အခန်း ၁၀၄
Vol. 11 Ch. 104
အခန်း (၁၀၄)
ရောဂါခပ်သိမ်း ပျောက်ကင်းစေသူ
ကောင်းယွမ်သည် ဆီးဆိပ်တက်ရောဂါ နောက်ဆုံးအဆင့်သို့ ရောက်ရှိနေသော လူနာတစ်ဦးကို ယခုမှ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်ပေသည်။
ပါးချိုင့်များ ဝင်နေကာ မျက်ဝန်းများမှာလည်း အရောင်အဝါ မှေးမှိန်လျက်ရှိပြီး ခြေထောက်များမှာ လည်း ဖောယောင်နေခဲ့လေသည်။
ထိုလူနာသည် တစ်ခါတစ်ရံတွင် နာကျင်မှုကြောင့် ခန္ဓာကိုယ်ကို ကွေးထားကာ ညည်းတွားနေတတ် ပေ၏။
လင်းမေသည် ဘေးနားမှနေ၍ သူမ၏ မျက်ရည်များကို သုတ်ရင်း ပြောလိုက်လေသည်။
"ဆရာဝန်ကတော့ ကျောက်ကပ် ပုံမှန်ဆေးပေးပြီး စိတ်ဓာတ်ကို ကြံ့ကြံ့ခံထားနိုင်ရင် နောက်ထပ် နှစ်အနည်းငယ်လောက်အထိ အသက်ဆက်နိုင်ဦးမယ်လို့ ပြောတာပဲ... တကယ်လို့များ ကံကောင်းလို့ ကိုက်ညီတဲ့ ကျောက်ကပ်ကိုသာ ရှာတွေ့ပြီး အင်္ဂါအစိတ်အပိုင်း အစားထိုးကုသမှု လုပ်နိုင်မယ်ဆိုရင် လည်း အသက်ချမ်းသာရာ ရနိုင်သေးတယ်... ဒါပေမဲ့ အမေကတော့ လုံးဝ ပူးပေါင်းဆောင်ရွက်ချင်စိတ် မရှိဘူး..."
ကောင်းယွမ်သည် ခဏမျှ တိတ်ဆိတ်သွားခဲ့ရလေသည်။
"အန်တီ ချက်ချင်း ပြန်ကောင်းလာမှာပါ..."
"အစ်ကိုယွမ်... ကျွန်မကို နှစ်သိမ့်ဖို့ မကြိုးစားပါနဲ့တော့... ကျောက်ကပ် အစားထိုးနိုင်ခဲ့ရင်တောင်မှ ဆေး တွေကို တစ်သက်လုံး သောက်နေရဦးမှာလေ... ကျောက်ကပ်ဆေးရတဲ့ တစ်ခါတိုင်းက ငရဲကျနေသလို ပဲ... ကျွန်မ မကြည့်ရက်တော့ဘူး... အမေကလည်း အမြဲတမ်း သေချင်တယ်လို့ပဲ ပြောနေတာ... ကျွန်မ ဘာလုပ်ရမလဲ မသိတော့ဘူး..."
ကောင်းယွမ်၏ မျက်လုံးထဲတွင် လင်းမေသည် အမြဲတမ်း ပျော်ပျော်ရွှင်ရွှင် နေတတ်သော မိန်းကလေး တစ်ဦး ဖြစ်ခဲ့သော်လည်း သူမ၏ မိသားစု အခြေအနေမှာ ဤကဲ့သို့ ဖြစ်နေလိမ့်မည်ဟု သူ လုံးဝ မထင် မှတ်ထားခဲ့ပေ။
ကောင်းယွမ်သည် ယခင်က သူ၏ မာန်မာနများ ပြင်းထန်နေခဲ့ခြင်းအပေါ် အနည်းငယ် နောင်တရမိသွား ခဲ့လေသည်။
ထိုစဉ် အိပ်ရာပေါ်တွင် လဲလျောင်းနေသော လင်းမေ၏ မိခင်သည် နာကျင်မှုများ သက်သာသွားဟန်ဖြင့် သတိပြန်လည်လာကာ ကောင်းယွမ်ကို လှမ်းကြည့်လိုက်လေ၏။
သူမ၏ အသံမှာ အလွန်ပင် တိုးညှင်းလှပေသည်။
"ရှောင်မေ... ဒါ ဘယ်သူလဲ... ညည်းရဲ့ ရည်းစားလား... ငါ အသက်ရှိနေတုန်းမှာပဲ လက်ထပ်လိုက်ကြပါ တော့..."
