← Chapters

အခန်း ၁၀၅

Vol. 11 Ch. 105

အခန်း ၁၀၅

Vol. 11 Ch. 105

အခန်း (၁၀၅)

အလွန်ပင် စိတ်ရင်းမှန်လှပေသည်

"အမေရိကန် အစိုးရက ကျွန်တော့်ရဲ့ နည်းပညာတွေကို ဖိနှိပ်နေကြတယ်..."

ကောင်းယွမ်သည် စကားကို အဆုံးသတ်လိုက်ပြီးနောက် သူ၏ရှေ့တွင် ရှိနေသော လူသုံးဦးကို ကြည့် လိုက်လေသည်။

ချင်ထျဲ့ကျွင်းသည် အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်သွားခဲ့ရ၏။ ဤပြဿနာကို သူ အမှန်တကယ် ပင် မဖြေရှင်းနိုင်ပါချေ။ အကယ်၍ အမေရိကန်နှင့် လူသိရှင်ကြား ထိပ်တိုက်ရင်ဆိုင်လျှင်မူ တစ်မျိုး ဖြစ်ပေလိမ့်မည်။ သို့သော်လည်း အမှန်တရား ပေါ်ပေါက်လာပါက ဖိနှိပ်မှုများမှာ ပိုမို ပြင်းထန်လာရုံသာ ရှိပေတော့မည်။

ဝူလျန်က သက်ပြင်းချကာ ပြောလိုက်လေ၏။

"အခုဆိုရင် ရှနိုင်ငံရဲ့ ကုမ္ပဏီတွေဟာ ကမ္ဘာ့ဈေးကွက်ကို တိုးချဲ့တဲ့နောက် ဒီလို ပြဿနာမျိုးတွေနဲ့ ကြုံ တွေ့နေရတာပဲ... နိုင်ငံငယ်လေးတွေကိုတော့ ငါတို့ ဖိအားပေးနိုင်ပေမဲ့ နိုင်ငံကြီးတွေနဲ့ ကျတော့ ရင်ဆိုင် ဖို့ တကယ့်ကို ခက်ခဲတယ်လေ..."

ကောင်းယွမ်သည် ပြုံး၍သာ နေလိုက်လေသည်။

ချင်ထျဲ့ကျွင်းသည် အနည်းငယ် ရှက်ရွံ့သွားမိလေ၏။ မိမိနိုင်ငံ၏ ကုမ္ပဏီများကိုပင် အကာအကွယ် မပေးနိုင်ဘဲ သူတစ်ပါးထံမှ နည်းပညာ မျှဝေပေးရန် တောင်းဆိုနေခြင်းမှာ တကယ့်ကို လွန်ရာကျနေ သည် မဟုတ်ပါလား။

သို့သော်လည်း ဤနည်းပညာများသည် အလွန်တရာ အရေးကြီးလှပေသည်။ အထူးသဖြင့် ထိန်းချုပ် နျူကလီးယား ပေါင်းစပ်စွမ်းအင်နှင့် ဘက်ထရီ နည်းပညာတို့ ပေါင်းစပ်လိုက်ပါက ကမ္ဘာ့အင်အားကြီး နိုင်ငံများ၏ အခြေအနေကိုပင် ပြောင်းလဲပစ်နိုင်မည် ဖြစ်ချေ၏။

ရှနိုင်ငံသည် ကမ္ဘာပေါ်တွင် ရေနံ အများဆုံး တင်သွင်းနေရသော နိုင်ငံဖြစ်ပြီး တွင်းထွက် သယံဇာတနှင့် ရေနံ တင်သွင်းမှုများကြောင့်သာ မကြာခဏ အလျှော့ပေးနေရခြင်း ဖြစ်ပေသည်။ အကယ်၍ ကုန်သွယ် မှု လမ်းကြောင်းများသာ ပိတ်ဆို့ခံရပါက လုပ်ငန်းများစွာ ပျက်စီးသွားပေလိမ့်မည်။

"ဥက္ကဋ္ဌကောင်း... ကျွန်တော် သက်ဆိုင်ရာ ဌာနတွေနဲ့ ဆက်သွယ်ပြီး အမေရိကန် အစိုးရနဲ့ အကောင်းဆုံး ဆွေးနွေးကြည့်ပါ့မယ်... လက်ပတ်ဖုန်းနဲ့ အပူချိန်ထိန်း အဝတ်အစားတွေဟာ ခေတ်သစ်ရဲ့ တော်လှန်ရေး ဆန်တဲ့ ထုတ်ကုန်တွေပဲ... ဘယ်လို ဖိနှိပ်မှုမျိုးကမှ သူတို့ကို တားဆီးထားနိုင်မှာ မဟုတ်ပါဘူး... မတရား တဲ့ ဆက်ဆံမှုတွေက ငါတို့ကို ပိုပြီး အင်အား တောင့်တင်းလာစေမှာပါ..."

