← Chapters

အခန်း ၁၆၁၂

Vol. 108 Ch. 1612

အခန်း ၁၆၁၂

Vol. 108 Ch. 1612

အခန်း (၁၆၁၂) ဓားမော့နှင့် ဓား ပညာရှင်များ

မိစ္ဆာဝေဟင်မျှော်နန်းမှ လူများသည် မိုးပြာဧကရာဇ်၏ လူများ ရောက်ရှိလာမည်ကို ကြားသောအခါ ချက်ချင်းပင် သဘောပေါက် နားလည်သွားကြတော့သည်။

ဘေးဘက်မှ ယန်ကျန်းလော့က ပြောလိုက်၏။ “တကယ်တော့ ဒါက အရမ်းကို လွယ်ကူပါတယ်”

“လွယ်ကူတယ် ဟုတ်လား” ကျန်းဟယ်က နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။

“အရှုံးပေးလိုက်ရုံပဲလေ”

“…”

ကျန်းဟယ်က ဆန္ဒမပါစွာဖြင့် ပြောလိုက်၏။ “ငါ... ကျန်းဟယ်က အသန်မာဆုံး မဟုတ်ဘူးဆိုပေမဲ့ ဒီလောက်အထိတော့ သတ္တိမကြောင်ပါဘူး။ ဒါက ရွှမ်းယီခန်းမရဲ့ ဂုဏ်သိက္ခာနဲ့ နာမည်ဂုဏ်သတင်းအတွက် သက်ဆိုင်နေတယ်။ ဘာပဲဖြစ်ဖြစ် ငါ ဒီအတိုင်း အရှုံးမပေးနိုင်ဘူး”

ယန်ကျန်းလော့က ပြောလိုက်၏။ “ငါက မင်းရဲ့ ကောင်းကျိုးအတွက် ပြောနေတာပါ။ အဲဒီနှစ်ယောက်က သေချာပေါက် သိုင်းပညာရှင်တွေပဲ”

ကျန်းဟယ်က သိချင်စိတ်ဖြင့် မေးလိုက်သည်။ “မင်း သူတို့ကို အရင်က မြင်ဖူးလို့လား”

ယန်ကျန်းလော့သည် အလိုအလျောက်ပင် ခေါင်းခါယမ်းလိုက်၏။ “မမြင်ဖူးပါဘူး”

မိစ္ဆာဝေဟင်မျှော်နန်းမှ လူတိုင်းသည်လည်း ဘာမျှမသိသကဲ့သို့ ဟန်ဆောင်ကာ ခေါင်းခါယမ်းလိုက်ကြသည်။

“ဒါဆိုရင် သူတို့က သိုင်းပညာရှင်တွေဆိုတာ မင်း ဘယ်လိုသိလဲ” ကျန်းဟယ်က သိချင်စိတ်ဖြင့် မေးလိုက်သည်။

ယန်ကျန်းလော့က ပြောလိုက်၏။

“ဒါကို မေးနေစရာ လိုသေးလို့လား။ မဟာလေဟာနယ် မျိုးစေ့တွေကို ပိုင်ဆိုင်ထားနိုင်တာကို ကြည့်ရင် သူတို့က သာမန်မဟုတ်ဘူးဆိုတာ သေချာတယ်။ သူတို့အတွက် တစ်ရက် ကျင့်ကြံတယ်ဆိုတာက ငါတို့အတွက် ဆယ်နှစ် ကျင့်ကြံရတာနဲ့ တူတူပဲ။ ငါတို့က ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ။ ဒါ့အပြင် မိုးပြာဧကရာဇ်ရဲ့ မျက်စိကျတာကို ခံရတဲ့သူတွေကလည်း သေချာပေါက် ထူးချွန်တဲ့သူတွေပဲ ဖြစ်ရမယ်။ အဲဒါအပြင် မိုးပြာဧကရာဇ်က အတွေ့အကြုံ ကြွယ်ဝပြီး ကျင့်ကြံခြင်းနဲ့ ပတ်သက်တဲ့ သူ့ရဲ့ နားလည်သဘောပေါက်မှုက ငါတို့ထက် အများကြီး သာလွန်တယ်။ တကယ်လို့ သူသာ ယုံကြည်မှု မရှိဘူးဆိုရင် သူ့ရဲ့ ဂုဏ်သိက္ခာကို လာအရှက်ခွဲခံဖို့အတွက် လူတွေကို ဒီကို စေလွှတ်ပါ့မလား”

မိစ္ဆာဝေဟင်မျှော်နန်းမှ လူတိုင်းက ခေါင်းညိတ်လိုက်ကြသည်။ ထိုကောက်နုတ်ချက်မှာ အပြစ်ဆိုဖွယ်ရာ မရှိပေ။ လူတိုင်းက ယန်ကျန်းလော့ကို လက်မထောင်ပြလိုက်ကြ၏။

ကျန်းဟယ်ကလည်း သဘောတူသော်ငြား သူက ဆက်ပြောလိုက်သည်။ “ဒါကြောင့်မို့လို့ ငါ မျှော်နန်းသခင်လုကို လာရှာတာပေါ့”

