အခန်း (၇၃၆-၇၃၇)
Vol. 39 Ch. 736-737
အပိုင်း (၇၃၆) အလှလေး၏ ဖိတ်ခေါ်မှု။
ချူယိုယီသည် မျက်နှာလေး ရဲတက်သွားကာ ဗျာများသွားပြီးနောက် ပြောလိုက်၏။ "ကျွန်မ ..."
သူ့အား လာရှာရသည်မှာလည်း လွယ်ကူလှသည် မဟုတ်ပေ။ လမ်းတစ်လျှောက်လုံး စုံစမ်းမေးမြန်းလာခဲ့ရမှ နေရာမှန်ကို ရှာတွေ့ခဲ့ခြင်း ဖြစ်၏။
ဤသို့ ရုတ်တရက် လာရောက်လည်ပတ်ရခြင်းမှာ အနည်းငယ် ရိုင်းပြရာကျမည်ကို တွေးမိသောကြောင့် တစ်ခဏမျှ စကားစရန်ပင် ခက်ခဲသွားရသည်။
ဖန်ကျန်းရီက ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်၏။ "ထိုင်ပြီးမှ ပြောပါ။ ကျုပ်နဲ့ဆို အားနာနေစရာ မလိုပါဘူး။"
ချူယိုယီသည် ပြုံးလိုက်ပြီး မျက်နှာလေး ရဲတွတ်နေလျက် ထိုင်ခုံပေါ်တွင် ထိုင်လိုက်၏။ "နှောင့်ယှက်သလိုများ ဖြစ်သွားလားဟင်။"
ဖန်ကျန်းရီသည် သူမအား အထက်အောက် အကဲခတ်ကြည့်လိုက်သည်။ "ဘာဖြစ်လို့လဲ။ မင်း လာတာ သေချာပေါက် ကိစ္စတစ်ခုခု ရှိလို့ပဲမလား။ ရှိတဲ့စကားကို တိုက်ရိုက်သာ ပြောပါ။"
ချူယိုယီသည် ခေါင်းကို ညင်သာစွာ ညိတ်လိုက်၏။ "တကယ်တော့ ကျွန်မအစ်မ ကိစ္စပါ။ လတ်တလောမှာ သူ့ကို လာနှောင့်ယှက်နေတဲ့သူ ရှိနေတယ်။ ဘယ်လို လုပ်ရမှန်းမသိလို့ ရှင့်ဆီ လာရှာတာပါ။"
ဖန်ကျန်းရီက မျက်မှောင်ကြုတ်ပြီးနောက် မေးလိုက်သည်။ "ဘယ်သူတွေလဲ။ ဘယ်လို နှောင့်ယှက်နေတာလဲ။"
အမှန်တကယ်လည်း ဤညီအစ်မနှစ်ယောက်သည် နေရာစိမ်းတွင် ဈေးကွက်အတွင်း သတင်း အချက်အလက်များ ကို အမြဲလိုလို စုံစမ်းထောက်လှမ်းနေခြင်းကြောင့် ပြဿနာအချို့နှင့် ကြုံတွေ့ခြင်းမှ ရှောင်လွှဲ၍မရနိုင်ပေ။
ယခုကဲ့သို့သော ကိစ္စမျိုးနှင့် ကြုံတွေ့ရခြင်းမှာ ပုံမှန်အခြေအနေပင် ဖြစ်၏။
ချူယိုယီက ပြောပြလာသည်။ "ဘယ်လိုနောက်ခံမျိုးရှိမှန်းမသိရတဲ့ သခင်လေး တစ်ချို့ပါ။ ကျွန်မနဲ့ အစ်မကို အမြဲတမ်း လိုက်နှောင့်ယှက်နေကြတယ်။ အစ်မက သူတို့ကို ပြဿနာမရှာရဲဘူး။ ရှင့်ဆီ သွားအကူအညီတောင်းဖို့ ပြောပေမဲ့ အစ်မက မလာဘူး။ မနေ့က အစ်မ ပြောပြတာက အဲဒီသခင်လေးတွေက ကဗျာရွတ်ဆိုပွဲတစ်ခု စီစဉ်ထားပြီး အစ်မကို မဖြစ်မနေ လာဖို့ ဖိတ်ခေါ်ထားတယ်တဲ့။ အစ်မက မငြင်းဆန်နိုင်တော့လို့ လက်ခံလိုက်ရတယ်။ ကျွန်မက အစ်မ တစ်ခုခုဖြစ်သွားမှာကို စိုးရိမ်လို့ လာခဲ့တာပါ။"
ချူယိုယီ၏ ဗလုံးဗထွေး ပြောဆိုနေမှုကို နားထောင်ပြီးချိန်မှာတော့ ဖန်ကျန်းရီ စိတ်အေးသွားခဲ့၏။
လှပယဉ်ကျေးသော မိန်းမပျိုလေးများအား လူကောင်းသူကောင်းများက နှစ်သက်သဘောကျတတ်ကြသည် မဟုတ်ပါလား။
အထက်တန်းလွှာမှ သခင်လေးများ ဖြစ်နေသောကြောင့် ရာဇဝတ်မှု ကျူးလွန်နိုင်ခြေ မရှိနိုင်သဖြင့် အလွန်အမင်း စိုးရိမ်ပူပန်နေစရာ မလိုအပ်ပေ။ သို့ပေမည့် အဘယ်ကြောင့် တစ်ခုခုလွဲချော်နေသကဲ့သို့ ခံစားနေရသနည်း။
ဖန်ကျန်းရီက မေးလိုက်၏။ "ဘယ်နေရာမှာလဲ။ ဘယ်အချိန်လဲ။"
ချူယိုယီက ပြန်ဖြေသည်။ "ညဦးပိုင်းအချိန် ဖုန်းယောင်စံအိမ်မှာပါ။"
ဖန်ကျန်းရီက စဉ်းစားချင့်ချိန်ဟန်ဖြင့် ပြောလိုက်၏။ "သိပြီ။ မနက်ဖြန် ကျုပ် တစ်ခေါက်လောက် သွားပြီး ဘယ်လိုလူမျိုးတွေလဲဆိုတာ ကြည့်လိုက်မယ်။"
ချူယိုယီသည် ဝမ်းသာအားရဖြင့် ပြောလိုက်သည်။ "ကျေးဇူးတင်ပါတယ် အမတ်မင်းဖန်။"
ဖန်ကျန်းရီသည် ပြုံး၍ ပြောလိုက်၏။ "အားနာနေစရာ မလိုပါဘူး။ နောက်ဆိုရင် အစ်ကိုဖန်လို့ပဲ ခေါ်ပါ။ ချင်ဟန်က မင်း ကျုပ်ဆီလာတာကို သိလား။"
