အခန်း ၁၆၁၁
Vol. 108 Ch. 1611
အခန်း (၁၆၁၁) အမှားအယွင်း မရှိနိုင်သော အစီအစဉ်
မင်ရှစ်ရင်သည် လှည့်ထွက်သွားရန် ပြင်လိုက်စဉ်မှာပင် ရုတ်တရက် မေးလိုက်၏။
"ရှစ်စွင်း... အဲဒီကျန်းဟယ်က တကယ်ကို အားနည်းလွန်းတယ်။ ကျွန်တော်... ကျွန်တော် တပ်မှူး ဖြစ်ခွင့်ရနိုင်မလား”
လုကျိုးသည် မင်ရှစ်ရင်ကို နက်နဲသော အကြည့်ဖြင့် ကြည့်ကာ မေးလိုက်သည်။
"မင်းက တကယ် တပ်မှူး ဖြစ်ချင်နေတာလား”
မင်ရှစ်ရင်က ဖြောင့်မတ်မှန်ကန်ဟန်ဖြင့် ပြောလိုက်၏။
"ကျွန်တော်က ကတိဖျက်တတ်တဲ့သူ၊ တခြားသူတွေကို သစ္စာဖောက်တတ်တဲ့သူ မဟုတ်ပါဘူး။ တကယ်တော့ ဧကရာဇ်ရွှမ်းယီ ကိုယ်တိုင် ကျွန်တော့်ကို လာတောင်းပန်ရင်တောင် ကျွန်တော် လက်ခံမှာ မဟုတ်ပါဘူး”
"မင်း ထွက်သွားလို့ရပြီ”
'မျက်စိရှေ့က မမြင်ရရင် စိတ်အေးရတာပဲ'
"တပည့်ကို သွားခွင့်ပြုပါဦး ရှစ်စွင်း”
မင်ရှစ်ရင်သည် လှည့်ကာ တောင်ပိုင်းအက်ကွဲတောင်မှ ထွက်ခွာသွားတော့သည်။
မိုးမလင်းမီ အချိန်၌ ဖြစ်၏။
လုကျိုးသည် ကောင်းကင်ကျမ်းစာကို ဆက်လက် လေ့လာဆင်ခြင်နေခဲ့သည်။ သူသည် မဟာလေဟာနယ်ထဲ၌ ရောက်ရှိနေသောကြောင့်လောမသိ၊ ကောင်းကင်ကျမ်းစာကို လေ့လာရာတွင် သူခံစားရသော ဖိအားမှာ ယခင်ကလောက် မပြင်းထန်တော့ပေ။ သူသည် ကုသိုလ်ကျောက်တုံး တည်ရှိနေမှုကိုပင် ရှင်းရှင်းလင်းလင်း ခံစားသိရှိနိုင်နေ၏။ ၎င်းသည် အလွန်အမင်း ဝေးကွာလှသော အမည်မသိ နေရာတစ်ခု၌ တည်ရှိနေပေသည်။
လုကျိုးက ထုတ်ပြောမိသွားသည်။
"စနစ်ကများ ကုသိုလ်ကျောက်တုံး ဖြစ်နေမလား”
လုကျိုးသည် စနစ်မျက်နှာပြင်ကို ဖွင့်ကာ သူ၏ အချက်အလက်များကို ကြည့်ရှုလိုက်သည်။
အမည်=လုကျိုး
လူမျိုး=လူသား
ကုသိုလ်မှတ်=၀
ကျန်ရှိသက်တမ်း=၉၃,၈၇၂,၇၄၄ ရက် (နှစ်ပေါင်း ၂၅၇,၀၀၀)
အသုံးပစ္စည်းများ=အတိုက်အခိုက်ဒဏ်ပြင်း ကာကွယ်ခြင်းကတ် ၁ကတ်၊ ရွှေရောင် ထိုက်ရွှီကြေးမုံ၊ အကြောင်း ပြန်လှန်ကတ် x၃၆၀,၀၀၀
စီးတော်သားရဲများ=နတ်ခြင်္သေ့၊ ပိအန်း၊ ကျီလျန့်၊ ချုံးချီ၊ ထန်ခန်း၊ တိကျန်း၊ ယင်ကျောက်၊ လု၀ူ
