အခန်း ၂၃၁
Vol. 24 Ch. 231
အခန်း (၂၃၁) ဆင်းရဲလျှင် လူစည်ကားရာ မြို့လယ်ခေါင်တွင်နေသော်လည်း အဖက်လုပ်မည့်သူမရှိ၊ ချမ်းသာလျှင် တောတောင်ထဲတွင်နေသော်လည်း ဆွေမျိုးပေါက်ဖော်များ ရောက်လာတတ်သည်
လီလန်မှာ အံ့သြသွားလေသည်။
အဖေက ဘယ်အချိန်ကစပြီး ဤမျှလောက် ဒေါသကြီးသွားရသနည်းဟု သူ တွေးမိလိုက်သည်။
သို့သော်လည်း သူ၏အဖေနှင့် ထိုကျေးဇူးကန်းပြီး တစ်ကိုယ်ကောင်းဆန်သော လူနှစ်ယောက်တို့ အချင်းချင်း အပြန်အလှန် စကားများနေကြသည်ကို မြင်ရသောအခါ လီလန်၏စိတ်ထဲတွင် ကျေနပ်မှုကို ခံစားလိုက်ရလေသည်။
သူ့အဖေသည် အကြံပေးစကားများကို နားထောင်ရုံသာမက သူ့အမှားများကိုလည်း မြင်တွေ့ကာ မှားယွင်းသောလမ်းမှ ပြန်လှည့်နိုင်ခဲ့ပြီဖြစ်သည်။
ထိုအရာက အလွန်ကောင်းမွန်လှပေသည်။
ပုံမှန်အားဖြင့် ရိုးသားပြီး သဘောကောင်းတတ်သော လီတာ့ဟိုင်၏ ရုတ်တရက် ဒေါသပေါက်ကွဲမှုက ရှအိုက်ဟွာကို အံ့အားသင့်သွားစေခဲ့သည်။
သူသည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး သူ၏ဇနီးဖြစ်သူအား ပြောလိုက်လေသည်။
"သွားကြစို့..."
အထူးသဖြင့် တာဝန်ခံကျန်း၏ အရှေ့တွင် နှင်ထုတ်ခံလိုက်ရခြင်းက ရှအိုက်ဟွာကို အလွန်ရှက်ရွံ့သွားစေခဲ့သည်။
ကျူးရှောင်ရုံမှာမူ သူမ၏ ပုံမှန်အတိုင်း ခနဲ့တဲ့တဲ့နှင့် အမြင်ကတ်စရာကောင်းသော အမူအရာသို့ ပြန်လည်ရောက်ရှိသွားလေသည်။
"ငါတို့က စေတနာနဲ့ နှစ်သစ်ကူး နှုတ်ဆက်ဖို့လာတာကို နင်တို့က ငါတို့ကို ထွက်သွားခိုင်းတယ်ပေါ့လေ... နင်တို့ ငါ့ကို လာတောင်းပန်ရင်တောင် နင်တို့အိမ်ကို ဘယ်တော့မှ ထပ်မလာဘူး..."
"ခွေးက လွီတုံ့ပင်းကို ကိုက်သလိုမျိုး စေတနာကို နားမလည်တဲ့လူတွေ..."
ကျူးရှောင်ရုံသည် ကလေးကို ပွေ့ချီကာ ခင်ပွန်းဖြစ်သူနှင့်အတူ လီလန်တို့အိမ်မှ ဒေါသတကြီး ထွက်ခွာသွားတော့သည်။
"ကျွတ်....ကျွတ်… မင်းရဲ့ အဒေါ်ပြောသွားတဲ့ စကားတွေက တော်တော်လေး စိတ်ဝင်စားစရာကောင်းတယ်..."
