← Chapters

အခန်း (၇၃၈-၇၃၉)

Vol. 39 Ch. 738-739

အခန်း (၇၃၈-၇၃၉)

Vol. 39 Ch. 738-739

အပိုင်း (၇၃၈) မင်းအတွက် မွေးနေ့ဆုတောင်း။

သခင်လေးဖန်၏ မျက်နှာပြောင်တိုက်နိုင်စွမ်းအရဆိုလျှင် မျက်လုံးပြူး ပြိုင်ကြည့်ခြင်းတွင် သူ၏ ပြိုင်ဘက် မည်သူမျှ မရှိပေ။

အချိန်သိပ်မကြာလိုက်ဘဲ ချူချင်ဟန်သည် အရှုံးပေးလိုက်ရပြီး မျက်နှာလေး ပန်းရောင်သန်းသွားကာ ခေါင်းလွှဲလျက် ပြောလိုက်၏။ "အမတ်မင်းဖန် သဘောအတိုင်းပါပဲ။"

ပြောပြီးသည်နှင့် သူမ၏ သေးသွယ်သော ခါးလေးကို လှည့်ကာ ဖြည်းညင်းစွာ ထွက်ခွာသွားတော့သည်။

ဖန်ကျန်းရီသည် သူမ၏ ကျောပြင်ကို ကြည့်ရင်း အနည်းငယ် သက်ပြင်းချလိုက်မိ၏။ ဤမျှလောက် ခေါင်းမာသော မိန်းမမျိုးမှာ တကယ်ကို ရှားပါးလှပေသည်။

သူ့အနေဖြင့် ယနေ့ လာကူညီပေးရသည်မှာ လူပိုတစ်ယောက်ကဲ့သို့ ဖြစ်နေပေ၏။ သို့ပေမည့် ရောက်လာမှတော့ ကိစ္စပြီးအောင် လုပ်ရမည်သာ။

ဖန်ကျန်းရီသည် လူအုပ်ဘက်သို့ လက်ညှိုးထိုးပြကာ ချူယိုယီအား ထပ်မံ မေးလိုက်၏။ "ဒီမှာရှိနေတဲ့သူတွေထဲက ဘယ်သူက မင်းတို့ကို နှောင့်ယှက်နေတာလဲ။ ကျုပ်ကို လက်ညှိုးထိုးပြစမ်း။"

ယခုလေးတင် အစ်မဖြစ်သူ ပြောသွားသော စကားများကို ပြန်လည်တွေးတောမိပြီး ချူယိုယီ တစ်ယောက် တွေဝေသွားခဲ့သည်။

နီဆိုသည့်လူက မုန်းစရာကောင်းသော်လည်း သူ၏ နောက်ခံက မသေးလှပေ။ အကယ်၍ အစ်ကိုဖန် တကယ်ပဲ ပြဿနာရှာမိသွားလျှင် ဒါက သူမ၏ အပြစ် ဖြစ်သွားမည် မဟုတ်ပါလား။

ထိုသို့ တွေးမိသောကြောင့် ချူယိုယီသည် ခေါင်းခါပြလိုက်ပြီး အားတင်းပြုံးလျက် ပြောလိုက်၏။ "အစ်ကိုဖန် ... ထားလိုက်ပါတော့။ ကျွန်မ တွေးတာ မပြည့်စုံလို့ပါ။ ကျွန်မနဲ့ အစ်မ ကိုယ်တိုင် ဖြေရှင်းလိုက်ပါ့မယ်။"

ဖန်ကျန်းရီသည် အသံကို အနည်းငယ် မြှင့်လိုက်၏။ "စကားများမနေနဲ့။ ကျုပ် ရောက်လာပြီဆိုမှတော့ ကျုပ်ကို အလကား လာရသလို ဖြစ်အောင် မလုပ်နဲ့။ မြန်မြန်ပြော။ မင်း မပြောရင် ကျုပ်က ဒီမှာရှိတဲ့ လူအားလုံးကို ခေါ်သွားလိုက်မယ်။ ဒါမှ ပြဿနာကင်းမှာ။"

ဖန်ကျန်းရီ၏ စကားပြောဆိုပုံမှာ အနည်းငယ် ရိုင်းစိုင်းကြမ်းတမ်းနေသည်ကို ကြားလိုက်ရသောကြောင့် ချူယိုယီ၏ ရင်ထဲတွင် တုန်လှုပ်သွားကာ မနေနိုင်ဘဲ ပြောလိုက်တော့သည်။ "အစ်မ ကျွန်မကို ပြောပြတာက အဲဒီလူရဲ့ အဆင့်အတန်းက မနိမ့်ဘူးဆိုတာကို သူ သိထားတယ်တဲ့ ..."

"ပြောစမ်း။"

"သူက ... အတွင်းဝန်ရုံးက စာဖတ်အမတ်ရဲ့ သားပါ။ နာမည်က နီဝမ်ချွန်းတဲ့။"

နီဝမ်ချွန်း ... အတွင်းဝန်ရုံးက စာဖတ်အမတ် ... ဖန်ကျန်းရီသည် အဆက်မပြတ် ပြန်လည် စဉ်းစားခန်း ဝင်နေခဲ့၏။

အဆင့်လေးနှင့်အထက် အရာရှိများ၏ သတင်းအချက်အလက်များကို ကျင်းယီဝေတပ်ဖွဲ့က စုဆောင်းထားမှုမှာ ပြည့်စုံလုံလောက်မှု ရှိပေသည်။ အတွင်းဝန်ရုံးတွင် နီဆိုသော မျိုးရိုးနာမည်ဖြင့် တစ်ယောက်တည်းသာ ရှိပြီး သူ၏ နာမည်မှာ နီချုံ ဖြစ်၏။

ယခုနီဝမ်ချွန်းဆိုတာ သူ့ရဲ့ သားငယ် ဖြစ်ပုံရသည်။

ဖန်ကျန်းရီက ပြောလိုက်၏။ "ဒီလူကို ကျုပ် သိတယ်။ ကိစ္စမရှိဘူး၊ မင်း ကြောက်စရာလည်း မလိုဘူး။"

ကျိုးထျဲ့သည် တိတ်တဆိတ် ရှေ့သို့ တိုးလာကာ တီးတိုး ပြောလိုက်သည်။ "သခင်လေး ... ဘာပဲဖြစ်ဖြစ် သူက အဆင့်အတန်း တစ်ခု ရှိနေတယ်လေ။ မိန်းကလေး တစ်ယောက်ကို ပိုးပန်းရုံသတ်သတ်နဲ့ ကျင်းယီဝေ အကျဉ်းထောင်ထဲကို ထည့်လိုက်မယ်ဆိုရင် သိပ်ပြီး မသင့်တော်သလို ဖြစ်မနေဘူးလား။"

