အခန်း (၇၃၀-၇၃၁)
Vol. 39 Ch. 730-731
အပိုင်း (၇၃၀) နိုင်ငံခြားသားများထံမှ ငွေရှာခြင်း။
ဖန်ကျန်းရီ လှည့်ကြည့်လိုက်ရာ ယန်ဖုန်းဖန် ဖြစ်နေသည်ကို မြင်သောအခါ အပြုံးတစ်ပွင့် ဖန်တီးလိုက်ပြီး မေးလိုက်၏။ "ရှောင်ယန် ... ဘာဖြစ်လို့လဲ။"
ယန်ဖုန်းဖန်မှာ ငိုချင်လျက် မျက်ရည်မထွက် ဖြစ်နေတော့သည်။
ယန်ဖုန်းဖန်က တီးတိုး တောင်းပန်လိုက်၏။
"အမတ်ကြီးဖန် ... ကျုပ် ... ဖျင်ဝမ်ခရိုင်ဝန် သွားမလုပ်ချင်ဘူး။ အမတ်ကြီး ... ကျုပ်ကိုယ်စား အရှင်မင်းကြီးဆီ သွားပြီး တခြားလူတစ်ယောက် ပြောင်းပေးဖို့ ပြောပေးလို့ ရမလား။ ကျုပ်မှာ တကယ်ပဲ အဲဒီလောက် အရည်အချင်း မရှိလို့ပါ။ အမတ်ကြီး စဉ်းစားကြည့်ပါအုံး ... ပွဲတော်ရက်တွေမှာ ကျုပ် အမတ်ကြီးရဲ့ အိမ်ကို လက်ဆောင်တွေ ပို့ပေးခဲ့ဖူးတယ်လေ ... ကျေးဇူးပြုပြီး ကျုပ်ကို ကူညီပေးပါ။ ကျုပ်သာ တကယ်သွားရရင် တစ်သက်လုံး ခေါင်းမော့နိုင်တော့မှာ မဟုတ်ဘူး။ ပြန်လည်း ပြန်လာနိုင်တော့မှာ မဟုတ်ဘူး။"
ယန်ဖုန်းဖန်သည် အော်ဟစ်ငိုယိုလာပြီး တဖြည်းဖြည်းနှင့် စကားများကို မထိန်းချုပ်နိုင်ဘဲ ပြောဆိုလာသည်။
ဖန်ကျန်းရီက သူ့ပခုံးကို ပုတ်ကာ နှစ်သိမ့်လိုက်၏။ "ခင်ဗျားက ကျုပ်ကို လက်ဆောင်တွေ ပေးဖူးလို့ ခင်ဗျား သွားသင့်တာပေါ့။ ပေးဆပ်ခဲ့ရင် အကျိုးအမြတ် ပြန်ရသင့်တယ်လေ။ အခု ဒီအကျိုးအမြတ်က ရောက်လာပြီ မဟုတ်လား။ နန်းတော်က ဒီလို စမ်းသပ်ခရိုင်တစ်ခု ဖွင့်ဖို့အတွက် ကျုပ် ဘယ်လောက်တောင် အားစိုက်ထုတ်ခဲ့ရလဲဆိုတာ ခင်ဗျား သိရဲ့လား။"
"ဟင်။"
ယန်ဖုန်းဖန်၏ ငိုသံက ရုတ်တရက် ရပ်တန့်သွား၏။ သူက ဖန်ကျန်းရီကို မျက်ရည်များ ဝဲလျက် ကြည့်ကာ မေးလိုက်သည်။ "ဘာလဲ။ ခင်ဗျား စီစဉ်ထားတာလား။ ခင်ဗျားက ကန့်ကွက်နေတာ မဟုတ်ဘူးလား။"
ဖန်ကျန်းရီက ပြုံးလိုက်၏။ "ကျုပ် ခင်ဗျားကို လိမ်စရာ အကြောင်းရှိလို့လား။ ခင်ဗျား ကျုပ်အိမ်ကို ပစ္စည်းတွေ အများကြီး ပို့ခဲ့တယ် မဟုတ်လား။ ကျုပ်က ခင်ဗျားကို ဒုက္ခပေးမယ်ဆိုရင် နောင်ကျရင် ဘယ်သူက ကျုပ်ကို လက်ဆောင် ပေးရဲတော့မှာလဲ။"
"ဒါ ... ဒါဆို ..."
"ဒါဆို ဘာဖြစ်လဲ။ ကျုပ် ရှိနေသရွေ့ ဖျင်ဝမ်ခရိုင်က အနာဂတ်မှာ တောက်ယွမ်ခရိုင်ကို ကျောထောက်နောက်ခံ ပြုထားမှာပဲ။ မအောင်မြင်စရာ အကြောင်းရှိလို့လား။ အဲဒီအချိန်ကျရင် ကျုပ်က လူလွှတ်ပြီး ခင်ဗျားကို ကူညီခိုင်းအုံးမှာ။ တစ်နှစ် နှစ်နှစ်လောက် ကြာရင် ခင်ဗျား ရာထူးတက်ပြီး ချမ်းသာလာစေရမယ်လို့ အာမခံတယ်။
ခင်ဗျား စဉ်းစားကြည့်လေ ... ကျုပ်တို့ တောက်ယွမ်ခရိုင်ရဲ့ စိန်၊ တာ့ဖျင်ထျန်းရှန်း လက်ဖက်ခြောက်၊ ပြီးတော့ ပင်နီဆီလင် ... မကြာသေးခင်ကမှ ဈေးကွက်ထဲ ထွက်လာတဲ့ ဖိသိပ်ထားတဲ့ ဘီစကွတ်တွေ၊ စည်သွပ်ဗူးတွေ ... ဘယ်အရာကများ အပြင်ထုတ်ရောင်းရင် လူတစ်အုပ်ကြီးကို မချမ်းသာစေနိုင်တာ ရှိလို့လဲ။ ကျုပ် အများကြီး မပြောတော့ဘူး။ အချိန်ရရင် ကျုပ်အိမ်ကို လာခဲ့၊ သေချာ ဆွေးနွေးကြတာပေါ့။"
"အာ ..."
