← Chapters

အခန်း (၇၂၆-၇၂၇)

Vol. 39 Ch. 726-727

အခန်း (၇၂၆-၇၂၇)

Vol. 39 Ch. 726-727

အပိုင်း (၇၂၆) ခင်ဗျားတို့ ကျုပ်ကို ကျေးဇူးတင်သင့်တယ်။

ဖန်ကျန်းရီသည် ပြုံးရွှင်စွာဖြင့် လက်ဖက်ရည်ကို တစ်ငုံသောက်လိုက်ပြီး လက်ဆန့်တန်းကာ ပြောလိုက်၏။ "အမတ်ကြီးရှီ ... အကုန်ဖတ်ကြည့်ပြီးမှ ပြောတာ ပိုကောင်းမယ်။"

ရှီဝမ်ရှူသည် သတိမထားမိဘဲ ချွေးစေးများ ကျလာပြီး တစ်ရွက်ပြီးတစ်ရွက် ဆက်တိုက် ဖတ်ကြည့်လိုက်သည်။

တစ်ရွက်ဖတ်လိုက်တိုင်း သူ၏ လက်များက တစ်ချက်တုန်ယင်သွား၏။

ဤစာရွက်များပေါ်တွင် မှတ်တမ်းတင်ထားသည်မှာ နန်းတွင်းမှ နာမည်ကြီး အရာရှိကြီးများ ဖြစ်ပြီး အထဲရှိ အကြောင်းအရာများမှာ မြို့တော်အတွင်းရှိ သူတို့မိသားစုများ၏ စီးပွားရေးလုပ်ငန်း အသီးသီးပင် ဖြစ်ချေသည်။

အချက်အလက်များက အလွန်တိကျသေချာလွန်းသဖြင့် အံ့အားသင့်စရာပင်။ သူကိုယ်တိုင် ဘဏ္ဍာရေးဝန်ကြီးဌာနတွင် ရှိနေပြီး အခြေအနေတချို့ကို သိရှိထားသော်လည်း ဤစာရွက်များပေါ်တွင် မှတ်တမ်းတင်ထားသလောက် ရှင်းလင်းမှု မရှိပေ။

အဓိကအကျဆုံးမှာ ၎င်းထဲတွင် သူ၏မိသားစုအကြောင်းလည်း ပါဝင်နေပြီး တစ်ပြားတစ်ချပ်မှပင် မလွဲချော်ချေ။

အကြောင်းအရာ အားလုံးကို ဖတ်ပြီးသွားသောအခါ ရှီဝမ်ရှူ၏ စိတ်အခြေအနေက အတော်လေး လေးလံသွားပြီး ခေါင်းမော့ကာ မေးလိုက်၏။ "သခင်လေးဖန် ... ဘာကိုဆိုလိုချင်တာလဲ။"

ဖန်ကျန်းရီက အနည်းငယ် ပြုံးလိုက်သည်။ "ဘာမှ မဆိုလိုပါဘူး။"

"ခင်ဗျား ကြည့်လေ၊ ကျုပ်တို့ တာ့ကျင်းတိုင်းပြည်က အရာရှိတွေက ပါးစပ်ကနေတော့ ကုန်သည်တွေကို အထင်အမြင်သေးတယ်လို့ အမြဲပြောနေကြတာပဲ။ ဒါပေမဲ့ ကွယ်ရာမှာတော့ တစ်ယောက်ချင်းစီတိုင်းမှာ ကိုယ်ပိုင် စီးပွားရေးလုပ်ငန်းတွေ ရှိနေကြတယ်။ ဒီနေ့ ခင်ဗျားကို ပြတာက ရေခဲတောင်ရဲ့ ထိပ်ဖျားလေးပဲ ရှိသေးတယ်။

ကျုပ်တို့ တာ့ကျင်းဥပဒေမှာ အရာရှိတွေနဲ့ ဆွေမျိုးတွေ စီးပွားရေးမလုပ်ရဘူးဆိုတဲ့ စည်းမျဉ်းတစ်ခု ရှိတယ်လို့ ကျုပ် မှတ်မိတယ်။ ဒါက အရာရှိနဲ့ ကုန်သည် ပူးပေါင်းပြီး အာဏာသုံးတာ၊ အမြတ်ထုတ်တာကို ကာကွယ်ဖို့ပဲ။ အကယ်၍ ကျင်းယီဝေက စုဆောင်းထားတဲ့ ဒီအချက်အလက်တွေကို အပြင်ကလူတွေ သိသွားမယ်ဆိုရင် ကျုပ်တို့ တာ့ကျင်းတိုင်းပြည်ရဲ့ အကြီးမားဆုံး အရှုပ်တော်ပုံကြီး ဖြစ်လာမှာပဲ မဟုတ်လား။"

ဤသည်က အများမသိအောင် တိတ်တဆိတ် သတ်မှတ်ထားသော စည်းမျဉ်းတစ်ခုသာ ဖြစ်ပြီး လူတိုင်း သိကြသည်။ ဘာဖြစ်လို့ မင်း ဖန်ကျန်းရီကမှ ဒီလောက် လွန်လွန်ကျွံကျွံ လုပ်နေရတာလဲ။

ရှီဝမ်ရှူက ခက်ခဲစွာ ပြောလိုက်၏။ "ခင်ဗျား ဘာကိုဆိုလိုချင်တာလဲ။ ကုန်သွယ်မှု ဖြေလျှော့ရေးအတွက် စမ်းသပ်ခရိုင်တစ်ခု ဖွင့်ချင်ရုံလေးအတွက်နဲ့ ဒါတွေ လုပ်နေတာလား။"

ဖန်ကျန်းရီက ရယ်မောလျက် ပြောလိုက်သည်။ "ဟဲဟဲ ... ပြောရမယ်ဆိုရင် နည်းနည်းတော့ ရိုင်းသွားတယ်။ ဒီကိစ္စအတွက်ပါပဲ။ ကျင်းယီဝေက တရားမဝင်မှုတွေကို နှိမ်နင်းနေတာ။ နန်းတွင်းအရာရှိတွေက ပြည်သူတွေဆီက အမြတ်အစွန်းတွေကို လုယူနေတာဆိုတော့ ကျုပ်က သေချာပေါက် ဖြေရှင်းဖို့ နည်းလမ်းရှာရမှာပေါ့။"

"အမတ်ကြီးရှီ ... ကျုပ်က တောက်ယွမ်ခရိုင်ကနေ စတင်လာတာဆိုတော့ ကုန်သည်တွေရဲ့ စွမ်းအားကို အသိဆုံးပဲ။ လက်ရှိခေတ်ကြီးက စီးပွားရေး တိုးတက်လာမယ့်အချိန်ပဲ။ ကျုပ်တို့က ဘာလို့ တွန်းအားပေးတဲ့လူ မဖြစ်ရမှာလဲ။ ခေတ်ကြီး ပြောင်းသွားပြီ။ ခင်ဗျားနဲ့ကျုပ်က မကြာခင်မှာ ရှေးလူတွေ မရောက်နိုင်ခဲ့တဲ့ ဖွံ့ဖြိုးတိုးတက်တဲ့ ခေတ်ကြီးကို မြင်တွေ့ရနိုင်တယ်။"

