← Chapters

အခန်း (၂၉၅၇-၂၉၅၈)

Vol. 236 Ch. 2957-2958

အခန်း (၂၉၅၇-၂၉၅၈)

Vol. 236 Ch. 2957-2958

အခန်း(၂၉၅၇)

“ဝုန်း..”

လော့ချန်ချိုးတို့ လော့ရွှေကုန်သည်အဖွဲ့၏ အကြီးအကဲများ ဆွေးနွေးနေသောအချိန်မှာပင် ထျန်းရွှေအင်မော်တယ်မြို့တော်၏ ကောင်းကင်ယံထက်တွင် တလော့အရှိန်အဝါ တစ်ခုက ရုတ်တရက် ပျံ့နှံ့လာခဲ့သည်။

တစ်ချိန်တည်းမှာပင် အေးစက်စက် အသံတစ်သံသည် ထျန်းရွှေအင်မော်တယ်မြို့တော်၏ အထက် ကောင်းကင်ယံတွင် ပဲ့တင်ထပ်သွားခဲ့သည်။

“ထျန်းရွှေအင်မော်တယ်မြို့တော်က လူတွေ ဒီအရှင်ရဲ့ စကားကို နားထောင်စမ်း.. အသက်ရှင်ချင်ရင် နာရီဝက်အတွင်း အပြင်ထွက်လာပြီး ငါတို့ ရှေးဟောင်းမိစ္ဆာနန်းတော် ဆီမှာ အညံ့ခံ.. မဟုတ်ရင်တော့ ထျန်းရွှေအင်မော်တယ်မြို့တော်ထဲကို ဒီအရှင် ဝင်လာတာနဲ့ ကြက်တစ်ကောင်တောင် ချန်ထားခဲ့မှာ မဟုတ်ဘူး”

အေးစက်စက် စကားသံက ထျန်းရွှေအင်မော်တယ်မြို့တော်၏ အထက် ကောင်းကင်ယံတွင် ပဲ့တင်ထပ်နေခဲ့သောကြောင့် ထျန်းရွှေအင်မော်တယ်မြို့တော် တစ်ခုလုံးက ကြောက်ရွံ့တုန်လှုပ်သွားခဲ့သည်။

လော့‌ရွှေကုန်သည်အဖွဲ့မှ လော့ချန်ချိုးတို့ လူစုသည်လည်း ထိတ်လန့်သွားခဲ့ကြ၏။

ရှေးဟောင်းမိစ္ဆာနန်းတော်က ရောက်လာသူများ၏ အရှိန်အဟုန်သည် အမှန်တကယ်ပင် မနှေးပေ။

ထို့အပြင် ဤတစ်ကြိမ် ရှေးဟောင်းမိစ္ဆာနန်းတော်ကနေ ထျန်းရွှေအင်မော်တယ် မြို့တော် ဆီကို ရောက်လာသည့်သူသည် တလော့အင်မော်တယ် ဖြစ်နေခဲ့သည်။

သူတို့ ထျန်းရွှေအင်မော်တယ်မြို့တော်၏ အင်အားဖြင့်ဆိုလျှင် တလော့အင်မော်တယ် တစ်ပါးကို မည်ကဲ့သို့ ယှဥ်ပြိုင်နိုင်ပါမည်နည်း။

“သွားကြစို့.. အပြင်ထွက်ပြီး ကြည့်ရအောင်”

လော့ချန်ချိုးက သက်ပြင်းရှည်ချလိုက်ပြီး ထျန်းရွှေအင်မော်တယ်မြို့တော်၏ ကောင်းကင်ယံထက်တွင် ချက်ချင်းဆိုသလို ပေါ်လာခဲ့သည်။

တစ်ချိန်တည်းမှာပင် နင်မိသားစု ခေါင်းဆောင်ကလည်း လော့ချန်ချိုး၏ နံဘေးတွင် တိုက်ရိုက် ပေါ်လာခဲ့သည်။

သူက ထျန်းရွှေအင်မော်တယ်မြို့တော်၏ အပြင်ဘက်မှ မိစ္ဆာပုံရိပ်ကို ကြည့်ရင်း သူ၏ အမူအရာက လေးနက်သွားခဲ့သည်။

“ညီနောင်လော့.. ရှေးဟောင်းမိစ္ဆာနန်းတော်ရဲ့ တလော့အင်မော်တယ် ရောက်လာပြီ.. ငါတို့ သူ့ကို ယှဥ်နိုင်မှာမဟုတ်ဘူး.. ငါတို့ အခု ဘာဆက်လုပ်သင့်လဲ”

လော့ချန်ချိုးက လေးနက်စွာ ပြောလိုက်သည်။

“မီးစင်ကြည့်ပြီး ကကြတာပေါ့”

စစ်မှန်သော တလော့အင်မော်တယ်တစ်ပါး၏ ရှေ့မှောက်တွင် သူတို့ ထျန်းရွှေအင်မော်တယ် မြို့တော်သည် မည်သည့်ခုခံနိုင်စွမ်းမျှ ရှိမည်မဟုတ်ပေ။

သူတို့ နှစ်ယောက် စကားပြောဆိုနေစဥ်မှာပင် ဟင်းလင်းပြင်အထက်တွင် ဝင့်ကြွားစွာ ရပ်နေသည့် တစ္ဆေသရဲ ကဲ့သို့ ပုံရိပ်သည် လော့ချန်ချိုးတို့ နှစ်ယောက်ကို တိုက်ရိုက်ပင် လှမ်းကြည့်လိုက်သည်။