လက်နက်များ= အမည်မဲ့၊ ခရမ်းရောင်တောက်ပသံကျောက် (အဆုံးမဲ့)၊ မတည်မြဲခြင်းတိုင်လုံး၊ ချုပ်နှောင်ခြင်းစည်းတံဆိပ် (ပေါင်းစပ်အဆင့်)
လုကျိုးသည် ချောက်နက်ကြီးထဲတွင် ရှိနေစဉ်က စနစ်မျက်နှာပြင်ကို အကြိမ်များစွာ မြင်တွေ့ခဲ့ဖူးသည်။ သူ၏ ကျင့်ကြံမှု မြင့်မားလာခြင်းကြောင့် ယခုအခါ ကုသိုလ်မှတ်များ ရရှိရန်မှာ ခက်ခဲလာနိုင်ပေသည်။ အဆုံးမရှိသော ကံစမ်းမဲများက အကြောင်းပြန်လှန်ကတ်များကိုသာ ရရှိစေခဲ့၏။ သူ၌ သက်တမ်းအားဖြင့် နှစ်ပေါင်း ၂၅၀,၀၀၀ ကျော် ရှိနေပြီဖြစ်ရာ အကြောင်းပြန်လှန်ကတ်များကို အသုံးပြုရန် အစီအစဉ် မရှိသေးပေ။
မွေးဖွားဇယားချပ် ၃၀ ကို ဖွင့်လှစ်ပြီးနောက်တွင် နောက်ထပ် ထပ်တိုးလာသော မွေးဖွားဇယားချပ်တိုင်းက သူ၏ သက်တမ်းကို နှစ်ပေါင်း ၅၀,၀၀၀ စီ တိုးလာစေခဲ့ရာ ၎င်းမှာ သူ မျှော်လင့်ထားသည်ထက် ပိုမို များပြားနေခဲ့သည်။ သို့သော်လည်း ယခု ကြည့်ရသလောက် ၎င်းတို့မှာ ဂဏန်းအရေအတွက် သက်သက်မျှသာ ဖြစ်နေပေသည်။
သူသည် သူ၏ အပြာရောင် စိတ်ဝိညာဉ်သဏ္ဌာန်ကို မြှင့်တင်ရန် လိုအပ်နေသေး၏။ လက်ရှိတွင် ၎င်း၌ ပွင့်ချပ် ၁၄ ခုနှင့် မွေးဖွားဇယားချပ် ၇ ခု ရှိနေပေသည်။
လုကျိုးသည် နတ်ဘုရားဝိညာဉ်ပုလဲများ အကြောင်းကို တွေးလိုက်သည်။ အပြာရောင် စိတ်ဝိညာဉ်သဏ္ဌာန်မှာ ကန့်သတ်ချုပ်ချယ်ခံထားရခြင်း မရှိသောကြောင့် ၎င်းကို အဆင့်မြှင့်တင်ရန် မည်သည့် အသက်ဓာတ်နှလုံးသားကိုမဆို အသုံးပြု၍ ရနိုင်ပေသည်။ အကောင်းဆုံး ရွေးချယ်မှုမှာ သားရဲကြီးများ၏ နတ်ဘုရားဝိညာဉ်ပုလဲများကို အသုံးပြုခြင်းပင် ဖြစ်ပေသည်။
လုကျိုးက သူ၏ စိတ်ထဲတွင် တွေးလိုက်၏။ 'လောစရာမလိုပါဘူး။ ငါ့တပည့်တွေရဲ့ အခြေအနေကို အရင်ဆုံး အတည်ပြုရမယ်'
ထို့နောက် သူသည် မျက်လုံးများကို မှိတ်ကာ ကောင်းကင်ကျမ်းစာကို ဆက်လက် ဆင်ခြင်လေ့လာနေလိုက်သည်။ ၎င်း၏ ကိုယ်ထည်ပေါ်ရှိ နတ်ဘုရားစွမ်းအားများမှာ ယခင်ကထက် ပိုမို မှေးမှိန်လာပြီး လျှပ်စစ်စီးကြောင်းများ စတင် ပြောင်းလဲလာတော့၏။
နံနက်ခင်းအချိန်၌ ဖြစ်၏။
ရွှမ်းယီသည် ခန်းမဆောင် အနီးသို့ ရောက်ရှိလာခဲ့သည်။
