အခန်း (၆၉၁-၆၉၂)
Vol. 59 Ch. 691-692
အပိုင်း (၆၉၁)
ထိုအချိန်တွင် သတိလစ်မေ့မြောနေသော ဧကရာဇ် ယုံချီ၏ စိတ်ဝိညာဉ်သည်လည်း အသည်းအသန် တိုက်ပွဲဝင်နေပြီး သူ၏ စိတ်ဝိညာဉ်သည် အဆုံးအစ မရှိသော အမှောင်ထုထဲတွင် အကျဉ်းချခံထားရသကဲ့သို့ ဖြစ်နေကာ မည်သို့မှ ဖောက်ထွက်၍ မရသလို သတိလည်း မရလာနိုင်သေးပေ။
‘ကျုပ် နိုးထရမယ်။ ကျုပ် သတိရ ရမယ်။ ယုံချီ... မင်း အခု ချက်ချင်း သတိရလာစမ်း။ မင်း သတိမရလာရင် မင်းရဲ့ မြေး သေရတော့မယ်။ မင်းရဲ့သားကို မင်း သတ်ခဲ့တယ်။ မင်း အချစ်ဆုံးနဲ့ အထူးချွန်ဆုံး အိမ်ရှေ့စံ ထျန်းအန်းကို မင်း သတ်ခဲ့တယ်။ အခု မင်းရဲ့ အချစ်ဆုံး မြေးလေးကို ထပ်သတ်တော့မလို့လား။ သတိရလာစမ်း။ သတိရလာစမ်း။ သတိရလာစမ်း။’
ဧကရာဇ် ယုံချီသည် အဆုံးအစ မရှိသော အမှောင်ထုကနေ ရုန်းထွက်ဖို့ သူ၏ စိတ်ဆန္ဒ အားလုံး၊ စိတ်ဝိညာဉ် အားလုံးကို အသုံးပြုပြီး အသည်းအသန် ကြိုးစားနေ၏။
ဤဘဝ၏ နောင်တ တရားတို့နှင့် နာကျင်မှုဟူသမျှတို့မှာ တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားကြသည်။
သူ၏ ဦးနှောက်အာရုံထဲတွင် အိမ်ရှေ့စံ ထျန်းအန်း မကွယ်လွန်မီက တင်ပြခဲ့သည့် လျှောက်လွှာတစ်စောင်ကို ပြန်လည်အမှတ်ရလာမိသည်။ ထိုသွေးစက်တို့ဖြင့် ရေးသားထားသော လျှောက်လွှာမှ စာလုံးတိုင်းမှာ ယခုတိုင် သွေးများ စီးကျနေသကဲ့သို့ ထင်မှတ်ရ၏။
တစ်ချိန်တည်းမှာပဲ သူ၏ စိတ်အာရုံထဲ၌ အိမ်ရှေ့စံ ထျန်းအန်း၏ ရုပ်အလောင်းကို မြင်ယောင်လာမိပြီး အတိတ်၏ ဝေဒနာတို့မှာ ပိုမိုပြင်းထန်စွာ ရိုက်ခတ်လာတော့သည်။
မရေမတွက်နိုင်တဲ့ နာကျင်မှုများ၊ နောင်တများက စတင် ပေါင်းစည်းလာသည်။ ပေါင်းစည်းလာပြီး အထွတ်အထိပ်သို့ လုံးဝ ရောက်ရှိသွားသည်။ ထို့နောက် ပြင်းထန်စွာ ပေါက်ကွဲထွက်လာ၏။
‘ကျုပ် သတိရရမယ်။ မြေးလေးကို ကျုပ် ကယ်ရမယ်။ အား… အား… အား…’
ဧကရာဇ် ယုံချီ၏ စိတ်ဝိညာဉ်က ရင်ထဲတွင် ရူးသွပ်စွာ အော်ဟစ်နေ၏။ ထို့နောက် သူ၏ ဦးနှောက် အတွင်း၌ အမှောင်ထုကို ဆုတ်ဖြဲလိုက်သကဲ့သို့ အလင်းရောင် တစ်ချက် ထွက်ပေါ်လာပြီး သတိရလာသည်။
သူ မျက်လုံးများကို ပြင်းထန်စွာ ဖွင့်လိုက်သည်။ ဧကရာဇ် ယုံချီသည် အံ့ဩစရာ တစ်ခုကို ဖန်တီးလိုက်ပြီး ဖြစ်သည်။ အကြောင်းမှာ ထောင်ချောက် ဆင်ခံရကာ အပင်လူသား ဖြစ်သွားပြီးနောက် ပြန်လည် သတိရလာခဲ့ခြင်း ဖြစ်၏။
ယွင်ကျုံးဟဲ့၏ စောင်းသံ အဆုံးသတ်သွားသည်။
ဤအရာ အားလုံးကို မြင်တွေ့လိုက်ရချိန်မှာတော့ နင်ဖေးသည် သူမ၏ မျက်လုံးများကိုပင် မယုံနိုင်လောက်အောင် ဖြစ်သွားပြီး မျက်ရည်များ တသွင်သွင် စီးကျလာတော့၏။
ဧကရာဇ် ယုံချီ မျက်လုံး ဖွင့်လာပြီးနောက် ပထမဆုံး အနေဖြင့် ယွင်ကျုံးဟဲ့၏ နေရာကို ရှာဖွေလိုက်၏။ သူ ထပ်မံ မထိန်းချုပ်နိုင်တော့ဘဲ မျက်ရည်များ တသွင်သွင် စီးကျလာ၏။ သူသည် စိတ်လှုပ်ရှားလွန်း၍ အသံ မထွက်နိုင်အောင် ဖြစ်နေသည်။
အတန်ကြာမှသာ ဧကရာဇ်အိုကြီးက ယွင်ကျုံးဟဲ့ ထံသို့ လက်နှစ်ဖက်ကို အားယူ၍ ဆန့်တန်းလိုက်ပြီး အက်ကွဲ တုန်ယင်သော အသံဖြင့် ပြောလိုက်၏။ “ငါ့… ငါ့ရဲ့ မြေးလေး.... ငါ့ရဲ့ မြေးလေး... ကောင်းကင်ဘုံက မျက်စိပါလို့ နောက်ဆုံးတော့ ငါ့ရဲ့ မြေးလေးကို ငါ့ရှေ့ကို ပို့ပေးလိုက်ပြီပဲ။”
ပထမဆုံး အကြိမ် တွေ့ဆုံခြင်း ဖြစ်သော်လည်း ယွင်ကျုံးဟဲ့သည် ဧကရာဇ် ယုံချီ၏ စိတ်နှလုံးထဲတွင် အသက်ရှင် နေခဲ့သည်မှာ နှစ်အတော်ကြာ ရှိပြီ ဖြစ်သည်။