ချူယိုယီသည် မျက်နှာလေး ရဲတက်သွားကာ ခေါင်းခါပြလိုက်သည်။ "မသိဘူး။ အစ်မက ရှင့်ကို ဒုက္ခပေးသလို ဖြစ်သွားမှာစိုးလို့ သွားတွေ့ခွင့်မပေးဘူး။"
တကယ်ကို ခေါင်းမာလွန်းလှပေ၏။
ဖန်ကျန်းရီသည် စိတ်ထဲမှ တိတ်တဆိတ် သက်ပြင်းချလိုက်ပြီးနောက် ဆက်ပြောလိုက်သည်။ "နောက်ဆို ကိစ္စတစ်ခုခုရှိရင် အနီးနားက ကျင်းယီဝေတွေကို ချက်ချင်း အသိပေးလိုက်ပါ။ ကျုပ်က အကြောင်းကြားပေးထားရင် သူတို့က မင်းတို့ကို ကူညီဖြေရှင်းပေးလိမ့်မယ်။"
ဖန်ကျန်းရီက ဆက်မေးလိုက်၏။ "မင်းတို့ လတ်တလော ဘယ်လိုနေထိုင်နေကြလဲ။"
ချူယိုယီက ပြန်ဖြေသည်။ "အဆင်ပြေပါတယ်။ နေ့တိုင်း လမ်းပေါ်လျှောက်သွားပြီး ဟိုဟိုဒီဒီ လိုက်ကြည့်ဖြစ်တယ်။ ဒါပေမဲ့ အရှေ့ပိုင်းဆင်ခြေဖုံးတက္ကသိုလ်ဆိုတာကို အရင်ကတည်းက ကြားဖူးပေမဲ့ ဒီနေ့မှ ပထမဆုံးအကြိမ် လာဖူးတာပါ။ ဒီလောက်တောင် လှပနေလိမ့်မယ်လို့ မထင်ထားမိဘူး။ ချင်းလျန် ကျောင်းတော်ထက် အများကြီး သာလွန်တယ်။"
ချူယိုယီက စကားပြောနေချိန်မှာပင် မျက်ဝန်းထဲ၌ အားကျမှုများ အပြည့်အဝ ရှိနေခဲ့၏။
လွန်ခဲ့သောအချိန်က ယူတိန့်မြို့တွင် သူမတက်ရောက်ခဲ့ရသော ထိုကျောင်းတော်နှင့် အရှေ့ပိုင်း ဆင်ခြေဖုံးတက္ကသိုလ်ကို နှိုင်းယှဉ်ကြည့်မည်ဆိုပါက မိုးနှင့်မြေကဲ့သို့ ကွာခြားနေသည်မှာ အမှန်ပင်။
ဖန်ကျန်းရီက ရယ်မော၍ ပြောလိုက်သည်။ "မင်း သဘောကျရင် နောက်ဆို ဒီကို ခဏခဏ လာလည်လို့ ရပါတယ်။ နောင်ကျရင် ကျုပ်က မိန်းကလေး တချို့ကိုပါ ကျောင်းဝင်ခွင့် လက်ခံဖို့ ပြင်ဆင်ထားသေးတယ်။"
ချူယိုယီသည် အံ့အားသင့်စွာဖြင့် မေးလိုက်၏။ "တကယ်လား။"
ကျောင်းဖွင့်လှစ်ပြီး မိန်းကလေးများကို လူသိရှင်ကြား ကျောင်းဝင်ခွင့် လက်ခံခြင်းဟူသည်မှာ ပုံပြင်တစ်ပုဒ် ကဲ့သို့ပင် ဖြစ်နေပေ၏။
ဖန်ကျန်းရီသည် ဂုဏ်ယူဝင့်ကြွားစွာ ပြုံးလိုက်ပြီးနောက် ပြောသည်။ "ဒါပေါ့ … တကယ်ကို ဖြစ်လာမှာပါ။ လောကကြီးရဲ့ အသိပညာ ဗဟုသုတတွေက ယောက်ျား၊ မိန်းမ ခွဲခြားထားလို့လား။ ယောကျာ်းတွေ စာဖတ်နိုင်မှတော့ မိန်းမတွေလည်း သေချာပေါက် စာဖတ်နိုင်ရမှာပေါ့။ မင်းရဲ့ အစ်မက အကောင်းဆုံး ဥပမာတစ်ခုပဲ မဟုတ်ဘူးလား။ နောင် ကျောင်းက ကျောင်းသားလက်ခံတဲ့အခါ မင်းအနေနဲ့ ကျုပ်ရဲ့နာမည်ကိုသာ ပြောလိုက်၊ တိုက်ရိုက် လာခဲ့လို့ရပြီ။"
ချူယိုယီသည် မျက်ဝန်းအပြည့် လေးစားကြည်ညိုမှုများဖြင့် သူ့အား ကြည့်နေခဲ့၏။
လှပသော မိန်းမပျိုလေးတစ်ဦး၏ ဤကဲ့သို့ လေးစားကြည်ညိုနေသော အကြည့်မျိုးဖြင့် စိုက်ကြည့်ခံရချိန်တွင် မည်သည့်ယောကျာ်းကမျှ တောင့်ခံထားနိုင်မည် မဟုတ်ပေ။
ဖန်ကျန်းရီသည်ပင်လျှင် လေထဲတွင် လွင့်မျောနေသကဲ့သို့ ခံစားလိုက်ရသည်။
ချူယိုယီက မေးလိုက်၏။ "ကျွန်မ တကယ် လုပ်နိုင်ပါ့မလား။ သေချာ မသင်ယူနိုင်မှာကို စိုးရိမ်တယ်။ အရှေ့ပိုင်းဆင်ခြေဖုံးတက္ကသိုလ်က သင်ကြားပေးတဲ့အရာတွေက အရမ်း ရှုပ်ထွေးပြီး ထူးဆန်းတယ်လို့ ကြားထားလို့ပါ။"
ဖန်ကျန်းရီက အားပေးစကား ပြောလိုက်သည်။ "ဘာဖြစ်လို့ မလုပ်နိုင်ရမှာလဲ။ ဟုတ်တယ်။ ကျောင်းထဲက အရာတွေက တကယ်ကို ရှုပ်ထွေးပေမဲ့ အဲဒါက ဘာသာရပ်တွေ ခွဲခြားထားလို့ပါ။ မင်း သဘောကျတဲ့ ဘာသာရပ ်တစ်ခုကို ရွေးချယ်ပြီး သင်ယူလိုက်ရုံပဲလေ။"
