← Chapters

အခန်း (၇၄၀-၇၄၁)

Vol. 39 Ch. 740-741

အခန်း (၇၄၀-၇၄၁)

Vol. 39 Ch. 740-741

အပိုင်း (၇၄၀) မြို့တော်မှာ ဖန်ကျန်းရီ ဝယ်လို့မရတဲ့အရာဆိုတာ မရှိဘူး။

ချူချင်ဟန်က ဘေးမှနေ၍ အလောတကြီး ပြောလိုက်၏။ "သခင်လေးနီ ... တကယ်ပဲ ကဗျာရွတ်ဖို့ မလိုတော့ပါဘူး။ အဲဒီအစား ချင်ဟန်က သခင်လေးကို အရက်တစ်ခွက်လောက် တိုက်ပါရစေလား။"

သူ၏လေသံတွင် လေးစားမှု အလျဉ်းမရှိသည်ကို ကြားလိုက်ရသည့်အပြင် ချူချင်ဟန်ကပါ ဘေးမှ ဝင်ရောက်ပြောဆိုပေးနေသဖြင့် နီဝမ်ချွန်း၏ ရင်ထဲတွင် ပို၍ပင် မကျေမနပ် ဖြစ်သွားခဲ့၏။

သူသည် ချူချင်ဟန်အား အဖက်မလုပ်ဘဲ ဆက်လက်၍ အတင်းအကျပ် မေးမြန်းလိုက်သည်။ "အစ်ကိုဖန်က သခင်မလေးချူနဲ့ သူငယ်ချင်း မဟုတ်ဘူးလား။ ဘာဖြစ်လို့ မွေးနေ့မှာ ကဗျာတစ်ပုဒ်လေးတောင် နှမြောနေရတာလဲ။ ဒါမှမဟုတ် ခင်ဗျားနဲ့ သခင်မလေးချူက တခြားပတ်သက်မှုများ ရှိနေလို့လား။"

နီဝမ်ချွန်း၏ စကားပြောဆိုမှုသည် အနည်းငယ် စည်းကျော်နေပြီဖြစ်ကြောင်းကို မြင်လိုက်ရသဖြင့် ဖန်ကျန်းရီသည် ပြုံး၍ ပြောလိုက်၏။ "ကျုပ်နဲ့ ချင်ဟန်က သာမန် သူငယ်ချင်းတွေပါပဲ။ ပုံမှန်ဆို အားရင် စကားပြောကြ၊ အတူတူ ထမင်းစားကြတယ်လေ။"

နီဝမ်ချွန်းသည် အသံကို မထိန်းနိုင်ဘဲ မြှင့်ကာ ဖန်ကျန်းရီအား ကျားတစ်ကောင်ပမာ စိုက်ကြည့်လျက် မေးလိုက်သည်။ "ဘာတွေ စကားပြောကြတာလဲ။"

သူ ဒေါသထွက်နေသည်ကို မြင်လိုက်ရသောကြောင့် ဖန်ကျန်းရီသည် သူ့အား အထင်အမြင်သေးသည့် အကြည့်တစ်ချက်ဖြင့် ကြည့်လိုက်၏။

"စကားပြောတယ်ဆိုတာ ... ဟိုအကြောင်း ဒီအကြောင်း အကုန်ပြောကြတာပေါ့။"

ဤနေရာသို့အရောက်တွင် သူက စကားကို ခေတ္တရပ်တန့်လိုက်ပြီးနောက် ဆက်ပြောလိုက်၏။ "ငါးနဲ့ရေလို ကြည်နူးပျော်ရွှင်ရတဲ့ အကြောင်းတွေလေ ... အဲဒါက သခင်လေးနီနဲ့ ဘာများဆိုင်လို့လဲ။"

နီဝမ်ချွန်း၏ လက်သီးမှာ ရုတ်တရက် တင်းကျပ်စွာ ဆုပ်ထားမိလျက် မျက်ဝန်းများထဲမှ မီးတောက်များ ပန်းထွက်လာမတတ် ဖြစ်သွားခဲ့သည်။ "ခင်ဗျား ..."

ငါးနဲ့ရေလို ကြည်နူးပျော်ရွှင်ရတဲ့ အကြောင်းတဲ့လား။ ဒီကောင် သောက်ကျိုးနည်း တမင်တကာ လုပ်နေတာ အသေအချာပဲ။

ထိုသို့တွေးမိသွားသဖြင့် နီဝမ်ချွန်းသည် ချူချင်ဟန်ဘက်သို့ အကြည့်လွှဲလိုက်ရာ သူမ၏ ပန်းရောင်သန်းနေသော မျက်နှာလေးထက်တွင် ငြင်းဆန်လိုသည့် အမူအရာ အနည်းငယ်မျှ မရှိသည်ကို မြင်လိုက်ရသောကြောင့် ရင်ထဲရှိ ဒေါသမီးမှာ ပိုမို ပြင်းထန်လာခဲ့၏။

နီဝမ်ချွန်းသည် ဒေါသကို အတင်းအကျပ် ဖိနှိပ်ထားကာ အသံကိုမြှင့်၍ ပြောလိုက်သည်။ "ခင်ဗျားနဲ့ သခင်မလေးချူရဲ့ ပတ်သက်မှုက ဒီလောက်တောင် ကောင်းနေမှတော့ ကဗျာတစ်ပုဒ် ပိုပြီးတောင် ရွတ်ဆိုသင့်သေးတယ်။ အားလုံးပဲ … ဟုတ်တယ်မလား။"

ဘေးပတ်လည်မှ ထောက်ခံအားပေးသံများ တစ်ခဲနက် ထွက်ပေါ်လာခဲ့၏။ "ဟုတ်တယ်။"

ကိုယ်ကျင့်တရားနဲ့ ဖိအားပေးနေတာလား။

ဖန်ကျန်းရီ၏ မျက်နှာထက်မှ အပြုံးများ ပျောက်ကွယ်သွားပြီး နီဝမ်ချွန်းအား တည့်တည့်စိုက်ကြည့်လျက် မေးလိုက်၏။ "ခင်ဗျား တကယ်ပဲ ကျုပ်ကို ရွတ်ခိုင်းချင်နေတာလား။"

လူအုပ်ကို လှုံ့ဆော်မှု ပြုလုပ်ပြီးသွားသည့် နီဝမ်ချွန်းက ပြုံးစိစိ မျက်နှာထားဖြင့် သူ့အား ကြည့်ကာ ပြောလိုက်သည်။ "ဒါပေါ့။ အကယ်၍ အစ်ကိုဖန်က မရွတ်နိုင်ဘူးဆိုရင်လည်း ကိစ္စမရှိပါဘူး။ ဘာပဲဖြစ်ဖြစ် ကဗျာရွတ်ဆိုချင်စိတ်ဆိုတာ အမြဲတမ်း ဖြစ်ပေါ်နေတတ်တာမျိုးမှ မဟုတ်တာလေ။"

ဖန်ကျန်းရီသည် သက်ပြင်းတစ်ချက်ကို ညင်သာစွာ ချလိုက်၏။ "ဟူး ... ထားလိုက်ပါတော့။ သခင်လေးနီက ကျုပ်ကို ရွတ်ခိုင်းမှတော့ သခင်လေးနီအတွက် ကျုပ်က ကဗျာတစ်ပုဒ် ရွတ်ပြရတာပေါ့။"

ပြောပြီးသည်နှင့် ဖန်ကျန်းရီသည် လူအုပ်ကို တိုးထွက်ကာ အလယ်ဗဟိုသို့ လျှောက်သွားပြီး စားပွဲပေါ်သို့ တက်ရပ်လိုက်သည်။