အထူးသဖြင့် သူ သက်ရှိထင်ရှား ရှိနေသေးကြောင်း သိရှိရပြီးနောက် ဧကရာဇ် ယုံချီသည် စိတ်ကူးထဲတွင် ယွင်ကျုံးဟဲ့၏ ပုံစံကို မရေမတွက်နိုင်အောင်မှန်းဆ ကြည့်ခဲ့ဖူးသည်။ ယခုတော့ နောက်ဆုံးတွင် တွေ့လိုက်ရပြီ ဖြစ်၏။
ယွင်ကျုံးဟဲ့သည် သူ ထင်ထားသည်ထက် ပို၍ ထူးချွန်ပြီး ရုပ်ရည် သက်သက်ကို ကြည့်မည် ဆိုလျှင်ပင် ဤလောက၌ ဤမျှ ချောမောလှပပြီး မင်းမျိုးမင်းနွယ် အငွေ့အသက် ရှိသော အမျိုးသား ဆိုသည်မှာ အလွန် ရှားပါးလှသည်။
“ကြည့်ရတာ ငါ ယုံချီကလည်း အဲဒီလောက် အသုံးမကျတဲ့သူ မဟုတ်သေးဘူး။ ကောင်းကင်ဘုံက ဒီလောက် ထူးချွန်တဲ့ မြေးလေးကို ငါ့ရှေ့ကို ပို့ပေးလိုက်တယ်။”
ဧကရာဇ် ယုံချီက ယွင်ကျုံးဟဲ့ကို ဖက်ထားရင်း တုန်ယင်သော အသံဖြင့် ပြောလိုက်၏။ “ငါ့ရဲ့ မြေးလေး။ အဘိုး မင်းကို တောင်းပန်ပါတယ်။ ဒီနှစ်တွေထဲမှာ မင်းကို ဒုက္ခတွေ အများကြီး ခံစားစေခဲ့ရတယ်။ အားလုံးက အဘိုးရဲ့ မိုက်မဲမှု။ မသိနားမလည်မှု၊ တွေဝေမှုနဲ့ ဘဝင်မြင့်မှုတွေကြောင့်ပါ။”
ဘာကြောင့်မှန်းမသိပေ။ သွေးမျိုးဆက် တော်စပ်မှု ဆိုသည်မှာ ဤမျှ အံ့ဩစရာ ကောင်းသည်လား။ အရင်က ယွင်ကျုံးဟဲ့တွင် နေရာအတည်တကျ မရှိဘဲ လွင့်မျောနေရသလို ခံစားရပြီး မိသားစု အငွေ့အသက်ကို မခံစားခဲ့ရပေ။
သို့ပေမည့် သူ၏ သားလေး ယွင်ယောင်ကို ဖက်ထားလိုက်ရချိန်တွင် ထိုသွေးမျိုးဆက် တော်စပ်မှု၏ ခံစားချက်က သူ့ကို ဤလောကကြီးထဲတွင် အမြစ်တွယ် သွားစေသကဲ့သို့ ခံစားရပြီး အဖေ တစ်ယောက်၏ တာဝန်ဝတ္တရားကို သိရှိသွားစေခဲ့၏။
ယခု ဧကရာဇ် ယုံချီနှင့် ဖက်ထားလိုက်ရချိန်တွင်လည်း ထိုသွေးမျိုးဆက် တော်စပ်မှု၏ မိသားစု အငွေ့အသက် ခံစားချက်က ထပ်မံ ရောက်ရှိလာပြန်သည်။
ရင်ထဲက နွေးထွေးသွားတဲ့ ခံစားချက်၊ ကြည်နူးသွားတဲ့ ခံစားချက်က ရှင်းလင်း ပြတ်သားလွန်းလှ၏။
ထိုအချိန်မှာပဲ ဖျင်အန်း နန်းဆောင်၏ တံခါးက ရုတ်တရက် ပွင့်သွားပြီး လူတစ်စု ပြေးဝင်လာကြသည်။
“ယွင်ကျုံးဟဲ့... နေဝင်သွားပြီ။ နောက်ဆုံး အချိန် ကန့်သတ်ချက် ရောက်ပြီ။ ခင်ဗျား အပြစ်ခံယူဖို့ အချိန်တန်ပြီ။”
မင်းမျိုးမင်းနွယ်များက အော်ဟစ်ကာ ဝင်ရောက်လာကြ၏။ “လူတွေ လာကြ။ တာယင်အင်ပါယာရဲ့ သူလျှို ယွင်ကျုံးဟဲ့ကို ဖမ်းလိုက်စမ်း…”
သို့ပေမည့် အခန်းကန့် မျက်နှာပြင်ကို ကျော်ဖြတ်ပြီးနောက် ဤလူများသည် နိုးလာပြီး ထိုင်နေသော ဧကရာဇ်ကို မြင်တွေ့လိုက်ရချိန်မှာတော့ ချက်ချင်းပဲ လုံးဝ အံ့ဩမှင်တက်သွားကြသည်။
‘ဒါ… ဒါ… ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ။ ဧကရာဇ်မင်းမြတ် တကယ်ပဲ သတိရလာပြီလား။ တကယ်ပဲ ကုသလို့ ပျောက်သွားပြီလား။’
ခဏမျှ အံ့ဩသွားပြီးနောက် ကိုးယောက်မြောက် မင်းသား ရှရွှန်းသည် ချက်ချင်း ဒူးထောက်ကာ အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်၏။ “ခမည်းတော်ကို ဂုဏ်ပြုပါတယ်။ ခမည်းတော်ကို ဂုဏ်ပြုပါတယ်။ ကောင်းကင်ဘုံရဲ့ မဟာမင်္ဂလာပါပဲ။ ခမည်းတော် ရောဂါ ပျောက်ကင်းသွားပြီ။ ခမည်းတော် ရောဂါ ပျောက်ကင်းသွားပြီ။”
ချက်ချင်းပဲ မင်းမျိုးမင်းနွယ် အားလုံး ဒူးထောက်လိုက်ကြပြီး အသံကျယ်ကျယ် ဖြင့် အော်ဟစ်လိုက်ကြသည်။ “ခမည်းတော်ကို ဂုဏ်ပြုပါတယ်။ ခမည်းတော်ကို ဂုဏ်ပြုပါတယ်။”
ဧကရာဇ် ဒေါသ မထွက်ခင်မှာပင် ကိုးယောက်မြောက် မင်းသား ရှရွှန်းသည် ပြေးထွက်သွားပြီး အပြင်ဘက်ရှိ အမတ်များကို အော်ဟစ် ပြောလိုက်၏။ “ကောင်းကင်ဘုံရဲ့ မဟာမင်္ဂလာပါပဲ။ ခမည်းတော် သတိရလာပြီ။ ခမည်းတော် သတိရလာပြီ။”
