အခန်း ၁၆၁၇
Vol. 108 Ch. 1617
အခန်း (၁၆၁၇) ရွေးချယ်မှုများ
ရွှမ်းယီသည် လှည့်ကာ ပြောလိုက်၏။
“တကယ်လို့ မင်းက ဒီခန်းမရဲ့ တပ်မှူး မဖြစ်ချင်ဘူးဆိုရင်လဲ... မင်းကို အနိုင်ယူသွားခဲ့တဲ့ လေးယောက်ထဲကနေ တစ်ယောက်ကို ရွေးလိုက်လေ”
ကျန်းဟယ်က ဆိုလိုက်သည်။
“ဒါပေမဲ့ မျှော်နန်းသခင်လုက အသင့်တော်ဆုံးလို့ ကျွန်တော် ထင်တယ်”
ရွှမ်းယီက အသံနိမ့်နိမ့်ဖြင့် မေးလိုက်၏။
“မင်း တကယ် နားမလည်တာလား၊ ဒါမှမဟုတ် နားမလည်ချင်ယောင် ဆောင်နေတာလား”
“ဗျာ”
“ထွက်သွားစမ်း”
ကျန်းဟယ်သည် အရိုအသေပေးလိုက်ပြီး အလွန်အမင်း မတရားခံရသည့် မျက်နှာဖြင့် အလျင်အမြန် ထွက်ခွာသွားတော့သည်။
…
ကျန်းဟယ် ထွက်သွားပြီးနောက် လီချွင်းသည် အနီးအနားမှ ပျံသန်းရောက်ရှိလာခဲ့၏။ ကျန်းဟယ် စိတ်အခြေအနေ မကောင်းသည်ကို မြင်သောအခါ သူက ပြုံးလျက် ပြောလိုက်သည်။
“အရှုံးနဲ့ အနိုင်ဆိုတာ စစ်သည်တော်တွေအတွက်တော့ သာမန်ပါပဲ။ အရမ်းကြီး စိတ်မပျက်နေပါနဲ့”
“အရှင်မင်းကြီးက ပြောင်းလဲသွားပြီ”
“ဟင်”
“အရှင်မင်းကြီးက မဟာနတ်ဘုရင် တစ်ပါး ဖြစ်လာကတည်းက တခြားသူတွေရဲ့ မျက်နှာကို ဘာလို့ ကြည့်နေရတော့မှာလဲ။ မိုးပြာဧကရာဇ် လာတုန်းကတောင် အရှင်မင်းကြီးက အကြောက်တရားနဲ့ ခေါင်းငုံ့မသွားခဲ့ဘူးလေ။ ဒါပေမဲ့ အဖြူရောင်ဧကရာဇ်ရဲ့ လူတွေကိုကျတော့ အရှင်မင်းကြီးက ဘာလို့ အဲဒီလောက်တောင် ဖားယားနေရတာလဲ” ကျန်းဟယ်မှာ တကယ်ပင် ဇဝေဇဝါ ဖြစ်နေခဲ့၏။
လီချွင်းသည် ကျန်းဟယ်ကို တံတောင်ဖြင့် တွတ်လိုက်ပြီး တိုးသဲ့သဲ့ လေသံဖြင့် ပြောလိုက်သည်။
“အရှင်မင်းကြီးကို ဖားယားတယ်လို့ မင်းက ပြောရဲတယ်ပေါ့လေ”
ကျန်းဟယ်က သက်ပြင်းချလိုက်၏။
“ငါလည်း ဒီလို မပြောချင်ပါဘူး၊ ဒါပေမဲ့ လုပ်ရပ်တွေက စကားလုံးတွေထက် ပိုပြီး အသံကျယ်တယ်လေ”
လုကျိုး၏ အနီးအနားတွင် ရွှမ်းယီ ပြုမူခဲ့ပုံကို ကျန်းဟယ် မြင်တွေ့ခဲ့ရသည်။ ရွှမ်းယီ၏ လုပ်ရပ်များကို ‘ဖားယားသည်’ ဟူ၍သာ ဖော်ပြနိုင်ပေသည်။