ဖန်ကျန်းရီက ဆက်ပြော၏။ "ပြီးတော့ မိန်းမတစ်ယောက်က ပထမတန်းစား တက္ကသိုလ် တက်ရတာဟာ ယောက်ျားတစ်ယောက် ကောလိပ်တက်ရတာနဲ့ အတူတူပဲ။"
ချူယိုယီသည် ရှက်သွေးဖြာစွာဖြင့် ပြောလိုက်သည်။ "ကျေးဇူးတင်ပါတယ် ... အစ်ကိုဖန်။ ဒါဆို ကျွန်မ အိမ်အရင် ပြန်တော့မယ်။"
အဘယ်ကြောင့်မှန်းမသိ၊ သူမသည် ဖန်ကျန်းရီနှင့် တွေ့ဆုံရတိုင်း အထူးပင် စိတ်လှုပ်ရှားကာ ရှက်ရွံ့နေမိသည်။ ဤမျှလောက် အချိန်ကြာကြာ နေထိုင်ပြီးချိန်မှာတော့ ဆူးပေါ်တွင် ထိုင်နေရသကဲ့သို့ ခံစားနေရ၏။
ဖန်ကျန်းရီသည်လည်း သူမ၏ ထူးခြားနေမှုကို ရိပ်မိသွားပြီး ခေါင်းညိတ်ပြလိုက်သည်။ "အင်း ... စောစောပြန်တော့လေ။ မနက်ဖြန် ကျုပ် အချိန်မီ လာခဲ့မယ်။"
ချူယိုယီသည် နေရာမှထကာ ထွက်ခွာရန် ပြင်ဆင်လိုက်၏။ သူမ မတ်တတ်ရပ်လိုက်ချိန်တွင် ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားပုံဖြင့် မေးလိုက်၏။ "ကဗျာရွတ်ဆိုပွဲက ဖိတ်စာပါမှ ဝင်ခွင့်ရတာဆိုတော့ ... မနက်ဖြန် အစ်ကိုဖန်က ဘယ်လိုလုပ်ပြီး ဝင်လာမှာလဲ။"
ဖန်ကျန်းရီ တွေဝေသွားသည်။
မည်သို့ ဝင်ရမည်နည်း။ မိမိ၏ ရာထူးအဆင့်အတန်းကို အသုံးချကာ ဝင်ရောက်သွားရန်မှာလည်း မသင့်တော်လှပေ။ တစ်ဖက်လူက ရာဇဝတ်မှု ကျူးလွန်ထားခြင်း မရှိသလို ချူချင်ဟန်ကလည်း ကိုယ်တိုင် သဘောတူ လက်ခံထားခြင်း ဖြစ်၏။
ဤကဲ့သို့ ကြီးကြီးကျယ်ကျယ် လုပ်ဆောင်ရန် မလိုအပ်ပေ။
ရုတ်တရက် သူ့ခေါင်းထဲတွင် အကြံတစ်ခု ပေါ်လာပြီး ချူယိုယီအား ကြည့်ကာ ပြောလိုက်သည်။ "ဒါက ရိုးရှင်းပါတယ်လေ။ ကျုပ်က မင်းရဲ့ စာဖတ်ဖော် လူယုံအဖြစ် ဟန်ဆောင်ပြီး အတူတူ ဝင်လာခဲ့မယ်။"
စာဖတ်ဖော် လူယုံလား။
ချူယိုယီသည် ချက်ချင်းပင် မှင်သက်သွားခဲ့၏။ သာယာလှပသော အမှတ်တရများက ရင်ထဲသို့ စီးဝင်လာပြီး ပါးပြင်နှစ်ဖက်သည် နီမြန်းသွားကာ အပြုံးပန်းလေးများ ပွင့်လန်းလာလျက် ပြောလိုက်သည်။ "ကောင်းပြီလေ။"
သူတို့နှစ်ဦး အချင်းချင်း ကြည့်ကာ ပြုံးလိုက်ကြ၏။
ထိုအချိန်မှာပင် တံခါးခေါက်သံ ထွက်ပေါ်လာခဲ့သည်။ ထို့နောက် တောင့်တင်းခိုင်မာသော လူရိပ်တစ်ခုသည် စာရွက်စာတမ်း အထပ်လိုက်ကို ကိုင်ဆောင်လျက် ဖန်ကျန်းရီ၏ စားပွဲရှေ့သို့ တည့်မတ်စွာ လျှောက်လှမ်းလာခဲ့၏။
ထိုသူက ပြောလိုက်သည်။ "သခင်လေး ... ဒါက ဒီနေ့ အောက်ခြေတပ်ဖွဲ့အသီးသီးက တင်ပြလာတဲ့ အရေးကြီးစာရွက်စာတမ်းတွေပါ။ ကျေးဇူးပြုပြီး အတည်ပြုပေးပါ။"
ကျိုးထျဲ့က ခေါင်းကုတ်ရင်း ပြောလိုက်၏။ "အို ... ပြီးတော့ ဒါလေးလည်း ပါသေးတယ်။ ခုနက အပေါက်ဝက ကျောင်းသားတစ်ယောက်က သခင်လေး ကြည့်ရမယ်ဆိုပြီး ကျုပ်ကို ပေးလိုက်တာပါ။ သခင်လေးက ... ဒီလိုအရာမျိုးကို ကြည့်ရတာ သဘောကျသေးတာလား။"
သခင်လေးအနေဖြင့် ဤမျှလောက် အကြိုက်ကြမ်းလိမ့်မည်ဟု မထင်ထားခဲ့မိပေ။ ဖင်တုံးလုံး ယောကျာ်းများ၏ ကာမရာဂပုံများကိုပင် သိမ်းဆည်းထားလိုနေသေးသည်လား။
ပုံထဲတွင် ယောက်ျားတစ်ယောက်ပုံကို ရေးဆွဲထားပြီး ရုပ်လုံးရုပ်ပေါက်မှာ အတော်လေးကို ပီပြင်နေ၏။ အလွန် ဆွဲဆောင်မှုရှိသော ကိုယ်ဟန်အနေအထားကို ပြုလုပ်ထားပြီး အလယ်တံခါးကြီးကိုလည်း ဖွင့်ဟထားပေသည်။
ချူယိုယီသည် မနေနိုင်ဘဲ ခေါင်းပြူ၍ ကြည့်လိုက်ရာ ချက်ချင်းပင် မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ဖြစ်သွားခဲ့၏။ သူမသည် ဖန်ကျန်းရီအား အံ့အားသင့်စွာဖြင့် တစ်ချက် ကြည့်လိုက်ပြီးနောက် အော်ဟစ်ကာ မျက်လုံးများကို အုပ်လျက် အခန်းပြင်သို့ ပြေးထွက်သွားတော့၏။