ချက်ချင်းပဲ ဖျင်အန်း နန်းဆောင် အပြင်ဘက်ရှိ အရပ်ဖက် စစ်ဖက် အမတ် အားလုံးသည် တပြိုင်နက်တည်း ဒူးထောက်လိုက်ကြသည်။
“ဧကရာဇ်မင်းမြတ်ကို ဂုဏ်ပြုပါတယ်။ ဧကရာဇ်မင်းမြတ်ကို ဂုဏ်ပြုပါတယ်။”
“ဧကရာဇ်မင်းမြတ် သက်တော်ရာကျော် ရှည်ပါစေ။ သက်တော်ရာကျော် ရှည်ပါစေ။ သက်တော်ရာကျော် ရှည်ပါစေ။”
“ဧကရာဇ်မင်းမြတ် ကျန်းမာ သက်ရှည်ပါစေ။”
လူတိုင်း အနည်းငယ် မယုံကြည်နိုင်သလို ဖြစ်နေကြ၏။ ‘ဧကရာဇ်ကို တကယ်ပဲ ယွင်ကျုံးဟဲ့က ကုသပေးလိုက်လို့ ပျောက်ကင်းသွားတာလား။ ဒါက တကယ်ကို အံ့ဩစရာ ကောင်းလွန်းတယ်။ ခေါင်းပေါ်မှာ ဓားနဲ့ ခွဲတာက တကယ်ပဲ ရောဂါကို ကုသနိုင်တယ် ဟုတ်လား။ ဒါဆိုရင်တော့ တကယ့်ကို နတ်ဘုရား တစ်ပါးလို ဆေးပညာမျိုးပဲ။’
ခဏအကြာတွင် မယ်တော်မိဖုရားခေါင်ကြီးဟန် နှင့် အိမ်ရှေ့စံ ရှကျူး တို့လည်း အပြေးအလွှား ရောက်လာကြ၏။ ထို့နောက် နောက်ထပ် စိတ်လှုပ်ရှား ဝမ်းသာမှုများ ထပ်ဖြစ်လာပြန်သည်။
တကယ်တမ်းတွင်မူ မယ်တော်မိဖုရားခေါင်ကြီး၏ စိတ်ထဲမှ အံ့ဩတုန်လှုပ်မှုကို မည်သည့် စကားလုံးနှင့်မျှ ဖော်ပြ၍ မရနိုင်ပေ။
‘ဘယ်လို ဖြစ်နိုင်မှာလဲ။ ဧကရာဇ် တကယ် သတိရလာတယ် ဟုတ်လား။ ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ။ ယွင်ကျုံးဟဲ့မှာ ဒီလို စွမ်းရည်မျိုး ရှိနေတာလား။’
မယ်တော်မိဖုရားခေါင်ကြီးဟောင်းက ပြောလိုက်၏။ “ဧကရာဇ်... မင်း သတိရလာပြီ ဆိုတော့ ငါ သွားတော့မယ်။ နှုတ်ဆက်ပါတယ်။”
ဧကရာဇ်သည် အမှန်တကယ် ဒူးထောက်၍ နှုတ်ဆက်သင့်သော်လည်း တစ်ကိုယ်လုံး နာကျင်နေပြီး လက်ခြေ လေးဖက်စလုံး လှုပ်ရှား၍ မရသောကြောင့် ခုတင်ပေါ်တွင် လဲလျောင်းလျက်သာ အပြစ်ရှိသလို ခံစားချက်ဖြင့် ပြောလိုက်ရသည်။ “မယ်တော်ကို နှုတ်ဆက်ပါတယ်။”
မယ်တော်မိဖုရားခေါင်ကြီးဟောင်းနှင့် ဧကရာဇ် တို့၏ ဆက်ဆံရေးမှာ အနည်းငယ် ရှုပ်ထွေးပြီး ဤသည်မှာ မယ်တော်မိဖုရားခေါင်ကြီးဟောင်း၏ ဧကရာဇ် အပေါ် စိတ်ပျက်မှုမှ မြစ်ဖျားခံလာခြင်း ဖြစ်၏။
နင်ဖေးက ပြောလိုက်သည်။ “မယ်တော်မိဖုရားခေါင်ကြီးဟောင်း။ သမီးတော်ရဲ့ နန်းဆောင်မှာ သွားနားလိုက်ပါအုံး။ မယ်တော်မိဖုရားခေါင်ကြီးဟောင်း ညအနည်းငယ် လုံးလုံး အိပ်မပျော်ခဲ့ရတာ ဆိုတော့ ခန္ဓာကိုယ်က ဒဏ်မခံနိုင်မှာ စိုးလို့ပါ။”
မယ်တော်မိဖုရားခေါင်ကြီးဟောင်းက ခဏမျှ တွေဝေသွားပြီးနောက် ခေါင်းညိတ်ကာ ပြောလိုက်၏။ “ကောင်းပြီလေ။ မယ်တော်မိဖုရားခေါင်ကြီး... နင်လည်း ငါနဲ့ လိုက်ခဲ့။”
ထို့နောက် နင်ဖေးနှင့် မယ်တော်မိဖုရားခေါင်ကြီး တို့သည် မယ်တော်မိဖုရားခေါင်ကြီးဟောင်းကို ခေါ်ဆောင်ကာ အိပ်ဆောင်သို့ သွားရောက် အနားယူကြသည်။
ဖျင်အန်း နန်းဆောင် အတွင်း၌ ယွင်ကျုံးဟဲ့၊ ဧကရာဇ် နှင့် အိမ်ရှေ့စံ ရှကျူးတို့ သုံးဦး သာ ကျန်ရစ်ခဲ့၏။
သုံးဦးသား အလ္လာပသလ္လာပ စကားအနည်းငယ် ပြောပြီးနောက် ဧကရာဇ်က ပြောလိုက်သည်။ “အိမ်ရှေ့စံ။ ဒီရက်ပိုင်း အတွင်းမှာ ကျုပ် သတိလစ်မေ့မြောနေတော့ မင်း ပင်ပန်းသွားပြီ။”
အိမ်ရှေ့စံ ရှကျူးက ပြန်ပြော၏။ “သားတော်က မပင်ပန်းဘူး။ ခမည်းတော် သတိရလာတာ ကောင်းကင်ဘုံရဲ့ မဟာမင်္ဂလာပါပဲ။ သားတော် အရမ်း ဝမ်းသာပါတယ်။”
ဧကရာဇ်က မေးလိုက်သည်။ “မင်းဆီမှာ ပြီးအောင် မလုပ်ရသေးတဲ့ အစိုးရ အလုပ်တွေ အများကြီး ရှိသေးတယ် မဟုတ်လား။”
