အခန်း (၇၀၁-၇၀၂)
Vol. 59 Ch. 701-702
အပိုင်း (၇၀၁)
“အဘိုး... ဘာဖြစ်လို့လဲ” ယွင်ကျုံးဟဲ့က မေးလိုက်၏။
ဧကရာဇ် ယုံချီက ဖြေလိုက်သည်။ “ကလေး... အဘိုး မဖတ်သင့်ဘူးလို့ ထင်တယ်။ ဒါက မင်း တစ်ယောက်တည်းပဲ ဖတ်ခွင့်ရှိတဲ့ အကြောင်းအရာတွေပဲ။”
ယွင်ကျုံးဟဲ့ ခေါင်းညိတ်လိုက်ပြီး ဆက်လက် ဖတ်ရှုလိုက်၏။
တာ့ယန် မင်းဆက် ပျက်စီးသွားပြီးနောက် လောကကြီး ကြီးမားစွာ ရှုပ်ထွေးသွား၏။ တာ့ယန် မင်းဆက်တွင် နယ်စားဘုရင် ကိုးပါးရှိကာ လောကကို လုယူရန် အဆက်မပြတ် စစ်ပွဲများ ဆင်နွှဲခဲ့ကြသော်လည်း မည်သူမှ လောကကို မစည်းလုံး နိုင်ခဲ့ပေ။
လောက တစ်ခုလုံး နှစ်ရာပေါင်းများစွာ ကမောက်ကမ ဖြစ်ခဲ့ပြီး ပြည်သူများ ဒုက္ခရောက်ခဲ့ကြသည်။ တာ့ယန် မင်းဆက်၏ မူလ လူဦးရေ သန်းခြောက်ရာသည် အဆပေါင်းများစွာ လျော့ကျသွားခဲ့၏။
ဤအချက်အလက်က ယွင်ကျုံးဟဲ့ကို ထပ်မံ အံ့အားသင့်သွားစေသည်။ ‘တာ့ယန် မင်းဆက်ရဲ့ နောက်ဆုံး နှစ်တွေမှာ လူဦးရေ သန်းခြောက်ရာ ရှိခဲ့တယ် ဟုတ်လား။’
သို့ပေမည့် ပြန်တွေးကြည့်လျှင်လည်း ယုတ္တိရှိသည်။ မန်ချူး မင်းဆက်တွင်ပင် လူဦးရေ သန်းလေးရာ ရှိခဲ့သည် မဟုတ်ပါလား။
တာ့ယန် မင်းဆက်၏ နယ်မြေသည် မန်ချူး မင်းဆက်ထက် အများကြီး ပိုကျယ်ဝန်းပြီး ကုန်ထုတ်လုပ်မှု စွမ်းအားကလည်း အများကြီး ပိုအားကောင်းကာ တစ်ဧက အထွက်နှုန်း ပေါင်ခြောက်ရာကျော် ရှိသောကြောင့် လူ သန်းခြောက်ရာကို ကျွေးမွေးနိုင်ခြင်းမှာ အံ့ဩစရာ မဟုတ်ပေ။
စစ်ပွဲများ နှစ်ရာပေါင်းများစွာ ဖြစ်ပွားပြီးနောက် လူဦးရေ အများစုမှာ သေဆုံးသွားကြပြီး ကုန်ထုတ်လုပ်မှု စွမ်းအားလည်း အလွန် ယုတ်လျော့သွားခဲ့သည်။
ကျောက်စာကို ဆက်ဖတ်လိုက်၏။ နောက်ပိုင်းတွင် ပြောပြထားသည်မှာ တာရှန်း မိစ္ဆာနိုင်ငံတော် ကြီးပွားလာပုံ၊ နုဧကရာဇ် ကြီးပွားလာပုံ အကြောင်းများ ဖြစ်သည်။ ဤအကြောင်းအရာများကို ယွင်ကျုံးဟဲ့ အများစု သိရှိထားပြီး ဖြစ်၏။
အဓိက အချက်မှာ နုဧကရာဇ်သည် သန့်စင်သော ကျောင်းတော်ကို သွားရောက် ဖူးမြော်ခဲ့သော်လည်း ကောင်ကျူ ရှကျိုး အပါအဝင် လောကမှ နယ်စားများက အသိအမှတ် မပြုကြဘဲ နုဧကရာဇ် သွားရောက် ဖူးမြော်ခဲ့သည်မှာ သူတို့၏ အလင်းရောင် သန့်စင်သော ကျောင်းတော် မဟုတ်ဘဲ အမှောင် သန့်စင်သော ကျောင်းတော် ဖြစ်သည်ဟု ယူဆခဲ့ကြခြင်း ဖြစ်သည်။
သို့ပေမည့် လောက တွင် အမှောင် သန့်စင်သော ကျောင်းတော် တကယ် ရှိနေသည်လား။ နုဧကရာဇ်သည် အမှောင် သန့်စင်သော ကျောင်းတော်မှ ပြန်လာပြီးနောက် နုဧကရာဇ် အမည်းရောင်မှတ်တမ်း ကို ရေးသားခဲ့ပြီး အမှောင်ထု နှင့် သေမင်းကို ကိုးကွယ်ကာ သေမင်း ထာဝရ အသက်ရှင်သည် ဟု ကြေညာခဲ့၏။
နုဧကရာဇ်သည် အမည်းရောင်မှတ်တမ်းကို အားကိုး၍ ယုံကြည်သူများ အများအပြား စုဆောင်းခဲ့ပြီး နောက်ဆုံးတွင် တပည့် ကိုးဦးသည် နုဧကရာဇ်၏ တရားဝင် တပည့်များ ဖြစ်လာခဲ့သည်။
နုဧကရာဇ်သည် ဟေးထျန်း (အမည်းရောင် ကောင်းကင်) နတ်ဘုရားဂိုဏ်းကို တည်ထောင်ခဲ့၏။
ဤနေရာအထိ ဖတ်ပြီးချိန်မှာတော့ ယွင်ကျုံးဟဲ့သည် ယွမ်ထျန်းရှဲ့၏ ဟွမ်ထျန်း (အဝါရောင် ကောင်းကင်) နတ်ဘုရား ဂိုဏ်းသည် ဘယ်က လာသနည်းကို နောက်ဆုံးတွင် သိရှိသွားခဲ့ပြီ ဖြစ်သည်။
တာ့ယန် မင်းဆက်သည် ဟွမ်ထျန်း ဖြစ်သောကြောင့် ယွမ်ထျန်းရှဲ့က ဟွမ်ထျန်း နတ်ဘုရားဂိုဏ်းဟု အမည်ပေးခဲ့ခြင်း ဖြစ်ပြီး ယခင်က ယွင်ကျုံးဟဲ့သည် ၎င်းကို ယုတ်မာသော ဘာသာရေးဂိုဏ်း တစ်ခုဟု ထင်မှတ်ခဲ့ကာ ဟွမ်ကျင်း(အဝါရောင် ခေါင်းပေါင်း) တပ်ဖွဲ့ ကဲ့သို့ ဖြစ်မည်ဟုပင် ထင်ခဲ့မိသေးသည်။
