← Chapters

အခန်း (၆၉၅-၆၉၆)

Vol. 59 Ch. 695-696

အခန်း (၆၉၅-၆၉၆)

Vol. 59 Ch. 695-696

အပိုင်း (၆၉၅)

တော်ဝင်တရားရုံး အကြီးအကဲ လီချင်ဝမ်က အေးစက်စွာ ရယ်မောလိုက်သည်။ “တကယ် ရယ်စရာ ကောင်းတာပဲ။ ပန်းချီကားကို ကြည့်ပြီး ဇာစ်မြစ်ကို ဆုံးဖြတ်တာမျိုး ဘယ်မှာရှိလို့လဲ။”

လီထိုက်အာက ပြောလိုက်၏။ “ဒါဆို နောက်ထပ် ကိစ္စတစ်ခု ရှိသေးတယ်။ အဲဒီတုန်းက အိမ်ရှေ့စံ ထျန်းအန်း ကလေးနှစ်ယောက်ကို ပိုက်ပြီး ပြန်လာတုန်းက မယ်တော်မိဖုရားခေါင်ကြီးဟောင်းက ကလေးနှစ်ယောက်ကို ခန္ဓာကိုယ် စစ်ဆေးပေးတဲ့ အချိန်မှာ လီချင်ဝမ် ခင်ဗျားလည်း ရှိနေခဲ့တယ် မဟုတ်လား။

ပြီးတော့ ခင်ဗျားက အဲဒီတုန်းက တော်ဝင်တရားရုံး အကြီးအကဲဖြစ်လို့ အဲဒီကလေးနှစ်ယောက်ရဲ့ လက္ခဏာတွေကို မှတ်တမ်းတင်ခဲ့တယ်။ အဲဒီထဲက လက္ခဏာတစ်ခုက နှလုံးတည်နေရာ လွဲနေတာ၊ နောက်ထပ် လက္ခဏာတစ်ခုက ဦးခေါင်းခွံနောက်ဘက်မှာ ကြယ်ငါးပွင့်ပုံစံ အဖုလေး ရှိနေတာ ဟုတ်တယ် မဟုတ်လား။”

တော်ဝင်တရားရုံး အကြီးအကဲ လီချင်ဝမ်က ခေါင်းညိတ်လိုက်၏။ ၎င်းမှာ လျှို့ဝှက်ချက်ဖြစ်သော်လည်း သူကိုယ်တိုင် မှတ်တမ်းတင်ခဲ့ခြင်းဖြစ်ပြီး ထိုမှတ်တမ်းစာအုပ်သည် ယခုတိုင် ရှိနေဆဲဖြစ်သည်။

လီထိုက်အာက ပြောလိုက်သည်။ “ယန်ချင်ဝမ်... ဆိုလိုတာက ယွင်ကျုံးဟဲ့ရဲ့ ဦးခေါင်းခွံနောက်ဘက်မှာ ကြယ်ငါးပွင့်ပုံစံ အဖုလေး ရှိနေပြီး သူ့နှလုံးကလည်း ညာဘက်ကို လက်နှစ်သစ်လောက် ရွေ့နေတယ်။ ဒါက ခင်ဗျားမှတ်တမ်းထဲက လက္ခဏာတွေနဲ့ အတိအကျ တူညီနေတယ်။ ဒါဆို ယန်ချင်ဝမ်ရဲ့ ဇာစ်မြစ်ကို သက်သေမပြနိုင်သေးဘူးလားလို့ ကျုပ် မေးချင်တယ်။

အခုပဲ သမားတော်ချုပ်နဲ့ လီချင်ဝမ်တို့ကို ယန်ချင်ဝမ်ရဲ့ ခန္ဓာကိုယ်ကို စစ်ဆေးခိုင်းလို့ ရတယ်။ ဦးခေါင်းခွံ အနောက်ဘက်က ကြယ်ငါးပွင့်ပုံစံ အဖုကို အတုလုပ်လို့ ရတယ်လို့ ခင်ဗျား ပြောကောင်းပြောလိမ့်မယ်။ ဒါပေမဲ့ နှလုံးတည်နေရာ လွဲနေတာကိုတော့ အတုလုပ်လို့ မရဘူး မဟုတ်လား။”

ယွင်ကျုံးဟဲ့က ဖြည်းညင်းစွာ ပြောလိုက်၏။ “လိုအပ်ရင် ကျုပ်ရင်ဘတ်ကို ဓားနဲ့ခွဲပြီး နှလုံးတည်နေရာကို ပြသနိုင်တယ်။”

လီထိုက်အာက အေးစက်စွာ ပြောလိုက်သည်။ “ကြားကြပြီလား။ ယန်ချင်ဝမ်ရဲ့ နှလုံးတည်နေရာကို စစ်ဆေးဖို့ ဘယ်သူရဲလဲ။ ယန်ချင်ဝမ်က သူ့ရင်ဘတ်က အသားတွေကို ခွဲပြီး သေချာကြည့်ခိုင်းနိုင်တယ်။ ဒါပေမဲ့ သူ့နှလုံးက မှတ်တမ်းထဲကလိုပဲ ညာဘက်ကို လက်နှစ်သစ်လောက် ရွေ့နေတယ်ဆိုတာ သက်သေပြနိုင်ရင် ခင်ဗျားရဲ့ ခေါင်းကို ဖြတ်ရမယ်။ ဒါက တရားမျှတတယ် မဟုတ်လား။ ယန်ချင်ဝမ်က ရင်ဘတ်ကို ခွဲမယ်။ ခင်ဗျားက ခေါင်းကို ဖြတ်ရမယ်။”

ချက်ချင်းပဲ ခန်းမတစ်ခုလုံး တိတ်ဆိတ်သွားပြီး မည်သူမှ မတုံ့ပြန်ရဲကြပေ။

ဧကရာဇ် ယုံချီက မေးလိုက်၏။ “သမားတော်ချုပ် ဘယ်မှာလဲ။”

သက်ကြီးသမားတော်တစ်ဦး ထွက်လာပြီး ပြောလိုက်သည်။ “ကျုပ် ရှိပါတယ်။”

ဧကရာဇ် ယုံချီက မေးလိုက်၏။ “ရင်ဘတ်ကို မခွဲဘဲ နှလုံးတည်နေရာကို ဆုံးဖြတ်နိုင်သလား။”

သမားတော်ချုပ်က ဖြေလိုက်သည်။ “ရပါတယ် ဧကရာဇ်မင်းမြတ်။ နားကြပ်နဲ့ နှလုံးခုန်သံကို နားထောင်ပြီး နှလုံးတည်နေရာကို ဆုံးဖြတ်နိုင်ပါတယ်။”

ဧကရာဇ် ယုံချီက အမိန့်ပေးလိုက်၏။ “ဒါဆို ယန်ချင်ဝမ်ရဲ့ နှလုံးခုန်သံကို အခုချက်ချင်း နားကြပ်နဲ့ နားထောင်ပါ။”

သမားတော်ချုပ် ရှေ့သို့တိုးလာပြီး ကြေးနီဖြင့် ပြုလုပ်ထားသော နားကြပ်တစ်ခုကို ယူကာ တစ်ဖက်ကို ယွင်ကျုံးဟဲ့၏ ရင်ဘတ်တွင်တေ့ပြီး နောက်တစ်ဖက်ကို သူ၏ နားတွင်တေ့ကာ သေချာစွာ နားထောင်လိုက်သည်။ နားထောင်ရင်း နားကြပ်နေရာကို ရွှေ့ကြည့်လိုက်သည်။

နှစ်မိနစ်ခန့်အကြာတွင် သမားတော်ချုပ်က ပြောလိုက်၏။ “ဧကရာဇ်မင်းမြတ်... သခင်လေး၏ နှလုံးက သာမန်လူများထက် ညာဘက်သို့ လက်နှစ်သစ်ခန့် ရွေ့နေတယ်ဆိုတာ မှန်ပါတယ်။”

