← Chapters

အခန်း ၁၁၀

Vol. 11 Ch. 110

အခန်း ၁၁၀

Vol. 11 Ch. 110

အခန်း (၁၁၀)

မင်းနဲ့ အကျိုးအကြောင်း လာပြောတာပါ

ကောင်းယွမ်သည် ကမ္ဘာမြေတစ်ခုလုံးကို အပေါ်စီးမှ ကြည့်ရှုလိုက်လေ၏။

ထိုစဉ် သူသည် မိမိကိုယ်ကိုယ် ကမ္ဘာမြေ၏ ဘုရင်တစ်ပါးကဲ့သို့ ခံစားလိုက်ရလေသည်။

သူသည် အစွမ်းပြရုံမျှနှင့် အားမရသေးဘဲ ကမ္ဘာ့လေထုထဲသို့ စတင်ဝင်ရောက်ကာ ချဉ်းကပ်လာခဲ့လေ ၏။ သူသည် ပြဿနာကို အခြေခံကျကျ ဖြေရှင်းရန် ရောက်ရှိလာခြင်း ဖြစ်ပေသည်။

အမေရိကန်ကို နာခံမှုရှိစေရန်အတွက် အရင်ဆုံး ၎င်းတို့၏ လက်နက်များကို ဖျက်ဆီးပစ်ရပေလိမ့်မည်။

စစ်အင်အားမရှိလျှင် အမေရိကန်သည် မည်သို့သော အခွင့်အရေးဖြင့် ပိတ်ဆို့မှုများ ပြုလုပ်နိုင်တော့ မည်နည်း။

သူတို့ အားကိုးနေရသည်မှာ ကမ္ဘာအနှံ့ရှိ စစ်အခြေစိုက်စခန်းများနှင့် လေယာဉ်တင်သင်္ဘောများသာ ဖြစ်ပေ၏။

*လေယာဉ်တင်သင်္ဘောတွေကနေပဲ စတင်လိုက်ကြရအောင်လေ…*

စက်ရုပ်များသည် အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန၏ ဝဘ်ဆိုက်ကို စတင် တိုက်ခိုက်လိုက်ကြ ပြီးနောက် လေယာဉ်တင်သင်္ဘောများ၏ တည်နေရာနှင့် အခြေစိုက်စခန်း အချက်အလက်များကို ထိန်းချုပ်စက်ပေါ်တွင် မှတ်သားလိုက်ကြလေတော့သည်။

...

ကောင်းယွမ်သည် ထိုအချိန်တွင် ကမ္ဘာပေါ်ရှိ အင်အားကြီးနိုင်ငံများ အားလုံး အမြင့်ဆုံး သတိပေးချက် ထုတ်ထားသည်ကို မသိရှိပါချေ။

သို့သော်လည်း မည်သူမျှ မလှုပ်ရှားရဲကြပေ။

ကောင်းယွမ်သည် ပင်လယ်နီပေါ်သို့ ရောက်ရှိလာခဲ့လေ၏။

ဤနေရာတွင် အမေရိကန် လေယာဉ်တင်သင်္ဘော တစ်စင်း ရှိနေပေသည်။

စွမ်းအင်မြင့် လေဆာအမြောက်ကို အသင့်ပြင်ပြီး သင်္ဘော၏ တည်နေရာကို ပစ်မှတ်ထားကာ စွမ်းအင် ဖြည့်တင်းလိုက်လေ၏။

စွမ်းအင်ပြည့်ပြီ ဖြစ်ကြောင်း အချက်ပေးသံ ထွက်ပေါ်လာသည့်အခါ ကောင်းယွမ်သည် ပင့်သက် တစ်ချက် ရှိုက်လိုက်လေသည်။

“စလိုက်ကြစို့...”

“ငါဟာ လူအများ လုပ်ချင်ပေမယ့်လည်း မလုပ်ရဲတဲ့ အရာကို လုပ်တော့မယ်….”

