အခန်း ၁၁၄၆
Vol. 109 Ch. 1146
အခန်း ၁၁၄၆ လုံချန်း၏ အဖြေ
"ဒါ ဘာတွေလဲ... မင်း ဘာတွေ ပြောနေတာလဲ။ ငါမှာ ဇနီးတွေ ရှိနေပြီလို့ ပြောထားပြီးသားလေ" လုံချန်းသည် မရည်ရွယ်ဘဲ နောက်သို့ တစ်လှမ်း ဆုတ်လိုက်သည်။
"ငါ သိပါတယ်။ မနေ့ညကလည်း သူတို့ကို မြင်ခဲ့ရပါတယ်။ ဒါပေမဲ့ ငါ မှားခဲ့တယ်ဆိုတာ သိလိုက်ရပါပြီ။ နင်က ငါ ထင်ထားသလို ဆိုးတဲ့သူ မဟုတ်ဘူး" ယုလင်းက လုံချန်း၏ မျက်ဝန်းကို စိုက်ကြည့်ရင်း ဝမ်းနည်းစွာ ပြောလိုက်သည်။
"ငါ့ကို လိမ်ညာပြီး နင်က မကောင်းတဲ့သူလို့ ထင်အောင် လုပ်ခဲ့တာ နင့်ရဲ့ မိသားစုဝင် တစ်ယောက်ပါ။ အဲဒီစကားတွေကို စစ်ဆေးမကြည့်မိဘဲ ယုံကြည်မိတဲ့ ငံရဲ့ အမှားပါ။ တောင်းပန်ပါတယ်... ငါ နင့်ကို လိုချင်တယ်။ ငါ့ရဲ့ အမှားတွေကို ခွင့်လွှတ်ပေးပြီး ငါတို့ မိဘတွေရဲ့ ကတိအတိုင်း လက်ထပ်ပေးပါလား" သူမက တောင်းဆိုလိုက်သည်။
"မင်း ငါပြောတာကို နားမလည်သေးဘူး ထင်တယ်။ ငါ့မှာ ဇနီးတွေ ရှိနှင့်ပြီးသားလေ" လုံချန်းက ထပ်ပြောလိုက်သည်။ "မင်းအနေနဲ့ ပိုကောင်းတဲ့လူတွေနဲ့ တွဲနိုင်ရဲ့သားနဲ့ ဘာလို့ အိမ်ထောင်သည်တစ်ယောက်ကို လိုချင်နေရတာလဲ"
"ဇနီးတွေ ရှိတော့ ဘာဖြစ်လဲ။ စွမ်းအားကြီးတဲ့ သူတွေ အများစုက ဇနီး တစ်ယောက်ထက်မက ထားကြတာပဲ။ သူတို့အကြောင်း ငါ မဂရုစိုက်ဘူး။ သူတို့နဲ့ပဲ အဆင်ပြေအောင် နေသွားမှာပါ။ ငါ့ကိုလည်း နင့်ရဲ့ ဇနီးတစ်ယောက်အဖြစ် ထည့်သွင်းပေးလိုက်ပါ" ယုလင်းက တောင်းဆိုသည်။
"တောင်းပန်ပါတယ်... ငါ မလုပ်ပေးနိုင်ဘူး" လုံချန်းက ခေါင်းခါရင်း ငြင်းဆန်လိုက်သည်။ "ဒါ မင်းအမှား မဟုတ်ပါဘူး၊ ငါ့အမှားပါ။ ငါက နောက်ထပ် အိမ်ထောင်ပြုဖို့ စိတ်ကူးမရှိဘူး။ ပြီးတော့ ငါ့အချိန်တွေကလည်း ပြည့်နေပြီ။ ဒီမှာ ကြာကြာ မနေနိုင်ဘူး။ ဒီညပဲ ထွက်သွားတော့မှာ။ ဒါကြောင့် မင်းအတွက် ပိုကောင်းတဲ့သူကို ရှာလိုက်ပါ" သူက အကြောင်းပြချက် ပေးလိုက်၏။
ယုလင်းသည် ခေါင်းခါရင်း ပြုံးလိုက်သည်။ သူမ၏ မျက်ဝန်းထဲတွင် ဝမ်းနည်းမှုတို့ ရိပ်ခနဲ ပေါ်လာပြီး မတ်တပ်ရပ်လိုက်သည်။ "ဒီလို ဖြစ်လာမယ်ဆိုတာ ငါ ကြိုမျှော်လင့်ထားပြီးသားပါ။ ငါ့ကို မမုန်းတဲ့အတွက် ကျေးဇူးတင်ပါတယ်"