နန်လီသည် အဝေးမှ ပျံသန်းလာခဲ့၏။ မြေပြင်သို့ ဆင်းသက်ပြီးနောက် သူက ထူးဆန်းသော လေသံဖြင့် ပြောလိုက်သည်။
"မဟာနတ်ဘုရင်ရွှမ်းယီ... အရင်ရက်တွေတုန်းက သေချာ ဧည့်မခံနိုင်ခဲ့တာကို အပြစ်မယူပါနဲ့နော်”
ရွှမ်းယီက အပြုံးဖြင့် ပြန်ဖြေလိုက်၏။
"မီးတောက်စစ် မရှိတော့တဲ့နောက်ပိုင်း ဒီမှာနေရတာ အရင်ကထက် အများကြီး ပိုပြီး သက်သောင့်သက်သာ ရှိလာပါတယ်”
"တကယ်လား"
"ငါက မင်းကို လိမ်ပြောစရာလား”
"ဒါဆိုရင်လည်း နောက်ထပ် ရက်အနည်းငယ်လောက် ဆက်နေပါဦးလား”
"မလိုတော့ပါဘူး။ ရွှမ်းယီခန်းမမှာ ဖြေရှင်းစရာ ကိစ္စတွေ အများကြီး ရှိသေးတယ်" ရွှမ်းယီက နန်လီကို လက်နှစ်ဖက်ဆုပ်ကာ အရိုအသေပေးလျက် ပြောလိုက်၏။
ရွှစ်
လုကျိုးသည် ခန်းမဆောင် အပြင်ဘက်သို့ ထွက်ပေါ်လာခဲ့သည်။
သူတို့ နှစ်ဦးက ပြိုင်တူနှုတ်ဆက်လိုက်ကြ၏။ "မျှော်နန်းသခင်လု"
မကြာမီတွင် ကျန်းဟယ်နှင့် ရွှမ်းယီခန်းမမှ အခြားသော ကျင့်ကြံသူများလည်း ရောက်ရှိလာကြသည်။
ကျန်းဟယ်က ပြောလိုက်၏။ "အရှင်မင်းကြီး... အားလုံး အဆင်သင့် ဖြစ်နေပါပြီ”
ရွှမ်းယီက မေးလိုက်သည်။
"မျှော်နန်းသခင်လု... ခင်ဗျား ဒီမှာပဲ ဆက်နေခဲ့မလား၊ ဒါမှမဟုတ် ရွှမ်းယီခန်းမကိုပဲ ပြန်လိုက်ခဲ့မလား”
"အတူတူပဲ ပြန်ကြတာပေါ့" လုကျိုးက လက်နှစ်ဖက်ကို နောက်ပစ်ထားရင်း ပြောလိုက်၏။
မကြာမီပင် လုကျိုး၊ ရွှမ်းယီနှင့် အခြားသူများသည် ပျံသန်းထွက်ခွာသွားကြတော့သည်။
သူတို့ ပျံသန်းနေစဉ် လုကျိုးက ရုတ်တရက် မေးလိုက်၏။
"မဟာလျှို့ဝှက်ဆန်းကြယ်တောင်ရဲ့ အခြေအနေက ဘယ်လိုရှိလဲ”
မဟာလျှို့ဝှက်ဆန်းကြယ်တောင် အကြောင်းကို ကြားသောအခါ ရွှမ်းယီသည် ဘယ်ညာသို့ အကဲခတ်ကြည့်လိုက်ပြီးနောက် လေသံတိုးတိုးဖြင့် ပြန်ဖြေလိုက်သည်။
"ခန်းမဆယ်ခုက အဲဒီနေရာကို မဟာလေဟာနယ်ရဲ့ တားမြစ်နယ်မြေ အဖြစ် သတ်မှတ်လိုက်ကြတယ်။ ဘယ်သူမှ အနားကိုတောင် သွားခွင့်မရှိဘူး။ ဘာပဲဖြစ်ဖြစ် မဟာလျှို့ဝှက်ဆန်းကြယ်တောင်က ဆရာရဲ့ နယ်မြေလေ။ လူတိုင်းက ဆိုးယုတ်သူတစ်ပါးကို ကြောက်နေကြတာ”
"တားမြစ်နယ်မြေ ဟုတ်လား” လုကျိုး မျက်မှောင်ကြုတ်သွား၏။
