အခန်း ၃၆၃
Vol. 25 Ch. 363
အခန်း-(၃၆၃)
သူတို့တွေ အခန်းထဲကို ရောက်တော့ ချန်ချန်းရှောင် က "အဆင်မပြေမှုအတွက် တောင်းပန်ပါတယ်။ စခန်းမှာက လွတ်နေတဲ့ အခန်းတော့မရှိဘူး။ ခင်ဗျားတို့အားလုံးက ကျွန်တော်နဲ့ပဲ ခဏလောက် စုပြုံပြီး နေကြရပါလိမ့်မယ်" လို့ ပြောလိုက်တယ်။
အခန်းက စတုရန်းမီတာ ၂၀ လောက်ပဲရှိပြီး စားပွဲတစ်လုံး၊ ထိုင်ခုံတစ်လုံးနှင့် တစ်ယောက်အိပ်ကုတင်တစ်လုံးပဲရှိတယ်။ ဒါကိုမြင်တော့ ကျင်းရွှီယန်းက " ရပါတယ်။ ကျွန်တော်တို့တွေက ကြမ်းပြင်ပေါ်မှာ အိပ်လို့ရတယ်" လို့ အေးအေးဆေးဆေးပဲ တုန့်ပြန်လိုက်တယ်။
ချန်ချန်းရှောင်က ခေါင်းညိတ်ပြလိုက်ပြီး တံခါးပိတ်ကာ သေသေချာချာဂျက်ချလိုက်သည်။ ပြီးမှ သူက ကျင်းရွှီယန်းဘက်ကို လှည့်ပြီး "အစ်ကိုကျင်း ၊ ဝမ်ဟောင်ရဲ့ တောင်းဆိုချက်ကို ဘာလို့ သဘောတူလိုက်တာလဲ။ ဒီအခြေစိုက်စခန်းမှာရှိတဲ့ လူတိုင်းကို ထောက်ပံ့ဖို့အတွက် လုံလောက်တဲ့ ရိက္ခာပစ္စည်းတွေရဖို့ဆို လပေါင်းများစွာ ကြာသွားလိမ့်မယ်။ ပြဿနာကို တစ်ပတ်အတွင်း ဖြေရှင်းဖို့က လုံးဝ မဖြစ်နိုင်ဘူး" ဟု စိုးရိမ်တကြီးဆိုလိုက်သည်။
ကျိူးလီဇီကတော့ ကော်ဇောထူထူ အတော်များများကို သူမရဲ့ နေရာလွတ်မှထုတ်ယူပြီး လူတိုင်းထိုင်နိုင်အောင် ကြမ်းပြင်ပေါ်မှာ ခင်းချလိုက်သည်။
နေရာတကျ ထိုင်လိုက်ပြီးတဲ့နောက်မှ ကျင်းရွှီယန်းက ပြောလိုက်သည်"သူ့ကို ရိက္ခာပစ္စည်းတွေ ပေးဖို့ ငါကတိမပေးခဲ့ပါဘူး"
ဒါကိုကြားတော့ ချန်ချန်းရှောင်က ထပ်မေးလိုက်တယ် "ဒါဆို မင်းဘာလုပ်ဖို့ စီစဉ်ထားလဲ"
"သူ့စခန်းရဲ့ စားနပ်ရိက္ခာပြတ်လပ်မှုပြဿနာကို ဖြေရှင်းပေးဖို့ပဲ ငါ့တို့ကို တောင်းဆိုခဲ့တာ။ ဒါပေမယ့် ဘယ်လိုဖြေရှင်းချင်လဲဆိုတာကို သူ မပြောခဲ့ဘူး။ အဲဒီလိုဆိုတော့ အသက်ရှင်ကျန်ရစ်သူတွေကို ငါတို့ ရွှေ့ပြောင်းပေးလို့ရတယ်။ အသက်ရှင်ကျန်ရစ်သူ အများကြီးကို ထောက်ပံ့ပေးစရာ မလိုတော့ဘူးဆိုရင် စခန်းမှာလည်း စားနပ်ရိက္ခာပြတ်လပ်မှုပြဿနာတွေ ရင်ဆိုင်ရမှာ မဟုတ်တော့ဘူး" ဟု ကျင်းရွှီယန်းက ပေါ့ပေါ့တန်တန်ပဲ ရှင်းပြလိုက်သည်။