ဖန်ကျန်းရီက ခေါင်းညိတ်ပြ၏။ "အင်း ... အမှန်ပဲ။ သူ့ရဲ့ အပြုအမူတွေကို အရင် စောင့်ကြည့်ရအောင်။ နောက်မှ သူ့အဖေ လိုက်ရှာလာရင်တောင်မှ လက်အောက်ငယ်သားက ဖမ်းသွားတာလို့ ပြောပြီး ကျုပ် လွှတ်ပေးဖို့ ပြောခိုင်းလိုက်မယ်။ ပြီးရင် တောင်းပန်လိုက်ရင် ရပြီလေ။"

ကျိုးထျဲ့က မေးလိုက်သည်။ "တောင်းပန်ရုံနဲ့ ရပါ့မလား။"

ဖန်ကျန်းရီက ပြန်မေးလိုက်၏။ "ကျုပ်က တောင်းပန်ပြီးပြီပဲ၊ ဘာထပ်လုပ်စေချင်သေးတာလဲ။"

"ကောင်းပါပြီ။"

ဖန်ကျန်းရီသည် စကားပြောပြီးနောက် ချူယိုယီအား မေးလိုက်သည်။ "နီဝမ်ချွန်း ဒီနေ့ လာလား။ သူ ဘယ်မှာလဲ။"

ချူယိုယီသည် မလှမ်းမကမ်းသို့ လက်ညှိုးထိုးပြကာ ပြောလိုက်၏။ "ဟိုမှာလေ၊ အစိမ်းရောင် အင်္ကျီဝတ်ထားတဲ့သူ။ သူ့ဘေးက လူတွေက သူ့သူငယ်ချင်းတွေချည်းပဲ။ သူက အဲဒီသူငယ်ချင်းတွေကို ခေါ်ပြီး ကျွန်မတို့ အိမ်တံခါးကို လာလာပိတ်နေတာ။ ကျွန်မနဲ့ အစ်မ အပြင်မထွက်ရဲအောင် လုပ်နေတာလေ။"

ဖန်ကျန်းရီ ကြည့်လိုက်ရာ ချူချင်ဟန် ရှိနေသည့်ဘက်သို့ တည့်တည့်ဖြစ်နေပြီး ယခုအချိန်တွင် သူမ၏ ဘေး၌ လူအနည်းငယ်က ထပ်မံ ဝိုင်းရံထားကြပြန်၏။

ဖန်ကျန်းရီက ယုံကြည်မှုအပြည့်ဖြင့် ရှေ့သို့ လျှောက်သွားတော့သည်။ "ကျုပ်နောက်က လိုက်ခဲ့"

ယခုအချိန်တွင် ချူချင်ဟန်သည် လူအနည်းငယ်နှင့် စကားစမြည် ပြောဆိုနေပြီး နီဝမ်ချွန်းကလည်း အဆက်မပြတ် စကားပြောနေခဲ့၏။ "သခင်မလေးချူ ... ဒီနေ့ သခင်မလေးကို ဖိတ်ခေါ်ရတာက သခင်မလေးအတွက် အံ့သြစရာကောင်းတဲ့ အရာတွေ အများကြီး ပြင်ဆင်ထားလို့ပါ။ အချိန်ရောက်ရင် ကျေးဇူးပြုပြီး မငြင်းဆန်ပါနဲ့နော်။"

"ဟုတ်တယ် သခင်မလေးချူ ... ဒီကဗျာရွတ်ဆိုပွဲက အစ်ကိုနီက သခင်မလေးအတွက် သီးသန့် ပြင်ဆင်ပေးထားတာပါ။ သခင်မလေးက မြို့တော်က လူမဟုတ်ဘူးလို့ ကြားတယ်။ အဲဒါကြောင့် သူ့ကို အိမ်ရှင်ကောင်း ပီသခွင့်လေး ပေးလိုက်ပါအုံး။"

ချူချင်ဟန်သည် ဖျော့တော့စွာ ပြုံးလိုက်၏။ "မပြောဝံ့ပါဘူးရှင်။ သခင်လေးနီ လုံးဝ ဒီလိုစကားမျိုး မပြောပါနဲ့။ ချင်ဟန်က လက်ခံနိုင်စွမ်း မရှိပါဘူး ..."

"အစ်မ ..." သူမ စကားမဆုံးမီမှာပင် ချူယိုယီသည် ဖန်ကျန်းရီကို ခေါ်ဆောင်လျက် အနီးသို့ ရောက်လာခဲ့သည်။

နီဝမ်ချွန်းသည် ချူယိုယီကို မြင်လိုက်ချိန်တွင် မျက်ဝန်းထဲ၌ လောဘရမ္မက် တစ်ချို့ကို မဖုံးကွယ်နိုင်အောင် ဖြစ်သွားခဲ့၏။

ဒီညီအစ်မနှစ်ယောက်က တကယ်ကို အလှဆုံးပါလား။ ကြည့်လိုက်ရတိုင်း လူကို ချစ်မြတ်နိုးချင်စိတ်တွေ ဖြစ်ပေါ်လာစေတယ်။ အကယ်၍များ ဒီညီအစ်မ နှစ်ယောက်စလုံးကိုသာ ပိုင်ဆိုင်ခွင့် ရခဲ့မယ်ဆိုရင် ...

နီဝမ်ချွန်း၏ ရင်ထဲတွင် တဖြည်းဖြည်း ပူနွေးလာခဲ့၏။ ရုတ်တရက် ဖန်ကျန်းရီကို အကြည့်ရောက်သွားချိန်တွင် ထိုသူသည် ဆင်းရဲနွမ်းပါးသော အဝတ်အစားများကို ဝတ်ဆင်ထားသော်လည်း ရုပ်ရည်သန့်သန့်ပြန့်ပြန့် ရှိနေပြီး ချူယိုယီနှင့်လည်း ကပ်လျက် ရှိနေသည်ကို မြင်လိုက်ရသောကြောင့် ရင်ထဲတွင် မနာလိုဖြစ်သွားကာ မနေနိုင်ဘဲ မေးလိုက်သည်။ "ဒီအစ်ကိုက ..."

