← Chapters

အခန်း ၁၀၁

Vol. 11 Ch. 101

အခန်း ၁၀၁

Vol. 11 Ch. 101

အခန်း (၁၀၁)

ကြယ်တာရာ စစ်သင်္ဘော

လူသားတစ်ဦးတွင် ရည်မှန်းချက် ပန်းတိုင်တစ်ခု ရှိလာသည်နှင့်... ထိုရည်မှန်းချက် အောင်မြင်စေရန် မည်သည့် နည်းလမ်းကိုမဆို အသုံးပြုရန် ဝန်လေးတော့မည် မဟုတ်တော့ပေ။

ကောင်းယွမ်သည် ယခင်က စိတ်သဘောထား အလွန်အမင်း ပွင့်လင်းသူတစ်ဦး မဟုတ်ခဲ့သော်လည်း အမေရိကန် ခေါင်းဆောင်များ၏ ဖိနှိပ်မှုများက သူ၏ အတွေးအခေါ်များကို စတင် ပြောင်းလဲစေခဲ့ပြီ ဖြစ်ချေသည်။

ယခုအခါ သူ၏ လက်ဝယ်တွင် မိမိအလိုရှိရာကို အတားအဆီးမရှိ လုပ်ဆောင်နိုင်လောက်သော အစွမ်း အစများ ရှိနေပြီ မဟုတ်ပါလား။

အခြေအနေများက ဤသို့ ဖြစ်နေမှတော့ အဘယ်ကြောင့် အလွန်အမင်း သတိကြီးနေရန် လိုအပ်ဦး ပါမည်နည်း။

စတင်လိုက်ရုံသာ ရှိတော့သည် မဟုတ်ပါလာ။

ဤသည်မှာ အမေရိကန် အစိုးရအပေါ် ပြုလုပ်သည့် စမ်းသပ်မှု အသေးစားလေးတစ်ခုသာ ဖြစ်၏။

"ကမ္ဘာမြေကို ကယ်တင်ခြင်း" ရုပ်ရှင်သည် အနောက်နိုင်ငံများတွင် ပြသပြီး နာရီပိုင်းအတွင်းမှာပင် အလွန်တရာ လူကြိုက်များသွားခဲ့လေသည်။

မရေတွက်နိုင်သော လူအုပ်ကြီးသည် ရုပ်ရှင်ရုံများသို့ သွားရောက်ကာ ဤအံ့မခန်း မြင်ကွင်းကျယ် ရုပ်ရှင်ကို ကြည့်ရှုခဲ့ကြလေ၏။

သူတို့သည် ရုပ်ရှင်ထဲတွင် ပါဝင်သော ခေတ်ရှေ့ပြေး နည်းပညာများကို အထူးတလည် စွဲလန်းသွား ခဲ့ကြလေသည်။

ထို့ကြောင့်ပင် သတင်းမီဒီယာများက အပူချိန်ထိန်း အဝတ်အစားများနှင့် လက်ပတ်ဖုန်းများသည် ရေဒီယိုသတ္တိကြွမှုများ ထုတ်လွှတ်ပြီး ကျန်းမာရေးကို ထိခိုက်စေနိုင်သည်ဟု ဝါဒဖြန့်နေကြသော်လည်း ငါးရံ့နက် နည်းပညာကုမ္ပဏီ၏ အရောင်းဆိုင်များတွင်မူ လူများဖြင့် ပြည့်နှက် စည်ကားလျက် ရှိနေပေ တော့သည်။

...