လီချွင်းသည် သက်ပြင်းချလိုက်ပြီး ပြောလိုက်၏။
“တကယ်တော့ ငါလည်း မင်းနဲ့ အတွေးတူပါတယ်။ ဒါပေမဲ့ ဒီနေ့ ပြီးသွားတဲ့နောက်ပိုင်းမှာတော့... ကိစ္စတွေက အဲဒီလောက် မရိုးရှင်းဘူးလို့ ငါ ခံစားရတယ်”
“ဟင်”
“တပ်မှူးကျန်း... မင်းရဲ့ နေရာကို မှတ်ထားပြီး သေသေချာချာ စဉ်းစားကြည့်ပါ။ မင်းက မကြာသေးခင်ကမှ အကြိမ်ကြိမ် ရှုံးနိမ့်ထားလို့ ဘယ်လို စဉ်းစားရမလဲဆိုတာကို မေ့သွားတာ ဖြစ်နိုင်တယ်” လီချွင်းက ဆိုလိုက်သည်။
ကျန်းဟယ် အံ့အားသင့်သွား၏။
လီချွင်းက ဆက်ပြောလိုက်သည်။
“ဒီနေ့ မျှော်နန်းသခင်လုက မိုးပြာဧကရာဇ်ရဲ့ တိုက်ခိုက်မှုကို တားဆီးခဲ့တယ်။ ကိစ္စတွေက အဲဒီလောက် ရိုးရှင်းတယ်လို့ မင်း တကယ် ထင်နေတာလား”
ကျန်းဟယ် မျက်မှောင်ကြုတ်သွား၏။ သူသည် ခါးကို မတ်လိုက်ရာ တပ်မှူးတစ်ယောက်၏ ဟန်ပန် ပြန်လည် ရရှိသွားတော့သည်။ ထို့နောက် သူသည် ရွှမ်းယီနှင့် လုကျိုးတို့ကြားမှ အပြန်အလှန် ဆက်ဆံရေးကို သေချာစွာ ပြန်လည် စဉ်းစားကြည့်လိုက်ရာ မကြာမီမှာပင် သူ၏ မျက်လုံးများက တောက်ပသွားတော့၏။
…
နောက်တစ်နေ့တွင်…
ရှန်းကျန်းခန်းမ၌ ဖြစ်၏။
ကျက်သရေရှိပြီး အထက်တန်းကျသော အမျိုးသမီး တစ်ဦးသည် ရှန်းကျန်း၏ ဘေးသို့ ရောက်လာကာ ညင်သာစွာ မေးလိုက်သည်။
“အရှင်မင်းကြီး... ရှန်းကျန်းခန်းမရဲ့ တပ်မှူးနေရာအတွက် ဆုံးဖြတ်ပြီးပြီလား”
ရှန်းကျန်းသည် သူ၏ လက်ကို နောက်ပစ်ထားကာ အရှေ့ဘက်သို့ လှမ်းကြည့်နေခဲ့၏။ ထို့နောက် သူသည် လှည့်လာပြီး သက်ပြင်းချလျက် ပြောလိုက်သည်။
“ကျွင်းဟွာ... မင်းပဲ ငါ့အတွက် ဆုံးဖြတ်ပေးပါလား”
ထိုအမျိုးသမီးမှာ ရှန်းကျန်း၏ ဇနီးဖြစ်သူ ခုံးကျွင်းဟွာပင် ဖြစ်ပေသည်။
ခုံးကျွင်းဟွာက ပြုံးလျက် ပြောလိုက်၏။
“အရှင်မင်းကြီးဆီမှာ အဖြေရှိပြီးသားလို့ ကျွန်မ ယုံကြည်တယ်။ ဘာလို့ ကျွန်မကို လာမေးနေတာလဲ”
“အို” ရှန်းကျန်းက ပြုံးလိုက်သည်။
“မင်း ဘယ်လို ထင်လဲဆိုတာ ငါ့ကို ပြောပြပါလား”