ပင်လယ်နီပေါ်ရှိ အမေရိကန် လေယာဉ်တင်သင်္ဘော ကပ္ပတိန်သည် ကမ္ဘာ့လေထုအတွင်း ကြယ်တာရာ စစ်သင်္ဘော တစ်စင်း ရောက်ရှိနေကြောင်း ဌာနချုပ်မှ သတင်းရသည့်အခါ စိတ်ထဲ၌ ထိတ်လန့်တုန်လှုပ် နေခဲ့လေတော့သည်။

ကမ္ဘာ့အင်အားအကြီးဆုံး စစ်တပ်၏ ခေါင်းဆောင်တစ်ဦးအနေဖြင့် သူသည် တစ်စုံတစ်ယောက်၏ ထမင်းစားပွဲပေါ်တွင် တင်ထားသော အစာတစ်ခုကဲ့သို့ ခံစားနေရပေသည်။

ထို့ကြောင့်ပင် သူသည် အမိန့်မရရှိသေးသော်လည်း အကြောင်းပြချက်တစ်ခုဖြင့် ဆုတ်ခွာရန် ပြင်ဆင် နေခဲ့ခြင်း ဖြစ်ပေ၏။

သူသည် ဆုတ်ခွာရန် အမိန့်ပေးလိုက်သည်နှင့် တစ်ပြိုင်နက်...၊

ရေဒါမှ သတိပေးသံများ ရုတ်တရက် မြည်လာလေတော့သည်။ မည်သူမျှ တုံ့ပြန်နိုင်ခြင်း မရှိမီမှာပင် ကောင်းကင်ယံမှ အဖြူရောင် အလင်းတန်းတစ်ခု ကျဆင်းလာခဲ့လေတော့၏။

“ရွှီး...”

ထိုအသံမှာ အလွန်ပင် တိုးညှင်းလှပြီး ဒုံးပျံများကြောင့် ဖြစ်ပေါ်တတ်သော အသံထက်ပင် ပို၍ တိတ် ဆိတ်နေခဲ့ပေသည်။

သို့သော်လည်း လေယာဉ်တင်သင်္ဘော၏ ကွပ်ကဲမှုစင်တာမှာမူ ပျောက်ကွယ်သွားခဲ့ပြီဖြစ်ပြီး ထိုနေရာ တွင် မီတာနှစ်ဆယ်ခန့်ရှိသော တွင်းကြီးတစ်ခုသာ အစားထိုး ဝင်ရောက်သွားခဲ့လေတော့သည်။

ထိုအချိန်တွင် ပင်လယ်ရေများမှာ အပေါ်သို့ ပန်းထွက်လာခဲ့လေ၏။ သင်္ဘောပေါ်ရှိ စစ်သည်တော်များ မှာလည်း လုံးဝ ရုန်းရင်းဆန်ခတ် ဖြစ်သွားကြလေတော့သည်။

ကပ္ပတိန်သည် ရန်သူမှာ မည်သူမှန်းပင် မသိရှိချေ။

နောက်ဆက်တွဲ ပျက်စီးမှုများကို ရှောင်ရှားရန်အတွက် သင်္ဘောတင် တိုက်လေယာဉ်များကို အမြန်ဆုံး ပျံတက်ရန် အမိန့်ပေးလိုက်လေသည်။

သို့သော် ထိုစဉ်မှာပင် အဖြူရောင် အလင်းတန်းတစ်ခု ထပ်မံ ကျဆင်းလာခဲ့ပြန်လေ၏။

တိုက်လေယာဉ်များ အားလုံး ပျက်စီးသွားခဲ့ရလေသည်။

အလုံးစုံ ဖျက်ဆီးခံလိုက်ရခြင်း ဖြစ်ပေ၏။

ဤတိုက်ခိုက်မှုမှာ သူ့အား ပစ်မှတ်ထားခြင်း ဖြစ်ကြောင်း ကပ္ပတိန် နားလည်သွားခဲ့လေသည်။

သူ လုပ်ဆောင်နိုင်သည့် တစ်ခုတည်းသော အရာမှာ အသက်ကယ်လှေပေါ်သို့ တက်ကာ ဌာနချုပ်ထံသို့ သတင်းပို့ရန်သာ ရှိပေတော့သည်။

...

