အခန်း ၁၁၄၈
Vol. 109 Ch. 1148
အခန်း ၁၁၄၈ ကျိရှန်၏ အခြေအနေ
မြွေဘုရင်ကြီး ပေါ်ထွက်လာမှုက မြင်တွေ့လိုက်ရသူတိုင်းကို အံ့အားသင့်သွားစေခဲ့သည်။ လုံချန်း၏ လက်တစ်ချက် ဝေ့ယမ်းလိုက်မှုနှင့်အတူ ကောင်းကင်ယံတွင် နဂါးကြီးတစ်ကောင် ပေါ်ထွက်လာသကဲ့သို့ပင်။
လုံမျိုးနွယ်စုဝင်များနှင့် ယုထျန်းဟောင်တို့က မြွေဘုရင်ကို ယခင်ကတည်းက မြင်ဖူးသော်လည်း ကျန်သူများအတွက်မူ ဤသို့သော သားရဲမျိုးအား ကောင်းကင်တွင် မြင်တွေ့ရခြင်းက ပို၍ ထိတ်လန့်စရာ ကောင်းနေခဲ့သည်။ သူတို့အားလုံး လုံချန်းအား ပြန်ကြည့်လိုက်ရာ ကောင်းကင်တွင် ပျံသန်းနေသည်ကိုသာ တွေ့လိုက်ရသည်။
လုံချန်း ပျံသန်းနေသည်ကို မြင်ရသောအခါ ယုထျန်းဟောင်ပင် အံ့အားသင့်သွားရသည်။
"ကောင်းကင်ဘုံ အဆင့်လား" ယုထျန်းဟောင် အံ့အားသင့်စွာ အော်ဟစ်လိုက်မိသည်။ သူ တကယ်ပင် ပျံသန်းနေသည်။ သူ၏ တိုးတက်နှုန်းမှာ အလွန်ပင် မြန်ဆန်လွန်းသည်။ ဂိုဏ်းချုပ်ကြီးများကို ဖိအားပေးကာ သူ့နောက်ကို မလိုက်မိအောင် တားဆီးနိုင်ခဲ့ခြင်းမှာ အံ့သြစရာ မဟုတ်တော့ပေ။ သူသည် ယခုအခါ ဂိုဏ်းချုပ်ကြီးများနှင့် တန်းတူ သန်မာနေပြီ ဖြစ်နိုင်သည်။
လင်းသည်လည်း လုံချန်းကို လှမ်းကြည့်လိုက်ပြီး သူတို့နှစ်ဦးကြားက ကွာဟချက်မှာ သူမ ထင်ထားသည်ထက် ပိုမိုကြီးမားနေကြောင်း နားလည်သွားသည်။ သို့သော် သူမ ဝမ်းမနည်းခဲ့ပါ။ သူမ အခြေအနေကို လက်ခံလိုက်ပြီ ဖြစ်သည်။
...
လုံချန်းသည် မြွေဘုရင်၏ ကျောပေါ်တွင် ထိုင်လိုက်ပြီး ယုမျိုးနွယ်စုမှ ထွက်ခွာလာခဲ့သည်။
"လင်း... နင်သူနဲ့ အချိန်အတော်ကြာ အတူရှိနေခဲ့တာပဲ။ သူ့အပေါ် စိတ်ဝင်စားမှု မရှိဘူးဆိုတာ သေချာလို့လား" လုံချန်းဘေးတွင် ထိုင်နေသော ရွှင်းက မေးလိုက်သည်။
"ငါ သေချာပါတယ်။ ငါ သူ့ရဲ့ အဟန့်အတားကို သတိထားမိလို့ပါ။ ပြီးတော့ အဲဒါ ငါ့ကြောင့် ဖြစ်တယ်ဆိုတာလည်း ငါ နားလည်လိုက်တယ်။ ငါ အရာအားလုံးကို ထားခဲ့တော့မှာမို့လို့ အချစ်နဲ့ အမုန်းတွေကိုလည်း ဒီနေရာမှာပဲ ထားခဲ့ရမှာလေ။ သူ့ကို ဒီအတိုင်း ထားခဲ့လို့ မဖြစ်ဘူး။ ဒါကြောင့် ကူညီပေးလိုက်တာပါ။ အခုတော့ သူ အခြေအနေ ကောင်းသွားပါပြီ" လုံချန်းက ဖြေလိုက်သည်။
"အဖြစ်အပျက်တွေကို လက်ခံလိုက်ခြင်းက ဘဝအတွက် အထောက်အကူ ဖြစ်စေပါတယ်။ သူလည်း သူ့ရဲ့ ဘဝကို ပိုကောင်းအောင် နေသွားနိုင်မှာပါ" သူက ထပ်ဖြည့်ပြောလိုက်သည်။
"နင် ပြောသလိုပဲ ဖြစ်ပါစေ" ရွှင်းက ရေရွတ်လိုက်သော်လည်း လုံချန်းကို ဆက်မေးမနေတော့ပေ။
...