လုကျိုးက ပြောလိုက်၏။ “ဒီကိစ္စနဲ့ ပတ်သက်ပြီး မင်းကို ငါ ကူညီနိုင်မယ် မထင်ဘူး”

“ဗျာ”

“ဒါက တပ်မှူးနေရာအတွက် တိုက်ခိုက်မဲ့ကိစ္စလေ။ တကယ်လို့ ငါသာ ဝင်ပါလိုက်ရင် မဟာလေဟာနယ်ရဲ့ စည်းမျဉ်းတွေကို ချိုးဖောက်သလို ဖြစ်မသွားဘူးလား။ မင်းက တောင်ပိုင်းအက်ကွဲတောင်မှာ တစ်ခါ ရှုံးထားပြီးပြီ။ တကယ်လို့ ငါက ရွှမ်းယီခန်းမကို ထပ်ပြီး ကူညီလိုက်မယ်ဆိုရင် နောက်ထပ် လာမဲ့ စိန်ခေါ်မှုတွေအတွက်ကျတော့ ဘယ်လိုလုပ်မလဲ” လုကျိုးက မေးခွန်းထုတ်လိုက်သည်။

“…”

လုကျိုးက လေးနက်စွာ မေးလိုက်၏။

“ယောက်ျားတစ်ယောက်က လုပ်သင့်လုပ်ထိုက်တာကို လုပ်ရမယ်။ မင်းက တပ်မှူးနေရာကို အဲဒီလောက်တောင် ဂရုစိုက်နေတာလား”

ကျန်းဟယ်က ပြန်ဖြေလိုက်သည်။

“အဲဒီလို မဟုတ်ရပါဘူး။ ဒါ့အပြင် တပ်မှူးတစ်ယောက် ဖြစ်ရတဲ့ ဖိအားတွေကလည်း တဖြည်းဖြည်း များလာတယ်။ တကယ်လို့များ စွမ်းဆောင်နိုင်ရည်ရှိပြီး ဆန္ဒရှိတဲ့သူသာ ရှိမယ်ဆိုရင် ကျွန်တော် ကျန်းဟယ်က ဒီနေရာကို ဝမ်းသာအားရနဲ့ စွန့်လွှတ်မှာပါ”

လုကျိုးက ပြောလိုက်၏။

“ဒါဆိုရင်လည်း မင်းရဲ့ စိတ်နေသဘောထားကို ပြင်ဆင်ပြီး အဲဒီနှစ်ယောက်နဲ့ ကောင်းကောင်းမွန်မွန် ယှဉ်ပြိုင်တိုက်ခိုက်လိုက်ပါ။ မင်း ရှုံးသွားရင်တောင်မှ အဲဒါက ရှက်စရာ မဟုတ်ပါဘူး”

ကျန်းဟယ် နားလည်သွားခဲ့ပြီ ဖြစ်သည်။ တကယ်လို့ သူသည် ကောက်ကျစ်သော နည်းလမ်းများကို အသုံးပြုမည်ဆိုလျှင် အနိုင်ရခဲ့လျှင်တောင်မှ ၎င်းမှာ ရှက်ဖွယ်ကောင်းပေလိမ့်မည်။ နောင်တစ်ချိန်တွင် ၎င်းသည် ရွှမ်းယီခန်းမအတွက် ဖျောက်ဖျက်၍မရနိုင်သော အမည်းစက်တစ်ခု ဖြစ်လာပေလိမ့်မည်။

‘တရားမျှတတဲ့ တိုက်ပွဲတစ်ခု။ ငါရှုံးရင်လည်း ရှုံးပါစေတော့...’ ကျန်းဟယ်က သူ၏ စိတ်ထဲတွင် တွေးလိုက်၏။ သူသည် လမ်းမှားပေါ်သို့ ရောက်လုနီးပါး ဖြစ်သွားခဲ့ကြောင်း သတိပြုမိလိုက်ပြီး သူ သတိပြန်ဝင်လာသောအခါ လုကျိုးကို ချက်ချင်းပင် အရိုအသေပေးလိုက်ကာ ပြောလိုက်သည်။

“ကျေးဇူးတင်ပါတယ် မျှော်နန်းသခင်”

လုကျိုးက ခေါင်းညိတ်လိုက်၏။

ကျန်းဟယ်သည် လှည့်ထွက်သွားတော့သည်။

လုလီက စိတ်ဝင်တစားဖြင့် ပြောလိုက်သည်။

“ဒီလူက ပြောင်းလဲသွားပုံရတယ်။ အရင်တုန်းက သူက တော်တော်လေး အမြင်ကပ်စရာကောင်းတယ်လို့ ထင်ခဲ့တာ”

“မဟာလေဟာနယ်ထဲမှာ ဒီလို ရိုးရှင်းပြီး ဖြောင့်မတ်တဲ့သူမျိုးကို တွေ့ရတာ အရမ်းကို ရှားတယ်”

“ဒါပေမဲ့... မျှော်နန်းသခင်က သူ့ကို အရိုက်ခံဖို့ လွှတ်လိုက်တာက... တကယ်ပဲ သင့်တော်ရဲ့လား”