"ညွှန်ကြားရေးမှူးချင်... အကယ်၍များ ကျွန်တော်ရဲ့ နည်းပညာတွေကို ထုတ်ဖော်ပေးလိုက်မယ်ဆိုရင် လူကြီးမင်းတို့အနေနဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ရာက အနောက်နိုင်ငံတွေ လုပ်ခဲ့သလို အင်အားကြီး စစ်သင်္ဘောတွေ၊ အမြောက်တွေနဲ့ အနောက်နိုင်ငံတွေရဲ့ ဈေးကွက်ကို ဖွင့်ခိုင်းနိုင်မှာလား..."

ချင်ထျဲ့ကျွင်း မှင်သက်သွားခဲ့ရလေသည်။ ဤသည်မှာ သူ ဆုံးဖြတ်နိုင်သော ကိစ္စ မဟုတ်ချေ။

အဘယ်ကြောင့်ဆိုသော် ယခုကမ္ဘာသည် လွန်ခဲ့သော နှစ်ပေါင်း နှစ်ရာက ကမ္ဘာ မဟုတ်တော့သော ကြောင့် ဖြစ်ပေ၏။ ခြေလှမ်း တစ်ချက် မှားယွင်းသွားသည်နှင့် တတိယကမ္ဘာစစ်ကို ဖြစ်ပွားစေနိုင်ပြီး ခေတ်သစ် စစ်ပွဲများတွင်မူ အနိုင်ရသူဟူ၍ ရှိမှာ မဟုတ်တော့ပေ။

"ညွှန်ကြားရေးမှူးချင်... နျူကလီးယား ပေါင်းစပ်စွမ်းအင်သာ ရှိမယ်ဆိုရင် ကျွန်တော်တို့ရဲ့ လေယာဉ် တင် သင်္ဘောတွေဟာ မက္ကဆီကို ပင်လယ်ကွေ့အထိ သွားလာနိုင်မှာလေ... ရေနံတင် လမ်းကြောင်းတွေ ပိတ်ဆို့ခံရမှာကိုလည်း စိုးရိမ်နေစရာ မလိုတော့ဘူး... အဲဒါဆိုရင် ဘာကို ကြောက်နေဦးမှာလဲ... အကယ် ၍ ကျွန်တော်တို့က အမေရိကန်ကို ဈေးကွက် ဖွင့်ခိုင်းမယ်ဆိုရင် ကမ္ဘာပေါ်မှာ ဘယ်သူကများ ငြင်းဆန် ရဲမှာတဲ့လဲ..."

ကောင်းယွမ်က မေးလိုက်လေ၏။ သူသည် စစ်သင်္ဘောများကို ပြင်ဆင်ထားသော်လည်း သူသည် တစ်ဦးတည်းသော ပုဂ္ဂိုလ် ဖြစ်ပေသည်။ သူ၏ အခြေခံမှာ ရှနိုင်ငံတင်သာ ရှိနေခဲ့၏။ အကယ်၍ ရှနိုင်ငံ အစိုးရကသာ ပြဿနာကို ဖြေရှင်းပေးနိုင်ပါက သူ အဘယ်ကြောင့် ကိုယ်တိုင် ပါဝင် ပတ်သက်နေတော့ မည်နည်း။

"ဥက္ကဋ္ဌကောင်း... နျူကလီးယား ပေါင်းစပ်စွမ်းအင် ရှိရင်တောင်မှ ကျွန်တော်တို့ရဲ့ စစ်ရေးအင်အားဟာ အမေရိကန်ကို ယှဉ်ဖို့ အနည်းဆုံး ဆယ်နှစ်လောက် လိုပါသေးတယ်... အပြတ်အသတ် အသာစီးမရဘဲ နဲ့တော့ ဒီလို အခြေအနေမျိုးထဲမှာ နစ်မွန်းသွားဖို့ပဲ ရှိတာပေါ့..."

