အခန်း ၁၆၀၉
Vol. 108 Ch. 1609
အခန်း (၁၆၀၉) မိုးရွာပြီးနောက် သက်တံ့ထွက်လာနိုင်သလို... ရေကြီးတာလဲ ဖြစ်နိုင်
နန်လီသည် တောင်ပိုင်းအက်ကွဲတောင်ပေါ်ရှိ စင်မြင့်များ ပြိုကျသွားသည်ကို ကြည့်နေရမည့်အစား ညှဉ်းပန်းနှိပ်စက်ခံရသည်ကိုသာ ပိုလိုလားပေလိမ့်မည်။ ထိုစင်မြင့်များမှာ တောင်ပိုင်းအက်ကွဲတောင်၏ ပြယုဂ်များ ဖြစ်ကြပြီး ထိုနေရာ၏ အဓိက အဆောက်အအုံများလည်း ဖြစ်ကြပေသည်။ ကျင့်ကြံသူ အများအပြားသည် ဤနေရာ၌ တာအိုအကြောင်း ဆွေးနွေးတိုင်ပင်ရသည်ကို နှစ်သက်ကြပြီး ထိုစင်မြင့်များကိုလည်း သဘောကျကြပေသည်။ စင်မြင့်များ မရှိတော့ပါက ၎င်းမှာ တောင်ပိုင်းအက်ကွဲတောင် ပြိုကျသွားခြင်းနှင့် ခြားနားမှု မရှိတော့ပေ။
လုကျိုးသည် မိုးကုပ်စက်ဝိုင်းဆီသို့ လှမ်းကြည့်လိုက်၏။ ထို့နောက် သူက ပြောလိုက်သည်။
“ငါတို့မှာ သဘောတူညီချက် ရှိထားပြီးသားပဲ။ မီးတောက်စစ်ကို ငါ အောင်နိုင်သွားပြီ။ အဲဒါကို မင်းဆီ ပြန်ပေးဖို့ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
“ဒါက...” နန်လီသည် အသနားခံသော လေသံဖြင့်သာ ပြောနိုင်တော့၏။
“မီးတောက်စစ် မရှိရင် တောင်ပိုင်းအက်ကွဲတောင်က ဖြစ်နိုင်ခြေရှိတာက... ကျုပ် ကတိတစ်ခု ပေးထားတယ်ဆိုတာ သိပါတယ်။ ဒါပေမဲ့ အစ်ကိုလု ကျုပ်ကို ကူညီပေးမယ်လို့ပဲ မျှော်လင့်ပါတယ်”
“ငါ မကူညီဘူးလို့ မပြောခဲ့ပါဘူး” လုကျိုးက ပြောလိုက်၏။
နန်လီ အလွန်အမင်း ဝမ်းသာသွားတော့သည်။ သူက ခေါင်းညိတ်ကာ စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်၏။
“ကောင်းတယ်... အရမ်းကောင်းတယ်။ မီးတောက်စစ်... မီးတောက်စစ်...”