"အမေ... ဒါက ကောင်းယွမ်လေ... အစ်ကိုယွမ်လေ... ကျွန်မတို့ အိမ်နီးချင်းလေ... အမေ မမှတ်မိဘူး လား..."
"ဪ... ကောင်းယွမ်ကိုး... ငါ တောင် မမှတ်မိတော့ဘူး... အဟွတ် အဟွတ်... ရှောင်မေကို ကောင်း ကောင်း စောင့်ရှောက်ပေးပါဦးနော်..."
ကောင်းယွမ်သည် ကုတင်ဘေးတွင် ထိုင်လိုက်လေသည်။
"အန်တီ စိတ်မပူပါနဲ့... လင်းမေက ကျွန်တော့်ရဲ့ ညီမလေးလိုပါပဲ... ကျွန်တော် သူ့ကို သေချာပေါက် စောင့်ရှောက်ပေးပါ့မယ်..."
ကောင်းယွမ်၏ စကားကို ကြားသောအခါ လင်းမေသည် အနည်းငယ် စိတ်ပျက်သွားခဲ့ရလေ၏။
လင်းမိခင်သည် တစ်စုံတစ်ခုကို ပြောလိုဟန် ရှိသော်လည်း နောက်ဆုံးတွင် သက်ပြင်းသာ ချလိုက်လေ တော့သည်။
"အင်းလေ..."
"အန်တီ... စိတ်မလျှော့ပါနဲ့ဦး... သေချာပေါက် ပြန်ကောင်းလာမှာပါ..."
"ငါ့ခန္ဓာကိုယ် အခြေအနေကို ငါသိပါတယ်... တရုတ်နှစ်သစ်ကူးအထိတောင် ငါ ခံနိုင်ရည်ရှိမှာ မဟုတ် တော့ပါဘူး..."
ကောင်းယွမ်သည် သေခြင်းတရားနှင့် ခွဲခွာခြင်းများကို တစ်ခါမျှ မကြုံတွေ့ဖူးခဲ့ပေ။ အဘယ်ကြောင့်ဆို သော် သူ၏ မိဘများမှာ စက်ရုပ်များ ဖြစ်ကြပြီး သူ၏ အဘိုးဟု ခေါ်ဆိုသူမှာလည်း အမှန်တကယ်တွင် သူ၏ ဖခင်ဖြစ်ကာ အသက်ကြီးပုံ ပေါက်နေသော်လည်း ကျန်းမာရေး အလွန်ကောင်းမွန်ပြီး ယခုအခါ တွင် ဂြိုဟ်သိမ်ဂြိုဟ်မွှား ပတ်လမ်းစုသို့ သွားရောက်နေသောကြောင့် ဖြစ်ပေ၏။
လင်းမိခင်၏ ဘေးတွင် ထိုင်နေရင်း ကောင်းယွမ်သည် ဘဝ၏ မမြဲခြင်းတရားကို ပထမဆုံးအကြိမ် ခံစားလိုက်ရလေသည်။
ကောင်းယွမ်သည် ထိုနေရာတွင် ဆက်၍ မနေနိုင်တော့ပေ။
သူသည် လင်းမေကို အပြင်သို့ ဆွဲထုတ်လာခဲ့လေတော့သည်။
"ငါ့အိမ်ကို လိုက်ခဲ့... မင်းကို ပေးစရာ ရှိတယ်..."
"ဘာလဲဟင်..."
"မင်းအမေရဲ့ ရောဂါကို ပျောက်ကင်းစေမယ့် အရာလေ..."
လင်းမေသည် ဇဝေဇဝါ ဖြစ်သွားခဲ့ရ၏။
"အစ်ကိုယွမ်... ဘာပြောလိုက်တာလဲ..."
"ပျက်စီးနေတဲ့ အင်္ဂါအစိတ်အပိုင်းတွေကို ပြန်လည် ပြုပြင်ပေးနိုင်တဲ့ အာဟာရဆေးရည်လေ... ဒါက ငါတို့ ကုမ္ပဏီရဲ့ ထုတ်ကုန်အသစ်ပဲ... တကယ်တော့ နောက်နှစ်မှ ထုတ်ဖို့ စီစဉ်ထားတာပေမဲ့ အခုတော့ အချိန်စောပြီး ထုတ်ပေးလိုက်တော့မယ်..."