ချင်ထျဲ့ကျွင်းသည် စစ်ရေး ကျွမ်းကျင်သူ မဟုတ်သော်လည်း လက်ရှိ အခြေအနေတွင် ထိုသို့ လုပ်ဆောင် ရန်မှာ မဖြစ်နိုင်ကြောင်းကိုတော့ သိရှိနေခဲ့ပေသည်။

"ညွှန်ကြားရေးမှူးချင်... ဒီကိစ္စကို ကျွန်တော် ကိုယ်တိုင်ပဲ ကိုင်တွယ်ပါ့မယ်... ဒါပေမဲ့ ကျွန်တော့်မှာ တောင်းဆိုချက် တစ်ခု ရှိပါတယ်..."

"... ပြောပါဦး..."

"နိုင်ငံတော်အနေနဲ့ ကျွန်တော့်ဘက်ကနေ ခြွင်းချက်မရှိ ရပ်တည်ပေးရပါမယ်..."

ချင်ထျဲ့ကျွင်းသည် ဤကိစ္စကို အလွယ်တကူ ကတိမပေးနိုင်ခဲ့ချေ။

ခြွင်းချက်မရှိ ဆိုသည်မှာ ကောင်းယွမ် အဘယ်အရာကို လုပ်ဆောင်ရန် ကြံစည်နေသနည်း။ အကယ်၍ လုပ်ဆောင်ချက်များမှာ တရားဝင်ဖြစ်ပါက အာဏာပိုင်များအနေဖြင့် ငါးရံ့နက် နည်းပညာကို သေချာ ပေါက် ကာကွယ်ပေးမည်သာ ဖြစ်ပေ၏။

"အဲဒီလိုဆိုရင်တော့ နည်းပညာကို မျှဝေပေးမယ်ပေါ့..."

"နည်းပညာကို ပေးနိုင်ပါတယ်... ဒါပေမဲ့ ဆောက်လုပ်ရေးပိုးကောင် တုန်းကလိုတော့ ခြွင်းချက်မရှိ ပေး မှာ မဟုတ်ပါဘူး..."

ချင်ထျဲ့ကျွင်းသည် စိတ်အားတက်ကြွသွားခဲ့လေသည်။

"ဒါကတော့ တရားမျှတပါတယ်... ငါတို့အနေနဲ့ အခကြေးငွေ ပေးတာ ဒါမှမဟုတ် သယံဇာတတွေနဲ့ လဲလှယ်တာမျိုး လုပ်လို့ ရတာပဲလေ..."

ကောင်းယွမ် ပြုံးလိုက်မိလေသည်။ အမှန်စင်စစ် သူသည် နည်းပညာပိုင်းကို ကိုယ်တိုင် ကိုင်တွယ်နိုင် သော်လည်း သူ၏ အင်အားမှာ ကန့်သတ်ချက် ရှိနေခဲ့ပေ၏။ အကယ်၍ သူသာ လုပ်ငန်း နယ်ပယ်အား လုံးတွင် ပါဝင် ပတ်သက်နေပါက သူကိုယ်တိုင်သာ ပင်ပန်းနွမ်းနယ်သွားပေလိမ့်မည်။

ထို့အပြင် တစ်ဦးတည်း အမြတ်ကြီးစားခြင်းမှာလည်း အခြားသူများ၏ မနာလိုမှုကို ဖြစ်ပေါ်စေနိုင် ပေသည်။

ချစ်ပ်ပြား မဟာမိတ်အဖွဲ့၏ လုပ်ဆောင်ချက်မှာ အလွန်ပင် ကောင်းမွန်လှပေသည်။ ရှမီ အပါအဝင် အခြားသော ကုမ္ပဏီများနှင့် ပူးပေါင်းကာ အနောက်နိုင်ငံများ၏ ပိတ်ဆို့မှုများကို တွန်းလှန်နိုင်ခဲ့ကြ၏။

ကမ္ဘာ့ဈေးကွက်သို့ တိုးချဲ့ရာတွင်လည်း ငါးရံ့နက် နည်းပညာနှင့် စစ်စက္ကူတို့သာ ပါဝင်နေပါက ဖိနှိပ်ခံရ ရန် ပို၍ လွယ်ကူပေလိမ့်မည်။ သို့သော်လည်း ကုမ္ပဏီပေါင်း ရာနှင့်ချီ၍သာ အမေရိကန် ဈေးကွက်သို့ တိုးဝင်ကာ လူသားတို့၏ လူနေမှု ဘဝထဲသို့ နက်နက်ရှိုင်းရှိုင်း ရောက်ရှိသွားမည်ဆိုပါက မည်သို့မျှ တားဆီးနိုင်တော့မည် မဟုတ်ပေ။

