အခန်း ၃၆၇
Vol. 25 Ch. 367
အခန်း-(၃၆၇)
ကြည့်ရတာ ဒီခေါက်ဆွဲဆိုင်က စီးပွားရေးကောင်းပုံရတယ်။ မီးဖိုချောင်နှင့် ဗီရိုထဲမှာလည်း ပစ္စည်းတွေ အပြည့်ပဲ။ ကျိူးလီဇီက လက်ကို ဝှေ့ယမ်းပြီး အရာအားလုံးကို သူမရဲ့ နေရာထဲကို သိမ်းယူသွားတယ်။ ဖွင့်ထားပြီးသား ဆန်အိတ်ကိုတောင် သူမက ချန်မထားခဲ့ပါဘူး။
ဒီဆန်တွေကို စားမိလို့ ဗိုင်းရပ်စ်ကူးစက်သွားမှာကို သူမ မစိုးရိမ်ခဲ့ပါဘူး။ ဘာပဲဖြစ်ဖြစ် သူမရဲ့ နေရာလွတ်ထဲကို သိမ်းထားလိုက်တဲ့ ဘယ်အရာမဆို နောက်တစ်ကြိမ် သူမပြန်ထုတ်လိုက်တဲ့အခါကြရင် ဇွန်ဘီဗိုင်းရပ်စ်က လုံးဝရှိတော့မှာ မဟုတ်ဘူး။
အောက်ထပ်က ကိစ္စတွေပြီးသွားတဲ့အခါမှ ဒုတိယထပ်ကို သူတို့ သွားကြတယ်။ ဒုတိယထပ်ကိုတော့ ဂိုဒေါင်အဖြစ် အသုံးပြုထားပြီး ကျိူးလီဇီကတော့ တစ်ချက်ကလေးမှ တွန့်ဆုတ်ခြင်းမရှိဘဲ အရာအားလုံးကို သိမ်းယူလိုက်တယ်။
တတိယထပ်ကလည်း ဂိုဒေါင်အဖြစ် သီးသန့်အသုံးပြုထားပါတယ်။ အပေါ်ဆုံးထပ်ကိုသာ ပိုင်ရှင်နှင့် သူတို့ရဲ့မိသားစုအတွက် နေထိုင်ရာအဖြစ် အသုံးပြုထားသည်။
အခုလို ကမ္ဘာပျက်ကပ်ခေတ်ကြီးထဲမှာတော့ စက်ရုံရဲ့ထုတ်လုပ်မှုလိုင်းတွေ အားလုံးက ပြတ်တောက်နေတာကြောင့် ကျိူးလီဇီက ပစ္စည်းတွေကို မရွေးချယ်ချင်တော့ပါဘူး။ သူမ ချစ်သူရဲ့လက်ကိုကိုင်ထားပြီး နှစ်ယောက်အတူ နေရာလွတ်ထဲကို မဝင်ခင်မှာ အသုံးပြုလို့ရတဲ့အရာအားလုံးကို သူမရဲ့နေရာလွတ်မှာ အရင် သိမ်းဆည်းလိုက်ပါတယ်။
သူမရဲ့နေရာလွတ်ထဲကို ဝင်သွားပြီးနောက်မှာတော့ ကျင်းရွှီယန်းက "အာဇီ ၊ ရေ အရင်သွားချိုးလိုက်ဦး။ ကိုယ်က ညစာသွားချက်လိုက်ဦးမယ်" လို့ ပြောလိုက်တယ်။
ကျိူးလီဇီကလည်း သူပြောတာကို ကန့်ကွက်ခြင်း မရှိပါဘူး။ ဘာလို့ဆို သူမရဲ့ ချက်ပြုတ်စွမ်းရည်က သူမရဲ့ချစ်သူလောက် မကောင်းတာမို့ သူမရဲ့ ပျမ်းမျှသာရှိတဲ့ ချက်ပြုတ်စွမ်းရည်နဲ့ ပါဝင်ပစ္စည်းတွေကို အလဟဿဖြစ်အောင် လုပ်မယ့်အစား တစ်ကယ့်ကျွမ်းကျင်သူတစ်ယောက်ကို အလုပ်ကို လုပ်ခိုင်းလိုက်တာက ပိုကောင်းပါတယ်။
