အခန်း ၁၀၉
Vol. 11 Ch. 109
အခန်း (၁၀၉)
ဂြိုဟ်သားများ ရောက်ရှိလာခြင်း
အဆင်ပြေဆုံးသော ဆင်းသက်မည့် နေရာကို ရှာဖွေတွေ့ရှိပြီးနောက် ကောင်းယွမ်သည် စစ်သင်္ဘောကို ဆင်းသက်ရန် စတင် ညွှန်ကြားလိုက်လေ၏။
ဤသည်မှာ ကောင်းယွမ်အတွက် လကမ္ဘာသို့ ဒုတိယအကြိမ်မြောက် ရောက်ရှိခြင်း ဖြစ်ပေသည်။
ပထမတစ်ကြိမ်မှာ ကြယ်တာရာ ခရီးသွား ဘက်စ်ကားဖြင့် လာရောက်ခဲ့ခြင်း ဖြစ်သော်လည်း ယခု စစ် သင်္ဘောနှင့် လာခြင်းမှာမူ လုံးဝ ကွဲပြားခြားနားသော ခံစားချက်ကို ပေးစွမ်းနေခဲ့ပေ၏။
လကမ္ဘာ၏ တစ်ဖက်ခြမ်းသည် ရှေ့မျက်နှာစာထက် ပိုမို အေးမြပြီး ဖွံ့ဖြိုးမှုလည်း နည်းပါးလှပေသည်။
ကြီးမားလှသော စစ်သင်္ဘောကြီးသည် လကမ္ဘာ၏ မျက်နှာပြင်သို့ ချဉ်းကပ်လာသည့်အခါ ကောင်းယွမ် သည် အချိန်နှင့်အာကာသတံခါးကို ချက်ချင်းပင် ခေါ်ယူလိုက်လေတော့သည်။
စစ်သင်္ဘောကြီးသည် အချိန်နှင့်အာကာသတံခါးကို ဖြတ်ကျော်ဝင်ရောက်သွားခဲ့လေ၏။
ဆင်းသက်လိုက်သည့်အခါတွင်မူ သူတို့သည် လက်ရှိကမ္ဘာအတွင်းသို့ ရောက်ရှိနေပြီ ဖြစ်ပေသည်။
ဤကမ္ဘာပေါ်ရှိ မည်သူမျှ မသိရှိနိုင်ဘဲ ကြီးမားလှသော စစ်သင်္ဘောကြီးသည် လကမ္ဘာပေါ်သို့ ဆင်း သက်သွားခဲ့ပြီ ဖြစ်ချေ၏။
ဆင်းသက်ပြီးသည်နှင့် ကောင်းယွမ်သည် စစ်သင်္ဘောကို တစ်ဖန် ပြန်လည် ပျံတက်ရန် ညွှန်ကြားလိုက် လေတော့သည်...။
အနာဂတ်ကမ္ဘာ၏ ဖွံ့ဖြိုးတိုးတက်ရေး အုပ်ချုပ်မှုဌာန၊ စက်ကိရိယာဌာနခွဲရှိ ကွပ်ကဲမှုစင်တာ၌ ကျိုးချင်းလီနှင့် မုတို့သည် စောင့်ကြည့်ရေး တာဝန်ကျနေကြပေသည်။
သူမသည် အနားယူထားသော လအဆင့် စစ်သင်္ဘောတစ်စင်းကို စောင့်ကြည့်ရန် တာဝန်ယူထားခြင်း ဖြပေသည်။ သူမ၏ ရှေ့ရှိ ပုံရိပ်ယောင် မျက်နှာပြင်ပေါ်တွင် စစ်သင်္ဘောသည် လကမ္ဘာသို့ ဆင်းသက် နေကြောင်း ပြသနေသည်အထိ အရာရာမှာ ပုံမှန်ပင် ရှိနေခဲ့ပေသည်။
သို့သော်လည်း နောက်တစ်ခဏ၌မူ မျက်နှာပြင်ပေါ်တွင် အနီရောင် အာမေဍိတ် အမှတ်အသားတစ်ခု ရုတ်တရက် ပေါ်ထွက်လာခဲ့လေ၏။
"သတိပေးချက်... စစ်သင်္ဘောနှင့် အဆက်အသွယ် ပြတ်တောက်သွားပါသည်..."