သို့သော်လည်း ကောင်းယွမ်သည် နည်းပညာကို အလကား ပေးရန်မူ ဆန္ဒမရှိပါချေ။

"ကျွန်တော်က ငွေမတောင်းတဲ့အပြင် ငွေတောင် ပြန်ပေးဦးမှာပါ... ကျွန်တော့်ရဲ့ နည်းပညာကို အသုံးပြု တဲ့ အစိုးရပိုင် ဒါမှမဟုတ် ပုဂ္ဂလိကပိုင် ကုမ္ပဏီအားလုံးမှာ ကျွန်တော်က ဈေးကွက်တန်ဖိုးရဲ့ တစ်ဝက်နဲ့ ရင်းနှီးမြှုပ်နှံပြီး အစုရှယ်ယာ (၅) ရာခိုင်နှုန်းကိုပဲ ယူမှာပါ..."

ရှယ်ယာ (၅) ရာခိုင်နှုန်း ဆိုသည်မှာ နည်းပါးသော ပမာဏတော့ မဟုတ်ပါချေ။ အမှန်စင်စစ် ထိပ်တန်း လုပ်ငန်းစုကြီးများတွင် တည်ထောင်သူများမှာ ရှယ်ယာ တစ်ဂဏန်း ပမာဏသာ ရှိတတ်ကြပြီး အချို့မှာ (၁) ရာခိုင်နှုန်းပင် မပြည့်ကြချေ။

ရင်းနှီးမြှုပ်နှံမှု လုပ်ပြီးသည်နှင့် သူတို့သည် မိသားစုဝင်များ ဖြစ်လာကြပေလိမ့်မည်။ ဤသည်မှာ စီးပွားရေး မဟာမိတ်အဖွဲ့ကြီး တစ်ခုကို ဖွဲ့စည်းလိုက်ခြင်းပင် ဖြစ်တော့၏။

ကုမ္ပဏီအားလုံးတွင် ရှယ်ယာ ပိုင်ဆိုင်ထားသော ငါးရံ့နက် နည်းပညာသည် ဤမဟာမိတ်အဖွဲ့၏ ခေါင်းဆောင် ဖြစ်လာပေလိမ့်မည်။

ကူးသန်းရောင်းဝယ်ရေး အုပ်ချုပ်မှုဌာန၏ ဥက္ကဋ္ဌဖြစ်သော ဝူလျန်သည် ဤလုပ်ဆောင်ချက်၏ ရိုက်ခတ် မှုမှာ မည်မျှ ကြီးမားလိမ့်မည်ကို သိရှိနေခဲ့ပေသည်။

"ငါးရံ့နက် နည်းပညာမှာ အဲဒီလောက်အထိ ငွေအင်အား ရှိရဲ့လား..."

ချင်ထျဲ့ကျွင်းသည် ကောင်းယွမ်၏ ရဲတင်းလှသော တောင်းဆိုချက်ကြောင့် အနည်းငယ် လန့်သွားခဲ့ရ လေသည်။ ဈေးကွက်တန်ဖိုး၏ တစ်ဝက်ဖြင့် ရင်းနှီးမြှုပ်နှံမည် ဆိုပါကပင် ငွေကြေးမှာ သန်းပေါင်း မြောက်မြားစွာ လိုအပ်ပေလိမ့်မည်။

"ကျွန်တော်တို့ရဲ့ အသက်ဆက်ဆေးရည်ကို ရှနိုင်ငံမှာ စတင် ရောင်းချဖို့ ပြင်ဆင်နေပါတယ်..."

ကောင်းယွမ်က ပြောလိုက်လေ၏။

ဤလောကတွင် အမြတ်အစွန်း အများဆုံး ရရှိသော လုပ်ငန်းမှာ ဆေးဝါးလုပ်ငန်းပင် ဖြစ်ပေသည်။

အင်တာနက် သို့မဟုတ် အိမ်ခြံမြေ လုပ်ငန်းများမှာ ခေတ်ကာလ၏ အခြေအနေအရ အကျိုးအမြတ် ရရှိခဲ့ကြခြင်း ဖြစ်သော်လည်း ဆေးဝါးလုပ်ငန်းမှာမူ ထိုသို့ မဟုတ်ချေ။

ဆေးရောင်းသူ တစ်ယောက်သည် လမ်းပေါ်က ဓားပြ ဆယ်ယောက်ထက် ပို၍ ငွေရသည်ဟုပင် ဆိုရိုး စကား ရှိခဲ့ဖူးသည် မဟုတ်ပါလား။