ရွှမ်းယီက ပြောလိုက်သည်။
"ဆရာ့ ခံစားချက်တွေကို ကျွန်တော် အရမ်းနားလည်ပါတယ်။ တကယ်လို့ ဆရာက တကယ် သွားချင်တယ်ဆိုရင် ကျွန်တော် တစ်ခုခု စဉ်းစားပေးပါ့မယ်”
"လောစရာ မလိုပါဘူး" လုကျိုးက ပြောလိုက်၏။
ထို့နောက် သူတို့ နှစ်ဦးသည် အနီးရှိ ရထာလုံးပျံပေါ်သို့ တက်ရောက်သွားကြပြီး ကျန်းဟယ်နှင့် အခြားသူများလည်း နောက်မှ လိုက်ပါသွားကြသည်။
မကြာမီမှာပင် ရထားလုံးပျံသည် မိုးကုပ်စက်ဝိုင်းဆီသို့ ပျောက်ကွယ်သွားတော့၏။
သူတို့ ထွက်ခွာသွားပြီးနောက် တောင်ပိုင်းအက်ကွဲတောင်မှ ကျင့်ကြံသူများသည် စင်မြင့်တစ်ခုပေါ်သို့ အလျင်အမြန် စုရုံးရောက်ရှိလာကြသည်။
သူတို့အထဲမှ အချို့မှာ ထပ်မံ သည်းမခံနိုင်တော့ဘဲ မေးမြန်းလိုက်ကြ၏။ "နတ်ဘုရင်... တောင်ပိုင်း မီးတောက်စစ်ကို ပြန်ယူဖို့ အစီအစဉ် ရှိလား”
နန်လီသည် မိုးကုပ်စက်ဝိုင်းဆီသို့ လှမ်းကြည့်ရင်း ပြောလိုက်သည်။
"တောင်ပိုင်း မီးတောက်စစ်က နတ်ဘုရားမီးတောက်ဆိုပေမဲ့... အဲဒါက သိပ်တော့ အသုံးမဝင်လှဘူး။ သူ အဲဒါကို ယူသွားတာလည်း မဆိုးပါဘူးလေ”
ထိုစကားကို ကြားသောအခါ လူတိုင်းက သက်ပြင်းချလိုက်ကြစဉ် နန်လီက ပြုံးလျက် ပြောလိုက်၏။
"ငါ့ကို အရူးလို့ မင်းတို့တွေ ထင်နေကြတာလား။ မဟာနတ်ဘုရင်ရွှမ်းယီရဲ့ အမူအရာကို မင်းတို့ မမြင်ကြဘူးလား။ မနက်စောစောတုန်းက မျှော်နန်းသခင်က သူ့ဆီကို မသွားခဲ့ဘူး။ အဲဒီအစား သူကပဲ မျှော်နန်းသခင်လုဆီကို လာခဲ့တာ။ သူတို့ ရထားလုံးပျံပေါ် တက်တဲ့အချိန်မှာတောင် သူက မျှော်နန်းသခင်လုရဲ့ အနောက်ကနေ နည်းနည်းလေး ခွာပြီး ပျံသန်းခဲ့တယ်။ သူက ငါ့ကို ဖုံးကွယ်ထားဖို့ ကြိုးစားခဲ့ပေမဲ့... သူ့ရဲ့ အမူအရာက ငါ့မျက်စိအောက်ကနေ မလွတ်နိုင်ခဲ့ပါဘူး”
"နတ်ဘုရင်... သူက တကယ်တော့ ဘယ်သူလဲ”
လူတိုင်းသည် နန်လီ၏ စကားများကြောင့် ဇဝေဇဝါ ဖြစ်သွားကြ၏။
နန်လီသည် အရှေ့ဘက်သို့ တိတ်ဆိတ်စွာ ကြည့်နေခဲ့သည်။ အရှေ့အရပ်မှ နေထွက်လာသောအခါ နေရောင်ခြည်သည် တောင်ပိုင်းအက်ကွဲတောင်၏ စင်မြင့်များပေါ်သို့ ဖြာကျလာခဲ့၏။ အချိန်အတော်ကြာပြီးနောက်တွင် သူက နောက်ဆုံး၌ ပြောလိုက်သည်။
