အခန်း ၁၀၆
Vol. 11 Ch. 106
အခန်း (၁၀၆)
ပြက်လုံးတစ်ခု
"ကောင်းပြီ... ကျွန်တော် ပြန်သွားပြီး အထက်လူကြီးတွေကို ချက်ချင်း တင်ပြလိုက်ပါ့မယ်..."
ထိုစဉ် ကျုံးကော်ချန်သည် မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်ကာ ပြောလိုက်လေ၏။
"ကောင်းယွမ်... အသက်ဆက်ဆေးရည်ရဲ့ နည်းပညာက..."
"စိတ်မရှိပါနဲ့ ဥက္ကဋ္ဌကျုံး... အဲဒီကိစ္စကိုတော့ ကျွန်တော် တစ်ယောက်တည်း ဆုံးဖြတ်လို့ မရပါဘူး... ကျွန်တော့်ရဲ့ သုတေသနနဲ့ ဖွံ့ဖြိုးရေးအဖွဲ့ကိုလည်း တိုင်ပင်ရဦးမှာမို့လို့ပါ..."
ကျုံးကော်ချန်သည် မှင်သက်သွားခဲ့ရလေသည်။
"ဒါဆို ခုနတုန်းက နည်းပညာတွေနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေကိုကျတော့ မင်း ဘယ်လိုမျိုး ချနိုင်ခဲ့ တာလဲ..."
သို့သော်လည်း သူသည် မကြာမီပင် သဘောပေါက်သွားခဲ့၏။ အကယ်၍ ကောင်းယွမ်ကသာ နည်းပညာ ၏ အခြေခံသဘောတရားကို ပြောပြလိုက်ပါက ထိုနည်းပညာကို မျှဝေပေးလိုက်သည်နှင့် အတူတူပင် ဖြစ်သည် မဟုတ်ပါလား။
ကောင်းယွမ်ကို ထားပါဦး၊ သူကိုယ်တိုင်ကဲ့သို့သော ပုဂ္ဂိုလ်ပင်လျှင် မိမိပင်ပန်းကြီးစွာ ဖော်ထုတ်ထား သည့် နည်းပညာကို အခြားသူတစ်ဦးထံသို့ အလွယ်တကူ မျှဝေပေးလိမ့်မည် မဟုတ်ပေ။
ကျုံးကော်ချန်သည် အနည်းငယ် စိတ်ပျက်သွားသော အမူအရာဖြင့် ရှိနေခဲ့ပေသည်။
"ကောင်းပြီလေ... ငါ နားလည်ပါပြီ... အနှောင့်အယှက် ပေးမိတဲ့အတွက် တောင်းပန်ပါတယ်..."
...
ချင်ထျဲ့ကျွင်းနှင့် အခြားလူများ ထွက်ခွာသွားပြီးနောက် ကောင်းယွမ်သည် အမေရိကန်ကို တိုက်ခိုက်ရန် အတွက် မိမိကိုယ်ကိုယ်သာ အားကိုးရတော့မည် ဖြစ်ကြောင်း သိလိုက်လေသည်။
သူတို့အနေဖြင့် ကြယ်တာရာ စစ်သင်္ဘော၏ စွမ်းပကားကို မျက်ဝါးထင်ထင် မြင်တွေ့စေကာ နှစ်ပေါင်း တစ်ထောင်ခန့် ကွာခြားနေသော အင်အား၏ ဖိနှိပ်မှုကို မြည်းစမ်းစေရပေမည်။
ယခုအချိန်တွင် အမေရိကန်၌ ပြက်လုံးတစ်ခု ပေါ်ပေါက်နေခဲ့ပြီ ဖြစ်၏။
အမေရိကန် ဖယ်ဒရေးရှင်း အစိုးရ၏ ဝဘ်ဆိုက်တွင် ကမ္ဘာမြေကို ကယ်တင်ခြင်း ဟူသော ခေါင်းစဉ်ဖြင့် ပိုစတာတစ်ခု ပေါ်လာခဲ့လေသည်။
ထိုပိုစတာ၏ အောက်တွင်မူ တရုတ်ဘာသာစကားဖြင့် စာသားတစ်ခု ပါရှိပေသည်။
[အမှိုက်တွေ... ရဲရင် ငါ့ကို လာခုတ်ကြလေ...]