လီထိုက်အာက အေးစက်စွာ မေးလိုက်သည်။ “လီချင်ဝမ်... ကျုပ် ခင်ဗျားကို မေးမယ်။ တခြားဟာတွေကို အတုလုပ်လို့ရပေမယ့် နှလုံးတည်နေရာကို အတုလုပ်လို့ ရသလား။ ဒီလို နှလုံးတည်နေရာ လွဲနေတာမျိုးက လူတစ်သောင်းမှာ တစ်ယောက် ရှိသလား။ လူတစ်သန်းမှာ တစ်ယောက် ရှိသလား။

ပြီးတော့ သူက ယခင်ဧကရာဇ်နဲ့ ဒီလောက်တူပြီး ဦးခေါင်းခွံနောက်ဘက်မှာလည်း ကြယ်ငါးပွင့်ပုံစံ အဖုလေး ရှိနေတယ်။ ဒါဆို သူက အိမ်ရှေ့စံ ထျန်းအန်းရဲ့ သွေးမျိုးဆက် မဟုတ်ရင် ဘယ်သူလဲ။”

လီချင်ဝမ် တိတ်ဆိတ်သွား၏။

လီထိုက်အာက ဆက်ပြောသည်။ “လီချင်ဝမ်... ခင်ဗျားက တာရှအင်ပါယာရဲ့ တော်ဝင်တရားရုံး အကြီးအကဲပဲ။ ဒါက အလွန်လေးနက်တဲ့ ကိစ္စတစ်ခုပါ။ သခင်လေးက အိမ်ရှေ့စံ ထျန်းအန်းရဲ့ သွေးမျိုးဆက် ဟုတ်မဟုတ်၊ တာရှအင်ပါယာရဲ့ တော်ဝင်မိသားစုဝင် ဟုတ်၊ မဟုတ် ခင်ဗျား ကိုယ်တိုင် ဖြေပါ။”

ဧကရာဇ်၏ မျက်လုံးများ အေးစက်သွားပြီး တော်ဝင်တရားရုံး အကြီးအကဲ လီချင်ဝမ်ကို ကြည့်လိုက်၏။

ခဏအကြာတွင် လီချင်ဝမ်က ပြောလိုက်သည်။ “ဟုတ်ပါတယ်။”

ဧကရာဇ်က ပြောလိုက်၏။ “တော်ဝင်တရားရုံး အကြီးအကဲ၊ ခင်ဗျားလည်း ရှယန် တစ်နည်းအားဖြင့် ယွင်ကျုံးဟဲ့ဟာ အိမ်ရှေ့စံ ထျန်းအန်းရဲ့သား၊ ငါကိုယ်တော်ရဲ့ မြေးအရင်းဆိုတာကို အသိအမှတ်ပြုတယ်ပေါ့လေ။”

တော်ဝင်တရားရုံး အကြီးအကဲ လီချင်ဝမ်က ဖြေလိုက်သည်။ “ကျုပ် အသိအမှတ်ပြုပါတယ်။”

ဧကရာဇ် ယုံချီက ပြောလိုက်၏။ “ကောင်းပြီ၊ ရှယန်ရဲ့ ဇာစ်မြစ်ကို အတည်ပြုခြင်းက ဒီမှာတင် ပြီးဆုံးပြီ။ ငါကိုယ်တော် ဒီနေရာမှာ ကြေညာလိုက်မယ်။ ဒီနေ့ကစပြီး ယွင်ကျုံးဟဲ့ရဲ့ ဇာစ်မြစ်က မသေချာဘူး၊ တာရှတော်ဝင်မိသားစုရဲ့ သွေးမျိုးဆက် မဟုတ်ဘူးလို့ ပြောရဲတဲ့သူကို ဆွေမျိုးခုနစ်ဆက်လုံး သတ်ပစ်မယ်။

မှတ်ထား၊ ဆွေမျိုးခုနစ်ဆက်လုံး သတ်ပစ်မယ်။ ငါကိုယ်တော် ပြောရင် ပြောတဲ့အတိုင်း လုပ်တယ်။ အဲဒီလူရဲ့ ရာထူး ဘယ်လောက်ကြီးကြီး ရှယန်ရဲ့ တော်ဝင်မိသားစု ဇာစ်မြစ်ကို ငြင်းဆိုရဲရင် ဆွေမျိုးခုနစ်ဆက်လုံးကို သတ်ပစ်မယ်။ ကြားကြရဲ့လား။”

ချက်ချင်းပဲ ခန်းမအတွင်းရှိ အရာရှိအားလုံး ဒူးထောက်လိုက်ကြပြီး ပြောလိုက်သည်။ “ကျုပ်တို့ မှတ်သား ထားပါ့မယ်။”

ဤသို့ဖြင့် ဧကရာဇ်နှင့် လီထိုက်အာတို့၏ ပူးပေါင်းမှုဖြင့် ယွင်ကျုံးဟဲ့၏ ဇာစ်မြစ်ကို လုံးဝ အတည်ပြုနိုင်ခဲ့ပြီး နောင်တွင် မည်သူမှ ငြင်းခုံ၍ မရတော့ပေ။

ထို့နောက် နောက်ထပ် လူတစ်ဦး ထွက်လာပြန်သည်။ ဆူမီယွမ် ဒုတိယအကြီးအကဲ ရှယွင် ဖြစ်ပြီး သူသည် ဧကရာဇ် ယုံချီ၏ ညီတော်လည်း ဖြစ်သည်။

“ဧကရာဇ်မင်းမြတ်... ရှယန်ဟာ အရှင်မင်းမြတ်ရဲ့ မြေးတော်၊ အိမ်ရှေ့စံ ထျန်းအန်းရဲ့ သွေးသားဖြစ်တယ်ဆိုပေမယ့် သူဟာ ဘာစွမ်းဆောင်ရည်မှ မရှိဘဲနဲ့ မင်းသားဘွဲ့ကို ရရှိသွားတာဟာ တစ်လောကလုံးကို မတရားဘူးလို့ ထင်မြင်စေမှာ မဟုတ်ဘူးလား။”

ရှယွင်က ပြောလိုက်၏။ “တာရှအင်ပါယာမှာ မင်းသားဘွဲ့ဆိုတာ အလွန်မြင့်မြတ်ပြီး ဘွဲ့ရသူ အနည်းငယ်သာ ရှိတာပါ။ လက်ရှိ မြေးတော်တွေထဲမှာတောင် မင်းသားဘွဲ့ရတဲ့သူ တစ်ဦးမှ မရှိသေးပါဘူး။ အခုမှ ရောက်လာတဲ့ ယွင်ကျုံးဟဲ့ကို မင်းသားဘွဲ့ ပေးအပ်တာဟာ မသင့်တော်ဘူးလို့ ထင်ပါတယ်။ သူ့အတွက် မြို့စားဘွဲ့ ပေးအပ်တာကသာ ပိုပြီးသင့်တော်ပါလိမ့်မယ်။”

“အဓိပ္ပါယ်မဲ့လိုက်တာ၊ ရယ်စရာကောင်းလိုက်တာ။”

လီထိုက်အာက အေးစက်စွာ ရယ်မောလိုက်သည်။ “ယွင်ကွန်း… ခင်ဗျား ဒီလိုပြောတာ ရယ်စရာ မကောင်းဘူးလား။ ယန်ချင်ဝမ်က ဘာကြောင့် မင်းသားဘွဲ့ မရနိုင်ရမှာလဲ။”