“စည်းမျဉ်းတွေအရ ခန်းမတစ်ခုမှာ တပ်မှူး တစ်ယောက်ပဲ ရှိနိုင်တယ်။ ရှန်းကျန်းခန်းမရဲ့ တပ်မှူးနေရာက လစ်လပ်နေတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဆိုတော့ တစ်ယောက်ယောက်က တာဝန်ယူဖို့ အချိန်တန်ပါပြီ။ အဲဒီ ကောင်မလေး နှစ်ယောက်က အရမ်းကို အရည်အချင်းရှိပြီး သူတို့ရဲ့ စရိုက်တွေကလည်း ကောင်းကြတယ်။ ရှောင်ယွမ်အာက ဉာဏ်ကောင်းပြီး ရိုးသားတယ်၊ ခရုလေးကကျတော့ ရက်ရောပြီး သတိကြီးတယ်။ ကျွန်မကတော့ သူတို့ နှစ်ယောက်စလုံးကို အရမ်း သဘောကျတယ်” ခုံးကျွင်းဟွာက ပြောလိုက်၏။ သူမ၏ အဖြေမှာ အတော်လေး ဝေဝါးနေပေသည်။
ရှန်းကျန်းက ဆိုလိုက်သည်။
“စကားကို လှည့်ပတ်ပြောနေစရာ မလိုပါဘူး မိန်းမရယ်”
“ဒါဆိုရင်လည်း ကျွန်မ ပွင့်ပွင့်လင်းလင်းပဲ ပြောလိုက်မယ်”
“ပြောလေ”
“ရှောင်ယွမ်အာကတော့ သေချာပေါက် အကောင်းဆုံး ရွေးချယ်မှုပါပဲ” ခုံးကျွင်းဟွာက ပြောလိုက်၏။ အကြောင်းပြချက်ကိုတော့ သူမ မပြောပြခဲ့ပေ။ သူမက ရှောင်ယွမ်အာကို ရွေးချယ်ခဲ့ရသည့်အကြောင်းအရင်းကို ရှန်းကျန်းက အခြားသူများထက် ပိုသိလိမ့်မည်ဟု သူမ ယုံကြည်ပေသည်။
ရှန်းကျန်းသည် အဖြေကို ကြားရသောအခါ အံ့အားသင့်မသွားပေ။ သူက သက်ပြင်းဖွဖွချကာ မေးလိုက်၏။
“ဒါဆိုရင် ခရုလေးကရော”
ခုံးကျွင်းဟွာက ပြုံးလျက် ပြန်ဖြေလိုက်သည်။
“အထွတ်အမြတ်ခန်းမရဲ့ အဆိုအရဆိုရင်... ငါတို့က ခန်းမဆယ်ခုရဲ့ ကောင်းကျိုးနဲ့ ကမ္ဘာကြီးရဲ့ မျှခြေညီမျှမှုကို ထိန်းသိမ်းဖို့အတွက် လူငယ် ပါရမီရှင်တွေကို ပြုစုပျိုးထောင်ပေးရမှာလေ။ ခရုလေးမှာလည်း သွားရမဲ့နေရာ သီးသန့် ရှိပါတယ်။ ရွှမ်းမုန့်ခန်းမက ရှန်းကျန်းခန်းမဆီကို လူလွှတ်ထားပြီးပြီလေ။ ကြည့်ရတာ သူတို့က ခရုလေးကို တပ်မှူးအသစ် အနေနဲ့ ထောက်ခံပေးဖို့ ရည်ရွယ်ထားပုံပဲ”
“ရွှမ်းမုန့်ခန်းမ ဟုတ်လား” ရှန်းကျန်း အနည်းငယ် မျက်မှောင်ကြုတ်သွား၏။