နာရီအနည်းငယ်အတွင်းမှ လုံချန်းတို့အဖွဲ့ ဟွမ်ကျီနိုင်ငံသို့ ရောက်ရှိသွားကြသည်။ ထိုနိုင်ငံမှာ ကျိချင်း၏ အစ်ကို အုပ်ချုပ်သော နိုင်ငံဖြစ်သည်။ ကောင်းကင်ယံတွင် မြွေဘုရင်ကြီး ပေါ်လာမှုက လူတိုင်းကို ထိတ်လန့်သွားစေသည်။ မြွေဘုရင်သည် သူ့အရှိန်အဝါကို ထုတ်ဖော်ပြသရန် ဝန်မလေးသူဖြစ်ရာ လုံချန်းကလည်း ကြီးမားသော ကိစ္စမဟုတ်သဖြင့် တားဆီးမနေခဲ့ပေ။
မြွေဘုရင်သည် နန်းတော်ရှေ့တွင် ဆင်းသက်လိုက်သည်။ ကျိချင်းကို မြင်သောအခါ အစောင့်များက ဒူးထောက်၍ အရိုအသေပြုကြသည်။ ကျိချင်း၏ အစ်ကိုဖြစ်သူ ဘုရင်မှာ သူမအား မြင်သောအခါ အံ့အားသင့်သွားပြီး ပိုမိုသန်မာလာသည့် ကျိချင်းကို ကြည့်ကာ ဝမ်းသာအားရ ပွေ့ဖက်လိုက်သည်။
ကျိချင်းတို့အဖွဲ့ နန်းဆောင် အတွင်းသို့ ရောက်ရှိသွားသောအခါ တံခါးပွင့်လာပြီး မိန်းကလေးတစ်ယောက် ပြေးဝင်လာသည်။
"ဖေဖေ... ဒေါ်လေးကျိချင်း ရောက်နေတယ်ဆိုတာ ဟုတ်လား" အနီရောင်ဆံပင်နှင့် မိန်းကလေးတစ်ယောက် အခန်းထဲသို့ အလောတကြီး ပြေးဝင်လာသည်။
"မိုင်ယာ... ရောက်လာပြီလား" ကျိချင်းက အံ့အားသင့်စွာ ပြောလိုက်သည်။
လုံချန်းသည် ထိုမိန်းကလေးကို မြင်လိုက်ရသောအခါ အတိတ်ကို ပြန်အောက်မေ့မိသည်။ ဟွမ်ကျီနိုင်ငံသို့ ပထမဆုံးအကြိမ် လာခဲ့တုန်းက သူမသည် အလွန်မာနကြီးပြီး သူ့ကို ရိုက်ရန် ကြိုးစားခဲ့ဖူးသည်။ သူ သူမကို သင်ခန်းစာ ပေးခဲ့ရသေးသည်။ ထိုမိန်းကလေးသည်လည်း လုံချန်းကို မှတ်မိနေသည်။ သူမ၏ မျက်နှာမှာ အတိတ်က အဖြစ်အပျက်ကို သတိရသွားပုံဖြင့် တွန့်ချိုးသွားသော်လည်း စကား ပြန်မပြောဘဲ မျက်လုံးသာ လှန်ကြည့်လိုက်သည်။
လုံချန်းနှင့် ကျိချင်းတို့သည် နန်းတော်တွင် နာရီအနည်းငယ်ကြာ နေထိုင်ခဲ့ကြပြီး သူတို့ အဘယ်ကြောင့် ရောက်လာကြောင်း ရှင်းပြကာ သူတို့ ပြန်မလာတော့မည့် အကြောင်းကိုလည်း အသိပေးလိုက်သည်။
...