လူအများ၏ အာရုံစိုက်မှုအောက်တွင် ဖန်ကျန်းရီက လည်ချောင်းဟန့်လိုက်၏။ "စာကြည့်ခန်းထဲမှာ တစ်ယောက်တည်းထိုင်ရင်း လက်ကိုသာ ဇနီးသည်အဖြစ် မှတ်ယူတယ်၊ ဒီအဖြစ်ကို အပြင်လူကိုတော့ ဘယ်တော့မှ မပြောပြဘူး၊ အကယ်၍ ဘယ်ဘက်လက်ကို ညာဘက်လက်နဲ့ အစားထိုးလိုက်ရင်၊ ဒါက ဇနီးကို ကွာရှင်းပြီး နောက်အသစ်တစ်ယောက် ထပ်ယူလိုက်တာနဲ့ အတူတူပဲ၊ ပွတ်သပ်ပြီးရင်း ထပ်ကာထပ်ကာ ပွတ်သပ်နေမိတယ်၊ ခန္ဓာကိုယ်တစ်ခုလုံး ယားယံလာပြီး အရိုးတွေပါ ထုံကျင်လာတော့တယ်၊ မြေပြင်ပေါ်ကို တစ်စက်ပြီးတစ်စက် ကျဆင်းသွားတဲ့အရာတွေ၊ သားသားမြေးမြေး အားလုံးက နီ မျိုးရိုးတွေချည်းပါပဲလား။"

နီ ဟူသော စာလုံးလည်း အဆုံးသတ်သွားရော ကျန်ရှိနေသည့် လူအားလုံးမှာ ကျောက်ရုပ်များသဖွယ် ဖြစ်သွားကြသည်။

ဖန်ကျန်းရီသည် ကဗျာရွတ်ဆိုအပြီးတွင် စားပွဲပေါ်မှ ခုန်ဆင်းလိုက်ပြီး နီဝမ်ချွန်းအား အဓိပ္ပာယ်ပါသော အကြည့်ဖြင့် ကြည့်လျက် မေးလိုက်၏။ "သခင်လေးနီ ... ကျုပ်ရဲ့ ဒီကဗျာက ဘယ်လိုနေလဲ။"

ဤကဗျာသည် သူ တက္ကသိုလ်တက်စဉ်က အလွတ်ကျက်မှတ်ထားခဲ့သော အောက်ခြေသိမ်း ကဗျာကောင်း တစ်ပုဒ် ဖြစ်ပြီး တစ်ခါကြားဖူးရုံဖြင့် ဘယ်တော့မှ မေ့ပျောက်မသွားနိုင်ပေ။ လူပုံအလယ်တွင် ထုတ်ဖော် ပြောဆိုရန် မသင့်တော်သည့်အရာ ဖြစ်သော်လည်း ယနေ့တွင်မူ အသုံးဝင်လာလိမ့်မည်ဟု မထင်ထားခဲ့မိချေ။

နောက်ထပ် ညစ်ညမ်းကဗျာ တစ်ပုဒ် ဖြစ်နေသော်လည်း ... ကျိုးထျဲ့ ရွတ်ဆိုသွားသည့် ကဗျာလောက်တော့ ရိုင်းစိုင်းကြမ်းတမ်းမှု မရှိသည်မှာ သိသာထင်ရှားလှ၏။

လူတစ်စုမှာ ရယ်ချင်စိတ်ကို အတင်းအောင့်ထားကြပြီး အကြည့်များက နီဝမ်ချွန်းဆီသို့ မကြာခဏ ရောက်ရှိသွားကြသည်။

နီဝမ်ချွန်းမှာမူ အစောကတည်းက တစ်ကိုယ်လုံး တုန်ယင်နေခဲ့ပြီး မျက်လုံးများ ပြူးကျယ်လျက် ဖန်ကျန်းရီအား လက်ညှိုးထိုးကာ တုန်တုန်ယင်ယင်ဖြင့် ပြောလိုက်၏။ "ခင်ဗျား ... ခင်ဗျား အတင့်ရဲလှချည်လား ..."

ဖန်ကျန်းရီက ဂရုမစိုက်သည့်ဟန်ဖြင့် ပခုံးတွန့်ပြလိုက်သည်။

ဒေါသတကြီး အော်ဟစ်သံနှင့်အတူ နီဝမ်ချွန်းသည် ရုတ်တရက် ရှေ့သို့ ခုန်အုပ်လာခဲ့၏။ "ခင်ဗျားက ကျုပ်ကို စော်ကားရဲတယ်ပေါ့။"

ကံကောင်းထောက်မစွာဖြင့် ဘေးပတ်လည်ရှိ လူများက သူ့အား အချိန်မီ ဆွဲထားနိုင်ခဲ့ပြီး မရပ်မနား ဖျောင်းဖျ နှစ်သိမ့်ပေးနေကြသည်။

ချူညီအစ်မ နှစ်ယောက်သည်လည်း ဘာလုပ်ရမှန်းမသိ ဖြစ်နေကြပြီး ချူယိုယီက ကြောင်အမ်းအမ်းဖြင့် မေးလိုက်၏။ "အစ်မ ... ခုနက ကဗျာက ဘာအဓိပ္ပာယ်လဲ။"

ချူချင်ဟန်သည် မျက်နှာလေး ရဲတွတ်နေလျက် ဖန်ကျန်းရီအနီးသို့ လျှောက်သွားကာ စိုးရိမ်တကြီးဖြင့် ပြောလိုက်သည်။ "မမေးနဲ့။ သခင်လေးဖန် ... ကျေးဇူးပြုပြီး တော်လိုက်ပါတော့။ ဒီနေ့ သခင်လေးကို အိမ်အရင် ပြန်ဖို့ တောင်းဆိုပါရစေလား။"

ကိစ္စတွေက ဒီအခြေအနေအထိ ရောက်နေပြီကို ငါက ဘယ်လိုလုပ်ပြီး အိမ်ပြန်ရမှာလဲ။

ဖန်ကျန်းရီသည် သူမအား မျက်စောင်းတစ်ချက် ထိုးကြည့်လိုက်၏။ "ကျုပ်က မင်းအတွက် သူ့ရဲ့ အရည်အချင်းကို စမ်းသပ်ပေးနေတာလေ။ ကြည့်စမ်း၊ ကျုပ်က အလွယ်တကူ စကားနှစ်ခွန်းလောက် ပြောလိုက်တာနဲ့ သူ ဒီလောက်တောင် ဒေါသထွက်သွားပြီ။ ဒီလူက လုံးဝကို လူကောင်းမဟုတ်ဘူး။ မင်း တကယ်ပဲ ဖြေရှင်းနိုင်တယ်လို့ သေချာလို့လား။"

ချူချင်ဟန်သည် ငိုရခက် ရယ်ရခက် ဖြစ်သွားခဲ့သည်။

ဒေါသထွက်သွားရတာ ရှင်က သွားဆွလိုက်လို့ မဟုတ်ဘူးလား။ ဘယ်လူကောင်းကများ လူပုံအလယ်မှာ ဒီလိုပြောခံရတာကို ဒေါသမထွက်ဘဲ နေမှာလဲ။

နီဝမ်ချွန်းသည် လူအများ၏ ဆွဲထားမှုအောက်တွင် သတိအနည်းငယ် ပြန်လည် ဝင်ရောက်လာခဲ့ပြီး အင်္ကျီကို သေသပ်စွာ ပြင်ဆင်လိုက်ကာ အသက်ရှူသံ ပြင်းပြင်းဖြင့် မေးလိုက်၏။ "ဖန်ထန်ကျင့် ... ကျုပ် ဘယ်သူလဲဆိုတာ ခင်ဗျား သိလား။"