ငါရဲ့ ကြီးမြတ်တဲ့ ပုံရိပ်ကြီးတော့ ပျက်စီးသွားပါပြီ။
ဖန်ကျန်းရီသည် နေရာမှာပင် ကျောက်ရုပ်တစ်ရုပ်အလား ဖြစ်သွားပြီး ကျိုးထျဲ့ဘက်သို့ စက်ရုပ်တစ်ရုပ်ကဲ့သို့ လှည့်ကြည့်ကာ ပြောလိုက်၏။ "ခွေးကောင် ... နောက်တစ်ခါ စကားပြောရင် နေရာဒေသကို သတိထားပြီးမှ ပြောလို့မရဘူးလား။"
ကျိုးထျဲ့သည် တံခါးပေါက်ဘက်သို့ ကြည့်ကာ အဓိပ္ပာယ်ပါပါ ပြုံးလိုက်သည်။ "အယ် ... သူ့ကို ကျွန်တော် မှတ်မိတယ်။ ချူမိသားစုက သခင်မလေးလတ် မဟုတ်ဘူးလား။ သခင်လေးနဲ့ ပတ်သက်မှုရှိတဲ့ တစ်ယောက်လေ ... သခင်လေးတို့ နှစ်ယောက် ကျောင်းအုပ်ကြီးအခန်းထဲမှာ ... ဟင် ... ဟင် ... ဟင်။"
ဖန်ကျန်းရီက ဒေါသတကြီး ပြောလိုက်၏။ "ခင်ဗျား သောက်ကျိုးနည်းတွေ လျှောက်ပြောမနေနဲ့။ ကျုပ်က အခု ဘယ်လို အဆင့်အတန်းမျိုးလဲ။ ကလေးတောင် နောက်လအနည်းငယ်ဆိုရင် လမ်းလျှောက်နိုင်တော့မယ်။ သူက အပျိုစင်လေးလေ။ ကျုပ်နဲ့ ဘာမှမပတ်သက်ဘူး။"
ကျိုးထျဲ့က တဟားဟား ရယ်မောလျက် ပြောလိုက်သည်။ "သခင်လေး ကျုပ်ကို လိမ်လို့ရပေမဲ့ ကိုယ့်ကိုယ်ကိုယ်တော့ မလိမ်ပါနဲ့။ ကျုပ် အလိမ်ခံရတာက ဘာမှမဖြစ်ပါဘူး။ ရယ်ရယ်မောမောနဲ့ ကျော်ဖြတ်သွားလို့ရတယ် ... သခင်လေးက သူတို့နဲ့ နေ့တိုင်း အတူတူရှိနေပြီး တခြား အတွေးမျိုး မရှိဘူးဆိုတာကို ကျုပ်တော့ မယုံဘူး။ သမက်တော်ဖြစ်နေတော့ရော ဘာဖြစ်လဲ။ လောကမှာ ခိုးစားမယ့် ကြောင် မရှိဘူးလို့များ ထင်နေလား။ ပြီးတော့ သခင်လေးကို ပြောပြရအုံးမယ်။ ခိုးစားရတာကမှ ပိုပြီး အရသာရှိတာ ..."
ထို့နောက်တွင်တော့ ကျိုးထျဲ့သည် သူ၏ ကိုယ်ပိုင် ခိုးစားခြင်းဆိုင်ရာ အတွေ့အကြုံများကို တစ်ဆက်တည်း ပြောပြလာခဲ့၏။
သူ၏ လက်တွေ့ အတွေ့အကြုံ အမျိုးမျိုးကို နားထောင်ရင်း ဖန်ကျန်းရီ တစ်ယောက် တွေးတော ငေးမောသွားခဲ့သည်။ သူ၏ ခေါင်းထဲတွင် တိုင်တန်းနစ်သင်္ဘောနှင့် ဆီယက်တဲလ်မြို့က အိပ်မပျော်သော ညများ အစရှိသည်တို့က လျှပ်တစ်ပြက် ပေါ်လာခဲ့၏။
သောက်ကျိုးနည်း၊ ဒါကလည်း အကြောင်းပြချက် တစ်ခုလိုပဲ။ ဂန္ထဝင် ရိုမန်တစ် အချစ်ဇာတ်လမ်းတွေ အားလုံးက ဖောက်ပြန်ခြင်းကနေ စတင်ခဲ့ကြတာ မဟုတ်ဘူးလား။
ချီးတဲ့မှ။ ဒီခွေးကောင် လမ်းလွဲတာကို ခံလိုက်ရပြီ။
ဖန်ကျန်းရီသည် သတိပြန်ဝင်လာပြီးနောက် ကျိုးထျဲ့အား ခေါင်းမော့ကြည့်ကာ အေးစက်စက် အသံဖြင့် ပြောလိုက်၏။ “ခင်ဗျား သောက်ရမ်း အားနေတာလား။ အားနေရင် ကျောင်းက အိမ်သာတွေ သွားဆေးလိုက်။"
ကျိုးထျဲ့၏ မျက်နှာသည် ဖြူရော်သွားကာ လှည့်ထွက်သွားတော့သည်။
ဖန်ကျန်းရီ၏ အသံက ကျောဘက်မှနေ၍ ထပ်မံ ထွက်ပေါ်လာခဲ့၏။ "နေအုံး ... ခင်ဗျားကို တာဝန်တစ်ခု ပေးစရာရှိတယ်။ မနက်ဖြန် ကျုပ်နဲ့အတူ နေရာတစ်ခုကို လိုက်ခဲ့။"
အပိုင်း (၇၃၇) အလှလေးနှင့် ထိပ်တိုက်ရင်ဆိုင်ခြင်း။
နောက်တစ်နေ့ ဖုန်းယောင်စံအိမ် အောက်ထပ်၌။
ချူယိုယီသည် ဖန်ကျန်းရီနှင့် ကျိုးထျဲ့တို့ကို ခေါ်ဆောင်လာပြီး တံခါးဝတွင် ရပ်နေခဲ့၏။ သူမက မပြတ်တမ်း မှာကြားနေသည်။ "ဒီတံခါးစောင့်က ကျွန်မ အရင်က ပြောခဲ့တဲ့ သခင်လေးရဲ့ အစေခံပဲ။ ကျွန်မ အရင်သွားပြီး စကားပြောလိုက်မယ်။ ရှင့်တို့တွေ လုံးဝ ဟန်မပျက်စေနဲ့နော်။ မဟုတ်ရင် ဝင်လို့ရမှာ မဟုတ်ဘူး။"
