← Chapters

အခန်း (၆၉၉-၇၀၀)

Vol. 59 Ch. 699-700

အခန်း (၆၉၉-၇၀၀)

Vol. 59 Ch. 699-700

အပိုင်း (၆၉၉)

သန်းခေါင်ယံ အချိန်တွင် ယွင်ကျုံးဟဲ့ ထပ်မံ လန့်နိုးလာပြန်၏။ ဤတစ်ကြိမ် အခန်းထဲတွင် လူတစ်ယောက် အပို ရောက်နေကာ အမည်းရောင် ခြုံထည်ကြီး လွှမ်းခြုံထား၏။ ထိုသူမှာ ဧကရာဇ် ယုံချီ ဖြစ်သည်။

“ရှောင်ဟဲ့... အဘိုး နောက်ကို လိုက်ခဲ့” ဧကရာဇ် ယုံချီက ပြောလိုက်၏။

ယွင်ကျုံးဟဲ့ ကုတင်ပေါ်မှ ထလာသည်။

ဧကရာဇ် ယုံချီသည် ယွင်ကျုံးဟဲ့ကို ယန်နင် နန်းဆောင်ထောင့်ရှိ ရေတွင်းတစ်ခု အနီးသို့ ခေါ်သွားပြီး သူ၏ လက်ကို ဆွဲကာ တိုက်ရိုက် ခုန်ချလိုက်၏။

ရေတွင်း အောက်ခြေသို့ ရောက်ခါနီးတွင် ဧကရာဇ် ယုံချီသည် အတွင်းအားကို အသုံးပြုကာ ညင်သာစွာ ဆင်းသက်လိုက်ပြီး အသံ မထွက်စေခဲ့ပေ။

ဧကရာဇ် ယုံချီ တွင် သိုင်းပညာရှိပြီး အလွန် မြင့်မားကြောင်း ယွင်ကျုံးဟဲ့ သိ၏။

မယ်တော်မိဖုရားခေါင်ကြီးဟောင်း၏ သိုင်းပညာက ပို၍ မြင့်မားပြီး အသက် နှစ်ဆယ်ကျော် တည်းက ဆရာကြီး အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ကာ ဧကရာဇ် ယုံချီသည် ငယ်စဉ်တည်းက အမေထံမှ သိုင်းပညာ သင်ယူခဲ့ခြင်း ဖြစ်သည်။

အသက်ကြီးလာချိန်မှာတော့ ရောဂါပြင်းထန်ပြီး တစ်ကိုယ်လုံး နာကျင်လွန်းသောကြောင့် ကုတင်ပေါ်တွင်သာ လဲလျောင်းနေခဲ့ရ၏။

ယွင်ကျုံးဟဲ့က အင်ဆူလင်ဖြင့် ဧကရာဇ်၏ ဆီးချိုရောဂါကို သက်သာစေခဲ့ပြီး အခြား ဆေးဝါးများဖြင့် နောက်ဆက်တွဲ ရောဂါများကို ကုသပေးခဲ့သောကြောင့် ဧကရာဇ်သည် မြေပြင်ပေါ် လမ်းလျှောက်နိုင်လာပြီး သိုင်းပညာလည်း ယခင်၏ သုံးပုံတစ်ပုံ၊ လေးပုံတစ်ပုံ ခန့် ပြန်လည် ကောင်းမွန်လာခဲ့သည်။

သို့ပေမည့် ယခင် ဧကရာဇ် ရှောင်ကျုံး ကမူ ယွင်ကျုံးဟဲ့ ကဲ့သို့ပင် သိုင်းပညာ လုံးဝ မရှိသလောက် ဖြစ်၏။

ရေတွင်း အောက်ခြေသို့ ရောက်ရှိပြီးနောက် ဧကရာဇ် ယုံချီသည် စက်ယန္တရားကို ဖွင့်လိုက်ရာ ရေတွင်း အောက်ခြေတွင် လျှို့ဝှက်လမ်း တစ်ခုပေါ်လာသည်။

ဧကရာဇ်သည် ယွင်ကျုံးဟဲ့ကို ခေါ်ဆောင်ကာ လျှို့ဝှက်လမ်းအတိုင်း အနောက်ဘက်သို့ တောက်လျှောက် သွားခဲ့၏။

မီတာ ထောင်ပေါင်းများစွာ သွားပြီးနောက် လျှို့ဝှက်လမ်းမှ ထွက်လာပြီး နန်းတော် ပြင်ပသို့ တိုက်ရိုက် ရောက်ရှိသွားသည်။

နန်းတော်မှ ထွက်လာပြီးနောက် မြေပြင်ပေါ်သို့ ပြန်မတက်သေးဘဲ မြစ်ရေထဲတွင် လျှို့ဝှက်စွာ ရေငုပ်ကာ ရေအောက် လျှို့ဝှက်လမ်းအတိုင်း မြို့တော်မှ ထွက်ခွာပြီး ကျုံးရေမြောင်းထဲသို့ ဝင်ရောက်သွား၏။

ကျုံးရေမြောင်းအတိုင်း အနောက်ဘက်သို့ တောက်လျှောက် သွားပြီးမှ မြေပြင်ပေါ်သို့ ပြန်တက်လာခဲ့သည်။

နန်းတော် အတွင်းမှ မြို့ပြင်သို့ တိုက်ရိုက် ရောက်ရှိနိုင်သော ဤကဲ့သို့ လျှို့ဝှက် ရေလမ်းကြောင်း ရှိကြောင်း ယွင်ကျုံးဟဲ့ ပထမဆုံး အကြိမ် သိရှိလိုက်ခြင်း ဖြစ်၏။

ဧကရာဇ် ယုံချီသည် သူ့ကို ဤနည်းဖြင့် နန်းတော်မှ ခေါ်ထုတ်လာခြင်းမှာ ဤတစ်ကြိမ် သူလုပ်မည့် ကိစ္စသည် အလွန် လျှို့ဝှက်ပြီး မည်သူ တစ်ဦးတစ်ယောက်ကိုမှ မသိစေလိုကြောင်း သိသာလှသည်။

ဧကရာဇ် ယုံချီသည် ယွင်ကျုံးဟဲ့ကို ခေါ်ဆောင်ကာ အနောက်ဘက်ရှိ တာ့ယန်တောင်သို့ လာခဲ့၏။

