အခန်း ၁၆၁၅
Vol. 108 Ch. 1615
အခန်း (၁၆၁၅) နောက်ကွယ်မှ ကြိုးကိုင်သူမှာ ဆရာဖြစ်နေခြင်း (၂)
“ဒါကတော့...” ယွီရှန်းရုန်သည် ဤကပ်ဆိုးမှ ရှောင်လွှဲနိုင်မည် မဟုတ်ကြောင်း သိလိုက်၏။ သူ၏ ရှစ်စွင်းက ဤအခွင့်အရေးကို အသုံးချကာ သူ၏ စွမ်းအားကို စမ်းသပ်လိုပုံရသောကြောင့် အနည်းငယ်မျှ ဟန်ရေးပြသင့်သည်ဟု သူ တွေးလိုက်သည်။
ရွှစ်
သက်တော်ရှည်ဓားမှာ ဓားအိမ်ထဲမှ ကျွတ်ထွက်လာခဲ့၏။
ထိုမြင်ကွင်းကို မြင်သောအခါ လင်းဝေ့ယန်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်ထွက်လာခဲ့သည်။
'ဒီလိုမှပေါ့...'
သက်တော်ရှည်ဓားသည် လုကျိုးထံသို့ ပျံသန်းသွားတော့၏။
လုကျိုးသည် လက်နှစ်ချောင်းဖြင့် စွမ်းအင်ဓားများကို ထုတ်လွှတ်လိုက်သည်။ ထို့နောက် ၎င်းတို့သည် အာဏာရှင်ဆန်သော ဟန်ပန်ဖြင့် ပစ်ထွက်သွားကြတော့၏။
လင်းဝေ့ယန်က အံ့အားသင့်စွာ ရေရွတ်လိုက်သည်။
“အထွတ်အထိပ် သက်ရှိလား”
ဝှစ် ဝှစ် ဝှစ်
ယွီရှန်းရုန်သည် လျှပ်တစ်ပြက် ရှောင်တိမ်းသွား၏။ ကံမကောင်းစွာဖြင့်ပင် လုကျိုး၏ စွမ်းအင်ဓားများက သူ့ကို မီသွားခဲ့သေးသည်။ သူ့ပတ်ဝန်းကျင်ရှိ လေဟာနယ်မှာလည်း ကန့်သတ်ချုပ်ချယ်ခံလိုက်ရသကဲ့သို့ သူ ခံစားလိုက်ရပေသည်။
အသက်ရှူစာ အနည်းငယ်အကြာတွင် လုကျိုးသည် လက်ကို ဝှေ့ယမ်းလိုက်ရာ စွမ်းအင်ဓားများ ပျောက်ကွယ်သွားတော့၏။
သက်တော်ရှည်ဓားသည် မြေပြင်ပေါ်သို့ ချွင်ခနဲ မြည်ကာ ကျလာခဲ့သည်။
တိုက်ပွဲ ပြီးဆုံးသွားတော့၏။
လူတိုင်းသည် တိုက်ပွဲ၏ ရလဒ်ကို သိမြင်လိုသဖြင့် လုကျိုးနှင့် ယွီရှန်းရုန်တို့ကို ကြည့်လိုက်ကြသည်။
လုကျိုးနှင့် ယွီရှန်းရုန်တို့ နှစ်ဦးစလုံးမှာ ပုံမှန်အတိုင်းပင် ရှိနေကြ၏။ သို့သော်လည်း ခဏအကြာတွင် လေထဲ၌ စုတ်ဖြဲသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ၎င်းမှာ ယွီရှန်းရုန်၏ အစိမ်းရောင် ဝတ်ရုံ စုတ်ပြဲသွားသော အသံပင် ဖြစ်ပေသည်။
ထပ်မံ၍ လီချွင်းသည် လက်ခုပ်ကို ကျယ်လောင်စွာ တီးလိုက်ပြီး အော်ဟစ်လိုက်ပြန်၏။
“အံ့ဩစရာပဲ။ အံ့ဩစရာကောင်းတဲ့ ဓားစွမ်းရည်ပဲ”
“…”
ရွှမ်းယီက မျက်မှောင်ကြုတ်လျက် ပြောလိုက်သည်။
“ဒါက မင်းနဲ့ မဆိုင်ဘူးလေ”
“နားလည်ပါပြီ” လီချွင်းက ပြောလိုက်၏။ သူ လျှောက်သွားရင်း တွန့်ဆုတ်သော အမူအရာဖြင့် အနောက်သို့ အကြိမ်အနည်းငယ် ပြန်လှည့်ကြည့်နေခဲ့သည်။