နောက်တစ်နေ့ နံနက်ခင်းတွင် ကောင်းယွမ်သည် အနာဂတ်ကမ္ဘာသို့ တစ်ဖန် ပြန်လည် ရောက်ရှိလာခဲ့ ပြန်လေသည်။ သူသည် နေအိမ်နောက်ဖေးခြံမှတစ်ဆင့် ကူးသန်းလာခဲ့ခြင်း ဖြစ်သဖြင့် (၂၀၂၄) ကလပ် ၏ ဂိုဒေါင်ထဲ၌ ပေါ်လာခဲ့ခြင်း ဖြစ်လေသည်။

ကောင်းယွမ်သည် ဂိုဒေါင်ထဲမှ ထွက်လာသည့်အခါ အလုပ်ဆင်းရန် ရောက်ရှိလာကြသော ဝမ်ရိဖေး ပင်းပင်းနှင့် တွေ့လိုက်ရလေသည်။

"မင်္ဂလာနံနက်ခင်းပါ သူဌေးကောင်း..."

"မင်္ဂလာပါ ပင်းပင်း... အစ်မကြီးရှန်း ဘယ်မှာလဲ..."

"အစ်မကြီးရှန်းကတော့ ရုံးခန်းထဲမှာ ရှိနေလောက်ပြီရှင့်... သူက အခုတလော ကလပ်မှာပဲ နေနေတာ လေ..."

"အင်း... အခုတလော ကလပ်ရဲ့ အခြေအနေ ဘယ်လိုရှိလဲ..."

"အရမ်းကောင်းပါတယ်ရှင်... သူဌေးက သခင်လေး ဆူးတိုက်ကို ပညာပေးလိုက်ကတည်းက ကျွန်မတို့ ကလပ်မှာ အသင်းဝင်တွေ ပိုတိုးလာတယ်လေ... မြို့တော်ကြီး ရှစ်ခုက သူဌေးကြီးတွေတောင်မှ ဒီကို တကူးတက လာရောက် အပန်းဖြေနေကြတာလေ..."

ဤသည်မှာ အလွန်ပင် ယုတ္တိရှိကြောင်း ကောင်းယွမ် ခံစားလိုက်ရသည်။

ပို၍ အရေးကြီးသည်မှာ သူသည် ကောင်းမိသားစု၏ မျိုးဆက်တစ်ဦး ဖြစ်သည်ဟူသော သတင်းမှာ အထက်တန်းလွှာ လူမှုဝန်းကျင်တွင် ပျံ့နှံ့သွားခဲ့ပြီ ဖြစ်ဟန်တူပေ၏။

ကောင်းမိသားစုသည် ဖွံ့ဖြိုးတိုးတက်ရေး အုပ်ချုပ်မှုဌာနမှ အင်အားကြီး ပုဂ္ဂိုလ်သုံးဦးနှင့် ယှဉ်လျှင် အာဏာအရာ၌ မသာသော်လည်း ထိပ်တန်း မိသားစုတစ်ခု ဖြစ်ပေသည်။ ကောင်းချိုး၏ ဩဇာအာဏာ မှာ ရှိနေဆဲဖြစ်ရာ ထိုအင်အားကြီး သုံးဦး၏ အောက်တွင် နံပါတ်တစ် မိသားစုဟုပင် ဆိုနိုင်ပေသည်။

ဤစီးပွားရေးမှာ ကောင်းမိသားစုနှင့် သက်ဆိုင်နေမှတော့ အဘယ်အရာကို စိုးရိမ်နေရန် လိုအပ်နေပါဦး မည်နည်း။

ထို့အပြင် ဤနေရာသို့ လာရောက်ခြင်းဖြင့် ရှားပါးလှသော မြင်ကွင်းများကို ခံစားနိုင်ရုံသာမက အခြား သော ထိပ်တန်း ပုဂ္ဂိုလ်များနှင့်လည်း မိတ်ဆွေဖွဲ့နိုင်သည်ပင်မဟုတ်ပါလား။

ကောင်းယွမ်သည် ဟွမ်ဖူရှန်း၏ ရုံးခန်းသို့ တိုက်ရိုက် သွားလိုက်လေ၏။

"အစ်မကြီးရှန်းက ရက်ပိုင်းအတွင်းမှာပဲ ပိုပြီး နုပျိုလာသလိုပဲနော်..."

"သူဌေးကောင်း..."