နာရီဝက်ခန့် ကြာပြီးနောက်တွင် နီမစ်အဆင့် နျူကလီးယားစွမ်းအင်သုံး လေယာဉ်တင်သင်္ဘောကြီးမှာ တစ်ဝက်ကျော်ခန့် ရေထဲသို့ နစ်မြုပ်သွားခဲ့လေတော့သည်။

ပင်လယ်နီ ကမ်းခြေရှိ သူပုန်များသည် အမေရိကန် သင်္ဘောများကို တိုက်ခိုက်ရန် ကြိုးစားခဲ့ကြသော် လည်း လက်နက် အင်အား ကွာခြားလွန်းသဖြင့် သူတို့ ပစ်လွှတ်လိုက်သော ဒုံးကျည်တိုင်းမှာ ပစ်ချခံခဲ့ရ ဖူးပေသည်။

သို့သော် ယခုအခါတွင်မူ သူတို့သည် တစ်ချိန်က မအောင်နိုင်ဟု ထင်မှတ်ထားခဲ့သော အမေရိကန် လေယာဉ်တင်သင်္ဘောကြီး သူတို့၏ မျက်စိရှေ့တွင် နစ်မြုပ်နေသည်ကို မြင်တွေ့လိုက်ရခြင်းဖြစ်လေ သည်။

သူတို့သည် ချက်ချင်းပင် အားရပါးရ အော်ဟစ် အားပေးခဲ့ကြလေတော့သည်။

ကောင်းကင်ထက်တွင်မူ ကောင်းယွမ်သည် သူ၏ တာဝန်ကို အောင်မြင်စွာ ထမ်းဆောင်ပြီးနောက် ပစိဖိတ်သမုဒ္ဒရာဆီသို့ ဦးတည်လိုက်လေ၏။ ထိုနေရာတွင် အမေရိကန် လေယာဉ်တင်သင်္ဘောနှစ်စင်း ရှိနေပေသေးသည်။

အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနသည် ပင်လယ်နီမှ ကပ္ပတိန်၏ သတင်းစကားကို ရရှိသည့်အခါ ဆွံ့အသွားခဲ့ရလေတော့သည်။

“လေယာဉ်တင်သင်္ဘောက... နစ်မြုပ်သွားပြီ ဟုတ်လား...”

“ဘယ်သူ လုပ်တာလဲ...”

ဂြိုဟ်တုမှတစ်ဆင့် အဖြေကို လျင်မြန်စွာ ရရှိလိုက်လေ၏။

ဂြိုဟ်သား စစ်သင်္ဘောဟု သူတို့ သတ်မှတ်ထားသော ယာဉ်ကြီးက လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပေသည်။ ၎င်း သည် ပစိဖိတ်သမုဒ္ဒရာဆီသို့ ဦးတည်သွားခဲ့ပြီ ဖြစ်ပေ၏။

အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနသည် ထိတ်လန့်တုန်လှုပ်သွားခဲ့ရလေသည်။

အချို့က ၊

"ကျွန်တော်တို့မှာ ပစိဖိတ်ထဲမှာ ရှနိုင်ငံကို ခြိမ်းခြောက်ဖို့ လေယာဉ်တင်သင်္ဘော နှစ်စင်း ရှိနေသေး တယ်..." ဟု ပြောလိုက်ကြလေ၏။

"အရူးတွေ... ငါ သိတယ်... အဲဒီ သင်္ဘောတွေကို အနီးဆုံး အခြေစိုက်စခန်းမှာ ဆိုက်ကပ်ဖို့ ချက်ချင်း အမိန့်ပေးလိုက်... လူတွေ အကုန်လုံးကိုလည်း အမြန်ဆုံး စွန့်ခွာခိုင်းလိုက်စမ်း..."

အမိန့်ကို ထုတ်ပြန်လိုက်သည်နှင့် တစ်ပြိုင်နက်... ပစိဖိတ်သမုဒ္ဒရာဆီမှ သတင်းစကား ရောက်ရှိလာခဲ့ လေသည်။

လေယာဉ်တင်သင်္ဘော နှစ်စင်းလုံး... ထပ်မံ နစ်မြုပ်သွားခဲ့ပြီ ဖြစ်လေ၏။

ထိုအချိန်တွင် ကောင်းယွမ်သည် အမေရိကန် ကုန်းမြေမကြီးဆီသို့ စတင် ဦးတည်လိုက်လေသည်။ ထို နေရာရှိ အခြေစိုက်စခန်း ငါးခုတွင် လေယာဉ်တင်သင်္ဘော ကိုးစင်း ကျန်ရှိနေပေသေးသည်။

၎င်းတို့အနေဖြင့် ယခုထိ ထွက်မလာသေးမှတော့ နောင်တွင်လည်း ထွက်လာရန် မလိုအပ်တော့ပါချေ။

"စစ်ပြင်ကြ... စစ်ပြင်ကြစမ်း..."