ရှီဝမ်ရှူ၏ မျက်ခွံများက အကြိမ်အနည်းငယ် လှုပ်ခပ်သွားပြီး စိတ်ထဲတွင် ရုတ်တရက် အလွန်ခံပြင်းသွား၏။၊

အရင် ဖန်ကျန်းရီ ဒီကောင်က အရှက်မရှိတဲ့လူတစ်ယောက်လို့ပဲ ထင်ခဲ့တာ။ ရူးကြောင်ကြောင်နိုင်တဲ့ လူတစ်ယောက် ဖြစ်နေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။

ခေတ်ကြီးက ပြောင်းသွားပြီ ဟုတ်လား။ မင်းက ဘာကောင်မို့လို့လဲ။

ရှီဝမ်ရှူက ပြောလိုက်၏။ "သခင်လေးဖန် တိုက်ရိုက်သွားပြီး အရှင်မင်းကြီးကို တင်ပြလိုက်ရင် ရပြီ မဟုတ်လား။ အစီရင်ခံစာတောင် ရေးပြီးနေပြီပဲ၊ ကျုပ်ကို လာပြောနေစရာ ဘာအကြောင်းရှိလို့လဲ။"

ဖန်ကျန်းရီက ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်သည်။ "အမတ်ကြီးရှီ ဟန်မဆောင်ပါနဲ့။ ကျုပ်သာ တင်ပြလို့ တစ်ခုခု တုံ့ပြန်မှုရရင် ခင်ဗျားဆီ လာရှာပါ့မလား။ ခင်ဗျား ကျုပ်ကို ကူညီမလား၊ မကူညီဘူးလားသာ ပြော။ ခင်ဗျားသာ ပါးစပ်ဟလိုက်ရင် နန်းတော်က စမ်းသပ်ခရိုင်တစ်ခု ဖွင့်ပေးဖို့ဆိုတာ မခက်ပါဘူး။"

ရှီဟုန်ချိုက်က သိချင်စိတ်ပြင်းပြစွာဖြင့် သူ့ကို စိုက်ကြည့်နေ၏။ သူ၏ မျက်စိရှေ့ရှိ အမျိုးသားက သူ့အား ဖော်ပြ၍မရနိုင်သော ထူးခြားသည့် ခံစားချက်တစ်ခုကို ပေးစွမ်းနေ၏။

စကားများကို ပွင့်ပွင့်လင်းလင်း ပြောပြီးသွားသည်ကို မြင်သောအခါ ရှီဝမ်ရှူက မျက်နှာထားတင်းသွားပြီး စာရွက်များကို ဖန်ကျန်းရီ၏ မျက်စိရှေ့သို့ တွန်းပေးလိုက်သည်။ "ကျုပ် မကူညီနိုင်ဘူး။ ကျုပ်သာ ဒီကိစ္စကို ပြောပေးမယ်ဆိုရင် လုပ်ရပိုလွယ်သွားမှာ မှန်ပါတယ်။ ဒါပေမဲ့ တခြားလူတွေက ကျုပ်ကို ဘယ်လိုမြင်ကြမလဲ။ ခင်ဗျားက လွယ်လွယ်လေး တွေးနေတာပဲ။"

ဖန်ကျန်းရီက စာရွက်များကို ရှီဝမ်ရှူ၏ မျက်စိရှေ့သို့ ထပ်မံ တွန်းပို့ပေးလိုက်ပြီး တီးတိုး ပြောလိုက်၏။ "ဒီအချက်အလက်တွေကို ကျုပ် ထုတ်ပြန်လိုက်မှာကို ခင်ဗျား မကြောက်ဘူးလား။ ကျုပ်တို့ နန်းတွင်းအရာရှိကြီးတွေ ဘယ်လောက် ဟန်ဆောင်ကောင်းလဲဆိုတာကို လောကကြီးကို ပြလိုက်ရင်ရော။"

ရှီဝမ်ရှူက လှောင်ရယ် ရယ်လိုက်သည်။ "ကြောက်ရမှာက ကျုပ် မဟုတ်ဘူး၊ သခင်လေးဖန် ဖြစ်လိမ့်မယ်။ အကယ်၍ ဒီစာက လူတိုင်းသိသွားအောင် ဆူညံသွားမယ်ဆိုရင် ကျင်းယီဝေက နန်းတွင်းအရာရှိတွေကို တိတ်တဆိတ် စောင့်ကြည့်နေတယ်ဆိုတာကို လူတိုင်း သိသွားကြလိမ့်မယ်။ အဲဒီအချိန်ကျရင် လူတိုင်းက ခင်ဗျားကို ကြောက်ရွံ့ပြီး ဝိုင်းပယ်ကြလိမ့်မယ်။ အဲဒီအခါကျရင် ခင်ဗျားက လူတိုင်းရဲ့ ပစ်မှတ်ဖြစ်သွားလိမ့်မယ်။ ခင်ဗျား လူတိုင်းကို ရန်စရဲတယ်ဆိုတာကို ကျုပ် မယုံဘူး။"

"တကယ်လို့ အဲဒီအခြေအနေအထိ ရောက်သွားရင် အရှင်မင်းကြီးက ကျင်းယီဝေတပ်ဖွဲ့ကို ဖျက်သိမ်းပစ်လိုက်မှာ သေချာပေါက်ပဲလေ။"

ငါ့ကို ခြိမ်းခြောက်တာလား။

ဖန်ကျန်းရီ၏ မျက်နှာပေါ်ရှိ အပြုံးများက ရပ်တန့်သွားပြီး ရုတ်တရက် စားပွဲကို ပြင်းပြင်းထန်ထန် ရိုက်ချလိုက်၏။

ဤရုတ်တရက် အပြုအမူက ရှီဝမ်ရှူ သားအဖနှစ်ယောက်စလုံးကို မှင်သက်သွားစေသည်။

ဖန်ကျန်းရီ၏ မျက်နှာပေါ်ရှိ အပြုံးများ ပျောက်ကွယ်သွားချေပြီ။ "အမတ်ကြီးရှီ ... ခင်ဗျားတို့က ကျင်းယီဝေဆိုတာ တကယ်တမ်း ဘာလုပ်ရတဲ့အဖွဲ့လဲဆိုတာကို မေ့နေကြပြီထင်တယ်။