ယန်ဖုန်းဖန်သည် သူ၏ ပါးကိုသူ ပြန်ဆွဲဆိတ်ကြည့်လိုက်သော်လည်း လုံးဝ သတိမဝင်လာသေးပေ။
ဖန်ကျန်းရီက မြင်သောအခါ ပြုံးလျက် ပြောလိုက်၏။ "စိတ်အေးအေးထားပါ။ ကျုပ်ပြောတာတွေ အကုန်လုံးက အမှန်တွေချည်းပါပဲ။ တစ်ခွန်းမှားရင် ကျုပ်ရဲ့ ဦးလေးတော် မိုးကြိုးပစ်ခံရပါစေ။"
ယန်ဖုန်းဖန်၏ အမူအရာက ကြက်သေ,သေနေမှုမှ တဖြည်းဖြည်း ပျော်ရွှင်မှုသို့ ပြောင်းလဲသွားတော့သည်။
အမတ်ကြီးလီရဲ့ အသက်ကိုတောင် လောင်းကြေးထပ်ထားမှတော့ လိမ်ပြောစရာ အကြောင်းရှိသေးလို့လား။ ငါ တကယ်ပဲ အမြတ်ထွက်သွားပြီလား။ ချီးတဲ့မှ … ငါ အမြတ်ထွက်သွားပြီ။
"အမတ်ကြီးဖန်ကို ကျေးဇူးတင်ပါတယ်။ အမတ်ကြီးဖန်ကို ကျေးဇူးတင်ပါတယ်။ ညကျရင် အမတ်ကြီးရဲ့ အိမ်ကို လာပြီး ဂါရဝပြုပါအုံးမယ်။"
ထိုသို့ပြောပြီးနောက် ယန်ဖုန်းဖန်သည် ခြေလှမ်းသွက်သွက်ဖြင့် ထွက်သွားတော့၏။
ယန်ဖုန်းဖန် ထွက်သွားသည်နှင့် တစ်ပြိုင်နက် ကော်ထျန်းယန်က အနောက်မှ ရောက်လာပြီး ဖန်ကျန်းရီ၏ အနီးသို့ ပြုံးရွှင်စွာ တိုးကပ်လာရင်း ပြောလိုက်သည်။ "ညီငယ် ... သရုပ်ဆောင်တာ တော်တော်ကောင်းတယ်။"
ဖန်ကျန်းရီသည် သူ့ကို စောင်းငဲ့ကြည့်လိုက်ပြီး အနည်းငယ် အံ့ဩသွားကာ လက်နှစ်ဖက်ကို ဖြန့်လျက် ပြောလိုက်၏။ "ကျုပ်ကို နားလည်ဆုံးက အစ်ကိုကြီးကော်ပဲ။"
ကော်ထျန်းယန်က ဟဲဟဲရယ်လိုက်သည်။ "တခြားလူတွေ မသိပေမဲ့ ငါတို့က မသိဘဲ နေမလား။ငါနဲ့ အရှင်မင်းကြီး တောက်ယွမ်ခရိုင်ကို ပထမဆုံးအကြိမ် သွားတုန်းက ကုန်သည်တွေအပေါ် မင်းရဲ့ သဘောထားကို ကြည့်ရုံနဲ့ မင်း သရုပ်ဆောင်နေတယ်ဆိုတာ သိသာပါတယ်။ အရှင်မင်းကြီးက ခေါ်တော်မူတယ်။ သွားရအောင်။"
ဟဲဟဲ ... ကြည့်ရတာ စီးပွားရေးကို အလေးထားတဲ့ ငါရဲ့ ပုံစံက သူတို့နှစ်ယောက်ဆီမှာ အစောကြီးကတည်းက စွဲထင်နေခဲ့တာပဲ။
ဖန်ကျန်းရီက ပြုံးလျက် ခေါင်းညိတ်လိုက်ပြီးနောက် ကော်ထျန်းယန်နှင့်အတူ ကျင်းဘုရင်မင်းမြတ်ကို သွားရောက် တွေ့ဆုံလိုက်၏။
ကျင်းဘုရင်မင်းမြတ်၏ ရှေ့သို့ ရောက်သောအခါ ကျင်းဘုရင်မင်းမြတ်က စကားစကာ မေးလိုက်သည်။ "မင်း အမတ်ရှီကို ဘယ်လို စည်းရုံးလိုက်တာလဲ။"
ဖန်ကျန်းရီက ပြောလိုက်၏။ "အရှင်မင်းကြီး ... ကျွန်တော်မျိုး ဘယ်လို စည်းရုံးရမလဲ။ သဘာဝကျကျ ခံစားချက်တွေနဲ့ နားလည်အောင် ပြောပြပြီး အကြောင်းပြချက်တွေနဲ့ စည်းရုံးရတာပေါ့။ အမတ်ကြီးရှီက အမြင်ကျယ်တဲ့သူမို့ ကျွန်တော်မျိုး ပြောတာ အကြောင်းပြချက် ရှိတယ်လို့ ထင်သွားပြီး ကူညီဖို့ သဘောတူလိုက်တာပါ။
ဒါပေမဲ့ ကျွန်တော်မျိုးမှာလည်း မေးခွန်းတစ်ခု ရှိပါတယ်။ အရှင်မင်းကြီးရဲ့ သဘောထားကို ကြည့်ရတာ ကုန်သွယ်မှု ဖြေလျှော့ရေး ကိစ္စကို ကန့်ကွက်မယ့်ပုံ မပေါ်ပါဘူး။ ဒါပေမဲ့ အရင်တုန်းက ကျွန်တော်မျိုးရဲ့ အစီရင်ခံစာက ဘာလို့ ချန်ထားခံလိုက်ရတာလဲ ..."