ဤမြင်ကွင်းမှာ (၂၀) မိနစ်ခန့်သာ ကြာမြင့်ခဲ့သော်လည်း အင်တာနက် အသုံးပြုသူများက ချက်ချင်းပင် ဓာတ်ပုံရိုက်ကာ နေရာအနှံ့သို့ ပျံ့နှံ့စေခဲ့ကြလေ၏။
အထူးသဖြင့် တောက်ရင် နိုင်ငံတကာဗားရှင်းတွင် ထိုပုံရိပ်များမှာ နေရာအနှံ့ ပျံ့နှံ့နေခဲ့ပေသည်။
ပုံများ၏ အောက်ရှိ မှတ်ချက်ကဏ္ဍတွင်လည်း အပျက်သဘောဆောင်သော မှတ်ချက်များဖြင့် ပြည့်နှက် နေခဲ့လေသည်။
[ငါးရံ့နက် နည်းပညာ ပြောတာ မှန်တယ်... ဖယ်ဒရေးရှင်း အစိုးရဆိုတာ ခွေးချေးပုံကြီးပဲ...]
[ကမ္ဘာမြေကို ကယ်တင်ခြင်း ရုပ်ရှင်က တကယ့်ကို ကောင်းတာ...]
[ငါ အခုလေးတင် ရုပ်ရှင်ကြည့်ပြီးတာနဲ့ ဒါကို မြင်လိုက်ရတာပဲ... ရှနိုင်ငံက လူတွေက ကမ္ဘာကြီးကို ကယ်တင်နေကြချိန်မှာ ငါတို့ရဲ့ နိုင်ငံရေးသမားတွေကတော့ သူတစ်ပါး ပစ္စည်းကို လုယူဖို့ပဲ စဉ်းစားနေ ကြတယ်...]
[ဟားဟား... တကယ့်ကို ကောင်းတယ်...]
[ငါးရံ့နက် နည်းပညာကတော့ တကယ့်ကို အလန်းစားပဲ...]
အမ်ဂျီအမ် စီအီးအို တွမ်ကလေးနှင့် ဖောက်စ် ကုမ္ပဏီ စီအီးအို ဂျက်ခ်တို့သည် ကော်ဖီဆိုင်တစ်ခုတွင် ထိုင်ကာ ဤပြက်လုံးကြီးကို ထိုင်ကြည့်နေခဲ့ကြလေသည်။
"ရလဒ်က ငါတို့ မျှော်လင့်ထားတာထက်တောင် ပိုပြီး ကောင်းနေသေးတယ်..."
"ဟုတ်တယ်... ဖယ်ဒရေးရှင်း အစိုးရကတော့ အခုချိန်မှာ အတော်လေးကို ဒေါသထွက်နေလောက်ပြီ..."
"ငါ မော်ဂန်စတန်လေရဲ့ ခေါင်းဆောင် ဟယ်ရီအိုကိုလည်း ဆက်သွယ်ခဲ့သေးတယ်... သူ့ရဲ့ အမြင်ကို မေးကြည့်တော့ သူက ကောင်းယွမ်ကို ခေါင်းဖြတ်တိုက်ခိုက်ဖို့ ထောက်ခံတယ်တဲ့..."
"ဒါပေမဲ့ ခေါင်းဆောင်သစ်က ရှနိုင်ငံကို ဒေါသထွက်အောင် လုပ်မိမှာ စိုးရိမ်ပြီး အရေးယူဖို့ မဝံ့မရဲ ဖြစ်နေမှာကိုတော့ ငါ စိုးရိမ်နေမိသေးတယ်..."