ရွှမ်းယီ မျက်မှောင်ကြုတ်သွား၏။
“နတ်ဘုရင်နန်လီ... မင်း မီးတောက်စစ်ဆီက အငွေ့တွေကို ရှူမိတာ များသွားပြီ ထင်တယ်။ မျှော်နန်းသခင်လုက မင်းကို ကူညီမယ်လို့ သဘောတူခဲ့ပေမဲ့ မီးတောက်စစ်ကို မင်းဆီ ပြန်ပေးမယ်လို့ မပြောခဲ့ပါဘူး”
“အာ... ငါ နားလည်မှုလွဲသွားတာပါ” နန်လီ၏ မျက်နှာပေါ်တွင် အနေခက်သော အမူအရာ ပေါ်ထွက်လာတော့၏။
လုကျိုးသည် ကောင်းကင်ယံ၌ စုရုံးလာသော တိမ်တိုက်များကို မော့ကြည့်ကာ ရှင်းပြလိုက်သည်။ “ဒါ အပူချိန် ပြောင်းလဲမှုရဲ့ အကျိုးဆက်ပဲ”
“ဘာ” နန်လီ ဇဝေဇဝါ ဖြစ်သွားရရှာ၏။
“ငါ ရှင်းပြလို့မရဘူး။ စိတ်ရှည်ရှည်နဲ့ စောင့်ကြည့်လိုက်ပါ” လုကျိုးက ပြောလိုက်သည်။
ကူးပြောင်းလာပြီးနောက် လုကျိုးသည် တစ်ခါတစ်ရံတွင် မိမိကိုယ်ကို မေ့လျော့သွားပြီး မည်သည့်နေရာမှ လာခဲ့ကြောင်းကိုပင် မမှတ်မိတော့ပေ။ တစ်ခါတစ်ရံတွင်မူ သူသည် အလွန် ကြည်လင်ပြတ်သားသော အသိစိတ် ရှိနေတတ်၏။ အခါအားလျော်စွာ ရင်းနှီးနေသော မြင်ကွင်းအချို့သည် သူ၏ စိတ်ထဲ၌ ပေါ်ထွက်လာတတ်ပေသည်။ အချိန်ကြာလာသည်နှင့်အမျှ ထိုမြင်ကွင်းများမှာ တဖြည်းဖြည်း ဝေဝါးလာပြီး နောက်ဆုံးတွင် အတိတ်အကြောင်းကို များများစားစား မမှတ်မိနိုင်တော့ပေ။ ကျန်ရှိနေခဲ့သောအရာမှာ နောင်တတရားများသာ ဖြစ်ပေတော့သည်။
ဝှစ်
ကောင်းကင်ကနေ မိုးသည်းထန်စွာ ရွာသွန်းလာတော့၏။
ရွှမ်းယီနှင့် နန်လီတို့ အံ့ဩသွားကြရသည်။
“မိုးမရွာတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ။ တောင်ပိုင်း မီးတောက်စစ် ထွက်သွားတာနဲ့ မိုးရွာလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး။ ဒါက ငါ့ရဲ့ တောင်ပိုင်းအက်ကွဲတောင်ကို ဖျက်ဆီးပစ်တော့မလို့လား”
အပူချိန် အကြီးအကျယ် ပြောင်းလဲမှုအောက်တွင် မိုးရွာမည်မှာ မျှော်လင့်ထားပြီးသား ကိစ္စပင် ဖြစ်၏။
တစ်နှစ်ပတ်လုံး နွေရာသီတွင် ရှင်သန်နေထိုင်ခဲ့ကြသော ပန်းများ၊ အပင်များနှင့် သစ်ပင်များမှာ အေးစက်ပြီး ပြင်းထန်သော မိုးဒဏ်ကြောင့် ဖျက်ဆီးခံရလုနီးပါး ဖြစ်သွားကြတော့သည်။
