← Chapters

အခန်း ၁၆၀၈

Vol. 108 Ch. 1608

အခန်း ၁၆၀၈

Vol. 108 Ch. 1608

အခန်း (၁၆၀၈) လူတစ်ယောက်၏ လောကအမြင်ကို ပြန်လည်ဆန်းသစ်စေခြင်း (၃)

မိုင် ၁၀၀ ခန့် ပျံသန်းပြီးနောက် သူတို့သည် တောင်ကြားလမ်းတစ်ခုကို မြင်တွေ့လိုက်ရ၏။

“ဒါက မီးတောက်စစ်ဆီကို သွားတဲ့ ဝင်ပေါက်ပဲ” နန်လီက ပြောလိုက်သည်။

ရွှမ်းယီက ဇဝေဇဝါဖြင့် မေးလိုက်၏။ “အဲဒါက မြေအောက်မှာလား”

“သူ့ရဲ့ စွမ်းအားတွေကို ဖိနှိပ်ထားဖို့ မီးတောက်စစ်ကို မြေအောက်မှာပဲ ထားရတယ်။ မဟုတ်ရင် သူက သေချာပေါက် ကပ်ဘေးတစ်ခုကို ဖြစ်စေလိမ့်မယ်” လုကျိုးက ရှင်းပြလိုက်၏။

“မျှော်နန်းသခင်လုရဲ့ စကားတွေကို နားထောင်ရတာက ဆယ်နှစ်လုံးလုံး စာဖတ်ရတာထက် ပိုကောင်းတယ်” ရွှမ်းယီက ချီးကျူးသော လေသံဖြင့် ဆိုလိုက်သည်။

“ဟင်” နန်လီသည် ရွှမ်းယီကို ဇဝေဇဝါဖြင့် ကြည့်လိုက်၏။ ‘ဒါက ဘယ်လို မြှောက်ပင့်ဖားယားမှုမျိုးလဲ’

ရွှမ်းယီသည် သူ၏ စကားများမှာ မြှောက်ပင့်လွန်းရာ ကျသွားသည်ကို သတိထားမိလိုက်ပုံရပြီး သူ၏ လည်ချောင်းကို အလောတကြီး ရှင်းကာ လေးနက်တည်ကြည်စွာ ပြောလိုက်၏။

“မျှော်နန်းသခင်လု... ခင်ဗျားက တကယ်ကို ဗဟုသုတ ကြွယ်ဝပါပေတယ်။ ကျွန်တော်ကတော့ မယှဉ်နိုင်ပါဘူး။ ရှေ့ဆက်သွားကြတာပေါ့”

ရွှမ်းယီသည် ‘ရှေ့ဆက်သွားကြတာပေါ့’ ဟူသော စကားကို အလွန် ပေါ့ပါးစွာ ပြောဆိုလိုက်ခြင်း ဖြစ်ပေသည်။

လုကျိုးသည် ထိုအရာများကို ဂရုစိုက်မနေနိုင်ပေ။ သူသည် တောင်ကြားလမ်းကို ကြည့်ကာ ပြောလိုက်၏။ “လမ်းပြပါ”

နန်လီသည် လူအုပ်ကို မြေအောက်သို့ ဦးဆောင်ခေါ်သွားခဲ့သည်။

ကျဉ်းမြောင်းသော မြေအောက်ဥမင်လှိုဏ်ခေါင်းကို ဖြတ်သန်းပြီးနောက် လူတိုင်းသည် အပူချိန်မှာ တဖြည်းဖြည်း ပိုမိုမြင့်မားလာသည်ကို ခံစားလိုက်ရ၏။ ကံကောင်းထောက်မစွာဖြင့် သူတို့၏ ကျင့်ကြံမှုမှာ အလွန် မြင့်မားလှသဖြင့် သူတို့ကို လုံးဝ သက်ရောက်မှု မရှိခဲ့ပေ။

မိုင်ဝက်ခန့် ခရီးဆက်ပြီးနောက် သူတို့သည် ဖိအားများ မြင့်တက်လာသည်ကို ခံစားလိုက်ရသည်။ မြင့်မားလှသော အပူချိန်ကြောင့် လေထုမှာပင် ပုံပျက်ရှုံ့တွနေပုံရ၏။ ရွှမ်းယီခန်းမမှ ကျင့်ကြံသူ အနည်းငယ်မှာ ရှေ့သို့ ဆက်မသွားနိုင်တော့သဖြင့် ထိုနေရာ၌သာ နေရစ်ကာ စောင့်ဆိုင်းနေခဲ့ကြတော့သည်။

