← Chapters

အခန်း (၇၂၈-၇၂၉)

Vol. 39 Ch. 728-729

အခန်း (၇၂၈-၇၂၉)

Vol. 39 Ch. 728-729

အပိုင်း (၇၂၈) ကျုပ် ခုန်ဝင်လာတယ်၊ ကျုပ် ပြန်ခုန်ထွက်သွားတယ်။

နောက်တစ်နေ့ နံနက်ညီလာခံ။

ဖန်ကျန်းရီ၏ အကြည့်များက ရှေ့တွင်ရှိသော ရှီဝမ်ရှူထံသို့ ခဏခဏ ရောက်သွား၏။ မနေ့က လိမ်ညာတာရော၊ ခြိမ်းခြောက်ဖြားယောင်းတာရော ပေါင်းလုပ်ခဲ့ပေမယ့် အမှန်အတိုင်း ပြောရလျှင် စိတ်ထဲမှာတော့ သေချာမှု မရှိလှပေ။ မိမိအတွက် ပြောပေးနိုင်မလား၊ မပြောပေးနိုင်ဘူးလား ဆိုသည်ကို ဒီနေ့ ကြည့်ရတော့မည်။

ညီလာခံ တစ်ဝက်ကျိုးသွားချိန်တွင် တရားဝင် စကားမပြောသေးသော ရှီဝမ်ရှူက ရုတ်တရက် လှုပ်ရှားလာသည်။ ဖန်ကျန်းရီ၏ ရင်ခုန်သံက လည်ချောင်းဝအထိ ရောက်လာတော့၏။

ရှီဝမ်ရှူသည် လက်တိုအတွင်းမှ အစီရင်ခံစာတစ်အုပ်ကို ဖြည်းညင်းစွာ ထုတ်ယူလိုက်သည်ကို မြင်လိုက်ရပြီး ထိုအစီရင်ခံစာ၏ မျက်နှာဖုံးမှာ ဖန်ကျန်းရီ ချန်ထားခဲ့သော အစီရင်ခံစာပင် ဖြစ်ချေသည်။

"အရှင်မင်းကြီး ... ကျွန်တော်မျိုး တင်ပြစရာ ရှိပါတယ်။"

"ပြော …။"

"ကျွန်တော်မျိုး ဒီလမှာ ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ စာရင်းစာအုပ်တွေကို လူလွှတ်ပြီး ပြန်လည် စီစဉ်ခိုင်းခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်အတွင်းမှာ တိုင်းပြည်ဘဏ္ဍာတိုက် ဝင်ငွေက နှစ်စဉ် ဆက်တိုက် တိုးလာခဲ့ပေမဲ့ ပြဿနာတချို့ကိုတော့ တွေ့ရှိခဲ့ရပါတယ်။ အရင်တုန်းက စားနပ်ရိက္ခာ မလုံလောက်တဲ့ အခြေအနေကနေ ကန်စွန်းဥ နဲ့ အာလူး စိုက်ပျိုးမှုကို တိုးချဲ့ခဲ့တဲ့အတွက် အများကြီး သက်သာသွားခဲ့ပါပြီ။ နောက်ထပ် နှစ်အနည်းငယ် ကြာရင် လောကကြီးက ပြည်သူတွေ ငတ်မွတ်ခေါင်းပါးတဲ့ စိုးရိမ်ပူပန်မှုတွေ မရှိတော့ဘူးလို့ ထင်ပါတယ်။

ဒါကြောင့် ကုန်သွယ်လုပ်ငန်းခွန်ကလည်း မနည်းမနော တိုးတက်လာခဲ့ပါတယ်။ ဒါပေမဲ့ ကုန်ပစ္စည်း စီးဆင်းမှု အခက်အခဲက အမြဲတမ်း ရှိနေခဲ့ပါတယ်။ ဒီအခက်အခဲကိုသာ မဖြေရှင်းနိုင်ရင် စားနပ်ရိက္ခာ ထုတ်လုပ်မှု အထွတ်အထိပ် ရောက်တဲ့အချိန်မှာ တိုင်းပြည်ဘဏ္ဍာတိုက်က အခွန်ငွေတွေ ထပ်ပြီး တိုးတက်လာဖို့ ခက်ခဲလိမ့်မယ်လို့ စိုးရိမ်ရပါတယ်။ မူဝါဒတွေက အချိန်အခါအလိုက် ပြောင်းလဲဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ကျွန်တော်မျိုးက ညတွင်းချင်း ကုန်သွယ်မှု ဖြေလျှော့ရေး အချက်ဆယ်ချက်ကို ရေးဆွဲခဲ့ပါတယ်။ ဒီကိစ္စက အရမ်းအရေးကြီးတယ်လို့ ကျွန်တော်မျိုး ထင်တဲ့အတွက် အရှင်မင်းကြီး ကြည့်ရှုစစ်ဆေးပေးတော်မူပါ။"

ရှီဝမ်ရှူက ခေါင်းလှည့်ကာ ဖန်ကျန်းရီကို တစ်ချက်ဝေ့ကြည့်လိုက်ရာ သူက မိမိအား မျက်ခုံးပင့်ပြနေသည်ကို မြင်လိုက်ရ၏။ မနေနိုင်ဘဲ သက်ပြင်းရှည်ကြီး ရှူသွင်းလိုက်ပြီး ခေါင်းပြန်လှည့်ကာ စိတ်အောက်ခြေမှ ရွံရှာမှုကို ဖိနှိပ်ထားလိုက်သည်။

ကုန်သွယ်မှု ဖြေလျှော့ရေး အချက်ဆယ်ချက် ဟုတ်လား။

ကျင်းဘုရင်မင်းမြတ်သည် ခဏတာ မှင်သက်သွားပြီး တစ်နေရာရာ၌ ကြားဖူးသလို ခံစားလိုက်ရ၏။ အစီရင်ခံစာ မျက်စိရှေ့သို့ ရောက်လာသောအခါ ကျင်းဘုရင်မင်းမြတ်က တစ်ချက်ကြည့်လိုက်ပြီး ထူးဆန်းသော အမူအရာဖြင့် ဖန်ကျန်းရီကို လှမ်းကြည့်လိုက်သည်။

ဒီပစ္စည်းက ဖန်ကျန်းရီ မကြာသေးခင်က ရေးထားတာ မဟုတ်ဘူးလား။ ဒါပေမဲ့ စကားလုံး အသုံးအနှုန်းတွေကတော့ အများကြီး ပြောင်းလဲသွားတယ်။