အိမ်ရှေ့စံ ရှကျူးက ဖြေ၏။ “ဟုတ်တယ်။ သားတော်ဆီမှာ အစိုးရ အလုပ်တွေ တော်တော်များများ ကျန်နေပါသေးတယ်။”
ဧကရာဇ်က ပြောလိုက်သည်။ “နိုင်ငံတော်ရဲ့ အလုပ်က ပိုအရေးကြီးတယ်။ ငါ့ကို ဂရုစိုက်နေစရာ မလိုဘူး။ မင်း အလုပ် သွားလုပ်ပါတော့”
အိမ်ရှေ့စံ ရှကျူးက ပြောလိုက်၏။ “သားတော်... အမိန့်တော်အတိုင်း နာခံပါ့မယ်။”
ထို့နောက် အိမ်ရှေ့စံသည် ရိုသေစွာ နှုတ်ဆက် ထွက်ခွာသွားပြီး မျက်နှာပေါ်တွင်လည်း ရိုသေမှု အပြည့် ရှိနေသည်။
သို့ပေမည့် ဖျင်အန်းနန်းဆောင်၏ တံခါးမှ ထွက်လာပြီးနောက် သူ၏ မျက်လုံးများ ချက်ချင်း အေးစက်သွား၏။
‘ဧကရာဇ်က ဒီလောက်တောင် မျက်နှာလိုက်တာလား။ ကျုပ်က သားအရင်းလေ။ ဒါပေမဲ့ ဧကရာဇ် သတိရလာပြီးတာနဲ့ ယွင်ကျုံးဟဲ့နဲ့ သီးသန့် နေချင်နေတယ်။ ဘာစကားတွေများ အိမ်ရှေ့စံကို ဖုံးကွယ်ပြီး ပြောစရာ ရှိနေလို့လဲ။’
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ကိစ္စ တစ်ခုကို ကျုပ် နည်းနည်း နားမလည်လို့ပါ။ ဧကရာဇ်မင်းမြတ်က ရှင်းပြပေးပါ။”
“အဘိုးလို့ခေါ်...”
ဧကရာဇ်က ပြောလိုက်၏။ “မေးလေ”
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ကျုပ်ရဲ့ ကိုယ်ပိုင်အမှတ်အသားကို အဘိုး ဘယ်လို အတည်ပြုခဲ့တာလဲ။ ကျုပ်ကိုယ်တိုင်တောင် ကျုပ်ဟာ အိမ်ရှေ့စံ ထျန်းအန်းရဲ့ သားဆိုတာ မသေချာဘူး။”
“ဟား...ဟား…”
ဧကရာဇ်က ရယ်မောလိုက်၏။ “မင်းက အတု ဖြစ်နေမှာကို ကြောက်လို့လား။”
ထို့နောက် ဧကရာဇ် ယုံချီက ဆက်ပြောလိုက်သည်။ “မင်းက ငါ့ရဲ့မြေး ဆိုတာကို လုံးဝ အတည်ပြုနိုင်တဲ့ အကြောင်းရင်း သုံးခု ရှိတယ်။ ပထမ အကြောင်းရင်းက မင်းရဲ့ ရုပ်ရည်ပဲ။ တခြားသူတွေက မသိရင်တောင် ငါတို့ မိသားစုတွေက တစ်ချက် ကြည့်ရုံနဲ့ သိနိုင်တယ်။ မင်းက မင်းအဖေနဲ့ ရုပ်ရည် မတူပေမယ့် မျက်နှာ အရိုး အနေအထားက အရမ်း ဆင်တူတယ်။ ပြီးတော့ မင်းရဲ့ မျက်နှာသွင်ပြင်က ယခင် ဧကရာဇ်နဲ့ အရမ်း တူတယ်။
ဒုတိယ အကြောင်းရင်းက မင်းရဲ့ နှလုံးက ပုံမှန် လူတွေထက် အများကြီး ဘေးကို ရောက်နေတယ်။ လက်နှစ်ဆစ်လောက်တောင် ရောက်နေတာ။ အဲဒီတုန်းက မင်းအဖေက ကလေး နှစ်ယောက်ကို ခေါ်လာတော့ ငါက ဆရာကြီးကို ခေါ်ပြီး မင်းတို့ ကလေး နှစ်ယောက်ကို စစ်ဆေးခိုင်းခဲ့တယ်။
ရလဒ်က သိပ်မကောင်းဘူး။ ကလေး တစ်ယောက်ရဲ့ နှလုံးက ဖွံ့ဖြိုးမှု မပြည့်စုံဘူး။ အသက်ရှည်ဖို့ ခက်ခဲလိမ့်မယ်တဲ့။ နောက်ထပ် ကလေး တစ်ယောက်ရဲ့ နှလုံး ဖွံ့ဖြိုးမှု ကတော့ ပြည့်စုံပေမယ့် ပုံမှန် နေရာ ကနေ အများကြီး ဘေးကို ရောက်နေတယ်တဲ့။
ဒီလို အခြေအနေမျိုးက သန်းပေါင်းများစွာမှာ တစ်ယောက်တောင် ဖြစ်ခဲတယ်။ ပြီးတော့ အမွှာလည်း ဖြစ်သေးတယ် ဆိုတော့ ဤလောကမှာ မင်းတို့ နှစ်ယောက်ပဲ ရှိမှာပေါ့။”
အပိုင်း (၆၉၂)
ယွင်ကျုံးဟဲ့က မေးလိုက်၏။ “ကျုပ်တို့ကို ခန္ဓာကိုယ် စစ်ဆေးပေးခဲ့တဲ့ အဲဒီ ဆရာကြီးက ဘယ်သူလဲ။”
ဧကရာဇ် ယုံချီက ဖြေသည်။ “မင်းရဲ့ အဘွား မယ်တော်မိဖုရားခေါင်ကြီးဟောင်းပဲ။ ဒါကြောင့် သူက ငါ့ကို ပထမဆုံး အကြိမ် တွေ့လိုက်တာနဲ့ မင်းရဲ့ ကိုယ်ပိုင်အမှတ်အသားကို အတည်ပြုလိုက်တာ။ ပြီးတော့… သူက ငါ့ကို အရမ်း စိတ်ပျက်နေတာ။ ဒီဆယ်စုနှစ်ပေါင်းများစွာအတွင်း ငါ့ကို စကား တစ်ခွန်းမှ မပြောခဲ့ဘူး။”
ထို့နောက် ဧကရာဇ် ယုံချီသည် အားယူ၍ လက်လှမ်းကာ ယွင်ကျုံးဟဲ့၏ ခေါင်းထိပ်ကို ကိုင်တွယ်ပြီး တစ်ခုခုကို ရှာဖွေနေပုံ ရ၏။
“ဒီမှာ... ဒီမှာ... ဒီမှာ...”