သူ၏ အေးစက်စက် စကားသံက ပတ်ဝန်းကျင်တစ်ခုလုံးကို ပဲ့တင်ထပ်သွားခဲ့၏။

“မင်းတို့ နှစ်ယောက်က လော့ရွှေကုန်သည်အဖွဲ့နဲ့ နင်မိသားစုရဲ့ ခေါင်းဆောင်တွေပဲ ဖြစ်ရမယ်.. မင်းတို့ ငါ့ဆီမှာ အညံ့ခံမလား ဒါမှမဟုတ် အသေခံမလား.. မင်းတို့ ကြိုက်ရာကို ရွေးချယ်နိုင်တယ်”

လော့ချန်ချိုးက နှာခေါင်းရှုံ့ကာ အေးစက်စက် ပြောလိုက်သည်။

“အိပ်မက်မက်မနေနဲ့.. ငါတို့ လော့ရွှေကုန်သည်အဖွဲ့က ရှေးဟောင်းမိစ္ဆာနန်းတော်ကို ဘယ်တော့မှ အညံ့ခံမှာ မဟုတ်ဘူး”

လော့ချန်ချိုးက ရှေးဟောင်းမိစ္ဆာနန်းတော်၏ နောက်ခံကို မသိသော်လည်း ရှေးဟောင်းမိစ္ဆာနန်းတော်သည် အင်မော်တယ်လောကမှ လက်မခံသော အင်အားစု ဖြစ်မှန်း ကောင်းစွာသိထားသည်။

အကယ်၍ လော့ရွှေကုန်သည်အဖွဲ့က ရှေးဟောင်းမိစ္ဆာနန်းတော်တွင် အညံ့ခံခဲ့လျှင်ပင် ကောင်းမွန်သော အဆုံးသတ်ရှိလာလိမ့်မည်ဟု သူ မထင်ပေ။

“ကောင်းပြီလေ.. မင်းတို့က ကိုယ့်သေတွင်း ကိုယ်တူးနေမှတော့ ငါအရှင်က မင်းတို့ရဲ့ဆန္ဒကို ဖြည့်ဆည်းပေးရသေးတာပေါ့”

စကားဆုံးသည်နှင့် သူ၏ ခန္ဓာကိုယ်ကနေ မိစ္ဆာစွမ်းအင်များ ဆူနာမီကဲ့သို့ လှိုင်းထန်ကာ ထွက်ပေါ်လာခဲ့သည်။

သူက လက်ဖဝါးကို ဝှေ့ယမ်းလိုက်ရာ ကောင်းကင်နှင့်နေမင်းကိုပင် ဖုံးလွှမ်းသွားသည့် မိစ္ဆာလက်ဝါးကြီး အဖြစ် ပြောင်းလဲသွားခဲ့ပြီး ထျန်းရွှေအင်မော်တယ် မြို့တော်၏ ကောင်းကင်ယံကနေ ဆင်းသက်လာခဲ့သည်။

ရွှေအင်မော်တယ် နဝမအဆင့်ကို ရောက်ရှိနေသည့် လော့ချန်ချိုးပင်လျှင် မိစ္ဆာလက်ဝါးကြီး၏ အရှိန်အဝါ ဖိအားအောက်တွင် အသက်ရှူရကျပ်သလို ခံစားလိုက်ရ၏။

ဤလက်ဝါးကြီးသာ ကျဆင်းလာမည် ဆိုလျှင် ထျန်းရွှေအင်မော်တယ်မြို့တော်တစ်ခုလုံးသည် မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားလိမ့်မည်ကိုပင် သူစိုးရိမ်နေမိသည်။

လော့ချန်ချိုးက အံကြိတ်လိုက်ပြီး သူ၏ ခန္ဓာကိုယ်ထဲမှ စွမ်းအားများကို အပြည့်အဝ လှုံ့ဆော်ကာ အင်မော်တယ်စွမ်းအားများကို ပေရာချီ ကြီးမားသော ရေခဲတုံး အဖြစ် ပြောင်းလဲလိုက်ပြီး မိစ္ဆာလက်ဝါးကြီးကို ထိပ်တိုက်ရင်ဆိုင်လိုက်သည်။

လော့ချန်ချိုးသည် ဤအတောအတွင်း အမည်မဲ့အင်မော်တယ်နန်းတော်၏ ပံ့ပိုးမှုကို ရရှိခဲ့ပြီး အမည်မဲ့ အင်မော်တယ်နန်းတော်ကနေ အမည်မဲ့အင်မော်တယ်နှင်းရည် အမြောက်အများကို ရရှိခဲ့သောကြောင့် ကျင့်ကြံခြင်းအဆင့် တစ်ဟုန်ထိုး တိုးတက်လာခဲ့ပြီး ရွှေအင်မော်တယ် နဝမအဆင့်ကို ရောက်ရှိခဲ့သည်မှာ မှန်သော်လည်း မိစ္ဆာလက်ဝါးကြီး၏ ဖိအားအောက်တွင်မူ မည်သို့မှ ခုခံနိုင်စွမ်းမရှိခဲ့ပေ။

ပေရာချီရှိသော ရေခဲတုံးကြီးသည် မိစ္ဆာလက်ဝါးကြီး၏ ဖိနှိပ်မှုအောက်တွင် မျက်စိဖြင့် မြင်သာသော အရှိန်အဟုန်ဖြင့် အထက်ကနေ အောက်ဘက်ကို တိုက်ရိုက်ဆိုသလို ကြေမွသွားခဲ့သည်။

“ဖူး..”