ကျန်းဝေမင်သည် ကလေးကိုခေါ်ကာ ထွက်သွားသော ထိုလင်မယားကိုကြည့်ရင်း ခြံဝင်းထဲတွင် ပြုံးလျက် ရပ်နေလေသည်။
"ဘယ်က အဒေါ်လဲ... ကျွန်တော့်မှာ အဲ့လိုအဒေါ်မျိုး မရှိဘူး..."
လီလန်က ခေါင်းခါပြလိုက်သည်။
ထို့နောက် သူက အဖေဖြစ်သူဘက်သို့ ချက်ချင်းလှည့်ကြည့်လိုက်၏။
"အဖေ... ကျွန်တော် ဘာပြောခဲ့လဲ..."
"အဲ့လိုလူမျိုးတွေနဲ့ ဘာလို့ အချိန်ကုန်ခံပြီး ကိုယ့်ကိုယ်ကိုယ် စိတ်အနှောင့်အယှက် ဖြစ်အောင် လုပ်နေမှာလဲ..."
လီတာ့ဟိုင်သည် ခေါင်းငုံ့ကာ ထပ်တလဲလဲ သက်ပြင်းချနေတော့သည်။
"သူတို့က မင်းအမေ့ရဲ့ မောင်နဲ့ ယောင်းမတွေလေ... ငါက သူတို့ကို ကျေးဇူးတင်တတ်မယ်လို့ ထင်ခဲ့တာ... ဒါပေမဲ့ ဘယ်သူက ထင်မှာလဲ..."
"အစ်ကိုတာ့ဟိုင်... ခင်ဗျားလည်း အသက်အရွယ်ရလာပြီပဲ... သိပ်ပြီးရိုးအမနေပါနဲ့တော့... ခင်ဗျားရဲ့ ယောက်ဖနဲ့ သူ့မိန်းမက လူကောင်းတွေ မဟုတ်ကြဘူး... သူတို့က ခင်ဗျားကို မိသားစုဝင်လို မဆက်ဆံကြဘူး..."
ကျန်းဝေမင်က သူ့ကို သတိပေးလိုက်လေသည်။
"တရုတ်နှစ်သစ်ကူးရဲ့ ဒုတိယမြောက်နေ့မှာ ခင်ဗျားဆီကို စေတနာအပြည့်နဲ့ နှစ်သစ်ကူးနှုတ်ဆက်ဖို့ လာတယ်ဆိုရင် ဘာလို့ ပြောင်းဖူးမှုန့် အိတ်တစ်ဝက်ပဲ ယူလာရတာလဲ..."
"ကျွန်တော်သိသလောက်တော့ ရှအိုက်ဟွာတို့ မိသားစုမှာ အာလူးနဲ့ ကန်စွန်းဥ ကီလိုရာချီပြီး သိုလှောင်ထားတယ်... ပြီးတော့ သူတို့က အဲ့ဒါတွေကို ဝယ်မယ့် ကုန်ပစ္စည်းဝယ်ယူရေးအေးဂျင့်ကို အရေးတကြီး ရှာနေကြတာ..."
မိမိ၏အဖေ မှိုင်တွေနေသည်ကို မြင်လိုက်ရသောအခါ လီလန်ကလည်း သတိပေးရန် ဝင်ပြောလိုက်လေသည်။
"အဖေ... သေချာစဉ်းစားကြည့်ပါ... သူတို့ဆီမှာ အာလူးတွေနဲ့ ကန်စွန်းဥတွေ အများကြီးရှိတယ်... အဲ့ဒါက လည်ချောင်းထဲမှာ တစ်ဆို့နေတတ်တဲ့ ပြောင်းဖူးမှုန့်တွေထက် ပိုကောင်းတယ် မဟုတ်လား..."
"ပြောင်းဖူးမှုန့်ဆိုတာ သူတို့အိမ်မှာတောင် မစားတဲ့ စားနပ်ရိက္ခာပဲ... သူတို့က ဒီလောက် စားမကောင်းတဲ့အရာကိုပေးပြီး ကျွန်တော်တို့ကို တကယ်ပဲ နှစ်သစ်ကူး နှုတ်ဆက်ဖို့ လာတယ်လို့ အဖေက ထင်နေတာလား..."