ဧကရာဇ် ယုံချီက ပြောလိုက်သည်။ “မင်းရဲ့ ခေါင်းနောက်ပိုင်းက ဒီနေရာမှာ ဦးခေါင်းခွံက အနည်းငယ် အပြင်ကို ထွက်နေတယ်။ သေချာ စမ်းကြည့်ရင် သိနိုင်တယ်။ ကြယ်ငါးပွင့် ပုံစံလေး။ မင်းလိုမျိုးကို ဘယ်သူကများ အတုခိုးနိုင်မှာလဲ။ ဘယ်သူက အတုခိုးနိုင်မှာလဲ။ ဟား... ဟား... ဟား...ဟား…”
ဧကရာဇ်သည် ထပ်မံ၍ အလွန် ဝမ်းသာသွားပြန်၏။
တစ်ဖက်တွင် ရယ်မောနေရင်း အခြား တစ်ဖက်တွင် မျက်နှာ ကြွက်သားများ ရှုံ့မဲ့နေကာ အလွန် နာကျင်နေပုံ ရသည်။
ဧကရာဇ်၏ ရောဂါလက္ခဏာများမှာ ဦးနှောက်တွင်း သွေးခဲခြင်း တစ်ခုတည်းသာမက အခြား နာတာရှည် ရောဂါများလည်း ရှိနေသေးကြောင်းကို ယွင်ကျုံးဟဲ့သည် ယခင်တည်းက စစ်ဆေးထားပြီး ဖြစ်၏။
ထိုအထဲတွင် အဆိုးရွားဆုံးမှာ ဆီးချိုရောဂါဖြစ်ပြီး ဧကရာဇ် ယုံချီ ခံစားနေရသည်မှာ နာတာရှည် ဆီးချိုရောဂါ ဖြစ်၏။ အစပိုင်းတွင် ရောဂါလက္ခဏာ မထင်ရှားဘဲ ငုပ်လျှိုးနေနိုင်စွမ်း အလွန် မြင့်မားသော်လည်း သွေးတွင်း သကြားဓာတ် ပိုမို မြင့်မားလာသည်နှင့်အမျှ နောက်ဆက်တွဲ ရောဂါများ အားလုံး ပေါ်ထွက်လာခြင်း ဖြစ်သည်။
အတွင်းကလီစာများ အတိုင်းအတာ တစ်ခု အထိ ထိခိုက်ပျက်စီးသွားပြီး ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာ တစ်ခုခု ရရှိပါက အလွယ်တကူ ပုပ်ပွသွားနိုင်ကာ အနာကျက်ရန် အလွန် ခက်ခဲလှသည်။ ထို့နောက် တစ်ကိုယ်လုံး နာကျင်ကိုက်ခဲမှု ဖြစ်ပြီး အသက်ရှင်လျက် သေရသည်ထက်ပင် ပို၍ နာကျင်ရ၏။
ဧကရာဇ် ယုံချီသည် အမျိုးအစား(၂) ဆီးချိုရောဂါကို ခံစားနေရသည်မှာ အချိန်အတန်ကြာပြီဖြစ်၏။ အစပိုင်းတွင် အဆင်ပြေသေးသော်လည်း ယခုအခါ အလွန် ဆိုးရွားသော အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်ကာ တစ်ကိုယ်လုံး ကိုယ်တစ်ခြမ်း သေနေသည့် အခြေအနေသို့ ရောက်ရှိနေပြီး အချိန်တိုင်း နာကျင်မှုကို ခံစားနေရသည်။
ထို့ကြောင့် အချိန်အများစုတွင် သူသည် ခုတင်ပေါ်၌သာ လဲလျောင်းနေရပြီး ဤနှစ်နှစ်၊ သုံးနှစ် အတွင်း နိုင်ငံရေး ကိစ္စများကိုလည်း အိမ်ရှေ့စံ ရှကျူးထံ လွှဲအပ်ထားခဲ့ရ၏။
စောစောက ခွဲစိတ်မှု လုပ်ဆောင်စဉ်က ယွင်ကျုံးဟဲ့သည် ဧကရာဇ် ယုံချီကို ဂလူးကို့စ် သွင်းပေးခဲ့သေးသည်။
ဤသည်မှာ အခြား နည်းလမ်း မရှိသောကြောင့် ဖြစ်၏။ အကြောင်းမှာ ဧကရာဇ် ယုံချီ၏ ခန္ဓာကိုယ်က အလွန် အားနည်းနေပြီး အာဟာရ ချို့တဲ့နေသောကြောင့် အဆိုး နှစ်ခုထဲမှ သက်သာရာကို ရွေးချယ်ရခြင်း ဖြစ်သည်။ ထို့အပြင် ယွင်ကျုံးဟဲ့ ဖျော်စပ်ပေးခဲ့သည်မှာ အလွန် ပြင်းအားနည်းသော ဂလူးကို့စ်သာ ဖြစ်၏။
“အဘိုး... အခု အရမ်း နာကျင်နေလား။” ယွင်ကျုံးဟဲ့က မေးလိုက်သည်။
ဧကရာဇ်က ခေါင်းညိတ်ကာ ပြောလိုက်၏။ “အရမ်း နာတယ်။ အရမ်း နာတယ်။ ဒါပေမဲ့ အသားကျနေပါပြီ။ ဒါက ကောင်းကင်ဘုံက ကျုပ်ကို ပေးတဲ့ အပြစ်ဒဏ်ပဲ။ ကျုပ် ပိုနာကျင်ရလေ စိတ်ထဲမှာ ပိုဝမ်းသာလေပဲ။ ကောင်းကင်ဘုံက ကျုပ်ကို အပြစ်ပေးတာ ပြင်းထန်လေ ကျုပ်ရဲ့ အပြစ်တွေ ပိုပေါ့ပါးသွားနိုင်လေပဲ။ အဲဒါဆို… မင်းရဲ့ ကံကောင်းမှုတွေလည်း ပိုများလာနိုင်တာပေါ့။”
ထိုစကားကြောင့် ယွင်ကျုံးဟဲ့၏ မျက်လုံးများ ထပ်မံ ပူနွေးလာသည်။