လော့ချန်ချိုး၏ လည်ချောင်းကနေ ချိုအီသော အရသာတစ်ခုနှင့် အတူ သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရ၏။

သူ၏ မျက်နှာက ချက်ချင်းဆိုသလိုပင် အလွန်တရာ ဖြူဖျော့သွားခဲ့သည်။

သူက အရှိန်အဟုန်ပြင်းစွာဖြင့် အောက်ဘက်သို့ ကျဆင်းလာသည့် အနက်ရောင်မိစ္ဆာလက်ဝါးကြီးကို မော့ကြည့်လိုက်သည်။

သူ၏မျက်နှာထက်တွင် စိတ်ပျက်အားလျော့သော အမူအရာများ ဖြစ်ပေါ်လာခဲ့၏။

တလော့အင်မော်တယ် စွမ်းအားသည် အမှန်တကယ်ပင် ကြောက်မက်ဖွယ်ရာကောင်းပြီး သူခုခံနိုင်သည့်အရာမျိုး မဟုတ်ပေ။

ဤအတိုင်းသာဆိုလျှင် ယနေ့တွင် ထျန်းရွှေအင်မော်တယ်မြို့တော်သည် လုံးဝ အဆုံးသတ်သွားတော့မည်ဖြစ်၏။

သို့သော်လည်း လော့ချန်ချိုး စိတ်လျော့လိုက်ပြီး မျက်လုံးများ မှိတ်လိုက်သည့် အချိန်မှာပင် သူ၏ ဦးခေါင်းအထက်ရှိ ဟင်းလင်းပြင်တွင် ရုတ်တရက် အက်ကွဲသံ တစ်သံ ထွက်ပေါ်လာခဲ့ပြီး အောက်ဘက်သို့ ကျဆင်းလာသည့် အနက်ရောင်မိစ္ဆာလက်ဝါးကြီးသည် လော့ချန်ချိုး မျှော်လင့်ထားသလို ဆက်လက် ကျဆင်းမလာခဲ့ပေ။

လော့ချန်ချိုးက ချက်ချင်းဆိုသလိုပင် သူ၏ မျက်လုံးများကို ရုတ်တရက် ဖွင့်ကြည့်လိုက်ရာ သူ၏ ဦးခေါင်းအထက်ရှိ ဟင်းလင်းပြင်တွင် လျှို့ဝှက်ဆန်းကြယ်သော ဓားကျိုးတစ်လက်ဖြင့် အောက်ဘက်သို့ ကျဆင်းလာသော အနက်ရောင်မိစ္ဆာလက်ဝါးကြီးကို ထောက်ကန်ထားသည့် အနက်ရောင်ဝတ်စုံဝတ် လူငယ်တစ်ယောက်ကို မြင်လိုက်ရသည်။

“ကျန်းချန်ပါလား”

ရုတ်တရက် ပေါ်ထွက်လာသော ရင်းနှီးသည့်ပုံရိပ်ကိုမြင်လျှင် လော့ချန်ချိုးသည် အိပ်မက်မက်နေသကဲ့သို့ ခံစားလိုက်ရပြီး သူ့မျက်လုံးကိုပင် ကိုယ်တိုင် လုံးဝ မယုံကြည်နိုင် ဖြစ်နေခဲ့သည်။

ဤကဲ့သို့ သေရေးရှင်ရေးအချိန်တွင် ကျန်းချန် ပြန်လာလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

ကျန်းချန်သည် တလော့အင်မော်တယ်နှင့် ယှဥ်ပြိုင်နိုင်သည့် စွမ်းအားကို ပိုင်ဆိုင်ထားပြီး ရှေးဟောင်းမိစ္ဆာနန်းတော်မှ တလော့အင်မော်တယ်၏ တိုက်ကွက်ကိုပင် ခုခံနိုင်ခဲ့သည်။

ကျန်းချန်က အလွန်အမင်း ပါရမီ ထူးချွန်သူဖြစ်မှန်း သူသိထားသော်လည်း လော့ရွှေကုန်သည်အဖွဲ့ကနေ ကျန်းချန်ထွက်ခွာသွားစဥ်တွင် ကျန်းချန်၏ ကျင့်ကြံခြင်းအဆင့်သည် ကောင်းကင်အင်မော်တယ် အဆင့်တွင်သာ ရှိနေသေးသည်။

ဆယ်စုနှစ် အနည်းငယ်အတွင်းမှာပင် ထိုကောင်လေးသည် တလော့အင်မော်တယ်နှင့်ပင် ယှဥ်ပြိုင်နိုင်သည့် အရည်အချင်း ရှိလာခဲ့ပါသလော။

“ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

ကျန်းချန်၏ ကြီးထွားလာမှုက အနည်းငယ် မယုံကြည်နိုင်စရာ ကောင်းသော်လည်း လော့ချန်ချိုး၏ စိတ်နှလုံးထဲတွင်မူ ဤအချိန်တွင် စိတ်လှုပ်ရှားမှုများ ဖြစ်ပေါ်လာခဲ့သည်။

ကျန်းချန်သာ တလော့အင်မော်တယ်နှင့် ယှဥ်ပြိုင်နိုင်သောခွန်အား အမှန်တကယ် ရှိနေခဲ့လျှင် ယနေ့တွင် ထျန်းရွှေအင်မော်တယ် မြို့တော်သည် သေချာပေါက် ဘေးကင်းလိမ့်မည် မဟုတ်ပါလော။

“ဒီကောင်လေးက တကယ်ကို အံ့ဩစရာကောင်းတာပဲ”

သူ့ရှေ့မှ မြင်ကွင်းကိုကြည့်ကာ နင်မိသားစု ခေါင်းဆောင်၏ မျက်ဝန်းထဲတွင် မယုံကြည်နိုင်လောက်အောင် အံ့ဩတုန်လှုပ်သော အမူအရာများ ဖြစ်ပေါ်နေခဲ့သည်။