ဤသည်မှာ ဆရာကြီး လီထိုက်အာပင် ဖြစ်ပြီး အမြဲတမ်း ဤသို့ မာနကြီးလေ့ရှိသည်။ သူသည် အိမ်ရှေ့စံ၏ ဆရာဖြစ်ခဲ့စဉ်က မည်သူ့ကိုမဆို ဝေဖန်ရဲပြီး ဧကရာဇ်ကိုပင် ဝေဖန်ရဲခဲ့၏။

သူသည် စာပေလောက၏ ဆရာကြီး၊ ထိပ်တန်းပညာရှင် ဖြစ်သောကြောင့် ယေဘုယျအားဖြင့် သူ့ကို ဘာမှ လုပ်၍မရပေ။

ဆူမီယွမ် ဒုတိယအကြီးအကဲ ရှယွင်က မေးလိုက်သည်။ “ဆရာကြီး... ယွင်ကျုံးဟဲ့က မင်းသားဘွဲ့ရဖို့ ဘာအရည်အချင်းရှိလဲဆိုတာ ကျုပ် သိချင်ပါတယ်။”

လီထိုက်အာက ပြောလိုက်သည်။ “အကြောင်းပြချက် နှစ်ခု ရှိတယ်။ ပထမတစ်ခုက ကျင်းကျုံးယွဲ့ကို ခင်ဗျား သိလား။ သူက ရိုလန်နိုင်ငံရဲ့ ဘုရင်မဖြစ်ပြီး တာရှအင်ပါယာက တရားဝင် အသိအမှတ်ပြုထားတဲ့အပြင် သံတမန်ဆက်ဆံရေးလည်း ထူထောင်ထားတယ်။ ဟုတ်တယ် မဟုတ်လား။”

လူအများက ဤစကားကို ကြားချိန်မှာတော့ အနည်းငယ် အံ့အားသင့်သွားကြ၏။ ‘ဒုက္ခပဲ၊ ဒီကိစ္စကို မေ့နေတယ်။ ဒါပေမဲ့ ဆရာကြီး လီထိုက်အာ... ခင်ဗျားက တကယ်ကို အချေအတင် ပြောတတ်တာပဲ။’

လီထိုက်အာက ဆက်ပြောလိုက်၏။ “ကျင်းကျုံးယွဲ့က တာရှအင်ပါယာက အသိအမှတ်ပြုထားတဲ့ ဘုရင်မ ဖြစ်ပေမယ့် သူက ယွင်ကျုံးဟဲ့ရဲ့ ဇနီးတွေထဲက တစ်ယောက်သာ ဖြစ်တယ်။ ဇနီးက ဘုရင်မဘွဲ့ရပြီး ခင်ပွန်းက မြို့စားဘွဲ့ရတာ ဘာလို့ မဖြစ်နိုင်မှာလဲလို့ ကျုပ် သိချင်တယ်။ ဂုဏ်ကျက်သရေကြီးမားတဲ့ တာရှအင်ပါယာရဲ့ မြေးတော်က မိန်းမအိမ်ကို ဝင်နေရတာလား။

မှန်တယ်။ ယေဘုယျအားဖြင့် သမက်တော်ရဲ့ဘွဲ့က မင်းသမီးထက် နိမ့်တယ်။ ဒါပေမဲ့ ဒါက သမက်တော်က တော်ဝင်မိသားစုထဲကို ဝင်ရောက်လာတဲ့ အဓိပ္ပာယ်ပါ။ လီချင်ဝမ်ကို ကျုပ် မေးချင်တယ်။ တာရှအင်ပါယာရဲ့ မြေးတော်က ရိုလန်ဘုရင်မရဲ့ အိမ်ကို ဝင်နေရမှာလား။”

လီချင်ဝမ်က ပြန်ဖြေသည်။ “ဒါက သေချာပေါက် မဖြစ်နိုင်ဘူး။”

လီထိုက်အာက ပြောလိုက်၏။ “ရိုလန်ဘုရင်မရဲ့ အိမ်ကို ဝင်နေရတာ မဟုတ်ရင် သူ့ဘွဲ့က ဘုရင်မထက် ဘယ်လိုလုပ် နိမ့်နိုင်မှာလဲ။ ဒါကြောင့် ရှယန်ကို မင်းသားအဖြစ် ခန့်အပ်တာ ဘာမှားနေလို့လဲ။ တာရှအင်ပါယာက မျက်နှာမလိုတော့ဘူးလား။ ဒီလောက် သံတမန်ရေး တန်းတူညီမျှမှုကိုတောင် နားမလည်ကြဘူးလား။”

လူအများက ပြန်လည်မချေပနိုင်တော့ပေ။

ထိုစဉ်က ရိုလန်နိုင်ငံကို အသိအမှတ်ပြုပြီး ကျင်းကျုံးယွဲ့ကို ဘုရင်မအဖြစ် အသိအမှတ်ပြုခဲ့ခြင်းမှာ နိုင်ငံရေး လိုအပ်ချက်အရ တာယင်အင်ပါယာနှင့် တာရှီအင်ပါယာတို့ကို ဟန့်တားရန်သာ ဖြစ်သည်။ ဤသို့သော အခြေအနေမျိုး ကြုံလာမည်ဟု မည်သူက သိမည်နည်း။

သို့ပေမည့် ယခင်က အမိန့်တော် ထုတ်ပြန်ပြီး တစ်လောကလုံးကို ကြေညာကာ အသိအမှတ်ပြုခဲ့သည့် ကိစ္စကို ယခုအခါ ငြင်းဆို၍ မရတော့ပေ။ တိုက်ဆိုင်သည်မှာ ထိုစဉ်က တာရှအင်ပါယာ၏ သံတမန်များ ရိုလန်မြို့ ဘုရင်မနန်းတော်သို့ သွားရောက်စဉ်က ယွင်ကျုံးဟဲ့သည် ထိုနေရာတွင် ရှိနေခဲ့ခြင်း ဖြစ်သည်။

လီထိုက်အာက ပြောလိုက်၏။ “ယွင်ကွန်း.. ခင်ဗျားက ရှယန်မှာ ဘာစွမ်းဆောင်ရည်မှ မရှိဘူးလို့ ပြောတယ်ပေါ့။ ဒါက ပိုပြီး ရယ်စရာကောင်းသေးတယ်။ ကျုပ် မေးချင်တာက ဧကရာဇ်မင်းမြတ်က အရေးကြီးသလား။ တာရှအင်ပါယာရဲ့ ကောင်းကင်ကြီး ဖြစ်သလား။

အရင်က သူ သတိလစ်မေ့မြောပြီး အသက်အန္တရာယ် ရှိနေချိန်မှာ ရှယန်က သူ့ကို ကယ်တင်ခဲ့တာ မဟုတ်ဘူးလား။ ဒါက စွမ်းဆောင်ရည် မဟုတ်ဘူးလား။ ခင်ဗျား ပါးစပ်က ဘာစွမ်းဆောင်ရည်မှ မရှိဘူးလို့ ဘယ်လိုလုပ် ထွက်လာတာလဲ။ ခင်ဗျားက ဧကရာဇ်မင်းမြတ်ကို ဘယ်လောက်တောင် အထင်သေး နေတာလဲ။”

ဤစကားကြောင့် ဆူမီယွမ် ဒုတိယအကြီးအကဲ ရှယွင်၏ မျက်နှာ ပြင်းထန်စွာ ပျက်ယွင်းသွားသည်။

‘ဒါ... ဒါက ဘယ်လောက်တောင် ဆိုးရွားလိုက်သလဲ။ လီထိုက်အာ... ခင်ဗျားက စာရေးပြီး ထမင်းစားတာလား၊ စကားပြောပြီး ထမင်းစားတာလား။ ဒီလောက်တောင် လိမ္မာပါးနပ်ရသလား။’