အရာရှိတွေကို စုံစမ်းထောက်လှမ်းဖို့၊ သစ္စာဖောက်တွေကို ဖမ်းဆီးဖို့၊ တော်ဝင်အကျဉ်းထောင်ကို အုပ်ချုပ်ဖို့၊ စစ်ဆေးမေးမြန်းပြီး သေဒဏ်ပေးဖို့ပဲ။ ကျုပ် ကျင်းယီဝေကို စပြီး တာဝန်ယူတုန်းက ခင်ဗျားတို့ အကုန်လုံးက ကျုပ် ဒီနေရာကိုရောက်ရင် ကိုယ်ရေးကိုယ်တာ ကိစ္စတွေအတွက် လက်စားချေမယ်လို့ စိုးရိမ်ခဲ့ကြတယ်။ ဒါပေမဲ့ ဒီလောက် အချိန်အကြာကြီးမှာ ကျုပ်က ခင်ဗျားတို့ အားလုံးနဲ့ အေးအေးချမ်းချမ်း နေလာခဲ့တယ်ဆိုတာ လက်တွေ့သက်သေပြနေတာပဲ။ တချို့လူတွေက ကျုပ်ကို ကြည့်မရရင်တောင်၊ တချို့လူတွေက ကျုပ်နဲ့ သဘောထားကွဲလွဲရင်တောင် ကျုပ်က လျစ်လျူရှုထားခဲ့တာပဲ။"

"ဒီလောက်တင်မကဘူး ... တချို့လူတွေက ကွယ်ရာမှာ ကျုပ်ကို ဆဲဆိုနေရင်တောင် ကျုပ်က လုံးဝ ဂရုမစိုက်ခဲ့ဘူး။"

ဤသို့ပြောပြီးနောက် ဖန်ကျန်းရီက ခေါင်းလှည့်ကာ ရှီဟုန်ချိုက်ကို ကြည့်လိုက်၏။ "ရှောင်ရှီ ... မင်းအဖေ ငါ့ကို ဆဲဖူးလား။"

ရှီဟုန်ချိုက်သည် စကားလမ်းကြောင်းက သူ၏ထံသို့ ရုတ်တရက် ရောက်လာလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။ သို့ပေမည့် လွန်ခဲ့သော ရက်အနည်းငယ်က သူ၏အဖေ ဆဲဆိုခဲ့သည်ကို သတိရသွားကာ စိုးရိမ်တကြီးဖြင့် အထစ်ထစ်အငေါ့ငေါ့ ပြောလိုက်သည်။ "မဆဲပါဘူး ... သေချာပေါက် မဆဲပါဘူး။ သခင်လေးဖန် တွေးလွန်နေတာပါ။"

ဖန်ကျန်းရီက ပြောလိုက်၏။ "အဲဒါ ဆဲတာပဲ။"

"..."

ရှီဝမ်ရှူမှာ မျက်နှာရဲသွားပြီး ပြောလိုက်သည်။ "သခင်လေးဖန် ... သက်သေမရှိတဲ့ ကိစ္စတွေကို လျှောက်မပြောပါနဲ့။ ကလေးက ငယ်ပါသေးတယ်။ သူ့ကို သွားမခြောက်ပါနဲ့။"

ဖန်ကျန်းရီက သူ့ကို ဂရုမစိုက်ဘဲ ဆက်ပြောလိုက်၏။ "ခင်ဗျားတို့ ကံကောင်းတယ်လို့ မှတ်ထားသင့်တယ်။ ကျုပ် ဒီနေရာမှာ ထိုင်နေလို့ ကံကောင်းတာ။ အမှန်အတိုင်း ပြောရရင် ကျင်းယီဝေက တရားမဝင်တဲ့ ကိစ္စတွေကို ဘယ်တော့မှ မလုပ်ဘူး။ အဲဒီအရာရှိတွေရဲ့ စီးပွားရေးလုပ်ငန်းတွေကို ဈေးကွက်ထဲကနေ စုံစမ်း၊ ခွဲခြမ်းစိတ်ဖြာပြီး အနှစ်ချုပ်ထားတာ။ အချိန်နဲ့ ခွန်အားပေးနိုင်ရင် ဘယ်သူမဆို လုပ်နိုင်တယ်။

အကယ်၍ ဒီနေရာကို ရိုးရှင်းပြီး ရိုင်းစိုင်းတဲ့၊ အမိန့်ကိုပဲ နာခံတတ်တဲ့ လူတစ်ယောက်က ဝင်လုပ်မယ်ဆိုရင်ရော။ အမတ်ကြီးရှီ စဉ်းစားကြည့်ပါဦး ... အဲဒီအချိန်ကျရင် ဘာဖြစ်လာမလဲဆိုတာကို။

ခင်ဗျားရဲ့ အိမ်အစေခံက အိမ်အစေခံ မဟုတ်တော့ဘဲ ကျင်းယီဝေ ဖြစ်နေနိုင်တယ်။ ခင်ဗျားရဲ့ သားကတောင် ခင်ဗျားရဲ့ သားမဟုတ်တော့ဘဲ ကျင်းယီဝေ ဖြစ်နေနိုင်တယ် ..."

ဖန်ကျန်းရီ၏ အကြည့်များက ရှီဟုန်ချိုက်ထံသို့ ထပ်မံရောက်ရှိသွားရာ ရှီဟုန်ချိုက်မှာ အကြည့်ခံရရုံဖြင့် တစ်ကိုယ်လုံး ကြက်သီးမွေးညင်းများပင် ထလာသည်ကို ခံစားလိုက်ရ၏။

ရှီဝမ်ရှူ၏ စိတ်ထဲတွင်လည်း ကြောက်ရွံ့မှုများ ဖြစ်ပေါ်လာသည်။

ဖန်ကျန်းရီ ပြောသည်မှာ အမှန်ပင် ဖြစ်၏။ ပုံမှန်အားဖြင့် သူတို့သည် ကျင်းယီဝေနှင့် အနည်းနှင့်အများ ဆက်ဆံရလေ့ရှိပြီး အိမ်တိုင်ရာရောက် လာတတ်သော ကျင်းယီဝေအများစုမှာ ယဉ်ကျေးပျူငှာကာ သပ်သပ်ရပ်ရပ် ဝတ်စားထားကြသဖြင့် မြင်ရုံနှင့်ပင် စိတ်နှလုံးချမ်းမြေ့စေပြီး ပြည်သူများအကြားတွင်လည်း နာမည်ကောင်း ရရှိထားကြ၏။

ဆန့်ကျင်ဘက်အနေဖြင့် တုန်းချန်အဖွဲ့၏ အရည်အသွေးကမူ များစွာ ကွာခြားလှပြီး အရေးကြီးအမှုများကို ဖြေရှင်းရန်အတွက် မည်သည့်နည်းလမ်းကိုမဆို အသုံးပြုကြသည်။

ဤအချက်နှင့် ပတ်သက်၍ လူတိုင်းက ဖန်ကျန်းရီအပေါ် သဘောထားကွဲလွဲမှု မရှိသော်လည်း သူ အလွန်ကောင်းမွန်အောင် လုပ်ဆောင်ထားသည်ဟု မည်သူကမျှ မထင်ကြပေ။ မည်သို့ပင်ဆိုစေ ကျင်းယီဝေက စတင်ပေါ်ပေါက်လာကတည်းက ဤပုံစံမျိုး ဖြစ်နေခြင်းကြောင့်ပင်။