ဖန်ကျန်းရီက နှုတ်ခမ်းကို တွန့်ပြလိုက်သည်။

စိတ်နေသဘောထားက သိပ်မကောင်းလှဘူးပဲ။ ဤမျှလောက်နှင့်ပင် သူ့ကိုယ်သူ ဘယ်ကလာသလဲဆိုသည်ကို ထုတ်ကြွားနေသည်။ သို့ပေမည့် ဒါကလည်း ယုတ္တိရှိပေသည်။ မည်သို့သော လူကောင်းက မိန်းကလေးတစ်ယောက်၏ အိမ်ရှေ့တံခါးပေါက်ကို နေ့တိုင်း သွားပိတ်နေမည်နည်း။ ပညာကောင်းကောင်း မသင်ခဲ့၍သာ ဖြစ်ပေလိမ့်မည်။

စိတ်ထဲတွင် ကဲ့ရဲ့ပြောဆိုပြီးနောက် ဖန်ကျန်းရီက လက်သီးဆုပ်လျက် ပြောလိုက်၏။ "သခင်လေးနီ … လွန်သွားခဲ့ရင် ခွင့်လွှတ်ပါ။ ခုနကဟာက ကစားစရာ ကဗျာတစ်ပုဒ်ပါ။

ဒီနေ့က ချင်ဟန်ရဲ့ မွေးနေ့ဆိုတော့ အားလုံးက ပျော်ရွှင်ဖို့ ထွက်လာကြတာလေ။ ကျုပ် ကဗျာတစ်ပုဒ် ရွတ်လိုက်ရုံနဲ့ ခင်ဗျားက ဒေါသထွက်သွားတာတော့ မဟုတ်ဘူးမလား။ မဟုတ်ဘူးမလား။ တကယ်ကြီး မဟုတ်ဘူးမလား။"

မဟုတ်ဘူးမလား ဟူသော စကားလုံးများသည် နီဝမ်ချွန်း၏ ခေါင်းထဲတွင် အကြိမ်ကြိမ် ပဲ့တင်ထပ်နေခဲ့သည်။ ယခုအချိန်တွင် သူသည် အခြားမည်သည့်အရာကိုမျှ မတွေးချင်တော့ဘဲ ဖန်ကျန်းရီအား ဓားနှင့်သာ ထိုးသတ်ချင်နေတော့သည်။

သောက်ကျိုးနည်း လောကကြီးထဲမှာ ဒီလောက်တောင် အောက်တန်းကျတဲ့ ခွေးကောင်မျိုး ဘယ်လိုလုပ်ပြီး ရှိနေရတာလဲ။

သို့သော် မျက်လွှာပင့်ကြည့်လိုက်ချိန်တွင် ချူချင်ဟန်၏ ရေကြည်လင်ကဲ့သို့ မျက်ဝန်းအစုံက သူ့အား ကြည့်နေသည်ကို မြင်လိုက်ရသောအခါ သတိပြန်လည် ဝင်ရောက်လာခဲ့ပြန်သည်။ သူသည် အံကြိတ်ကာ ပြောလိုက်၏။

"အစ်ကိုဖန်ရဲ့ ဒီနောက်ပြောင်မှုက အနည်းငယ် လွန်သွားခဲ့ပြီ။ ဒါပေမဲ့ ခင်ဗျားပြောတာလည်း အကြောင်းပြချက် ရှိပါတယ်။ ဒီနေ့က ချင်ဟန်ရဲ့ မွေးနေ့ဆိုတော့ နောက်ရက်မှပဲ ကျုပ်တို့ ကဗျာလင်္ကာ ဖလှယ်ကြရင် ဘယ်လိုလဲ။"

"သခင်လေးနီက တကယ်ကို သဘောထားကြီးတာပဲ။"

နီဝမ်ချွန်း၏ ရင်ထဲတွင် နောင်တရနေခဲ့သည်။

ဒီခွေးကောင်နဲ့ အရင် စကားမပြောသင့်ဘူးဆိုတာ စောစောကတည်းက သိခဲ့သင့်တာ။ အခုတော့ ငွေစက္ကူ နှစ်ရာပေးပြီး ဝယ်ထားတဲ့ ကဗျာတွေကို ထုတ်သုံးဖို့ အဆင်မပြေဖြစ်သွားခဲ့ပြီ။

ယခုအချိန်တွင် ဂုဏ်သိက္ခာ ပုံရိပ်ကို ပြန်လည်ဆယ်ယူနိုင်မည့် နည်းလမ်း တစ်ခုတည်းသာ ရှိတော့၏။

နီဝမ်ချွန်းသည် ရင်ခွင်ထဲမှ ပိုးထည်သေတ္တာလေး တစ်လုံးကို ထုတ်ယူလိုက်ပြီး ချူချင်ဟန်၏ ရှေ့သို့ ဖြည်းညင်းစွာ လျှောက်သွားကာ တည်ကြည်သော မျက်နှာထားဖြင့် ပြောလိုက်သည်။ "ချင်ဟန် ... ဒီနေ့က မင်းရဲ့ မွေးနေ့ဆိုတော့ မင်းအတွက် အထူးတလည် လက်ဆောင်ကြီးတစ်ခု ပြင်ဆင်ထားတယ်။ မင်း သဘောကျမယ်လို့ မျှော်လင့်ပါတယ်။"

ချူချင်ဟန်က အလောတကြီး ငြင်းဆန်လိုက်၏။ "မယူဝံ့ပါဘူး။ သခင်လေးနီကို ဘယ်လိုလုပ်ပြီး ငွေကုန်ကြေးကျ ခံခိုင်းလို့ရမှာလဲ။"

နီဝမ်ချွန်းက နူးညံ့သော လေသံဖြင့် ပြောလိုက်သည်။ "မင်း အရင် ဖွင့်ကြည့်ပြီးမှ ပြောပါ။"

ချူချင်ဟန်သည် တစ်ခဏမျှ တွေဝေသွားပြီးနောက် ပိုးထည်သေတ္တာလေးကို ဖွင့်ကြည့်လိုက်ရာ အတွင်း၌ ရွှေရောင်ဝင်းလက်နေသော အရာတစ်ခုကို မြင်လိုက်ရသဖြင့် မေးလိုက်၏။ "ဒါက ဘာပစ္စည်းလဲ။"

နီဝမ်ချွန်းသည် ဂုဏ်ယူဝင့်ကြွားသော အပြုံးတစ်ခုကို ဖော်ပြလျက် အသံကို အနည်းငယ် မြှင့်၍ ပြောလိုက်သည်။ "ဒီပစ္စည်းရဲ့ နာမည်က အိတ်ဆောင်နာရီလို့ ခေါ်တယ်။ နံရံကပ်နာရီတွေနဲ့ အလုပ်လုပ်ပုံ အတူတူပဲ။ အရင်တုန်းက နန်းတော်ထဲက အမတ်ကြီးတွေပဲ ဒီပစ္စည်းကို ဝတ်ဆင်ခွင့် ရှိခဲ့တာ။ လတ်တလောမှ တောက်ယွမ်ခရိုင် အတွင်းမှာ အသစ်ထွက်ပေါ်လာတာဆိုတော့ ထုတ်လုပ်မှုကလည်း အရမ်းနည်းတယ်။ တန်ဖိုးကလည်း ရွှေထောင်သောင်းမက တန်ဖိုးရှိတယ်။ အရပ်သားတွေထဲမှာ ဒီပစ္စည်းကို ပိုင်ဆိုင်ထားတဲ့သူက လက်ဆယ်ချောင်းစာတောင် မပြည့်ဘူး။"