ဖန်ကျန်းရီသည်လည်း ကျင်းဘုရင်မင်းမြတ်ကို ကြည့်ကာ အရူးတစ်ယောက်လို ပြုံးပြလိုက်ပြီး မျက်လုံးများက အလွန်ကြည်လင်နေ၏။

ကျင်းဘုရင်မင်းမြတ်သည် ချက်ချင်းပင် ရင်ထဲ၌ သဘောပေါက်သွားပြီး မျက်နှာထား ပုံမှန်ပြန်ဖြစ်သွားကာ ပြောလိုက်သည်။ "ကော်ပန်ပန် ... ဖတ်စမ်း။"

ကော်ထျန်းယန်က အစီရင်ခံစာကို ကိုင်ကာ စတင် ဖတ်ပြတော့၏။

ညီလာခံခန်းမအတွင်း၌ ကော်ထျန်းယန်၏ အသံက ပဲ့တင်ထပ်နေသော်လည်း ဖန်ကျန်းရီ နားထောင်ရင်း မျက်နှာထားက တဖြည်းဖြည်း ထူးဆန်းလာသည်။

သူရေးထားတဲ့ အကြောင်းအရာတွေကို... ရှီဝမ်ရှူက ပြင်ရေးလိုက်တာပါလား။

သူရေးထားသော ပုံစံနှင့် နှိုင်းယှဉ်လျှင် နောက်မှ ပြင်ရေးထားသော စကားလုံး အသုံးအနှုန်းများက လူအများကို ပို၍ လက်ခံရလွယ်ကူစေသည်။ သို့ပေမည့် အဓိကအချက်မှာ မူလက သူ၏ အကြံပြုချက်သည် ပြည်နယ်တစ်နယ်လုံးကို စမ်းသပ်နယ်မြေအဖြစ် ဖွင့်လှစ်ရန်ဖြစ်သော်လည်း နောက်ဆုံးတွင် ဟန်ကျန်းပြည်နယ် အုပ်ချုပ်မှုအောက်ရှိ ခရိုင်တစ်ခုအဖြစ် ပြောင်းလဲခံလိုက်ရခြင်းပင်။

သို့သော်ငြား ကိစ္စများက ဤအခြေအနေသို့ ရောက်နေပြီဖြစ်ရာ ဖန်ကျန်းရီသည်လည်း စိတ်ရှည်လက်ရှည်ဖြင့်သာ ဆက်လက် နားထောင်နေရတော့၏။ ခရိုင်တစ်ခုတည်းတွင်သာ ကန့်သတ်ထားသဖြင့် လူအတော် များများကလည်း ပြင်းပြင်းထန်ထန် ကန့်ကွက်သည့် သဘောထားမျိုး မပြသကြပေ။ မည်သို့ပင်ဆိုစေ ခရိုင်တစ်ခုတည်းဆိုတော့ မိုးပြိုမတတ် ဆူညံသွားလျှင်တောင် လွှမ်းမိုးမှု မရှိနိုင်ပေ။

ကော်ထျန်းယန် ဖတ်ပြီးသွားသောအခါ ကျင်းဘုရင်မင်းမြတ်၏ အကြည့်များက မှူးမတ်အရာရှိများကို တစ်ချက် ဝေ့ကြည့်လိုက်ပြီး ပြောလိုက်သည်။ "အမတ်ရှီ ... ခင်ဗျား အရင် ပြောကြည့်စမ်း။"

ရှီဝမ်ရှူက ခါးညွှတ်လျက် ပြောလိုက်၏။ "အရှင်မင်းကြီးကို အစီရင်ခံပါတယ်။ ကျွန်တော်မျိုးက ကုန်သွယ်မှု ဖြေလျှော့ရေးကို အတင်းအကြပ် အကြံပြုရတဲ့ အကြောင်းရင်းက အထောက်အထား ခိုင်ခိုင်လုံလုံ ရှိနေလို့ပါ။ ဈေးကွက်ထဲမှာ ကုန်ပစ္စည်းတွေ စီးဆင်းဖို့က အဆင့်လေးဆင့်ပဲ ရှိပါတယ်။ ထုတ်လုပ်ခြင်း၊ ခွဲဝေခြင်း၊ စီးဆင်းခြင်း၊ ရောင်းချခြင်းပါ။ အစနဲ့အဆုံး အဆင့်နှစ်ခုက ပြဿနာမရှိသေးပေမဲ့ အလယ်က ခွဲဝေခြင်းနဲ့ စီးဆင်းခြင်းကတော့ အရမ်း အရေးကြီးပါတယ်။

စားနပ်ရိက္ခာတွေ နှစ်စဉ် အထွက်တိုးနေပါတယ်။ အရင်တုန်းက အာလူးနဲ့ ကန်စွန်းဥလို အထွက်နှုန်းကောင်းတဲ့ သီးနှံတွေ မရှိချိန်က ပြည်သူတွေဟာ အိမ်က လုပ်အားကို အားကိုးပြီး မိသားစုတစ်စုကို မနည်း ဝမ်းရေး ဖြေရှင်းနေရပြီး ပိုလျှံတာ မရှိပါဘူး။ အခုတော့ တစ်မိသားစုလုံးကို ဝမ်းရေးဖြေရှင်းပေးနိုင်ရုံသာမကဘဲ စားနပ်ရိက္ခာတွေ အများကြီးတောင် ပိုလျှံနေပါပြီ။

ဒီစားနပ်ရိက္ခာတွေကို ကုန်သည်တွေက ဝယ်ယူပြီး ဈေးကွက်ထဲမှာ ပြန်လည်ရောင်းချဖို့ အားကိုးရမှာပါ။ ပြည်သူတွေက စားနပ်ရိက္ခာ ရောင်းပြီး ငွေရလာရင် အဝတ်အစားသစ်နဲ့ အိမ်သုံးပစ္စည်းတွေကို သွားဝယ်ကြလိမ့်မယ်။ ဒီလိုနည်းနဲ့ ထုတ်လုပ်မှုကို တွန်းအားပေးနိုင်ပါတယ်။

ကျွန်တော်မျိုး သိရသလောက်ဆိုရင် ဒီနှစ် မြို့တော်ထဲမှာ တည်ဆောက်ထားတဲ့ လူတစ်ရာကျော် ငှားရမ်းထားတဲ့ လက်မှုလုပ်ငန်းခွင်တွေက အခုနှစ်ဆယ်ထက် မနည်းပါဘူး။ ဒါက အရင်က တစ်ခါမှ မမြင်ဖူးခဲ့တဲ့ မြင်ကွင်းပါပဲ။ ဒါကိုကြည့်ခြင်းအားဖြင့် ပြည်သူတွေရဲ့ ကုန်ပစ္စည်း လိုအပ်ချက်က အများကြီး တိုးတက်လာတယ်ဆိုတာ သိနိုင်ပါတယ်။