(ဟွမ်ကျင်း - အရှေ့ဟန်မင်းဆက် နှောင်းပိုင်းတွင် ပေါ်ပေါက်ခဲ့သော ပုန်ကန်သူအဖွဲ့)
ထို့နောက် နုဧကရာဇ်၏ ဟေးထျန်း နတ်ဘုရားဂိုဏ်းသည် အဆက်မပြတ် ကြီးပွားလာပြီး ယုံကြည်သူများ ပိုမိုများပြားလာကာ နောက်ဆုံးတွင် တာရှန်း မိစ္ဆာနိုင်ငံတော်ကို တည်ထောင်နိုင်ခဲ့၏။
ဆယ်နှစ်ကျော် ကာလအတွင်းမှာပင် တာရှန်း မိစ္ဆာနိုင်ငံတော်သည် မိုင်ထောင်ချီ ကျယ်ဝန်းသော နိုင်ငံကို ပိုင်ဆိုင်လာပြီး လောက၏ အင်အားအကြီးဆုံး နိုင်ငံ ဖြစ်လာခဲ့သည်။
နုဧကရာဇ်၏ တပည့် ကိုးဦးလည်း တာရှန်း မိစ္ဆာနိုင်ငံတော်၏ မင်းသားကိုးပါး ဖြစ်လာခဲ့ပြီး မျိုးနွယ်စု ကိုးခုကို အုပ်ချုပ်ကာ ထိုအထဲတွင် နတ်ဆရာမျိုးနွယ်စု နှစ်ခု နှင့် စစ်သည်မျိုးနွယ်စု ခုနစ်ခု ပါဝင်၏။
ကောင်ကျူ ရှကျိုး၏ ကျောက်စာပေါ်တွင် ရှင်းလင်းစွာ ရေးသားထားသည်မှာ တာရှန်း မိစ္ဆာနိုင်ငံတော်သည် မျိုးရိုးစဉ်ဆက် ဆက်ခံသည့် စနစ် မဟုတ်ဘဲ ကိုယ်တွင်းအဆိပ်ကောင် မွေးမြူသည့် စနစ်မျိုး ဖြစ်သည်။
ကိုယ်တွင်းအဆိပ်ကောင် မွေးမြူသည် ဆိုသည်မှာ အဘယ်နည်း။ အဆိပ်ရှိသော အကောင် ထောင်ပေါင်း များစွာကို အိုးတစ်လုံးထဲ ထည့်ထားပြီး သူတို့ အချင်းချင်း သတ်ဖြတ် စားသောက်စေကာ နောက်ဆုံးတွင် အကောင် တစ်ကောင်တည်းသာ အိုးထဲမှ ထွက်လာနိုင်မှာဖြစ်ပြီး ထိုအကောင်ကို ကိုယ်တွင်းအဆိပ်ကောင် ဘုရင်ဟု ခေါ်၏။
တာရှန်း မိစ္ဆာနိုင်ငံတော်သည် ဤကဲ့သို့ ရက်စက်သော သေဆုံးမှု ဖယ်ရှားရေး စနစ်ကို အသုံးပြုခဲ့ခြင်း ဖြစ်၏။ လူအများအပြားသည် နေရာ တစ်ခုအတွက် ယှဉ်ပြိုင်ကြပြီး အချင်းချင်း သတ်ဖြတ်ကြကာ နောက်ဆုံး အသက်ရှင် ကျန်ရစ်သော အစွမ်းအထက်ဆုံး သူက ထိုနေရာကို ရရှိမှာဖြစ်ပြီး ကျရှုံးသူများမှာ များသောအားဖြင့် သေဆုံးရလေ့ ရှိသည်။
ဤကဲ့သို့ ရက်စက်သော ကိုယ်တွင်းအဆိပ်ကောင် မွေးမြူသည့် စနစ်အောက်တွင် တာရှန်း မိစ္ဆာနိုင်ငံတော်၏ သိုင်းပညာရှင် အရေအတွက်သည် အမြဲတမ်း မများပြားသော်လည်း ပိုပိုပြီး အစွမ်းထက်လာခဲ့၏။
တာရှန်း မိစ္ဆာနိုင်ငံတော်၏ နတ်ဆရာများသည်လည်း အမှောင်ထုကို ပွေ့ဖက်ကြပြီး လူကို အစွမ်းထက်စေမည့် ယုတ်မာသော လျှို့ဝှက်ပညာများကို ရှာဖွေခဲ့ကြသည်။
ဆယ်စုနှစ် အနည်းငယ် အတွင်းမှာပဲ တာရှန်း မိစ္ဆာနိုင်ငံတော်သည် အမှောင် လမ်းကြောင်းပေါ်တွင် ပိုပိုပြီး နက်ရှိုင်းစွာ သွားခဲ့ကြ၏။
ထို့အပြင် ကျောက်စာပေါ်တွင် ရှင်းလင်းစွာ ရေးသားထားသည်မှာ နုဧကရာဇ်သည် နယ်မြေချဲ့ထွင်လိုစိတ် သိပ်မပြင်းထန်ဘဲ နယ်မြေ အသစ်များ သိမ်းပိုက်ရန် သို့မဟုတ် လောကကို စည်းလုံးရန် သိပ်မလောခဲ့ပေ။
သို့ပေမည့် တာရှန်း မိစ္ဆာနိုင်ငံတော်၏ သိုင်းပညာရှင်များ များပြားလာလေ။ နတ်ဆရာများ များပြားလာလေ။ အောက်ခြေမှ ကျွန်များ၏ ထောက်ပံ့မှု ပိုမို လိုအပ်လာလေ ဖြစ်၏။
တာရှန်း မိစ္ဆာနိုင်ငံတော် တစ်ခုလုံးသည် တွင်းနက်ကြီး တစ်ခု ကဲ့သို့ ဖြစ်နေပြီး။ ဆက်လက် ရှင်သန်နိုင်ရန် အတွက် နယ်မြေများကို အဆက်မပြတ် သိမ်းပိုက်ရပြီး အဆက်မပြတ် တိုက်ခိုက်ရကာ ကျွန်များကို အဆက်မပြတ် ဖမ်းဆီးရတော့သည်။
ဤသည်မှာလည်း တိုးချဲ့မှု တစ်မျိုး ဖြစ်သော်လည်း အခြေအနေအရ တွန်းအားပေးခံရသော တိုးချဲ့မှု တစ်မျိုး ဖြစ်၏။
တာရှန်း မိစ္ဆာနိုင်ငံတော်က လူများသည် အတွင်းပိုင်း တိုက်ပွဲများကို ပို၍ အလေးထားကြပြီး လူတိုင်းသည် အထက်သို့ ရောက်ရန် အသေအလဲ ကြိုးစားကြသည်။
ထို့ကြောင့် အမှန်တကယ် ပြင်းထန်သော တိုက်ပွဲများမှာ တာရှန်း မိစ္ဆာနိုင်ငံတော် အတွင်း၌သာ ဖြစ်ပွားလေ့ ရှိ၏။