စကားဆုံးသည်နှင့် ဘေးပတ်လည်မှ အံ့သြတကြီး ရေရွတ်သံများ ချက်ချင်း ထွက်ပေါ်လာခဲ့၏။

အားလုံးက စာပေပညာရှင်များ ဖြစ်ကြရာ အိတ်ဆောင်နာရီ၏ နာမည်မှာ မိုးကြိုးပစ်ချလိုက်သကဲ့သို့ နားထဲတွင် ပဲ့တင်ထပ်သွားကြသည်။ အမတ်ကြီးများသာလျှင် ဝတ်ဆင်ခွင့်ရှိသော ပစ္စည်းတစ်ခု မဟုတ်ပါလား။

အရပ်သားများ၏ ဈေးကွက်ထဲသို့ ယခုမှ စတင်ထွက်ပေါ်လာသည် ဆိုစေကာမူ သာမန်လူများ လက်လှမ်းမီနိုင်မည့် အရာမျိုး မဟုတ်ပေ။

နီဝမ်ချွန်းက ယနေ့ လက်ဆောင်ပေးမည်ဟု သိထားခဲ့ကြသော်လည်း ဤမျှလောက် ကြီးမားလှသော လက်ဆောင်ကြီး ဖြစ်နေလိမ့်မည်ဟု မထင်ထားခဲ့မိကြချေ။

ကြည့်ရသည်မှာ မိန်းမတစ်ယောက်အတွက် တကယ်ကို အရင်းအနှီး အများကြီး ထုတ်သုံးလိုက်ပုံရသည်။

ချူချင်ဟန်သည် အိတ်ဆောင်နာရီကို ကြည့်ရင်း အမူအရာမှာ ထူးဆန်းနေခဲ့၏။

သူမသည် ဤပစ္စည်းကို ပထမဆုံး မြင်လိုက်ရချိန်မှာပင် အနည်းငယ် ရင်းနှီးနေသကဲ့သို့ ခံစားလိုက်ရသည်။ နီဝမ်ချွန်းက တောက်ယွမ်ခရိုင်ဟု ပြောလိုက်ချိန်မှသာ ဖန်ကျန်းရီထံတွင် မြင်တွေ့ခဲ့ဖူးကြောင်းကို သတိရသွားတော့သည်။

တကယ်တော့ ဒီပစ္စည်းက ဒီလောက်တောင် ဈေးကြီးတာလား။ သို့ပေမည့် ဖန်ကျန်းရီ၏ မျက်လုံးထဲတွင်တော့ ဘာမှမဟုတ်လောက်ပေ။

ထိုသို့ တွေးမိလိုက်ချိန်တွင် ချူချင်ဟန်သည် နီဝမ်ချွန်း၏ ပုံရိပ်မှာ ရုတ်တရက် အောက်ခြေအထိ ထိုးကျသွားသလို ခံစားလိုက်ရ၏။

ဖန်ကျန်းရီသည် ခွးခနဲ ရယ်မောလိုက်မိပြီး နီဝမ်ချွန်းအပေါ်တွင် သဘောကျမှုက နှစ်ဆတိုးလာခဲ့သည်။

ဤကဲ့သို့သော ငွေကြေးသုံးစွဲသူ ငတုံးငအမျိုးကို သူ မချစ်ဘဲ မနေနိုင်အောင် ဖြစ်သွားရသည်ပင်။

ရယ်မောသံကို ကြားလိုက်ရသဖြင့် နီဝမ်ချွန်းသည် ဖန်ကျန်းရီဘက်သို့ ချက်ချင်း ခေါင်းလှည့်ကြည့်ကာ အေးစက်စက် အသံဖြင့် မေးလိုက်၏။ "အစ်ကိုဖန်က ကျုပ်ရဲ့ ဒီလက်ဆောင်ကို အရမ်း ရယ်စရာကောင်းတယ်လို့ ထင်နေတာလား။"

ဖန်ကျန်းရီက ရင်ထဲမှ လှိုက်လှိုက်လှဲလှဲ ချီးကျူးလိုက်သည်။ "ကောင်းလိုက်တာ။ အစ်ကိုနီလို အရသာရှိတဲ့ လူမျိုးကို ကျုပ် တကယ်ပဲ လေးစားသွားပြီ။"

စေတနာအပြည့်ဖြင့် ပြောလိုက်သော စကားကောင်း ဖြစ်သော်လည်း နီဝမ်ချွန်း၏ နားထဲတွင်တော့ လှောင်ပြောင်နေသကဲ့သို့ သိသာထင်ရှားနေသဖြင့် ပြက်ရယ်ပြုလျက် မေးလိုက်၏။ "သခင်မလေးချူက အစ်ကိုဖန်ရဲ့ သူငယ်ချင်းဆိုတော့ အစ်ကိုဖန်ကရော ဒီနေ့ ဘာလက်ဆောင်တွေ ပြင်ဆင်လာခဲ့လဲ။"

ဖန်ကျန်းရီသည် မေးစေ့ကို ပွတ်သပ်လျက် ပြောလိုက်သည်။ "အို ... လောလောနဲ့ လာခဲ့ရလို့ ဝယ်ဖို့ မေ့သွားတယ်။ ဒါပေမဲ့ ချင်ဟန်ရဲ့ တစ်နှစ်မှာ တစ်ခါပဲ ရှိတဲ့ မွေးနေ့ဆိုမှတော့ သေချာပေါက် ခမ်းခမ်းနားနားတော့ ဖြစ်ရမှာပေါ့။ ဒီလိုလုပ်ပါလား ... ချင်ဟန် မင်း ဘာသဘောကျလဲ။ ကျုပ် အခုပဲ လူလွှတ်ပြီး သွားဝယ်ခိုင်းလိုက်မယ်။ ဘာဖြစ်ဖြစ် ရတယ်၊ ဈေးနှုန်းက ကိစ္စမရှိဘူး။"

ချူချင်ဟန်က သဘာဝကျစွာပင် ငြင်းဆန်လိုက်၏

နီဝမ်ချွန်း၏ မျက်နှာထက်တွင် လှောင်ပြောင်သည့် အမူအရာများ ပေါ်ထွက်လာခဲ့သည်။ ဒီဆင်းရဲသားက အခုချိန်ထိ ကြက်သွန်ဖြူခေါင်းကြီးလို ဟန်ဆောင်နေသေးတယ်ပေါ့လေ။

"ကြည့်ရတာ အစ်ကိုဖန်က အိမ်မှာ ပိုင်ဆိုင်မှု အရမ်းများပုံရတယ်။"

ဖန်ကျန်းရီက ပခုံးတွန့်ပြလိုက်၏။ "ဒါပေါ့၊ မြို့တော်ထဲမှာ ရောင်းဖို့ ထုတ်ထားနိုင်တဲ့ ပစ္စည်းမှန်သမျှ ကျုပ် ဝယ်လို့မရနိုင်တာ မရှိဘူးလို့ ထင်တယ်။ အိတ်ဆောင်နာရီကလည်း ဝယ်ဖို့ သိပ်မခက်ခဲပါဘူးလေ။"

အခုထိ အရှက်မရှိ ကြွားလုံးထုတ်နေတုန်းလား။

နီဝမ်ချွန်းက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ "အစ်ကိုဖန်က တကယ်ကို လေလုံးထွားတာပဲ။ ဒါပေမဲ့ ခင်ဗျားမှာ ဒီလောက်တောင် ယုံကြည်မှု ရှိနေမှတော့ ကျွမ်းယွမ်ထီရဲ့ ပထမဆုကို သွားဝယ်ပြီး သခင်မလေးချူကို လက်ဆောင်ပေးလိုက်ရင် မကောင်းဘူးလား။ အခုညက ကွက်တိ ထီထွက်မယ့်အချိန်ပဲ။ ဝယ်လို့ရသမျှ အကုန် ဝယ်နိုင်တယ်လို့ ခင်ဗျားပဲ ပြောထားတာ မဟုတ်ဘူးလား။"

