← Chapters

အခန်း (၆၉၇-၆၉၈)

Vol. 59 Ch. 697-698

အခန်း (၆၉၇-၆၉၈)

Vol. 59 Ch. 697-698

အပိုင်း (၆၉၇)

သန်းခေါင်ယံအချိန်တွင် ယွင်ကျုံးဟဲ့ အိပ်မောကျနေ၏။ အဘယ့်ကြောင့်မှန်းမသိ နှာခေါင်းဝတွင် ပိုပိုပြီး မွှေးကြိုင်လာပြီး အိပ်မက်များကလည်း ပိုပိုပြီး လှပလာသည်။

နွေဦးရာသီ၏ အငွေ့အသက်များ ပြည့်နှက်နေသော အိပ်မက်များက တစ်ခုပြီးတစ်ခု ဖြစ်ပေါ်လာပြီး အလွန် တကယ့်လက်တွေ့ဆန်လှသည်။ သူ့တစ်ကိုယ်လုံး နူးညံ့မှုများထဲသို့ ကျွံဝင်သွားသကဲ့သို့ ခံစားနေရ၏။

‘ဒါ... ဒါ မမှန်ဘူး။ ဒီလို နွေဦးရာသီ အိပ်မက်မျိုးက ဘယ်မှာ အဆုံးမရှိ မက်နေလို့လဲ။ ပြီးတော့ အိပ်မက်ထဲမှာ အရမ်းကို နစ်မျောစရာ ကောင်းလွန်းနေတယ်။’

ချက်ချင်းပဲ သူ ရုတ်တရက် သတိဝင်လာပြီး လန့်နိုးသွား၏။ ထို့နောက် ယွင်ကျုံးဟဲ့ အလွန် အံ့အားသင့်စွာ တွေ့လိုက်ရသည်မှာ သူ၏ ကုတင်ပေါ်တွင် အခြားလူတစ်ယောက် ရှိနေခြင်းပင် ဖြစ်သည်။

အမျိုးသမီးတစ်ဦးက သူ၏ ခါးပေါ်တွင် ထိုင်နေသည်။ မျက်နှာကို သေချာ မမြင်ရသော်လည်း ခန္ဓာကိုယ် ကောက်ကြောင်းများကို ဝေဝါးစွာ မြင်နေရပြီး မိစ္ဆာကဲ့သို့သော ဆွဲဆောင်မှုများ ပြည့်နှက်နေ၏။

ပြိုင်ဘက်ကင်းသော မိစ္ဆာကဲ့သို့ ခန္ဓာကိုယ်အချိုးအစားနှင့် နှင်းကဲ့သို့ ချောမွေ့သော အသားအရေ ရှိသော အမျိုးသမီးက အလွန်ထက်မြက်သော ဓားကို ယွင်ကျုံးဟဲ့၏ အဓိကသွေးကြောပေါ်တွင် တင်ထားပြီး ညင်သာစွာ ဆွဲလိုက်ရုံဖြင့် ပြတ်သွားနိုင်သည်။

‘ဒါ... ဒါက နန်းတော်လေ၊ လုံခြုံရေး ဘယ်လောက်တောင် တင်းကျပ်ထားလဲ။ ဒီအမျိုးသမီး ဘယ်လို ဝင်လာတာလဲ။ ဒီထဲမှာ သူလျှိုရှိနေတယ်။’

“ယွင်ကျုံးဟဲ့... နေကောင်းရဲ့လား။” ဤအမျိုးသမီးက တိုးညှင်းစွာ ပြောလိုက်ပြီး ပါးစပ်ဖွင့်လိုက်ချိန်တွင် မွှေးကြိုင်သော ရနံ့များ ထွက်ပေါ်လာ၏။

‘ပိုင်ဖေးဖေး၊ ပိုင်ယင်မြို့ မင်းသမီး ပိုင်ဖေးဖေး လား။ သူမက လောကမှာ အစွမ်းအထက်ဆုံးနဲ့ အယုတ်မာဆုံး အမျိုးသမီးလေ။ ဒီမိစ္ဆာမက နန်းတော်ထဲမှာပေါ်လာပြီး ယွင်ကျုံးဟဲ့ရဲ့ ကုတင်ပေါ်မှာ ပေါ်လာတာလား။’

ပိုင်ဖေးဖေးက တိုးညှင်း အက်ကွဲသောအသံဖြင့် ပြောလိုက်သည်။ “ယွင်ကျုံးဟဲ့... ကျွန်မ ပစ္စည်းတစ်ခု လာယူတာ၊ အရမ်း အရေးကြီးတဲ့ ပစ္စည်းတစ်ခုပဲ။”

ယွင်ကျုံးဟဲ့က မေးလိုက်၏။ “ဘာပစ္စည်းလဲ။”

ပိုင်ဖေးဖေးက ဖြေလိုက်သည်။ “ရှင့်ဆီက ပစ္စည်းတစ်ခု လာယူတာ။ စိတ်ချပါ။ ရှင် သေမှာ မဟုတ်ဘူး၊ နည်းနည်းတောင် သက်သာသွားအုံးမယ်။”

“ဘာပစ္စည်းလဲ” ယွင်ကျုံးဟဲ့က ထပ်မေးလိုက်၏။

ပိုင်ဖေးဖေးက ဖြေသည်။ “ဘာပစ္စည်းလဲဆိုတာ ခဏနေမှ ပြောပြမယ်။”

ထို့နောက် သူမက ယွင်ကျုံးဟဲ့၏ မျက်နှာကို ကိုင်ကာ ပြောလိုက်၏။ “အရင်တစ်ခေါက် တွေ့တုန်းက မှတ်မိသေးလား။ ကျွန်မက ကျင်းဝူရွမ်းကို အမိန့်ပေးပြီးတော့ ရှင့်ကို ခြေထောက်နဲ့ ကန်ချခိုင်းလိုက်တာလေ။”

ယွင်ကျုံးဟဲ့က ဖြေသည်။ “သေချာပေါက် မှတ်မိတာပေါ့။”

ပိုင်ဖေးဖေးက မေး၏။ “အဲဒီတုန်းက ရှင့်ကို တစ်ချက်ကြည့်လိုက်တာနဲ့ ရွံစရာကောင်းတယ်လို့ ခံစားရတယ်။ ဘာဖြစ်လို့လဲ သိလား။”

ယွင်ကျုံးဟဲ့က ဖြေသည်။ “ရုပ်ဆိုးလို့လေ။”

ပိုင်ဖေးဖေးက ခေါင်းခါလိုက်၏။ “မဟုတ်ဘူး၊ ရုပ်ဆိုးရုံတင်မကဘူး၊ အောက်တန်းလည်း ကျလို့။”

ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “အဲဒီတုန်းက ကျုပ်ရဲ့ ကိုယ်ပိုင်အမှတ်အသားက အောက်ယွီ၊ ကျုပ်အဖေက နုလန်ဟောက်၊ ဒီ ကိုယ်ပိုင်အမှတ်အသားက အောက်တန်းကျသေးလို့လား။”

“သေချာပေါက် အောက်တန်းကျတာပေါ့။”