မင်းသား ကိုးပါး၏ နေရာသည် မျိုးရိုးစဉ်ဆက် ဆက်ခံခြင်း မဟုတ်ရုံသာမက တာရှန်း မိစ္ဆာနိုင်ငံတော် ဧကရာဇ်၏ နေရာသည်လည်း မျိုးရိုးစဉ်ဆက် ဆက်ခံခြင်း မဟုတ်ပေ။ ဤသည်မှာ ယွင်ကျုံးဟဲ့၏ အသိပညာကို လုံးဝ ချိုးဖောက်လိုက်ခြင်း ဖြစ်သည်။
ကျောက်စာပေါ်တွင် ကောင်ကျူ ဧကရာဇ်က ရှင်းလင်းစွာ ရေးသားထားသည်မှာ တပည့် ကိုးဦးမှလွဲ၍ နုဧကရာဇ်ကို အမှန်တကယ် မြင်ဖူးသူ မရှိပေ။
တာရှန်း မိစ္ဆာနိုင်ငံတော်သည် အဆင့်အလိုက်၊ အလွှာအလိုက် ခွဲခြားထားပြီး အထက်လူကြီးက အလွန် အရေးပါလှ၏။
မည်သည့် အမိန့်မျိုးမဆို ချမှတ်လာပါက အမှုန့်ဖြစ်သွားမည် ဆိုလျှင်ပင် အကောင်အထည် ဖော်ရမှာ ဖြစ်သည်။
နုဧကရာဇ်သည် အမြဲတမ်း အမှောင် သံချပ်ကာကို ဝတ်ဆင်ထားပြီး အမည်းရောင် မျက်နှာဖုံးကို တပ်ဆင်ထားကာ လောကကို အုပ်စိုးရမည့် ဂုဏ်ကျက်သရေကို သိပ်စိတ်မဝင်စားပုံ ရ၏။
သူ့တွင် ပိုမို မြင့်မားသော စံပြ ရည်မှန်းချက် ရှိသော်လည်း ထိုစံပြ ရည်မှန်းချက်မှာ ဘာလဲ ဆိုသည်ကိုတော့ မည်သူမှ မသိကြပေ။ ဒုတိယ ဂူဗိမာန် အခန်း ရှိ ကျောက်စာများမှာ ဤမျှသာ ဖြစ်သည်။
“အဘိုး... ဖတ်လို့ ပြီးပါပြီ။” ယွင်ကျုံးဟဲ့က ပြောလိုက်၏။
ဧကရာဇ် ယုံချီသည် ယွင်ကျုံးဟဲ့ အတွက် တတိယမြောက် ဂူဗိမာန် အခန်း၏ ကျောက်တံခါးကို ထပ်မံ ဖွင့်ပေးရန် သွားလိုက်ပြီး အပြင်ဘက်တွင် ခဏမျှ စောင့်ဆိုင်းကာ အတွင်းရှိ မီးတောက်များ လင်းလာသည် အထိ စောင့်နေလိုက်သည်။
ယွင်ကျုံးဟဲ့သည် တတိယမြောက် ဂူဗိမာန် အခန်း အတွင်းသို့ ဝင်ရောက်သွား၏။
နုဧကရာဇ်တွင် သားသမီး မရှိ။ တစ်သက်လုံး အိမ်ထောင် မပြုခဲ့ပေ။
ဤသည်မှာ တတိယမြောက် ဂူဗိမာန် အခန်း၏ ကျောက်စာပေါ်ရှိ ပထမဆုံး စာကြောင်း ဖြစ်ပြီး နုဧကရာဇ် ရုတ်တရက် ကံတော်ကုန်ပြီးနောက် တာရှန်း မိစ္ဆာနိုင်ငံတော်တွင် အမှန်တကယ် ဧကရာဇ် ဆိုသည်မှာ မရှိတော့ပေ။
မိစ္ဆာနိုင်ငံတော်၏ မင်းသား ကိုးပါးသည် ဧကရာဇ် နေရာကို လုယူရန် သွေးထွက်သံယို တိုက်ခိုက်ခဲ့ကြသည်။ အချိန်တိုအတွင်း ဧကရာဇ် အသစ်တစ်ပါး နန်းတက်ခဲ့ဖူးသော်လည်း မကြာမီမှာပဲ ထပ်မံ သေဆုံး သွားခဲ့ပြန်၏။
တာရှန်း မိစ္ဆာနိုင်ငံတော်သည် ဤမျှ မြန်မြန်ဆန်ဆန် ပျက်စီးသွားခြင်းမှာ အံ့ဩစရာ မဟုတ်တော့ပေ။
ခေါင်းဆောင် မရှိတော့သောကြောင့် မင်းသား ကိုးပါးသည် အချင်းချင်း သတ်ဖြတ်ကာ ထီးနန်းကို လုယူခဲ့ကြခြင်း ဖြစ်သည်။
ဤကဲ့သို့ ထူးခြားသော ကိုယ်တွင်းအဆိပ်ကောင် မွေးမြူသည့် စနစ်ကြောင့် တာရှန်း မိစ္ဆာနိုင်ငံတော် အတွင်းပိုင်း တိုက်ပွဲများမှာ အမြဲတမ်း ပို၍ ရက်စက်လေ့ ရှိ၏။
နုဧကရာဇ် ရုတ်တရက် ကံတော်ကုန်ပြီးနောက် မင်းသား ကိုးပါး၏ ခွန်အားမှာ အတူတူနီးပါး ဖြစ်နေသောကြောင့် အားလုံးကို လွှမ်းမိုးနိုင်မည့် သူတစ်ယောက် ထွက်ပေါ်လာရန် အလွန် ခက်ခဲလှသည်။
ထို့ကြောင့် ဤမင်းသားကိုးပါး၏ မျိုးနွယ်စုများထဲတွင် အများစုမှာ အချင်းချင်း သတ်ဖြတ်ခြင်းကြောင့် သေဆုံးသွားကြပြီး အနည်းစုသာ ပင်လယ်ရပ်ခြားသို့ ထွက်ပြေးသွားကြ၏။
“နုဧကရာဇ်က ယောကျ်ားလား၊ မိန်းမလား ဆိုတာလည်း ဘယ်သူမှ မသိဘူး။”
ဤသည်မှာလည်း ကျောက်စာပေါ်ရှိ အကြောင်းအရာဖြစ်ပြီး လောကက လူများသည် နုဧကရာဇ်၏ လိင်ကို မသိကြပေ။
‘ဒါ... ဒါက အရမ်းကို ထူးဆန်းလွန်းတယ်။ ဒီလူက အရမ်းကို လျှို့ဝှက်ဆန်းကြယ်လွန်းတယ်။’
သို့ပေမည့် တတိယမြောက် ဂူဗိမာန် အခန်းအတွင်းရှိ အရေးအကြီးဆုံး အကြောင်းအရာမှာ ဤအရာ မဟုတ်ဘဲ အောက်ပါ စာသားများတွင် ဖြစ်၏။
နုဧကရာဇ်သည် အမှောင်သေမင်းကို ကိုးကွယ်ပြီး သေတွင်းထဲ ရောက်မှ ရှင်သန်ခွင့် ရအောင် လုပ်ဆောင်လေ့ ရှိကာ ဆယ်နှစ်လျှင် တစ်ကြိမ် ကပ်ဆိုက်လေ့ ရှိသည်။
