အခန်း ၁၁၄၅
Vol. 109 Ch. 1145
အခန်း ၁၁၄၅ ငါ့ကို လက်ထပ်ပါ
"မင်းရဲ့ အဟန့်အတားကို မင်းကိုယ်တိုင်ပဲ ဖြေရှင်းနိုင်မှာပါ" လုံချန်းက ပြောလိုက်ပြီး ထွက်ပေါက်ဆီသို့ လျှောက်လှမ်းလိုက်သည်။
"နေဦး... နင် ဘယ်သွားမလို့လဲ။ ဒီမှာ ပုန်းနေတာဆိုတော့ အပြင်မှာ နင့်ကို မမြင်သင့်ဘူးလေ။ အမြင့်မြတ်ဆုံးဂိုဏ်းတွေက..."
"အဲဒီဂိုဏ်းတွေအကြောင်း စိတ်မပူပါနဲ့။ ငါ အဲဒီကိစ္စကို ဖြေရှင်းပြီးသွားပြီ။ ဘယ်သူမှ ငါ့နောက်ကို လိုက်လာတော့မှာ မဟုတ်ဘူး။ ငါ့ကို ရှာဖွေဖို့ ကပ်ထားတဲ့ ပိုစတာတွေလည်း မကြာခင် ပျောက်ကွယ်သွားလိမ့်မယ်" လုံချန်းက ပေါ့ပေါ့ပါးပါး ပြန်ပြောရင်း ယုမျိုးနွယ်စု အပြင်ဘက်သို့ ခြေချလိုက်၏။ လင်းကလည်း သူ့နောက်မှ လိုက်ပါလာခဲ့သည်။
"ဒါဆို... သူတို့က နင့်ကို ခွင့်လွှတ်ပေးလိုက်ပြီပေါ့" လင်းက လုံချန်းကို မေးလိုက်သည်။
"ခွင့်လွှတ်ပေးလိုက်ပြီ ဟုတ်လား" လုံချန်း မြေပြင်ကို ကြည့်ရင်း တိုးတိုးလေး ရေရွတ်လိုက်၏။ "ငါ သူတို့ကို ဒီနေရာကနေ မလွှတ်ခင်ကတည်းက ခွင့်လွှတ်လား မလွှတ်လားဆိုတာ မမေးမိခဲ့ဘူး။ ဒါပေမဲ့ သူတို့ ငါ့ကို ခွင့်လွှတ်ပေးလိုက်မှာ သေချာပါတယ်"
"အံ့ဩစရာပဲ။ နင် သူတို့ကို ဘာလုပ်ပေးလိုက်လို့ ခွင့်လွှတ်ပေးလိုက်တာလဲ။ သူတို့အတွက် ရတနာတစ်ခုခု ရှာပေးလိုက်တာလား" လင်းက စိတ်ဝင်တစား မေးပြန်သည်။
"အာ... အဲဒါကတော့ ဟုတ်တယ်။ ငါ့ဓားကို သူတို့ဆီ ပေးလိုက်တာလေ" လုံချန်းက ရယ်မောရင်း ပြန်ဖြေလိုက်၏။ "ငါ့ဓားကို သူတို့ဆီ ပေးလိုက်တဲ့အချိန်မှာ သူတို့ ဘယ်လောက်တောင် ပီတိဖြစ်သွားသလဲဆိုတာ မင်း မသိဘူး။ ဓားကို ရလိုက်တဲ့အချိန်မှာ သူတို့ ပျော်လွန်းလို့ အော်ဟစ်နေကြတာပဲ"
"နင့်ရဲ့ ဓားက တကယ့်ကို အဖိုးတန်ရတနာ ဖြစ်နေလို့ သူတို့ အဲဒီလောက်ထိ ဖြစ်သွားတာ ဖြစ်ရမယ်။ အဲဒါကို နင် ဘယ်မှာ ရှာတွေ့တာလဲ။ နင့်ကို သတ်ဖို့ လာခဲ့တုန်းက သူတို့ လိုချင်ခဲ့တာက အဲဒီဓားလား။ နင်သာ အဲဒီတုန်းက ဓားကို သူတို့ဆီ ပေးလိုက်ခဲ့ရင် ဒီလောက် ပြဿနာတွေ ဖြစ်လာမှာ မဟုတ်ဘူး" လင်းက လုံချန်းကို ပြောလိုက်သည်။
"ငါ မပေးနိုင်ခဲ့ဘူးလေ။ အဲဒီတုန်းက ငါက ဂိုဏ်းချုပ်တွေကို ဓားပေးနိုင်လောက်တဲ့အထိ မသန်မာသေးဘူး။ ဒါပေမဲ့ အခုတော့ အားလုံး ပြီးဆုံးသွားပြီ။ သူတို့က ငါ့ဓားကို ရသွားတော့ အေးအေးဆေးဆေး အနားယူနိုင်ကြတော့မှာပါ။ ငါလည်း စိတ်အေးလက်အေးနဲ့ အလုပ်လုပ်နိုင်ပြီပေါ့" လုံချန်းက ရှင်းပြလိုက်၏။