၎င်းကို မြင်သောအခါ နန်လီ၏ မျက်နှာအမူအရာမှာ ရှုံ့မဲ့သွားတော့သည်။
လုကျိုးက ၎င်းကို မြင်သောအခါ မေးမြန်းလိုက်သည်။ “မင်္ဂလာရှိတဲ့ မိုးရေအတွက် ဘာလို့ စိတ်ပူနေရတာလဲ”
“မင်္ဂလာရှိတဲ့ မိုးရေတဲ့လား” ဤမိုးရေတွင် မည်သည့်အရာက မင်္ဂလာရှိနေသလဲဆိုသည်ကို သူ တကယ် မမြင်ရကြောင်း နန်လီ ကျိန်တွယ်ရဲပေသည်။ အရာအားလုံးမှာ မိုးဒဏ်ကြောင့် မှတ်မိနိုင်စရာ မရှိအောင် ပျက်စီးသွားခဲ့သည်မှာ ထင်ရှားနေပေသည်။ ပန်းပေါင်းတစ်ရာ ညှိုးနွမ်းသွားပြီဟု ဆိုလျှင်ပင် ချဲ့ကားပြောဆိုရာ မရောက်ပေ။
“လေနဲ့ မိုးကို မဖြတ်သန်းရဘဲနဲ့ သက်တံ့ကို ဘယ်လိုလုပ် မြင်နိုင်မှာလဲ” လုကျိုးက ပြောလိုက်၏။ သူ၏ ကာကွယ်ရေးစွမ်းအင်များက မိုးရေများကို တားဆီးပေးထားချိန်တွင် သူသည် လက်နှစ်ဖက်ကို နောက်ပစ်လျက် ကောင်းကင်ယံသို့ မော့ကြည့်နေခဲ့သည်။ ကလေးဘဝက မကြာခဏ ကြားခဲ့ရဖူးသော ဤစကားစုအတွက် သူ၏ ရင်ထဲ၌ ခံစားချက်များ ပြည့်နှက်သွားတော့၏။
“ပြောတာ ကောင်းတယ်” သစ္စာရှိပရိသတ်ကြီးဖြစ်သည့် ရွှမ်းယီက ထောက်ခံပြောပြောလိုက်သည်။
“မီးတောက်စစ် ပျောက်ကွယ်သွားတဲ့အတွက် ဒီနေရာက အရာတွေက ခဏတာ ကမောက်ကမ ဖြစ်သွားတာက သဘာဝပါပဲ။ ဒါပေမဲ့ အဟောင်းတွေ ရှိနေရင် အသစ်တွေက ဘယ်လိုလုပ် ရောက်လာနိုင်မှာလဲ။ အတိတ်ကို လွမ်းဆွတ်မနေပါနဲ့... မင်း အနာဂတ်ကို ကြည့်ရမယ်။ မိုးရွာပြီးရင် နေရောင်ခြည်ကို ပြန်မြင်ရမှာပါ”
နန်လီသည်လည်း ကောင်းကင်ယံသို့ မော့ကြည့်လိုက်၏။
မိုးက ဆက်လက်၍ ရွာသွန်းနေဆဲပင် ဖြစ်သည်။
အနောက်ဘက်၌ ရပ်နေကြသော ကျန်းဟယ်နှင့် အခြားသူများလည်း မိုးရေကြောင့် အံ့ဩထိတ်လန့်နေကြ၏။
အရံအတားများမှာ ဆက်လက်၍ တဖျပ်ဖျပ် လင်းလက်နေပေသည်။ စင်မြင့်များမှာ ပြိုကျတော့မည့်အလား ဖြစ်နေ၏။
၎င်းကို မြင်သော ကျန်းဟယ်သည် မီးလောင်ရာ လေပင့်လိုက်ပြန်သည်။ “အဲဒါတွေ ပြိုကျတော့မလို့လား”
နန်လီက ပြောလိုက်၏။ “အဲဒါတွေ မပြိုကျပါဘူး”
“အရံအတားတွေရဲ့ လှုပ်ခတ်မှုက အရမ်းကို ပြင်းထန်နေတယ်။ ဒီအခြေအနေအောက်မှာ မပြိုကျဖို့ဆိုတာ ခက်ခဲပါတယ်။ နတ်ဘုရင်နန်လီ... ခင်ဗျားက တကယ်ကို အကောင်းမြင်လွန်းတာပဲ”