ဖန်ကျန်းရီက လက်ဝှေ့ယမ်းပြကာ သူမအား ရှေ့ဆက်သွားရန် အချက်ပြလိုက်၏။
ချူယိုယီသည် တံခါးစောင့်ရှေ့သို့ လျှောက်သွားသည်ကို တွေ့လိုက်ရသည်။ ထိုအချိန်တွင် တံခါးစောင့်သည် နာမည်စာရင်းကို ကိုင်ဆောင်လျက် ဖိတ်စာပါလာသော ဧည့်သည်များကို တစ်ယောက်ချင်းစီ တိုက်ဆိုင် စစ်ဆေးနေခဲ့၏။
ချူယိုယီကို မြင်လိုက်ချိန်တွင် တံခါးစောင့်၏ မျက်နှာထက်၌ ရုတ်တရက် နွေးထွေးပျူငှာသော အမူအရာများ ပေါ်ထွက်လာပြီး ပြောလိုက်သည်။ "သခင်မလေးချူကို ဂါရဝပြုပါတယ်။ ဘာဖြစ်လို့ အခုမှ လာရတာလဲ။ ကျုပ်တို့ရဲ့ သခင်လေးက အထဲမှာ စောင့်နေတာ ကြာလှပြီ။"
ချူယိုယီက မေးလိုက်၏။ "ကျွန်မအစ်မ ရောက်နေပြီလား။"
တံခါးစောင့်က ဖြေသည်။ "ရောက်ပါပြီ။ အထဲမှာ ရောက်နေပါပြီ။ မြန်မြန် ကြွပါခင်ဗျာ။"
ချူယိုယီက ပြောလိုက်၏။ "အင်း ... ကျွန်မ အိမ်က အစေခံနှစ်ယောက်ကို ခေါ်လာတယ်။ ညဘက် လမ်းပြန်လျှောက်ရမှာ မလုံခြုံမှာစိုးလို့ သူတို့လည်း ကျွန်မနဲ့ အတူတူ ဝင်လာဖို့ လိုတယ်။"
တံခါးစောင့်သည် ချူယိုယီ ညွှန်ပြရာ ဘက်သို့ ကြည့်လိုက်ရာ အရပ်မောင်းကောင်းကောင်းဖြင့် လူနှစ်ယောက်ကို တွေ့လိုက်ရသဖြင့် မည်သို့မျှ သံသယ မဝင်တော့ချေ။
သူက ပြုံး၍ ပြောလိုက်၏။ "သခင်မလေး တွေးထားတာ တကယ်ကို စေ့စပ်သေချာလွန်းပါတယ်။ ဒါပေမဲ့ ကျုပ်တို့ သခင်လေးက သခင်မလေးကို တစ်ယောက်တည်း အိမ်ပြန်ခိုင်းပါ့မလား။ ရောက်လာမှတော့ အထဲကို ကြွပါခင်ဗျာ။"
ချူယိုယီသည် ဖန်ကျန်းရီဘက်သို့ လှည့်ကာ အပြုံးတစ်ခုကို ဖော်ပြလိုက်ပြီး မေးဆတ်ပြလိုက်သည်။
ဖန်ကျန်းရီနှင့် ကျိုးထျဲ့တို့သည် ခံစားချက်မဲ့သော မျက်နှာထားများဖြင့် အထဲသို့ ဝင်ရောက်သွားကြ၏။
အပြင်ဘက်ခြံဝန်းတွင် ရပ်လျက် အကဲခတ်ကြည့်လိုက်ရာ ဤဖုန်းယောင်စံအိမ်၏ အပြင်အဆင်သည် အတွင်းအပြင် မီးရောင်များ ထိန်လင်းနေပြီး သပ်ရပ်သေသပ်စွာ မွမ်းမံထားသော်လည်း တောင့်တင်းမှုမရှိဘဲ ဖျော်ဖြေရေးနေရာတစ်ခု ဖြစ်ကြောင်း သိသာထင်ရှားနေပေသည်။
ကြည့်ရသည်မှာ ဤနေရာတစ်ခုလုံးကို ငှားရမ်းထားပုံပင်။
ဖန်ကျန်းရီက ပြောလိုက်၏။ "ယိုယီ ... မင်း အရင်ဝင်သွားပြီး မင်းအစ်မကို ရှာလိုက်။ အခြေအနေအရဆိုရင် စတင်ဖို့ အချိန်နည်းနည်း စောင့်ရအုံးမယ် ထင်တယ်။ ကျုပ်တို့ နောက်ကျမှ ထပ်ဝင်လာခဲ့မယ်။"
ချူယိုယီက သတိပေးလိုက်သည်။ "ကောင်းပြီလေ။ ဒါဆို ရှင်တို့ သတိထားအုံးနော်။ တစ်ခြားသူတွေ ရိပ်မိပြီး မောင်းထုတ်ခံရတာမျိုး မဖြစ်စေနဲ့။"
ချူယိုယီ ထွက်သွားပြီးချိန်မှသာ ကျိုးထျဲ့သည် အနီးသို့ ချဉ်းကပ်လာကာ ပြုံးဖြီးဖြီးဖြင့် မေးလိုက်၏။ "သခင်လေး ... ဒီလောက် အချိန်အကြာကြီးနေမှ ကျန်းပြောင်ထက် ကျုပ်က ပိုတော်တယ်ဆိုတာကို သခင်လေး သိသွားပြီပေါ့။"
ဖန်ကျန်းရီသည် သူ့အား မျက်စောင်းတစ်ချက် ထိုးကြည့်လိုက်သည်။ "သူက အဖေတစ်ယောက် ဖြစ်နေပြီ။ ကလေးကို ပြုစုစောင့်ရှောက်နေရတယ်။ ခင်ဗျားလို လူပျိုကြီး တစ်ယောက်ကို ခေါ်လာရတာက သေချာပေါက် ပိုပြီး အဆင်ပြေတာပေါ့။"
ကျိုးထျဲ့၏ မျက်နှာကြီးသည် တဖြည်းဖြည်း ရှည်ထွက်လာခဲ့၏။ "သခင်လေး ... ဒါကိုတော့ သခင်လေး နားမလည်ပါဘူး။ မိန်းမလှလေးတွေဆိုတာ ကြက်သွန်မြိတ်လိုပဲ။ တစ်ပင်ကို ဖြတ်လိုက်ရင် နောက်တစ်ပင် ပြန်ပေါက်လာတယ်။ အဆုံးအစမရှိဘူးလေ။ အိမ်က တစ်ယောက်ကိုပဲ ထိုင်စောင့်နေမယ့်သူဆိုရင် ..."