ရှအိုက်ဟွာနှင့် ကျူးရှောင်ရုံတို့ အိမ်ထဲသို့ ဝင်လာကတည်းက သူတို့သည် အလကားစားရန် လာကြခြင်းဖြစ်ကြောင်း လီလန် သိနေခဲ့သည်။
ခြံဝင်းထဲသို့ ဝင်လာသည်နှင့်တစ်ပြိုင်နက် ရှအိုက်ဟွာက ဟေးလုံကို မျက်စိကျသွားခြင်းက ဤအချက်အတွက် အကောင်းဆုံး သက်သေပင်ဖြစ်သည်။
"ငါသိပါတယ်... ငါက အပိုတွေ တွေးနေမိတာပါ..."
လီတာ့ဟိုင်သည် ခါးသီးသော အပြုံးတစ်ခုကို ပြုံးပြကာ ခေါင်းညိတ်လိုက်လေသည်။
"ဦးလေးဝေမင်... ကျွန်တော် ပြောပြမယ်... အဲ့နှစ်ယောက်က တကယ့်ကို အရှက်မရှိတဲ့လူတွေ... သူတို့က ကျွန်တော်တို့ရဲ့ ဟေးလုံကို ခုနစ်ယွမ်နဲ့ ဝယ်ဖို့တောင် ကြိုးစားသေးတာ..."
"ပထမအမွှေးတိုင်လို ခွေးတစ်ကောင်ကို ခုနစ်ယွမ်တဲ့လား... သူ ရူးနေတာလား..."
"ဘယ်သူက မရူးဘူးလို့ ပြောလဲ..."
"အော်... ငါနားလည်ပြီ... သူက မင်းတို့ဆီကနေ အမြတ်ထုတ်ဖို့ ကြိုးစားနေတာပဲ... တောဝက်တွေကို လိုက်ဖမ်းနိုင်တဲ့ မွန်ဂိုလီးယား အမဲလိုက်ခွေးတစ်ကောင်ကို ခုနစ်ယွမ်တဲ့လား... ကျွတ် ကျွတ်... အဲ့တာက အလကားရတာနဲ့ ဘာကွာတော့မှာလဲ... အရှက်မရှိတဲ့ ကောင်..."
“သူတို့လိုအရှက်မရှိတဲ့လူကို ငါ တစ်ခါမှ မမြင်ဖူးဘူး..."
ထိုသို့သော ထူးဆန်းသည့်လူမျိုးကို တစ်ခါမျှ မမြင်ဖူးကြောင်း သူတို့နှစ်ဦးမှာ အပြန်အလှန် ညည်းညူပြောဆိုလိုက်ကြသည်။
ထို့နောက် သူတို့သည် လှေကားထစ်များပေါ်သို့ တက်ကာ ထူထဲသော လိုက်ကာကြီးကို ဆွဲမ၍ နွေးထွေးသော အိမ်ခန်းမဆောင်အတွင်းသို့ ဝင်ရောက်သွားကြလေသည်။
အခြားတစ်ဖက်တွင်မူ ရှအိုက်ဟွာနှင့် ကျူးရှောင်ရုံတို့သည် လီလန်၏ ခြံဝင်းထဲမှ ထွက်ခွာလာခဲ့ကြသည်။
"ကလေးကို အိမ်ပြန်ခေါ်သွားလိုက်... ပြီးရင် မင်းပြန်လာတဲ့အခါ ငါ နှစ်သစ်ကူးအတွက် ဝယ်ထားတဲ့ အရက်ကောင်း နှစ်ပုလင်းရယ်၊ အာလူးတစ်အိတ်ရယ်ကို ယူလာခဲ့..."