ကျန်းဟယ်က ဆက်လက် ပြောပြောလိုက်၏။
နန်လီသည် ချောင်းနှစ်ချက် ဟန့်လိုက်သည်။ ‘တည်ငြိမ်စမ်း... စိတ်ကို တည်ငြိမ်အောင်ထား’
နန်လီက အတင်းအကျပ် ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်၏။ “မိုးရွာပြီးရင် သက်တံ့ ထွက်လာလိမ့်မယ်”
ကျန်းဟယ်က ပြောလိုက်ပြန်သည်။ “မိုးရွာပြီးရင် ရေကြီးမှုလည်း ဖြစ်လာနိုင်တာပဲ”
“…”
လုကျိုးသည် တစ်ဖက်လှည့်ကာ ကျန်းဟယ်ကို ရှုပ်ထွေးသော မျက်နှာအမူအရာဖြင့် ကြည့်လိုက်၏။ ထို့နောက် သူသည် ရွှမ်းယီကို လှည့်ကြည့်လိုက်သည်။ သူ၏ အမူအရာက ဤသို့ ပြောနေသကဲ့သို့ ရှိနေပေ၏။ ‘ဒါက မင်းရဲ့ လက်အောက်ခံ... ရွှမ်းယီခန်းမရဲ့ တပ်မှူးလား။ ဒီလို မိတ်ဆွေမျိုး ရှိနေရင် မင်း ရန်သူတွေတောင် လိုသေးလို့လား’
ရွှမ်းယီက အလောတကြီး ပြောလိုက်၏။ “အဓိပ္ပာယ်မရှိတာတွေ လျှောက်မပြောနဲ့”
ကျန်းဟယ် အသိစိတ် ဝင်လာပြီး ဦးညွှတ်လိုက်သည်။
“ကျုပ် အဓိပ္ပာယ်မရှိတာတွေ ပြောမိသွားတာပါ။ နတ်ဘုရင်နန်လီ စိတ်မဆိုးဘူးလို့ မျှော်လင့်ပါတယ်။ ခင်ဗျားပြောတာ မှန်ပါတယ်။ မိုးရွာပြီးရင် အမြဲတမ်း သက်တံ့ ထွက်လာစမြဲပါပဲ”
အချိန်မည်မျှ ကုန်လွန်သွားမှန်း မသိရတော့ပေ။ လူအုပ်သည် တောင်ကြားလမ်း၌ အချိန်အတော်ကြာ ရပ်နေခဲ့ကြ၏။
လုကျိုးသည် မီးတောက်စစ်ကို ယူဆောင်သွားခဲ့ပြီ ဖြစ်ရာ ဤအတိုင်း ထွက်ခွာသွားမည် မဟုတ်ပေ။ သူသည် နန်လီနှင့် သဘောတူညီချက် ရရှိထားသော်လည်း တောင်ပိုင်း မီးတောက်စစ် မရှိခြင်းကြောင့် တောင်ပိုင်းအက်ကွဲတောင် ပြိုကျသွားမည်ကိုမူ မလိုလားပေ။ ထို့အပြင် တစ်စုံတစ်ယောက်က သူ့အပေါ် လေးစားမှု ပြသမည်ဆိုလျှင် သူကလည်း တူညီစွာ တုံ့ပြန်မည်သာ ဖြစ်ပေသည်။ ၎င်းမှာ သူ အမြဲတမ်း လုပ်ဆောင်လေ့ရှိသော နည်းလမ်းပင် ဖြစ်၏။
“မိုးတိတ်သွားပြီ”
လူတိုင်း ကောင်းကင်ယံသို့ မော့ကြည့်လိုက်ကြသည်။
စင်မြင့်များမှာ ယိမ်းယိုင်နေဆဲ ဖြစ်၏။ သူတို့ ပြိုကျမသွားသော်လည်း ကတိပေးထားသော သက်တံ့မှာလည်း ပေါ်ထွက်မလာခဲ့ပေ။ မိုးရွာပြီးနောက် တောင်ပိုင်းအက်ကွဲတောင်မှာ ကမောက်ကမ ဖြစ်နေပေသည်။