“မင်းက ဘာသိလို့လဲ။ မျှော်နန်းသခင်က ဒီအခွင့်အရေးကို အသုံးချပြီး ပထမသခင်လေးနဲ့ ဒုတိယသခင်လေးတို့ရဲ့ စွမ်းရည်တွေကို ကြည့်ချင်လို့လေ။ တကယ်လို့များ... သူတို့တွေက လွန်ခဲ့တဲ့ နှစ် ၁၀၀ အတွင်းမှာ တိုးတက်မလာခဲ့ဘူးဆိုရင်ရော”

“…”

လုကျိုးသည် သူတို့ကို တစ်ချက် လှည့်ကြည့်လိုက်သောအခါ သူတို့ ချက်ချင်းပင် တိတ်ဆိတ်သွားကြတော့၏။

“ဘယ်သူမှ ကိုယ်ပိုင် အထောက်အထားတွေကို မဖော်ပြရဘူး” လုကျိုးက သူ၏ လက်ကို နောက်ပစ်ကာ မထွက်ခွာမီ ပြောလိုက်သည်။

“ဂါရဝပြုပါတယ် မျှော်နန်းသခင်”

…

နောက်တစ်နေ့တွင် ဖြစ်သည်။

ရွှမ်းယီခန်းမ၏ အရှေ့တောင်ဘက်တွင် အစိမ်းရောင် ရထာလုံးပျံတစ်ခု ပေါ်ထွက်လာခဲ့သည်။ မကြာမီမှာပင် ၎င်းသည် ရွှမ်းယီခန်းမ၏ အထက်သို့ ရောက်ရှိလာ၏။

ရွှမ်းယီခန်းမမှ သံတမန်သည် စောစောကတည်းက စောင့်ဆိုင်းနေခဲ့သည်။

“ကြိုဆိုပါတယ် မိုးပြာဧကရာဇ်”

ရထာလုံးပျံပေါ်၌ ဖြစ်၏။

ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့သည် ယှဉ်တွဲလျက် ရပ်နေကြသည်။ ရွှမ်းယီခန်းမ၏ သာယာလှပသော ရှုခင်းများ ရှိနေသော်ငြားလည်း ဤကျင့်ကြံခြင်း အရူး နှစ်ဦးကတော့ အနည်းငယ်မျှပင် စိတ်ဝင်စားခြင်း မရှိကြပေ။

ထိုအချိန်တွင် ရထာလုံးပျံပေါ်မှ အသံတစ်ခု ထွက်ပေါ်လာခဲ့၏။ “လမ်းပြပေးပါ”

“အားလုံးပဲ ကျွန်တော့်ကို ခဏစောင့်ပေးပါ။ အရှင်မင်းကြီးက ပင်မခန်းမဆောင်ကြီးထဲမှာ ခင်ဗျားတို့ကို စောင့်နေပါတယ်”

သံတမန်၏ လမ်းပြမှုဖြင့် ရထာလုံးပျံသည် ပင်မခန်းမဆောင်ကြီး၏ အနောက်ဘက်သို့ ပျံသန်းသွားခဲ့သည်။

အစိမ်းရောင် ပိုးသားဝတ်ရုံကို ဝတ်ဆင်ထားသော မိုးပြာဧကရာဇ် လျှောက်ထွက်လာခဲ့၏။

ထိုအခိုက်အတန့်တွင် ရွှမ်းယီသည် သူ၏ အသံကို ပို့လွှတ်လိုက်သည်။

“လင်းဝေ့ယန်... မင်းက ဒီအထိကို လာခဲ့တာပဲ။ အထွတ်အမြတ်ခန်းမက ဒါကို သဘောတူလို့လား”

မိုးပြာဧကရာဇ်က ပြန်ဖြေလိုက်၏။ “သူတို့ သဘောမတူရင်တောင်မှ သဘောတူရမှာပဲ။ မဟုတ်ရင် ငါက ဘယ်လိုလုပ် လာနိုင်ပါ့မလဲ”

မိုးပြာဧကရာဇ်သည် လျှပ်တစ်ပြက် ရွေ့လျားသွားပြီး ပင်မခန်းမဆောင်ကြီး၏ အရှေ့သို့ ရောက်ရှိသွားတော့သည်။

ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့သည်လည်း လျှပ်တစ်ပြက် ရွေ့လျားသွားကြပြီး မိုးပြာဧကရာဇ်၏ အနောက်တွင် ဆင်းသက်လိုက်ကြသည်။ တစ်ယောက်က ဓားမော့ကို ကိုင်ဆောင်ထားပြီး နောက်တစ်ယောက်က ဓားကို ကိုင်ဆောင်ထားပေသည်။

ရွှမ်းယီက ပြုံးလျက် မေးလိုက်၏။ “ဒါက မဟာလေဟာနယ် မျိုးစေ့ကို ပိုင်ဆိုင်ထားတဲ့ လူနှစ်ယောက်လား”

မိုးပြာဧကရာဇ်က ခေါင်းညိတ်လိုက်ပြီးနောက် မေးလိုက်သည်။ “သူတို့ နှစ်ယောက်ထဲက ဘယ်သူက ရွှမ်းယီခန်းမရဲ့ တပ်မှူးဖြစ်လာမယ်လို့ မင်း ထင်လဲ”