ထျန်းရွှေအင်မော်တယ်မြို့တော်တွင် ကျန်းချန် ပေါ်လာပြီးသည့်နောက်တွင် ကျန်းချန်သည် ပြိုင်ဘက်ကင်းပါရမီကို ပြသကာ ရွယ်တူများကို လျင်မြန်စွာ လွှမ်းမိုးနိုင်ခဲ့သော်လည်း ထိုအချိန်က ကောင်းကင်အင်မော်တယ်အဆင့် လူငယ်တစ်ယောက် အဖြစ်သာ ရှိနေသေးသည်။

ယခု ထပ်မံ ပြန်လည် ရောက်ရှိလာသောအခါတွင်မူ ကျန်းချန်သည် တလော့အင်မော်တယ်နှင့် ယှဥ်ပြိုင်နိုင်သည့် အင်အားကြီးမားသည့် ပုဂ္ဂိုလ်တစ်ယောက် ဖြစ်နေခဲ့ချေပြီ။

မည်သို့ပင် ဖြစ်စေကာမူ ကျန်းချန်၏ အင်အားကြီးမားစွာဖြင့် ပြန်လည် ရောက်ရှိလာမှုသည် သူတို့ ထျန်းရွှေအင်မော်တယ်မြို့တော်အတွက် သံသယဖြစ်စရာမရှိ ကြီးမားသော ကောင်းချီး မင်္ဂလာတစ်ခုပင်။

“ဒါက ကျန်းချန်ပဲ.. ကျန်းချန်ပြန်ရောက်လာပြီ”

ကျန်းချန်ကို ကြည့်ကာ ထျန်းရွှေအင်မော်တယ်မြို့တော်မှ လော့ဝူကျိတို့ လူစု၏ မျက်ဝန်းထဲတွင် စိတ်လှုပ်ရှားသောအရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့ကြသည်။

“ဒီကောင်က အင်မော်တယ်လောကကို ရောက်သွားတာတောင် အမြဲတစေ ထူးထူးခြားခြားတွေ လုပ်ပြနေတုန်းပဲ”

ဝူရှင်းက ကျန်းချန်ကို ကြည့်ကာ ခပ်တိုးတိုး ရေရွတ်လိုက်သည်။

သူက အင်မော်တယ်လောကကို ရောက်နေသည်မှာ အတန်ကြာနေပြီ ဖြစ်၍ အင်မော်တယ်လောက၏ ကျင့်ကြံခြင်းအဆင့်များကို ကောင်းစွာ နားလည်ထားခဲ့သည်။

ထို့ကြောင့် တလော့အင်မော်တယ် အဆင့်သည် အင်မော်တယ်လောကတွင် မည်ကဲ့သို့ အဆင့်အတန်းမျိုး ရှိမှန်း သဘာဝကျစွာပင် သူသိရှိထား၏။

နတ်ဘုရားနယ်မြေတွင် ရှိစဥ်ကပင် ကျန်းချန်၏ ကောင်းကင်ကိုပင် ဆန့်ကျင်နေသော ကြီးထွားမှုနှုန်းကို သူတောက်လျှောက် မြင်တွေ့ခဲ့ဖူးသော်လည်း သူ့ထက် ဆယ်စုနှစ်အနည်းငယ်သာ စောပြီး အင်မော်တယ်လောကထဲကို ဝင်ရောက်သွားခဲ့သည့် ကျန်းချန်သည် တလော့အင်မော်တယ်နှင့်ပင် ယှဥ်ပြိုင်နိုင်သော အရည်အချင်း ရှိနေလိမ့်မည်ဟု သူလုံးဝ ထင်မထားခဲ့ပေ။

သူ၏ တစ်သက်တာတွင် ကျန်းချန်ကို လိုက်မီဖို့ ဆိုသည်မှာ ဘယ်လိုမှ ဖြစ်နိုင်လိမ့်မည် မဟုတ်တော့ချေ။

“ကောင်လေး မင်းဘယ်သူလဲ”

သူ၏ မိစ္ဆာလက်ဝါးကို ဓားဖြင့် ထောက်ကန်ထားသည့် ကျန်းချန်ကို ကြည့်ကာ ဟင်းလင်းပြင်ထဲမှ မိစ္ဆာပုံရိပ်၏ မျက်ဝန်းထဲတွင် အေးစက်သော အလင်းတန်းတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

ထိုခဏဝယ် ကျန်းချန်၏ လက်ထဲမှ ဓားကျိုးက တုန်ခါသွားခဲ့ပြီး တောက်ပသော ဓားအလင်းတန်း တစ်ခုသည် မိစ္ဆာလက်ဝါးကို မျက်စိတစ်မှိတ်အတွင်း ချေမှုန်းပစ်လိုက်သည်။

ယင်းနောက်တွင် ကျန်းချန်က မိစ္ဆာပုံရိပ်၏ မေးခွန်းကို ပြန်မဖြေဘဲ အေးစက်စက် ပြောလိုက်သည်။

“မင်းတို့ ရှေးဟောင်းမိစ္ဆာနန်းတော်က အင်မော်တယ်လောကမှာ ထပ်ပြီး ပေါ်ထွက်လာရဲတယ် ဆိုတော့ အင်မော်တယ်လောကမှာ မင်းတို့ကို ရင်ဆိုင်မဲ့သူ မရှိတော့ဘူးလို့ မင်းတို့ တကယ်ပဲ ထင်နေတာလား”

အခန်း(၂၉၅၇)ပြီး၏။

အခန်း(၂၉၅၈)

ကျန်းချန်၏ စကားကိုကြားလိုက်ရလျှင် ရှေးဟောင်းမိစ္ဆာနန်းတော်မှ မိုယင်၏ မျက်ဝန်းများ ပြူးကျယ်သွားခဲ့သည်။