အပိုင်း (၇၄၁) ဖန်ကျန်းရီရဲ့ ခြေထောက်ကို ရိုက်ချိုးပစ်မယ်။

နီဝမ်ချွန်းသည် စကားပြောပြီးနောက် နှုတ်ခမ်းထောင့်တွင် မာယာပါသော အပြုံးတစ်ခုဖြင့် ဖန်ကျန်းရီအား ကြည့်နေခဲ့၏။

ထိုကျွမ်းယွမ်ထီမှာ ပေါက်ရန် အလွန်ခက်ခဲကြောင်း နာမည်ကြီးလှပေသည်။ ဤမျှနှစ်ပေါင်းများစွာ ကြာလာသည့်တိုင်အောင် ပထမဆု ပေါက်သူ ရှိကြောင်း မကြားဖူးခဲ့ချေ။

အခု ခင်ဗျား .. ဖန်ထန်ကျင့် ကိုယ်တိုင် ပါးစပ်ကနေ အချိုးမပြေတဲ့ စကားတွေ ပြောထွက်လာမှတော့ ကျုပ်ကို အပြစ်တင်လို့ မရတော့ဘူးပေါ့။

ဖန်ကျန်းရီမှာမူ မျက်နှာတွင် ခံစားချက်မရှိသော်လည်း ရင်ထဲတွင်တော့ နီဝမ်ချွန်းအပေါ် ပို၍ပင် သဘောကျသွားခဲ့သည်။

ဒီကောင်လေးက တကယ့်ကို ပါရမီရှင်ပဲ ... မွေးရာပါ ပွဲကို ဆွဲတင်ပေးမယ့်သူပါလား။

ဘယ်လိုလုပ်ပြီး ငါ့ရဲ့ စီးပွားရေး လုပ်ငန်းတွေဆီပဲ လာလာတိုးနေရတာလဲ။ တမင်တကာ လုပ်နေသလိုမျိုးပဲ။

ဘေးပတ်လည်ရှိ လူအုပ်ကြီး၏ စိတ်ဝင်စားမှုမှာ အလွန်အမင်း မြင့်တက်လာခဲ့ပြီး ချူချင်ဟန်သည် ဘယ်ညာ လှည့်ကြည့်ကာ ရင်ထဲတွင် ပို၍ စိုးရိမ်ပူပန်လာခဲ့၏။

သူမသည် ရှေ့သို့ တိုးလာကာ ဖန်ကျန်းရီ၏ အင်္ကျီစွန်းကို ညင်သာစွာ ဆွဲလျက် ခပ်တိုးတိုး ပြောလိုက်သည်။ "သခင်လေးဖန် ... တော်လိုက်ပါတော့။"

နီဝမ်ချွန်းသည် ထိုမြင်ကွင်းကို မြင်လိုက်ရသဖြင့် ရင်ထဲတွင် ပို၍ ဒေါသထွက်သွားကာ ချက်ချင်း အော်ဟစ်လိုက်၏။ "ဘယ်လိုလဲ ... တကယ်ပဲ ဝယ်နိုင်လား၊ မဝယ်နိုင်ဘူးလား။"

ဖန်ကျန်းရီသည် ချူချင်ဟန်၏ လက်ကို ညင်သာစွာ ဖယ်ရှားလိုက်ပြီး လက်နှစ်ဖက်ကို ပိုက်ကာ ပြောလိုက်သည်။ "ပြဿနာ မရှိပါဘူး။ ကျုပ် အခုပဲ လူလွှတ်ပြီး သွားဝယ်ခိုင်းလိုက်မယ်။ ဒါပေမဲ့ ... သခင်လေးနီ ... ခင်ဗျားနဲ့ ကျုပ်ကြားမှာ လောင်းကြေးလေး တစ်ခုလောက် လုပ်ရင် ဘယ်လိုလဲ။"

"ကောင်းပြီ။ ဘာလောင်းချင်တာလဲ။"

ဖန်ကျန်းရီက စကားလုံးတစ်လုံးချင်းစီကို ပီပီသသ ပြောလိုက်၏။ "အကယ်၍ ကျုပ် ဝယ်နိုင်ခဲ့ရင် ခင်ဗျား နောက်ဆို ချူချင်ဟန်ရဲ့ ရှေ့မှာ ထပ်ပေါ်မလာရဘူးဆိုရင် ဘယ်လိုလဲ။ အကယ်၍ ကျုပ်ရှုံးသွားရင် ခင်ဗျား လုပ်ချင်တာ ဘာမဆို အကုန်လုပ်လို့ရတယ်။"

ဒီကောင်လေးက ချူညီအစ်မ နှစ်ယောက်နဲ့ ပတ်သက်မှု ရှိနေတာ သေချာသွားပြီ။

နီဝမ်ချွန်းသည် အလွန်အမင်း ဒေါသထွက်နေလျက်မှ ရယ်မောလိုက်၏။ "ကောင်းပြီ။ အစ်ကိုဖန်က တကယ်ကို သတ္တိရှိတာပဲ။ ဒါဆိုလည်း ကျုပ် စောင့်ကြည့်နေလိုက်မယ်။"

ဖန်ကျန်းရီသည် ကျိုးထျဲ့အား မျက်စပစ်ပြလိုက်ပြီး ချူချင်ဟန်၏ တားဆီးပြောဆိုနေမှုများကို ဂရုမစိုက်ဘဲ လှည့်ထွက်သွားတော့သည်။

သူတို့နှစ်ဦး လူသူကင်းမဲ့သော ထောင့်တစ်နေရာသို့ ရောက်ရှိသွားချိန်တွင် ကျိုးထျဲ့သည် မစောင့်ဆိုင်းနိုင်တော့ဘဲ မေးလိုက်၏။ "သခင်လေး ... ဒီပထမဆုကို ဘယ်လို ဝယ်ရမှာလဲ။ နံပါတ်စဉ် အားလုံးကို တစ်စုံစီ ဝယ်လိုက်ဖို့ ရနိုင်ပါ့မလား။"

"ဘာတွေ ဝယ်နေရအုံးမှာလဲ။ သတင်းစာတိုက်ကို တိုက်ရိုက်သွားပြီး ရှဲ့ရှန်းကို ရှာလိုက်။ ကျုပ်အတွက် ပထမဆု တစ်စောင် ရိုက်နှိပ်ခိုင်းလိုက်။ ပြီးတော့ ထီထွက်မယ့်အချိန် လွန်သွားရင် သက်သေလူကြီး တစ်ယောက် ခေါ်လာခဲ့။"

"အယ် ... ဒါဆို အခု ထီမထွက်ရသေးဘူးလေ။ ထီမထွက်ရသေးဘဲနဲ့ ဘယ်လိုလုပ်ပြီး ပထမဆု ပေါက်မှာလဲ။" ကျိုးထျဲ့က ခေါင်းကုတ်ရင်း မေးလိုက်သည်။

ဖန်ကျန်းရီက ရယ်မောလျက် ပြောလိုက်၏။ "ဟဲဟဲ ... အားလုံးက အတွင်းကနေ ကြိုသတ်မှတ်ထားပြီးသားပါ။ စနစ်တစ်ခုလုံးနဲ့ မဲနှိုက်တဲ့ သေတ္တာယန္တရားကိုပါ အမျိုးမျိုး ပြောင်းလဲထားပြီးပြီ။ အခု မဲနှိုက်တဲ့ အခွံကလွဲရင် ကျန်တာအားလုံးက အတုတွေချည်းပဲ။"

