← Chapters

အခန်း (၇၄၂-၇၄၃)

Vol. 39 Ch. 742-743

အခန်း (၇၄၂-၇၄၃)

Vol. 39 Ch. 742-743

အပိုင်း (၇၄၂) ပြီးပြည့်စုံသော အဆုံးသတ်။

အချိန်များက လျင်မြန်စွာ ကုန်ဆုံးသွားပြီး ဟိုဟိုဒီဒီ စကားပြောဆိုနေကြရင်း တစ်နာရီကျော်ခန့် ကုန်လွန်သွားခဲ့၏။

နီဝမ်ချွန်းသည် အချိန်ကို ကြည့်ရှုခန့်မှန်းပြီးနောက် ထိုင်ခုံပေါ်မှ မတ်တတ်ရပ်ကာ အင်္ကျီအောက်စွန်းကို ပုတ်ထုတ်လိုက်ပြီး လက်နောက်ပစ်လျက် ဖန်ကျန်းရီ၏ အရှေ့သို့ လျှောက်လှမ်းသွားသည်။

ပြီးနောက် ပြုံးစိစိ မျက်နှာထားဖြင့် ပြောလိုက်၏။ "အစ်ကိုဖန် ... ကြည့်စမ်းပါအုံး။ အခုအချိန်ဆိုရင် ကျွမ်းယွမ်ထီက ထီထွက်တဲ့အချိန်တောင် လွန်သွားလောက်ပြီ။ ခင်ဗျားရဲ့ လူက ဘာဖြစ်လို့ ပြန်မလာသေးတာလဲ။"

ဖန်ကျန်းရီသည်လည်း အနည်းငယ် စိတ်ရှုပ်ထွေးနေခဲ့သည်။ ဤနေရာနှင့် ပန်းရှန်းရပ်ကွက်မှာ သိပ်မဝေးလှဘဲ မြင်းအမြန်စီးပြီး အသွားအပြန် လုပ်မည်ဆိုလျှင် တစ်နာရီပင် ကြာမည် မဟုတ်ပေ။

ကျိုးထျဲ့ ဆိုတဲ့ ခွေးကောင်က လမ်းတစ်ဝက်မှာ ပြည့်တန်ဆာအိမ်ကို သွားချင်စိတ်ပေါ်လာလို့များ ဝင်သွားလေရော့သလား။

ဖန်ကျန်းရီ စကားမပြောသည်ကို မြင်လိုက်ရသဖြင့် ဘေးပတ်လည်ရှိ လူများက မနေနိုင်ဘဲ တစ်ယောက်တစ်ပေါက် မေးမြန်းလာကြ၏။ "ဒီက အစ်ကို ... ခင်ဗျား အတင်းကြီး မသိချင်ယောင် ဆောင်နေတာ မဟုတ်လား။ အဲဒီကျွမ်းယွမ်ထီရဲ့ ပထမဆုက တခြားသူတွေ ဝယ်ချင်တိုင်း ဝယ်လို့ရတဲ့အရာမျိုး ဟုတ်လို့လား။"

"ဟုတ်တယ်။ လေလုံးထွားပြီးရင်လည်း ပြီးသွားတာပဲ။ အားလုံးက လူစုကွဲဖို့ စောင့်နေကြတာ။ အခု အချိန်ကလည်း သိပ်မစောတော့ဘူးဆိုတော့ မင်း မနိုင်ဘူးဆိုရင်လည်း ပြတ်ပြတ်သားသားလေး တစ်ခွန်းလောက်တော့ ပြောလိုက်ပါ။"

"အချိန်တွေ ထပ်မဆွဲပါနဲ့တော့။"

နီဝမ်ချွန်းသည် လူအုပ်ကြားထဲသို့ တိတ်တဆိတ် ဆုတ်ခွာသွားပြီး ဖန်ကျန်းရီအား ဂုဏ်ယူဝင့်ကြွားစွာ ကြည့်နေခဲ့သည်။

ယခုအချိန်တွင် ဖန်ကျန်းရီ၌လည်း တခြားနည်းလမ်း မရှိတော့သဖြင့် တည်ငြိမ်စွာ လက်ဖက်ရည်ကိုသာ သောက်နေလိုက်၏။

နောက်ထပ် ခဏအကြာတွင် သူ့ဆီမှ ထူးခြားသော တုံ့ပြန်မှု မရှိသည်ကို မြင်လိုက်ရသောကြောင့် လူအုပ်ကြီးမှာ တဖြည်းဖြည်း ဒေါသထွက်လာကြတော့သည်။

"ဒီက အစ်ကို ... ဟန်ဆောင်မနေပါနဲ့တော့။ မင်း တကယ် လုပ်နိုင်လား၊ မလုပ်နိုင်ဘူးလား။"

"ဒီမှာ အားလုံးရဲ့ အချိန်တွေကို လာနှောင့်နှေးမနေနဲ့။"

အလျင်စလို တိုက်တွန်းသံများနှင့် နားထောင်ရဆိုးသော စကားလုံးများသည် အလှည့်ကျ ထွက်ပေါ်လာတော့၏။

ဖန်ကျန်းရီ၏ ရင်ထဲ သည်းခံနိုင်စွမ်း လျော့နည်းလာချိန်မှာပင် လူအများ၏ နောက်ကျောဘက်မှ ကျိုးထျဲ့၏ အသံ ထွက်ပေါ်လာခဲ့သည်။

"အားလုံးပဲ ဖယ်ပေးကြပါ။ ကျွမ်းယွမ်ထီကို ကျုပ် ဝယ်လာခဲ့ပါပြီ။"

ကျိုးထျဲ့သည် အော်ဟစ်နေရင်း လူအုပ်ကို တိုးထွက်လာကာ ဖန်ကျန်းရီအနီးသို့ ရောက်ရှိလာပြီး မောကြီးပန်းကြီးဖြင့် စက္ကူပိုင်းလေး တစ်ခုကို ကမ်းပေးလိုက်၏။ "နောက်ကျသွားတယ်။ နောက်ကျသွားတယ်။ ပန်းရှန်းရပ်ကွက်မှာ လူတွေ အရမ်းများပြီး မြင်း ပိတ်နေလို့ပါ။"

ဖန်ကျန်းရီသည် ကျွမ်းယွမ်ထီကို လှမ်းယူလိုက်ပြီး မကျေမနပ်ဖြင့် ပြောလိုက်သည်။ "ခင်ဗျားကို ပစ္စည်းတစ်ခု ဝယ်ခိုင်းလိုက်ရင် လေတိုက်တာ မဟုတ်ရင် မိုးရွာနေတာပဲ။ ဘာဖြစ်လို့ အကြောင်းပြချက်တွေ ဒီလောက်တောင် များနေရတာလဲ။"

