← Chapters

အခန်း ၁၁၄၇

Vol. 109 Ch. 1147

အခန်း ၁၁၄၇

Vol. 109 Ch. 1147

အခန်း ၁၁၄၇ မင်းသား

"ဟား... ဒါကိုတောင် မေးနေစရာ လိုသေးလို့လား။ ငါ သူတို့ကို ကောင်းကောင်းမွန်မွန် ဆက်ဆံမှာပါ။ ငါတို့ရဲ့ တခြား အဖွဲ့ဝင်တွေနဲ့ တန်းတူ ဂုဏ်သိက္ခာရှိရှိ နေထိုင်နိုင်အောင် အသေအချာ ဂရုစိုက်ပေးပါ့မယ်" လင်းက ခေါင်းညိတ်ရင်း ပြောလိုက်သည်။

​"အဲဒါဆိုရင် ပိုကောင်းတာပေါ့။ ငါ လိုချင်တာ အဲဒါပါပဲ" လုံချန်းက လင်းကို ပြောလိုက်သည်။ "ကြည့်လေ... အခုတော့ ငါ့ရဲ့ နှုတ်ဆက်လက်ဆောင်ကိုလည်း ရသွားပြီ။ ငါ တခြားဘာမှ ထပ်မယူတော့ဘူး။ ယူလိုက်ရင် မတရားသလို ဖြစ်နေလိမ့်မယ်"

​လင်းသည် လုံချန်းကို ကြောင်တောင်တောင်လေး ကြည့်လိုက်မိသည်။ သူ မည်သည်ကို ဆိုလိုသည်အား သူမ ချက်ချင်းပင် နားလည်သွား၏။ ယင်းက သူ့နည်းလမ်း တစ်ခုပင်။ သူက သူမ ဒင်္ဂါးပြားကို မလိုချင်ခြင်း မဟုတ်ဘဲ သူမ မိခင်အမွေအား သူမကိုယ်တိုင် သိမ်းထားစေချင်ခြင်း ဖြစ်မည်။

​'သူ တကယ်ပဲ ဒီဒင်္ဂါးပြားကို မကြိုက်တာ ဒါမှမဟုတ် မလိုချင်တာ မဟုတ်လောက်ပါဘူး။ တကယ်လို့သာ သူ မလိုချင်ခဲ့ရင် အခုပဲ ယူလိုက်ပြီး ငါမမြင်တဲ့ နေရာတစ်နေရာရာမှာ လွှင့်ပစ်လိုက်မှာပေါ့' လင်းက တွေးလိုက်ရင်း လုံချန်း၏ စေတနာကို နားလည်သွားသည်။

​သူမ ပြုံးလိုက်ရင်း ဆိုလိုက်သည်။ "ကောင်းပါပြီ... ဒါဆိုလည်း ငါပဲ သိမ်းထားလိုက်ပါတော့မယ်"

​လုံချန်းနှင့် လင်းတို့ ယုမျိုးနွယ်စုဆီသို့ ပြန်လျှောက်လာကြစဉ် တော်ဝင်ရထားလုံး တစ်စီး သူတို့ဆီသို့ ဦးတည် မောင်းနှင်လာသည်ကို သတိထားမိလိုက်သည်။ ထိုရထားလုံးမှာ ဒုတိယအဆင့် တော်ဝင်မျိုးနွယ်စုမှ ဖြစ်ဟန်တူသည်။

​ရထားလုံးသည် လုံချန်းနှင့် လင်း၏ ရှေ့တွင် ရပ်တန့်သွားပြီး လူငယ်တစ်ယောက် ဆင်းလာသည်။ ထိုလူငယ်မှာ လုံချန်းနှင့် အရွယ်တူဖြစ်ပြီး အတော်ပင် ရုပ်ရည်ချောမောသည်။

​သူသည် လင်းဆီသို့ ချဉ်းကပ်လာပြီး ရှေ့တွင် ရပ်လိုက်သည်။

​"လင်း... ငါ မင်းကို လာတွေ့ဖို့ ပြင်နေတာ" သူက လင်းကို ပြောသည်။

​"မင်းသားတင်း... ဘာကိစ္စရှိလို့လဲ" လင်းက မေးလိုက်သည်။ "ကျွန်မ အရေးကြီးနေလို့ပါ။ မြန်မြန် ပြောပေးနိုင်မလား"

​"တကယ်တော့ ငါ မင်းကို ညစာစားဖို့ ဖိတ်ခေါ်ချင်လို့ပါ။ ဒီည ငါနဲ့အတူ လိုက်ခဲ့မလား။ နန်းတော်မှာပါ" မင်းသားက ဖိတ်ခေါ်လိုက်သည်။