တာ့ယန်တောင်သည် မိုင်ရာပေါင်းများစွာ ရှည်လျားသော ဧရာမ တောင်တန်းကြီး ဖြစ်ပြီး မယ်တော် မိဖုရားခေါင်ကြီးဟောင်း၏ ယန်ရင် ဘုရားကျောင်းနှင့် တာရှအင်ပါယာ၏ ဂူဗိမာန်များ အားလုံး တာ့ယန်တောင်ပေါ်တွင် ရှိသည်။

သို့ပေမည့် ယခုတစ်ကြိမ် ဧကရာဇ် ယုံချီသည် ယွင်ကျုံးဟဲ့ကို ခေါ်လာသော နေရာမှာ ဂူဗိမာန်များနှင့် အလွန် ဝေးကွာပြီး လူသူကင်းမဲ့သော တောတောင်ထဲသို့ ဖြစ်၏။

လမ်းတစ်လျှောက်လုံး အသံတိတ် ရူးသွပ်စွာ ပြေးလွှားလာခဲ့ကြသည်။ မိုင်ဆယ်ချီကျော် တောက်လျှောက် သွားပြီးနောက် တာ့ယန်တောင်ပေါ်သို့ ရောက်ရှိလာ၏။ ဤနေရာတွင် လူတစ်ယောက်မှ မရှိပေ။

ဧကရာဇ်သည် တာ့ယန်တောင်ပေါ်တွင် ရပ်လျက် မြို့တော် တစ်ခုလုံးကို ငုံ့ကြည့်နေသည်။

“နိုင်ငံတော်က အဆုံးအစမရှိ ကျယ်ပြောပေမယ့် ဘယ်လောက်ကြာကြာ ခံမလဲ မသိဘူး။” ဧကရာဇ် ယုံချီက သက်ပြင်းချကာ ပြောလိုက်၏။

ထို့နောက် သူက ယွင်ကျုံးဟဲ့ကို ကြည့်ကာ ပြောလိုက်သည်။ “ရှောင်ဟဲ့... ကောင်ကျူ သေတမ်းစာက ငါတို့ တာရှအင်ပါယာရဲ့ အဖိုးတန် ရတနာ ပဲ၊ အဲဒီထဲမှာ တာရှန်း မိစ္ဆာနိုင်ငံတော်ကို ဖျက်ဆီးမယ့် နည်းလမ်းတွေ တယ်။ တာရှန်း မိစ္ဆာနိုင်ငံတော်နဲ့ နုဧကရာဇ်ရဲ့ အမြင့်ဆုံး လျှို့ဝှက်ချက်တွေလည်းမှတ်တမ်းတင်ထားတယ်။ သူ့ကို ဝှက်ထားတဲ့ နေရာကလည်း လုံးဝ လျှို့ဝှက်ချက်ပဲ၊ ဧကရာဇ် အဆက်ဆက်ကလွဲရင် ဘယ်သူမှ မသိဘူး။

အရင် ဧကရာဇ်က ကံတော်မကုန်ခင် တစ်ရက် အလိုကျမှ ဒီလျှို့ဝှက်ချက်ကို ငါ့ကို ပြောပြခဲ့တာ။ ပြီးတော့ ဘိုးဘေးတွေရဲ့ အမိန့် ရှိတယ်။ တာရှအင်ပါယာက မျိုးတုံးမယ့် အန္တရာယ်နဲ့ ကြုံတွေ့ရပြီး တာရှန်း မိစ္ဆာ နိုင်ငံတော် တစ်ကျော့ပြန် လာတော့မယ့် အချိန်ကျမှသာ ကောင်ကျူ သေတမ်းစာကို ဖွင့်ဖတ်ခွင့် ရှိတယ်တဲ့။”

အခုက အန္တရာယ် အများဆုံး အချိန် ရောက်နေပြီး တာရှန်း မိစ္ဆာနိုင်ငံတော်က လောကကို နောက်တစ်ကြိမ် အုပ်စိုးတော့မှာ ဖြစ်၏။

ဧကရာဇ် ယုံချီက ပြောလိုက်သည်။ “ဒါကြောင့် ကျုပ်တို့ တာရှအင်ပါယာ ဧကရာဇ် အဆက်ဆက်က ကောင်ကျူ သေတမ်းစာကို နှစ်ရာပေါင်းများစွာ သိမ်းဆည်းလာခဲ့ပေမယ့် ဘယ်သူမှ ဖွင့်မဖတ်ခဲ့ဖူးဘူး၊ အထဲက အကြောင်းအရာကိုလည်း ဘယ်သူမှ မသိဘူး။ အခု အဘိုးက တာရှအင်ပါယာရဲ့ အဖိုးတန် ရတနာကို မင်းဆီ ပေးအပ်လိုက်ပြီ။”

ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “အဘိုး... ဘာလို့ အခု ပေးရတာလဲ။”

‘အရင် ဧကရာဇ် အဆက်ဆက်က သေခါနီး အချိန်ကျမှ ကောင်ကျူ သေတမ်းစာကို နောက်တစ်ဆက် ဧကရာဇ်ဆီ ပေးအပ်ခဲ့တာလေ။ အခု ဧကရာဇ် ယုံချီက ကျန်းမာရေး ပြန်ကောင်းနေပြီ မဟုတ်လား။’

ဧကရာဇ် ယုံချီက ပြောလိုက်၏။ “မြေးလေး,,,, အခု မပေးရင် အချိန်မမီတော့ဘူးလေ။ မနေ့က မင်း မေးတယ် မဟုတ်လား၊ ပိုင်ဖေးဖေးက ဘာလို့ နန်းတော်ထဲကို လွယ်လွယ်ကူကူ ဝင်လာပြီး မင်း အခန်းထဲ ပေါ်လာတာလဲလို့။ ဘာလို့လဲဆိုတော့ တာရှန်း မိစ္ဆာနိုင်ငံတော် ထိုးဖောက် ဝင်ရောက်ထားတာက တာယင် အင်ပါယာနဲ့ တာ့ကျိုးအင်ပါယာတင် မကဘူး။ ငါတို့ တာရှအင်ပါယာလည်း ပါနေလို့ပဲ။”

ယွင်ကျုံးဟဲ့ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။

ဧကရာဇ် ယုံချီက ဆက်ပြော၏။ “ငါက ဦးနှောက်တွင်း သွေးခဲတဲ့ ရောဂါကို ကုသပြီးတာတောင် သတိမရလာဘူး။ ပြီးတော့ ငါ သတိလစ်မေ့မြောနေတဲ့ လက္ခဏာက ကြည့်ရတာ ကျင်းအဲ့နဲ့ တစ်ပုံစံတည်းပဲလို့ မင်း ငါ့ကို ပြောဖူးတယ်။ ဒါကြောင့် ဒီ နန်းတော်ထဲမှာ ငါ့ကို လုပ်ကြံတဲ့သူ ရှိတယ်။”

