အခန်း (၇၄၄-၇၄၅)
Vol. 39 Ch. 744-745
အပိုင်း (၇၄၄) အပြီးတိုင် ဖြေရှင်းခြင်း။
ကျီခွန်းသည် မျက်လုံးအစုံ ပြူးကျယ်သွားပြီး တစ်ကိုယ်လုံး ရပ်တန့်မရအောင် တုန်ယင်နေခဲ့၏။
သိရုံမျှမက အလွန်ကို ရင်းနှီးကျွမ်းဝင်နေခြင်း ဖြစ်သည်။
သူသည် ဖုန်းဟော့ဂိုဏ်းမှ သခင်လေးကျီ၏ ဘေးရှိ ရွှေတံဆိပ်ဆုရ လူမိုက်တစ်ယောက်ဖြစ်ရာ ဖန်ကျန်းရီအား တစ်ကြိမ်ထက်မက မြင်ဖူးခဲ့သည်။ မည်သူ့ကို ပြစ်မှားမိသည်ဖြစ်စေ ဖန်ကျန်းရီကိုတော့ လုံးဝ ပြစ်မှား၍ မရနိုင်ပေ။
သခင်လေးကျီမှာ မြို့တော်၏ နံပါတ်တစ် ဂိုဏ်းချုပ်ကြီးအဖြစ် အပေါ်ယံမျှသာ ဟန်ရေးပြနိုင်သော်လည်း မျက်စိရှေ့ရှိ ဤသခင်လေးကသာလျှင် မြို့တော်၏ မြေအောက်ကမ္ဘာကို အမှန်တကယ် စိုးမိုးထားသော ဧကရာဇ် ဖြစ်ပေ၏။
နီဝမ်ချွန်း ဆိုသော ခွေးကောင် ရိုက်နှက်ခိုင်းသည့်သူက ဤလူမှန်းသာ စောစောကတည်းက သိခဲ့လျှင် မည်သို့သော အကြောင်းကြောင့်မျှ လာခဲ့မည် မဟုတ်ချေ။
ယခုအချိန်တွင် သူက ဖုန်းဟော့ဂိုဏ်းမှဟု ပြောလိုက်ပါက အသက်ရှင်လျက် ပြန်သွားနိုင်ပါဦးမည်လား။
ကျီခွန်း၏ ရင်ထဲတွင် အတွေးပေါင်းများစွာ လည်ပတ်နေပြီး ဘာလုပ်ရမှန်းမသိ ဖြစ်နေချိန်၌ တံတွေးတစ်ချက်ကို မြိုချလိုက်သည်။
သို့သော် ဤသို့ မြိုချလိုက်သည်နှင့် ရတနာရှစ်ပါး ဆန်ပြုတ်၏ အရသာက ဦးခေါင်းထိပ်အထိ တက်သွားကာ ထပ်မံ အန်ထွက်လုမတတ် ဖြစ်သွားရ၏။
အန်မထွက်လာသော်လည်း သီးသွားခဲ့ပြီး နှာခေါင်းပေါက်များထဲမှ ရတနာရှစ်ပါး ဆန်ပြုတ် နှစ်ကြောင်း ပန်းထွက်လာခဲ့သည်။
ဖန်ကျန်းရီက ခံစားချက်မဲ့သော မျက်နှာထားဖြင့် မေးလိုက်၏။ "ဘာဖြစ်လို့ စကားမပြောသေးတာလဲ ... မင်း ထပ်ဆာနေပြန်ပြီလား။"
ကျီခွန်းသည် တုန်ရီနေပြီး မျက်ရည်များပင် ကျလာလုမတတ် ဖြစ်သွားကာ မြေပြင်ပေါ်သို့ အလျင်အမြန် ဒူးထောက်ချလိုက်ပြီး ခေါင်းကို အဆက်မပြတ် ညွှတ်ချလျက် ပြောလိုက်သည်။ "နားလည်မှုလွဲတာပါ။ အမတ်မင်းဖန်မှန်း ကျွန်တော်မျိုး မသိခဲ့လို့ပါ။ မဟုတ်ရင် သေရမယ်ဆိုရင်တောင် ဒီလို ရမ်းကားတဲ့အလုပ်မျိုး လုပ်ဝံ့မှာ မဟုတ်ပါဘူး။"
ဖန်ကျန်းရီက မေးလိုက်၏။ "ကျုပ် မေးနေတာက မင်း ဘယ်သူလဲလို့။ ပြီးတော့ မင်းကို ဘယ်သူက လွှတ်လိုက်တာလဲ။"
ကျီခွန်းမှာ မျှော်လင့်ချက် ကင်းမဲ့သွားပြီး ဖန်ကျန်းရီအား တောင်းပန်နေသော အကြည့်များဖြင့် ကြည့်လိုက်သော်လည်း တစ်ဖက်လူမှာ မည်သို့မျှ တုံ့ပြန်မှု မရှိသည်ကို မြင်လိုက်ရသည်။
နောက်တစ်စက္ကန့်တွင် သူသည် တစ်ကိုယ်လုံး အရိုးများ ဆွဲထုတ်ခံလိုက်ရသကဲ့သို့ ပျော့ခွေသွားပြီး တီးတိုးရေရွတ်လိုက်၏။ "ဖုန်းဟော့ဂိုဏ်းက ... ကျီခွန်းပါ။ နီဝမ်ချွန်းက ကျုပ်ကို အမတ်မင်းကို လာရောက် တိုက်ခိုက်ခိုင်းတာပါ။ ဒါပေမဲ့ သူ ရိုက်ခိုင်းတဲ့သူက အမတ်မင်းဖန်မှန်း ကျုပ် တကယ် မသိခဲ့ပါဘူး။ ကျွန်တော် ... ကျုပ် အခုပဲ နီဝမ်ချွန်းကို သွားဖမ်းလာခဲ့ပါ့မယ်။"
ဖန်ကျန်းရီက လှောင်ပြောင်ရယ်မောလိုက်ပြီး လက်ဝှေ့ယမ်းပြကာ ပြောလိုက်သည်။ "မင်းကို နံ့သာတိုင်တစ်တိုင်စာ အချိန်ပေးမယ်။ မြန်မြန်သွားပြီး မြန်မြန်ပြန်လာခဲ့။ ပြန်မလာရင်တော့ မနက်ဖြန် ကျင်းယီဝေတွေ တံခါးလာခေါက်တာကိုသာ စောင့်နေလိုက်တော့။"
ကျီခွန်းသည် ကြီးလေးသော ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့် ရလိုက်သကဲ့သို့ ခေါင်းနှစ်ချက် ဆက်တိုက် ညွှတ်ချလိုက်ပြီး နှာခေါင်းကို ပွတ်သပ်ကာ သေးထွက်မတတ် အလျင်အမြန် ထွက်ပြေးသွားတော့၏။
သူ ထွက်ပြေးသွားသော ကျောပြင်ကို ကြည့်ရင်း ဖန်ကျန်းရီသည် လက်ပိုက်ကာ အေးစက်စက် ရယ်မောလိုက်သည်။
ထို့နောက် လှည့်ကာ ချူယိုယီအား ကြည့်လိုက်၏။
သို့သော် သူတို့နှစ်ဦး အကြည့်ချင်း ဆုံသွားချိန်မှာတော့ ချူယိုယီသည် ကြောက်ရွံ့သွားကာ အလျင်အမြန် ခေါင်းလွှဲလိုက်ပြီး ထပ်မံ မကြည့်ရဲတော့ချေ။