ကျိုးချင်းလီနှင့် မုတို့သည် အလွန်အမင်း အံ့ဩသွားကြရလေသည်။
*စစ်သင်္ဘောတစ်စင်းက ဘယ်လိုလုပ် အဆက်အသွယ် ပြတ်တောက်သွားရတာလဲ…*
သူမသည် အကြိမ်ကြိမ် စစ်ဆေးကြည့်သော်လည်း စစ်သင်္ဘော၏ အချက်ပြမှုကို ရှာမတွေ့နိုင်တော့ ပါချေ။
ထိုအခါမှသာ တစ်စုံတစ်ခု မှားယွင်းနေပြီဖြစ်ကြောင်း သူမ သဘောပေါက်သွားခဲ့လေသည်။ သူမသည် သူမ၏ အထက်လူကြီးထံသို့ ချက်ချင်းပင် သွားရောက် သတင်းပို့လိုက်တော့၏...။
နှစ်နာရီခန့် ကြာပြီးနောက်တွင် ဆူးမူယန်သည် ဤသတင်းကို ရရှိသွားခဲ့လေသည်။
ဆူးမူယန်သည် စက်ကိရိယာဌာနခွဲ၏ ညွှန်ကြားရေးမှူးဖြစ်သူ ကျိုးကျန့်ယွင်ကို ခေါ်ယူလိုက်တော့၏။
ကျိုးကျန့်ယွင်သည် ဖွံ့ဖြိုးတိုးတက်ရေး အုပ်ချုပ်မှုဌာန၏ အင်အားကြီး ပုဂ္ဂိုလ်သုံးဦးအနက် တစ်ဦး ဖြစ်သော ကျိုးမိသားစု၏ အကြီးအကဲလည်း ဖြစ်ပေသည်။
"ကျိုးကြီး... အဲဒီ စစ်သင်္ဘော ပျောက်သွားပြီ... ဘယ်လို အခြေအနေမျိုးမှာ စစ်သင်္ဘောတစ်စင်းက ပျောက်သွားနိုင်တာလဲ..."
ကျိုးကျန့်ယွင်သည် စက်ကိရိယာဌာနခွဲ၏ ညွှန်ကြားရေးမှူးအဖြစ် အနှစ် (၃၀) ကြာ တာဝန်ယူထားသူ ဖြစ်ပေသည်။
"ဆူးကြီး... ခင်ဗျားကတော့ အထိခိုက်မခံနိုင်လွန်းတာပဲ... ကောင်းယွမ်ဆိုတာ ကောင်းချိုးရဲ့ မြေးပဲ လေ... အကယ်၍ သူသာ ဒီလောက်အထိ အစွမ်းအစ မရှိဘူးဆိုရင် ခင်ဗျား သူ့ကို အထင်သေးလွန်းရာ ရောက်နေလိမ့်မယ်... ပျောက်ကွယ်သွားနိုင်တဲ့ အကြောင်းရင်း နှစ်ခုပဲ ရှိပါတယ်... တစ်ခုက စစ်သင်္ဘော ပျက်ကျတာ၊ နောက်တစ်ခုကတော့ အချက်ပြမှုကို ပိတ်ဆို့လိုက်တာပေါ့... ဘယ်ဟာ ဖြစ်မယ်လို့ ခင်ဗျား ထင်သလဲ..."
"ပျက်ကျဖို့ကတော့ မဖြစ်နိုင်ဘူး... လကမ္ဘာရဲ့ တစ်ဖက်ခြမ်းက မလုံခြုံဆုံးနေရာ ဖြစ်ပေမဲ့ အန္တရာယ် တော့ မရှိပါဘူး... ဒါဆိုရင် ဒုတိယ အချက်ပဲ ဖြစ်ရမယ်... ကောင်းယွမ် ဘာတွေ ကြံစည်နေတာလဲ..."
"ဘယ်သူ သိမှာလဲ... စိတ်မပူစမ်းပါနဲ့... ဒါက လအဆင့် သင်္ဘော အသေးလေးပဲလေ၊ ဘာလှိုင်းတံပိုးမှ ထအောင် မလုပ်နိုင်ပါဘူး... လအဆင့် စစ်သင်္ဘောဆိုတာ ဘာမှ မဟုတ်ပါဘူး၊ အခု ကောင်းကင်တပ် မတော်က သင်္ဘောတွေကို ကမ္ဘာမြေအဆင့်တွေနဲ့ လဲနေပြီလေ... အလံတင်သင်္ဘောကိုတောင် နေ အဆင့်နဲ့ လဲထားတာ..."