မှန်၏။ ယွင်ကျုံးဟဲ့က လက်ခြောက်ချောင်း စောင်းသမားကို မပင့်ဖိတ်ခဲ့ဘူး ဆိုပါက ဧကရာဇ် ယုံချီကို သတိရလာအောင် လုပ်နိုင်ခဲ့မှာ မဟုတ်ပေ။ ထို့ကြောင့် လူတစ်ယောက်က ကျင်းအဲ့ကို လုပ်ကြံခဲ့သလိုမျိုး ဧကရာဇ် ယုံချီကို လုပ်ကြံခဲ့ခြင်း ဖြစ်သည်။

ဧကရာဇ် ယုံချီက ဆက်ပြော၏။ “မြေးလေး... ငါ့အနားမှာ တာယင်အင်ပါယာ ဟေးလုံထိုင်ရဲ့ သူလျှိုတွေ ရှိနေတယ်။ ဒါတင် မကဘူး။ တာရှန်း မိစ္ဆာနိုင်ငံတော်က လူတွေလည်း ရှိနေတယ်။”

“ဘယ်သူလဲ။” ယွင်ကျုံးဟဲ့က အက်ကွဲသော အသံဖြင့် မေးလိုက်သည်။

“မယ်တော်မိဖုရားခေါင်ကြီးဟန်...”

ဧကရာဇ် ယုံချီက ဖြေလိုက်၏။ “သူက အဲဒီထဲက တစ်ယောက်ပဲ။ သူ့ဆီမှာ တာရှန်း မိစ္ဆာနိုင်ငံတော်ရဲ့သွေး ပါဝင်နေတယ်။ အိမ်ရှေ့စံ ရှကျူး ဆီမှာဆိုရင် နုဧကရာဇ်ရဲ့ သွေး တစ်ဝက်တောင် ပါဝင်နေတယ်။ သူတို့က ငါ ဘာမှ မသိဘူးလို့ ထင်နေကြတာ။

ဒါပေမဲ့ ငါ အားလုံး သိတယ်။ ထုတ်မပြောရဲတာပဲ ရှိတာ။ ဘာလို့လဲဆိုတော့ နန်းတော်ထဲမှာ တာရှန်း မိစ္ဆာနိုင်ငံတော်ရဲ့ သိုင်းပညာရှင်တွေ ဘယ်လောက်တောင် ပုန်းအောင်းနေလဲဆိုတာ မသိလို့။ ငါသာ ဖွင့်ပြောလိုက်ရင် ငါတို့ မြေးအဘိုး နှစ်ယောက်ရဲ့အသက် အန္တရာယ် ရှိသွားလိမ့်မယ်။”

ယွင်ကျုံးဟဲ့ တစ်ကိုယ်လုံး ကြက်သီးထသွားသည်။ ‘တာရှန်း မိစ္ဆာနိုင်ငံတော်က အရှေ့တိုင်း လောကကို ထိုးဖောက် ဝင်ရောက်တာက ဒီလောက်တောင် ကြောက်စရာ ကောင်းတဲ့ အဆင့်ကို ရောက်နေပြီလား။ မယ်တော်မိဖုရားခေါင်ကြီးဟန်တောင်မှ နုဧကရာဇ်ရဲ့ အကြွင်းအကျန်တဲ့လား။

ဒါပေမဲ့ ဒီနည်းလမ်းက တာ့ကျိုးအင်ပါယာမှာ လုပ်ခဲ့တာနဲ့ တစ်ပုံစံတည်းပဲ။ ဧကရာဇ် အနားကို အမျိုးသမီးတွေ ပို့ပေးပြီး သွေးကြောတွေကို အဆက်မပြတ် ပြောင်းလဲပစ်ခဲ့တယ်။ ဒီလိုမျိုး မျိုးဆက် အနည်းငယ် ကြာလာတဲ့အခါ အင်ပါယာ မင်းမျိုးမင်းနွယ်ရဲ့ ခန္ဓာကိုယ်ထဲမှာ တာရှန်း မိစ္ဆာနိုင်ငံတော်ရဲ့ သွေးကြောက ပိုပိုပြီး များပြားလာတော့တာပဲ။

တာယင်အင်ပါယာက တာရှအင်ပါယာကို တိုက်ရိုက် စစ်မတိုက်ဘဲ ငြိမ်းချမ်းရေး စာချုပ် လက်မှတ် ရေးထိုးလိုက်တာ အံ့ဩစရာ မဟုတ်တော့ဘူး။ တာရှန်း မိစ္ဆာနိုင်ငံတော်ရဲ့ အမြင်မှာ တာရှအင်ပါယာက လုံးဝ ထိန်းချုပ်လို့ ရနေပြီ။ ဧကရာဇ်က သတိလစ်မေ့မြောနေပြီး၊ အိမ်ရှေ့စံ ရှကျူးက မူလတည်းက တာရှန်း မိစ္ဆာနိုင်ငံတော်ရဲ့ သွေးကြော ရှိနေတာလေ။

ပိုင်ဖေးဖေးက နန်းတော်ထဲကို ပန်းခြံထဲ လမ်းလျှောက်သလို လွယ်လွယ်ကူကူ ဝင်လာနိုင်တာ အံ့ဩစရာ မဟုတ်တော့ဘူး၊ သူမက စစ်ပွဲ ပြီးဆုံးသွားပြီလို့ ပြောတာ အံ့ဩစရာ မဟုတ်တော့ဘူး။ တာရှန်း မိစ္ဆာနိုင်ငံတော်ရဲ့ အမှောင်ထုက တာရှအင်ပါယာ တစ်ခုလုံးကို လွှမ်းမိုးထားတာ ကြာလှပြီကိုး။’

ယွင်ကျုံးဟဲ့က တုန်ယင်နေသည့် လေသံဖြင့် မေးလိုက်၏။ “အဘိုး... အဘိုး ဘယ်လို သိတာလဲ။”