ဂျက်ခ်က ပြောလိုက်လေ၏။
"အလုပ်ကို သေသေသပ်သပ် လုပ်နိုင်သရွေ့တော့ ရှနိုင်ငံဟာ ဒီဆုံးရှုံးမှုကို အောင့်အည်းမျိုသိပ်ရုံ ကလွဲ လို့ တခြားနည်းလမ်း ရှိမှာ မဟုတ်ပါဘူး... အဲဒီအခါကျမှ ငါတို့ရဲ့ ငွေတွေကို ပြန်ရမှာလေ... ပြီးတော့ ဟယ်ရီအိုက ငါးရံ့နက် နည်းပညာရဲ့ အပူချိန်ထိန်း အဝတ်အစားနဲ့ လက်ပတ်ဖုန်း လုပ်ငန်းကို လွှဲပြောင်း ယူလိမ့်မယ်..."
"ငါတို့ နည်းပညာကို ရနိုင်မှာလား..."
"ကောင်းယွမ်သာ ရှိနေရင်တော့ ဒီနည်းပညာကို ရဖို့ ခက်လိမ့်မယ်... ဟယ်ရီအိုဟာ အရင်က ရှနိုင်ငံမှာ ကောင်းယွမ်ရဲ့ လှည့်ဖြားမှုကို ခံခဲ့ရဖူးသလို ကြယ်ကိုးစင်းဟာလည်း ဆုံးရှုံးမှုကြီးကြီးမားမား ကြုံခဲ့ရဖူး တယ်... ဒါကြောင့် ဟယ်ရီအိုက ငါးရံ့နက် နည်းပညာဆီကို လူလွှတ်ပြီး စုံစမ်းခိုင်းခဲ့သေးတယ်လေ... ဒါပေမဲ့ သူတို့ရဲ့ အဖွဲ့က အလွန်ကို တောင့်တင်းလွန်းတော့ ဘယ်လိုမှ ထိုးဖောက်လို့ မရခဲ့ဘူး... "
"တကယ်လို့ ကောင်းယွမ်သာ သေသွားမယ်ဆိုရင် အဲဒီ သုတေသနအဖွဲ့တွေဟာ သေချာပေါက် ကိုယ်စားလှယ်အသစ်ကို ရှာရမှာပဲ... အဲဒီအချိန်ကျမှ ဟယ်ရီအိုအတွက် အခွင့်အရေး ရလာမှာပေါ့..."
ဂျက်ခ်သည် ကော်ဖီခွက်ကို မလိုက်လေသည်။
"ငါတို့အတွက် ဂုဏ်ယူပါတယ်..."
"အဲဒီနေ့ကို အမြန်ဆုံး ရောက်ပါစေလို့ ဆုတောင်းပါတယ်..."
...
ဖယ်ဒရေးရှင်း အစိုးရ၏ ဝဘ်ဆိုက်ကို ဟက်ကာများ တိုက်ခိုက်ခြင်း ခံလိုက်ရသည့် ကိစ္စမှာ ကမ္ဘာ တစ်ဝန်းလုံးကို တုန်လှုပ်သွားစေခဲ့လေသည်။
ယခုအခါ နိုင်ငံအားလုံးသည် အမေရိကန်အနေဖြင့် မည်သို့ တုံ့ပြန်မည်ကို စောင့်ကြည့်နေခဲ့ကြလေ၏။
ခေါင်းဆောင်သစ်သည် အခုတလော အတော်ပင် ခက်ခဲသော အခြေအနေနှင့် ရင်ဆိုင်နေရပေသည်။ သူမသည် ဗီဒီယိုအတုကို အသုံးပြုကာ ပရိယာယ်ဖြင့် အာဏာကို သိမ်းယူနိုင်ခဲ့ခြင်း ဖြစ်ပေ၏။
သူမသည် အာဏာကို အလုံးစုံ ရရှိပြီဟု ထင်မှတ်ခဲ့သော်လည်း အမှန်တကယ်တွင်မူ သမ္မတဆိုသည်မှာ ကိုယ်စားလှယ် တစ်ဦးသာ ဖြစ်ကြောင်း သိရှိသွားခဲ့ရလေသည်။
သူမ၏ နောက်ကွယ်တွင် အထက်လူကြီးများစွာ ရှိနေပေသည်။