ရှေးဟောင်းမိစ္ဆာနန်းတော်သည် အင်မော်တယ်လောကတွင် နှစ်ကြိမ်တိုင်တိုင် ပေါ်ထွက်လာခဲ့ဖူးသော်လည်း နှစ်ကြိမ်စလုံးတွင် အင်မော်တယ်လောကမှ ပြိုင်ဘက်ကင်း အင်မော်တယ်ဧကရာဇ်များ၏ နှိမ်နင်းခြင်းကို ခံခဲ့ရသည်။

သို့သော်လည်း ရှေးဟောင်းမိစ္ဆာနန်းတော်ကို နှစ်ကြိမ်တိုင်တိုင် နှိမ်နင်းခဲ့ရမှု အတွက် အင်မော်တယ်လောကသည်လည်း အလွန်ပင် ကြီးမားသော ပေးဆပ်မှုများ ပြုလုပ်ခဲ့ရပြီး ယင်းသည် အင်မော်တယ်လောက၏ မူလအရင်းအမြစ်ကို အကြီးအကျယ် ထိခိုက် ပျက်စီးစေခဲ့သည်။

အထူးသဖြင့် ရှေးဟောင်းမိစ္ဆာနန်းတော်၏ ဒုတိယအကြိမ် ပေါ်ထွက်လာမှုတွင် ဆိုလျှင် ရှေးဟောင်းမိစ္ဆာနန်းတော်သည် အင်မော်တယ်လောက၏ အရှင်သခင် ဖြစ်လာရန် ခြေတစ်လှမ်းမျှသာ လိုအပ်ခဲ့သည်။

အဆုံးသတ်တွင်မူ ရှေးဟောင်းမိစ္ဆာနန်းတော်သည် အင်မော်တယ်လောကတွင် မောင်းထုတ်ခံခဲ့ရပြီး အင်မော်တယ်လောကသည်လည်း ထိုအချိန်မှစ၍ အင်အား ဆုတ်ယုတ်သွားခဲ့ကာ ယခင်လို အခြေအနေမျိုးကို ပြန်လည် မရောက်ရှိနိုင်တော့ပေ။

ယခုအချိန်အထိလည်း အင်မော်တယ်လောကတွင် အင်မော်တယ်ဧကရာဇ် အသစ် တစ်ပါးမှ ပေါ်ထွက်မလာသေးချေ။

ယနေ့ခေတ် အင်မော်တယ်လောကတွင်မူ ရှေးဟောင်းမိစ္ဆာနန်းတော် အကြောင်းကို သိရှိသူ အလွန်တရာ နည်းပါး၏။

အင်မော်တယ်ဘုရင်များမှ လွဲလျှင် ရှေးဟောင်းမိစ္ဆာနန်းတော်က အင်မော်တယ်ကမ္ဘာတွင် ပေါ်ပေါက်ခဲ့ဖူးသည်ကို သိရှိသူ အနည်းငယ်မျှသာ ရှိ၏။

သူ့ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် ရှေးဟောင်းမိစ္ဆာနန်းတော်၏ အကြောင်းကို သိရှိနေနိုင်သောကြောင့် ထိုလူငယ်၏ နောက်ခံသည် သာမန် မဟုတ်လောက်ပေ။

မိစ္ဆာပုံရိပ်က ကျန်းချန်ကို စူးစိုက်ကြည့်ကာ ပြောလိုက်သည်။

“ကောင်လေး.. မင်းက မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်ကလား”

မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေ တစ်ခုလုံးတွင် အင်မော်တယ်ဘုရင်အဆင့် အင်အားစုဖြစ်သည့် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော် တစ်ခုတည်းသာ ရှေးဟောင်းမိစ္ဆာနန်းတော်နှင့် ပတ်သက်သည့် အကြောင်းအရာ တချို့ကို သိရှိနိုင်လိမ့်မည်ဟု သူထင်ခဲ့သည်။

ယင်းအပြင် ထိုမျှ ငယ်ရွယ်သော အသက်အရွယ်ဖြင့် ထိုကောင်လေးသည် တလော့အင်မော်တယ် အဆင့်ထက် မနိမ့်ကျသည့် စွမ်းအားများကို ပိုင်ဆိုင်ထားခဲ့၏။

မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေ တစ်ခုလုံးတွင် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နန်းတော်သာလျှင် ထိုကဲ့သို့သော ပါရမီရှင်မျိုးကို ပျိုးထောင်ပေးနိုင်လိမ့်မည် မဟုတ်ပါလော။

ကျန်းချန်က တည်ငြိမ်စွာပင် ပြောလိုက်သည်။

“ငါ ဘယ်ကလဲဆိုတာ အရေးမကြီးဘူး.. အရေးကြီးတာက မင်းတို့ ရှေးဟောင်းမိစ္ဆာနန်းတော်အနေနဲ့ အင်မော်တယ်လောကမှာ ပေါ်ထွက်မလာသင့်ဘူး ဆိုတာပဲ . တကယ်လို့ ငါ့ရဲ့လက်ထဲမှာ မသေချင်ဘူးဆိုရင် လာရာလမ်းအတိုင်း ပြန်သွားလိုက်ပါ”

“မင်းက လေလုံးထွားလှချည်လား. မင်းလို နို့နံ့တောင် မစင်သေးတဲ့ ကောင်လေးတစ်ယောက်ကများ ငါ့ကို တားဆီးချင်နေသေးတယ်.. သေဖို့သာ ပြင်ထားလိုက်တော့”

မိစ္ဆာပုံရိပ်က ကောက်ကျစ်စွာ ပြုံးလိုက်ပြီးနောက်တွင် ဟင်းလင်းပြင် မိုင်ပေါင်းထောင်ချီ ဧရိယာရှိ အင်မော်တယ်အဆီအနှစ် စွမ်းအားများသည် ချက်ချင်းဆိုသလိုပင် သူ၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိသွားခဲ့ကာ ပေထောင်ချီရှိသည့် မိစ္ဆာဓားကြီး အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ကျန်းချန်ကို ဒေါသတကြီးဖြင့် ခုတ်ပိုင်းလိုက်သည်။