ဧကရာဇ် ယုံချီက ဖြေလိုက်သည်။ “ကလေး... လူတစ်ယောက် သတိလစ်မေ့မြောနေတဲ့ အချိန်မှာ တခြားလူတွေက သတိမထားတော့ဘူး၊ စကားပြောတာလည်း ပိုရဲတင်းလာကြတယ်။ ဒါပေမဲ့ သူတို့ မသိတာက ငါ သတိလစ်နေတဲ့ အချိန်မှာ တကယ်တော့ ကြားနေရတယ် ဆိုတာကိုပဲ။”

‘ဒီအခြေအနေက ကျင်းအဲ့နဲ့ တစ်ပုံစံတည်းပဲ။ ဒါက ယွင်ကျုံးဟဲ့ရဲ့ ဆေးပညာ ဆုံးဖြတ်ချက်နဲ့လည်း ကိုက်ညီတယ်။ အပင်လူသားတွေက ကြားနိုင်တယ်လေ။’

ဧကရာဇ် ယုံချီက ဆက်ပြော၏။ “မြေးလေး... ငါတို့အားလုံး အမှောင်ထုထဲမှာ ရောက်နေကြတယ်။ ငါရဲ့ တာရှအင်ပါယာလည်း ရန်သူ့ မိစ္ဆာ လက်သည်းတွေကြား ရောက်နေပြီ။ ဒါပေမဲ့ မင်းက ယန်ချင်ဝမ် ဆိုတဲ့ ကိုယ်ပိုင်အမှတ်အသားက လောက တစ်ခုလုံးကို ပျံ့နှံ့သွားပြီ။ ဒါက ကြီးမားတဲ့ အောင်ပွဲပဲ။

အနာဂတ်မှာ မင်းက ကောင်းကင်ပေါ်က ဇီဝေကြယ်လို ဖြစ်လာလိမ့်မယ်။ မှေးမှိန် နေပေမယ့် ကောင်းကင်မှာ မြင့်မြင့်မားမား တည်ရှိနေပြီး ဘယ်တော့မှ ငြိမ်းသွားမှာ မဟုတ်ဘူး။ လူတွေ မော့ကြည့်လိုက်တာနဲ့ မြင်နိုင်တယ်။ ဇီဝေကြယ်က ဘယ်လောက်ပဲ မှေးမှိန်နေပါစေ ဇီဝေကြယ်ပဲ။ ထျန်းလန်ကြယ်က ဘယ်လောက်ပဲ တောက်ပနေပါစေ ထျန်းလန်ကြယ်ပဲ။”

“ဘိုးဘေးတွေ ပြောခဲ့တယ်။ ကောင်ကျူ သေတမ်းစာက ငါတို့ တာရှအင်ပါယာရဲ့ ပြိုင်ဘက်ကင်း အဖိုးတန် ရတနာပဲ။ အန္တရာယ် အများဆုံး အချိန်၊ အမှောင်ထုက လောကကို လွှမ်းမိုးလာမယ့် အချိန်ကျမှ ထုတ်ယူရမယ်တဲ့၊ အခုက အဲဒီ အန္တရာယ် အများဆုံး အချိန် ရောက်နေပြီ။”

ဧကရာဇ် ယုံချီက ပြောလိုက်သည်။ “အဘိုးက ဒါကို မင်းဆီ ပေးအပ်လိုက်မယ်။ မင်း ဒါကို ဖွင့်ပြီး တာရှန်း မိစ္ဆာနိုင်ငံတော်ကို ဖျက်ဆီးပစ်ပါ၊ တာ့ယန် မင်းဆက်ရဲ့ နိုင်ငံတော်ကို ပြန်လည် ထူထောင်ပါ၊ အရှေ့တိုင်း ယဉ်ကျေးမှုကို ပြန်လည် ထူထောင်ပါ။”

ထို့နောက် ဧကရာဇ် ယုံချီသည် စာတန်းမပါသော သင်္ချိုင်းဂူ တစ်ခုရှေ့တွင် ဒူးထောက်လိုက်သည်။ ဤသည်မှာ တောသင်္ချိုင်း တစ်ခု ဖြစ်ပြီး နေရာအနှံ့ ရှိတတ်ကာ ကျောက်တိုင်ကလည်း အကျိုးအပဲ့သာ ဖြစ်ပြီး စာလုံးပင် မထွင်းထားပေ၊ အတွင်း၌ မြှုပ်နှံထားလေ့ ရှိသည်မှာ ဆင်းရဲသားများ ဖြစ်ပြီး စာလုံးပင် မဖတ်တတ်ကြပေ။ ဤကဲ့သို့သော တောသင်္ချိုင်းမျိုးသည် အောက်တန်း အကျဆုံး ဖြစ်၏။

“မြေးလေး... ဒူးထောက်လိုက်၊ ဒါက ကောင်ကျူ ဧကရာဇ်ရဲ့ သင်္ချိုင်းပဲ။” ဧကရာဇ် ယုံချီက ပြောလိုက်သည်။

ယွင်ကျုံးဟဲ့ ဒူးထောက်လိုက်၏။

ဧကရာဇ် ယုံချီက ပြောလိုက်သည်။ “ကောင်ကျူ ဧကရာဇ်.... မရိုသေတဲ့ သားမြေး လာကန်တော့တာပါ။ အခု နုဧကရာဇ်ရဲ့ အကြွင်းအကျန်တွေက လောကကို လွှမ်းမိုးနေပြီ၊ တာရှန်း မိစ္ဆာနိုင်ငံတော် တစ်ကျော့ပြန် လာပြီး ကျုပ်တို့ အရှေ့တိုင်း လောကက နောက်တစ်ကြိမ် အမှောင်ထုထဲ ရောက်နေပြန်ပြီ၊ အရှေ့တိုင်း ယဉ်ကျေးမှုရဲ့ ကပ်ဘေးကြီး ဆိုက်ရောက်လာတော့မယ်။

အန္တရာယ် အများဆုံး အချိန် ရောက်လာပါပြီ။ မရိုသေတဲ့ သားမြေးက ဘိုးဘေးရဲ့ သေတမ်းစာကို လာယူတာပါ၊ လောကကို ကယ်တင်ပြီး တာရှန်း မိစ္ဆာနိုင်ငံတော်ကို ဖျက်ဆီးဖို့ပါ။ ဒါက ရှယန် ပါ၊ သူက ကျုပ်တို့ တာရှအင်ပါယာရဲ့ အမွေဆက်ခံသူတင် မကဘူး၊ သန့်စင်သော ကျောင်းတော်ရဲ့ အမွေဆက်ခံသူ လည်း ဖြစ်တယ်။ သူက ကျုပ်တို့ အရှေ့တိုင်း လောကရဲ့ ကောင်းကင်ဘုံက ရွေးချယ်ထားတဲ့ သခင်ပါ။ သူကမှ ကောင်ကျူ သေတမ်းစာရဲ့ ပိုင်ရှင် အစစ်ပါ။”