ဒီလိုဆိုရင် ကုန်သွယ်မှု ဖြေလျှော့ရေးက မလုပ်မနေရပါပဲ။ တခြားအရာတွေအတွက် မဟုတ်ရင်တောင် စားနပ်ရိက္ခာ အထွက်တိုးလာလို့ ပေါ်ပေါက်လာတဲ့ အလုပ်လက်မဲ့တွေကို ထည့်သွင်းစဉ်းစားရပါမယ်။ ပြည်သူတွေက အိမ်မှာ ပျင်းရိစွာနဲ့ ဘာမှမလုပ်ဘဲ နေလို့ လုံးဝ မဖြစ်ပါဘူး။

ဒါပေမဲ့ ကုန်သွယ်မှု ဖြေလျှော့ရေး ကိစ္စကို တစ်ချက်တည်းနဲ့ ပြီးမြောက်အောင် လုပ်လို့မရပါဘူး။ အဆင့်ဆင့် တိုးတက်အောင် လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ကျွန်တော်မျိုးက မြို့တော်နဲ့ ပတ်ဝန်းကျင်ဒေသတွေက နှစ်စဉ် တင်ပြလာတဲ့ စာရင်းစာအုပ်တွေ အကုန်လုံးကို ဖတ်ရှုပြီး ဟန်ကျန်းပြည်နယ်အတွင်းက ဖျင်ဝမ်ခရိုင်ကို ရွေးထုတ်ခဲ့ပါတယ်။

ဒီခရိုင်က ဟန်ကျန်းပြည်နယ်ရဲ့ အချက်အချာကျတဲ့ နေရာမှာ တည်ရှိပြီး အရပ်လေးမျက်နှာနဲ့ ဆက်သွယ်ထားပါတယ်။ ပုံမှန်အားဖြင့် ကုန်ပစ္စည်း အဝင်အထွက် အရမ်းများတဲ့ နေရာပါပဲ။ ဒါကို ကုန်သွယ်မှု ဖြေလျှော့ရေး စမ်းသပ်နယ်မြေအဖြစ် သတ်မှတ်တာက အသင့်တော်ဆုံးပါပဲ။ အရှင်မင်းကြီး သေချာစွာ စဉ်းစား ဆုံးဖြတ်ပေးတော်မူပါ။"

ကျင်းဘုရင်မင်းမြတ်က ခေါင်းတညိတ်ညိတ်ဖြင့် လက်တစ်ဖက်က စားပွဲကို ခေါက်နေ၏။

မှူးမတ်အရာရှိများမှာမူ စဉ်းစားခန်းဝင်နေကြပြီး စောစောက ရှီဝမ်ရှူ ပြောသွားသော အကြောင်းအရာများက ရင်းနှီးနေသလို ခံစားနေကြရသည်။

ဒါက မကြာသေးခင်ရက်ပိုင်းက ပန်းရှန်းသတင်းစာမှာ ဆက်တိုက် ပါလာတဲ့ အကြောင်းအရာတွေ မဟုတ်ဘူးလား။ ပြောထားတာက ထုတ်လုပ်ခြင်း၊ ခွဲဝေခြင်း၊ ရောင်းချခြင်း စတဲ့ စကားတွေပဲ။ ပန်းရှန်းသတင်းစာထဲက အကြောင်းအရာတွေကို ရှီဝမ်ရှူက ဒီလောက်တောင် အထင်ကြီးလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။

ညီလာခံခန်းမအတွင်း အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးမှ ကျင်းဘုရင်မင်းမြတ်က ပြောလိုက်သည်။

"အမတ်တို့ ... ပြောစရာ စကားရှိသေးလား။"

အောက်ဘက်တွင် တီးတိုး ဆွေးနွေးသံများ ထွက်ပေါ်လာပြီး ဖန်ကျန်းရီ၏ အကြည့်များက လူအုပ်ကြားတွင် အဆက်မပြတ် လှည့်လည်ကြည့်ရှုနေ၏။

ဒီနေ့ ကိစ္စက ကြည့်ရတာ ဖြေရှင်းဖို့ လွယ်သွားပြီပဲ။ နှမြောစရာကောင်းတာက ရှီဝမ်ရှူ ဒီအဘိုးကြီးက ပြည်နယ်တစ်ခုလုံးကို ခရိုင်တစ်ခုအဖြစ် ပြောင်းပစ်လိုက်တာပဲ။

ဖျင်ဝမ်ခရိုင်ကိုလည်း သူသိထားသည်။ တကယ်ကို မဆိုးလှသော နေရာတစ်ခုဖြစ်ပြီး အကယ်၍ သေချာ စီမံခန့်ခွဲနိုင်ပါက ဩဇာလွှမ်းမိုးမှုကလည်း ညံ့ဖျင်းမည် မဟုတ်ပေ။ ယခု သူက နှုတ်ဖွင့်ပြောလိုက်ပြီဖြစ်ရာ ထပ်မံ ပြောင်းလဲနိုင်ခြေ မရှိတော့ပေ။ ယခု အဓိကအချက်က မည်သူကန့်ကွက်မလဲဆိုသည်ကို ကြည့်ပြီး ကိုယ်တိုင် ပြေးဝင်ကာ ကူညီပေးဖို့ပင်။

ထင်ထားသည့်အတိုင်းပင် နောက်ဆုံးတွင် ကန့်ကွက်မည့်လူ ပေါ်လာတော့သည်။ ဟန်လင်ပညာရှိ ယန်ရင်းချိုက် က တိတ်တဆိတ် ထွက်ရပ်လိုက်၏။ "ကျွန်တော်မျိုးမှာ ..."