ဆူးမူယန်သည်မူ စိတ်အေးနိုင်ခြင်း မရှိသေးပါချေ။
"ခင်ဗျား ထင်တာကတော့ ကောင်းချိုး အသက်ရှင်နေသေးတာ ဖြစ်နိုင်မလား... လကမ္ဘာရဲ့ တစ်ဖက်ခြမ်း မှာ လျှို့ဝှက် အခြေစိုက်စခန်း တစ်ခုခု ရှိနေလို့များလား..."
ကျိုးကျန့်ယွင်သည် ထိုစကားကို ကြားသောအခါ ရယ်မောလိုက်လေသည်။
"ငါလည်း အရင်က ကောင်းချိုး အသက်ရှင်နေသေးတယ်လို့ သံသယ ဖြစ်ခဲ့ဖူးပါတယ်... ဒါပေမဲ့ အခုဆို အနှစ် (၂၀) တောင် ရှိနေပြီ... ဘယ်သူမှ သူ့ကို မမြင်ဖူးကြဘူးလေ... သူ နှစ် (၂၀) လုံးလုံး ပုန်းနေနိုင်မယ် လို့ ခင်ဗျား ထင်လား... သူ ဘယ်မှာ သွားပုန်းနေမှာလဲ..."
"ပြောဖို့ ခက်ပါတယ်... ငါ့စိတ်ထဲမှာ တစ်မျိုးပဲ... ငါတို့ သတိထားဖို့ လိုတယ်၊ ဂြိုဟ်သိမ်ဂြိုဟ်မွှား ပတ် လမ်းစု ဘက်မှာလည်း အေးအေးဆေးဆေး မရှိလှဘူး... ပြီးခဲ့တဲ့ ရက်က ချင်ကြီးက ငါ့ကို လာပြောသေး တယ်၊ ဂြိုဟ်သိမ်ဂြိုဟ်မွှား ပတ်လမ်းစုက သတ္တုတွင်း အလုပ်သမား အားလုံးကို ကိုင်းပါးပတ်လမ်းစု ဆီကို ပို့ပစ်ရမယ်တဲ့... "
"ဒါမှ သူတို့ ပြန်လာချင်ရင်တောင် အနည်းဆုံး တစ်နှစ် နှစ်နှစ်လောက် ကြာသွားမှာလေ... ဂြိုဟ်သိမ် ဂြိုဟ်မွှား ပတ်လမ်းစုက အလုပ်သမားတွေ နေရာမှာ စက်ရုပ်တွေနဲ့ အကုန် အစားထိုးရမယ်တဲ့... ချင်ကြီးရဲ့ အကြံကို ခင်ဗျား ဘယ်လို ထင်လဲ..."
ကျိုးကျန့်ယွင်သည် ခဏမျှ တွေဝေသွားခဲ့လေ၏။
"စိတ်ကူးကတော့ ကောင်းပါတယ်၊ ဒါပေမဲ့ မဖြစ်နိုင်ဘူးလေ... ဂြိုဟ်သိမ်ဂြိုဟ်မွှား ပတ်လမ်းစုမှာ ဘာ လို့ အဲဒီ လူတွေကို သုံးနေရလဲဆိုတာ ခင်ဗျား သိပါတယ်၊ အဲဒါက တခြား အကျဉ်းထောင် တစ်ခုလို ဖြစ်နေလို့ပဲလေ... ပြီးတော့ ချင်ကြီးကလည်း အစိုးရိမ် လွန်နေတာပါ... "
"ဂြိုဟ်သိမ်ဂြိုဟ်မွှား ပတ်လမ်းစုက လူတွေက အသက်ရှူဖို့ လေကိုတောင် ကမ္ဘာမြေကနေ တောင်းနေ ရတာ၊ ဘာပြဿနာ ရှာနိုင်မှာတဲ့လဲ... အကယ်၍ သူပုန်ထခဲ့ရင်တောင် လေပေးဝေမှုကို ဖြတ်တောက် လိုက်ရုံနဲ့... အားလုံး သေကုန်ကြမှာပဲ မဟုတ်ဘူးလား..."