လုကျိုး ဘာမျှမပြောပေ။ သူသည် ယွီရှန်းရုန်ကို တိတ်ဆိတ်စွာသာ ကြည့်နေလိုက်၏။
ယွီရှန်းရုန်က ပြောလိုက်သည်။
“ကျွန်တော်က ဓားပညာ နည်းနည်းပါးပါးလောက်ကိုပဲ သင်ယူထားတာပါ။ ချန်ပေ့ အရှေ့မှာတော့ ကျွန်တော့်ရဲ့ စွမ်းရည်တွေက ပြောပလောက်စရာ မရှိပါဘူး”
ယွီကျန့်ဟိုင်ကလည်း ဝင်ပြောလိုက်၏။
“ကျွန်တော့်ရဲ့ ဓားမော့စွမ်းရည်တွေကလည်း ရယ်စရာကောင်းလောက်အောင်ကို ဆိုးရွားပါတယ်”
ထိုနှစ်ဦးသည် သူတို့ကိုယ်သူတို့ ဆက်လက် နှိမ့်ချကာ လုကျိုးကို ချီးမွမ်းခန်းဖွင့်နေကြတော့သည်။
ခဏအကြာတွင် လင်းဝေ့ယန်သည် လက်ကို မြှောက်ကာ ပြောလိုက်၏။
“နေကြပါဦး”
လူတိုင်းသည် လင်းဝေ့ယန်ကို ကြည့်လိုက်ကြသည်။
လင်းဝေ့ယန်က မေးလိုက်၏။
“မင်းတို့က တစ်ယောက်ကိုတစ်ယောက် သိနေကြတာလား”
ယွီကျန့်ဟိုင်က ပြန်ဖြေလိုက်သည်။
“ခင်ဗျား နောက်နေတာပဲ ဖြစ်ရမယ်။ ကျွန်တော်နဲ့ ကျွန်တော့်ရဲ့ ညီလေးက နယ်မြေကိုးခုကနေ လာခဲ့ကြတာလေ။ မဟာလေဟာနယ်က လူတစ်ယောက်ကို ကျွန်တော်တို့က ဘယ်လိုလုပ် သိနိုင်မှာလဲ”
လင်းဝေ့ယန်၏ အကြည့်များမှာ နက်ရှိုင်းသွားပြီး မေးလိုက်၏။
“မင်းက သူတို့ရဲ့ ဆရာမလား”
ထိုစကားကို ကြားသောအခါ ရွှမ်းယီသည် စိတ်ထဲတွင် တွေးလိုက်သည်။ 'ထင်တဲ့အတိုင်းပဲ။'
လင်းဝေ့ယန်သည် လုကျိုး ပြန်လည်ဖြေကြားမည်ကို မစောင့်ဆိုင်းဘဲ ဆက်ပြောလိုက်၏။
“ငါ အသက်ရှင်လာတာ ကြာလှပြီ။ ငါ့အရှေ့မှာ မင်းက ဘယ်လို လှည့်ကွက်မျိုးတွေ သုံးနိုင်မှာလဲ။ ငါ မရိပ်မိဘူးလို့ မင်း ထင်နေတာလား”
လုကျိုးက နောက်ဆုံး၌ စကားဆိုလိုက်သည်။
“အဲဒီတုန်းက... ငါ ကျင့်စဉ် နှစ်ခု ချန်ထားခဲ့တယ်။ တစ်ခုက မဟာအမှောင်ကောင်းကင် အောက်မေ့ရာကျမ်းဖြစ်ပြီး နောက်တစ်ခုက ကနဦး ပြန်လည်ရောက်ရှိခြင်းပဲ”
လင်းဝေ့ယန်က ခေါင်းညိတ်လိုက်၏။
“ဒီလောက် ပြောင်မြောက်တဲ့ ကျင့်စဉ်တွေကို ဖန်တီးနိုင်တာကို ကြည့်ရင် မင်းက အထွတ်အထိပ် သက်ရှိတစ်ပါး ဖြစ်နေတာ ငါ မအံ့ဩပါဘူး။ ဒါပေမဲ့ ငါ တကယ် သိချင်မိတယ်။ မဟာလေဟာနယ်မှာ မင်းလို လူမျိုးက ဘယ်တုန်းက ပေါ်လာခဲ့တာလဲ။ ဘာလို့များ မင်းအကြောင်း ငါ တစ်ခါမှ မကြားဖူးရတာလဲ”
လုကျိုးက တည်ငြိမ်စွာ ပြောလိုက်သည်။