ဒီအတွေးနဲ့ပဲ သူမရဲ့ အခန်းထဲကိုဝင်ကာ ရေချိုးလိုက်ပြီးမှ ရေချိုးကန်ထဲမှာ စိမ်ကာ ဇိမ်ခံနေလိုက်တယ်။
မြက်ခင်းပြင်ဧရိယာထဲက ဖူကွေ့ကတော့ အဲဒီအချိန်မှာ သစ်တုံးကြီးတစ်တုံးလို အိပ်ပျော်နေပါတယ်။ စွမ်းအင်အတက်အကျကို ခံစားလိုက်ရတဲ့အချိန်မှာပဲ ချက်ချင်း မျက်လုံးဖွင့်ပြီး အိမ်ဘက်ကို ပြေးသွားလိုက်တယ်။
အဲဒီမိန်းမက သူ့ရဲ့အစားအစာတွေကို ဘယ်လိုလုယူသွားလဲဆိုတာကို သူမှတ်မိနေတုန်းပဲ။ အခုက သူမရောက်လာပြီဆိုတော့ သူ့အစားအစာတွေကို နောက်တစ်ခါ မယူရဲအောင် သူမနဲ့ တိုက်ခိုက်ပစ်ရမယ်။
၁၅မိနစ် လောက်ပြေးလာပြီးတဲ့နောက်မှာတော့ ဖူကွေ့တစ်ယောက် လယ်မြေဧရိယာကို ရောက်သွားတယ်။သူ အိမ်ထဲကို မဝင်သွားနိုင်ခင်မှာပဲ ကျိူးလီဇီက သူ့ရဲ့လှုပ်ရှားမှုတွေကို သတိထားမိသွားပြီး မြက်ခင်းပြင်ဧရိယာဆီကို ပြန်ပစ်ထုတ်လိုက်တယ်။
ရုတ်တရက်ကြီး တယ်လီပို့တ်ခံရမှုကြောင့် ဖူကွေ့က စိတ်ရှုပ်ထွေးသွားပြီး မြက်ခင်းပြင်ပေါ်တွင် မလှုပ်မယှက်ရပ်နေခဲ့သည်။ သူက ပတ်ပတ်လည်ကို ကြည့်လိုက်သော်လည်း ဘယ်သူ့ကိုမှ မတွေ့ရပေ။ဒါကိုမြင်တော့ မျက်မှောင်ကြီးကြုတ်ပြီး အိမ်ဆီသို့ ပြန်ပြေးပြန်သည်။ ဒါပေမယ့် ယခုတစ်ကြိမ်တွင်တော့ မြက်ခင်းပြင်ဧရိယာမှ မထွက်ခွာနိုင်မီတွင်ပဲ ဖောက်ထွင်းကာမြင်နေရသော အတားအဆီးတစ်ခုကို ဝင်တိုက်မိသွားသည်။
"ဒုန်းးး"
သူ့ရဲ့ ခေါင်းနှင့် အတားအဆီးကြီး ပြင်းပြင်းထန်ထန် ဆောင့်မိသွားတဲ့ အသံက အဲဒီနေရာမှာ ပဲ့တင်ထပ်သွားတယ်။ တကယ်လို့ သူသာ ပုံမှန်လူသားတစ်ယောက်ဆိုရင် ဒီလောက်အထိအားနဲ့ အတားအဆီးကြီးကို ဝင်တိုက်မိလိုက်တာကြောင့် သူ့ရဲ့ခေါင်းက ကွဲထွက်သွားလောက်တယ်။ ကံကောင်းထောက်မစွာနဲ့ပဲ သူဟာ ဗီဇပြောင်းသူ တစ် ယောက်ဖြစ်နေတာပါ။
အတားအဆီးနဲ့ တိုက်မိပြီးနောက်တွင်တော့ ဖူကွေ့က မျက်မှောင်ကြုတ်ပြီး အတားအဆီးရှိရာဆီ လက်လှမ်းလိုက်သည်။ အတားအဆီးကို ထိလိုက်ပြီးတာနဲ့ သူ့လက်သီးကို ဆုပ်လိုက်သည်။ သူ့ရဲ့ လက်သီးဆုပ်ကို ပြန်ဖြန့်လိုက်တဲ့အခါမှာတော့ သူ့ရဲ့လက်သည်းတွေက ချွန်ထက်လှတဲ့ လက်သည်းရှည်ကြီးတွေအဖြစ် ပြောင်းလဲသွားလေသည်။