ဖန်ကျန်းရီသည် သူ့အား အထက်အောက် အကဲခတ်ကြည့်လိုက်သည်။ "ခင်ဗျားကို ကျုပ် ဘာဖြစ်လို့ မခေါ်ချင်တာလဲဆိုတာ သိလား။"
ကျိုးထျဲ့က မေးလိုက်၏။ "ဘာဖြစ်လို့လဲ။"
ဖန်ကျန်းရီက ဖြေသည်။ "ခင်ဗျားကို မသန့်ရှင်းဘူးလို့ ထင်လို့ပဲ။ အောက်ပိုင်းမှာ ပန်းတွေ ပွင့်လာမှာ စိုးရိမ်လို့လေ။"
"..."
ဖန်ကျန်းရီက ဆက်ပြော၏။ "ဒီနေ့ ကျုပ်တို့ ပွဲလာကြည့်ရုံသတ်သတ်ပဲ။ အကယ်၍ ချူညီအစ်မကို တစ်ယောက်ယောက်က တကယ်ပဲ နှောင့်ယှက်နေတယ်ဆိုတာ သေချာသွားရင် သူ့ရဲ့ နောက်ခံက ဘာပဲဖြစ်နေပါစေ။ ပြီးတာနဲ့ ချက်ချင်း ကျင်းယီဝေ အကျဉ်းထောင်ထဲကို ဖမ်းခေါ်သွားပြီး ခေါင်းရှင်းသွားအောင် နှစ်ရက်လောက် ချုပ်ထားလိုက်မယ်။"
ကျိုးထျဲ့က မေးလိုက်သည်။ "ဒါဆို ... သူ့ကို ဘယ်လို အပြစ်ပေးရမလဲ။"
ဖန်ကျန်းရီက ဖြေ၏။ "လူရမ်းကားပေါက်စလောက်ကိုတော့ ညှဉ်းပန်းနှိပ်စက်ဖို့ မလိုပါဘူး။ ရာဇဝတ်မှု ကျူးလွန်ထားတာလည်း မဟုတ်ဘူးလေ။ အကျဉ်းထောင်ထဲကို အခုလေးတင် ရက်ကန်းစင် တချို့ ရောက်လာတယ် မဟုတ်လား။ သူ့ကို အဝတ်အထည် ဆယ်စုံ ပြီးအောင် ရက်ခိုင်းပြီးမှ ပြန်လွှတ်ပေးလိုက်။ စစ်ဆေးကြည့်လို့ အရည်အသွေး မပြည့်မီရင် ဆက်ရက်ခိုင်းထား။"
ကျိုးထျဲ့က တက်ကြွစွာ ဖြေလိုက်သည်။ "နားလည်ပါပြီ။"
...
ဖုန်းယောင်စံအိမ် အတွင်း၌ မီးရောင်စုံများ ထွန်းညှိထားပြီး ပျော်ရွှင်ဖွယ် အငွေ့အသက်များ လွှမ်းခြုံနေခဲ့၏။
လေးထပ်မြင့်သော စံအိမ်၏ အလယ်ဗဟို ဧည့်ခန်းမဆောင်အတွင်း၌ စင်မြင့်တစ်ခု ရှိနေပြီး စင်အောက်တွင်တော့ စာပေပညာရှင် ဆယ်ဂဏန်းခန့် စုရုံးနေကြကာ ခေါင်းများ လှုပ်ရမ်းလျက် စာဖတ်ခြင်းနှင့် ပတ်သက်သည့် အတွေ့အကြုံများကို ဖလှယ်ခြင်း သို့မဟုတ် ကဗျာလင်္ကာများအကြောင်း ဆွေးနွေးခြင်းများကို ပြုလုပ်နေကြသည်။
စင်မြင့်ထက်တွင် လှပကျော့ရှင်းသော အဆိုတော် မိန်းမပျိုလေးတစ်ဦးသည် ကုချင်းကို တီးခတ်ကာ သီချင်းဆိုနေပြီး သူမ၏ အသံမှာ သာယာငြိမ့်ညောင်းလွန်းလှပေ၏။
ချူချင်ဟန်သည် လူအုပ်ကြားထဲတွင် အဖြူရောင် ဂါဝန်လေးကို ဝတ်ဆင်ထားပြီး လူတိုင်း၏ အာရုံစိုက်မှုကို ရရှိနေသည်မှာ ယုံမှားသံသယဖြစ်ဖွယ် မရှိပေ။
စာပေပညာရှင် လေးငါးယောက်ခန့်သည် သူမအား အလယ်တွင် ဝိုင်းရံထားကြပြီး သူတို့၏ မျက်နှာထက်၌ ဖော်ရွေသော အပြုံးများ ရှိနေကြသည်။
ချူချင်ဟန်သည် စီးပွားရေးလောကတွင် ကြာမြင့်စွာ ကျင်လည်ခဲ့ဖူးသူဖြစ်ရာ ယဉ်ကျေးပျူငှာသော အပြုံးများဖြင့် တစ်ယောက်ချင်းစီအား စကားပြန်ပြောနေခဲ့၏။
ချူယိုယီသည် သူမ၏ နေရာကို သေချာစွာ မှတ်သားထားပြီး အနီးသို့ ချဉ်းကပ်လာကာ အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။ "အစ်မ ... ကျွန်မ အစ်မကို ပြောစရာစကား ရှိတယ်။"
ချူချင်ဟန်သည် မျက်လွှာပင့်ကာ ချိုသာစွာ ပြုံးလျက် ပြောလိုက်၏။ "ကျွန်မရဲ့ ညီမလေးက ကျွန်မနဲ့ သီးသန့် ပြောစရာ ရှိနေလို့ပါ။ အားလုံးကို အားနာပါတယ်။"
ပြောပြီးသည်နှင့် လူအုပ်ထဲမှ ရုန်းထွက်လာကာ ချူယိုယီကို ဆွဲ၍ ထောင့်တစ်နေရာသို့ ခေါ်သွားတော့သည်။
ပတ်ဝန်းကျင်တွင် မည်သူမျှ မရှိသည်ကို မြင်လိုက်ချိန်မှာတော့ သက်ပြင်းရှည်ကြီးတစ်ခုကို ချလိုက်ပြီး ညည်းညူ ပြောဆိုလိုက်၏။ "နင် ဘာဖြစ်လို့ အခုမှ လာရတာလဲ။"
ချူယိုယီသည် ကလေးဆန်ဆန် ပြုံးလိုက်သည်။ "အစ်မ မလာချင်ဘူးဆိုတာကို သိလို့ ကျွန်မ အစ်မအတွက် အကူအညီ သွားတောင်းပေးတာပါ။ နောက်ဆို သူတို့နဲ့ ထိတွေ့ဆက်ဆံစရာ မလိုတော့ဘူးပေါ့။"