“ခန်းမသခင် လေးယောက်က ကျဆုံးသွားခဲ့ပြီ။ အထွတ်အမြတ်ခန်းမကသာ သူတို့ အခုချိန်အထိ အသက်ရှင်သန်နိုင်ခဲ့တဲ့ တစ်ခုတည်းသော အကြောင်းပြချက်ပဲ။ သူတို့က ခေါင်းဆောင် မရှိဘဲနဲ့ ဖရိုဖရဲ ဖြစ်နေတာ နှစ်ပေါင်း ၁၀၀,၀၀၀ တောင် ရှိနေပြီ။ ခရုလေးကို အဲဒီကို လွှတ်ဖို့အတွက် ငါ စိတ်မချဘူး”
“ရွှမ်းမုန့်ခန်းမမှာ ခေါင်းဆောင် မရှိတာကြောင့်မို့လို့ပဲ ခရုလေးကို အဲဒီကို လွှတ်သင့်တာပေါ့။ နောင်ကျရင် သူမက ခန်းမသခင် ဖြစ်လာမလား ဘယ်သူသိမှာလဲ။ အဲဒီအချိန်ကျရင် ကျွန်မတို့ဆီမှာ နောက်ထပ် မဟာမိတ်တစ်ယောက် ရလာလိမ့်မယ်” ခုံးကျွင်းဟွာက ပြောလိုက်သည်။
ရှန်းကျန်း တိတ်ဆိတ်သွား၏။ အချိန်အတော်ကြာပြီးနောက် သူက ခုံးကျွင်းဟွာကို မေးလိုက်သည်။
“အထွတ်အမြတ်ခန်းမရဲ့ သဘောထားကရော ဘယ်လိုရှိလဲ”
“ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်မထက် ရှင်က ပိုသိမှာပါ။ အထွတ်အမြတ်ခန်းမက ဒီလို သေးငယ်တဲ့ ကိစ္စတွေကို သိပ်ဂရုမစိုက်ပါဘူး။ မဟာဧကရာဇ်မင်ရှင်းက မိုးနဲ့မြေကြားက မျှခြေညီမျှမှုကိုပဲ ဂရုစိုက်တာ။ လူတိုင်း သေသွားရင်တောင် သူက ဂရုစိုက်မှာ မဟုတ်ဘူး။ ဖျက်ဆီးခြင်း တိုင်လုံးတွေထဲက တစ်ခု ပြိုကျသွားပြီး ရှန်းကျန်းခန်းမကို ထိခိုက်ခဲ့တုန်းကတောင်မှ သူက လာကြည့်ဖော်တောင် မရပါဘူး” ခုံးကျွင်းဟွာက ပြန်ဖြေလိုက်၏။
“မင်ရှင်းရဲ့ နှလုံးသားထဲမှာ ရှိတာက မိုးနဲ့မြေကြားက မျှခြေညီမှု တစ်ခုတည်းပဲလား” ရှန်းကျန်း သက်ပြင်းချလိုက်သည်။
“သူ့အဆင့်မှာတော့ မျှခြေညီမျှမှုကို ထိန်းသိမ်းတာက အရေးကြီးဆုံး ဖြစ်နေလို့ နေမှာပေါ့”
ရှန်းကျန်း လှောင်ပြောင်လိုက်၏။
“မင်ရှင်းက အဲဒီလောက် ကောင်းတယ်လို့ မင်း ထင်နေတာလား”
ခုံးကျွင်းဟွာသည် သူမ၏ လက်ညှိုးကို နှုတ်ခမ်းပေါ် တင်လိုက်ပြီး တိတ်တိတ်နေရန် အချက်ပြလိုက်သည်။
ရှန်းကျန်းက မနှစ်မြို့စွာဖြင့် ပြောလိုက်၏။
“ဒါက ရှန်းကျန်းခန်းမလေ။ သူ့ကို နည်းနည်းပါးပါး ဝေဖန်မိတော့ရော ဘာဖြစ်လဲ”
“နံရံမှာ နားတွေ ရှိနေမှာကို စိုးရိမ်လို့ပါ” ခုံးကျွင်းဟွာက ဆိုလိုက်သည်။
ခုံးကျွင်းဟွာ စကားပြောပြီးသည်နှင့် တစ်ပြိုင်နက်...