လက်သည်းတွေက ဇွန်ဘီတွေရဲ့ လက်သည်းတွေနဲ့ ဆင်တူပေမယ့် သူ့လက်သည်းတွေမှာတော့ ဇွန်ဘီဗိုင်းရပ်စ်တွေ မရှိတော့ပါဘူး။အခုအချိန်မှာတော့... သူ့ရဲ့ လက်သည်းတွေဟာ အလင်းရောင်အောက်မှာ တလက်လက် တောက်ပနေတဲ့ သတ္တုလက်သည်းကြီးတွေ ဖြစ်နေပါပြီ။
"ချလွင် ချလွင် ချလွင်"
သူ့ရဲ့လက်သည်းရှည်ကြီးတွေက အတားအဆီးကို ကုတ်ချက်လိုက်တဲ့အခါမှာ ထွက်ပေါ်လာတဲ့ သတ္တုချင်းတိုက်မိသံက အဲဒီဧရိယာတစ်ခုလုံးမှာ ပဲ့တင်ထပ်သွားတယ်။
ရေချိုးကန်ထဲမှာထိုင်နေတဲ့ ကျိူးလီဇီတော့ သူ့ရဲ့စိတ်အာရုံကို အသုံးပြုပြီး ဖူကွေ့ရဲ့ အပြုမူတွေကို သေသေချာချာ စောင့်ကြည့်နေခဲ့တယ်။ ငါးမိနစ်လောက် စောင့်ကြည့်ပြီးတဲ့နောက်မှာတော့ ဖူကွေ့ရဲ့စိတ်အခြေအနေက ကလေးတစ်ယောက်ရဲ့စိတ်အခြေအနေနဲ့ ဆင်တူနေတာကို သတိထားမိလိုက်တယ်။
သူ ဒေါသထွက်နေတာကို ကြည့်ပြီး သူမက ခပ်ဖွဖွရယ်မောလိုက်ပြီးမှ အမြုတေ သေတ္တာလေး အသေးတစ်လုံး ၊ ကန်ရေထည့်ထားတဲ့ ရေခွက်အကြီးကြီးနဲ့ နှစ်ခွက် ၊ ဗီဇပြောင်း သစ်သီးတစ်သေတ္တာကို ပို့ပေးလိုက်တယ်။
သူ့နှင့်မဝေးလှသောနေရာတွင် ပေါ်လာတဲ့ စားစရာများကိုမြင်သည်နှင့် ဖူကွေ့က သူရဲ့ အတားအဆီးကိုတိုက်ခိုက်နေမှုအား ချက်ချင်းရပ်တန့်လိုက်ပြီး အိမ်ဘက်သို့ စိုက်ကြည့်ကာ တိုးတိုးလေး ညည်းညူလိုက်သည်။
နောက်ဆုံးတော့ စိတ်ငြိမ်သွားပြီး ဖူကွေ့က စားသောက်နေတာကိုမြင်တော့ ကျိူးလီဇီက ရယ်ပြီး "ဒါဆိုရင် မင်းက ဗိုက်ဆာနေတာပဲ" လို့ မှတ်ချက်ချလိုက်တယ်။
ဆယ့်ငါးမိနစ်အကြာတွင်မှ သူမက အိပ်ခန်းထဲမှ ထွက်လာပြီး အောက်ထပ်သို့ ဆင်းသွားလိုက်သည်။
သူမရဲ့ခြေသံကိုကြားတော့ ကျင်းရွှီယန်းက သူမဘက်ကိုလှည့်လာပြီး "အာဇီ ၊ အစားအစာတွေက အဆင်သင့်ဖြစ် နေပြီ။ လာစားတော့ " လို့ ပြောလိုက်တယ်။