ဧကရာဇ် ယုံချီ ဤစကားကို ပြောလိုက်ချိန်တွင် ရင်ထဲမှ လှိုက်လှိုက်လှဲလှဲ ပြောဆိုခြင်းဖြစ်ပြီး သူ တကယ်ပင် ထိုသို့ တွေးထင်ထားခြင်း ဖြစ်၏။
မိမိ ခန္ဓာကိုယ် ပို၍ နာကျင်ရလေ ယွင်ကျုံးဟဲ့ ဘေးကင်းရန် ဖြစ်နိုင်ခြေ ပိုများလေလေ ဖြစ်သည်ဟု သူ ထင်မြင်နေခြင်း ဖြစ်၏။ ဤအတွေးအခေါ်မှာ အနည်းငယ် အဓိပ္ပါယ်မဲ့သည်ဟု ထင်ရသော်လည်း အဘိုးအိုက ဤသို့ပင် တွေးထင်နေခြင်း ဖြစ်သည်။
“ဆီးချိုရောဂါက ကုလို့ မရဘူး။ အသက်ရှင်ဖို့ အချိန် သိပ်မကျန်တော့ဘူး။”
ဧကရာဇ် ယုံချီက ပြောလိုက်၏။ “ဒါပေမဲ့ ငါ့မှာ နောင်တ မရှိတော့ဘူး။ မင်း ငါ့အနားကို ဘေးကင်းကင်းနဲ့ ပြန်ရောက်လာတာကို မြင်ရတော့ ငါ သေသွားရင်တောင် ဘာအရေးကြီးတော့မှာလဲ။ ဟား... ဟား.... ပြီးတော့ မြေအောက်ကို ရောက်သွားရင် ယခင် ဧကရာဇ်နဲ့ ငါ ပြန်လည် ဆုံတွေ့နိုင်ပြီ။ ပြီးတော့… မင်းအဖေ နဲ့လည်း ပြန်လည် ဆုံတွေ့နိုင်ပြီ။”
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “အဘိုး.. အဘိုးရဲ့ ဆီးချိုရောဂါကို ကျုပ် ကုပေးနိုင်တယ်။ ပြီးတော့ ကုရတာလည်း အရမ်း လွယ်ကူတယ်။ အနည်းဆုံးတော့ ဒီတစ်ခါ အဘိုးကို သတိရလာအောင် လုပ်ရတာထက် ပိုလွယ်တယ်။ မကြာခင်မှာပဲ အဘိုး တစ်ကိုယ်လုံး နာကျင်နေတာတွေ ပျောက်သွားပြီး အရင်ကလို ပြန်ကောင်းလာပါလိမ့်မယ်။”
ဧကရာဇ် ယုံချီက မေးလိုက်၏။ “ဆီးချိုရောဂါကိုတောင် ကုလို့ ရတယ် ဟုတ်လား။”
ယွင်ကျုံးဟဲ့က ဖြေလိုက်သည်။ “တခြားသူတွေ မကုနိုင်ပေမယ့် ကျုပ်ကတော့ ကုနိုင်တယ်။”
ဧကရာဇ် ယုံချီက ယွင်ကျုံးဟဲ့ကို အတန်ကြာ စိုက်ကြည့်နေပြီးနောက် ပြောလိုက်၏။ “ငါ့မြေးလေးက ဒီလောက်တောင် တော်တာလား။ ဒီလောက်တောင် တော်တာလား။ ဟား... ဟား…”
ထို့နောက် ဧကရာဇ် ယုံချီက ဆက်ပြောလိုက်သည်။ “မင်း ငါ့ကို ကုပေးပြီး နောက်ထပ် နှစ်အနည်းငယ် လောက် ထပ်နေရအောင် လုပ်ပေးနိုင်ရင် အဲဒါ အကောင်းဆုံးပဲ။ အကောင်းဆုံးပဲ။”
ထို့နောက် ဧကရာဇ်၏ မျက်လုံးများက သတိထားလာပြီး ပတ်ဝန်းကျင်ကို တစ်ချက် ကြည့်ကာ အသံကို နှိမ့်၍ ပြောလိုက်၏။ “ငါ ဒီနှစ်တွေထဲမှာ တစ်ချိန်လုံး ခုတင်ပေါ်မှာ လဲနေခဲ့ရတော့ နိုင်ငံရေး ကိစ္စတွေကို အိမ်ရှေ့စံကို လွှဲပေးထားခဲ့ရတယ်။ ဒါကြောင့် သူ့ လက်ထဲက အာဏာက အရမ်း ကြီးမားနေပြီး။ အရပ်ဖက်၊ စစ်ဖက် အမတ်တွေထဲမှာ သူ့ကို ထောက်ခံတဲ့ သူတွေ အရမ်းများတယ်။
တကယ်လို့ အဘိုးမှာ အချိန် သိပ်မကျန်တော့ဘူး ဆိုရင် မင်းအတွက် စည်းစိမ်ချမ်းသာ လောက်ပဲ ရှာပေးနိုင်မှာ။ ပိုပြီးများတာကို ရှာပေးဖို့ ခွန်အား မရှိတော့ဘူး။ ဒါပေမဲ့ တကယ်လို့ အဘိုးက နောက်ထပ် နှစ်အနည်းငယ်လောက် ထပ်အသက်ရှင်နိုင်ပြီး ရောဂါ ပျောက်ကင်းသွားမယ်။ ပုံမှန်အတိုင်း ညီလာခံ ထွက်နိုင်မယ်ဆိုရင် အဘိုး နည်းလမ်း ရှာပြီး အဲဒီနေရာကို မင်းအတွက် ပေးနိုင်မယ်။”
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “အဘိုး... ဒါက အရမ်း ခက်ခဲတယ်။”
ဧကရာဇ် ယုံချီက ပြော၏။ “ဟုတ်တယ်။ ခက်တယ်။ အရမ်း ခက်တယ်။ ငါက ဧကရာဇ် တစ်ယောက် အနေနဲ့ အိမ်ရှေ့စံ တစ်ယောက်ကို ဖယ်ရှားဖူးတယ်။ အဲဒါက မင်းရဲ့ အဖေပဲ။ တာရှအင်ပါယာ အတွက် ကြီးမားတဲ့ ဘေးဒုက္ခကြီးကို ယူဆောင်လာခဲ့တယ်။