ကာကွယ်ရေးဝန်ကြီးသည် ဒေါသတကြီး အော်ဟစ်လိုက်လေသည်။ လက်အောက်ငယ်သား များမှာလည်း ချက်ချင်းပင် အလုပ်ရှုပ်ကုန်ကြတော့၏။

ကောင်းယွမ်သည် အမေရိကန် ကုန်းမြေသို့ မရောက်မီမှာပင် ဒုံးကျည်ဖြင့် တိုက်ခိုက်ခံရကြောင်း စစ်သင်္ဘောမှ သတိပေးချက် ထွက်ပေါ်လာသဖြင့် အလိုအလျောက် ပြန်လည် တိုက်ခိုက်ရေး စနစ်ကို ဖွင့်ပေးလိုက်လေသည်။

မကြာမီမှာပင် ဒုံးကျည်များသည် လေဆာအမြောက်များဖြင့် ဖျက်ဆီးခံလိုက်ရတော့၏။ တစ်ချိန်တည်း မှာပင် စစ်သင်္ဘောပေါ်ရှိ ဉာဏ်ရည်တု ဇီဝကွန်ပျူတာသည် ဒုံးကျည်များ၏ လမ်းကြောင်းကို တွက် ချက်ကာ ပစ်လွှတ်လိုက်သည့် စခန်းကို ရှာဖွေပြီး စွမ်းအင်မြင့် လေဆာအမြောက်ဖြင့် ထိုစခန်းကို တိုက် ရိုက် ဖျက်ဆီးပစ်လိုက်လေတော့သည်။

တစ်မိနစ်အတွင်းမှာပင် အမေရိကန်၏ ဒုံးကျည်ပစ်လွှတ်စင် ဆယ်ခုကျော်မှာ ဖျက်ဆီးခံလိုက်ရ လေတော့သည်။

ဤသတင်းကို ကြားရသောအခါ ကာကွယ်ရေးဝန်ကြီးသည် ဘာလုပ်ရမှန်းမသိဘဲ မှင်သက်နေခဲ့မိတော့ ၏။

ခေတ်ကာလ ကွာခြားမှုမှာ အလွန်ပင် ကြီးမားလှပေသည်။

မည်သို့မျှ အနိုင်ရရန် မဖြစ်နိုင်ပါချေ။

အကယ်၍ ပြန်လည် မတိုက်ခိုက်ပါက အမေရိကန်သည် လက်နက်ဖြုတ်သိမ်းခံရသည်ကို လက်ပိုက် ကြည့်နေရရုံသာ ရှိမည် ဖြစ်၏။ အကယ်၍ ပြန်လည် တိုက်ခိုက်မည် ဆိုပါကလည်း... ပို၍ မြန်မြန် သေဆုံးရရုံသာ ရှိပေလိမ့်မည်။

ကောင်းယွမ်သည် သူ၏ ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် အားရဖွယ်ကောင်းသော စိတ်ကျေနပ်မှုကို ခံစားလိုက်ရလေသည်။

*ခေတ်သစ် စစ်ပွဲဆိုတာ ဒီလိုပါလား…*

* လွယ်လိုက်တာ…*

*စစ်ပွဲဆိုတာ အန္တရာယ် များတယ်လို့ ဘယ်သူပြောခဲ့တာလဲ…ဒါက ပျော်ပွဲစား ထွက်ရတာနဲ့တောင် တူနေသေးတယ်…*

ထို့နောက် ကောင်းယွမ်သည် အမေရိကန်၏ လေယာဉ်တင်သင်္ဘော အခြေစိုက်စခန်းများကို တစ်ခု ပြီးတစ်ခု အမည်တပ်ကာ ဖျက်ဆီးလေတော့သည်။

လေယာဉ်တင်သင်္ဘောများသည် ဆိပ်ကမ်းများအတွင်းမှာပင် တစ်စင်းပြီးတစ်စင်း ပျက်စီးသွားခဲ့ရလေ သည်။ စစ်သည်တော်များမှာလည်း သူတို့၏ သင်္ဘောကြီးများ သံတိုသံစများအဖြစ် ပြောင်းလဲသွား သည်ကို ရင်နာစွာဖြင့် ကြည့်နေရုံမှတစ်ပါး အခြား မတတ်နိုင်ခဲ့ကြပါချေ။

အကယ်၍ ပြန်လည် လက်တုံ့မပြန်ပါက လေယာဉ်တင်သင်္ဘောများကိုသာ ဖျက်ဆီးမည် ဖြစ်သော် လည်း ပြန်လည် တိုက်ခိုက်ပါကမူ တိုက်ခိုက်သူပါ သေဆုံးရမည် ဖြစ်၏။