ကျိူးလီဇီက ထမင်းစားခန်းထဲကို လျှောက်ဝင်သွားပြီး ထမင်းစားပွဲမှ ထိုင်ခုံတစ်လုံးကို ဆွဲထုတ်ကာထိုင်ပြီး "အစ်ကိုယန်းက ချက်ပြုတ်တာကို သီးသန့်သင်ယူထားတာလား။ ဘယ်လိုလုပ်ပြီး ဒီလောက်တောင် တော်နေရတာလဲ" ချွဲ့နွဲကာ မေးလိုက်သည်။
သူမရဲ့စကားတွေကိုကြားတော့ ကျင်းရွှီယန်းက သဘောတကျနဲ့ ရယ်လိုက်ပြီးမှ "ကိုယ်က သီသန့်ကြီး မသင်ထားပါဘူး။ ဒါပေမဲ့ နှစ်တွေအကြာကြီး ကိုယ်တိုင်ချက်ပြုတ်လာခဲ့ရတာဆိုတော့ လက်ရည်က အလိုလို တက်လာတာပေါ့" လို့ ပြန်ဖြေလိုက်တယ်။
"ချက်ပြုတ်တတ်တာက ကောင်းပါတယ်။ အနည်းဆုံးတော့ ကျွန်မတို့မိသားစုက နေ့တိုင်း အပြင်ကနေ အစားအစာဝယ်စားရမှာကို စိတ်ပူစရာမလိုတော့ဘူး" ဟု ငါးပြုတ်ကို စားကြည့်ရင်းနဲ့ ကျိူးလီဇီက ပြောလိုက်သည်။
သူမက ကျွန်မတို့မိသားစု လို့ ပြောတာကိုကြားရချိန်မှာတော့ ကျင်းရွှီယန်းသည် သူ့တစ်ကိုယ်လုံးက ပျားရည်ထဲမှာ နစ်မြုပ်သွားသလိုမျိူး ချိုမြိန်တဲ့ ခံစားချက်ကို ခံစားလိုက်ရတယ်။ သူ့ရဲ့မျက်နှာပေါ်က ချိုမြိန်လှသောအပြုံးနဲ့အတူ သူမရဲ့ ပန်းကန်လုံးထဲကို အစားအစာတွေ ဆက်တိုက်ခပ်ထည့်ရင်း ပြောလိုက်တယ် "မင်းကြိုက်ဖို့ပဲ လိုတာပါ။ များများ စား"
"ကျေးဇူးတင်ပါတယ် အစ်ကိုယန်း"
ကျိူးလီဇီရဲ့နေရာလွတ်ထဲမှာ သူတို့သုံးယောက်က ပျော်ရွှင်စွာ ညစာစားနေချိန်တွင် ကျန်တဲ့ နတ်ဆိုးအဖွဲ့ဝင်တွေကတော့ အသက်ရှင်ကျန်ရစ်သူတွေနဲ့ ရောနှောနေထိုင်ကာ သတင်းဖြန့်ဝေနေကြရင်းဖြင့် အလုပ်များနေကြသည်။
ဤအချိန်မှာတော့ အခြေစိုက်စခန်းရှိ အသက်ရှင်ကျန်ရစ်သူများရဲ့အနည်းဆုံး သုံးပုံတစ်ပုံသည် လင်အန်းမြို့အခြေစိုက်စခန်းရဲ့ အချက်အလက်များကို သိရှိထားပြီးဖြစ်သည်။ နတ်ဆိုးအဖွဲ့ဝင်များသည် အသက်ရှင်ကျန်ရစ်သူများ ရိက္ခာများ မျှဝေခြင်းအပြင် သူတို့ရဲ့ နှလုံးသားထဲက မျှော်လင့်ချက်များကိုလည်း နှိုးဆွပေးခဲ့ကြသည်။