"မင်းက အမျိုးသမီး တစ်ယောက်မှာ ရှိသင့်တဲ့ အကောင်းဆုံး အရည်အချင်းတွေနဲ့ ပြည့်စုံသူပါ။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ ငါက မင်းနဲ့ မထိုက်တန်တဲ့သူ ဖြစ်နေတယ်။ ငါ့မှာ တာဝန်တွေ အများကြီး ရှိနေလို့ပါ။ ခွင့်လွှတ်ပေးပါ" လုံချန်းက သူမကို ကြည့်ကာ ပြောလိုက်သည်။
"ဘာမှ မဖြစ်ပါဘူး။ တောင်းပန်စရာ မလိုပါဘူး။ အမှန်အတိုင်း ပြောပြလိုက်ရတော့ ငါ့ ရင်ထဲ ပေါ့ပါးသွားသလိုပဲ။ ကိုယ့်အမှားကိုယ် ပြန်တွေးပြီး နောင်တရနေမိမှာပါ။ ဒါပေမဲ့ အခုတော့ ဒါကို သင်ခန်းစာတစ်ခု အနေနဲ့ ရင်ထဲမှာ သိမ်းထားလိုက်ပါတော့မယ်။ နောက်ထပ် နှစ်သက်ရမယ့်သူ ရှာတွေ့နိုင်မလား မသိပေမဲ့ နင်ကတော့ ငါ့ ရင်ထဲမှာ နေရာတစ်ခု အမြဲ ရှိနေမှာပါ" ယုလင်းက ခေါင်းငုံ့ရင်း ပြောလိုက်သည်။
"အဆိုးမြင်မနေပါနဲ့။ မင်း နောက်ထပ်လူတစ်ယောက်ကို ရှာတွေ့မှာ သေချာပါတယ်" လုံချန်းက ရှေ့တိုးလာပြီး ယုလင်း၏ ခေါင်းကို ပုတ်ပေးလိုက်သည်။
"ဒါဆိုရင် ငါတို့ သူငယ်ချင်းတွေတော့ ဖြစ်နိုင်မလား" ယုလင်းက သက်ပြင်းချရင်း မေးလိုက်သည်။
လုံချန်းက လက်ကို ပြန်ရုပ်သိမ်းလိုက်ပြီး လမ်းလျှောက်ထွက်သွားသည်။ ယုလင်းသည် သူ၏ ရည်ရွယ်ချက်ကို နားလည်သွားသဖြင့် စိတ်ပျက်သွားရသည်။ အဖြေက မဖြစ်နိုင်သည့် သဘောပင် ဖြစ်သည်။ သူမသည် စိတ်ပျက်လက်ပျက်ဖြင့် သူမ၏ မျိုးနွယ်စုဆီသို့ ပြန်လျှောက်သွားခဲ့သည်။
လုံချန်းကမူ အနီးအနားရှိ ဆိုင်တစ်ဆိုင်သို့ သွားလိုက်သည်။
သူသည် အဖိုးတန်ပုံရသော လည်ဆွဲတစ်ကုံးကို ဝယ်ယူလိုက်ပြီး ဆိုင်ရှင်အား ရွှေဒင်္ဂါးတစ်ပြား ပေးလိုက်သည်။ ထို့နောက် ယုလင်းနောက်သို့ အပြေးလိုက်သွားခဲ့သည်။
"ဒါ... ဒါကို သိမ်းထားလိုက်ပါ" လုံချန်းက သူမရှေ့တွင် ရပ်တန့်လိုက်ရင်း လည်ဆွဲကို ကမ်းပေးလိုက်သည်။
"ဘာလို့ ငါ့ကို ဒါ ပေးတာလဲ" ယုလင်းက ဇဝေဇဝါဖြင့် မေးလိုက်သည်။