ပိုင်ဖေးဖေးက ပြောလိုက်၏။ “ကျွန်မရဲ့အမြင်မှာ ကျိုးကျီတောင်မှ အောက်တန်းကျတယ်။ ရှင်ဆိုရင်တော့ ပြောနေစရာတောင် မလိုတော့ဘူး။ မြို့စားတစ်ယောက်ရဲ့ သားလောက်က ကျွန်မနဲ့ လေရှူတာ တူနေတာတောင် ကျွန်မ ရွံတယ်။”

ထိုအချိန်တုန်းက ပိုင်ဖေးဖေး တကယ်ပဲ ထိုသို့ လုပ်ခဲ့၏။ ယွင်ကျုံးဟဲ့ကို မျက်လုံးနဲ့တောင် မကြည့်ဘဲ နားကို ပိတ်ကာ အသက်ရှူအောင့်ထားခဲ့သည်။ ထိုကဲ့သို့ ရွံရှာမှုမျိုးက လုံးဝ အထွတ်အထိပ် ဖြစ်သည်။

“မရဘူး၊ မရဘူး။”

ပိုင်ဖေးဖေးက ပြောလိုက်၏။ “ကျွန်မ အဲဒီမှတ်ဉာဏ်တွေကို ဖျက်ပစ်ရမယ်။ အရမ်း ရွံစရာကောင်းတယ်။ အရမ်း ရွံစရာကောင်းတယ်။”

ထို့နောက် ပိုင်ဖေးဖေး မျက်လုံးမှိတ်လိုက်ပြီး ထိုမှတ်ဉာဏ်များကို ဦးနှောက်ထဲကနေ ဖျက်ပစ်လိုက်ဖို့ ကြိုးစားနေပုံ ရသည်။

ထို့နောက် သူမ မျက်လုံး ပြန်ဖွင့်လာပြီး ယွင်ကျုံးဟဲ့၏ မျက်နှာကို သေချာစွာ ကြည့်ကာ ပြောလိုက်၏။ “အခု ရှင်က တကယ်ကို ပြိုင်ဘက်ကင်းအောင် ချောမောလှပနေတာပဲ။ ပြီးတော့ အရမ်းကို မြင့်မြတ်တဲ့ အလှမျိုး၊ အမြင့်ဆုံး သွေးကြောကို ပိုင်ဆိုင်ထားတော့ တကယ်ကို ရူးသွပ်စရာ ကောင်းလောက်အောင် ဆွဲဆောင်မှု ရှိတယ်။ ရှင် ရှူထုတ်လိုက်တဲ့ လေတောင်မှ ချိုမြိန်နေတယ်။”

‘ဒီမိန်းမက အရူးပဲ၊ စိတ်မမှန်ဘူး။’

ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ပိုင်ဖေးဖေး... ဒီနေရာက နန်းတော်လေ၊ လုံခြုံရေး အရမ်း တင်းကျပ် ထားတာ မင်းရဲ့ သိုင်းပညာ ဘယ်လောက်ပဲမြင့်မြင့် ဝင်လို့ မရနိုင်ဘူး။ မင်း ဘာလို့ ကျုပ်အခန်းထဲ ရောက်နေတာလဲ။ မင်း ဘယ်လို ဝင်လာတာလဲ။”

ပိုင်ဖေးဖေးက ပြုံးကာ ပြောလိုက်၏။ “ရှင် ခန့်မှန်းကြည့်လေ။”

ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ခင်ဗျားက မိန်းမစိုး ဒါမှမဟုတ် အစေခံမလေးအဖြစ် ဟန်ဆောင်ပြီး ခိုးဝင်လာတာ မဟုတ်လား။”

ပိုင်ဖေးဖေးက ပြုံးကာ ပြောလိုက်၏။ “ရှင် ထပ်ခန့်မှန်းကြည့်လေ။”

ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ခင်ဗျားမှာ နန်းတော်ထဲက အဆက်အသွယ် ရှိတယ်။”

ပိုင်ဖေးဖေးက ပြော၏။ “ရှင် ထပ်ခန့်မှန်းကြည့်အုံး။”

ယွင်ကျုံးဟဲ့ ဆက်မခန့်မှန်းတော့ပေ။ အရင် အဖြေနှစ်ခုလုံး မဟုတ်ဘူးဆိုရင် တစ်ခုတည်းသော အဖြေက ကြက်သီးထစရာ ကောင်းနေပြီ ဖြစ်သည်။

ပိုင်ဖေးဖေးက ပြောလိုက်၏။ “ကျွန်မ ဒီလိုပဲ ဝင်လာတာလေ။”

ထို့နောက် ပိုင်ဖေးဖေးက ထပ်မေးလိုက်သည်။ “ယွင်ကျုံးဟဲ့... သဲကန္တာရ ဘက်မှာ အတိအကျ ဘာတွေ ဖြစ်သွားခဲ့တာလဲ။”

ယွင်ကျုံးဟဲ့က ဖြေလိုက်၏။ “မမှတ်မိတော့ဘူး။”

ပိုင်ဖေးဖေးက မေးလိုက်သည်။ “တာယင်ဧကရာဇ်က ဘယ်လို သေတွင်းထဲရောက်မှ ရှင်သန်ခွင့်ရပြီး မျိုးဗီဇ ပြောင်းလဲသွားတာလဲ။”

ယွင်ကျုံးဟဲ့က ဖြေလိုက်၏။ “ဒါလည်း မမှတ်မိတော့ဘူး။”

ပိုင်ဖေးဖေးက ရယ်မောကာ မေးလိုက်သည်။ “ယွင်ကျုံးဟဲ့... ရှင်လည်း ကျွန်မလိုပဲလား။ မမှတ်မိချင်တဲ့ ကိစ္စတွေကို ဦးနှောက်ထဲကနေ ဖျက်ပစ်လိုက်တာလား။”

‘ဒီစကားက နားထောင်ရတာ နည်းနည်း ရင်းနှီးနေသလိုပဲ။’

ပိုင်ဖေးဖေးက ပြောလိုက်၏။ “ယွင်ကျုံးဟဲ့... တကယ်တော့ ကျွန်မတို့ သိပါတယ်။ တာယင်ဧကရာဇ်ရဲ့မျိုးဗီဇ ပြောင်းလဲမှုက အမှောင်သေမင်းကို အားကိုးခဲ့တာ မဟုတ်လား။”

‘အမှောင်သေမင်း ဆိုတာ ရေဒီယိုသတ္တိကြွမှု အပြည့်ရှိတဲ့ ဂရက်ဖိုက်ကို ပြောတာလား။’

ပိုင်ဖေးဖေးက ဆက်ပြောလိုက်သည်။ “ကျွန်မတို့ တာရှန်း မိစ္ဆာနိုင်ငံတော်ရဲ့ ယုံကြည်မှုက သေမင်းပဲ၊ ကိုးကွယ်တာက အမှောင်ထု၊ သေမင်း ထာဝရ အသက်ရှင်သည် ဆိုတာမျိုးပေါ့။ တာယင်ဧကရာဇ်က တာရှန်း မိစ္ဆာနိုင်ငံတော်ရဲ့ ဧကရာဇ် နေရာကို လုယူဖို့အတွက်၊ သေတွင်းထဲရောက်မှ ရှင်သန်ခွင့်ရပြီး မျိုးဗီဇ ပြောင်းလဲသွားခဲ့တယ်။ တကယ်ကို ချီးကျူးစရာ ကောင်းလောက်အောင် အံ့ဩစရာပဲ။”