"ငါလည်း အဲဒီလိုပဲ ထင်တာပါပဲ... ကဲ... အဲဒီအကြောင်းတွေ ထားလိုက်ပါတော့... ကောင်းယွမ် အကြောင်းပဲ ပြောရအောင်... ကောင်းမိသားစုက ပြည်သူတွေကြားမှာ နာမည်ကောင်း အရမ်း ရနေတာလေ..."
"ဟုတ်တယ်... အဲဒါကြောင့်လည်း ငါတို့ ကောင်းယွမ်ကို ထိလို့ မရတာပေါ့... ပြီးတော့ ကောင်းမိသားစု ကို ဒီအတိုင်း ထားထားတာက အားသာချက် တစ်ခု ရှိတယ်၊ အရာရာက အလင်းထဲမှာပဲ ရှိနေတာလေ... ငါတို့က ကောင်းမိသားစုကို စောင့်ကြည့်နေရုံပဲ... ကောင်းမိသားစုသာ မရှိရင် ဘယ်သူတွေက ငါတို့ကို မကျေမနပ် ဖြစ်နေလဲဆိုတာ ဘယ်လို သိနိုင်မှာလဲ..."
"ဒါကတော့ ဟုတ်သားပဲ..."
ဆူးမူယန်သည် ခဏမျှ ရပ်တန့်လိုက်ပြီးနောက် ပြောလိုက်၏။
"ကျိုးကြီး... လကမ္ဘာပေါ်က ကောင်းကင်တပ်မတော် အခြေစိုက်စခန်းကို ပြောလိုက်ဦး၊ လကမ္ဘာရဲ့ တစ်ဖက်ခြမ်းကို ကင်းလှည့်ခိုင်းလိုက်စမ်း..."
"အေးလေ... ဒါကတော့ လုပ်သင့်တာပေါ့... စိတ်မပူပါနဲ့၊ အထိခိုက်မခံပါနဲ့ဦး... ကောင်းယွမ်ဆိုတာ ကလေးလေးပဲ ရှိသေးတာ... သူ ငါတို့ကို နောက်ပြောင်နေတာလည်း ဖြစ်နိုင်တာပဲ... ခင်ဗျားကသာ အတည်ကြီး လုပ်နေရင်တော့ ခင်ဗျား ရှုံးတော့မှာပဲ..."
...
လကမ္ဘာပေါ်တွင် ကောင်းယွမ်သည် စက်ရုပ်များကို ညွှန်ကြားကာ စစ်သင်္ဘောအား ကမ္ဘာမြေဆီသို့ ဦးတည် ပျံသန်းစေလိုက်လေသည်။
လက်ရှိကမ္ဘာရှိ အမေရိကန်တွင်မူ သမ္မတသည် တိုက်ဂါးနှင့် တွေ့ဆုံနေခဲ့လေ၏။ တိုက်ဂါးသည် ရွှေ ရောင်ဆံပင်နှင့် လိင်ပြောင်းလဲထားသူ တစ်ဦး ဖြစ်ပေသည်။
သူသည် စာရွက်စာတမ်း အထပ်လိုက်ကို ကိုင်ဆောင်ထားလေ၏။
"သမ္မတကြီး... ကောင်းယွမ်ကို ကိုင်တွယ်ဖို့ စီမံချက်ကို အပြီးသတ် ဆုံးဖြတ်လိုက်ပါပြီ... အရန် စီမံချက် နှစ်ခု ပြင်ထားပါတယ်... ပထမကတော့ သဘက်ခါ ကျင်းပမယ့် ကမ္ဘာ့သိပ္ပံနှင့် နည်းပညာ ညီလာခံကို တက်ရောက်ဖို့ အမေရိကန် အစိုးရ နာမည်နဲ့ ကောင်းယွမ်ကို ဖိတ်စာ ပို့ပါ့မယ်... တကယ်လို့ သူ လာမယ် ဆိုရင်တော့ အရာရာ အဆင်ပြေသွားမှာပါ... တကယ်လို့ သူ မလာဘူးဆိုရင်တော့ ဒုတိယ စီမံချက် ရှိပါ တယ်..."