"ဒါက ဆီးဆိပ်တက်ရောဂါကို ပျောက်ကင်းစေနိုင်လို့လား..."
လင်းမေ၏ မျက်ဝန်းများတွင် မျှော်လင့်ချက် အရောင်အဝါများ တောက်ပလာခဲ့လေသည်။
"ဘယ်ရောဂါမဆို ပျောက်ကင်းစေနိုင်တယ်..."
ကောင်းယွမ်က ပြောလိုက်လေ၏။
"ရောဂါခပ်သိမ်းကို ပျောက်ကင်းစေနိုင်တာလား..."
လင်းမေသည် လုံးဝ မယုံကြည်နိုင် ဖြစ်နေခဲ့ပေသည်။
"အဲဒီလိုလည်း ပြောလို့ရပါတယ်... မင်း ငါ့ကို ယုံလား..."
"အစ်ကိုယွမ်... ဘာဘယ်လိုမေးလိုက်တာလဲ... ကျွန်မက အစ်ကို့ကို သေချာပေါက် ယုံတာပေါ့... ကျွန်မ မျက်စိထဲမှာတော့ အစ်ကိုက တကယ့်ကို နတ်ဘုရားတစ်ပါးလို အရာရာကို လုပ်ဆောင်နိုင်တဲ့သူပဲ... လက်ပတ်ဖုန်းတွေကိုတောင် ဖန်တီးနိုင်တာပဲ မဟုတ်လား... အခု အစ်ကိုက အင်္ဂါဂြိုဟ်ကို ပြောင်းရွှေ့ မယ်လို့ ပြောရင်တောင် ကျွန်မ ယုံကြည်နေဦးမှာပဲ..."
*အင်္ဂါဂြိုဟ်သို့ ပြောင်းရွှေ့တာလား...*
ထိုအရာမှာ အမှန်တကယ်ပင် ဖြစ်နိုင်ခြေ ရှိပေသည်။
ကောင်းယွမ်သည် အိမ်ဟောင်းသို့ ပြန်လာကာ ချင်းမူကုထန်း ပေးအပ်ခဲ့သော အသက်ဆက်ဆေးရည်ကို ထုတ်ယူ၍ လင်းမေထံသို့ သုံးပုလင်း ပေးလိုက်လေသည်။
"အိမ်ရောက်ရင် တစ်ပုလင်း အရင်တိုက်လိုက်ပါ... ပြီးရင် အခြေအနေကို ကြည့်တာပေါ့... တကယ်လို့ ကောင်းကောင်း ပြန်လည် နာလန်ထူလာတယ်ဆိုရင် ထပ်တိုက်ဖို့ မလိုတော့ဘူး... အကယ်၍ အခြေ အနေ မထူးခြားသေးဘူးဆိုရင်တော့ နောက်တစ်ပုလင်း ထပ်တိုက်ပေါ့... တစ်နှစ်ကို တစ်ပုလင်းလောက် ဆိုရင်တော့ ခန္ဓာကိုယ်ကို ထိန်းသိမ်းဖို့ လုံလောက်ပါတယ်..."
လင်းမေသည် သူမ၏ လက်ထဲရှိ ဆေးထိုးပြွန်လေးကို ကြည့်လိုက်၏။
"အစ်ကိုယွမ်... ဒါက တကယ်ပဲ အဆင်ပြေပါ့မလား..."
"စိတ်ချစမ်းပါ... အမြန်သာ ပြန်သွားလိုက်တော့..."
လင်းမေသည် ဆေးထိုးပြွန်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားလိုက်လေသည်။
"အစ်ကိုယွမ်... ကျွန်မ အသက် ခုနစ်နှစ်သားအရွယ်မှာ အဖေက ထွက်သွားခဲ့ကတည်းက ကျွန်မနဲ့ အမေ နှစ်ယောက်တည်း ကျန်ခဲ့တာ... တကယ်လို့ အမေသာ မရှိတော့ဘူးဆိုရင် ကျွန်မ ဘာလုပ်ရမလဲဆိုတာ စိတ်တောင် မကူးကြည့်ရဲဘူး... ကျေးဇူးတင်ပါတယ် အစ်ကိုယွမ်..."