ကျိုးထျဲ့က အံ့အားသင့်စွာဖြင့် မေးလိုက်သည်။ "သခင်လေး ... ဒါက အရမ်း မည်းမှောင်လွန်းမနေဘူးလား ... လွဲချော်သွားတဲ့ အချိန်တွေရော မရှိဘူးလား။"

ဖန်ကျန်းရီက ပြုံးနေသော်လည်း စကားတစ်ခွန်းမျှ မဆိုချေ။

ယခုခေတ်ကာလတွင် အတုပြုလုပ်ရန်မှာ အလွန်လွယ်ကူလွန်းလှပေသည်။ ပထမဆုကို အပြင်လူများ အများအပြား ထုတ်ယူမသွားစေရန် လက်မှတ်ဝယ်ယူသူများအားလုံး၏ လက်မှတ်နံပါတ်များကို ကြိုတင် စာရင်းကောက်ယူထားရသည်။

ထို့အပြင် ယခုအချိန်တွင် ရောင်းအားမှာ အလွန်နည်းပါးလွန်းလှပြီး တစ်နေ့လျှင် လက်မှတ်စောင်ရေ သောင်းဂဏန်းမျှသာ ရှိသောကြောင့် လူကိုယ်တိုင် စာရင်းကောက်ယူရသည်မှာ နောင်ခေတ်ကာလများမှ ကွန်ပျူတာဖြင့် စာရင်းကောက်ယူသည်ထက်ပင် ပိုမို မြန်ဆန်နိုင်၏။

ဖျော်ဖြေရေး အစီအစဉ်များကဲ့သို့ပင် အားလုံးက ဇာတ်ညွှန်းအတိုင်း ဖြစ်နေမှတော့ လွဲချော်သွားသော အချိန်ဆိုသည်မှာ ရှိနိုင်ပါဦးမည်လား။ အလွန်ကို ရှားပါးလွန်းလှပေမည်။

"ကျုပ်တို့ လူတွေ အလုပ်သမား ဝတ်စုံဝတ်ပြီး ဆုလာထုတ်တုန်းက နှစ်ခါလောက်တော့ လွဲသွားဖူးတယ်။ အကြောင်းပြချက် တစ်ခုရှာပြီးတော့ ဖုံးကွယ်သွားလိုက်တာပေါ့။ ခင်ဗျား အဲဒီလောက် အများကြီး ဂရုစိုက်မနေနဲ့၊ သွားတော့။"

ကျိုးထျဲ့သည် အမိန့်ကို ရရှိပြီးနောက် အလျင်အမြန် ထွက်ခွာသွားတော့သည်။

သူ လှည့်ထွက်သွားသည်နှင့် တစ်ပြိုင်နက် ချူချင်ဟန်နှင့် ချူယိုယီတို့၏ လှပသော အရိပ်အယောင်လေးများက ဖန်ကျန်းရီ၏ အရှေ့တွင် ထပ်မံ ထွက်ပေါ်လာခဲ့၏။

ချူချင်ဟန်က သက်ပြင်းချကာ ပြောလိုက်သည်။ "အမတ်မင်းဖန် ... ဒီလောက်နဲ့ပဲ တော်လိုက်ကြရအောင်။ ချင်ဟန်က ဒီနေရာကနေပဲ ကျေးဇူးတင်ပါတယ်။ သခင်လေးနီက နောက်ဆို လာမနှောင့်ယှက်တော့ရင်တောင် သူ့ရဲ့ သူငယ်ချင်းတွေက အလွယ်တကူ လက်လျှော့ကြမှာ မဟုတ်ဘူး။"

ဖန်ကျန်းရီသည် မျက်လွှာပင့်ကြည့်လိုက်ပြီး ပြောလိုက်၏။ "ဘာဖြစ်လို့လဲ။ သူ့သူငယ်ချင်းတွေက ရည်ရွယ်ချက်ရှိရှိနဲ့ ပြဿနာလာရှာမှာကို မင်း ကြောက်နေတာလား။ စိတ်ချပါ၊ ကျုပ်က အလုပ်လုပ်ရင် အမြဲတမ်း သန့်ရှင်းတယ်။ နောက်ဆို မင်းတို့ ညီအစ်မကို လာနှောင့်ယှက်မယ့်သူ မရှိစေရဘူးလို့ ကျုပ် အာမခံတယ်။"

"မဟုတ်ဘူး ... အဲဒါက ..."

ချူချင်ဟန်သည် စကားပြောရန် ပြင်လိုက်သော်လည်း ရပ်တန့်သွားကာ ရင်ထဲတွင် အနည်းငယ် ခံစားရခက်နေခဲ့သည်။

စကားကိုတော့ နားထောင်လို့ကောင်းအောင် ပြောနိုင်ပါရဲ့။ ဒါပေမဲ့ ရှင်က နန်းတော်ထဲက အရေးကြီးတဲ့ အမတ်တစ်ယောက် ဖြစ်ပြီး နေ့တိုင်း အလုပ်တွေ ရှုပ်နေတာကို။ တစ်ခဏတာ ဖြေရှင်းပေးနိုင်ပေမဲ့ တစ်သက်လုံး ဘယ်လိုလုပ်ပြီး ဖြေရှင်းပေးနိုင်မှာလဲ။

ကျွန်မတို့ကို နေ့တိုင်း လူလွှတ်ပြီး စောင့်ကြည့်ပေးထားနိုင်လို့လား။ ဒီအခြေအနေအတိုင်းဆိုရင် ကိုယ့်ပြဿနာကို ကိုယ်တိုင်ဖြေရှင်းလိုက်တာက ပိုပြီး အဆင်ပြေနိုင်အုံးမယ်။

နောင်ကျရင်လည်း ဒီလိုကိစ္စမျိုးတွေနဲ့ ထပ်ကြုံတွေ့ရဖို့ ရှောင်လွှဲလို့ မရနိုင်ပါဘူး။ ဘာပဲဖြစ်ဖြစ် ယူတိန့်မြို့မှာတုန်းကလည်း သူမကို လာနှောင့်ယှက်သူတွေ မနည်းခဲ့ဘူး နောက်ဆုံးတော့လည်း ဖြေရှင်းနိုင်ခဲ့တာချည်းပဲလေ။

ဖန်ကျန်းရီသည် သူမ၏ မျက်နှာအမူအရာမှာ အနည်းငယ် ဗျာများနေသည်ကို မြင်လိုက်ရသဖြင့် မေးလိုက်သည်။ "မင်းရဲ့ အဓိပ္ပာယ်က ဘာလဲဆိုတာကို တိုက်ရိုက်သာ ပြောလိုက်ပါ။"

ချူချင်ဟန်က ခေါင်းခါပြလိုက်၏။ "ဘယ်လိုပဲဖြစ်ဖြစ် အမတ်မင်းဖန် အနေနဲ့ သူ့ကို ထွက်ပေါက်တစ်ခုလောက် ပေးလိုက်ဖို့ တောင်းဆိုပါရစေ။ ကျန်တာတွေကို ချင်ဟန်ကပဲ ကိုယ်တိုင် ဖြေရှင်းလိုက်မယ်ဆိုရင်ရော။"

ဖန်ကျန်းရီ၏ ရင်ထဲတွင် အမည်တပ်မရသော ဒေါသမီးတောက်လေးတစ်ခု တောက်လောင်လာခဲ့သည်။

ကိုယ်က လူကို ကူညီပေးနေတာကို အကြိမ်ကြိမ် ငြင်းဆန်ခံနေရတယ်။ ပြီးတော့ တစ်ဖက်လူကို ထွက်ပေါက်ပါ ပေးရအုံးမယ်တဲ့လား။