"ကျွန်တော်တို့ စုံစမ်းရသလောက် ကောင်းယွမ်မှာ ကျန်းပိုင်ရီ လို့ခေါ်တဲ့ စီးပွားဖက် တစ်ယောက်နဲ့ လင်းမေ လို့ခေါ်တဲ့ အမှုဆောင် အရာရှိ တစ်ယောက် ရှိပါတယ်... သူတို့ နှစ်ယောက်လုံးက ကောင်းယွမ်နဲ့ အရမ်း ရင်းနှီးကြတာပါ... "
"စက်မှုဇုန်ထဲကို ဝင်ဖို့က ခက်ခဲပေမဲ့ ဒီလူနှစ်ယောက်ကို ချဉ်းကပ်ဖို့ကတော့ လွယ်ပါတယ်... အကယ်၍ သူတို့ကိုသာ ငါတို့ ထိန်းချုပ်နိုင်မယ်ဆိုရင် ကောင်းယွမ်ကို အပြင်ခေါ်ထုတ်နိုင်မှာပါ... အခု ရှနိုင်ငံရဲ့ ရှန်းနန်ပြည်နယ်၊ လင်းကျိုးမြို့ထဲကို သူတို့ကို ဖမ်းဖို့ လူတွေ လွှတ်ထားပြီးပါပြီ..."
"အကယ်၍ စီမံချက် နှစ်ခုလုံး မအောင်မြင်ရင်ရော..."
ခေါင်းဆောင်သစ်က မေးလိုက်၏။
"ဒါကတော့ လွယ်ပါတယ်... ခရီးသည်တင် လေယာဉ်တစ်စင်းကို ပြင်ဆင်ပြီး ရှနိုင်ငံကို ပျံသန်းတဲ့ လမ်း ကြောင်းမှာ လမ်းကြောင်းပြောင်းခိုင်းရုံပါပဲ၊ လေယာဉ်ကို ငါးရံ့နက် နည်းပညာ စက်မှုဇုန် ဆီကို တိုက် ရိုက် မောင်းခိုင်းပြီး လေယာဉ်ဆီတွေနဲ့ အပြည့်ဖြည့်ပြီး စက်မှုဇုန်ထဲကို ပျက်ကျခိုင်းလိုက်မှာပေ့ါ..."
ခေါင်းဆောင်သစ်သည် အားရပါးရ ပြုံးလိုက်လေသည်။ အကယ်၍ ထိုသို့သာ ဖြစ်လာမည်ဆိုပါက အရာရာမှာ အမှားအယွင်း မရှိနိုင်တော့ပါချေ။
"အရပ်ဘက် လေယာဉ်သာ ပျက်ကျသွားရင် ရှနိုင်ငံ အစိုးရကတော့ ပြဿနာ ရှာလာမှာပဲ..."
"အကြီးအကဲ... ရှနိုင်ငံနဲ့ ကျွန်တော်တို့ရဲ့ ဆက်ဆံရေးက မရှိသလောက်ပါပဲ... ကောင်းယွမ်ကို မသတ်ရင် တောင်မှ အခြေအနေက ဒီထက် ပိုကောင်းလာမှာ မဟုတ်ပါဘူး... မတော်တဆမှုလို့ပဲ ပြောလိုက်ရုံ ပေါ့... သူတို့တွေ စစ်တိုက်ရဲမယ်လို့များ ထင်နေတာလား... ရှနိုင်ငံက အမေရိကန်နဲ့ အရမ်း ဝေးလွန်း တယ် မဟုတ်ဘူးလား..."
"ဟားဟား... အဲဒီလိုလား... ကောင်းပြီလေ... ဒါဆိုရင် ပြင်ဆင်ထားလိုက်တော့..."
...