ကျင်းဘုရင်မင်းမြတ်က လက်နောက်ပစ်ကာ စဉ်းစားခန်းဝင်လျက် ပြောလိုက်သည်။ "ငါကိုယ်တော် မှားလား၊ မှန်လား မသိဘူး။ ဒါပေမဲ့ နန်းတွင်းအရာရှိတွေက သေချာပေါက် ကန့်ကွက်ကြမှာပဲ။ အဆုံးအဖြတ် မပေးနိုင်မှတော့ ပြဿနာ နည်းနိုင်သမျှ နည်းအောင် နေတာက သဘာဝပဲလေ။
ငါကိုယ်တော်လည်း ပြဿနာတွေ အများကြီး ထပ်မဖြစ်စေချင်ဘူး။ ပုံမှန်ကိစ္စတွေကလည်း အများကြီး ဖြစ်နေပြီ။ ဒါနဲ့ လွန်ခဲ့တဲ့ ရက်အနည်းငယ်က သတင်းစာတွေမှာ ပါတဲ့ စီးပွားရေးနဲ့ ပတ်သက်တဲ့ ဆောင်းပါးတွေ အကုန်လုံးက မင်း ရေးထားတာ မဟုတ်လား။"
ဖန်ကျန်းရီက ရှက်ရွံ့စွာ ပြုံးလိုက်၏။ "အရှင်မင်းကြီးရဲ့ ဉာဏ်ပညာက မီးတောက်တစ်ခုလို လင်းလက်နေတာပဲ။ ကျွန်တော်မျိုးက အရှင်မင်းကြီးကို ဘာမှ ဖုံးကွယ်ထားလို့ မရပါဘူး။ ဒါပေမဲ့ အဲဒီအရာတွေက ဆောင်းပါးလို့တောင် ခေါ်လို့မရပါဘူး။ နှစ်ပေါင်းများစွာ ကျွန်တော်မျိုး စုဆောင်းလာခဲ့တဲ့ အပေါ်ယံ အမြင်လေးတွေပါ။ အတည်ယူလို့ မရပါဘူး။"
ကျင်းဘုရင်မင်းမြတ်က သူ့ကို အဓိပ္ပာယ်ပါပါ တစ်ချက်ကြည့်လိုက်သည်။ "ဒါဆို မင်း ဘယ်လိုတွေးလဲဆိုတာ ငါကိုယ်တော်ကို ပြောပြစမ်းပါ။"
"ကျွန်တော်မျိုး တွေးတာက ရိုးရှင်းပါတယ်။"
ဖန်ကျန်းရီသည် အတွေးများကို စီစဉ်လိုက်၏။ "လက်ရှိ ကုန်သည်တွေက အရင်းအမြစ်တွေကို ခွဲဝေချထားပေးတဲ့သူတွေပါ။ ကုန်သည်တွေရဲ့ လက်ကနေတစ်ဆင့်မှသာ အရင်းအမြစ်တွေကို ပိုကောင်းအောင် ခွဲဝေချထားနိုင်မှာပါ။ အကယ်၍ နန်းတော်က ဦးဆောင်မယ်ဆိုရင် ခွန်အားမပြည့်မီမှာကို စိုးရိမ်ရပါတယ်။
ဘာလို့လဲဆိုတော့ ပြည်သူတွေက ဒီည ဟင်းရွက်စားချင်လား၊ အသားစားချင်လား ဆိုတာကို နန်းတော်က မသိနိုင်လို့ပါ။ ပြီးတော့ သူတို့က ဝါဂွမ်းဝယ်ချင်လား၊ လျှော်ခင်ဝယ်ချင်လား ဆိုတာကိုလည်း မသိနိုင်သလို ဘယ်အရောင်ရှိတဲ့ အထည်ကို ဝယ်ချင်လဲ ဆိုတာကိုလည်း မသိနိုင်ပါဘူး။
ဒီအရာတွေက သာမန်ဖြစ်ပြီး အရေးမပါဘူးလို့ ထင်ရပေမဲ့ မရေမတွက်နိုင်တဲ့ လူတွေရဲ့ လိုအပ်ချက်တွေ စုစည်းသွားတဲ့အခါ အရမ်’ရှုပ်ထွေးတဲ့ စွမ်းအားတစ်ခု ဖြစ်လာပါတယ်။ မရေမတွက်နိုင်တဲ့ ကုန်သည်တွေကသာ ဒီလောက် ရှုပ်ထွေးလွန်းတဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မှာပါ။ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးပြီး အကျိုးအမြတ် ရှာဖွေတဲ့ လုပ်ငန်းစဉ်မှာ သူတို့က ထုတ်လုပ်မှုနဲ့ ချိတ်ဆက်ရမှာ ဖြစ်တဲ့အတွက် ဒါကနေတစ်ဆင့် ကြွယ်ဝချမ်းသာမှု အသစ်တွေကို ထပ်မံ ဖန်တီးပေးနိုင်မှာပါ။ အခု ကုန်သည်တွေကို ဖိနှိပ်ထားတာက ကြွယ်ဝ ချမ်းသာမှု ဖန်တီးတာကို ဖိနှိပ်ထားတာပါပဲ။"
ကျင်းဘုရင်မင်းမြတ်က ဖြည်းညင်းစွာ လမ်းလျှောက်နေသည်။ "အင်း ... မင်း ဆက်ပြောစမ်း။"
"ဒုတိယအချက်က ကျွန်တော်မျိုး နိုင်ငံခြားသားတွေဆီကနေ ကြားရတာက ... သူတို့က စိုက်ပျိုးရေးကို မကျွမ်းကျင်ပေမဲ့ စီးပွားရေးလုပ်တာကိုတော့ အရမ်း ကျွမ်းကျင်ကြတယ်တဲ့။ ကျွန်တော်မျိုးတို့က အနှေးနဲ့အမြန် နိုင်ငံခြားသားတွေနဲ့ ဆက်ဆံရမှာပဲ။ ပင်လယ်ရပ်ခြားက မရေမတွက်နိုင်တဲ့ အရင်းအမြစ်တွေကိုလည်း အရောင်းအဝယ် ကနေတစ်ဆင့် တာ့ကျင်းတိုင်းပြည်ကို ပြန်သယ်လာရမှာပါ။