ဖန်ကျန်းရီ စကားမပြောနိုင်မီမှာပင် ချူချင်ဟန်က စကားဖြတ်ပြောလိုက်၏။ "သခင်လေးနီ ... သူက မြို့တော်က ကျွန်မရဲ့ သူငယ်ချင်းပါ။ ကျွန်မက ညီမလေးကို သွားဖိတ်ခိုင်းလိုက်တာပါ။ ဖိတ်စာမပါဘဲ ဝင်လာမိတဲ့အတွက် သခင်လေးနီက ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်။"

နီဝမ်ချွန်းသည် စိတ်ထဲတွင် အနည်းငယ် မကျေမနပ်ဖြစ်သွားသော်လည်း အပြင်ပန်းတွင်မူ သဘောထားကြီးဟန်ဖြင့် ပြောလိုက်သည်။ "ကိစ္စမရှိပါဘူး။ ကိစ္စမရှိပါဘူး။ သခင်မလေးချူ ဖိတ်ခေါ်လာတဲ့ သူငယ်ချင်းဆိုမှတော့ သေချာပေါက် ပညာတတ်တစ်ယောက် ဖြစ်မှာပါ။ အစ်ကို့နာမည်ကို ဘယ်လိုခေါ်ရမလဲလို့ မေးပါရစေ။"

"ဖန်ထန်ကျင့်ပါ။"

"ခွီး ..." ချူချင်ဟန်နှင့် ချူယိုယီတို့သည် တစ်ချိန်တည်းမှာပင် ပါးစပ်ကို အုပ်ကာ ရယ်မောလိုက်ကြ၏။

ဖန်ထန်ကျင့် ဆိုသော စာလုံးသုံးလုံးကို ကြားလိုက်ရချိန်တွင် ယူတိန့်မြို့၌ ဖြစ်ပျက်ခဲ့သော ကိစ္စများကို သတိရသွားစေသဖြင့် တကယ်ကို မအောင့်ထားနိုင်တော့ပေ။

ညီအစ်မနှစ်ယောက်၏ ဤအပြုံးသည် ချက်ချင်းပင် အခန်းတစ်ခုလုံး ပန်းများပွင့်လန်းသွားသကဲ့သို့ ဖြစ်သွားစေပြီး ဘေးပတ်လည်တွင် ဝိုင်းရံနေကြသော တဏှာရူးအိုကြီးအချို့မှာမူ ကြောင်အမ်းအမ်း ဖြစ်သွားကြသည်။

သို့ပေမည့် နီဝမ်ချွန်း၏ မျက်နှာမှာမူ မည်းမှောင်သွားပြီး ရင်ထဲတွင် မနာလိုမှုများ ကြီးမားလာကာ ဖန်ကျန်းရီအား အထက်အောက် စုန်ဆန် ကြည့်ရှုနေခဲ့၏။

သာမန် အရပ်သားတစ်ယောက်မျှသာ ဖြစ်ပါလျက် ... ဤညီအစ်မနှစ်ယောက်နှင့် အတော်လေးကို ရင်းနှီးသည့် ပတ်သက်မှုရှိနေပုံပင်...

နီဝမ်ချွန်းက မေးလိုက်၏။ "အစ်ကိုဖန်က ဘယ်နေရာမှာ တာဝန်ထမ်းဆောင်နေတာလဲဆိုတာ မေးပါရစေ။"

ဖန်ကျန်းရီက ရှက်ရွံ့နေသည့် ဟန်ဆောင်ကာ ဖြေလိုက်သည်။ "တာဝန်ထမ်းဆောင်တယ်ဆိုတာက ... မပြောလောက်ပါဘူး။ အိမ်မှာ အိပ်နေတာပါ။"

ဟက် ... ဟက်။

အိမ်မှာ အိပ်နေတယ်ဆိုတာ အသုံးမကျတဲ့လူ တစ်ယောက် ဖြစ်မနေဘူးလား။

ထိုစကား ထွက်ပေါ်လာသည်နှင့် ဘေးပတ်လည်ရှိ လူများ၏ မျက်နှာထက်၌ လှောင်ပြောင်လှောင်ရယ်ပြုသော အပြုံးများ ပေါ်ထွက်လာကြ၏။

နီဝမ်ချွန်းက ဆက်မေးလိုက်သည်။ "ဒါဆို အစ်ကိုက ဘယ်လို ဘွဲ့ထူးဂုဏ်ထူးမျိုး ရထားတာလဲ။"

ဖန်ကျန်းရီသည် ခေါင်းကုတ်လျက် ပြောလိုက်၏။ "အာ ... ဘွဲ့ထူးဂုဏ်ထူးလည်း မရှိပါဘူး။ အစ်ကိုနီ မမေးပါနဲ့တော့။ ဒီနေ့ ကဗျာရွတ်ဆိုပွဲ ရှိတယ်လို့ ချင်ဟန်ပြောတာ ကြားရလို့ စည်ကားတာကို လာကြည့်ချင်တာနဲ့ ဗဟုသုတ တိုးအောင် လိုက်ပို့ပေးဖို့ သူမကို ပြောလိုက်တာပါ။"

နီဝမ်ချွန်းသည် လက်သီးကို တင်းတင်းဆုပ်လိုက်ပြီး မျက်လုံးများကို မှေးကျဉ်းလိုက်သည်။

ချူမိသားစု အိမ်ရှေ့မှာ ဒီလောက် အချိန်အကြာကြီး သွားလာနေခဲ့တာတောင် ဒီကောင်လေးကို မတွေ့ခဲ့ဖူးပါဘူး ... ဘယ်ကနေ ထွက်လာတာလဲ။

ချင်ဟန်တဲ့လား ... ငါတောင် ဒီလောက် ရင်းရင်းနှီးနှီး မခေါ်ရသေးတာကို။ ဘာမှမဟုတ်တဲ့ သာမန်အရပ်သား တစ်ယောက်က ဘာအဆင့်အတန်းနဲ့များ ခေါ်ရဲတာလဲ။

နီဝမ်ချွန်း၏ ရင်ထဲရှိ မနာလိုမှုမှာ ပိုမို ပြင်းထန်လာသော်လည်း အလှလေးက ဘေးတွင် ရှိနေသောကြောင့် မိမိ၏ ကိုယ်ဟန်အမူအရာကိုတော့ လုံးဝ အပျက်ခံ၍ မရနိုင်ပေ။ ထို့ကြောင့် ရင်ထဲမှ မကျေနပ်မှုကို ဖိနှိပ်ထားကာ လက်သီးဆုပ်လျက် ပြုံး၍ ပြောလိုက်၏။ "ကိစ္စမရှိပါဘူး။ ရောက်လာတဲ့သူက ဧည့်သည်ပဲဆိုတော့ အစ်ကိုဖန် သဘောအတိုင်း နေနိုင်ပါတယ်။"

ဖန်ကျန်းရီကလည်း ပြုံး၍ လက်အုပ်ချီကာ တုံ့ပြန်လိုက်သည်။

နီဝမ်ချွန်းသည် လက်နှစ်ဖက်ကို မြှောက်ကာ အော်ပြောလိုက်၏။ "အခုဆိုရင် လူတွေလည်း တော်တော်များများ စုံလောက်ပြီဆိုတော့ ကျုပ်တို့ တရားဝင် စတင်ကြရအောင်။"