ကျန်းဟယ်မှာ မိမိကိုယ်ကို မထိန်းချုပ်နိုင်တော့ဘဲ နန်လီအပေါ်သို့ ရေခဲရေ တစ်ပုံး ထပ်လောင်းချလိုက်ပြန်၏။ “အရံအတားတွေက အားနည်းလာနေပြီ။ အခြေအနေ မကောင်းဘူးလို့ ထင်တယ်”
နန်လီသည် လုကျိုးဘက်သို့ ထပ်မံ လှည့်ကာ ပြောလိုက်၏။ “မျှော်နန်းသခင်လု... ကျေးဇူးပြုပြီး မီးတောက်စစ်ကို ပြန်ပေးပါ”
“ဆုံးဖြတ်ဖို့ စောပါသေးတယ်။ သေချာကြည့်နေလိုက်”
ဝှစ်
လုကျိုးသည် တောင်နှင့် မြောက်အကြားရှိ စင်မြင့်များ၏ အလယ်ဗဟိုသို့ ပျံသန်းသွားပြီး ကောင်းကင်နှင့် မြေကြီးအကြား၌ ရပ်တန့်နေလိုက်၏။
ရွှမ်းယီ၊ နန်လီနှင့် ကျန်းဟယ်တို့သည် လုကျိုး ဘာလုပ်မည်ကို မသိဘဲ ဇဝေဇဝါဖြင့် လှမ်းကြည့်နေကြ၏။
ထို့နောက် လုကျိုးသည် မတည်မြဲခြင်းတိုင်လုံးကို ထုတ်ယူလိုက်တော့သည်။
ရွှေရောင်အလင်းတန်းများ လင်းလက်သွား၏။
“အနန္တအဆင့်ပဲ” နန်လီက အံ့ဩတကြီးဖြင့် အော်ဟစ်လိုက်၏။
ဝိညာဉ်ရေးရာ စွမ်းအင်များ ပြည့်နှက်နေသော မတည်မြဲခြင်းတိုင်လုံးသည် ဤအခိုက်အတန့်၌ တောင်ကို တည်ငြိမ်စေသော တိုင်လုံးကြီးတစ်တိုင်ပမာ မြေကြီးထဲသို့ စိုက်ဝင်သွားတော့၏။
ဘုန်း
လုကျိုးသည် သူ၏ ကနဦးချီနှင့် နတ်ဘုရားစွမ်းအားများကို လှုံ့ဆော်ကာ မတည်မြဲခြင်းတိုင်လုံးအတွင်းသို့ စီးဆင်းစေလိုက်၏။ ကောင်းကင်ကျမ်းစာထံမှ ကုသခြင်းစွမ်းအားနှင့် မတည်မြဲခြင်းတိုင်လုံးထံမှ ပြင်းထန်သော သက်စောင့်စွမ်းအင်တို့သည် အရပ်မျက်နှာ အနှံ့အပြားသို့ လျင်မြန်စွာ လွှမ်းခြုံသွားတော့သည်။ ရွှေကြာများ ဖူးပွင့်လာသည်နှင့်အမျှ အရာအားလုံး အသက်ပြန်ဝင်လာတော့၏။ ညှိုးနွမ်းနေသော ပန်းများ ပြန်လည် ဖူးပွင့်လာပြီး သစ်ပင်များလည်း စတင် ကြီးထွားလာကြတော့သည်။
“တကယ့်ကို ကောင်းမွန်တဲ့ နည်းစနစ်ပဲ” ရွှမ်းယီက အံ့ဩချီးကျူးလိုက်၏။
“ဒါက...” နန်လီ၏ မျက်နှာပေါ်တွင် ရှုပ်ထွေးသော အမူအရာတစ်ခု ဖြတ်ပြေးသွားပြီးနောက် သူက ပြောလိုက်၏။
“ဘာဖြစ်လို့ သူ့ကို ကြည့်ရတာ... ကြည့်ရတာ... ဘယ်သူနဲ့ တူနေတာပါလိမ့်”