ချက်ချင်းပဲ ရှယွင်သည် ဒူးထောက်ကာ ပြောလိုက်၏။ “ဧကရာဇ်မင်းမြတ်... ကျုပ် စကားမှားသွားပါတယ်။ အပြစ်ပေးတော်မူပါ။”

ထိုသို့ဖြင့် လီထိုက်အာက နောက်ထပ် တစ်ယောက်ကို ဖြုတ်ချနိုင်ခဲ့ပြန်သည်။

ထိုစဉ် နောက်ထပ် လူတစ်ဦး ထွက်လာပြန်သည်။ ထိုသူမှာ တာရှအင်ပါယာ၏ ပညာရေးဝန်ကြီး ရွှီယိုးယွမ် ဖြစ်၏။

သူသည်လည်း အမတ်ဟောင်းတစ်ဦးဖြစ်ပြီး လီထိုက်အာနှင့် အတွေ့အကြုံ တူညီကာ ယခု အိမ်ရှေ့စံ၏ ဆရာလည်း ဖြစ်သည်။

“ဧကရာဇ်မင်းမြတ်... ဒီသခင်လေးက အိမ်ရှေ့စံ ထျန်းအန်းရဲ့ သွေးသား၊ ဧကရာဇ်မင်းမြတ်ရဲ့ မြေးတော်ဖြစ်ပြီး သံတမန်ရေး တန်းတူညီမျှမှုအတွက်အပြင် ကြီးမားတဲ့ စွမ်းဆောင်ရည် ရှိတာကြောင့် မင်းသားဘွဲ ရတာကို နားလည်နိုင်ပါတယ်။ ဒါပေမဲ့ အခြားဘွဲ့အမည်တစ်ခုခု၊ ဥပမာ- အန်းချင်ဝမ် (ကျေးဇူးရှင်မင်းသား) သို့မဟုတ် လျန်ချင်ဝမ် (ရိုးသားသောမင်းသား) ကဲ့သို့သော ဘွဲ့မျိုး ဖြစ်သင့်ပါတယ်။”

ရွှီယိုးယွမ်က ပြောလိုက်၏။ “တာ့ယန်မင်းဆက်က အရှေ့တိုင်းရဲ့ တရားဝင်မင်းဆက်ဖြစ်ပြီး ကျုပ်တို့ တာရှအင်ပါယာက တစ်လောကလုံးကို စည်းလုံးပြီးမှသာ တာ့ယန်မင်းဆက်အဖြစ် အဆင့်မြှင့်တင်မယ်ဆိုတာ အားလုံး သိကြပါတယ်။ ဒါကြောင့် ယန် ဆိုတဲ့ စကားလုံးကို လွယ်လွယ်ကူကူ မပေးသင့်ပါဘူး။ သခင်လေးအတွက် အခြားဘွဲ့အမည်တစ်ခု ပြောင်းပေးဖို့ တောင်းဆိုပါတယ်။”

“ဟား... ဟား... ဟား...ဟား...” ဧကရာဇ်က စကားမပြောရသေးမီ လီထိုက်အာက ကျယ်လောင်စွာ ရယ်မောလိုက်သည်။

ဤတစ်ကြိမ်တွင် ခန်းမအတွင်းရှိ အရာရှိအားလုံး ဦးရေပြား ထုံကျင်သွားကြ၏။ ‘ဆရာကြီး လီထိုက်အာ... ခင်ဗျား... ခင်ဗျား နောက်ထပ် လာပြန်ပြီလား။ ခင်ဗျားရဲ့ တိုက်ခိုက်လိုစိတ်က အရမ်းပြင်းထန်လွန်းတယ်။ ပြီးတော့ ဒီလောက်တောင် ရိုင်းစိုင်းရဲသလား။’

လီထိုက်အာက အေးစက်စွာ ရယ်မောလိုက်သည်။ “အိမ်ရှေ့စံရဲ့ ဆရာ... ခင်ဗျားက ပညာရေးဝန်ကြီးဆိုတော့ ထုံးတမ်းစဉ်လာတွေကို အသိဆုံးပဲ။ ယန်သမိုင်းကိုလည်း အကျွမ်းကျင်ဆုံးပဲ၊ ဟုတ်တယ် မဟုတ်လား။”

ရွှီယိုးယွမ်က ဖြေ၏။ “သေချာပေါက်ပေါ့။”

လီထိုက်အာက မေးလိုက်သည်။ “ယန်ချင်ဝမ်ရဲ့ ကျန်တဲ့ သွေးတစ်ဝက်က ဘယ်သူ့သွေးလဲ။”

ချက်ချင်းပဲ ရွှီယိုးယွမ်၏ မျက်နှာ တုန်လှုပ်သွားတော့သည်။ ‘သောက်ကျိုးနည်း...’

အိမ်ရှေ့စံ ထျန်းအန်းက သန့်စင်သော ကျောင်းတော်သို့ အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့ပြီး ပူဇော်မှု အောင်မြင် ခဲ့ကာ သွေးသားအရင်းအချာ ကလေးနှစ်ယောက်ကို ခေါ်ဆောင်လာခဲ့သည်။ ဤကလေးနှစ်ယောက်၏ ကျန်သွေးတစ်ဝက်မှာ သန့်စင်သော ကျောင်းတော်မှ ဖြစ်၏။

သေချာသည်မှာ ဤကိစ္စကို မည်သူကမှ သက်သေမပြနိုင်ပေ။ ဤကလေးနှစ်ယောက်မှာ သန့်စင်သော ကျောင်းတော်မှ သန့်စင်သော အမျိုးသမီးနှင့် ရခဲ့ခြင်း ဟုတ်၊ မဟုတ်၊ သို့မဟုတ် အိမ်ရှေ့စံ ထျန်းအန်းက အပြင်ဘက်မှ အမျိုးသမီးတစ်ဦးနှင့် ရခဲ့ခြင်း ဟုတ်၊ မဟုတ် မည်သူသိနိုင်မည်နည်းဟု လူအများက စိတ်ထဲတွင် ဝေဖန်ကြပေလိမ့်မည်။

သို့ပေမည့် ပြဿနာမှာ ထိုစဉ်က တာရှအင်ပါယာမှာ ဤကိစ္စကို အလွန်ဝမ်းမြောက်ဝမ်းသာဖြစ်ကာ ကျယ်ကျယ်ပြန့်ပြန့် ဝါဒဖြန့်ခဲ့ခြင်း ဖြစ်သည်။

အိမ်ရှေ့စံ ထျန်းအန်းသည် သန့်စင်သော ကျောင်းတော်ကို ရှာတွေ့ခဲ့ပြီး သန့်စင်သော အမျိုးသမီးနှင့် မျိုးဆက်ကို မွေးဖွားခဲ့ကြောင်း ပြောဆိုခဲ့ကြ၏။

ဤသည်မှာ တာရှအင်ပါယာသည် တာ့ယန်မင်းဆက်၏ တရားဝင် အဆင့်အတန်းကို အပြည့်အဝ ဆက်ခံထားကြောင်း ပို၍ သက်သေပြနေသည်။

တာရှအင်ပါယာ၏ အကျိုးစီးပွားအတွက် ထိုစဉ်က ဤသို့ ဝါဒဖြန့်ခဲ့ခြင်းဖြစ်ပြီး ၎င်းကို တာရှအင်ပါယာ အစိုးရအဖွဲ့တစ်ခုလုံးက အသိအမှတ်ပြုထား၏။

‘ရွှီယိုးယွမ်... အခု ခင်ဗျားက ဒါကို ငြင်းဆိုချင်နေတာလား။’

အပိုင်း (၆၉၆)