"အားလုံး ပြီးဆုံးသွားပြီဆိုတော့ ဝမ်းသာပါတယ်။ ဒါဆို နင် ဘာလို့ ပြန်ရောက်လာတာလဲ။ ဒါမှမဟုတ်ရင်တော့... အာ... နင်က..." လင်းသည် တစ်ခုခုကို ပြောရန် ကြိုးစားလိုက်ရာ သူမ မျက်နှာလေးမှာ နီရဲသွားခဲ့သည်။
လုံချန်း သူမဆီ ပြန်ရောက်လာခြင်းမှာ သူမအတွက် ဖြစ်မည်ဟု သူမ မတွေးဘဲ မနေနိုင်တော့ချေ။
"ငါ ဒီကို ရောက်လာတာ အရေးကြီးတဲ့ ကိစ္စတစ်ခု လုပ်ဖို့ပါ။ ငါ့အဖေက တစ်ခုခု လုပ်ခိုင်းလို့ ဒီကို ရောက်လာတာ" လုံချန်းက ဖြေလိုက်သည်။
ထိုစကားကို ကြားလိုက်ရသောအခါ လင်းသည် ပို၍ပင် နားလည်မှု လွဲမှားသွားခဲ့သည်။ လုံကျွင်း အသက်ရှင်နေသေးသည်ကို သူမ မသိရှိပေ။ သူမ သိထားသည်မှာ လုံကျွင်းသည် ယခင်ကတည်းက သေဆုံးသွားခဲ့ပြီး သူ့ဆန္ဒမှာ လုံချန်းနှင့် သူမကို လက်ထပ်ပေးရန် ဖြစ်သည်ဟုသာ သိထားခြင်း ဖြစ်သည်။ ဤသို့ဆိုလျှင် အမှန်ပင် ဖြစ်နေချေပြီ။
လုံချန်းက သူမကို လက်ထပ်ရန် ရောက်လာခြင်း ဖြစ်သည်။ ထို့ကြောင့်လည်း သူမ၏ ဖခင်ကို သွားတွေ့ခြင်း ဖြစ်မည်။ ထို့ကြောင့်လည်း သူမ အမှားများ လုပ်ခဲ့ပေမည့် သူ့အပေါ် ကောင်းကောင်းဆက်ဆံနေခြင်း ဖြစ်ရမည်။
"န... နင် ဒါကို သေချာရဲ့လား" လင်းက လုံချန်းကို မေးလိုက်သည်။
"သေချာတာပေါ့။ ဒါကို ဘာလို့ မသေချာစရာ ရှိရမှာလဲ" လုံချန်းက မျက်လုံးပင့်ကာ မေးလိုက်၏။ သူသည် လင်းကို အပြစ်မမြင်တော့သည့်အတွက် ပုံမှန်အတိုင်းပင် ဆက်ဆံနေခဲ့ခြင်း ဖြစ်သည်။
"အဖေကရော ဘာပြောလိုက်လဲ" လင်းသည် လက်သီးကို တင်းတင်းဆုပ်ကာ မေးလိုက်သည်။
"ဦးလေးထျန်းဟောင်လား။ သူ တုံ့ပြန်ပုံက ငါ ထင်ထားတဲ့အတိုင်းပါပဲ။ အစကတော့ အံ့အားသင့်သွားပြီး မယုံနိုင်ဖြစ်နေတာ။ ဒါပေမဲ့ မကြာခင်မှာပဲ ဒါက အမှန်တရားဆိုတာကို သူ နားလည်သွားပြီး အရမ်းကို ဝမ်းသာနေခဲ့တာ" လုံချန်းက ပြန်ဖြေလိုက်၏။ သူတို့နှစ်ဦးမှာ လုံးဝ မတူညီသော ကိစ္စရပ်များကို ပြောဆိုနေကြမှန်း လုံချန်း လုံးဝ မသိရှိခဲ့ပေ။
"ဒါ... ဒါဆိုရင် တကယ်ပဲ ဟုတ်တာပေါ့" လင်းက တိုးတိုးလေး မေးလိုက်သည်။ သူမ၏ အသံမှာ အနည်းငယ် တုန်ယင်နေသော်လည်း လုံချန်း ကြားလိုက်ရသည်။
"ဟုတ်တာပေါ့... တကယ်ပဲ။ မင်းက ဘာလို့ ဒီကိစ္စကို ဒီလောက်တောင် ထူးဆန်းနေရတာလဲ" လုံချန်းက လင်းကို ကြည့်ကာ မေးလိုက်၏။ တစ်စုံတစ်ခု မှားယွင်းနေမှန်း သူ အခုမှပင် သတိပြုမိတော့သည်။