အပိုင်း (၇၀၀)

ယွင်ကျုံးဟဲ့ လည်း ဒူးထောက်ကာ ကောင်ကျူ ဧကရာဇ်၏ သင်္ချိုင်းကို ကန်တော့လိုက်၏။ တာရှအင်ပါယာ၏ အမြင့်ဆုံး အဖိုးတန် ရတနာ၊ တာရှန်း မိစ္ဆာနိုင်ငံတော်ကို ဖျက်ဆီးမည့် အမြင့်ဆုံး လျှို့ဝှက်ချက်သည် တောသင်္ချိုင်း တစ်ခုအတွင်း ဖုံးကွယ်ထားမည်ဟု သူ လုံးဝ မထင်မှတ်ထားခဲ့ပေ၊

ဧကရာဇ် ယုံချီက ဆက်ပြောလိုက်သည်။ “ကောင်ကျူ ဧကရာဇ်... မရိုသေတဲ့ သားမြေးက ရတနာကို လာယူတာပါ။”

ထို့နောက် ဧကရာဇ် ယုံချီသည် မြေပြင်ပေါ်တွင် ဒူးထောက်လျက် သင်္ချိုင်းကို စတင် တူးဖော်တော့၏။

ယွင်ကျုံးဟဲ့ လည်း ရှေ့တိုးကာ လက်ဖြင့် သင်္ချိုင်းကို တူးဖော်ရန် ပြင်လိုက်သည်။

“မြေးလေး... မင်း မလုပ်နဲ့၊ ဒီ မြေကြီးတွေက အရမ်း မာတယ်။ မင်း သွေးထွက် ဒဏ်ရာ ရလိမ့်မယ်။”

ဧကရာဇ် ယုံချီက ပြောလိုက်၏။ “အဘိုး ကိုယ်တိုင် လုပ်မယ်။”

အမှန်တကယ်၌ ဧကရာဇ် ယုံချီ၏ ရည်ရွယ်ချက်က ယွင်ကျုံးဟဲ့ ဒဏ်ရာ ရမည်ကို စိုးရိမ်ရုံ သက်သက် မဟုတ်ပေ။

အကြောင်းမှာ ဘိုးဘေးများ၏ သင်္ချိုင်းကို တူးဖော်ခြင်းသည် အလွန် မရိုသေသော လုပ်ရပ် ဖြစ်ပြီး ကောင်းကင်ဘုံ၏ အပြစ်ဒဏ်ကို ခံရနိုင်သောကြောင့် ဧကရာဇ် ယုံချီသည် ယွင်ကျုံးဟဲ့ကို ဤအပြစ်များ မခံစားစေချင်သောကြောင့် ဖြစ်၏။

သူသည် ယခုအခါ လုံးဝ ကိုယ်ကျိုး မရှိသော အခြေအနေသို့ ရောက်ရှိနေပြီဖြစ်ပြီး၊ တစ်ကိုယ်လုံး၊ စိတ်တစ်ခုလုံး မြေးဖြစ်သူ ယွင်ကျုံးဟဲ့ တစ်ယောက်တည်း အတွက်သာ ဖြစ်နေသည်။

ဧကရာဇ် ယုံချီသည် လက်နှစ်ဖက်ဖြင့် ကောင်ကျူ ဧကရာဇ်၏ သင်္ချိုင်းကို ရိုသေစွာ ဆက်လက် တူးဖော်နေပြီး အချိန်တို အတွင်းမှာပင် သွေးသံတရဲရဲ ဖြစ်နေပြီ ဖြစ်၏။

ဆယ့်ငါးမိနစ်တိတိ ကြာပြီးနောက် ကောင်ကျူ ဧကရာဇ်၏ သင်္ချိုင်းကို တူးဖော်နိုင်ခဲ့ပြီး အတွင်း၌ ခေါင်းတလား တစ်လုံး ရှိနေသည်။

ကြည့်ရသည်မှာ ပုပ်ဆွေးနေသော သစ်သားနှင့် တူသော်လည်း အမှန်တကယ်၌ ကျောက်ခေါင်းတလား ဖြစ်နေသည်။ ဧကရာဇ် ယုံချီက အရက်ကို ထုတ်ယူကာ သူ၏ လက်နှစ်ဖက်ကို ဆေးကြောလိုက်၏။

ယွင်ကျုံးဟဲ့က ပိုးပုဝါကို ထုတ်ယူကာ အဘိုး၏ လက်နှစ်ဖက်ကို ညင်သာစွာ သုတ်ပေးပြီး ဆေး သုတ်လိမ်းပေးလိုက်သည်။

“အဘိုး... ဒီနေရာကို အဘိုးလည်း ပထမဆုံး အကြိမ် လာတာလား။” ယွင်ကျုံးဟဲ့က မေးလိုက်၏။

ဧကရာဇ် ယုံချီက ဖြေလိုက်သည်။ “ဟုတ်တယ်။ ပထမဆုံး အကြိမ် လာတာ။ ဘိုးဘေးတွေရဲ့ အမိန့် ရှိတယ်။ အရှေ့တိုင်း ယဉ်ကျေးမှုရဲ့ ကပ်ဘေးကြီး ဆိုက်ရောက် မလာမချင်း ဧကရာဇ် အဆက်ဆက်က ကောင်ကျူ ဧကရာဇ်ရဲ့ သင်္ချိုင်း အနားကို မကပ်ရဘူး။ မဟုတ်ရင် မရိုသေတဲ့ အပြစ်ဖြစ်ပြီး ကောင်းကင်ဘုံရဲ့ အပြစ်ဒဏ်ကို ခံရမယ်တဲ့။

ဒါကြောင့် အဘိုးက ပထမဆုံးအကြိမ် လာတာတင် မကဘူး။ အရင် ဧကရာဇ်တွေလည်း တစ်ခါမှ မလာခဲ့ဖူးဘူး၊ ကျုပ်တို့က ကောင်ကျူ ဧကရာဇ်ရဲ့ သင်္ချိုင်းကို ပထမဆုံး အကြိမ် တူးဖော်တာပဲ။”