ရွံစရာ ကောင်းလွန်းတယ်။ သူက ဘယ်လိုလုပ်ပြီး ဒီလောက်တောင် ရွံစရာကောင်းရတာလဲ။
ရုတ်တရက် သူ့အား စကားမပြောချင်တော့သလို ခံစားလိုက်ရ၏။
ဖန်ကျန်းရီက သံသယဖြစ်စွာဖြင့် မေးလိုက်သည်။ "ယိုယီ ... မင်း ဘာမှမဖြစ်ပါဘူးနော်။"
ချူယိုယီက ဖြေလိုက်၏။ "ဘာ ... ဘာမှမဖြစ်ပါဘူး။ ကျွန်မ အရင် ပြန်တော့မယ်။"
ချူယိုယီသည် စကားပြောပြီးနောက် လှမ်းထွက်ရန် ပြင်ဆင်လိုက်သည်။
သေချာပေါက် သွားမှရမည်။ အိမ်ပြန်ရောက်လျှင် ကောင်းကောင်း အနားယူရမည်။ အလွန်အမင်း ထိတ်လန့်စရာ ကောင်းလွန်းလှပေ၏။
ဖန်ကျန်းရီက သူမကို လှမ်းခေါ်လိုက်သည်။ "ခဏနေအုံး … ခဏနေမှ သွားပါ။"
အခြေအနေကို ကြည့်ရသည်မှာ နီဝမ်ချွန်းက အလွယ်တကူ လက်လျှော့မည့်ပုံ မပေါ်ပေ။ ထို့ကြောင့် နောက်နောင် သူတို့ ညီအစ်မ ထပ်မံ ကြောက်ရွံ့ ထိတ်လန့်နေရခြင်းမှ ကင်းဝေးစေရန် သူမ၏ မျက်မှောက်တွင် ကိစ္စအားလုံးကို အပြီးတိုင် ဖြေရှင်းလိုက်ရန် သင့်တော်ပေ၏။
ချူယိုယီသည် တစ်ခဏမျှ တွေဝေသွားပြီးနောက် ခေါင်းညိတ်ပြလိုက်ကာ ထောင့်တစ်နေရာတွင် ဆက်လက် ပုန်းကွယ်နေခဲ့သည်။
အချိန်အတော်ကြာ စောင့်ဆိုင်းပြီးနောက် ကျီခွန်း ပြန်ရောက်မလာသေးဘဲ ချူချင်ဟန်က လက်ဆွဲမီးအိမ်ကို ကိုင်ဆောင်ကာ စိုးရိမ်တကြီး မျက်နှာထားဖြင့် ပြေးလာခဲ့၏။
ချူယိုယီနှင့် ဖန်ကျန်းရီတို့ အတူတူ ရှိနေသည်ကို မြင်လိုက်ရချိန်မှသာ သူမသည် သက်ပြင်းချနိုင်တော့သည်။
ချူချင်ဟန်က မေးလိုက်၏။ "အမတ်မင်းဖန် ... ရှင်တို့ ဘာဖြစ်လို့ အိမ်မပြန်ကြသေးတာလဲ။ အချိန်လည်း အရမ်း နှောင်းနေပြီလေ။"
ဖန်ကျန်းရီက အနည်းငယ် ပြုံးလိုက်သည်။ "မင်း လာတာ အချိန်ကိုက်ပဲ။ ဒီမှာ အတူတူ စောင့်နေလိုက်ကြရအောင်။ ဘာမှ အများကြီး မေးမနေနဲ့တော့၊ ခဏနေရင် မင်း သိသွားလိမ့်မယ်။"
ချူချင်ဟန်၏ ရင်ထဲတွင် သံသယများ ရှိနေသော်လည်း ဖန်ကျန်းရီက ဤသို့ ပြောလာသောကြောင့် ထပ်မံ မမေးမြန်းတော့ပေ။
အချိန်သိပ်မကြာလိုက်ဘဲ ကျီခွန်းသည် နီဝမ်ချွန်း၏ လည်ပင်းကို ညှစ်ကာ ဖန်ကျန်းရီ၏ အရှေ့သို့ ကမန်းကတန်း ရောက်ရှိလာပြီး နောက်ကျောဘက်တွင် သူငယ်ချင်း အနည်းငယ်လည်း လိုက်ပါလာခဲ့၏။
နီဝမ်ချွန်းမှာ တစ်ကိုယ်လုံး ချွေးများ ရွှဲနစ်နေပြီ ဖြစ်သည်။ လာရာလမ်းတစ်လျှောက်လုံး ရိုက်နှက်ခံခဲ့ရပြီး ကျီခွန်းက အရာအားလုံးကို ပြောပြခဲ့ပြီး ဖြစ်၏။
သို့ပေမည့် သူ၏ မျက်စိရှေ့မှ သာမန်အဝတ်အစားကို ဝတ်ဆင်ထားသော လူက ဖန်ကျန်းရီ ဖြစ်နေမည်ဟု သူ လုံးဝ မယုံကြည်နိုင်သေးပေ။
ဖန်ကျန်းရီ၏ နာမည်ကြီးမှုမှာ မိုးကြိုးပစ်ချလိုက်သကဲ့သို့ ကျော်ကြားလှသော်လည်း အပြင်၌ သူမမြင်ဖူးခဲ့ချေ။ ကျီခွန်းကရော ဘယ်လိုလုပ်ပြီး အတည်ပြုနိုင်ရတာလဲ။
ကျီခွန်းက အော်ဟစ်လိုက်၏။ "ဒူးထောက်စမ်း။"
ထို့နောက် နီဝမ်ချွန်း၏ ဒူးကွေးနေရာကို ကြမ်းတမ်းစွာ ကန်ချလိုက်ရာ နီဝမ်ချွန်းသည် မြေပြင်ပေါ်သို့ ချက်ချင်း ဒူးထောက်လျက်သား ဖြစ်သွားတော့သည်။
နောက်ဘက်တွင် ပါလာသော သူငယ်ချင်းများမှာလည်း တုန်ရီနေကြပြီး ဘာလုပ်ရမှန်းမသိ ဖြစ်နေကြ၏။
ဖန်ကျန်းရီသည် လက်နှစ်ဖက်ကို အင်္ကျီလက်အတွင်း ထည့်ထားကာ ပြုံးရွှင်စွာဖြင့် မေးလိုက်သည်။ "ကျုပ် ဘယ်သူလဲဆိုတာ ကျီခွန်းက မင်းကို အကုန်ပြောပြပြီးပြီ မဟုတ်လား။"
နီဝမ်ချွန်းသည် အတင်းအကျပ် ခေါင်းမာကာ ချွေးသံတရွဲရွဲဖြင့် ပြန်လည် ဖြေဆိုလိုက်၏။ "လူမိုက်ပေါက်စလေး တစ်ယောက်က ခင်ဗျားကို ဖန်ကျန်းရီလို့ ပြောလိုက်တာနဲ့ ခင်ဗျားက ဖန်ကျန်းရီ ဖြစ်သွားရောလား။ ခင်ဗျားမှာ ဘာသက်သေ ရှိလို့လဲ။"
ဖန်ကျန်းရီက နှုတ်ခမ်းတွန့်ကာ ပြောလိုက်သည်။ "သက်သေလား ... ကျိုးထျဲ့ ... မင်းရဲ့ ခါးဆွဲပြားကို သူ့ကို ပြလိုက်စမ်း။"