"ကျွန်တော်မျိုး ကန့်ကွက်ပါတယ်။" သူ စကားပင်မဆုံးသေးမီ ဖန်ကျန်းရီက ပြင်းထန်စွာ အော်ဟစ်လိုက်သည်။

ယန်ရင်းချိုက်၏ မျက်နှာက တဖြည်းဖြည်း ရှည်ထွက်သွားပြီး မတတ်သာဘဲ နောက်ဆုတ်သွားရတော့၏။

ရှီဝမ်ရှူ၏ ခေါင်းထဲတွင် ဝီခနဲ မြည်သွားပြီး လုံးဝ တွေဝေသွားသည်။

ကျင်းဘုရင်မင်းမြတ်သည် ဖန်ကျန်းရီကို စိုက်ကြည့်နေပြီး မျက်နှာထားက အဆက်မပြတ် ပြောင်းလဲနေ၏။

ခင်ဗျားက တကယ်တမ်း ဘယ်ဘက်က ရပ်တည်နေတာလဲ။ ကုန်သွယ်မှု ဖြေလျှော့ချင်တာကလည်း ခင်ဗျားပဲ၊ အခု ကန့်ကွက်နေတာကလည်း ခင်ဗျားပဲလား။ ရှီဝမ်ရှုက ထိုသို့တွေးနေသည်။

ဖန်ကျန်းရီသည် ခေါင်းလှည့်ကာ ယန်ရင်းချိုက်ကို အလွန် ကြည့်ရဆိုးသော အပြုံးတစ်ခု ပြုံးပြလိုက်ပြီး မျက်လုံးများထဲတွင် လှောင်ပြောင်မှုများ ပါဝင်နေသည်။ ထို့နောက် ခေါင်းပြန်လှည့်ကာ အသံကျယ်ကျယ်ဖြင့် ပြောလိုက်၏။

"ကျွန်တော်မျိုး ကုန်သွယ်မှု ဖြေလျှော့ရေးကို ကန့်ကွက်ပါတယ်။ ရှေးစကားရှိတယ်လေ ... ပညာရှိပြီး ဥစ္စာပေါများရင် သူတို့ရဲ့ ရည်မှန်းချက်ကို ထိခိုက်စေတယ်။ မိုက်မဲပြီး ဥစ္စာပေါများရင် သူတို့ရဲ့ အပြစ်တွေကို ပိုကြီးထွားစေတယ်တဲ့။ ကုန်သည်တွေက အမြတ်အစွန်း နောက်ကလိုက်တာဖြစ်လို့ ဒီလိုအကျင့်စရိုက်ကို ပိုအားပေးသလို ဖြစ်နေတယ်။

ပြီးတော့ ချမ်းသာတဲ့သူတွေက လူအများရဲ့ မနာလိုမှုကို ခံရတတ်တယ်။ ကုန်သည်တွေ ကြီးပွားလာတာက တခြားပြည်သူတွေကို မနာလိုဖြစ်စေပြီး အဓိကရုဏ်းတွေ ဖြစ်လာနိုင်တယ်။ အကယ်၍ လူတွေရဲ့ စိတ်က မတည်မငြိမ် ဖြစ်လာရင် ယဉ်ကျေးမှုဓလေ့ထုံးစံတွေ ပျက်စီးဖို့ သိပ်မလိုတော့ပါဘူး။"

ရှီဝမ်ရှူသည် စိတ်ထဲတွင် အရူးတစ်ယောက်လို အော်ဟစ်နေမိသည်။

ချီးတဲ့မှ ... ဒါ ငါပြောခဲ့တဲ့စကားတွေ မဟုတ်ဘူးလား။ ခွေးကောင် ... တကယ်တမ်း ဘာလုပ်ချင်နေတာလဲ။

"ကုန်သည်တွေကို အလိုလိုက်ရင် နောက်ဆက်တွဲ ပြဿနာတွေ အများကြီးရှိတယ်။ ပြီးတော့ ကုန်သည်တွေက ကုန်ထုတ်လုပ်ငန်း မလုပ်ဘဲ ပွဲစားအဖြစ်နဲ့သာ ပြည်သူတွေဆီကနေ အမြတ်အစွန်းကြီးကြီး ယူနေကြတာ။ ဒါက ပြည်သူတွေဆီက အကျိုးအမြတ် လုနေတာနဲ့ အတူတူပဲ။ ဒီကိစ္စကို လုံးဝ လုပ်လို့မရပါဘူး။"

ဖန်ကျန်းရီ ပြောပြီးသွားသောအခါ ရှီဝမ်ရှူထံသို့ မျက်ရိပ် ပြင်းပြင်းထန်ထန် ပြလိုက်သည်။

"အမတ်ကြီးရှီ ... ကျုပ်ပြောတာ မှန်တယ်မလား။"

ရှီဝမ်ရှူ၏ မျက်ထောင့်များ အကြိမ်အနည်းငယ် တုန်လှုပ်သွားပြီး တံတွေးမြိုချကာ ပြောလိုက်၏။ "ဒီစကားကိုတော့ ကျွန်တော်မျိုး လက်မခံရဲပါဘူး။ လောကကြီးမှာ ပွဲစားသာ မရှိရင် အစောကြီးတည်းက ကမောက်ကမတွေ ဖြစ်ကုန်ပြီ။ ဒီကုန်သည်ဆိုတာက ရေရဟတ်ထဲက ဘီးတွေလိုပဲ ကုန်ထုတ်လုပ်သူနဲ့ ဝယ်သူကို ဆက်သွယ်ပေးနေတာ။ အကယ်၍ သူတို့သာ အရင်းအမြစ်တွေကို ကြားဝင်မညှိနှိုင်းပေးရင် အရောင်းအဝယ် နှစ်ဖက်စလုံးက ဖြစ်မြောက်ဖို့ အရမ်းခက်ခဲသွားလိမ့်မယ်။ အမြတ်အစွန်းဆိုတာက သူတို့ရသင့်ရထိုက်တဲ့ လုပ်အားခတစ်ခုပါပဲ။

ကုန်သည်တွေ ဖန်တီးပေးတဲ့ အရောင်းအဝယ်တွေ ပိုများလာလေလေ လောကကြီးရဲ့ ကြွယ်ဝချမ်းသာမှုက ပိုများလာလေလေပဲ။ အကယ်၍ ကုန်သည်တွေက အမြတ်ထုတ်ပြီး တခြားလူတွေရဲ့ အကျိုးစီးပွားကို ထိခိုက်စေမယ်ဆိုရင် ကျုပ်တို့ တာ့ကျင်းတိုင်းပြည်က ဘယ်လိုလုပ် တစ်နှစ်ထက်တစ်နှစ် ပိုကောင်းလာပြီး တိုင်းပြည်ဘဏ္ဍာတိုက် ဝင်ငွေက တစ်နှစ်ထက်တစ်နှစ် ပိုမြင့်လာမှာလဲ ..."