ရှအိုက်ဟွာသည် လီလန်၏ သစ်သားအိမ်လေးကို လှည့်ကြည့်ရင်း ပြောလိုက်လေသည်။
"ဟွာဇီ... ရှင်က ဘာလုပ်မလို့လဲ..."
ကျူးရှောင်ရုံက အနည်းငယ် နားမလည်နိုင်စွာဖြင့် မေးလိုက်၏။
"တာဝန်ခံကျန်းကို စောင့်ပြီး လက်ဆောင်ပေးမလို့..."
ရှအိုက်ဟွာက ရှင်းပြလိုက်သည်။
ကောက်နှံ ကီလိုရာပေါင်းများစွာကို ရောင်းချချင်သည်ဆိုပါက လီလန်၏ ခြံဝင်းအပေါက်ဝတွင် အချိန်အနည်းငယ်ကြာအောင် စောင့်ဆိုင်းရခြင်းမှာ ကိစ္စမရှိပေ။
ကျူးရှောင်ရုံ ထွက်သွားပြီးနောက် ရှအိုက်ဟွာသည် မြေပြင်ပေါ်တွင် ဆောင့်ကြောင့်ထိုင်ကာ တာ့ချန်မန်ဆေးလိပ်ကို ဖွာရှိုက်နေတော့သည်။
"အဲ့ကောင်လေးက အတိအကျ ဘာတွေများ လုပ်ခဲ့တာလဲ..."
"တာဝန်ခံကျန်းက ဒီနေ့ သူ့ဆီကို နှစ်သစ်ကူး နှုတ်ဆက်ဖို့ တကယ်ကြီး ရောက်လာပြီးတော့ လက်ဆောင်တွေလည်း အများကြီး ယူလာတယ်..."
ဆေးလိပ်တစ်ဝက်ခန့် သောက်ပြီးနောက် ရှအိုက်ဟွာက မတ်တတ်ရပ်လိုက်လေသည်။
ရွာလမ်း၏ အခြားတစ်ဖက်စွန်းမှ လူနှစ်ယောက် သူ၏ဆီသို့ လျှောက်လာနေကြသည်။
တိုက်တိုက်ဆိုင်ဆိုင်ပင် သူသည် ထိုလူနှစ်ယောက်စလုံးကို သိနေခဲ့၏။
တစ်ယောက်မှာ ရွှမ်းရွှေကွန်မြူနစ်အဖွဲ့၏ ထုတ်လုပ်ရေးတပ်ဖွဲ့ခေါင်းဆောင်ဖြစ်သော ခေါင်းဆောင်ရှန်းဖြစ်သည်။
အခြားတစ်ယောက်မှာမူ လျဲ့ရှန်မုဆိုးအဖွဲ့၏ အဖွဲ့ခေါင်းဆောင်ဖြစ်သော ကျိုးလျဲ့ရှန်း ဖြစ်လေသည်။
"အဲ့နှစ်ယောက်ကရော ဘာလို့ ဒီကို ရောက်လာကြတာလဲ..."
ရှအိုက်ဟွာက သိချင်စိတ်ဖြင့် မေးခွန်းထုတ်မိလေသည်။
ချက်ချင်းဆိုသလိုပင် ထိုနှစ်ယောက် စကားပြောနေသံများကို သူ ကြားလိုက်ရ၏။
"တပ်ဖွဲ့ခေါင်းဆောင်ရှန်း... ခင်ဗျားလည်း လီ့ဆီကို နှစ်သစ်ကူး နှုတ်ဆက်ဖို့ လာတာလား..."
"အဖွဲ့ခေါင်းဆောင်ကျိုး... ခင်ဗျားလည်း အတူတူပဲ မဟုတ်လား..."
"ပြီးခဲ့တဲ့တစ်ခေါက်က ကြွက်တွေကို နှိမ်နင်းဖို့ လီက ကျွန်တော့်ကို ကူညီပေးခဲ့လို့ သူ့ဆီကို နှစ်သစ်ကူး နှုတ်ဆက်ဖို့ အရက်ကောင်း နှစ်ပုလင်းယူလာတာ..."