အခု အိမ်ရှေ့စံက နိုင်ငံရေး ကိစ္စတွေကို စီမံခန့်ခွဲလာတာ နှစ်အတော်ကြာပြီဖြစ်ပြီး ဘာအမှားမှလည်း မလုပ်ထားဘူး ဆိုတော့ အိမ်ရှေ့စံကို ဖယ်ရှားဖို့ ဆိုတာ အရမ်းကို ခက်ခဲတယ်။ နည်းနည်းလေး မှားတာနဲ့ ကြီးမားတဲ့ ဘေးဒုက္ခကြီး ထပ်ဖြစ်လာနိုင်တယ်။”
ဧကရာဇ် ယုံချီက ပေါ့ပေါ့တန်တန် ပြောလိုက်ခြင်း ဖြစ်၏။ လက်ရှိ အခြေအနေ အရ အိမ်ရှေ့စံသည် နိုင်ငံရေး ကိစ္စများကို စီမံခန့်ခွဲလာသည်မှာ နှစ်အတော်ကြာပြီ ဖြစ်သောကြောင့် ဧကရာဇ်က အိမ်ရှေ့စံကို အတင်းအကျပ် ဖယ်ရှားမည် ဆိုပါက အရပ်ဖက်၊ စစ်ဖက် အမတ် အားလုံးက ကန့်ကွက်ကြမည် သာမက ဧကရာဇ် ကိုယ်တိုင်ပင် အကျိုးဆက်ကို ခံစားရနိုင်သည်။
လွန်ခဲ့သော နှစ်သုံးဆယ်က အိမ်ရှေ့စံအား ဖယ်ရှားခဲ့သည့် ထိုဘေးဒုက္ခကား ကြာမြင့်လှပြီဖြစ်သော်လည်း ယနေ့တိုင် မျက်စိရှေ့တွင် အထင်းသား မြင်ယောင်နေဆဲပင်။
ထိုစဉ်က ဖြစ်ပွားခဲ့သော ပြည်တွင်းစစ်မှာ တစ်နှစ်ခန့် ကြာမြင့်ခဲ့ပြီး စစ်သည်တော် သန်းနှင့်ချီကာ သေကျေဒဏ်ရာ ရရှိခဲ့သလို၊ ပြည်သူလူထု ဆယ်သန်းကျော်မှာလည်း ဘေးဒုက္ခအမျိုးမျိုးနှင့် ကြုံတွေ့ ခဲ့ရသည်။
တာရှအင်ပါယာမှာလည်း ထိုဖြစ်ရပ်ကြောင့် အင်အားအကြီးအကျယ် ဆုတ်ယုတ်သွားကာ တာယင်အင်ပါယာ အပေါ် ဖိအားပေးနိုင်သည့် စွမ်းပကားမှာလည်း လုံးဝဆုံးရှုံးသွားခဲ့ရ၏။
မင်မင်းဆက် ကာလတစ်လျှောက်တွင်လည်း အိမ်ရှေ့စံကို ဖယ်ရှားလိုသော ဧကရာဇ်တို့ များစွာရှိခဲ့ကြသည်။ ဧကရာဇ် ဝမ်လိ ကဲ့သို့ အင်အားကြီးမားသော ဧကရာဇ်တစ်ပါးပင်လျှင် မိမိအချစ်ဆုံးဖြစ်သည့် ကျူးချန်ရွှန်းအား အိမ်ရှေ့စံအဖြစ် အကြိမ်ကြိမ် ခန့်အပ်လိုခဲ့သည်။
သို့သော်လည်း အရပ်ဖက်နှင့် စစ်ဖက်ဆိုင်ရာ မှူးမတ်တို့၏ ပြင်းထန်သော ကန့်ကွက်မှုကြောင့် နောက်ဆုံး၌ ဧကရာဇ်ကိုယ်တိုင် အရှုံးပေးလိုက်ရပြီး မိမိမနှစ်သက်သည့် သားအကြီးဆုံး ကျူးချန်လော့ကိုသာ ထီးနန်းဆက်ခံခွင့် ပြုလိုက်ရသည့် ဖြစ်ရပ်မျိုးမှာ သာဓကတစ်ခုပင် ဖြစ်၏။
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “အဘိုး... အိမ်ရှေ့စံကို သဘောမကျလို့လား။”
ဧကရာဇ် ယုံချီက ဖြေ၏။ “သဘောကျတယ်၊ မကျဘူးလို့လည်း ပြောလို့ မရဘူး။ တကယ်လို့ လောကရဲ့ အခြေအနေက ပုံမှန် အတိုင်း တိုးတက်နေမယ် ဆိုရင် သူ ဧကရာဇ်နေရာမှာ နေတာလည်း မဆိုးဘူး။ ဒါပေမဲ့… အရှေ့တိုင်းလောကမှာ အပြောင်းအလဲ ကြီးကြီးမားမား ဖြစ်ပေါ်နေပြီလေ။
ပြီးတော့ မင်းက သန့်စင်သော ကျောင်းတော်ရဲ့ သွေးကြော၊ ရွှေရောင် သွေးကြော ရှိသူပဲ။ နောက်ပြီး အဘိုးက မင်းအဖေကို အများကြီး အကြွေးတင်နေတာ။ မင်းရဲ့ ပါရမီကလည်း မင်းအဖေထက် နည်းနည်းလေးမှ မနိမ့်ဘူး။”
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “အဘိုး... ကျုပ်တို့ အတွက် အချိန် သိပ်မရှိတော့ဘူး။ တာရှအင်ပါယာတင် မကဘူး။ အရှေ့တိုင်းလောက တစ်ခုလုံးအတွက် အချိန် သိပ်မရှိတော့ဘူး။ တာယင် ဧကရာဇ်က တာရှန်း အင်ပါယာရဲ့ အမှောင် သခင်ကြီးပဲ။”
ထိုစကားကြောင့် ဧကရာဇ် ယုံချီ ပြင်းထန်စွာ တုန်လှုပ်သွားပြီး မယုံကြည်နိုင်မှုက ခြောက်ပုံ၊ သဘောပေါက်သွားမှုက လေးပုံ ရှိနေ၏။