ပြောပြီးသည်နှင့် စင်မြင့်ထက်သို့ လျှောက်သွားတော့သည်။

နီဝမ်ချွန်းသည် စင်မြင့်ပေါ်တွင် ရပ်လျက် ခေါင်းကိုမော့ကာ အသံကျယ်ကျယ်ဖြင့် ပြောလိုက်၏။ "အားလုံးပဲ ကျုပ် ပြောတာကို နားထောင်ပေးကြပါ။ ဒီနေ့ ကဗျာရွတ်ဆိုပွဲက သာမန် ကဗျာရွတ်ဆိုပွဲ တစ်ခုတည်း မဟုတ်ပါဘူး။ ကျုပ်က သခင်မလေးချူအတွက် ကျင်းပပေးထားတာပါ။"

သူက ဆက်ပြောသည်။ "အားလုံး မသိကြသေးပါဘူး။ ဒီနေ့က သခင်မလေးချူရဲ့ မွေးနေ့ပါ။ မြို့တော်ကို ရောက်လာတာ မကြာသေးတော့ သူငယ်ချင်း သိပ်မရှိဘူးလေ။ အဲဒါကြောင့် သူ့အတွက် ရိုင်းပျစွာနဲ့ပဲ ဒီကဗျာရွတ်ဆိုပွဲကို ကျင်းပပေးလိုက်တာပါ။ ဒါ့အတွက်ကြောင့် ဒီနေ့မှာ အတူတူ တီးခတ်ပေးဖို့ ချန်ကျိယင်ဆိုတဲ့ မိန်းကလေးကိုပါ အထူးတလည် ဖိတ်ခေါ်ထားပါတယ်။ ဒီကဗျာရွတ်ဆိုပွဲရဲ့ ခေါင်းစဉ်ကို မွေးနေ့ဆုတောင်း အဖြစ် သတ်မှတ်လိုက်ရင်ရော ... အားလုံး ဘယ်လိုထင်ကြလဲ။"

"ကောင်းတယ်။"

အောက်ခြေမှ လက်ခုပ်သံများ ထွက်ပေါ်လာသော်လည်း လူအများစု၏ မျက်နှာအမူအရာများမှာ ထူးခြားပြောင်းလဲမှု မရှိကြပေ။ သေချာသည်မှာ သူတို့က ကြိုတင် သိရှိထားပြီးသား ပွဲခံလူများ ဖြစ်နေခြင်းပင်။

ဖန်ကျန်းရီသည် ခေါင်းလှည့်ကာ ချူချင်ဟန်အား အံ့အားသင့်စွာဖြင့် မေးလိုက်၏။ "ဒီနေ့ မင်းမွေးနေ့လား။"

ချူချင်ဟန်သည် နားထဲတွင် ဆူညံနေသော ဂုဏ်ပြုသံများကို နားထောင်ရင်း မတတ်သာစွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။

နီဝမ်ချွန်းက ငါ့မွေးနေ့ကို ဘယ်လိုလုပ်ပြီး သိနေရတာလဲ ... ဘုရားကျောင်းကို သွားတုန်းက နောက်ယောင်ခံ လိုက်ခံရတာ သေချာတယ်။ တကယ်ကို လွန်လွန်းတယ်။

ဖန်ကျန်းရီက ပြောလိုက်၏။ "ယိုယီ ... မင်းအစ်မ မွေးနေ့ဆိုတာကို ဘာဖြစ်လို့ ကျုပ်ကို မပြောရတာလဲ။ ကျုပ်က လက်ချည်းသက်သက်ကြီး လာခဲ့ရတာ။"

ချူယိုယီက ဗလုံးဗထွေးဖြင့် ဖြေသည်။ "ကျွန်မ မေ့သွားလို့ပါ။"

"ချင်ဟန်ရေ ... ဒီနေ့ လက်ဆောင် မပါလာလို့ ရိုင်းသွားပြီ။ နောက်တစ်ခါကျမှ မင်းအတွက် ပြန်ဖြည့်ပေးမယ်။"

ချူချင်ဟန်က ပြုံးလျက် ဖြေလိုက်၏။ "အမတ်မင်းဖန် ဂရုစိုက်နေစရာ မလိုပါဘူး။ မွေးနေ့လုပ်တာနဲ့ မလုပ်တာက ဘာမှ မကွာပါဘူး။"

နီဝမ်ချွန်းသည် စင်မြင့်ပေါ်တွင် ရပ်နေဆဲဖြစ်ပြီး ရင်ထဲတွင် ကြည်နူးသာယာနေခဲ့သည်။

ဒီလောက် အံ့သြစရာကောင်းတဲ့ အရာကို ပြင်ဆင်ပေးထားမှတော့ အလှလေးအနေနဲ့ သေချာပေါက် ပျော်ရွှင်နေလောက်ပြီ။ ခဏနေရင် လက်ဆောင်ကြီးတစ်ခု ထပ်ပေးလိုက်မယ်ဆိုရင် ကိစ္စကြီး အောင်မြင်ပြီပေါ့။

အစ်မကို ရပြီးသွားရင် ညီမအတွက်က သဘာဝအတိုင်း ဖြစ်လာမယ့်ကိစ္စ မဟုတ်ဘူးလား။

သူသည် ချူချင်ဟန် မျှော်လင့်မထားလောက်အောင် ပျော်ရွှင်သွားမည့် အမူအရာကို တွေးတောနေခဲ့သော်လည်း နောက်တစ်စက္ကန့်မှာပင် သူမက ထိုဆင်းရဲသားနှင့်အတူ ရယ်မောပျော်ရွှင်စွာ စကားပြောနေသည်ကို မြင်လိုက်ရမည်ဟု မထင်ထားခဲ့မိပေ။

နီဝမ်ချွန်း၏ မျက်နှာသည် မည်းမှောင်သွားတော့၏။

အပိုင်း (၇၃၉) စစ်သေနာပတိ၏ ကဗျာစွမ်းရည်။

ဘေးပတ်လည်သို့ လာရောက်ကြသူများမှာ ပွဲကြည့်ပရိသတ်များ ဖြစ်ပြီး နီဝမ်ချွန်းအတွက် အားပေးရုံသာ ဖြစ်သော်လည်း ချူချင်ဟန်နှင့် ချူယိုယီကဲ့သို့သော အလှလေးများနှင့် တွေ့ဆုံရချိန်တွင်မူ စကား လာရောက်ပြောဆိုလိုကြသည်မှာ ရှောင်လွှဲ၍မရနိုင်ပေ။

မွေးနေ့ဆုတောင်း ကဗျာများက ဖန်ကျန်းရီ၏ နားထဲတွင် ဘယ်တစ်ခွန်း ညာတစ်ခွန်းဖြင့် ထွက်ပေါ်လာခဲ့၏။