"မင်းတို့ရဲ့ တာဝန်တွေကိုပဲ လုပ်ကြ။ ခန်းမဆယ်ခုရဲ့ ကိစ္စတွေမှာ ဘယ်သူမှ ဝင်မစွက်ဖက်ရဘူး။ အမိန့်ကို ဖီဆန်ရင် ဘယ်သူမဆို တောင်ပေါ်ကနေ နှင်ထုတ်ခံရမယ်”
"နားလည်ပါပြီ”
အဆုံးမဲ့သမုဒ္ဒရာ၏ တောင်ဘက်ရှိ မီးတောက်ပင်လယ်၌ ဖြစ်၏။
ခန်းမဆောင်တစ်ခုအတွင်း။
ဝရဇိန်လေးပါးသည် အရိုအသေပေးလိုက်ကြသည်။
"အရှင်မင်းကြီး... သခင်လေးရီက စိတ်မပျက်စေရပါဘူး။ သူက ရွှမ်းယီခန်းမက ကျန်းဟယ်ကို အလွယ်တကူ အနိုင်ယူသွားခဲ့တယ်။ ကျန်းဟယ်က သူ့အတွက် ဘယ်လိုမှ ပြိုင်ဘက် မဟုတ်ပါဘူး”
"သခင်လေးတွမ့်မူက သူ့ရဲ့ စွမ်းအားအပြည့်ကို အသုံးမပြုခဲ့ပေမဲ့... ကျန်းဟယ်နဲ့ သရေကျအောင် တိုက်ခိုက်နိုင်ခဲ့ပါတယ်”
အနီရောင်ဧကရာဇ်သည် ကျေနပ်သော မျက်နှာအမူအရာဖြင့် ခေါင်းအနည်းငယ် ညိတ်လိုက်၏။ သူက ပြောလိုက်သည်။ "ဒီနှစ်တွေတစ်လျှောက်လုံး ကျင့်ကြံခဲ့ရတာတွေ အချည်းနှီး မဖြစ်ခဲ့ပါဘူးလေ”
သူသည် မတ်တတ်ရပ်လိုက်ပြီးနောက် ဆက်ပြောလိုက်၏။
"သူတို့ကို ခေါ်လိုက်။ ငါတို့တွေ ရွှမ်းယီခန်းမကို တရားဝင် စိန်ခေါ်ကြမယ်”
ဝရဇိန်လေးပါး : "..."
"နေပါဦး"
မင်ရှစ်ရင်နှင့် တွမ့်မူရှန်းတို့ အပြင်ဘက်မှ ဝင်ရောက်လာကြသည်။
မင်ရှစ်ရင်က ပြောလိုက်၏။
"တခြား ခန်းမကိုပဲ သွားစိန်ခေါ်ရအောင်။ ကျွန်တော်တို့ ရွှမ်းယီခန်းမကို သွားမရှုပ်ရဲဘူး”
"မရှုပ်ရဲဘူး ဟုတ်လား" အနီရောင်ဧကရာဇ် မျက်မှောင်ကြုတ်သွားသည်။ "မင်းက ဘာဖြစ်လို့ အဲဒီလို ပြောရတာလဲ”
"ရွှမ်းယီခန်းမမှာက သိုင်းပညာရှင်တွေနဲ့ ပြည့်နှက်နေတာ။ ကျွန်တော်... ကျွန်တော်က သူတို့အတွက် တကယ် ပြိုင်ဘက် မဟုတ်ပါဘူး" မင်ရှစ်ရင်က အနည်းငယ် ခါးသီးသော မျက်နှာအမူအရာဖြင့် ပြောလိုက်၏။
အနီရောင်ဧကရာဇ် ရယ်မောလိုက်သည်။
"မင်း မထွက်သွားခင်တုန်းက တာအိုသူတော်စင်တွေကြားမှာ မင်းက ပြိုင်ဘက်ကင်းတယ်လို့ ကြွေးကြော်ခဲ့တာ မဟုတ်ဘူးလား”
ဖြန်း
မင်ရှစ်ရင်သည် ရုတ်တရက် လက်ကို မြှောက်ကာ သူ၏ ပါးစပ်ကို ရိုက်ချလိုက်တော့၏။