သူ့စကားတွေကို ကြားတဲ့အခါမှာ အားလုံးရဲ့ စိတ်ထဲမှာတွေးလိုက်မိတာကတော့ 'ဒီလူကတော့ ကောလာဟလတွေထဲကအတိုင်းပဲ တစ်ကယ်ကို အရှက်မရှိသူပဲ' ။ သဘောတူညီချက်ထဲက အားနည်းချက်ကို ဘယ်သူကများ အခွင့်ကောင်းယူဖို့ စဉ်းစားမိမှာလဲ။
ခဏအကြာတွင်မှ ချန်ချန်းရှောင်က "အစ်ကိုကျင်း ၊ မင်းရဲ့အစီအစဉ်က စားနပ်ရိက္ခာပြတ်လပ်မှုပြဿနာကို ဖြေရှင်းပေးနိုင်တယ်။ ဒါပေမယ့် နောက်ထပ်ပြဿနာတစ်ခုရှိနေတယ်။ အသက်ရှင်ကျန်ရစ်သူတွေကို မင်း ဘယ်လိုနည်းနဲ့ ရွှေ့ပြောင်းမှာလဲ"လို့ မေးလိုက်တယ်။
"ဒါကို မင်း စိတ်ပူစရာမလိုဘူး။ ငါ့အဖွဲ့က ဖြေရှင်းပေးလိမ့်မယ်။ မင်းက စစ်သားတွေနဲ့ ဆက်သွယ်ပြီး ဒီကိစ္စကို လျှို့ဝှက်ထားဖို့ပဲ လိုတယ်" ဟု ကျင်းရွှီယန်းက ပြောလိုက်သည်။
ကျင်းရွှီယန်းရဲ့ စကားအဆုံးတွင် ကျိူးလီဇီက သူမရဲ့နေရာလွတ်ထဲကနေ ကန်ရေတစ်ဗူးကို ထုတ်ယူကာ "အစ်ကိုချန်၊ ရေသောက်ချင်လား" လို့ မေးလိုက်တယ်။
လေထုရဲ့ တင်းမာနေတဲ့အခြေနေက သူမရဲ့ကျေးဇူးကြောင့် ချက်ချင်းပျက်ပြယ်သွားခဲ့ပါတယ်။ ချန်ချန်းရှောင်က ရေဘူးကို ခဏလောက်စိုက်ကြည့်နေပြီးမှ လှမ်းယူကာ "ကျေးဇူးတင်ပါတယ်" လို့ ပြောလိုက်တယ်။
သူက ချန်ချန်းဖုန်းရဲ့ အစ်ကိုဖြစ်တဲ့အတွက် သူတို့ရဲ့ မိသားစုဝင်အဖြစ် ရေတွက်နိုင်ပါတယ်။ ဒါကြောင့် ကျိူးလီဇီသည်ရေနှင့် ရိက္ခာတချို့ကို ဝေမျှပေးဖို့ ဝန်မလေးခဲ့ပါဘူး။
ချန်ချန်းရှောင်က ရေသောက်နေချိန်တွင်ပဲ သူမသည် အလိုအလျောက်အပူပေးလို့ရတဲ့ နေ့လယ်စာဘူးတွေ၊ ဝက်အူချောင်းတွေနှင့် ကြက်ဥပြုတ်တစ်လုံးကို ထုတ်ယူလို့ပြီးသွားပါပြီ။ ကြက်ဥပြုတ်ကို မြင်လိုက်ရသောအခါတွင် အားလုံးက မှင်သက်သွားကြရတယ်။
ရှောင်ချီက ဥပြုတ်ကြီးကို လက်ညှိုးထိုးပြီး "မရီး၊ အဲဒါက နဂါးဥလား" လို့ မေးလိုက်တယ်။
သူ့မေးခွန်းကိုကြားတော့ ကျိူးလီဇီက ရယ်လိုက်ပြီး "ဒါက နဂါးဥမဟုတ်ဘူး။ ဗီဇပြောင်း ကြက်ဥပဲ။ ငါတို့တွေ မွေးမြူရေးခြံကိုသွားတုန်းက အစ်ကိုယန်းနဲ့ငါက ဗီဇပြောင်း ကြက်ဥတွေ အများကြီးတွေ့ခဲ့တယ်" လို့ ပြောလိုက်တယ်။
"အဲဒါက စားလို့ရရဲ့လား" လို့ ရှောင်ချီက ထပ်မေးလိုက်ပြန်သည်။
ဒီဥက စားလို့ရတယ်ဆိုတာကို ကျိူးလီဇီက သေချာနေပေမယ့် သူ့ကို မရေမရာတဲ့ အဖြေသာပေးခဲ့သည် "မသိဘူး၊ ဒါကြောင့် စမ်းကြည့်ဖို့ ထုတ်လိုက်တာ"