ဖန်ကျန်းရီသည် စိတ်ထဲတွင် ချီးကျူးလိုက်သည်။ အဘိုးကြီးရှီက လူသာအိုပေမယ့် စိတ်မအိုဘူးပဲ။ တုံ့ပြန်မှုကလည်း မြန်သလို မှတ်ဉာဏ်ကလည်း ကောင်းလိုက်တာ။

အပိုင်း (၇၂၉) လှုံ့ဆော်မှု၏ အစ။

"ကောင်းပြီ။ ခင်ဗျားပြောတာ အကြောင်းပြချက်ရှိတယ်လို့ပဲ ထားလိုက်အုံး။ ဒါပေမဲ့ ကုန်သည်တွေကို ပိုးထည်ဝတ်ခွင့်၊ မြင်းလှည်းစီးခွင့် ပြုတယ်ဆိုတာက ဘာအဓိပ္ပာယ်လဲ။ ပညာရှိ၊ လယ်သမား၊ လက်မှုပညာသည်၊ ကုန်သည်ဆိုတဲ့ အလွှာလေးရပ်မှာ ကုန်သည်ဆိုတာ အနိမ့်ကျဆုံးပဲ။

ကုန်သည်ဆိုတာ ယုတ်ညံ့တဲ့သူတွေ၊ ဂုဏ်သိက္ခာရှိတဲ့ နေရာကို တက်ခွင့်မရှိတဲ့ လူတွေပဲ။ ပြည်သူပြည်သားတိုင်းက တံတွေးထွေးပြီး ရွံရှာကြတဲ့သူတွေက ဘာအရည်အချင်းရှိလို့ ပိုးထည်ဝတ်ပြီး မြင်းလှည်းစီးခွင့် ရမှာလဲ။ အမတ်ကြီးရှီရဲ့ သဘောထားအရဆိုရင် နောင်ကျရင် ကုန်သည်တွေက နန်းတော်ထဲအထိ ဝင်ခွင့်ရတော့မယ်ဆိုတဲ့ သဘောလား။

ဒီနေ့ သူတို့က ပိုးထည်ဝတ်ပြီး မြင်းလှည်းစီးရဲရင် မနက်ဖြန်ကျရင် ကုန်သည်တွေက ဘာတွေဆက်လုပ်လာမလဲ ဆိုတာကို ကျုပ် မသိတော့ဘူး ..."

ဖန်ကျန်းရီသည် နားမခံသာသော စကားများကို ဆက်တိုက်ဆိုကာ ကုန်သည်များကို မစင်ကျင်းထဲသို့ ပစ်ချပြီး တစ်သက်လုံး ပြန်လည်နလံမထူနိုင်စေရန် ပြုလုပ်လိုက်သကဲ့သို့ပင်။ ပြောဆိုမှုများက အလွန် နားမခံသာသောကြောင့် လူတိုင်းက ဆက်လက်နားမထောင်နိုင်တော့ဘဲ ဖန်ကျန်းရီကို ဝိုင်းဝန်း တားမြစ်ချင်လာကြ၏။

ကျင်းဘုရင်မင်းမြတ်သည်ပင်လျှင် နားထောင်ရင်း မျက်မှောင်ကြုတ်သွားချေသည်။

သူက မနေနိုင်တော့ဘဲ ကြားဖြတ်ပြောလိုက်၏။ "တော်တော့။ ဒီလောက်ဆို ရပြီ။"

ဖန်ကျန်းရီသည် ပါးစပ်ဘေးမှ တံတွေးစက်များကို သုတ်လိုက်သည်။ "အရှင်မင်းကြီး ... အားနာပါတယ်။ ကျွန်တော်မျိုး ပြောလို့ပြီးပါပြီ။ စောစောက အမတ်ကြီးယန်ရင်းချိုက်က ပြောစရာရှိတယ် ထင်လို့ ကျွန်တော်မျိုး ထပ်မပြောတော့ပါဘူး။ ခင်ဗျား ပြော … ခင်ဗျား ပြောပါ။"

ဖန်ကျန်းရီသည် ထိုသို့ပြောပြီးနောက် ယန်ရင်းချိုက်ကို ခေါင်းလှည့်ကာ နှစ်ချက်မျှ ကြည့်လိုက်ပြီး စကားပြောရန် လက်ဆန့်တန်းကာ အချက်ပြလိုက်၏။

ယန်ရင်းချိုက်မှာ ရွံရှာလွန်းသဖြင့် အလွန်အမင်း နေမရထိုင်မရ ဖြစ်သွားသော်လည်း မတတ်သာဘဲ ခေါင်းမာမာဖြင့် ထွက်ရပ်လာရသည်။ မူလက သူသည် ကုန်သွယ်မှု ဖြေလျှော့ရေးကို ကန့်ကွက်ချင်ခဲ့သော်လည်း ဖန်ကျန်းရီက ဤသို့ ဝင်ရှုပ်လိုက်သောကြောင့် စကားများကို မည်သို့မျှ နှုတ်မှ ထုတ်မပြောနိုင်တော့ချေ။

ခရိုင်တစ်ခုတည်းသာ ဖြစ်သည်။ ဤသို့သော ပိုးကောင်အပုပ်ကောင်မျိုးနှင့် ဘယ်လိုလုပ် ရောနှော နေနိုင်မည်နည်း။ နောင်တစ်ချိန်တွင် လူရာဝင်ပါဦးမည်လား။

ခဏတာ တွေဝေပြီးနောက် ယန်ရင်းချိုက်က ပြောလိုက်၏။

"အမတ်ဖန်က အလွန်အမင်း ပြောဆိုလွန်းနေတယ်လို့ ကျွန်တော်မျိုး ထင်ပါတယ်။ ကုန်သည်တွေကရော လူမမည်ဘူးလား။ ပိုးထည်ဝတ်ပြီး မြင်းလှည်းစီးတာက ဘာအပြစ်ရှိလို့လဲ။ လက်ရှိခေတ်မှာ ဘဏ္ဍာရေးနဲ့ စီးပွားရေးအကြောင်း ပြောရမယ်ဆိုရင် အမတ်ကြီးရှီကို ယှဉ်နိုင်တဲ့လူ မရှိပါဘူး ... ဒါကြောင့် ကုန်သွယ်မှု ဖြေလျှော့ရေးအတွက် စမ်းသပ်ခရိုင်တစ်ခု ဖွင့်လှစ်တာကို ကျွန်တော်မျိုး သဘောတူပါတယ်။"

ရှီဝမ်ရှူသည် ယခုမှသာ ရုတ်တရက် သဘောပေါက်သွားတော့သည်။ ဖန်ကျန်းရီ ဤအကောင်က သူ့ကို လူတွေရွံရှာမှန်း သိနေသောကြောင့် ကြိုတင် လှုပ်ရှားခဲ့ခြင်း ဖြစ်၏။ မည်သို့ပင်ဆိုစေ မစင်နှင့် အတူတူ တွဲကပ် မနေချင်ကြသည်မှာ အမှန်ပင်။

ဖန်ကျန်းရီသည် ထိုနေရာတွင် ဟန်ဆောင်နေဆဲဖြစ်ပြီး မကျေမနပ်ဖြစ်နေသော အမူအရာကို ပြသလိုက်သည်။