လူတိုင်းက ကျင်းယီဝေသည် ဤသို့သာ ဖြစ်သင့်သည်ဟု မှတ်ယူထားကြ၏။

ယခု ဖန်ကျန်းရီက ဤသို့ ထည့်ပြောလိုက်မှသာ သူ ရုတ်တရက် သဘောပေါက်သွားတော့သည်။

ကျင်းယီဝေ ဆိုသည်မှာ မူလက ဧကရာဇ်အတွက် သီးသန့် အလုပ်လုပ်ပေးရပြီး မည်သည့်နည်းလမ်းကိုမဆို အသုံးပြုတတ်သည့် အကြမ်းဖက်အဖွဲ့အစည်းတစ်ခု ဖြစ်သင့်သည် ... သိမ်မွေ့ညင်သာခြင်းဆိုသည်က သူတို့ ပြသရမည့် အကျင့်စရိုက် လုံးဝ မဟုတ်ပေ။ ခေါင်းဆောင်ဖြစ်သူက ရည်ရွယ်ချက်ရှိရှိ လမ်းညွှန်ထားခြင်း မဟုတ်ပါက ...

ရှီဝမ်ရှူ၏ နှုတ်ခမ်းများက နှစ်ချက်မျှ လှုပ်ရှားသွားပြီး တစ်ခုခု ပြောချင်နေသော်လည်း နောက်ဆုံးတွင် ဘာမှ ထွက်မလာခဲ့ပေ။

သူ၏ အမူအရာ ထူးခြားနေသည်ကို မြင်သောအခါ ဖန်ကျန်းရီက ပြုံးလိုက်၏။ "တကယ်တော့ ခင်ဗျားတို့ အကုန်လုံး ကျုပ်ကို ကျေးဇူးတင်သင့်တယ်။ ဘာလို့လဲဆိုတော့ ကျုပ်က နန်းတွင်းက လုပ်ဖော်ကိုင်ဖက်တွေ အကုန်လုံးကို အမြဲတမ်း ကာကွယ်ပေးနေလို့ပဲ။

ခင်ဗျားတို့ နန်းတော်ထဲမှာ စကားပြောခွင့်ကို ကာကွယ်ပေးထားတယ်။ ခင်ဗျားတို့အတွက် အကြောက်တရား ကင်းစင်တဲ့ လွတ်လပ်ခွင့်ကို ကာကွယ်ပေးထားတယ်။

ကျင်းယီဝေရဲ့ ပြည်သူတွေကြားက နာမည်ကောင်းကို အားကိုးပြီး ဖျက်သိမ်းဖို့ဆိုတာ သိပ်မဖြစ်နိုင်ဘူး။ ဒါပေမဲ့ ကျုပ်သာ ဆင်းသွားရရင် လူတိုင်းအတွက် အကျိုးရှိမှာ မဟုတ်ဘူးလို့ စိုးရိမ်တယ်။ အားလုံး အများဆုံး ရင်ဆိုင်ရမှာက နှစ်ဦးနှစ်ဖက်လုံး ထိခိုက်နစ်နာဖို့ပဲ။

ဒါ့အပြင် ကျုပ်မှာ ဘာမှမရှိတော့ရင်တောင် ကိစ္စမရှိဘူး။ ကျုပ်က ဘာကိုကြောက်ရမှာလဲ။ ကျုပ်က ဧကရာဇ်ရဲ့ သမက်တော်ပဲ။ အရှင်မင်းကြီးက ကျုပ်ရဲ့အဖေပဲ။ ကျုပ်က နန်းတော်က ကျွေးတဲ့ထမင်းကို စားနေတာ။ အိမ်မှာ အိပ်နေရတာ မကောင်းဘူးလား။

ဒါကြောင့် ... ကျုပ် ဒီအရာတွေကို ထုတ်ပြန်ရဲသလား၊ မရဲဘူးလားဆိုတာ ခင်ဗျား ခန့်မှန်းကြည့်လေ။"

မူလက ရှီဝမ်ရှူ၏ စိတ်ထဲတွင် စဉ်းစားတွေးတောနေဆဲ ဖြစ်သော်လည်း ဖန်ကျန်းရီ၏ ဤမျှ အရှက်မရှိသော စကားကို ကြားသောအခါ မတတ်သာဘဲ သက်ပြင်းချလိုက်သည်။ "သခင်လေးဖန် ... ကျုပ် ခင်ဗျားကို အရှုံးပေးပါပြီ။ ခင်ဗျား တခြားလူကို ပြောင်းလို့ မရဘူးလား။ ခင်ဗျားရဲ့ ဦးလေးတော်က ကျုပ်ထက် ပိုမကောင်းဘူးလား။"

အပိုင်း (၇၂၇) ဖန်ကျန်းရီ၏ ခြိမ်းခြောက်ဖြားယောင်းမှုများ။

"အမယ် ... ခင်ဗျား လျှောက်မပြောနဲ့နော်။"

ဖန်ကျန်းရီက တည်ကြည်စွာ ပြောလိုက်၏။ "ကျုပ်က အခု နန်းတွင်းဆွေမျိုး ဖြစ်နေပြီ။ ခင်ဗျား ကျုပ်ကို ဆွေမျိုးတွေ လျှောက်မစပ်ပေးနဲ့။ အမတ်ကြီးလီက ဘယ်တုန်းက ကျုပ်ရဲ့ ဦးလေးတော် ဖြစ်သွားတာလဲ။"

"ဟင်။ ကျုပ်ကိုယ်တိုင် ခင်ဗျားပြောတာကို ကြားဖူးသလိုပဲ ... ကျုပ် မှတ်မိတာ မှားနေလို့လား။" ရှီဝမ်ရှူ၏ မျက်နှာတွင် ရှုပ်ထွေးမှုများ ပြည့်နှက်နေသည်။

လူတိုင်းက ဒီလိုပဲ ပြောနေကြတာ။ ဒါပေမဲ့ ဖန်ကျန်းရီ ကိုယ်တိုင် ငြင်းဆိုနေတာဆိုတော့ အတုဖြစ်မှာပဲ။

ဖန်ကျန်းရီက မျက်နှာမပူဘဲ တည်ငြိမ်စွာပင် ပြောလိုက်၏။ "ခင်ဗျား မှတ်တာ မှားနေတာ။ ကျုပ်က ဆွေတော်မျိုးတော်ပဲလေ။ အမတ်ကြီးလီက ဘယ်လိုလုပ် ကျုပ်နဲ့ ဆွေမျိုးဖြစ်နိုင်မှာလဲ။"

ရှီဝမ်ရှူက ပြောလိုက်သည်။ "အာ ... အဲဒါဆို ကျုပ် မှတ်မိတာ မှားနေတာပဲ။ အားနာပါတယ်။"