"ဘာမှ မဟုတ်ပါဘူး။ င့ နည်းနည်း အံ့ဩသွားလို့ပါ။ ငါ လုပ်ခဲ့တာတွေအတွက် နင် ငါ့ကို မုန်းနေလိမ့်မယ်လို့ ထင်ခဲ့တာ။ ငါ့ကို အခွင့်အရေး ထပ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်" လင်းက လုံချန်းကို ပြောလိုက်သည်။
"မုန်းတယ် ဟုတ်လား။ စေ့စပ်ထားတာကို ဖျက်လိုက်တဲ့ ကိစ္စကို ပြောတာလား။ ငါ အရင်က မင်းကို မပြောခဲ့ဘူးလား။ အဲဒါ ဘာမှ မမှားပါဘူး။ မင်း မဖျက်ရင်လည်း ငါပဲ ဖျက်မှာပါ။ ငါ အဲဒီကိစ္စကို ဘယ်တုန်းကမှ အလေးအနက် မထားခဲ့ပါဘူး။ မင်း ဘာမှ အမှားမလုပ်ခဲ့ပါဘူး။ အဲဒီအကြောင်းတွေ မေ့လိုက်ပါ၊ စိတ်မပူနဲ့။ ငါလည်း အဲဒါတွေကို မေ့လိုက်တာ ကြာပါပြီ" လုံချန်းက ဖြေလိုက်သည်။
"အို... ဟုတ်သားပဲ။ မင်း အခုထိ လက်မထပ်ရသေးဘူးလား" လုံချန်းက မေးလိုက်၏။
"မထပ်ရသေးပါဘူး" လင်းက ဇဝေဇဝါဖြင့် ဖြေသည်။ သူ အဘယ်ကြောင့် ဤသို့ မေးရသနည်း။ သူမကို လက်ထပ်ဖို့ ဖခင်နှင့် တိုင်ပင်ထားသည်ဆိုပါက သူမ အပျို ဖြစ်နေမှန်း သူ သိသင့်တာ မဟုတ်လော။
"အာ... ငါ မေ့သွားတယ်။ မင်းက လွတ်လပ်စွာနဲ့ပဲ ကျင့်ကြံချင်တာလေ။ အဲဒါကြောင့် လက်မထပ်သေးတာလား" လုံချန်းက မေးလိုက်၏။ "မင်း တိုးတက်မှု အဟန့်အတား ဖြစ်နေတာလည်း အဲဒီအကြောင်းကြောင့် ဖြစ်မယ် ထင်တယ်။ ငါ့ဆီမှာ အကြံဉာဏ် ရှိတယ်၊ လိုချင်လား"
လင်းသည် လုံချန်း၏ စကားများကို နားထောင်ရင်း ပို၍ပင် နားရှုပ်လာခဲ့သည်။
"နင့်မှာ ဘာအကြံဉာဏ် ရှိလို့လဲ"
"ငါ့အကြံဉာဏ်ကတော့ မင်းနဲ့ ထိုက်တန်တဲ့သူကို ရှာပြီး လက်ထပ်လိုက်ပါ။ ကျင့်ကြံခြင်း လမ်းကြောင်းမှာ တိုးတက်ဖို့ဆိုရင် တစ်ကိုယ်တည်းနေမှ၊ အထီးကျန်မှ ရမယ်လို့ ငါတို့ ထင်နေတတ်ကြတာ။ ဒါပေမဲ့ အဲဒါ မှားတယ်"
"ငါတို့ တစ်ကိုယ်တည်းနေဖို့ မလိုဘူး။ အခက်ခဲဆုံး အချိန်တွေမှာ ပံ့ပိုးပေးမယ့်သူ လိုအပ်တာ။ ဒါက တိုးတက်မှု အဟန့်အတား မဖြစ်စေဖို့ လျှို့ဝှက်ချက်ပါပဲ။ ကိုယ့်အတွက် အားကိုးရမယ့် ပခုံးတစ်ဖက် ရှိနေဖို့ပေါ့။ ငါ့ရဲ့ ဇနီးသည်တွေကို ကြည့်လိုက်။ သူတို့သာ မရှိရင် ငါ ဘာဖြစ်သွားမလဲတောင် မသိဘူး။ သူတို့က ငါ့ရဲ့ အခက်ခဲဆုံးအချိန်မှာ အမြဲ အားပေးခဲ့ကြတာ"