ယခုမူ ကောင်းယွမ်သည် တော်လှန်ရေးဆန်သော အသက်ဆက်ဆေးရည်ဖြင့် ဆေးဝါးလောကသို့ ဝင်ရောက်တော့မည် ဖြစ်ပေ၏။ သူသည် အသက်ဆက်ဆေးရည်၏ အာနိသင်ကို ကိုယ်တိုင် မြင်တွေ့ခဲ့ ပြီး ဖြစ်ပေသည်။

ဝူလျန်သည်လည်း သူ၏ ရဲဘော်ရဲဘက်များကို သွားရောက် တွေ့ဆုံရန် ပြင်ဆင်နေခဲ့သော်လည်း အသက်ဆက်ဆေးရည် တစ်ပုလင်း သောက်ပြီးနောက် ထိုနေ့ညနေမှာပင် လမ်းလျှောက်နိုင်ခဲ့သည် မဟုတ်ပါလား။

အသက်ဆက်ဆေးရည်သာ ပေါ်ပေါက်လာပါက လက်ရှိ ကျန်းမာရေး စောင့်ရှောက်မှု စနစ်ကြီးမှာ ပျက်စီးသွားဖွယ် ရှိနေပေသည်။ ဆေးဝါးကုမ္ပဏီများ၊ ဆေးရုံများနှင့် ဆရာဝန်ပေါင်း များစွာမှာ အလုပ် လက်မဲ့ ဖြစ်သွားကြပေလိမ့်မည်။

ဝူလျန်သည် ထိတ်လန့်သွားခဲ့ရလေ၏။

"ဥက္ကဋ္ဌကောင်း... ဒါ... ဒါက မဖြစ်နိုင်တာ..."

"ဘာလို့ မဖြစ်နိုင်ရမှာလဲ... အသက်ဆက်ဆေးရည်က အာနိသင် မရှိလို့လား..."

"အာနိသင် ရှိတာမှ တကယ်ကို ကောင်းတာပါ... ဒါပေမဲ့ ဆရာဝန်တွေက..."

"ဦးလေးဝူ... တကယ်တော့ ဆရာဝန် အများစုက အရမ်း ပင်ပန်းနေကြတာပါ... အလုပ်ချိန်ကလည်း များ သလို၊ အလုပ်ကလည်း ပင်ပန်းတယ်၊ ပြီးတော့ အမြဲတမ်းလည်း ဆူပူကြိမ်းမောင်း ခံနေကြရတာလေ... ကျွန်တော် ခဏခဏ ကြားဖူးပါတယ်... ဝင်ငွေနည်းပြီး အန္တရာယ် များတယ်ဆိုတာလေ... "

"အခု ကျွန်တော်က သူတို့ကို ဒီဒုက္ခတွေထဲကနေ ကယ်တင်ပေးလိုက်တာပေါ့..."

"မဟုတ်သေးဘူး... ဒီကိစ္စတွေကို တဖြည်းဖြည်းချင်းပဲ လုပ်ဆောင်ရမှာလေ... တန်းပြီး ရောင်းချလိုက် မယ်ဆိုရင် လူမှုပတ်ဝန်းကျင်အပေါ် ရိုက်ခတ်မှုက အရမ်းကြီးသွားလိမ့်မယ်... အဲဒီ ဆရာဝန်တွေနဲ့ ဆေးရုံတွေက ဘာဆက်လုပ်ကြရမှာလဲ..."

"အလှအပရေးရာ ကုသမှုတွေနဲ့ သွားဘက်ဆိုင်ရာ ကုသမှုတွေလည်း ရှိနေတာပဲ မဟုတ်လား..."

"ဒါကတော့ ဖြစ်နိုင်တာပေါ့... ဒါပေမဲ့ အဲဒီလောက်အထိ လူအင်အား မလိုအပ်ဘူးလေ... ပြီးတော့ တခြား အထူးကု နယ်ပယ်တွေနဲ့လည်း ပတ်သက်နေတာဆိုတော့..."