ကပ်ဆိုက်ချိန်တိုင်းသည် သေရေးရှင်ရေး အခက်အခဲ ဖြစ်ကာ ရုတ်တရက် သေဆုံးသွားနိုင်သလို သေတွင်းမှ ပြန်လည် မွေးဖွားလာကာ မျိုးဗီဇ ပြောင်းလဲသွားနိုင်၏။
နုဧကရာဇ် ကပ်ကျော်ရန် တရားကျင့်နေချိန်နှင့် တိုက်ဆိုင်ပြီး အားအနည်းဆုံး အခြေအနေသို့ ရောက်ရှိနေချိန်တွင် ကျုပ်သည် အရှေ့တိုင်း လောက၏ ထိပ်တန်း သိုင်းပညာရှင် တစ်ထောင်ကျော်ကို စုစည်းကာ သေမင်းတောင်သို့ သွားရောက်၍ နုဧကရာဇ်ကို လုပ်ကြံရန် သွားရောက်ခဲ့သည်။
ဤနေရာအထိ ဖတ်ပြီးချိန်မှာတော့ ယွင်ကျုံးဟဲ့သည် ကောင်ကျူ ဧကရာဇ်၏ ဂူဗိမာန်ကို ကောင်းကျူ ကိုယ်တိုင် တည်ဆောက် တူးဖော်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိသွားခဲ့သည်။ ထို့ကြောင့် ဂူဗိမာန်၏ အရွယ်အစားက မကြီးမားဘဲ အဆင့်လိုက် ဖြစ်နေခြင်း ဖြစ်၏။
သို့ပေမည့် ဤသည်မှာလည်း အလွန် အံ့မခန်းဖြစ်ပြီး လူတစ်ယောက်တည်းဖြင့် ဂူဗိမာန် အခန်းသုံးခန်းကို တူးဖော်နိုင်ခဲ့ခြင်းက ကောင်ကျူ ရှကျိုး၏ သိုင်းပညာ မည်မျှ မြင့်မားကြောင်း ပြသနေ၏။ ထို့အပြင် ဂူဗိမာန်ကို ကောင်ကျူ ရှကျိုးက နုဧကရာဇ်ကို မလုပ်ကြံမီတည်းက တူးဖော်ခဲ့ခြင်း ဖြစ်သည်။
ဖြစ်နိုင်သည်မှာ ဤတိုက်ပွဲတွင် သူ ပြန်လာနိုင်မည် မဟုတ်ဟု ထင်ထားသောကြောင့် ဂူဗိမာန် အတွင်း၌ ကျောက်စာများကို ကြိုတင် ချန်ထားခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
သို့ပေမည့် ဤသည်မှာ ကောင်ကျူ သေတမ်းစာ ဟုတ်ပါသလား။ အရေးကြီးသော သတင်းအချက်အလက် များစွာကို ထုတ်ဖော်ပြသထားသော်လည်း တာရှန်း မိစ္ဆာနိုင်ငံတော်ကို ဖျက်ဆီးမည့် နည်းလမ်းတော့ မပါဝင်သေးပေ။
သို့ပေမည့် ဤနေရာတွင် စတုတ္ထမြောက် ဂူဗိမာန် အခန်း ရှိနေသေးကြောင်း ယွင်ကျုံးဟဲ့ တွေ့လိုက်ရ၏။ ဧကရာဇ် ယုံချီ ရှေ့သို့ တိုးသွားကာ ယွင်ကျုံးဟဲ့ အတွက် စတုတ္ထမြောက် ဂူဗိမာန် အခန်းကို ဖွင့်ပေးလိုက်သည်။
ဤသည်မှာ နောက်ဆုံး အခန်းဖြစ်ပြီး ဂူဗိမာန်အခန်း တစ်ခုလုံးက အနည်းငယ် ကျဉ်းမြောင်းကာ အနည်းငယ် ဖရိုဖရဲ ဖြစ်နေပုံ ရ၏။
နံရံပေါ်ရှိ ကျောက်စာများကို ကြည့်လိုက်ရာ ကောင်ကျူ ဧကရာဇ်၏ လက်ရေးမှာလည်း လုံးဝ ပြောင်းလဲသွားပြီး ယခင်ကလောက် နက်ရှိုင်းမှု မရှိတော့သလို ခိုင်မာမှုလည်း မရှိတော့ပေ။
လက်ရေးများပေါ်တွင် ပင်ပန်းနွမ်းနယ်မှုနှင့် စိတ်ပျက်အားငယ်မှုများ ပြည့်နှက်နေ၏။
အပိုင်း (၇၀၂)
“ကျုပ် နုဧကရာဇ်ကို သွားရောက် တိုက်ခိုက်ပြီး ပြန်လာပြီ။ အောင်မြင်တယ်လို့ ပြောရမလား။ ကျရှုံးတယ်လို့ ပြောရမလား မသိတော့ဘူး။”
‘ဒီစာကြောင်းက ဘာအဓိပ္ပာယ်လဲ။ ကောင်ကျူ ရှကျိုးက ထိပ်တန်း သိုင်းပညာရှင် တစ်ထောင်ကို ခေါ်ဆောင်ပြီး နုဧကရာဇ်ရဲ့ ဆယ်နှစ်တစ်ကြိမ် ကပ်ကျော်တဲ့ အချိန်၊ အားအနည်းဆုံး အချိန်မှာ သွားလုပ်ကြံခဲ့တယ်။
နုဧကရာဇ် ရုတ်တရက် သေဆုံးသွားပြီး တာရှန်း မိစ္ဆာနိုင်ငံတော် ပျက်စီးသွားတယ်။ ဒါကြောင့် အနည်းဆုံးတော့ ဒီတစ်ကြိမ် လုပ်ကြံမှုက အောင်မြင်ခဲ့တယ်လို့ ပြောလို့ ရတယ်လေ။ ဘာလို့ အောင်မြင်တယ်လို့ ပြောရမလား။ ကျရှုံးတယ်လို့ ပြောရမလား မသိတော့ဘူးလို့ ရေးထားတာလဲ။’
“တာရှန်း မိစ္ဆာနိုင်ငံတော်၏ အကြွင်းအကျန်များက လောကမှာ ရှိနေဆဲဖြစ်ပြီး လောကကို ဒုက္ခပေးမှာကို စိုးရိမ်သောကြောင့် အရှေ့တိုင်းမှ အသက်ရှင် ကျန်ရစ်သော သိုင်းပညာရှင်များက ပုန်းအောင်းနေထိုင်ကာ ကျီရွှေ့အဖွဲ့အစည်းကို တည်ထောင်ပြီး တာရှန်း မိစ္ဆာနိုင်ငံတော် တစ်ကျော့ပြန် လာမည်ကို ကာကွယ်ရန် လုပ်ဆောင်ခဲ့ကြတယ်။ ကျုပ် စိတ်တွေ ရှုပ်ထွေးနေပြီ။”