"ဒီကလေးမလေးကတော့လေ... မင်းက ငါ့ညီမလေးပဲလေ... တစ်လောကလုံးက မင်းကို ကျောခိုင်းသွား ရင်တောင်မှ မင်းအနားမှာ ငါရှိနေဦးမှာပါ..."
ကောင်းယွမ်သည် လင်းမေ၏ မျက်ရည်များကို သုတ်ပေးလိုက်လေသည်။
"အမြန် ပြန်တော့..."
လင်းမေသည် ခေါင်းငြိမ့်ပြကာ လှည့်ထွက်သွားခဲ့လေသည်။ ထိုစဉ် အပြင်ဘက်မှ ကားတံခါး ပိတ်သံ ထွက်ပေါ်လာခဲ့၏။
အန်းဆန်သည် ကောင်းယွမ်၏ အနားသို့ ချဉ်းကပ်လာကာ ပြောလိုက်လေသည်။
"သခင်... ဧည့်သည်တွေ ရောက်လာပါပြီ..."
"ငါ သိတယ်..."
ကောင်းယွမ်သည် သူတို့ကို ကြိုဆိုရန် ထွက်လာခဲ့ရာ ရှေ့ဆုံးမှ ချင်ထျဲ့ကျွင်းနှင့် နောက်မှ လိုက်ပါလာ သော လူနှစ်ဦးကို မြင်တွေ့လိုက်ရလေသည်။
"ညွှန်ကြားရေးမှူးချင်..."
ကောင်းယွမ်က နှုတ်ဆက်လိုက်လေ၏။
"ကောင်းယွမ်... ငါ မိတ်ဆက်ပေးပါရစေ... ဒါကတော့ အမျိုးသား ကူးသန်းရောင်းဝယ်ရေး အုပ်ချုပ်မှု ဌာနက ဝူလျန် ပါ... ပြီးတော့ ဒါကတော့ အမျိုးသား သိပ္ပံအကယ်ဒမီရဲ့ ဥက္ကဋ္ဌ ကျုံးကော်ချန် ပါ..."
"မင်္ဂလာပါ လူကြီးမင်းဝူနဲ့ လူကြီးမင်းကျုံး..."
ဝူလျန်သည် ကောင်းယွမ်၏ လက်ကို ဆွဲကိုင်နှုတ်ဆက်လိုက်လေသည်။
"ဆေးအတွက် ကျေးဇူးတင်ပါတယ်... မင်းသာ မရှိခဲ့ရင် ငါဟာ အခုချိန်မှာ ငါ့ရဲ့ ရဲဘော်ရဲဘက်တွေနဲ့ အတူ တခြားကမ္ဘာကို ရောက်နေလောက်ပြီ..."
ကောင်းယွမ်သည် ဝူလျန်ကို သေချာပေါက် သိရှိပေသည်။ အဘယ်ကြောင့်ဆိုသော် သူသည်လည်း ယခင်က စီးပွားရေးလောကတွင် ကျင်လည်ခဲ့ဖူးသောကြောင့် ဖြစ်၏။
"လူကြီးမင်းဝူ... ဒါက ကျွန်တော် လုပ်သင့်လုပ်ထိုက်တဲ့ အရာပါ..."
"ဒါက အသက်ကို ကယ်တင်ပေးခဲ့တဲ့ ဆေးပဲလေ..."
ဝူလျန်က ရင်ထဲမှ လှိုက်လှိုက်လှဲလှဲ ပြောလိုက်လေသည်။
"လူကြီးမင်းတို့... အထဲကို ကြွပါဦး... အထဲမှာပဲ စကားပြောကြတာပေါ့..."
...