"မင်းက သူငယ်ချင်း ဖြစ်ချင်တယ်လို့ ပြောခဲ့တယ်လေ။ ငါက သဘောတူလိုက်တာပါ။ ငါ ထွက်သွားတော့မှာမို့ ဒါကို သူငယ်ချင်းဆီက လက်ဆောင်တစ်ခုလို့ သဘောထားလိုက်ပါ။ ဒါက မင်းရဲ့ အဟန့်အတားကို ကျော်လွှားဖို့တောင် ကူညီပေးနိုင်ကောင်း ပေးနိုင်လိမ့်မယ်" လုံချန်းက ဆိုသည်။ "ကဲ... ယူလိုက်ပါ"
"ငါ့ လည်ပင်းမှာ ဆွဲပေးပါလား" ယုလင်းက တောင်းဆိုလိုက်သည်။
"ကောင်းပြီလေ"
လုံချန်း သူမနောက်သို့ သွားပြီး လည်ဆွဲကို ဆွဲပေးလိုက်သည်။
"ကျေးဇူးပါ" ယုလင်းက ကျေးဇူးတင်စကား ဆိုလိုက်၏။
"သွားကြရအောင်" လုံချန်းက ရှေ့က လမ်းလျှောက်သွားသည်။
လင်းက သူ့နောက်ကျောကို စိုက်ကြည့်ရင်း နောက်မှ လိုက်ပါသွားခဲ့သည်။
ဤအခိုက်အတန့်မှသာ သူမ အရာအားလုံးကို နားလည်သွားခဲ့သည်။ လုံချန်း သူမထံမှ ထွက်ခွာသွားခြင်းသည် သူမ၏ အမှားကြောင့် မဟုတ်ဘဲ သူတို့၏ ကံကြမ္မာကြောင့် ဖြစ်သည်။ သူတို့၏ ကံကြမ္မာသည် ချစ်သူများ မဟုတ်ဘဲ သူငယ်ချင်းများအဖြစ်သာ ရှိနေရမည် ဖြစ်သည်။ သူမ မည်သို့ လုပ်သည်ဖြစ်စေ လုံချန်းနှင့် လမ်းခွဲရမည်မှာ အသေအချာပင်။ သူမ၏ အမှားများသည် ထိုကံကြမ္မာကို ပိုမြန်အောင် တွန်းပို့ပေးလိုက်ခြင်းသာ ဖြစ်သည်။
သူမ၏ ကမ္ဘာသည် မြေပြင်ပေါ်တွင်သာ တည်ရှိနေပြီး လုံချန်းကမူ ကြယ်တာရာများကို ထိတွေ့ရမည့်သူ ဖြစ်သည်။ သူတို့၏ လမ်းကြောင်းများသည် တစ်ခါမှ ဆုံစည်းခဲ့ခြင်း မရှိခဲ့ပါ။
ဤအချက်ကို သဘောပေါက်လိုက်သောအခါ သူမ၏ ရင်ထဲတွင် ဖိစီးနေသော ကျောက်တုံးကြီးတစ်တုံး ပျောက်ကွယ်သွားသလို ခံစားလိုက်ရသည်။ သူမသည် ချီစွမ်းအင်ကို ယခင်ကထက် ပိုမို ခံစားလာရသည်။
'ငါ့ရဲ့ တိုးတက်မှု အဟန့်အတား ပျောက်သွားတာလား။ သူက ငါ့ကို ကုသပေးဖို့ ကောင်းကင်တမန်လို ရောက်လာတာပဲ။ လုံချန်း... ကျေးဇူးတင်ပါတယ်။ ပြီးတော့ ငါလုပ်ခဲ့သမျှ အရာအားလုံးအတွက် တောင်းပန်ပါတယ်။ နင့်ကို ဘယ်တော့မှ မမေ့ပါဘူး။ နင် ပန်းတိုင်ရောက်တဲ့အခါ ငါ့ကို သတိရမလား မသိဘူး' တွေးရင်း သူမ ပြုံးလိုက်သည်။