ကျိုးထျဲ့သည် နောက်စေ့ကို ပွတ်သပ်ရင်း အားနာစွာဖြင့် ရယ်မောပြလိုက်၏။

ဖန်ကျန်းရီသည် ကျွမ်းယွမ်ထီကို မြှောက်ကိုင်လိုက်ပြီး အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။ "အားလုံးပဲ စောင့်နေရတာ ကြာသွားပြီ။ ဒါကတော့ ဒီနေ့မှ လတ်တလော ထွက်ထားတဲ့ ကျွမ်းယွမ်ထီရဲ့ ပထမဆုပါ။"

လူအများ၏ စပ်စုလိုသော အကြည့်များသည် ဖန်ကျန်းရီ၏ လက်ပေါ်သို့ စုပြုံကျရောက်လာခဲ့ပြီး နီဝမ်ချွန်းသည် အနည်းငယ် စိုးရိမ်ထိတ်လန့်သွားကာ ပြောလိုက်၏။ "ထီထွက်မယ့် နံပါတ်ကိုတောင် မသိရသေးဘဲနဲ့ ဒါကို ပထမဆုလို့ မင်းက ဘယ်လို အကြောင်းပြချက်နဲ့ ပြောနိုင်ရတာလဲ။"

ဒီကောင်က တကယ်ပဲ ဝယ်နိုင်ခဲ့တာလား။ မဖြစ်နိုင်ဘူး ... လုံးဝ မဖြစ်နိုင်ဘူး။

"မလောပါနဲ့။ မဲနှိုက်တဲ့ အစီအစဉ်မှူးကို ကျုပ် ခေါ်လာခဲ့တယ်။ အားလုံးက ကျွမ်းယွမ်ထီအကြောင်း သိတယ်ဆိုမှတော့ သူ့ကိုလည်း သိလောက်မှာပါ။" ကျိုးထျဲ့၏ အသံ ထွက်ပေါ်လာပြီးနောက် သူ၏ နောက်ကျောဘက် မှ ပန်းရှန်းရင်ပြင်ရှိ အစီအစဉ်မှူးကို ဆွဲထုတ်လာခဲ့၏။

လာရာလမ်းတစ်လျှောက်တွင် ကျိုးထျဲ့သည် အသေးစိတ် အချက်အလက်များအားလုံးကို သေချာစွာ မှာကြားခဲ့ပြီး ဖြစ်ရာ အစီအစဉ်မှူးသည်လည်း ဖန်ကျန်းရီကို သိရှိသူ ဖြစ်နေသည်။

သူသည် ဖန်ကျန်းရီ၏ လက်ထဲမှ ထီလက်မှတ်ကို ချက်ချင်း လှမ်းယူလိုက်ပြီး ဟန်ဆောင်ကာ စစ်ဆေးကြည့်ရှုပြီးနောက် အသံကျယ်ကျယ်ဖြင့် ပြောလိုက်၏။ "အားလုံးပဲ ... ဒီထီလက်မှတ်က တကယ့် စစ်မှန်တဲ့ ပစ္စည်းအစစ်ပါ။ အပေါ်က နံပါတ်ကလည်း အမှားအယွင်း မရှိပါဘူး။ သေချာပေါက် ဒီနေ့အတွက် ပထမဆုပါပဲ။"

"ဝါး။"

လူအများမှာ အလွန်အမင်း အံ့အားသင့်သွားကြပြီး ရှေ့ဘက်သို့ တစ်ယောက်တစ်ပေါက် တိုးဝှေ့လာကြကာ နောက်ဘက်မှ လူများကမူ ခြေဖျားထောက်လျက် ရှေ့သို့ လှမ်းကြည့်နေကြတော့သည်။

ငွေစက္ကူ နှစ်ထောင်ဆိုသော ဆုကြေးငွေက ဆွဲဆောင်မှု ရှိသော်လည်း လူအများအတွက်မူ ပထမဆု ပေါက်သူကို ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ မြင်တွေ့ရခြင်းက ပို၍ အရေးကြီးလှ၏။

ဤအရာမှာ ပုံမှန်အားဖြင့် သတင်းစာထဲတွင်သာ ရှင်သန်နေသော သတ္တဝါတစ်ကောင် မဟုတ်ပါလား။ ယနေ့တွင်မူ မျက်စိရှေ့မှောက်၌ အရှင်လတ်လတ် ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။

ထိုသို့ ထူးဆန်းအံ့သြဖွယ် ကောင်းလှသော ပုံစံမျိုးဖြင့် ဝယ်ချင်သည်ဟု ပြောလိုက်ရုံဖြင့် ဝယ်ယူနိုင်ခဲ့ခြင်းပင်။

ထီထွက်သည် ဆိုလျှင်တောင်မှ အကြိမ်တိုင်းတွင် ပထမဆု ထွက်ပေါ်လာနိုင်သည် မဟုတ်ကြောင်းကို သိထားသင့်သည်။

ဒီဖန်ထန်ကျင့်က ဘယ်ကနေများ ယုံကြည်မှုတွေ ရလာရတာလဲ။

နီဝမ်ချွန်း၏ မျက်နှာမှာ ဖြူရော်သွားခဲ့၏။

ဘယ်လို ... ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။ ကံတရားအပေါ် အခြေခံတဲ့ ဒီပစ္စည်းမျိုးကို ဘယ်လိုလုပ်ပြီး ဝယ်လို့ရမှာလဲ။

ထိုသို့ တွေးမိသောကြောင့် နီဝမ်ချွန်းသည် အစီအစဉ်မှူးအား တင်းမာခက်ထန်သော လေသံဖြင့် မေးလိုက်သည်။ "ဒါက အစစ်ပါလို့ ခင်ဗျား ဘယ်လို သက်သေပြနိုင်မှာလဲ။"

"ဟုတ်တယ်။ ဘယ်လိုလုပ်ပြီး ဝယ်ချင်တိုင်း ဝယ်လို့ရမှာလဲ။ အရင်တုန်းက ဆယ်ကြိမ်ကျော်လောက်တောင် ပထမဆု တစ်ဆုမှ မထွက်ခဲ့တာ။ သူက ဘယ်လို အကြောင်းပြချက်နဲ့ ဝယ်ချင်တိုင်း ပထမဆုကို ဝယ်နိုင်ရတာလဲ။"

"သူက ကြိုတင် သိမြင်နိုင်တဲ့ အစွမ်းများ ရှိနေလို့လား။ ဒါက အတုလုပ်ထားတာ သေချာတယ်။"