အခုကတည်းက စွန့်စားရဲတဲ့ ထူးချွန်တဲ့ ကုန်သည်တချို့ကို ကြိုတင် လမ်းညွှန်ပေးဖို့ အချိန်ကျပါပြီ။ မဟုတ်ရင် နောင်ကျလို့ နိုင်ငံခြားသားတွေနဲ့ အရောင်းအဝယ် လုပ်တဲ့အခါ နန်းတော်ကိုချည်း အားကိုးနေရင် သေချာပေါက် ပိုက်ဆံအကုန်ရှာနိုင်မှာ မဟုတ်ဘူး။ ပြည်သူ့ကုန်သည်တွေကတစ်ဆင့် ပိုပြီး မရှာနိုင်ဘူးလား။ ဘယ်လိုပဲဖြစ်ဖြစ် ချမ်းသာလာမယ့်သူတွေက ကျွန်တော်မျိူးတို့ တာ့ကျင်းတိုင်းပြည်က ပြည်သူတွေပါပဲ။"
ကျင်းဘုရင်မင်းမြတ်သည် အပြုံးတစ်ခု ပေါ်လာပြီး ဤစကားက သူ၏ ရင်ထဲသို့ ထိရှသွားစေသည်။
တခြားအရာတွေ မပြောနဲ့အုံး။ အပြင်လူတွေဆီကနေ ပိုက်ဆံရှာပြီး ကိုယ့်ပိုက်ဆံအိတ်ကို ထူအောင် လုပ်တာမျိုးကို ဘယ်သူကမှ မလုပ်ချင်ဘဲ မနေဘူး။
"ဟဲဟဲ ... နိုင်ငံခြားသားတွေဆီကနေ ပိုက်ဆံရှာဖို့ကို ငကိုယ်တော် တော်တော်လေး စိတ်ဝင်စားတယ်။ ဒါပေမဲ့ အရာအားလုံးက ဖျင်ဝမ်ခရိုင်ရဲ့ နောက်ဆက်တွဲ ရလဒ် ဘယ်လိုရှိမလဲဆိုတာကို ကြည့်ရဦးမယ်။"
ဖန်ကျန်းရီက ပြောလိုက်၏။ "အရှင်မင်းကြီး ... ကျွန်တော်မျိုး တောင်းဆိုစရာ တစ်ခုရှိပါတယ်။"
"ပြောစမ်း။"
"ကျွန်တော်မျိုးက ဖျင်ဝမ်ခရိုင်မှာ တပ်စခန်းတစ်ခု တည်ဆောက်ဖို့ ရည်ရွယ်ထားပါတယ်။ အရာရှိငယ်တွေက ကုန်သည်တွေကို ခေါင်းပုံဖြတ်တဲ့ အလေ့အထက ကြာမြင့်နေပြီဖြစ်တဲ့အတွက် အချိန်တိုအတွင်းမှာ ဖယ်ရှားပစ်ဖို့ မလွယ်ကူနိုင်ပါဘူး။ ယန်ဖုန်းဖန်က ဟန်လင်အကယ်ဒမီမှာ ကြာမြင့်စွာ နေခဲ့တာဖြစ်လို့ ဒေသတွင်း ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းနိုင်စွမ်း မရှိမှာကို စိုးရိမ်ရပါတယ်။ မြို့တော်ထဲမှာ တရားမဝင်မှုတွေကို နှိမ်နင်းတဲ့နေရာမှာ ကျင်းယီဝေက အောင်မြင်မှုတွေ ရှိနေပြီဖြစ်တဲ့အတွက် ဖျင်ဝမ်ခရိုင်မှာ ကျင်းယီဝေ တပ်စခန်းတစ်ခု တည်ဆောက်ခွင့်ပြုဖို့ အရှင်မင်းကြီးကို တောင်းဆိုပါတယ်။"
"အင်း ... ဒီကိစ္စကို ကိုယ်တော် ခွင့်ပြုလိုက်တယ်။ ကျင်းယီဝေက မြို့တော်ထဲမှာ အမြဲတမ်း အလုပ် ကောင်းကောင်း လုပ်နေခဲ့ပါတယ်။ ကိုယ်တော် အရင်က တွေးထားတာနဲ့ အနည်းငယ် မတူပေမဲ့ ... မင်း သဘောရှိ လွတ်လွတ်လပ်လပ် သာ လုပ်လိုက်ပါ။"
"အရှင်မင်းကြီးရဲ့ ဉာဏ်ပညာက ကြီးမားလှပါတယ်။ ဒါဆို ကျွန်တော်မျိုး အလုပ်သွားလုပ်လိုက်ပါအုံးမယ်။"
"ခဏနေအုံး … အချိန်ရရင် မြောင်ဟန်နဲ့ ချန်ယွီကို နန်းတော်ထဲ လာပြီး ရက်အနည်းငယ်လောက် လာနေခိုင်းလိုက်။ ကိုယ်တော် မြေးတော်လေးကို မတွေ့ရတာ ရက်အတော်ကြာနေပြီ။"
"အာ ... ကျွန်တော်မျိုး သိပါပြီ။"
ဖန်ကျန်းရီသည် ကျင်းဘုရင်မင်းမြတ်ကို နှုတ်ဆက်ထွက်ခွာလာပြီး လမ်းတွင် စဉ်းစားတွေးတောနေဆဲပင်။
ကုန်သည်များအပေါ် ကန့်သတ်ချက်များ ဖြေလျှော့ရေးနှင့် ပတ်သက်၍ တကယ်တမ်းတွင် သူ မပြောခဲ့သော အရေးကြီးဆုံး အချက်တစ်ချက် ရှိသေးသည် ... ၎င်းမှာ ရေနွေးငွေ့စက်ပင် ဖြစ်၏။
တောက်ယွမ်ခရိုင်တွင် ပိုလျှံသော ငွေကြေးများ ရှိလာပြီးနောက် ရေနွေးငွေ့နည်းပညာကို လေ့လာရန် လူအင်အား ကို အကြီးအကျယ် စုစည်းခဲ့သည်။ ယခုအခါ နှစ်ပေါင်းများစွာ ကုန်လွန်ခဲ့ပြီဖြစ်ရာ တိုးတက်မှုများ ရှိလာသော်လည်း အောင်မြင်ရန်အတွက ခရီးအတော်လေး ကွာဝေးနေသေး၏။ မည်သို့ပင်ဆိုစေ သူက 'စာမတတ်သူ' တစ်ယောက် ဖြစ်နေသည် မဟုတ်ပါလား။ အမှတ်ရနေသည့် အသိပညာများကို အားကိုးပြီး အခြားသူများကို သုတေသနလုပ်ရန် လမ်းညွှန်ပေးနိုင်ရုံသာ ရှိရာ သုတေသန အဆင့်အတန်းအရ သုညကနေ စတင်ရသည်နှင့် အတူတူပင် ဖြစ်သည်။ သို့ပေမည့် ဤနှစ်များအတွင်း စုဆောင်းရရှိမှုများလည်း အများအပြား ရှိနေခဲ့သည်