မိစ္ဆာဓားသည် ကျန်းချန်ဆီ မရောက်လာခင်မှာပင် ကြောက်မက်ဖွယ်ရာကောင်းသော မိစ္ဆာစွမ်းအင်များသည် ကောင်းကင်နှင့် နေမင်းကိုပင် ဖုံးလွှမ်းသွားခဲ့ပြီး ကျန်းချန်နှင့် အောက်ဘက်ရှိ ထျန်းရွှေအင်မော်တယ်မြို့တော် တစ်ခုလုံးကို ဝါးမျိုပစ်တော့မည့် အလား ဖြစ်နေခဲ့၏။

“ဒါက တလော့အင်မော်တယ်ရဲ့ စွမ်းအားလား.. တကယ်ကို ကြောက်စရာကောင်းတာပဲ”

လုချန်ချိုးတို့လူစုသည် မျက်နှာများ ဖြူဖျော့နေကြပြီး စိုးရိမ်တကြီး အမူအရာများဖြင့် ကျန်းချန်ကို လှမ်းကြည့်နေခဲ့ကြသည်။

ဤကဲ့သို့ ကြောက်စရာကောင်းသော တိုက်ခိုက်မှုကို ကျန်းချန်သည် အမှန်တကယ်ပင် ခုခံနိုင်ပါမည်လော။

“တလော့အင်မော်တယ် အစောပိုင်းအဆင့်နဲ့များ.. ငါ့ရှေ့မှာ လာပြီး လေလုံးထွားရဲအောင် မင်းကို ဘယ်သူက သတ္တိတွေ ပေးလိုက်တာလဲ”

ကောင်းကင်နှင့်မြေပြင်၏ စွမ်းအားများကို တလော့အင်မော်တယ်ဥပဒေသဖြင့် ထိန်းချုပ်ထားသည့် မိစ္ဆာပုံရိပ်၏ တိုက်ခိုက်မှုကို မြင်လျှင် ကျန်းချန်က မဲ့ပြုံးပြုံးလိုက်သည်။

ရှေးဟောင်းမိစ္ဆာနန်းတော်မှ တမန်တော်၏ ကျင့်ကြံခြင်းအဆင့်သည် တလော့အင်မော်တယ် အစောပိုင်းအဆင့်မှာသာ ရှိနေသေးသည်။

ဤအဆင့်လောက်ကို ကျန်းချန်သည် တလော့အင်မော်တယ်အဆင့်ကို မထိုးဖောက်မီကတည်းကပင် ယှဥ်ပြိုင်နိုင်စွမ်း ရှိနေခဲ့သည်။

ယခုအခါ သူ၏ ကျင့်ကြံခြင်း အဆင့်သည် တလော့အင်မော်တယ်အဆင့်ကို ကျော်လွန်ပြီး ထိုက်ယီအဆင့်ကိုပင် ရောက်ရှိနေပြီ ဖြစ်ရာ သူ၏ မျက်စိထဲတွင် သူ့ရှေ့မှ တလော့အင်မော်တယ်သည် ပုရွက်ဆိတ်တစ်ကောင်နှင့် ဘာမှ မခြားနားပေ။

ကျန်းချန်က လက်နှစ်ဖက်ကို ဟန်ပါပါ နောက်ပစ်ကာ အေးစက်စက် ရပ်နေခဲ့သည်။

ကောင်းကင်နှင့်နေမင်းကိုပင် ဖုံးလွှမ်းထားသည့် မိစ္ဆာစွမ်းအင်များက သူ၏ ဦးခေါင်းအထက် ပေတစ်ရာ အကွာအဝေးအတွင်း ရောက်ရှိလာသည်အထိ စောင့်ဆိုင်းနေခဲ့ပြီးမှ သူက ဓားချက် တစ်ချက်ကို ရုတ်တရက် ထုတ်ဖော်လိုက်သည်။

နောက်ထပ် တစ်ခဏအတွင်း ကောင်းကင်နှင့်နေမင်းကိုပင် ဖုံးလွှမ်းထားသော ကြောက်မက်ဖွယ်ရာကောင်းသော မိစ္ဆာစွမ်းအင်များသည် မရေမတွက်နိုင်သော တုန်လှုပ်ချောက်ချားနေသည့် အကြည့်များအောက်မှာပင် ဟင်းလင်းပြင်ထဲတွင် အစအနပင် မကျန်ရှိသည်အထိ လုံးဝ ပျောက်ကွယ်သွားခဲ့သည်။

တလော့အင်မော်တယ် ဥပဒေသဖြင့် ထိန်းချုပ်ထားသည့် သူ၏ တိုက်ခိုက်မှုက လေထဲမှာပင် ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရလျှင် ရှေးဟောင်းမိစ္ဆာနန်းတော်မှ တလော့အင်မော်တယ်သည် ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည်။

သူ ဘာမှ မတုံ့ပြန်နိုင်ခင်မှာပင် ဓားအလင်းတန်း တစ်ခုသည် သူ၏ ခန္ဓာကိုယ်ကို ထိုးဖောက်သွားခဲ့၏။

နောက်ထပ် တစ်ခဏတွင်မူ သူ၏ ခန္ဓာကိုယ်ထဲမှ စွမ်းအားများသည် ရေကာတာ ကျိုးပေါက်သွားသကဲ့သို့ အလွန်ကြောက်မက်ဖွယ်ရာကောင်းသော အရှိန်အဟုန်ဖြင့် ပြိုလဲပျက်စီးသွားသည်ကို သူ ထိတ်လန့်တကြား သိရှိလိုက်ရသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် သူ၏ စွမ်းအားများသည် တလော့အင်မော်တယ် အောက်သို့ ကျဆင်းသွားခဲ့ပြီး ယင်းကဲ့သို့ ကျဆင်းသွားသည့် အရှိန်အဟုန်သည် ရပ်တန့်မည့်အရိပ်အယောင် မပြသခဲ့ပေ။