တစ်ခဏအတွင်းမှာပင် လူအများ၏ စိတ်ခံစားချက်များက ထပ်မံ ပြင်းထန်လာခဲ့ပြန်သည်။ ကျွမ်းယွမ်ထီကို ဝယ်ယူသူ အများစုမှာ စာပေပညာရှင်များ ဖြစ်ကြပြီး ဤနေရာရှိ လူများမှာ အနည်းနှင့်အများဆိုသလို ဝယ်ယူဖူးကြသူများ ဖြစ်၏။

အတုပြုလုပ်ထားနိုင်ခြေ ရှိသည်ကို သိလိုက်ရချိန်တွင် သဘာဝကျစွာပင် အလွန်အမင်း ဒေါသ ထွက်သွားကြတော့သည်။

အစီအစဉ်မှူးသည် လက်နှစ်ဖက်ကို မြှောက်ကာ ပြောလိုက်၏။ "အားလုံးပဲ ကျုပ် ရှင်းပြတာကို နားထောင်ပေးကြပါ။ ဒီသခင်လေးက ငွေကြေး အမြောက်အမြား အကုန်အကျခံပြီး လူတစ်စုကို ငှားရမ်းပြီး နံပါတ်အားလုံးကို တစ်စုံစီ ဝယ်ယူလိုက်တာပါ။ နံပါတ်တွေ အားလုံးကို ဝယ်ထားမှတော့ သဘာဝကျစွာပဲ ပထမဆု ပါလာမှာပေါ့။ ဒါပေမဲ့ ဒီတစ်ခါ ရမယ့် ဆုကြေးငွေက ကျွမ်းယွမ်ထီ ဝယ်ဖို့ ကုန်ကျသွားတဲ့ စရိတ်နဲ့ ယှဉ်လိုက်ရင်တော့ ဘာမှမဟုတ်လောက်ဘူးလို့ ထင်ပါတယ်။"

ထိုစကားများ ထွက်ပေါ်လာပြီးနောက် မူလက ဒေါသထွက်နေကြသူများမှာ ရုတ်တရက် ငြိမ်သက်သွားကြပြီး အချင်းချင်း ကြည့်နေမိကြတော့သည်။

အော် ... ဒါကြောင့်ကိုး။ ဒါဆိုရင်တော့ ယုတ္တိရှိသွားပြီ။ ဒါပေမဲ့ အားလုံးကို ဝယ်ယူဖို့ဆိုရင် ငွေဘယ်လောက်တောင် ကုန်ကျမလဲ။

သို့ပေမည့် ဘယ်လောက်ပဲ ကုန်ကျပါစေ ကောင်းကင်ဘုံ ဈေးနှုန်းတစ်ခု ဖြစ်နေမည်မှာ အသေအချာပင်။

တစ်ခဏအတွင်း လူတိုင်းမှာ စိတ်ထဲတွင် တွက်ချက်မှုများ စတင်ပြုလုပ်လာကြပြီး လူအချို့ကမူ ဖန်ကျန်းရီနှင့် အစပြုကာ စကားလာပြောဆိုလာကြ၏။

ဖန်ကျန်းရီကလည်း သဘာဝကျစွာပင် ရောက်လာသူတိုင်းကို မငြင်းဆန်ဘဲ လွတ်လပ်ပေါ့ပါးသော အမူအရာဖြင့် တုံ့ပြန်နေခဲ့သည်။

ချူချင်ဟန်သည် ရှုပ်ထွေးသော အမူအရာဖြင့် ဖန်ကျန်းရီအား ကြည့်နေခဲ့၏။ သူမ၏ မျက်လုံးထဲတွင် ဖန်ကျန်းရီသည် နောက်ထပ် ထူးဆန်းနက်နဲမှု တစ်ခု ဖုံးလွှမ်းသွားခဲ့ပြန်သည်။ သို့သော်လည်း ကျေးဇူးတင်စရာတွေက ပိုများလာသလိုပင် …။

လူအများ၏ စိတ်လှုပ်ရှားနေမှုများ တည်ငြိမ်သွားချိန်တွင် ဖန်ကျန်းရီသည် ကြောင်အမ်းအမ်း ဖြစ်နေဆဲဖြစ်သော နီဝမ်ချွန်း၏ ရှေ့သို့ လျှောက်သွားကာ လက်ထဲရှိ ထီလက်မှတ်ကို ခေါက်ပြလျက် ပြုံး၍ မေးလိုက်သည်။ "အစ်ကိုနီ ... ထပ်ပြီး စစ်ဆေးကြည့်ချင်သေးလား။"

နီဝမ်ချွန်း၏ မျက်နှာမှာ တစ်ခဏ ဖြူရော်သွားပြီးနောက် နောက်ဆုံးတွင်တော့ ခေါင်းငုံ့ကာ အံကြိတ်လျက် ပြောလိုက်၏။ "အစ်ကိုဖန်က တကယ်ကို နည်းလမ်းကောင်း ရှိတာပဲ။ ကျုပ် သွားတော့မယ်။"

ထို့နောက် လှည့်ထွက်သွားကာ လူတစ်စုကို ခေါ်ဆောင်လျက် အလျင်အမြန် ထွက်ခွာသွားတော့သည်။

လူများ ထွက်သွားသည်ကို မြင်လိုက်ရသဖြင့် ဖန်ကျန်းရီသည် ထီလက်မှတ်ကို ကိုင်ဆောင်ကာ ချူချင်ဟန်၏ ရှေ့သို့ လျှောက်သွားပြီး ခပ်တိုးတိုး ပြောလိုက်၏။ "ခုနက ကျုပ် စကားပြောတာ အနည်းငယ် များသွားခဲ့တယ်။ တောင်းပန်ပါတယ်။ ဒါက မင်းအတွက် လက်ဆောင်ပေးတဲ့ မွေးနေ့လက်ဆောင်ပါ။ မွေးနေ့မှာ ပျော်ရွှင်ပါစေ။"

ချူချင်ဟန်သည် ခေါင်းမော့ကာ သူ၏ အကြည့်များကို ရင်ဆိုင်လိုက်ချိန်တွင် အဘယ်ကြောင့်မှန်းမသိ ရင်ထဲတွင် တုန်လှုပ်သွားခဲ့သည်။

သူမသည် ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်ဘဲ ထီလက်မှတ်ကို လှမ်းယူလိုက်ပြီး မျက်နှာလေး ရဲတွတ်နေလျက် ခပ်တိုးတိုး ပြောလိုက်၏။ "သခင်လေးဖန်ကို ကျေးဇူးတင်ပါတယ်။"

"အချိန်လည်း မစောတော့ဘူး။ ကျုပ် အိမ်ပြန်သင့်ပြီ။ ကျိုးထျဲ့ ... ကျိုးထျဲ့။"