ဖန်ကျန်းရီက မေးလိုက်၏။ "အမတ်ကြီးရှီ ... စကားတစ်ခွန်းလောက် ပြောပါ။ ဒီအကူအညီကို ခင်ဗျား ကူညီမလား၊ မကူညီဘူးလား။"

ရှီဝမ်ရှူက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။ "မကူညီဘူး။ စွမ်းဆောင်နိုင်ရင် ခင်ဗျား ဒီပစ္စည်းတွေကို ထုတ်ပြန်လိုက်လေ။ ဥပဒေက လူအများစုကို အပြစ်ပေးလို့မရဘူး။ ကျုပ်က ဘာကို ကြောက်ရမှာလဲ။"

သူက ဗြောင်ငြင်းနေသည်ကို မြင်သောအခါ ဖန်ကျန်းရီက မဒေါသထွက်ဘဲ ပြုံးလျက် ပြောလိုက်၏။ "အမတ်ကြီးရှီ ... ကျုပ်ရဲ့ အစီရင်ခံစာထဲမှာ ပြောထားတာတွေ အကုန်လုံးက အကြောင်းပြချက် ရှိတယ်လို့ မထင်ဘူးလား။ ဒီစီးပွားရေးရဲ့ အရေးပါမှုနဲ့ ဝင်ငွေများပြားမှုက အနာဂတ်မှာ လယ်ယာစိုက်ပျိုးရေးထက် အများကြီး သာလွန်သွားလိမ့်မယ်။ ကျုပ် ဒီလောက် အားစိုက်ထုတ်ရတာကလည်း တိုင်းပြည်နဲ့ မိသားစုအတွက်၊ လောကကြီးက ပြည်သူတွေ ကောင်းဖို့အတွက်ပါ။ ခင်ဗျားက ဒါတောင် သဘောမတူတာလား။"

ရှီဝမ်ရှူက အထင်အမြင်သေးစွာဖြင့် ပြောလိုက်၏။ "သဘောမတူဘူး။ ကျုပ်အမြင်အရဆိုရင် ဒါက ကိစ္စမရှိဘဲ ပြဿနာရှာနေတာပဲ။ အခု ဘာမှမပြောင်းလဲတာက အရမ်းကောင်းနေပြီ။ ပြီးတော့ ခင်ဗျားက နည်းနည်းတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလွန်ကဲနေတယ်။ ကုန်သွယ်လုပ်ငန်းခွန်က လယ်ယာခွန်ထက် အများကြီး သာလွန်မယ်လို့ ဘာအကြောင်းပြချက်နဲ့ ထင်နေတာလဲ။ ခင်ဗျားက အနာဂတ်ကို ကြိုမြင်နိုင်လို့လား။"

ဖန်ကျန်းရီက လက်ချောင်းများကို ချိုးကာ ရေတွက်လိုက်သည်။ "မလောပါနဲ့၊ ခင်ဗျား ကြည့်လေ။ တောက်ယွမ်ခရိုင်က အရင်တုန်းက လွင်တီးခေါင်မြေ တစ်နေရာလို့ ပြောလို့ရတယ်။ အဲဒါကို ကျုပ် ကိုယ်တိုင် စည်ကားတဲ့ မြို့တော်တစ်ခု ဖြစ်အောင် ဖန်တီးခဲ့တာ။ မြို့တော်ထဲ ရောက်လာပြီးတော့လည်း ကျုပ်နဲ့ အိမ်ရှေ့စံက ပန်းရှန်းရပ်ကွက်ကို အောင်မြင်အောင် လုပ်ပြနိုင်ခဲ့တယ်။ ... သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးလုပ်ငန်းတွေ ... ပင်လယ်ရေကြောင်း ဖွင့်လှစ်တာတွေ ...

နောက်ပိုင်း ယမ်းမှုန့်၊ သေနတ်၊ အမြောက်၊ ပင်နီဆီလင် ... ဘယ်အရာက လောကကြီးကို တုန်လှုပ်စေတဲ့ နတ်ဘုရားဖန်ဆင်းတဲ့ ပစ္စည်းတွေ မဟုတ်လို့လဲ။ ပြီးတော့ အခု အရှေ့ဆင်ခြေဖုံးတက္ကသိုလ်နဲ့ တော်ဝင်သိပ္ပံအကယ်ဒမီလည်း ရှိသေးတယ်။ နောက်ဆို ယမ်းမှုန့်လို နတ်ဘုရားဖန်ဆင်းတဲ့ ပစ္စည်းတွေ အဆက်မပြတ် ပေါ်ထွက်လာမယ်လို့ ကျုပ် အာမခံရဲတယ်။ ဒီအရာတွေကို လောကကြီးထဲ ပြန့်နှံ့သွားအောင် လုပ်ဖို့က စီးပွားရေးရဲ့ စွမ်းအားကို အားကိုးရမှာပဲ။ ကုန်သည်တွေ ကိုယ်တိုင်ကတောင် ယှဉ်ပြိုင်ဖို့အတွက် လူရည်ချွန်တွေ ပိုမွေးထုတ်လာလိမ့်မယ်။"

ဖန်ကျန်းရီက တစ်ခုပြီးတစ်ခု ပြောပြီးနောက် လက်နှစ်ဖက်ကို ဖြန့်လိုက်၏။ "ကျုပ် ဒီလောက်တောင် အောင်မြင်နေပြီကို ခင်ဗျား ကျုပ်ကို မယုံသေးဘူးလား။"

ဘေးတွင်ရှိသော ရှီဟုန်ချိုက်သည် နားထောင်ရင်း ရူးသွပ်မတတ် ဖြစ်သွားပြီး ဖန်ကျန်းရီကို ကြည့်သော အကြည့်များထဲတွင် လေးစားကြည်ညိုမှု အငွေ့အသက်များပင် ပါဝင်နေသည်။

ဒီသခင်လေးဖန်ရဲ့ ဘဝအတွေ့အကြုံက ဒီလောက်တောင် ပြည့်စုံကြွယ်ဝနေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး ... တကယ့် ယောက်ျားကောင်းဆိုတာ ဒီလိုမျိုး ဖြစ်သင့်တာပဲ။

ရှီဝမ်ရှူကမူ အတော်လေး တည်ငြိမ်နေသော်လည်း စိတ်ထဲတွင်တော့ အနည်းငယ် အံ့ဩနေမိ၏။

ပုံမှန်အားဖြင့် ဖန်ကျန်းရီနှင့် ခေါင်းငုံ့လည်းမြင်၊ ခေါင်းမော့လည်းမြင် တွေ့နေရသော်လည်း သူ့ကို ဘယ်လိုလူမှန်း သေချာ မသိခဲ့ပေ။ ပါးစပ်က ဘာမှမထိန်းဘဲ ပြောတတ်သောကြောင့် စိတ်အနှောင့်အယှက် ဖြစ်စရာကောင်းသည်ဟုသာ ထင်ခဲ့သည်။