ထို့နောက် ဧကရာဇ် ယုံချီသည် ကျောက်ခေါင်းတလားကို ဖွင့်လိုက်၏။

အတွင်း၌ အရိုးစု တစ်ခု ရှိနေသည်။ ဤသည်မှာ မည်သူ့ အရိုးစု ဖြစ်သနည်း။

ဧကရာဇ် ယုံချီသည် အရိုးစုကို သတိထား၍ အပြင်သို့ ထုတ်ယူလိုက်ပြီးနောက် ယွင်ကျုံးဟဲ့ကို ပြောလိုက်သည်။ “မြေးလေး၊ ကျုပ်တို့ အထဲ ဝင်လှဲကြမယ်။”

‘ခေါင်းတလားထဲ ဝင်လှဲရမယ် ဟုတ်လား။’

ယွင်ကျုံးဟဲ့ အံ့ဩသွား၏။ သို့ပေမည့် သူ လိုက်နာကာ ဧကရာဇ် ယုံချီနှင့်အတူ ကြီးမားသော ခေါင်းတလားကြီး အတွင်းသို့ ဝင်လှဲလိုက်၏။

ထို့နောက် ဧကရာဇ် ယုံချီသည် ခေါင်းတလား နံရံတွင် အကွက်အချို့ကို ရှာဖွေလိုက်၏။ ထိုအပေါ်တွင် စာလုံးများ ထွင်းထုထား၏။ စာလုံး အချို့ကို ရှာဖွေတွေ့ရှိပြီးနောက် လှည့်ကာ နှိပ်လိုက်သည်။

ကျောက်ခေါင်းတလား အတွင်း၌ စက်ယန္တရား ရှိနေပြီး အလွန် လျှို့ဝှက် ဆန်းကြယ်သော စက်ယန္တရား ဖြစ်၏။

“ဂျွတ်...ဂျွတ်...”

စက်ယန္တရား အားလုံးကို လှည့်ပြီးသွားချိန်၌ ပွတ်တိုက်သံ တစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် ဘာတုံ့ပြန်မှုမှ မရှိတော့ပေ။

‘ဒီလို စက်ယန္တရားမျိုးက နှစ်တစ်ထောင် ကြာခဲ့ပြီ မဟုတ်လား။ ဒါဆို ဒီကောင်ကျူသင်္ချိုင်းရဲ့ အောက်မှာ တာရှအင်ပါယာရဲ့ အမြင့်ဆုံး အဖိုးတန် ရတနာ၊ အမြင့်ဆုံး လျှို့ဝှက်ချက် ဖုံးကွယ်ထားတာ သေချာတယ်။

ဒါပေမဲ့ အချိန်က အရမ်း ကြာနေပြီ ဆိုတော့ စက်ယန္တရားက ပျက်နေပြီလား မသိဘူး၊ ဒီလောက် ကြာနေတာတောင် ဘာတုံ့ပြန်မှုမှ မရှိသေးဘူး။’

ထို့နောက် ယွင်ကျုံးဟဲ့သည် ပတ်ဝန်းကျင်မှ တုန်ခါမှုများ အဆက်မပြတ် ထွက်ပေါ်လာသည်ကို ခံစားလိုက်ရပြီး စက်ယန္တရားက စတင် အလုပ်လုပ်နေပြီ ဖြစ်ကြောင်း သိရှိသွား၏။

“မြေးလေး... ကောင်ကျူ ဧကရာဇ်ရဲ့ လက်ဆောင်ကို စောင့်မျှော်နေလိုက်တော့။”

ဧကရာဇ် ယုံချီက ပြောလိုက်သည်။ “ငါတို့ တာရှအင်ပါယာရဲ့ လျှို့ဝှက်အဆန်းကြယ်ဆုံး နေရာကို ဝင်ရတော့မယ်။”

“ဂျွတ်... ဂျွတ်...”

ပွတ်တိုက်သံ တစ်ခု ထပ်မံ ထွက်ပေါ်လာပြန်၏။

စက်ယန္တရားသည် နောက်ဆုံးတွင် အလုပ် လုပ်သွားပြီး တရားဝင် စတင် လည်ပတ်နေပြီ ဖြစ်သည်။

“ဝုန်း..”

ရုတ်တရက် ယွင်ကျုံးဟဲ့ အောက်ရှိ ခေါင်းတလား အောက်ခြေက ပွင့်သွားပြီး အောက်ဘက်တွင် ဟာလာဟင်းလင်း ဖြစ်သွား၏။

ယွင်ကျုံးဟဲ့ နှင့် ဧကရာဇ် ယုံချီတို့ နှစ်ဦးသည် ခြေလွတ်လက်လွတ် ပြုတ်ကျသွားကြ၏။ အနက် မမှန်းနိုင်သော လျှို့ဝှက်ဆန်းကြယ်ရာ နေရာ၊ ကောင်ကျူ ဧကရာဇ်၏ လျှို့ဝှက် ဂူဗိမာန်၏ အနက်ရှိုင်းဆုံး နေရာသို့ ပြုတ်ကျသွားကြခြင်း ဖြစ်သည်။

ကောင်ကျူ ရှကျိုး၏ ဂူဗိမာန်သည် ထင်ထားသလောက် မနက်ရှိုင်းဘဲ မီတာ အနည်းငယ်သာ ရှိသည်။ ဧကရာဇ် ယုံချီ၏ သိုင်းပညာက အလွန် မြင့်မားသောကြောင့် မြေပြင်ပေါ်သို့ မကျရောက်မီ အတွင်းအားကို ထုတ်လွှတ်ကာ ပြုတ်ကျသည့် အရှိန်ကို လျှော့ချလိုက်ပြီး မြေပြင်ပေါ်သို့ ပေါ့ပါးစွာ ဆင်းသက်လိုက်၏။

သို့ပေမည့် ဤနေရာတွင် အလွန် မှောင်မည်းနေသောကြောင့် ယွင်ကျုံးဟဲ့က မီးတောက်လောင်သည့် မီးခြစ်ကို ထုတ်ယူရန် ပြင်လိုက်သည်။

သို့ပေမည့် ရုတ်တရက် ဂူဗိမာန် အတွင်း၌ မီးတောက်များ လင်းလက်လာ၏။ နံရံပေါ်တွင် မြှုပ်နှံထားသော ဆီမီးခွက်များ တစ်လုံးပြီး တစ်လုံး လင်းထိန်လာသည်။ တစ်ခဏချင်းမှာပဲ ဂူဗိမာန် တစ်ခုလုံး လင်းထိန်သွား၏။