ကောင်ကျူ ရှကျိုး၏ ကျောက်စာ အဆုံးသတ်သွား၏။
အထူးသဖြင့် နောက်ဆုံး စာကြောင်းက မည်သည့် အဓိပ္ပာယ်နည်း။ နောက်ဆုံး စကားလုံး ခြောက်လုံးတည်း နှင့်တင် သူ့စိတ်တွေ အရမ်း ရှုပ်ထွေးနေသည် ဆိုခြင်းကို မြင်နိုင်နေသည် မဟုတ်ပါလား။
သို့ပေမည့် သိသာထင်ရှားသည်မှာ နုဧကရာဇ်ကို လုပ်ကြံပြီး ပြန်လာပြီးနောက် ကောင်ကျူ ရှကျိုးသည် မသေဆုံးဘဲ ဤဂူဗိမာန်သို့ ပြန်လာကာ နောက်ဆုံး စတုတ္ထမြောက် ဂူဗိမာန် အခန်းကို တူးဖော်ခဲ့ခြင်း ဖြစ်၏။
သို့ပေမည့် စတုတ္ထမြောက် ဂူဗိမာန်အခန်း၏ ကျောက်စာမှာ အလွန် တိုတောင်းသော်လည်း တွေးစရာတွေ အများကြီး ကျန်ရစ်ခဲ့သည်။
သေချာသည်မှာ ကောင်ကျူ ရှကျိုး၏ စိတ်ထဲတွင် ပြောစရာ စကားများစွာ ရှိနေသော်လည်း မပြောပြခဲ့ပေ။ သူ၏ စိတ်များ ရှုပ်ထွေးနေရုံသာမက အပြောင်းအလဲများလည်း ဖြစ်ပေါ်ခဲ့ကြောင်း သိသာနေသည်။ ကောင်ကျူ၏ စိတ်ရှုပ်ထွေးမှု နောက်ကွယ်တွင် အစစ်အမှန် လျှို့ဝှက်ချက် ဖုံးကွယ်နေ၏။
ယွင်ကျုံးဟဲ့ မျက်လုံးများ မှိတ်ကာ ကောင်ကျူ ဧကရာဇ် ချန်ထားခဲ့သော ကျောက်စာများကို ပြန်လည် စဉ်းစားနေ၏။ ဤကျောက်စာများသည် လောက၏ လျှို့ဝှက်ချက် တစ်ဝက်ခန့်ကို အနည်းဆုံး ဖြေရှင်းပေးနိုင်ခဲ့ပြီ ဖြစ်သည်။
အထူးသဖြင့် နုဧကရာဇ် ဆိုသော ပုဂ္ဂိုလ်သည် ယွင်ကျုံးဟဲ့၏ စိတ်ထဲတွင် ချက်ချင်း အလွန် နက်ရှိုင်းစွာ စွဲထင်သွား၏။
စတုတ္ထမြောက် ဂူဗိမာန် အခန်း အတွင်း၌ ကျောက်ခေါင်းတလား တစ်လုံး ရှိနေသေးပြီး ဧကရာဇ် ယုံချီ ရှေ့သို့ တိုးသွားကာ စက်ယန္တရားကို လှည့်လိုက်၏။ ချက်ချင်းပဲ ကျောက်ခေါင်းတလားတွင် အက်ကွဲကြောင်း တစ်ခု ပွင့်လာသည်။
“မြေးလေး... ဖွင့်ရမလား။” ဧကရာဇ် ယုံချီက မေးလိုက်၏။
ယွင်ကျုံးဟဲ့ ခေါင်းညိတ်လိုက်သည်။
ဧကရာဇ် ယုံချီက ကျောက်ခေါင်းတလားကို ဖွင့်လိုက်ရာ အတွင်း၌ အလောင်း မရှိသော်လည်း ကျောက်စိမ်းဖြင့် ပြုလုပ်ထားသော ပေလိပ် တစ်ခု ရှိနေသည်။ ထိုပေလိပ်သည်သာလျှင် ကောင်ကျူ ဂူဗိမာန် တစ်ခုလုံး၏ အရေးအကြီးဆုံး အဖိုးတန် ရတနာ ဖြစ်၏။
ထိုပေလိပ်သည်သာလျှင် အဓိက အကျဆုံး အရာဖြစ်ပြီး တာရှန်း မိစ္ဆာနိုင်ငံတော်ကို မည်သို့ ဖျက်ဆီးရမည် ဆိုသော အမြင့်ဆုံး အဖိုးတန် ရတနာ ဖြစ်သည်။
“မြေးလေး... မင်း လာယူလိုက်” ဧကရာဇ် ယုံချီက ပြောလိုက်၏။
ယွင်ကျုံးဟဲ့ ရှေ့သို့ တိုးသွားပြီး ခန္ဓာကိုယ်ကို ကိုင်းညွှတ်ကာ ပေလိပ်ကို ယူလိုက်သည်။
ထိုအရာကို လက်ထဲတွင် ကိုင်ထားရသည်မှာ နွေးထွေးနေပြီး လေးလံလှ၏။
ယွင်ကျုံးဟဲ့က ချက်ချင်း မဖွင့်သေးဘဲ ဧကရာဇ် ယုံချီနှင့် အချင်းချင်း ကြည့်လိုက်ကြသည်။
“လိမ္မာတဲ့ ကလေး... လိမ္မာတဲ့ ကလေး…” ဧကရာဇ် ယုံချီက ယွင်ကျုံးဟဲ့ကို ပြုံးပြကာ ပြောလိုက်ပြီး။ ယွင်ကျုံးဟဲ့၏ ခေါင်းကို ထပ်မံ၍ ပွတ်သပ်လိုက်ပြန်၏။
ယွင်ကျုံးဟဲ့က ဤကဲ့သို့သော သားသမီးအပေါ် ချစ်ခင်ယုယမှုကို အလွန် နားလည်၏။ အကြောင်းမှာ သူသည် သားဖြစ်သူ ယွင်ယောင် အပေါ်တွင်လည်း ဤကဲ့သို့ ချစ်ခင်ယုယမှုနှင့် အပြစ်ရှိစိတ်များ ပြည့်နှက် နေသောကြောင့်ပင်။
ဧကရာဇ် ယုံချီသည် ယခင်က အမှားများ လုပ်ခဲ့ပြီး အိမ်ရှေ့စံ ထျန်းအန်းကို သေစေခဲ့သောကြောင့် မြေးဖြစ်သူ အပေါ်တွင် ထားရှိသော နောင်တနှင့် ချစ်ခင်ယုယမှုမှာ ယွင်ကျုံးဟဲ့က ယွင်ယောင်အပေါ် ထားရှိသည်ထက် ဆယ်ဆခန့် ပိုများမည်မှာ သေချာလှသည်။
“ဖြောင်း ဖြောင်း ဖြောင်း…”
လက်ခုပ်တီးသံ တစ်ခု ထွက်ပေါ်လာ၏။
လူရိပ် တစ်ခု၊ နှစ်ခု၊ သုံးခု၊ လေးခု....