ထို့ကြောင့် အရင်က သူလုပ်ခဲ့သော ကိစ္စများကိုလည်း သိပ်ပြီး စိတ်ထဲမထားခဲ့ပေ။

ယခု တစ်ချက်ချင်းစီ ပြန်ရေတွက်ပြလိုက်တော့ ... နားထောင်ရတာ တော်တော်လေး အထင်ကြီးစရာ ကောင်းနေသလိုပင်။

ရှီဝမ်ရှူက သက်ပြင်းရော့ရော့ချကာ ပြောလိုက်သည်။ "သခင်လေးဖန်က တကယ်ကို တော်ပါတယ်။ ဒါပေမဲ့ ကျုပ် စကား ဖြောင့်ဖြောင့်ပြောတာကိုတော့ အပြစ်မတင်ပါနဲ့။ ဘယ်သူ့ဘဝမှာမဆို တောက်ပတဲ့ အချိန်အခါလေး တွေတော့ ရှိတတ်ကြတာပဲ။ တစ်ခုချင်းစီ စာရင်းပြုစုပြတာကတော့ နားထောင်လို့ ကောင်းပါတယ်။ ဒါပေမဲ့ ကျရှုံးမှုတွေကိုတော့ ဘယ်သူမှ မမြင်နိုင်ကြဘူး။ ခင်ဗျား စောစောက ပြောသွားတာတွေနဲ့ ဘာပြဿနာကိုမှ မဖြေရှင်းနိုင်ဘူး။ ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ အလုပ်လုပ်တာ ဘာဖြစ်လို့ ဒီလောက် ပြင်းထန်နေရတာလဲ။ ပြီးတော့ ဝင်စွက်ဖက်ရမယ့် ကိစ္စလည်း မဟုတ်ဘူးလေ။ ဒါကြောင့် ပြန်သွားပါတော့။ ကျုပ် ပြောစရာရှိတာ ဒါပါပဲ။"

ဖန်ကျန်းရီက စိတ်မကောင်းစွာဖြင့် ခေါင်းခါပြလိုက်၏။

လူတစ်ယောက်ကို စည်းရုံးဖို့ဆိုတာ ဒီလောက် မလွယ်ဘူးဆိုတာ စောစောကတည်းက သိထားတယ်။ အထူးသဖြင့် ဒီလို ခေါင်းမာတဲ့ အဘိုးကြီးမျိုးကိုပေါ့။

ကံကောင်းလို့ ကြိုတင်ပြင်ဆင်မှုတွေ အပြည့်အဝ လုပ်ထားလို့ပဲ ...

ဖန်ကျန်းရီသည် ခေါင်းငုံ့ကာ အဝတ်ထုပ်ထဲတွင် ထပ်မံရှာဖွေလိုက်ပြီး မကြာမီမှာပင် စာရွက်အချို့ကို ထုတ်ယူကာ ရှီဝမ်ရှူ၏ မျက်စိရှေ့သို့ ကမ်းပေးလိုက်သည်။

ရှီဝမ်ရှူက သံသယဖြင့် ကြည့်ကာ မေးလိုက်၏။ "ဒါက ဘာလဲ။"

"ခင်ဗျား ဖတ်ကြည့်လိုက်ရင် သိမှာပေါ့။"

ရှီဝမ်ရှူက စိတ်မရှည်မှုကို အတင်းအကြပ် ထိန်းချုပ်ကာ စာရွက်များကို လှမ်းယူပြီး ဖြန့်ကြည့်လိုက်ရာ တစ်ကိုယ်လုံး မှင်သက်သွားတော့သည်။

သူက မျက်လုံးများကို ပွတ်သပ်ကာ နှစ်ခေါက်မျှ ထပ်ကြည့်ပြီးနောက် ထိတ်လန့်တကြားဖြင့် မေးလိုက်၏။ "သခင်လေးဖန် ... ဒါက ဘယ်တုန်းက ချုပ်ထားတာလဲ။"

ဖန်ကျန်းရီက ကောင်းကင်ကိုမော်ကြည့်ကာ ဖြည်းညင်းစွာ ပြောလိုက်သည်။ "အာ ... လွန်ခဲ့တဲ့ နှစ်ရက်လောက်က ထင်တယ်။ ခင်ဗျားရဲ့ တူအရင်း ရှီဖျင်က တောက်ယွမ်ခရိုင်ကို ရောက်လာပြီး ကျုပ်တို့ခရိုင်နဲ့ အရောင်းအဝယ် လုပ်ချင်တယ်တဲ့။

သူက ကျောက်စိမ်းရောင်းတာ အဆင်ပြေနေတာကို စိန်လုပ်ငန်းကိုပါ ဝင်ပါချင်နေတာ။ ခင်ဗျားလည်း သိမှာပေါ့။ အခု စိန်လုပ်ငန်းက ကျုပ်တို့ တောက်ယွမ်ခရိုင်က လူတွေ လုပ်ကိုင်နေတာလေ။ ရှီဖျင်က အမတ်ကြီးရှီရဲ့ နာမည်ကို ထုတ်သုံးလိုက်တော့ ကျုပ်လက်အောက်က ကောင်တွေက ဘယ်ပူးပေါင်းမလုပ်ဘဲ နေရဲမှာလဲ။ စိန်ကို သူ့ကို တစ်ဝက်ခွဲရောင်းခိုင်းတဲ့အပြင် လမ်းကြောင်းဖွင့်ခအဖြစ် ငွေစတစ်သိန်းတောင် ပေးရသေးတယ်။ ဒီအရောင်းအဝယ် က တကယ်ကို ကောင်းတာပဲ။ အမတ်ကြီးရှီ ... ခင်ဗျားရဲ့ မိသားစုက တကယ်ကို ပိုက်ဆံရှာတတ်တာပဲ။"

"ဖန်ကျန်းရီ။"

ရှီဝမ်ရှူသည် ရုတ်တရက် မတ်တတ်ရပ်လိုက်ပြီး ဖန်ကျန်းရီကို မမှိတ်မသုန် စိုက်ကြည့်ကာ ပြင်းပြင်းထန်ထန် အသက်ရှူရင်း ပြောလိုက်၏။ "ခင်ဗျား လုပ်ကြံစွပ်စွဲနေတာပဲ။ ရှီဖျင်က ဒီလိုကိစ္စမျိုးကို လုံးဝ မလုပ်နိုင်ဘူး။"

ဖန်ကျန်းရီက ပြုံးလိုက်သည်။

ရှီဖျင်သည် စီးပွားရေးသမား တစ်ယောက်ဖြစ်ပြီး စီးပွားရေးလုပ်ငန်း အတော်လေး ကြီးမားရာ သဘာဝအရ ရှီဝမ်ရှူ၏ နာမည်ကို သုံးပြီး အပြင်တွင် ရမ်းကားမည့် အရူးမျိုး မဖြစ်နိုင်ပေ။

စိန်ကိစ္စမှာ သူကိုယ်တိုင် ခရိုင်ထဲမှ လူများကို သွားရောက် ဆွေးနွေးခိုင်းခဲ့ခြင်း ဖြစ်ပြီး အတင်းအကြပ် ပြောဆိုစည်းရုံးကာ လက်မှတ်ရေးထိုးစေခဲ့ခြင်း ဖြစ်၏။