သူမ စကားကိုကြားတော့ ရှောင်ချီက တံတွေးမျိုချလိုက်ပြီး လက်မထောင်ပြလိုက်တယ်။ "မရီး ၊ မင်းက တကယ်ကို သတ္တိရှိတာပဲ။ ဒီဧရာမဥကိုတောင် စမ်းကြည့်ရဲတယ်"
ကျိူးလီဇီက ရှောင်ချီကို မျက်လုံးလှန်ကာကြည့်ပြီး သူမရဲ့နေရာကနေ တူသေးသေးလေးတစ်ချောင်းကို ထုတ်ယူလိုက်တယ်။ ဗီဇပြောင်း ကြက်ဥရဲ့အခွံက ထူပြီး ကွဲဖို့ခက်ခဲတာကြောင့် လက်သီးနဲ့သာ ထုလိုက်ရင် ဥတစ်လုံးလုံး ကြေမွသွားမှာ စိုးရိမ်လို့ တူကို အသုံးပြုရခြင်း ဖြစ်ပါတယ်။
" ဒေါက် ဒေါက် ခရစ်ပ် "
အကြိမ်ပေါင်းများစွာ ခေါက်ပြီးနောက်တော့မှ ကြက်ဥအခွံက အက်သွားသည်။ ကျိူးလီဇီကတော့ ကြက်ဥတစ်လုံးလုံးရဲ့ အခွံများမှာ အက်ကွဲကြောင်းများ ပြည့်သွားသည်အထိ ဆက်လက်ထုရိုက်ပြီးနောက်မှ အခွံကို ခွာလိုက်သည်။
သိပ်မကြာခင်မှာပဲ စားချင်စဖွယ် ချောမွေ့နေတဲ့ ပြုတ်ထားတဲ့ ကြက်ဥက စားဖို့ အဆင်သင့်ဖြစ်နေပါပြီ။ အဖွဲ့ဝင်တွေက ကြက်ဥရဲ့အနံ့ကို ရှူရှိုက်ကြည့်လိုက်တော့ သာမန်ကြက်ဥရဲ့ အနံ့နဲ့ အတူတူပဲဆိုတာနဲ့ ကွာခြားချက်ကတော့ ဒီကြက်ဥက ပိုမွှေးတယ်ဆိုတာကို သဘောပေါက်လိုက်ကြတယ်။
ကျိူးလီဇီက ကြက်ဥခွံများကို ရှင်းလင်းပြီး သူမရဲ့နေရာလွတ်တွင်ထားလိုက်သည်။ပြီးသည်နဲ့ သူမရဲ့နေရာလွတ်ထဲတွင်ရှိသော ဓားရှည်တစ်ချောင်းကို ထုတ်ယူပြီး ကြက်ဥကို လှီးဖြတ်လိုက်သည်။ သူမက ကြက်ဥအပိုင်းများကို ဗန်းတစ်ခုထဲသို့ထည့်ကာ "လာပြီး ၊ စမ်းစားကြည့်" ဟု ပြောလိုက်သည်။
ကြက်ဥအနှစ်ရဲ့အရောင်က အဆိပ်ခတ်ထားသလိုမျိုး ထင်ရတာကြောင့် စမ်းကြည့်ဖို့ကို အားလုံးကတွန့်ဆုတ်နေကြတယ်။ ကြက်ဥအနှစ်က အဝါရောင် ဒါမှမဟုတ် လိမ္မော်ရောင်ဖြစ်သင့်ပေမယ့် ဒီကြက်ဥရဲ့အနှစ်ကတော့ အပြာရင့်ရောင်ဖြစ်နေတာပါ။
အားလုံးက တွန့်ဆုတ်နေကြချိန်မှာပဲ ကျင်းရွှီယန်းက အကြီးဆုံးကြက်ဥအနှစ်အပိုင်းကိုယူပြီး အရသာရှိရှိ စားလိုက်တယ်။ ဗီဇပြောင်းတဲ့ ကြက်ဥကို သူ မစားဖြစ်တာကြာပါပြီ။
ပုံမှန်ကြက်ဥနဲ့ ယှဉ်လိုက်ရင် ဒီဗီဇပြောင်း ကြက်ဥမှာက စွမ်းအင်ပါဝင်ပြီး အရသာကလည်း အသားအရသာလိုရှိပြီး ရနံ့သင်းသင်းလေးရှိနေတယ်။