ထို့ကြောင့်ပင် လူတိုင်းနီးပါးမှာ စောင့်ကြည့်ရုံသာ တတ်နိုင်ကြလေတော့သည်။

အမေရိကန်၏ ခေါင်းဆောင်သစ်မှာမူ ဒေါသကြောင့် သွေးအန်မတတ် ဖြစ်နေခဲ့ရပေသည်။

သမ္မတ ရာထူးဆိုသည်မှာ မတကယ်ပင် မလိုအပ်သော အရာ ဖြစ်ပေသည်။ အလွန်ပင် စိတ်ပင်ပန်းစရာ ကောင်းလှပေ၏။

သူမသည် အေးအေးဆေးဆေးဖြင့် ဒုသမ္မတ ရာထူးတွင်သာ ရှိနေခဲ့လျှင် အကောင်းသား... ယခုမူ သူမသည် အမေရိကန် သမိုင်းတွင် အညံ့ဖျင်းဆုံးသော သမ္မတ ဖြစ်လာတော့မည်မှာ သေချာနေပေ တော့သည်။

သို့သော်လည်း သူမသည် ဘာမျှ မတတ်နိုင်ခဲ့ပါချေ။

ထိုစဉ် နိုင်ငံခြားရေးဝန်ကြီး ရောက်ရှိလာခဲ့လေသည်။

"သမ္မတကြီး... ကျွန်တော်တို့ ဘာလုပ်ကြမလဲ..."

"ဘာလုပ်ရဦးမှာလဲ... 'ပြင်ပကမ္ဘာ ကျူးကျော်မှုကို လူသားအားလုံး ပူးပေါင်း ဆန့်ကျင်ရေး တောင်းဆို ချက်' ကို ချက်ချင်း ရေးဆွဲစမ်း... ပြီးတော့ ရှနိုင်ငံနဲ့ ရုရှားကိုလည်း ငါတို့နဲ့ ပူးပေါင်းဖို့ ပြောရမယ်... ဒါ ဟာ အမေရိကန် တစ်နိုင်ငံတည်းရဲ့ တာဝန် မဟုတ်ဘူး၊ လူသားအားလုံးရဲ့ တာဝန်ပဲ..."

"နားလည်ပါပြီ... အခုပဲ သွားလိုက်ပါ့မယ်... ရှနိုင်ငံ ခေါင်းဆောင်နဲ့ ရုရှား ခေါင်းဆောင်တို့ဆီကို ဖုန်း ဆက်ပေးရမလားခင်ဗျ..."

"ကောင်းပြီလေ..."

ဖုန်းမခေါ်ရသေးမီမှာပင် တစ်စုံတစ်ယောက် ပြေးဝင်လာခဲ့လေသည်။

"သမ္မတကြီး... ဂြိုဟ်သား စစ်သင်္ဘောကြီး ရောက်လာပါပြီ..."

"ဘယ်ကနေ ရောက်လာတာလဲ..."

"သမ္မတအိမ်ဖြူတော်ရဲ့ အထက်ကို ကြည့်လိုက်ပါဦး..."

သမ္မတသည် ထိတ်လန့်သွားကာ ပြတင်းပေါက်ဆီသို့ ပြေးသွားပြီး အပေါ်သို့ မော့ကြည့်လိုက်လေသည်။ ကြီးမားလှသော စစ်သင်္ဘောကြီးတစ်စင်းသည် သူတို့၏ ဦးခေါင်းထက်တွင် ရှိနေခဲ့ပြီ ဖြစ်၏။ ၎င်းသည် အချိန်မရွေး သမ္မတအိမ်ဖြူတော်ကို ဖျက်ဆီးပစ်နိုင်သည့် အနေအထားတွင် ရှိနေခဲ့ပေသည်။

ခေါင်းဆောင်သစ်မှာမူ အလွန်အမင်း ကြောက်လန့်နေခဲ့လေသည်။

သေခြင်းတရားကို မည်သူကများ မကြောက်ဘဲ နေပါမည်နည်း။

အထူးသဖြင့် ဤကဲ့သို့သော အဆင့်မြင့် အရာရှိကြီးများသည် သာမန်လူများ၏ အသက်ကို တန်ဖိုး မထားကြသော်လည်း သူတို့၏ အသက်ကိုမူ အလွန်ပင် တန်ဖိုးထားကြပေသည်။

"မြန်မြန်... ငါ့ကို ဒီကနေ ခေါ်ထုတ်သွားကြစမ်း..."