ယွင်ကျုံးဟဲ့ အနည်းငယ် အံ့အားသင့်သွားသော်လည်း မကြာမီ ၎င်း၏ နောက်ကွယ်မှ သဘောတရားကို နားလည်သွားသည်။

အကြောင်းမှာ မီးစာများတွင် မီးစုန်းများ ပါဝင်နေပြီး အောက်ဆီဂျင် မရှိချိန်၌ မီးတောက်များ အလိုအလျောက် ငြိမ်းသွားကာ ယခု အောက်ဆီဂျင် ဝင်ရောက်လာသောကြောင့် မီးစာများ အလိုအလျောက် လောင်ကျွမ်းသွားခြင်း ဖြစ်၏။

သို့ပေမည့် ကောင်ကျူ ဂူဗိမာန်သည် အနည်းဆုံး နှစ်တစ်ထောင်ခန့် သက်တမ်း ရှိပြီဖြစ်ရာ ထိုအချိန်တည်းက မီးစုန်းများ ရှိနေခဲ့ပြီလား။

မီးရောင်အောက်တွင် ယွင်ကျုံးဟဲ့သည် အပေါ်ရှိ ကျောက်စာကို တွေ့လိုက်ရ၏။ ‘ဒါ... ဒါက ကောင်ကျူ ဧကရာဇ် ကိုယ်တိုင် ထွင်းထုထားတာလား။’

ယွင်ကျုံးဟဲ့ သေချာစွာ ဖတ်ရှုကြည့်လိုက်သည်။

“တာ့ယန် မင်းဆက်... အလွန် ကြီးပွားတိုးတက်ခဲ့သော မင်းဆက်ကြီး အဘယ်ကြောင့် ပျက်စီးသွားရသနည်း။ ကျုပ် အထက်အောက် လိုက်ရှာခဲ့သော်လည်း အဖြေ မရခဲ့ပေ။”

ဤသည်မှာ ကောင်ကျူ ရှကျိုး ထွင်းထုထားသော ကျောက်စာ၏ ပထမဆုံး စာကြောင်းဖြစ်ပြီး ယွင်ကျုံးဟဲ့ကို အံ့အားသင့်သွားစေ၏။

ဤမေးခွန်းကို သူ တစ်ခါတရံ တွေးဖူးသော်လည်း နက်နက်ရှိုင်းရှိုင်း မစဉ်းစားခဲ့ဖူးပေ။ အကြောင်းမှာ သိပ်အရေးမကြီးဘူးဟု ထင်ခဲ့သောကြောင့်ပင်။

လက်ရှိ မျက်မှောက်တွင် ရှိနေသော ပထမဆုံး ပြဿနာမှာ တာရှန်း မိစ္ဆာနိုင်ငံတော်၊ လောကကြီး ပျက်စီးမည့် အန္တရာယ် ဖြစ်၏။

ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “အဘိုး... အဲဒီတုန်းက အလွန် အင်အားကြီးမားတဲ့ တာ့ယန် မင်းဆက်က ဘာလို့ ပျက်စီးသွားရတာလဲ။”

ဤသည်မှာ အမှန်တကယ်ပင် နားလည်ရန် ခက်ခဲလှ၏။ လွန်ခဲ့သော နှစ်တစ်ထောင်ကျော်က တာ့ယန် မင်းဆက်သည် အင်အားကြီးမားသည်ဟုပင် ဖော်ပြ၍ မရနိုင်တော့ဘဲ လောက တစ်ခုလုံးကို လွှမ်းမိုး ထားနိုင်ပြီး အလွန် ခမ်းနားကြီးကျယ်ခဲ့သည်။

သို့ပေမည့် ၎င်း၏ ပျက်စီးခြင်းနှင့်ပတ်သက်၍ သမိုင်းမှတ်တမ်းများ လုံးဝ မကျန်ရစ်ခဲ့ဘဲ မျက်စိတစ်မှိတ် အတွင်းမှာပင် ပြိုကွဲသွားသကဲ့သို့ ဖြစ်နေ၏။

ဧကရာဇ် ယုံချီက ဖြေလိုက်သည်။ “အကြောင်းရင်းကို မသိရဘူး။ ဘာမှတ်တမ်းမှ မကျန်ခဲ့ဘူး။”

ယွင်ကျုံးဟဲ့သည် ရှကျိုး ရေးသားထားသော ကျောက်စာကို ဆက်လက် ဖတ်ရှုလိုက်သည်။ ကျောက်စာသည် မရှည်လျားဘဲ စာလုံးရေ ရာဂဏန်း ခန့်သာ ရှိ၏။

သို့ပေမည့် ထွက်ပေါ်လာသော သတင်းအချက်အလက်များက လူကို ကြက်သီးထသွားစေသည်။

တာ့ယန် မင်းဆက်၏ နောက်ဆုံး ဧကရာဇ် ယန်ရှင်းကျုံးသည် ဉာဏ်ပညာ ပြိုင်ဘက်ကင်းပြီး သာမန်လူများ မမီနိုင်သော တွေးခေါ်နိုင်စွမ်း ရှိသည်။ သူက သန့်စင်သော ကျောင်းတော်သို့ သွားရောက် ပူဇော်ပြီးနောက် ပြန်လာကာ ဧကရာဇ်အဖြစ် နန်းတက်ချိန်မှာတော့ တာ့ယန် မင်းဆက်သည် ကြီးမားသော အပြောင်းအလဲများ ဖြစ်ပေါ်လာပြီး အင်ပါယာ တစ်ခုလုံးသည် မူလ ကြွယ်ဝချမ်းသာပြီး အင်အား ကြီးမားသော အခြေခံပေါ်တွင် မှီခိုကာ ပိုမို တိုးတက်လာခဲ့၏။

ဤသည်မှာ လူတို့၏ သာမန် အသိပညာကို ချိုးဖောက်လိုက်ခြင်း ဖြစ်၏။ ယေဘုယျအားဖြင့် နောက်ဆုံး ဧကရာဇ် ဆိုသည်မှာ အရည်အချင်း မရှိ၊ ဉာဏ်မမီသူ မဟုတ်လျှင်တောင်မှ ထူးချွန်ထက်မြက်သော ဧကရာဇ် တစ်ပါးတော့ မဟုတ်ပေ။

သို့ပေမည့် တာ့ယန် မင်းဆက်၏ နောက်ဆုံး ဧကရာဇ်မှာမူ အလွန် ထူးခြားနေပြီး သာမန်လူများထက် ပိုမို ထက်မြက်ကာ တာ့ယန် မင်းဆက်ကို ပိုမို ခမ်းနားသော အခြေအနေသို့ ပို့ဆောင်ပေးနိုင်ခဲ့သည်။