"တိုက်ဆိုင်လိုက်တာ... ကျွန်တော်လည်း အတူတူပဲ... ကွန်မြူနစ်အဖွဲ့ရဲ့ အသားသုံးထောင်ကျင်း အကြွေးအတွက် သူက လောင်ဟူဆီ သွားပေးခဲ့လို့ အကုန်လုံး အဆင်ပြေသွားတာ... လောင်ဟူက အဖွဲ့ခေါင်းဆောင်လီ မျက်နှာနဲ့ သုံးလ ရွှေ့ဆိုင်းပေးဖို့ သဘောတူလိုက်တယ်... ဒီနေ့က တရုတ်နှစ်သစ်ကူးရဲ့ ဒုတိယမြောက်နေ့ဆိုတော့ အရက်နှစ်ပုလင်းနဲ့ မုန့်ဘူးဝယ်ပြီး အဖွဲ့ခေါင်းဆောင်လီဆီကို နှစ်သစ်ကူး နှုတ်ဆက်ဖို့ လာခဲ့တာ..."
"ကျွတ် ကျွတ်... ခင်ဗျားက လီ့ဆီကနေ တစ်ခုခု လိုချင်နေတာ မဟုတ်လား..."
"ဟဲဟဲ... အဖွဲ့ခေါင်းဆောင်ကျိုးကတော့... စကားကို လှည့်ပတ်မနေတော့ဘူး... မကြာခင် နွေဦးရောက်တော့မယ်... အဖွဲ့ခေါင်းဆောင်လီရဲ့ အမဲလိုက်စွမ်းရည်က ကျွန်တော်တို့ရွာမှာ အကောင်းဆုံးပဲ... မြို့နယ်ကနေချပေးမယ့် အမဲလိုက်ခွဲတမ်းအကြောင်း သိရတာနဲ့ သူ့ကို အသိပေးမလို့..."
"ကျွန်တော် ထင်သားပဲ... တပ်ဖွဲ့ခေါင်းဆောင်ရှန်း... ခင်ဗျားလို အလုပ်များတဲ့လူက အရေးကြီးတဲ့ကိစ္စမရှိဘဲနဲ့ ဒီကို လာမှာမဟုတ်ဘူး..."
"သွားကြစို့ သွားကြစို့... တကယ့်ကို တိုက်ဆိုင်တာပဲ... အဖွဲ့ခေါင်းဆောင်လီဆီကို နှစ်သစ်ကူး နှုတ်ဆက်ဖို့ အတူတူ ဝင်သွားကြတာပေါ့..."
"..."
အဖွဲ့ခေါင်းဆောင်နှစ်ယောက်သည် လီလန်၏ ခြံဝင်းအတွင်းသို့ ယှဉ်တွဲ၍ ဝင်ရောက်သွားသည်ကို မြင်လိုက်ရသောအခါ ရှအိုက်ဟွာမှာ မှင်တက်သွားတော့သည်။
သူသည် မျက်မှောင်ကြုတ်ကာ တပ်ဖွဲ့ခေါင်းဆောင်ရှန်း၏ အတွေးများကို စဉ်းစားကြည့်လိုက်သည်။
ယခုလေးတင် ကျိုးလျဲ့ရှန်းနှင့် အခြားလူတို့ ပြောဆိုသွားခဲ့သော စကားဝိုင်းကို ပြန်လည်သုံးသပ်ကြည့်လိုက်၏။
လီလန်က ယခုအခါ မုဆိုးအဖွဲ့နှင့်အတူ ရှိနေပြီလားဟု တွေးမိလိုက်သည်။
အဖွဲ့ခေါင်းဆောင်တဲ့လားဟုလည်း တွေးမိသည်။
တပ်ဖွဲ့ခေါင်းဆောင်ရှန်းက သူ့ကို အဖွဲ့ခေါင်းဆောင်လီဟု ထပ်တလဲလဲ ခေါ်ဆိုခဲ့ပြီး မြို့နယ်မှ သတ်မှတ်ပေးသော အမဲလိုက်ခွဲတမ်းကို ကူညီပေးရန် နွေဦးရာသီတွင် လီလန်အား အမဲလိုက်ထွက်ခိုင်းမည်ဟု ပြောခဲ့သည်ကို ရှအိုက်ဟွာ ပြန်လည်သတိရသွားသည်။
"အဲ့ကောင်လေးက ဘယ်အချိန်ကစပြီး ဒီလောက် ကျွမ်းကျင်တဲ့ မုဆိုးတစ်ယောက် ဖြစ်သွားရတာလဲ..."