လီထိုက်အာက အေးစက်စက် ရယ်မော၍ ပြောလိုက်သည်။ “ရွှီယိုးယွမ်… အဲဒီတုန်းက ခင်ဗျားက ပညာရေး ဒု-ဝန်ကြီး ဖြစ်ခဲ့ပြီး ဒီကိစ္စအတွက် တာရှ လင်္ကာကိုတောင် အထူးရေးဖွဲ့ခဲ့ကာ တစ်လောကလုံးကို ပျံ့နှံ့စေပြီး ဒီကိစ္စကို ချီးမွမ်းခဲ့တာ ကျုပ် မှတ်မိတယ်။ ယန်ချင်ဝမ်မှာ သန့်စင်သော ကျောင်းတော်ရဲ့ သွေးပါဝင်နေတာကို ခင်ဗျားက ငြင်းဆိုချင်နေတာလား။”

ရွှီယိုးယွမ် တိတ်ဆိတ်သွား၏။

လီထိုက်အာက ဆက်ပြောသည်။ “တာ့ယန်မင်းဆက်ရဲ့ အမြစ်က ဘယ်မှာလဲ။ သန့်စင်သော ကျောင်းတော်မှာပဲ။ ဒါကြောင့် လွန်ခဲ့တဲ့ နှစ်တစ်ထောင်ကျော်က သန့်စင်သော ကျောင်းတော်ကို ယန်ကျောင်းတော် လို့လည်း ခေါ်ခဲ့ကြတယ်။ တာ့ယန်မင်းဆက် ပျက်စီးသွားပြီးနောက်မှ ယန်ကျောင်းတော် ဆိုတဲ့ နာမည်က ပြောင်းလဲသွားတာ။

ဧကရာဇ်မင်းမြတ်က သခင်လေးကို ယန်ချင်ဝမ်အဖြစ် ခန့်အပ်တာဟာ အကောင်းဆုံး မျှော်လင့်ချက်ဖြစ်ပြီး တာရှအင်ပါယာက တာ့ယန်မင်းဆက်ရဲ့ ဂုဏ်ကျက်သရေကို ပြန်လည်ရယူဖို့ ဆန္ဒရှိနေတယ်။ သခင်လေးမှာ သန့်စင်သော ကျောင်းတော်ရဲ့ သွေးပါဝင်နေတာဟာ ကောင်းကင်ဘုံက ပေးတဲ့ အကောင်းဆုံး အတိတ်နိမိတ် ဖြစ်တယ်။ တာရှအင်ပါယာက အနာဂတ်မှာ တစ်လောကလုံးကို စည်းလုံးပြီး အရှေ့တိုင်းရဲ့ တကယ့် ကောင်းကင်ဘုံ နိုင်ငံတော် ဖြစ်လာမယ်ဆိုတာကို ပြသနေတာပဲ။

အိမ်ရှေ့စံရဲ့ဆရာ... ခင်ဗျားက ကောင်းကင်ဘုံက ပေးတဲ့ ဒီကောင်းမွန်တဲ့ အတိတ်နိမိတ်ကို ဖျက်ဆီးချင် နေတာလား။ ဧကရာဇ်မင်းမြတ်က သခင်လေးကို ယန်ချင်ဝမ်အဖြစ် ခန့်အပ်တာ ဘယ်လောက်တောင် ဉာဏ်ပညာကြီးမားလိုက်သလဲ။”

လူအများမှာ နောက်တစ်ကြိမ် စကားမပြောနိုင် ဖြစ်သွားကြပြန်သည်။ ခဏအကြာတွင် ရွှီယိုးယွမ် နောက်ဆုတ်သွား၏။

လီထိုက်အာသည် မျက်လုံးများကို မှေးကျဉ်း၍ ခန်းမအတွင်းရှိ အရာရှိအားလုံးကို ကြည့်လိုက်ရာ သူ၏ အငွေ့အသက်မှာ အလွန်ဖိအားပေးနိုင်စွမ်း ရှိလှသည်။

‘ဘယ်သူရှိသေးလဲ။ ဘယ်သူရှိသေးလဲ။’

ဧကရာဇ်က တည်ငြိမ်စွာ ပြောလိုက်၏။ “ဘယ်သူမှ မကန့်ကွက်ဘူးဆိုတော့ ဒီကိစ္စကို ဒီလိုပဲ သတ်မှတ်လိုက်မယ်။ ငါကိုယ်တော် ဒီမှာ ရှင်းရှင်းလင်းလင်း ပြောမယ်။ ဘာစကားပဲရှိရှိ ဒီနေ့ ခန်းမထဲမှာ ရှင်းရှင်းလင်းလင်း ပြောပါ။ စကားပြောတဲ့အတွက် အပြစ်မရှိဘူး။ ဒါပေမဲ့ ဒီနေ့ မပြောဘဲ နောက်နေ့မှ လျှောက်ပြောရင်တော့ အပြစ်ရှိတယ်။ ငါကိုယ်တော် လုံးဝ ခွင့်လွှတ်မှာ မဟုတ်ဘူး။”

ဧကရာဇ်က အသံကျယ်ကျယ်ဖြင့် ဆက်ပြောသည်။ “ငါကိုယ်တော် နောက်ဆုံးအကြိမ် မေးမယ်။ ကန့်ကွက်တဲ့သူ ရှိသေးလား။”

အရာရှိအားလုံး တိတ်ဆိတ်နေကြသည်။ လူအများစုက စိတ်ထဲတွင် ကန့်ကွက်နေကြသော်လည်း လီထိုက်အာကို မယှဉ်နိုင်ကြပေ။

ဧကရာဇ်က အမိန့်ပေးလိုက်၏။ “ကောင်းပြီ၊ တစ်လောကလုံးကို ကြေညာလိုက်ပါ။ ဒီနေ့ကစပြီး ရှယန်ဟာ တာရှအင်ပါယာရဲ့ ယန်ချင်ဝမ် ဖြစ်သွားပြီ။”

အရာရှိအားလုံးမှာ စိတ်ထဲတွင် လုံးဝ မကျေနပ်ကြသော်လည်း မတက်သာဘဲ ပြောလိုက်ကြရသည်။ “ကျုပ်တို့ မှတ်သားထားပါမယ်။”

ဤသို့ဖြင့် ယွင်ကျုံးဟဲ့နှင့် ဧကရာဇ် ယုံချီတို့၏ ပထမခြေလှမ်းမှာ အောင်မြင်သွားခဲ့ပြီ ဖြစ်သည်။

ဧကရာဇ်သည် အမတ်များ၏ အားမလိုအားမရ သဘောထားကို ဂရုမစိုက်ဘဲ ဆက်ပြောသည်။ “ဒုတိယ အရေးကြီးတဲ့ ကိစ္စကတော့ တာရှအင်ပါယာဟာ အမြဲတမ်း ငြိမ်းချမ်းရေးကို မြတ်နိုးပြီး ပြည်သူတွေကို သနား ကြင်နာတယ်။ ကျုပ်တို့က တာယင်အင်ပါယာနဲ့ ငြိမ်းချမ်းရေး စာချုပ်ကို အခုလေးတင် လက်မှတ်ရေးထိုး ခဲ့တယ်။

ကောင်းကင်ဘုံ နိုင်ငံတော်ကြီးအနေနဲ့ တာယင်အင်ပါယာနဲ့ တာရှီအင်ပါယာတို့ရဲ့ စစ်ပွဲကို ကြားဝင် ဖျန်ဖြေပေးဖို့ တာဝန်ရှိတယ်။ ဒါကြောင့် တာရှီအင်ပါယာကို သံတမန်အဖွဲ့ စေလွှတ်ပြီး တာရှီဧကရာဇ်နဲ့ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက် လက်မှတ်ရေးထိုးဖို့ လိုအပ်တယ်လို့ ငါကိုယ်တော် ထင်တယ်။ အမတ်တို့ ဘယ်လိုထင်သလဲ။”