ကျိုးထျဲ့သည် ကျင်းယီဝေ၏ ခါးဆွဲပြားကို ထုတ်ယူကာ လှုပ်ရမ်းပြလိုက်၏။
၎င်းမှာ တကယ့် ကျင်းယီဝေ ခါးဆွဲပြားပင် ဖြစ်သည်။
နီဝမ်ချွန်းသည် မျက်စိရှေ့ရှိ ခါးဆွဲပြားကို ဝိညာဉ်လွင့်ထွက်သွားသကဲ့သို့ ကြည့်နေမိပြီး ချွေးစေးများက တစ်စက်ပြီးတစ်စက် စီးကျလာခဲ့၏။
ယခုအချိန်တွင်တော့ သံသယဖြစ်စရာ မရှိတော့ချေ။ ကျန်ရှိနေသော လူများအားလုံးမှာလည်း အလွန်အမင်း ထိတ်လန့်သွားကြပြီး တစ်ယောက်ပြီးတစ်ယောက် ဒူးထောက်ကာ အရိုအသေ ပေးလိုက်ကြသည်။ "အမတ်မင်းဖန် ကို ဂါရဝပြုပါတယ်။"
ထိုမြင်ကွင်းကို မြင်လိုက်ရသဖြင့် ဖန်ကျန်းရီက ပြုံး၍ ပြောလိုက်၏။ "နီဝမ်ချွန်း ... သခင်မလေးချူက ကျုပ်ရဲ့ ရင်းနှီးတဲ့ သူငယ်ချင်းပါ။ မင်းက လူတွေခေါ်ပြီး သူ့ကို အကြိမ်ကြိမ် လာနှောင့်ယှက်နေတယ်လို့ ကြားရလို့ ဒီအမတ်က ကိုယ်တိုင် ထွက်လာပြီး ကူညီပေးရတာပဲ။"
သူက ဆက်ပြောသည်။ "ဒီနေ့ မင်း ကတိတည်မယ်ဆိုရင် ဒီကိစ္စကို ဒီလောက်နဲ့ပဲ ထားလိုက်မလို့ စဉ်းစားထားတာ။ အခြေအနေကို ကြည့်ရတာ မင်းက ရိုးရိုးသားသား မနေချင်သေးဘူး ထင်တယ်။"
နီဝမ်ချွန်းသည် ပါးစပ်ကြီးဟလျက် ထိတ်လန့်တုန်လှုပ်နေသော အကြည့်များဖြင့် ဖန်ကျန်းရီနှင့် ချူချင်ဟန်တို့ နှစ်ဦးကြားတွင် အပြန်ပြန်အလှန်လှန် ကြည့်ရှုနေခဲ့၏။
သူမ ... သူမက တကယ်ပဲ ဖန်ကျန်းရီရဲ့ မိန်းမလား။
တကယ့်ကို သံပြားကို သွားကန်မိတာ သေချာသွားပြီ။ စောစောကတည်းကသာ သိခဲ့လျှင် ဘယ်လိုလုပ်ပြီး သူမကို ထိရဲပါ့မည်နည်း။
အခု ဘယ်လို အဆုံးသတ်ရမလဲ။
သူ စဉ်းစားနေစဉ်မှာပင် ဖန်ကျန်းရီ၏ ကြက်သီးထဖွယ်ရာအသံက သူ၏ နားထဲတွင် ထွက်ပေါ်လာခဲ့၏။ "ရှောင်နီ ... မင်း ကြည့်စမ်းပါဦး။ ဒီနေ့ မင်း လက်ဆောင်ပေးလိုက်တာက တန်ဖိုးကြီးတဲ့ အိတ်ဆောင်နာရီ တစ်လုံးပဲ။ မင်းအဖေရဲ့ လစာလေးနဲ့ဆိုရင်တော့ ဒါကို ဝယ်နိုင်ဖို့ ခက်ခဲလိမ့်မယ်လို့ ထင်တယ်။"
နီဝမ်ချွန်း၏ တစ်ကိုယ်လုံး တောင့်တင်းသွားပြီး စကားပြောရာတွင်ပင် ဗလုံးဗထွေး ဖြစ်လာကာ ပြောလိုက်သည်။ "ကျုပ် ... ကျုပ် ... တောင်းပန်ပါတယ် အမတ်မင်းဖန်။ ခင်ဗျားတို့ နှစ်ယောက်ရဲ့ ပတ်သက်မှုကို ကျုပ် မသိခဲ့လို့ပါ။"
ဖန်ကျန်းရီက ပြောလိုက်၏။ "ကိစ္စမရှိပါဘူး၊ အားလုံးက ပြီးသွားပါပြီ။ ဒါပေမဲ့ မင်းက ကျုပ်ကို ရိုက်ဖို့ လူငှားလိုက်တာကတော့ လုံးဝ မသင့်တော်ဘူးလေ။ နန်းတော်က အမတ်တစ်ယောက်ကို လာရောက် တိုက်ခိုက်တာက ကြီးလေးတဲ့ ရာဇဝတ်မှုကို ကျူးလွန်တာပဲ။ အကယ်၍ ဒီကိစ္စသာ အပြင်ကို ပျံ့နှံ့သွားမယ်ဆိုရင်တော့ ...
ရှောင်နီ ... မင်းက မင်းအဖေ အလုပ်ပြုတ်သွားတာကို မလိုလားဘူး မဟုတ်လား။"
ထိုစကားကို ကြားလိုက်ရချိန်တွင် နီဝမ်ချွန်းမှာ တဆတ်ဆတ် တုန်ယင်သွားပြီး မျက်ရည်များ၊ နှပ်များ အားလုံး အတူတူ စီးကျလာကာ ပါးစပ်မှလည်း အဆက်မပြတ် တောင်းပန်နေခဲ့တော့သည်။
ချူချင်ဟန်နှင့် ချူယိုယီတို့သည် မနေနိုင်ဘဲ ခေါင်းလွှဲသွားကြပြီး ထပ်မံ မကြည့်ချင်ကြတော့ပေ။
နီဝမ်ချွန်းသည် အရင်က အလွန် နှောင့်ယှက်တတ်သူ ဖြစ်သော်လည်း အနည်းဆုံးတော့ ယဉ်ကျေးပျူငှာသော ဟန်အမူအရာ ရှိခဲ့ပေသည်။ ယခု မြင်ကွင်းမှာမူ တကယ်ကို ကြည့်ရဆိုးလွန်းလှပြီး သူ၏ အကျည်းတန်ဆုံး အခြမ်းကို တိုက်ရိုက် ထုတ်ဖော်ပြသလိုက်ခြင်းပင် ဖြစ်၏။
သို့ပေမည့် ဤမြင်ကွင်းက ညီအစ်မ နှစ်ယောက်ကို ဖန်ကျန်းရီက အိမ်စေအဖြစ် ဟန်ဆောင်ကာ ယူတိန့်မြို့တွင် သူတို့အတွက် ရှေ့ထွက် ဖြေရှင်းပေးခဲ့သည်ကို ထပ်မံ သတိရသွားစေခဲ့သည်။
ဤမြင်ကွင်းသည် မည်မျှလောက် တူညီနေသနည်း။ သို့ပေမည့် အဆင့်အတန်းကတော့ မိုးနှင့်မြေကဲ့သို့ ကွာခြားနေခဲ့ပြီ ဖြစ်၏။