အကယ်၍ ထိုလူကြီးများ၏ တောင်းဆိုချက်မှာ တူညီနေပါက ပြဿနာ မရှိသော်လည်း အများစုမှာမူ သူတို့အချင်းချင်း သဘောထား ကွဲလွဲနေတတ်ကြပေ၏။
အထက်လူကြီးများကို တာဝန်ခံရသည့်အပြင် အခြားသော ကိစ္စရပ်များစွာကိုလည်း ကိုင်တွယ်ဖြေရှင်း ရပေသေးသည်။
စီးပွားရေး မကောင်းသည့်အခါတွင်လည်း သူမကို ဝေဖန်ကြသလို လူမှုဖူလုံရေး စနစ် ညံ့ဖျင်းသည့်အခါ တွင်လည်း သူမကိုသာ ဝေဖန်ကြပေသည်။ သို့သော်လည်း ယခုအခါ ပို၍ အရေးကြီးသော ကိစ္စမှာ ရှနိုင်ငံ ၏ အခြေအနေပင် ဖြစ်၏။ ယခင် သမ္မတနှစ်ဦး၏ ဖိနှိပ်မှုများအောက်တွင် ရှနိုင်ငံသည် အလျှော့ ပေးခြင်း မရှိသည့်အပြင် ယခုအခါတွင်မူ ပြန်လည် တော်လှန်ရန်ပင် ကြံစည်နေခဲ့ပြီ ဖြစ်သည်။
ချစ်ပ်ပြား ပိတ်ဆို့မှုများ ရှိနေသော်လည်း ငါးရံ့နက် နည်းပညာသည် ပြန်လည် တိုက်စစ်ဆင်ခဲ့သဖြင့် အမေရိကန်၏ လျှပ်ကူးတစ်ပိုင်း စက်မှုလုပ်ငန်းမှာ ပျက်စီးလုနီးပါး ဖြစ်နေခဲ့ရလေသည်။ ထို့အပြင် ယခင်က အာဏာရရှိရန်အတွက် ငါးရံ့နက် ချစ်ပ်ပြားများအပေါ် ပိတ်ပင်မှုကို ရုပ်သိမ်းခဲ့သဖြင့် ယခုအခါ တွင် ထပ်မံပိတ်ဆို့ရန်မှာလည်း သူမအတွက် ခဲယဉ်းနေခဲ့ပေသည်။
ထို့အပြင် ပိတ်ဆို့မှုများမှာလည်း အသုံးမဝင်ပါချေ။ အကယ်၍ ချစ်ပ်ပြားများကို ရှနိုင်ငံမှ မယူပါက ထုတ်ကုန်များ၏ စွမ်းဆောင်ရည်မှာ ရှနိုင်ငံထက် နိမ့်ကျသွားမည်ဖြစ်သလို ကုန်ကျစရိတ်မှာလည်း ပိုမို မြင့်မားသွားပေလိမ့်မည်။
ဤသည်မှာ ကမ္ဘာ့ဈေးကွက်ကို ရှနိုင်ငံ၏ ထုတ်ကုန်များထံသို့ အလကား ပေးအပ်လိုက်ခြင်းနှင့် အတူတူ ပင် ဖြစ်သွားနိုင်ပေသည်။
ထုတ်ကုန်များ၏ ယှဉ်ပြိုင်နိုင်စွမ်းကို ထိန်းသိမ်းရန်အတွက် ရှနိုင်ငံ၏ ချစ်ပ်ပြားများကိုသာ အသုံးပြုရ ပေမည်ဖြစ်လေ၏။
ချစ်ပ်ပြားများကို ထားပါဦး။ ငါးရံ့နက် နည်းပညာသည် ယခုအခါ အမေရိကန်တွင် လက်ပတ်ဖုန်းများကို ရောင်းချနေခဲ့ပြီ ဖြစ်ပေ၏။
လက်ပတ်ဖုန်း ဆိုသည်မှာ အဘယ်နည်း။
အနာဂတ်၏ ဖုန်းပင် ဖြစ်ပေသည်။
အကယ်၍ လက်ပက်ဖုန်းများသာ အမေရိကန်တစ်ဝန်းလုံးသို့ ပျံ့နှံ့သွားပါက အမေရိကန်၏ အက်ပဲလ် ဖုန်းမှာ လုံးဝ ပျက်စီးသွားပေလိမ့်မည်။