ရွှမ်းယီသည် ထိုနှစ်ဦးကို တစ်ချက် ကြည့်လိုက်ပြီးနောက် ပြုံးလျက် ပြန်ဖြေလိုက်၏။

“ငါတို့ ကျန်းဟယ်ကိုပဲ မေးကြည့်ရမှာပေါ့”

ထိုအချိန်တွင် ပင်မခန်းမဆောင်ကြီးထဲမှ ကုလားထိုင် နှစ်လုံး ပျံသန်းထွက်ပေါ်လာခဲ့သည်။ တစ်လုံးက ရွှမ်းယီ၏ အနောက်ဘက်တွင် ကျဆင်းသွားပြီး နောက်တစ်လုံးက မိုးပြာဧကရာဇ်၏ အနောက်ဘက်တွင် ကျဆင်းသွား၏။

ကျန်းဟယ်သည် အဝေးမှ ပျံသန်းလာခဲ့ပြီး အသံနိမ့်နိမ့်ဖြင့် ပြောလိုက်သည်။

“ကျန်းဟယ်က မိုးပြာဧကရာဇ်ကို ဂါရဝပြုပါတယ်”

မိုးပြာဧကရာဇ်သည် ကျန်းဟယ်ကို ကြည့်ကာ မေးလိုက်၏။ “မင်းက ကျန်းဟယ်လား”

“ဟုတ်ပါတယ်”

မိုးပြာဧကရာဇ်က ဆိုလိုက်သည်။ “အရမ်းကောင်းတယ်။ ဒီနှစ်ယောက်ထဲကနေ ကြိုက်ရာကို မင်း ရွေးချယ်လို့ ရတယ်”

မိုးပြာဧကရာဇ်သည် စကားကို လှည့်ပတ်ပြောဆိုခြင်းကို မနှစ်သက်ဘဲ သူ လုပ်သမျှ အရာတိုင်းတွင် ပွင့်လင်းဖြောင့်မတ်သူ ဖြစ်ပေသည်။

ကျန်းဟယ်သည်လည်း အချိန်မဖြုန်းလိုပေ။ သူသည် ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့ကို ကြည့်လိုက်၏။ ထိုလူနှစ်ဦး၏ အငွေ့အသက်များမှာ ထူးခြားလှပေသည်။ တောင်ပိုင်းအက်ကွဲတောင်တွင် သူ တွေ့ခဲ့ရသော လူနှစ်ဦးနှင့် မတူညီပေ။ နောက်ဆုံးတွင် သူသည် ယွီကျန့်ဟိုင်ကို လက်ညှိုးထိုးကာ ပြောလိုက်သည်။

“သူ့ကို ရွေးတယ်”

မမျှော်လင့်ဘဲ ယွီရှန်းရုန်က ခေါင်းညိတ်ကာ ပြောလိုက်၏။ “မဆိုးဘူးပဲ။ မင်းက အမြင်ကျယ်တယ်။ ခက်ခဲတဲ့ ပြိုင်ဘက်ကို မရင်ဆိုင်ရခင် လွယ်ကူတဲ့ ပြိုင်ဘက်ကို အရင်ဆုံး ရွေးချယ်တာက အကောင်းဆုံးပဲလေ။ တကယ်ပဲ မင်း ရွေးချယ်တာ မှန်ကန်သွားခဲ့တယ်”

ယွီကျန့်ဟိုင် မျက်မှောင်ကြုတ်သွားပြီး ပြောလိုက်သည်။

“အဲဒါက မှားယွင်းတဲ့ ရွေးချယ်မှု ဖြစ်ရုံသာမကဘဲ... အရမ်းကို မိုက်မဲတဲ့ ရွေးချယ်မှုဆိုတာကို ငါ သူ့ကို ပြသပေးမယ်”

“???”

ယွီကျန့်ဟိုင်သည် ပင်မခန်းမဆောင်ကြီး အရှေ့ရှိ ဧရာမ ရင်ပြင်ကျယ်ကြီးဆီသို့ ကြယ်ပျံတစ်စင်းကဲ့သို့ ပျံသန်းသွားခဲ့ပြီး ကျန်းဟယ်သည်လည်း သူ့ကို ရင်ဆိုင်ရန် ပြေးထွက်သွားတော့သည်။

…

တစ်ချိန်တည်းမှာပင် လုကျိုးသည် ပင်မခန်းမဆောင်ကြီး၏ ထောင့်တစ်နေရာ၌ ပေါ်လာခဲ့ပြီး ရင်ပြင်ကို လှမ်းကြည့်နေခဲ့သည်။

ဘေးဘက်၌ ရပ်နေသော လီချွင်းက ပြုံးလျက် ပြောလိုက်၏။ “အစ်ကိုလုရဲ့ အကြံဉာဏ်နဲ့ဆိုတော့ ကျန်းဟယ် အဆင်ပြေလောက်ပါတယ်”

လုကျိုးက ပြောလိုက်သည်။

“ဘယ်သူနိုင်ပြီး ဘယ်သူရှုံးမလဲဆိုတာ မသေချာသေးပါဘူး” သူသည် ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့၏ ကျင့်ကြံမှု မည်မျှ တိုးတက်လာသည်ကို မြင်တွေ့လိုပေသည်။