"ဒီစကားကိုတော့ ကျွန်တော်မျိုး လက်မခံရဲပါဘူး။ ကျွန်တော်မျိုးက တောက်ယွမ်ခရိုင်မှာ စီးပွားရေးကို အလေးထားတယ် ဆိုပေမဲ့ အခုအချိန်အထိ ကုန်သည်ပေါင်း မရေမတွက်နိုင်အောင် တွေ့ဖူးပြီး သူတို့အကြောင်းကို အသိဆုံးပါ။

သူတို့အကုန်လုံးက အမြော်အမြင်နည်းပြီး လောဘရမ္မက် ကြီးမားတဲ့လူတွေချည်းပါပဲ။ လုံးဝ ဖြေလျှော့ပေးလို့ မရပါဘူး။ ကျွန်တော်မျိုးရဲ့ တောက်ယွမ်ခရိုင်ကလည်း ဟန်ကျန်းပြည်နယ် အုပ်ချုပ်မှုအောက်မှာ ရှိပါတယ်။ ခရိုင်ထဲက ကုန်သည် တော်တော်များများက ဟန်ကျန်းပြည်နယ် မြို့တော်မှာ စီးပွားရေး လုပ်နေကြပြီး ဖျင်ဝမ်ခရိုင်မှာလည်း မနည်းပါဘူး။ ဒီထဲက ကမောက်ကမဖြစ်မှုတွေကို ကျွန်တော်မျိုးထက် ပိုသိတဲ့လူ မရှိပါဘူး။ ပြီးတော့ အမတ်ကြီးရှီ ... ကုန်သည်တွေ ကြီးပွားတိုးတက်လာတာက တိုင်းပြည်အတွက် အကျိုးရှိမယ်လို့ ခင်ဗျားက ဘာအကြောင်းပြချက်နဲ့ ထင်နေတာလဲ။ ခင်ဗျားက အနာဂတ်ကိုများ ကြိုမြင်နိုင်လို့လား။"

ဪ ... မှူးမတ်အရာရှိများသည် ရုတ်တရက် သဘောပေါက်သွားကြချေပြီ။

ကောင်းလေစွ။ ခင်ဗျားလို ခွေးကောင်က ဒီလောက် ပြင်းပြင်းထန်ထန် ကန့်ကွက်နေတာ မဆန်းတော့ပါဘူး။ တကယ်တော့ ခင်ဗျားရဲ့ တောက်ယွမ်ခရိုင် အကျိုးအမြတ်ကို ထိခိုက်သွားလို့ကိုး။

ရှီဝမ်ရှူသည်လည်း အခြေအနေထဲသို့ တဖြည်းဖြည်း ဝင်ရောက်လာပြီး ဝတ်ရုံလက်စကို ညင်သာစွာ ခါထုတ်ကာ တည်ငြိမ်စွာ ပြောလိုက်၏။ "အမတ်ကြီးဖန် ... ကျုပ်က နန်းတွင်းကို စရောက်တည်းက ဘဏ္ဍာရေးဝန်ကြီးဌာနမှာ အရာရှိ လုပ်ခဲ့တာပါ။ ပြည်သူတွေရဲ့ စီးပွားရေးကိစ္စတွေကို ကျုပ် မရေမတွက်နိုင်အောင် မြင်တွေ့ခဲ့ဖူးပါတယ်။

ကုန်သည်တွေကလည်း သာမန်လူတွေနဲ့ ဘာမှမကွာပါဘူး။ ကောက်ကျစ်တဲ့ ကုန်သည်ရှိသလို ရိုးသားဖြောင့်မတ်တဲ့ ကုန်သည်ဆိုတာလည်း သဘာဝကျကျ ရှိနေမှာပဲ။ ကုန်သည်ဆိုတဲ့ စကားလုံး တစ်လုံးတည်းနဲ့ လူတစ်ယောက်ကို လွယ်လွယ်ကူကူ ကောက်ချက်ချလို့ လုံးဝ မဖြစ်ပါဘူး။

ကုန်သည်တွေအကြောင်းကို ပြောရရင် ကျုပ်က ခင်ဗျားထက် ပိုနားလည်မယ်လို့ ထင်ပါတယ်။ လက်ရှိ အခြေအနေက အရင်က တစ်ခါမှ မကြုံဖူးတဲ့ အပြောင်းအလဲတစ်ခု ဖြစ်နေပြီး ကုန်သွယ်လုပ်ငန်းခွန် တိုးလာဖို့က မလွဲမသွေ ဖြစ်လာမှာပါ။ အမတ်ကြီးဖန် ... ခေတ်ကြီးက ပြောင်းသွားပြီ။"

"အာ ..."

ဖန်ကျန်းရီက မျက်နှာထားတင်းသွားပြီး ကျင်းဘုရင်မင်းမြတ်ထံသို့ လက်သီးဆုပ် ဂါရဝပြုကာ ပြောလိုက်သည်။

"အရှင်မင်းကြီး ... ပါးစပ်နဲ့ အငြင်းပွားနေတာက များများပြောလေ အကျိုးမရှိလေပါပဲ။ အရှင်မင်းကြီး ကိုယ်တိုင်သာ ဆုံးဖြတ်ပေးတော်မူပါ။"

ကျင်းဘုရင်မင်းမြတ်၏ နှုတ်ခမ်းထောင့်များတွင် အပြုံးတစ်ခု ပေါ်လွင်နေပြီး ဖန်ကျန်းရီ၏ သရုပ်ဆောင်မှုကို တိတ်တဆိတ် ကြည့်ရှုနေ၏။

စိတ်ဝင်စားစရာပဲ။ ရည်မှန်းချက် မရောက်မချင်း လုံးဝ လက်မလျှော့ဘူးဆိုတာ တကယ်ပါလား။ ရှီဝမ်ရှူကိုတောင် တစ်ဖက်တည်းဖြစ်အောင် ဆွဲသွင်းနိုင်ခဲ့တယ်။ သူ ဘယ်လိုလုပ်လိုက်သလဲ ဆိုတာတော့ မသိဘူး

ကျင်းဘုရင်မင်းမြတ်က ပြောလိုက်၏။ "အမတ်တို့ ... ပြောစရာ အမြင်များ ရှိသေးလား။ ဆရာလီ ... ဒီကိစ္စကို ခင်ဗျား ဘယ်လိုမြင်လဲ။"