အက်ပဲလ်ဖုန်းသည် ကမ္ဘာ့ထိပ်တန်း မိုဘိုင်းဖုန်းအမှတ်တံဆိပ် ဖြစ်ပြီး ရောင်းအားနှင့် အမြတ်အစွန်းမှာ ရှနိုင်ငံ၏ ထုတ်ကုန်များထက် အဆပေါင်းများစွာ သာလွန်ပေသည်။
ထို့ကြောင့် လက်ပက်ဖုန်းများ စတင်ရောင်းချချိန်တွင် အက်ပဲလ်ဖုန်း ကုမ္ပဏီမှာ ဒေါသထွက်သွားခဲ့ လေသည်။
အက်ပဲလ် ကုမ္ပဏီ၏ အကြီးဆုံး ရှယ်ယာရှင် ဖြစ်သူ ကားလ်သည် ဝေါလ်စထရိ၏ တကယ့် သူဌေးကြီး တစ်ဦး ဖြစ်ပေသည်။ လက်ပက်ဖုန်းများ စတင်ရောင်းချသည့်နေ့တွင် အက်ပဲလ်၏ ရှယ်ယာများမှာ (၂၀) ရာခိုင်နှုန်းခန့် ထိုးဆင်းသွားခဲ့ရာ ဤကဲ့သို့သော အခြေအနေမျိုးမှာ အက်ပဲလ်ဖုန်း စတင် ထုတ်လုပ် ကတည်းက တစ်ခါမျှ မကြုံဖူးခဲ့ပေ။
အကယ်၍ လက်ပက်ဖုန်းများကို ဆက်လက် ရောင်းချခွင့် ပြုထားမည်ဆိုပါက ကားလ် ပိုင်ဆိုင်သော အက်ပဲလ် ကုမ္ပဏီ၏ ရှယ်ယာများသည် တန်ဖိုးမရှိတော့ပေ။ ထို့ကြောင့် သူသည် ချက်ချင်းပင် သူ၏ အဆက်အသွယ်များကို အသုံးပြုကာ ခေါင်းဆောင်သစ်ကို ဖိအားပေးခဲ့ပြီး ဝေါလ်စထရိ သူဌေးကြီးများ စွာနှင့် ပူးပေါင်းကာ ငါးရံ့နက် နည်းပညာကို ပိတ်ပင်ရန် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပေတော့၏။
ခေါင်းဆောင်သစ်အနေဖြင့် အခြား ရွေးချယ်စရာ မရှိတော့ပေ။
လက်ပတ်ဖုန်းနှင့် အပူချိန်ထိန်း အဝတ်အစားများကို ပိတ်ပင်ခြင်းမှာ အကောင်းဆုံး ရွေးချယ်မှုပင် ဖြစ်ပေတော့သည်။
သူမသည် အရာရာကို ပြင်ဆင်ထားပြီဟု ထင်မှတ်ခဲ့သော်လည်း သတင်းမီဒီယာများကမူ ငါးရံ့နက် နည်းပညာ၏ ထုတ်ကုန်များသည် ရေဒီယိုသတ္တိကြွမှုများ ထုတ်လွှတ်သဖြင့် ကျန်းမာရေးကို ထိခိုက် စေနိုင်ကြောင်းနှင့် ကိုယ်ရေးအချက်အလက်များကိုလည်း ခိုးယူနေကြောင်း ဝါဒဖြန့်ခဲ့ကြလေသည်။
အခြားတစ်ဖက်တွင်မူ တောက်ရင်ကို ထိန်းချုပ်ရန်အတွက် အချိန်ဇယားတစ်ခု သတ်မှတ်ခဲ့ပေသည်။ အဘယ်ကြောင့်ဆိုသော် တောက်ရင်သည် မီဒီယာလောကတွင် သူမ ထိန်းချုပ်၍မရသော တစ်ခုတည်း သော အရာ ဖြစ်နေသောကြောင့် ဖြစ်၏။
သို့သော်လည်း တောက်ရင်တွင် အသုံးပြုသူ အမြောက်အမြား ရှိနေသဖြင့် အချိန်တိုအတွင်း ပိတ်ပင်ရန် မှာမူ ခဲယဉ်းနေခဲ့ပေသည်။ ထို့ကြောင့် တောက်ရင်ကို ဖိအားပေးရန်နှင့် မည်သည့်ကိစ္စတွင်မဆို ပါဝင် ပတ်သက်ခြင်း မပြုနိုင်စေရန် အချိန်ဇယားတစ်ခု ရေးဆွဲခဲ့ခြင်း ဖြစ်ပေ၏။