ဘယ်သူမှ မစားသေးတာကို မြင်တော့ ကျိူးလီဇီကလည်း ခပ်ကြီးကြီး ကြက်ဥုပြုတ်တစ်ပိုင်းကို ယူပြီး စားလိုက်တယ်။
သူတို့နှစ်ယောက်က ဒုတိယအကြိမ်ကို ထပ်ယူဖို့ လက်လှမ်းလိုက်တဲ့အခါမှပဲ အဖွဲ့ဝင်တွေက တုံ့ပြန်လာပြီး အကြီးဆုံးအပိုင်းကို ရယူဖို့ ယှဉ်ပြိုင်ကြပါတော့တယ်။ မျက်စိတစ်မှိတ်အတွင်းမှာပဲ ဗီဇပြောင်း ကြက်ဥပြုတ်တစ်ဗန်းက ပျောက်သွားပါတယ်။
လူတိုင်းက ကြက်ဥပြုတ်စားလို့ ပြီးသွားတဲ့အချိန်ထိတောင် ချန်ချန်းရှောင်က အံ့အားသင့်နေတုန်းပဲ။ သူ့အစ်ကိုဆီမှာ ဘာစားစရာမှ မရှိဘူးဆိုတာ သတိထားမိလိုက်တော့ ချန်ချန်းဖုန်း က ကြက်ဥပြုတ်တစ်ပိုင်းကို သူ့ဆီပေးပြီး "အစ်ကို၊ စားကြည့်လိုက်။ အရမ်းအရသာရှိတယ်" လို့ဆိုလိုက်တယ်။
သူ့ညီဖြစ်သူက ပေးတဲ့အတွက် ချန်ချန်းရှောင်က မငြင်းဆန်ဘဲ လက်ခံလိုက်တယ်။ ပထမဆုံး တစ်ကိုက် ကိုက်စားလိုက်တဲ့အချိန်မှာ သူတွေးလိုက်မိတာက 'အဆိပ်ခတ်ခံရရင်တောင် နတ်ဆိုးအဖွဲ့ကို အပြစ်မတင်ဘူး' ဆိုတာပါပဲ။
ကြက်ဥပြုတ်ကို မျိုချပြီးနောက်တွင် သူ့လည်ချောင်းမှတစ်ဆင့် ခန္ဓာကိုယ်ထဲသို့ နွေးထွေးသောစွမ်းအင်များ စီးဆင်းသွားတာကို ခံစားလိုက်ရသောအခါတွင် သူ့မျက်လုံးများက တောက်ပသွားသည်။ အရသာကို ဂရုတစိုက်ခံစားပြီးမှ "ဒီကြက်ဥပြုတ်က အရမ်းအရသာရှိတယ်" ဟု ချီးမွမ်းလိုက်တယ်။
ကျိူးလီဇီကတော့ သူမရဲ့ဝေစုကို စားလို့ပြီးသွားပြီဖြစ်ပြီး အခုကတော့ ဘဲခြေထောက်ပြုတ်ကို စားနေပါတယ်။ ချန်ချန်း ရှောင်ရဲ့ စကားကိုကြားတော့ သူမက ခေါင်းညိတ်လိုက်ပြီး "ပြီးတော့ စွမ်းရည်အသုံးပြုသူတွေအတွက်လည်း အကျိုးရှိစေတဲ့ စွမ်းအင်တွေပါတယ်" လို့ ပြောလိုက်တယ်။
ဒါကိုကြားတော့ ချန်ချန်းရှောင်က သက်ပြင်းတစ်ချက် ချလိုက်ပြီး "နှမျောစရာပဲ ဗီဇပြောင်း ကြက်ဥတွေက မရှိတော့ဘူးလေ။ ဘယ်လောက်ပဲ ကောင်းနေပါစေ၊ အဲဒါက ရှားပါးပစ္စည်းပဲ" လို့ ညည်းညည်းညူညူ ဆိုလိုက်တယ်။
ဒါကိုကြားတော့ ကျိူးလီဇီက ပြုံးသာပြုံးပြီး ဘာမှမပြောတော့ပေ။ဘာပဲဖြစ်ဖြစ် ဒုတိယလှိုင်းသာ ပြီးဆုံးသွားရင် သူတို့တွေ စိုးရိမ်ရမယ့် ဗီဇပြောင်း တိရစ္ဆာန်တွေ အများကြီး ရှိလာလိမ့်မယ်။ အဲဒီအချိန်ကျရင် ဗီဇပြောင်း တိရစ္ဆာန်တွေရဲ့ အသားကို သူတို့တွေ စားနိုင်တော့မှာပါ။