လီယန်စုန့်က ပြောလိုက်သည်။ "အရှင်မင်းကြီး ... ခရိုင်တစ်ခုတည်း ဖွင့်လှစ်တာက ဩဇာလွှမ်းမိုးမှု သိပ်မကြီးမားတဲ့အတွက် စမ်းကြည့်တာလည်း မဆိုးပါဘူးလို့ ကျွန်တော်မျိုးအိုကြီး ထင်ပါတယ်။ မြို့တော်ရဲ့ အငွေ့အသက်တွေ အနည်းငယ် ပြောင်းလဲလာတာကိုလည်း ကျွန်တော်မျိုး သတိထားမိပါတယ်။

ပြီးတော့ အမတ်ကြီးရှီ ပြောတာက တကယ်ပဲ အရေးကြီးတဲ့ ပြဿနာတစ်ခု ရှိနေပါတယ်။ အခုအချိန်မှာ စားနပ်ရိက္ခာတွေ ပေါများနေတဲ့အတွက် အလုပ်လက်မဲ့တွေ အများကြီး ထွက်ပေါ်လာတာက တိုင်းပြည်အတွက် ကံကောင်းမှု မဟုတ်နိုင်ပါဘူး။

ကုန်သည်တွေက စက်ရုံတွေ အများကြီး ဖွင့်ပြီး အလုပ်လက်မဲ့တွေကို ခေါ်ယူအလုပ်လုပ်ခိုင်းတာက ကောင်းတဲ့ကိစ္စ တစ်ခုပါပဲ။ ဘဏ္ဍာရေးဝန်ကြီးဌာနက ကျွမ်းကျင်တယ်ဆိုတာကို ကျွန်တော်မျိုး ယုံကြည်ပါတယ်။

ကုန်သွယ်မှု ဖြေလျှော့ရေး အချက်ဆယ်ချက်က အရမ်းကြီး လွန်ကျူးတာမျိုး မရှိပါဘူး။ ထူးခြားတဲ့ အချိန်အခါမှာ ထူးခြားတဲ့ နည်းလမ်းတွေကို သုံးရမှာပဲ ဖြစ်တဲ့အတွက် အရင်ဆုံး အကောင်အထည်ဖော်ပြီး နောက်ဆက်တွဲ ရလဒ်ကို စောင့်ကြည့်တာ ပိုကောင်းပါလိမ့်မယ်။"

"ကျွန်တော်မျိုးလည်း ထောက်ခံပါတယ်။"

"ကျွန်တော်မျိုးလည်း ထောက်ခံပါတယ်။"

သဘောတူထောက်ခံသံများ တစ်ခဲနက် ထွက်ပေါ်လာရာ ဖန်ကျန်းရီ၏ စိတ်ထဲတွင် လုံးဝ အေးချမ်းသွားသော်လည်း မိဘသေဆုံးသွားသကဲ့သို့ ဝမ်းနည်းပူဆွေးနေသည့် အမူအရာကို ပြသနေဆဲပင်။

အခြားသူများက ထိုမြင်ကွင်းကို မြင်သောအခါ စိတ်ထဲတွင် တိတ်တဆိတ် ရယ်မောလိုက်ကြ၏။ ကြည့်ရသည်မှာ ဖျင်ဝမ်ခရိုင်က တောက်ယွမ်ခရိုင်အတွက် အတော်လေး အရေးပါပုံရသည်။ အကယ်၍ တောက်ယွမ်ခရိုင်သာ အကျိုးအမြတ် အကြီးအကျယ် မဆုံးရှုံးခဲ့လျှင် ဤခွေးကောင်ကလည်း ခွေးရူးကဲ့သို့ ဖြစ်လာမည် မဟုတ်ပေ။

မင်းက ပုံမှန်ဆိုရင် ပါးစပ်ကနေ မစင်စွန့်နိုင်ဆုံး မဟုတ်ဘူးလား။ မင်းလည်း ဒီလိုနေ့မျိုး ရောက်လာတာပဲ။

ကျင်းဘုရင်မင်းမြတ်က ခေါင်းညိတ်ကာ သဘောတူလိုက်၏။ "လူအများစုက သဘောထားကွဲလွဲမှု မရှိမှတော့ ဖျင်ဝမ်ခရိုင်ကို အုပ်ချုပ်ဖို့ သင့်တော်မယ့်လူ ရှိသလား။"

ဖန်ကျန်းရီသည် မျက်နှာဆိုးကြီးဖြင့် နောက်ဘက်သို့ တစ်ချက်ဝေ့ကြည့်လိုက်ရာ ရုတ်တရက် ဟန်လင်ပညာရှိများ ကြားမှ ပုံရိပ်တစ်ခုကို မြင်လိုက်ရသဖြင့် စိတ်လှုပ်ရှားသွားပြီး ယန်ရင်းချိုက်ကို ကြည့်ကာ ပြောလိုက်သည်။

"အရှင်မင်းကြီး ... အမတ်ကြီးယန်က ကုန်သွယ်မှု ဖြေလျှော့ရေးကို အတင်းအကြပ် အကြံပြုနေမှတော့ ဟန်လင် အကယ်ဒမီထဲကနေပဲ ရွေးချယ်လိုက်တာ မကောင်းဘူးလား။ အထဲမှာရှိတဲ့ လူတိုင်းက လူရည်ချွန်တွေချည်းပဲ၊ စကားပြောတာလည်း နားထောင်လို့ ကောင်းတယ်။"

ယန်ရင်းချိုက်သည် ပါးစပ်ဟသွားပြီး ဖန်ကျန်းရီကို မုန်းတီးစွာဖြင့် တစ်ချက် စိုက်ကြည့်လိုက်၏။

ချီးတဲ့မှ။ ဒါက ကောင်းတဲ့အလုပ် မဟုတ်ဘူးလေ။ လူတိုင်းက ပါးစပ်ကနေ အလွယ်တကူ ထောက်ခံလိုက်ကြပေမဲ့ ဒီကိစ္စကို ဘယ်သူကမှ ရင်ထဲကနေ အထင်မကြီးကြပါဘူး။ ပြီးတော့ ကုန်သည်တွေကို အလိုလိုက်တယ်ဆိုတာက မူလတည်းက နားထောင်လို့ မကောင်းဘူး။ တကယ်လို့ ဒီစမ်းသပ်ခရိုင် အစုတ်ပလုတ် က တစ်ခုခု ပြဿနာတက်သွားရင် ဘယ်လိုလုပ်မလဲ။ ဘယ်သူက ကိုယ့်အဆင့်အတန်းကို နှိမ့်ချပြီး ဖျင်ဝမ်ခရိုင်ကို သွား ခရိုင်ဝန် လုပ်ချင်မှာလဲ။ ဘယ်သူမှ လုပ်ချင်မှာ မဟုတ်ဘူး။