သို့သော်လည်း အရာရာမှာ မျှော်လင့်ထားသလို ဖြစ်မလာခဲ့ပေ။ တောက်ရင်သည် အလျှော့မပေးသည့် အပြင် သူမ၏ လုပ်ဆောင်ချက်များကိုပါ ပိုမို ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့ပြီး ပင်မမီဒီယာများကိုပါ ဆန့်ကျင်ခဲ့လေသည်။
ဤသည်မှာ ဆယ်ကျော်သက်များအကြားတွင် တော်လှန်လိုသော စိတ်ဓာတ်များကို ပိုမို ပြင်းထန်စေ ခဲ့ပြီး အစိုးရက ထောက်ခံသည့် မည်သည့်အရာကိုမဆို ဆန့်ကျင်ရန် ဖြစ်လာခဲ့ကြတော့၏။
ယခုအခါ ငါးရံ့နက် နည်းပညာသည် ပို၍ပင် ရဲတင်းလာခဲ့ပြီ ဖြစ်သည်။ သူတို့သည် ထိပ်တန်း ရုပ်ရှင် ဖြန့်ချီရေး ကုမ္ပဏီများကို ဟက်ကာဖြင့် တိုက်ခိုက်ကာ သူတို့၏ ရုပ်ရှင်ကို မဖြစ်မနေ ပြသခိုင်းခဲ့ရုံသာ မက ဖယ်ဒရေးရှင်း အစိုးရ၏ ဝဘ်ဆိုက်ကိုပါ တိုက်ခိုက်ခဲ့ကြလေသည်။
ယခုအခါ ဖိအားများမှာ ခေါင်းဆောင်သစ်ထံသို့ ရောက်ရှိနေပြီ ဖြစ်၏။
ယနေ့ ပြောကြားခဲ့သော မိန့်ခွန်းတွင်မူ အာဏာလက်လွတ် ဖြစ်နေသော နန်းကျအရှေ့ဘက်ဘုရင်က ခေါင်းဆောင်သစ်သည် ရှနိုင်ငံကို ဘာမျှ မလုပ်ရဲသော လူပျော့တစ်ယောက် ဖြစ်ကြောင်း လူသိရှင်ကြား ကြေညာခဲ့လေသည်။
အမေရိကန်သည် ရှနိုင်ငံ ထုတ်ကုန်များ၏ စွန့်ပစ်ပစ္စည်းများ စုပုံရာနေရာ ဖြစ်လာသည်ကို ကျွန်ုပ်တို့ အနေဖြင့် လက်ပိုက်ကြည့်နေကြရုံသာ ရှိတော့သည်။ ထိုအချိန်တွင် ခေါင်းဆောင်သစ်သည် အစည်း အဝေးတစ်ခု ပြုလုပ်နေခဲ့လေ၏။
ဌာနဆိုင်ရာ ဝန်ကြီးများ၊ လွှတ်တော် အမတ်များနှင့် ပြည်နယ် အုပ်ချုပ်ရေးမှူးများ အားလုံး ရောက်ရှိ နေခဲ့ကြလေသည်။
ဖယ်ဒရေးရှင်း အစိုးရ၏ ဝဘ်ဆိုက်ကို ဟက်ကာဖြင့် တိုက်ခိုက်ခံရခြင်းမှာ အလွန်ပင် အရှက်ရဖွယ် ကောင်းလှပေသည်။
ဥပဒေပြု အမတ်များသည် ငါးရံ့နက် နည်းပညာမှ ကောင်းယွမ်ကို ချက်ချင်း ဖမ်းဆီးရန် ခေါင်းဆောင် သစ်ကို တောင်းဆိုနေခဲ့ကြလေ၏။
ခေါင်းဆောင်သစ်သည် ခက်ခဲသော အခြေအနေနှင့် ရင်ဆိုင်နေရခြင်းဖြစ်ပေသည်။
"အားလုံး တိတ်ဆိတ်နေပေးကြပါဦး... ဖယ်ဒရေးရှင်း အစိုးရအနေနဲ့ ဗျူဟာတစ်ခုကို ချမှတ်နေပါ တယ်..."