ယခုအခါ စာချုပ် ချုပ်ဆိုပြီးပြီ ဖြစ်ရာ ဘောင်းဘီထဲသို့ ရွှံ့ဝါများ ကျလာသကဲ့သို့ ရှီဝမ်ရှူ ဘယ်လိုပဲပြောပြော လက်ခံနိုင်စရာ မရှိတော့ပေ။

"ကျွတ် ... ဥပဒေက လူအများစုကို အပြစ်ပေးလို့မရဘူး ဆိုတာက မှန်ပါတယ်။ အမတ်ကြီးရှီ ... ဒါပေမဲ့ အခု ခင်ဗျား တစ်ယောက်တည်း ကျန်တော့တာလေ။ အကယ်၍ ကျုပ်က အရှင်မင်းကြီးဆီမှာ ပြဿနာသွားရှာရင် အရှင်မင်းကြီးက ကျုပ်ကို ယုံမလား၊ ခင်ဗျားကို ယုံမလား။" ဖန်ကျန်းရီသည် အေးအေးဆေးဆေးပင် လက်ဖက်ရည်ကို သောက်လိုက်၏။

"ဒါက ကျုပ်တူရဲ့ စီးပွားရေးလုပ်ငန်းပဲ။ ပြီးတော့ ဒီစာချုပ်ကလည်း ပြဿနာမရှိဘူး။ အရှင်မင်းကြီးရှေ့ကို ရောက်သွားရင်တောင် ကျုပ် မကြောက်ဘူး။ အရှင်မင်းကြီးရဲ့ ယုံကြည်မှုကို အားကိုးပြီး အမှားအမှန်ကို ပြောင်းလဲပစ်လို့ ရမယ်ထင်နေလား။"

"ဟွန့် ... သူက ခင်ဗျားရဲ့တူဆိုတာကို ခင်ဗျားလည်း ဝန်ခံတာပဲ မဟုတ်လား။ ခင်ဗျားက ဘဏ္ဍာရေးအမတ်ချုပ် ဖြစ်နေပြီး ဆွေမျိုးတွေကို စီးပွားရေးလုပ်ခွင့်ပေးတာ၊ အာဏာကို အလွဲသုံးစားလုပ်တာတွေကို ဘယ်လိုရှင်းပြမလဲ။"

ရှီဝမ်ရှူက သူ့ကို အေးစက်စွာ စိုက်ကြည့်လိုက်၏။ "သခင်လေးဖန်ရဲ့ နည်းလမ်းက ဒီလောက် အောက်တန်းကျနေတာ အထက်ကလုပ်ရင် အောက်ကလိုက်လုပ်မှာပဲ။ ကျင်းယီဝေတွေ အကုန်လုံးက ဒီလိုပဲ အလုပ်လုပ်ကြတာလား။ ခင်ဗျား မျက်လုံးထဲမှာ တိုင်းပြည်ဥပဒေဆိုတာ ရှိသေးရဲ့လား။"

ဖန်ကျန်းရီက အေးအေးဆေးဆေးပင် ပြောလိုက်သည်။ "အမတ်ကြီးရှီ ... ခင်ဗျားကို ဇာတ်လမ်းတစ်ပုဒ် ပြောပြမယ်။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကျုပ်တို့ ကျင်းယီဝေက အာဏာသုံးပြီး အနိုင်ကျင့်တဲ့ အရာရှိငယ်တစ်ယောက်ကို ဖမ်းမိခဲ့တယ်။ ဒါပေမဲ့ ပြည်သူတွေရဲ့ နှုတ်ထွက်သက်သေပဲ ရှိပြီး လက်ဆုပ်လက်ကိုင်ပြစရာ သက်သေမရှိဘူး။ လက်အောက်ငယ်သားတွေက အဲဒီအရာရှိငယ်ကို ဖမ်းပြီး အနိုင်ကျင့်ခံရတဲ့ ပြည်သူတွေဆီ သွားအတည်ပြုတော့ ပြည်သူတွေက ကြောက်ပြီး ချက်ချင်း စကားပြောင်းသွားကြရော။

အဲဒီအရာရှိငယ်က သက်သေလည်းမရှိ၊ ပြစ်မှုထင်ရှားတဲ့ အထောက်အထားလည်း မရှိတာကို မြင်တော့ သူက တရားဥပဒေကို လေးစားလိုက်နာတဲ့သူပါလို့ အော်ပြောတော့တာပဲ။ ဒါပေမဲ့ နောက်ဆုံး သူဘယ်လိုဖြစ်သွားလဲဆိုတာ ခင်ဗျား သိလား။"

"ဘယ်လို ဖြစ်သွားလဲ။" ရှီဝမ်ရှူသည် အကြောင်းပြချက်မရှိဘဲ ရုတ်တရက် စိုးရိမ်သွား၏။

ဖန်ကျန်းရီက ကောက်ကျစ်စွာ ရယ်မောလိုက်သည်။ "ကျုပ်က အဲဒီလူကို တော်ဝင်အကျဉ်းထောင်ထဲ ထည့်ပြီး မသမာသော ရည်ရွယ်ချက်ဖြင့် ဥပဒေလိုက်နာမှု ဆိုတဲ့ အပြစ်တစ်ခုကို ချက်ချင်း ချမှတ်လိုက်တယ်။ နောက်ပိုင်း သူ အကျဉ်းချခံရတာကို မခံနိုင်တော့ဘဲ ကိုယ့်ဘာသာ အကုန်ဝန်ခံသွားတော့တယ်။ နောက်ဆုံးတော့ အရာရှိ အဝတ်အစား ချွတ်ခံလိုက်ရတာပဲ။"

"ကျုပ် အမတ်ကြီးရှီကို ပြောချင်တာက ... ကျုပ် အလုပ်လုပ်တာ ဒီလိုပဲ။"

"ခင်ဗျား … ခင်ဗျား လုပ်ရဲတယ်ပေါ့ ..." ရှီဝမ်ရှူ၏ မျက်ဝန်းအိမ်များ ပြင်းထန်စွာ ကျယ်လာပြီး လုံးဝ တွေဝေသွားတော့သည်။ သူ တစ်သက်လုံး နေလာခဲ့တာ ဤသို့ ရူးကြောင်ကြောင်နိုင်တဲ့လူမျိုး ရှိလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။

ချီးတဲ့မှ။ တရားဥပဒေကို လိုက်နာတာတောင် ဒီလို အပြစ်ပေးရဲသေးတယ်ပေါ့။ အားကိုးရာရှိလို့ မကြောက်မရွံ့ ဖြစ်နေတာ။

"သေချာတာပေါ့။ လူဆိုးတွေအပေါ် သဘာဝကျကျ အကျင့်ဆိုးတွေ သုံးရမှာပဲလေ။ အမတ်ကြီးရှီကတော့ ဂုဏ်သတင်း ကြီးမားတဲ့လူဆိုတော့ မျိုးဆက်သစ်ဖြစ်တဲ့ ကျုပ်က ဘယ်ရန်စရဲပါ့မလဲ။

ရှီဖျင်က ခင်ဗျားကို အားကိုးပြီး ကျုပ်လက်အောက်က လူတွေနဲ့ အတင်းအကြပ် စီးပွားရေးလုပ်တယ် ဆိုပေမဲ့ ဒါကလည်း သူ့ရဲ့ စွမ်းဆောင်ရည်လို့ သတ်မှတ်ရမှာပေါ့။ ငွေစတစ်သိန်း ပေးရမယ်ဆိုလည်း ပေးလိုက်တာပေါ့။

ဒီအကူအညီအတွက်ကတော့ ..."