ရှအိုက်ဟွာက တီးတိုးမရေရွတ်ဘဲ မနေနိုင်တော့ပေ။
တပ်ဖွဲ့ခေါင်းဆောင်ရှန်းနှင့် ကျိုးလျဲ့ရှန်းတို့ နှစ်ဦးစလုံးမှာ ရွှမ်းရွှေရွာရှိ ကျွမ်းကျင်သော မုဆိုးများဖြစ်ကြပြီး မိမိတို့၏ သက်ဆိုင်ရာ မုဆိုးအဖွဲ့များတွင်လည်း အဖွဲ့ခေါင်းဆောင်များ ဖြစ်ကြသည်။
အဖွဲ့ခေါင်းဆောင်နှစ်ယောက်က အရက်နှင့် အသားများကို ယူဆောင်လာကာ နှစ်သစ်ကူး နှုတ်ဆက်ရန် လာရောက်ခြင်းကပင် လီလန်၏ အရေးပါမှုကို သက်သေပြရန် လုံလောက်နေပေပြီ။
အနည်းဆုံးတော့ သူ၏ အမဲလိုက်စွမ်းရည်မှာ အဖွဲ့ခေါင်းဆောင်ရှန်းနှင့် အဖွဲ့ခေါင်းဆောင်ကျိုးတို့ထက် ပိုမိုသာလွန်နေရမည်ဖြစ်သည်။
သို့မဟုတ်ပါက ထိုအဖွဲ့ခေါင်းဆောင်နှစ်ဦးသည် လီလန်အား ဤမျှလောက် တန်ဖိုးထားမည် မဟုတ်ပေ။
လောင်ဟူသည် လီလန်၏ မျက်နှာကို ထောက်ထား၍ အသားသုံးထောင်ကျင်း အကြွေးဆပ်ရမည့်ရက်ကို ရွှေ့ဆိုင်းပေးခဲ့ကြောင်း တပ်ဖွဲ့ခေါင်းဆောင်ရှန်း ပြောခဲ့သည်ကို ရှအိုက်ဟွာ ပြန်လည်သတိရသွားသည်။
ထိုအကြောင်းကို တွေးမိလေလေ ရှအိုက်ဟွာမှာ ပို၍ အံ့အားသင့်လာလေလေ ဖြစ်တော့သည်။
လီလန်ကို နောက်ဆုံးတွေ့ခဲ့ရသည်မှာ တစ်နှစ်ကျော်လေးသာ ရှိသေးသော်လည်း သူက ဤမျှလောက်အထိ အံ့မခန်း ဖြစ်နေပြီဖြစ်ကြောင်း တွေးမိသည်။
သူသည် ကျွမ်းကျင်သော မုဆိုးတစ်ယောက်ဖြစ်ရုံသာမက တာဝန်ခံကျန်းနှင့်လည်း မိတ်ဆွေဖွဲ့ထားနိုင်ခဲ့သည်။
လောင်ဟူကဲ့သို့သော သြဇာကြီးမားသူနှင့်ပင် သိကျွမ်းနေခဲ့သည်။
သူ မည်သို့ လုပ်ခဲ့သည်ကို သိချင်နေမိသည်။
လီလန်သည် တစ်နှစ်တည်းနှင့် သူ မော့ကြည့်ရမည့် အဆင့်အထိ မည်သို့ တက်လှမ်းနိုင်ခဲ့သည်ကို နားမလည်နိုင်ဖြစ်ကာ ရှအိုက်ဟွာမှာ ပို၍ပင် ဇဝေဇဝါ ဖြစ်လာတော့သည်။
"လီလန်နဲ့ တာဝန်ခံကျန်းတို့က အရမ်းရင်းနှီးကြတယ်... အကယ်၍ အခုလေးတင် သူက ခြံဝင်းထဲမှာရှိနေပြီး တာဝန်ခံကျန်းကို စကားကောင်းကောင်း တစ်ခွန်းလောက် ပြောပေးခဲ့ရင် ငါ ဒီအာလူး ကီလိုရာချီကို ရောင်းရနိုင်လောက်တယ်..."