“အရှင်မင်းကြီးနဲ့ သခင်မ... ရွှမ်းမုန့်ခန်းမရဲ့ ဒုတပ်မှူးဝူရှင်း ရောက်နေပါတယ်”
ရှန်းကျန်းသည် ဝူရှင်းကို အကဲခတ်ကြည့်လိုက်ပြီး ပြောလိုက်၏။
“တခမ်းတနားလုပ်နေဖို့ မလိုပါဘူး”
ခုံးကျွင်းဟွာက ပြောလိုက်သည်။
“ဒုတပ်မှူးဝူ... ရှင့်ရဲ့ စာကို ကျွန်မ ဖတ်ပြီးပါပြီ။ ဒါပေမဲ့ အခုလာတာ အရမ်းကို လောလွန်းတယ်လို့ မထင်ဘူးလား”
ဝူရှင်းက ကူကယ်ရာမဲ့စွာ ပြန်ဖြေလိုက်၏။
“ကျွန်တော့်မှာ ရွေးချယ်စရာ မရှိလို့ပါ။ တပ်မှူးနေရာတွေအတွက် ယှဉ်ပြိုင်မှုက စတင်နေပြီလေ။ ခင်ဗျားတို့ သိတဲ့အတိုင်း ရွှမ်းမုန့်ခန်းမက နှစ်ပေါင်း ၁၀၀,၀၀၀ လောက် အားနည်းနေခဲ့တာ။ ကျွန်တော်က တာအိုကျင့်ကြံသူတွေကို ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ။ မဟာလေဟာနယ် မျိုးစေ့ ပိုင်ရှင် တစ်ယောက်ကိုပဲ တပ်မှူးနေရာကို ဆက်ခံခွင့် ပေးလိုက်တာ ပိုကောင်းလိမ့်မယ်။ ဧကရာဇ်ရှန်းကျန်းရဲ့ ထောက်ခံမှုနဲ့ဆိုရင် ဘာပြဿနာမှ ရှိလာမှာ မဟုတ်ဘူး”
ခုံးကျွင်းဟွာသည် ခေါင်းညိတ်လိုက်ပြီးနောက် ရှန်းကျန်းကို ကြည့်လိုက်သည်။
ရှန်းကျန်းက ပြောလိုက်၏။
“ငါ့ဆီမှာ အရမ်းကောင်းတဲ့ ကိုယ်စားလှယ် နှစ်ယောက် ရှိပါတယ်။ ဒါပေမဲ့ သူတို့က အရမ်းငယ်လွန်းသေးတယ်။ တခြား တာအိုကျင့်ကြံသူတွေကိုပဲ မင်းဆီကို ထောက်ခံပေးလိုက်မယ်လေ။ ဘယ်လိုသဘောရလဲ”
ဝူရှင်း ခေါင်းခါယမ်းလိုက်သည်။
“အရှင်မင်းကြီးရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်။ တပ်မှူးတစ်ယောက် ဖြစ်လာဖို့အတွက် အနည်းဆုံး သတ်မှတ်ချက်က တာအိုကျင့်ကြံသူ ဖြစ်ရမယ်ဆိုပေမဲ့... တာအိုကျင့်ကြံသူ အများအပြားက သူတို့ တစ်သက်လုံး အဆင့်မတက်နိုင်တော့ဘူးဆိုတာ အရှင်မင်းကြီးလည်း သိတာပဲလေ။ အဝေးကြီးကို သွားနိုင်မဲ့သူတွေက မဟာလေဟာနယ် မျိုးစေ့ ပိုင်ရှင်တွေပဲ။ ချုံးကွမ်းခန်းမက လန်ရှီဟယ်ကိုပဲ ကြည့်လေ။ သူက အခုချိန်အထိ စိန်ခေါ်မခ့ရသေးဘူး။ ဘယ်သူကများ သူ့ကို စိန်ခေါ်ရဲမှာလဲ”
ရှန်းကျန်းမှာ အလွန်အမင်း တုံ့ဆိုင်းနေခဲ့၏။ ဘာပဲဖြစ်ဖြစ် ရှောင်ယွမ်အာနှင့် ခရုလေးတို့မှာ သူ အလွန် ခက်ခက်ခဲခဲ ရှာဖွေတွေ့ရှိခဲ့သော ပါရမီရှင်များ ဖြစ်ပေသည်။