ဤသည်မှာ သေချာပေါက် အရေးကြီးသော ကိစ္စတစ်ခု ဖြစ်၏။ နိုင်ငံရေးအရ လုံးဝမှန်ကန်သော ကိစ္စတစ်ခုလည်း ဖြစ်သောကြောင့် မည်သူမှ မကန့်ကွက်နိုင်ပေ။ ထို့ကြောင့် ဒုတိယကိစ္စမှာ လွယ်လွယ်ကူကူ အတည်ပြုနိုင်ခဲ့၏။

ဧကရာဇ်က ပြောလိုက်သည်။ “ဒီနေ့ အရေးကြီးတဲ့ ကိစ္စနှစ်ခုလုံး အတည်ပြုနိုင်ခဲ့ပြီ။ အမတ်တို့ တခြားကိစ္စ ရှိသေးလား။”

ပညာရေးဝန်ကြီး ရွှီယိုးယွမ်က ထပ်မံ ထွက်လာကာ ပြောလိုက်၏။ “ဧကရာဇ်မင်းမြတ်... တာယင်အင်ပါယာ သံတမန်အဖွဲ့ ရောက်ရှိလာပြီး ဧကရာဇ်မင်းမြတ်ကို တွေ့ခွင့်တောင်းနေပါတယ်။”

ဧကရာဇ် ယုံချီက ပြောလိုက်သည်။ “ခေါ်လိုက်ပါ။”

ခဏအကြာတွင် တာယင်အင်ပါယာ သံတမန်အဖွဲ့သည် ခန်းမအတွင်းသို့ ဝင်ရောက်လာ၏။ “နိုင်ငံခြားအမတ် တာရှဧကရာဇ်မင်းမြတ်ကို ဂါရဝပြုပါတယ်။”

ယခုတစ်ကြိမ် တာယင်အင်ပါယာ သံတမန်အဖွဲ့၏ အဆင့်အတန်းမှာ ပိုမိုမြင့်မားပြီး ခေါင်းဆောင်မှာ တာယင် အင်ပါယာ၏ ရွှင်ချင်ဝမ် ဖြစ်ကာ ဒု-ခေါင်းဆောင်မှာ ယွင်ကျုံးဟဲ့နှင့် အလွန်ရင်းနှီးသော၊ ယခင် တာ့ကျိုး ဝန်ကြီးချုပ် လင်ကုန်း ဖြစ်၏။ ယခုအခါ သူ၏ ရာထူးမှာ တာယင်အင်ပါယာ ရှီးကျင်း ပညာရေးဝန်ကြီးနှင့် အိမ်ရှေ့စံ၏ ဒု-ဆရာ ဖြစ်သည်။

တာရှဧကရာဇ်က မေးလိုက်၏။ “ရွှင်ချင်ဝမ်... ဘာကိစ္စရှိလို့လဲ။ ငါကိုယ်တော် မှတ်မိသလောက်ဆိုရင် ကျုပ်တို့ နိုင်ငံနှစ်ခု ငြိမ်းချမ်းရေး စာချုပ် လက်မှတ်ရေးထိုးထားတာ မကြာသေးဘူး မဟုတ်လား။”

တာယင်အင်ပါယာ ရွှင်ချင်ဝမ်က ပြန်ဖြေသည်။ “ကျုပ်တို့ တာယင်ဧကရာဇ်မင်းမြတ်က ယွင်ကျုံးဟဲ့ မိသားစုနဲ့ ပြန်လည်ပေါင်းစည်းသွားတာကို ကြားသိရလို့ အလွန်ဝမ်းမြောက်ဝမ်းသာ ဖြစ်ရတယ်။ ကျုပ်တို့ တာယင်နဲ့ တာရှကမျိုးဆက်အဆက်ဆက် ရင်းနှီးခဲ့ကြတာဆိုတော့ ပိုပြီး ရင်းနှီးချင်လို့ပါ။”

ဧကရာဇ် ယုံချီက မေးလိုက်၏။ “ဘယ်လို ပိုပြီး ရင်းနှီးချင်တာလဲ။”

တာယင်အင်ပါယာ ရွှင်ချင်ဝမ်က ဖြေလိုက်သည်။ “မင်္ဂလာဆက်စပ်ဖို့ပါ။ ကျုပ်တို့ တာယင်အင်ပါယာရဲ့ မင်းသမီးမင်ယွီက ဒီနှစ် အသက်ဆယ့်ရှစ်နှစ် ရှိပါပြီ။ ပညာတတ်ပြီး ယဉ်ကျေးသိမ်မွေ့ကာ၊ မွန်မြတ်ပြီး ကောင်းမွန်တဲ့ စိတ်ထားရှိတယ်။ ယန်ချင်ဝမ်နဲ့ အတိအကျ လိုက်ဖက်ပြီး ကောင်းကင်ဘုံက ဖန်တီးပေးတဲ့ စုံတွဲပါပဲ။”

အရာရှိအားလုံး ဤစကားကို ကြားချိန်မှာတော့ အနည်းငယ် အံ့အားသင့်သွားကြသည်။ ယေဘုယျအားဖြင့် မင်္ဂလာဆက်စပ်မည်ဆိုလျှင်ပင် ယောကျ်ားလေးဘက်က မိန်းကလေးဘက်ကို ကမ်းလှမ်းရခြင်း ဖြစ်၏။

မိန်းကလေးဘက်က မည်သူနှင့် လက်ထပ်ချင်သည်ဆိုပြီး အရင် ကမ်းလှမ်းတာမျိုး မရှိပေ။ ဤသို့လုပ်ပါက အရှက်ကွဲစရာအဖြစ် သတ်မှတ်ခံရမှာ ဖြစ်သည်။

ထိုစဉ်က ရှီးလျန်နိုင်ငံ၏ မြင်းစီးတပ်ဖွဲ့များ တာ့ကျိုးမြို့တော်အောက်သို့ ရောက်လာချိန်တွင် ထျန်းယန် ဧကရာဇ်သည် သူ၏ သမီးတော် မင်းသမီးလန်ရှီးကို ရှီးလျန်ဘုရင်နှင့် လက်ထပ်ပေးခဲ့သည်။ ထိုအရာကို ကြီးမားသော အရှက်ရမှုအဖြစ် သတ်မှတ်ခံခဲ့ရ၏။ အဘယ်ကြောင့်ဆိုသော် သမီးကို အိမ်အရောက်ပို့ပေးကာ ငြိမ်းချမ်းရေးအတွက် လက်ထပ်ပေးခြင်း ဖြစ်သောကြောင့်ပင်။

ယခုအခါ တာယင်အင်ပါယာသည် တစ်လောကလုံးကို လွှမ်းမိုးထားပြီး အလွန်အင်အားကြီးမားနေပါလျက် မိမိတို့၏ မင်းသမီးကို အဘယ်ကြောင့် အိမ်အရောက် ပို့ပေးရသနည်း။ ဤသည်မှာ တာယင်အင်ပါယာ၏ ဂုဏ်သိက္ခာကို ထိခိုက်စေခြင်း မဟုတ်ပါလား။

သို့ပေမည့် ဧကရာဇ် ယုံချီကမူ ဤနေရာတွင် အန္တရာယ်ရှိသော အငွေ့အသက်ကို ခံစားလိုက်ရသည်။ တာယင် အင်ပါယာ၏ မင်္ဂလာဆက်စပ်မှုကို သဘောတူမည်လား။ သေချာပေါက် မဖြစ်နိုင်ပေ။ ထိုသို့လုပ်ခြင်းသည် ယွင်ကျုံးဟဲ့အတွက် ပြဿနာများနှင့် အန္တရာယ်များကိုသာ ယူဆောင်လာပေးမှာ ဖြစ်သည်။