ရွှမ်းယီ ခေါင်းညိတ်လိုက်သည်။ “ဟုတ်တယ်။ မင်းမှာ အကဲခတ်ကောင်းတဲ့ မျက်လုံး ရှိတာပဲ။ မျှော်နန်းသခင်လုက အဆုံးမဲ့သမုဒ္ဒရာရဲ့ အရှေ့ဘက်မှာရှိတဲ့ ပျောက်ဆုံးနယ်မြေကို ငါ ခရီးသွားရင်းနဲ့ တွေ့ခဲ့တဲ့ ပညာရှင်တစ်ယောက်လေ”
ထိုသို့ ကြားဖြတ်ပြောလိုက်မှုကြောင့် နန်လီသည် ခေါင်းညိတ်လိုက်၏။ “ဒါကြောင့်ကိုး”
‘ဒါကြောင့်ကိုး မဟာနတ်ဘုရင်ရွှမ်းယီက သူ့ကို ဒီလိုမျိုး ဆက်ဆံနေခဲ့တာ’
ကျန်းဟယ်လည်း သဘောပေါက်သွားတော့၏။ ‘ဒါကြောင့်ကိုး... အရှင်မင်းကြီးက သူ့ကို အရင်ကတည်းက သိနေခဲ့ပုံရတယ်’
ဧရာမ သက်စောင့်စွမ်းအင်များက အရာအားလုံးကို ပြန်လည် ကောင်းမွန်လာစေချိန်တွင် လုကျိုးသည် သူ၏ လက်ကို ရုတ်တရက် ဝှေ့ယမ်းလိုက်၏။
ဘုန်း
မတည်မြဲခြင်းတိုင်လုံးသည် မြေကြီးထဲမှနေ၍ ကောင်းကင်ယံသို့ ပျံတက်သွားတော့သည်။ ထို့နောက် ၎င်းသည် စတင် လည်ပတ်လာ၏။ နတ်ဘုရားစွမ်းအားများသည် အရံအတားများကို စတင် ပြန်လည် ပြုပြင်ပေးနေပြီး မိုင် ၃၀ အချင်းဝက်အတွင်း လွှမ်းခြုံသွားတော့သည်။
သိပ်မကြာမီမှာပင် အရံအတားများ တည်ငြိမ်သွားသည်နှင့်အမျှ စင်မြင့်များလည်း တုန်ခါမှု ရပ်တန့်သွားကြတော့၏။
လုကျိုး မတည်မြဲခြင်းတိုင်လုံးကို သိမ်းဆည်းလိုက်ပြီးနောက်တွင် တိမ်တိုက်များလည်း စတင် ကွဲလွင့်နေပြီ ဖြစ်သည်။ တစ်ချိန်တည်းမှာပင် တိမ်တိုက်များကြားမှ နေရောင်ခြည်များ ဖြာကျလာပြီး ကောင်းကင်ယံထက်၌ စူးရှတောက်ပသော သက်တံ့ကြီးတစ်ခု ပေါ်ထွက်လာခဲ့၏။ မုန်တိုင်းအပြီးတွင် သက်တံ့ကြီး ပေါ်ထွက်လာခြင်းပင် ဖြစ်သည်။ တောင်ပိုင်းအက်ကွဲတောင်မှာ ပန်းချီကားတစ်ချပ်ထဲမှ မြင်ကွင်းတစ်ခုကဲ့သို့ လှပနေတော့၏။
လူတိုင်း မှင်တက်လျက် ငေးကြည့်နေကြသည်။
ရွှမ်းယီသည် အထက်သို့ ပျံတက်သွားပြီး အောက်သို့ ငုံ့ကြည့်လိုက်၏။
နန်လီ၊ ကျန်းဟယ်နှင့် အခြားသူများလည်း အထက်သို့ ပျံတက်လာကြသည်။ သူတို့၏ ရှေ့မှောက်ရှိ မြင်ကွင်းကို ကြည့်ရှုရင်း ခံစားချက်အပြည့်ဖြင့် သက်ပြင်းချလိုက်ကြ၏။
လုကျိုး ပြောခဲ့သည့်အတိုင်းပင် ဖြစ်၏။ မိုးရွာပြီးနောက် သက်တံ့ ထွက်လာခဲ့ပြီ ဖြစ်သည်။