နှစ်ကြိမ်တိတိ ခေါ်လိုက်သော်လည်း ထူးသံမကြားရသဖြင့် ဖန်ကျန်းရီသည် အရပ်လေးမျက်နှာသို့ လှည့်လည်ကာ ကျိုးထျဲ့၏ လူရိပ်ကို ရှာဖွေလိုက်ရာ ရုတ်တရက် စင်မြင့်ထောင့် တစ်နေရာ၏ အောက်ဘက်တွင် ကျိုးထျဲ့ကို မြင်တွေ့လိုက်ရ၏။

ခေါင်းတစ်လုံးသာ ပေါ်နေပြီး ခိုးကြောင်ခိုးဝှက်ဖြင့် ဘာလုပ်နေမှန်း မသိချေ။

ဖန်ကျန်းရီသည် မျက်မှောင်ကြုတ်လိုက်ကာ လူအုပ်ကြားကို တိုးထွက်ပြီး ကျိုးထျဲ့၏ နောက်ကျောဘက်သို့ ရောက်ရှိသွားချိန်တွင် တစ်ကိုယ်လုံး တုန်လှုပ်သွားတော့သည်။

ဒီခွေးကောင်က အရင်က မိန်းကလေးချန်ကျိယင်ကို အတင်းအကျပ် မျက်နှာလုပ် ဖားယားနေသည်ကို မြင်တွေ့လိုက်ရ၏။

"တစ်ချက်လောက် ပြုံးပြပါအုံး။ ကျုပ်ကို စိတ်ဆိုးနေတုန်းပဲလား။"

"အောက်တန်းကျလိုက်တာ။"

"ကျုပ်က အောက်တန်းကျတာ မဟုတ်ပါဘူး။ ကျိယင် မင်းက အရမ်းလှလွန်းနေလို့ပါ။ အေး ... ကျွမ်းယွမ်ထီ ဘယ်လိုလုပ်ပြီး ပထမဆု ပေါက်လဲဆိုတာကို မင်း သိချင်လား။"

"အကုန်လုံးကို တစ်စုံစီ ဝယ်လိုက်တာ မဟုတ်ဘူးလား။ ဒီနည်းလမ်းကို ပိုက်ဆံရှိတဲ့သူတိုင်း လုပ်နိုင်တာပဲလေ။"

"ဟဲဟဲ ... ဘယ်မှာ ဒီလောက် လွယ်ကူနေပါ့မလဲ။ အချိန်အရဆိုရင်လည်း မှီမှာ မဟုတ်ဘူးလေ။ မင်း သေသေချာချာ စဉ်းစားကြည့်ပါဦး။ ဒါတွေအားလုံးက နည်းစနစ်တွေ ရှိတယ်။ အပြင်လူကို ဘယ်လိုလုပ်ပြီး အလွယ်တကူ ပြောပြလို့ရမှာလဲ။ မင်း သင်ချင်လား။ ကျုပ် သင်ပေးမယ်လေ။"

ချန်ကျိယင်၏ မျက်ဝန်းထဲတွင် အရောင်များ တောက်ပလာခဲ့၏။ "တကယ်လား။"

ကျိုးထျဲ့က အရှက်မရှိဘဲ ဆက်လက်၍ ကြွားလုံးထုတ်နေခဲ့သည်။ "ဒါပေါ့။ တတ်မြောက်အောင် သေချာ သင်ပေးမယ်။ မင်းအိမ် ဘယ်မှာနေလဲ။ ကျုပ် အိမ်တိုင်ရာရောက် ..."

"ဘာနည်းစနစ်လဲ။ ကျုပ်ကိုလည်း သင်ပေးပါလား။" အေးစက်စက် အသံတစ်သံက ကျိုးထျဲ့၏ နားထဲတွင် ထွက်ပေါ်လာခဲ့၏။

ကျိုးထျဲ့သည် လန့်ဖြတ်ကာ နေရာမှ ခုန်ထလိုက်ပြီး ခြောက်ကပ်ကပ် ရယ်မောလိုက်၏။

ဖန်ကျန်းရီက မျက်နှာ တစ်ခုလုံး မည်းမှောင်လျက် ပြောလိုက်သည်။ "အိမ်ပြန်မယ်။"

...

ဖုန်းယောင်စံအိမ် အပြင်ဘက်ရှိ မှောင်မိုက်သော လမ်းကြားလေး အတွင်း၌။

နီဝမ်ချွန်းသည် လက်ဆွဲမီးအိမ်ကို ကိုင်ဆောင်ကာ အရှေ့သို့ ရောက်ရှိလာသော ပိန်ပိန်ပါးပါး အမျိုးသားကို ကြည့်လျက် မေးလိုက်၏။ "မင်းက ကျီခွန်းဆိုတာလား။"

ကျီခွန်းက ပြန်ဖြေသည်။ "ဟုတ်တယ်။ သခင်လေး ရိုက်နှက်ခိုင်းချင်တဲ့လူက ဘယ်မှာလဲ။ ပိုက်ဆံ အရင်ပေးရင် အခုပဲ သွားလိုက်မယ်။"

နီဝမ်ချွန်းက ကြမ်းကြုတ်စွာ ရယ်မောလိုက်၏။ "ကောင်းတယ်။ လုံလောက်တဲ့ သွက်လက်မှုပဲ။ ခဏနေရင် ဖုန်းယောင်စံအိမ်ထဲကနေ သာမန် အဝတ်အစား ဝတ်ထားတဲ့ လူနှစ်ယောက် ထွက်လာလိမ့်မယ်။"

"တစ်ယောက်က အရပ်ရှည်ပြီး တောင့်တင်းတယ်၊ နောက်တစ်ယောက်က မျက်နှာဖြူဖြူနဲ့ ကောင်လေးပဲ။ မင်း အဲဒီလူနှစ်ယောက်ရဲ့ ခြေထောက်နှစ်ဖက်စလုံးကို ရိုက်ချိုးပစ်လိုက်ရင် ကိစ္စပြီးပြီ။"

ကျီခွန်းက မျက်မှောင်ကြုတ်လိုက်သည်။ "တစ်ယောက်ကို ခြေတစ်ဖက်ဆိုတာ မဟုတ်ဘူးလား။ နှစ်ယောက်ကို လေးဖက်ဆိုတော့ ပိုက်ဆံ ထပ်ပေါင်းရမယ်။ ငွေစက္ကူ သုံးရာ။"

"သဘောတူတယ်။"

အပိုင်း (၇၄၃) ကျင်းယီဝေရဲ့ ပြစ်ဒဏ်ကြီး။

ဖုန်းယောင်စံအိမ် အပြင်ဘက်တွင် ဖန်ကျန်းရီသည် ကျိုးထျဲ့ကို ခေါ်ဆောင်ကာ လက်ဆွဲမီးအိမ်များကို ကိုင်ဆောင်လျက် ထွက်ခွာရန် ပြင်ဆင်နေခဲ့ပြီ ဖြစ်၏။