ယွင်ကျုံးဟဲ့က မေးလိုက်၏။ “ခင်ဗျားက အားလုံး သိနေမှတော့ ဘာလို့ ကျုပ်ကို လာမေးနေသေးလဲ။”

ပိုင်ဖေးဖေးက မေးသည်။ “တာယင်အင်ပါယာက ဘာလို့ တာရှအင်ပါယာကို မတိုက်တာလဲ ဆိုတာ ရှင် သိလား။ ငြိမ်းချမ်းရေး စာချုပ်တောင် လက်မှတ်ရေးထိုးလိုက်သေးတယ်လေ။”

ယွင်ကျုံးဟဲ့က ဖြေ၏။ “သေချာပေါက် တာယင်ဧကရာဇ်နဲ့ ပိုင်ယင်မြို့စားတို့ရဲ့ သိုင်းပြိုင်ပွဲကြောင့်ပေါ့၊ တာရှန်း မိစ္ဆာနိုင်ငံတော်မှာ ဧကရာဇ် တစ်ပါးတည်းပဲ ရှိနိုင်တယ်။ နိုင်တဲ့သူက ဧကရာဇ် ပဲလေ။”

“ခစ်.... ခစ်... ခစ်...”

ပိုင်ဖေးဖေးက ရယ်မောကာ ပြောလိုက်သည်။ “ယွင်ကျုံးဟဲ့... ရှင်က တကယ်ကို ဖြူစင်ပြီး ကလေးဆန်လွန်းတယ်။”

ထို့နောက် သူမ ချက်ချင်း အပြုံးကို ရုပ်သိမ်းလိုက်ပြီး ပြောလိုက်၏။ “ယွင်ကျုံးဟဲ့.... ရှင်တို့အတွက်တော့ စစ်ပွဲက ပြီးဆုံးသွားပြီ။”

ယွင်ကျုံးဟဲ့ လည်း တိတ်ဆိတ်သွားပြီး မေးလိုက်သည်။ “ဒါဆို ခင်ဗျား ဘာလာလုပ်တာလဲ။”

ပိုင်ဖေးဖေးက ဖြေ၏။ “ပစ္စည်း လာငှားတာလေ။”

ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “အဲဒီ အမှောင်သေမင်း ဆိုတာကို ငှားမလို့လား။ အဲဒါက ဂရက်ဖိုက် အမှုန့်တွေလေ။”

ပိုင်ဖေးဖေးက ခေါင်းခါလိုက်၏။ “မဟုတ်ဘူး၊ အဲဒါ မဟုတ်ဘူး၊ အဲဒါမျိုး ကျွန်မတို့ဆီမှာလည်း ရှိတယ်။ ကျွန်မက ရှင့်ဆီကနေ တခြား ပစ္စည်း တစ်ခုကို ငှားချင်တာ။”

ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ဘာပစ္စည်းလဲ။”

ပိုင်ဖေးဖေးက ဖြေ၏။ “ရှင့်ရဲ့ သွေးသားလေ။”

ယွင်ကျုံးဟဲ့ အလွန် အံ့အားသင့်သွားသည်။ ‘ဒါ... ဒါက ဘာအဓိပ္ပာယ်လဲ။’

နောက်တစ်စက္ကန့်တွင် ပိုင်ဖေးဖေးက ကြက်သီးထစရာ ရှည်လျားသော အပ်ဆယ်ချောင်းကျော်ကို ထုတ်ယူလိုက်သည်။ ထို့နောက် သူမက ထိုအပ်များကို ယွင်ကျုံးဟဲ့၏ တစ်ကိုယ်လုံးရှိ သွေးကြောစုံရာ အချက်အချာ နေရာများသို့ ပြင်းထန်စွာ စိုက်သွင်းလိုက်၏။

“အား...” ယွင်ကျုံးဟဲ့၏ လည်ချောင်းမှ အလွန် သနားစရာကောင်းသော အော်ဟစ်သံ ထွက်ပေါ်လာသည်။

သို့ပေမည့် ပိုင်ဖေးဖေးက ယွင်ကျုံးဟဲ့၏ ပါးစပ်ကို ပိတ်လိုက်၏။

ပိုင်ဖေးဖေး၏ လက်နှစ်ဖက်က လျင်မြန်စွာ လှုပ်ရှားနေပြီး ရှည်လျားသော အပ်ဆယ်ချောင်းကျော်ကို ယွင်ကျုံးဟဲ့၏ တစ်ကိုယ်လုံးရှိ သွေးကြောစုံရာ အချက်အချာ နေရာများသို့ စိုက်သွင်းလိုက်သည်။

ချက်ချင်းပဲ ယွင်ကျုံးဟဲ့ တစ်ကိုယ်လုံး တောင့်တင်းသွားတော့၏။

ပိုင်ဖေးဖေးက ပြောလိုက်သည်။ “ယွင်ကျုံးဟဲ့... ကျွန်မ ငှားပြီနော်။”

ထို့နောက် ယွင်ကျုံးဟဲ့သည် ငရဲပြည် ဆယ့်ရှစ်ထပ်သို့ ရောက်ရှိသွားသကဲ့သို့ နာကျင်မှုကို ခံစားလိုက်ရတော့၏။

နောက်တစ်နေ့ နိုးလာချိန်မှာတော့ ယွင်ကျုံးဟဲ့ မျက်လုံးများ ဖွင့်ကြည့်လိုက်သည်။ ကုတင်ပေါ်တွင် ဘာမှ မရှိတော့ဘဲ မနေ့ညက ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးက အိပ်မက်တစ်ခုကဲ့သို့ ဖြစ်နေ၏၊ သို့ပေမည့် အိမ်မက်လှလှလား၊ အိပ်မက်ဆိုးလား မသိနိုင်ပေ။

လေထုထဲတွင် ထူးဆန်းသော မွှေးရနံ့များ ပြည့်နှက်နေဆဲ ဖြစ်သည်။

သူ အားယူ၍ ထထိုင်ရန် ကြိုးစားလိုက်သော်လည်း သွေးကြောများ အားလုံး ပြတ်တောက်သွားသကဲ့သို့ ခံစားလိုက်ရ၏။

တကယ်ကို နာကျင်လွန်းလှသည်၊ သူ အတိအကျ ဘာတွေ ကြုံတွေ့ခဲ့ရသနည်း။ သို့ပေမည့် ဘာတွေ အငှားခံလိုက်ရသည် ဖြစ်စေ၊ လက်ရှိ အခြေအနေကို အတိုင်းအတာ တစ်ခုအထိ တွန်းအားပေးနိုင်မည်မှာ သေချာသည်။

ယွင်ကျုံးဟဲ့၏ ဦးနှောက်ထဲတွင် ပို၍ အရေးကြီးသော အခြားကိစ္စတစ်ခုကို တွေးတောနေသည်။ ပိုင်ဖေးဖေး ပြောခဲ့သော စကားနှစ်ခွန်းက မိစ္ဆာအသံကဲ့သို့ နားထဲတွင် ရစ်ဝဲနေ၏။