"သမ္မတကြီး... ဘယ်ကို သွားကြမလဲ..."

"ဘယ်နေရာဖြစ်ဖြစ် ရတယ်... ဒီနေရာနဲ့ ဝေးဝေးကိုသာ ခေါ်သွားကြစမ်းပါ..."

ကောင်းယွမ်သည် စစ်သင်္ဘောပေါ်တွင် ထိုင်ကာ အမေရိကန်၏ အမြင့်ဆုံး အာဏာစက် တည်ရှိရာ သမ္မတအိမ်ဖြူတော် ကို ငုံ့ကြည့်နေခဲ့လေသည်။

*ထင်သလောက်လည်း ခန့်ညားထည်ဝါခြင်း မရှိပါလား…*

*စစ်သင်္ဘောရဲ့ တိုက်ခိုက်မှု တစ်ချက်ကိုတောင် ဒါက တောင့်ခံနိုင်မယ့်ပုံမပေါ်ဘူး…*

*ထားလိုက်ပါတော့လေ... ငါက စစ်တိုက်ဖို့ လာခဲ့တာ မဟုတ်ဘူး… အကျိုးအကြောင်း ပြောပြဖို့ လာခဲ့တာပဲလေ…*

ကောင်းယွမ်သည် စက်ရုပ်ကို သမ္မတအိမ်ဖြူတော်၏ ဆက်သွယ်ရေး ကိရိယာများနှင့် ချိတ်ဆက်ခိုင်း လိုက်လေသည်။

အမေရိကန် သမ္မတသည် အိမ်ဖြူတော်မှ မထွက်ခွာရသေးမီမှာပင် ဖုန်းသံ မြည်လာခဲ့လေ၏။

"ဒီတစ်ခါက ဘယ်သူလဲ... ဘာလို့ အခုလို အချိန်မှာ ဖုန်းဆက်နေရတာလဲ..."

"သမ္မတကြီး... ဖုန်းလက်ခံလိုက်ရမလား..."

"မကိုင်နဲ့... ငါ မပြောချင်ဘူး... ကားကိုသာ အမြန် ပြင်စမ်း... မဟုတ်ဘူး... ကားနဲ့ မဖြစ်ဘူး၊ မြေအောက် လိုဏ်ခေါင်းကနေပဲ သွားမယ်..."

သူ ထွက်ခွာရန် ပြင်လိုက်စဉ်မှာပင် ဖုန်းသည် အလိုအလျောက် ပွင့်သွားခဲ့လေသည်။

အထဲမှ အသံတစ်ခု ထွက်ပေါ်လာခဲ့၏။

"ငါ ကောင်းယွမ်ပါ... စကားပြောကြရအောင်..."

ပုံရိပ်ယောင် မျက်နှာပြင်ပေါ်တွင် တရုတ်စာလုံးများ ပေါ်လာခဲ့ပြီး စက်ရုပ်မှတစ်ဆင့် အင်္ဂလိပ်ဘာသာသို့ ဘာသာပြန်ပေးလိုက်လေသည်။

ခေါင်းဆောင်သစ်သည် တံခါးဝတွင် ရုတ်တရက် ရပ်တန့်သွားခဲ့ရ၏။

"ဘယ်သူ..."

"တကယ်လို့ မင်း စကားမပြောချင်ဘူးဆိုရင်တော့ ငါ မင်းကို ဘုရားသခင်ဆီကို အခုပဲ ပို့ပေးလိုက်မယ်... ငါ မင်းရဲ့ ခေါင်းပေါ်မှာ ရှိနေတယ်လေ..."

ခေါင်းဆောင်သစ်သည် အပြင်ဘက်ရှိ ကြီးမားလှသော စစ်သင်္ဘောကြီးကို ကြည့်လိုက်ပြီးနောက် သူ၏ ဖုန်းကို တစ်ချက် ကြည့်လိုက်လေသည်။

"နင်... နင်က ငါးရံ့နက် နည်းပညာက ကောင်းယွမ်လား... ဘာလိုချင်လို့လဲ..."

"မင်းနဲ့ အကျိုးအကြောင်း လာပြောတာပါ..."

All Chapters