နောက်ထပ် မိုင်ဝက်ခန့် အကြာတွင်မူ အပူချိန်မှာ ရုတ်တရက် ထပ်မံ မြင့်တက်လာသည်ကို သူတို့ ခံစားလိုက်ရပြန်၏။

ဝူး

နန်လီသည် သူ၏ ကာကွယ်ရေးစွမ်းအင်များကို အသက်သွင်းလိုက်သည်။ “ရောက်ပြီ”

လုကျိုးနှင့် ရွှမ်းယီတို့သည်လည်း အပူဒဏ်ကို ကာကွယ်ရန် သူတို့၏ ကာကွယ်ရေးစွမ်းအင်များကို အသက်သွင်းလိုက်ကြ၏။

ဝှစ်

ထိုအခိုက်အတန့်တွင် အစိမ်းရောင် မီးလုံးတစ်ခု ပျံသန်းလာတော့သည်။ ၎င်းသည် နီရဲနေအောင် ပူပြင်းနေသော ဤနေရာနှင့် လုံးဝ လိုက်ဖက်မှု မရှိသကဲ့သို့ ဖြစ်နေပေ၏။

“တောင်ပိုင်း မီးတောက်စစ်ပဲ” နန်လီက ပြောလိုက်ပြီးနောက် အစိမ်းရောင် မီးလုံး၏ တိုက်ခိုက်မှုကို လျှပ်တစ်ပြက် ရှောင်တိမ်းလိုက်တော့သည်။

လုကျိုးနှင့် ရွှမ်းယီတို့သည် ဘေးဘက်သို့ ပျံသန်းရှောင်တိမ်းလိုက်ချိန်၌ မီးလုံးမှာ သူတို့နှစ်ဦးကြားမှ ဖြတ်သန်းသွားတော့၏။ တောင်ပိုင်း မီးတောက်စစ်ထံမှ ထွက်ပေါ်လာသော မြင့်မားလှသည့် အပူချိန်ကြောင့် ထိုနှစ်ဦး၏ ကာကွယ်ရေးစွမ်းအင်များမှာ တရှဲရှဲမြည်ကာ လောင်ကျွမ်းသွားတော့သည်။ သူတို့နှစ်ဦးစလုံး ဤအရာကြောင့် အံ့ဩထိတ်လန့်သွားကြရရှာ၏။

ရွှမ်းယီသည် လေထုထဲ၌ ပေ ၃၀၀ ခန့် အထက်သို့ ပျံတက်သွားပြီးနောက် ပြောလိုက်သည်။

“မျှော်နန်းသခင်လု... ဒီကိစ္စကို ခင်ဗျားဆီပဲ လွှဲထားခဲ့တော့မယ်”

‘ဘာပဲဖြစ်ဖြစ် ငါက ဒီပစ္စည်းကို မလိုချင်ပါဘူး။ ပြီးတော့ ဒီအရာကို ဖြေရှင်းနိုင်တာ ဆရာသခင် တစ်ယောက်တည်းပဲ ရှိလောက်တယ်။ ငါက လမ်းဖယ်ပေးထားတာ အကောင်းဆုံးပဲ’

နန်လီသည် ရွှမ်းယီက ဤမျှ ပြတ်ပြတ်သားသား ပြုမူလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။ ထို့နောက် သူသည်လည်း ရွှမ်းယီလုပ်သကဲ့သို့ လိုက်လုပ်တော့၏။ ယခုအချိန်မှာ ဂုဏ်သိက္ခာနှင့် အမည်နာမကို ဂရုစိုက်နေရမည့်အချိန် မဟုတ်ပေ။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရေးကသာ အရေးအကြီးဆုံး ဖြစ်ပေသည်။ သူသည် ရွှမ်းယီ၏ ဘေးသို့ ပျံသန်းသွားပြီး အောက်ဘက်သို့ ငုံ့ကြည့်နေလိုက်သည်။

တောင်ပိုင်း မီးတောက်စစ်သည် အထက်သို့ ပျံတက်မလာဘဲ အောက်ဘက်ရှိ ဧရိယာ၌သာ လှည့်ပတ်နေခဲ့၏။ ၎င်းသည် လုကျိုး၏ ပတ်ပတ်လည်၌ အလွန် လျင်မြန်စွာ လှည့်ပတ်နေသဖြင့် လုကျိုး၏ ဘေးပတ်လည်တွင် မီးစက်ဝိုင်းတစ်ခု ဖြစ်ပေါ်နေသကဲ့သို့ပင် ထင်ရပေသည်။