သူတို့ လေးဦးသည် ဆိုဖာပေါ်တွင် ထိုင်လိုက်ကြလေ၏။ ကောင်းမိသားစု၏ အိမ်ဟောင်းကို ရှေ့ခြံနှင့် နောက်ခြံဟူ၍ နှစ်ပိုင်း ခွဲခြားထားပြီး ရှေ့ခြံကိုမူ အသစ် ပြန်လည် ပြုပြင်ထားသဖြင့် နေထိုင်ရန် အလွန် ပင် သက်သောင့်သက်သာ ရှိလှပေသည်။
ဤကဲ့သို့သော အာဏာရှိ ပုဂ္ဂိုလ်ကြီးများ စုပေါင်း ရောက်ရှိလာခြင်း၏ ရည်ရွယ်ချက်ကို ကောင်းယွမ် သေချာ မသိရှိသေးပေ။
ရှီဆန်းသည် ဆူးမူယန် ပေးအပ်ခဲ့သော နှစ်ပေါင်းသုံးထောင်သက်တမ်းရှိ တာ့ဟုန်ပေါင်း လက်ဖက်ရည် ကို ဖျော်စပ်ကာ လာရောက် ပေးပို့ခဲ့လေသည်။
လက်ဖက်ရည်နံ့မှာ တစ်ခန်းလုံးတွင် သင်းပျံ့သွားခဲ့လေ၏။
ချင်ထျဲ့ကျွင်းသည် လက်ဖက်ရည်ခွက်ကို မကာ အနံ့ခံကြည့်လိုက်ပြီးနောက် ဝမ်းသာအားရ ပြောလိုက် လေသည်။
"တကယ့်ကို ကောင်းတဲ့ တာ့ဟုန်ပေါင်း...လက်ဖက်ရည်ပဲ... "
သူသည် တစ်ငုံ သောက်လိုက်သည့်အခါ အံ့ဩသွားသော အမူအရာ ရှိနေခဲ့ပေသည်။
"အင်း... ဒါက ငါ အရင်က သောက်ဖူးတဲ့ လက်ဖက်ရည်တွေနဲ့ မတူသလိုပဲ... ဒါက ပိုပြီး အရသာ ရှိ တယ်... ကောင်းယွမ်... မင်းရဲ့ လက်ဖက်ရည်က..."
"သူငယ်ချင်းတစ်ယောက် ပေးထားတာပါ... ညွှန်ကြားရေးမှူးချင်က လက်ဖက်ရည် သောက်ဖို့ သက် သက်ပဲ လာခဲ့တာတော့ မဟုတ်ဘူး မဟုတ်လား..."
ချင်ထျဲ့ကျွင်းက ပြုံးလိုက်လေသည်။
"ကဲ... အလုပ်ကိစ္စကိုပဲ ပြောကြရအောင်... ကောင်းယွမ်... မင်း အရင်က လူကြီးမင်းဝူကို ပေးခဲ့တဲ့ အသက်ဆက်ဆေးရည်တွေ မင်းဆီမှာ ကျန်သေးလား..."
ကောင်းယွမ်က ခေါင်းငြိမ့်ပြလိုက်လေ၏။
"အဲဒါကို အများအပြား ထုတ်လုပ်နိုင်မလား..."
"ရနိုင်လောက်ပါတယ်..."
"ငါတို့ လာခဲ့တာက အဲဒီ အသက်ဆက်ဆေးရည် ကိစ္စအတွက်ပဲ..."
"ဒီလို ကိစ္စမျိုးဆိုရင် ဖုန်းတစ်ချက်လောက် ဆက်လိုက်ရုံနဲ့ ကျွန်တော် ချင်ကျင်းမြို့ကို လာပို့ပေးမှာပေါ့... ဘာလို့ လူကြီးမင်းတို့ ကိုယ်တိုင် လာနေရသေးတာလဲ..."
"ငါ့ကြောင့် မဟုတ်ပါဘူး... ဥက္ကဋ္ဌကျုံးက မင်းကို တွေ့ချင်တယ်ဆိုလို့ပါ..."
*ဪ...*
ကောင်းယွမ်သည် ကျုံးကော်ချန်ကို ကြည့်လိုက်၏။
သိပ္ပံအကယ်ဒမီ၏ ဥက္ကဋ္ဌဖြစ်သူသည် အသက် (၆၀) ဝန်းကျင်ခန့်သာ ရှိသေးသဖြင့် အဆင့်မြင့် အရာရှိ ကြီးများ အကြားတွင်မူ ငယ်ရွယ်သူဟု ဆိုနိုင်ပေသည်။
"လူကြီးမင်းကျုံး..."