သူသည် နားကိုကလော်လိုက်ပြီး အနည်းငယ် ခံစားရခက်နေသလို ခံစားလိုက်ရသည်။

တကယ်ပါပဲ၊ ဒီလို အခြေအနေမျိုးနဲ့ မသင့်တော်သေးဘူး။ အကယ်၍ နာမည်ကြီး ပုဂ္ဂိုလ်တွေရဲ့ အဆိုအမိန့် ပြိုင်ပွဲသာဆိုရင် ငါကိုယ်တိုင် တက်သွားပြီး နှစ်ခွန်းလောက်တော့ ပြောလိုက်နိုင်တယ်။

ကဗျာရွတ်ဆိုပွဲကသာ ခေါင်းစဉ် မရွေးထားဘူးဆိုရင် ငါ့အနေနဲ့ အတင်းအကျပ် ဝင်ပြီး မျက်နှာပြနိုင်သေးသည်။

ဘေးပတ်လည်ရှိ လူငါးခြောက်ယောက်ခန့် ရွတ်ဆိုအပြီးတွင် ချူချင်ဟန်၏ မျက်နှာထက်၌ အပြုံးများ ချိတ်ဆွဲလျက် တစ်ယောက်ချင်းစီအား ကျေးဇူးတင်စကား ပြောကြားလိုက်ပြီးနောက် ဖန်ကျန်းရီအား ကြည့်ကာ ခပ်တိုးတိုး မေးလိုက်၏။ "သခင်လေးဖန်ကရော ကဗျာတစ်ပုဒ်လောက် မရွတ်ဆိုဘူးလား။"

ချူချင်ဟန်၏ အကြည့်များကို ရင်ဆိုင်လိုက်ရချိန်တွင် ဖန်ကျန်းရီ တစ်ယောက် တွေဝေသွားခဲ့သည်။

တစ်ဖက်လူရဲ့ မွေးနေ့မှာ လက်ဆောင်လည်း မပါလာဘူးဆိုတော့ အခု ကဗျာတစ်ပုဒ် ရွတ်ခိုင်းတာက မလွန်ပါဘူး ... ဒါပေမဲ့ မွေးနေ့ဆုတောင်း ကဗျာကို တကယ်ကို စဉ်းစားလို့ မရသေးဘူး။

ချူချင်ဟန်သည် ဖန်ကျန်းရီက မျက်မှောင်ကြုတ်ကာ တွေးတောနေသည်ကို ကြည့်ပြီး သေချာပေါက် စဉ်းစားနေပြီဖြစ်ကြောင်း သိလိုက်ရသဖြင့် မနေနိုင်ဘဲ စိတ်လှုပ်ရှားလာခဲ့၏။

ဖန်ကျန်းရီ၏ ကဗျာစွမ်းရည်ကို ဤနေရာတွင် ရှိနေသော တခြားသူများက နားမလည်ကြသော်လည်း သူမက မသိဘဲ နေမည်လား။

ပါးစပ်မှ ထွက်လာသည်နှင့် သာမန်မဟုတ်ကြောင်း သေချာပေသည်။ သူက ဘယ်လို လက်ရာကောင်းမျိုးကို ဖန်တီးလာမလဲဆိုတာ မသိနိုင်တော့ပေ။

ဘေးပတ်လည်ရှိ လူများကလည်း စပ်စုချင်သော မျက်နှာထားများဖြင့် ဤသာမန် အဝတ်အစားကို ဝတ်ဆင်ထားသူက ချူချင်ဟန်ကဲ့သို့သော အလှလေးတစ်ဦးကို ဤမျှလောက် အာရုံစိုက်လာစေရန် မည်သို့သော စွမ်းရည်မျိုး ရှိနေသနည်းဟု တွေးတောကာ သိချင်စိတ်ပြင်းပြသော အကြည့်များကလည်း ဖန်ကျန်းရီအပေါ်သို့ စုပြုံကျရောက်လာခဲ့သည်။

လူအများကြီး ဝိုင်းကြည့်နေသည်ကို မြင်လိုက်ချိန်မှာတော့ ဖန်ကျန်းရီသည် ရင်ထဲမှ တိတ်ဆိတ် သက်ပြင်းချလိုက်မိ၏။

အတင်း ဝင်တိုးဖို့ပဲ ရှိတော့တယ်။

နောက်တစ်စက္ကန့်တွင် ဖန်ကျန်းရီသည် ခံစားချက်မဲ့သော မျက်နှာထားဖြင့် ရွတ်ဆိုလိုက်၏။ "လွင်ပြင်ထက်မှ မြက်ပင်များ၊ တစ်နှစ်တစ်ခါ ခြောက်သွေ့ကာ ပြန်လည်စိမ်းလန်း၏၊ တောမီးလောင်ကျွမ်းသော်လည်း မကုန်ခမ်းနိုင်၊ နွေဦးလေပြေ တိုက်ခတ်ချိန်တွင် ပြန်လည်ရှင်သန်လာပြန်၏။"

ကဗျာရွတ်ဆိုပြီးသွားချိန်တွင် ဘေးပတ်လည်ရှိ လူဆယ်ဂဏန်းခန့်မှာ တိတ်ဆိတ်သွားကြပြီး သူတို့၏ ရင်ထဲတွင် တစ်ခေါက် ပြန်လည် ရွတ်ဆိုကြည့်လိုက်ကြသည်။

ခဏအကြာတွင် လူတစ်ယောက်က ခေါင်းမော့လာကာ ပြောလိုက်၏။ "ကောင်းတာတော့ ကောင်းပါတယ်။ ဒါပေမဲ့ ဒီနေ့ ခေါင်းစဉ်နဲ့ ဘာများ ပတ်သက်နေလို့လဲ။"

"တစ်နှစ်တစ်ခါ ခြောက်သွေ့ကာ ပြန်လည်စိမ်းလန်း၏ ... အတင်းအကျပ် ဆွဲကပ်ရင်တောင် ကပ်လို့မရဘူးလေ။"

"ဟုတ်တယ် ... ဒီအစ်ကိုက ကဗျာလာရွတ်ပြတာများ မဟုတ်ပါဘူးနော်။"

ဖန်ကျန်းရီ၏ မျက်နှာမှာ ခံစားချက်မဲ့နေပြီး ရင်ထဲတွင် ငိုချင်သော်လည်း မျက်ရည်မထွက်နိုင် ဖြစ်နေခဲ့၏။

ငါက သောက်ကျိုးနည်း ကဗျာလာရွတ်တာ မဟုတ်လို့ ဘာလဲ။ စောစောကတည်းက သိခဲ့ရင် နည်းနည်းလောက် နှိမ့်ချနေပြီး ချူချင်ဟန်နဲ့ ခပ်ဝေးဝေး နေသင့်တာ။