ဝှစ် ဝှစ် ဝှစ်

လုကျိုးသည် တောင်ပိုင်း မီးတောက်စစ်ကို စူးစိုက်ကြည့်နေလိုက်၏။

နောက်ဆုံးတွင် လုကျိုး၏ တည်နေရာကို အာရုံခံမိသွားသည့်အလား တောင်ပိုင်း မီးတောက်စစ်သည် လုကျိုးထံသို့ ရုတ်တရက် တိုးဝင်လာတော့သည်။

“သတိထား” နန်လီက အော်ဟစ် သတိပေးလိုက်၏။

လုကျိုးသည် သူ၏ လက်ကို မြှောက်လိုက်ပြီး ထိုတိုက်ခိုက်မှုကို ကာကွယ်ရန် အမည်မဲ့ကို ဒိုင်းပုံစံဖြင့် အသုံးပြုလိုက်တော့သည်။

ဘုန်း

နန်လီက ထိတ်လန့်တုန်လှုပ်စွာဖြင့် အော်ဟစ်လိုက်၏။

“လေဟာနယ်အဆင့် ဟုတ်လား။ မျှော်နန်းသခင်လုက လေဟာနယ်အဆင့် လက်နက်တစ်ခုကို တကယ်ကြီး ပိုင်ဆိုင်ထားတာလား”

“ဒါက သဘာဝကျပါတယ်” ရွှမ်းယီက ပုံမှန်ကိစ္စတစ်ခုကဲ့သို့ လေသံဖြင့် ပြန်ဖြေလိုက်၏။

“???”

‘မဟာနတ်ဘုရင်တစ်ပါးဖြစ်တဲ့ ခင်ဗျားတောင် အနန္တအဆင့် လက်နက်တွေကိုပဲ ပိုင်ဆိုင်ထားတာကို... ဒါက ဘယ်လိုလုပ် သဘာဝကျရမှာလဲ

အထွတ်အထိပ် ပုဂ္ဂိုလ်ကြီးအများစုသည် အထွတ်အမြတ် အမွေအနှစ်များနှင့် အနန္တအဆင့် ပစ္စည်းများကို ပိုင်ဆိုင်ထားကြပြီး ထိုအရာများ ရှားပါးမှု မရှိလှပေ။ သူတို့သည် လေဟာနယ်အဆင့် ပစ္စည်းများကို မလိုချင်ကြ၍ မဟုတ်ဘဲ ၎င်းအဆင့်သို့ မြှင့်တင်ရန် အလွန်အမင်း ခက်ခဲသောကြောင့်သာ ဖြစ်ပေသည်။ လေဟာနယ်အဆင့် ပစ္စည်းများသည် သူတို့၏ ပုံစံများကို လွတ်လပ်စွာ ပြောင်းလဲနိုင်ပြီး သူတို့၏ မူလပုံစံမှာ သူတို့၏ အစစ်အမှန်ပုံစံ ဖြစ်ပေသည်။

ဥပမာအားဖြင့်ဆိုသော် အကယ်၍ နယ်ရှင်လှံကို လေဟာနယ်အဆင့်သို့ မြှင့်တင်နိုင်ခဲ့မည်ဆိုပါက ၎င်း၏ အစစ်အမှန်ပုံစံမှာ သဘာဝကျကျပင် လှံသာ ဖြစ်ပေလိမ့်မည်။ အခြားသော ပုံစံများကို ခွဲထွက်ပုံစံများ ခေါ်ဆိုပေသည်။ သူတို့၏ အစစ်အမှန်ပုံစံဖြင့် ရှိနေသော ပစ္စည်းများနှင့် လက်နက်များသည် သူတို့၏ ခွဲထွက်ပုံစံများထက် ဆယ်ဆခန့် ပိုမို အစွမ်းထက်လှပေသည်။

လေဟာနယ်အဆင့် ပစ္စည်းများသည် အစွမ်းထက်ရုံသာမက ၎င်းတို့ကို မှန်ကန်စွာ အသုံးပြုတတ်မည်ဆိုပါက နိယာမများ၏ စွမ်းအားတစ်စိတ်တစ်ပိုင်းကိုပင် ခုခံနိုင်စွမ်း ရှိကြပေသည်။ ၎င်းတို့သည် ဝိညာဉ်ရေးရာ စွမ်းအင်များကိုလည်း ပိုင်ဆိုင်ထားကြ၏။