သို့ပေမည့် တာယင်အင်ပါယာ၏ မင်္ဂလာဆက်စပ်မှုကို ငြင်းဆိုမည်လား။ သူတို့က ကိုယ့်ကိုယ်ကိုယ် နှိမ့်ချပြီး ကမ်းလှမ်းလာပါလျက် တိုက်ရိုက် ငြင်းဆိုလိုက်ပါက တာယင်အင်ပါယာကို စော်ကားရာရောက်ပြီး အနာဂတ် စစ်ပွဲအတွက် မီးစမွှေးလိုက်ခြင်းလည်း ဖြစ်၏။

ချက်ချင်းပဲ ဧကရာဇ် ယုံချီက ပြောလိုက်သည်။ “အင်း... တကယ် နှမြောစရာကောင်းတာပဲ၊ နှမြောစရာ ကောင်းတာပဲ။”

တာယင်အင်ပါယာ ရွှင်ချင်ဝမ်က မေးလိုက်၏။ “ဧကရာဇ်မင်းမြတ်၊ ဘယ်လို နှမြောစရာကောင်းတာလဲ။”

ဧကရာဇ် ယုံချီက ဖြေသည်။ “တာယင်ဧကရာဇ်ရဲ့ ကောင်းမွန်တဲ့ ရည်ရွယ်ချက်ကို ပစ်ပယ်လို့ မရဘူး။ ဒါပေမဲ့ ယန်ချင်ဝမ်မှာ စေ့စပ်ထားသူ ရှိနေပြီလေ။”

တာယင်အင်ပါယာ ရွှင်ချင်ဝမ်က မေးလိုက်၏။ “ဒီလို ကံကောင်းတဲ့ အမျိုးသမီးက ဘယ်သူလဲဆိုတာ သိခွင့်ရမလား။”

ဧကရာဇ် ယုံချီက ဖြေသည်။ “တာရှီအင်ပါယာက မင်းသမီးပါ။”

ရွှင်ချင်ဝမ်က မေးလိုက်၏။ “သွေးစွန်းဘုရင်မ လား။”

ဧကရာဇ် ယုံချီက ပြောလိုက်သည်။ “သွေးစွန်းဘုရင်မက ဘယ်သူလဲ။ ငါကိုယ်တော် မကြားဖူးဘူး။ သူက ဆီးနှင်းတောင် မင်းသမီး၊ ပြီးတော့ အနောက်ပင်လယ် ဘုရင်မ အဖြစ် ခန့်အပ်ခံထားရတာပါ။”

တာယင်အင်ပါယာ ရွှင်ချင်ဝမ်က ပြောလိုက်၏။ “ဒါဆိုရင်တော့ တကယ် နှမြောစရာ ကောင်းတာပဲ။”

ဧကရာဇ် ယုံချီက ပြောလိုက်သည်။ “တကယ်ကို နည်းလမ်းမရှိတော့ဘူး။ ဒီလိုဆိုတော့ တာယင်ဧကရာဇ်ရဲ့ ကောင်းမွန်တဲ့ ရည်ရွယ်ချက်ကို လျစ်လျူရှုလိုက်ရတော့မှာပဲ။ ငါကိုယ်တော် ကိုယ်တိုင် ခင်ဗျားတို့ ဧကရာဇ်ဆီ စာရေးပြီး တောင်းပန်လိုက်ပါ့မယ်။”

တာယင်အင်ပါယာ ရွှင်ချင်ဝမ်က ပြော၏။ “တာရှဧကရာဇ်မင်းမြတ် အားနာနေပါပြီ။ ဒီလိုဆိုမှတော့ နိုင်ငံခြားအမတ်ကို သွားခွင့်ပြုပါအုံး။”

ထို့နောက် တာယင်အင်ပါယာ သံတမန်အဖွဲ့သည် ထွက်ခွာသွားခဲ့၏။ မိုင်ထောင်ချီဝေးသော တာရှ အင်ပါယာသို့ လာရောက်ခြင်းမှာ ယွင်ကျုံးဟဲ့ကို မင်္ဂလာကမ်းလှမ်းရန် သက်သက်သာ ဖြစ်ပုံရသည်။

နောက်ရက်အနည်းငယ်တွင် ယွင်ကျုံးဟဲ့သည် ဝက်၏ မုန့်ချိုအိတ်မှ အင်ဆူလင်ကို စတင် ထုတ်ယူတော့သည်။ ဤလုပ်ငန်းစဉ်မှာ မခက်ခဲလှဘဲ အလွန်ရှုပ်ထွေးသော ဓာတုလုပ်ငန်းစဉ်များ မပါဝင်ပေ။

ရက်အနည်းငယ်အကြာတွင် အောင်မြင်စွာ ထုတ်ယူနိုင်ခဲ့ပြီး ဧကရာဇ် ယုံချီအား အင်ဆူလင် ထိုးပေးခဲ့သည်။ အမျိုးအစား(၂) ဆီးချိုရောဂါဖြစ်သောကြောင့် ချက်ချင်း သက်သာပျောက်ကင်းသွားခြင်းမျိုးတော့ မဟုတ်ပေ။ သို့ပေမည့် အမျိုးအစား(၂) မဟုတ်ပါက ဧကရာဇ် ယုံချီသည် ယခုအချိန်အထိ တောင့်ခံထားနိုင်မည် မဟုတ်ပေ။

သို့ပေမည့် ယွင်ကျုံးဟဲ့၏ ဂရုတစိုက် ကုသမှုအောက်တွင် ဧကရာဇ် ယုံချီ၏ အခြေအနေမှာ ပိုပိုပြီး ကောင်းမွန်လာခဲ့သည်။

ခန္ဓာကိုယ်ပေါ်ရှိ နာကျင်မှုများ တဖြည်းဖြည်း လျော့ပါးသွားပြီး လက်နှင့် ခြေထောက်များလည်း တဖြည်းဖြည်း ပြန်လည် ကောင်းမွန်လာကာ စိတ်ဓာတ်အခြေအနေလည်း လျင်မြန်စွာ ပြန်လည် ကောင်းမွန် လာခဲ့၏။

စိတ်ဓာတ် တက်ကြွလာသော ဧကရာဇ်သည် နိုင်ငံရေးကိစ္စများကို တဖြည်းဖြည်း ပြန်လည် စီမံခန့်ခွဲလာပြီး ဤကာလအတွင်း အဘိုးနှင့် မြေး နှစ်ဦး၏ သံယောဇဉ်မှာလည်း ပိုမို နက်ရှိုင်းလာခဲ့သည်။

အချို့က ယန်ချင်ဝမ်၏ အံ့ဩစရာ ဆေးပညာအကြောင်းကို ဖြန့်ဝေချင်ကြသော်လည်း ဧကရာဇ်က အမိန့်တော် ထုတ်ပြန်ကာ ယန်ချင်ဝမ်၏ ဆေးပညာအကြောင်းကို မဖြန့်ဝေရန်နှင့် ယန်ချင်ဝမ်၏ မိဘကျေးဇူး သိတတ်မှုကိုသာ ဖြန့်ဝေရန် အမိန့်ပေးခဲ့၏။

ဧကရာဇ်မင်းမြတ်သည်လည်း အလွန် စေတနာထားခဲ့ခြင်း ဖြစ်သည်။ အကယ်၍ ယွင်ကျုံးဟဲ့၏ ဆေးပညာ အကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေလိုက်ပါက တစ်လောကလုံးက ယွင်ကျုံးဟဲ့ကို သမားတော်တစ်ဦး အဖြစ်သာ ရှုမြင်ကြမည်ဖြစ်ပြီး ဧကရာဇ်တစ်ပါးအဖြစ် ရှုမြင်ကြမည် မဟုတ်ပေ။