"ငါ အများကြီး တိုးတက်လာနိုင်တာ သူတို့ကြောင့်လည်း ပါပါတယ်။ မင်းလည်း ကြိုးစားကြည့်ပါ။ မင်း သဘောကျတဲ့သူကို ရှာ၊ ချစ်ကြည့်ပါ။ အမှတ်တရကောင်းတွေ ဖန်တီးပြီး အတူတူ လျှောက်လှမ်းကြည့်ပါ။ ပြီးရင် ဘယ်လောက် ပြောင်းလဲသွားမလဲဆိုတာ မြင်ရလိမ့်မယ်" လုံချန်းက လင်းကို အကြံပေးလိုက်သည်။
ထိုစကားကို ကြားလိုက်ရသောအခါ လင်းသည် အရာအားလုံး နားလည်မှု လွဲမှားခဲ့မှန်း သေချာသွားခဲ့သည်။ သူ သူမကို လက်ထပ်ဖို့ ရောက်လာခြင်း မဟုတ်ပေ။ အကယ်၍ သူ လက်ထပ်ချင်ပါက တခြားသူကို ရှာပါဟု ပြောနေမည် မဟုတ်ပေ။ သူမသည် အလွန်အမင်း နားလည်မှု လွဲမှားခဲ့သဖြင့် ကိုယ့်ကိုယ်ကိုယ် ပြန်ရယ်မိတော့သည်။
"မင်း ဘာလို့ ရယ်နေတာလဲ" လုံချန်းက မေးလိုက်သည်။
"ဘာမှ မဟုတ်ပါဘူး။ တစ်ခုခုကို သတိရသွားလို့ပါ။ ဘာပဲဖြစ်ဖြစ် အကြံပေးတာ ကျေးဇူးတင်ပါတယ်။ နင် ပြောတာ မှန်ပါတယ်။ ငါ ကိုယ့်ကိုယ်ကိုယ် ပြန်ပြောင်းလဲပြီး ပျော်ရွှင်မှုကို ပြန်ရှာသင့်ပြီ။ အရင်တုန်းက ငါက မာနကြီးပြီး အမြင် ကျဉ်းခဲ့လို့ အများကြီး ဆုံးရှုံးခဲ့ရတာ။ အဲဒီ အမှားမျိုးကို နောက်ထပ် မလုပ်သင့်တော့ဘူး" လင်းက ပြန်ဖြေလိုက်၏။
"ဒါနဲ့... ငါ စိတ်ထဲမှာတော့ သဘောကျတဲ့သူ တစ်ယောက် ရှိတယ်။ ဒါပေမဲ့ သူက ငါ့ကို သဘောကျမယ် မထင်ဘူး။ ငါ့ သူ့ကို အမှန်အတိုင်း ပြောပြလိုက်ရမလား" သူမက မေးလိုက်သည်။
"ပြောပြလိုက်ပါ။ သွားပြီး အမှန်အတိုင်း ပြောပြလိုက်ပါ။ ဘယ်သူ သိမှာလဲ၊ သူ လက်ခံရင် လက်ခံနိုင်မှာပါ။ လက်မခံရင်လည်း သူက မင်းနဲ့ မထိုက်တန်လို့ ဖြစ်မှာပေါ့။ မင်းအတွက် ပိုကောင်းတဲ့ ကံကြမ္မာက စောင့်ကြိုနေမှာပါ။ ဒါကြောင့် စိတ်မပူပါနဲ့၊ သတ္တိရှိရှိနဲ့ အမှန်အတိုင်း ပြောပြလိုက်ပါ" လုံချန်းက အားပေးလိုက်သည်။
လင်းသည် ခေါင်းညိတ်လိုက်ရင်း ရယ်မောလိုက်သည်။ "နင် ပြောတာ မှန်တယ်။ ဒါဆိုရင် ငါ ကြိုးစားကြည့်လိုက်တော့မယ်"
သူမသည် ခြေလှမ်း နှစ်လှမ်းလောက် ပြေးသွားပြီးနောက် လုံချန်း၏ ရှေ့တွင် ရပ်လိုက်သည်။
လုံချန်း မည်သည်များ ဖြစ်နေမှန်း မသိဘဲ ဇဝေဇဝါ ဖြစ်နေစဉ်မှာပင် လင်းသည် ဒူးတစ်ဖက် ထောက်လိုက်ပြီး လက်ကို မြှောက်လိုက်သည်။
"ယောကျာ်းလေး တစ်ယောက်က ဒီလိုလုပ်ရမယ်ဆိုတာ ငါ သိပါတယ်။ ဒါပေမဲ့ ငါပဲ လုပ်လိုက်ပါတော့မယ်။ လုံချန်း... ငါ နင့်ကို ချစ်မိနေပြီ ထင်တယ်။ ကျေးဇူးပြုပြီး ငါ့ကို လက်ထပ်ပေးပြီး နင့်ရဲ့ ဇနီးအဖြစ်နဲ့ လက်ခံပေးပါ"