"အဲဒါက လူငယ်သဘာဝ မိုက်မဲမှုတွေပါ။ ကျွန်တော်က အရမ်းကို အသိဉာဏ်နည်းလွန်းပါတယ်။ အရှင်မင်းကြီး ကျွန်တော့်ကို ခွင့်လွှတ်ပေးဖို့ တောင်းပန်ပါတယ်”
အနီရောင်ဧကရာဇ်မှာ မင်ရှစ်ရင်၏ ရုတ်တရက် ပြောင်းလဲသွားသော အမူအရာကြောင့် အမှန်တကယ်ပင် မှင်တက်သွားရရှာသည်။
"ငါ မှတ်မိသလောက်ဆိုရင် ရွှမ်းယီခန်းမမှာ သိုင်းပညာရှင် သိပ်အများကြီး မရှိပါဘူး။ တာအိုသူတော်စင် လီချွင်းနဲ့ တာအိုသူတော်စင် ကျန်းဟယ်တို့က မင်းရဲ့ ပြိုင်ဘက် မဟုတ်ဘူးလေ။ မဟာနတ်ဘုရင်ရွှမ်းယီ ကိုယ်တိုင် ဝင်ပါခဲ့တယ်လို့တော့ မပြောနဲ့နော်”
"မဟုတ်ပါဘူး... မဟုတ်ပါဘူး... တခြားလူ တစ်ယောက် ရှိသေးတယ်။ သူနဲ့ ရင်ဆိုင်ရတဲ့အချိန်မှာ ကျွန်တော်က ပုရွက်ဆိတ် တစ်ကောင်နဲ့ ဘာမှမကွာခြားတော့ပါဘူး" မင်ရှစ်ရင်က သက်ပြင်းချလျက် ပြောလိုက်၏။
"ဟင်" အနီရောင်ဧကရာဇ်၏ သိချင်စိတ် ပြင်းပြသွားတော့သည်။ "မင်းကို ဒီလိုစကားတွေ ပြောထွက်လာအောင် လုပ်နိုင်တဲ့သူက ဘယ်သူလဲဆိုတာ ငါ သိချင်မိတယ်”
မင်ရှစ်ရင်က ရှက်ရွံ့စွာဖြင့် ပြောလိုက်၏။ "သူက မဟာနတ်ဘုရင်ရွှမ်းယီရဲ့ အကူအညီပေးသူလို့ ကျွန်တော် ထင်တယ်”
အနီရောင်ဧကရာဇ်သည် အတည်ပြုချက် ရယူရန်အတွက် ဝရဇိန်လေးပါးကို ကြည့်လိုက်သည်။
ဝရဇိန်တစ်ပါးက ပြောလိုက်၏။ "သခင်လေးရီ ပြောတာ မှန်ပါတယ်”
မင်ရှစ်ရင် မျက်မှောင်ကြုတ်သွားသည်။ "တကယ်လို့ အရှင်မင်းကြီးက ကျွန်တော့်ကို မယုံဘူးဆိုရင်လည်း ထားလိုက်ပါတော့။ အရှင်မင်းကြီးကို ကျွန်တော် ထပ်မနှောင့်ယှက်တော့ပါဘူး”
ထို့နောက် မင်ရှစ်ရင်သည် တွမ့်မူရှန်းကို အဓိပ္ပာယ်ပါပါ ကြည့်လိုက်ပြီးနောက် သူတို့ နှစ်ဦးစလုံး အပြင်သို့ ထွက်သွားကြတော့သည်။
အနီရောင်ဧကရာဇ်သည် သူတို့ နှစ်ဦးကို တားဆီးခြင်း မရှိခဲ့ပေ။ သူတို့ ထွက်သွားပြီးနောက် သူက လှောင်ပြောင်လိုက်ကာ ပြောလိုက်၏။
"ငါ မင်းတို့ကို သူတို့ကို ကူညီပေးဖို့နဲ့ စောင့်ကြည့်ဖို့ ခိုင်းထားတာလေ”
ဝရဇိန်လေးပါးသည် ချက်ချင်းပင် ဒူးထောက်ချလိုက်ကြသည်။ "ကျွန်တော်မျိုးတို့ အမှားကို သိပါပြီ”
"အဲဒီလူက ဘယ်သူလဲ”
ဝရဇိန်လေးပါးမှာ အလွန်အမင်း ရှက်ရွံ့သွားကြတော့၏။