ဖန်ကျန်းရီသည် မတ်တတ်ရပ်ကာ လက်တိုအတွင်းမှ အစီရင်ခံစာကို ထုတ်ယူပြီး စားပွဲပေါ်တင်လိုက်၏။ "အမတ်ကြီးရှီ ကျုပ်ကို ကူညီချင်ရင် ကူညီလိုက်ပါ။ မကူညီချင်လည်း နေပါ။ ဘာမှမဖြစ်ပါဘူး။ ဘာပဲဖြစ်ဖြစ် အားလုံးက ခေါင်းငုံ့လည်းမြင်၊ ခေါင်းမော့လည်းမြင် နေရတာပဲလေ။"

"ကျုပ် သွားပြီနော်။ လိုက်မပို့နဲ့တော့။"

ထိုသို့ပြောပြီးနောက် ဖန်ကျန်းရီသည် အဝတ်ထုပ်ကို ကောက်ယူကာ လှည့်မကြည့်ဘဲ ထွက်သွားတော့သည်။

ရှီဝမ်ရှူသည် ဖန်ကျန်းရီ၏ တဖြည်းဖြည်း ဝေးကွာသွားသော ကျောပြင်ကို ရှုပ်ထွေးသော အမူအရာဖြင့် ကြည့်နေပြီး စိတ်ထဲတွင် အနည်းငယ်ပင် လေးစားသွားမိ၏။

ယနေ့ သူသည် ဖန်ကျန်းရီအပေါ် ထားရှိသော အမြင် လုံးဝ ပြောင်းလဲသွားချေပြီ။

စိတ်သဘောထား ကြီးမြတ်တယ်၊ စိတ်ဓာတ် ခိုင်မာတယ်၊ မည်သည့်နည်းလမ်းကိုမဆို အသုံးပြုတတ်တယ် ... ပါးစပ်က နံစော်ပြီး ကိုယ်ကျင့်တရား ကင်းမဲ့တယ်။

အချိန်အတော်ကြာ တွေဝေပြီးနောက် ရှီဝမ်ရှူသည် နောက်ဆုံးတွင် အစီရင်ခံစာကို အင်္ကျီလက်အတွင်းသို့ သိမ်းဆည်းလိုက်ပြီး ခေါင်းခါကာ ရေရွတ်လိုက်သည်။ "အရူး။"

ဘေးတွင်ရှိသော ရှီဟုန်ချိုက်မှာ မှင်သက်စွာ ကြည့်နေပြီး အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောလိုက်၏။ "အဖေ ... အဖေ ဒီလိုပဲ သူ့ကို ကူညီဖို့ သဘောတူလိုက်တော့မှာလား။"

ရှီဝမ်ရှူက မတတ်သာဘဲ ရယ်လိုက်သည်။ "ဒီကိစ္စက အဖေ့အတွက်တော့ အရမ်းကြီး ကြီးမားတဲ့ကိစ္စလို့ ပြောလို့မရပါဘူး။ ဒါပေမဲ့ လူချစ်လူခင် နည်းလွန်းပြီး အငြင်းပွားမှုတွေ ဖြစ်လာဖို့ အရမ်းလွယ်တယ်။ ဒါက နန်းတွင်းရဲ့ အကြီးမားဆုံး အဟန့်အတားပဲ။"

"ဒါပေမဲ့ ဖန်ကျန်းရီ ဒီလူက ရည်မှန်းချက်မရောက်မချင်း လုံးဝ လက်မလျှော့ဘူး ... သူ့ကို သဘောတူလိုက်ရုံပဲ ရှိတော့တာပေါ့။ ဟုန်ချိုက် ... ဒီလူက ယုတ်မာအောက်တန်းကျတယ် ဆိုပေမဲ့ ဒီအချက်ကိုတော့ မင်း သူ့ဆီကနေ သင်ယူရမယ်။ ဒါမှသာ အလုပ်တစ်ခု အောင်မြင်နိုင်မှာ။"

ရှီဟုန်ချိုက်က ခေါင်းညိတ်လိုက်ပြီး တီးတိုး ပြောလိုက်၏။ "အဖေ ... ဘာလို့မှန်းမသိဘူး၊ သူပြောတာ အမှန်ပဲလို့ ကျုပ် ခံစားရတယ်။ ခေတ်ကြီးက ပြောင်းသွားပြီ ... အဖေ ကြည့်လေ၊ အရှေ့ဆင်ခြေဖုံးတက္ကသိုလ် ပေါ်လာကတည်းက ဈေးကွက်ထဲမှာ အရင်က ဘယ်သူမှ မတွေးဖူးတဲ့ ပြဿနာတွေ အများကြီး ပေါ်လာတယ်။ လူတော်တော်များများရဲ့ အတွေးတွေလည်း ပြောင်းလဲသွားတယ်။ ဒါက ..."

ရှီဝမ်ရှူက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ "တော်တော့။ အကုန်လုံးက ထူးဆန်းတဲ့ အတတ်ပညာတွေနဲ့ အကျိုးမရှိတဲ့ အရာတွေချည်းပါပဲ။ သိပ္ပံအကယ်ဒမီက ထူးဆန်းတဲ့ အယူအဆတွေကို အားကိုးပြီး ခေတ်ကြီး ပြောင်းသွားပြီလို့ ရမ်းပြောရဲတာလား။ နှစ်ထောင်ပေါင်းများစွာ ကြာလာခဲ့တာတောင် ဧကရာဇ်က ဧကရာဇ်ပဲ၊ နန်းတော်က နန်းတော်ပဲ၊ ပြည်သူတွေကလည်း အဲဒီပြည်သူတွေပဲ။ ဒါက ဘယ်တော့မှ ပြောင်းလဲသွားမှာ မဟုတ်ဘူး။

ဟမ့် ... မာနကြီးတဲ့ ကလေးစုတ်။ ငါ တစ်သက်လုံး စားခဲ့ရတဲ့ ဆားက သူစားခဲ့ရတဲ့ ထမင်းထက်တောင် ပိုများသေးတယ်။ သူက ဘာကိုနားလည်လို့လဲ။"

All Chapters