ဟွမ်ဖူရှန်းသည် ချက်ချင်းပင် ထရပ်လိုက်လေသည်။

သူမသည် ယခင်က ကောင်းယွမ်ကို မြေအောက်မြို့တော်ရှိ ရှေးဟောင်းမိသားစု တစ်ခုမှ ဖြစ်လိမ့်မည် ဟု ခန့်မှန်းခဲ့သော်လည်း ယခုအခါ ကောင်းယွမ်၏ မည်သူမည်ဝါဖြစ်ကြောင်းမှာ လူတိုင်း သိရှိသွားခဲ့ပြီ ဖြစ်လေ၏။

သူသည် အမှန်တကယ်ပင် ကောင်းမိသားစုဝင် တစ်ဦး ဖြစ်နေခဲ့သည်ပင်။

ဤဝန်းကျင်ရှိ လူအများအပြားမှာ ကောင်းမိသားစုကို အလွန်ပင် လေးစားအားကိုးကြပေသည်။

"ဘာလို့ ဒီလောက်တောင် အားနာနေရတာလဲ..."

ကောင်းယွမ်က မေးလိုက်၏။

"ရှင်က... ရှင်က ကောင်းမိသားစုက ဖြစ်နေတာကိုး... ကျွန်မကတော့ ရှင်က မြေအောက်မြို့တော်ကလို့ ထင်နေတာ... ကျွန်မ..."

"ကဲပါ... ထိုင်ပါဦး... ကျွန်တော် ခိုင်းထားတဲ့ စိန်အဆင့် အသင်းဝင်တွေရဲ့ မှတ်တမ်းက ဘယ်လိုလဲ..."

အရေးကြီးသော ကိစ္စများအကြောင်း ပြောဆိုသည့်အခါတွင်မူ ဟွမ်ဖူရှန်းသည် သူမ၏ တည်ငြိမ်မှုကို ချက်ချင်း ပြန်လည် ရရှိသွားခဲ့လေသည်။

"ဥက္ကဋ္ဌကောင်း... ကျွန်မ အခုတလော မှတ်တမ်းတင်ထားချက်တွေအရ ပြီးခဲ့တဲ့ ရက်ပိုင်းမှာ စိန်အဆင့် အသင်းဝင်သစ် (၂၁) ယောက် တိုးလာခဲ့ပါတယ်... အဲဒီ အသင်းဝင်တွေရဲ့ တွေ့ဆုံမှုတွေ၊ နေရာတစ်ခု တည်းမှာ အတူတူရှိနေတဲ့ အချိန်နဲ့ အကြိမ်ရေတွေကို ခွဲခြမ်းစိတ်ဖြာကြည့်ပြီးနောက်မှာ ကျွန်မ ရိုးရှင်း တဲ့ ရလာဒ်တစ်ခု ရခဲ့ပါတယ်..."

"အို... ပြောပြပါဦး..."

"အခုဆိုရင် စိန်အဆင့် အသင်းဝင်တွေကို အစုအဖွဲ့ လေးခု ခွဲခြားနိုင်ပါတယ်... အဲဒါတွေကတော့ ကမ္ဘာ မြေ အထူးဖယ်ဒရေးရှင်း၊ စစ်တပ်၊ ပြည်ပ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အုပ်ချုပ်မှုဌာနတို့ ဖြစ်ပါတယ်... ကမ္ဘာမြေ အထူးဖယ်ဒရေးရှင်း ကောင်စီဝင်တွေကတော့ အချင်းချင်း ရင်းနှီးမှု ပိုရှိကြပြီး အချိန်ပိုပေးကြတာ တွေ့ရပါတယ်... "

"ဂြိုဟ်သိမ်ဂြိုဟ်မွှား ပတ်လမ်းစု၊ အင်္ဂါဂြိုဟ်နဲ့ ကြာသပတေးဂြိုဟ်တွေမှာ ပြည်ပ ဖွံ့ဖြိုးတိုးတက်ရေး လုပ်နေသူတွေကတော့ ကောင်စီဝင်တွေနဲ့ သာမန်ဆက်ဆံရေးပဲ ရှိကြပေမဲ့ တစ်ဦးနဲ့တစ်ဦး ရန်လိုမှု တော့ မရှိကြပါဘူး... စစ်တပ်က လူတွေကတော့ ပြည်ပ ဖွံ့ဖြိုးရေးသမားတွေနဲ့ မတည့်ကြသလို တစ် နေရာတည်းမှာလည်း ဘယ်တော့မှ အတူမတွေ့ရပါဘူး..."