ဘယ်တုန်းက သူ ဒီလိုမျိုး အဓိပ္ပာယ်မရှိတဲ့ ကိစ္စတွေနဲ့ ကြုံတွေ့ခဲ့ဖူးလို့လဲ။

ပိုတွေးလေလေ ပို၍ ဒေါသထွက်လာလေလေ ဖြစ်ကာ ဖန်ကျန်းရီသည် မျက်လွှာပင့်လျက် ချူချင်ဟန်အား ကြည့်လိုက်သည်။ သူမ၏ အမူအရာမှာ ခိုင်မာနေသည်ကို မြင်လိုက်ရသောကြောင့် ဒေါသတကြီး ပြောလိုက်၏။ "မင်း သူတို့ကို ပြဿနာရှာမိရင် နောက်ဆို မြို့တော်မှာ စီးပွားရေး လုပ်ရတာ အဆင်မပြေဖြစ်မှာကို ကြောက်နေတာလား။ ဒါလည်း ဟုတ်တာပါပဲ။ မင်း မြို့တော်ကို ရောက်လာတာ သိပ်မကြာသေးပေမဲ့ မြို့တော်က နာမည်ကြီး ပုဂ္ဂိုလ်တွေ အများကြီးနဲ့ သိကျွမ်းနေပြီဆိုတော့ အားလုံးက အဆက်အသွယ်တွေပဲလေ။ ပြဿနာရှာမိရင် တကယ်ကို နှမြောစရာပါပဲ။"

ချူချင်ဟန်၏ မျက်နှာမှာ ချက်ချင်း ပြောင်းလဲသွားပြီး လေသံမှာလည်း အနည်းငယ် လေးနက်သွားခဲ့သည်။ "အမတ်မင်းဖန် ဒါက ဘာအဓိပ္ပာယ်လဲ။"

"ဘာအဓိပ္ပာယ်မှ မရှိပါဘူး。"

"ဘာအဓိပ္ပာယ်မှ မရှိဘူးဆိုတာက ဘာအဓိပ္ပာယ်လဲ။"

ဖန်ကျန်းရီက စကားမပြောဘဲ နေလိုက်ရာ ချူချင်ဟန်၏ မျက်နှာလေးမှာ အေးစက်သွားပြီး ဆက်မေးလိုက်၏။ "အမတ်မင်းဖန်က ချင်ဟန်ကို ရုပ်ရည်သွင်ပြင်နဲ့ လူတွေကို ဖျော်ဖြေပေးပြီး ကိုယ့်ခန္ဓာကိုယ်ကို ရင်းပြီးတော့ ချမ်းသာကြွယ်ဝမှုကို လဲလှယ်ယူနေတဲ့ မိန်းမတစ်ယောက်လို့ ထင်နေတာလား။"

"ကျုပ် အဲဒီလို မထင်ပါဘူး။ ဒါပေမဲ့ မင်း အဲဒီလို တွေးနေမယ်ဆိုရင်လည်း ကျုပ်မှာ တတ်နိုင်တဲ့ နည်းလမ်း မရှိဘူး။"

ထိုစကား ထွက်ပေါ်လာသည်နှင့် ချူချင်ဟန်သည် ရုတ်တရက် မျက်နှာဖြူရော်သွားကာ ရင်ဘတ်ထဲတွင် စူးခနဲ နာကျင်သွားသလို ခံစားလိုက်ရ၏။ သူမက နောက်ထပ် စကားတစ်ခွန်း ပြောချင်သေးသော်လည်း သူက ခေါင်းကိုလွှဲကာ ဆက်ပြောလိုသည့် အမူအရာ မရှိသည်ကို မြင်လိုက်ရသောကြောင့် အနည်းငယ် ခါးသီးနာကျင်နေသော အမူအရာဖြင့် ဂါဝန်စကို သိမ်းဆည်းကာ တည့်တည့် လှည့်ထွက်သွားတော့သည်။

ချူယိုယီမှာ နေရာမှာတင် ကြောင်အမ်းအမ်း ဖြစ်နေခဲ့ပြီး ချူချင်ဟန်ကို ပြန်ခေါ်ရန် လက်ကို ဆန့်ထုတ်လိုက်သော်လည်း နောက်ဆုံးတွင်တော့ အားအင်မဲ့စွာ ပြန်လည် ချထားလိုက်ရ၏။

သူမသည် ဖန်ကျန်းရီအနီးသို့ လျှောက်သွားကာ ရှက်ရွံ့စွာဖြင့် ပြောလိုက်သည်။ "အစ်ကိုဖန် ... တောင်းပန်ပါတယ်။ စောစောကတည်းက သိခဲ့ရင် ရှင့်ကို ဒုက္ခမပေးခဲ့သင့်ဘူး။ ကျွန်မရဲ့ အစ်မက တကယ်တော့ တခြား အဓိပ္ပာယ် မရှိပါဘူး။ ရှင့်အပေါ် ကျေးဇူးကြွေးမတင်ချင်ရုံ သတ်သတ်ပါ။"

ဖန်ကျန်းရီသည် သက်ပြင်းရှည်ကြီး တစ်ချက်ကို ချလိုက်ရာ သက်ပြင်းချသံထဲတွင် ဝမ်းနည်းကြေကွဲမှု အနည်းငယ် ပါဝင်နေခဲ့၏။

ဒီနေ့ ချူချင်ဟန်နဲ့ တွေ့ရတာ စကားပြောတိုင်းမှာ သေနတ်နဲ့ တုတ်တွေ ညပ်ပါနေသလိုပဲ၊ အနည်းငယ်တော့ ခံစားရခက်နေတယ်။

သူသည် လက်ကို ဆန့်ထုတ်ကာ ချူယိုယီ၏ ခေါင်းပေါ်သို့ ပွတ်သပ်ပေး၇◌င်း နှစ်သိမ့်ပြောဆိုလိုက်သည်။ "ကျုပ် သိပါတယ်။ မင်း အများကြီး စဉ်းစားမနေနဲ့။ ဒီနေ့ မင်းတို့အတွက် ကူညီဖြေရှင်းပေးပြီးတာနဲ့ ကျုပ် အိမ်ပြန်တော့မှာပါ။"

ချူယိုယီသည် အူကြောင်ကြောင် ရယ်မောလိုက်၏။ "အဲဒါဆိုလည်း ကောင်းတာပေါ့။ ဒါပေမဲ့ ကျွမ်းယွမ်ထီက ဘယ်လိုလုပ်ပြီး ပထမဆု ပေါက်မှာလဲ။ အဲဒီပစ္စည်းက ပေါက်ဖို့ အရမ်းခက်ခဲတယ်လို့ ကျွန်မ ကြားထားတယ်။"

"ပွဲသာ စောင့်ကြည့်နေလိုက်ပါ။"

...