​"တောင်းပန်ပါတယ်။ ကျွန်မ ငြင်းရတော့မှာပဲ။ ကျွန်မမှာ အရေးကြီးတဲ့ ကိစ္စ ရှိနေလို့ပါ" လင်းက ငြင်းဆိုလိုက်သည်။

​"အို... ဟုတ်ပါပြီ" မင်းသား သက်ပြင်းချလိုက်သည်။ "မင်းကို အနှောင့်အယှက် ဖြစ်သွားရင် တောင်းပန်ပါတယ်။ နောက်တစ်နေ့မှပဲ ထပ်မေးလိုက်ပါတော့မယ်"

​သူသည် လင်း၏ ဘေးတွင် ရပ်နေသည့် လုံချန်းကို လှည့်ကြည့်လိုက်သည်။

​"မင်းကို ငါ တစ်ခါလောက် မြင်ဖူးသလိုပဲ" သူက မေးစေ့ကို ပွတ်ရင်း ပြောလိုက်သည်။

​"ဟုတ်မှာပါ။ ငါ့ရဲ့ ပိုစတာတွေက နေရာတိုင်းမှာ ရှိနေတာကိုး" လုံချန်းက ခါးသက်သက် ပြုံးလိုက်ရင်း ပြန်ပြောသည်။ "ဒါကြောင့် မအံ့ဩပါဘူး"

​"ငါက အမြင့်မြတ်ဆုံးဂိုဏ်းက အကြီးအကဲတွေကို သတ်ခဲ့တဲ့သူလေ" သူက အနီးအနားရှိ နံရံကပ် ပိုစတာကို ညွှန်ပြရင်း ထပ်ပြောလိုက်သည်။ "ကြည့်လေ... သူတို့က ငါ့အတွက် ဆုတောင် ထုတ်ထားသေးတယ်။ မင်း အဲဒီကို အကြောင်းကြားချင်ရင် အကြောင်းကြားလို့ ရပါတယ်"

​"မ... မင်း..." အဝေးရှိ ပိုစတာကို မြင်လိုက်ရသောအခါ မင်းသားမှာ အံ့အားသင့်သွားသည်။ အမြင့်မြတ်ဆုံးဂိုဏ်းများက လိုက်လံရှာဖွေနေသူမှာ လုံချန်း ဖြစ်နေခြင်းပင်။

​သူ မည်သို့ လုပ်ရမှန်း မသိတော့ပေ။ လုံချန်းကို ဖမ်းဆီးဖို့ကလည်း မဖြစ်နိုင်။ လုံချန်းက အမြင့်မြတ်ဆုံးဂိုဏ်း၏ အကြီးအကဲများကိုပင် သတ်နိုင်သူ။ သူတို့နိုင်ငံအတွက်မူ လုံချန်းက တကယ် အစွမ်းထက်လွန်းနေသည်။ အင်ပါယာများပင် သူ့ကို မည်သို့မျှ မလုပ်နိုင်မည်မှာ အသေအချာပင်။

​တစ်ဖက်တွင်လည်း အမြင့်မြတ်ဆုံးဂိုဏ်းကို အကြောင်းကြားလိုက်ပါက ဆုငွေတော့ ရနိုင်မည်၊ သို့သော် လုံချန်းနှင့် ဆက်စပ်နေသော ယုမျိုးနွယ်စုမှာ အပြစ်ပေးခံရမည် ဖြစ်သည်။

​ယုမျိုးနွယ်စု ဒုက္ခရောက်သည်ကို သူ မကြည့်ရက်။ သူ လင်းကို ချစ်သည်။ သူမ နာကျင်ရမည့် အရာကို သူ လုံးဝ မလုပ်လိုပေ။

​"အဲဒီလို ပေါ်ပေါ်တင်တင် မပြောပါနဲ့။ ကိုယ့်ကိုယ်ကိုယ် ဖုံးကွယ်ထားပြီး ဒီနိုင်ငံကနေ အမြန်ဆုံး ထွက်သွားလိုက်ပါ။ လက်ရှိအချိန်မှာတော့ ငါ အမြင့်မြတ်ဆုံးဂိုဏ်းကို အကြောင်းမကြားဘူး။ ဒါပေမဲ့ တခြားသူတွေကတော့ ကြားကောင်းကြားနိုင်တယ်။ ဒါကြောင့် မာန်မတက်ပါနဲ့။ မင်းကြောင့် လင်း ဒုက္ခရောက်သွားလိမ့်မယ်" မင်းသားက လုံချန်းကို သတိပေးလိုက်ပြီး လှည့်ထွက်သွားသည်။