"ကျွန်တော်မျိုးတို့ သေသေချာချာ မမြင်လိုက်ရပါဘူး”
"သူတို့ နှစ်ယောက်စလုံးကို အနိုင်ယူနိုင်တယ်ဆိုရင် သူက တာအိုသူတော်စင် ဒါမှမဟုတ် အဲဒီထက် ပိုအစွမ်းထက်တဲ့သူ ဖြစ်ရမယ်။ မင်းတို့က ဘယ်လိုလုပ် သေသေချာချာ မမြင်လိုက်ရတာလဲ"
အနီရောင်ဧကရာဇ်၏ မျက်နှာအမူအရာမှာ တည်ကြည်သွားတော့၏။
ဝရဇိန်လေးပါးသည် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြီး အလွန်အမင်း မတရားခံရသလို ခံစားလိုက်ရသည်။
"စွမ်းအားကွာဟချက်က အရမ်းကြီးလွန်းလို့ ကျွန်တော်မျိုးတို့ သူ့ကို သေသေချာချာ မမြင်လိုက်ရတာ ဖြစ်နိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် သခင်လေးရီတောင် တစ်ဖက်လူရဲ့ လက်ထဲမှာ အကြီးအကျယ် ရှုံးနိမ့်သွားခဲ့ရတာလေ”
အနီရောင်ဧကရာဇ်မှာ ဆွံ့အသွားရရှာသည်။ သူသည် သူတို့ကို ပြင်းပြင်းထန်ထန် ကြိမ်းမောင်းလိုသော်လည်း တစ်ဖက်လူမှာ တကယ်ပင် သိုင်းပညာရှင် တစ်ဦး ဖြစ်နိုင်ကြောင်း တွေးမိသွားသောအခါ သူ၏ ဝတ်ရုံလက်ကို ဝှေ့ယမ်းကာ ပြောလိုက်၏။ "မင်းတို့ ထွက်သွားလို့ရပြီ”
"နားလည်ပါပြီ”
ဝရဇိန်လေးပါးသည် လှည့်ကာ ထွက်ခွာသွားကြတော့သည်။
ရွှမ်းယီခန်းမ၌ ဖြစ်၏။
ပြန်ရောက်ပြီးနောက်တွင် ရွှမ်းယီသည် စာတစ်စောင် လက်ခံရရှိခဲ့သည်။ ၎င်းကို ဖတ်ပြီးနောက်တွင် သူသည် စာကို ဘေးသို့ ပစ်ချကာ ပြောလိုက်၏။
"ဒီလောက် မြန်မြန် ရောက်လာတာပဲ။ ကျန်းဟယ်ကို အဆင်သင့် လုပ်ထားဖို့ အကြောင်းကြားလိုက်။ စိန်ခေါ်သူ အသစ် ရောက်လာပြီ”
"နားလည်ပါပြီ”
စာသည် အနက်ရောင်ခန်းမသို့ ရောက်ရှိလာသောအခါ ကျန်းဟယ်မှာ အံ့အားသင့်သွားတော့၏။ သူသည် စာကို ဖတ်ပြီးနောက် မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
"မိုးပြာဧကရာဇ်က အနီရောင်ဧကရာဇ်ထက်တောင် ပိုပြီး လောနေပါလား။ သူက ငါ့ကို အနိုင်ကျင့်ရ လွယ်တယ်လို့များ ထင်နေတာလား”
ဘေးဘက်၌ ရပ်နေသော လီချွင်းက ပြုံးလျက် မေးလိုက်၏။ "ဘာကိစ္စလဲ”
"ငါ... တောင်ပိုင်းအက်ကွဲတောင်မှာ ရှုံးလာတယ်" ကျန်းဟယ်က အနည်းငယ် ဒေါသတကြီးဖြင့် ပြောလိုက်သည်။