အဆုံးသတ်တွင်မူ ရှေးဟောင်းမိစ္ဆာနန်းတော်မှ တလော့အင်မော်တယ်သည် ခန္ဓာကိုယ်ထဲမှ စွမ်းအားများ အားလုံးကို ဆုံးရှုံးသွားခဲ့ရုံတင်မကဘဲ ခန္ဓာကိုယ်ထဲရှိ မိစ္ဆာစွမ်းအင်အားလုံးပါ ပျောက်ကွယ်သွားခဲ့ရသောကြောင့် ကျင့်ကြံခြင်းအဆင့် လုံးဝမရှိသည့် သာမန်လူတစ်ယောက် အဖြစ်ကို ချက်ချင်းဆိုသလို ပြောင်းလဲသွားခဲ့သည်။

“လူသားအဖြစ်ပြောင်းလဲစေသောဓားချက်”

ထိုက်ယီအင်မော်တယ်အဆင့် စွမ်းအားဖြင့် ကျန်းချန်က ဤဓားချက်ကို ထုတ်ဖော်လိုက်ရာ သာမန် တလော့ အင်မော်တယ်အစောပိုင်းအဆင့်သည် မည်ကဲ့သို့ ယှဥ်ပြိုင်နိုင်ပါမည်နည်း။

“မင်း မင်းဘယ်သူလဲ”

ရှေးဟောင်းမိစ္ဆာနန်းတော်မှ တလော့အင်မော်တယ်သည် ခန္ဓာကိုယ် ဟန်ချက်ကို ထိန်းချုပ်ရန် ခက်ခဲနေခဲ့၍ သူ၏ ခန္ဓာကိုယ်ကို ထိန်းချုပ်ရန်အတွက် မိစ္ဆာဓားတစ်လက်ကို စီးနင်းထားခဲ့ရသည်။

သူက ထိတ်လန့်ကြောက်ရွံ့သော အမူအရာဖြင့် ကျန်းချန်ကို ကြည့်ကာ မေးလိုက်သည်။

ဤသည်က သာမန် ဓားချက်တစ်ချက်မျှသာ ဖြစ်သော်လည်း သူ၏ ကျင့်ကြံခြင်းအဆင့် အားလုံးကို တစ်ခါတည်း ဖြတ်တောက်ပစ်လိုက်သည်။

သူ့ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်လေးတွင် ဤမျှကြောက်မက်ဖွယ်ရာကောင်းသော အင်အားမျိုး ရှိနေလိမ့်မည်ဟု သူဘယ်လိုမှ မျှော်လင့်မထားခဲ့ပေ။

အောက်ဘက်ရှိ လော့ချန်ချိုးနှင့် တခြားသူများသည်လည်း စွန့်အသွားခဲ့ကြပြီး မှင်တက်ရာကနေ ပြန်လည် သက်သာလာရန် အချိန်အတော်ကြာ ယူခဲ့ရသည်။

ကျန်းချန် ဤတစ်ကြိမ် ပြန်လာမှုသည် တလော့အင်မော်တယ်နှင့် ယှဥ်ပြိုင်နိုင်သည့် အင်အား ရှိနေသည်ကပင် သူတို့ကို အံ့ဩတုန်လှုပ်စေဖို့ လုံလောက်နေခဲ့ချေပြီ။

သို့သော်လည်း ကျန်းချန်က သာမန်လောက်သာ ထုတ်ဖော်လိုက်သော ဓားချက်သည် ရှေးဟောင်းမိစ္ဆာနန်းတော်မှ တလော့အင်မော်တယ်၏ ကျင့်ကြံခြင်းအဆင့်ကို ဖျက်ဆီးပစ်နိုင်လိမ့်မည်ဟု သူတို့ မထင်ထားခဲ့ပေ။

ဤကဲ့သို့ အင်အားမျိုးသည် အမှန်တကယ်ပင် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းနေခဲ့၏။

“ငါ ဘယ်သူလဲဆိုတာ မင်းသိစရာမလိုဘူး”

ကျန်းချန်က ခံစားချက်ကင်းမဲ့သော အမူအရာဖြင့် ပြောလိုက်သည်။

“မင်းကို အသက်ရှင်ဖို့အခွင့်အရေးပေးမယ် ငါ့ရဲ့မေးခွန်းတွေကို လိမ်လိမ်မာမာဖြေမယ်ဆိုရင် မင်းရဲ့အသက်ကို ချမ်းသာပေးဖို့ ငါစဥ်းစားပေးမယ်”

ရှေးဟောင်းမိစ္ဆာနန်းတော်မှ တလော့အင်မော်တယ်သည် ကျန်းချန်၏ စကားကို လုံးဝဂရုမစိုက်ဘဲ သူ၏ ခြေထောက်အောက်မှ မိစ္ဆာဓားကို တိုက်ရိုက်ပင် ထိန်းချုပ်လိုက်ကာ အနက်ရောင်အလင်းတန်း တစ်ခု အဖြစ်သို့ ပြောင်းလဲ၍ အဝေးရှိ ကောင်းကင်ယံဆီသို့ တစ်ဟုန်ထိုး ပျံသန်းသွားခဲ့သည်။

သူ၏ ကျင့်ကြံခြင်း အဆင့်က ကျန်းချန်၏ ဓားချက်တစ်ချက်တည်းဖြင့် ဖြတ်တောက်ခြင်းကို ခံခဲ့ရသော်လည်း သူ့တွင် အင်မော်တယ်လက်နက် ရှိနေဆဲပင်။