ဝူရှင်းသည် စာတစ်စောင်ကို အမြန် ထုတ်ယူကာ ရှန်းကျန်းထံသို့ ရိုသေလေးစားစွာ ကမ်းပေးလိုက်သည်။
“အထွတ်အမြတ်ခန်းမရဲ့ အမြင်ကို ကျွန်တော် တောင်းဆိုခဲ့ပါတယ်။ ဒါက ကျွန်တော် လက်ခံရရှိခဲ့တဲ့ စာပါ”
ရှန်းကျန်းသည် စာကို တစ်ချက် ကြည့်လိုက်သော်လည်း ယူမကြည့်ခဲ့ပေ။ အဲဒီအစား သူသည် ဝတ်ရုံလက်ကို ခါယမ်းကာ စာကို ပြာဖြစ်အောင် လုပ်လိုက်၏။
“အထွတ်အမြတ်ခန်းမမှာလည်း မဟာလေဟာနယ် မျိုးစေ့ ပိုင်ရှင် နှစ်ယောက် ရှိတယ်လေ။ သူတို့က ဘာလို့ မင်းကို တစ်ယောက် မပေးတာလဲ”
“သခင်လေးချီရှန့်က ထူဝေ့ခန်းမရဲ့ တပ်မှူး ဖြစ်နေပါပြီ။ ကျူးမျိုးရိုး လူငယ်လေးကလည်း ဘယ်ခန်းမကို စိန်ခေါ်ရမလဲဆိုတာ ဆုံးဖြတ်နေတယ်လို့ ကျွန်တော် ကြားတယ်” ဝူရှင်းက အရိုအသေပေးလျက် ပြောလိုက်၏။
“အရှင်မင်းကြီး... ကျေးဇူးပြုပြီး အခြေအနေကို ခြုံငုံစဉ်းစားပေးပါ”
ရှန်းကျန်း တိတ်ဆိတ်နေခဲ့သည်။
ထိုအခြေအနေကို မြင်သောအခါ ခုံးကျွင်းဟွာက ပြောလိုက်၏။
“တစ်ယောက်ယောက် အဲဒီ ကောင်မလေး နှစ်ယောက်ကို သွားခေါ်လာခဲ့”
“နားလည်ပါပြီ”
ကျင့်ကြံသူ တစ်ဦး ထွက်သွားခဲ့သည်။ ၁၅ မိနစ် အကြာတွင် သူသည် ရှောင်ယွမ်အာနှင့် ခရုလေးတို့ကို ခေါ်ဆောင်ကာ ပြန်လည် ရောက်ရှိလာ၏။
ရှန်းကျန်းမှာ စိတ်ထားနူးညံ့ပြီး စကားများများစားစား မပြောတတ်ကြောင်း ခုံးကျွင်းဟွာ သိပေသည်။ ထို့ကြောင့် သူမက ရှေ့သို့ ထွက်လာကာ ပြုံးလျက် ပြောလိုက်၏။
“ရှောင်ယွမ်အာ... ခရုလေး”
“ဂါရဝပြုပါတယ် သခင်မ” ရှောင်ယွမ်အာနှင့် ခရုလေးတို့က အရိုအသေပေးရင်း ပြိုင်တူ ပြန်ဖြေလိုက်ကြသည်။
ဝူရှင်းသည် ကောင်မလေး နှစ်ယောက်ဘက်သို့ လှည့်ကြည့်လိုက်သောအခါ သူ၏ မျက်လုံးများက ဝမ်းသာအားရမှု တောက်ပသွားတော့၏။
ခုံးကျွင်းဟွာက ပြောလိုက်သည်။
“အရေးကြီးတဲ့ ကိစ္စတစ်ခုအတွက် မင်းတို့ နှစ်ယောက်ကို ခေါ်လိုက်တာပါ။ ဒီကိစ္စကို မင်းတို့နဲ့ တိုင်ပင်ချင်လို့။ အရှင်မင်းကြီးက ဒီကိစ္စကို ဆုံးဖြတ်ပေးနိုင်ပေမဲ့... မင်းတို့ရဲ့ သဘောထားကိုလည်း ကြားချင်လို့လေ”
“ဘာကိစ္စလဲဟင်” ရှောင်ယွမ်အာက သိချင်စိတ်ဖြင့် မေးလိုက်၏။
ခုံးကျွင်းဟွာက သူတို့ နှစ်ယောက်ကို အလုံးစုံ ပြောပြပြီးနောက်တွင် ရှောင်ယွမ်အာ မျက်မှောင်ကြုတ်သွားသည်။ သူမသည် ထူးဆန်းသော အကြည့်များဖြင့် ကြည့်နေသည့် ဝူရှင်းကို ကြည့်ကာ မေးလိုက်၏။