နန်လီအနေဖြင့် မည်ကဲ့သို့ မအံ့ဩဘဲ နေနိုင်မည်နည်း။

ဝူး

တောင်ပိုင်း မီးတောက်စစ်နှင့် ဖြစ်ရန် တန်ပေ၏။ ၎င်းမှာ နတ်ဘုရားမီးတောက် တစ်ခု ဖြစ်ပေသည်။ ၎င်းသည် အမည်မဲ့ကိုပင် ချိုင့်ဝင်သွားစေခဲ့၏။ အမှန်စင်စစ် အမည်မဲ့မှာ အရည်ပျော်လုနီးပါး ဖြစ်နေသကဲ့သို့ပင် ထင်ရပေသည်။

လုကျိုးသည် အမည်မဲ့ကို သိမ်းဆည်းလိုက်ချိန်တွင် သူ၏ ဝတ်ရုံမှာ တဖျပ်ဖျပ် လှုပ်ခတ်သွားတော့၏။

၎င်းကို မြင်သောအခါ နန်လီ မျက်မှောင်ကြုတ်သွားပြီး ပြောလိုက်သည်။

“ဝတ်ရုံက သာမန်မဟုတ်ဘူးပဲ။ ဒါက...”

ရွှမ်းယီက တည်ကြည်သော မျက်နှာဖြင့် ကြားဖြတ်ပြောလိုက်၏။

“မင်း အမြင်မှားတာ နေမှာပါ”

“အမြင်မှားတာ ဟုတ်လား။ မဟုတ်ဘူး... မဟုတ်ဘူး... မဟုတ်ဘူး။ သေချာကြည့်စမ်းပါ နတ်ဘုရင်ရွှမ်းယီ။ နတ်ဘုရားမီးတောက် နီးကပ်လာတဲ့အခါ အဲဒီဝတ်ရုံက အပူဒဏ်ကို ကာကွယ်ပေးတဲ့ စွမ်းအင်တစ်ခုကို ရှင်းရှင်းလင်းလင်း ထုတ်လွှတ်လိုက်တယ်။ လောကမှာ တောင်ပိုင်း မီးတောက်စစ်ရဲ့ အပူဒဏ်ကို အလွယ်တကူ ကာကွယ်နိုင်တဲ့ အစွမ်းထက် ပညာရှင်တွေနဲ့ ကြမ်းတမ်းခက်ထန်သားရဲဆိုတာ အရမ်းကို ရှားတယ်။ ဒီဝတ်ရုံကို ကြည့်ရတာ... မိုးပြာနဂါးရဲ့ အရွတ်တွေနဲ့ ယက်လုပ်ထားသလိုပဲ” နန်လီက ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်၏။

ရွှမ်းယီက မျက်နှာအမူအရာ မပြောင်းလဲဘဲ ထပ်မံ ပြောလိုက်ပြန်သည်။

“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ နဂါးအရွတ်တွေက အကန့်အသတ်နဲ့ ရှိတာလေ။ ဘယ်လိုလုပ် ဝတ်ရုံတစ်ထည်ဖြစ်အောင် ယက်လုပ်နိုင်မှာလဲ။ ဒီဝတ်ရုံက အထွတ်အမြတ် အမွေအနှစ် တစ်ခုပဲ ဖြစ်ရမယ်။ မဟုတ်ရင် မျှော်နန်းသခင်လုက တောင်ပိုင်း မီးတောက်စစ်ကို ဘယ်လိုလုပ် ကာကွယ်နိုင်မှာလဲ”

နန်လီ ခေါင်းညိတ်ကာ သက်ပြင်းချလိုက်၏။ “ခင်ဗျားပြောတာ မှန်ပါတယ်။ ကျုပ် အိပ်ရေး သိပ်မဝလို့ မျက်လုံးတွေ ဝေဝါးနေတာ နေမှာပါ။ တောင်းပန်ပါတယ်”