ယွင်ကျုံးဟဲ့ ကျောက်စာကို ဆက်ဖတ်လိုက်၏။

ရှင်းကျုံး ဧကရာဇ်၏ ဉာဏ်ရည်က အလွန် ဆန်းသစ်ပြီး ထူးခြားသော အရာများစွာကို ပြောဆိုခဲ့သည်။ ဥပမာ - လှော်တက် မလိုဘဲ သွားနိုင်သော လှေ၊ မြင်း မလိုဘဲ ပြေးနိုင်သော ရထား စသည်ဖြင့်ပင်။

သူသည် စိုက်ပျိုးရေးကိုလည်း ကျွမ်းကျင်ပြီး သီးနှံ အသစ်များစွာကို ဖန်တီးကာ စိုက်ပျိုးရေး ပြုပြင် ပြောင်းလဲမှုများကို လုပ်ဆောင်ခဲ့သောကြောင့် တစ်ဧကလျှင် သီးနှံ အထွက်နှုန်း ပေါင်ခြောက်ရာ၊ ခုနစ်ရာကျော်အထိ ရှိလာခဲ့သည်။

ဤနေရာအထိ ဖတ်ပြီးချိန်မှာတော့ ယွင်ကျုံးဟဲ့က ဘာမှ မထူးခြားဘူးဟု ထင်ရသော်လည်း ဧကရာဇ် ယုံချီ ကမူ အံ့အားသင့်သော အသံ ထွက်ပေါ်လာ၏။

“တစ်ဧကကို ပေါင်ခြောက်ရာ၊ ခုနစ်ရာ... ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ။”

ဧကရာဇ် ယုံချီက ပြောလိုက်သည်။ “ငါတို့ တာရှအင်ပါယာရဲ့ အကောင်းဆုံး လယ်မြေတောင်မှ တစ်ဧကကို အများဆုံး ပေါင်သုံးရာထက် မပိုဘူးလေ။”

ကျောက်စာကို ဆက်ဖတ်လိုက်၏။

တစ်နေ့တွင် ရှင်းကျုံး ဧကရာဇ်က မြင်းမလိုသော စက်ယန္တရား အသစ် တစ်မျိုးကို ဖန်တီးမည်ဟု ကြေညာ ခဲ့သည်။

ထို့အပြင် ထိုအရာသည် အင်ပါယာရှိ လူပေါင်းများစွာ၏ ကံကြမ္မာကို လုံးဝ ပြောင်းလဲပစ်နိုင်ပြီး အင်ပါယာ၏ တိုးတက်မှုကို တွန်းအားပေးနိုင်မည်ဟု ပြောခဲ့၏။

နောက်တစ်နေ့တွင် ရှင်းကျုံး ဧကရာဇ် ရုတ်တရက် ကံတော်ကုန်သွားခဲ့၏။ လဝက်အတွင်း တာ့ယန် မင်းဆက်၏ တော်ဝင်သွေးမျိုးဆက် အမျိုးသားအားလုံး အကြောင်းပြချက် မရှိဘဲ ရုတ်တရက် သေဆုံး သွားကြသည်။ ထိုအချိန်မှစ၍ တာ့ယန် မင်းဆက် ပျက်စီးသွားခဲ့၏။

ဤနေရာအထိ ဖတ်ပြီးချိန်မှာတော့ ယွင်ကျုံးဟဲ့ နှင့် ဧကရာဇ် ယုံချီ တို့ အချင်းချင်း ကြည့်လိုက်မိကြ၏။ ကျောက်စာသည် ဤနေရာတွင် အဆုံးသတ်သွားသော်လည်း ကျန်ရစ်ခဲ့သော သတင်းအချက်အလက်များမှာ အလွန် အံ့မခန်း ဖြစ်ပြီး ကြက်သီးထစရာပင် ကောင်းလှသည်။

‘တာ့ယန် မင်းဆက်က ဒီလို နည်းလမ်းနဲ့ ပျက်စီးသွားခဲ့တာလား။’

ယွင်ကျုံးဟဲ့ နှင့် ဧကရာဇ်တို့ ကြားတွင် မည်သည့် စကားမှ မပြောဘဲ တိတ်ဆိတ်စွာ အချင်းချင်း ကြည့်နေကြ၏။

‘ကျောက်စာက ဒီလောက်ပဲလား။’

ထို့နောက် ယွင်ကျုံးဟဲ့သည် ဤသည်မှာ ပထမဆုံး ဂူဗိမာန် အခန်းသာဖြစ်ပြီး အရှေ့တွင် တံခါး တစ်ပေါက် ရှိနေကြောင်း တွေ့လိုက်ရသည်။

ဧကရာဇ် ယုံချီ ရှေ့သို့ တိုးသွားကာ တံခါးပေါ်ရှိ စက်ယန္တရားကို လှည့်လိုက်၏။

ဤသည်မှာလည်း သူသာလျှင် သိရှိသော၊ ဧကရာဇ် အဆက်ဆက် လက်ဆင့်ကမ်း လာခဲ့သော စကားဝှက် ဖြစ်သည်။

ကျောက်တံခါး ပွင့်သွားပြီး အရှေ့တွင် ဒုတိယ ဂူဗိမာန် အခန်း ရှိနေ၏။

ယွင်ကျုံးဟဲ့ နှင့် ဧကရာဇ် ယုံချီတို့ ခဏ စောင့်ဆိုင်းပြီးနောက် အတွင်းရှိ မီးတောက်များ လင်းလာမှသာ ဝင်ရောက်သွားကြသည်။

ဒုတိယ ဂူဗိမာန် အခန်း အတွင်းသို့ ဝင်ရောက်သွားချိန်မှာတော့ ဤနေရာတွင်လည်း ကောင်ကျူ ရှကျိုး ချန်ထားခဲ့သော ကျောက်စာများ ရှိနေဆဲ ဖြစ်ပြီး ယွင်ကျုံးဟဲ့က ထိုကျောက်စာများကို စတင် ဖတ်ရှုလိုက်၏။

ထို့နောက် ဧကရာဇ်သည် မျက်လုံး မှိတ်ထားပြီး မဖတ်တော့ကြောင်း ယွင်ကျုံးဟဲ့ တွေ့လိုက်ရသည်။

All Chapters