တစ်နေ့နေ့တွင် သုတေသန အောင်မြင်သွားပြီး အသုံးပြုနိုင်မည်ဆိုပါက စက်မှုခေတ်၏ တံခါးဝသို့ ခြေလှမ်း ဝင်ရောက်သွားသည်နှင့် တူညီပေလိမ့်မည်။ ထိုအချိန်ရောက်ရင် လူ့အဖွဲ့အစည်းရဲ့ တိုးတက်မှုက အဆမတန် မြင့်တက်လာပြီး အရင်းအနှီးတွေ ပေါ်ပေါက်လာကာ ကုန်ပစ္စည်းတွေက အကြီးအကျယ် ပေါများလာလိမ့်မည်။
သို့သော် မအောင်မြင်သေးဘဲ ထုတ်ပြောလိုက်ပါက အခြားသူများ၏ ဟာသလုပ်ခြင်းကိုသာ ခံရမည်ဖြစ်ရာ သေချာရေရာမှသာ ဆက်ပြောရမည်။ ရေနွေးငွေ့သုတေသနဌာနသို့ မသွားဖြစ်သည်မှာ ရက်အတော်ကြာနေပြီဖြစ်ရာ တိုးတက်မှု အခြေအနေ မည်သို့ရှိသည်ကို သွားရောက် ကြည့်ရှုသင့်သည့် အချိန်ရောက်ပြီ ဖြစ်သည်။ ငွေကြေးပေါင်း မရေမတွက်နိုင်အောင် ပုံအောထားခဲ့ရတာ ယခုအချိန်အထိတော့ ဖိအားသုံး ပေါင်းအိုး တစ်လုံးလောက်ပဲရမည်ဆိုပါက အကုန်လုံးကို သတ်ပစ်ပေရတော့မည်။
အပိုင်း (၇၃၁) ရေနွေးငွေ့သုတေသနဌာနကို စစ်ဆေးကြည့်ရှုခြင်း။
ရက်အနည်းငယ်အတွင်း ဖန်ကျန်းရီသည် ယန်ဖုန်းဖန်ကို ဆွဲခေါ်ကာ ဖျင်ဝမ်ခရိုင်၏ ကုန်သွယ်မှု ဖြေလျှော့ရေး မူဝါဒများနှင့် ပတ်သက်၍ အသေးစိတ် ဆွေးနွေးခဲ့သည်။ ပြည်သူ့ရေးရာ ကိစ္စများကို သဘာဝကျကျ အများကြီး ဝင်ရောက် စွက်ဖက်စရာ မလိုဘဲ ကုန်သည်များအတွက် သင့်လျော်သော အတိုင်းအတာအတွင်း၌ အတတ်နိုင်ဆုံး ဖြေလျှော့ပေးပြီး အဆင်ပြေစေမည့် အရာအားလုံးကို ထောက်ပံ့ပေးရန်သာ ဖြစ်၏။ ဒေသတွင်းရှိ ပြဿနာငယ်အချို့ကိုမူ ကျင်းယီဝေများကို စေလွှတ်၍ ကူညီဖြေရှင်းပေးစေမည်။
နောက်ဆုံးတွင်တော့ တောက်ယွမ်ခရိုင်မှ ကုန်သည်တစ်စုကို အကောင်းဆုံး ရွေးချယ်ကာ ဖျင်ဝမ်ခရိုင်တွင် မြေယာများ ဝယ်ယူပြီး အကြီးအကျယ် လှုပ်ရှားရန် ပြင်ဆင်ခဲ့သည်။
အရာအားလုံးကို စီစဉ်ပြီးသွားသောအခါ ဖန်ကျန်းရီသည် အချိန်ရလာပြီး အရှေ့ဆင်ခြေဖုံးတက္ကသိုလ်သို့ သွားကာ ရေနွေးငွေ့သုတေသနဌာနကို ကြည့်ရှုရန် ပြင်ဆင်လိုက်၏။
လီယွမ်ကျောက် သိသွားသောအခါ မျက်နှာပြောင်တိုက်ကာ အနောက်မှ လိုက်လာတော့သည်။
ဤရေနွေးငွေ့သုတေသနဌာန ဆိုသည်ကို တောက်ယွမ်ခရိုင်တွင် သူ အနည်းငယ် ကြားဖူးသော်လည်း တကယ်တမ်းတွင် မည်သို့ပုံစံရှိသည်ကို တစ်ခါမျှ မမြင်ဖူးခဲ့ပေ။
ရေနွေးငွေ့ ... ဒီအရာကိုတောင် သုတေသနလုပ်လို့ ရတယ်ဆိုတော့ နားထောင်ရတာ အရမ်း စိတ်ဝင်စားဖို့ ကောင်းတယ်။
ရေနွေးငွေ့သုတေသနဌာနသည် အမြဲတမ်း တောက်ယွမ်ခရိုင်၏ အရေးအကြီးဆုံး ဖြစ်သလို အသုံးအဝင်ဆုံး မဟုတ်သော သုတေသနဌာနတစ်ခု ဖြစ်ခဲ့၏။ ယခုအချိန်အထိ ဘာထုတ်ကုန်မှ မရှိသေးဘဲ ရင်းနှီးမြှုပ်နှံမှုသာ ရှိသေးသည်။
သို့ပေမည့် ဖန်ကျန်းရီက ဂရုမစိုက်ပေ။ ရေနွေးငွေ့စက်ကိုသာ အောင်မြင်အောင် သုတေသန လုပ်နိုင်ပါက လက်ရှိခေတ်တွင် နောင်ခေတ်များရှိ ထိန်းချုပ်နိုင်သော နျူကလီးယားစွမ်းအင် နည်းပညာနှင့် တန်းတူဖြစ်သွားမည်။
အရှေ့ဆင်ခြေဖုံးတက္ကသိုလ် စတင်တည်ထောင်တည်းက ရေနွေးငွေ့သုတေသနဌာနကို ကျောင်းအတွင်းသို့ ပြောင်းရွှေ့ခဲ့သည်။ ပထမအချက်မှာ လူရည်ချွန်များကို ခေါ်ယူရဖို့ လွယ်ကူစေရန်ဖြစ်ပြီး ဒုတိယအချက်မှာ ဖန်ကျန်းရီ၏ တွေးခေါ်မှုအတိုင်း နောင်တွင် ထုတ်လုပ်မှု၊ ပညာရေးနှင့် သုတေသနတို့ကို ပေါင်းစပ်ကာ အရင်းအမြစ်များကို ပိုမိုကောင်းမွန်စွာ ချိတ်ဆက်နိုင်ပြီး အစိတ်အပိုင်းများကို သီးသန့်မှာယူ ပြုလုပ်နိုင်ရန် ဖြစ်၏။