…

ရွှစ်

ယွီကျန့်ဟိုင်၏ ခါးရှိ နဂါးသွဲ့ကျောက်ဓားမော့သည် လေထဲသို့ ပျံသန်းသွားခဲ့သည်။ သူသည် မဟာလျှို့ဝှက်ဆန်းကြယ် ကောင်းကင်လက်ဝါးကို အသုံးပြုလိုက်ရာ မဟူရာကောင်းကင်ကြယ်အလင်းသည် ကျန်းဟယ်ထံသို့ ဝင်ရောက်သွားတော့၏။

မဟူရာကောင်းကင်ကြယ်အလင်းသည် ယွီကျန့်ဟိုင်၏ နာမည်ကြီး တိုက်ကွက် ဖြစ်ပေသည်။

လေဟာနယ်မှာ ဆက်လက်လှိုင်းထကာ တွန့်လိမ်သွားခဲ့၏။

တိုက်ခိုက်မှုများက ပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးမှု မရှိစေရန်အတွက် အကာအကွယ်တစ်ခု လျှပ်တစ်ပြက် ပေါ်ထွက်လာခဲ့သည်။

ဘုန်း ဘုန်း ဘုန်း ဘုန်း ဘုန်း

ကျန်းဟယ်၏ လက်များသည် ဓားများကဲ့သို့ မဟူရာကောင်းကင်ကြယ်အလင်းကို ခုတ်ပိုင်းချလိုက်ကြသည်။

“အချုပ်အခြာသက်ဆင်းခြင်း”

ယွီကျန့်ဟိုင်သည် အစကတည်းက သူ၏ အပြင်းထန်ဆုံး တိုက်ကွက်ဖြင့် စတင်ခဲ့ခြင်း ဖြစ်ရာ ရှောင်တိမ်းရန် နေရာ မရှိတော့ပေ။

ကောင်းကင်မှ ကျဆင်းလာသော စွမ်းအင်ဓားမော့များသည် ရေလွှမ်းမိုးမှုကြီး တစ်ခုကဲ့သို့ ဖြစ်နေ၏။

ကျန်းဟယ်သည် သူ တစ်သက်လုံး နားလည်သဘောပေါက်ရန် အချိန်ယူခဲ့ရသော တာအိုစွမ်းအားများအားလုံးကို အသုံးပြုကာ အစွမ်းကုန် ခုခံလိုက်သည်။

“အရမ်း အစွမ်းထက်တာပဲ”

ဘုန်း ဘုန်း ဘုန်း ဘုန်း ဘုန်း

ကျန်းဟယ်မှာ ပြင်းထန်သော ဖိအားကြောင့် အသက်ရှူရန်ပင် အချိန်မရှိတော့ပေ။ မကြာမီမှာပင် သူ၏ မျက်နှာမှာ နီရဲလာတော့၏။ သူသည် ရွေးချယ်မှု မှားယွင်းသွားခဲ့ပြီဖြစ်ကြောင်း ရုတ်တရက် သဘောပေါက်သွားခဲ့သည်။ ‘ဘာဖြစ်လို့ ဒီလူက ဒီလောက်တောင် ကြမ်းကြုတ်ပြီး အာဏာရှင်ဆန်ရတာလဲ။ သူက အဲဒီ လှံကိုင်တဲ့လူထက်တောင် ပိုပြီး အာဏာရှင်ဆန်နေသေးတယ်’

စွမ်းအင်ဓားမော့များသည် ကြိုတင်ခန့်မှန်း၍ မရနိုင်ဘဲ ၎င်းတို့ တစ်ခုစီတိုင်းတွင် တာအို၏ စွမ်းအားများ ပါဝင်နေပေသည်။

ရွှမ်းယီ၏ မျက်နှာအမူအရာမှာ တည်ကြည်သွားပြီး ပြောလိုက်၏။

“ဒီလူက ရွှမ်းယီ မဟာအရံအတားကြီးကိုတောင် လှုပ်ခါသွားအောင် လုပ်နိုင်တာလား”

ဘေးကင်းစေရန်အတွက် ရွှမ်းယီသည် အရံအတားကို မြှင့်တင်ရန် သူ၏ လက်ကို အောက်သို့ ဖိချလိုက်သည်။

လှိုင်းလုံးများကဲ့သို့ ရိုက်ခတ်လာသော စွမ်းအားများသည် ပတ်ဝန်းကျင်ကို ကာကွယ်ရန်အတွက် ရွှမ်းယီသည် မဟာအရံအတားကြီးကို အလျင်အမြန်ပင် အားဖြည့်ပေးလိုက်တော့၏။

မိုးပြာဧကရာဇ်က ရယ်မောလိုက်သည်။ “မင်း အဲဒီလောက်တောင် စိုးရိမ်နေတာလား”

“ငါ သူ့ကို အထင်သေးမိသွားတာ” ရွှမ်းယီက ပြောလိုက်၏။

မိုးပြာဧကရာဇ်က ပြုံးစစဖြင့် ပြောလိုက်သည်။ “ဒီနှစ်တွေထဲမှာ သူတို့အတွက် ငါ အားထုတ်မှု တော်တော်များများကို သုံးခဲ့ရတယ်လေ။ လက်ရှိအချိန်အထိ သူက သူ့ရဲ့ စွမ်းအား ၃၀% ကိုပဲ သုံးရသေးတာ”