နီဝမ်ချွန်းက တောင်းပန်လိုက်သည်။ "အမတ်မင်းဖန် ... ကျေးဇူးပြုပြီး တောင်းပန်ပါတယ်။ ခင်ဗျား ရိုက်ချင်ရိုက်၊ အပြစ်ပေးချင်ပေး ... ဘယ်လိုပဲဖြစ်ဖြစ် ရပါတယ်။ ကျေးဇူးပြုပြီး ... ကျုပ်အဖေကိုတော့ သွားမတိုင်ပါနဲ့။"
ဖန်ကျန်းရီသည် မျက်လွှာပင့်ကာ သူ၏ နောက်ကျောဘက်သို့ ကြည့်လိုက်ရာ လူအားလုံး ဒူးထောက်လျက် ခန္ဓာကိုယ်များ အနည်းငယ် တုန်ယင်နေကြသည်ကို မြင်တွေ့လိုက်ရ၏။
သူသည် နီဝမ်ချွန်း၏ ပခုံးကို ညင်သာစွာ ပုတ်လိုက်ပြီး အေးစက်စက် လေသံဖြင့် ပြောလိုက်သည်။ "မင်းအဖေက အတွင်းဝန်ရုံးမှာ တာဝန်သိတတ်တဲ့သူ တစ်ယောက်လို့ သတ်မှတ်လို့ ရပါတယ်။ ဒီတစ်ခါပဲ ခွင့်လွှတ်ပေးမယ်။
မနက်ဖြန် မင်းရဲ့ ဒီသူငယ်ချင်း အပေါင်းအသင်းတွေကို ခေါ်ပြီး မြောက်ပိုင်းကျင်းယီဝေ အကျဉ်းထောင်ကို သွားလိုက်။ အဲဒီမှာ နှစ်ရက်လောက် နေလိုက်။ နောက်ဆိုရင် ဘယ်လိုနေထိုင်ရမလဲ၊ မင်းအဖေဆီမှာ ဘယ်လိုပြောရမလဲဆိုတာ ကျုပ် သင်ပေးစရာ မလိုတော့ဘူး မဟုတ်လား။"
နီဝမ်ချွန်းမှာ ထိတ်လန့်တုန်လှုပ်စွာဖြင့် ခေါင်းညွှတ်လိုက်ပြီး ဖန်ကျန်းရီ စကားရုပ်သိမ်းသွားမည်ကို စိုးရိမ်စွာဖြင့် ပြောလိုက်၏။ "မ ... မလိုပါဘူး။ ကျုပ် မနက်ဖြန်ပဲ သွားလိုက်ပါ့မယ်။ မနက်ဖြန်ပဲ သွားပါ့မယ်။ ခွင့်လွှတ်ပေးတဲ့အတွက် အမတ်မင်းဖန်ကို ကျေးဇူးတင်ပါတယ်။"
ဖန်ကျန်းရီက လက်ဝှေ့ယမ်းပြလိုက်သည်။ "မင်းတို့ ထွက်သွားတော့။ ကျီခွန်း နေခဲ့။"
လူတစ်စုမှာ ကမန်းကတန်း ထွက်ပြေးသွားကြပြီး ကျီခွန်းမှာမူ မျက်နှာရှုံ့မဲ့ကာ မြေပြင်ပေါ်တွင် ဒူးထောက် ဝပ်တွားလျက် မေးလိုက်၏။ "အမတ်မင်းဖန် ... ကျုပ်ကို ဘာခိုင်းစရာ ရှိလို့လဲ။"
ဖန်ကျန်းရီက တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။ "ဖုန်းဟော့ဂိုဏ်းက ခွေးချေးစားတဲ့ အကျင့်ကို မဖျောက်နိုင်သေးဘူးပဲ။ အရင်တုန်းက အဲဒီ ညစ်ပတ်တဲ့ အလုပ်တွေကို လုပ်နေတုန်းပဲလား။"
ကျီခွန်းက ငိုယိုလျက် အော်ဟစ်လိုက်၏။ "မဟုတ်ပါဘူး။ မဟုတ်ပါဘူး အမတ်မင်းဖန်။ ကျုပ်က အပြင်ထွက်ပြီး သီးသန့် အလုပ်လက်ခံတာပါ။ ကျုပ် သေသင့်တဲ့ အပြစ်လုပ်မိပေမဲ့ ဖုန်းဟော့ဂိုဏ်းနဲ့တော့ မသက်ဆိုင်ပါဘူး။"
"ဘာဖြစ်လို့လဲ။ ဖုန်းဟော့ဂိုဏ်းက မင်းတို့ကို မကျွေးမွေးနိုင်တော့ဘူးလား။"
ကျီခွန်းက ပြန်ဖြေသည်။ "ဟုတ်ကဲ့ ... အခု ဖုန်းဟော့ဂိုဏ်းကို ဝင်တဲ့သူတွေ အရမ်းများလာလို့ အလုပ်တွေ လက်မခံနိုင်တော့ဘူး။ အဲဒါကြောင့် ကျုပ်က အကြံအစည်ယုတ်နဲ့ လမ်းလွဲကနေ ပိုက်ဆံပိုရှာဖို့ တွေးမိသွားတာပါ။ ဒါပေမဲ့ ကျုပ် ပိုက်ဆံရှာတာက မြို့တော်ထဲက အထီးကျန် သက်ကြီးရွယ်အိုတွေနဲ့ ကျောင်းမတက်နိုင်တဲ့ ကလေးတွေကို ကူညီထောက်ပံ့ဖို့ပါ။ အမတ်မင်းဖန် ကြည့်ရှုစစ်ဆေးပေးပါ။"
ဖန်ကျန်းရီက ဒေါသတကြီး အော်ဟစ်လိုက်၏။ "စစ်ဆေးရမှာ … ဘာကို စစ်ဆေးရမှာလဲ။ အိမ်ပြန်ပြီး သခင်လေးကျီကို သွားပြောလိုက်။ မနက်ဖြန် သူ့ကို မြောက်ပိုင်းကျင်းယီဝေ ဌာနချုပ်ရှေ့မှာ တစ်နေကုန် လာဒူးထောက်ခိုင်းလိုက်။ မဟုတ်ရင် ဖုန်းဟော့ဂိုဏ်းကို ဖျက်သိမ်းခံရဖို့ စောင့်နေတော့လို့။ ထွက်သွားစမ်း။"
လူအားလုံး လူစုကွဲသွားကြပြီးနောက် လမ်းမထက်တွင် တစ်ဖန် ပြန်လည် တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။
ချူချင်ဟန်သည် စကားတစ်ချို့ ပြောလိုသော်လည်း ဖန်ကျန်းရီသည် ကျိုးထျဲ့ကို ခေါ်ဆောင်ကာ လှည့်ထွက်သွားပြီ ဖြစ်၏။
ဖန်ကျန်းရီ၏ ကျောပြင်ကို ကြည့်ရင်း ချူချင်ဟန်မှာ သက်ပြင်းရှည်ကြီးတစ်ခုကိုသာ ချနိုင်တော့သည်။
အပိုင်း (၇၄၅) မိမိကိုယ်ကို အပုပ်ချခြင်း စီမံကိန်း။
ချူချင်ဟန်၏ ပြဿနာကို ဖြေရှင်းပြီးသွားခဲ့ပြီ ဖြစ်သည်။
ဒုတိယနေ့တွင်ပင် သခင်လေးကျီသည် နှာခေါင်းသွေးယိုကာ မျက်နှာဖူးယောင်နေသော ကျီခွန်းကို ခေါ်ဆောင်လျက် မြောက်ပိုင်းကျင်းယီဝေ ဌာနချုပ်သို့ ရောက်ရှိလာခဲ့၏။