ဖိတ်စာ မပါလာသောကြောင့် မြင်းများကို ဖုန်းယောင်စံအိမ်၏ အပြင်ဘက် မလှမ်းမကမ်းရှိ တည်းခိုခန်း တစ်ခုတွင်သာ ချည်နှောင်ထားခဲ့ရသည်။

ထို့ကြောင့် သူတို့နှစ်ဦးမှာ တည်းခိုခန်းသို့ အရင်ဆုံး သွားရောက်ရမည် ဖြစ်၏။ ဖုန်းယောင်စံအိမ်မှ ထွက်လာပြီး မကြာမီမှာပင် သူတို့နှစ်ဦး၏ နောက်ကျောဘက်မှ ချူယိုယီ၏ အသံ ထွက်ပေါ်လာခဲ့သည်။

"အစ်ကိုဖန် ... ခဏလောက် နေပါအုံး။"

ဖန်ကျန်းရီသည် နောက်သို့ လှည့်ကြည့်လိုက်ရာ ချူယိုယီကို မြင်လိုက်ရသဖြင့် သံသယဖြစ်စွာဖြင့် မေးလိုက်၏။ "ယိုယီ ... ဘာဖြစ်လို့လဲ။"

ချူယိုယီသည် အနည်းငယ် မောဟိုက်နေပြီး ပန်းရောင်သန်းနေသော မျက်နှာလေးကို မော့ကာ ပြုံးလျက် ပြောလိုက်သည်။ "ဘာမှမဖြစ်ပါဘူး။ အစ်မက အထဲမှာ ပြန်မသွားသေးတဲ့ တခြားသူတွေကို ဧည့်ခံနေရလို့ပါ။ ရှင် အရမ်း အလျင်စလို ထွက်သွားလို့ အစ်မက ရှင့်ကို ကျေးဇူးတင်စကား လာပြောခိုင်းတာပါ။"

"ဒါဆိုလည်း သူ ကိုယ်တိုင် လာသင့်တာပေါ့။ ကျုပ်က သူ့အတွက် ပြဿနာ ဖြေရှင်းပေးတာကို မင်းအစ်မက ဆင်ခြေအမျိုးမျိုးနဲ့ ငြင်းဆန်နေတာ မင်းလည်း အမြင်ပဲလေ။"

ချူယိုယီက အူကြောင်ကြောင်ဖြင့် ရယ်မောလိုက်၏။ "ဖုန်းယောင်စံအိမ်ထဲမှာ သူ့ကို လာနှောင့်ယှက်နေတဲ့သူတွေ ရှိနေသေးလို့ပါ ... အစ်မက တကယ် ငြင်းချင်နေတာ မဟုတ်ပါဘူး။ ရှင်က ရာထူးကြီးတော့ အဲဒီလို အသေးအဖွဲ ကိစ္စတွေကို ဂရုစိုက်ဖို့ အချိန်မရှိဘူးလေ။ ကျွန်မတို့က သာမန် အရပ်သားတွေပါ။ အစ်မက ကျွန်မကို ပြောဖူးတယ်။ ရှင့်တစ်ယောက်တည်းကို ဒုက္ခပေးရတာက လူမြောက်မြားစွာကို ဒုက္ခပေးရတာနဲ့ အတူတူပဲတဲ့။ အဲဒါကြောင့် အကြိမ်ကြိမ် ငြင်းဆန်နေခဲ့တာပါ။"

ဘာပဲဖြစ်ဖြစ် အဆင့်အတန်းက အတားအဆီးတစ်ခု ဖြစ်သွားခဲ့ပြီပဲ။ အရင်တုန်းက ယူတိန့်မြို့မှာတုန်းက ဆက်သွယ်ရတာ ဒီလောက်တောင် မခက်ခဲဘူး။

မူလက သာမန်လူ တစ်ယောက်အနေနဲ့ နေထိုင်ချင်ခဲ့ပေမဲ့ အရည်အချင်းက တကယ်ကို ခွင့်မပြုနိုင်ဘူး ဖြစ်နေတယ်။

ဖန်ကျန်းရီက ညင်သာစွာ သက်ပြင်းချလျက် ပြောလိုက်၏။ "သိပါပြီ။ မင်းတို့ ညီအစ်မ နှစ်ယောက်အတွက်လည်း မလွယ်ကူပါဘူး။ နောက်ဆို ပြဿနာတစ်ခုခုနဲ့ ကြုံတွေ့ရရင် ကျုပ် လူလွှတ်ပြီး ဖြေရှင်းပေးပါ့မယ်။"

ချူယိုယီသည် ခေါင်းကို အားရပါးရ ညိတ်ပြလိုက်ပြီးနောက် ပြောလိုက်သည်။ "အစ်ကိုဖန် ... အစ်မက နောက်နှစ်လလောက် နေရင် မြောက်ပိုင်းရုန်ရဲ့ နယ်စပ်မြို့ကို သွားပြီး အခြေအနေ အရင် စုံစမ်းကြည့်မယ်လို့ ပြောတာ ကြားရတယ်။ ဒီနေ့ အခြေအနေကို ကြည့်ရတာ အစ်မက ရှင့်ကို ပြောပြဖို့ အစီအစဉ် မရှိပုံပဲ။ ဒါပေမဲ့ ကျွန်မက အဲဒီဘက်မှာ အရမ်း အန္တရာယ်များတယ်လို့ ခံစားနေရလို့ပါ ..."

ဖန်ကျန်းရီက မတတ်သာစွာဖြင့် ပြောလိုက်၏။ "မင်းအစ်မက တကယ်ကို ခေါင်းမာတာပဲ။ ဒါပေမဲ့ ကျုပ် သူ့ကို စောင့်ကြည့်ဖို့ လူလွှတ်ထားလိုက်မယ်။ နယ်စပ်မြို့ကို သွားရင် သူနဲ့အတူ လိုက်သွားဖို့ လူလွှတ်ပေးလိုက်မယ်။ အချိန်ရောက်ရင် ကျင်းယီဝေရဲ့ ရုံးလုပ်ငန်းကိစ္စလို့ပဲ ပြောလိုက်မယ်ဆိုတော့ သူ့အတွက် အများကြီး စိုးရိမ်ပူပန်နေစရာ မလိုတော့ပါဘူး။"

"ကျေးဇူးတင်ပါတယ် အစ်ကိုဖန်။"