ထိုစကားများကို ကြားလိုက်ရသော ကျန်းဟယ်မှာ အလွန်အမင်း တုန်လှုပ်သွားပြီး သူ၏ နှလုံးသားမှာ ကြုံ့ဝင်သွားတော့၏။ ‘၃၀% တည်း ဟုတ်လား။’

ဘုန်း

ဤတိုတောင်းလှသော အာရုံလွင့်ပါးသွားသည့် အခိုက်အတန့်အတွင်းတွင်ပင် စွမ်းအင်ဓားမော့ အများအပြားက ကျန်းဟယ်ကို လွင့်ထွက်သွားစေခဲ့သည်။ သူသည် လေထဲတွင် လည်ထွက်သွားပြီး ရပ်နိုင်ရန်အတွက် မနည်း ပြန်လည် ထိန်းကျောင်းလိုက်ရ၏။

ယွီကျန့်ဟိုင်က ပြုံးလျက် ပြောလိုက်သည်။ “ဆက်လုပ်မယ်”

ဘုန်း

ယွီကျန့်ဟိုင်သည် နဂါးသွဲ့ကျောက်ဓားမော့ကို လက်နှစ်ဖက်ဖြင့် ကိုင်ဆောင်ထားကာ ရှေ့သို့ တိုးလာခဲ့သည်။ သူသည် ကျန်းဟယ်ကို အဆက်မပြတ် ခုတ်ပိုင်းချလိုက်တော့၏။

ဘုန်း ဘုန်း ဘုန်း ဘုန်း ဘုန်း

ကျန်းဟယ်မှာ ခုခံရုံသာ တတ်နိုင်တော့သည်။ စွမ်းအင်ဓားမော့များက သူ့ကို ဖိချထားပြီး ဆုတ်ခွာစေကာ အနေရခက်စေခဲ့၏။

မြေပြင်မှ အက်ကွဲသံများ ထွက်ပေါ်လာသောအခါ ရွှမ်းယီသည် အရံအတားကို ထပ်မံ အားဖြည့်ရန်အတွက် မြေပြင်ကို သူ၏ လက်ဖြင့် ချက်ချင်း ရိုက်ချလိုက်တော့သည်။

ယွီကျန့်ဟိုင်က အော်ဟစ်လိုက်၏။ “ရေနဂါးတေး”

ကြောက်မက်ဖွယ်ကောင်းသော တာအိုစွမ်းအားများ ပါဝင်နေသည့် ဓားမော့ အစီအရီကို ဖန်တီးကာ စွမ်းအင်ဓားမော့ အမြောက်အမြား ပေါ်ထွက်လာခဲ့သည်။ ၎င်းသည် မျက်တောင်တစ်ခတ်အတွင်းမှာပင် ကျန်းဟယ်ထံသို့ ရိုက်ခတ်သွားတော့၏။

ဘုန်း ဘုန်း ဘုန်း ဘုန်း ဘုန်း

ကျန်းဟယ်သည် ဆက်လက် မခုခံနိုင်တော့ပေ။ ပြိုင်ဘက်၏ တာအိုစွမ်းအားမှာ သူ့ထက် အနည်းငယ် ပိုမို အားကောင်းနေပုံရ၏။ တာအိုစွမ်းအားကို ခုခံရန် သူ၏ နည်းစနစ်များကို အသုံးပြုရန်မှာ ခက်ခဲလှပေသည်။ ဝင်လာသော တိုက်ခိုက်မှုနှင့် သူ၏လက် ထိသွားသည့် အခိုက်အတန့်တွင် သူသည် ထပ်မံ လွင့်ထွက်သွားခဲ့ရပြန်သည်။ သူသည် အမြန်လှည့်လျက် မြေပြင်ပေါ်သို့ ဆင်းသက်လိုက်၏။ သူ ရှုံးနိမ့်သွားလျှင်တောင်မှ ရွှမ်းယီခန်းမကို အရှက်မခွဲနိုင်ပေ။ ၎င်းမှာ သူ၏ ယုံကြည်ချက်ပင် ဖြစ်ပေသည်။ သူသည် ခါးကို မတ်မတ်ထားကာ ရပ်နေခဲ့၏။ သူ၏ လက်မောင်းများနှင့် ခြေထောက်များမှာ ထုံကျင်နေခဲ့ပြီ ဖြစ်သည်။

…

ခန်းမဆောင်၏ ဘေးဘက်၌ ဖြစ်၏။

လီချွင်းသည် အံ့အားသင့်စွာ ရေရွတ်လိုက်သည်။ “ဒီလူက အရမ်းကို ကြမ်းတမ်းလွန်းတယ်”

လုကျိုးက ပြောလိုက်၏။ “ကျန်းဟယ်က တိုက်ကွက် အများကြီးကို ခုခံနိုင်ခဲ့တာတောင်မှ မလွယ်ကူလှဘူး” တိုက်ပွဲကို စောင့်ကြည့်ပြီးနောက်တွင် ယွီကျန့်ဟိုင်၏ စွမ်းအားကို အခြေခံအားဖြင့် သူ နားလည်သွားခဲ့ပြီ ဖြစ်သည်။ တကယ်လို့ ယွီကျန့်ဟိုင်၌သာ လျှို့ဝှက်တိုက်ကွက်များ မရှိလျှင် သူ၏ စွမ်းအားသည် မဟာတာအိုသူတော်စင် တစ်ဦးနှင့် ဖြစ်ရန် နီးစပ်နေလောက်ပြီဖြစ်သည်။

‘နှစ် ၁၀၀ အကြာမှာ သူက ဒီလောက်တောင် တိုးတက်လာခဲ့တာပဲ...’