​သူသည် ရထားလုံးဆီ ပြန်သွားပြီး ထွက်ခွာသွားခဲ့သည်။

​"သူက ဒီနိုင်ငံရဲ့ မင်းသားလား" လုံချန်းက လင်းကို ဇဝေဇဝါဖြင့် မေးလိုက်သည်။

​"ဟုတ်တယ်... သူက ထီးနန်းဆက်ခံမယ့် မင်းသားပဲ" လင်းက ဖြေလိုက်သည်။

​"ငါတော့ ဒီကောင်လေးကို သဘောကျတယ်။ သူက လူကောင်းတစ်ယောက်ပဲ။ သူ မင်းကို ချစ်သလို၊ မင်းတို့ မျိုးနွယ်စုကို ကာကွယ်ဖို့အတွက် သူ့နိုင်ငံကိုတောင် အန္တရာယ်ကြား ထည့်ဖို့ ဝန်မလေးဘူး။ မဆိုးဘူး။ နောင်တစ်ချိန်ကျရင် သူ့ကို စဉ်းစားကြည့်သင့်တယ်။ သူက အကဲခတ်ထားသင့်တဲ့ လူတစ်ယောက်ပဲ" လုံချန်းက ရယ်မောရင်း ပြောလိုက်သည်။

​သူတို့သည် တစ်ပါးသူကို ကျွန်တစ်ယောက်လို ဆက်ဆံတတ်သော မာန်တက်နေသည့် မင်းသားများစွာနှင့် တွေ့ဆုံခဲ့ပြီးပြီဖြစ်ရာ ယခုလို လူငယ်မျိုးနှင့် တွေ့ရသည်မှာ လန်းဆန်းသွားသလိုပင်။

​လင်းသည် စကား ပြန်မပြောဘဲ ထွက်ခွာသွားသော ရထားလုံးကိုသာ ငေးကြည့်နေမိသည်။

​...

​လုံချန်းနှင့် လင်းတို့ ယုမျိုးနွယ်စုသို့ ပြန်ရောက်လာကြသည်။

​လင်းကို အပြင်တွင် ထားခဲ့ပြီး လုံချန်းတစ်ယောက်တည်း ယုထျန်းဟောင်၏ ခြံဝင်းအတွင်းသို့ ဝင်သွားလိုက်သည်။ သူ့မိဘများနှင့် သူတို့ကို အတူမြင်ပြီး ထင်ယောင်ထင်မှား ဖြစ်မည်အား သူ မလိုလားပေ။

​အခန်းထဲသို့ ဝင်လိုက်သောအခါ ဖခင်၊ အဘိုးနှင့် ယုထျန်းဟောင်တို့ အရက်သောက်ရင်း ရယ်မောနေကြသည်ကို တွေ့လိုက်ရသည်။

​"အဖေ... ကျွန်တော်တို့လည်း ပြန်ဖို့အချိန် တန်ပြီ" လုံချန်းက လုံကျွန်းကို သတိပေးလိုက်သည်။

​"ငါ မှတ်မိပါတယ်။ နောက်ထပ် တစ်နာရီလောက်တော့ ပေးပါဦး။ သူတို့နဲ့ နောက်တစ်ခါ ဘယ်တော့ ပြန်တွေ့ရမလဲ ဆိုတာ ဘယ်သူမှ မသိဘူးလေ" လုံကျွင်းက ပြောလိုက်ရာ လုံချန်းလည်း ထိုင်ခုံတစ်ခုံ ဆွဲယူကာ ထိုင်လိုက်သည်။

​စကားပြောနေရင်း အချိန်များ ကုန်ဆုံးသွားခဲ့သည်။ တစ်နာရီပြည့်သောအခါ အရက်ပုလင်းလည်း ကုန်သွားသည်။

​"ကဲ... ထျန်းဟောင်။ ငါတို့ သွားမှဖြစ်တော့မယ်။ ငါ့သား ဒေါသထွက်လာမှာ စိုးရတယ်" လုံကျွင်း ရယ်မောရင်း ထရပ်လိုက်သည်။

​"ဒီမှာပဲ ညအိပ်သွားပါလား" ယုထျန်းဟောင်က မေးလိုက်သော်လည်း လုံကျွင်းက ချက်ချင်းပင် ငြင်းဆန်သည်။