ချင်ထျဲ့ကျွင်းသည်လည်း မငြိမ်မသက်မှုများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်နေမိခြင်းဖြစ်လေ၏။

"ဥက္ကဋ္ဌကောင်း... ငါတို့ တဖြည်းဖြည်းချင်းပဲ သွားကြရအောင်... အသက်ဆက်ဆေးရည်ကို ရောင်းလို့ ရပါတယ်၊ ဒါပေမဲ့ အစပိုင်းမှာတော့ အများကြီး မရောင်းပါနဲ့ဦး... နည်းပညာကို အသုံးပြုတဲ့ ကုမ္ပဏီ တွေမှာ ရင်းနှီးမြှုပ်နှံမယ့် ကိစ္စကိုတော့... ကျွန်တော် ပုဂ္ဂိုလ်ရေးအရ ကန့်ကွက်စရာ မရှိပါဘူး... "

"တကယ်လို့ ငွေကြေး လိုအပ်မယ်ဆိုရင်လည်း ကျွန်တော့်ဘက်ကနေ အတိုးမဲ့ ချေးငွေတွေ ပေးဖို့ ဆုံးဖြတ်ပေးနိုင်ပါတယ်..."

ချင်ထျဲ့ကျွင်းသည် အမှန်တကယ်ပင် မှင်သက်သွားခဲ့ရလေသည်။ အကယ်၍ ကောင်းယွမ်သာ အသက် ဆက်ဆေးရည်ကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ရောင်းချလိုက်ပါက ကျန်းမာရေး လုပ်ငန်းကဏ္ဍမှာ လုံးဝ ပျက်စီးသွားပေလိမ့်မည်ဖြစ်ပေ၏။

ပြီးခဲ့သည့်နှစ်က ကျန်းမာရေး လုပ်ငန်းကဏ္ဍသည် နိုင်ငံတော် ဂျီဒီပီ၏ (၈) ရာခိုင်နှုန်းကျော် ရှိခဲ့ပေသည်။ ထိုပမာဏမှာ အိမ်ခြံမြေ ကဏ္ဍထက်ပင် ပို၍ များပြားနေခဲ့၏။ အကယ်၍ နိုင်ငံတော်၏ အိမ်ခြံမြေ ဈေးကွက်ကြီး တစ်ညတည်းနှင့် ပျက်စီးသွားမည်ဆိုလျှင်...လူမည်မျှများများ အဆောက်အဦးပေါ်မှ ခုန်ချကြလိမ့်မည်နည်း။

အိမ်ခြံမြေ လုပ်ငန်း ပျက်စီးသွားလျှင်ပင် အိမ်များသည် နေထိုင်ရန် အသုံးဝင်သေးသော်လည်း ကျန်းမာ ရေး ကဏ္ဍသာ ပျက်စီးသွားပါက ဆေးဝါးများကို အစာအဖြစ် စားနိုင်မည်လား။ ဆေးဘက်ဆိုင်ရာ ကိရိယာများကို အားကစား ကိရိယာများအဖြစ် ပြောင်းလဲနိုင်မည်လား။

ရိုက်ခတ်မှုမှာ အလွန်ပင် ကြီးမားလှပေသည်။ ထို့ကြောင့်ပင် ချင်ထျဲ့ကျွင်းသည် ကောင်းယွမ်အနေဖြင့် ကုမ္ပဏီအားလုံးတွင် ရင်းနှီးမြှုပ်နှံမည့် ကိစ္စမှာ အရေးမကြီးတော့ဟု ရုတ်တရက် ခံစားလိုက်ရခြင်း ဖြစ် ပေသည်။

ကောင်းယွမ်က ခေါင်းငြိမ့်ပြလိုက်လေ၏။

"ညွှန်ကြားရေးမှူးချင်က ဒီလောက်အထိ စိတ်ရင်းမှန်နေမှတော့ ကျွန်တော်လည်း နည်းပညာကို မျှဝေ ပေးဖို့ ဆန္ဒရှိပါတယ်... အမျိုးသား သုတေသန အဖွဲ့အစည်းတွေအနေနဲ့ အခမဲ့ စမ်းသပ်နိုင်ပါတယ်…"

"ဒါပေမဲ့ အဲဒီ ရလဒ်တွေကို အသုံးပြုမယ့် ကုမ္ပဏီတိုင်းကတော့... ငါးရံ့နက် နည်းပညာရဲ့ ရင်းနှီးမြှုပ်နှံ မှုကို လက်ခံရပါလိမ့်မယ်... ငွေကြေး ကိစ္စကိုတော့ ညွှန်ကြားရေးမှူးချင်ပဲ တာဝန်ယူပေးပါ၊ မဟုတ်ရင် တော့ ကျွန်တော်က ငွေရှာဖို့အတွက် အသက်ဆက်ဆေးရည် အားလုံးကို ရောင်းချရပါလိမ့်မယ်..."

All Chapters