လီချွင်းသည် သဘာဝမကျသော မျက်နှာအမူအရာဖြင့် ပြောလိုက်၏။ “ဒီ လူသစ်တွေ အားလုံးက အရမ်းကို... ပုံမှန်မဟုတ်ကြဘူး။ နောင်ကျရင် တခြားလူတွေ ရှင်သန်ဖို့အတွက် တော်တော်လေး ခက်ခဲတော့မှာပဲ”

…

မိုးပြာဧကရာဇ်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။ သူသည် ကျေနပ်အားရမှုများဖြင့် ပြည့်နှက်နေသည်မှာ သိသာနေ၏။ “မဆိုးပါဘူး”

ယွီကျန့်ဟိုင်သည် ကျန်းဟယ်ကို လက်နှစ်ဖက်ဆုပ်ကာ အရိုအသေပေးလိုက်ပြီး ပြောလိုက်၏။

“ကျေးဇူးတင်ပါတယ်”

ထို့နောက် ယွီကျန့်ဟိုင်သည် သဘာဝကျစွာပင် ဘေးဘက်သို့ ဆုတ်ခွာသွားတော့သည်။

ထိုအခိုက်အတန့်တွင် ယွီရှန်းရုန်က ပြောလိုက်၏။ “နောက်တစ်ကျော့ကို ကျော်လိုက်ကြရအောင်”

ကျန်းဟယ်က ဇဝေဇဝါဖြင့် မေးလိုက်သည်။ “ဘာဖြစ်လို့လဲ”

“မင်းက ငါ့အတွက် ပြိုင်ဘက် မဟုတ်ဘူးလေ။ တကယ်လို့ မင်း ငါနဲ့ တိုက်ခိုက်မယ်ဆိုရင် မင်းကိုယ်မင်း အရှက်ခွဲမိရုံပဲ ရှိလိမ့်မယ်။ ပါးနပ်တဲ့သူက ဘယ်အချိန် ဆုတ်ခွာရမလဲဆိုတာ သိတယ်” ယွီရှန်းရုန်က ပြန်ဖြေလိုက်၏။

“…”

‘ဒါက အကြံပေးတဲ့ စကားလား။ ဘာလို့ စော်ကားတဲ့စကားနဲ့ ပိုတူနေရတာလဲ’

ကျန်းဟယ်က ရှင်းလင်းပြတ်သားသော အသံဖြင့် ပြောလိုက်သည်။ “ယောက်ျားတစ်ယောက် အနေနဲ့ ခဏတာ အရှုံးအနိုင်တွေကို ငါ ဂရုမစိုက်သင့်ဘူး။ ငါက အားနည်းနေမှန်း သိနေရင်တောင်မှ နောက်ဆုတ်လို့ မရဘူး”

“မင်း တကယ် တိုက်ခိုက်ချင်တာလား” ယွီရှန်းရုန်က မေးလိုက်၏။

ကျန်းဟယ်၏ မျက်လုံးများက မီးတောက်များကဲ့သို့ တောက်လောင်နေကာ ပြောလိုက်သည်။ “ငါ မကြိုးစားကြည့်ရင် ငါ့ရဲ့ လိုအပ်ချက်တွေကို ဘယ်လိုလုပ် သိနိုင်မှာလဲ”

ယွီရှန်းရုန်သည် မျက်နှာသေဖြင့် ခေါင်းညိတ်လိုက်ပြီး ပြောလိုက်၏။

“မင်းရဲ့ သတ္တိကို ငါ လေးစားပါတယ်။ ငါ့ရဲ့ ဓားက မင်းကို ကျေနပ်စေလိမ့်မယ်လို့ မျှော်လင့်ပါတယ်” ထို့နောက် သူက ထပ်ပြောလိုက်သည်။

“မင်း ပြန်လည် နာလန်ထူဖို့ အချိန်လိုတယ်။ မင်းကို ငါ စောင့်နေပါ့မယ်”

ထိုသို့ ပြောပြီးနောက် ယွီရှန်းရုန်သည် သူ၏ ခြေဖျားများကို ညင်သာစွာ ထောက်လိုက်ပြီး ကျန်းဟယ်၏ တစ်ဖက်သို့ ပျံသန်းသွားကာ ရပ်လိုက်သည်။ ထို့နောက် သူသည် သက်တော်ရှည်ဓားကို တည်ငြိမ်စွာ ကိုင်ဆောင်ထားလိုက်၏။ အကယ်၍ သေချာ ကြည့်မည်ဆိုလျှင် သူ၏ ခြေထောက်များသည် မြေပြင်နှင့် ထိမနေကြောင်း တွေ့ရပေမည်။ ၎င်းက သူ၏ အင်မတန် တိကျသော ထိန်းချုပ်နိုင်စွမ်းကို ပြသနေခြင်းပင် ဖြစ်သည်။