တောင်ပိုင်း မီးတောက်စစ်ကို ဆုံးရှုံးလိုက်ရပြီးနောက် တောင်ပိုင်းအက်ကွဲတောင်မှာ အသစ်တစ်ဖန် ပြန်လည် မွေးဖွားလာခဲ့ပြီဖြစ်ပြီး အတိတ်ကာလကထက် လုံးဝ ယုတ်လျော့သွားခြင်း မရှိပေ။
နန်လီကို အံ့ဩသွားစေဆုံးသောအရာမှာ တောင်ပိုင်းအက်ကွဲတောင်ရှိ ကနဦးချီများမှာ ယခင်ကထက် ပိုမို ကြွယ်ဝပြီး သန့်စင်နေခြင်းပင် ဖြစ်ပေသည်။ သူသည် လတ်ဆတ်သော ကနဦးချီများကို လောဘတကြီး ရှူရှိုက်လိုက်၏။ သူသည် မိမိကိုယ်ကို မထိန်းချုပ်နိုင်တော့ဘဲ ကျင့်ကြံရန် သူ၏ ကနဦးချီများကို လှုံ့ဆော်လိုက်တော့သည်။ သူ၏ ထူးကဲချီသွေးကြောရှစ်ခုစလုံး အသစ်ပြန်လည် လန်းဆန်းသွားသကဲ့သို့ သူ ခံစားလိုက်ရ၏။
နန်လီသည် နတ်ဘုရင်တစ်ပါး ဖြစ်ပေသည်။ တောင်ပိုင်း မီးတောက်စစ်၏ ဆိုးကျိုးများကို သူ မည်သို့လျှင် နားမလည်ဘဲ နေမည်နည်း။ သို့သော်လည်း သူသည် လူသားတစ်ဦးလည်း ဖြစ်ပေ၏။ သူ၏ လူ့သဘာဝကို ကျော်လွှားနိုင်ရန် ခက်ခဲလှပေသည်။
လုကျိုးက မေးမြန်းလိုက်၏။ “မင်း ကျေနပ်ပြီလား”
“ဟုတ်ကဲ့... ကျုပ် အရမ်းကို ကျေနပ်ပါတယ်”
ဤအပြောင်းအလဲပြီးနောက် တောင်ပိုင်းအက်ကွဲတောင်အနေဖြင့် ပိုမိုမြင့်မားသော အဆင့်တစ်ခုသို့ တက်လှမ်းနိုင်ရန်မှာ အချိန်အတိုင်းအတာ တစ်ခုသာ လိုတော့သည်။
နန်လီသည် လုကျိုးကို ဦးညွှတ်လျက် ပြောလိုက်၏။ “အစ်ကိုလု... ကျုပ်ရဲ့ ကျေးဇူးတင်မှုကို ဖော်ပြဖို့ ဘယ်လိုပြောရမလဲတောင် မသိတော့ပါဘူး”
ရွှမ်းယီက လက်ကို မြှောက်ကာ ပြောလိုက်သည်။ “နတ်ဘုရင်နန်လီ... မျှော်နန်းသခင်လုကို အစ်ကိုလို့ ခေါ်ဖို့ ငါတောင် အနေခက်တယ်”
“ဟုတ်ပါတယ်... ဟုတ်ပါတယ်... ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ မျှော်နန်းသခင်လု” နန်လီက ပြောလိုက်၏။ သူသည် လုကျိုးနှင့် ရင်းနှီးအောင် ကြိုးစားနေခြင်းသာ ဖြစ်ပေသည်။
လုကျိုးက ပြောလိုက်၏။ “တောင်ပိုင်း မီးတောက်စစ်ကို ငါ ယူသွားမယ်”
“မျှော်နန်းသခင်လုက မီးတောက်စစ်နဲ့ ဘာလုပ်ဖို့ ရည်ရွယ်ထားတာလဲဆိုတာ မေးလို့ရမလား” နန်လီက သိချင်စိတ်ဖြင့် မေးမြန်းလိုက်တော့၏။
…