"ဖွံ့ဖြိုးတိုးတက်ရေး အုပ်ချုပ်မှုဌာနကရော..."

"ဖွံ့ဖြိုးတိုးတက်ရေး အုပ်ချုပ်မှုဌာနက အသင်းဝင် အလွန်နည်းပါတယ်... တစ်ယောက်ပဲ ရှိတာပါ... သူကတော့ လွန်ခဲ့တဲ့ အနှစ် (၃၀) က အနားယူသွားခဲ့တဲ့ စက်ကိရိယာဌာနခွဲရဲ့ ဒုတိယညွှန်ကြားရေးမှူး ဟောင်း ကျိုးဝူကွမ်း ပါပဲ..."

"သူက တခြားလူတွေနဲ့ အဆင်ပြေရဲ့လား..."

ဟွမ်ဖူရှန်းသည် မှတ်တမ်းများကို လှန်ကြည့်လိုက်၏။

သူမသည် ဇဝေဇဝါ ဖြစ်နေသော အမူအရာ ရှိနေခဲ့ပေသည်။

"ကျိုးဝူကွမ်းက လွန်ခဲ့တဲ့ တစ်ပတ်က စလာခဲ့တာပါ... ဒီတစ်ပတ်အတွင်းမှာ (၆) ကြိမ် လာခဲ့ပါတယ်... နှစ်ကြိမ်က ချင်ကန်းနဲ့ အတူရှိနေပြီး၊ နှစ်ကြိမ်က စစ်တပ်က လူတွေနဲ့၊ တစ်ကြိမ်က တတိယဒေသ ဖွံ့ဖြိုး ရေးဌာနက လူတွေနဲ့ပါ... နောက်ဆုံးတစ်ကြိမ်ကတော့ တစ်ယောက်တည်း လာတာပါ... လာတိုင်းမှာ လည်း (၃) နာရီလောက် ကြာအောင် နေတတ်ပါတယ်..."

ထိုစကားကို ကြားပြီးနောက် ကောင်းယွမ် မျက်မှောင်ကြုတ်သွားမိခဲ့လေသည်။

ဖွံ့ဖြိုးတိုးတက်ရေး အုပ်ချုပ်မှုဌာနမှ လူနည်းလွန်းသဖြင့် ခွဲခြမ်းစိတ်ဖြာရန် ခက်ခဲနေပေသည်။ သို့သော် လည်း ဤကျိုးဝူကွမ်းမှာမူ အတော်ပင် စိတ်ဝင်စားစရာ ကောင်းလှ၏။ သူသည် မည်သည့်အစုအဖွဲ့မှ လူနှင့်မဆို စကားစမြည် ပြောဆိုနိုင်ပုံရပေသည်။

"မှတ်တမ်းကို ဆက်လုပ်ထားပါ... အစ်မကြီးရှန်း... ကျွန်တော် တာဝန်တစ်ခု ပေးချင်တယ်..."

"ဘာတာဝန်မျိုးလဲရှင်..."

"ကျွန်တော် ကြယ်တာရာ စစ်သင်္ဘော တစ်စင်း လိုချင်တယ်... အနားယူထားတဲ့ သင်္ဘော အဟောင်းဆို ရင်လည်း ရပါတယ်... ပေါက်ဈေးအတိုင်း ကျွန်တော် ဝယ်မယ်... ပြီးတော့ ဒီတာဝန်ကို ထမ်းဆောင်တဲ့ သူကို ကလပ်ရဲ့ စနစ်ရမှတ် (၁၀၀၀) ဆုချမယ်..."