ချူချင်ဟန်သည် ချက်ချင်း မျက်နှာပျက်သွားကာ မေးလိုက်၏။ "အမတ်မင်းဖန်လား။"
ချူယိုယီက ဖြေသည်။ "ဟုတ်တယ်။"
ချူချင်ဟန်သည် ချူယိုယီ၏ ခါးကို အားရပါးရ လိမ်ဆွဲလိုက်၏။ "ဒီကောင်မစုတ်လေး။"
ချူယိုယီသည် နာကျင်စွာ အော်ဟစ်လိုက်ပြီး ဝမ်းနည်းစွာဖြင့် ပြောလိုက်သည်။ "ဘာဖြစ်လို့ ဆွဲလိမ်ရတာလဲ။ ကျွန်မက အစ်မ ကောင်းဖို့အတွက် လုပ်ပေးတာ မဟုတ်ဘူးလား။"
ချူချင်ဟန်သည် မကျေမနပ်ဖြစ်သွားကာ သက်ပြင်းချလျက် ပြောလိုက်၏။ "ယိုယီ ... ဆွေမကင်း မျိုးမကင်းလည်း မဟုတ်ဘဲနဲ့ ဘာဖြစ်လို့ တခြားသူကို ဒုက္ခသွားပေးရတာလဲ။ နောက်ဆို ဒီကျေးဇူးကို ဘယ်လို ပြန်ဆပ်ရမလဲ။ ငါတို့ကို လာနှောင့်ယှက်နေတဲ့ နီဝမ်ချွန်းဆိုတဲ့သူရဲ့ နောက်ခံက ဘာလဲဆိုတာကို ဒီနေ့မှ ငါ သိရတာ။ သူ့အဖေက အတွင်းဝန်ရုံးက စာဖတ်အမတ်တဲ့။ နင်က အမတ်မင်းဖန်ကို ပြဿနာသွားရှာပေးနေတာ မဟုတ်ဘူးလား။"
ချူချင်ဟန်က ဆက်ပြော၏။ "ဒီနီဝမ်ချွန်းက နည်းနည်း ရမ်းကားပေမဲ့ သူ့အဖေကတော့ ပညာတတ် အမတ်ကြီးတစ်ယောက်ပဲလေ။ ဘာပဲဖြစ်ဖြစ် စည်းကျော်တဲ့ အလုပ်မျိုးတော့ လုပ်မှာမဟုတ်ပါဘူး။ အချိန်တချို့ ကြာသွားရင် မနှောင့်ယှက်တော့တာမျိုးလည်း ဖြစ်သွားနိုင်တယ်။ နင်က ဘာဖြစ်လို့ အပိုတွေ လုပ်နေရတာလဲ။ ဘယ်သူ့ကို ပြဿနာသွားရှာရှာ မကောင်းဘူးလေ။ နင်က အမတ်မင်းဖန်ကိုပါ ဖိတ်ခေါ်လာတော့ အခု ငါ့ကို ဘယ်လိုလုပ်ခိုင်းချင်တာလဲ။"
ချူယိုယီ၏ မျက်နှာလေးသည် စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်သွားပြီးနောက် ခေါင်းငုံ့ကာ တီးတိုး ရေရွတ်လိုက်သည်။ "အာ ... ကျွန်မက ... ကျွန်မက ဒီလောက်အထိ မတွေးမိဘူး။ ဒါပေမဲ့ အဲဒီ နီဆိုတဲ့လူက အရူးလိုပဲ လူတွေခေါ်လာပြီး နေ့တိုင်း တံခါးဝမှာ လာပိတ်နေတာလေ။ ဘယ်အချိန်ကျမှ ပြီးဆုံးမှာလဲ။"
ချူချင်ဟန်သည် သူမ၏ လက်ကိုဆန့်ထုတ်ကာ ချူယိုယီ၏ နဖူးကို ခပ်နာနာလေး ခေါက်လိုက်၏။ "နောက်ဆို ကိစ္စတစ်ခုခု လုပ်တော့မယ်ဆိုရင် ခေါင်းလေး ဘာလေး သုံးအုံးလေ ဟုတ်ပြီလား။"
ချူယိုယီသည် ခေါင်းမော့ကာ အားတက်သရောမရှိစွာဖြင့် ပြန်ဖြေလိုက်သည်။ "အွန်း။"
သူမ ခေါင်းမော့လိုက်ချိန်မှာပင် လူရိပ်နှစ်ခု ဝင်လာသည်ကို ရုတ်တရက် မြင်လိုက်ရသဖြင့် ချူချင်ဟန်၏ အင်္ကျီလက်ကို ဆွဲကာ ပြောလိုက်၏။ "အစ်မ ... အမတ်မင်းဖန် လာပြီ။ အဲဒါက သူခေါ်လာတဲ့သူလေ၊ ကျိုးထျဲ့တဲ့။"
ပြောပြီးသည်နှင့် ဖန်ကျန်းရီရှိရာ ဘက်သို့ လက်လှမ်းပြလိုက်တော့သည်။
ချူချင်ဟန်သည် မျက်လွှာပင့်ကြည့်လိုက်ရာ ဖန်ကျန်းရီသည် သာမန် အဝတ်အစားကို ဝတ်ဆင်လာသည်ကို မြင်တွေ့လိုက်ရသဖြင့် ရင်ထဲတွင် အနည်းငယ် ပေါ့ပါးသွားခဲ့၏။
ကြီးကြီးကျယ်ကျယ် ဝင်လာတာမျိုး မဟုတ်ရင် တော်သေးတာပေါ့။ အနည်းဆုံးတော့ သူမအနေဖြင့် ပဋိပက္ခကို ဖြေရှင်းပေးနိုင်သေးသည်။
သို့ပေမည့် ကျေးဇူးကျွေး တင်သွားခဲ့ပြီမို့ နောင်ကျလျှင် ပြန်ဆပ်ဖို့ မလွယ်ကူတော့ပေ။
ချူချင်ဟန်သည် ဖန်ကျန်းရီ သူမ၏ ရှေ့သို့ ရောက်လာချိန်တွင် အနည်းငယ် အရိုအသေပေးလိုက်ပြီးနောက် ပြောလိုက်သည်။ "ချင်ဟန်က အမတ်မင်းဖန်ကို ဂါရဝပြုပါတယ်။ အမတ်မင်းဖန် ခွင့်လွှတ်ပေးပါ။ ယိုယီက အမတ်မင်းဖန် ရှေ့မှာ လျှောက်ပြောလိမ့်မယ်လို့ ကျွန်မ မထင်ထားခဲ့မိဘူး။ အားလုံးက နားလည်မှု လွဲနေတာတွေပါ။ ကျွန်မတို့ ညီအစ်မကို ဘယ်သူကမှ မနှောင့်ယှက်ပါဘူး။ ဒီနေ့ အမတ်မင်းကို ဖိတ်ခေါ်မိတဲ့ အတွက် တကယ်ကို အားနာမိပါတယ်။"