သူတို့သည် ဘယ်နေရာမှ ရလာမှန်းမသိသော အလွန်လေးလံသည့် သစ်သားလည်ပင်းခွင်ကြီး နှစ်ခုကို သေသေသပ်သပ် တပ်ဆင်ထားကာ ဌာနချုပ် တံခါးဝတွင် ဒူးထောက်နေကြသည်။
ဖန်ကျန်းရီ၏ မျက်လုံးထဲတွင် ဖုန်းဟော့ဂိုဏ်းသည် အမြဲတမ်း တိတ်ဆိတ်သော အန္တရာယ်တစ်ခုအဖြစ် သတ်မှတ်ထားခဲ့၏။ အဘယ်ကြောင့်ဆိုသော် သူတို့၏အခြေခံက မသန့်ရှင်းသောကြောင့် ဖြစ်သည်။ ယခုအခါတွင် တိတ်တဆိတ် လူရမ်းကားလေးများကို အသုံးချကာ ညစ်ပတ်သော အလုပ်များ လုပ်ခိုင်းနေသည်ကို နောက်ဆုံးတော့ သူ အကွက်မိသွားခဲ့ပြီ ဖြစ်၏။
သို့ပေမည့် ဤခွေးကောင်က ပြဇာတ်ကို ဤမျှလောက် အကောင်းဆုံး ကပြသွားလိမ့်မည်ဟု မထင်ထားခဲ့မိသဖြင့် မည်သို့ အရေးယူရမည်ကို မသိအောင် ဖြစ်သွားစေခဲ့သည်။
အကယ်၍ အရေးယူချင်ပါက လုပ်နိုင်သေးသော်လည်း ဖန်ကျန်းရီ လုံးဝ ထင်မှတ်မထားခဲ့မိသည့် အရာမှာ ထိုလူနှစ်ယောက် တစ်နေကုန် ဒူးထောက်နေရင်း သေးပါ ထွက်ကျသွားခြင်းပင်။
မြောက်ပိုင်းကျင်းယီဝေ ဌာနချုပ် တံခါးဝ တစ်ပြင်လုံး သေးများ ပေကျံနေပြီး ... သူတို့သည် တည်ငြိမ်စွာ ဆက်လက် ဒူးထောက်နေကြဆဲ ဖြစ်ကာ မျက်နှာထက်တွင်လည်း တောင်းပန်လိုစိတ်များနှင့် ဝမ်းနည်းမှုများ အပြည့်အဝ ရှိနေကြ၏။
တကယ်ကို မြင်ရသူတိုင်း ရင်နာပြီး ကြားရသူတိုင်း မျက်ရည်ကျစေမည့် အခြေအနေပင် ဖြစ်သည်။
ကျင်းယီဝေ ဒုတပ်မှူးနှင့် လက်ထောက်တပ်မှူးတို့ပင် မနေနိုင်ဘဲ လာရောက် တောင်းပန်ပေးကြရတော့၏။
ဖန်ကျန်းရီသည် မူလက သခင်လေးကျီအား အပြီးတိုင် ရှင်းလင်းရန် စဉ်းစားထားခဲ့သော်လည်း ထိုအတွေးကို အတင်းအကျပ် ဖိနှိပ်ထားလိုက်ရပြီး တွေးတောပြီးနောက် ထိုလူနှစ်ယောက်ကို မောင်းထုတ်လိုက်ရန်သာ တတ်နိုင်တော့သည်။
ဤလူနှစ်ယောက်က တကယ်ကို ရိုးသားစွာ ဒူးထောက်နေကြသည် ဖြစ်ရာ ထပ်မံ အပြစ်တင်မည် ဆိုလျှင်လည်း လူမဆန်ရာ ကျလွန်းပေမည်။ တစ်ဖက်လူက သေးထွက်ကျသည်အထိ ဒူးထောက်နေခဲ့ပြီ မဟုတ်ပါလား။ အကယ်၍ ဆက်ပြီး ဒူးထောက်ခိုင်းထားပါက ဌာနချုပ် တံခါးဝတွင် ချေးပါ ပါချသွားလျှင် မည်သို့ လုပ်မည်နည်း။
ယခင်ဘဝ ရုပ်ရှင်များနှင့် ရုပ်သံဇာတ်လမ်းတွဲများထဲတွင် ရှေးခေတ်လူများက တစ်ခုခုဆိုလျှင် သုံးရက်သုံးည ဆက်တိုက် ဒူးထောက်ကြသည်ကို မြင်တွေ့ခဲ့ရရာ သူတို့က ဤပြဿနာကို မည်သို့ ဖြေရှင်းခဲ့ကြသနည်း ဆိုသည်ကို မသိရပေ။ သေးပေါက်ချိန် ဒူးမထောက်ပဲ ခွင့်တိုင်သည်လား၊ သို့မဟုတ် ပေါက်ချသည်လား။ အလေး သွားချင်သည်ဆိုလျှင်ရော …..။
နီဝမ်ချွန်းဘက်တွင်လည်း အထုပ်အပိုးများ ပြင်ဆင်ပြီး သူ၏ အပေါင်းအသင်းများကို ခေါ်ဆောင်ကာ ဝမ်းနည်း ကြေကွဲနေသော မျက်နှာထားဖြင့် အကျဉ်းထောင်သို့ ရောက်ရှိလာပြီး သီးသန့် အခန်းများတွင် အောင်မြင်စွာ ဝင်ရောက် နေထိုင်သွားကြ၏။
အကျဉ်းထောင်ထဲမှ နေ့ရက်များမှာ အလွန် ဆင်းရဲပင်ပန်းလှသည်။ တစ်နေ့လျှင် ထောင်ထမင်း တစ်နပ်သာ စားရပြီး အမြဲတမ်း ဗိုက်မဝနိုင်သော်လည်း စိတ်ထားကောင်းသော ထောင်မှူးများနှင့် ကြုံတွေ့ရပါက သူတို့စားကြွင်းစားကျန်များကို အကျဉ်းသားများအား အလိုက်တသိ ကျွေးမွေးတတ်ကြပေသည်။
စစ်မှန်သော ဂျပန်စတိုင် အိုမာကာဆဲ တစ်နပ်ကို ရရှိလိုက်သကဲ့သို့ပင်။
ဂျပန်ရိုးရာ အစားအစာ အိုမာကာဆဲ ဆိုသည်မှာ တစ်ယောက်ကို ငွေတေလ်း၂ဝဝဝ ကျော် ပေးရသော်လည်း ဗိုက်မဝနိုင်သော အရာမျိုး ဖြစ်၏။
နေ့ရက်များက ဆင်းရဲပင်ပန်းသော်လည်း အကျိုးအမြတ် လုံးဝ မရှိသည်တော့ မဟုတ်ပေ။ ရက်အနည်းငယ် နေထိုင်ပြီးနောက် နီဝမ်ချွန်းသည် ရှင်သန်ရပ်တည်ရေး စွမ်းရည်များကို အတော်လေး သင်ယူ တတ်မြောက်သွားခဲ့သည်။
ဥပမာ - အိပ်ရာနှင့် အခန်းတွင်း သန့်ရှင်းရေး ပြုလုပ်ခြင်း၊ တာ့ကျင်း ဥပဒေများကို ကျက်မှတ်ခြင်း၊ လုပ်အားပေး ပြုပြင်ရေးများတွင် ပါဝင်ခြင်းနှင့် 'ကျေးဇူးတရား သိတတ်သော နှလုံးသား' သီချင်းကို ကျွမ်းကျင်စွာ သီဆိုတတ်ခြင်း အစရှိသည်တို့ပင် ဖြစ်၏။