သို့ပေမည့် သုတေသန၏ သဘောသဘာဝနှင့် သုတေသန တိုးတက်မှု အခြေအနေများကြောင့် လက်နက် သုတေသနဌာနနှင့် ရေနွေးငွေ့သုတေသနဌာန နှစ်ခုစလုံး၏ တည်နေရာသည် အရှေ့ဆင်ခြေဖုံး တက္ကသိုလ်အတွင်း အတော်လေး ခေါင်းပါးသော ထောင့်တစ်နေရာတွင် ရှိနေပြီး သီးသန့်ခြံခတ်ထားသောကြောင့် လာရောက်စုံစမ်းသူ အလွန်နည်းပါးသည်။
သူတို့နှစ်ယောက် ရောက်ရှိသွားသောအခါ ရေနွေးငွေ့သုတေသနဌာန၏ အပြင်ဘက် တံခါးကြီး ပွင့်နေပြီး ဘေးဘက်ရှိ အစောင့်ရုံတံခါးဝတွင် ခွေးဝါတစ်ကောင်ကို ချည်ထား၏။ ခွေးဝါသည် သူစိမ်းများ လာရောက်သည်ကို မြင်သောအခါ ဝုတ်ဝုတ် ဟောင်တော့၏။
ထို့နောက် အစောင့်ရုံထဲမှ အဘိုးအိုတစ်ဦး ကမန်းကတန်း ပြေးထွက်လာပြီး ဖန်ကျန်းရီ ဖြစ်နေသည်ကို မြင်သောအခါ ရှေ့သို့တိုးကာ ဖော်ရွေစွာ ပြောလိုက်သည်။ "သခင်လေး ဘယ်လိုရောက်လာတာလဲ။ အထဲကို သွားပြီး သတင်းပို့လိုက်ပါ့မယ်။"
"မလိုပါဘူး။ ခင်ဗျား ကျုပ်တို့ကို လမ်းပြပေးရင် ရပါပြီ။"
ခွေးက ဟောင်နေဆဲဖြစ်ရာ အစောင့်သည် ကမန်းကတန်း ခြေထောက်ဖြင့် ခွေးကို ဘေးသို့ တွန်းထုတ်လိုက်ပြီး ပြုံးလျက် ဖန်ကျန်းရီ၏ အနီးသို့ တိုးကပ်ကာ ပြောလိုက်၏။ "သခင်လေး အထဲကို ဝင်ပါ။ ဒီ ဧည့်သည်တော်က ..."
"ဒါက အိမ်ရှေ့စံပဲ။ မြန်မြန် အရိုအသေပေးလိုက်။"
"အိမ်ရှေ့စံကို ဂါရဝပြုပါတယ်။" အစောင့်သည် အလွန်အံ့ဩသွားပြီး ကမန်းကတန်း ဒူးထောက်လိုက်သည်။
"ထပါ။ အားနာစရာ မလိုပါဘူး။"
လီယွမ်ကျောက်က မေးစေ့ကို ပင့်လိုက်ပြီး ရေနွေးငွေ့သုတေသနဌာန၏ အဆောက်အအုံလေးကို ကြည့်ကာ သံသယဖြင့် မေးလိုက်၏။ "ဖန်ကြီး ... အခြေအနေက နည်းနည်း ထူးဆန်းနေတယ်။ ဒီအထဲမှာ တကယ်ပဲ အလုပ်လုပ်နေတဲ့လူ ရှိရဲ့လား။ ဘာလို့ လူသူအရိပ်အယောင် တစ်ခုမှ မရှိတာလဲ။ အထဲမှာ အလုပ်ခိုနေတာတော့ မဟုတ်ပါဘူးနော်။"
ဖန်ကျန်းရီက ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။ "အလုပ်ခိုတယ် ဟုတ်လား။ အိမ်ရှေ့စံ ... သုတေသန လုပ်နေတဲ့အရာက ဘယ်လောက် ကြီးကျယ်ခမ်းနားလဲဆိုတာကို ခင်ဗျား မသိလို့ပါ။ တောက်ယွမ်ခရိုင်ကနေ ရွေးချယ်ခံရတဲ့ သုတေသနသမားတိုင်းက လောကကြီးကို ပြောင်းလဲပစ်မယ်ဆိုတဲ့ အိပ်မက်တွေနဲ့ ဒီနေရာကို ရောက်လာကြတာ။ ဘယ်သူမှ မအုပ်ချုပ်ရင်တောင် လုံးဝ အလုပ်ခိုမှာ မဟုတ်ဘူး။ ဒီအချက်ကိုတော့ ကျုပ် ယုံကြည်မှု ရှိတယ်။"
လီယွမ်ကျောက်က ဟုတ်သည်၊ မဟုတ်သည်ကို မပြောဘဲ အစောင့်နောက်သို့ လိုက်ကာ အထဲသို့ ဝင်သွားရင်း ဘယ်ညာကို လိုက်ကြည့်နေသည်။ မျက်စိထဲတွင် မြင်ရသည်မှာ သာမန် အဆောက်အအုံလေးများအပြင် နေရာအကျယ်ကြီးယူထားသော စက်ရုံနှစ်ရုံသာ ရှိပြီး ထူးခြားချက် တစ်စုံတစ်ရာမှ မရှိသည့်ပုံ ပေါက်နေ၏။
လီယွမ်ကျောက်က မေးလိုက်သည်။ "ရေနွေးငွေ့ ဟုတ်လား။ ဒီတော့ ဒီအရာက ဘာအသုံးဝင်လဲ ဆိုတာကို နားမလည်သေးဘူး။"
ဖန်ကျန်းရီက အထဲသို့ ဝင်သွားရင်း ရှင်းပြလိုက်၏။ "အိမ်ရှေ့စံ ရေနွေးကျိုတာကို မြင်ဖူးလား။"
"မြင်ဖူးတယ်။ ဘာဖြစ်လို့လဲ။"
