင်းမိစ္ဆာနန်းတော်က စန်းယွင်ပြည်နယ်ကို ကျူးကျော်ဝင်ရောက်လာခဲ့ပြီဖြစ်သလို စန်းယွင်ပြည်နယ် ထဲမှ တလော့အင်အားစု ဖြစ်သည့် စန်းယွင်အင်မော်တယ်နန်းတော် ပင်လျှင် ရှေးဟောင်းမိစ္ဆာနန်းတော်၏ လက်ချက်ဖြင့် အလွယ်တကူ ရှုံးနိမ့်သွားခဲ့ရပြီ ဖြစ်ရာ စန်းယွင်ပြည်နယ်၌ ရှေးဟောင်းမိစ္ဆာနန်းတော်ကို မည်သူက ခုခံနိုင်ပါဦးမည်နည်း။
“ခေါင်းဆောင်.. ရှေးဟောင်းမိစ္ဆာနန်းတော်ကို တားဆီးဖို့ ခက်ခဲလိမ့်မယ်.. အချိန်မနှောင်းခင် ငါတို့ စန်းယွင်ပြည်နယ် ဆီကနေ အမြန်ဆုံး ဆုတ်ခွာကြရအောင်”
လော့ရွှေကုန်သည်အဖွဲ့မှ အကြီးအကဲ တစ်ယောက်က ထိတ်လန့်တကြားဖြင့် ပြောလိုက်သည်။
“စန်းယွင်ပြည်နယ်ကနေ ဆုတ်ခွာဖို့လား”
လော့ချန်ချိုးက ရုတ်တရက် မချိပြုံး ပြုံးလိုက်သည်။
ယခုအခါတွင် ရှေးဟောင်းမိစ္ဆာနန်းတော်သည် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေ တစ်ခုလုံးကို လွှမ်းမိုးထားပြီးပြီဖြစ်ပြီး မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော် ပင်လျှင် ဖိအားများဖြင့် ရင်ဆိုင်နေခဲ့ရသည်။
ရှင်းလင်းစွာဆိုရလျှင် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေ၏ ပြည်နယ် တစ်ဆယ့်ရှစ်ခုတွင် ဘေးကင်းသော နေရာဟူ၍ သိပ်မရှိတော့ပေ။
သူတို့လို သေးငယ်သော အင်အားစုလေး ဖြစ်သည့် လော့ရွှေကုန်သည်အဖွဲ့သည် မည်သည့်နေရာကို ဆုတ်ခွာနိုင်ပါဦးမည်နည်း။