​"မဖြစ်ဘူး။ ဧည့်ဝတ်ကျေတဲ့အတွက် ကျေးဇူးတင်ပါတယ်။ မင်းနဲ့ ပြန်တွေ့ရတာ တကယ်ကို ပျော်ဖို့ကောင်းပါတယ်" လုံကျွင်းက ယုထျန်းဟောင်ကို ပြောလိုက်သည်။

​"အို... ဟုတ်သားပဲ။ ငါ လုံးဝ မေ့သွားတယ်။ မင်းရဲ့ သမီးကိုတောင် မတွေ့လိုက်ရဘူး။ မသွားခင် နှုတ်ဆက်ချင်တယ်၊ အဲဒီကောင်မလေး ဘယ်မှာလဲ" သူက ရုတ်တရက် သတိရဟန်ဖြင့် မေးလိုက်သည်။

​"သူ အပြင်မှာ ရှိမှာပါ။ လာ... ငါ ခေါ်ပြမယ်" ယုထျန်းဟောင်က အားလုံးကို အပြင်သို့ ခေါ်သွားခဲ့သည်။

​အပြင်သို့ ရောက်သောအခါ တံခါးဝတွင် ရပ်နေသော လင်းကို တွေ့လိုက်ရသည်။

​"အာ... လင်း။ လာ... မင်းရဲ့ ဦးလေးကျွင်းနဲ့ အဘိုးရန်ကို နှုတ်ဆက်လိုက်ဦး" ယုထျန်းဟောင်က လင်းကို ခေါ်လိုက်သည်။

​လင်းသည် ဖခင်၏ စကားကို ကြားလိုက်ရသောအခါ ကြောင်အသွားသည်။ လုံကျွင်းသည်လော။ သူက လုံချန်း ဖခင် မဟုတ်လော။ သူ အသက်ရှင်နေသေးသည်လော။

​"ဘာလို့ ကြောင်တောင်တောင် ဖြစ်နေတာလဲ။ ဧည့်သည်တွေကို နှုတ်ဆက်ရမယ်ဆိုတာ မေ့သွားပြီလား" ယုထျန်းဟောင်က ပြုံး၍ ပြောလိုက်မှ လင်း သတိဝင်လာသည်။

​လင်းသည် လုံကျွင်းနှင့် လုံရန်တို့ကို ရိုသေစွာ နှုတ်ဆက်လိုက်သည်။

​"လင်း... ဟုတ်လား။ ငါ မင်းကို ပထမဆုံး မြင်ဖူးတာပေမဲ့ မင်း တကယ်ကို လှတာပဲ" လုံကျွင်းက ချီးကျူးလိုက်သည်။ ထို့နောက် လုံချန်းကို လှည့်ကြည့်ကာ "မင်းတို့နှစ်ယောက် လက်မထပ်ချင်ဘူးဆိုတာ သေချာရဲ့လား"

​"အဖေ... အဖေက မင်ယုတို့ဆီကနေ ကျွန်တော့်ကို အသတ်ခံရအောင် လုပ်ချင်နေတာလား" လုံချန်းက ဖခင်ကို စူးစိုက်ကြည့်ရင်း မေးလိုက်သည်။

​"ငါ မေးကြည့်တာပါ။ မင်းတို့ ကလေးတွေ လက်မထပ်ချင်မှန်း ငါ သိပါတယ်" လုံကျွင်းက ရယ်မောရင်း ပြောလိုက်သည်။

​သူသည် သိုလှောင် လက်စွပ်ထဲမှ အဖိုးတန်ရတနာ တစ်ခုကို ထုတ်ယူကာ လင်းအား ပေးလိုက်သည်။ လင်းသည် အစပိုင်းတွင် တွန့်ဆုတ်နေသော်လည်း လုံကျွင်း အတင်းပေးသဖြင့် လက်ခံယူလိုက်ရသည်။

​နှုတ်ဆက်ခြင်းများ ပြီးဆုံးသွားသောအခါ လုံချန်းသည် လုံကျွင်းနှင့် လုံရန်တို့ကို အတွင်းကမ္ဘာဆီသို့ ပြန်ပို့လိုက်သည်။

​သူသည် ယုထျန်းဟောင်ကို ကြည့်ကာ "သွားတော့မယ်နော်... ဦးလေးထျန်းဟောင်"

​"သွားတော့မယ်... လင်း" သူသည် လင်းကိုလည်း နှုတ်ဆက်လိုက်ပြီးနောက် ယုမျိုးနွယ်စု တစ်ခုလုံး အံ့အားသင့်သွားစေမည့် မြွေဘုရင်ကို ခေါ်ယူကာ ထွက်ခွာသွားတော့သည်။

​

All Chapters