ဖုန်းယောင်စံအိမ် အတွင်း၌ ယခုအခါတွင် လူအုပ်ကြီးသည် မသိမသာဖြင့် အုပ်စုနှစ်စု ကွဲသွားခဲ့ပြီ ဖြစ်၏။

တစ်ဝက်က ကဗျာလင်္ကာများအကြောင်း တရားဝင် ဆွေးနွေးရန် လာရောက်ကြသော စာပေပညာရှင်များ ဖြစ်ပြီး ကျန်တစ်စိတ်တစ်ပိုင်းမှာမူ နီဝမ်ချွန်း ဖိတ်ခေါ်လာသော လူများ ဖြစ်ကြသည်။

နီဝမ်ချွန်းသည် အလယ်တွင် ဝိုင်းရံခံထားရပြီး မျက်နှာထက်၌ မကျေမနပ်ဖြစ်နေသော အမူအရာများ ရှိနေခဲ့၏။

ဘေးပတ်လည်ရှိ သူငယ်ချင်းများက အဆက်မပြတ် ဖျောင်းဖျ နှစ်သိမ့်နေကြသည်။ "အစ်ကိုနီ ... စိတ်လျှော့ထားလိုက်ပါ။ ဒီလို ရိုင်းစိုင်းတဲ့ လူမျိုးနဲ့ ဘာဖြစ်လို့ ဒေါသထွက်နေရမှာလဲ။ ဒီလူက ပါးစပ်ကနေ အချိုးမပြေတဲ့ စကားတွေ ပြောနေတာ မကြာခင်မှာ အရှက်ကွဲတော့မှာပါ။"

နီဝမ်ချွန်းက ခေါင်းခါပြလိုက်ပြီး အနီးဆုံးတွင် ရှိနေသူကို လက်ယပ်ခေါ်ကာ ခပ်တိုးတိုး ပြောလိုက်၏။ "အစ်ကိုလျို ... ခင်ဗျား လူမိုက်တချို့ကို သိတယ်ဆို။ သူတို့ကို ခေါ်လာပြီး ဒီကောင်ကို ပညာပေးခိုင်းလိုက်စမ်းပါ။ ဒီခွေးကောင်က လူပုံအလယ်မှာ ကျုပ်ကို စော်ကားသွားတာ တကယ်ကို ဒေါသတွေ မြိုချလို့မရဘူး ... အကယ်၍ ချင်ဟန်သာ ဒီမှာ မရှိနေဘူးဆိုရင် ကျုပ် သေချာပေါက် သူ့ကို သွေးထွက်သံယို ဖြစ်အောင် လုပ်ပစ်မှာ။"

အစ်ကိုလျိုက ခပ်တိုးတိုး ပြောလိုက်သည်။ "အစ်ကိုနီ ... ဒီလူရဲ့ နောက်ခံက သေချာမသိရဘူး။ ပါးစပ်ဖွင့်လိုက်တာနဲ့ ရဲရဲတင်းတင်း ပြောဆိုရဲတယ်ဆိုတော့ သေချာအောင် စုံစမ်းပြီးမှ လုပ်တာ ပိုမကောင်းဘူးလား။"

"ဘာတွေ စုံစမ်းနေရအုံးမှာလဲ။ သူ ဝတ်ထားတာက သာမန် အဝတ်အစားတွေ၊ စကားပြောတာကလည်း ရိုင်းစိုင်းကြမ်းတမ်းတယ်။ ကျုပ် ကြည့်ရသလောက်တော့ အိမ်မှာ ပိုက်ဆံနည်းနည်းရှိတဲ့ ကုန်သည်တစ်ယောက်ရဲ့ သားဖြစ်ရုံကလွဲပြီး ဘာအဆင့်အတန်းမှ မရှိလောက်ပါဘူး။"

"ဒါဆို ခင်ဗျား ဘယ်အဆင့်ထိ ရှင်းလင်းချင်တာလဲ။"

နီဝမ်ချွန်းသည် လူအုပ်ကြားမှနေ၍ ဖန်ကျန်းရီ ရှိရာဘက်သို့ ကြမ်းကြုတ်သော အကြည့်များဖြင့် ကြည့်ကာ အေးစက်စက် ပြောလိုက်၏။ "သူ့ရဲ့ ခြေတစ်ဖက်ကို ရိုက်ချိုးပစ်လိုက်ရင် ရပြီ။ အပြစ်ပေးရုံပေါ့။"

"ဒါက ..." အစ်ကိုလျိုသည် အနည်းငယ် တွေဝေသွားခဲ့သည်။

ခြေတစ်ဖက်ကို ရိုက်ချိုးပစ်ရန်မှာ အလွန်လွန်ကဲလွန်းသည်ဟု သူ ခံစားလိုက်ရ၏။ "အစ်ကိုနီ ... နာကျင်အောင် တစ်ဝကြီး ရိုက်နှက်လိုက်တာက ပိုမကောင်းဘူးလား။ ဒီလူက မုန်းစရာကောင်းပေမဲ့ သူ့ရဲ့ ခွေးခြေထောက်ကို ရိုက်ချိုးပစ်တာကတော့ တကယ်ကို လွန်သွားလိမ့်မယ်။ အကယ်၍ ကျင်းယီဝေတွေ သိသွားရင် ခင်ဗျား အဖေဘက်ကနေ ..."

နီဝမ်ချွန်းက သူ့ဘက်သို့ အကြည့်လွှဲကာ မျက်လုံးများကို မှေးကျဉ်းလျက် ပြောလိုက်သည်။ "ဒီနေ့ ကျုပ်မျက်နှာကို ထောက်ထားပြီး လာကြတဲ့သူတွေ အားလုံးက သူငယ်ချင်းတွေချည်းပဲ။ ကျုပ်က သူငယ်ချင်းတွေရှေ့မှာ အရှက်ကွဲရမှာကိုလည်း မကြောက်ပါဘူး။

ဒါပေမဲ့ တခြားသူတွေလည်း ရှိသေးတယ်လေ။ အကယ်၍ ဒီနေ့ သူ ရွတ်သွားတဲ့ ကဗျာက အပြင်ကို ပျံ့နှံ့သွားရင် ကျုပ် ဘယ်လိုနေရမလဲ။ ကျုပ်အဖေရဲ့ မျက်နှာကိုရော ဘယ်နား သွားထားရမှာလဲ။"

"သူ့ကို ပြင်းပြင်းထန်ထန် ပညာပေးလိုက်မှ ရမယ်။ နာကျင်မှုဆိုတာကို သူ သိသွားအောင်လို့။ ပြတ်ပြတ်သားသား ပြောလိုက်ပါ။ ခင်ဗျား တကယ်ပဲ ကျုပ်ကို ကူညီပေးမယ့်သူကို ရှာပေးနိုင်လား။"

အစ်ကိုလျိုက အံကြိတ်ကာ ပြောလိုက်၏။ "နိုင်ပါတယ်။ ခင်ဗျား ဒီလောက်တောင် ပြောနေမှတော့ ကျုပ် ခင်ဗျားကို ကူညီပေးလိုက်ပါ့မယ်။ ဒါပေမဲ့ ကျုပ် ရှာပေးမယ့်သူက အခကြေးငွေ အရမ်းကြီးတယ်။ ခြေတစ်ဖက် ရိုက်ချိုးဖို့ဆို ငွေစက္ကူ ဆယ်ဂဏန်းလောက်တော့ ကုန်လိမ့်မယ်။"

"ဟမ့် ... ငွေဆယ်ဂဏန်းလောက်က ဘာမှမဟုတ်ပါဘူး။ လူက ယုံကြည်စိတ်ချရဖို့ပဲ လိုတယ်။ လူကို ရှာတွေ့ပြီးသွားရင် လူစုကွဲသွားတဲ့အချိန်အထိ စောင့်ပြီးမှ လုပ်ဖို့ သူ့ကို ပြောလိုက်။"

"လုံးဝ ယုံကြည်စိတ်ချရပါတယ်။ ဒီလူရဲ့ နာမည်က ကျီခွန်းလို့ ခေါ်တယ်။ ဖုန်းဟော့ဂိုဏ်းက ရွှေတံဆိပ်ဆုရ လူမိုက်တစ်ယောက်ပဲ။ အခုချိန်မှာ သူ့ကို ငှားရမ်းနိုင်ဖို့ အရမ်း ခဲယဉ်းသွားပြီ။ ကျုပ် အခုပဲ သွားလိုက်မယ်။"

အစ်ကိုလျိုသည် ပြောပြီးသည်နှင့် အလျင်အမြန် ထွက်ခွာသွားတော့သည်။

All Chapters