"ကျေးဇူးတင်စရာ မလိုပါဘူး။ မင်းအစ်မက မင်းရဲ့ တစ်ဝက်လောက်တောင် နားလည်မှုရှိရင် ကျုပ် ဒီလောက်တောင် စိတ်ပူနေစရာ မလိုဘူး။"

ဖန်ကျန်းရီသည် စကားပြောရင်း ရင်ခွင်ထဲမှ အိတ်ဆောင်နာရီကို ထုတ်ယူကာ ချူယိုယီ၏ ရှေ့သို့ ကမ်းပေးလိုက်၏။ "မင်းအတွက် လက်ဆောင်ပေးတာ။ ဒီနေ့ မင်းအစ်မကို လက်ဆောင်ကြီး တစ်ခု ပေးခဲ့ပြီးပြီဆိုတော့ သဘာဝကျစွာပဲ မင်းအတွက်လည်း မပါလို့ မဖြစ်ဘူးလေ။"

ချူယိုယီသည် အိတ်ဆောင်နာရီကို ကြည့်ရင်း ဗလုံးဗထွေးဖြင့် ပြောလိုက်သည်။ "ကျွန်မ ... ကျွန်မက မွေးနေ့လည်း မဟုတ်ဘဲနဲ့ ... ဒါက မသင့်တော်ပါဘူး။"

"ယူထားလိုက်ပါ။ နောက်ဆို စောစောဖြစ်ဖြစ် နောက်ကျမှဖြစ်ဖြစ် အသုံးဝင်လာမှာပါ။ မင်းအတွက် ကြိုတင် ကျင်းပပေးလိုက်တယ်လို့ပဲ သဘောထားလိုက်ပါ။" ဖန်ကျန်းရီသည် မငြင်းဆန်ခိုင်းဘဲ အိတ်ဆောင်နာရီကို ချူယိုယီ၏ လက်ထဲသို့ ထည့်ပေးလိုက်၏။

ကျိုးထျဲ့မှာ ကြည့်ရင်း သွားရည်များပင် ကျလာခဲ့သည်။

အဆင့်မြင့်လိုက်တာ။ ဒါကမှ တကယ့် အဆင့်မြင့်တာပဲ။ သခင်လေးနဲ့ တကယ်ကို လိုက်ဖက်ပါတယ်။

သခင်လေးက ပုံမှန်ဆို လူရမ်းကား တစ်ယောက်လို နေတတ်ပေမဲ့ ကောင်မလေးရှေ့ ရောက်သွားတာနဲ့ တည်ငြိမ်သွားပြီ။ ပြီးတော့ လက်ဆောင်လေးတွေလည်း အဆက်မပြတ် ပေးနေသေးတယ်။ သင်ယူထားလိုက်အုံးမှပဲ။

စကားပြောဆိုနေစဉ်မှာပင် ပိန်ပိန်ပါးပါး လူရိပ်တစ်ခုက မှောင်ရိပ်ထဲမှ ရုတ်တရက် ထွက်ပေါ်လာခဲ့၏။ လာသူမှာ ကျီခွန်းပင် ဖြစ်သည်။

သူသည် ညာဘက်လက်တွင် တုတ်တိုတစ်ချောင်းကို ကိုင်ဆောင်ထားပြီး ခါးကို အနည်းငယ် ကိုင်းညွတ်ကာ ဖန်ကျန်းရီတို့ သုံးဦးရှိရာသို့ အလျင်အမြန် ပြေးဝင်လာခဲ့သည်။ သူ၏ တစ်ကိုယ်လုံးမှာ တက်ကြွသွက်လက်သော အမဲလိုက်ခွေး တစ်ကောင်ကဲ့သို့ ဝပ်တွားနေခဲ့၏။

ဖန်ကျန်းရီနှင့် ချူယိုယီတို့က ရှေ့တွင် စကားပြောနေကြပြီး ကျိုးထျဲ့မှာ ကျီခွန်းနှင့် အနီးဆုံးသူ ဖြစ်နေပေသည်။

ခြေလှမ်း ငါးခြောက်လှမ်းခန့် အကွာအဝေးမျှသာ ရှိသောကြောင့် ကျီခွန်း၏ လူရိပ်မှာ မျက်တောင် တစ်ခတ်အတွင်း ရောက်ရှိလာခဲ့ပြီး ညာဘက်လက်မှ တုတ်တိုဖြင့် ကျိုးထျဲ့၏ ဒူးကွေးနေရာသို့ ရုတ်တရက် ရိုက်ချလိုက်၏။

ကျိုးထျဲ့မှာ ကျီခွန်းအား ကျောခိုင်းထားသော်လည်း အသံကို ကြားလိုက်ရသဖြင့် ပင်ကိုယ်အသိစိတ်ဖြင့် လှုပ်ရှားလိုက်ရာ ဒူးကွေးနေရာသို့ ဦးတည်လာသော တုတ်တိုမှာ ကျိုးထျဲ့၏ ပေါင်ပေါ်သို့ တည့်မတ်စွာ ကျရောက်သွားခဲ့သည်။

ကျီခွန်းသည် ရင်ထဲတွင် အခြေအနေမကောင်းကြောင်း ခံစားလိုက်ရပြီး တုတ်တိုကို လျင်မြန်စွာ ပြောင်းကိုင်ကာ တုတ်ခေါင်းဖြင့် ကျိုးထျဲ့၏ မေးစေ့ကို တိုက်ရိုက် ပြင်းပြင်းထန်ထန် ထိုးချလိုက်၏။

နောက်တစ်စက္ကန့်တွင်တော့ ကျီခွန်း၏ တုတ်မှာ ကျိုးထျဲ့၏ ခါးနေရာသို့ပင် မရောက်ရှိသေးမီ လည်ပင်းတွင် စူးရှသော နာကျင်မှုတစ်ခုကို ခံစားလိုက်ရပြီး အပေါ်သို့ မတင်ခံလိုက်ရသည်။

တုတ်ကိုင်ထားသော လက်မှာလည်း ဖမ်းဆုပ်ခံလိုက်ရပြီး သံကွင်းဖြင့် ချည်နှောင်ခံထားရသကဲ့သို့ အနည်းငယ်မျှ လှုပ်ရှား၍ မရနိုင်တော့ချေ။

ကျိုးထျဲ့သည် တိုက်ခိုက်လာသူကို မျက်လုံးရှေ့သို့ ဖြည်းညင်းစွာ မတင်လိုက်ပြီး သေချာစွာ အကဲခတ် ကြည့်လိုက်၏။ "ဘယ်ကလာတဲ့ ကြက်ပေါက်စလေးလဲ။"