“အရင်တုန်းက မိုးပြာဧကရာဇ်ဟာ ခန်းမဆယ်ခု ယှဉ်ပြိုင်ပွဲမှာ ရှုံးနိမ့်သွားခဲ့ပြီး မဟာလေဟာနယ်ကနေ မဖြစ်မနေ ထွက်ခွာသွားခဲ့ရတယ်လို့ ငါ ကြားဖူးတယ်။ မင်းက အဆုံးမဲ့သမုဒ္ဒရာထဲမှာ လှည့်လည်သွားလာခဲ့ပြီး ပျောက်ဆုံးနယ်မြေ တစ်ခုခုမှာ နေထိုင်ခဲ့တယ်။ အခုဆို နှစ်ပေါင်း တစ်သိန်းတောင် ရှိနေပြီလေ။ ငါ့ကို ဘေးဖယ်ထားလိုက်ဦး၊ ခန်းမဆယ်ခုစလုံးရဲ့ အရှင်သခင်တွေကိုရော မင်း အကုန်သိလို့လား”
ထိုအခိုက်အတန့်တွင် အနက်ရောင်အစောင့်အရှောက်များမှာ အလွန်အမင်း စိုးရိမ်ပူပန်နေကြပေသည်။
ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့မှာ အံ့အားသင့်သွားကြ၏။ 'ရှစ်စွင်းက မိုးပြာဧကရာဇ်ကို ဒီအတိုင်းကြီး ရင်ဆိုင်တော့မလို့လား။'
လင်းဝေ့ယန်သည် ဒေါသမထွက်ပေ။ ထိုအစား သူက သက်ပြင်းချလျက် ပြောလိုက်သည်။
“မင်းပြောတာ မှန်ပါတယ်။ ဒါကြောင့်မို့လို့ပဲ ငါ ပြန်လာခဲ့တာ”
“ငါလည်း ပြန်လာခဲ့တာပဲ”
လုကျိုး၏ စကားများကို ကြားသောအခါ ရွှမ်းယီသည် စိတ်ထဲတွင် သက်ပြင်းချလိုက်၏။ လုကျိုး၏ စကားများ နောက်ကွယ်ရှိ အဓိပ္ပာယ်ကို နားလည်သည့် တစ်ဦးတည်းသောသူမှာ သူသာ ဖြစ်ကောင်းဖြစ်နိုင်ပေသည်။
“မင်းက အထွတ်အထိပ် သက်ရှိတစ်ပါး ဖြစ်နေမှတော့ အထွတ်အထိပ် သက်ရှိ အချင်းချင်း ယှဉ်ပြိုင်သင့်တာပေါ့။ မင်းက သူတို့ရဲ့ ဆရာဖြစ်နေမှတော့ ငါနဲ့ ယှဉ်ပြိုင်လိုက်ရအောင်” လင်းဝေ့ယန်က ဆိုလိုက်သည်။
လုကျိုးက ခေါင်းခါယမ်းလိုက်၏။
“အနိုင်အရှုံးက ဆုံးဖြတ်ပြီးသွားပြီပဲ။ ယှဉ်ပြိုင်ဖို့ မလိုတော့ပါဘူး”
“အနိုင်အရှုံးက ဆုံးဖြတ်ပြီးသွားပြီ ဟုတ်လား” လင်းဝေ့ယန် ဇဝေဇဝါ ဖြစ်သွား၏။ “မစရသေးဘဲနဲ့ အနိုင်အရှုံးက ဘယ်လိုလုပ် ဆုံးဖြတ်ပြီးသွားမှာလဲ”
လုကျိုးသည် သူ၏ လက်များကို နောက်ပစ်ထားကာ ရပ်နေရင်း အသံအတက်အကျမရှိ ပြောလိုက်သည်။
“တကယ်လို့ မင်း မမှတ်မိဘူးဆိုရင်လည်း အိမ်ပြန်ပြီး သေချာ ပြန်စဉ်းစားကြည့်လိုက်လေ”
လင်းဝေ့ယန် မျက်မှောင်ကြုတ်သွား၏။ ကနဦးချီများ စုစည်းလာသည်နှင့်အမျှ သူ၏ လက်ထဲတွင် အလင်းတန်းတစ်ခု ပေါ်ထွက်လာခဲ့သည်။
ထိုအချိန်တွင် ရွှမ်းယီက ပြောလိုက်သည်။
“လင်းဝေ့ယန်... မင်းရဲ့ မှတ်ဉာဏ်တွေက တကယ်ကို ဆိုးရွားလာနေတာပဲ”
“ဟင်” လင်းဝေ့ယန်က မေးလိုက်၏။ “မင်းတောင်မှ ငါ သူ့ကို ရှုံးမယ်လို့ ထင်နေတာလား”