သူမက ဆက်ပြော၏။ "ဒါပေမဲ့ ရောက်လာမှတော့ ဒီနေ့ ဒီနေရာရဲ့ အငွေ့အသက်က မဆိုးလှပါဘူး။ အမတ်မင်းအနေနဲ့ အနားယူလိုက်တာက ပိုကောင်းပါလိမ့်မယ်။"
ဖန်ကျန်းရီသည် မျက်မှောင်ကြုတ်လိုက်ပြီး ချက်ချင်းပင် နားလည်သွားခဲ့၏။
ချူချင်ဟန်၏ စရိုက်က အလွန်မာကျောလွန်းသဖြင့် သူ့ကို အကူအညီ မတောင်းချင်သည်မှာ သေချာပေသည်။
သို့ပေမည့် ဤအကူအညီကို သူက မဖြစ်မနေ ကူညီပေးရမည်။ မည်သို့ပင်ဆိုစေ သူက တစ်ဖက်လူအပေါ် အကြွေးတင်နေခဲ့သည် မဟုတ်ပါလား။
ဖန်ကျန်းရီက ချူယိုယီဘက်သို့ အကြည့်ရွှေ့ကာ မေးလိုက်သည်။ "မင်း ဘာတွေပြောနေတာလဲ။ ယိုယီက ကျုပ်ဆီလာပြီး သူ့ကို နှောင့်ယှက်နေတဲ့သူ ရှိတယ်လို့ ပြောလို့ ကျုပ်က အထူးတလည် လာကူညီပေးတာလေ။ ဟုတ်တယ်မလား ယိုယီ။"
ချူယိုယီသည် ပထမဆုံးအနေဖြင့် ခေါင်းညိတ်ပြလိုက်သော်လည်း ချူချင်ဟန်၏ တင်းကျပ်သော အကြည့်များကို ခံစားလိုက်ရသောကြောင့် အမြန်ပင် ခေါင်းပြန်ခါပြလိုက်ရသဖြင့် တစ်ခဏမျှ ဘာလုပ်ရမှန်းမသိ ဖြစ်သွားခဲ့၏။
ချူချင်ဟန်သည် ဖန်ကျန်းရီက ဤသို့ ပြောဆိုလာမည်ဟု မထင်ထားခဲ့မိသဖြင့် ဒေါသထွက်သွားကာ ဆက်ပြောလိုက်သည်။ "အမတ်မင်းဖန်ကို အကူအညီ မတောင်းရဲပါဘူး။ ဒါက ကျွန်မတို့ ညီအစ်မ နှစ်ယောက်ရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စပါ။ ယိုယီက နားမလည်လို့ လုပ်မိတာပါ။ အမတ်မင်းရဲ့ နာမည်က အပြင်မှာ ကျော်ကြားနေတာဆိုတော့ အသံထွက်သွားရင် နားထောင်လို့ သိပ်မကောင်းမှာကို စိုးရိမ်လို့ပါ။"
ဖန်ကျန်းရီက ပြတ်သားစွာ ပြောလိုက်၏။ "ကျုပ် ပြောပြီးပြီလေ။ ကျုပ်က ယိုယီကို လာကူညီတာပါ။ မင်းက မင်း၊ သူက သူပဲ။ ပြီးတော့ ကျုပ်ရဲ့ ကိုယ်ပိုင် ဂုဏ်သတင်းက ကျုပ်ရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စပဲလေ။"
ချူချင်ဟန်သည် ခေါင်းမော့ကာ သူမ၏ လှပသော မျက်ဝန်းများဖြင့် ဖန်ကျန်းရီအား တည့်တည့်စိုက်ကြည့်လျက် လေသံကို တဖြည်းဖြည်း မြှင့်လိုက်၏။ "ယိုယီကိုယ်စား ကျွန်မကပဲ ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ဒါက ကျွန်မရဲ့ မိသားစု ကိစ္စမို့လို့ သမက်တော်ဖန် အနေနဲ့ ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းပါအုံး။"
ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းရမည်လော။ ငါ့ကို ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းခိုင်းနေတာလား။ ငါက စေတနာကောင်းနဲ့ လာကူညီတာကို ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းရမယ်ပေါ့။
ဖန်ကျန်းရီသည် ကရကဋ်ရာသီဖွား ဖြစ်သော်ငြားလည်း ယခုအချိန်တွင်တော့ အလွန်အမင်း ဒေါသထွက်သွားခဲ့ပြီ ဖြစ်၏။
သူသည် အရှုံးမပေးဘဲ အကြည့်များကို တည့်တည့်ပြန်လည် စိုက်ကြည့်လိုက်ရာ မျက်လုံးလေးခုဆုံသွားချိန်တွင် ပတ်ဝန်းကျင် အခြေအနေမှာ ထူးဆန်းစွာ တင်းမာသွားခဲ့တော့သည်။
ချူယိုယီသည် သူတို့နှစ်ဦးကြားတွင် ညပ်နေကာ ဘယ်ညာ လှည့်ကြည့်နေရင်း သတိပြန်ဝင်လာချိန်မှာတော့ ခေါင်းတစ်ခုလုံး ကြီးထွားလာသကဲ့သို့ ခံစားလိုက်ရ၏။
ဘာဖြစ်တာလဲ။ အစ်ကိုဖန်ကို လာကူညီဖို့ ဖိတ်ခေါ်ထားတာကို သူက ဘာဖြစ်လို့ အစ်မနဲ့ အရင် ရန်ဖြစ်နေရတာလဲ။
ဘေးဘက်တွင် ရှိနေသော ကျိုးထျဲ့သည် မှောင်ရိပ်ကျနေသော နေရာသို့ တိတ်တဆိတ် ဆုတ်ခွာသွားပြီး သူတို့သုံးဦးကြားတွင် အကြည့်များကို ဟိုဟိုဒီဒီ ရွှေ့လျက် နှုတ်ခမ်းထောင့်တွင် အဓိပ္ပာယ်ပါသော အပြုံးတစ်ခုကို ဖော်ပြနေခဲ့သည်။
သခင်လေးက တကယ်ကို နာမည်နဲ့ လိုက်ဖက်ပါတယ်။ သောက်ရမ်းကို ကစားတတ်တာပဲ။ ဟားဟား … တော်တယ်။