ကောင်းယွမ်သည် ကမ္ဘာပတ်လမ်းကြောင်း တစ်ပတ် ပတ်ပြီးသွားခဲ့ပြီ ဖြစ်လေ၏။ သူ၏ ဤကဲ့သို့ သိသာထင်ရှားလှသော ချဉ်းကပ်မှုမှာ ကမ္ဘာပေါ်ရှိ အင်အားကြီး နိုင်ငံများကို ကြယ်တာရာ စစ်သင်္ဘော ရောက်ရှိနေပြီဖြစ်ကြောင်း သိစေရန် ရည်ရွယ်ခြင်း ဖြစ်ပေသည်...။ ၎င်းမှာ လက်ရှိခေတ်ထက် နှစ်ပေါင်း တစ်ထောင်ခန့် ရှေ့ပြေးနေသော ထုတ်ကုန်တစ်ခု မဟုတ်ပါလား...။
ဤစစ်သင်္ဘော ပေါ်ထွက်လာခြင်းမှာ ကမ္ဘာမြေပေါ်တွင် အကြီးအကျယ် တုန်လှုပ်ချောက်ချားမှုကို ဖြစ်ပေါ်စေခဲ့လေသည်။
ရှနိုင်ငံ အာကာသစင်တာ။
စောင့်ကြည့်ရေး ဝန်ထမ်းသည် ဂြိုဟ်တုမှ ပေးပို့လာသော ပုံရိပ်များကို မြင်တွေ့ရသည့်အခါ ထိတ်လန့် တုန်လှုပ်သွားခဲ့ရ၏။
စစ်သင်္ဘော တစ်စင်း...။
၎င်းသည် ကမ္ဘာမြေနှင့် နီးကပ်သော ပတ်လမ်းကြောင်းတွင် ပေါ်လာခဲ့ခြင်း ဖြစ်သည်...။ ဤစစ်သင်္ဘော သည် ကမ္ဘာပေါ်ရှိ မည်သည့် လေယာဉ်တင်သင်္ဘောထက်မဆို များစွာ ပိုမို ကြီးမားလှပေသည်။
အာကာသစခန်း ဆိုသည်မှာလည်း ၎င်းနှင့်ယှဉ်လျှင် ဘာမျှ မဟုတ်တော့ပါချေ။
အာကာသယာဉ်များနှင့် အာကာသလွန်းပျံယာဉ်များမှာမူ ၎င်းနှင့်ယှဉ်လျှင် အမှိုက်သရိုက်များကဲ့သို့သာ ဖြစ်နေပေတော့မည်။
စောင့်ကြည့်ရေး ဗဟိုဌာနသို့ လျူကျန်းချီ ရောက်ရှိလာခဲ့လေသည်။ သူသည် အာကာသစင်တာ၏ အမြင့်ဆုံး အရာရှိဖြစ်ပြီး မျက်နှာပြင်ပေါ်ရှိ စစ်သင်္ဘောကြီးကို ကြည့်ကာ ဤအရာမှာ မည်သည့်နေရာ မှ ရောက်လာသည်ကို တွေးတောနေမိလေ၏။
ထိုနည်းတူစွာပင် ဥရောပ အာကာသစင်တာ၊ အမေရိကန် အာကာသအေဂျင်စီ နှင့် ရုရှား အာကာသ အုပ်ချုပ်ရေးဌာန တို့တွင်လည်း ထိုကဲ့သို့ပင် ဖြစ်ပျက်နေခဲ့လေသည်။
ဤသတ္တဝါကြီးမှာ မည်သည့်နေရာမှ ရောက်ရှိလာကြောင်းကို လူတိုင်း သိချင်နေကြပေသည်။
အမေရိကန်၏ သမ္မတ အိမ်ဖြူတော်တွင်မူ ခေါင်းဆောင်သစ်သည် သူမကိုယ်သူမ အလွန်ပင် ကံဆိုး သည်ဟု ခံစားနေရ၏။ သူမအနေဖြင့် ကောင်းယွမ်ကိုပင် မဖြေရှင်းရသေးမီမှာ ကောင်းကင်ယံမှ မဖိတ်ခေါ်ဘဲ ရောက်လာသည့် ဧည့်သည်နှင့် ရင်ဆိုင်နေရပြီ မဟုတ်ပါလား။
အမေရိကန် အာကာသအေဂျင်စီ၏ အကဲဖြတ်ချက်များအရ လူသားတို့သည် လက်ရှိတွင် ဤမျှ ကြီးမား သော ယာဉ်ကြီးကို လွှတ်တင်နိုင်စွမ်း မရှိသေးပါချေ။ ဂြိုဟ်တုပုံရိပ်များအရ ထိုစစ်သင်္ဘောပေါ်ရှိ လက်နက် စနစ်များကိုလည်း သိသိသာသာ မြင်တွေ့နေရပေသည်။
ထို့ကြောင့်ပင် အမေရိကန် အာကာသအေဂျင်စီသည် ဂြိုဟ်သားများ ရောက်ရှိလာခြင်း ဖြစ်သည်ဟု နိဂုံးချုပ် ကောက်ချက်ချလိုက်ကြလေတော့သည်။