ကောင်းယွမ်သည် ကောင်းကန့်ထံမှ စစ်သင်္ဘောများကို တိုက်ရိုက် တောင်းဆိုနိုင်ပေသည်။

သို့သော်လည်း ကောင်းယွမ်သည် ကလပ်အသင်းဝင်များက သူ့အပေါ် မည်သို့ သဘောထားသည်ကို စမ်းသပ်လိုနေခဲ့ခြင်း ဖြစ်၏။

အကယ်၍ မည်သူမျှ ဤတာဝန်ကို စိတ်မဝင်စားပါက ကောင်းယွမ်သည် နောင်တွင် ဤကဲ့သို့သော အခွင့်အရေးမျိုးကို ကလပ်ထဲ၌ ထပ်မံပေးအပ်တော့မည် မဟုတ်ပေ။

အကယ်၍ တစ်စုံတစ်ယောက်က လျင်မြန်စွာ တုံ့ပြန်လာပါကလည်း ဤထိပ်တန်း ပုဂ္ဂိုလ်များသည် ကောင်းယွမ်ကို သူတို့ထဲမှ တစ်ဦးအဖြစ် သတ်မှတ်လိုက်ပြီဟု ဆိုနိုင်ပေသည်။

မကြာမီပင် စိန်အဆင့် အသင်းဝင်အားလုံးထံသို့ တာဝန်ပေးချက် အကြောင်းကြားစာ ရောက်ရှိသွားလေ တော့သည်။

ယခင်က ပေးအပ်လေ့ရှိသော တာဝန်အသေးအမွှားလေးများကိုမူ သူတို့သည် တစ်ချက်မျှပင် လှည့် ကြည့်ခဲ့ကြသည် မဟုတ်ပေ။

အဘယ်ကြောင့်ဆိုသော် ထိုတာဝန်များသည် သူတို့အတွက် အနှစ်သာရ မရှိသောကြောင့် ဖြစ်၏။

သို့သော်လည်း ယခုတစ်ကြိမ်တွင်မူ ကောင်းယွမ်သည် ကြယ်တာရာ စစ်သင်္ဘောတစ်စင်း လိုချင်နေ ကြောင်း သူတို့ တွေ့လိုက်ရခြင်းဖြစ်လေသည်။

လူတိုင်းသည် ချက်ချင်းပင် အမျိုးမျိုး တုံ့ပြန်လာကြတော့သည်။

*ကြယ်တာရာစစ်သင်္ဘောဆိုတာ ဘာကိုဆိုလိုတာလဲ…*

*ကမ္ဘာမြေအထူးဖယ်ဒရေးရှင်းရဲ့ အာကာသတပ်ဖွဲ့ကနေ အနားပေးထားတဲ့ စံပြစက်ကိရိယာတွေ ဖြစ် နေရင်တောင်မှ သာမန်လူတွေ အလွယ်တကူ မြင်တွေ့နိုင်တဲ့ အရာမျိုးတော့ မဟုတ်ဘူးလေ….*

*ကောင်းယွမ်က ကောင်းမိသားစုရဲ့ မျိုးဆက်ဖြစ်တာကြောင့် မိသားစုရဲ့ အရင်းအမြစ်တွေကို သုံးပြီး စစ်သင်္ဘောတစ်စင်း ရယူဖို့ဆိုတာ သူ့အတွက် မခက်ခဲလောက်ဘူးလေ…*