သို့သော် ထို့နောက်တွင် ရှအိုက်ဟွာက သက်ပြင်းချလိုက်လေသည်။
လွန်ခဲ့သော နှစ်ပေါင်းများစွာက ဖြစ်ပျက်ခဲ့သည့် ကိစ္စတစ်ခုကြောင့် လီလန်သည် သူ၏ ဦးလေးအပေါ် အငြိုးထားနေဆဲဖြစ်သည်။
ယခုလေးတင် သူ၏အိမ်၌ပင် မိသားစုနှစ်စုမှာ အကြီးအကျယ် စကားများခဲ့ကြပြီး အလွန်အရုပ်ဆိုးသော အခြေအနေသို့ ရောက်ရှိခဲ့သည်။
ရှအိုက်ဟွာသည် ထိုအကြောင်းကို တွေးမိသောအခါ ရုတ်တရက် အနည်းငယ် နောင်တရသလို ခံစားလိုက်ရ၏။
"ငါ... ငါ တကယ်ပဲ တစ်ခုခု မှားယွင်းစွာ လုပ်မိခဲ့တာလား..."
ယခုအခါ လီလန်သည် ချမ်းသာကြွယ်ဝပြီး သြဇာအာဏာရှိနေပြီဖြစ်သည်။
ရွှမ်းရွှေရွာ၏ ထုတ်လုပ်ရေးတပ်ဖွဲ့ခေါင်းဆောင်နှင့် မြို့ပေါ်ရှိ နိုင်ငံပိုင်စက်ရုံမှ ကုန်ပစ္စည်းဝယ်ယူရေးတာဝန်ခံစသူတို့ အားလုံးက သူ့ထံသို့ နှစ်သစ်ကူး နှုတ်ဆက်ရန် ရောက်လာကြပြီး အသား၊ ငါး၊ အရက်နှင့် မုန့်များအပါအဝင် လက်ဆောင်ပစ္စည်း အမြောက်အမြားကို ယူဆောင်လာခဲ့ကြသည်။
လီလန်သည် ယခုအခါတွင် အလွန်အောင်မြင်နေပြီဖြစ်ရာ သူ၏ ဦးလေးကလည်း ထိုအရာများမှ အကျိုးအမြတ် ခံစားချင်နေလေသည်။
"ဟူး... ငါ ရှောင်ရုံရဲ့ စကားကို နားမထောင်ခဲ့သင့်ဘူး... အဲ့ငွေတွေကို ငါတို့ ချေးပေးလိုက်သင့်တာ..."
"သူမက ငါ့ရဲ့ အစ်မအရင်းပဲဟာကို..."
ရှအိုက်ဟွာသည် မိမိ၏ ပါးပြင်ကို ပြင်းထန်စွာ ရိုက်ချလိုက်တော့သည်။