ယန်ရင်းချိုက်သည် မတတ်သာဘဲ နောက်ဘက်သို့ တစ်ချက်ဝေ့ကြည့်လိုက်ရာ ရုတ်တရက် စက်ဆုပ်ဖွယ်ရာ ကောင်းသော ပုံရိပ်တစ်ခုကို မြင်လိုက်ရသဖြင့် မျက်လုံးများ အရောင်လက်သွားပြီး ပြောလိုက်သည်။

"အရှင်မင်းကြီး ... ဟန်လင်အကယ်ဒမီမှာ သင့်တော်တဲ့လူ ရှိပါတယ်။ ဟန်လင်စာပြု အမတ်ယန်ဖုန်းဖန်က အသိပညာ ဗဟုသုတ ကြွယ်ဝပြီး ဟန်လင်အကယ်ဒမီထဲမှာလည်း လူတိုင်းနဲ့ အဆင်ပြေပါတယ်။ သူဆိုရင် ဖျင်ဝမ်ခရိုင်ဝန် ရာထူးကို ပြီးပြည့်စုံအောင် ထမ်းဆောင်နိုင်မယ်လို့ ထင်ပါတယ်။"

"ကျွန်တော်မျိုးတို့လည်း ထောက်ခံပါတယ်။"

ယန်ရင်းချိုက်၏ စကားဆုံးသည်နှင့် တစ်ပြိုင်နက် သဘောတူထောက်ခံသံများ တစ်ခဲနက် ထွက်ပေါ်လာတော့သည်။ ယန်ဖုန်းဖန်မှာ မျက်ရည်များပင် ကျလာမတတ် ဖြစ်သွားပြီးနောက် မည်သူက တွန်းထုတ်လိုက်မှန်း မသိဘဲ ရှေ့သို့ ရောက်လာခဲ့၏။ နေရာတွင် ကြောက်ရွံ့တုန်လှုပ်စွာ ရပ်နေပြီး ရင်ထဲတွင် အလွန် ခံပြင်းနေမိသည်။

ဖန်ကျန်းရီကို ဒီလောက် အချိန်အကြာကြီး ဖားလာခဲ့တာတောင် ဘာတုံ့ပြန်မှုမှ မရခဲ့ဘဲ အပြင်မှာရော အတွင်းမှာပါ လူရာမဝင် ဖြစ်နေရပြီ။ အခုတော့ ပိုဆိုးသွားပြီ။ ဖန်ကျန်းရီဆီကနေ အကျိုးအမြတ် မရတဲ့အပြင် ပြင်းပြင်းထန်ထန် ချောက်ချခံလိုက်ရသေးတယ်။ ဒါ ဘယ်လို ဘဝကြီးလဲ။

ယန်ဖုန်းဖန်မှာ သေချင်စိတ်ပင် ပေါက်လာပြီး စိတ်ဓာတ်များလည်း ချက်ချင်း ကျဆင်းသွားတော့၏။

ကျင်းဘုရင်မင်းမြတ်က မေးလိုက်သည်။ "မင်း ထမ်းဆောင်နိုင်မလား။"

ယန်ဖုန်းဖန်က အတင်းအကြပ် ပြုံးလိုက်၏။ "အရှင်မင်းကြီး အမိန့်ရှိလာရင် ကျွန်တော်မျိုး သေရမယ်ဆိုရင်တောင် ငြင်းဆန်မှာ မဟုတ်ပါဘူး။"

ကျင်းဘုရင်မင်းမြတ်က လက်ကာပြလိုက်သည်။ "သေရလောက်တဲ့အထိတော့ မဟုတ်ပါဘူး။ မင်း ဆန္ဒရှိမှတော့ ငါကိုယ်တော်က မင်းကို ဖျင်ဝမ်ခရိုင်ဝန် အဖြစ် ခန့်အပ်လိုက်တယ်။ ညီလာခံ ပြီးရင် ဘဏ္ဍာရေးဝန်ကြီးဌာနနဲ့ အသေးစိတ် သွားဆွေးနွေးလိုက်။"

"ကျွန်တော်မျိုး အမိန့်တော်အတိုင်း နာခံပါ့မယ်။"

ထိုသို့ပြောပြီးနောက် ယန်ဖုန်းဖန်သည် တိတ်တဆိတ် ရယ်မောသံများကြားတွင် စိတ်ပျက်လက်ပျက်ဖြင့် နောက်သို့ ပြန်ဆုတ်သွားတော့၏။

"ကိစ္စတွေကို ဆက်ပြီး ဆွေးနွေးကြတာပေါ့။"

ညီလာခံ ပြီးသွားသောအခါ ဖန်ကျန်းရီသည် ပတ်ဝန်းကျင်တွင် ဘယ်သူမှ သတိမထားမိသည်ကို မြင်သဖြင့် ရှီဝမ်ရှူ၏ အနောက်သို့ လိုက်သွားလိုက်သည်။ အရင်ဆုံး အရိုအသေပေးကာ ပြီးမှ ပြုံးလျက် ပြောလိုက်သည်။ "အမတ်ကြီးရှီ ... ဒီနေ့အတွက် ကျေးဇူးတင်ပါတယ်။"

ရှီဝမ်ရှူက အေးစက်စွာ နှာခေါင်းရှုံ့လိုက်၏။ "ခင်ဗျားနဲ့ကျွန်တော် ပြတ်သွားပြီ။ နောက်ဆို ကိစ္စရှိရင် ကျုပ်ကို လာမရှာနဲ့တော့။ ပြီးတော့ ကျုပ်တူ ရှီဖျင် ..."

"ခင်ဗျား စိတ်ချပါ။ ဒီကိစ္စက သာမန် အရောင်းအဝယ်တစ်ခုပါပဲ။ ပြီးသွားတာတွေလည်း ပြီးသွားပါပြီ။"

ရှီဝမ်ရှူက ခေါင်းလှည့်ကာ ပြတ်သားစွာ လှည့်ထွက်သွားသည်။ သူ့ကို ဆက်လက်ပြီး စကားမပြောချင်တော့ပေ။

ဖန်ကျန်းရီသည် ရယ်မောနေပြီး လုံးဝ ဂရုမစိုက်ချေ။ ရည်မှန်းချက် အောင်မြင်သွားရင် ရပြီ၊ တခြားဟာတွေက အရေးမကြီးတော့ဘူး။

နေရာတွင် ရပ်လျက် ဖျင်ဝမ်ခရိုင်ကို မည်သို့ ကိုင်တွယ်ဖြေရှင်းရမည်ကို တွေးတောနေစဉ် ရုတ်တရက် နားဘေးမှ တုန်ယင်နေသော အသံတစ်ခု ထွက်ပေါ်လာ၏။

"အမတ်ကြီး ... အမတ်ကြီးဖန်။"

All Chapters