*ဒါပေမဲ့ ကောင်းယွမ်က ကလပ်မှာ ဒီတာဝန်ကို ဘာဖြစ်လို့ ထုတ်ပြန်ခဲ့တာလဲ….*

*ဒါက စမ်းသပ်မှုတစ်ခုလား…*

ကောင်းမိသားစုသည် ဖွံ့ဖြိုးတိုးတက်ရေး အုပ်ချုပ်မှုဌာနကို ပြုပြင်ပြောင်းလဲရန် အမြဲတစေ ကြိုးပမ်း နေခဲ့ကြောင်း ထိပ်တန်း အရာရှိကြီးများ အားလုံး သိကြပေသည်။ သို့သော်လည်း စစ်အာဏာနှင့် ဘဏ္ဍာ ရေး အာဏာအများစုကို ဆုပ်ကိုင်ထားသော ဖွံ့ဖြိုးတိုးတက်ရေး အုပ်ချုပ်မှုဌာနမှာမူ ဖောက်ထွင်း၍မရ သော သီးခြားအဖွဲ့အစည်းကြီးတစ်ခု ဖြစ်နေခဲ့ပေသည်။

ယခုအခါ အခြေအနေမှာ အလွန် ထူးဆန်းနေပေသည်။

ကောင်းမိသားစု၏ မျိုးဆက်ဖြစ်သော ကောင်းယွမ်သည် ဖွံ့ဖြိုးတိုးတက်ရေး အုပ်ချုပ်မှုဌာနတွင် အလုပ်ဝင်တော့မည် ဖြစ်၏။

ကောင်းချိုးမှာ ကွယ်လွန်သွားပြီဖြစ်ပြီး ကောင်းကန့်အနေဖြင့် အရာရာကို ထိန်းချုပ်ရန် ခက်ခဲနေသဖြင့် ကောင်းမိသားစုက အလျှော့ပေးလိုက်ပြီဟု အချို့က ထင်မှတ်နေခဲ့ကြပေသည်။

သို့သော်လည်း မျှော်လင့်မထားဘဲ ကောင်းယွမ်က ကြယ်တာရာ စစ်သင်္ဘော ဝယ်ယူရန် တာဝန်ပေး ချက်ကို ဤနေရာ၌ တင်လိုက်လေသည်။

ဤသည်မှာ ဖွံ့ဖြိုးတိုးတက်ရေး အုပ်ချုပ်မှုဌာန၏ မျက်နှာကို ဖြတ်ရိုက်လိုက်သကဲ့သို့ ဖြစ်နေသဖြင့် အခြေအနေမှာ အလွန်ပင် သိမ်မွေ့လာခဲ့ပေသည်။

စိန်အဆင့် အသင်းဝင် အားလုံးသည် စောင့်ကြည့်နေခဲ့ကြလေ၏။

ကောင်းယွမ်သည်လည်း စောင့်နေခဲ့ပေသည်။ သူ၏ လက်ထဲတွင် အချိန်များစွာ မရှိပေ။ အကယ်၍ ၂၄ နာရီအတွင်း မည်သူမျှ မတုံ့ပြန်ပါက သူသည် ကောင်းကျင်းမြို့သို့ သွားကာ ကောင်းကန့်ကို ရှာတော့မည် ဖြစ်ချေ၏။

အံ့ဩစရာ ကောင်းသည်မှာ နှစ်နာရီခန့် ကြာပြီးနောက်တွင် တစ်စုံတစ်ယောက်က တာဝန်ကို လက်ခံ လိုက်ခြင်းပင် ဖြစ်ပေသည်။

မည်သူက တာဝန်လက်ခံလိုက်သည်ကို မြင်လိုက်ရသည့်အခါ ထိုသူဌေးကြီးများသည် မှင်သက်သွားကြ လေတော့သည်။

ထိုသူမှာ ဆူးတိုက် ဖြစ်ပေတော့သည်...၊

ကောင်းယွမ်သည် မြို့တော်သို့ သွားခဲ့စဉ်က ဆူးတိုက်ကို စိန်အဆင့် အသင်းဝင်ကတ်တစ်ခု ပေးအပ်ခဲ့ ဖူးပေသည်။

ထို့ကြောင့် ဆူးတိုက်သည်လည်း (၂၀၂၄) ကလပ်၏ အသင်းဝင်တစ်ဦး ဖြစ်နေခဲ့ခြင်းဖြစ်ပေ၏။

ကောင်းယွမ်သည်လည်း အနည်းငယ် အံ့ဩသွားမိလေသည်။

*ဒီလူက တကယ်ကို မြန်လှချည်လား…မနေ့ကမှ ရှောင်ကျင်းမြို့မှာ ရှိနေခဲ့တာလေ... ဒီနေ့ကျတော့ လုံကျင်းမြို့ကို ရောက်နေပြီ တဲ့လား…*