အိမ်ရှေ့စံ ရှကျူး၊ မယ်တော်မိဖုရားခေါင်ကြီးဟန်၊ ကုန်းဆွန်းယန် နှင့် ယောင်ရောင် တို့ လေးဦးသည် ဤနေရာတွင်ပေါ်လာကြသည် မဟုတ်ပါလား။
ယခုအချိန်တွင် လက်ခုပ်တီးနေသူမှာ တာယင်အင်ပါယာ ဟေးလုံထိုင်၏ ကုန်းဆွန်းယန် ဖြစ်ပြီး သူက ဖြည်းညင်းစွာ ပြောလိုက်၏။ “တကယ်ကို ရင်နင့်စရာ ကောင်းတဲ့ အဘိုးနဲ့ မြေးရဲ့ သံယောဇဉ်ပဲ။”
ယွင်ကျုံးဟဲ့က ကုန်းဆွန်းယန်ကို ကြည့်ကာ ဖြည်းညင်းစွာ ပြောလိုက်သည်။ “ခေါင်းဆောင်ကြီး... ခင်ဗျား ကလည်း နုဧကရာဇ်ရဲ့ အကြွင်းအကျန် ပဲလား။”
ကုန်းဆွန်းယန်က ပြန်ဖြေ၏။ “ခင်ဗျားက ဟုတ်တယ် ဆိုရင်လည်း ဟုတ်တာပေါ့။”
မယ်တော်မိဖုရားခေါင်ကြီးဟန်က ဧကရာဇ် ယုံချီကို ပြောလိုက်သည်။ “ဧကရာဇ်မင်းမြတ်... ရှင် ဖုံးကွယ် ထားတာ တကယ်ကို နက်ရှိုင်းတာပဲ။ ကျွန်မတို့ သားအမိရဲ့ ဇာစ်မြစ်ကို သိနေရက်နဲ့ ဘာမှ မသိချင်ယောင်ဆောင်ပြီး နေခဲ့တာပဲ။”
ဧကရာဇ် ယုံချီက ပြောလိုက်၏။ “ကျုပ် သိတာ အရမ်း နောက်ကျသွားလို့ပါ။”
မှန်ပေသည်။ ဧကရာဇ် ယုံချီအိုမှာ လွန်ခဲ့သော နှစ်အနည်းငယ်တည်းက ဖျားနာမှုဒဏ်ကြောင့် ခုတင်ပေါ်တွင်သာ လဲလျောင်းနေခဲ့ရသည်။
ထိုအချိန်မှစ၍ နိုင်ငံရေးကိစ္စအဝဝကို အိမ်ရှေ့စံ ရှကျူးထံသို့သာ လွှဲအပ်ထားခဲ့ခြင်း ဖြစ်သည်။ ဧကရာဇ်မှာ အပင်လူသားကဲ့သို့ အသက်မရှိသလို ဖြစ်သွားသည့်အချိန်ကျမှသာ အိမ်ရှေ့စံ ရှကျူးမှာ တာရှန်းမိစ္ဆာ နိုင်ငံတော်၏ အကြွင်းအကျန်ဖြစ်ကြောင်း အမှန်တရားကို စတင်သိရှိခဲ့ရခြင်း ဖြစ်၏။
ဧကရာဇ် ယုံချီက ပြောလိုက်သည်။ “ဟန်အာ... မင်း မိသားစုက ငါတို့ တာရှအင်ပါယာရဲ့ နှစ်ရာပေါင်းများစွာ ကြာခဲ့တဲ့ မင်းမျိုးမင်းနွယ်တွေ ဖြစ်ပါလျက်နဲ့ ဘာလို့ နုဧကရာဇ်ရဲ့ အကြွင်းအကျန် ဖြစ်သွားရတာလဲ။”
မယ်တော်မိဖုရားခေါင်ကြီးဟန်က ဖြေလိုက်၏။ “ရှင့်ကို ပြင်ပေးရအုံးမယ်။ ကျွန်မက တာရှန်းမိစ္ဆာ နိုင်ငံတော်ရဲ့ အမျိုးသမီး စစ်စစ်ပါ။ ဘာအကြွင်းအကျန်မှ မဟုတ်ဘူး။ မက်မွန်သီးကို မက်မွန်သီးနဲ့ အစားထိုးတယ် ဆိုတာ သိလား။
ဟန်မိသားစုက မွေးစ ကလေးလေးကို ဖယ်ရှားလိုက်ပြီး မိန်းကလေး တစ်ယောက်နဲ့ အစားထိုးလိုက်တယ်။ ဟန်မိသားစုက အဲဒီ မိန်းကလေးကို ကြီးပြင်းအောင် မွေးမြူခဲ့ပြီး ကျွန်မဆိုတဲ့ တာရှန်း မိစ္ဆာနိုင်ငံတော်က အမျိုးသမီးက ဟန်မင်းမျိုးမင်းနွယ်တွေရဲ့ သမီးပျိုလေး ဖြစ်လာခဲ့တာ။ ပြီးတော့ ရှင့်ရဲ့ မိဖုရားခေါင်ကြီးလည်း ဖြစ်လာခဲ့တာပဲ။”
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ခင်ဗျားရဲ့ လုပ်ရပ်က မက်မွန်သီးကို မက်မွန်သီးနဲ့ အစားထိုးတာလို့ မခေါ်ဘူး။ အဲဒါက အရမ်း ကြီးကျယ်တဲ့ ဇာတ်လမ်း တစ်ခုပဲ။ အခု ခင်ဗျားရဲ့ လုပ်ရပ်က ခိုသိုက်ကို ချိုးငှက် ဝင်လုတာလို့ ခေါ်သင့်တယ်။”
မယ်တော်မိဖုရားခေါင်ကြီးဟန်က ပြော၏။ “သဘောပါပဲ။ သဘောပါပဲ။”
ဧကရာဇ် ယုံချီက မေးလိုက်သည်။ “ကျုပ်ရဲ့နန်းတော်ထဲမှာ တာရှန်း မိစ္ဆာနိုင်ငံတော် သိုင်းပညာရှင် မိန်းမစိုးတွေနဲ့ အစောင့်တွေ ဘယ်လောက်တောင် ရှိနေလဲ။”