"အကျုံးမဝင်ဘူး။ ဒီတစ်ပုဒ်က အကျုံးမဝင်ဘူး။ အစ်ကိုက လိမ်လို့မရဘူးလေ။ ဒီကဗျာရွတ်ဆိုပွဲက ခေါင်းစဉ် သတ်မှတ်ထားတာ ရှိတယ်။ အကယ်၍ အားလုံးက ကိုယ့်သဘောနဲ့ကိုယ် ရွတ်ဆိုကြမယ်ဆိုရင် စည်းကမ်းကို ဖျက်ဆီးလိုက်တာ မဟုတ်ဘူးလား။"

သံသယဝင်နေသော အသံပေါင်းများစွာကို ရင်ဆိုင်နေရချိန်တွင် ဖန်ကျန်းရီသည် မည်သို့ စကားပြောရမည်ကို တွေးတောနေဆဲမှာပင် ကျိုးထျဲ့က လျှပ်တစ်ပြက် ရှေ့သို့ ရပ်တည်လာခဲ့သည်။

သူ့ဘက်သို့ လှည့်ကာ သွားဖြီးလျက် ပြုံးပြလိုက်၏။

တခြားသူတွေ မသိရင်တောင် သူက သခင်လေး ဘယ်လိုလူမျိုးလဲဆိုတာ မသိဘဲ နေပါ့မလား။ ဓားပြခေါင်းဆောင် တစ်ယောက်လေ။ ဆဲဆိုတာနဲ့ လူသတ်တာလောက်ပဲ ရမယ်၊ ကဗျာရွတ်တာကတော့ မေ့လိုက်ပါတော့။

ရှေ့ထွက်ပြီး ရေကို နောက်ကျုသွားအောင် လုပ်ရမယ်။ သခင်လေးရဲ့ မျက်နှာကို ကာကွယ်ပေးထားလိုက်ရင် နောက်ဆို ကျန်းပြောင်အတွက် ဘယ်နေရာ ရှိတော့မှာလဲ ဟားဟား။

ကျိုးထျဲ့က အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်၏။ "အားလုံးပဲ မလောကြပါနဲ့။ ကျုပ်ဆီမှာလည်း ကဗျာတစ်ပုဒ် ရှိသေးတယ်။"

ဤသို့ အော်ပြောလိုက်သည်နှင့် တကယ်ပင် လူတိုင်း၏ အာရုံစိုက်မှုကို ချက်ချင်း ဆွဲဆောင်သွားနိုင်ခဲ့သည်။

ကျိုးထျဲ့က ထပ်ပြော၏။ "ကျုပ်က အရည်အချင်း မရှိပါဘူး။ ဒါပေမဲ့ ဒီနေ့ ကဗျာရွတ်ချင်စိတ်တွေ ဖြစ်ပေါ်လာလို့ အကောင်းဆုံး လက်ရာတစ်ခု ရှိပါတယ်။ ဒါပေမဲ့ ဒါက သခင်မလေးချူအတွက် ပေးတာ မဟုတ်ဘဲ ... အတွက် ပေးချင်တာပါ။"

ကျိုးထျဲ့က ခေါင်းလှည့်ကာ ခပ်တိုးတိုး မေးလိုက်၏။ "သခင်လေး ... စင်ပေါ်က မိန်းမက နာမည်ဘယ်လိုခေါ်လဲ။"

"ကျိယင်။"

ကျိုးထျဲ့က ဆက်ပြောသည်။ "ဒီကဗျာက မိန်းကလေးကျိယင်အတွက် ပေးတာပါ။ ကျုပ်က မိန်းကလေး ကျိယင်ကို မြင်မြင်ချင်း ချစ်မိသွားလို့ ကဗျာတစ်ပုဒ် ရေးစပ်ပြီး သူ့အတွက် သီးသန့် လက်ဆောင်ပေးချင်ပါတယ်။"

ကျိုးထျဲ့၏ စကားသံ အဆုံးတွင်တော့ လက်ခုပ်သံများ တဝုန်းဝုန်း ထွက်ပေါ်လာခဲ့၏။

နေရာတွင် ရှိနေကြသော စာပေပညာရှင်များအားလုံးသည် ဝမ်းသာပျော်ရွှင်နေသော မျက်နှာများ ရှိနေကြသည်။

ယနေ့က ချူချင်ဟန်၏ မွေးနေ့ဖြစ်သော်လည်း နေရာမှာတင် ချစ်ခွင့်ပန်သည့် ပြဇာတ်က သေချာပေါက် ပိုပြီး စိတ်ဝင်စားစရာ ကောင်းနေသည် မဟုတ်ပါလား။

ဖန်ကျန်းရီသည် တိတ်တဆိတ် ခေါင်းညိတ်လိုက်မိ၏။

ကျိုးထျဲ့ကလည်း စွမ်းရည်ရှိတဲ့သူပဲ။ စစ်သည်တစ်ယောက် ဖြစ်ပေမဲ့ ဦးနှောက်က မြန်မြန်ဆန်ဆန် အလုပ်လုပ်နိုင်တယ်။ ပြီးတော့ ကဗျာတောင် ရေးဖွဲ့တတ်သေးတယ်လို့ မထင်ထားမိဘူး။

ကိုယ့်ကို အကျပ်အတည်းကနေ ကယ်တင်ပေးနိုင်တာဆိုတော့ ဒီနေ့ ကျန်းပြောင်ကို မခေါ်လာခဲ့တာက တကယ်ပဲ ပညာရှိတဲ့ ရွေးချယ်မှုတစ်ခု ဖြစ်သွားခဲ့ပြီ။

စင်မြင့်ထက်မှ ချန်ကျိယင်သည် ကုချင်းကို ပိုက်ကာ မတ်တတ်ရပ်လာပြီး ပါးပြင်နှစ်ဖက်မှာ အနည်းငယ် နီမြန်းနေသည်။ သူမ က အံ့အားသင့် ဝမ်းသာသွားပုံရ၏။

သူမက မူလတည်းက ဖိတ်ခေါ်ခံရသော အဆိုတော်မလေး တစ်ယောက်မျှသာ ဖြစ်ပြီး ဇာတ်ပို့တစ်ယောက်သာ ဖြစ်ပေရာ လူပုံအလယ်တွင် သူမကို ချစ်ခွင့်ပန်လာမည့်သူ ရှိမည်ဟု မထင်ထားခဲ့မိချေ။

ဤလူက အရပ်ရှည်ရှည်နှင့် ရုပ်လုံးရုပ်ပေါက် ကောင်းမွန်သည်ဟု ဆိုနိုင်သော်လည်း စာပေအရေးအသား မည်သို့ရှိမည်နည်းကိုတော့ မသိရသေးပေ။