ထိုစကားကို ကြားသောအခါ လီချွင်းသည် အံ့အားသင့်စွာ ရေရွတ်လိုက်၏။ "မင်း တကယ်ကြီး ရှုံးလာတာလား”
"ကံကောင်းလို့ မျှော်နန်းသခင်လုက ဝင်ပါပြီး ပြိုင်ဘက်တွေကို အနိုင်ယူပေးသွားတာ။ မဟုတ်ရင် ငါ့ရဲ့ တပ်မှူးနေရာက ကြာလှပြီ ပျောက်နေလောက်ပြီ" ကျန်းဟယ်က သက်ပြင်းချလျက် ပြောလိုက်သည်။
လီချွင်းက ခေါင်းညိတ်ကာ ပြောလိုက်၏။ "ငါ နားလည်ပြီ။ ဒါဆိုရင် ဒီတစ်ခါက မိုးပြာဧကရာဇ်ပေါ့”
"ဘယ်သူဖြစ်နိုင်ဦးမှာလဲ" ကျန်းဟယ်က လှောင်ပြောင်လိုက်သည်။ "သူက ငါ့ကို အနိုင်ကျင့်ရ လွယ်တယ်လို့ တကယ်ကြီး ထင်နေတာလား”
"မျှော်နန်းသခင်လုဆီမှာ အကြံဉာဏ် သွားတောင်းဖို့ ငါ အကြံပေးချင်တယ်။ သူက လျှို့ဝှက်ဆန်းကြယ်ပြီးတော့ ကြိုတင် ခန့်မှန်းလို့ မရနိုင်တဲ့သူပဲ။ တကယ်လို့ သူက အနီရောင်ဧကရာဇ်ရဲ့ လူတွေကို အနိုင်ယူနိုင်တယ်ဆိုရင်... မိုးပြာဧကရာဇ်ရဲ့ လူတွေကို အနိုင်ယူဖို့အတွက်လည်း သူ့ဆီမှာ နည်းလမ်း ရှိနေမှာ သေချာတယ်" လီချွင်းက ပြောလိုက်၏။
"မင်းပြောတာ အဓိပ္ပာယ်ရှိတယ်”
ထို့နောက် သူတို့ နှစ်ဦးသည် မိစ္ဆာဝေဟင်မျှော်နန်းမှ လူများ နေထိုင်ရာ နေရာဆီသို့ လျှောက်သွားကြတော့သည်။ မကြာမီပင် သူတို့သည် လုကျိုး၏ ခြံဝင်းအတွင်းသို့ ရောက်ရှိလာကြသည်။
တိုက်ဆိုင်စွာပင် မိစ္ဆာဝေဟင်မျှော်နန်းမှ အခြားသူအချို့လည်း ထိုနေရာ၌ ရှိနေကြပေသည်။
"ဘာကိစ္စလဲ" လုကျိုးက မေးလိုက်၏။
လီချွင်းက ပြုံးကာ လုကျိုးကို အရာအားလုံး ပြောပြလိုက်သည်။ ထို့နောက် သူက ပြောလိုက်၏။
"ဒီကိစ္စက ရွှမ်းယီခန်းမရဲ့ ဂုဏ်သိက္ခာနဲ့ တပ်မှူးနေရာအတွက် သက်ဆိုင်နေတယ်။ အစ်ကိုလု ကျွန်တော်တို့ကို အကြံဉာဏ်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်”
"မိုးပြာဧကရာဇ်ရဲ့ လူတွေ လာနေကြတာလား" လုကျိုးက မေးလိုက်သည်။
"စိန်ခေါ်စာကို ပို့လာပြီ။ သူတို့က နောက်ထပ် ရက်အနည်းငယ်ဆိုရင် ရောက်လာလောက်တယ်"
လီချွင်းက ပြောလိုက်၏။ "ကျွန်တော်တို့မှာ အချိန် သိပ်မရှိတော့ဘူး။ ပြိုင်ဘက်တွေကို အနိုင်ယူဖို့အတွက် အမှားအယွင်းမရှိနိုင်တဲ့ အစီအစဉ် တစ်ခုကို စဉ်းစားရမယ်”
…