ကျရှုံးသွားပြီ။ သိုင်းပညာရှင်ပဲ။ သိုင်းပညာရှင်တွေထဲကမှ အထွတ်အထိပ် သိုင်းပညာရှင်ပဲ။ ကိုယ်တိုင်ကလည်း ရန်ဖြစ်ရာမှာ အတွေ့အကြုံရှိတဲ့သူ တစ်ယောက် ဖြစ်ပေမဲ့ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်တာတောင်မှ တစ်ဖက်လူရဲ့ လက်အောက်မှာ တစ်ကွက်လေးတောင် မခံနိုင်ခဲ့ဘူး။

"သူရဲကောင်းကြီး အသက်ချမ်းသာပေးပါ။" ကျီခွန်းမှာ ချွေးစေးများ ပျံကျလာပြီး ရင်ထဲတွင် အလွန်အမင်း ထိတ်လန့်သွားကာ ပင်ကိုယ်အသိစိတ်ဖြင့် အော်ဟစ်လိုက်၏။

"ဘုန်း။" ကျိုးထျဲ့က လုံးဝ ဂရုမစိုက်ဘဲ ကျီခွန်း၏ ဝမ်းဗိုက်သို့ ပြင်းထန်သော လက်သီးတစ်ချက်ကို တိုက်ရိုက် ထိုးချလိုက်သည်။

ကျီခွန်းသည် ဝေါ့ ခနဲ အော်ဟစ်လိုက်ပြီး ကျိုးထျဲ့၏ လက်မောင်းပေါ်သို့ အန်ချလိုက်ရာ အနီရောင်၊ အစိမ်းရောင်၊ အဝါရောင် အစရှိသည့် အရာများ အားလုံး ပါဝင်နေပြီး ရတနာရှစ်ပါး ဆန်ပြုတ်နှင့်ပင် တူနေတော့၏။

"သောက်ကျိုးနည်း။ ထမင်းစားပြီးကာစတောင် လာပြီး ရမ်းကားရဲတယ်ပေါ့လေ။ မေနိုး ... ငါ အသစ်လဲထားတဲ့ အင်္ကျီလေ။ မင်းကို သတ်ပစ်မယ်ဆိုတာ ယုံလား။"

ကျိုးထျဲ့မှာ အလွန်အမင်း ရွံရှာသွားပြီး ဒေါသတကြီး ဆဲဆိုပြီးနောက် ပါးရိုက်သံများ ဆက်တိုက် ထွက်ပေါ်လာတော့သည်။

ကျီခွန်းမှာ ရိုက်နှက်ခံရမှုကြောင့် မျက်လုံးထဲတွင် ကြယ်တွေလနေကာ မူးဝေသွားပြီး ပါးပြင်များမှာလည်း မို့မောက်လာခဲ့၏။ အချိန်အတော်ကြာမှ သက်ပြင်းချနိုင်ပြီး အသက်ရှူရခက်ခဲစွာဖြင့် ပြောလိုက်သည်။ "အစ်ကို ... အစ်ကိုကြီး ... ကျုပ်ကို မရိုက်ပါနဲ့တော့ ... သိုင်းလောက စည်းမျဉ်းအရ ကျုပ်ကို စကားတစ်ခွန်းလောက် ပြောခွင့်ပေးပါ ... ရမလား။"

"ဘာပဲဖြစ်ဖြစ် ကျုပ် ... ကျုပ် ဘာလာလုပ်တာလဲဆိုတာကို အရင်မေးပြီးမှ သတ်ပါ ... အဟွတ် အဟွတ်။"

ချူယိုယီမှာ လန့်ဖြတ်သွားပြီး မတော်တဆ ဖန်ကျန်းရီ၏ အနီးသို့ ကပ်သွားမိ၏။

ဖန်ကျန်းရီက အလိုက်တသိ ပွေ့ဖက်လိုက်ပြီး မူးဝေနေဆဲဖြစ်သော ကျီခွန်းကို ကြည့်ကာ ချက်ချင်း နားလည် သွားတော့သည်။

နီဝမ်ချွန်း ... ဒီလူရမ်းကားပေါက်စက နီဝမ်ချွန်း ငှားရမ်းလိုက်တာ သေချာတယ်။ ပြီးတော့ အခြေအနေကို ကြည့်ရတာ ဖုန်းယောင်စံအိမ်ထဲမှာ ရှိနေတည်းက စီစဉ်ထားခဲ့ပုံရတယ်။ မဟုတ်ရင် ဒီလောက် မြန်မြန်ဆန်ဆန် ရောက်လာဖို့ မဖြစ်နိုင်ဘူးလေ။

ငါက မင်းကို ပြဿနာ မရှာသေးတာကို မင်းက အရင် ပြဿနာ လာရှာနေတယ်ပေါ့လေ။

ဖန်ကျန်းရီသည် ချူယိုယီကို ညင်သာစွာ တွန်းဖယ်လိုက်၏။ ယခုအချိန်မှသာ ချူယိုယီသည် သူမကိုယ်တိုင်က ဖန်ကျန်းရီ၏ ရင်ခွင်ထဲတွင် ရှိနေကြောင်းကို သတိပြုမိသွားပြီး မျက်နှာလေးမှာ ရဲရဲနီနေသော တည်သီး တစ်လုံးကဲ့သို့ တဖြည်းဖြည်း ပြောင်းလဲသွားတော့သည်။

သူမသည် ခေါင်းငုံ့ကာ ဘေးဘက် ထောင့်တစ်နေရာတွင် ပုန်းကွယ်နေလိုက်၏။

ဖန်ကျန်းရီသည် ကျီခွန်းကို လက်ညှိုးထိုးကာ ဒေါသတကြီး ဆဲဆိုလိုက်သည်။ "ခိုးကြောင်ခိုးဝှက် တိုက်ခိုက်တာလား။ ပထမဆုံးအနေနဲ့ ကျုပ်က ခိုးကြောင်ခိုးဝှက် တိုက်ခိုက်တာကို မုန်းတယ်။ ဒုတိယအနေနဲ့ စားနပ်ရိက္ခာ ဖြုန်းတီးတာကို မုန်းတယ်။ မင်းက ဒီနေ့ အဲဒီနှစ်ခုစလုံးကို လုပ်သွားပြီပဲ။ ကျိုးထျဲ့ ... အန်ထုတ်ထားတဲ့ဟာတွေကို သူ ပြန်စားအောင် လုပ်လိုက်။ ဒီခွေးကောင်ကို ကျင်းယီဝေဆိုတာ ဘာလဲဆိုတာကို သိသွားအောင် လုပ်ပေးလိုက်။"

"အမိန့်အတိုင်းပါ။"