အိမ်ပြန်ရောက်ပြီးနောက် နီဝမ်ချွန်းသည် သူ၏ အဖေအရင်းဖြစ်သူ နီချုံ၏ ရှေ့တွင် ဖန်ကျန်းရီ၏ ကောင်းကြောင်းများကို အဆက်မပြတ် ပြောဆိုနေခဲ့သည်။ သူ၏ အဖေက ညီလာခံတွင် ဖန်ကျန်းရီနှင့် ပဋိပက္ခ ဖြစ်ပွားမည်ကို အလွန်အမင်း စိုးရိမ်နေသောကြောင့် ဖြစ်သည်။
မည်သို့ပင်ဆိုစေ သူတို့နှစ်ဦးမှာ အဆင့်အတန်းချင်း မတူညီကြပေ။ ထို့အပြင် သူကိုယ်တိုင်က အဖေ့အတွက် အားနည်းချက် တစ်ခု ဖြစ်နေပြီ ဖြစ်ရာ သူ မည်မျှပင် တုံးအပါစေ ဤအကြောင်းရင်းကိုတော့ နားလည်ထားပသည်။
နီချုံကမူ ဘာတွေဖြစ်ပျက်ခဲ့သည်ကို မသိရှိခဲ့ချေ။ ဤသားအငယ်ဆုံးမှာ အသက်အရွယ် ကြီးရင့်မှ ရရှိခဲ့သော သားဖြစ်ရာ အပြင်တွင် ရက်အနည်းငယ် သွားလာပျော်ပါးနေပြီး အိမ်ပြန်မလာခြင်းမှာ ပုံမှန်ကိစ္စ တစ်ခုပင် ဖြစ်၏။
သို့ပေမည့် ဤတစ်ကြိမ်တွင်တော့ ပုံမှန်မဟုတ်တော့ပေ။
သားဖြစ်သူ အိမ်ပြန်ရောက်လာပြီးနောက် ထူးဆန်းစွာဖြင့် အတော်လေး လိမ္မာသွားခဲ့သည်။ စာဖတ်ခြင်းကို နှစ်သက်လာရုံသာမက အကြောင်းအကျိုးကိုလည်း နားလည်လာခဲ့၏။ ပို၍ အရေးကြီးသည်မှာ သူက သက်ကြီးရွယ်အို မိဘ နှစ်ပါးအတွက် အပြာနှင့် အဖြူစင်းများ ပါဝင်သော ခေတ်မီ အဝတ်အစား တစ်စုံကိုပင် ရက်လုပ်ပေးခဲ့သေးသည်။
အပ်ချုပ်ရိုးများက သိပ်မလှပသော်လည်း နီချုံ ဇနီးမောင်နှံမှာ အလွန်အမင်း ကြည်နူးဝမ်းသာသွားကြပြီး မျက်ရည်များပင် ကျလာကာ နှစ်ယောက်သား ဖက်ငိုလုမတတ် ဖြစ်သွားကြ၏။
ကြည်နူးဝမ်းသာပြီးနောက် သားဖြစ်သူ ပြောပြသော အကြောင်းရင်းကို နားထောင်လိုက်ရချိန်မှသာ သားဖြစ်သူသည် လမ်းပေါ်တွင် ဖန်ကျန်းရီနှင့် တွေ့ဆုံခဲ့ပြီး ဖန်ကျန်းရီက သား၏ အရည်အချင်းကို သဘောကျသွားသဖြင့် ကျင်းယီဝေတွင် နှစ်ရက်ခန့် သွားရောက် သင်ယူလေ့လာရန် အထူးတလည် ခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်ကြောင်း သိလိုက်ရသည်။
နီချုံသည် ချက်ချင်းပင် နားလည်သွားခဲ့၏။
သားအငယ်ဆုံးမှာ ပညာမတတ် အသုံးမကျသော ပိုးကောင်လေး တစ်ကောင် ဖြစ်သောကြောင့် ဖန်ကျန်းရီကဲ့သို့သော အမှိုက်ကောင်က သဘောကျသွားသည်မှာ အတော်လေး ယုတ္တိရှိနေသည် မဟုတ်ပါလား။ အပုပ်နံ့ချင်း တူညီနေကြလို့ပဲ ဖြစ်ရမည်။
ဖန်ကျန်းရီသည် စိတ်အနှောင့်အယှက် ဖြစ်စရာကောင်းသော်လည်း အိမ်ရှေ့စံကို ပညာသင်ကြားပေးရာတွင်တော့ အရည်အချင်း တစ်ခု ရှိပေသည်။ ယခုအခါတွင် ဤအရည်အချင်းက သူ၏ သားအပေါ်၌ အလုပ်ဖြစ်သွားခဲ့ပြီ ဖြစ်၏။
ဤအရာမှာ ဝမ်းမသာစရာ အကြောင်း မရှိပေ။
ထို့ကြောင့် နီချုံသည် ဖန်အိမ်တော်သို့ ရိုးသားဖြူစင်သော ကျေးဇူးတင်စာ တစ်စောင်ကိုပင် အထူးတလည် ရေးသား ပေးပို့ခဲ့သေးသည်။
ဤကိစ္စသည် ဤနေရာတွင် အောင်မြင်စွာ ပြီးဆုံးသွားပြီဟု ဆိုနိုင်သော်လည်း ဖန်ကျန်းရီ၏ ရင်ထဲတွင် အမည်တပ်မရသော စိုးရိမ်ပူပန်မှု အချို့ ရှိနေခဲ့၏။
နီဝမ်ချွန်း၏ ကိစ္စက သူ့အား သတိပေးချက်တစ်ခု ပေးလိုက်ခြင်းပင်။
ယခုအခါတွင် မြို့တော် တစ်ခုလုံး၏ လူနေမှုဘဝမှာ အနည်းနှင့်အများ ဆိုသလို သူနှင့် ကင်းကွာ၍ မရနိုင်တော့ဘဲ လုပ်ငန်းနယ်ပယ်က အရမ်း ကြီးမားကျယ်ပြန့်လွန်းနေပြီ ဖြစ်သည်။
တောက်ယွမ်ခရိုင်မှ ပန်းရှန်းရပ်ကွက်အထိ ဩဇာလွှမ်းမိုးမှုသည် မြို့တော်တစ်ခုလုံးကို ပျံ့နှံ့နေပြီဖြစ်ပြီး တောက်ယွမ်ခရိုင်ကိုပင် လောကပေါ်တွင် နံပါတ်တစ် ခရိုင်အဖြစ် သတင်းမွှေးနေပြီ ဖြစ်၏။
နာရီ၊ လက်ဖက်ခြောက်၊ မှန်နှင့် စက်ဘီး အစရှိသော ရောင်းအားကောင်းသည့် ကုန်ပစ္စည်းများ အကြောင်းကိုတော့ အထူးတလည် ပြောနေစရာပင် မလိုတော့ပေ။
ကျင်းယီဝေ၊ သတင်းစာတိုက်၊ သန့်ရှင်းရေးအဖွဲ့နှင့် ဖုန်းဟော့ဂိုဏ်းတို့၏ တိုးတက်မှုမှာလည်း တစ်နေ့တခြား ကြီးထွားလာနေသည်။