တာရှအင်ပါယာမှ တာရှီအင်ပါယာသို့ စေလွှတ်သော သံတမန်အဖွဲ့မှာ အရွယ်အစား မကြီးမားသော်လည်း လျှို့ဝှက်စွာ သွားလာကာ နေ့ရောညပါ ခရီးဆက်ခဲ့ကြသည်။ ခရီးရှည် သွားလာပြီးနောက် နောက်ဆုံးတွင် တာရှီအင်ပါယာ မြို့တော်သို့ ရောက်ရှိသွားခဲ့၏။

ဤတစ်ကြိမ် တာရှသံတမန်အဖွဲ့၏ အရေးအကြီးဆုံး တာဝန်မှာ တာရှီအင်ပါယာနှင့် မဟာမိတ်ဖွဲ့ရန် မဟုတ်ဘဲ ယွင်ကျုံးဟဲ့အတွက် သွေးစွန်းဘုရင်မကို မင်္ဂလာကမ်းလှမ်းရန် ဖြစ်သည်။

ရေတပ်အသစ် တည်ဆောက်ရန် အချိန်မမီတော့သောကြောင့် သွေးစွန်းဘုရင်မ၏ ရေတပ်ကို ပြုပြင် ပြောင်းလဲမှသာ တာရှန်း မိစ္ဆာနိုင်ငံတော်၏ ရေတပ်ကို အနိုင်ယူနိုင်မည့် အခွင့်အရေး ရှိမှာဖြစ်၏။

သွေးစွန်းဘုရင်မ၏ ဤရေတပ်သည် ယွင်ကျုံးဟဲ့အတွက် အလွန် အရေးကြီးလှသည်။ ဤကာလအတွင်း ယွင်ကျုံးဟဲ့လည်း အားမနေခဲ့ချေ။

သူသည် နေရာတစ်ခုကို ရွေးချယ်ပြီး တာရှအင်ပါယာ၏ ပန်းပဲဆရာ အများအပြားကို လျှို့ဝှက်စွာ ဆင့်ခေါ်ကာ လျှို့ဝှက်နေရာတစ်ခုသို့ သွားရောက်၍ လုံးဝ ပိတ်ဆို့ထားပြီး အတွင်း၌ အမြောက်များ ထုတ်လုပ်ရမှာ ဖြစ်သည်။

သို့ပေမည့် သူ့တွင် လူယုံ မရှိပေ။ တာရှအင်ပါယာ တစ်ခုလုံးသည် အိမ်ရှေ့စံ ရှကျူး၏ နောက်လိုက်များဖြင့် ပြည့်နှက်နေပြီး တာယင်အင်ပါယာ ဟေးလုံထိုင်၏ သူလျှိုများကလည်း အလွန် အစွမ်းထက်သောကြောင့် မည်သည့်နေရာတွင် ထိုးဖောက် ဝင်ရောက်နေသည်ကို မသိနိုင်ပေ။

အမြောက်ထုတ်လုပ်သည့် ကိစ္စကို ယွမ်ထျန်းရှဲ့၏ ဟွမ်ထျန်းဂိုဏ်းကိုသာ အပ်နှံ၍ ရမှာဖြစ်သည်။ သူတို့က ယုံကြည်စိတ်ချရပြီး ဤကဏ္ဍတွင် အလွန် ကျွမ်းကျင်ကြသည်။ ယွမ်ထျန်းရှဲ့၏ လက်အောက်တွင် လျှို့ဝှက် ပညာရှင်များ အများအပြား ရှိပြီး သူတို့ကို လက်နက်များ ထုတ်လုပ်ခိုင်းခြင်းသည် အလွန် ထိရောက်မှု ရှိမှာ ဖြစ်သည်။

ဧကရာဇ်သည် အောက်ရှင်းနှင့် ယွမ်ထျန်းရှဲ့တို့၏ သတင်းများကို ရှာဖွေရန်၊ ကျင်းကျုံးယွဲ့၏ သတင်းကို ရှာဖွေရန် လူအများအပြားကို စေလွှတ်ထားပြီး ဖြစ်သည်။ သို့ပေမည့် ယခုအချိန်အထိ သတင်းအစအနမှ မရသေးပေ။

သို့ပေမည့် သံထည်ပစ္စည်းများ စုဆောင်းခြင်း၊ ပန်းပဲဆရာများ စုဆောင်းခြင်းတို့ကို ကြိုတင် လုပ်ဆောင် ထားနိုင်ပြီး ပို၍ အရေးကြီးသော ကိစ္စမှာ ယမ်းစိမ်းသတ္တုတွင်း ရှာဖွေရန် ဖြစ်သည်။

အိမ်သာ နံရံများကို ခြစ်ယူရုံဖြင့် ယမ်းစိမ်း အများအပြား မရနိုင်ပေ။ ယမ်းစိမ်းသတ္တုတွင်းကို ရှာတွေ့မှသာ ယမ်းမှုန့်များကို အဆက်မပြတ် ထုတ်လုပ်နိုင်မှာဖြစ်၏။

ထို့မှသာ သူ၏ ယမ်းမှုန့် ဖော်စပ်နည်းကိုလည်း အဆင့်မြှင့်တင်နိုင်ပြီး ပိုမို အစွမ်းထက်သော ပေါက်ကွဲရေး ပစ္စည်းများ အများအပြားကို ထုတ်လုပ်နိုင်မှာဖြစ်သည်။

သို့ပေမည့် ယမ်းစိမ်းသတ္တုတွင်း တူးဖော်ရန် သွေးစွန်းဘုရင်မ၏ ရေတပ်ကို လိုအပ်ဆဲ ဖြစ်သည်။ တာရှ အင်ပါယာ၏ ရေတပ်ကို ယွင်ကျုံးဟဲ့ လောလောဆယ် အသုံးမပြုရဲပေ။ ၎င်းတို့အထဲတွင် တာယင်အင်ပါယာ ဟေးလုံထိုင်၏ သူလျှိုများ မရှိကြောင်း မည်သူက အာမခံနိုင်မည်နည်း။

နေရာကို သူ ရွေးချယ်ထားပြီးဖြစ်ကာ အရာအားလုံး အသင့်ဖြစ်နေပြီ ဖြစ်ပြီး ကျင်းကျုံးယွဲ့၊ သွေးစွန်းဘုရင်မ၊ ယွမ်ထျန်းရှဲ့တို့ ရောက်လာမည့်အချိန်ကိုသာ စောင့်ဆိုင်းနေရုံ ဖြစ်သည်။

ထို့အပြင် သူသည် ယခုအခါ တာ့ယန်အင်ပါယာ၏ မင်းသား ဖြစ်နေပြီ ဖြစ်သည်။ ဧကရာဇ်၏ အပြည့်အဝ ထောက်ခံမှုကို ရရှိထားကာ ဧကရာဇ်ထံမှ မည်သည့်မြေနေရာကိုမဆို တောင်းဆိုနိုင်ပြီး တာရှအင်ပါယာ တစ်ခုလုံး၏ ပစ္စည်းများကိုလည်း အသုံးပြုနိုင်သည်။

ယွင်ကျုံးဟဲ့ မြေပုံရှေ့တွင် ရပ်ကာ တစ်လက်မချင်း လိုက်ရှာနေ၏။

‘ကျင်းကျုံးယွဲ့... မင်း ဘယ်တွေများ ရောက်နေတာလဲ။ အဖေ၊ ယွမ်ထျန်းရှဲ့၊ ခင်ဗျားတို့ကော ဘယ်မှာလဲ။ တာရှ သံတမန်အဖွဲ့ တာရှီမြို့တော်ကို ရောက်လောက်ပြီ။ သွေးစွန်းဘုရင်မကို မင်္ဂလာကမ်းလှမ်းတာ ဘယ်လိုနေလဲ မသိဘူး။’

All Chapters