ရွှမ်းယီက ပြောလိုက်၏။

“ရပါတယ်။ ဒီတောင်ပိုင်း မီးတောက်စစ်က မင်းကို ဒုက္ခပေးနေတာ ကြာလှပြီပဲ။ မျှော်နန်းသခင်လုက အဲဒါကို သယ်ဆောင်သွားတဲ့အခါ မင်း အေးအေးချမ်းချမ်း အိပ်နိုင်တော့မှာပေါ့။ အခုကစပြီး တောင်ပိုင်းအက်ကွဲတောင်မှာ ရာသီဥတု လေးမျိုးလုံး ရှိတော့မယ်။ နွေဦးမှာ ပန်းတွေရဲ့ အလှကို ခံစားရပြီး ဆောင်းရာသီမှာ နှင်းတွေကို ကြည့်ရတာ အရမ်းကို သာယာစရာ မကောင်းဘူးလား”

“မဟာနတ်ဘုရင်ရွှမ်းယီရဲ့ စကားတွေကို ကြားရတော့ ငါ ပိုစိတ်အေးသွားတယ်”

နန်လီက ပြောလိုက်၏။ သို့သော်လည်း စက္ကန့်အနည်းငယ် အကြာတွင် သူ ခေါင်းခါယမ်းလိုက်သည်။ သူသည် ရွှမ်းယီ၏ လွှမ်းမိုးမှုအောက်သို့ ရောက်လုနီးပါး ဖြစ်သွားခဲ့သည် မဟုတ်ပါလော။ သူက ပြောလိုက်၏။

“ဒါ မမှန်သေးဘူး။ မျှော်နန်းသခင်လုက တောင်ပိုင်း မီးတောက်စစ်ကို သယ်ဆောင်သွားနိုင်မယ် မထင်ဘူး”

“မင်းက ဘယ်လိုလုပ် သိတာလဲ”

“ဒီနတ်ဘုရားမီးတောက်က အရပ်မျက်နှာ ခြောက်ခုထဲမှာ ခြောက်သွေ့တဲ့ မြေပြင်ရှစ်ခုကနေ ပေါက်ဖွားလာတာ။ ကောင်းကင်နဲ့ မြေကြီးရဲ့ ကျွေးမွေးပြုစုမှုကို ခံထားရတာ။ တကယ်ကို ကြောက်စရာကောင်းတဲ့ အရာပဲ။ အဲဒါက မြေအောက်မှာပဲ ရှိသင့်တယ်။ တကယ်လို့ အပြင်ကို သယ်ဆောင်သွားမယ်ဆိုရင် ကြီးမားတဲ့ ကပ်ဘေးတစ်ခုကိုပဲ ဖြစ်စေလိမ့်မယ်။ အဲဒါတွေ အားလုံးကို ထားလိုက်ပါတော့... မျှော်နန်းသခင်လုက ဒါကို လက်ဗလာနဲ့ ယူသွားဖို့ ရည်ရွယ်ထားတာလို့တော့ ငါ့ကို မပြောနဲ့နော်။ အဲဒါကို ဘယ်မှာ သိမ်းထားမှာလဲ” နန်လီက ခေါင်းခါယမ်းလျက် ပြောလိုက်၏။

ထိုအခိုက်အတန့်တွင် လုကျိုးသည် သူ၏ လက်ကို အောက်သို့ တွန်းချလိုက်တော့သည်။

လျှပ်စီးများ တဖျတ်ဖျတ် ပေါ်နေသည့် အညိုရောင်အိတ်တစ်လုံးသည် ပေါ်လာပြီး လျင်မြန်စွာ ကြီးမားလာတော့၏။

ဝှစ်

ကျယ်ပြန့်ကောင်းကင်အိတ်သည် ပျံထွက်လာပြီး တောင်ပိုင်း မီးတောက်စစ်ကို အလွယ်တကူပင် ဖမ်းယူလိုက်တော့သည်။

လုကျိုးသည် ပျံသန်းသွားကာ ကျယ်ပြန့်ကောင်းကင်အိတ်ကို ဖမ်းဆုပ်လိုက်၏။ ထို့နောက် ၎င်းအပေါ်ရှိ ပုံစံများ ခေတ္တမျှ လင်းလက်သွားပြီးနောက် သူ၏ လက်ထဲတွင် ချက်ချင်းပင် ကျုံ့ဝင်သွားတော့သည်။

နန်လီ “???”

ရွှမ်းယီ “???”