“ရှင်က ကျွန်မတို့နှစ်ယောက်ထဲက တစ်ယောက်ကို ရွှမ်းမုန့်ခန်းမရဲ့ တပ်မှူး ဖြစ်စေချင်တာလား”
“ဟုတ်ပါတယ်”
ခုံးကျွင်းဟွာက ပြုံးလျက် ပြောလိုက်သည်။
“တပ်မှူးဆိုတာ အဆင့်အတန်းရဲ့ သင်္ကေတပဲ။ သူ ဒါမှမဟုတ် သူမက ခန်းမကို ဦးဆောင်ပြီး ကမ္ဘာကြီးရဲ့ မျှခြေညီမျှမှုကို ထိန်းသိမ်းရတယ်။ မဟာလေဟာနယ်မှာဆိုရင် ဒါက အရမ်းကို မြင့်မားတဲ့ ရာထူးတစ်ခုပဲ”
“စိတ်မဝင်စားဘူး” ရှောင်ယွမ်အာက တုံ့ဆိုင်းခြင်း အလျဉ်းမရှိဘဲ ပြောလိုက်၏။
ဝူရှင်း “…”
ခုံးကျွင်းဟွာက ဆက်ပြောလိုက်သည်။
“မင်းတို့ နှစ်ယောက်စလုံးက တာအိုကျင့်ကြံသူတွေ ဖြစ်နေကြပြီလေ။ ရှောင်ယွမ်အာဆိုရင် မကြာခင်မှာ မဟာတာအိုကျင့်ကြံသူ ဖြစ်လာတော့မှာ။ မင်းရဲ့ ပါရမီက မြင့်မားပြီး ရှားပါးတယ်။ ဒီလောက် ကောင်းတဲ့ အခွင့်အရေးကို လက်လွတ်ခံလို့ မဖြစ်ဘူး”
ထို့နောက် ခုံးကျွင်းဟွာသည် ဝူရှင်းကို အဓိပ္ပာယ်ပါပါ ကြည့်လိုက်၏။ သူမ၏ ဆိုလိုရင်းကို နားလည်ခြင်း ရှိမရှိဆိုသည်မှာ သူ့အပေါ်တွင်သာ မူတည်ပေသည်။
ဝူရှင်းသည် လူမိုက်တစ်ယောက် မဟုတ်ပေ။ သူသည် အရိုအသေပေးလိုက်ပြီးနောက် ပြုံးလျက် ပြောလိုက်သည်။
“အရှင်မင်းကြီး... ဖြစ်နိုင်မယ်ဆိုရင်... ဒီသခင်မလေးကို ရွှမ်းမုန့်ခန်းမရဲ့ တပ်မှူး ဖြစ်စေချင်ပါတယ်”
ထို့နောက် ဝူရှင်းသည် သူ၏ လက်ကြီးကို ခရုလေးထံသို့ ဆန့်တန်းလိုက်၏။ ခုံးကျွင်းဟွာက ရှောင်ယွမ်အာကို အဆက်မပြတ် ချီးမွမ်းနေခဲ့သည်ဖြစ်ရာ ထိုမျှနှင့်ပင် ခုံးကျွင်းဟွာ၏ အဓိပ္ပာယ်ကို သူ နားမလည်သေးပါက သူသည် လူမိုက်တစ်ယောက် ဖြစ်နေပေလိမ့်မည်။ သူက ဘယ်လိုလုပ် သူမတို့ အနှစ်သက်ဆုံး ရွေးချယ်မှုကို လုယူနိုင်မှာလဲ။
ဒါ့အပြင် ရှောင်ယွမ်အာမှာ အရမ်းကို မင်းသမီးဆန်ပြီး လွယ်လွယ်နှင့် ရင်ဆိုင်၍ ရမည့်သူ မဟုတ်ဟု သူ ထင်ပေသည်။ ခရုလေးကတော့ ပိုပြီး သိမ်မွေ့ပုံရကာ ရင်ဆိုင်ရ ပိုလွယ်ကူလိမ့်မည်ဟု သူ ခံစားရ၏။
ဝူရှင်းက သူမကို လက်ညှိုးထိုးနေသည်ကို မြင်သောအခါ ခရုလေးက ပြောလိုက်သည်။
“ကျွန်မ စိတ်မဝင်စားဘူး”
ခရုလေး၏ လေသံနှင့် အမူအရာမှာ ရှောင်ယွမ်အာနှင့် အတိအကျပင် တူညီနေခဲ့၏။
ဝူရှင်း “…”
…