"ကျိယင်က သခင်လေးကို ဒီနေရာကနေပဲ ကျေးဇူးတင်ပါတယ်။ သခင်လေး ရွတ်ဆိုပါရှင်။"

"ကောင်းပြီ။ ဒါဆို ကျုပ် ရွတ်ပြီနော်။" ကျိုးထျဲ့သည် လက်များကို ကားလိုက်ပြီး ပြည့်တန်ဆာအိမ်တွင် တစ်သက်လုံး သင်ယူထားခဲ့သော အရာများကို ထုတ်သုံးကာ ခေါင်းကို လှုပ်ရမ်းလျက် ရွတ်ဆိုလိုက်၏။

"ကောင်မလေးက လှလှလေးပါလား၊ သူမရဲ့ ရင်သားအစုံကလည်း မို့မောက်နေလိုက်တာ၊ ရှေ့တိုးပြီး တစ်ချက်လောက် စမ်းကိုင်ကြည့်ချင်လိုက်တာ၊ ရင်ထဲမှာလည်း တဒိတ်ဒိတ်နဲ့ ခုန်နေတော့တာပါပဲလား။"

ဖန်ကျန်းရီ "..."

ကဗျာတစ်ပုဒ် ရွတ်ဆိုအပြီးတွင် နေရာတစ်ခုလုံးမှာ အံ့အားသင့်သွားကြပြီး အပ်ကျသံကိုပင် ကြားရလောက်အောင် တိတ်ဆိတ်သွားတော့သည်။

ချူချင်ဟန်သည် လုံးဝ မှင်သက်သွားခဲ့ပြီး ချူယိုယီကမူ မျက်နှာကို အုပ်ကာ ကျိုးထျဲ့အား ကျောခိုင်းထားပြီး ထပ်မံ မကြည့်ရဲတော့ပေ။

စင်မြင့်ထက်ရှိ ချန်ကျိယင်မှာမူ မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ဖြစ်သွားခဲ့၏။

မူလက လူပုံအလယ်မှာ ချစ်ခွင့်ပန်ခြင်းက မည်မျှ လှပတဲ့ ကိစ္စတစ်ခု ဖြစ်ခဲ့သလဲ၊ သို့ပေမဲ့ နောက်တစ်စက္ကန့်မှာပဲ လူသိရှင်ကြား ရမ်းကားမှုတစ်ခု ဖြစ်သွားခဲ့ပြီ။

သူမက အဆင့်အတန်း နိမ့်ကျသော အဆိုတော်မလေး တစ်ယောက်မျှသာ ဖြစ်သော်ငြားလည်း ယခုအချိန်တွင်တော့ ကြီးမားလှသော စော်ကားမှုကို ခံလိုက်ရသကဲ့သို့ ခံစားနေရသည်။

ချန်ကျိယင်သည် မျက်နှာကြီး မည်းမှောင်သွားကာ လက်နှစ်ဖက်ဖြင့် ကုချင်းကို မြှောက်ကိုင်လိုက်ပြီး မြေပြင်ပေါ်သို့ အားကုန် ရိုက်ခွဲချလိုက်ကာ နောက်သို့ တစ်ချက်မျှ ပြန်မလှည့်ကြည့်တော့ဘဲ ထွက်သွားတော့၏။

ထိုကုချင်းသည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး ကြိုးများ ပြတ်တောက်သွားကာ တဝီဝီ မြည်သံများ ထွက်ပေါ်လာခဲ့သည်။

စာပေပညာရှင်များသည် သတိပြန်ဝင်လာကြပြီး ကျိုးထျဲ့အား ဒေါသတကြီးဖြင့် စိုက်ကြည့်နေကြ၏။

ရုတ်တရက် လူတစ်ယောက်က ကျယ်လောင်စွာ ဆဲဆိုလိုက်သည်။ "ဒါက ညစ်ညမ်းတဲ့ ကဗျာပဲ။ ဒီလူက လူပုံအလယ်မှာ မိန်းကလေး တစ်ယောက်ကို နှုတ်နဲ့ စော်ကားရဲတယ်။ သူ့ကို မောင်းထုတ်လိုက်ကြ။"

"ဘယ်က ဝင်လာတဲ့ လူရမ်းကားစုတ်လဲ။ ထွက်သွားစမ်း။"

"ထွက်သွားစမ်း။ ထွက်သွားစမ်း။" ဒေါသတကြီး အော်ဟစ်သံများ စတင် စုရုံးလာခဲ့၏။

ကျိုးထျဲ့သည် အနည်းငယ်မျှ ကြောက်ရွံ့ခြင်း မရှိဘဲ နောက်သို့ တစ်လှမ်းဆုတ်ကာ ဖန်ကျန်းရီအား ခပ်တိုးတိုး မေးလိုက်သည်။ "သခင်လေး ဘယ်လိုလဲ။"

"ကောင်းတယ်။ ကဗျာစွမ်းရည်က ကျုပ်အောက် မနိမ့်ဘူး။"

ဖန်ကျန်းရီက မျက်နှာရှုံ့မဲ့ကာ အလွန် မြင့်မားသော သုံးသပ်ချက်ကို ပေးလိုက်၏။ "ခဏနေရင် မင်း မိန်းကလေးကျိယင်ဆီ သွားပြီး တောင်းပန်လိုက်အုံး။"

ကျိုးထျဲ့ ခေါင်းညိတ်ပြလိုက်ချိန်တွင် ဘေးပတ်လည်မှ ကန့်ကွက်ရှုတ်ချသံများမှာ ပို၍ပို၍ ကျယ်လောင် လာခဲ့သည်။

ချူချင်ဟန်သည် နဖူးကို ကိုင်ကာ အလွန်အမင်း ခေါင်းကိုက်နေခဲ့၏။

ကောင်းကောင်းမွန်မွန် ကျင်းပနေတဲ့ ကဗျာရွတ်ဆိုပွဲက ဘယ်လိုလုပ်ပြီး မျက်တောင်တစ်ခတ်အတွင်းမှာ ဒီလို ဖြစ်သွားရတာလဲ။

ဒီလူရမ်းကားက ဘယ်လိုလုပ်ပြီး ဒီလို ညစ်ညမ်းတဲ့ ကဗျာတစ်ပုဒ်ကို ရွတ်ဆိုနိုင်ရုံသာမက ရှက်ရွံ့ခြင်းမရှိဘဲ လူပုံအလယ်မှာ ပြောထွက်လာရတာလဲ။ ဒါပေမဲ့ သူကလည်း ဖန်ကျန်းရီရဲ့ လူဖြစ်နေတော့ မောင်းထုတ်လို့လည်း မရဘူး။