အိမ်ရှေ့စံ ရှကျူးက ဖြေလိုက်၏။ “မများဘူး။ မများပါဘူး။ ဒါပေမဲ့ အရာအားလုံးကို ထိန်းချုပ်ဖို့တော့ လုံလောက်တယ်။”
ဧကရာဇ် ယုံချီက ပြောလိုက်သည်။ “ကျုပ် အခုအချိန်အထိ အသက်ရှင် နေနိုင်တာက အခုအချိန်လေး အတွက် ဖြစ်ရမယ်။ မဟုတ်ရင် မင်းတို့ ကျုပ်ကို သတ်ပစ်တာ ကြာလှပြီ။”
ကုန်းဆွန်းယန်က ပြောလိုက်၏။ “ဟုတ်တယ်။ ကောင်ကျူ ရှကျိုးက အဖိုးတန် ရတနာ တစ်ခု ချန်ထားခဲ့တယ်။ ဒါက တာရှန်း မိစ္ဆာနိုင်ငံတော်ကို ရင်ဆိုင်နိုင်မယ့် အရေးကြီးတဲ့ အဖိုးတန် ရတနာပဲ။ တာရှ ဧကရာဇ် အဆက်ဆက်က နှုတ်နဲ့ပဲ လက်ဆင့်ကမ်း လာခဲ့တာ။ ကျုပ်တို့ ခင်ဗျား ပါးစပ်ကနေ ထွက်လာအောင် လုပ်ဖို့ဆိုတာ အရမ်းကို ခက်ခဲလွန်းတယ်။
ကျုပ်တို့ မူလက စောင့်လို့ရတယ်။ ဘာလို့လဲဆိုတော့ ခင်ဗျား သေတော့မယ့် အချိန်ကျရင် ဒီလျှို့ဝှက်ချက်ကို အိမ်ရှေ့စံ ရှကျူးကိုပဲ ပြောပြရမှာလေ။ ဒါပေမဲ့ ယွင်ကျုံးဟဲ့ရဲ့ဇာစ်မြစ် ပေါ်ပေါက်သွားပြီးတဲ့နောက်မှာတော့ အရာအားလုံး ပြောင်းလဲသွားပြီ။”
ယွင်ကျုံးဟဲ့က ပြောလိုက်သည်။ “ဒါကြောင့် ခင်ဗျားတို့ ဗျူဟာ ပြောင်းလိုက်တာပေါ့။”
ယောင်ရောင်က ချွဲနွဲ့သော အသံဖြင့် မေးလိုက်၏။ “ယွင်ကျုံးဟဲ့... အဲဒီနေ့က သဲကန္တာရီကြီးထဲက ပိရမစ် အောက်ခြေမှာ ဘာတွေ ဖြစ်သွားခဲ့လဲ ဆိုတာ ရှင် မှတ်မိသေးလား။”
ယွင်ကျုံးဟဲ့က ဖြေလိုက်သည်။ “ချောက်ကမ်းပါးကြီးထဲ ပြုတ်ကျသွားပြီးနောက် ဘာမှ မသိတော့ဘူး။ နိုးလာတော့ မီတျဲချိုင့်ဝှမ်းထဲ ရောက်နေပြီး။ မီတျဲ ချိုင့်ဝှမ်းရဲ့ ရှောင်ယောင်ဇီက ကယ်တင်ခဲ့တယ်။ ပြီးတော့ မီတျဲ ချိုင့်ဝှမ်းက ကျုပ်ကို တာရှအင်ပါယာကို ပို့ပေးခဲ့တာပဲ။”
ယောင်ရောင်က မေးလိုက်၏။ “အခု ဘာဖြစ်သွားလဲ ဆိုတာ သိပြီလား။”
ယွင်ကျုံးဟဲ့က ဖြေလိုက်သည်။ “သိပြီ။ အဲဒီနေ့က ချောက်ကမ်းပါးကြီးထဲ ပြုတ်ကျသွားပြီးနောက် ကျုပ် တာယင် ဧကရာဇ်ရဲ့ လက်ထဲကနေ မလွတ်ခဲ့ဘူး။ သူက ကျုပ်ကို အသုံးချဖို့အတွက် နောက်ပိုင်း ဇာတ်လမ်းတွေကို ဖန်တီးခဲ့တာပဲ။
မီတျဲ ချိုင့်ဝှမ်းရဲ့ ရှောင်ယောင်ဇီက ကယ်တင်တယ် ဆိုတာတွေ အားလုံးက အတုတွေချည်းပဲ။ အားလုံးက မင်းတို့ ဖန်တီးထားတဲ့ ပြဇာတ်တွေပဲ။ လအနည်းငယ် ကြာအောင် ကုသပေးတယ် ဆိုတာလည်း အတု၊ မီတျဲ ချိုင့်ဝှမ်းကို တိုက်ခိုက်တယ် ဆိုတာလည်း အတု၊ ကျုပ်ကို တာရှအင်ပါယာကို ပို့ပေးတယ် ဆိုတာလည်း အတု၊ ခင်ဗျားတို့ရဲ့ ရည်ရွယ်ချက်က တစ်ခုတည်းပဲ။ ဧကရာဇ် ယုံချီ ဆီကနေ ကောင်ကျူ ဧကရာဇ် ချန်ထားခဲ့တဲ့ အဖိုးတန် ရတနာကို လိမ်ယူဖို့ မဟုတ်လား။”
ယောင်ရောင်က ပြောလိုက်၏။ “ဟုတ်တယ်။ ဧကရာဇ် ယုံချီက အရမ်း ခေါင်းမာတယ်။ ဒီလောကမှာ ရှင် တစ်ယောက်တည်းကလွဲရင် သူ့ ပါးစပ်ထဲက လျှို့ဝှက်ချက်ကို ဘယ်သူမှ ယူလို့ မရဘူး။ ဘယ်လို ဆေးဝါးမျိုး မှလည်း အသုံးမဝင်ဘူး။ ဒါကြောင့် ဧကရာဇ်မင်းမြတ်က ဒီအကြံကို စဉ်းစားမိတာပဲ။ လုံးဝ ဟာကွက် မရှိဘူးလို့ ပြောလို့ ရတယ် မဟုတ်လား။”