‘တာယင် ဧကရာဇ်၏ အစစ်အမှန် ကိုယ်ပိုင်အမှတ်အသားကို အခု အောက်ရှင်း သိသွားပြီ။ ယွမ်ထျန်းရှဲ့ သိသွားပြီ။ မီတျဲ ချိုင့်ဝှမ်း လည်း သိသွားပြီ။ ဒါပေမဲ့ ဧကရာဇ် ယုံချီက မသိဘူး ဟုတ်လား။ ဒါဆိုရင် တာရှအင်ပါယာ တစ်ခုလုံး။ အရှေ့တိုင်းလောက တစ်ခုလုံး မသိသေးဘူးပေါ့။’
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “အဘိုး... ကျုပ် မွေးစားအဖေ အောက်ရှင်း၊ နောက်ပြီး ကျုပ် လက်အောက်ငယ်သား ယွမ်ထျန်းရှဲ့ တို့ရဲ့ သတင်း။ ပြီးတော့ ကျုပ် ဇနီး ကျင်းကျုံးယွဲ့ တို့ရဲ့ သတင်းတွေကို အဘိုး သိလား။”
ဧကရာဇ် ယုံချီက ဖြေ၏။ “ငါ လူဆယ့်ငါးဖွဲ့ လွှတ်ပြီး စုစုပေါင်း လူသုံးထောင်ကျော်နဲ့ အောက်ရှင်း၊ ကျင်းကျုံးယွဲ့ တို့ရဲ့ သတင်းတွေကို သွားရှာခိုင်းခဲ့ပေမယ့် ဘာသတင်းမှ မရခဲ့ဘူး။”
ယွင်ကျုံးဟဲ့ အံ့ဩသွား၏။ ယခုအခါ ပိရမစ် တိုက်ပွဲ ဖြစ်ပွားခဲ့သည်မှာ လအနည်းငယ် ကြာမြင့်နေပြီ ဖြစ်သည်။
အောက်ရှင်း၊ ယွမ်ထျန်းရှဲ့ တို့ကို တာယင် ဧကရာဇ် သတ်ပစ်လိုက်ခြင်း မဟုတ်လောက်ပေ။ အကြောင်းမှာ ထိုအချိန်က ကြီးမားသော ပြိုကျမှုကြီး ဖြစ်ပွားခဲ့ပြီး သွေးစွန်း ဘုရင်မ၏ စကားအရ သူတို့ အားလုံး သဲဝါများ အောက်သို့ နစ်မြုပ်သွားခြင်း ဖြစ်၏။
ထို့အပြင် အမေ လျိုကတော်၊ ညီမ အောက်နင်နင်၊ ကလေး၏ အမေ ရွှီအန်းထင် တို့ကိုလည်း ဟွမ်ထျန်းဂိုဏ်း သိုင်းပညာရှင်များက ကြိုဆိုကာ ကျင်းကျုံးယွဲ့ ထံသို့ ပို့ဆောင်ပေးခဲ့ပြီ ဖြစ်၏။ ယခု ကျင်းကျုံးယွဲ့ပါ သတင်း အစအန ပျောက်ဆုံးနေသည်လား။ သူတို့ ဘယ်ရောက်သွားကြသနည်း။
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “တာယင်အင်ပါယာရဲ့ အစစ်အမှန် ကိုယ်ပိုင်အမှတ်အသားနဲ့ ပတ်သက်ပြီး တာရှီအင်ပါယာ သွေးစွန်း ဘုရင်မက သိတယ်။ တာရှီအင်ပါယာက ကျုပ်တို့ဆီကို သတင်း အချက်အလက် တစ်ခုမှ မပို့ဘူးလား။”
“မပို့ဘူး။” ဧကရာဇ် ယုံချီက ဖြေ၏။
ယွင်ကျုံးဟဲ့ မျက်လုံးများ မှေးကျဉ်းသွား၏။ တာယင် ဧကရာဇ်က လောက တစ်ခုလုံး၏ သတင်းများကို ပိတ်ဆို့ထားခြင်း ဖြစ်သည်။
“အဘိုး... တာယင် ဧကရာဇ်နဲ့ ပိုင်ယင်မြို့စားတို့ရဲ့ သိုင်းပြိုင်ပွဲက မကြာခင် စတင်တော့မယ်။”
ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ပြီးတော့ အခြေခံအားဖြင့် တာယင် ဧကရာဇ်က သေချာပေါက် နိုင်မှာပဲ။ အဲဒီလို ဆိုရင် တာယင် ဧကရာဇ်က ပိုင်ယင်မြို့ရဲ့ သစ္စာခံမှုကို ရရှိသွားပြီး ပြိုင်ဘက်ကင်း အင်အားကြီးမားတဲ့ ရေတပ် တစ်ခုကို ပိုင်ဆိုင်သွားလိမ့်မယ်။ အဲဒီ ရေတပ်ကြီးက ဘယ်လောက်တောင် ကြောက်စရာ ကောင်းလဲ ဆိုတာ အဘိုးမှန်းဆလို့တောင် ရမှာ မဟုတ်ဘူး။ လောကမှာ ရှိတဲ့ ရေတပ် အားလုံး ပေါင်းရင်တောင် သူတို့ကို မယှဉ်နိုင်ဘူး။”
ဧကရာဇ် ယုံချီက ပြောလိုက်သည်။ “ဆိုလိုတာက ဒီသိုင်းပြိုင်ပွဲ ပြီးသွားတာနဲ့ တာရှန်း မိစ္ဆာနိုင်ငံတော်က လောကကို စတင် လွှမ်းမိုးတော့မှာ ဖြစ်ပြီး။ ပထမဆုံး အတိုက်ခံရမယ့် သူက ငါတို့ တာရှအင်ပါယာပဲပေါ့။”
“ဟုတ်တယ်။” ယွင်ကျုံးဟဲ့က ဖြေလိုက်၏။
ဧကရာဇ် ယုံချီ မျက်လုံးများ မှိတ်ကာ ပြောလိုက်သည်။ “မြေးလေး... ဒါဆို ငါတို့ အမြန် လုပ်ရမယ်။ အမြန် လုပ်ရမယ်။”
မည်သည့်အရာကို အမြန် လုပ်ရမည်နည်း။ သေချာပေါက် ယွင်ကျုံးဟဲ့ကို အိမ်ရှေ့စံ နေရာသို့ အမြန်ဆုံး တင်ပေးရမှာဖြစ်၏။