"ရေဆူလာရင် ရေနွေးအိုး အဖုံးကို တွန်းတင်လိုက်လိမ့်မယ်။ ကျုပ်တို့ ရှာဖွေချင်တာက ဒီစွမ်းအားကို ဘယ်လို အသုံးချမလဲဆိုတာပဲ။ ရေနွေးအိုးက သေချာပေါက် သေးငယ်ပါတယ်။ ဒါပေမဲ့ သူ့ကို အဆတစ်ရာ၊ အဆတစ်ထောင်လောက် ပိုကြီးအောင် လုပ်လိုက်ရင်ရော။ အဲဒီစွမ်းအားကို ဒီဇိုင်းတချို့ကနေတစ်ဆင့် အပြင်ကို လွှဲပြောင်းပေးလိုက်ရင် လူအင်အား အများကြီး သက်သာသွားနိုင်တယ် မဟုတ်လား။ လူအင်အားနဲ့ မလုပ်နိုင်တဲ့ ကိစ္စတွေကိုတောင် ရေနွေးကျိုတာကနေတစ်ဆင့် ဖြေရှင်းနိုင်တယ်။ အိမ်ရှေ့စံ ... စဉ်းစားကြည့်ပါ၊ ဒါက အကြောင်းပြချက် ရှိတယ် မဟုတ်လား။"
လီယွမ်ကျောက်သည် ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး နေရာတွင် ရပ်လျက် စဉ်းစားခန်းဝင်သွားတော့သည်။
ဖန်ကျန်းရီကလည်း မလောဘဲ ဘေးတွင် အဖော်လုပ်ပေးနေ၏။ အချိန်အတော်ကြာပြီးနောက် လီယွမ်ကျောက်၏ အမူအရာက အနည်းငယ် တည်ကြည်သွားပြီး တုံ့ဆိုင်းစွာ ပြောလိုက်၏။
"ဟုတ်သားပဲ ... ဒီလိုဆိုရင် မြစ်ရေမလိုတဲ့ ရေရဟတ်၊ မြင်းမလိုတဲ့ မြင်းလှည်းနဲ့ အတူတူပဲ မဟုတ်လား ... ဒီသဘောတရားပဲ မဟုတ်လား။"
"အိမ်ရှေ့စံက ဉာဏ်ကောင်းလိုက်တာ။"
ဖန်ကျန်းရီသည် လီယွမ်ကျောက်၏ ဤဘက်ပိုင်းရှိ တွေးခေါ်နိုင်စွမ်းကို အလွန် လေးစားမိ၏။ နည်းနည်း ပြောလိုက်သည်နှင့် အကုန် နားလည်သည်။
"ရှူး ... မဟုတ်သေးဘူး။ ဒါပေမဲ့ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ တကယ်လို့ ဒီလောက် ရိုးရှင်းနေရင် အရင်ခေတ်က လူတွေ ဘာလို့ မတွေးမိခဲ့ကြတာလဲ။ ပြီးတော့ ... လေတွေ ယိုစိမ့်မထွက်သွားဘူးလား။"
"သေချာပေါက် ဒီလောက် မရိုးရှင်းပါဘူး။ မဟုတ်ရင် ကျုပ်လည်း ဒီလိုနေရာမျိုးကို သီးသန့်ဖန်တီးပြီး သုတေသန လုပ်နေမှာ မဟုတ်ဘူး။ ဒါပေမဲ့ အတွေးအခေါ်အရ ဖြစ်နိုင်ခြေရှိတယ် ဆိုရင်ပဲ အချိန်နဲ့ ခွန်အားပေးပြီး စမ်းသပ်ကြည့်ဖို့ တန်ပါတယ်။ တစ်ခါ အောင်မြင်သွားရင် နောင်လာနောက်သားတွေ အဆက်ဆက်အတွက် အကျိုးပြုသွားမှာပါ။ အိမ်ရှေ့စံ ... သွားကြရအောင်။"
ဖန်ကျန်းရီက သူ့ကိုဆွဲကာ အထဲသို့ တိုက်ရိုက် ဝင်သွားသည်။
လီယွမ်ကျောက်၏ အတွေးများက အဆက်မပြတ် လည်ပတ်နေကာ ကိစ္စ၏ ဖြစ်နိုင်ခြေကို တွေးတောနေဆဲပင်။
အစောင့်နောက်သို့ လိုက်ကာ အဆောက်အအုံအတွင်းသို့ ဝင်သွားပြီး မှတ်တမ်းခန်းဟု ဆိုင်းဘုတ်ချိတ်ထားသော အခန်းတစ်ခန်းထဲသို့ ရောက်သောအခါ ဖန်ကျန်းရီ၏ ခြေလှမ်းများ ရပ်တန့်သွား၏။
အထဲမှ ထူးဆန်းသော အသံများကို ကြားလိုက်ရသဖြင့် မျက်နှာထား ပြောင်းလဲသွားကာ အစောင့်ကို မောင်းထုတ်လိုက်ပြီး တံခါးအကွဲကြောင်းတွင် ကပ်၍ နားထောင်လိုက်သည်။
လီယွမ်ကျောက်က မြင်သောအခါ အနောက်မှ လိုက်၍ ကပ်နားထောင်လိုက်၏။ အခန်းတွင်းမှ ခွက်ချင်းတိုက်သံများနှင့်အတူ လူအနည်းငယ်၏ အတင်းအဖျင်း ပြောဆိုသံများကိုသာ ကြားလိုက်ရသည်။
"ချီးတဲ့မှ … မနေ့က ငွေစ ဆယ်နဲ့ချီပြီး ရှုံးသွားတယ်။ မြို့တော် ဘောလုံးအသင်းက ခရိုင်အသင်းကိုတောင် ရှုံးသွားတယ်လေ။ နှစ်ဂိုးတောင် ရှုံးသွားတာ။ ဒီကောင်တွေ မစင်စားပြီး ကြီးလာတာလား။"
"တော်သေးတာပေါ့။ ကျုပ် ငွေစတစ်ရာတောင် ရှုံးသွားတယ်။ တကယ့်ကို အသုံးမကျတဲ့ ကောင်တွေပဲ။ ခရိုင်အသင်းရဲ့ ဂိုးသမားက ကူလီအလုပ်သမားလို့ ကြားတယ်။"
"အစ်ကိုတို့ ... အဲဒါတွေ ဂရုမစိုက်ပါနဲ့တော့။ ဌာနမှာ ပိုက်ဆံမရှိတော့ဘူး။ အခု ရန်ပုံငွေ နည်းနည်း ထပ်တောင်းဖို့ နည်းလမ်းရှာရမယ် ..."