မျက်ရည်စ တစ်စက် သူမ ပါးပြင်ပေါ်သို့ စီးကျလာသော်လည်း သူမ အမြန် သုတ်လိုက်သည်။ သူမသည် အရာအားလုံး အဘယ်ကြောင့် ဖြစ်ပျက်ခဲ့ရသည်ကို နားလည်သွားခဲ့ပြီ။ ဤသည်က သူမအတွက် သင်ခန်းစာတစ်ခုပင်။
မျက်ရည်ကို သုတ်ပြီးနောက် သူမသည် လုံချန်းကို မှီအောင်လိုက်ပြီး ဘေးချင်းယှဉ် လျှောက်သွားခဲ့သည်။
"ဒါ... ဒါကို ယူလိုက်ပါ" ပြောရင်း သူမ၏ လက်ကို ကမ်းပေးလိုက်သည်။
လုံချန်းက သူမလက်ထဲမှ ဒင်္ဂါးပြားကို ကြည့်လိုက်သည်။
"ဒါ ဘာလဲ... မင်း ငါ့ကို ပိုက်ဆံ ပေးမလို့လား" လုံချန်းက စိတ်ဝင်တစား မေးလိုက်သည်။
"ဒါ ပိုက်ဆံ မဟုတ်ပါဘူး။ တစ်ခုခုဆိုတာ ထူးခြားတဲ့အရာပါ။ သိမ်းထားပေးပါ။ ငါ့ဘက်က ပေးတဲ့ နှုတ်ဆက်လက်ဆောင်လို့ သဘောထားလိုက်ပါ" ယုလင်းက ဆိုသည်။
"ငါ ယူပါ့မယ်... ဒါပေမဲ့ ဒါ ဘာလဲဆိုတာ ပြောပြလို့ ရမလား"
"ဒါ ငါ့ရဲ့ ကာကွယ်ရေး အဆောင်ပါ။ ငယ်ငယ်တုန်းက အမေ ပေးခဲ့တာ။ ဒါက ငါ့ကို ကာကွယ်ပေးလိမ့်မယ်လို့ သူ ပြောခဲ့တယ်။ အခုထိလည်း ဒါက ငါ့ကို ကာကွယ်ပေးနေတာပါပဲ။ ဒါပေမဲ့ နင်က ဒါကို ပိုင်ဆိုင်ဖို့ ထိုက်တန်တယ်လို့ ထင်တယ်။ ယူလိုက်ပါ"
"ဒါ နင့်အမေရဲ့ အမွေမဟုတ်လား။ ငါ မယူနိုင်ဘူး" လုံချန်းက ခေါင်းခါရင်း ငြင်းဆိုလိုက်သည်။
"မယူဘူးဆိုရင် နင် ငါ့ကို မခွင့်လွှတ်သေးဘူးလို့ပဲ ထင်မှာနော်။ ယူလိုက်ပါ" ယုလင်းက အတင်းအကျပ် တောင်းဆိုသည်။ "ပြီးတော့ ငါ့ဆီမှာ အမေပေးခဲ့တဲ့ တခြားအရာတွေ ရှိပါသေးတယ်"
သူမ လိမ်နေမှန်း လုံချန်း သိလိုက်သည်။ သူမ မျက်နှာတွင် ပေါ်လွင်နေသည်။ ယင်းက သူမအတွက် အဖိုးတန်ဆုံးအရာ ဖြစ်မှန်း သူ သိသည်။
"မင်း ငါ့ကို တခြား တစ်ခုခု ပေးမလား" လုံချန်းက မေးလိုက်သည်။ "မင်းဆီကနေ ငါ လိုချင်တဲ့ အရာပေါ့"
"နင် ဘာလိုချင်တာလဲ ပြောပါ။ ငါ ပေးမယ်" လင်းက မဆိုင်းမတွပင် ပြောလိုက်၏။
"ငါ့ရဲ့ လုံမျိုးနွယ်စုဝင်တွေကို စောင့်ရှောက်ပေးမယ်ဆိုတဲ့ ကတိပဲ။ သူတို့က အရမ်းတော်တဲ့သူတွေ မဟုတ်ပေမဲ့ သူတို့ကို ကောင်းကောင်း ဆက်ဆံပေးပါ။ သူတို့က နာမည်တွေ ပြောင်းသွားပေမဲ့ ဒီကမ္ဘာမှာ လုံမျိုးနွယ်စုရဲ့ နောက်ဆုံး အဖွဲ့ဝင်တွေ ဖြစ်နေဦးမှာမို့လို့ပါ" လုံချန်းက ပြောလိုက်သည်။