ဗေကွန်က မတ်တတ်ရပ်ကာ ဆိုလိုက်၏။
"ဘာကို လေ့လာနေဦးမှာလဲ... ခင်ဗျားတို့ လေ့လာလို့ ပြီးတဲ့အချိန်ကျရင် ငါးရံ့နက် နည်းပညာက အမေရိကန်ကို အပိုင်သိမ်းသွားပြီ ဖြစ်လိမ့်မယ်..."
"ကျွန်တော် အဆိုပြုတာကတော့ ကောင်းယွမ်ကို ဒုံးကျည်တွေနဲ့ တိုက်ရိုက် ဖျက်ဆီးပစ်ဖို့ပါပဲ..."
"တကယ်လို့ ငါးရံ့နက် နည်းပညာကို အပြစ်မပေးဘူးဆိုရင် အမေရိကန်ဟာ ကမ္ဘာ့လှောင်ပြောင်စရာ တစ်ခု ဖြစ်လာလိမ့်မယ်..."
အောက်ခြေတွင်မူ ရှုပ်ထွေး ဆူညံနေခဲ့လေသည်။
ခေါင်းဆောင်သစ်သည် ထိုနေရာမှ ချက်ချင်း ထွက်ခွာသွားချင်သော်လည်း သာမန် လွှတ်တော် အမတ် များကိုမူ သူမ လျစ်လျူရှု၍ မရပါချေ။ ထို့အပြင် အောက်တွင် ရှိနေသော လွှတ်တော် အမတ်အချို့မှာ အထက်တန်းလွှာ စီးပွားရေးလုပ်ငန်းစုကြီးများ၏ ကိုယ်စားလှယ်များ ဖြစ်ကြပေသည်။
သူတို့ ဘာကို ဆိုလိုသည်ကို သူမ မသိရှိပါချေ။
"အားလုံးပဲ တိတ်ဆိတ်ပေးကြပါ... တစ်ယောက်ချင်းစီ ပြောကြရအောင်... အခု ဒေးဗစ် ပြောကြည့်ပါ ဦး... ငါတို့ ဘာလုပ်သင့်တယ်လို့ ထင်သလဲ..."
"သံသယဖြစ်စရာ မလိုပါဘူး... ကောင်းယွမ်ကို ခေါင်းဖြတ်တိုက်ခိုက်မှသာ အမေရိကန်ရဲ့ အရှက်ရမှုကို ဆေးကြောနိုင်မှာပါ..."
"အကယ်၍ ရှနိုင်ငံကသာ ပြင်းပြင်းထန်ထန် တုံ့ပြန်လာပြီး လက်တုံ့ပြန်ခဲ့ရင်ရော..."
ထိုစဉ် အခြားသော လွှတ်တော် အမတ်တစ်ဦးက အော်ဟစ်လိုက်လေသည်။
"အဲဒီလိုဆိုရင်လည်း စစ်တိုက်ကြတာပေါ့..."