ယွင်ကျုံးဟဲ့က မေးလိုက်သည်။ “ဒါဆို ကျုပ် မြင်ခဲ့ရတဲ့ မီတျဲ ချိုင့်ဝှမ်းက အစစ်လား၊ အတုလား။”
ယောင်ရောင်က ဖြေလိုက်၏။ “သေချာပေါက် အစစ်ပေါ့။ ဒါပေမဲ့ အဲဒီအချိန်က မီတျဲချိုင့်ဝှမ်းက ကျဆုံးသွားခဲ့ပြီ။ ကျွန်မတို့ သိမ်းပိုက်လိုက်ပြီလေ။”
ယွင်ကျုံးဟဲ့က ထပ်မေးလိုက်သည်။ “အဲဒီ ရှောင်ယောင်ဇီ ကရော ဘယ်သူ ဟန်ဆောင်ထားတာလဲ။”
ယောင်ရောင်က ဖြေ၏။ “သေချာပေါက် ဧကရာဇ်မင်းမြတ်ပေါ့။ ဟာကွက် ရှိလို့လား။”
မည်သည့် ဟာကွက်မျှမရှိပေ။ လုံးဝအပြစ်ပြောစရာမရှိအောင် ပြည့်စုံလွန်းလှသည်။ ယွင်ကျုံးဟဲ့အနေဖြင့် သူ့ထံမှ တာယင်ဧကရာဇ်၏ အငွေ့အသက်ကို လုံးဝမရရှိခဲ့ပေ။ ဤသည်မှာ တကယ့်ကို ပြည့်စုံ ကောင်းမွန် လှသည့် ပြဇာတ်တစ်ပုဒ်ပင် ဖြစ်သည်။
တာယင်ဧကရာဇ်မင်းမြတ်၏ စီမံမှုမှာ ချီးကျူးရလောက်အောင်ပင် အံ့ဩစရာ ကောင်းလှသည်။ လောကတွင် အစွမ်းထက်သူတို့ များပြားလှရာ ယခင်က ယန်ဖြန်ရှန်ပင်လျှင် လူတို့ကို အံ့ဩမှင်သက်စေခဲ့ဖူး၏။
ထို့အတူ ထျန်းကျိုးဧကရာဇ်၏ စိတ်သဘောထားမှာလည်း နက်နဲလွန်းလှသည့်အတွက် လူအများ အံ့အားသင့် ခဲ့ကြရ၏။ သို့သော်လည်း တာယင်ဧကရာဇ်၏ ရှေ့မှောက်တွင်မူ ထျန်းကျိုးဧကရာဇ်မှာ ဘာမှ မဟုတ်တော့သည့်နှယ် ဖြစ်သွားရသည်။
ဤတာယင်အမှောင်သခင်ကြီးမှသာလျှင် လောက၏ ကြောက်စရာ အကောင်းဆုံး ပုတ်သင်ညိုတစ်ကောင် ဖြစ်၏။
ပိုင်ဖေးဖေးက ယွင်ကျုံးဟဲ့အား နှိပ်စက်စဉ်က သူ၏သွေးကြောနှင့် ရုပ်ရည်ကို အလွန်အမင်း ချီးကျူးခဲ့ သော်လည်း မျက်လုံးထဲတွင်မူ အထင်အမြင်သေးမှုတို့ဖြင့် ပြည့်နှက်နေခဲ့သည်။ ယွင်ကျုံးဟဲ့အား အလွန်ဖြူစင်၍ ကလေးဆန်လွန်းသည်ဟု လှောင်ပြောင်ခဲ့ခြင်းမှာလည်း အံ့ဩစရာမရှိပေ။
သူမသည် ထိုအချိန်က နှုတ်ဖြင့် ထုတ်မပြောခဲ့သော်လည်း စိတ်ထဲတွင်မူ ယွင်ကျုံးဟဲ့မှာ တာယင်ဧကရာဇ်၏ ကစားစရာအရုပ်တစ်ခုသာ ဖြစ်နေသည်ကို လှောင်ပြောင်နေခဲ့ခြင်းဖြစ်သည်။
ဤသို့သော အမှောင်သခင်ကြီးမှာ လူတို့၏ မျှော်လင့်ချက်ကို ပျက်သုဉ်းသွားစေလောက်အောင်ပင် အစွမ်းထက်လွန်းလှ၏။
ပိုင်ဖေးဖေးက စစ်ပွဲပြီးဆုံးသွားပြီဟု ထပ်ခါတလဲလဲ ပြောဆိုခဲ့ခြင်းမှာလည်း အံ့ဩစရာမဟုတ်တော့ပေ။ အကြောင်းမှာ တာရှအင်ပါယာတစ်ခုလုံးသည် တာရှန်းမိစ္ဆာနိုင်ငံတော်၏ လက်ထဲသို့ ကျရောက်သွားခဲ့ပြီ ဖြစ်သောကြောင့်ပင်။
ယောင်ရောင်က တည်ငြိမ်စွာ ပြောလိုက်၏။ “ကျွန်မတို့ တာရှန်း မိစ္ဆာနိုင်ငံတော်ရဲ့ စနစ်ကို တွေ့ပြီလား။ ကိုယ်တွင်းအဆိပ်ကောင် မွေးမြူတဲ့ စနစ်၊ အဆိပ်ရှိတဲ့ အကောင်တွေ အချင်းချင်း ကိုက်ဖြတ် တိုက်ခိုက်ပြီး နောက်ဆုံး အနိုင်ရတဲ့ သူက အိုးထဲကနေ ထွက်လာပြီး ကိုယ်တွင်းအဆိပ်ကောင် ဘုရင် ဖြစ်လာတာပဲ။
ဒါကြောင့် အမြဲတမ်း ပိုင်ယင်မြို့စားနဲ့ တာယင် ဧကရာဇ်မင်းမြတ်တို့ရဲ့ စစ်တုရင် ကစားပွဲ သက်သက်ပဲ ဖြစ်ခဲ့တာ။ ရှင်တို့တွေ အားလုံးက အမှောင် သခင်ကြီး နှစ်ပါးရဲ့ စစ်တုရင် ရုပ်တွေချည်းပဲ။ သနားစရာ စစ်တုရင်ရုပ်တွေပေါ့။”
....................