ဒုဗိုလ်မှူးကသာ ပြောင်းရွှေ့ရေးအစီအစဉ်အကြောင်း သိသွားခဲ့ရင် သူတို့ကို ထွက်သွားခွင့်မပြုဘူးဆိုတာ လူတိုင်းကသိကြတယ်။ ဒါကြောင့်ပဲ သူတို့ဟာ ညစာစားချိန်တွင် အရည်ကျဲကျဲဆန်ပြုတ် ပန်းကန်တစ်ဝက်လောက်ကို ရဖို့အတွက် တန်းစီနေကြတုန်းပါ။
အစောင့်စစ်သားတွေက သံသယများ မဖြစ်ပွားလာစေရန်အတွက် အသက်ရှင်ကျန်ရစ်သူအချို့သည် ဆန်ပြုတ်က ဘယ်လောက်တောင် အရည်ကျဲကြောင်းကိုပင် ညည်းညူပြခဲ့ကြသေးသည်။
အရည်ကျဲကျဲဆန်ပြုတ် တစ်ဝက်ပါတဲ့ ပန်းကန်ကို ကိုင်ဆောင်ထားတဲ့ အမျိုးသမီးတစ်ဦးက အစောင့်စစ်သားကို စိုက်ကြည့်ပြီး မေးလိုက်တယ် "ရဲဘော်၊ ကျွန်မတို့က တစ်နေ့ကို ရှစ်နာရီကျော်ကြာအောင် အလုပ်လုပ်နေရတာတောင်မှ ဒီလောက်ပဲရှိတဲ့ ဆန်ပြုတ်ကိုပေးတာလား"
"စားစရာ တစ်ခုခု ရှိနေသေးတာကိုတောင် ကျေးဇူးတင်သင့်တယ်" ဟု အစောင့်စစ်သားက ပြတ်ပြတ်သားသားပဲ ပြန်လည် တုံ့ပြန်သည်။
ထိုအမျိုးသမီးက စစ်သားကို ဒေါသတကြီး စိုက်ကြည့်လိုက်ပြီး "အစားအသောက် ကောင်းကောင်းသာမရှိရင် ကျွန်မတို့က ဘယ်လိုလုပ်ပြီး အလုပ်လုပ်နိုင်တော့မှာလဲ။ ကျွန်မတို့တွေ ဒီစခန်းထဲကို စဝင်လာတုန်းကတော့ တစ်နေ့ကို သုံးနပ်ကျွေးမယ်လို့ ကတိပေးခဲ့ကြတယ်မလား။ အခုကြတော့ တစ်နေ့ကို နှစ်နပ်ပဲကျွေးပြီး ပြီးတော့ ဒီလိုအစားအစာမျိုးကိုကျွေးပြန်တယ်။ရှင်တို့ရဲ့ ကတိကိုမတည်နိုင်တော့ရင်လည်း ကျွန်မယောက်ျားကို လွှတ်ပေးပြီး ကျွန်မတို့ကို ထွက်သွားခွင့်ပြုလိုက်ပါ"
ထိုအမျိုးသမီးရဲ့ စကားများဆုံးသွားသည်နှင့် ပြောင်းရွှေ့ရေးအစီအစဉ်အကြောင်း မသိသော အခြားအသက်ရှင်ကျန်ရစ်သူများကပါ ရင်ထဲက ဒေါသတွေ ပေါက်ကွဲထွက်လာပြီး သဘောတူညီစွာဖြင့် အော်ဟစ်ကာ ဆန္ဒပြ တောင်းဆိုလာကြတယ်။
"ဒီညီမပြောတာမှန်တယ်။ ကျွန်မရဲ့ယောက်ျားကို မတွေ့ရတာ ဆယ်ရက်တောင်ကျော်သွားပြီ။ အခုအချိန်မှာ သူ အဆင်ပြေနေရဲ့လားဆိုတာတောင် ကျွန်မ မသိဘူး။ သူ့ကို ကျွန်မဆီပြန်ပို့ပေးပြီး ကျွန်မတို့ကို ထွက်သွားခွင့်ပြုလိုက်ပါတော့"
"ဒီနေရာကနေ ထွက်ခွာခွင့်ပြုပါ"
"ငါတို့ရဲ့ မိသားစုဝင်တွေကို ချက်ချင်း ပြန်လွတ်ပေးပါ"