"အားလုံးပဲ။ အားလုံးပဲ။ ဒီနေ့က ချင်ဟန်ရဲ့ မွေးနေ့ပါ။ အားလုံးပဲ ကျွန်မ မျက်နှာကို ထောက်ထားပေးကြပါ။ ခုနက သခင်လေးကျိုးက သေချာပေါက် အရက်အလွန်အကျွံ သောက်ထားမိလို့ စကားပြောတာ လွတ်ထွက်သွားတာပါ။ အားလုံးက နားလည်ခွင့်လွှတ်ပေးကြဖို့ မျှော်လင့်ပါတယ်။" ချူချင်ဟန်သည် အခြေအနေကို အဆက်မပြတ် ဖြေလျှော့ပေးနေခဲ့၏။

လူအများ၏ စိတ်လှုပ်ရှား ဒေါသထွက်နေမှုအောက်တွင် ဤလူအများစုမှာ နီဝမ်ချွန်း ဖိတ်ခေါ်လာသူများ ဖြစ်နေကြသောကြောင့် မည်သူကမှ ချူချင်ဟန်၏ စကားကို နားမထောင်ကြဘဲ ဆက်လက်၍ မရပ်မနား ဆဲဆိုနေကြဆဲပင်။

ဤမြင်ကွင်းကို မလှမ်းမကမ်းတွင် ရှိနေသော နီဝမ်ချွန်းက အစောကတည်းက အားလုံး မြင်တွေ့ထားခဲ့ပြီး ဖြစ်၏။ သူ၏ နှုတ်ခမ်းထောင့်များမှာ နားရွက်အထိ ပြဲလုမတတ် ပြုံးနေခဲ့၏။

ချူချင်ဟန် ခေါ်လာတဲ့ ဒီလူနှစ်ယောက်စလုံးက အသုံးမကျတဲ့ ကောင်တွေပါလား။ ကြည့်ရတာ ကိုယ့်ဘာသာကိုယ် အပိုတွေ တွေးပူနေခဲ့တာပဲ။

အခုတော့ စွမ်းရည်ပြသရမယ့် အခွင့်အရေး ရောက်လာပြီပေါ့။

ချူချင်ဟန် တစ်ယောက် ဘာလုပ်ရမှန်းမသိ ဖြစ်နေချိန်မှာပင် နီဝမ်ချွန်းသည် လူအုပ်ထဲမှ ထွက်လာကာ အသံကျယ်ကျယ်ဖြင့် ပြောလိုက်၏။ "အားလုံးပဲ ... ဒီနေ့က သခင်မလေး ချူချင်ဟန်ရဲ့ မွေးနေ့ပါ။ ပွဲရှင်ကတောင် ဂရုမစိုက်မှတော့ အားလုံးပဲ ဆက်ပြီး ပြဿနာ မရှာကြပါနဲ့တော့။"

သူ စကားပြောလိုက်သည်နှင့် အခြေအနေမှာ အလွန်လျင်မြန်စွာ ငြိမ်သက်သွားခဲ့ပြီး သူတို့သည် ကျိုးထျဲ့အား တင်းမာသော အကြည့်များဖြင့်သာ စစ်ဆေးကြည့်ရှုနေကြ၏။

နီဝမ်ချွန်းသည် ပို၍ပင် မျက်နှာပွင့်လန်းသွားသလို ခံစားလိုက်ရပြီး ချူချင်ဟန် ရှေ့သို့ လျှောက်သွားကာ ပြုံးလျက် ပြောလိုက်သည်။ "သခင်မလေးချူ ... အခုတော့ ဘာမှ မဖြစ်တော့ပါဘူး။ သခင်မလေး ခဏလောက် အနားယူအုံးမလား။"

ချူချင်ဟန်က အားတင်းပြုံးလျက် ပြောလိုက်၏။ "ကျေးဇူးတင်ပါတယ် သခင်လေးနီ။ ဒါပေမဲ့ ကျွန်မ အဆင်ပြေပါတယ်။ အားလုံး ဆက်လုပ်ကြပါ။"

ပြောနေရင်း သူမသည် ဖန်ကျန်းရီဘက်သို့ ခေါင်းလှည့်ကာ မေးလိုက်သည်။ "သခင်လေးဖန် ... အဲဒါဆို သခင်လေးနဲ့ သခင်လေးရဲ့ သူငယ်ချင်း အရင်ဆုံး နေရာတစ်ခု ရှာပြီး ခဏလောက် နားနေလိုက်ပါလား။ ယိုယီ ... သခင်လေးဖန်အတွက် သီးသန့်နေရာလေး တစ်ခု ရှာပေးလိုက်အုံး။"

ချူယိုယီသည် ခေါင်းကို အနည်းငယ် ညိတ်ပြလိုက်ပြီး ဖန်ကျန်းရီ၏ အင်္ကျီလက်စကို ညင်သာစွာ ဆွဲလိုက်၏။

ဤမတော်တဆ အမူအရာလေးသည် ချက်ချင်းပင် နီဝမ်ချွန်း၏ မျက်လုံးထဲသို့ ရောက်ရှိသွားခဲ့သည်။

အမည်တပ်မရသော ဒေါသမီးတောက်တစ်ခု ရုတ်တရက် လောင်ကျွမ်းလာခဲ့၏။ ငါ့ရဲ့ မိန်းမကို မင်းကများ ထိရဲတယ်ပေါ့လေ။

သူသည် မျက်လုံးများကို မှေးကျဉ်းလျက် ဖန်ကျန်းရီအား ကြည့်ကာ ပြောလိုက်သည်။ "ဒီက သခင်လေးဖန် ... ခုနက ကျုပ် ကြားလိုက်ရတဲ့ သခင်လေး ရွတ်ဆိုသွားတဲ့ ကဗျာက စာပေအရေးအသား အရမ်းကောင်းပါတယ်။ ဒါပေမဲ့ ခေါင်းစဉ်နဲ့တော့ မကိုက်ညီဘူး။ နောက်ထပ် တစ်ပုဒ်လောက် ထပ်ရွတ်ပေးလို့ ရမလား။"

ဖန်ကျန်းရီသည် လှုပ်ရှားရန် ပြင်ဆင်နေပြီဖြစ်ပြီး ထိုစကားကို ကြားလိုက်ရချိန်တွင် ရုတ်တရက် ခြေလှမ်းများ ရပ်တန့်သွားခဲ့၏။

ဒီနေ့က အနည်းငယ် စိတ်အခြေအနေ မကောင်းဖြစ်နေတာကို သေချင်နေတဲ့ ခွေးကောင်က သေနတ်ပြောင်းဝရှေ့ လာတိုးနေသေးတယ်။

သူသည် နောက်သို့ လှည့်ကာ လှောင်ပြောင်သည့် မျက်နှာထားဖြင့် ပြန်မေးလိုက်သည်။ "အကယ်၍ ကျုပ်က မရွတ်နိုင်ဘူးဆိုရင်ရော။"

All Chapters