ကျန်းချန်ကဲ့သို့ အစွမ်းထက်ပုဂ္ဂိုလ်နှင့် ရင်ဆိုင်ရသည့်အခါတွင် သူက တွေဝေမနေတော့ဘဲ အင်မော်တယ်လက်နက်၏ စွမ်းအားကို အသုံးပြုကာ အလောတကြီး ထွက်ပြေးရန် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

“ငါ့မျက်စိအောက်ကနေ ထွက်ပြေးချင်နေတာကတော့ မင်းတော်တော်လေး စိတ်ကူးယဥ်လွန်းနေပြီ”

ကျန်းချန်က အေးစက်စက် ပြုံးလိုက်ပြီး ချက်ချင်းဆိုသလိုပင် သူ၏ လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ရာ ဟင်းလင်းပြင်မိုင်ပေါင်း ရာချီ ဧရိယာ ပတ်ပတ်လည်သည် ပိတ်ဆို့ခြင်းခံလိုက်ရ၏။

ရှေးဟောင်းမိစ္ဆာနန်းတော်မှ တလော့အင်မော်တယ် ထွက်မပြေးနိုင်စေရန်အတွက် ပိတ်ဆို့ပြီးနောက်တွင် ကျန်းချန်သည် လက်နှစ်ဖက်ကို ဟန်ပါပါ နောက်ပစ်ကာ ထိုတလော့အင်မော်တယ်ထံ တစ်လှမ်းချင်း လျှောက်လာခဲ့သည်။

“ကောင်းကင်နှင့်မြေပြင်ကို ပိတ်ဆို့နိုင်တဲ့ အင်မော်တယ်ဥပဒေသ စွမ်းအားပါလား.. မင်း မင်းက ထိုက်ယီအင်မော်တယ်ပဲ”

သူ့ဆီသို့ လျှောက်လှမ်းလာသည့် ကျန်းချန်ကို ကြည့်ပြီး ရှေးဟောင်းမိစ္ဆာနန်းတော်မှ တလော့အင်မော်တယ်၏ မျက်ဝန်းထဲတွင် အဆုံးသတ်၌ ထိတ်လန့်သော အမူအရာများ မကြုံစဖူး ဖြစ်ပေါ်လာခဲ့သည်။

“ကျန်းချန်က ထိုက်ယီအင်မော်တယ်လား”

ရှေးဟောင်းမိစ္ဆာနန်းတော်မှ တလော့အင်မော်တယ်၏ ထိတ်လန့်တကြား အော်ဟစ်သံကို ကြားလိုက်ရလျှင် လော့ချန်ချိုးတို့ လူစုသည် သက်ပြင်းရှည်ကို မချဘဲ မနေနိုင်ခဲ့ကြပေ။

ထိုက်ယီအင်မော်တယ်အဆင့် ဆိုသည်မှာ တလော့အင်မော်တယ်အဆင့် အထက်မှ အင်အားကြီးမားသော တည်ရှိမှု တစ်ခုဖြစ်သည်။

ယင်းကဲ့သို့ အင်အားကြီးပုဂ္ဂိုလ်သည် မြောက်ပိုင်းအေးစက်သော အင်မော်တယ်နယ်မြေ တစ်ခုလုံးဖြင့် ကြည့်လျှင်ပင် သံသယဖြစ်စရာမရှိ အသန်မာဆုံးပုဂ္ဂိုလ်များ ထဲမှ တစ်ဦး ဖြစ်သည်။

ကျန်းချန်က တလော့အင်မော်တယ် အဆင့်ထက် ကျော်လွန်သည့် ထိုက်ယီအင်မော်တယ် တစ်ပါး ဖြစ်နေလိမ့်မည်ဟု သူတို့ ဘယ်လိုမှ ထင်မထားခဲ့ကြပေ။

ယင်းမှာ အမှန်တကယ်ပင် မယုံကြည်နိုင်စရာ ကောင်းလွန်းနေခဲ့၏

ကျန်းချန်က ရှေးဟောင်းမိစ္ဆာနန်းတော်မှ တလော့အင်မော်တယ်ကို စေ့စေ့ကြည့်လိုက်သည်။

“မင်းကိုငါ နောက်ဆုံး အခွင့်အရေးတစ်ခုပေးမယ်.. ငါ့ရဲ့မေးခွန်းကို လိမ်လိမ်မာမာ ဖြေမယ်ဆိုရင် မင်းအသက်ကို ချမ်းသားပေးမယ်”

ရှေးဟောင်းမိစ္ဆာနန်းတော်မှ တလော့အင်မော်တယ်က မဲ့ပြုံးပြုံးကာ ပြောလိုက်သည်။

“ကောင်လေး.. မင်းငါ့ဆီကနေ ရှေးဟောင်းမိစ္ဆာနန်းတော်နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်ကို ဘယ်တော့မှာ ကြားရမှာမဟုတ်ဘူး.. ငါသေသွားရင်တောင် ရှေးဟောင်းမိစ္ဆာနန်းတော်က ငါ့အတွက် မင်းကို သေချာပေါက် ကလဲ့စားချေပေးလိမ့်မယ်”

“ဒီလောက်တောင် သေချင်နေမှတော့ သွားသေလိုက်တော့”

ကျန်းချန်က ခံစားချက်ကင်းမဲ့သော အမူအရာဖြင့် လက်တစ်ဖက်ကို လှုပ်ရှားလိုက်ရာ ဓားအလင်းတန်း တစ်ခုသည် တလော့အင်မော်တယ် ဆီသို့ တစ်ဟုန်ထိုး တိုးဝင်လာခဲ့သည်။

All Chapters