လုံချန်းတို့အဖွဲ့ ကျိရှန်အင်ပါယာသို့ ရောက်ရှိလာသောအခါ လုံချန်းသည် ကျိရှန်ကို အတွင်းကမ္ဘာမှ ထုတ်ယူလိုက်သည်။
ကျိရှန်မှာ လွန်ခဲ့သည့် တစ်ပတ် ကတည်းက သတိပြန်လည်လာခဲ့ပြီး အသက်ရှင်သော်လည်း သေသူနှင့်တူနေသည်။ သူသည် ချစ်သူနှစ်ဦးစလုံးကို ဆုံးရှုံးခဲ့ရသဖြင့် ဝမ်းနည်းကြေကွဲမှုတို့ဖြင့် ပြည့်နှက်နေသည်။ သူသည် ပျော်ရွှင်ခြင်းနှင့် ဝေးကွာနေသည်ဟု ထင်မှတ်နေခဲ့သည်။ လုံချန်းက သူ့ကို အမြဲ အားပေးစကားပြောကာ လေ့ကျင့်ပေးခဲ့သော်လည်း ကျိရှန်၏ စိတ်ထဲတွင် ပျော်ရွှင်မှုဟူ၍ မရှိတော့ပေ။ လုံချန်းကမူ သူ့မိသားစုနှင့် ပြန်တွေ့မှသာ အဆင်ပြေသွားလိမ့်မည်ဟု မျှော်လင့်ထားသည်။
သူသည် ကျိရှန်ကို နန်းတော်ရှေ့တွင် ရောက်မှသာ အပြင်သို့ ထုတ်ယူလိုက်ခြင်း ဖြစ်သည်။
"ငါတို့ ဘယ်ရောက်နေတာလဲ" ကျိရှန်က မေးလိုက်သည်။
"နောက်ကို ကြည့်လိုက်" လုံချန်းက ပြုံး၍ ပြောလိုက်သည်။
ကျိရှန်သည် နောက်သို့ လှည့်ကြည့်လိုက်ရာ သူ၏ နေအိမ်ဖြစ်သော နန်းတော်ကြီးကို မြင်လိုက်ရသည်။
"ငါ့အိမ်လား"
အစောင့်များက သူ့ကို မှတ်မိသွားကြသည်။
"ဟုတ်တာပေါ့။ လာ... မင်းမိဘတွေကို သွားတွေ့လိုက်ပါဦး။ သူတို့ မင်းကို သတိရနေမှာပါ" လုံချန်းက ကျိရှန်၏ ပခုံးကို ပုတ်ကာ ပြောလိုက်သည်။
သူတို့နှစ်ဦး နန်းဆောင်ထဲသို့ ဝင်သွားကြသည်။ ကျိရှန်သည် သူ၏ ဖခင်ကို မြင်သောအခါ မထိန်းနိုင်တော့ဘဲ ငိုရှိုက်ရင်း ပြေးဖက်လိုက်သည်။ သူ့အားနည်းချက်ကို ပြသနိုင်မည့် တစ်နေရာရာတွင် သူတို့မိသားစု ပြန်လည်ဆုံစည်းနိုင်ခဲ့ပြီ ဖြစ်သည်။