‘တာယင်အင်ပါယာက ဘာလို့ တာရှအင်ပါယာကို မတိုက်တာလဲ။ ငြိမ်းချမ်းရေး စာချုပ်တောင် လက်မှတ်ရေးထိုးလိုက်သေးတယ်လေ။ ယွင်ကျုံးဟဲ့... ရှင်တို့အတွက်တော့ စစ်ပွဲက ပြီးဆုံးသွားပြီ။’

ဤသည်မှာ တာရှန်း မိစ္ဆာနိုင်ငံတော်၏ သဘောထားပင် ဖြစ်သည်။

သူတို့အတွက်မူ နောက်ထပ်ရင်ခုန်စရာ တစ်ခုတည်းမှာ တာယင်ဧကရာဇ်နှင့် ပိုင်ယင်မြို့စားတို့၏ သိုင်းပြိုင်ပွဲသာ ကျန်ရှိတော့သည်။ အဆိုပါပြိုင်ပွဲတွင် အနိုင်ရရှိသူသည် တာရှန်းမိစ္ဆာနိုင်ငံတော်၏ သခင် ဖြစ်လာမှာဖြစ်ပြီး၊ တစ်နည်းအားဖြင့်ဆိုရသော် လောကကြီးတစ်ခုလုံးကို အုပ်စိုးမည့်သူ ဖြစ်လာပေလိမ့်မည်။

ဤကာလအတွင်း ဧကရာဇ် ယုံချီ၏ ကျန်းမာရေး အများကြီး ပြန်လည်ကောင်းမွန်လာသော်လည်း ညီလာခံသို့ မတက်ရောက်သေးဘဲ နိုင်ငံရေးကိစ္စများကို အိမ်ရှေ့စံထံ ဆက်လက် အပ်နှင်းထားဆဲ ဖြစ်၏။

ယွင်ကျုံးဟဲ့သည် နေ့စဉ် အဘိုးဖြစ်သူနှင့် အတူ စာဖတ်ပေးလေ့ရှိပြီး မယ်တော်မိဖုရားခေါင်ကြီးဟောင်း ကလည်း နန်းတော်မှ ထွက်ခွာကာ ယန်ရင် ဘုရားကျောင်းသို့ ပြန်သွားခဲ့ပြီ ဖြစ်သည်။

ယွင်ကျုံးဟဲ့သည် အဘိုးဖြစ်သူနှင့် စစ်တုရင် ကစားနေ၏။

“ရှောင်ဟဲ့၊ ကျုပ်တို့ အရင်တစ်ခေါက် ပြောလက်စကို ဆက်ပြောကြရအောင်...” ဧကရာဇ်က ပြောလိုက်သည်။

ယွင်ကျုံးဟဲ့က ခေါင်းညိတ်လိုက်၏။ “ဟုတ်ကဲ့ အဘိုး...”

ဧကရာဇ်က မေးသည်။ “ကောင်ကျူ ရှကျိုးက အရှေ့တိုင်း လောကရဲ့ ထိပ်တန်း သိုင်းပညာရှင် တစ်ထောင်ကျော်ကို ဦးဆောင်ပြီး နုဧကရာဇ်ကို သွားလုပ်ကြံခဲ့တယ်။ ဒါပေမဲ့ တစ်ယောက်မှ ပြန်မလာခဲ့ဘူး။ ဘာတွေ ဖြစ်သွားတယ်လို့ မင်း ထင်လဲ။”

ယွင်ကျုံးဟဲ့ ခဏမျှ စဉ်းစားပြီးနောက် ဖြေလိုက်၏။ “ဒီကိစ္စက အရမ်း ကြီးမားလွန်းတယ်။ အရမ်း အရေးကြီးလွန်းတော့ ကျုပ် မခန့်မှန်းရဲဘူး။”

ဧကရာဇ်က ပြောသည်။ “ရဲရဲဝံ့ဝံ့ ခန့်မှန်းကြည့်လေ။”

ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ပထမ ရလဒ်တစ်ခုက နှစ်ဖက်စလုံး အတူတကွ သေဆုံးသွားကြတယ်။ ဒါကြောင့် ကောင်ကျူ ရှကျိုးနဲ့ ထိပ်တန်း သိုင်းပညာရှင် တစ်ထောင်ကျော် တစ်ယောက်မှ ပြန်မလာခဲ့သလို နုဧကရာဇ်လည်း ရုတ်တရက် သေဆုံးသွားခဲ့တယ်။”

ဧကရာဇ်က ခေါင်းညိတ်လိုက်သည်။ “ဆက်ပြောပါအုံး။”

ယွင်ကျုံးဟဲ့က ဆက်ပြော၏။ “နောက်ထပ် ရလဒ်တစ်ခုက ထိပ်တန်း သိုင်းပညာရှင် တစ်ထောင်ကျော် အားလုံး မသေဘဲ ပုန်းအောင်းနေခဲ့ကြတယ်။”

ဧကရာဇ်က မေးလိုက်သည်။ “ဘာလို့ ပုန်းအောင်းနေရတာလဲ။”

ယွင်ကျုံးဟဲ့က ဖြေ၏။ “ဘာလို့လဲဆိုတော့ တာရှန်း မိစ္ဆာနိုင်ငံတော်ရဲ့ အကြွင်းအကျန် အင်အားစုတွေက ပင်လယ်ရပ်ခြားကို ထွက်ပြေးသွားကြပြီး အချိန်မရွေး တစ်ကျော့ပြန် လာနိုင်တယ်လေ။ ဒါကြောင့် အဲဒီနေ့ ရောက်လာမှာကို အမြဲတမ်း ကာကွယ်ဖို့ လိုအပ်တယ်။ တာရှန်း မိစ္ဆာနိုင်ငံတော်ရဲ့ တစ်ကျော့ပြန် အသက်ဝင်လာမှုကို ရင်ဆိုင်ဖို့ လျှို့ဝှက် အဖွဲ့အစည်း တစ်ခု ထားရှိဖို့ လိုအပ်တယ်။”

ဧကရာဇ် အတန်ကြာ တိတ်ဆိတ်သွားပြီးနောက် မေးလိုက်သည်။ “ကလေး... ကျီရွှေ့အဖွဲ့အစည်း အကြောင်း မင်း ကြားဖူးလား။”

ယွင်ကျုံးဟဲ့ ချက်ချင်းဆိုသလို ဦးနှောက်ထဲတွင် ထိုဝေါဟာရကို ရှာဖွေလိုက်၏။

‘ဒီစကားလုံးကို တကယ် ကြားဖူးတယ်။ ဒါပေမဲ့ အရမ်းကို မထင်မှတ်ဘဲ ကြားခဲ့ရတာ၊ ပြီးတော့ သိပ်အရေးမကြီးဘူးလို့ ထင်ခဲ့တာ။ ဟုတ်ပြီ၊ ဟုတ်ပြီ၊ မှတ်မိပြီ။’

အပိုင်း (၆၉၈)