ကျိုးထျဲ့က ကြမ်းကြုတ်စွာ ရယ်မောလိုက်ပြီး ကြောင်အမ်းအမ်း ဖြစ်နေဆဲဖြစ်သော ကျီခွန်းကို မြေပြင်ပေါ်သို့ ဆောင့်ချလိုက်ကာ အပေါ်ထပ် အင်္ကျီကို လျင်မြန်စွာ ချွတ်လိုက်၏။

ခြေတစ်ဖက်ဖြင့် ကျီခွန်း၏ ရင်ဘတ်ကို နင်းထားပြီး အခြား ခြေတစ်ဖက်ဖြင့် သူ၏ ဘယ်ဘက်လက်ကို နင်းထားလိုက်သည်။

ဖန်ကျန်းရီကလည်း ချက်ချင်း လိုက်ပါလာပြီး ကျီခွန်း၏ ဘေးတွင် ထိုင်ချကာ သူ၏ ညာဘက်လက်ကို နင်းထားလိုက်ပြီးနောက် ကျီခွန်း၏ ပါးစပ်ကို အားကုန်ဖွင့်ထားလိုက်၏။

"အာ အာ အာ အာ အာ။" ကျီခွန်းမှာ အားအင်မဲ့စွာဖြင့် အော်ဟစ်နေဆဲဖြစ်ပြီး ခြေထောက်နှစ်ဖက်စလုံးမှာလည်း အားအင်မဲ့စွာ လှုပ်ရမ်းနေခဲ့သည်။

ကျိုးထျဲ့သည် ရတနာရှစ်ပါး ဆန်ပြုတ်များ ပြည့်နှက်နေသော အင်္ကျီလက်စကို လက်နှစ်ဖက်ဖြင့် ဆန့်တန်းထားကာ ကျီခွန်း၏ အပေါ်သွားများပေါ်တွင် အကြိမ်ကြိမ် ပွတ်တိုက်ပေးနေခဲ့၏။

အချိန်ခဏအကြာတွင် အင်္ကျီလက်စပေါ်ရှိ ရတနာရှစ်ပါး ဆန်ပြုတ်များ အားလုံးမှာ ပြောင်စင်သွားပြီး ... အားလုံးက ကျီခွန်း၏ ပါးစပ်ထဲသို့ ဝင်ရောက်သွားတော့သည်။

အန်ထုတ်လိုက်သော အစားအစာ အနှစ်သာရများမှာ မူလအတိုင်းပင် ပြန်လည် စားသုံးခံလိုက်ရပြီး အစားအစာ အနည်းငယ်မျှပင် မဖြုန်းတီးခဲ့ရချေ။

"ဝေါ့။" ချူယိုယီက အန်ချလိုက်၏။

ဤထိတ်လန့်ဖွယ်ကောင်းသော မြင်ကွင်းကို ရင်ဆိုင်လိုက်ရချိန်တွင် သူမ၏ နုနယ်သော နှလုံးသားလေးမှာ တကယ်ကို ခံနိုင်ရည်မရှိတော့ပေ။

လူသူကင်းမဲ့သော နံရံထောင့်တွင် တုန်ယင်နေခဲ့ပြီး နောက်ဆုံးတွင်တော့ မအောင့်ထားနိုင်တော့ဘဲ မျက်ရည်များပင် ဝိုင်းလာမိသည်။

ကျိုးထျဲ့သည် နောက်သို့ တစ်လှမ်းဆုတ်လိုက်ပြီး ဖန်ကျန်းရီအား ကြည့်ကာ မြှောက်ပင့် ပြောဆိုလိုက်သည်။ "သခင်လေးက အမြော်အမြင် ကြီးမားလှပါတယ်။ ရာထူးမြင့်နေပေမဲ့ အရည်အချင်းကတော့ အရင်နှစ်တွေကထက် မလျော့ကျသွားပါဘူး။"

"အတူတူပါပဲ။"

ကျီခွန်းသည် မြေပြင်ပေါ်တွင် မျှော်လင့်ချက် ကင်းမဲ့စွာ လဲလျောင်းနေရင်း ဘဝအကြောင်းကို တွေးတောနေမိကာ မှောင်မိုက်နေသော ကောင်းကင်ကြီးမှာ သူ၏ စိတ်ခံစားချက်နှင့် အတူတူပင် ဖြစ်နေ၏။

ပါးစပ်ထဲတွင် ကျန်ရစ်နေသော ရတနာရှစ်ပါး ဆန်ပြုတ်၏ အရသာကို မြည်းစမ်းနေရင်း ခေါင်းထဲတွင် အကြိမ်ကြိမ် တွေးတောနေမိသည်။

ကျင်းယီဝေတဲ့လား ... ငါက ဘာဖြစ်လို့ ဒီခရီးစဉ်ကို လာခဲ့ရတာလဲ ... ဒါက ကျင်းယီဝေရဲ့ ပြစ်ဒဏ်ပဲလား ...

သူ့အား အများကြီး စဉ်းစားခွင့် မပေးဘဲ ကျိုးထျဲ့သည် သူ၏ ခါးနေရာသို့ ခြေထောက်ဖြင့် တစ်ချက်ကန်လိုက်ပြီး ကြမ်းတမ်းစွာ ပြောလိုက်၏။ "ထစမ်း၊ သေချင်ယောင် ဆောင်မနေနဲ့။ အခု မေးခွန်းဖြေ၊ ငါတို့ သခင်လေးက ဘာမေးမေး မင်းက အဲဒါကို ပြန်ဖြေရမယ်။ သခင်လေး မကျေနပ်တဲ့ စကားတစ်ခွန်း ပါတာနဲ့ မင်းကို နောက်တစ်ခါ ထပ်စားခိုင်းမယ်ဆိုတာ ယုံလား။"

ကျီခွန်းမှာ နာကျင်သွားသဖြင့် တစ်ကိုယ်လုံး တုန်လှုပ်သွားကာ ခန္ဓာကိုယ် တစ်ဝက်ကို အားယူထူမလျက် ဖန်ကျန်းရီအား ကြည့်လိုက်သည်။

မကြည့်မိလျှင် ကိစ္စမရှိသော်လည်း ဤတစ်ချက် ကြည့်လိုက်မိချိန်တွင် အဓိကဇာတ်ကောင်ကို မြင်လိုက်ရသောကြောင့် သေးပင် ထွက်ကျလုမတတ် ဖြစ်သွား၏။

"ဖန် ... ဖန် ... ဖန် ... အမတ်ဖန်။"

ဖန်ကျန်းရီသည် မျက်လုံးများကို မှေးကျဉ်းလိုက်ပြီး ဖြည်းညင်းစွာ ပြောလိုက်သည်။ "အို ... မင်းက ကျုပ်ကို သိတယ်ပေါ့။ မင်းက ဘယ်သူလဲ။"

All Chapters