သူ၏ အရာရှိလောကရှိ ဂုဏ်သတင်းမှာ သိပ်မကောင်းလှသော်လည်း အရပ်သားများ ကြားရှိ ဂုဏ်သတင်းမှာမူ မွန်းတည့်ချိန်က နေမင်းကြီးကဲ့သို့ ထွန်းလင်းတောက်ပနေသည်ဟု ဆိုနိုင်ပေ၏။
ယခုအခါတွင် သူ့၌ ကြီးမားသော အာဏာရှိနေပြီး ဂုဏ်သတင်းကလည်း အလွန်ကောင်းမွန်နေရာ ... အကယ်၍ တစ်နေ့နေ့တွင် အမှားအယွင်း တစ်ခုခုဖြစ်ပြီး လူအများ၏ ပစ်မှတ်ထား တိုက်ခိုက်ခြင်း ခံရပါက ကြီးမားသော ပြဿနာတစ်ခု ဖြစ်လာနိုင်သည်။
သူက ကျင်းဘုရင်မင်းမြတ် စိုးရိမ်လာမည်ကို ကြောက်ရွံ့နေခြင်း မဟုတ်ပေ။ သူ့၌ အာဏာမက်မောမှု မရှိကြောင်းကို ကျင်းဘုရင်မင်းမြတ်က တောက်ယွမ်ခရိုင်တွင် ပထမဆုံးအကြိမ် တွေ့ဆုံတည်းက အလွန် ကောင်းစွာ နားလည်ထားခဲ့ပြီး ဖြစ်၏။
ကျင်းဘုရင်မင်းမြတ်က သူ့အပေါ် အလွန်အမင်း ယုံကြည်မှု ရှိနေကြောင်းကိုတော့ သူ သေချာပေါက် ယုံကြည်ထားပေ၏။
သို့ပေမည့် အခြားသူများ၏ တွေးတောမှုများကိုတော့ တားဆီး၍ မရနိုင်ပေ ... နောင်တွင် လုပ်ရမည့် အရာများ အများကြီး ကျန်ရှိနေသေးရာ အကယ်၍ ဤကိစ္စကြောင့် လက်ခြေချည်နှောင်ခံရပြီး တခြားသူများ၏ တိုက်ခိုက်ခြင်းကို ခံရမည်ဆိုလျှင် တန်မည် မဟုတ်ပေ။
ထို့ကြောင့် မိမိကိုယ်ကို အပုပ်ချခြင်း စီမံကိန်း စတင်လိုက်တော့သည်။
သားဖြစ်သူ ဖန်ချန်ယွီ၏ တစ်လပြည့် မွေးနေ့တွင် ဖန်ကျန်းရီသည် ဖိတ်စာများကို အမြောက်အမြား ဖြန့်ဝေကာ မင်းသမီးစံအိမ်တွင် တစ်လပြည့်ပွဲကို ကျင်းပခဲ့၏။
ထို့အပြင် မင်းသမီးစံအိမ် အပြင်ဘက်တွင်လည်း စားပွဲကြီးများ ခင်းကျင်းကာ အရပ်သားများကို လာရောက်ရန် သတင်းစာမှတစ်ဆင့် ဖိတ်ခေါ်ခဲ့ပြီး စားပွဲတိုင်းတွင် လက်ဖွဲ့ငွေ ကောက်ခံရန် အိမ်စေတစ်ယောက်စီ ချထားခဲ့သည်။
တစ်ဖက်က ဘယ်လို ရာထူးကြီးတဲ့ အမတ်ဖြစ်ဖြစ်၊ မှူးမတ်ဖြစ်ဖြစ်၊ သာမန် အရပ်သားဖြစ်ဖြစ် ဂရုစိုက်နေမည် မဟုတ်ပေ။
ထိုနေရာတွင် ထိုင်လိုက်သည်နှင့် စောင့်ကြည့်နေမည့်သူ ရှိနေပြီး လက်ဖွဲ့ငွေ မထည့်လျှင် လူတောင် ဆန်တော့မည် မဟုတ်ပေ။
ဤနေ့တွင် မင်းသမီးစံအိမ် အတွင်းအပြင်၌ လူများမှာ ပင်လယ်ပြင်ကြီးပမာ ပြည့်နှက်နေပြီး မရေမတွက်နိုင်သော လူများက လာရောက် ဂါရဝပြုကြ၏။
ဖန်ကျန်းရီသည် မင်္ဂလာကျက်သရေ ရှိစေရန် အနီရောင် ဝတ်ရုံကြီး တစ်ထည်ကို လဲလှယ် ဝတ်ဆင်ထားခဲ့သည်။ သားဖြစ်သူ အတွက်ကတော့ ... ထိုကောင်လေးက အသုံးအဆောင် ပစ္စည်းတစ်ခုမျှသာ ဖြစ်ပြီး လုံးဝ အရေးမကြီးပေ။
ယခုအချိန်တွင် ဖန်ကျန်းရီသည် မင်းသမီးစံအိမ် တံခါးဝတွင် ရပ်လျက် ပြုံးရွှင်စွာ ဆီးကြိုနေပြီး လီယွမ်ကျောက ်ကမူ မျက်နှာရှုံ့မဲ့လျက် သူ၏ ဘေးတွင် ရပ်နေခဲ့၏။
မျက်စိရှေ့တွင် မြင်တွေ့နေရသည်မှာ လက်ဖွဲ့ငွေ ထည့်ပြီးကာစ မျက်နှာသေများနှင့် အငမ်းမရ စားသောက်နေကြသော အရပ်သား တစ်စုပင် ဖြစ်သည်။
နောက်ကျောဘက်ရှိ မင်းသမီးစံအိမ် အတွင်း၌ လှေကားပုံစံ စင်မြင့်တစ်ခုကို တည်ဆောက်ထားပြီး ...
လူတစ်ယောက် လာရောက် လက်ဆောင်ပေးတိုင်း စင်မြင့်ဘေးရှိ အိမ်စေတစ်ယောက်က အသံကုန်ဟစ်ကာ လက်ဖွဲ့စာရင်းပါ အကြောင်းအရာများကို အော်ဟစ် ဖတ်ပြနေခဲ့၏။
ပိုပေးလေလေ၊ ပို၍ အားပါးတရ အော်ဟစ်လေလေပင်။
"အုပ်ချုပ်ရေးဌာနက ဒုတိယအမတ်မင်းဝမ် လာရောက် ဂါရဝပြုပါတယ်။ သခင်လေးဖန်ရဲ့ တစ်လပြည့် မွေးနေ့ အတွက် ရွှေချည်ထိုး နံ့သာသားနဲ့ ပြုလုပ်ထားတဲ့ ကျောက်စိမ်းပုတီးစေ့ သုံးလုံးနဲ့ ငွေစက္ကူ နှစ်ရာကို လက်ဖွဲ့ပါတယ်။"
"စစ်ဆေးရေးရုံးက ဘယ်လက်ထောက်အမတ်မင်း ချန် ... မြစိမ်းရောင် နွယ်ပန်း ကျောက်စိမ်းဆွဲပြား တစ်ခု၊ ရွှေထည်နဲ့ ပြုလုပ်ထားတဲ့ ကျောက်စိမ်းစေ့များ စီခြယ်ထားတဲ့ လက်ပတ် တစ်စုံနဲ့ ငွေစက္ကူ သုံးရာကို လက်ဖွဲ့ပါတယ်။"
"ရှေ့တန်းစစ်တပ်က တပ်မှူးကြီး ..."