ဖန်ကျန်းရီ၏ မျက်နှာက နီမြန်းရာမှ စိမ်းပုပ်သွားတော့၏။
လီယွမ်ကျောက်က ဘေးတွင် အရူးတစ်ယောက်လို ပြုံးရွှင်နေပြီး ခနဲ့တဲ့တဲ့ဖြင့် ပြောလိုက်သည်။ "တောက်ယွမ်ခရိုင်ကနေ ရွေးချယ်ခံရတဲ့ သုတေသနသမား တိုင်းက လောကကြီးကို ပြောင်းလဲပစ်မယ်ဆိုတဲ့ အိပ်မက်တွေနဲ့ ဒီနေရာကို ရောက်လာကြတာ။ ဘယ်သူမှ မအုပ်ချုပ်ရင်တောင် လုံးဝ အလုပ်ခိုမှာ မဟုတ်ဘူး . ခွီး…။"
"..."
မျက်နှာက မြို့ရိုးထက် ပိုထူနေလျှင်ပင် သူ ဤသို့ ရှက်အောင်လုပ်သည်ကို မခံနိုင်တော့ရာ ဖန်ကျန်းရီက စကားလမ်းကြောင်း လွှဲလိုက်၏။
"ဟင်း ... မြို့တော် ဘောလုံးအသင်းက ဒီလောက် အသုံးမကျဖြစ်နေလိမ့်မယ်လို့ မထင်ထားဘူး။ အိမ်ရှေ့စံ ဘောလုံးပွဲ ကြည့်သလား။"
သူ ဤသို့ မေးလိုက်သောအခါ လီယွမ်ကျောက်သည် တကယ်ပင် စကားလမ်းကြောင်း လွှဲသွားသည်။ "ကြည့်တာပေါ့။ မနေ့က အဲဒီပွဲကို ကျုပ်လည်း ကြည့်တယ်။ တကယ်ကို ဆိုးဆိုးရွားရွား ရှုံးသွားတာ။ အဲဒီဘောလုံးအသင်းက ကျုပ်ရဲ့ ဦးလေးတော် ကျင်းကုန်းမင်းသား တည်ထောင်ထားတဲ့ အသင်းလေ။ ပုံမှန်ဆို ထမင်းစားတိုင်း ပင်လယ်မျှော့တွေ ကျွေးပြီး မိန်းမလှတွေ ပေး၊ အိမ်ကြီးအိမ်ကောင်းတွေ ပေးထားတယ်လို့ ကြားတယ်။ ဒီလောက် အသုံးမကျဖြစ်နေမယ်လို့ ဘယ်သူ ထင်မှာလဲ။ ဟင်း ... ဒါပေမဲ့ သူ့မှာ ဆော့ကစားဖို့ ပိုက်ဆံရှိတာပဲ။ ဒီကိစ္စတွေကို ဂရုမစိုက်ပါဘူး။"
"အိမ်ရှေ့စံ ... ကျင်းကုန်းမင်းသား သုံးနေတာတွေ အကုန်လုံးက ပြည်သူတွေရဲ့ ချွေးနှဲစာတွေလေ။"
"ဘယ်ကောင်တွေ အပြင်မှာ တီးတိုးတီးတိုး လုပ်နေတာလဲ ... ဟင် .. သခင်လေး။"
ဖန်ကျန်းရီ၏ စကားဆုံးသည်နှင့် တစ်ပြိုင်နက် မှတ်တမ်းခန်း၏ တံခါးက ပွင့်လာ၏။ မျက်နှာချင်းဆိုင်မှ ထွက်လာသူမှာ ရေနွေးငွေ့သုတေသနဌာနမှ ဟန်ချီ ဖြစ်ပြီး သူက လက်တွေ့ စီမံခန့်ခွဲသူဖြစ်ရာ ဖန်ကျန်းရီသည်လည်း သေချာပေါက် သူ့ကို ကောင်းကောင်း ရင်းနှီးပသည်။
ဟန်ချီသည် ဖန်ကျန်းရီ ရောက်လာသည်ကို မြင်သောအခါ စိတ်ထဲတွင် ချက်ချင်း အလွန်ထိတ်လန့်သွားပြီး ကြောက်လန့်တကြား တစ်ချက် တုန်ယင်သွား၏။
သခင်လေးက သူများတွေ အလုပ်ခိုတာကို အမုန်းဆုံးပဲလေ။
ဟန်ချီ၏ ပါးစပ်ထဲမှ ကြက်ရိုးပင် လန့်ပြီး ပြုတ်ကျသွားကာ ကြောက်ရွံ့တုန်လှုပ်စွာ မေးလိုက်သည်။ "သခင် ... သခင်လေး ဘယ်လိုလုပ် ရောက်လာတာလဲ။"
ဖန်ကျန်းရီ၏ အပြုံးများက အေးစက်စက် ခြိမ်းခြောက်မှုများ ပါဝင်နေ၏။
"သေချာပေါက် ခင်ဗျားတို့နဲ့အတူ ဘောလုံးကန်တဲ့အကြောင်း ဆွေးနွေးပြီး ရန်ပုံငွေ ဘယ်လောက်ချပေးရင် သင့်တော်မလဲဆိုတာကို လေ့လာဖို့ လာတာပေါ့။ တစ်ခါရှုံးတာနဲ့ ငွေစ ဆယ်ဂဏန်း ရာဂဏန်းလောက် ရှုံးနေမှတော့ ငွေစသောင်းဂဏန်းလောက်ကလည်း သိပ်မကြာခင် ကုန်သွားမှာပဲ။"
ဟန်ချီသည် တစ်ကိုယ်လုံး တုန်ယင်သွား၏။ "မ ... မဟုတ်ပါဘူး သခင်လေး။ ကျုပ် ရှင်းပြတာကို နားထောင်ပါဦး ... ကျုပ်တို့ သုံးတာတွေ အကုန်လုံးက ကိုယ့်ပိုက်ဆံတွေပါ။"
"ပါးစပ်ပိတ်ထားစမ်း။ ဒီနေ့ အိမ်ရှေ့စံ ကိုယ်တိုင် လာရောက် စစ်ဆေးတာကို ခင်ဗျားက ကျုပ်တို့ကို မတ်တတ်ရပ်ပြီး စကားပြောခိုင်းမလို့လား။"