သူ ပထမဆုံးအကြိမ် ကြားဖူးခဲ့သည်မှာ စနစ်တကျ ဘာသာရေးဂိုဏ်းဟူသည့် အမည်နှင့် ဖြစ်၏။ တာ့ကျိုး မိဖုရားကြီးသည် ဧကရာဇ်ဟောင်းနှင့် ယွင်ကျုံးဟဲ့တို့အား အဆိပ်ပိုးကောင်ဖြင့် လုပ်ကြံရန် ကြိုးပမ်းစဉ်က စနစ်တကျ ဘာသာရေးဂိုဏ်းမှဟု ဆိုသူတစ်ဦး ရောက်ရှိလာပြီး ကိုယ်တွင်းအဆိပ်ကောင်ဟု အမည်တွင်သည့် ပိုးကောင်တစ်ကောင်ကို ပေးအပ်ခဲ့ဖူးသည်။

သို့သော်လည်း ထိုအရာသည် တကယ့် ကိုယ်တွင်းအဆိပ်ကောင်မဟုတ်ဘဲ ရုပ်ဆိုးအကျည်းတန်သည့် ပိုးကောင်သာ ဖြစ်နေခဲ့သည်။ အမှန်စင်စစ် ထိုသူမှာ ဟွမ်ထျန်းဂိုဏ်းမှ စေလွှတ်လိုက်သည့် လူလိမ်တစ်ဦးသာ ဖြစ်၏။

နောက်တစ်ကြိမ်တွင်မူ မိဖုရားကြီး၏ ဖခင်ဖြစ်သူ ထိုက်ခန်းဟောက်အား စစ်ဆေး မေးမြန်းမှုများ ပြုလုပ် ခဲ့သည်။ မိဖုရားခေါင်၏ မိသားစုသည် မှောင်ခိုကုန်သွယ်မှုများ မှတစ်ဆင့် ငွေကြေး ဆယ်သန်းကျော်အား အကျင့်ပျက်ခြစားခဲ့သော်လည်း၊ ဖော်ထုတ်သိမ်းဆည်းရမိသည့်ငွေမှာ တစ်သန်းကျော်သာ ရှိပြီး ကျန်ငွေများမှာ ပျောက်ဆုံးသွားခဲ့သည်။

နောက်ဆုံးစစ်ဆေးချက်များအရ ထိုငွေကြေးများအားလုံးကို ကျီရွှေ့အဖွဲ့အစည်းထံသို့ အပ်နှံလိုက်ကြောင်း ထွက်ဆိုခဲ့ကြသည်။ သို့သော်လည်း ကျီရွှေ့အဖွဲ့အစည်း ဆိုသည်ကို မည်သူမှ မကြားဖူးခဲ့သည့်အတွက် ထိုထွက်ဆိုချက်ကို မည်သူတစ်ဦးတစ်ယောက်ကမှ ယုံကြည်ခြင်း မရှိခဲ့ကြပေ။

မှတ်မိသွားပြီးနောက် ယွင်ကျုံးဟဲ့က ဤအကြောင်းများကို ပြောပြလိုက်၏။

ဧကရာဇ် ယုံချီက ပြောလိုက်သည်။ “ကလေး.. ကျီရွှေ့အဖွဲ့အစည်းက တကယ် ရှိတယ်။ သူ တည်ထောင်ခဲ့တာ နှစ်ပေါင်း မရေမတွက်နိုင်အောင် ကြာပြီ၊ သူ တည်ထောင်ရတဲ့ ရည်ရွယ်ချက်က တာရှန်း မိစ္ဆာနိုင်ငံတော် တစ်ကျော့ပြန် လာမှာကို တားဆီးဖို့ပဲ။”

ယွင်ကျုံးဟဲ့ အံ့ဩသွားပြီး မေးလိုက်၏။ “ဒါဆို သူတို့ လျှို့ဝှက်ငွေကြေးနဲ့ ပစ္စည်းတွေ စုဆောင်းနေတာလည်း တကယ်ပဲလား။”

ဧကရာဇ် ယုံချီက ဖြေသည်။ “ဟုတ်တယ်။ တကယ်ပဲ။”

ယွင်ကျုံးဟဲ့က မေး၏။ “ဒါဆို အဘိုးက ကျီရွှေ့အဖွဲ့အစည်းရဲ့ အဖွဲ့ဝင်တွေကို သိလား။”

ဧကရာဇ် ယုံချီက ပြောသည်။ “ကလေး... ငါတို့ မိသားစု ဧကရာဇ် အဆက်ဆက်က ကျီရွှေ့အဖွဲ့အစည်းရဲ့ အဖွဲ့ဝင်တွေချည်းပဲ။ ငါတို့ မိသားစုတင် မကဘူး၊ မီတျဲ ချိုင့်ဝှမ်းသခင်နဲ့ ထျန်းလုံဂိုဏ်းသခင်တို့လည်း ပါဝင်တယ်။”

‘ထျန်းလုံဂိုဏ်းလား။ ယွမ်ထျန်းရှဲ့ ရှိခဲ့တဲ့ ဂိုဏ်းလေ၊ လွန်ခဲ့တဲ့ ဆယ်စုနှစ်ပေါင်းများစွာက ထျန်းလုံ ဂိုဏ်းသခင်တွေ အစုလိုက်အပြုံလိုက် ထွက်သွားပြီး သန့်စင်သော ကျောင်းတော်ကို သွားရှာကြတဲ့အချိန် လုံးဝ သတင်း အစအန ပျောက်သွားတာလေ။ ဒါကြောင့် ထျန်းလုံ ဂိုဏ်းရဲ့ တပည့် တစ်စိတ်တစ်ပိုင်းက တာရှီအင်ပါယာကို သွားခိုလှုံကြတာ၊ ရိုလန်မြို့မှာ ယွမ်ထျန်းရှဲ့က သူ့ရဲ့ ဂိုဏ်းတူ အစ်ကိုတွေကိုတောင် ပြန်တွေ့ခဲ့သေးတယ်လေ။

တာရှအင်ပါယာ ကိုတော့ ပြောစရာ မလိုတော့ဘူး၊ သူက ကောင်းကင်ဘုံ နိုင်ငံတော်ကြီးပဲ။ မီတျဲ ချိုင့်ဝှမ်းက လျှို့ဝှက်ဆန်းကြယ်ပြီး သီးသန့်ဆန်တဲ့ အင်အားစု တစ်ခုဖြစ်တယ်။ ထျန်းလုံဂိုဏ်းကို ကျုပ် သိပ်နားမလည်ပေမယ့် ယွမ်ထျန်းရှဲ့ကို ကြည့်ရင် ဒါက အရမ်း အစွမ်းထက်တဲ့ သိုင်းဂိုဏ်း တစ်ခု ဆိုတာ သိသာတယ်။ ဒီသုံးဖွဲ့လုံးက ကျီရွှေ့အဖွဲ့အစည်းရဲ့ အဖွဲ့ဝင်တွေ ဟုတ်လား။’

ဧကရာဇ် ယုံချီက ပြောလိုက်၏။ “ငါတို့ တာရှအင်ပါယာ၊ ပြီးတော့ နောက်ပိုင်း တာရှီအင်ပါယာတွေက နှစ်တိုင်း ကျီရွှေ့အဖွဲ့အစည်းကို နက္ခတ္တဗေဒ ပမာဏ ရှိတဲ့ ပစ္စည်းတွေ ပေးသွင်းရတယ်။ ပစ္စည်း အမျိုးမျိုးပေါ့၊ ကျီရွှေ့အဖွဲ့အစည်းရဲ့ သုတေသန တစ်ချို့ လုပ်ဖို့အတွက် ထောက်ပံ့ပေးရတာ။”

ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “အဘိုး... ကျုပ်တို့ တာရှအင်ပါယာက ကျီရွှေ့အဖွဲ့အစည်းကို ပစ္စည်းတွေ ထောက်ပံ့တာက ဖြစ်သင့်တယ်။ ဘာလို့လဲဆိုတော့ ကျုပ်တို့က ကျီရွှေ့အဖွဲ့အစည်းရဲ့ အဖွဲ့ဝင်တွေလေ။ ဒါဆို တာရှီအင်ပါယာက ဘာလို့ ပစ္စည်းတွေ ထောက်ပံ့ရတာလဲ။”

ဧကရာဇ် ယုံချီက ဖြေ၏။ “အရင်တုန်းကဆိုရင် ကျုပ်တို့ တာရှအင်ပါယာတင် မကဘူး၊ တာ့ကျိုးအင်ပါယာ၊ တာယင်အင်ပါယာတွေလည်း ကျီရွှေ့အဖွဲ့အစည်းကို ပစ္စည်းတွေ ပေးသွင်းရတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်တစ်ရာလောက်ကစပြီး တာရှအင်ပါယာနဲ့ တာ့ကျိုးအင်ပါယာတွေက ကျီရွှေ့အဖွဲ့အစည်းကို ပစ္စည်း ပေးသွင်းတာ ရပ်လိုက်ကြတယ်။

တာရှီအင်ပါယာကတော့ သူတို့ရဲ့ ဂုဏ်သတင်းအတွက် ဆက်ပြီး ပေးသွင်းနေတုန်းပဲ၊ ဘာလို့လဲဆိုတော့ အဲဒီတုန်းက သူတို့က အင်ပါယာ မဟုတ်သေးဘဲ နိုင်ငံငယ်လေးပဲ ရှိသေးတာကိုး။”

ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ဒါဆို တာယင်အင်ပါယာနဲ့ တာရှအင်ပါယာတွေ ကျီရွှေ့အဖွဲ့အစည်းကို ပစ္စည်း ပေးသွင်းတာ ရပ်လိုက်တဲ့ အချိန်မှာ သူတို့ကို တာရှန်း မိစ္ဆာနိုင်ငံတော်က ထိုးဖောက် ဝင်ရောက်နေပြီလို့ ယူဆလို့ ရမလား။”

ဧကရာဇ် ယုံချီက ဖြေ၏။ “ဟုတ်သလိုလို၊ မဟုတ်သလိုလိုပဲ။ ဘာလို့လဲဆိုတော့ တစ်ချိန်တုန်းက ငါတို့ တာရှအင်ပါယာလည်း ကျီရွှေ့အဖွဲ့အစည်းကို ပစ္စည်း ပေးသွင်းတာ ရပ်ဖို့နီးပါး ဖြစ်ခဲ့ဖူးလို့ပဲ။”

ယွင်ကျုံးဟဲ့က မေးသည်။ “ဘာဖြစ်လို့လဲ။”

ဧကရာဇ် ယုံချီက ဖြေလိုက်၏။ “ဘာလို့လဲဆိုတော့ သူတို့က အရမ်း လောဘကြီးလွန်းလို့ပဲ၊ လိုအပ်တဲ့ ပစ္စည်းတွေက အရမ်းများပြီး အရမ်း ရှားပါးတယ်။ ဒါပေမဲ့ ဘယ်တုန်းကမှ အကျိုးအမြတ် ပြန်မပေးဘူး၊ ပြီးတော့ ငါတို့နဲ့ လုံးဝ အဆက်အသွယ် မလုပ်ဘူး၊ အရမ်းကို လျှို့ဝှက်ဆန်းကြယ်တယ်။”

ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ဆိုလိုတာက ကျုပ်တို့ တာရှအင်ပါယာက ကျီရွှေ့အဖွဲ့အစည်းရဲ့ အဖွဲ့ဝင် ဖြစ်ပေမယ့်၊ အဘိုး ကိုယ်တိုင်တောင် ကျီရွှေ့အဖွဲ့အစည်းက လူတွေနဲ့ တကယ် အဆက်အသွယ် မလုပ်ဖူးဘူးပေါ့။”

ဧကရာဇ် ယုံချီက ဖြေ၏။ “အကြိမ်တိုင်း သူတို့က လူလွှတ်ပြီး စာရင်းတစ်ခု ပေးတယ်။ ပစ္စည်းတွေ အများကြီး တောင်းပြီး ပင်လယ်ပြင်က တစ်နေရာကို ပို့ခိုင်းတယ်။ လာလက်ခံတဲ့သူ တစ်ယောက်မှ မရှိဘူး၊ ရက်အနည်းငယ် ကြာတော့ အဲဒီ သင်္ဘော လုံးဝ ပျောက်ကွယ်သွားတယ်။”

‘ဒါ... ဒါက အရမ်း လျှို့ဝှက်ဆန်းကြယ်လွန်းတယ် မဟုတ်လား။ ဒါဆို ဒီ နက္ခတ္တဗေဒ ပမာဏ ရှိတဲ့ ရွှေငွေနဲ့ ပစ္စည်းတွေ အားလုံးက ရေထဲကို ကျောက်ခဲ ပစ်ချလိုက်သလိုပဲ၊ ဘာသံမှတောင် ပြန်မကြားရဘူးပေါ့။ ရေထဲ ပိုက်ဆံ ပစ်ချရင်တောင် အသံ ကြားရသေးတယ်။ ကျီရွှေ့အဖွဲ့အစည်းကို ရွှေငွေနဲ့ ပစ္စည်းတွေ ပေးသွင်းတာ ကတော့ တကယ်ကို ရေလှိုင်းလေး တစ်ချက်တောင် မထဘူးပေါ့။’

ဧကရာဇ် ယုံချီက ဆက်ပြောသည်။ “ဒီလို အခြေအနေမျိုးက နှစ်ရာပေါင်းများစွာ ကြာလာတော့ တာယင်အင်ပါယာ၊ တာ့ကျိုးအင်ပါယာတွေက တစ်ခုပြီး တစ်ခု ပေးသွင်းတာ ရပ်လိုက်ကြတယ်။ ငါတို့ တာရှအင်ပါယာလည်း ဆယ်နှစ်ကျော်လောက် ပြတ်တောက်သွားဖူးတယ်။”

ယွင်ကျုံးဟဲ့က မေးလိုက်၏။ “အဘိုး.... ဆိုလိုတာက အဲဒီတုန်းက ကောင်ကျူ ရှကျိုးက အရှေ့တိုင်း လောကရဲ့ ထိပ်တန်း သိုင်းပညာရှင် တစ်ထောင်ကို ဦးဆောင်ပြီး နုဧကရာဇ်ကို သွားလုပ်ကြံတယ်။ ဒါပေမဲ့ ပြန်မလာခဲ့ဘူး။ ဒါပေမဲ့ သူတို့ အားလုံး သေမသွားဘဲ တစ်ချို့ အသက်ရှင် ကျန်ရစ်ခဲ့တယ်။ အဲဒီ လူစုက ကျီရွှေ့အဖွဲ့အစည်းကို လျှို့ဝှက် တည်ထောင်ခဲ့တယ်။