လုကျိုးသည် ကျယ်ပြန့်ကောင်းကင်အိတ်ကို ပေါ့ပေါ့ပါးပါး သိမ်းဆည်းလိုက်ပြီးနောက် ထိုနှစ်ဦးထံသို့ ပျံသန်းလာကာ ပြောလိုက်၏။ “ငါတို့ အခု သွားလို့ရပြီ”

စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်ထားသော ရွှမ်းယီပင်လျှင် ဤလုပ်ရပ်ကြောင့် ထိတ်လန့်သွားရရှာ၏။ ခဏတာမျှ သူသည် မှင်တက်သွားတော့သည်။ သူ ဘာတွေးနေသည်ကို မည်သူကမျှ မသိရှိနိုင်ပေ။

နန်လီ၏ ပါးစပ်မှာ အဟောင်းသား ဖြစ်နေပြီး အချိန်အတော်ကြာသည်အထိ စကားမပြောနိုင်ခဲ့ချေ။

မှင်တက်နေသော ထိုနှစ်ဦးကို ကြည့်ရင်း လုကျိုးသည် ရှေးဦးစွာ အထက်သို့ ပျံတက်သွားတော့၏။

ထိုအချိန်ကျမှသာ နန်လီသည် အသိစိတ် ပြန်လည် ဝင်ရောက်လာတော့သည်။ သူက မေးလိုက်၏။ “ငါ အမြင်မှားနေတာလား”

“မဟုတ်ဘူး” ရွှမ်းယီက ပြန်ဖြေလိုက်၏။

“ဒါ အထွတ်အမြတ် အမွေအနှစ် တစ်ခုပဲ” နန်လီက ဆိုလိုက်သည်။

“နတ်ဘုရားမီးတောက်ကို ဖြေရှင်းနိုင်တဲ့ အထွတ်အမြတ် အမွေအနှစ် ဟုတ်လား” ရွှမ်းယီက သံသယဖြစ်စွာဖြင့် မေးမြန်းလိုက်၏။

“ဒါက... အဲဒီလို မထင်ပါဘူး”

နန်လီသည် သူ၏ စောစောက စကားများကို ပြန်လည် အမှတ်ရမိချိန်တွင် မျက်နှာကို ဖြတ်ရိုက်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရ၏။ လုကျိုးသည် သူ၏ လုပ်ရပ်များဖြင့် နန်လီ မှားယွင်းကြောင်း သက်သေပြလိုက်ခြင်းပင် ဖြစ်ပေသည်။ သူ၏ လောကအမြင်မှာ ပြန်လည်ဆန်းသစ်သွားသကဲ့သို့ သူ ခံစားလိုက်ရတော့သည်။

ရွှမ်းယီက ပြောလိုက်၏။ “သွားကြမယ်”

နန်လီ ခေါင်းညိတ်ကာ ပျံသန်းထွက်ခွာလာခဲ့တော့၏။

…

သူတို့ တောင်ကြားလမ်းမှ ထွက်ခွာလာချိန်တွင် အပူချိန်မှာ စတင် ကျဆင်းလာတော့၏။ သိပ်မကြာမီမှာပင် တိမ်တိုက်များ စုရုံးလာကြသည်။ အရပ်မျက်နှာ အနှံ့အပြားမှ လေအေးများ တိုက်ခတ်လာ၏။ အပူချိန် ဆက်လက် ကျဆင်းလာသည်နှင့်အမျှ လေတိုက်နှုန်းမှာ ပိုမို ပြင်းထန်လာတော့သည်။ ရုတ်တရက် အပူချိန် အကြီးအကျယ် ပြောင်းလဲသွားမှုကြောင့် ဆက်တိုက် တုံ့ပြန်မှုများကို ဖြစ်ပေါ်စေတော့၏။

ကနဦးချီများ စုဆုံလာသည်နှင့်အမျှ လေထုထဲရှိ စင်မြင့်များမှာ အနည်းငယ် ယိမ်းယိုင်လာတော့သည်။

“ဒါ သိပ်မဟန်တော့ဘူး။ စင်မြင့်ပေါ်က အရံအတားတွေ ပျက်စီးတော့မယ်” နန်လီက အော်ဟစ်လိုက်၏။ ထို့နောက် သူသည် လှည့်ကာ လုကျိုးကို ဦးညွှတ်လျက် ပြောလိုက်သည်။

“မျှော်နန်းသခင်... ကျေးဇူးပြုပြီး နတ်ဘုရားမီးတောက်ကို တောင်ပိုင်းအက်ကွဲတောင်ဆီ ပြန်ပေးပါ”

…

All Chapters