ယွီကျန့်ဟိုင်သည် ခေါင်းခါယမ်းလိုက်ပြီး မနှစ်မြို့စွာဖြင့် ပြောလိုက်၏။ “ဒါက ကြွားလုံးထုတ်ဖို့အတွက် ပျင်းစရာကောင်းတဲ့ နည်းတစ်ခုပဲ”

“မင်းရဲ့ ဟန်ရေးပြပြီး အကြွားသန်တဲ့ နည်းစနစ်တွေထက်တော့ အများကြီး ပိုပြီး လက်တွေ့ကျပါသေးတယ်” ယွီရှန်းရုန်က ယွီကျန့်ဟိုင်ကို မကြည့်ဘဲ ပြန်လည် ချေပလိုက်သည်။

“မင်းက စကားပဲ တတ်တာပါ”

“ငါတို့ ပြန်ရောက်ရင် ဆက်ပြီး တိုက်ခိုက်ကြတာပေါ့”

“ကောင်းပြီလေ”

မိုးပြာဧကရာဇ် “…”

ရွှမ်းယီက ရယ်မောလိုက်၏။ “လင်းဝေ့ယန်... မင်းရဲ့ လူတွေကြားက ပြဿနာတွေကိုတောင် မရှင်းရသေးဘဲနဲ့ ရွှမ်းယီခန်းမရဲ့ တပ်မှူးနေရာအတွက် လာတိုက်ခိုက်နေတာလား”

မိုးပြာဧကရာဇ် လင်းဝေ့ယန်က ပြောလိုက်သည်။ “ရွှမ်းယီ... မင်း မသိလောက်ဘူး၊ ဒါက သူတို့ နေထိုင်တဲ့ ပုံစံပဲ။ ကျန်းမာတဲ့ ယှဉ်ပြိုင်မှုက သူတို့ရဲ့ တိုးတက်မှုအတွက် ကောင်းမွန်တယ်”

“ကျန်းမာတဲ့ ယှဉ်ပြိုင်မှု ဟုတ်လား” ရွှမ်းယီက သံသယဖြင့် မေးလိုက်၏။ ထို့နောက် သူက ဆက်မေးလိုက်သည်။

“သူတို့ နှစ်ယောက်ထဲမှာ ဘယ်သူက ပိုတော်တယ်လို့ မင်း ထင်လဲ”

လင်းဝေ့ယန်က ပြောလိုက်သည်။ “သပ်လျှိုဖို့ မကြိုးစားနဲ့။ ငါ မဟာလေဟာနယ်ကို စိုးမိုးခဲ့တဲ့အချိန်တုန်းက မင်းက အဝတ်မပါတဲ့ ကလေးလေးပဲ ရှိသေးတာ”

“ဒါက ရိုးသားတဲ့ မေးခွန်းတစ်ခုပါ။ မင်းရဲ့ ကိုယ်ပိုင် ယုတ်မာတဲ့ အတွေးတွေနဲ့ ငါ့ကို လာမဆုံးဖြတ်နဲ့”

ရွှမ်းယီက ကူကယ်ရာမဲ့စွာ ပြောလိုက်၏။

လင်းဝေ့ယန်သည် ခေတ္တမျှ တွေးတောလိုက်ပြီးနောက် ပြောလိုက်သည်။

“တကယ်လို့ မင်းက ငါ့ရဲ့ အကဲဖြတ်မှုကို တကယ် လိုချင်တယ်ဆိုရင်... သူတို့ နှစ်ယောက်စလုံးက အရမ်းကို အစွမ်းထက်ကြတယ်။ ယွီကျန့်ဟိုင်က ဓားမော့ကို ကျွမ်းကျင်ပြီး ယွီရှန်းရုန်က ဓားကို ကျွမ်းကျင်တယ်။ သူတို့ရဲ့ လက်နက်တွေကို ကျွမ်းကျင်ပိုင်နိုင်မှုက အထွတ်အထိပ်ကို ရောက်နေပြီ။ သူတို့ လိုအပ်နေတဲ့ တစ်ခုတည်းသော အရာက မဟာတာအိုကို နားလည်သဘောပေါက်မှုနဲ့ သူတို့ရဲ့ စိတ်အခြေအနေကို စစ်ဆေးတာပဲ”

“ဒီလောက် မြင့်မားတဲ့ အကဲဖြတ်မှုနဲ့ဆိုတော့ ခဏနေရင် မင်းကိုယ်မင်း အရှက်ခွဲမိမှာကို မကြောက်ဘူးလား” ရွှမ်းယီက မေးလိုက်၏။

“ဓားမော့နဲ့ ဓား ကျွမ်းကျင်မှုပိုင်းမှာဆိုရင် သူတို့နဲ့ ဘယ်သူမှ မယှဉ်နိုင်ဘူး” လင်းဝေ့ယန်က ပြောလိုက်သည်။

“ငါ ပြောခဲ့တဲ့ စကားအတွက် ငါ တာဝန်ယူတယ်”

…

All Chapters