"ကောင်းယွမ်... ငါ မင်းရဲ့ အသက်ဆက်ဆေးရည်ကို လေ့လာကြည့်ပြီးပြီ... အဲဒီထဲမှာ ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်း အသီးသီးမှာ ရှိတဲ့ ဆဲလ်တွေ ပြန်လည် ကွဲပွားမှုကို တိတိကျကျ ထိန်းချုပ်ပေးနိုင်တဲ့ ထူးခြားတဲ့ ဒြပ်စင်တစ်ခု ပါဝင်နေတယ်... ဒါပေမဲ့ ငါ လေ့လာကြည့်သလောက်တော့ အဲဒီ ဆေးရည်ရဲ့ အဓိက အစိတ်အပိုင်းက ပရိုတင်း တစ်မျိုးပဲ ဖြစ်နေတယ်... အဲဒီ ပရိုတင်းက ဘယ်လိုနည်းနဲ့ ဒီလောက် အထိ အာနိသင် ရှိနေသလဲဆိုတာကိုတော့ ငါတို့ အခုထိ နားမလည်နိုင်သေးဘူး..."
ကောင်းယွမ် ရယ်မောလိုက်မိလေသည်။
"လူကြီးမင်းကျုံး... လူမှားပြီး မေးနေပြီထင်တယ်... ကျွန်တော်က နည်းပညာကို နားမလည်ပါဘူး၊ ဒါပေ မဲ့ နားလည်တဲ့သူကိုတော့ လူကြီးမင်းအတွက် မေးပေးလို့ ရပါတယ်... လူကြီးမင်း ဒီလောက်ပဲ မေးဖို့ လာခဲ့တာတော့ မဟုတ်ဘူး မဟုတ်လား..."
"ဒါက အကြောင်းရင်း တစ်ခုပေါ့... နောက်ထပ် အကြောင်းရင်း တစ်ခုကတော့ အပူချိန်ထိန်း အဝတ် အစား ကိစ္စအတွက်ပဲ..."
"ဪ..."
"အပူချိန်ထိန်း အဝတ်အစားမှာ အထူး အလွှာပါးတွေ၊ နျူကလီးယား ပေါင်းစပ်စွမ်းအင်တွေနဲ့ ဘက်ထရီ တွေ အပါအဝင်... ချစ်ပ်ပြား နည်းပညာတွေအထိ ပါဝင်နေတာလေ..."
ကောင်းယွမ် နားလည်သွားခဲ့ပြီ ဖြစ်၏။
"လူကြီးမင်းတို့က ကျွန်တော့်ရဲ့ အပူချိန်ထိန်း အဝတ်အစား နည်းပညာကို စွန့်လွှတ်စေချင်တာလား..."
ကောင်းယွမ်က မေးလိုက်လေ၏။
ချင်ထျဲ့ကျွင်းက စားပွဲကို ရိုက်ကာ ပြောလိုက်လေသည်။
"တွေ့လား... ငါ သိသားပဲ... ဒီကောင်လေးက တကယ့်ကို ဉာဏ်ကောင်းတာ... ဥက္ကဋ္ဌကျုံး တစ်ခွန်းပဲ ပြောရသေးတယ်၊ သူက အကုန် ရိပ်မိသွားပြီ..."
"ကောင်းယွမ်... ဒီနည်းပညာတွေထဲက တစ်ခုခုဟာ တကယ့်ကို တော်လှန်ရေးဆန်တဲ့ အဆင့်မြင့် နည်းပညာတွေပဲ... တကယ်လို့ မင်းသာ မင်းရဲ့ နည်းပညာကို မျှဝေပေးဖို့ ဆန္ဒရှိမယ်ဆိုရင် ရှနိုင်ငံရဲ့ လုပ်ငန်းတွေဟာ သေချာပေါက် တိုးတက်လာပါလိမ့်မယ်... "
"အခုတလော နိုင်ငံရဲ့ စီးပွားရေးက အကျဘက်ကို ရောက်နေတာဆိုတော့ ဈေးကွက်ရဲ့ ယုံကြည်မှုကို မြှင့်တင်ပေးဖို့ နယ်ပယ်သစ်တွေကို ငါတို့ အရေးတကြီး လိုအပ်နေတာလေ..."
ကောင်းယွမ် စဉ်းစားလိုက်လေ၏။
"ကျွန်တော့်ကို ဘယ်လို ပြန်ပေးဆပ်မှာလဲ..."
"မင်း ဘာလိုချင်လို့လဲ..."
"ကျွန်တော် အလိုရှိတာ မှန်သမျှ ရနိုင်မှာလား..."
ကောင်းယွမ်က မေးလိုက်လေသည်။
"မင်း အရင် ပြောကြည့်ဦးလေ..."