ရည်ရွယ်ချက်က လောကရဲ့ စည်းမျဉ်းတွေကို လျှို့ဝှက် ထိန်းသိမ်းဖို့နဲ့ တာရှန်း မိစ္ဆာနိုင်ငံတော် တစ်ကျော့ပြန် လာမှာကို တားဆီးဖို့ပဲ။ တစ်နည်းအားဖြင့် ပြောရရင် ဒီ ကျီရွှေ့အဖွဲ့အစည်းက အင်အားကြီးတဲ့ လျှို့ဝှက် အဖွဲ့အစည်း တစ်ခုဖြစ်ပြီး တာရှန်း မိစ္ဆာနိုင်ငံတော်ကို ရင်ဆိုင်နိုင်တဲ့ တစ်ခုတည်းသော အဖွဲ့အစည်း ပဲလား။”

ဧကရာဇ် ယုံချီက ဖြေလိုက်။ “ဖြစ်နိုင်တယ်။”

ယွင်ကျုံးဟဲ့က ဆက်မေး၏။ “ပြီးတော့ ကျီရွှေ့အဖွဲ့အစည်းရဲ့ ပထမမျိုးဆက် သခင်က ကောင်ကျူ ရှကျိုး၊ ကျုပ်တို့ရဲ့ ဘိုးဘေးပဲလား။ အနည်းဆုံးတော့ ပထမမျိုးဆက် ကျီရွှေ့အဖွဲ့အစည်းက အရှေ့တိုင်း လောက တစ်ခုလုံးရဲ့ အထူးချွန်ဆုံး လူစုကို စုစည်းထားတာပဲ မဟုတ်လား။”

ဧကရာဇ် ယုံချီက ဖြေသည်။ “ဟုတ်တယ်။”

ယွင်ကျုံးဟဲ့က မေးလိုက်၏။ “ဒါဆို ဒီကျီရွှေ့အဖွဲ့အစည်းက ဘယ်မှာလဲ။”

ဧကရာဇ် ယုံချီက ဖြေလိုက်သည်။ “မသိဘူး၊ ဘာမှ မသိရဘူး၊ နှစ်ရာပေါင်းများစွာ အတွင်းမှာ ကျီရွှေ့အဖွဲ့အစည်း ဘယ်မှာရှိလဲ ဆိုတာ ဘယ်သူမှ မသိဘူး။”

ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “အခြား တစ်နည်းနဲ့ ပြောရရင် ကျီရွှေ့အဖွဲ့အစည်းက တကယ်တော့ သန့်စင်သော ကျောင်းတော်ကို ကိုးကွယ်ယုံကြည်တဲ့ အဖွဲ့အစည်း တစ်ခု၊ သန့်စင်သော ကျောင်းတော်ရဲ့ ဆင်းသက်လာတဲ့ အဖွဲ့အစည်း တစ်ခုပေါ့။”

ဧကရာဇ် ယုံချီက ခေါင်းညိတ်ကာ ပြောလိုက်သည်။ “အဲဒီလို ပြောလို့ ရတယ်။ သန့်စင်သော ကျောင်းတော်ကို သွားဖူးတဲ့သူတွေ ရှိပေမယ့် သူက အရမ်းကို စိတ်ကူးယဉ်ဆန်လွန်းတယ်။ ဒါကြောင့် သူ့ကို ကိုယ်စားပြုမယ့် အဖွဲ့အစည်း တစ်ခု လိုအပ်ပြီး အဲဒီ အဖွဲ့အစည်းက တကယ် ရှိနေဖို့ လိုအပ်တယ်။

အဲဒီတုန်းက နုဧကရာဇ် ကြီးပွားလာပြီး တာရှန်း မိစ္ဆာနိုင်ငံတော်ရဲ့ အမှောင်ထုက အရှေ့တိုင်း လောကကို ဖုံးလွှမ်းလာတဲ့ အချိန်မှာ၊ ကောင်ကျူ ရှကျိုးက လောက က သူရဲကောင်းတွေနဲ့ မဟာမိတ်ဖွဲ့ပြီး သန့်စင်သော ကျောင်းတော်ရဲ့ နာမည်နဲ့ နုဧကရာဇ်ကို ဆန့်ကျင် တိုက်ခိုက်ခဲ့တယ်။ အဲဒီ မဟာမိတ်အဖွဲ့က ကျီရွှေ့ အဖွဲ့အစည်းရဲ့ ရှေ့ပြေး ပုံစံပဲ။”

ယွင်ကျုံးဟဲ့က မေးလိုက်၏။ “ဆိုလိုတာက ကျီရွှေ့အဖွဲ့အစည်းက အရင်က တာရှန်း မိစ္ဆာနိုင်ငံတော်ကို အနိုင်ယူဖူးတယ်ပေါ့။”

ဧကရာဇ် ယုံချီက ဖြေလိုက်သည်။ “ဒီလို ပြောလို့ ရတယ်။”

ယွင်ကျုံးဟဲ့က မေးလိုက်၏။ “အဘိုး... အဘိုးမှာ နောက်ထပ် ခန့်မှန်းချက် တစ်ခု ရှိသေးတယ် မဟုတ်လား။ ကျုပ် အဖေ၊ ယွမ်ထျန်းရှဲ့၊ ကျင်းကျုံးယွဲ့၊ ဟွမ်ထျန်းဂိုဏ်း တို့က ဒီလောကကြီးထဲကနေ လုံးဝ ပျောက်ကွယ် သွားသလို ဖြစ်နေတာ၊ သူတို့ကို ကျီရွှေ့အဖွဲ့အစည်းက လူတွေ ကယ်သွားတာများလား။”

ဧကရာဇ် ယုံချီက ဖြေသည်။ “ငါ လူထောင်ပေါင်းများစွာကို လွှတ်ပြီး နေရာအနှံ့ ရှာခိုင်းခဲ့တယ်။ ဟွမ်ထျန်းဂိုဏ်းမှာ လူထောင်ပေါင်းများစွာ ရှိတယ်။ ကျင်းကျုံးယွဲ့ ဆီမှာဆိုရင် လူတစ်သောင်း၊ နှစ်သောင်း လောက် ရှိတယ်။

သူတို့ မီတျဲ ချိုင့်ဝှမ်း ကနေ မြောက်ဘက်ကို ထွက်သွားပြီးနောက် လုံးဝ သတင်း အစအန ပျောက်သွားတယ်။ ကောင်းကင်ပေါ် ပျံတက်သွားသလို မြေကြီးထဲ ဝင်သွားသလိုပဲ။ ငါတို့ ဟေးကျိုးထိုင်က မိုင်သောင်းချီ ရှာတာတောင် သူတို့ရဲ့ အရိပ်အယောင်ကို မတွေ့ရဘူး။ ဒါကြောင့် သူတို့ ကျီရွှေ့အဖွဲ့အစည်းမှာ ရောက်နေနိုင်တယ် ဆိုတဲ့ ဖြစ်နိုင်ခြေကို ငါ တွေးမိတာပဲ။”

ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “ဒါသာအမှန်ဆိုရင် ကျီရွှေ့အဖွဲ့အစည်းက ဒီလောကမှာ အင်အားအကြီးဆုံးနဲ့ လျှို့ဝှက်အဆန်းကြယ်ဆုံး အဖွဲ့အစည်းပဲ။ ဒါပေမဲ့ ပိုင်ယင်မြို့က အရှေ့တိုင်းလောကကို ထိုးဖောက် ဝင်ရောက် လာတုန်းက သူတို့ ဘယ်မှာလဲ။ တာရှန်း မိစ္ဆာနိုင်ငံတော်က လောကကို အုပ်စိုးတော့မလို ဖြစ်နေတဲ့ အချိန်မှာ သူတို့ ဘယ်မှာလဲ။ ဘာလို့ ဒီအရာတွေကို ထွက်မတားဆီးတာလဲ။”

ဧကရာဇ် ယုံချီက ပြောလိုက်သည်။ “ဒါက ငါ ဒေါသထွက်ရတဲ့ အကြောင်းပဲ။ ဒီနှစ်ရာပေါင်းများစွာ အတွင်း ငါတို့ တာရှအင်ပါယာက ကျီရွှေ့အဖွဲ့အစည်းကို နက္ခတ္တဗေဒ ပမာဏ ရှိတဲ့ ရွှေငွေတွေ၊ ပစ္စည်းတွေ ထောက်ပံ့ပေးခဲ့ပေမယ့် ဘာတုံ့ပြန်မှုမှ မရခဲ့ဘူး။ ပဲ့တင်သံတောင် မကြားရတော့ဘူး။”

ယွင်ကျုံးဟဲ့က ပြောလိုက်၏။ “အဘိုး.... ပိုင်ဖေးဖေးက ကျုပ်ကို ပြောတယ်။ ဒီလောကရဲ့ စစ်ပွဲတွေ ပြီးဆုံးသွားပြီတဲ့။”

ဧကရာဇ် ယုံချီက ပြုံးကာ ဖြေလိုက်သည်။ “မပြီးသေးဘူး၊ သေချာပေါက် မပြီးသေးဘူး၊ အနည်းဆုံးတော့ ကျုပ်တို့ အဘိုးမြေး နှစ်ယောက် ရှိနေသေးတယ်လေ။”

ထို့နောက် ဧကရာဇ် ယုံချီက ဆက်ပြော၏။ “ကလေး... ဒီတစ်ခါ မင်း ပြန်လာနိုင်တာက အောင်ပွဲ တစ်ခုပဲ။ ပြီးတော့ အခု ငါ်တို့ တာရှအင်ပါယာက တစ်လောကလုံးကို ကြေညာပြီးပြီ။ မင်းက သန့်စင်သော ကျောင်းတော်နဲ့ တာရှ မင်းမျိုးမင်းနွယ်ရဲ့ သွေးကြော ရှိသူ၊ မင်းက တာရှအင်ပါယာရဲ့ ယန်ချင်ဝမ်ပဲ။ ဒါကြောင့် အနာဂတ်ရဲ့ အရေးကြီးတဲ့ အချိန်ကျရင် မင်းက မီးရှူးတိုင် တစ်ခုလို လောက တစ်ခုလုံးကို မင်းရဲ့ အလင်းရောင်ကို မြင်တွေ့စေလိမ့်မယ်။ ဒါက ပိုကြီးမားတဲ့ အောင်ပွဲပဲ။”

လောကကြီး အမှောင်ထုထဲ ရောက်သွားပြီ ဆိုလျှင် အလွန် မှေးမှိန်သော အလင်းရောင်လေး တစ်ခုကပဲ လမ်းပြပေးနိုင်မှာဖြစ်သည်။

ဧကရာဇ် ယုံချီက ပြောလိုက်၏။ “ကလေး... မင်း ငါ့ကို ကုသပေးပြီးတဲ့နောက် ငါ နောက်ဆုံးတော့ အပြင်ဘက်က ကောင်းကင်ကြီးကို မြင်တွေ့ခွင့် ရပြီ။ ဇီဝေကြယ်က ပိုပိုပြီး မှေးမှိန်လာပြီး၊ ထျန်းလန်ကြယ်က ပိုပိုပြီး တောက်ပလာတယ်။”

ဤအတိတ်နိမိတ်ကို ယွင်ကျုံးဟဲ့ အစပိုင်းမှာ သတိမထားမိခဲ့ပေ။ သို့ပေမည့် နောက်ပိုင်းတွင် အာရုံစိုက်လာခဲ့ သည်မှာ ငါးနှစ်၊ ခြောက်နှစ်လောက် ရှိနေပြီ ဖြစ်၏။ ဇီဝေကြယ်က ဆက်တိုက် မှေးမှိန်နေပြီး၊ ထျန်းလန်ကြယ်က ဆက်တိုက် တောက်ပလာ၏။ ခေတ်ပျက်ကြီး ရောက်လာတော့မည့် အလားပင်။

ဧကရာဇ် ယုံချီက ပြောလိုက်သည်။ “တခြားလူတွေ ဘယ်လို တွေးလဲ ငါ မသိဘူး။ ဒါပေမဲ့ ငါ့စိတ်ထဲမှာတော့ မင်းက အဲဒီ ဇီဝေကြယ်ပဲ။ သူက ထပ်ပြီး မှေးမှိန်သွားနိုင်သေးတယ်။ ဒါပေမဲ့ ကောင်းကင်ပေါ်မှာ မြင့်မြင့်မားမား တည်ရှိနေပြီး ဘယ်တော့မှ ငြိမ်းသွားမှာ မဟုတ်ဘူး။ လူတွေ မော့ကြည့်လိုက်တာနဲ့ မြင်နိုင်တယ်။ ဇီဝေကြယ်က ဘယ်လောက်ပဲ မှေးမှိန်နေပါစေ ဇီဝေကြယ်ပဲ။ ထျန်းလန်ကြယ်က ဘယ်လောက်ပဲ တောက်ပနေပါစေ ထျန်းလန်ကြယ်ပဲ။”

ထိုသို့ဖြင့် အဘိုးမြေး နှစ်ဦးသည် ညမှောင်သည်အထိ စကားပြောနေကြပြီးနောက် ယွင်ကျုံးဟဲ့က အိပ်ရန် နန်းဆောင်သို့ ပြန်သွားခဲ့၏။

ဤတစ်ကြိမ် သူသွားရသည်မှာ ယွီအန်း နန်းဆောင် မဟုတ်တော့ဘဲ ယန်နင် နန်းဆောင် ဖြစ်သည်။

သူက ယန်ချင်ဝမ် ဖြစ်သောကြောင့် ဧကရာဇ်က ယခင် အိမ်ရှေ့စံ ထျန်းအန်း၏ နေအိမ်ကို သူ့အား အထူး ပေးသနားခဲ့ပြီး ယန်နင် နန်းဆောင်ဟု နာမည် ပြောင်းလဲပေးခဲ့ခြင်း ဖြစ်၏။

All Chapters