*သူ လုံကျင်းမြို့မှာ ဘာလုပ်နေတာလဲ... စစ်သင်္ဘောလာပေးဖို့ သက်သက်နဲ့တင် ဒီအထိ လာတာတော့ မဟုတ်လောက်ဘူး...*

စဉ်းစားနေစဉ်မှာပင် ဦးနှောက်ချိတ်ဆက်မှုကွန်ရက်က စတင် အလုပ်လုပ်လာခဲ့လေသည်။

ဆူးတိုက်၏ သုံးဖက်မြင် ပုံရိပ်ယောင်မှာ သူ၏ရှေ့၌ ပေါ်လာခဲ့လေ၏။

"ကောင်းယွမ်... မင်း ဘယ်မှာလဲ... မင်းရဲ့ ရုံးခန်းထဲမှာ ဘယ်သူမှ မရှိဘူး..."

"အခုပဲ လာခဲ့ပါ့မယ်..."

မိနစ်အနည်းငယ် ကြာပြီးနောက်တွင် ကောင်းယွမ်သည် ဆူးတိုက်နှင့် တွေ့လိုက်ရလေသည်။

"သခင်လေးဆူး... လုံကျင်းမြို့ကို ဘာကိစ္စနဲ့များ ရောက်လာတာလဲခင်ဗျ..."

"မင်းကို ရှာဖို့ သီးသန့် လာခဲ့တာလေ... မင်းက ကြယ်တာရာ စစ်သင်္ဘော လိုချင်တာ မဟုတ်လား... ငါ့မှာ တစ်စင်း ရှိနေတာနဲ့... မင်းဆီ လာပို့ပေးတာ..."

ဆူးတိုက်သည် ထိုသို့ပြောလိုက်သည့်အခါ နှမြောတသဖြစ်စွာဖြင့် သက်ပြင်းတစ်ချက် ခိုးချလိုက်မိ လေသည်။

ဤစစ်သင်္ဘောမှာ သူမကို ကြာသပတေးဂြိုဟ်သို့ ခေါ်သွားရန် သူမ၏ ဖခင်က လက်ဆောင်ပေးထား ခြင်း ဖြစ်လေ၏။ သူ့အနေဖြင့် စနစ်တကျပင် မစီးရသေးမီမှာပင် ကောင်းယွမ် တင်ထားသော တာဝန် ပေးချက်ကို တွေ့ရှိသွားခဲ့ခြင်း ဖြစ်ပေသည်။ ဤကိစ္စမှာ အထက်တန်းလွှာများအကြား လျှို့ဝှက်ချက် မဟုတ်တော့ဘဲ ဆူးမူယန်၏ နားထဲသို့လည်း လျင်မြန်စွာ ရောက်ရှိသွားခဲ့ပေတော့သည်။

ဆူးမူယန်သည် မိနစ်အနည်းငယ်ခန့် စဉ်းစားပြီးနောက် ဆူးတိုက်ကို ခေါ်ယူကာ စစ်သင်္ဘောကို ကောင်းယွမ်ထံ ပေးပို့ရန် ခိုင်းစေခဲ့ခြင်း ဖြစ်လေ၏။

ဤနေရာသို့ လာရာလမ်းတွင် ဆူးတိုက်သည် သူမ ဖခင်၏ ရည်ရွယ်ချက်ကို အကြမ်းဖျင်း နားလည် သွားခဲ့ပေသည်။

စစ်သင်္ဘောများဆိုသည်မှာ... ဖွံ့ဖြိုးတိုးတက်ရေး အုပ်ချုပ်မှုဌာနတွင် အများဆုံး ရှိနေသည် မဟုတ်ပါ လား...

All Chapters