“ငါ ဆိုလိုချင်တာက မင်း ရှုံးနိမ့်သွားခဲ့ပြီးပြီလို့ ပြောတာပါ” ရွှမ်းယီက ဆိုလိုက်သည်။
“သက်သေပြလေ”
ဝီ
ရင်ပြင်တစ်ခုလုံး အနှံ့ ကျယ်ပြန့်သော ဧရာမ အစိမ်းရောင် ကြာပွင့် တစ်ပွင့်သည် လင်းဝေ့ယန်၏ ခြေအောက်တွင် ပေါ်ထွက်လာခဲ့၏။ သူ လုပ်ရန် လိုအပ်သည်မှာ ခြေကို ညင်သာစွာ ဆောင့်နင်းလိုက်ရန်သာ ဖြစ်ပြီး ထိုသို့ ပြုလုပ်လိုက်ပါက ရင်ပြင်တစ်ခုလုံး ပျက်စီးသွားပေလိမ့်မည်။ သူသည် လုကျိုး၏ တုံ့ပြန်မှုကို စောင့်ဆိုင်းရင်း တည်ငြိမ်စွာ ရပ်နေလိုက်သည်။ ဘာပဲဖြစ်ဖြစ် သူ၏ အဆင့်အတန်းနှင့် စွမ်းအားများမှာ အထွတ်အထိပ်တွင် ရှိနေသည် မဟုတ်ပါလော။
ထိုအခိုက်အတန့်တွင် လုကျိုးသည် မြေပြင်ကို ညင်သာစွာ ပုတ်လိုက်သည်။ နတ်ဘုရားစွမ်းအားနှင့် နတ်ဘုရားတာအို စွမ်းအားများသည် အစိမ်းရောင် ကြာပွင့်ထံသို့ လှိုင်းများကဲ့သို့ ရိုက်ခတ်သွားကြတော့၏။
လင်းဝေ့ယန်သည် လုကျိုးကို ကြည့်ကာ မျက်မှောင်ကြုတ်သွားသည်။
ကျွမ်းကျင်သော စစ်တုရင် ကစားသမားများကဲ့သို့ပင် ကျင့်ကြံသူများသည်လည်း အံ့ဖွယ်ကောင်းသော အာရုံခံနိုင်စွမ်းနှင့် မှတ်ဉာဏ်များကို ပိုင်ဆိုင်ထားကြပေသည်။ အနိုင်ရသူ ဖြစ်စေ၊ ရှုံးနိမ့်သူ ဖြစ်စေ သူတို့သည် သူတို့အပေါ် နက်ရှိုင်းသော အမှတ်အသားတစ်ခု ချန်ထားခဲ့သည့် ပြိုင်ပွဲတစ်ခုအတွင်း သူတို့ ပြုလုပ်ခဲ့သော လှုပ်ရှားမှုတိုင်းကို မှတ်မိနေကြ၏။ သူတို့သည် ထိုပြိုင်ပွဲကို သူတို့၏ စိတ်ထဲတွင်ပင် ပြန်လည် မြင်ယောင်ကြည့်နိုင်စွမ်း ရှိကြပေသည်။
လင်းဝေ့ယန်သည်လည်း ခြွင်းချက် မဟုတ်ပေ။ သို့သော်လည်း ဤမှတ်ဉာဏ်မှာ အလွန်အမင်း ကြာမြင့်နေခဲ့ပြီ ဖြစ်သည်။ နှစ်ပေါင်း တစ်သိန်းကျော် ကြာမြင့်နေပြီ ဖြစ်ရာ ၎င်းကို ပြန်လည် မှတ်မိရန်အတွက် အချိန်အနည်းငယ် ယူလိုက်ရ၏။ သူ၏ ခြေအောက်ရှိ အစိမ်းရောင် ကြာပွင့်ကို ကြည့်ရင်း ရှင်းပြ၍မရနိုင်လောက်အောင် ထူးဆန်းနေသည်ဟု ခံစားရကာ သူ၏ ခံစားချက်များကို သူကိုယ်တိုင်ပင် နားမလည်နိုင်အောင် ဖြစ်နေခဲ့သည်။
သူ၏ အစိမ်းရောင် ကြာပွင့် ပျောက်ကွယ်သွားသောအခါ လင်းဝေ့ယန်သည် လုကျိုးကို ရှုပ်ထွေးသော မျက်နှာအမူအရာဖြင့် ကြည့်လိုက်၏။ သူ သေချာ မသိသော်လည်း ထိုအရာကို မငြင်းဆိုနိုင်ခဲ့ပေ။ နောက်ဆုံးတွင် သူက ပေါ့ပါးစွာ ပြောလိုက်တော့သည်။
“နောက်နေ့မှ တွေ့ကြတာပေါ့”
…