ဖန်ကျန်းရီသည် တံခါးဝတွင် ပါးစပ်မစိနိုင်အောင် ရယ်မောနေခဲ့၏။ မိမိကိုယ်ကို အပုပ်ချနေခြင်း ဖြစ်သော်လည်း တကယ်ကို ကြည်နူးစရာ ကောင်းလွန်းလှသည်။
ဧည့်သည်တစ်ယောက်ကို ကြိုဆိုပြီးတိုင်း တံခါးဝတွင် ဖန်ကျန်းရီနှင့် စကားနှစ်ခွန်းလောက် အပြန်အလှန် ပြောဆိုပြီး တံခါးပေါက်ကို ကျော်ဖြတ်သွားသည်နှင့် သူတို့၏ မျက်နှာများမှာ ချက်ချင်းပင် ဒယ်အိုးဖင်ကဲ့သို့ မည်းမှောင်သွားကြတော့သည်။
ဖန်ကျန်းရီက ဆက်လက် ကြိုဆိုနေစဉ်မှာပင် ရုတ်တရက် မျက်လုံးများ အရောင်တောက်သွားခဲ့၏။ "အို ... အမတ်မင်းနီ ... ဘာဖြစ်လို့ အခုမှ လာရတာလဲ။ ကြိုဆိုပါတယ်။ လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်။"
နီချုံကလည်း ပြုံး၍ လက်သီးဆုပ်ကာ တုံ့ပြန်လိုက်သည်။ "ဒီလို ကြီးကျယ်တဲ့ ကိစ္စမျိုးကို ဒီအမတ်က ဘယ်လိုလုပ်ပြီး မလာဘဲ နေနိုင်မှာလဲ။ ကျုပ်ရဲ့ ခွေးသားလေး အခုလို တိုးတက်လာတာ အမတ်မင်းဖန်ရဲ့ သွန်သင်ဆုံးမမှုတွေကြောင့်ချည်းပါပဲ။"
ဖန်ကျန်းရီက ပြောလိုက်၏။ "အားနာစရာ မလိုပါဘူး။ အားနာစရာ မလိုပါဘူး။"
နီချုံသည် လှည့်ကာ နောက်ကျောဘက်ရှိ အိမ်စေအား ပြောလိုက်သည်။ "လာစမ်း ... အမတ်မင်းဖန်အတွက် လက်ဆောင်တွေကို အထဲကို သယ်သွားလိုက်။"
ဖန်ကျန်းရီက လက်ကာပြလိုက်၏။ "အယ် ... အမတ်မင်းနီ ဒုက္ခခံနေစရာ မလိုပါဘူး။ ကျုပ်ဆီမှာ သယ်ဖို့အတွက် သီးသန့် လူစီစဉ်ထားပြီးသားပါ။"
စကားဆုံးသည်နှင့် ဖန်ကျန်းရီ၏ နောက်ကျောဘက်မှ အိမ်စေတစ်ယောက် ထွက်လာကာ ရှေ့သို့ တိုးလာပြီး လက်ဖွဲ့စာရင်းကို ယူကာ လက်ဆောင်သေတ္တာငယ်လေးကို သယ်ဆောင်သွားတော့သည်။
ထို့နောက် နီချုံနှင့် မလှမ်းမကမ်းတွင် အားအင်မဲ့စွာဖြင့် ဖတ်ပြလိုက်၏။ "အတွင်းဝန်ရုံးက စာဖတ်အမတ် နီချုံ အမတ်မင်းက ကျောက်စိမ်း ရူယီ တစ်ချောင်းနဲ့ ငွေစက္ကူ ... တစ်ရာကျပ်တိတိ လက်ဖွဲ့ပါတယ်။"
သူ၏ အသံမှာ ကြီးသည်ဟုလည်း မဆိုနိုင်၊ သေးသည်ဟုလည်း မဆိုနိုင်ဘဲ စံအိမ်အပြင်ဘက်ရှိ အရပ်သားများ၏ စားပွဲပေါ်သို့ အံကိုက် ရောက်ရှိသွားနိုင်သည်။
အရပ်သားများမှာ လက်ညှိုးထိုးကာ အချင်းချင်း စကားပြောဆိုနေကြပြီး သူတို့၏ မျက်နှာထက်တွင် အထင်အမြင်သေးမှုများနှင့် အပြုံးများ ပါဝင်နေခဲ့၏။
"ဒီအမတ်မင်းဖန်က တကယ်ကို နာမည်နဲ့ မလိုက်ဖက်ဘူး။ ချီးတဲ့မှ… ဘယ်လောက်တောင် လောဘကြီးနေတာလဲ။ သူ ဒီတစ်နေ့တည်းနဲ့ ငွေဘယ်လောက်တောင် ရလိုက်မလဲလို့ မင်း ထင်လဲ။"
"ဘယ်သူ သိမှာလဲ။ ရိုးသားဖြောင့်မတ်တဲ့ အမတ်လို့တောင် ထင်နေခဲ့တာ၊ ဟူး ..."
"ဒါပေမဲ့ ဒီနီ ဆိုတဲ့လူက တကယ်ကို ကပ်စေးနှဲတာပဲ။ ငွေတစ်ရာတည်းတဲ့။ အတွင်းဝန်ရုံးက အမတ်ဆိုတာ ရာထူး အတော်လေး ကြီးတယ် မဟုတ်ဘူးလား။ ဒီလောက် ပိုက်ဆံလေးကိုတောင် နှမြောနေသေးတာလား။"
"အသံတိုးတိုး လုပ်ပါ၊ သူများတွေ ကြားသွားလိမ့်မယ်။ မြန်မြန်စားကြ။ ဒီတစ်နပ်က သောက်ကျိုးနည်း သက်သာတာ မဟုတ်ဘူးနော်။ ပိုက်ဆံပေးရမယ်မှန်း စောစောကတည်းက သိရင် ကျုပ် လာခဲ့မှာ မဟုတ်ဘူး။"
"မကြောက်ပါဘူး၊ ကျုပ် ကြာရွက်တွေ ယူလာတယ်။ ခဏနေရင် ထုပ်သွားလို့ရတယ် ..."
တိတိ။
တစ်ရာကျပ် တိတိတဲ့လား။
နီချုံမှာ ပါးစပ်ကြီးဟလျက် တစ်ခဏအတွင်းမှာပင် ဝိညာဉ်လွင့်ထွက်သွားတော့၏ ... နားထဲတွင်တော့ မင်းသမီးစံအိမ် အတွင်းမှ အားပါးတရ အော်ဟစ်သံများနှင့် နောက်ကျောဘက်ရှိ အရပ်သားများ၏ ခပ်တိုးတိုး စကားပြောသံများက အဆက်မပြတ် ဝင်ရောက်နေဆဲပင်။
"ငွေစက္ကူ သုံးရာ ... ငါးရာ ... ငါးရာ။ အမတ်မင်းချန်က ငွေစက္ကူ ... ခုနစ်ရာ လက်ဖွဲ့ပါတယ်။"
နားထောင်ရင်း နားထောင်ရင်းဖြင့် နီချုံ၏ ခေါင်းမှာ နှစ်ဆလောက် ကြီးထွားလာသကဲ့သို့ ခံစားလိုက်ရပြီး ဖန်ကျန်းရီအား အရှက်ရစွာဖြင့် ကြည့်ကာ ဘာလုပ်ရမှန်းမသိ ဖြစ်နေတော့သည်။
မင်းသမီးစံအိမ်မှာ တစ်လပြည့်ပွဲ ကျင်းပတာ ဒီလို အခြေအနေမျိုး ဖြစ်လာလိမ့်မယ်လို့ ဘယ်သူက သိမှာလဲ။ ဖန်ကျန်းရီ၊ မင်း သောက်ကျိုးနည်း ငွေတွင်းထဲ လက်နှိုက်နေတာလား။
"အမတ်မင်းဖန် ... ဒါက ..."
ဖန်ကျန်းရီက အနည်းငယ် မကျေမနပ်ဖြစ်နေသော လေသံဖြင့် ပြောလိုက်၏။ "အယ် ... လက်ဖွဲ့နည်းနည်း ထည့်တာက ဘာမှမဖြစ်ပါဘူးလေ။ အမတ်မင်းနီက ရိုးသားဖြောင့်မတ်တဲ့ အမတ်ဆိုတော့ အိမ်မှာ အခြေအနေ သိပ်မကောင်းတာကို နားလည်ပေးလို့ ရပါတယ်။ မြန်မြန် ဝင်ပါအုံး။ အထဲမှာ သက်သတ်လွတ် ဟင်းလျာတွေ အားလုံး ပြင်ဆင်ထားပါတယ်။"
"သက်သတ်လွတ် ဟင်းလျာတွေ ... ကျုပ် .. ကျုပ်က ..."